ကျိန်စာ(စ/ဆုံး)
——————-
ရှမ်းပြည်နယ် ရှိ ဒေသ တစ်ခု၌ ဖြစ်ပျက်ခဲ့သော ဇာတ်လမ်းအား အခြေခံ၍ ရေးသားထားခြင်းဖြစ်ပါသည်။
မြူနှင်းများ အုံ့ဆိုင်းနေသော နယ်မြို့လေး၏ ဆောင်းမနက်ခင်းသည် အေးချမ်းလွန်းလှပေသည်။
” မြယာ… အားတင်းထားပါ… ခဏနေ ကိုမောင်ရဲ့ ကားရောက်တော့မယ်… ” ဟူ၍ အားပေးစကားလေး ကို ဆိုရင် ကိုစိုးမိန်းမ ဖြစ်သူအား စိုးရိမ်ကြီးစွာ ကြည့်နေမိသည်။
” အား..ကျွတ်ကျွတ်… အမလေး… နာလိုက်တာ ကိုစိုးရယ်… ကျွန်မ မွေးချင်လှပြီ… အမလေးလေး…. နာလိုက်တာ ” ဟု ဆိုရင်း မြယာ ခါးအားလက်နှင့်ပွတ်နေရင်း ညဥ်းတွားနေလေသည်။
ကျွီ… ဟူသော ကားဘရိတ်အုပ်သံနှင့်အတူ… “ကိုစိုးရေ… လာဟေ့… မြယာရေ အားတင်းထားပါ … ဟိုမှာယူရမယ့်ပစ္စည်းတွေလား… ခဏပဲ မောင်းရမှာ… ငါအမြန်မောင်းပေးမယ်… အေး… ကားပေါ်ဖြေးဖြေးတက် မြယာရေ …”ဟူသော စကားအဆုံး ကိုမောင်၏ ကားလေးသည် ဆေးရုံဘက်သို့ ဦးတည်ကာ အသော့မောင်းနှင်လေတော့သည်။
ဆေးရုံသို့ ရောက်ပြီး မကြာမီ ” အူဝဲ အူဝဲ…” ဟူသော အသံ ကြားလိုက်ရပြီး မွေးခန်းထဲမှ အပြာဝတ် နာစ့် တစ်ဦးထွက်လာကာ” ကိုစိုးရှိလား ကိုစိုး ” ဟု မေးလေရာ ” ရှိပါတယ် ဆရာမ ကျတော်ပါ ” ဟု အလျှင်စလို ပြောရင်း သာဖွားခန်းအပေါက်ဆီ သို့ ကိုစိုး ရောက်ရှိလာလေသည်။
ကလေးရော လူကြီးပါ နေကောင်းတယ်…ခဏနေရှင့်မိန်းမ မွေးခန်းထဲ က ထွက်ရမယ် အိပ်ယာ တွေ.. စောင်တွေ အသင့်ပြင်ထား… မိန်းခလေး မွေးတယ်… ကလေး ကိုသန့်ရှင်းရေးလုပ်ပြီးရင် ခေါ်လို့ရပြီနော် ” ဟု မှာကြားကာ အခန်းထဲ ပြန်ဝင်သွားလေသည်။
မကြာမီ မြယာ၏ မိခင်ရောက်လာကာ ” မောင်စိုး ငါ့သမီးနေရောကောင်းရဲ့လား… ဘာလေးမွေးလဲ… ငါ့မြေးလေးကရော ခြေလက်အင်္ဂါ စုံရဲ့လား… ယောက်ျားလေး လား မိန်းခလေးလား… ” ဟု အဆက်မပြတ်မေးလာ တော့သည်။
“ကလေးရောလူကြီးပါနေကောင်းတယ် အမေ မိန်းခလေးမွေးတာတဲ့ “ဟု ဆိုကာ ကိုစိုး မွေးခန်းရှေ့၌ ငူငူငိုငိုင် ထိုင်နေလေသည်။တစ်ကယ်ဆို ကိုစိုး သားယောက်ျားလေးသာ လိုချင်မိသည်။သမီးမိန်းခလေး ကိုမလိုချင်… အထူးသဖြင့် ကိုစိုး…ဝဋ်..လည်မှာကြောက်လှသည်။
မကြာမီ မြယာ မွေးခန်းထဲမှ ထွက်လာတော့သည်။
အနှီးဖြူလေးနှင့် ထုတ်ထားသော ကလေးလေး ကို မြယာမိခင်က ပွေ့ချီရင်း ပြုံးပျော်နေလေသည်။
“အမလေး ငါ့မြေးလေးက လှလိုက်တာ သူ့အမေငယ်ငယ်က အတိုင်းပဲ ချစ်လိုက်တာမြေးလေးရယ် ဖွားဖွားအသည်းလေး မြေးလေး ” ဟု တတီတီ ရွတ်နေသော မြယာမိခင်ကို ကြည့်ရင်း ကိုစိုး သက်မအား မသိမသာ ချလိုက်မိသည်။
ဟဲ့ မောင်စိုး ရော့.. နင့်သမီးလေး ကို ကြည့်စမ်းပါဦး… ကလေးက မငိုရှာဘူးဟေ့ လိမ္မာလိုက်တာ… ဟုဆိုရင်း ကလေးအား မောင်စိုးထံ ကမ်းပေးရာ မောင်စိုးလဲ သူ၏ သမီးလေးကို ချီလိုက်လျှင် ” အူဝဲ… အူဝဲ… အူဝဲ ” ဟူ၍ အဆက်မပြတ် ငိုကြွေး လေတော့သည်။
“ပေး…ပေး…ငါ့ပဲပေးတော့… ကလေးက မင်းဆီ ရောက်တာနဲ့ တန်းငိုတော့တာပဲ..”. ဟု ရေရွတ်ရင်း မြယာမိခင်က သူ့မြေးအား ချက်ချင်း ပြန်ခေါ်လိုက်လေသည်။
မြယာမိခင် လက်ထဲ ရောက်သွားသည်နှင့် ကလေးက ချက်ချင်း အငိုတိတ်သွားလေသည်။
မြယာ ဆေးရုံ က ဆင်းပြီး အိမ်ပြန်ရောက် နေပြီ ဖြစ်သည်။
မြယာမိခင်က သူ့သမီး အား လိုက်ပါစောင့်ရှောက်နေသောကြောင့် ကိုစိုး အလုပ်အကိုင်မပျက်ပေ။
“ဟေ့ရောင် ငစိုး… မှိုင်လှချည်လား… ဘာဖြစ်လို့လဲ.. ဘာစိတ်ညစ်စရာ ရှိလို့လဲ ” ဟု ကိုစိုးသူငယ်ချင်း မောင်ဆန်းက မေးရာ…
“ဘာမှမဟုတ်ပါဘူးကွာ…. ငါက သားလေးလိုချင်တာ မင်းအသိဘဲ… ခုမြယာက သမီးလေး မွေးတယ် လေကွာ…. အဲ့ဒါ ငါစိတ်ထဲ မပျော်နိုင်ဘူး ဖြစ်နေတာ… သမီးက ငါ့ကိုတွေ့တာနဲ့ ငိုတော့တာပဲ… အနားကို ကပ်မရဘူး…. ငါစိတ်တွေ လေတယ်ကွာ..ပြီးတော့ ငါက အရင်ကမင်းသိတဲ့အတိုင်းပဲ..ပွေရှုပ်ခဲ့ဖူးတော့ ငါဝဋ်လည်မှာကြောက်တယ်ကွာ ” ဟု တွေးတွေးဆဆ ပြောလေသည်။
မောင်ဆန်းက “မင်းက ခုမှဝဋ်လည်မှာကြောက်နေသေးတယ်…ဘယ်တတ်နိုင်ပါ့ မလဲကွာ… မင်းသမီးကံကလဲ ရှိသေးတယ်လေ.. စိတ်ထဲမထားပါနဲ့ ဥပါဒ် ဒဏ်ကြောင့် ဥပါဒ် ဖြစ်တတ်ပါတယ်ကွာ ငစိုးရာ” ဟု ပြောရင်း သူ၏သူငယ်ချင်းအား ကြည့်ကာ စိတ်မသက်မသာ ဖြစ်ကာ သက်ပြင်းချလိုက်မိလေသည်။
ဟုတ်တော့လည်း ဟုတ်လေသည်။ငစိုးသည် အိမ်ထောင်မကျမီက အတော်လေး ရည်းစားများခဲ့လေသည်။
သူ့ကြောင့် မျက်ရည်ကျခဲ့ရသော မိန်းခလေးအတော်များလေသည်။
မောင်းစိုးသည် ရုပ်ရည်ရူပကာ အားဖြင့်တင့်တယ်ကာ ငွေကြေးပြည့်စုံသော တောသူဌေးသားပေမို့ မိန်းခလေးများကလည်း မောင်စိုးဆိုလျှင် မဆွတ်ခင်က ညွှတ်ချင်ကြသူတွေချည်းပင်။
မောင်စိုးက ရောက်လေရာ အရပ်၌ ရည်စားထည်လဲတွဲကာ ငွေကိုရေလိုသုံးနိုင်သည်မို့ မောင်ဆန်းတို့ ကာလသားတစ်သိုက်ပင် အားကျခဲ့ရလေသည်။
မြယာနှင့်တွေ့တော့မှ မောင်စိုး အတည်တကျလက်ထပ်ခဲ့သည်။
မြယာ ဟူသည်ကား ထိုနယ်မြို့လေး၌ အချောအလှ မို့နာမည်ကြီးသူလေး ဖြစ်သကဲ့ သို့ မိုးထိအောင်မာန ကြီးသူလေးဟု ဆိုရမည်ဖြစ်သည်။
အရပ်မြင့်မြင့် လုံးကြီးပေါက်လှသော မြယာကို အနီးအနား နယ်များမှ ကာလသားများ အပါအဝင် မြို့မှ အရာရှိ များ ပင် မြယာအား လာရောက်ပိုးပန်းကြလေသည်။
မောင်စိုးက မိန်းခလေး အတွေ့အကြုံ ရှိသူမို့ မြယာအချစ်ကို ရအောင်ယူနိုင်ခဲ့သည်မှာ သိပ်တော့မဆန်းချေ။
ဆန်းသည်က မောင်စိုး၏ သမီးလေးပင်။ အဖေကို အနားသို့ပင် အကပ်မခံပေ။
မြယာလဲ သမီးလေးအတွက် မကြံတတ်အောင်ပင် ဖြစ်နေသည်။
ယခုဆိုလျှင် မြယာ၏ သမီးလေးပင် စကားတီတီတာတာ ပြောတတ်သော အရွယ်သို့ပင် ရောက်နေပြီ။
သမီးလေး နာမည်က မြစိမ်း ဟု အမည်ပေးထားလေသည်။
သမီးလေး ကြီးလာလေ ဖခင်ဖြစ်သူ မောင်စိုးအပေါ် ပို၍ ခါးခါးသီးသီး ဖြစ်လာလေ ဖြစ်သည်။
မောင်စိုးရှိနေလျှင် အိမ်၌ပင်မနေပဲ မြယာ၏ မိခင်အိမ်သို့ ပို့ခိုင်းတတ်သော မြစိမ်းပင်ဖြစ်သည်။
မောင်စိုးလည်း သမီးက အကပ်မခံ သဖြင့် ဖာသိဖာသာသာ နေရင်း သားအဖနှစ်ယောက် က သူစိမ်းဆန်နေကြလေသည်။
မြယာက ထို အဖြစ်ကြောင့် ဝမ်းနည်းမဆုံး ပေ။
တစ်နေ့ မိုးများအုံမှိုင်းလျှက် ရှိသောမနက်ခင်းတစ်ခုတွင် ဖြစ်သည်။
မောင်စိုးက ကုန်များဝယ်ရန် မြို့သို့ သွားသည်မို့ အိမ်၌ မရှိချေ။
မြစိမ်းလေးက မိုးတွေနှင့် မှိုင်းညှို့ နေသော တောင်တန်းကြီးကို ကြည့်ကာ လူကြီးတစ်ဦးကဲ့သို့ ငြိမ်သက်နေလေသည်။
မြယာကလည်း သမီးလေးအား အကဲခတ်လျှက်ရှိလေသည်။
ထိုစဥ် မြစိမ်းက စကားမပီကလာ ပီကလာနဲ့ ” သိပ်ကိုယုတ်မာတယ်… နင်သိပ်ယုတ်မာခဲ့သည် ပီစိုး… နင့်ကိုငါ ကလဲ့စားပြန်ချေမယ်… နင်ငါ့အကြောင်း ကောင်းကောင်းသိစေရမယ်… နင့်ကိုငါ ကလဲ့စားပြန်ချေမယ်… ” ဟု နာကျည်းစွာ ဆိုရင်း တောက် ခေါက်လိုက်လေသည်။
မြယာ လည်း သမီးဖြစ်သူ မြစိမ်းအား ကြည့်ရင်းအံ့သြသွားလေသည်။
ပြောသောစကားများက အရွယ်နှင့်မလိုက်.. လူကြီးတစ်ဦး၏ နာကျည်းစွာ ခံစားချက်များ ပေါက်ကွဲ သံကဲ့သို့ ထွက်လာသော စကားလုံးများ ကြောင့် မြယာ သမီးဆီချည်းကပ်လိုက်ပြီး ” သမီးမြစိမ်း… ဘာတွေလဲ သမီးရယ်… မေမေ့ကိုပြောပြပါလားကွယ် ” ဟု ချော့ကာမေးလိုက်လေသည်။
မြစိမ်းလေးက မြယာအား ခပ်စိမ်းစိမ်းကြည့်ကာ ” ပြောဖို့ စောသေးတယ်… ငါပီစိုးကို ကလဲ့စားချေရမှ ကျေနပ်မယ်… သူ့ရဲ့ယုတ်မာမှုတွေကို ငါ အကုန်ဖော်ထုတ်မှာ… ငါမမေ့ဘူး… ငါဘယ်တော့မှ မမေ့ဘူး… လူသတ်ကောင်… ” ဟု နာနာ ကျည်းကျည်း ဆိုကာ အိမ်ထဲသို့ ပြေးဝင်သွားလေသည်။
မြယာနားထဲ၌ လူသတ်ကောင်ဟု သမီးလေး ပြောသောစကားများကိုသာ ပဲ့တင်ထပ်အောင်ကြားယောင်ရင်း ” ဘုရား..ဘုရား… ကိုစိုးက လူသတ်ခဲ့ဖူးတာလား… သမီးလေးက လူဝင်စားများလား…. ဘယ်သူများ ဝင်စားတာပါလိမ့်…. သမီးလေးက သူ့အဖေကို ကလဲ့စားချေရမှ ကျေနပ်မယ်တဲ့လား…. ကိုစိုး ဘာတွေများ မဟုတ်တာ လုပ်ခဲ့တာပါလိမ့် ” ဟု တွေးကာ ခေါင်းများပင် မူးလာသောကြောင့် ရပ်တည်နိုင်ခြင်းမှာ မစွမ်းသာတော့ဘဲ အနီးရှိ ထိုင်ခုံ လွတ်ပေါ်သို့ ရုပ်ကြိုးပြတ် ထိုင်ချလိုက်လေသည် ။
မြယာ၏ မျက်ဝန်းတို့ မှလည်း မျက်ရည်များစီးကျလာလေသည်။
သမီးလေး မြစိမ်းက မြယာအား မိုးယာ ဟု ခေါ်တွင်လေသည်။
အမိုး ဟူ သည်ကား အမေ ဟု ခေါ်ဆိုခြင်းဖြစ်လေရာ မိုးယာ ဟုခေါ်ခြင်းမှာလည်း အမေယာ ဟု ခေါ်ခြင်း ဖြစ်လေသည်။
” မိုးယာ..ရေ.. မိုးယာ… သမီး ဖွားဖွားအိမ်သွားချင်တယ်… အိမ်မှာမနေချင်ဘူး… ညနေ ဟိုလူကြီး ပြန်လာတော့မယ်… သမီးသူ့ကို မမြင်ချင်ဘူး… ” ဟု ပြောသံကြောင့် မြယာ သက်ပြင်းအား ချလိုက်မိသည်။
” သမီးရယ် ဟိုလူကြီးလို့ မပြောပါနဲ့… အဲ့ဒါ သမီးရဲ့ အဖေပါ…. သမီးကို သမီးလေး အဖေက သိပ်ချစ်ပါတယ်… အဖေလို့ ခေါ်နော် ” ဟု ဆိုသံပင်မဆုံးသေး သမီးလေးက ခါးခါးသီးသီး ပင် ” ဟင့်အင်း… ခေါ်ဘူး…ခေါ်ဘူး… မိုးယာမသိလို့… သူက ဟန်ဆောင်နေတာ… မိုးယာသတိထား… သူက မိုးရာကိုလဲ သတ်မှာ… သမီးကိုရော သတ်မှာ…. ရဘူး… ဖွားဖွားဆီသာ ပို့ပေး… သမီးမနေချင်ဘူး… အီး..ဟီး…ဟီး..” ဟု အော်ငိုလေတော့သည်။
အို…သမီးလေးရယ်… မငိုပါနဲ့… အဖေက လူသတ်သမား မဟုတ်ပါဘူး…မေမေ့ကိုလဲ မသတ်ပါဘူး..သမီးကိုလည်း မသတ်ပါဘူး…သမီးသွားချင်ရင် မေမေ ဖွားဖွားအိမ် လိုက်ပို့ပေးမယ် နော် တိတ်..တိတ် ” ဟု ဆိုရင်း သမီး၏ လိုအပ်သော အရာများယူကာ မြယာ၏ မိခင် အိမ်သို့ သားအမိနှစ်ယောက် ထွက်လာကြလေသည်။
သမီးလေးသည်.. သူ့အဖွားအိမ်၌သာ နေသည်က များလေသည်။
မြယာ တစ်ယောက် မပျော်နိုင်ပေ။
ယခင်ကတော့ ကလေးမွေးပြီးလျှင် မိသားစုဘဝလေး ပျော်ပျော်ရွှင်ရွှင် နေရပြီဟု ထင်ထားခဲ့သော်လည်း… သမီးလေး၏ အပြုအမူကြောင့် မြယာ တစ်ရက်မှ မပျော်နိုင်ပေ။
သမီးမွေးပြီး နောက်ပိုင်း မြယာ သိသိသာသာပင် ပိန်ကျသွားလေသည်။
စိတ်ဆင်းရဲ ခြင်းဟာ မြယာအတွက် ဝေဒနါတစ်ရပ်အဖြစ် နှိပ်စက်လေပြီဖြစ်သည်။
“မြယာ… သမီးရယ်.. နေမကောင်းဘူးလား… ကျန်းမာရေးဂရုစိုက်နော်… အမေ့သမီးလေး..ခုတလော အတော်ပိန်သွားတယ်..”. ဟူသော မြယာ၏ မိခင်စကားကြောင့် မြယာ ဝမ်းနည်းမိသည်။
သို့သော် မိခင်ကိုကား မြယာ ဘာတစ်ခုမှ မပြောဖြစ်ခဲ့ပေ။
ပြောလည်း ဝမ်းနည်းရုံက လွဲပြီး တတ်နိုင်မည်မဟုတ်ပေ။
မြယာ ခင်ပွန်းဖြစ်သူ အား ပွင့်ပွင့်လင်းလင်း မေးလျှင် ကောင်းမလားဟု ပင်တွေးမိသည်။
သို့သော် ကိုစိုးက ရော မေးလျှင် လက်ခံပါ့မလား… သမီးလေးကို ကိုစိုး ကအန္တရာယ် ပြုလျှင် ရော… ဟု တွေးကာ မြယာ သောက ရောက်လျှက် ရှိသည်။
သမီး မွေးပြီး နောက်ပိုင်း ကိုစိုး၏ အပြုအမူများ ပြောင်းလဲလာသည်ကိုလည်း မြယာ သတိထားမိသည်။
ကိုစိုး တစ်ခုခုအား စိုးရိမ် နေသော ပုံစံဖြစ်နေသောကြောင့်ပင်။
မြယာ အတွေးများအား ဖယ်ရှားကာ “မတတ်နိုင်ဘူးလေ… အရာရာ ကံစီမံရာပေါ့… ငါမသိတဲ့ အကြောင်းအရာတွေရဲ့ နောက်ကွယ်မှာ ဘာတွေထပ်ဖြစ်လာမလဲ လို့ တွေးနေတာထက်စာရင်… ဖြစ်လာသမျှကိုသာ.. ရဲရဲ ရင်ဆိုင်လိုက်တာ ကောင်းပါတယ် ” ဟု တစ်ဦးတည်း ရေရွတ်ကာ နေမိတော့သည်။
နောက်ပိုင်း ကိုစိုးသည် အလုပ်ကိစ္စအား အကြောင်းပြကာ ခရီးထွက်နေသည်က များသကဲ့သို့ သမီးလေး မြစိမ်းသည်လည်း သူ့အဖွား အိမ်၌သာ နေထိုင်လေတော့သည်။
မြယာက တော့ မိခင်အိမ်၌ နေလိုက်.. ကိုစိုး ပြန်ရောက်လာချိန်တွင် အိမ်ပြန်နေလိုက်နှင့်သာ နေရင်း ရက်မှ လပြောင်းကာ ရာသီစက်ဝိုင်း အကြိမ်ကြိမ် လည်ပတ်ခဲ့လေပြီဖြစ်သည်။
မြယာ၏ ကျန်းမာရေးအခြေအနေမှာ သိပ်မကောင်းချေ။
မြစိမ်းပင် ဆယ်နှစ်သမီးလေး ဖြစ်နေပေပြီ။
မြစိမ်းက ကိုစိုးအား အဖေဟု ယခုထိ မခေါ်သလို ဖခင်ဟူ၍လည်း အသိအမှတ်မပြုပါချေ။
မြစိမ်းက စတုတ္ထတန်းကျောင်းသူလေး အဖြစ် ထိုမြို့လေး၏ အလယ်တန်းကျောင်း၌ ပညာသင်ကြားနေလေသည်။
မြစိမ်းတို့ ဆရာမ က အပိုချိန်ခေါ်ထားသဖြင့် မြစိမ်းအပိုချိန်တက်နေရသည်။
ခါတိုင်းက မိခင်ဖြစ်သူ သို့..အဖွားဖြစ်သူက လာကြိုနေကျပင်။
မိခင်က ယခုတလော ကျန်းမာရေး မကောင်းသဖြင့် အဖွားက ပင် လာကြိုလေသည်။
ယနေ့ညနေခင်းတော့ အဖွားဖြစ်သူက သူ၏ သူငယ်ချင်း နာရေးအိမ်သို့ သွားမည်ဖြစ်သဖြင့် မြစိမ်းတစ်ဦးတည်း ကျောင်းမှပြန်ခဲ့လေသည်။
အချိန်အခါမဟုတ် ပတ်ဝန်းကျင်က မိုးများအုံ့ဆိုင်းလာလေသည်။လမ်း၌လည်း လူသွားလူလာမရှိသလောက်ပင်။
မြစိမ်း ခပ်သွက်သွက်လျှောက်လာစဥ် ခေါင်ရည်ဆိုင်မှ ပြန်လာသော အမူးသမားနှစ်ယောက်နှင့် ထိပ်တိုက်တွေ့တော့သည်။
” ဟေ့… ကလေးမ… တစ်ယောက်ထဲ ကျောင်းက ပြန်လာတာလား ဦးတို့ လိုက်ပို့ပေးမယ် နော်… သမီးက ချစ်စရာလေးပါလား… ကိုကြီးတို့က သဘောကောင်းပါတယ် ဟဲ..ဟဲ ” ဟူပြီး မြစိမ်းထံ တဖြေးဖြေး တိုးကပ်လာရာ မွဈိမျးက လျှောက်နေကျ ခြေလှမ်းများ ရပ်တံ့ကာ ထိုလူစိမ်းနှစ်ယောက်အား ခပ်စိမ်းစိမ်းစိုက်ကြည့်နေလေသည်…
ထိုအခါ ထိုအမူးသမားနှစ်ယောက်လဲ ကြောင်စီစီ ဖြစ်သွားလေသည်။
မြစိမ်းလွယ်အိတ်ထဲမှ ခြောက်လက်မခန့် ဓားကို ထုတ်လိုက်ရာ လျှပ်စီးလက်သွားပြီး ဓားမှာ လက်ကနဲ ဖြစ်သွားလေသည်။
မြစိမ်းက ခေါင်းအား ဘယ်ညာ ဂျွတ်ခနဲ မြည်အောင် ချိုးလိုက်ပြီး ” လာခဲ့ သေပေတော့… နင်တို့လို တဏှာရူး ကောင်တွေကို သတ်ဖို့ စောင့်နေတာ… ငါ့ကို ဘယ်သူမှတ်သလဲ နန်းစံဖူး ဆိုတာ ငါပဲ ဟား..ဟား..ဟားဟုဆိုကာ မျက်နှာတေကြီးဖြင့် အမူးသမား နှစ်ယောက်ထံ လျှင်မြန်သော အဟုန်ဖြင့် လိုက်လေရာ အမူးသမား နှစ်ယောက်လဲ ” အမလေး ဗျ ကလေးမလေးက မလွယ်ဘူး ပြေးဟ.. ပြေးကြ… နန်းစံဖူးတဲ့ ” ဟု ဆိုကာ ပြေးကြလေသည်။
အမူးသမား နှစ်ယောက် အပြေးမြန်၍သာ တော်သေးသည်။
မြစိမ်းတစ်ဖြစ်လဲ နန်းစံဖူး ဆိုသော ကလေးမလေးက အရွယ်နှင့်မလိုက်အောင်ပင် ကြောက်စရာကောင်းသော အမူအယာ ဖြစ်နေလေပြီ။
အမူးသမား နှစ်ယောက်လဲ ခေါင်ရည်ဆိုင်သို့ အမောတကော ပြန်ရောက်လာကာ သူတို့လမ်းတွင်တွေ့ရသော ကလေးမလေးက သူ့ကိုယ်သူ နန်းစံဖူး ဟု ဆိုကာ မိမိတို့အား ဓားနှင့် လိုက်လာသည်ဟု ပြောရာ အားလုံး အံ့သြသွားကြလေသည်။
နန်းစံဖူး ဆိုသော အမည်အား ကြားလိုက်ရသည်နှင့် အားလုံးက နန်းစံဖူး အကြောင်းကို တွေးလိုက်မိကြလေသည်။
အထူးသဖြင့် ခေါင်ရည်ဆိုင်တွင် ထိုင်နေသော မောင်ဆန်းက ခေါင်ရည်များပင် သီးသွားသည်အထိ အံ့သြမိလေသည်။
နန်းစံဖူး ၏ သတင်းကား လွန်ခဲ့သော ဆယ်စုနှစ်ကာလ က ဤ ဒေသတွင် နာမည်အလွန်ကြီးခဲ့ ဖူးလေသည်။
မောင်ဆန်း၏ ဆိုင်ကယ်လေးသည် ခေါင်ရည်ဆိုင်မှ အရှိန်ပြင်းစွာ မောင်းထွက်သွား ပြီး နေရာတစ်ခုစီသို့ ဦးတည်လိုက်လေသည်။
မောင်ဆန်း၏ဆိုင်ကယ်လေးသည် လူနေကျဲပါးသော မြို့စွန်၏ ရပ်ကွက်လေးတစ်ခု တည်းသို့မောင်းဝင်ကာ တစ်ထပ်တ်ိုက်လေးတ်ခုရှေ့၌ ရပ်သွားလေသည်။
တီ..တီ… ဟူသော ဆိုင်ကယ်သံကြောင့် မောင်စိုး အိမ်ရှေ့ထွက်ကြည့်ကာ ” ဟာ.. မောင်ဆန်း.. မိုးထဲ လေထဲ ဘာတွေ အရေးကြီးလာတာလဲ… လာ..လာ” ဟုဆိုကာ ခြံတံခါးအား အမြန်ဖွင့်ပေးလိုက်သည်။
“အိတုန်ရေ ငါနဲ့ ငါ့ဘော်ဒါ သောက်ရအောင် ဝီစကီနဲ့ အမြည်းလုပ်ဟေ့”ဟု လှမ်းအော်ရင်း… “လာကွာ မောင်ဆန်း”ဟု ဆိုလိုက်သည်။
မောင်စိုး သမီးလေးမွေးပြီး နောက်ပိုင်း မြယာနှင့် အိမ်ထောင်ရေး အဆင်မပြေဖြစ်ပြီး အလုပ်ကိစ္စအားအကြောင်းပြကာ အိမ်၌ သိပ်မနေချေ။
အငယ်အနှောင်း အဖြစ် အိတုန်ဟူသော အမျိုးသမီးနှင့် ငြိစွန်းကာ ထိုအိမ်လေးအား ဌားရမ်းထားပြီး အချိန်တော်တော်များများအား အိတုန်နှင့်သာ အချိန်ကုန်လွန်နေခဲ့သည်။
သူငယ်ချင်း မောင်ဆန်းကတော့ မောင်စိုး နှင့် ငယ်သူငယ်ချင်း တွေမို့ အကုန်လုံး တ်ိုင်ပင် သည်။
မောင်ဆန်းကလည်း မောင်စိုး နှင့် အလိုတူအလိုပါမို့ သူငယ်ချင်းအား ဘာလုပ်လုပ် မတားပါချေ။
တစ်ကယ်တန်း မြယာအား မောင်ဆန်းအသေကြွေခဲ့သည်။
မြယာ မောင်စိုးနှင့်လက်ထပ်သွားတော့ မောင်ဆန်း အလွန်ပင် ကြေကွဲရသည်။
မောင်စိုး သမီးလေး မွေးပြီးနောက် မြယာနှင့် အဆင်မပြေဖြစ်နေတာ သိတော့ ေမာင်ဆန်း ကြိတ်ပျော်ခဲ့ရသည်။
မိမိမရလိုက်သော မြယာကို မောင်စိုးနှင့် ဝေးသွားသည်ကို အလိုလိုကျေနပ်နေမိသည်။
” ငစိုး… ငါမင်းကို ပြောစရာရှိတယ်.. အရေးကြီးတယ်… ဒီနေ့ ခေါင်ရည်ဆိုင်က ငမူးနှစ်ကောင် ကို ကလေးမတစ်ယောက်က ဓားနဲ့ လိုက်တယ်တဲ့… သူတို့ကလေးမကို ဘာသွားပြောလဲ မသိဘူး… ကလေးမက သူ့ကိုယ်သူ နန်းစံဖူး လို့ပြောပြီး ဓားနဲ့ လိုက်တာတဲ့ ” ဟု ဆိုကာ ဝီစကီ တစ်ခွက်အား ဂွပ်ကနဲ မော့ချလိုက်လေသည်။
“ဘာ… နန်းစံဖူး ဟုတ်လား “ဟု မေးရာ အသံပင် အတော်ကျယ်လောင်သွားလေသည်။
ဟုတ်တယ်… ငါထင်တာမမှား ရင်တော့ နန်းစံဖူး ဆိုတဲ့ ကလေးမက မင်းရဲ့ သမီးဖြစ်မယ်ထင်တယ် ဟု ဆ်ိုလိုက်ရာ ” မဖြစ်နိုင်ဘူး… ငါ့သမီးက နန်းစံဖူး မဖြစ်နိုင်ဘူး… အေ ဖြစ်ခဲ့ရင်တော့…” ဟု ဆိုရင်း မောင်စိုး စကားများ တိမ်ဝင်သွားလေသည်။
မျက်ဝန်းထဲ၌ လွန်ခဲ့ သော ဆယ်နှစ်ကျော်က အဖြစ်အပျက် များ မောင်စိုး တရိပ်ရိပ်ပြန်မြင်ယောင်လာသည်။
မောင်စိုး တို့ သူငယ်ချင်း တစ်စု ဘီယာဆိုင်တွင်ထိုင်ရင်း စကားစမြည်များ ပြောနေကြလေသည်။
ခွန်လတ်က ” မောင်စိုး မင်းက စွံတယ်ဆိုတော့ ငါတို့ကျောင်းက နန်းစံဖူး ကို ရအောင်လိုက်ကွာ… သူ့ကိုရရင် ငါ မင်းကြိုက်တာဝယ်ပေးမယ်… အာ့ကောင်မ လှတယ်ဆိုပြီး မာန ထောင်နေတာ ငါ့ကို မတူမတန်သလိုနဲ့ ငါ့ရည်းစားစကားပြောရင်း လက်ကိုင်မိတာကို ပါးရိုက်တယ်… ပြီးတော့ ဆရာမဆီ သွားတိုင်တော့ ငါ့ မှာ ကျောင်းအုပ်ကြီး ရုံးခန်းပါ ရောက်ရတယ်… ငါမကျေနပ်ဘူးကွာ… ” ဟု ဆိုရင်း ဘီယာခွက်အား မော့ချလိုက်လေသည်။
ဟာ ဟေ့ဟျောင်… ငွေစကားတော့ မပြောနဲ့.. မင်းလဲ သူဌေးသား…ငါလဲ သူဌေးသား..
ဒါပေမဲ့ မင်းကိုပါးရိုက်ထားတဲ့ ကောင်မကိုတော့ နောင်ကျဥ်သွားအောင် လုပ်ပေးမယ်ကွာ တစ်ပတ်ပဲ စောင့်.. ဟု ပြောကာ အားလုံးတစ်ဟား…ဟားဟား ရယ်မောလိုက်ကြလေသည်။
စံဖူး ရင်တွေ အခုန်မြန်နေသည်။
ယနေ့ ကျူရှင် တွင် စံဖူးဘေး၌ မောင်စိုး လာထိုင်ကာ မျက်လုံးရွဲ ကြီးများဖြင့် စိုက်ကြည့်နေသည်မို့ စံဖူး မနေတတ်။
စံဖူးက ခပ်စွာစွာ မိန်းခလေး မဟုတ်မခံ ဇတ်ဇတ်ကျဲ ဆိုသော်လည်း မောင်စိုးကို တော့ စံဖူး တိတ်တခိုး ချစ်နေမိသည်။
မောင်စိုး၏ အရပ်အမောင်း စတိုင်လ်က မိန်းခလေးတိုင်း ကြွေလောက်သည်။
နန်းစံဖူး ထံ မောင်စိုးက စာအုပ်ဌားတော့ စံဖူး ပျော်လိုက်သည့် ဖြစ်ခြင်း။
ထင်သည့် အတိုင်း စာအုပ်ပြန်ပေးတော့ ရည်းစားစာ ပါ ထည့်ပေးလာသည်။
နန်းစံဖူး ဘာမှမတွေးတော့ နောက်ရက် ချက်ခြင်း မောင်စိုး၏ အချစ်အား လက်ခံကြောင်း စံဖူး စာပြန်ရေးပေးလိုက်သည်။
“တွေ့လား ဟေ့ဟျောင်… မင်းရဲ့ နန်းစံဖူး က သုံးရက်နဲ့ ငါ့ကို အဖြေပြန်ပေးတာကွ…ဟားဟားဟား ” ဟု မောင်စိုးက နန်းစံဖူး ၏ စာအား ခွန်လတ်အား ပြကာ ရယ်လိုက်သည်။
ခွန်လတ်က ” တောက်.. ပေါလိုက်တာ ကွာ… ငါ့ကိုကျတော့ ပါးရိုက်ပြီးတော့… သူ့ကိုယ်သူ မာနခဲ လိုလို ဘာလိုလိုနဲ့. .. သူကြိုက်တာကြတော့ အရှက်မရှိဘူး… ဟေ့ဟျောင်… မင်း သူ့ကို ချိုးကွာ… ပြီးရင် မယူနဲ့… ငါရှင်းမယ် အာ့ကောင်မ မှတ်လောက်သားလောက်အောင် လုပ်ရမယ် ” ဟု မကြေမချမ်းဆိုလေသည်။
“ဟာ.. မင်းကလဲ ငါက.. မိန်းခလေး ကိစ္စကို သိပ်ဝါသနာ မပါပါဘူးဆို လာမြှောက်ပေးနေတယ် နန်းစံဖူး က အတော်လေးလှပြီး ထိရက်စရာတောင် မရှိဘူး နှမြောစရာကြီး ကွာ.. ငါက သူ့ကို တစ်ကယ်မကြိုက်ဘူးကွ… ငါက မြယာကိုပဲ ချစ်တာ မြယာကိုမရရအောင်ယူမှာ… စံဖူး က အပျော်ပါကွာ ” ဟု ခပ်ညည်းညည်း ဆိုလေရာ အားလုံးက တဟားဟား နဲ့ ရယ်ကြလေသည်။
မောင်ဆန်းက မြယာ ကို ကြိတ်ကြွေနေသယမို့ မရယ်နိုင်ခဲ့ပေ။
ဆယ်တန်းစာမေးပွဲ နောက်ဆုံးရက် မို့ စာမေးပွဲ ဖြေအပြီး ကျောင်းသူ ကျောင်းသားများ အပျော်ဆုံးနေ့ ဟုပင်ဆိုရမည်။
သစ်ပင်ကြီး တစ်ပင်အောက်တွင်တော့ ” ပီစိုး… စံဖူးကို တစ်ကယ်ရော ချစ်ရဲ့လားဟင်… စံဖူးကတော့ ပီစိုးကို အရမ်းချစ်တယ် ပီစိုးနဲ့ မခွဲနိုင်ဘူး” ဟု ဆိုကာ မောင်စိုး၏ ရင်ခွင်ထဲ တိုးဝင်လိုက်လေသည်။
ယနေ့ စာမေးပွဲ နောက်ဆုံးရက် မို့ မောင်စိုး ဘီယာ လဲ သောက်ထားသည်မို့ ယစ်ထွေနေလေသည်။
မကြာမီ တိတ်ဆိတ်သော ဝန်းကျင်နှင့် အထိအတွေ့ များကြောင့် မောင်စိုးတစ်ယောက် နန်းဖူးအပေါ် မောက်မှား မိလေသည်။
“ပီစိုး နန်းဖူးကို လက်ထပ်ပါနော် ဒီအခြေအနေရောက်မှ နန်းဖူး အိမ်မပြန်ချင်တော့ဘူး ပီစိုးရယ်… မတော်တဆ ကိုယ်ဝန်ရှိသွားရင် နန်းဖူးအရှက်ကွဲမှာ ဒီနေ့ပဲ နန်းဖူးကို ခိုးပြေးတော့နော်” ဟု ဆိုမှ မောင်စိုး သတိပြန်ဝင်လာလေသည်။
“နေ..နေပါဦး နန်းဖူးရယ်… ကိုယ်စဥ်းစားပါရစေဦး… ကိုယ်အမေတို့နဲ့ တိုင်ပင်လိုက်ဦးမယ်..နက်ဖြန်ကိုယ် အကြောင်းပြန်မယ်… တစ်ရက်တော့ အချိန်ပေးပါ နန်းစံဖူး ရယ်… ဟု ဆိုရာ “ပီစိုးကတိတည်ပါစေ…နက်ဖြန်ညနေ နန်းဖူး ဒီအချိန် ဒီအပင်အောက်မှာ လာစောင့်နေမယ်… နန်းဖူးဆီ ပီစိုးရောက်မလာရင် နန်းဖူး ကိုယ့်ကိုယ်ကို သတ်သေမှာနော်… ပီစိုးမလာရင် နောက်ရက် နန်းဖူး အလောင်းပဲ တွေ့ရမယ်မှတ်… နန်းဖူးဆီ ပီစိုးရောက်မလာရင် နန်းဖူးကို သတ်တဲ့ တရားခံက ပီစိုးပဲ… နန်းဖူးသေခဲ့ရင် ပီစိုးကို ပြန်လာသတ်မှာ ကလဲ့စား လာချေမှာ နော် နန်းစံဖူး အကြောင်းသိတယ်မို့လား ” ဟု ဆိုရင်း နန်းစံဖူး ပြန်လာခဲ့လေသည်။
အိမ်သို့ရောက်သော် နန်းစံဖူး လိပ်ပြာမလုံချေ။
အပျိုရည်ပျက်ခဲ့ရသော မိမိကိုယ် မိမိ ယူကြုံးမရ။
မနက်ဖြန် ဆိုသည်ကား မိမိဘဝအတွက် အရေးကြီးဆုံးပင်။
မိမိဘဝ ဆက်လက်ရှင်သန်ရဖို့အတွက်ရော… သေဆုံးဖို့ အတွက်ပါ ပြင်ဆင်နေမိသည်။
မောင်စိုး သူငယ်ချင်း များနှင့် တိုင်ပင်နေမိသည်။
သူနှင့် နန်းဖူး နှင့် မှောက်မှားမိသည့် အကြောင်းမှ လွဲ၍ ကျန်တာ အကုန်လုံးကို ပြောလိုက်သည်။
“ရူးတာကွာ နန်းစံဖူး က … လင်အတော်လိုချင်နေတယ်… မသွားနဲ့ ဟျောင်… နက်ဖြန် ငါတို့ မေမြို့သွားလည်မလို့… မြယာတို့ အဆောင်က လူတွေလဲ မေမြို့သွားလည်ကြမလို့လဲ စာမေးပွဲ ပြီးလို့ သူတို့အဆောင်က လိုက်ပို့မှာ… သူ့ဟာသူ သေချင်လဲ သေကွာ… ဘာမဟုတ်တာနဲ့ တော့ ကိုယ့်ကိုယ်ကိုယ် သတ်မသေပါဘူး… မင်းကို ခြိမ်းခြောက်လိုက်တာ ကွာ ” ဟု သော ခွန်လတ်စကားကြောင့် မောင်စိုး တွေဝေသွားသည်။
နက်ဖြန် မြယာနှင့် ရင်းနှီးရမည့် အခွင့်အရေး ။ ခွန်လတ်အဒေါ်က မြယာတို့ ၏ အဆောင်မှူးပင်။
နန်းစံဖူး ၏ ကိစ္စကို နောက်ရက်မှ ရှင်းတော့မည်။စံဖူး လဲ သူ့ကိုယ်သူ သတ်မသေလောက်ပါဘူးဟု တွေးကာ မောင်စိုး မေမြို့သို့ လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။
နောက်နေ့ သစ်ပင်အောက်တွင် နန်းစံဖူး တစ်ယောက် မောင်စိုးအား စောင့်ကာ မျက်ရည်များစီးကျလာလေသည်။
” ပီစိုး… နင်သိပ်ယုတ်မာတဲ့ကောင်… ငါ့အသွေးအသား ကို ဝါးမြိုပြီး တာဝန်မယူချင်တဲ့ ကောင်… ငါအခု အိမ်ကို ဘယ်လိုမျက်နှာနဲ့ ပြန်သွားရမှာလဲ… လင်နောက်လိုက် တော့မယ်လို့ စာရေးခဲ့ ပြီးမှတော့ ပြန်သွားရင် ငါ့အဖေ က ငါ့ကိုသတ်မှာ…. အို သစ်ပင်မှာ ရှိတဲ့ ရုက္ခစိုးကြီးအား တိုင်တည် ပြီး ကျိန်ဆိုပါရစေ… ကျမ နန်းစံဖူးအား ဘဝပျက်အောင် ဖျက်ဆီးပြီး တာဝန်မယူချင်တဲ့ မောင်စိုး ဆိုသူအား ကျမ သေသွားပြီး နောက်ဘဝမှာ ပြန်ပြီးလက်စားချေရ ပါစေ… နောက်ဘဝ မှာ သူနဲ့ အနီးဆုံးမှာ နေရသောသူ ဒီဘဝရဲ့ အဖြစ်များအား တစ်ခုမှမမေ့ မှတ်မိသောသူ ဖြစ်ပါစေ… ကျမ ဒီဘဝ အသေဆိုးနဲ့ သေသလို သူလဲ အသေဆိုးနဲ့ သေပါစေ ” ဟု ကျိန်ဆိုကာ အသင့်ပါလာသော ကြိုးဖြင့် သစ်ပင်တွင် ချည်ကာ သစ်ကိုင်းမှခုန်ချလိုက်လေတော့သည်။
သစ်ပင်ပေါ်မှ ကျီးတစ်အုပ်လဲ လန့်ကာ ပျံပြေးကြလေသည်။
ရင်နာစရာ မြင်ကွင်းက ညနေဆည်းဆာလေးအား အကျည်းတန်သွား လေတော့သည်။
နန်းစံဖူး သတင်းကား တစ်မြို့လုံး ဟိုးလေးတကြော်ကြော်ပင်။
နန်းစံဖူး ချစ်သူ မည်သူဆိုသည်ကားလည်း မောင်စိုး၏ သူငယ်ချင်း အနည်းငယ်မှလွဲ၍ မည်သူမျှမသိကြချေ။
အထူးသဖြင့် နန်းစံဖူး ၏ သူငယ်ချင်းများအားလုံးကလည်း နန်းစံဖူး တွင် ချစ်သူရှိမှန်းပင် မသိကြချေ။
နန်းစံဖူး သေပြီး ထိုသစ်ပင်အောက်၌ အမျိုးသမီးငယ်တစ်ဦးအား မကြာခဏ တွေ့ကြရသည်။
တစ်နေ့ ညနေ နေဝင်တရီ ထိုသစ်ပင်ရှိရာဘက် သို့ လူငယ်နှစ်ဦး စကားတပြောပြောဖြင့် ဖြတ်လျှောက်လာကြရာ အဟင့်..ဟင့် ဟူသောငိုသံကြားရ၍ ကြည့်လိုက်လျှင် အနက်ရောင်ဝမ်းဆက်နဲ့ ခန္ဓာကိုယ် အချိုးအစား အတော်လှသော မိန်းခလေးတစ်ဦးထိုင်ငို နေသည်ကိုတွေ့လိုက်ကြသည်။
ညီမလေး ညီမလေး… ဘာလို့ငိုနေတာလဲ.. ဟုမေးရာ ကျမ..ချစ်သူ ရောက်မလာလို့ပါ ဟု ဖြေလေသည်။
ထိုနှစ်ယောက်လဲ တစ်ဦးနှင့်တစ်ဦး မျက်စပစ်လိုက်ကြပြီး… ညီမချစ်သူ မလာလဲ ကိုယ်တို့လာပြီပဲ… မငိုနဲ့တော့နော်.. ဟု ပြောရာ မိန်းခလေးသည် မော့ကြည့်လာရာ မျက်ဆံဖြူကြီး သာရှိသော မျက်လုံး၌ သွေးများစီးကျနေလေသည်။
ထိုမိန်းခလေး သည် ရုတ်တရက် လေပေါ်မြှေက်တက်သွားပြီး သစ်ပင်၌ ကြိုးဆွဲ ချသေသကဲ့သို့ တွဲလောင်းကြီး ကျလျှက် ဟီးဟီးဟားဟား အော်ရီလိုက်ရာ ” အမလေး… သရဲဗျို့… သရဲ မကြီး… ကြိုးဆွဲ ချနေတယ်… ဟု အော်ရင်းပြေးကြလေတော့သည်။
ထိုမိန်းခလေးသည် သစ်ပင်ထက်မှ ခုန်ချကာ ခေါင်းအား..ဘယ်ညာ ဂျွတ်ဂျွတ် မည်အောင် ချိုးလျှက် လျှင်မြန်သော အဟုန်ဖြင့် ထိုလူငယ်နှစ်ဦးနောက် ပြေးလိုက်လေတော့သည်။
ထိုလူငယ်နှစ်ဦးလဲ ပါးစပ်မှ သရဲ မကြီးလိုက်လာပြီ… ပြေးဟ ပြေးဟု အော်ရင်း လမ်းတလျှောက် အော်ပြေးလာသည်ကို တွေ့ကြရပြီး အမောဆို့ကာ လဲကျ သတိလစ်မျောသွားကြလေသည်။လမ်းမှတွေ့သော လူများက ထိုလူငယ်နှစ်ဦးအားနီးစပ် ဘုန်းကြီးကျောင်းသို့ခေါ်သွားကာ ပရိတ်ရေများ ပက်ဖျန်းကာ အတော်နှာနှပ်ယူကြရလေသည်။
ထိုလူငယ်များသည် ထိုမြို့ခံများ မဟုတ်ပဲ တစ်နယ်မှ ထိုမြို့လေးသို့ အလုပ်လာလုပ်ကြသူများဖြစ်သောကြောင့် ထိုသစ်ပင်၌ မိန်းမငယ်တစ်ဦး သေဆုံးဖူးသည် ကို မသိကြသဖြင့် နေဝင်တရီ ထိုအပင်အောက် ဖြတ်လျှောက်မိရင်း ထိုအဖြစ်အပျက်များ နှင့် ကြုံတွေ့ကြရခြင်း ဖြစ်သည်။
နန်းစံဖူး ၏ အခြောက်အလှန့်ကို အတော်များများ ခံကြရသဖြင့် ထိုနေရာအား မြ်ို့ခံများက ေတာ် ရုံ ရှောင်ရှားကြလေသည်။
မောင်စိုးကား ထိုနေရာသို့ ခြေဦးပင်မလှည့်ချေ။
နောက်ပိုင်း မြို့၏ လမ်းများ ချဲ့ ထွင်လာသောကြောင့် ထိုသစ်ပင်ကြီးသည် လမ်းဘေးသစ်ပင်ကြီး အဖြစ် သို့ တည် ရှိလာလေတော့သည်။
နောက်ပိုင်း တဖြေးဖြေး ထိုအပင်ကြီး၌ နန်းစံဖူး ဟူသော သရဲမ ခြောက်လှန့်သံများ မကြားရတော့ချေ။
အချိန်ကာလ ကြာပြီမို့ ကျွတ်လွတ်သွား ပြီဟု ထင်မိကြလျှက် ထိုသစ်ပင်ကြီး အောက်၌ နေ့နေ့ညည လူများ ဖြတ်သန်းသွားလာကြပြီ ဖြစ်လေသည်။
ထိုသစ်ပင်ကြီး ဘေး၌ ၂၄နာရီ စားသောက်ဆိုင်ကြီးအား ဖွင့်လှစ်ထားကာ လက်ရာလဲ ကောင်းလှသောကြောင့် နေ့ညမပြတ် လူစည်ကားလျှက်ရှိသည်။
ထိုသစ်ပင်ကြီးတွင် တစ်ချိန်က မိန်းခလေးတစ်ဦး ကြိုးဆွဲ ချသေဆုံးဖူးကာ အင်မတန်ခြောက်လှန့်ဖူးသည် ဟုပြောလျှင် ယုံကြမည်ပင်မဟုတ်ချေ။
“မောင်ဆန်း… မင်းပြန်တော့ကွာ…. ငါလဲ ဒီည အိမ်ပြန်မယ်… သမီးက နန်းစံဖူး သာ ဝင်စားတာဆို ငါ.. မြင်တောင်မမြင်ချင်တော့ဘူး… အလကားနေရင်း အငြိုးကြီးတဲ့ နန်းစံဖူး… ငါ့ကို ခုထိ အဖေ လို့တောင်မခေါ်ဖူးဘူး… မြယာကလဲ သူ့သမီး ထိရင် ဇတ်ဇတ်ကျဲ… ငါ့မှာလဲ အိတုန်ရှိနေပြီဆိုတော့ ငါ မြယာနဲ့ ကွာရှင်းလိုက်တော့မယ်ကွာ… ငါဒီညပဲ အဲဒီသားအမိနဲ့ စာရင်းရှင်းတော့မယ်… “ဟု ဆိုကာ လက်ကျန် ဝီစကီအား မော့ချလိုက်လေသည်။
“အိတုန် မင်းပါ လိုက်ခဲ့… ငါတို့ ဟိုသားအမိနဲ့ ဒီည အပြတ်ရှင်းမယ်… ”
” ဖြစ်ပါ့မလား ကိုကိုရယ်… မြယာက နေမကောင်းဘူးဆို… တော်ကြာ အိတုန်ကို မြင်လိုက်ရလို့.. နှလုံးရပ်ပြီး သေနေဦးမယ်… ဟင်းဟင်း ” ဟု ဆိုရာ ” ကောင်မကလည်း ရှည်နေပြန်ပြီ… မြယာတစ်ခါတည်း သေတော့လည်း ကိစ္စပြတ်တာပဲ… သူက သူ့သမီးမှ သူ့သမီး… ငါ့ကိုလဲ သူမယုံဘူး… လူသတ်ဖူးလား… ဘာလား နဲ့… ကဲ လာ ကားပေါ်တက် သွားရအောင် ” ဟု ဆိုလိုက်သည်။
” မိုးယာ… သမီးတို့ ၂၄နာရီ ဆိုင်မှာ ကြေးအိုး သွားဝယ်ရအောင်နော်… မိုးယာလဲ ဒီည ထမင်းစားမကောင်းဘူး ဆိုတော့… ” ဟု ပြောရာ ” အင်း… သမီးစားချင်လို့လား… သမီးစားချင်ရင် မေမေတို့ သွားဝယ်ကြမယ် ” ဟု ဆိုကာ သားအမိနှစ်ယောက် ဆိုင်ကယ်လေးဖြင့် ၂၄နာရီ ဆိုင်လေးသို့ ကြေးအိုးဝယ်ရန်ထွက်လာကြသည်။
အချိန်က ည ခုနှစ်နာရီ ခွဲခန့် ရှိပြီ ဖြစ်သည်။
မြယာ ဆိုင်လေးသို့ရောက်တော့ “မိုးယာပဲ သွားမှာလိုက်နော် သမီး ဆိုင်ကယ်နားမှာပဲ စောင့်နေမယ်… ခုတလော ဆိုင်ကယ်တွေက အရမ်းပျောက်တာ ” ဟု ချစ်စဖွယ် ဆိုလေရာ” အေးအေး သမီး ဘယ်မှမသွားနဲ့ နော် မေမေ ဆိုင်ထဲ ကြေးအိုးသွားမှာ လိုက်ဦးမယ် ” ဟု ဆိုကာ ဆိုင်ထဲ ဝင်သွားလေသည်။
မောင်စိုး မောင်းလာသော ကားလေးသည် ထို အလင်းဆိုင်အနီး ရောက်လေရာ မြင်လိုက်ရသော မြင်ကွင်းကြောင့် ” ဟင်” ဟု ပင် အသံထွက်မိသွားသည်။
ဟုတ်ပါသည်။
နန်းစံဖူး မှ နန်းစံဖူး အစစ်။
နန်းစံဖူး သည် ဦးခေါင်းအား ဘယ်ညာလိမ်လျှက် ဖြူဖတ်ဖြူရော် မျက်နှာဖြင့် သူ၏ ကားရှေ့သို့ အရှိန်ဖြင့် ပြေးဝင်လာရာ မောင်စိုးလဲ အရက်သောက်ထားသော အရှိန်ဖြင့် သူ၏ ကားရှေ့သို့ ပြေးဝင်လာသော နန်းစံဖူးအား အလျှင်အမြန်ရှောင်လိုက်ရာ ဆိုင်ဘေးရှိ သစ်ပင် ကြီးအား အရှိန်ဖြင့် ဝင်တိုက်ကာ ကားခေါင်းတစ်ခုလုံး ကြေမွ သွားလေသည်။
“ကျွီ… ဒုန်း…အားး” ဟူသော ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာရာ အားလုံးက အပြေးလာရောက် ကြည့်ရှူကြလေသည်။
မြယာလဲ သမီးလေး အတွက်စိုးရိမ်ကာ ဆိုင် ပြင် အမြန်ထွက်ကြည့်ရာ ဆိုင်ကယ်ပေါ်မှနေကာ ကားအား စိုက်ကြည့်နေသော သမီးဖြစ်သူကို တွေ့လိုက်ရသည်။
မြယာ လဲ သမီးဖြစ်သူအား အမြန်ခေါ်ကာ အိမ်သို့ ပြန်ခဲ့ လေသည်။
ထိုသစ်ပင်ကြီးအား ဝင်တိုက်သော ကားသည် မောင်စိုး၏ ကားဖြစ်မှန်း မြယာ မသိလိုက်ပါချေ။
” မိုးယာ… သမီးလေ မိုးယာကို အရမ်းချစ်တယ် မိုးယာ ဘေးမှာ တစ်သက်လုံးနေမယ်… သမီးရင်ထဲမှာ ဘာအငြိုးမှ မရှိတော့ပါဘူး… သမီးမေမေ့ကို တစ်သက်လုံး ပြုစုသွားမယ်…နော် ” ဟု ဆိုရင်း မြယာ ရင်ခွင်ထဲ တိုးဝင်လိုက်လေသည်။
“သမီးအဖေ ပြန်လာရင်ရော ” ဟု မြယာက ဆိုလိုက်ရာ ” သူပြန်မလာတော့ပါဘူး မေမေ… သူဘယ်တော့ မှ သမီးတို့သားအမိဆီ ပြန်မလာတော့ဘူး… ဘာလို့လဲ ဆိုတော့ သူက သမီးတို့ နှစ်ယောက်လုံး အပေါ် တစ်ကယ်မချစ်ခဲ့ လို့ပေါ့” ဟု ဆိုလိုက်လေသည်။
မြစိမ်း ညက ဆိုင်ကယ်ပေါ် တွင်ထိုင်ရင်း ဆိုင်ကယ်သော့အား လက်ညှိုးလေးနှင့် အီကာ ဆော့နေစဥ် ဆိုင်ကယ်သော့သည် ရုတ်တရက် လမ်းပေါ်သို့ လွင့်ထွက်သွားသောကြောင့် ပြေးကောက်လိုက်သည်။
ခေါင်းသည် ညောင်းလှသောကြောင့် ငယ်ကတည်းက ဦးခေါင်းအား ဟိုဘက်ဒီဘက်အား ချိုးတက်သည့် အကျင့် မြစိမ်းတွင်ရှိနေသည်။မြစိမ်းလဲ ဆိုင်ကယ်သော့အား ပြေးကောက်စဥ် တစ်ဖက် ကားမီးထိုးသောကြောင့်လာနေသေယ ကားပေါ်၌ မောင်စိုးနှင့် မိန်းမတစ်ဦးအား တွေ့လိုက်မိသည်။
ထို့ကြောင့် မြစိမ်းအတော်ပင် စိတ်စိုးမိသည်။ထိုစဥ် လမ်းဘေးသစ်ပင်ကြီးက လေမတိုက်ပဲ ယိမ်းထိုးလာကာ မြစ်ိမ်းလေးအား လေပူတစ်ချက်ဖြတ်တိုက်သွားလေသည်။
ထိုစဥ် မောင်စိုးက မြစိမ်းအား ကြောက်လန့်တကြားကြည့်ကာ ကားအားသစ်ပင်ဘက်သို့ ဆွဲကွေ့လိုက်သည်။
တစ်စိမ်းမိန်းမ တစ်ယောက်အား ကားပေါ်တင်လာသော မောင်စိုး၏ အဖြစ်ဆိုးကို ကြည့်ရင်း မြစိမ်းပြုံးလိုက်မိသည်။
အရာရာ ပြီးဆုံးသွားပြီဟု စိတ်ထဲ၌ ပြည်ဖုံးကားချလိုက်မိသည်။
တစ်ချိန်က သူမ၏ချစ်သူကို စောင့်ရင်း သေပွဲဝင်ခဲ့ဖူးသော မိန်းခလေးတစ်ဦး ရှိခဲ့ဖူးသော ထိုသစ်ပင်ကြီးသည် ယခုည၌ ထိုမိန်းခလေး ၏ ချစ်သူဖြစ်ခဲ့ ဖူးသော လူသည်လည်း ထိုသစ်ပင်၌ပင် သေဆုံးခဲ့လေပြီ။
မိန်းခလေး၏ မသေခင်က ကျိန်ဆိုသွားသော ကျိန်စာ၏ သက်ရောက်မှုများပေလော။
ညက တိုက်သော ကားထဲ၌ မြယာ၏ ခင်ပွန်းဖြစ်သူ မောင်စိုးနှင့် အမျိုးသမီး တစ်ဦး သေဆုံးသည့်သတင်းသာ မြယာ သိခဲ့ ပါလျှင်မူ…..
လေးစားစွာဖြင့်
စာရေးသူ Nan Kyarnyo