ကလေးကို စားဖို့ ကြံရွယ်သူ(စ/ဆုံး)
——————————–
“ခင်မြရေ မောင် အရေးကြီး အလုပ်ကိစ္စ နဲ့ ခရီးသွားရမှာမို့
ကျန်းမာရေး ဂရုစိုက်နော်” စည်သူမှ ရုတ်တရက် ခရီးသွားရန် အထုပ်များပြင်ရင်း ဇနီးဖြစ်သူ ခင်မြမွန်ကို ပြောလိုက်သည်။
“ဟင် မောင်ကလည်း ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး…….” ခင်မြမွန် တစ်ယောက် မျက်ဝန်းမှ မျက်ရည်စများ ဝဲတက်လာကာ ခဏတာ ငြိမ်သက်သွားသည်။
“ခင်မြကလည်းကွာ ဘာလို့ မျက်ရည်တွေ ဝဲနေတာလဲ။ မဖြစ်မနေသွားရမယ့်
အလုပ်ကိစ္စမို့ ဒီတစ်ခါတော့ မောင့်ကို နားလည်ပေးပါနော်။ ပြီးတော့ မောင် ခရီး ထွက်ရမယ့် ရက်ကလည်း (၁)ပတ် တည်းလေးကွာ။ နော်…နော်…နော်”
စည်သူမှ ခင်မြမွန်နားသို့ ကြောင်ကလေးသဖွယ် ကပ်ချွဲကာ တောင်းဆိုနေလေတော့သည်။
“မောင်…ခင်မြမှာ ကိုယ်ဝန်ကြီး နဲ့ ဆိုတာရော သတိရသေးရဲ့လား။” ဝမ်းနည်း မျက်ရည် ကျကာ ခင်မြမွန်မှ စည်သူကို ပြောလိုက်သည်။
“ခင်မြကလည်းကွာ သိတာပေါ့။ သိလို့ပဲ ဒီခရီးကို မောင် သွားမှာလေကွာ။ မောင့်အတွက် ဒီကမ္ဘာမှာ အရေးကြီးဆုံးက ခင်မြ နဲ့ ဗိုက်ထဲက သားလေးပဲ။ အခုထွက်ရမယ့် ခရီးကလည်း
မောင် ရာထူးတိုးရမယ့် ခရီးမို့လို့ပါ။ မောင် ရာထူးတိုးရင် ဟောဒီက မောင့် ချစ်ဇနီးလေး နဲ့ သားသားလေးကို ပြည့်ပြည့်စုံစုံ ထားနိုင်မှာလေ။ ပြီးတော့ ခင်မြ မီးဖွားဖို့ကလည်း (၂) လလောက်
လိုသေးတယ်လေကွာ။ ဂျာကြီးကပြောတယ်။ ဒီခရီးက ပြန်လာရင် ဘယ်ခရီးမှ မလွှတ်တော့ဘဲ ခင်မြ မီးဖွားပြီးတဲ့ အထိ နေပြီးမှ အလုပ်ပြန်လာဆင်းလို့ ပြောတယ်။” ခင်မြမွန် ပါးပြင်ပေါ်မှ
ကျလာသော မျက်ရည်စများကို အသာအယာသုတ်ပေးရင်း နှစ်သိမ့်စကားဆိုလိုက်လေသည်။
“ကောင်းပြီလေ။ ခင်မြ အနားမှာ မောင့်ကို ရှိနေစေချင်ပေမယ့်လည်း မောင်က စိတ်အားထက်သန်နေတာဆိုတော့ ခင်မြ ခွင့်ပြုပေးလိုက်ပါ့မယ်။ (၁)ပတ်ပဲနော်။ (၁)ပတ်ထက် ပိုမကြာဘူးလို့ ခင်မြကို ကတိပေး။”
“ဟုတ်ပါပြီဗျာ။ ကတိပေးပါတယ်။ ဟောဒီက မောင့်ဇနီးလေးစကားကို မြေဝယ်မကျ နားထောင်ပါ့မယ် ခင်ဗျာ။”
“ဟွန်. အပိုတွေ”
“မပိုပါဘူးဗျာ။ မှန်တာကိုပဲ ပြောတာပါဗျ။ ကဲ မောင်ခရီးသွားဖို့ ပြင်လိုက်ဦးမယ်နော်”ခေါင်းလေးကို အသာအယာပုတ်ပြီး ဇနီးဖြစ်သူ ခင်မြမွန်ထံမှ စည်သူ ထ သွားလေသည်။
ခရီးထွက်မည့် နံနက်ခင်းသို့ ရောက်သောအခါ “ခင်မြ…မောင် မရှိတဲ့အချိန် ခင်မြအဖော်ရအောင်
အန်တီနွဲ့ကို ဒီလာနေဖို့ မောင်ပြောထားတယ်။ ခဏနေရင် အန်တီနွဲ့လာလိမ့်မယ်နော်။ ဘာမှ အားမငယ်နဲ့နော် ခင်မြအနားမှာ မောင်မရှိလည်း မောင့်ကိုယ်ပွား သားသားလေးရှိတယ်။ သားရေ သားရဲ့ မေမေကို ဖေဖေ့ကိုယ်စား စောင့်ရှောက်ပေးနော်။” ခင်မြမွန် ဗိုက်ကလေးနား ကပ်ပြီး ပြောလိုက်ခြင်းဖြစ်ပါသည်။
“ဟုတ်ပါပြီ စည်သူရယ်။ ခရီးသွားမှာသာ စိတ်ဖြောင့်ဖြောင့်နဲ့သွားပါ။” ခြံထဲသို့ ဝင်လာသော အန်တီနွဲ့မှ စည်သူအား ပြောလိုက်လေသည်။
“ကဲ မောင် အန်တီနွဲ့လည်း လာပြီဆိုတော့။ သွားတော့နော်။ ကျန်းမာရေး ဂရုစိုက်နော်။ ဘုရားတရားလည်း မမေ့နဲ့နော်။”
“ဟုတ်ကဲ့ပါခင်ဗျာ။ ဒါဆို မောင် သွားပြီနော်။” စည်သူမှ လက်ပြ နှုတ်ဆက်ရင်း ထွက်ခွာသွားလေသည်။
ညနေစောင်းသို့ ရောက်သော်အခါ…….
“ဟဲ့ သမီးခင်မြ။ ဘာဖြစ်လို့ ညနေစောင်းမှ ခြံပြင်ထွက် လမ်းလျှောက်နေတာလဲ။”
စိုးရိမ်သံဖြင့် ပြောလိုက်သော အန်တီနွဲ့စကားသံကြောင့် ခင်မြမွန်တစ်ယောက် အနည်းငယ်လန့်သွားခဲ့သည်။
“ဟုတ်ကဲ့ အန်တီနွဲ့ စိတ်ထဲသိပ်နေလို့ မကောင်းတာနဲ့ ခြံပြင်ခဏထွက်ပြီး လမ်းလျှောက်မိသွားတာ။”
ဟုဆိုကာ ခင်မြမွန်တစ်ယောက် အိမ်ထဲသို့ ပြန်ဝင်လာလေသည်။
ညရောက်သော်…….
“အူ…အူ…အူ…” ရုတ်တရက် ရပ်ကွက်ထဲက ခွေများ ဆူညံသံကြောင့် ခင်မြမွန်တစ်ယောက် လန့်နိုးသွားခဲ့သည်။
“ခင်မြရေ…ခင်မြရေ…ခင်မြရေ” “မောင့်ကို တံခါးလေးလာဖွင့်ပေးပါဦးကွ”
ဆိုင်းမဆင့် ဗုံမဆင့် စည်သူစကားသံကြောင့် ခင်မြမွန်တစ်ယောက် ဝမ်းသာမိသွားသည်။
“ဟယ် မောင်ပြန်လာတာလားမသိဘူး။ ထွက်ကြည့်ဦးမှပဲ” ဆိုပြီး ဘေးနားက အန်တီနွဲ့ကို နိုးမယ်ပြင်လိုက်သည်။ တစ်နေကုန် အိမ်အလုပ်တွေ လုပ်ထားတဲ့ အရှိန်ကြောင့် ပင်ပန်းပြီး
အန်တီနွဲ့တစ်ယောက် အိပ်မောကျနေလေသည်။
“တော်ပါပြီ။ အန်တီနွဲ့လည်း ပင်ပန်းပြီး အိပ်မောကျနေတာဆိုတော့ မနိုးတော့ပါဘူး။” ဆိုကာ ခင်မြမွန်တစ်ယောက် အိမ်ရှေ့ဝရန်တာသို့ ထွက်ကြည့်လိုက်သည်။ ခြံစည်းရိုး အပြင်ဘက်တွင် ခွေးများထိုးဟောင်နေသော စည်သူကို မြင်လိုက်သဖြင့် တံခါးဖွင့်ပေးရန် ခြံထဲသို့ မဆိုင်းမတွ ဆင်းလိုက်လေသည်။
“ဟယ် မောင်ပြန်လာပြီလား။ ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ပြန်လာတာလဲ။ မနက်ကမှ ခရီးထွက်သွားတာ မဟုတ်ဘူးလား။” ဟု ပါးစပ်မှ မေးခွန်းများစွာ မေးမြန်းရင်း သော့ဖွင့်ပေးလိုက်လေသည်။ သော့ဖွင့်ပြီးလို့ ခင်မြမွန် မော့ကြည့်လိုက်သောအခါ တစ်စုံတစ်ရာခွန်းတုံ့ပြန်မှုမရှိဘဲ ဗိုက်အား ခင်ပွန်းဖြစ်သူ စည်သူ စိုက်ကြည့်နေသည်ကို သတိထားမိသည်။
“မောင် ဘာလုပ်နေတာလဲ အထဲဝင်လေ” ဆိုသော စကားသံကြားမှ စည်သူ အိမ်ထဲသို့ ဝင်လာလေသည်။
“ခင်မြ အိမ်မှာ ဘယ်သူရှိလဲ။” စည်သူ့မေးခွန်းကြောင့် ခင်မြမွန်တစ်ယောက် ရုတ်တရက် ကြောင်သွားသည်။ တစ်ခါမှ အိမ်ထဲကို မရောက်ဖူးသည့်ပုံစံဖြင့် စည်သူတစ်ယောက် လေ့လာအကဲခတ်ကြည့်နေသည်ကို ခင်မြမွန်တစ်ယောက် သတိထားမိလာကာ အကြောင်းအရင်းမရှိ ကျောထဲသို့ စိမ့်ချမ်းလာသည်။ အခြေအနေကို ရိပ်စားမိဟန်ရှိတဲ့ စည်သူက “ခင်မြ မောင်ဗိုက်ဆာတယ်။”
“မောင် ဗိုက်ဆာနေတာလား။ ခင်မြ ထမင်းပွဲပြင်ပေးမယ်နော်။ ဒါ နဲ့ မောင့် အသံက တစ်မျိုးပဲနော်။ မောင် ဘာဖြစ်လာတာလဲ။” ခင်မြမွန် အမေးကြောင့် စည်သူ ဒေါသထွက်သွားဟန်ဖြင့် စိုက်ကြည့်နေသည်။
ရုတ်တရက် ခင်မြမွန် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထလာကာ ချွေးများ တဒီးဒီး ကျလာသည်။
ခင်မြမွန် နဲ့ စည်သူ စကားသံကြောင့် အန်တီနွဲ့နိုးလာပြီး ဘေးနားမှာ ခင်မြမွန်မရှိတော့တာကြောင့် အိမ်ရှေ့ဝရန်တာသို့ ထွက်ကြည့်လိုက်သည်။
“ဟယ် စည်သူ ဘယ်လိုဖြစ်လို့ ညကြီးအချိန်မတော် ပြန်လာတာလဲ။” အန်တီနွဲ့ကို မြင်သည်နှင့် စည်သူတစ်ယောက် ပြန်မဖြေဘဲ ရုတ်တရက် ကျောပေးနေလိုက်သည်။ အန်တီနွဲ့တစ်ယောက်
တူဖြစ်သူ စည်သူရဲ့ အသွင်အပြင်ကို အကဲခတ်လိုက်ပြီး မူမမှန်တော့သည်ကို သတိထားမိသွားသည်။
“စည်သူ အန်တီနွဲ့မေးနေတယ်လေ။ ဘာဖြစ်လို့ ညကြီးအချိန်မတော်ကျမှ ပြန်လာတာလဲ။ ခရီးထွက်တာကရော ဘယ်လိုဖြစ်ရတာလဲ။ နောက်ပြီး ဖိနပ်၊ ခရီးဆောင်အိတ်တွေကရော ဘယ်မှာလဲ။”
အန်တီနွဲ့၏ မေးခွန်းများကို ပြန်မဖြေဘဲ အကြောင်းအရင်းမရှိ စည်သူတစ်ယောက် ကြိတ်ဒေါသထွက်နေလေသည်။ အန်တီနွဲ့ပြောတော့မှ ခင်မြမွန်တစ်ယောက်လည်း ခင်ပွန်းဖြစ်သူ၏ အခြေအနေကို သတိထားမိသည်။ ပတ်ဝန်းကျင်သို့ ကြည့်ရှုလိုက်တော့လည်း ခွေးများက မိမိတို့ အိမ်ထဲသို့ ထိုးဟောင်ကာ အူနေသည်ကို သတိထားမိသွားသည်။ ခင်မြမွန်လည်း အာခေါင်များ ခြောက်သွေ့ကာ တုန်လှုပ်ချောက်ချားလာသည်။
“ကဲပါ စည်သူလည်း ပင်ပန်းလာတာဆိုတော့ အန်တီနွဲ့ဆက်မမေးတော့ဘူး။
သမီး ခင်မြ ဒီမှာ ခဏစောင့်နေပေးနော်။ စည်သူအတွက် အန်တီနွဲ့ပဲ ထမင်းပြင်ပေးလိုက်မယ်။”
ဟုဆိုကာ အခြေအနေကို အရိပ်အမြွက်ပြကာ ခင်မြမွန်အား သတိထားနေရန် အန်တီနွဲ့ အချက်ပြလိုက်သည်။ အန်တီနွဲ့ထွက်သွားသည်နှင့်တစ်ပြိုင်နက် စည်သူတစ်ယောက် ခေါင်းငိုက်စိုက်ကာ
ဒေါသများထွက်၍ “ဟင်း…ဟင်း…ဟင်း” ညည်းတွားနေလေသည်။
ခင်မြမွန်လည်း အရဲစွန့်ကာ “မောင်” ဟုခေါ်ကာ ပခုံးကို ဆွဲ၍ လှည့်လိုက်သည်။
“အမယ်လေး……” ခင်မြမွန်တစ်ယောက် လန့်သွားပြီး နောက်သို့ လက်ထောက်လျက် လဲသွားသည်။ အကြောင်းမှာ ခင်ပွန်းဖြစ်သူ စည်သူရုပ်အသွင်မှ လွန်ခဲ့သော (၁) နှစ်လောက်က ကားကြိတ်ခံပြီး ဆုံးသွားသော ရပ်ကွက်ထဲက နောင်ရိုးရုပ်အသွင်သို့ ပြောင်းသွားခြင်းကြောင့်ဖြစ်သည်။
“ငါ ဗိုက်ဆာတယ်။ နင့်ကလေးကို ငါ့ကို ပေး။ ပေးစမ်း” ဟု ဆိုကာ တစ္ဆေနောင်ရိုးမှ တောင်းလေသည်။ ချွန်ထက်နေသော အစွယ် နဲ့ လက်သည်းများက ခင်မြမွန် လွယ်ထားသော သန္ဓေသားကို အမဲဖြတ်သည့်ဟန် ပြင်နေသည်။
ထိုအခိုက် “ငါ့တူမနားက ထွက်သွားစမ်း။ သရဲစုတ်” ဟု အန်တီနွဲ့မှ ဆိုလိုက်ပြီး ဘုရားစင်ပေါ်မှ အသင့်ဆောင်ယူလာသော ပရိတ်ရေဖြင့် လှမ်းပတ်လိုက်လေသည်။
“အား…အား…အား” “ပူတယ်…ပူတယ်…ပူတယ်”
ဘဘုန်းကြီးထံမှ စွန့်ထားသော အသင့်ပါလာတဲ့ အဆောင်ဆွဲကြိုးအား တစ္ဆေနောင်ရိုးပေါ်သို့စွပ်လိုက်သည်။
“အား…အား…အား” “ပူတယ်…ပူတယ်…ပူတယ်” ဆိုသော အသံနဲ့အတူ တစ္ဆေနောင်ရိုးတစ်ယောက်
ပျောက်ကွယ်သွားတော့သည်။ အန်တီနွဲ့လည်း ခင်မြမွန်နားသို့ ပြေးလာပြီး ပရိတ်ရေတိုက်ကာ အဆောင်ဆွဲကြိုး ဆွဲပေးလိုက်လေသည်။
မနက်သို့ရောက်သော်…….
“သမီးခင်မြ အဆင်ပြေရဲ့လား။” အန်တီနွဲ့မှ ခင်မြမွန်အား မေးလိုက်ခြင်းဖြစ်ပါသည်။
“ဟုတ် အန်တီနွဲ့ သမီးအဆင်ပြေပါတယ်။ သမီးတစ်ခုလောက် မေးလို့ရမလား။”
“ပြောလေ သမီး။ သမီး ကြောက်နေသေးလား။”
“မနေ့ညက အဖြစ်အပျက်ကိုတော့ သမီးခေါင်းထဲက ခုထိ ထုတ်လို့တော့ မရသေးဘူး။ ခုထိ ထိတ်လန့်နေသေးတာတော့ အမှန်ပဲ အန်တီနွဲ့။ ဘယ်လိုဖြစ်လို့ သူက…….” ခင်မြမွန်
တုန်လှုပ်နေသဖြင့် စကားဆက်ပြော၍ မရတော့သည်ကို အန်တီနွဲ့ ရိပ်စားမိလိုက်သည်။
“မနေ့က ညနေစောင်းမှ အဆောင်ဆွဲကြိုးမဝတ်ဘဲ ခြံပြင်ထွက်မိတာကို သမီးမှတ်မိတယ်နော်။ အန်တီနွဲ့တို့ ပတ်ဝန်းကျင်မှာ မမြင်နိုင်တဲ့ အရာတွေ အများကြီးရှိတယ်။ ကိုယ်ဝန်ဆောင်ချိန်ဆိုရင် ပိုပြီးတောင် သတိထားရဦးမှာ။ ဘာဖြစ်လို့လဲ ဆိုတော့ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်ဟာ အန္တရာယ်တွေ အလွယ်တကူကြုံတတ်တဲ့ ကံနိမ့်ချိန် (သို့မဟုတ်) သွေးသားနုနယ်ချိန် ဖြစ်လို့ပဲ။ မနေ့ညက တစ်ယောက်က အန်တီတို့ ခြံ နဲ့ သိပ်မဝေးတဲ့ ကားလမ်းမှာပဲ အက်စီးဒန့်ဖြစ်ပြီး ဆုံးသွား
တယ်ဆိုတာ သမီးလည်း သိပါတယ်။ နောက်ပြီး ညက သမီးကိုယ်တိုင်ပဲ သား စည်သူထင်ပြီး ခြံထဲဝင်ဖို့ ပြောခဲ့တာဆိုတော့ သူ့အတွက် ပိုလွယ်ကူသွားတာပေါ့။”
အန်တီနွဲ့ စကားအဆုံးမှာတော့ ခင်မြမွန်တစ်ယောက် အခြေအနေတွေအားလုံးကို နားလည်သဘောပေါက်ကာ သတိထား ဆင်ခြင်မိတော့သည်။
ပြီးပါပြီ