“ကျားသတ်သမား”(စ-ဆုံး)
——————————————
အချိန်မှာ သက်ငယ်ခေါင်းချချိန်ဟု ပြောကြ ည့် ရှစ်နာရီကျော်၊ ကိုးနာရီခန့်သာ ရှိသေးသည်။ လူကြီးများမှာ တစ်ဦးတစ်ယောက်မျှ မအိပ်ကြသေး။
ထို့ကြောင့်လည်း ဘန့်ဘွေးကုန်းတစ်ရွာလုံး အုတ်အော်သောင်းတင်း ဖြစ်သွားချိန်မှာ လူကြီးတွေက ဓားဆွဲ၊ လှံဆွဲ၊ မီးတုတ် ဆွဲပြီး အိမ်ပေါ် က ပြေးဆင်းကြသည်။
တစ်ရွာလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသဖြင့် ရွာကို အုပ်ချုပ်ရသော ရွာလူကြီးမှာလည်း ဘာမှန်းမသိသေးဘဲနှင့် အိမ်ရှေ့တွင်ဆွဲထားသော ကြေးမောင်းကြီးကိုသာ မနားတမ်း တဒူဒူ ထုရိုက်နေလေသည်။
လူကြီးတွေ အော်ဟစ်မေးမြန်းကြသံ၊ ကလေးငိုသံ၊ ခွေးဟောင်သံ၊ နွားမြည်သံ၊ သံပုံးတီးသံ၊ ဝါးလုံးခေါက်သံတို့နှင့် တစ်ရွာလုံး ကြွက်ကြွက်ညံ့သွားသည်။
ထိုအသံဗလံများ ကြဲပါးသွားချိန်တွင် တစ်ဦးနှင့် တစ်ဦး မေးသံ၊ ခေါ်သံ၊ ထူးသံ၊ ပြောကြဆိုကြသံများနှင့် ဆူညံ့လာပြန်၏။
“ဘာတဲ့လဲတော့၊ ဘာဖြစ်တာလဲ”
အိမ်ပေါ်က မဆင်းရဲသော မိန်းမကြီး တစ်ယောက်သည် သူ့အိမ်ရှေ့က လှံထမ်းပြီး ဖြတ်သွားသော မီးတုတ်နှင့် လူကြီးတစ်ယောက်ကို လှမ်းမေး၏။
“မပြောတတ်သေးဘူးဗျို့၊ ရွာဖျားပိုင်းကို သွားမေးမလို့ ထွက်လာတာ။ တစ်ခုခုတော့ တစ်ခုခုပဲ။ သွားလိုက်ဦးမယ်””
အလျင်စလိုပြောပြီး ရွာသားကြီး ရွာဖျားပိုင်း ထွက်သွားသည်။ ထိုအချိန်မှာ စောစောက ကြေး မောင်းကြီးကို တူဒူဒူ ထုနေခဲ့သော ရွာသူကြီး သည်လည်း ရွာဖျားပိုင်းရှိ လူစုလူဝေးများရှိရာသို့ ရောက်နှင့်နေလေပြီ။
အကြောင်းမှာ ရွာထဲကို ဓားပြတွေဝင်ခြင်း မဟုတ်။ ရွာဖျားရှိ ဦးလူမောင်၏ နွားခြံထဲမှ နှစ် နှစ်သား နွားငယ်တစ်ကောင်ကို ကျားဝင်ဆွဲသွားခြင်းပင် ဖြစ်သည်။
ထို့ကြောင့် ဓားတွေ၊ လှံတွေ၊ မီးတုတ်တွေနှင့် ကျားနောက်လိုက်သူတွေက လိုက်ကြသည်။ သို့သော် ရိုးမတောင်ခြေနားရှိ သူတို့ရွာမှာ တောတောင်ထူထပ်သဖြင့် ကျားကိုလည်းကောင်း၊ ရွာဖျားရှိ ဦးလူမောင်၏ ခြံထဲမှ ဆွဲသွားသော နွားငယ်ကိုလည်းကောင်း လုံးဝ မတွေ့ခဲ့ကြပေ။
တစ်ယောက်တစ်ပေါက် စုပြောပြီး ညသန်းခေါင်ကျော် အချိန်လောက်မှာ လူခြေတိတ်သွားသည်။ တစ်ရွာလုံး အိပ်ကုန်ကြတော့သည်။
အမှန်က နွားကို ကျားကိုက်သွားခြင်းမှာ သူတို့ဆီ၌ အဆန်းတကြယ်ကိစ္စ မဟုတ်တော့။
ကျားရဲတတ်သော နတ်တော်၊ ပြာသိုလ ရောက်ပြီဆိုလျှင် ယခင်ကလည်း ဤသို့ပင်။ သုံးနှစ် တစ်ခါ၊ လေးနှစ် တစ်ခါ ဘန့်ဘွေးကုန်းရွာမှ နွားများမှာ ကျားဆွဲခံရဖူးသည်သာ။
သို့သော် ယခုကဲ့သို့ ရွာဖျားနွားခြံထဲတွင်တော့ မဟုတ်။ ရွာပြင်၌ နွားရုံ နွားတဲများ၌သာ ဖြစ်လေသည်။
ထို့ကြောင့်လည်း နွားကို ကျားကိုက်သွားမှန်း အားလုံး သိရှိသွားကြသောအခါ လူကြီးတွေမှာ တစ်ဦးတစ်ယောက်မှ ထိတ်လန့်တကြား မဖြစ်ကြတော့ဘဲ အားလုံး ကိုယ့်အိမ်ပေါ် ကိုယ် ပြန်တက်ပြီး အိပ်စက် အနားယူလိုက်ကြလေ၏ ။
သို့သော် နောက်နေ့ နောက်နေ့ တွေမှာလည်း ခြံထဲ၊တင်းကုပ်ထဲ၊ နွားရုံထဲရှိ နွားများကို တနေ့တစ်ကောင်ကျ ဝင်ဝင်ဆွဲလာသောအခါ ရွာသူရွာသားတွေမှာ စိုးရိမ်ကြီးစွာ ဖြစ်လာသည်။ ကျားဆွဲခံရသော နွားတွေမှာ ဦးလူမောင်၏ နွားငယ်လို နှစ်နှစ်သား၊ နှစ်ခါလည်အရွယ် မဟုတ်တော့ဘဲ လည်သားတက်ပြီး နွားသိုးကြီးများအထိ အတင့်ရဲလာသည်။
ထိုအခါ သူကြီးအိမ်ရှေ့တွင် လူစုပြီး ကျား ပြဿနာကို တိုင်ပင်ကြသည်။ ဤကျားဆိုးကို ရှင်းလင်း သုတ်သင်ပစ်ရန် ရွာမုဆိုးတွေနှင့် ညှိနှိုင်းကြသည်။
ခက်နေသည်မှာ ဤကျားဆိုးသည် နွားတွေကို တစ်နေ့ တစ်ကောင်ကျ ကိုက်နေသော်လည်း အသားကိုမစားဘဲ သွေးသောက်ရုံသာ သောက်သွားသော ကျားဖြစ်သဖြင့် မုဆိုးများက နွားသေနှင့် ကိုင်းထောင်ဖမ်း၍ မရဟု ဆိုသည်။
မုဆိုးများ ပြောသည်မှာလည်း အမှန်ပင် ဖြစ်သည်။
နွားသေနှင့် ထောင်ထားသော ကိုင်းထဲက နွားသေကိုလာမစားသော ကျားကို ကိုင်းထောင်ဖမ်း၍ မရနိုင်ပေ။ သေနတ်နှင့် စောင့်ပစ်ရန်ကလည်း သူတို့၏ ရွာသူကြီးမှာ တစ်ဆယ့်နှစ်ရွာပိုင် လူကြီးမဟုတ်သဖြင့် အင်္ဂလိပ်မင်းများက သေနတ် ထုတ်မပေးထား။ ဤကိစ္စအတွက် သူကြီးဖြစ်သူမှာလည်း မျက်နှာငယ်ရသည်။
လိုအခါ သူတို့နယ်တစ်ဝိုက်တွင် နာမည်ကြီးနေသော’ကျားသတ်ကောင်း ဦးဂေါ်လာကြီး’ ကို ငှားရန် တိုင်ပင်ကြရသည်။ ဤသည်မှာလည်း သူတို့နယ် တစ်ဝိုက်၌ ထုံးစံလိုဖြစ်နေ၏။
ရွာမုဆိုးများနှင့် ကျားရဲကို ကိုင်းထောင်ဖမ်းမရလျှင် ကျားသတ်ကောင်း ဦးဂေါ်လာကြီးကို စပါးတင်းသုံး ရာပေး၍ ငှားကြရသည်သာ။
ကျားသတ်ကောင်း ဦးဂေါ်လာကြီးမှာ ရိုးမပေါ်ရှိ ရွာတစ်ရွာတွင် နေသူဖြစ်သဖြင့် ရွာသားထဲမှ ခြေမြန် အမျိုးသားနှစ်ယောက်ကို အခေါ် လွှတ်ရသည်။
ဘန့်ဘွေးကုန်းရွာမှ အခေါ် လွှတ်လိုက်သူသည် ရိုးမထဲရှိ တောင်ပေါ်ရွာတွင် တစ်ညအိပ်ရသည်။ ထိုတစ်ညမှာပင် ဘန့်ဘွေးကုန်းရွာမှ နွားတစ်ကောင် ကျားဆွဲခံလိုက်ရပြန်သည်။
X X X X
ကျားသတ်ကောင်း ရွာကို ရောက်လာပြီ ဆိုသောအခါ သူကြီးနှင့် ရွာသူရွာသားတွေမှာ အားလုံး ဝမ်းသာသွားကြသည်။ ကျားသတ်ကောင်း သွားခေါ်သူများကလည်း ‘ကျားသတ်ကောင်း ရလာပြီ၊ ကျားသတ်ကောင်း ပါလာပြီ’ ဟု တစ်ရွာလုံးကို ဟစ်လာ၏။
ထို့ကြောင့် တစ်ရွာလုံးရှိ လူတွေမှာ ကျားသတ်ကောင်းကို အားလုံး ဝိုင်းကြည့်ကြသည်။ သူရဲကောင်းကြီး တစ်ယောက် ရောက်လာသလိုလည်း အားရှိ ဝမ်းသာသွားကြသည်။
ကျားသတ်ကောင်းကို သူကြီးအိမ်တွင် ထားသည်။ ညနေစာထမင်းကို ကြက်သတ်၍ အကျအန ကျွေးကြသည်။
ကျားသတ်ကောင်းဆိုသူ ဦးဂေါ်လာကြီးမှာ အသက် ငါးဆယ်နီးပါးခန့် ရှိသည်။ လူကြီးမှာ အရပ်နိမ့်သော်လည်း တုတ်တုတ်ခိုင်ခိုင်တော့ ရှိသည်။ သို့သော် ရွာသူရွာသားများ ထင်ထားကြသလို ဧရာမလူကြီး ဗလကြီးတော့ မဟုတ်။
သူတို့ ဘန့်ဘွေးကုန်းရွာ၌ပင် ကျားသတ်ကောင်းထက် ကိုယ်လုံးကိုယ်ထည် ကြီးမားတုတ်ခိုင်သူတွေ၊အရပ်မြင့်သူတွေ အများကြီးပင်။ ထို့ကြောင့်လည်း တစ်ချို့က ဝေဖန်ကြသည်။
“ဒီပုံမျိုးနဲ့ ကျားသတ်နိုင်တယ်ဆိုတာ ဟုတ်မှဟုတ်ရဲ့လား” ဟု။
တစ်ချို့ကလည်း သူတို့ရွာက သွားခေါ်သူတွေကို အပြစ်တင်ကြသည်။
“ဒီကောင်တွေ ရမ်းသမ်းခေါ်လာပြီ ထင်တယ်။ ကျားသတ်ကောင်း ဦးဂေါ်လာဆိုတာ အစစ်မှ ဟုတ်ရဲ့လား။ ဦးဂေါ်လာက သူ့တပည့် လက်သင်တစ်ယောက်ကိုများ ထည့်လိုက်လေသလား” ဟု။
ရွာသူရွာသားတွေ ထင်မည်ဆိုကလည်း ထင်စရာ။
လူပုံမှာ မလှုပ်တလှုပ်၊ အေးတိအေးစက်နှင့်။ ကွမ်းတံတွေးကလည်း တပြစ်ပြစ်နှင့်။ သည်ကြားထဲ ဆေးရွက်ကြီးက ငုံလိုက်သေး၏။ ပြီးတော့ ကျားသတ်ရန်လာသည်ဆိုသောသူဆီတွင် လွယ်အိတ်စုတ် တစ်လုံးကလွဲပြီး ဘာလက်နက်မှ ပါမလာ။
ထိုအခါ သူကြီးကပင် ကျားသတ်ကောင်း အပေါ် အထင်အမြင်သေးကာ သံသယဝင်လာသည်။
“ဦးဂေါ်လာကြီးဟာ ကျားသတ်တဲ့နေရာမှာ သိပ်နာမည်ကြီးတာပဲ။ တစ်နယ်လုံး ဟိုးတိုးကျော်နေပေမယ့် လူချင်းတစ်ခါမှ မကြုံဖူးတော့ ရွာသူ ရွာသားတွေက ဟုတ်မှ ဟုတ်ရဲ့လားတောင် မေးနေကြတယ်”
ဟု သူကြီးက စကားနာထိုးကြည့်၏။
ဦးဂေါလာကြီးက ပြုံးပြီး
“ ဟုတ်ပါတယ် … ကျုပ် ဂေါ်လာပါ။ ဒီညတင်ပဲ ခင်ဗျားတို့ရွာက ကိုက်တဲ့ကျား ကျုပ်သတ်မှာပါ။ ရွာကို အရောက်နောက်ကျသွားတာက ခင်ဗျားတို့ ရွာက လာခေါ်တဲ့လူတွေကို ကျားကိုက်ခံရတဲ့ နွားခြံတွေ၊ ကျားက မစားဘဲ နွားသေကို ဒီအတိုင်းပစ်ထားခဲ့တယ်ဆိုတဲ့ နေရာတွေကို လိုက်ပြခိုင်းနေရလို့ပါ။ ကျုပ် အကုန်ကြည့်ခဲ့ လေ့လာထားခဲ့ပါပြီ။ အားလုံး အဆင်ချောပါတယ်၊ ဒီည ကျုပ် ကျားသတ် ထွက်မှာပါ”
ဟု ဆိုသည်။
“ဘယ်လိုမှတော့ မအောက်မေ့ပါနဲ့ ကျားသတ်ကောင်း ခင်ဗျား။ ကျားသတ်မယ်သာပြောတာ၊ ခင်ဗျား လက်ထဲမှာလဲ ဘာလက်နက်မှ မပါတော့”
ဟူသော သူကြီးမင်း၏ စကားမဆုံးမခင်ပင် ကျားသတ်ကောင်းက သူ့လွယ်အိတ်စုတ်ကို ပုတ်ပြပြီး
“ဒီအိတ်ထဲမှာ ပါပါတယ်”
ဟု ပြော၏။
လွယ်အိတ်ထဲ ပါပါတယ်ဟု ဆိုသော်လည်း သူကြီးနှင့်တကွ ရွာသားတွေမှာ အားမလို အားမရ ဖြစ်နေကြသည်။
“ပါတယ်သာပြောတာ၊ ကျုပ်တို့ မြင်တာတော့ သူ့ကွမ်းဘူးရယ်၊ ဆေးရွက်ကြီးတွေရယ်ပဲ မြင်တာပဲ”
ဟု တီးတိုးတီးတိုး ပြောနေကြပြန်သည်။
ညနေစာ ထမင်းစားသောက်ပြီးသည်နှင့် ကျားသတ်ကောင်းသည် သူ့လွယ်အိတ်ထဲက ရေနံဆီ ထည့်လာသော ပုလင်းငယ်တစ်လုံးကို ထုတ်သည်။ ပြီးတော့ ကြိုးစတစ်ဖက်တွင် ရေနံဆွတ်ထားသော အဝတ်စုတ်တွေကို ပတ်နေ၏။
အနားမှာထိုင်ကြည့်နေသူတွေက မယုံသင်္ကာ စိတ်နှင့်
“ကျားကို အဲဒါနဲ့ သတ်မှာလား”
ဟု မေးကြ၏။
“မဟုတ်ပါဘူးဗျာ၊ ဒါက ကျားခေါ်တဲ့ ပစ္စည်းပါ။ ကျားသတ်မှာက ဒါလေ”
ဟု ပြောပြီး သူ့လွယ်အိတ်စုတ်ထဲက စရွေးကိုက် လုပ်ထားသော တစ်ထွာနီးပါးခန့်ရှိ ရှားသားတုတ်နှစ် ချောင်းမှာ နှစ်ဖက်စလုံး မြည့်နေအောင်ချွန်ထား သော အချွန်လေးဘက်နှင့်ဖြစ်သည်။
အလယ်က မူလီစုပ်ထားသော ရှားသားတုတ်တို နှစ်ချောင်းကို ဖြန့်လိုက်သောအခါ လေးဘက် လေးစွယ် ဖြစ်သွားသည်။ ထိုရှားသား လေးဘက် လေးစွယ်ကို ညာလက်ချောင်းများကြားထဲ ထည့်ပြီး ကျားသတ်ကောင်းက လှည့်ကစားကြည့်၏။ ပြီး သူ့ထုံးစံ အတိုင်း ပြုံးပြီး
“ကျားကို ကျုပ်က ဒါနဲ့သတ်မှာ” ဟု ဆိုသည်။
ယခုထိ လူတွေက မယုံရဲကြသေး။
“ရှားသား တုတ်တိုလေး အချွန်လေးဘက်နဲ့များ ကျားရဲကြီးကို ဘယ်လိုလုပ် သတ်နိုင်မလဲ”
ဟု တီးတိုး ပြောကြတုန်း။
သို့သော် ကျားသတ်ကောင်း ဦးဂေါ်လာကြီးကား လူတွေ တီးတိုး တီးတိုး သဖန်းပိုး လုပ်နေကြသည်ကို လုံးဝ ဂရုမစိုက်။ သူ့ လက်ထဲတွင် လေးဘက်အစွယ်နှင့် ရှားသားတုတ်တိုလေးကိုသာ လက်ထဲ ထည့်လိုက်၊ လှည့်လိုက်၊ ပြန်ကိုင်လိုက် လုပ်နေလေသည်။
X X X X
ကျားသတ်ကောင်း ဦးဂေါ်လာသည် ည ခုနှစ်နာရီကျော်လောက်မှာ ရွာက ထွက်လာသည်။ ရွာမုဆိုး နှစ်ယောက်နှင့် ကြည့်ချင် မြင်ချင်သော လူများကိုလည်း ရွာပြင်ဘက် ခေါ်ထုတ်လာ၏။
ရွာကြားနှင့် ရိုးမကြားရှိ လယ်ကွင်းနားတစ်ခု ရောက်သောအခါ ရွာမုဆိုးနှစ်ယောက်နှင့် ရွာသားကြီး လေး ငါးယောက်ကို နီးရာ သစ်ပင်ပေါ် တက်ပြီး ကြည့်နေကြတော့ဟု ပြောလိုက်သည်။
သူကမူ ဘယ်ဘက်တွင် ကိုင်လာသော ကြိုးစမှ ရေနံဆွတ်ထားသော အဝတ်စကို မီးညှိလိုက်ပြီး စက်ဝိုင်းပမာဖြစ်အောင် လှည့်ကစားနေသည်။
ညာဘက်ကမူ အချွန်လေးဘက်နှင့် အလယ်က စရွေးကိုက် မူလီစုပ်ထားသော ရှားသားတုတ်တိုလေးကို မြဲမြဲကိုင်ကာ နပန်းသမားတစ်ယောက်ပမာ ဟန်ပါပါ လှည့်ပတ်နေသည်။
မကြာခင်ပင် ကျားဟိန်းသံကြီးတစ်ခု ပေါ် လာ၏။ သစ်ပင်ပေါ်က တက်ကြည့်နေကြသော ရွာမုဆိုး နှစ်ယောက်နှင့် ရွာသားသုံးယောက်မှာ ကျားသတ်သမားကြီး ဦးဂေါ်လာကို မျက်တောင်မခတ် စိုက်ကြည်နေကြသည်။
ကျားကြီးသည် ဦးဂေါ်လာအနား ချက်ချင်း ရောက်လာ၏။ ဦးဂေါ်လာ၏ ဘယ်ဘက်ရှိ မီးကွင်းက ပိုပြီး လည်ပတ်လာသည်။ ထိုမီးကွင်းအရောင်နှင့်ပင် ကျားကြီးက ဦးဂေါလာအား လှည့်ပတ် ချောင်းနေသည်ကို သစ်ပင်ပေါ်က ကြည့်နေသော ရွာမုဆိုး နှစ်ယောက်နှင့် ရွာသား သုံးလေးယောက်က မြင်နေကြရသည်။
ကျားကြီးနှင့် ဦးဂေါ်လာတို့မှာ တစ်ဦးနှင့် တစ်ဦး လှည့်ပတ်အကွက်ရှာနေကြသည်။ ကွမ်းတစ်ယာညက်ခန့် အကြာတွင် ကျားကြီးသည် မုဆိုးထိုင် ထိုင်ကာ မီးကွင်းလှည့်ကစားပြနေသော ဦးဂေါ်လာကြီးကို “ဝေါင်း” ခနဲအော်ပြီး ခုန်အုပ်လိုက်သည်။
ကျားသတ်သမား ဦးဂေါ်လာကြီးသည် ခုန်အုပ်လိုက်သော ကျားကြီး၏ ပါးစပ်ထဲကို သူ၏ ညာလက်တွင် ကိုင်ထားသော လေးဘက်ချွန် ရှားသား တုတ်ကို ပါးစပ်ထဲ တစ်အား ထိုးထည့်လိုက်လေ၏။
ကျားကြီးမှာ ဝေါင်း ဟုပင် နောက်ထပ် မအော်နိုင်တော့ဘဲ ‘ဝရူး .. ဝရူး .. ရူး .. ဟူး’ ဟူသော ဝမ်းခေါင်းကြီးနှင့်အတူ ဗလုံးဗထွေးအော်ကာ ထွက်ပြေးသွားလေသည်။
ကျားသက်ကောင်း ဦးဂေါ်လာကြီးသည် ထိုအခါမှ ရွာမုဆိုး နှစ်ယောက်နှင့် ရွာသားတွေကို သစ်ပင်ပေါ်က ဆင်းခိုင်းသည်။
“ကျားဆိုးကြီးတော့ ပါးစပ်ထဲ ရှားသား စူးသွားပြီ။ ဘာကောင်ကိုမှ မကိုက်နိုင်တော့ဘူး။ ခုလောက်ဆို ပါးတွေ အခေါင်တွေတောင် ပေါက်ကုန်ပြီးနေမှာ။ အဲဒီတော့ ရွာမုဆိုးကြီး နှစ်ယောက် တာဝန်ယူပြီး မနက်ဖြန်ခါ ကျားသေကို ဆက်ရှာကြတော့။ ကျုပ်တော့ မနက်ဖြန်မနက်ပဲ ကိစ္စရှိသေးလို့ တောင်ပေါ်ပြန်ပါရစေ”
ဟု ပြောလိုက်၏။
မနက် မိုးလင်းသည်နှင့်တစ်ပြိုင်နက် ကျားသတ်သမားဦးဂေါ်လာသည် မနက်စာပင် မစားဘဲ တကယ်ပင် တောင် ပေါ်ပြန်တက်သွားလေ၏။
ရွာမုဆိုးနှစ်ယောက် ဦးဆောင်ကာ ဦးဂေါ်လာ သတ်ထားခဲ့သော ကျားသေကို ခွေးတွေနှင့် ဝိုင်းရှာကြသည်။
လျှိုတစ်ခုတွင် ကျားကြီးကိုတွေ့ရ၏။ ကျားကြီးကမူ မသေသေး။ သို့သော် ကျားသတ်သမား ဦးဂေါ်လာ ပြောထားခဲ့သလို ကျားကြီးမှာ ပါးစပ်ကို ဘယ်လိုမှ စေ့မရတော့။ ရှားသားတုတ် အချွန်လေးဘက်ကအာခေါင်နှင့် ပါးကိုစူးကာ ဝရူး ဝရူး နှင့် အော်ညည်းနေသည်။
ပါးနှစ်ဖက်ကို ဖောက်ထွက် စူးဝင်နေသော ရှားသားဆူးတစ်ဖက် တစ်ခုမှာ အပြင်သို့ နှစ်လက်မလောက်ပင် ထိုးထွက်နေသည်။
အပေါ် အာခေါင်နှင့် အောက်မေးကို ထောက်စူးဝင် နေသော ရှားသားဆူးနှစ်ဖက်ကြောင့် ကျားကြီးမှာ ရန်မူလာသူများကို ကိုက်ရန်မဆိုထားနှင့် ပါးစပ်ကိုပင် ပြန်စေ့မရ ဖြစ်နေလေသည်။
ထို့ကြောင့် ရွာမုဆိုးကြီးနှစ်ယောက်နှင့် ရွာသားကြီးတွေမှာ သူတို့ ကျွဲနွားများကို ကိုက်သတ်စားခဲ့သော ကျားဆိုးကြီးအား ကလဲ့စားချေကာ လှံတွေနှင့် ရဲရဲဝံ့ဝံ့ ဝိုင်းထိုးသတ်ပစ်လိုက်ကြလေသည်။
စပယ်ဦးမြန်မာဝတ္ထုတိုမဂ္ဂဇင်း
အမှတ် ၆၂၊ မတ်လ၊ ၁၉၉၀
– ပြီး –
စာရေးသူ – ဖိုးကျော့
စာစီစာရိုက် – မုဆိုး တံငါ စာပေများ