“ ကမ္မဝါမကြောက်တဲ့ သရဲမ ”📖📖📖
*************************
ဇာတ်လမ်း / စာရေးသူ – “ မိုးစွေ ” ( ဖြစ်ရပ်မှန် )
( စ – ဆုံး )
( အမှန် တကယ်ကြုံခဲ့သော သူ နေရာမှ
ခံစား၍ ရေးသည်။
ဤဇာတ်လမ်းတွင် အမှန်တကယ်ပါ၀င်ခဲ့သော
ပုဂ္ဂိုလ်များ ၏ အမည်များကို
ချန်လပ်ထားပါသည် ။ )
“ ဝါသနာအရရေးသားခြင်းဖြစ်သောကြောင့်
အမှားအယွင်းရှိပါက ခွင့်လွှတ်ပေးစေလိုပါသည် ။
ဝေဖန်မှုများကို ကြိုဆိုပါသည် ။ 😊 ”
ဤဇာတ်လမ်းလေးကို ရေးသားခွင့်ပြုခဲ့သော
Bro “ Saw Thura ”
Coverမေတ္တာနဲ့ လုပ်ပေးတဲ့
“အစ်ကိုဆရာ ဒိုးအင်းသားလေး”
ရှမ်းစကားတွေ ပြောပြတဲ့ သူငယ်ချင်းတွေ
အားလုံး ကို
ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ 😊
ကျွန်တော့်ကို တစ်ချို့က ပြောကြတယ်
ခင်ဗျားက သူများပြောတဲ့ဇာတ်လမ်းတွေပဲရေးနေတယ်
ဘာမှအထင်ကြီးစရာမရှိပါဘူးတဲ့ … ဟုတ်ကဲ့
ခင်ဗျားတို့အထင်ကြီးဖို့ကျွန်တော်ရေးနေတာမဟုတ်ပါဘူး
ကျွန်တော့်ကို ချစ်တဲ့ စာဖတ်သူတွေဖတ်ဖို့အတွက်
၀ါသနာအရ ရေးပေးနေတာပါ ✌
ပရိတ်သတ်အတု သိန်းချီသောင်းချီနေပါစေ ၊
ကျွန်တော့်အပေါ်စစ်မှန်တဲ့ ပရိတ်သတ် တစ်ယောက်ရှိမယ်
ဆိုရင်ပဲ ကျွန်တော် ကျေနပ်ပြီး တန်ဖိုးထားနေမှာပါ ၊
စာဖတ်သူမိဘများကို ဦးထိပ်ပန်လျှက် … ။
ကျွန်တော် ရှမ်းစကားနည်းနည်းထည့်ရေးထားတယ်
ရှမ်းသူငယ်ချင်း လေးငါးယောက်လောက်တော့ မေးပြီးရေး
ထားတာပါ မှားနေရင် ခွင့်လွှတ်ပြီး အမှန်ပြင်ပေးစေလိုပါတယ် ။
#မိုးစွေ
ရှေးအစဉ်အဆက်ကတည်းက ကျွန်တော်တို့
ဘိုးဘွားဘီဘင် မိသားစု အားလုံးက ကရင်လူမျိုးတွေပါ ၊
ကိုးကွယ်တဲ့ဘာသာကလည်း မိရိုးဖလာ ‘ ထေရဝါဒ
ဗုဒ္ဓဘာသာ ’ ပေါ့ဗျာ ။ အခုကျွန်တော်တင်ပြမယ့် ဖြစ်ရပ်မှန်
ကျွန်တော့်ကိုယ်တွေ့ ဇာတ်လမ်းလေးကို လူသိရှင်ကြား
ရေးသားဖို့ကိုတောင် အတော်လေးအချိန်ယူ စဉ်းစားခဲ့ရတယ်
ဘာလို့လဲဆိုတော့ ဘာသာရေးအရ ယုံကြည်မှု ပျက်စီးသွား
နိုင်တယ် လေ ။ ဘာမဟုတ်တဲ့ကျွန်တော့်စာတစ်ပုဒ်ကြောင့်
တော့ ဒီလို အဖြစ်မခံနိုင်ဘူး ၊ ခက်တာကလည်း ကျွန်တော့်
မျက်စိရှေ့မှာတင်ဖြစ်သွားတာဆိုတော့ …. ။
ဘာပဲဖြစ်ဖြစ် ကျွန်တော် အမှန်အတိုင်းပဲ
ချရေးပါရစေ ၊ မရေးသားခင် ဦးစွာပထမ မေတ္တာရပ်ခံချင်တာက
ဒီ ဇာတ်လမ်းကို ဘာသာရေး စော်ကားပုတ်ခတ်တဲ့စာအနေနဲ့
မမြင်စေပဲ မေတ္တာတရားနဲ့တခြားရသတွေကို
ဖော်ညွှန်းထားတဲ့ စာအနေနဲ့ပဲ သတ်မှတ်ပေးစေချင်ပါတယ် ။
ဒီဇာတ်လမ်းလေးက လွန်ခဲ့တဲ့ နှစ် နှစ်ခန့် (၂၀၁၄)
လောက်တုန်းက တကယ်ကို အပြင်မှာ ဖြစ်ပျက်သွားခဲ့တာပါ ။
အကြောက်တရားတွေရဲ့ အစကဒီလို……. ။
ကျွန်တော့်နာမည်က ‘ စောကလိုင်ဖိုး ’ ပါ ၊ ကျွန်တော်
‘ ကရင် လူမျိုး ’ တစ်ယောက်ပါ ၊ နေတာက ‘ မွန်ပြည်နယ် ’
‘ ပေါင်မြို့ ’ နယ်က ‘ အလယ်ရွာ ’ ကျေးရွာလေးမှာပါ ၊
ကျွန်တော်တို့ ကျေးရွာလေးက သိပ်မတိုးတက်သေးပေမယ့်
ဘယ်အချိန်ကြည့်ကြည့် အိမ်ကလေးတွေက ရွာအ၀င်လမ်း
ဘေးတစ်ဖက်တစ်ချက်စီမှာ ထန်းပင်တွေ အုန်းပင်တွေ တခြား
အရိပ်ရ အပင်ကြီးတွေနဲ့အတူ ယှဉ်တွဲပြီး စီစီရီရီနဲ့
စီတန်းလို့နေပြီး အမြဲသာယာပေါ့ဗျာ ၊
… တိုက်ခန်းတွေ လူတွေ၊ ကားတွေ ၊ အိမ်တွေ နဲ့
ခြေချစရာမြေမရှိလောက်အောင် ပြည့်ကျပ်နေတဲ့ မြို့ပြ
နဲကတော့ လားလားမှ မတူဘူးလေ ၊ မြို့ပြလို ဆူညံမှုမရှိ ၊
လေထုကလည်း သဘာ၀အတိုင်း သန့်လို့ ။ ရွာသူရွာသားတွေ
ကလည်း ကျန်းမာရေးကောင်းသလားမမေးနဲ့ အသက်တွေက
အတော်လေးရှည်ကြတယ် ၊ ဟင်းစားဆိုရင်လည်း ကိုယ့်ခြံထွက်
အသီးအနှံတွေကို လက်လက်ဆတ်ဆတ် စားရတော့
ရောဂါဘယ ကင်းပြီး အာဟာရပိုဖြစ်တာပေါ့ဗျာ ။
ကျွန်တော်တို့ ရွာက ‘ မိန်း လမ်းမကြီး ’ နဲ့ဆိုရင်
‘ သုံးမိုင် ’ လောက်တော့ ဝေးတယ် ။ ရွာမှာရှိတဲ့ စာသင်ကျောင်း
က ‘ အ.လ.က ’ ကျောင်းဆိုတော့ ‘ အလယ်တန်း ’ အထိပဲ
ပညာသင်ခွင့်ရတယ် ၊ ပြောရရင် ‘ ရှစ်တန်း ’ အထိ
အဲ့ဒီကျောင်းမှာ တက်လို့ရတယ်လေ ။ ကျွန်တော် ရွာကျောင်း
မှာ ‘ ရှစ်တန်း ’ အောင်ပြီး ‘ ကိုးတန်း ’ တက်မယ်လုပ်တော့
ကိုယ်ရွာမှာ ကိုယ်ဆက်တတ်ဖို့ အဆင်မပြေတော့ဘူးလေ ။
ဒါနဲ့ပဲ ကျွန်တော်ရယ် ကျွန်တော်နဲ့ အတန်းတူ
သူငယ်ချင်းနှစ်ယောက်ရယ်က အနီးအနားမှာရှိတဲ့
‘ နတ်ကြီးချောင်း ရွာ ’ ကိုသွားခဲ့ကြရတယ် ၊ အဲ့ဒီရွာက
‘ မိန်းလမ်းမကြီး ’ ဘေးနာကပ်လျှက်မှာရှိတယ် ၊
‘ စံပြ ကျေးရွာ ’ ပေါ့ဗျာ ၊ ကျွန်တော်တို့ အဲ့ဒီရွာကို
သွားရတဲ့ အဓိကအချက်က အထက်တန်းတက်ဖိုလေ ၊
ဒီရွာကလေးမှာက ‘ အထက်တန်းကျောင်း ’ ရှိတော့
အလယ်တန်းအဆင့်ပြီးလို့ ပညာဆက်သင်ချင်တဲ့
အနီးအနားရွာက ကျောင်းသူကျောင်းသားတွေက
‘ နတ်ကြီးချောင်း ရွာ ’ မှာပဲ လာတက်ကြရတယ် ။
ကျွန်တော်နဲ့ နောက်သူငယ်ချင်းနှစ်ယောက်
ပေါင်း သုံးယောက်သား ‘ ကိုးတန်းကျောင်းသားတွေ ’ လေ ။
ရောက်နေတဲ့ ‘ နတ်ကြီးချောင်း ရွာ ’ မှာက ကျွန်တော်တို့တွေ
အမျိုးတွေလည်းတစ်ယောက်မှ မရှိသလို အသိလည်းမရှိဘူး ။
ဒီတော့ ထုံးစံအတိုင်းပဲ ရွာထဲက (….) ဘုန်းတော်ကြီးကျောင်း
မှာပဲ သွားနေကြရတယ် ။ ကရင်လူမျိုး ကျွန်တော်တို့
သူငယ်ချင်းသုံးယောက်ပဲလား ဆိုတော့လည်း မဟုတ်ပြန်ဘူး ၊
ကျွန်တော်အစက ပြောခဲ့သလို ဒီရွာလေးမှာလာပြီး
အထက်တန်းတက်ကြတဲ့ တခြား ကျောင်းသားအချို့လည်း
အခုကျွန်တော်တို့ တည်းကြတဲ့ ဘုန်းတော်ကြီးကျောင်းမှာပဲ
လာပြီး စုနေကြတာပေါ့ ။
ဘုန်းတော်ကြီးကျောင်းက စာသင်တိုက် အသေးစား
လိုဖြစ်နေတယ် ၊ အပြင်အဆင်တွေက ရှေးဆန်တယ်
မသိရင်လုံးဝရှေးဟောင်းကျောင်းတော်ကြီး အတိုင်းပဲ
ကျောင်းပတ်ပတ်လည်မှာလည်း အရိပ်ရတဲ့ သီးပင်တွေ
အများကြီး စိုက်ပျိုးထားတယ် ၊ ဘုရားရိပ် တရားရိပ်က
တကယ့်ကိုအေးချမ်းလွန်းတယ် ၊ နံနက်ဆို
အုန်းမောင်းခေါက်သံနဲ့အတူ ကျောင်းနေ သံဃာတော်
အရှင်သူမြတ်တွေ အားလုံး အာရုဏ်ဆွမ်းကြွချီကြတဲ့အသံ
နေ့လယ် လည်ဆို နေ့ဆွမ်းဘုန်းပြီး စာအံနေကြတဲ့အသံတွေ
ဗုဒ္ဓ စာပေကျမ်းဂန်တွေကို အကြိမ်ကြိမ် အဖန်ဖန် ရွတ်ဆို
ကျက်မှတ်နေလိုက်ကြတာများ ကြားရတဲ့သူအဖို့
နားထဲအေးမြသွားသလိုပဲ ။ အဲ့ဒီ စာသင်တိုက်
ဘုန်းတော်ကြီးကျောင်းမှာနေတုန်း ကျွန်တော်တို့လည်း
ကိုယ်နိုင်သလောက်လေး လုပ်အားဒါန၀င်လုပ်ဖြစ်ခဲ့ကြတယ်
ကပ္ပိယ တစ်ပိုင်းကိုဖြစ်လို့ပေါ့ ။
ကျောင်းနေ သံဃာတော် အနေနဲ့ က
ကျောင်းထိုင် ဆရာတော်ဘုရား အပါအ၀င် စာချ ဦးဇင်း ၃ပါး ၊
ဝေယျာ၀စ္စ ဦးဇင်း နှစ်ပါး ၊ ကိုရင်တွေက ဆယ့်သုံးပါးရှိကြတယ်၊
တိုင်းရင်းသား ကိုရင်းတွေထဲကဆိုရင်
ကရင် ဦးဇင်းက ငါးပါး ၊ ရှမ်း ကိုရင် ခြောက်ပါး နဲ့ ဗမာ ကိုရင်
နှစ်ပါး ရှိတယ် ။ တစ်ကျောင်းလုံး မှာ ဦးဇင်း ငါးပါး ရှိပြီးတော့
ကိုရင်က ဆယ့်သုံးပါး ရှိတာပေါ့ ။
ကျောင်းသားတွေအနေနဲ့ က ကျွန်တော်တို့
သူငယ်ချင်း ကိုးတန်း သုံးယောက်က ကရင်တွေ ၊
အခြားက ရှစ်တန်း တစ်ယောက် ၊ ခြောက်တန်း နှစ်ယောက်
ပေါင်း ကျောင်းသားချည်းတင် ရှစ်ယောက်ရှိတယ် ။
ဒီလိုနဲ့ ကျွန်တော်တို့လည်း စာတွေကျက်လိုက်
ဘုန်းကြီးကျောင်း ဝေယျာ၀စ္စ ဝိုင်းကူလိုက်နဲ့ ကိုးတန်း
တစ်နှစ် ကုန်သွားခဲ့တယ် ကျောင်းတွေပိတ်တဲ့အခါ
အိမ်ကို ခဏပြန်ကြတယ် ၊ နောက် ‘ ဆယ်တန်း ’ ပြန်စခါနီးရင်
တည်းနေကြ စာသင်တိုက်ဘုန်းကြီးကျောင်းကို ပြန်လာပေါ့ ။
ဆယ်တန်းဆိုတော့ ကိုးတန်းလိုနေလို့မရတော့ဘူး
နှစ်စကတည်းက မာရသွန်အပြေးသမားလို ခြေကုန်သုတ်ပြီး
စာတွေလုပ်ထားရတယ် ၊ စာအုပ်နဲ့ မျက်နာခွာတဲ့အချိန်က
ခပ်ရှားရှား ၊ မှတ်မှတ်ရရပဲ အဲ့ဒီတုန်းက ကျွန်တော်တို့တွေ
‘ ဆယ်တန်း ’ ပထမ လပဲရှိသေးတယ် ။
အဲ့ဒီနေ့က ကျောင်းပိတ်ရက် တနင်္ဂနွေနေ့ကြီး ။
မနက်ခင်းအချိန်မှာပဲဗျ … ။
ဘုန်းကြီးကျောင်း အောက်ဖက်မှာ ကိုရင်တွေ တရုန်းရုန်းနဲ့
ဆော့နေကြတုန်း အော်သံတစ်ခုကြားလိုက်ရတယ် …
“ ……….. အမ်..ပိန်း…ပေါ..ကြိုင်… ”
(“ ဝူး…ဝါး….အား.. ငါမကျေနပ်ဘူး…. ”)
ရှမ်းစကား နဲ့ အော်နေတာ …. ။
အသံက ကျောင်းအောင်ကနေ ကြားနေရတာ ၊
ကိုရင်တွေဆော့နေကြတဲ့နေရာကလေ ၊ စာကျက်နေကြတဲ့
ကျွန်တော်တို့ သူငယ်ချင်းတွေတောင် ကျောင်းအောက်က
ရင်ကွဲအသံကြီးလိုလို အက်ကွဲသံကြီလိုလိုမျိုး ဖြစ်နေတဲ့
အော်သံကြီးကြောင့် ကြက်သီးမွှေးညှင်းတွေပါ ထသွားကြတယ်။
ဘုန်းကြီး ကျောင်းအောက်မှာ
ဘယ်သူဘာများဖြစ်နေတာလဲ ဆိုပြီး စပ်စု ချင်တဲ့ စိတ်နဲ့
ကျွန်တော်တို့တတွေ အပြေးတစ်ပိုင်း သွားကြည့်လိုက်မိတယ် ။
အမလေးလေး … ကိုရင်တစ်ပါး ပြူကြောင်ကြောင်
မျက်လုံးကြီးနဲ့
သင်္ကန်းတွေကလည်း ဘိုသီဘတ်သီနဲ့
ပုံစံကလည်း အကြောဆွဲနေတဲ့ လူတစ်ယောက်လိုမျိုး
ဖြစ်နေတယ် ၊ သူ့ပုံစံက လူကောင်းတစ်ယောက်နဲ့ လုံး၀မတူ
တော့ဘူး မကြာခင်ကမှ ဒီအနီးမှာ ကိုရင်တွေ ပြေးဆော့နေကြ
တာလေ အခုဒီလိုဖြစ်တာမြင်လိုက်တော့ အတော်လေး
အံ့သြမိသွားတယ် အဲ့ဒီကိုရင် အနားကို တစ်ခြားကိုယ်ရင်တွေ
က တစ်ယောက်မှ မကပ်ရဲကြတော့ဘူး ။
ကိုရင်လေးကို သရဲ ပူးနေပြီမဟုတ်လား … … .. ။
ကျွန်တော်ကြားဖူးသလောက် သရဲက
သင်္ကန်းကြောက်သတဲ့ ၊ အခုတော့ သင်္ကန်း၀တ်နဲ့ ကိုရင်ကို
သရဲက ပူးနေတာကို မျက်ဝါးထင်ထင် မြင်လိုက်ရပြီလေ ၊
တစ်ခြားသူပြောရင်တောင် ယုံမှာမဟုတ်ဘူး ၊ အခုက …. ။
ကျွန်တော် ရိပ်စားမိလိုက်တယ် ကိုရင်ဖြစ်နေတော့
သင်္ကန်းသိပ်မနိုင်သေးဘူးနဲ့တူပါရဲ့ ၊ ငယ်ကလည်းငယ်သေး
ဆော့ကစားနေတုန်း ထဖြစ်တာဆိုတော့ ဝိနည်းနဲ့
မညီတာကြောင့်များလား ၊ ကံနိမ့်တဲ့အချိန်နဲ့ တိုက်ဆိုင်ပြီး
ဖြစ်သွားတာများလား ၊ စသဖြင့် ကျွန်တော့်ခေါင်းထဲ
အတွေးပေါင်းများစွာချာချာလည်လို့ ။
တစ်ချို့ကိုရင်တွေက ဘုန်းကြီးကျောင်းပေါ်ပြေးတက်
ကြ ၊ တစ်ချို့က ဝါကြီးတဲ့ ဦးဇင်းတွေကို သွားပင့်ကြ နဲ့ပေါ့ ၊
ဖြစ်ချင်တော့ ကျောင်းထိုင် ဆရာတော်ဘုရားက အဝေး
တစ်နေရာကို ခရီးသွားနေတဲ့အချိန်ကြီး ၊ ဒီတော့ ကျန်ခဲ့တဲ့
ဦးဇင်းကြီးတွေပဲ အားကိုးရတယ်လေ ၊ ဦးဇင်းတွေကလည်း
ဒီလိုမျိုး တစ်ခါမှ မကြုံဖူးတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း
မသိကြဘူးနဲ့တူပါရဲ့ ၊ မကြာခင်မှာပဲ ဘုန်းကြီးကျောင်း
တစ်ကျောင်းလုံးက လူတွေ ရောက်လာကြတယ် ၊
ကျွန်တော်တို့ ကျောင်းသား ကပ္ပိယထဲက ဗလတောင့်တဲ့သူ
လေးယောက်လောက်က သရဲပူးနေတဲ့ ကိုရင်ကို ဝိုင်းချုပ်ထား
လိုက်ကြတယ် ဒါတောင် ပိန်ပိန်သွယ်သွယ် ကလေးသာသာ
ကိုရင်က ရုန်းတာ လွတ်လွတ်သွားသေးတယ် ၊ ဘုန်းကြီး
ကျောင်း ဝေယျာဝစ္စ လုပ်တဲ့ ဦးဇင်းကြီးတစ်ပါးက
သရဲပူးနေတဲ့ကိုရင် ရှေ့ကို သွားပြီး စမေးတော့တာပဲ … ။
“ ဟေ့…. အခုဒီကိုရင်ရဲ့ ခန္ဓာမှာ ကပ်တွယ်နေတာ
ဘယ်သူလဲဟေ့ ”
သြဇာအာဏာ ရှိတဲ့ အသံနဲ့လည်းမေးလိုက်ရော
တစ်ဖက်က သောင်းကျန်းအော်ဟစ်နေတဲ့ ကိုရင်က
ခဏငြိမ်သွားပြီး ကြေက်စရာကောင်းလောက်အောင်
မျက်စောင်းကြီး ထိုးပြီးလူတွေကိုလိုက်ကြည့်တယ် ၊
ဘုန်းကြီးမေးတာကို လုံး၀မဖြေဘူးနော် ..၊ ပြီးတော့
ထုံးစံအတိုင်း ပြန်ပြီးသောင်းကျန်းပါလေရော ၊
ဦးဇင်းကြီးကလည်း မေးမြဲတိုင်းမေးတယ် ၊ သုံးခွန်းလောက်
မေးလိုက်တော့မှ တစ်ဖက်က ၀င်ပူးနေတဲ့သရဲက
အသံ
ဲသွသွကွီးနဲ့ ..
“ မကျေနပ်ဘူး…လုံး၀မကျေနပ်ဘူး… ”
ဆိုပြီး ရှမ်းဘာသာစကားနဲ့
တစ်ခွန်းပြန်ပြောပြီး ပါးစပ်က ဝူးဝူးဝါးဝါးနဲ့
ထအော်ပါလေရော ပြီးတော့ ရုန်းကန်နေတယ် ၊
သူ့အော်သံကြီးက တော်တော်ကြောက်ရာကောင်းတယ်
လုံး၀ ရင်ခေါင်းအသံကြီး ၊ သူပြောတာကို ဘေးက တခြား
ရှမ်း ကိုရင်တွေက ဘာသာပြန်ပေးတယ် ။
၀င်ပူးခံနေရတဲ့ ကိုရင်ကရှမ်းလေ ၊ သရဲကတော့
ဘာမှန်းမသိဘူး ….. အဲ့တာနဲ့ ဦးဇင်းကြီးက
ထပ်မေးတယ် ..
“ ကောင်းပြီ ဘာကိုမကျေနပ်တာလည်း
ငါတို့ဘာလုပ်ပေးရမလည်း ”
လို့မေးတော့လည်း လုံးဝြပန်မဖြေဘူး ၊ ပုံမှန်အတိုင်း
ငြိမ်သွားလိုက် ခေါင်းစောင်းပြီး မျက်စောင်းကြီးထိုးလို့
သူ့ကိုဝိုင်းကြည့်နေတဲ့လူတွေကို ပြန်ပြီး လိုက်ကြည့်
နေတယ် ။
ဦးဇင်းတွေလည်း တစ်ပါးပြီးတစ်ပါး
မေးကြမြန်းကြတာပဲ လုံး၀မဖြေဘူး အော်ပဲအော်နေတယ် ၊
အဲ့ဒါနဲ့ ဦးဇင်းတွေတိုင်ပင်ကြပြီးတော့ အဲ့ဒီ
သရဲပူးနေတဲ့
ကိုရင်ကို ချုပ်ပြီး ဘုရားခန်းထဲခေါ်သွားခိုင်းစတယ်ဗျ ။
မကြာဘူး ဦးဇင်း ငါးပါးက စက်ဝိုင်းပုံးစံ
တစ်ယောက်နဲ့ တစ်ယောက် အသားချင်းထိနေအောင်ထိုင်
လိုက်ကြတယ် ပြီးတော့ အလယ်ခေါင်မှာ သရဲပူးနေတဲ့
ကိုရင်ကို ထည့်ထားလိုက်တယ် ။
ကိုရင်က ဦးဇင်း ငါးပါးအလယ်လည်း ရောက်ရော
ကျောက်ရုပ်လေးလို ငြိမ်နေတယ် အော်တော့အော်နေတုန်းပဲ
မရုန်းတော့တာပဲရှိတယ် ၊ ဦးဇင်းတွေကလည်း
နောက်ဆုံးအနေနဲ့ မေတ္တာရပ်ခံကြတယ် မေးကြမြန်းကြတယ်
သရဲက ဘာမှပြန်မဖြေဘူး ၊ ကျွန်တော်တို့နဲ့
တစ်ခြားကိုရင်တွေက ဘေးက ပွဲကြည့်ပရိတ်သတ်ပေါ့ ။
အနီးအနားမှာ ရွှေရင်ကျော်ဆရာတစ်ယောက်ရှိတယ်လို့
သိထားကြတော့ အဲ့ဒီဆရာဆီကို ကပ္ပိယတစ်ယောက်လွှတ်ပြီး
သွားပင့်ခိုင်းထားတယ်လေ ၊ ကံဆိုးချင်တော့ ဆရာက
အနီးအနားကရွာကို ရောက်နေတယ် ၊ ဒါနဲ့ပဲ
ဆရာဆီဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပြလိုက်တယ်
ဆရာကလည်းသူချက်ချင်းလာခဲ့မယ့်အကြောင်းပြန်ပြောတယ် ၊
သူ့ရောက်နေတဲ့နေရာကနေ ဒီဘုန်းကြီးကျောင်းကို အမြန်
လာမယ်ဆိုရင်တောင် လေးနာရီငါးနာရီကတော့ ကြာမှာပဲလေ ။
ဦးဇင်းတွေလည်း လက်တလော သရဲအမြန်ထွက်ဖို့
ကြိုးစားနေကြတယ် ၊ မဟုတ်ရင် ကိုရင်လေးအတွက်
စိုးရိမ်ရတယ်မဟုတ်လားဗျ ။
ဒါနဲက ဘယ်လိုမှ မေတ္တာရပ်ခံ ၊ တောင်းပန်လို့မရတဲ့
အဆုံး ၊ ဦးဇင်းငါးပါး ဘုရားကျောင်းဆောင်က ‘ ကမ္မဝါ ’ စာရွက်
တွေကို တစ်ပါးစီယူပြီးတော့ ‘ ကမ္မဝါ ’ မရွတ်သေးပဲ အရင်ဆုံး
မေတ္တာသုတ်စရွတ်တယ် ၊ မေတ္တာသုတ်ရွတ်နေတုန်း သရက
ထအော်တယ် အသံက ပိုကျယ်သလိုပဲ
“ အား… … မိုက်…မိုက်… ”
(“ အား… … ပူလို့လောင်လို့ပါ မရွတ်ပါနဲ့ ”)
ဆိုပြီးတော့ ခေါင်းတွေခါရမ်းရင်နဲ့ နားနှစ်ဖက်ကို
သူ့လက်တွေနဲ့ အတင်းဖိပိတ်ထားတယ် ။ ရှမ်းလိုပဲ
အော်နေတာ ။
ဝိုင်းထားတဲ့ ဦးဇင်းတွေတော့မသိဘူး လူအုပ်ထဲက
ကျွန်တော်တို့တောင် သရဲပူးနေတဲ့ ကိုရင် အော်တဲ့အသံကြီး
ကြားပြီး ရင်တွေပန်းတွေပါတုန်တယ် ။
မကြာပါဘူး ဦးဇင်းငါးပါး တစ်ညီတည်း ‘ ကမ္မဝါ ’ကို
ရွတ်ဖတ်တော့တာပဲ ။ ‘ ကမ္မဝါ ညှပ် ’ တာပေါ့ဗျာ ။
‘ ကမ္မဝါ ’ လည်းစညှပ်ရော ဘုရားရေ သရဲပူးနေတဲ့
ကိုရင်လေးရဲ့ ဦးခေါင်းက တစ်ဆက်ဆက်ခါရမ်းနေပြီး
ငယ်သံပါအောင်အော်တာအသံကြီးနဲ့ ထိုးအော်တော့တာပဲ
ပထမ အသံထက်ပိုကျယ်တယ်ဗျ ။ လက်နှစ်ဖက်ကလည်း
နားကိုတင်းဖိပိတ်ထားတယ် ။
သူ့ရဲ့ ဦးခေါင်းက ခါရမ်းနေတာ လူသာမန်လို
မဟုတ်ဘူး ၊ အရမ်းမြန်လွန်းတယ် ၊ ဘေးကမြင်နေရတဲ့
ကျွန်တော်တို့ ကျောရိုးတစ်လျောက်
စိမ့်တက်လာသလိုခံစားလိုက်ရတယ် ၊ ဦးခေါင်းကလည်း
နှစ်စလောက်များကြီးထွားလာသလား လို့ ကိုယ်ခေါင်းကိုယ်
ပြန် စမ်းကြည့်မိသေးတယ် ၊ နဖူးကြောတွေက တင်းလို့ ။
‘ ကမ္မဝါ ’ ညှပ်နေကြတဲ့ ဦးဇင်းတွေအလယ်က
သရဲပူးခံရတဲ့ ကိုရင်လေး ခေါင်းကို ခါရမ်းနေတာ
ဘယ်လောက်မြန်သလဲဆို ၊ သူ့မျက်နာတွေက သုံးဘက်
လေးခုလောက် ဖြစ်နေသလိုကို အတိုင်းသား
မြင်နေရတယ် သူကတော့ အော်မြဲအော်နေတုန်း… ။
“ မိုက်…မိုက် ”
( “ ပူတယ် ပူတယ် ” )
အော်သာအော်နေတာ ကိုရင်ရဲ့ ခန္ဓာကိုယ်ထဲက
လုံး၀ကိုမထွက်ဘူးနော် ၊ သူဘယ်လောက်တောင်
ပူလောင်ခံစားနေရသလဲဆိုရင် မျက်လုံးက မျက်ရည်တွေက
တာကျိုးတဲ့ ဆည်လိုမျိုး တဝေါဝေါ ထိုးဆင်းနေတာ ၊
အော်ဟစ်ပြီး ငိုယိုနေတယ် ၊ အပူအလောင်ခံပြီးကို နေတာ
လုံး၀မထွက်ဘူး ၊ လူကတော့ လူးလှိမ့်နေတာပဲ ။
နောက်ဆုံး ‘ ကမ္မဝါ ’ လည်း ဆုံးသွားရော
ချက်ချင်းငြိမ်ကျသွားတယ် ပြီတော့ မကြာဘူး
ခေါင်းပြန်ထောင်လာတယ် ထုံးစံအတိုင်း အော်တော့တာပဲ
“ အမ်ပိန်းပေါကြိုင် …. ”
(“ မကျေနပ်ဘူး .. ”)
ဦးဇင်းတွေအပါအ၀င် သေးကရပ်ကြည့်နေတဲ့
ကျွန်တော်တို့တတွေအားလုံးကအစ အရမ်းအံ့ကြသွားမိတယ်
ဒီသရဲက “ ‘ ကမ္မဝါ ’ မကြောက်ပါလား ” …. ။
အကြမ်းနည်းမရတော့ ဦးဇင်းတစ်ပါးက
အဲ့ဒီကိုရင်အနားသွားပြီး ပြောတယ် ။
“ ကိုရင် ကိုရင် သတိ ထားဦး လေ သရဏဂုံရွတ်စမ်း ၊
အခုရွတ် .. ကိုရင်..ကိုရင် .. ”
အဲ့လိုလည်းပြောလိုက်ရော သရဲပူးခံထားရတဲ့
ကိုရင်ဆီကနေ သရဏဂုံကို တစ်လုံးချင်းစီ မပီမသ
တိုးလိုက်ကျယ်လိုက်နဲ့ ရွတ်တာကိုကြားလိုက်ရတယ် … ။
“ ဗု…..
ဦးဇင်းတွေရော ၊ ဘေးကလူတွေပါ အကုန်
အံ့ကြသွားကြတယ် ။
“ ဟင်..ဟာ.. အို….အလို… ”
ဘယ်လိုသရဲလည်းဟ… ၊ သရဏဂုံ လည်းရွတ်တယ်
‘ ကမ္မဝါ ’ လည်း မကြောက်ဘူး ။
နောက်ဆုံးဦးဇင်းတွေ လက်လော့သွားပြီး
လာမယ်လို့ပြောထားတဲ့ ရွှေရင်ကျော်က ဆရာကိုပဲ မျှော်နေမိ
တော့တယ် ။ နေ့ဆွမ်းဘုန်းချိန်ရောက်တော့ သရဲပူးနေတဲ့
ကိုရင်ကို အဖွဲ့နဲ့ အလှည့်ကျစောင့်ပြီး ဆွမ်းဘုန်းကြတယ် ၊
ကျွန်တော်တို့လည်း အလှည့်နဲ့ ထမင်းစားကြတယ်တာပေါ့ဗျာ။
ဦးဇင်းတွေ ဆွမ်းဘုန်းတော့ သရဲပူးနေတဲ့ကိုရင်က
လိုက်ကြည့်ပြီး စကားပြောတယ် … ရှမ်းလိုပဲ
“ တော့မိုက်ခေါက် ”
(“ ဗိုက်ဆာတယ် ”) တဲ့လေ ။
ဂရုဏာကြီးတဲ့ ဦးဇင်းကြီးတစ်ပါးက
“ ရောကင်ခေါက်မိုက်နမ့်မန်း ဝိုင့်လယ် ”
(“ ထမင်းဆီဆမ်း စားမလား ”)
လိုလည်း မေးလိုက်ရော ခေါင်းငြိမ့်ပြတယ် ၊
အဲ့ဒါနဲ့သရဲပူးနေတဲ့ကိုရင်အတွက် ပြောရရင် သရဲအတွက်ပေါ့
‘ ထမင်းဆီဆမ်း ’ လုပ်ပြီး ကျွေးလိုက်တယ် ၊ အဲ့လို
ကျွေးလိုက်တော့ သရဲပူးနေတဲ့ကိုရင်က လက်ကြီးနဲ့
ထမင်းတွေကို အားရပါးရပါးရ ဆုပ်ပြီး တစ်လုပ်ပြီးတစ်လုပ်
အငမ်းးမရကို စားတော့တာပဲ ကုန်သွားတော့ ဦးဇင်းကြီးက
ထက်မေးတယ် “ စားဦးမလား ” လို့ပေါ့ ၊
ဦးဇင်းကြီးစကားကို ရှမ်းလိုဘာသာပြန်ပြီး သရဲကို
ပြန်ပြောပေးတယ်လေ ။
အဲ့အခါကြ သရဲက ခေါင်းခါပြတယ် ။
ကြုံလည်းမကြုံဖူးပါဘူး ‘ ကမ္မဝါ ’ လည်းမကြောက်ဘူး
ပေတေပြီးခံနေတယ် ၊ မေးတာလည်းမဖြေဘူး ၊ ထမင်းလည်း
တောင်းစားသေးတယ် ၊ ဘယ်လို ပြိတ္တာမျိုးများလည်း … ။
သူ့ပုံစံက လူတစ်ယောက်ထက်စာရင်
တိရစ္ဆာန်တစ်ကောင်နဲ့ ပိုတူနေတယ် သရဲပူးနေတဲ့ကိုရင်ရဲ့
ခြေတွေလက်တွေက ကောက်ကွေးနေပြီးတော့
တစ်ကိုယ်လုံးက အကြောတွေက ထောင်နေတာ အတိုင်းသား
အတိုင်း မြင်နေရတယ် ၊ ဒါကို ဦးဇင်းတစ်ပါးက ကျောင်းသား
တွေကို ပြောတယ် သရဲပူးနေတဲ့ကိုရင်ရဲ့ ကြောတွေ ပျော့သွား
အောင် နှပ်နယ်ဖို့လေ ၊ ကျောင်းသားတွေလည်း
ကြောက်ကြောက်နဲ့ ကိုရင်ကို ဝိုင်းနှိပ်ပေးကြတယ်
အဲ့လိုလည်း စနှိပ်ရော ကိုရင်က ငိုပြီးတော့ ထအော်ပါလေရော
နှိပ်ပေးနေတဲ့ ကျောင်းသားတွေလည်း ကြောက်လန့်ပြီး
အနောက်ပြန်ဆုတ်လာကြတယ် ။
ဒီလိုနဲ့ ညနေစောင်းအချိန်ကိုရောက်လာခဲ့တယ် ၊
သရဲက ကိုရင်ကို ပူးကပ်နေတုန်းပဲ မထွက်သေးဘူးလေ ။
အဲ့ဒီအချိန်မှာပဲ ပင့်ထားတဲ့ ရွှေရင်ကျော်ဆရာ ဆိုတဲ့လူ
ရောက်လာခဲ့တယ် ၊ သူ့ပုံစံက ဦးခေါင်းမှာ ဆံစတွေကို
ထုံးထားတယ် ၊ ဘေးလွယ်အိပ်ကြီးက ယောဂီအရောက် ၊
အ၀တ်အစားကတော့ သာမန်လူတွေလိုပဲ
ပုဆိုးနဲ့ ရိုးရိုး အကျီ င်္လေး ၀တ်ဆင်ထားတယ် ၊
အထူးခြားဆုံးက သူ့မျက်လုံးတွေ ၊ သာမန်လူတွေထက်
တောက်ပနေသလိုပဲ ၊ အသံကလည်း သြဇာအပြည့့် ။
ရောက်ရောက်ခြင်းပဲ ဘုရားကို ဦးတိုက်
သံဃာတော်တွေကို ဦးတိုက်တယ် ၊ ပြီးတော့ ဘယ်ကနေ
ဘယ်လိုဖြစ်တာလဲလို့မေးတော့တာပဲ ။
ဦးဇင်းကြီးတွေ့လည်း ဖြစ်ကြောင်းကုန်စင်
ရှင်းပြတယ် ၊ အဲ့အခါမှ ဆရာဖြစ်သူက သရဲပူးနေတဲ့
ကိုရင်ကို လှမ်းကြည့်လိုက်ပြီး အမျိုးအမည်မသိတဲ့
အပြုံးတစ်ချက် ပြုံးလိုက်တယ် ၊ ပြီးတော့ ဆရာက
ဦးဇင်းကြီးတွေကို ပြောတယ် …
“ အရှင်ဘုရားတို့ အခုအချိန်ဟာ အပုတ်ချိန်ဖြစ်
နေပါပြီဘုရား ဒါ့ကြောင့် တပည့်တော် ဒီပရောဂ ကို
မနက်ကြမှ ကုသပါမယ်ဘုရား ၊ ဒီတစ်ညတော့
အခြေအနေစောင့်ကြည့်ပြီး ကိုရင်ကို ကျိမ်း ခိုင်းလိုက်ပါဘုရား ”
“ အိမ်းကွယ် ဒကာကြီးပြောသလိုပဲလုပ်ကြတာပေါ့ ”
မကြာခင်မှာပဲ ရှမ်းစကားတတ်တဲ့ ကိုရင်လေးကို
ခေါ်ပြီး ဦးဇင်းကြီးက သရဲကို
“ ကဲကဲ မင်းလည်း တစ်နေကုန် အော်ဟစ်ငိုယိုနေတာ
ပင်ပန်းရောပေါ့ ဒီတစ်ညအေးအေးဆေးဆေး အိပ်လိုက်နော်
မနက်ကြရင် မင်း လိုချင်တာ ဦးဇင်းတို့
ကြိုးစားပြီးလုပ်ပေးမယ်” ဆိုပြီး စကားအလိမ္မာသုံးပြီး
မတင်မကျပြော ထားတော့ သရဲကလည်း သဘောတူတယ်
ဆိုပြီး ခေါင်းငြိမ့်ပြတယ် ။
ဖြစ်ချင်တော့ သရဲပူးနေတဲ့ ကိုရင်က ကျောင်းက
ကျွန်တော်တို့သူငယ်ချင်း ကပ္ပိယ တစ်ယောက်နဲ့
တစ်ခန်းတည်း အိပ်ရတယ်လေ ၊ စဉ်းစားကြည့်ဗျာ
သရဲပူးနေတဲ့သူနဲ့ တစ်ခန်းတည်းအိပ်ရတာ
ဘယ်သူကနောက်ကျော လုံပါမလဲလေ ၊ နောက်မှ
အဲ့ဒီသူငယ်ချင်းက ပြန်ပြောပြတယ် ။
“ ငါအရမ်းကြောက်တယ်ကွာ လှုပ်တောင်မလှုပ်ရဲဘူး
တစ်ညလုံးလဲ ဘုရားစာတွေပဲရွတ်နေရတယ်
သူက မအိပ်ဘူးကွ မျက်လုံးစိမ်းစိမ်းကြီးနဲ့
ငါ့ကိုကြည့်နေတာ ငါလည်းသူနဲ့ မျက်နာချင်းမဆိုင်ရဲလို့
ကျောပေးထားရတယ် ၊ ငါ့ကိုဘယ် အချိန်များ
လည်ပင်းထညှစ်လေမလဲလိုတွေးပြီး
ကြောက်နေရတာ အဲ့ဒီဒုက္ခကတစ်ညလုံးပဲ ငါ့အသက်တောင်
ပြင်းပြင်း မရှုရဲဘူး ၊ အတူအိပ်မိတာလည်း နောင်တရတယ် ၊
ငါ့ဟာငါ ဘုရားခန်းရှေ့သွားအိပ်တာမှ ဟုတ်သေးတယ်
အခုတော့ ဦးဇင်းကြီးတွေက ငါ့ကို သေချာစောင့်ကြည့်ထား
ဆိုပြီးအပ်ထားတာ တကယ်တန်း အကြည့်ခံနေရတာက
ငါပါကွာ… ” ဆိုပြီး တုန်ရီနေတဲ့ အသံနဲ့ ပြန်ပြောပြတယ်လေ ။
“ တောင်…တောင်…..တောင်…..တောင် ”
ဘုန်းကြီးကျောင်းက မနက်လေးနာရီရှိပြီဆိုတာကို
အချက်ပေး တုန်းမောင်းခေါက်ပြီး သတိပေးသံကြောင့်ပဲ
ကျွန်တော်တို့ အိပ်ယာထလာခဲ့ကြတယ် ။
မျက်နာတွေမြန်မြန်သစ် မနက်စာမြန်မြန်စားကြတယ်
ဘာလို့လဲဆိုတော့ အထက်လမ်းဆရာကြီးက ကိုရင်ကို
၀င်ပူးနေတဲ့ သရဲကိုဘယ်လို ထုတ်ပေးမလဲဆိုတာ
သိချင်နေတာလေ ။
ကျောင်းကြီး၀န်းကျင်မှာသစ်ပင်ကြီးတွေက အုပ်မိုး
ထားတယ် ပတ်၀န်းကျင်က အလင်းရောင်ဝိုးတဝါးနဲ့
စိတ်ထဲ သိပ်မလန်းဘူး ထိုင်းမှိုင်းနေသလိုခံစားရတယ်
ဘာကိုမှ မသိကြတဲ့ တိရစ္ဆာန်
ငှက်ကလေးတွေကတော့ တကြော်ကြော်နဲ့ အော်ပြီး
အစာတောင်းလို့ ။
ဘုန်းကြီးကျောင်းကြီးထဲ
ကျွန်တော်တို့ရောက်သွားတော့
်ရွှေရင်ကျော်ဆရာကြီးက
ဘုရားရှိ်ခိုး ပြီး အတော်ကြာကြာ ပုတီးစိတ်နေတယ်
သူပုတီးစိတ်ပြီးတော့ သိပ်မကြာခင်မှာပဲ ဘုန်းကြီး
ကျောင်းသားတွေကိုပြော တယ် ..
“ သရဲပူးနေတဲ့ ကိုရင်ကို သွားခေါ်ခဲ့ပါ ”
ဘုန်းကြီးကျောင်း တစ်ခုလုံးက လူတွေက
ပယောက ကုမယ့်နေရာဖြစ်တဲ့ ဘုရားခန်းမှာ အုံနေကြတယ်
ကျွန်တော်ထင်တယ် ရွာထဲက လူတွေလည်း ပါလောက်တယ် ။
မကြာပါဘူး မနေ့က မနက်ကတည်းက
သရဲပူးခံနေရတဲ့ ကိုရင်ကို ဗလတောင့်တောင့်နဲ့
ဘုန်းကြီးကျောင်းသားလေးယောက်က ချုပ်ပြီး ခေါ်လာကြတယ်
ကိုရင်က ရုန်းကန်ပြီးပါလာတယ် ။
ဘုရားခန်းရှေ့ရောက်တော့ ဘုရားကျောင်းဆောင်ကို
မျက်နာလုံး၀မပေးဘူး ခေါင်းငုံ့ထားတယ် ၊ ပြီးတော့ မပီမသ
မသံနဲ့ စကားတွေပြောနေတယ် ။ တစ်ချိန်တတည်းမှာပဲ
အထက်လမ်းဆရာကြီးက ဂါထာတွေရွတ်ပြီး ဆရာတွေ
ကိုတိုင်တည်တာတို့ မန်းမှုတ်တာတို့ လုပ်နေတယ်
ပြီးတာနဲ့ အမိန့်သံမျိုးနဲ့ ကိုရင်ရဲ့ ကိုယ်ထဲမှာ ၀င်ပူးကပ်နေတဲ့
ပရလောကသားကို ကိုရင်ခန္ဓာကိုယ်ထဲကနေ
ထွက်မပြးနိုင်အောင် ချုပ်ထားလိုက်တယ် ၊ အဲ့အချိန်မှာ သရဲက
ပိုသောင်းကျန်းလာတယ် အော်ဟစ်နေရင်းကနေ
ရွှေရင်ကျော် ဆရာကြီးကို မျက်ထောင့်နီကြီးနဲ့ ကြည့်ပြီး
ဆတ်ခနဲကောက်ထလိုက်ပြီး ဆရာကြီးဆီပြေးသွားလိုက်တယ်
ပြီးတာနဲ့ ဆရာကြီးမျက်နာကို လက်သီး ၊ လက်ဝါးအပြင်
ခြေထောက်တွေသုံးပြီး ထိုးကျိတ် ကန်ကျောက်တော့တာပဲ ။
ပယောက ဆရာကြီးကလည်း ခေသူမဟုတ်ဘူး
သရဲပူးခံထားရတဲ့ ကိုရင်က သူ့ကို ကိုယ်ထိလက်ရောက်
ရန်မူလာတာကို တစ်ချက်မှ မထိအောင် ရှောက်ပြီးတော့
ကိုရင်မျက်နာကို သူကရဲ့ လက်သီးလုံးကြီးတွေ
သုံးလေးလုံးလောက် ပစ်ထိုးလိုက်တယ် ၊ သရဲလည်း
အထိနာသွားပုံရတယ် ငိုပြီးတော့ပစ်လဲကျသွားတယ် ။
နောက်မှသိလိုက်ရတာ အဲ့ဒီ ဆရာကြီးက
မြန်မာ့သိုင်းပညာလည်း အတော်လိုက်စားထားတယ်ဆိုတာ ။
ဆရာကြီးလက်စွမ်းနဲ့သရဲလည်း အထိနာသွားရော
ဆရာကြီးက အသင့်ပါလာတဲ့ ကွမ်းရွက်တွေကို လက်နဲကခြေပြီး
သရဲပူးနေတဲ့ ကိုရင် မျက်လုံးထဲကို ညှစ်ထည့်တော့တာပဲ
ဘေးကလူတွေက ဝိုင်းချုပ်ပေးထားတယ်လေ ။
ဘာပြောကောင်းမလဲ သရဲက
“ အမ်ဟန်အီဆန်ယောက် …. အား… မိုက် …”
(“ ဘာမှ မမြင်ရတော့ဘူး …..အား….ပူတယ်… ”)
ဆိုပြီး အော်လည်းအော် ရုန်းလည်းရုန်း
ငိုလည်းငိုနေတာပေါ့ ။
နောက်တော့ ဆရာကြီးက
အမိန့်သံနဲ့ “ အောင်မယ် မင်ကများ
ရာရာစစ ငါ့ကို မလေးမစားလုပ်တယ် ဟုတ်လား
အခုချက်ချင်း ပြန်ကန်တော့ပြီး တောင်းပန်စမ်း ” ဆိုတော့
ချင်ချင်းပဲ တုန်တုန် ရင်ရင် နဲ့ သရဲက လက်အုပ်ကလေးချီပြီး
ငိုလို့ ကန်တော့ပြီး တောင်းပန်ရှာတယ် ။
ပြီးတော့ ဆရာကြီးက မေးတော့တာပဲ
“ မင်းကဘယ်သူလည်း ၊ ဘာကြောင့်ကိုရင်လေးကို
၀င်ပူးနေရတာလည်း ” စသဖြင့်ပေါ့ဗျာ ကျွန်တော်လည်း
ပြည့်ပြည့်စုံစုံ မပြောတတ်ဘူး …. ထားပါတော့ ။
အဲ့ကျမှ သရဲက ရှမ်းစကားနဲ့ပဲ
“ ငါက သရဲမ …..
ငါမကျေနပ်လို့လုပ်တာ ” ဆိုပြီး အသံတုန်တုန်ကြီးနဲ့
ပြောတယ် ။
ဆရာက ထပ်မေးတယ်
“ နင်က ဘာကိုမကျေနပ်တာလဲ ” ဆိုတော့
ရှမ်းစကားနဲ့ပဲ တစ်လုံးချင်းစီ ပြန်ပြောတယ်
(စာရေးသူ မြန်မာလိုပြန်ရေးသားဖော်ပြလိုက်ရပါတယ်)
“ ငါက သရဲမ ဒီကျောင်းကြီးရဲ့ အနောက်က
(….) မှာနေတယ် ငါ့မှာကလေးတစ်ယောက်ရှိတယ်
အဲ့ဒီနေ့က ငါအစာရှာသွားမလို့ ငါကလေးကို
ဘုန်းကြီးကျောင်းအနောက်က အိမ်သာလေးလုံးထဲက
(…ဘက်) အစွန်က အိမ်သာမှာ ထည့်ထားခဲ့တာကို
အိမ်သာ၀င်တဲ့သူက တက်နင်းသွားတယ် …
သူနင်းသွားလို့ ငါ့ကလေးရဲ့ ခေါင်းက အခုပြားသွားပြီ
အဲ့တာ မကျေနပ်ဘူး …. မကျေနပ်ဘူးးး.. ။ ”
ဆိုပြီး ရင်ကွဲသံကြီးနဲ့ ပြောပါလေရော
သူပြောတာကို ကျွန်တော်တို့နားလည်အောင် ရှမ်းကိုရင်
လေးတစ်ပါးက ဘာသာပြန်ပေးတယ်လေ ။
အဲ့စကားတွေလည်းကြားရော
ကျွန်တော်လည်း ရှူရှူးတွေပါ ပေါက်ချင်လာတယ်
အိမ်သာလည်းမသွားရဲ ဖြစ်နေမိတယ် ။
ဘေးကဝိုင်းကြည့်နေတဲ့လူအုပ်ကြီးကလည်း
တိတ်ဆိတ်နေရာက တရှဲရှဲဖြစ်သွားကြတယ် ။
ကျောင်းက ဦးဇင်းတစ်ပါးက
အားလုံးကို တိတ်တိတ်နေခိုင်းလိုက်တော့မှ အထက်လမ်း
ဆရာကြီးက သရဲကို ဆက်မေးတယ်
“ နေစမ်းပါဦး နင့်ကလေးကို နင်းသွားတဲ့သူကိုသိလား”
တဲ့လေ ဆရာကြီးအဲ့လိုမေးတော့ ကျွန်တော်လန့်သွားတယ်
ရင်တွေဘာတွေတောင် အတော်လေး ခုန်သွားတယ်
ဘုရားလည်းတမိတယ် .. ဘုရားဘုရား…ငါများနင်းမိတာလား
သေပါပြီပေါ့ ။
ကံသီတယ်ပဲပြောရမလား သရဲမက
“ မသိဘူး ” ဆိုပြီး ခေါင်းခါပြတယ် ။
“ အေးနင်က မသိပဲနဲ့ ဘာလို့ ကိုရင်ကို
၀င်ပူးရတာလဲ နောက်ပြီးတော့ နင်ဒီလိုလုပ်တာ အပြစ်ကြီးတယ်
ဆိုတာကို မသိဘူးလား ”
“ ကိုရင်က ငယ်သေးတော့ သင်္ကန်းမနိုင်ဘူး ၊
၀ိနည်း ၊ သိက္ခာပုဒ်လည်းမရှိတော့ ကလေးသာသာဖြစ်နေတယ်
ကံလည်းနိမ့်နေတယ် ၊ ပြီးတော့ ငါနေတဲ့
နေရာနားမှာလာဆော့နေလို့ ၀င်ပူးလိုက်တာ
အပြစ်ကြီးတာကိုသိတယ် … ငါ့ကလေးအတွက်..
မကျေနပ်လို့လုပ်တာ ”
သရဲမက နားလိုက်ပြောလိုက်နဲ့ မသဲမကွဲ
စကားကို ရှမ်းကိုရင်လေးက အဆင်ပြေသလို
ဘာသာပြန်ပြောပေးတယ် ။
ဆရာကြီး နဲ့ သရဲမ အပြန်အလှန်ဆက်ပြီး
ပြောနေတာပေါ့ ….
“ နင်ကျေနပ်အောင် ငါတို့ဘာလုပ်ပေးရမလဲ
နင်တို့သားအမိအတွက် ရည်စူးကုသိုလ်လုပ်ပေးရမလား ”
“ မလုပ်ပေးနဲ့ နင်တို့လုပ်ပေးလည်း ငါမရဘူး
ငါကလွန်ခဲ့တဲ့ (…) နှစ်ကတည်းက ဒီဘဝရောက်နေတာ
နှစ်ချို့နေပြီ ၊ ငါမကျေနပ်ဘူး ၊ ငါ့ကလေးခေါင်းကို ပြားနေရာက
အရင်လိုပြန်ဖြစ်အောင်လုပ်ပေး ၊ မလုပ်ပေးလို့က ဒီကိုရင်
ကို အရှင်မထားဘူး အစားအနေနဲ့ ငါခေါ်သွားမယ် .. ”
“ အောင်မယ် ..နင်ကများ ငါဆရာရှိနေတာတောင်
ပမာမခန့်နဲ့ ၊ နင်ဘုရားရှင်ရဲ့သားတော်ကို ဒီလိုလုပ်လို့
ရသလား ၊ နင်အပြစ်ဘယ်လောက်ကြီးနေပြီးလည်းသိလား
… အေး နင့်ကလေးကို အိမ်သာထဲထားခဲ့တာကို ငါတို့
လူသားတွေက ဘယ်လိုမြင်ရမှာလည်း ၊ မမြင်ရတော့ နင်းမိ
မှာပေါ့ … ၊ အခုချက်ချင်း နင်၀င်ပူးကပ်နေတဲ့
ကိုရင်လေးဆီကနေ ထွက်သွားစမ်း ငါဆရာအမိန့်.. ”
ရွှေရင်ကျော်ဆရာလည်း အခြေအနေမဟန်မှန်းသိပုံ
ရတယ် နှစ်ချို့သရဲမ မို့လားမသိဘူး
စကားပြောနေရင်းက ထပ်မမေးတော့ပဲ
ချက်ချင်းနှင်နေတယ် သရဲက လုံး၀မထွက်ဘူး …. ၊
ဆရာကြီးလည်း ငါ့အမိန့်တောင် လွန်ဆန်ရဲ့တယ် ဘာညာနဲ့
ဒေါသူပုန်ထပြီး ထိုင်နေရာကနေ သရဲမအနားသွားပြီး
သရဲပူးနေတဲ့ကိုရင်လေးရဲ့ ဇတ်ပိုးကို ခက်ပြင်းပြင်း
သုံးလေးချက်လောက် ဗျင်းလိုက်တာ သရဲမလည်း
တစ်ခါတည်း ကို အော်ပြီးထွက်သွားရော ။
ကိုရင်လေးကတော့ အ၀တ်ကလေးပုံထားသလို
ခွေပြီးလဲကျလို့ ကျန်ခဲ့တယ် ၊ သရဲထွက်သွားမှန်းလည်းသိရော
ချက်ချင်းကိုရင်ကို သတိရအောင်လုပ်ကြ ရေမန်းတိုက်ကြနဲ့
အလုပ်တွေကိုများလို့ …. လာကြည့်တဲ့လူတွေလည်း
သရဲမပြောစကားကြောင့်လားမသိဘူး နေ့ခင်းဘက်ကြီး
ကျောင်းအောင်ဆင်းဖို့တောင် မရဲ ဖြစ်နေကြတယ်
တစ်ချို့က ဘာများဆက်ဖြစ်မလဲဆိုပြီး စောင့်နေကြတယ် ။
ကိုရင်လေးကိုလည်း အဆင်ပြေလား ဘာဖြစ်တာလဲ
သိလားဆိုတော့ ကိုရင်ကရှမ်းလိုပဲ ဖြေတယ် ၊ သူဆော့နေတုန်း
အပင်ပေါ်က မဲမဲကောင်ကြီး ဆင်းလာပြီး လက်ဝါးကြီးနဲ့
သူ့ရဲကခေါင်းအနောက်ဘက်ကို ရိုက်ချလိုက်တာပဲသိတယ်တဲ့
နောက်တော့သူသတိမေ့သွားပြီး အခုမှပြန်နိုးလာတာတဲ့ဗျာ ။
လူစုံတုန်းပဲ ဆရာကြီးကလည်း သေချာရှင်းပြတယ် ။
“ တကယ်ဆို အဲ့ဒီသရဲမကြီးက သနားဖို့ကောင်းတယ်၊
ဘယ်လို အကုသိုလ်ကြောင့်များ သာဓုတောင်မခေါ်နိုင်ရတာလဲ
မသိဘူး…. သူက ဘုန်းကြီးကျောင်းအနောက်မှာနေနေတာ
ကြာပြီဆိုတော့ ဦးဇင်းတို့တွေ ကိုရင်တွေ စာအန်သံတွေ
စာကျက်သံတွေနေ့တိုင်းကြားနေတော့ ဘုရားစာနဲ့
ရင်သွားပုံရတယ် ၊ နောက်ပြီး ဦးဇင်းဘုရားတို့ သူ့ကို
‘ ကမ္မဝါ ’ ညှပ်တုန်းက သူအရမ်းပူလောင်နေပုံပဲ ၊
သရဲမက ‘ ကမ္မဝါ ’ မကြောက်တာမဟုတ်ဘူး ၊ သူ့ကလေး
ဇောနဲ့ ပေကပ်ပြီး နာကျင်ခါပြီးကို နေနေတာ ၊
မိဘမေတ္တာပေါ့ ၊ သူ့ကလေး ခေါင်းပြားသွားတာ
ပြန်များ ကောင်းလာလေများဆိုတဲ့ အတွေးနဲ့ နေနေပုံရတယ် ၊
တပည့်တော်ကို ရန်မူတာက သူ့ကို ချုပ်ထားလိုက်လို့
စိတ်ဆိုးသွားပုံရတယ် ၊ ဒီသရဲမက မလွယ်ဘူး
နောက်ပြန်လာနိုင်တယ် ၊ ကိုရင်လေးတွေ နဲ့ ကျောင်းသား
တွေ ဘုရားတရားပိုလုပ်ကြပါ ”
ဆရာကြီးစကားလည်းဆုံးရော ကျွန်တော့်စိတ်ထဲက
မတင်မကျဖြစ်နေတာတွေ ရှင်းသွားတယ် ကြောက်လည်းပို
ကြောက်လာတယ် ၊ မိဘဆိုတာ ဘယ်ဘဝရောက်ရောက်
ဘယ်လို အခြေအနေဖြစ်ဖြစ် ကိုယ့်သားသမီအတွက်ဆို
အသက်တောင် စတေးရဲတယ်ဆိုတာကိုလည်း နားလည်သွား
ခဲ့တယ် ၊ ကျွန်တော်တို့လူသားတွေမပြောနဲ့ အပ္ပာယ်ဘုံသား
သရဲမတောင် သူ့ကလေးအတွင် ‘ ကမ္မဝါ ’ ညှပ်တာတောင်
အပူအလောင်ခံပြီး နေနေသေးတာပဲလေ ….
သြော် မိခင်မေတ္တာ …. ။
ကျွန်တော့်စိတ်ထဲ သရဲမအဖြစ်ကိုကြည့်ပြီး
ရွာမှာကျန်ခဲ့တဲ့ အမိုး (မေမေ) ကိုတောင် လွမ်းမိတယ်ဗျာ ။
စာသင်တိုက်ငယ်လေး ဖြစ်တဲ့
ဘုန်းတော်ကြီးကျောင်းကို အန္တရယ်ကင်းဖို့ရာ
ရွှေရင်ကျော်ဆရာကြီးက သူ့အစီအရင်နဲ့ ပြုလုပ်ထားတဲ့
ဆန်မန်းပေါက်ပေါက်တွေကို ကျောင်း၀န်းကြီးအနှံကို
ကျဲ စေတယ် ။ နောင်ပိုင်းတော့ ဘာအနှောက်အယှက်မှ
ထပ်မကြားရတော့ဘူး ။
ဆရာတော်ကြီး ပြန်ကြွ လာပြီးနောက်ပိုင်းမှာလည်း
အဖြစ်အပျက်တွေသိတော့ ဘုရားရှင်ရဲ့ အန္တရယ်ကင်း
ပဋ္ဌာန်းဒေသနာတော်ကို အသံမဆဲ ရွတ်ဆို စေခဲ့တယ် ။
မည်သို့ပင်ဆိုစေကာမူ ကျွန်တော် ‘ စေကလိုင်ဖိုး ’
ကတော့ ဘုန်းကြီးကျောင်းက အိမ်သာကို လုံး၀ မသွားရဲတော့ဘူး
တကယ်လို့ သွားဖြစ်တယ်ဆိုရင်လည်း မနက်ပိုင်းအချိန်ပဲ သွား
ဖြစ်တယ် ညပိုင်းဆို ခြေဦတောင်မလှည့်ရဲတော့ဘူးလေ ၊
စာဖတ်သူ သူငယ်ချင်းတွေလည်း ကျွန်တော်ပြောပြတဲ့
ဘုန်းကြီးကျောင်း စာသင်တိုက်လေးမှာ တည်းဖြစ်ကြမယ်
ဆိုရင်လည်း အိမ်သာသွားတဲ့အခါ သတိလေးထားပေါ့ဗျာ .. ။
အကောင်းဆုံးက ကျွန်တော့်လို ကြေက်တတ်တယ်ဆိုရင်
ဘုရားတရားကို ဘယ်အချိန်ဖြစ်ဖြစ် မမေ့နဲ့ပေါ့ဗျာ ၊ သရဲမကြီး
အဖြစ်ကို အတူယူလို့ ကုသိုလ်ကောင်းမှု များများလုပ်ကြပြီးတော့
လူသားတိုင်း ကိုယ့်အမေ အဖေကို တန်ဖိုးထား
ချစ်မြတ်နိုးနိုင်ကြပါစေ ။
~ မိုးစွေ ~အားလေးစားလျက်