ကမ်းပျောက်တဲ့လှေ

ကမ်းပျောက်တဲ့လှေ(စ/ဆုံး)

—————————–

မနက်စောစောကတည်းကကြက်သွန်အိတ်တွေကို စက်လှေပေါ်ကိုတင်နေပါပြီ..

ဒီနေ့ မြို့ကပွဲရုံမှာ ကြက်သွန်တွေကို အမေ သွားရောင်းမှာပါ…

အဖွားနဲ့အမေ့ညီမ ဒေါ်လေးကလဲမြို့ကကုန်ရောင်းပြီးအပြန်
ရွာမှာ ပြန်ရောင်းမဲ့ ပစ္စည်းစာရင်းတွေကို သေချာရေးပေးနေလေရဲ့..

ကျမတို့ရွာရဲ့ အနီးနားပတ်ဝန်း
ကျင်ရွာတွေ အထိပါ
အမေက
အဝတ်အထည်..အိမ်သုံးဆေး
ဝါး..အလှကုန်..
အစားအသောက်လေးတွေကိုပါအဆင်ပြေသလို မြို့ကဝယ်ယူပြီးရောင်းပါတယ်..

ခရီးထွက်ခါနီးမို့ အမေက အလုပ်တွေကို ဇယ်ဆက်သလို
မနားတမ်းလုပ်နေတယ်..

ကျမဘက်ကို တချက်လေးမှ
စောင်းငဲ့ မကြည့်ပါဘူး..

ကျမကလဲ အမေမြင်သာမဲ့ နေရာလောက်ကနေ
ကွက်ကြည့်ကွက်ကြည့်နဲ့ပေါ့…

ဆယ့်နှစ်နာရီစက်လှေထွက်မယ်ဟေ့ .. လို့အိမ်ရှေ့လမ်းမပေါ်ကနေဦးကြီးဘမောင်က
အိမ်ဘက်ကိုလှမ်းအော်သံကြားလိုက်တယ်…

ဟင်! ဒါဆို အမေသွားတော့မှာပေါ့..
ငါဒီတခေါက်မြို့ကိုအမေနဲ့အတူမလိုက်ရတာတော့သေချာနေပါပြီ..

အမေကငါ့ဘက်ကိုကြည့်ပြီး
ဟိုကလေးမလေး…
နေပူထဲထွက်မနေနဲ့နော်လို့….တောင်မပြောဘူး….

ငါကလဲ ငါပဲလေ…
အမေက
အဲလိုပြောလိုက်တာနဲ့
အမေ့ လုံချည်စကို ကျစ်ကျစ်ပါအောင်ဆွဲပြီး
ငါ ငိုယိုပြီးအမေ့နောက်ကိုအတင်းလိုက်မှာ.

ငါငိုရင်အဖွားတို့ကအရမ်းဝမ်းနည်းတာ…
အမေ့ကို လဲ
ကဲပါသမီးရယ်
အမှုံ့ လေးကိုခေါ်သွားချည်ပါ..
တော်ကြာငိုလွန်းလို့နေထိုင်မကောင်းဖြစ်သွားဦးမယ်…
အဲလိုဆိုရင်အမေ့နောက်ကိုလိုက်ရမှာ..

ခုတော့ အမေကထမင်းစားပြီးတာနဲ့
အဝတ်ထုပ်ကိုယူပြီးလှေဆိပ်ကိုဆင်းသွားပြီ..

အမေသွားတာနဲ့ ကျမ
ငှက်ပျောခြံကြီးရှိရာကိုအပြေးအလွှားသွားလိုက်တယ်..

ငှက်ပျောခြံကြီးရဲ့အစွန်ဆုံးကချောက်ကမ်းပါးကြီးလေ..
လှေဆိပ်ကိုထင်ထင်ရှားရှား
မြင်ရတယ်..

ငှက်ပျောခြံထိပ်ကနေကြည့်ရင်ပင်လယ်ကြီးကိုမြင်ရတယ်….
.
ပင်လယ်ထဲမှာသွားလာနေတဲ့
ငါးဖမ်းလှေတွေစက်လှေတွေကိုလဲမြင်ရတယ်…

ကြက်သွန်အိပ်တွေအပြည့်တင်ထားတဲ့စက်လှေကြီးကို
လှေဆိပ်မှာကပ်ထားတာတွေ့
ရတယ်..

ဟိုမှာ…အပြာရောင်လုံချည်လေးနဲ့အမေပါလား..
အပေါ်ဖုံး အင်္ကျီအနွေးထည်အကွက်လေးနဲ့…

အမေကစက်လှေရှိတဲ့နေရာကိုခပ် မြန် မြန်လေးသွားနေတာတွေ့ရတယ်…

ကျမကအမေ့နောက်ကျောကိုမမှိတ်မသုန်ငေးကြည့်နေမိတယ်..

အမေ ငါ့ကိုများပြန်လှည့်ကြည့်မလား…ပြန်လှည့်ကြည့်ပါစေ..

အမေ မြို့ကိုသွားတိုင်းဒီနေရာလေးကနေကျမကြည့်နေကျဆိုတာအမေသိတယ်..

အမေ ပြန်လှည့်ကြည့်လို့ကတော့ အမေ့နောက်ကိုငါပြေးလိုက်သွားမှာ…

အဝတ်အစားအပိုမပါလဲဘာဖြစ်လဲ..
မြို့ရောက်တော့အမေ့ကိုငါဝယ်ခိုင်းမှာပေါ့…
အမေစက်လှေပေါ်တက်သွားပါပြီ..

ခဏအကြာမှာတော့စက်လှေကြီးလဲကမ်းကခွာနေပါပြီ..

အမေခုချိန်ထိ ငါရှိတဲ့ဘက်ကို
တချက်ကလေးမှလှည့်မကြည့်ပါလား…

အမေမြို့ကိုသွားပြီ…
ထိုင်လိုက်ထလိုက်နဲ့အမေ့ကို
ကြည့်နေတဲ့ကျမ
ဒီတခါတော့ မြေကြီးပေါ်ထိုင်ချလိုက်ပါတော့တယ်..

အမေပါသွားတဲ့စက်လှေကြီးထွက်ခွာသွားတာကိုမျက်စေ့တဆုံးကြည့်နေမိတယ်..

ကျမရဲ့မြင်ကွင်းထဲကနေစက်လှေကြီးပျောက်ကွယ်သွားတော့မှအိမ်ကိုပြန်ဘို့သတိရမိတယ်…

ငှက်ပျောခြံထဲကကျမပြန်ထွက်လာတဲ့အချိန်ကျတော့
ညနေ နေတော်တော်စောင်းနေပါပြီ..

အဖွားကကျမကိုလိုက်ရှာနေဟန်တူရဲ့…

သူ့ရှေ့မှာကျမကိုဘွားကနဲတွေ့လိုက်တော့

အမှုံ့လေး ဘယ်တွေသွားနေတာလဲ..
ထမင်းစားဘို့လိုက်ရှာနေတာ
ကြာနေပြီ ….
လို့ပြောပြီးကျမလက်ကလေးကိုဆွဲပြီးအိမ်ကိုပြန်ခဲ့ကြပါတယ်…
.
.
.

ဟိုအရင်တခေါက်တုန်းကတော့အမေနဲ့မြို့ကိုလိုက်ဖူးတယ်…

မြို့ရောက်တော့လူအများတည်းတဲ့ဇရပ်ဆောင်ကြီးထဲမှာတည်းရတာ..

ဇရပ်နားကသရက်ပင်ကြီးပေါ်မှာခူကောင်တွေဆိုတာလေ..

လူကိုလာထိရင်လဲယားသေးတယ်…

ဇရပ်ဆောင်မှာကအကာအရံမရှိ…ခူကောင်နဲ့ကျမဓါတ်မတည့်တော့ဖျားပြီ..

လေစိမ်းကလဲတိုက်ဆိုတော့
သုံးရက်လောက်ဖျားပါတယ်..

အမေကပါလာတဲ့ကုန်တွေကို
ပွဲရုံကပေးတဲ့စျေးနဲ့ပဲရောင်းခဲ့ရတယ်…

ကျမကဖျားနေတော့တခြားနေရာတွေမှာမစုံစမ်းနှိုင်ဘူးပေါ့..
ကျမကိုပဲပြုစုနေရတာနဲ့အလုပ်ရှုပ်သွားပါတယ်..

မြို့ပေါ်မှာအမေ့မောင်မိသားစုရှိပါတယ်…

အမေကသူတို့အိမ်မှာခဏလောက်တည်းခိုဘို့အကူအညီ
တောင်းတာကို
ဦးလေးကတော့တည်းခိုစေချင်ပေမယ့် ..

သူ့မိန်းမကမဖိတ်ခေါ်တဲ့အပြင် သူတို့ကလေးတွေကို
အဖျားကူးမှာစိုးလို့ဆိုပြီးငြင်း
လိုက်တယ်….

အဲဒီနောက်ပိုင်းမှာတော့
ကျမရဲ့မြို့ကိုလိုက်ရတဲ့ဇာတ်လမ်း
တခန်းရပ်သွားရပါတယ်..

အမေကနောင်များဘယ်တော့မှမခေါ်တော့ပါ…

ကျမက အမေမြို့ကိုသွားမယ်ဆိုတာသိတာနဲ့
အမေ့အနားမှာ
မခွာတော့ဘဲရစ်ဝဲဝဲလုပ်နေတာလေ….

အမေကလဲသိတယ်…
သူ ကျမကိုမျက်နှာသာပေးရင်အမေ့လုံချည်စဆွဲပြီးအမေ့နောက်ကိုအတင်းပြေးလိုက်မှာလေ…

အဲဒီတော့အမေက သူခရီးထွက်တဲ့နေ့ကျရင်စက်လှေပေါ်တက်တဲ့အထိ
ကျမရှိနေတဲ့ဘက်ကိုနောက်ကျောပေးပြီး
လုံးဝကိုလှည့်ကြည့်ပဲကျောခိုင်းထားတာပါ…

ဒါပေမယ့်ကျမသိပါတယ်..
အမေစိတ်မကောင်းဖြစ်နေမှာပါ…

အမေ့မျက်ဝန်းထဲမှာလည်းမျက်ရည်တွေဝဲနေမှာပါ……..
.
.
.

ရန်ကုန်မြို့မှာနေတဲ့အမေ့ရဲ့အမကရွာကိုအလည်လာရင်း
ကျမတို့သားအမိကိုသူနဲ့အတူ
လိုက်ခဲ့ဘို့ခေါ်ပါတယ်…

ရွာမှာလုပ်ကိုင်စားသောက်ရတာပင်ပန်းဆင်းရဲတယ်..

မြို့မှာကလူနေမှု့လည်းမြင့်မားတယ်…

အလုပ်အကိုင်လည်းပေါတယ်ဆိုပြီး
ကျမတို့သားအမိကိုအတင်းခေါ်ဆောင်လာပါတယ်..

ရန်ကုန်မြို့ကိုရောက်ခဲ့ပြီ..
မြို့အစွန်ဆင်ခြေဖုံးရပ်ကွက်လေးတစ်ခုမှာခြံဝန်းလေးနဲ့..
အမေ့အမမှာသမီးလေးတစ်ယောက်ရှိတယ်..

ကျမထက်တော့ငယ်တယ်..
အဒေါ်ရဲ့အမျိုးသားက
ဝေးလံတဲ့နယ်တခုမှာတာဝန်ကျနေတာတဲ့…

ခြောက်လလောက်နေမှတခါလောက်ပြန်လာတယ်လို့ပြောပါတယ်..

ရန်ကုန်ရောက်ပြီးတပါတ်လောက်အကြာမှာ
အမေကသူဌေးပိုင်စက်ရုံတစ်ခုမှာအလုပ်ရတယ်..

မနက်စောစောသွားရတယ်..
ညနေမိုးချုပ်မှပြန်ရတယ်..

ရထားစီးသွားရတယ်လို့
အမေကပြောတယ်..

ကျောင်းပိတ်တဲ့ရက်မှာတော့အဒေါ်က
ကျမကိုဘေးအိမ်က
မိသားစုနဲ့ ရပ်ကွက်အောက်ဖက်ကကွင်းထဲမှာ
ကန်စွန်းရွက်တွေနိူင်သလောက်ခူးခဲ့ဘို့
ထည့်လိုက်တယ်…

ကန်စွန်းရွက်ခူးရတာပျော်ဘို့ကောင်းပါတယ်…

ကလေးသဘာဝရေထဲဆင်းရတော့လဲပျော်တာပေါ့…

ညနေဘက်ရောက်တော့
အဒေါ်ကကန်စွန်းရွက်တွေကိုစီးပြီးဗန်းကြီးတစ်ခုထဲထည့်…

အနီးအနားကရပ်ကွက်တွေမှာရောင်းစေခဲ့တယ်..

ဘေးအိမ်ကအဖော်နဲ့
ကျမတို့နှစ်ယောက်မိုးရေထဲမှာကန်စွန်းရွက်တွေအော်ရောင်းကြတယ်..

တစ်စီးဆယ်ပြား…သုံးစီးကိုတမတ်ပါ…

မိုးအရမ်းရွာတဲ့နေ့တွေဆိုရင်တစ်ချို့အိမ်တွေကတံခါးတောင်မဖွင့်ကြပါဘူး…

ကန်စွန်းရွက်တွေလဲအများကြီးပြန်ပါလာတယ်…

အဲဒီခါကျရင်အဒေါ်ကမျက်နှာမသာမယာဖြစ်နေတော့တာပဲ..

သုံးရက်လောက်ကတော့ကန်စွန်းရွက်ကြော်…
ကန်စွန်းရွက်ချဉ်ရည်ဟင်း ပေါ့….

နောက်ရက်များမှာတော့ကန်စွန်းရွက်ခူးလို့မရတော့ပါဘူး…
ပိုင်ရှင်ကပေးမခူးတော့တာပါ…

ဘေးအိမ်ကအဖော်တွေနဲ့လယ်ကွက်တွေချောင်းတွေထဲမှာခရုကောက်ဖို့အဒေါ်ကထည့်လိုက်ပါတယ်…

ကျမကခရုကောက်တာမကျွမ်းကျင်ဘူး…

ချောင်းထဲကိုလဲမဆင်းရဲဘူး..
အဲဒီတော့ခရုအနည်းငယ်ပဲရတယ်…

အတူသွားတဲ့အဖော်မိသားစုကသူတို့ကောက်ထားတဲ့အထဲကခွဲဝေပေးတယ်….

အိမ်ပြန်မျက်နှာပန်းလှအောင်လို့လေ…

မဟုတ်ရင်အဒေါ်ကမျက်စောင်းတခဲခဲနဲ့..
ကျမ အနေရခက်ပါတယ်..

အမေကပြောထားတယ်..
သူ့အားကိုးနဲ့နေတာသမီးရယ်
အဆင်ပြေအောင်နေပါ တဲ့..
.
.
.

လအနည်းငယ်ခန့်အကြာမှာတော့ ..

နယ်မှာတာဝန်ကျနေတဲ့
အဒေါ်အမျိုးသား ပြန်ရောက်လာပါတယ်…

အဒေါ်အမျိုးသားကသိပ်ပြီးနေကောင်းဟန်မတူဘူး…

ညနေဘက်ကျတော့
အဒေါ်က
ကျမကိုငွေနှစ်ကျပ်ဆယ်ပြား
နဲ့အတူ
ပုလင်းအပြားလေးတစ်ပုလင်းပေးတယ်..

ဘုံဆိုင်ကိုသိတယ်မဟုတ်လား…
အဲဒီမှာအရက် သွားဝယ်လာခဲ့..

ခေါင်းစွပ်မိုးကာကိုသေချာဝတ်စေတယ်.

အရက်ပုလင်းကို
မိုးကာရဲ့အတွင်းဘက်မှာထားပြီး
လက်ကကိုင်လာခဲ့…တဲ့

အဲဒီနေ့ကမိုးတွေအရမ်းရွာနေတယ်..
မိုးနဲ့လေကအပြိုင်ပါပဲ..
ကြောက်လို့သာသွားရတယ်..
လမ်းမှာလူမရှိဘူး..

ဘုံဆိုင်မှာလူတွေတန်းစီပြီးအရက်ဝယ်နေတာတွေ့တယ်..

ကျမလဲလူကြီးတွေနောက်ကနေတန်းစီလိုက်တယ်..

မကြာခင်မှာပဲကျမဝယ်ရမယ့်အလှည့်ရောက်လာပါတယ်..

အရက်ဆိုင်ရဲ့ကောင်တာခုံကိုကျမ မမှီပါဘူး…

မှီလုမှီခင်ကောင်တာခုံပေါ်ကို
ငွေနှစ်ကျပ်ဆယ်ပြားရယ်..

ပုလင်းပြားလေးရယ်ကျမတင်ပေးလိုက်ပါတယ်..

အရက်ရောင်းတဲ့ဦးလေးကြီးကဒေါသသံကြီးနဲ့..

ဟိတ်ကောင်လေး..
မင်းတို့အိမ်မှာမင်းထက်ငယ်တဲ့ကောင်မရှိဘူးလား…တဲ့

ခေါင်းစွပ်မိုးကာအောက်ကကျမကိုသူကမိန်းခလေးလို့ထင်ဟန်မတူ…

သူအော်လိုက်မှပဲဝမ်းနည်းသွားတယ်..

အိမ်အပြန်လမ်းမှာ မိုးရေတွေနဲ့အပြိုင်မျက်ရည်တွေကျလို့..

ဒီလိုနဲ့အရက်ဝယ်တဲ့ဇာတ်လမ်းကိုအမေသိသွားပါတယ်..

အဒေါ်ခိုင်းသမျှကို
ကျမကအမေ့ကိုဘာတစ်ခုမှပြန်မပြောခဲ့ပါဘူး..

ကျမကိုသနားတဲ့ပတ်ဝန်းကျင်က
လူတွေက အမေ့ကိုပြန်ပြောကြတယ်..

အမေနဲ့အမေ့အမတို့အကြီးအကျယ်စကားတွေများကြပြီး..
ကျမတို့သားအမိသူတို့အိမ်ကိုစွန့်ခွာခဲ့ကြပါတယ်..
.
.
.

သူတို့နဲ့ဝေးတဲ့ရပ်ကွက်တစ်ခုမှာကျမတို့အိမ်ခန်းလေးငှားနေကြပါတယ်..

စျေးနဲ့လည်းနီးတယ်..ကျောင်းနဲ့လည်းနီးတဲ့အတွက်အဆင်ပြေတယ်..

အမေကသူဌေးစက်ရုံမှာအလုပ်မလုပ်တော့ဘူး…

မြစ်ဝကျွန်းပေါ်ဘက်ကဒေသထွက်ကုန်တွေကိုစျေးမှာယူ
ရောင်းတယ်…

အမေခရီးထွက်တဲ့အခါကျရင်ကျမကိုဘုရားကျောင်းကခရစ်ယာန်မာသာကြီးတွေဆီမှာခဏအပ်နှံထားခဲ့တယ်..

မာသာကြီးတွေကကျမကိုနွေးထွေးစွာဆက်ဆံတယ်..

အမေခရီးထွက်တဲ့ရက်တွေဆို
ကျောင်းတက်ဖို့ကိုလဲသူတို့ဆီကစီစဉ်ပေးတယ်..

အမေကဒီတခါခရီးထွက်တာငါးရက်လောက်ကြာမယ်လို့ပြောခဲ့တယ်..

မာသာတို့ဆီမှာသေချာအပ်ခဲ့ပြီး ဘုရားကျောင်းထဲက
တရွေ့ရွေ့ထွက်ခွာသွားတဲ့အမေ့ကို
ဝင်းတံခါးကျော်တဲ့အထိ..
ကားလမ်းကူးသွားတဲ့အထိ
ကျမလိုက်ကြည့်နေမိတယ်..

ကျမလက်ကိုတွဲထားတဲ့မာသာလက်ကိုဖြုတ်လိုက်ပြီး
ဘုရားကျောင်းဂိတ်ဝနားထိပြေးလာခဲ့မိတယ်..

ခြံစည်းရိုးအပေါက်လေးထဲကနေကနေ
အမေ့အရိပ်လေးကိုတွေ့ဦးမလားဆိုပြီး
ခလေးမျက်လုံးလေးနဲ့ဝေ့ဝဲကြည့်လိုက်ပေမယ့်
အမေ့ရဲ့အရိပ်အယောင်တောင်မတွေ့တော့ပါဘူး…

အမေ ဘတ်စ်ကားပေါ်တက်သွားပြီနဲ့တူပါတယ်…
.
.
.
.
.

ဒီနေ့ အမေပြန်လာမယ်….
ငါးရက်မြောက်တဲ့နေ့ဆိုတော့
ဒီနေ့ပေါ့…

မနက်စောစောနိုးနေတယ်…
ဘုရားကျောင်းထဲမှာသစ်ရွက်တွေဆိုတာအများကြီးကြွေကျနေတာတွေ့တယ်…

ဟင်!!!
ခြံနောက်ကသရက်ပင်နဲ့ဒညင်းပင်ကြီးလဲမြေကြီးပေါ်လဲကျနေပါလား..

သစ်ပင်သစ်ကိုင်းတွေကလဲပြန့်ကျဲနေတာပဲ…

ညကလေရောမိုးရောကျတယ်နဲ့တူတယ်..

ငါကခလေးဆိုတော့ဘာမှမသိဘူး…
အိပ်လိုက်တာသိုးနေတာပဲ
..
ဒီနေ့အမေပြန်လာရင်ပန်ဖို့
ညနေထဲက
ငါခူးထားတဲ့စပယ်ပန်းဖူးလေးတွေသွားကြည့်ဦးမယ်…

ငှက်ပျောဖက်လေးနဲ့ထုပ်ထားတဲ့စပယ်ပန်းလေးတွေကလတ်ဆတ်မွှေးပျံနေတာဘဲ..

အမေကစံပယ်ပန်းလေးတွေကိုသိတ်ကြိုက်တာ…

အပ်ချည်ကြိုးလေးနဲ့အမေပန်ဘို့သီထားလိုက်မယ်…

အမှိုက်တွေကိုကူညီကောက်ပေးနေရင်းအမေ့ကိုမျှော်နေမိတယ်…

ဘုရားကျောင်းဝင်းထဲကလူသွားလမ်းမတစ်လျှောက်က
အမှိုက်တွေကိုလဲပြောင်စင်နေအောင်လှဲကျင်းလိုက်တယ်..

ခဏနေတော့ဟင်းသီးဟင်းရွက်တွေအသီးအနှံအမြဲလာပို့တဲ့ဒေါ်ကြီးရောက်လာတယ်..

ကျမသူ့ကိုရေအေးအေးလေး
ခပ်တိုက်လိုက်တယ်…
သူကအံ့သြနေတယ်…

အရင်ကဆိုဒေါ်ကြီးကဟိုတောင်းဒီနားယူပေးပါဦး..

ဒါလေးဒီဘက်ရွှေ့ပေးပါဦးနဲ့သိတ်ခိုင်းတာ…

ကျမကမျက်နှာကြီးစူပုတ်ထားတာ..လုပ်မပေးချင်ဘူး..

ဒီနေ့တော့အရာရာကြည်ကြည်သာသာလေးလုပ်ပေးပါမယ်လေ.
..အမေပြန်လာမှာမို့
ပျော်နေလို့ပါ….

ဒီမနက်မာသာတို့ကျွေးတဲ့ပဲပြုတ်ထမင်းကြော်ကစားကောင်းလိုက်တာ…

ငါးခြောက်ကြော်လေးနဲ့ပန်းကန်မောက်မောက်ကိုကုန်အောင်စားပြစ်လိုက်တယ်..

မာသာကပြုံးပြီးခေါင်းညိတ်နေတယ်…

အရင်ရက်တွေတုန်းကဆိုအစားအသောက်နည်းလို့ကုန်အောင်စားဘို့အမြဲပြောရတာလေ…

ပျော်နေတာပါ…
မြင်မြင်သမျှအကုန်လှပနေတယ်…

ရေအိုးထဲကခပ်သောက်လိုက်တဲ့ရေတောင်ချိုနေသလိုဘဲ..

ညနေသုံးနာရီထိုးနေပြီ..
အမေ…အမေပြန်မလာသေးပါလား…

အရင်ကဆိုဒီအချိန်အမေရောက်နေပါပြီ…
ကျမ ကျောင်းဝင်းတံခါးပေါက်ကိုဘဲမျှော်ကြည့်နေတယ်…

ညနေခြောက်နာရီခွဲလောက်မှာတော့တံခါးဖွင့်ပေးဘို့ဘဲလ်တီးသံကြားလိုက်တယ်..

အမေ ပြန်လာပြီ…
အမေကလဲဆိုတာလေ..
ငါ့အတွက်ဂါဝန်လှလှလေးရှာဝယ်နေတာနဲ့
ဒီလောက်နောက်ကျနေတာနဲ့တူပါရဲ့..

မာသာရေ..အမေပြန်လာပြီ..
အမှုံ့ ပြန်တော့မယ်နော်..
အဝတ်ထုတ်လဲယူသွားပြီ..

ဟင်!!!!
အမေလဲမဟုတ်ပါလား..

မီးလာပြင်တဲ့ဦးလေးကြီး…
ဒီအချိန်ကြီးဘာလာလုပ်တာလဲ…

မာသာတို့ရေ..
ညကမြစ်ဝကျွန်းပေါ်မှာမုန်တိုင်းအကြီးအကျယ်တိုက်သွားတာတဲ့နော်…

ရန်ကုန်တောင်အဖျားခတ်သွားတယ်…

ဧရာဝတီမှာ ဗျာ..
သေလိုက်ကြတာသောက်သောက်လဲပဲ..
ရွာလုံးကျွတ်ပါသွားတာတောင်ရှိတယ်…

ဧရာဝတီတိုင်းဘက်တဲ့..
မြစ်ဝကျွန်းပေါ်တဲ့…
အမေသွားတဲ့ဘက်ပေါ့…

အမေကော…
မုန်တိုင်းထဲအမေပါသွားပြီလား…
ကျမသွေးပျက်နေပါပြီ..

အမေ့ကိုမျှော်နေတဲ့ကျမ..
ဆောက်တည်ရာမရဖြစ်နေရပြီ…

သနပ်ခါးလှလှလေးလူးထားတဲ့မျက်နှာပေါ်မှာမျက်ရည်တွေဟာဘယ်နှစ်ကြိမ်လောက်ထိစီးဆင်းနေခဲ့လဲ..

ဘယ်နှစ်ကြိမ်
ငိုနေမိသလဲဆိုတာ မမှတ်မိ
နှိုင်အောင်ဖြစ်ခဲ့ရပါတယ်…

စပါယ်ပန်းလေးနဲ့အတူအမေ့ကိုစောင့်နေခဲ့​တာလေ…
.
.
.
.
.

နောင်တနှစ်ခန့်အကြာမှာတော့
ပုသိမ်ဘက်ကအသိမိတ်ဆွေတွေနဲ့မာသာတို့ရဲ့
စုံစမ်းပေးမှု့ကြောင့်
အတိတ်မေ့နေတဲ့ အမေ့ကိုပြန်တွေ့ခဲ့ပါတယ်…

မုန်တိုင်းဒဏ်ကိုအမေ​​ သေလုမျောပါး ခံခဲ့ရပါတယ်..

အမေ့ရဲ့ဦးခေါင်းကိုပြင်းပြင်းထန်ထန်ထိခိုက်မိသွားတယ်လို့
ဆရာဝန်ကပြောပြတယ်…

အမေကကျမကိုမမှတ်မိတော့ပါဘူး…

သူစိမ်းတစ်ယောက်လိုဖြစ်သွားပါတယ်…

ဒါပေမယ့်လည်းကျမပျော်ပါတယ်..

အမေကိုအသက်ရှင်ရက်နဲ့တွေ့ရလို့ပါ..

ကျမကို မှတ်မိသည်ဖြစ်စေ
မမှတ်မိသည်ဖြစ်စေ..

ကျမ အမေနဲ့အတူနေခွင့်ရဖို့ကအဓိကပါ……

 

#ခင်လှမြတ်ခိုင်