ကျိန်စာသင့်သောဝိညာဥ်ကောင်

*ဘွားမယ်စိန်နှင့်ကျိန်စာသင့်သော ဝိညာဥ်ကောင်*📖📖📖

**********************************************

စ…ဆုံး

“မိကျော့…ဟဲ့မိကျော့.. အမလေး ခင်မေကျော့ရယ်ငေးလှပါလားအေ့…
ခေါ်မကြားအော်မကြားနဲ့ညည်းမှာလည်း”

“အို..ဝါရယ် တို့မကြားလို့ပါကွာ”

“ဘာမကြားတာ…ဒီမှာတို့တွေစားဖို့လက်ဖက်သုပ်တဲ့
ကပ္ပိယကြီးကလာပေးသွားတာစားဦး…
တော်ယုံသာငမ်းစမ်းပါအေ”

“ဟင်…ညည်းစကားကြီးကလည်းအေ”

“ဟုတ်ပါ့မိဝါရယ် မိကျော့ကိုသိပ်မစပါနဲ့။
တော်နေ ရှက်သွားပါဦးမယ်ဟယ်…”

“ဒီကောင်မလား ရှက်တတ်မှာ…ဟား…ဟား..ဟားး…”

“ဟားး…ဟားး…ဟားး…ဟားး..ဟားး…”

မိကျော့ဆိုသည့် ခင်မေကျော့သည် သာယာကုန်းရွာသူဖြစ်၏။
ယခုမိကျော့နှင့်အဖော်များဟာ ဘုန်းကြီးကျောင်းသို့ သန့်ရှင်းရေးကုသိုလ်ပြုနေကြခြင်းပင်။
ထိုစဥ်သူငယ်ချင်းများမှ ခပ်လှမ်းလှမ်းတွင်သူမတို့နည်းတူကူညီပေးနေသည့် ဘုန်းကြီးကျောင်းသားပြည့်စုံဖြင့် မိကျော့အားစနောက်နေကြခြင်းပင်။
သူငယ်ချင်းများက စနောက်ကျသည်ဆိုသော်လည်း
မိကျော့သည်လည်း ဘုန်းကြီးကျောင်းသားပြည့်စုံအား သဘောကျနေသူပင်ဖြစ်သည်။
ဒါကိုသိရှိနေကြသည့် သူငယ်ချင်းများမှစနောက်ကြခြင်းပင်။
ငယ်ပေါင်းတွေဖြစ်သော
ဘုန်းကြီးကျောင်းသားပြည့်စုံသည်လည်း မိကျော့အား သဘောကျပေသည်။
သို့သော် ဘုန်းကြီးကျောင်း၌ခိုကပ်နေရသော သူလိုဘုန်းကြီးကျောင်းသားနှင့် ရွှေရှိဂုဏ်ရှိမိကျော့လို့
သူဌေးသမီးနှင့်မဖြစ်တန်ဟုမှတ်ယူကာ သူ၏ချစ်ခင်စိတ်အား စိတ်အတွင်း၌သာထားရှိခဲ့ပေသည်။
သို့သော်လည်း သူငယ်ချင်းများမှ သူတို့နှစ်ဦး၏ကြားတွင်
အောင်သွယ်တော်ဝင်လုပ်ကြလေရာ အစကတည်းကချစ်ခင်နေမိကြသည့် မိကျော့နှင့်ပြည့်စုံတို့နှစ်ဦးသည် ချစ်သူအဖြစ်သို့ရောက်ရှိသွားခဲ့ကြတော့သည်။

“မောင်…”

“ဗျာ…ကျော့ပြောလေ”

“မောင်နဲ့ကျော့ချစ်သူတွေဖြစ်နေတဲ့အကြောင်း… အဘတို့ကိုပြောပြလိုက်ရင် အဆင်ပြေမယ်လို့ထင်လားဟင်”

“အိုကျော့ရယ်…မောင်တို့ပိုဝေးသွားမှာပေါ့…။မောင်တော့လေ ကျော့နဲ့ဝေးဖို့တွေးကိုမတွေးရဲတဲ့အဖြစ်ပါဗျာ”

“မောင်ရယ်…ဘယ်အချိန်ထိမသိအောင်နေလို့ရမှာလဲ…ကျော့တို့ကလည်းအရွယ်ရောက်သူတွေပဲကိုကွယ်…
မိဘတွေသဘောမတူလို့ဆိုလည်း
ကိုယ့်​ခြေကိုယ့်လက်နဲ့ဘဝကိုအတူတူရုန်းကန်ကြတာပေါ့…။ဘာလဲမောင်ကကျော့ကို ယူဖို့ထိစိတ်ကူးမထားလို့လား”

မိကျော့ကနှုတ်ခမ်းအားခပ်စူစူလေးဖြင့်မေးလေတော့
ပြည့်စုံခမျာ အလျှင်စလိုဖြင့်…

“မဟုတ်ရပါဘူးကျော့ရယ်…မောင်ကလေ ကျော့မိဘများကကျော့နဲ့မောင်ကိုအဆင့်မတူလို့ဂုဏ်မတူလို့ဆိုပြီးခွဲကြမယ့်အရေးကိုတွေးပူနေမိတာပါ။ကျော့လည်းသိတဲ့အတိုင်းပဲ မောင်ကဒီရွာမှာမျက်နှာမွဲလေ
ကိုယ်စားဖို့တောင်ဘုန်းကြီးကျောင်းက
ကျွေးထားရတဲ့သူမလား”

ပြည့်စုံ၏စကားကို မိကျော့နားထောင်ရင်းစိတ်မကောင်းဖြစ်ရ၏။
သို့သော်လည်းမိမိ၏ချစ်သူကိုယုံကြည်၍…

” ကျော့ကတော့လေ မောင်ကသာကျော့ဘဝရဲ့လက်တွဲဖော်အစစ်ဆိုတာကို ကျော့ မိဘများသာမက အခြားလူတွေကိုပါအသိပေးလိုက်ချင်တာ…
ကျော့လေမောင်ကလွဲပြီး
အခြားလူကိုမရွေးချယ်ဘူးဆိုတာတော့
မောင်ယုံကြည်ပေးပါနော်…”

” ယုံကြည်ပါတယ်ကျော့ရယ်…။မောင်ယုံကြည်ပါတယ်ကွယ်”

ဟုစကားဆိုရင်းမိကျော့၏ကိုယ်လေးအား
ပြည့်စုံတစ်ယောက် ခပ်ဖွဖွထွေးပွေ့လိုက်တော့၏။

************

“ဘယ်လို မိကျော့…ညည်းဘာပြောလိုက်တယ်”

“ဟို…သမီးနဲ့ပြည့်စုံတို့
လူငယ်ချင်းချစ်မိနေကြပြီဆိုတာ အဘတို့ကိုအသိပေးတာပါအဘ”

“အမယ်…အသိပေးသတဲ့…။ဟားး…ဟားး…ဟားး…မိကျော့ မိကျော့…ညည်းက တို့မိဘတွေကိုလူရာမသွင်းသကိုး…။”

“အဲ့လိုမဟုတ်ရပါဘူးအဘရယ်..မိကျော့ ရွေးချယ်ထားတာကအတည်မို့လို့ပါ”

မိကျော့တစ်ယောက် မိဘများအား သူနှင့်ပြည့်စုံ၏အကြောင်းအားအသိပေးလေသည်။
ထိုအခါ မိဘများဖြစ်သည့် ဦးထိန်ဝင်း ၊ဒေါ်မာခင်တို့က မိကျော့အားအလိုမကျဟန်များဖြင့်ရှိနေကြ၏။
ထိုသို့အမူအရာများကိုရုတ်တရက်
ဒေါ်မာခင်ကပြင်လိုက်ပြီး…

“အကိုရယ်သမီးကသဘောကျနေတာပဲလေ…
အမာတို့မှာက ရွှေလည်းရှိပြီးသား…
ဂုဏ်လည်းရှိပြီးသား ဟောသည်သာယာကုန်းရွာမှာလည်း
နာမည်ရသူဌေးဖြစ်နေပြီပဲဟာ…
အဲ့တော့သမီးလေးကိုတကယ်ချစ်မြတ်နိုးသူနဲ့ပဲ အမာကတော့သဘောတူချင်တယ်အကို”

“ဟာ…ဘယ်လိုပြောလိုက်တာလဲ​အမာ..
အင်းပါလေ…အင်းပါ …မင်းတို့သဘောကျပေါ့လေ”

ဒေါ်မာခင်၏စကားအားအလိုမကျစွာဖြင့်ပြောဟန်ပြင်
နေသည့်ဦးထိန်ဝင်းသည် ဒေါ်မာခင်၏မျက်စိတစ်ဖက်မှိတ်ကာအသိပေးလိုက်ခြင်းကြောင့်သူ၏စကားလမ်းကြောင်းကိုပင်ပြင်ကာ
ပြောလိုက်လေသည်။
မိဘများအားမိကျော့တစ်ယောက် သတိမထားမိခဲ့။

“ဒါဆို…အဘတို့ကသမီးနဲ့ပြည့်စုံကို
သဘောတူတယ်ပေါ့လေ…ဟုတ်လား အဘ”

“ဒါပေါ့ကွယ် သဘောတူယုံတင်မကဘူး ခမ်းခမ်းနားနားကိုလက်ထပ်ပေးဦးမှာဗျာ”

“ဟား…ဝမ်းသာလိုက်တာ…ဟီး…ဟီး…
အဘနဲ့အမေကိုသမီးကျေးဇူးတင်ပါတယ်”

“မလိုပါဘူးသမီးရယ်…ကဲ…သွား…သွား သမီးလည်းလုပ်စရာရှိတာသွားလုပ်တော့…
အဘတို့ကသဘောတူတဲ့အတွက်သမီးလေးဘာမှ စိုးရိမ်မနေနဲ့တော့နော်”

“ဟုတ်ကဲ့ပါအဘ”

မိကျော့ဝမ်းသာအားရဖြင့် မိဘများအနီးဆီမှထွက်ခွာသွားတော့သည်။
ထိုသို့ဝမ်းသာစရာကောင်းသည့်သတင်းအား ချစ်သူဖြစ်သော ပြည့်စုံသိစေရန်သွားပြောတော့လေမည်။
မိကျော့ထွက်သွားလေတော့ ဦးထိန်ဝင်းမှ…

“အမာ…မင်းဘယ်လိုစီစဥ်ထားလို့
အခုလိုသဘောတူရတာတုန်း”

“အမာ…စီစဥ်တာက သူကြီးသားမောင်တင်စိုးနဲ့သမီးကိုလက်ထပ်ပေးဖို့ပဲအကို…မောင်တင်စိုးကလည်းသမီးကိုသဘောကျနေသူမလား…
မိဘတွေရွှေလမ်းငွေလမ်းဖောက်ဖို့ကပဲ
အရေးကြီးတာမလားအကိုရယ်…
သမီးလည်းကောင်းစားရမှာပါ
အခုတော့ခဏပေးပျော်ထားလိုက်တာပါ။
မဟုတ်ရင်မျက်နှာမွဲကောင်ကိုအားကိုးလွန်ပြီးထင်ရာစိုင်းသွားမှာစိုးရတယ်လေရှင်”

“အမာပြောတာမှန်တယ်…အကိုလည်း
အမာသဘောထားအတိုင်းပဲအမာ”

ဦးထိန်ဝင်းနှင့်ဒေါ်မာခင်တို့သူတို့၏အကြံအားသဘောကျ၍နေကြတော့၏။

ဒါကိုမသိသောချစ်သူနှစ်ဦးမှာတော့…

“မောင်ဖြင့်
ယုံကိုမယုံနိုင်တာသိရဲ့လားကျော့…
ကျော့မိဘများကမောင်နဲ့ကျော့ကို
အလွယ်တကူလက်မခံလောက်ဘူးလို့ထင်ခဲ့တာ”

“မောင်ပြောသလို ကျော့မိဘများကမဟုတ်ရပါဘူးနော်…။အခုပဲကြည့်လေကျော့တို့ကိုသဘောတူပါတယ်ဆိုပြီးပြောလိုက်ပြီပဲဟာ …
ဘာလဲမောင်ကမယုံတာလား
ကျော့ပြောတာကို…မယုံတာလားလို့”

“အာ…အဲ့လိုမဟုတ်ဘူးလေ…ယုံတာပေါ့ မောင့်ချစ်ရသူလေးခင်မေကျော့စကားကို
ယုံတာပေါ့ကွယ်…
မောင်လည်းတကယ်ဝမ်းသာနေရတာပါကျော့ရယ်”

ပြည့်စုံဝမ်းသာမိသော်လည်းအလုံးစုံဝမ်းမသာမိ။
သူ၏စိတ်အတွင်းမှတစ်စုံတစ်ခုအားလေးလံ၍နေခဲ့ရှာ၏။

*****************

ထိုသို့ဖြင့်တစ်ရက်မှာတော့ ဘုန်းကြီးကျောင်းအတွက်လိုအပ်သည်များဝယ်ယူဖို့ရန်
အတွက်ပြည့်စုံတစ်ယောက်မြို့သို့သွားရလေသည်။
ချစ်သူဖြစ်သူမိကျော့အားသုံးရက်မျှသာကြာမည့်
အကြောင်းလေးပြောကာထွက်သွားခဲ့ခြင်းဖြစ်၏။
သို့သော် သုံးရက်မှသုံးလထိတိုင်အောင်ပြည့်စုံတစ်ယောက်
ရွာဆီသို့ ပြန်ရောက်မလာခဲ့ပေ။
မိကျော့သည်လည်း ချစ်ရသူအတွက်ပူဆွေးသောကရောက်နေရ၏။
အများပြောသည့်အကြောင်းအရာများလည်း
မိကျော့ကြားနေရပေသည်။
ထိုအကြောင်းများက ပြည့်စုံတစ်ယောက်ဘုန်းကြီးကျောင်းမှ
ငွေကြေးများအား ယူကာထွက်ပြေးခြင်းပင်ဖြစ်၏။
မိကျော့မယုံကြည်ပါ။
မိဘများမှလည်း ပြည့်စုံအားမေ့ဖျောက်ပစ်ရန်တရားချကြ၏။
သို့သော်မိကျော့ကတော့သူမ၏အခန်းအတွင်း၌သာ
အမြဲလိုလိုတမှိုင်မှိုင်တတွေတွေဖြင့် နေခဲ့ရှာသည်။

မိကျော့၏ပုံစံအားဝမ်းနည်းဖွယ်ကြည့်နေတတ်သည့် သူတစ်ယောက်ရှိနေသည်ကိုတော့မိကျော့မသိခဲ့။
ထိုသူသည် မိကျော့အား အမြဲလိုလိုစကားပြောနေတတ်၏။
သို့သော် မိကျော့မကြားပေ။

ထိုသို့ဖြင့်တစ်ရက်မှာ​တော့ မိကျော့မိမိ၏အခန်းအတွင်းရှိနေစဥ် သူကြီးသားတင်စိုးသည် အခန်းအတွင်းသို့ဝင်ရောက်လာခဲ့၏။
သူ၏ပုံစံသည်အရက်များသောက်စားထားကာ မူးရူးလို့ပင်နေခဲ့သည်။
ထိုသူအခန်းအတွင်းဝင်လာခဲ့၍ မိကျော့အထိတ်တလန့်ဖြင့် …

“နင်ဘာလာလုပ်တာလဲ ငါ့အခန်းထဲကို ထွက်သွားစမ်း…အဘ.. အဘရေ…အဘ”

မိကျော့အော်ဟစ်ပြောနေ​လေရာ အရက်ခိုးဖြင့်ရီဝေနေသောတင်စိုးက…

“အော်မနေနဲ့…နင့်မိဘများကိုယ်တိုင်ကငါ့ကိုဒီအခန်းထဲကိုအရောက်ပို့တာမိကျော့ရဲ့…ဟားး…ဟားး…ဟားး….
နင်ကဟိုအကောင်သတောင်းစားမျက်နှာမွဲကို
တမ်းတနေသေးတယ်ပေါ့…လာခဲ့…
နင်အဲ့အကောင်ကိုမေ့သွားအောင်
ငါချစ်ပြမယ်မိကျော့…ငါချစ်ပြမယ်”

“ဘာ…ငါ့မိဘတွေက…ဘာတွေလဲ…ဘာတွေလဲဟာ….”

“ဟားး…ဟားးး…ဟားး…ဟားး…ဟားး…မိကျော့… အချစ်ရယ်…ဖြစ်နေတာတွေကိုလက်ခံလိုက်စမ်းပါ…
နင်မျှော်နေတဲ့အကောင်ကနင့်ဆီမလာနိုင်တော့ဘူးမိကျော့ရဲ့နင်သိလားမိကျော့…အဲ့အကောင်ကိုလေ…ဟောသည် လက်နဲ့ငါကိုယ်တိုင်သတ်ခဲ့တာဟ”

“ဘာ…နင်ဘာပြောတယ်…တင်စိုး …နင်…
နင်ဘာပြောလိုက်တာ”

“ဟုတ်တယ်မိကျော့…ငါကိုယ်တိုင်အဲ့ကောင်ကိုလမ်းမှာစောင့်ပြီး သတ်ခဲ့တာ…
နင့်အကောင်သိပ်မခံစားရပါဘူးဟာ…
သူ့လည်ပင်းကိုဒီလိုလေးလုပ်ပေးလိုက်ပါတယ်ငါက….
ဟားး…ဟားး…ဟားး…ဟားး…ဟားး….”

တင်စိုးသူ၏လက်ဖြင့်လည်ပင်းအားထိကာလုပ်ပြလေတော့ မိကျော့သည် ဒေါသများ ဝမ်းနည်းစိတ်များ
ထဖွားဖွားထွက်ပေါ်လာခဲ့၏။
ထိုအခါ သူမအိပ်ရာဘေးရှိသစ်သီးခြင်းထဲမှဓားတိုလေးအား လှမ်းယူလိုက်တော့သည်။
ထိုဓားအားယူလိုက်သော်လည်းအရက်မူးနေသော
တင်စိုးတစ်ယောက် ကတော့သတိမထားမိခဲ့။

“အဲ့တော့မိကျော့က ကိုယ်နဲ့ယူရမှာ…မိကျော့က ကိုယ့်မိန်းမဖြစ်တော့မှာလေ…နားလည်စမ်းပါကျော့ရယ်”

တင်စိုးပြောနေသည့်စကားများသည် မိကျော့၏နားအတွင်းသို့
မဝင်တော့။
မိကျော့…တင်စိုးထံသို့
ခြေလှမ်းကျဲကျဲဖြင့်လျှောက်လာခဲ့ပြီး…

“ဒုတ်”

“အားးးးးးးးးးးးး”

“ငါ့ချစ်သူနဲ့ငါနဲ့ခွဲရသလို နင်လည်း ဘယ်ဘဝကိုရောက်ရောက်ငါတို့တွေခွဲခွာရသလို
နင်လည်းတစ်ယောက်ထဲပဲနေထိုင်ရပါစေ….
တူသောအကျိုးနင်ရပါစေ”

“စွပ်….”

“အ…”

မိကျော့ တင်စိုး၏ရင်ဘက်နှလုံးနေရာတည့်တည့်အားဓားဖြင့်အကုန်ထိုးချလိုက်ပြီးထိုစကားအားဆိုလိုက်၏။
ပြီးလေတော့ သူမ၏လည်ပင်းအားထိုဓားဖြင့်သူမကိုယ်တိုင်ထိုးစိုက်လိုက်တော့လေသည်။
တင်စိုးသည်ကတော့မိကျော့ဓားချက်ဖြင့်တချီထဲသေပွဲဝင်သွားခဲ့ရသည်။
သေအံ့စဲစဲမိကျော့သည်က…

“မောင်မရှိတဲ့ဘဝမှာ..မိကျော့…
မိကျော့ မနေ… ပါရ…စေနဲ့”

ဟုပြောရင်းမျက်လုံးများမှိတ်ကာသွားခဲ့တော့လေသည်။

************

“ဘွားက သာယာကုန်းရွာကိုဘာကြောင့်သွားချင်ရတာလဲဘွား”

မောင်တိုးက ဘွားမယ်စိန်အားမေးလေသည်။
ဘွားမယ်စိန်သည်သူ၏လူရင်းများဖြစ်သော
မောင်အုန်းနှင့်မောင်တိုးတို့အားသူ၏နေအိမ်သို့လာစေ၏။
အကြောင်းရှိ၍ခေါ်ယူထားခြင်းဖြစ်ရာ…

“အေး…ဘွားလည်းအဲ့ရွာရဲ့အကြောင်းကို
မမြင်မသိမကြားဖူးခဲ့ပါဘူး…။ဒါပေမယ့်လို့ ကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက် ဘွားကိုအိမ်မက်ပေးတယ်ကွဲ့…မောင်ရင်တို့ကိုပြောပြရရင်
အိမ်မက်ပေးတာကဒီလိုပါ”

မောင်တိုးနှင့်မောင်အုန်းသည် ဘွားမယ်စိန်ပြောမည့်အကြောင်းအရာအားနားစွင့်နေကြ၏။
ဘွားမယ်စိန် ပြောသည့်အကြောင်းသည်က…

တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တစ်ခု၌ဘွားမယ်စိန်ရောက်ရှိနေခဲ့၏။
အခြေအနေကိုနားလည်သောဘွားမယ်စိန်က…

“ဘယ်သူလဲ…ဘာကြောင့်ဒီကိုခေါ်ရတာလဲ”

ဘွားမယ်စိန်အမေးဆုံးလေတော့အမှောင်ထု၏တစ်နေရာမှထွက်ပေါ်လာသော မိန်းမပျိုတစ်ဦးနှင့်အမျိူးသားငယ်တစ်ဦးတို့။
ထိုသူတို့၏မျက်နှာသည်ညှိးငယ်၍နေရှာ၏။

“ဘွားဆီကိုအကူအညီတောင်းချင်ပါလို့”

“မင်းတို့ကဘယ်သူတွေလဲ…”

“ကျွန်တော်နာမည်က ပြည့်စုံပါ…
သူက ကျွန်တော့်ချစ်သူ မိကျော့လို့ခေါ်ပါတယ်ဗျ”

“အင်းမောင်ရင်တို့ကဘာကြောင့်ဘွားကိုခေါ်ရတာလဲ”

“ဘွားရဲ့အကြောင်းကို ကျနော်ကြသိဖူးလို့ပါဘွား
ခုကျွန်တော်တို့ရွာမှာလူတွေဒုက္ခရောက်နေကြရပါတယ်…
အဲ့တာက ဝိညာဥ်ဆိုးတစ်ကောင်ကြောင့်ပါဗျာ…
ဘွားကူညီနိုင်မယ်ထင်လို့ ကျွန်တော်တို့အကူအညီလာတောင်းရတာပါ”

“ပြောပါဦး…ဘယ်လိုအကြောင်းများလဲ”

ပြည့်စုံသည် သူတို့၏အဖြစ်အပျက်များအားပြောပြလေသည်။
အားလုံးကိုသိရှိသွားသော ဘွားမယ်စိန်က…

“ကောင်းပြီ…မောင်ရင်တို့လည်းဘေးလွတ်ရာမှာ
နေကြပါ…ဘွားကူညီပေးပါ့မယ်ကွယ်”

ဘွားမယ်စိန်က ကူညီပေးဖို့ရန်အတွက်လက်ခံလိုက်၍
ပြည့်စုံနှင့်မိကျော့တို့နှစ်ဦးမျက်နှာ၌အပြုံးများဝေသွားကြလေသည်။
ပြီးနောက်ဘွားမယ်စိန်အားနှုတ်ဆက်ကာ
လက်ချင်းတွဲ၍ထွက်သွားကြတော့၏။

“ဒါဆို…အဲ့သာယာကုန်းရွာကလူတွေ
ဒုက္ခရောက်နေကြတယ်ပေါ့”

“ဒါပေါ့ကွယ်…မကောင်းတဲ့ဝိညာဥ်ဆိုးက ကျိန်စာမိထားတေ့ာပိုဆိုးနေတာပေါ့…
သူ့ကြောင့်ရွာမှာကာလဝမ်းရောဂါတွေပေါ်ပြီး
လူအသေအပျောက်များနေလေရဲ့…။
ထူးဆန်းတာကနော် ဘေးရွာတွေကိုလုံးဝမကူးစက်ဘူးဆိုပဲ…
ခုဘွားတို့လုပ်ရမှာက သူကိုသတ်ခဲ့တဲ့ဓားမှာအဲ့ဝိညာဥ်ကခိုအောင်းနေတာ အဲ့တော့ အဲ့ဓားကိုရှာပြီးဖြေရှင်းပေးရမှာကွဲ့…”

“ဘွား သွားရင်ကျုပ်တို့ကလိုက်ဖို့အသင့်ပဲဗျာ…”

“ခရီးကဝေးသကွယ်…လှည်းတဆင့်ကားတဆင့်နဲ့သွားမှရောက်လေမှာ…ဒါပေမယ့်လည်းအများအတွက်ဆိုတော့ ဘွားတို့သွားကိုသွားရမှာပဲလေ”

“စိတ်ချဘွား…ကျုပ်တို့လိုက်နိုင်ပါတယ်”

“အေးကွယ်…မောင်ရင်တို့လိုက်ခဲ့ရင်တော့
ဘွားအတွက်ပိုပြီးအဆင်ပြေတာပေါ့”

ထိုသို့ဖြင့်နောက်တစ်ရက်၌ ဘွားမယ်စိန်တို့သုံးဦးသည် သာယာကုန်းရွာဆီသို့ ခရီးထွက်လာခဲ့ကြ၏။
လှည်းတဆင့်ကားတဆင့်စီးလေမှသာယာကုန်းရွာဆီ
သို့ရောက်လာခဲ့ကြသည်။
ကြာချိန်သည်က တစ်ရက်ခွဲမျှကြာခဲ့လေသည်။
သာယာကုန်းရွာဆီသို့ရောက်လေတော့ ဘုန်းကြီးကျောင်း၌ခွင့်တောင်းကာတည်းခိုရ၏။
ရောဂါကြောင့်ရွာ၌လူအနည်းငယ်သာရှိသည်ဟု
ကျောင်းထိုင်ဆရာတော်မှ
ဘွားမယ်စိန်တို့အားပြောပြလေသည်။
ရွာမှထွက်ပြေးကြသူများနှင့်ရောဂါကြောင့်
သေဆုံးရသူများကြောင့်သာ လူနည်းသွားရခြင်းပင်။
ဘွားမယ်စိန်သည်လည်း သူ၏လာခဲ့ရခြင်းအကြောင်းကိုပြောပြလေတော့ ကျောင်းထိုင်ဆရာတော်ကအံ့သြ သွားခဲ့ပြီး…

“တကာမကြီးပြောတာမှန်ပါတယ်…
ဆရာတော့်ကျောင်းကပြည့်စုံဆိုတဲ့တကာလေးလည်း
မတရားသဖြင့် အသတ်ခံခဲ့ရသလို…
မိကျော့နဲ့တင်စိုးဆိုတဲ့သူနှစ်ယောက်လည်း
သေဆုံးသွားကြပြန်တယ်လေ…။သူတို့သေဆုံးပြီးမကြာပါဘူး ရွာထဲလည်းရောဂါတွေပေါ်လာပြီး
သေသူကသေပြေးသူကပြေးနဲ့ဖြစ်နေခဲ့တာ…
ညဘက်ဆိုများငိုသံရယ်သံတွေက
ဂယက်ထလို့ပါပဲတကာမကြီးရယ်”

“တင်ပါ့ဘုရား…တပည့်တော်တို့လည်းအဲ့အတွက်ကြောင့်ပဲလာခဲ့ရတာပါ…ဆရာတော်ကျောင်းမှာနေခဲ့တဲ့
မောင်ပြည့်စုံနဲ့သူ့ချစ်သူတို့က
တပည့်တော်ကိုအိမ်မက်ပေးအကူအညီတောင်းကြလို့ရောက်ရှိလာကြတာပါဘုရား…တပည့်တော်စဥ်းစားနေတာက ဒီလောက်ဝေးကွာတဲ့အရပ်ကနေတပည့်တော်ကို
သူတို့သိနေကြခြင်းကြောင့်ပါ”

“တကာမကြီးနာမည်ကဘယ်လိုများခေါ်သလဲ”

“တပည့်တော်နာမည်က ဘွားမယ်စိန်ပါဘုရား”

“ဘွားမယ်စိန်…ဘွားမယ်စိန်…သြော် တကာမကြီးအကြောင်းကို ဆရာတော်တို့ဆီလာဖူးတဲ့တကာတစ်ယောက်က
ပြောပြဖူးရဲ့ သူကစောင်ကုန်သည်လေ တကာမကြီးက သူ့ကိုကူညီပေးဖူးတယ်ဆိုပြီး ဆရာတော်တို့ကိုပြောပြခဲ့ဖူးတယ်…အင်း….
တကာပြည့်စုံလည်းအဲ့အကြောင်းကိုအမှတ်ရလို့တကာမကြီးဆီရောက်အောင်လာခဲ့တယ်လို့ထင်ပါတယ်ကွယ်”

“တင်ပါ့ဘုရား။တပည့်တော်နားလည်ပါပြီဘုရား”

“အေး…အေး…တကာမကြီးတို့လိုတာရှိရင် ဟော ဟိုက ကပ္ပိယကြီးကိုသာပြောကြကွယ်…
ကပ္ပိယကြီးကလည်း အစစအရာရာကူညီပေးလိုက်ပါဦး”

“တင်ပါ့ဘုရား…”

“တင်ပါ့”

*******************

“ဘွားတို့လိုချင်တာက တင်စိုးနဲ့မိကျော့တို့ရဲ့သွေးစွန်းနေတဲ့ဓားပဲမောင်ရင်”

ကပ္ပိယကြီးကိုဘွားမယ်စိန်ပြောလိုက်၏။

“အဲ့ဓားဆိုရင်တော့…ကျုပ်အထင် သူတို့သေတဲ့နေရာမှာပဲရှိဦးမယ်ထင်တယ်ဗျ…ခက်တာက အဲ့အိမ်ကမိကျော့မိဘများလည်း
ဝမ်းရောဂါနဲ့ဆုံးပါးသွားကြပြီလေ…
အိမ်ကလည်းလူမနေတော့အပင်တွေဘာတွေနဲ့
ရှုပ်ရှက်ခက်နေလေရဲ့”

“အဲ့တာတွေကကိစ္စမရှိပါဘူး…ဘွားတို့အဲ့ဓားရမှ အဲ့ဝိညာဥ်ဆိုးကောင်ကိုဖယ်ရှားလို့ရမှာကွဲ့”

“ဒါဆိုလည်း ကျုပ်အိမ်ကိုလိုက်ပြပေးပါ့မယ်ဘွား”

” ကျေးဇူးပါကပ္ပိယကြီးရယ်…
ဘွားတို့ကဒီနေ့မှရောက်ပေမယ့်အချိန်ကဆွဲလို့
မကောင်းပြန်ဘူးလေ…။
အဲ့တော့ ဓားကိုဒီညပဲရှာယူပြီး ရှင်းပစ်မှရလိမ့်မယ်”

“ကျုပ်တို့ကအသင့်ပဲဘွား”

“ကျုပ်လည်းကျုပ်ရွာအတွက်လိုက်ပို့ဖို့အသင့်ပါပဲဘွား”

သာယာကုန်းရွာ၌လူမနေသည့်အိမ်များကသာပို၍များ၏။
လူနေသည့်အိမ်များသည်လည်းလေးငါးအိမ်
တစုသာရှိပေသည်။
ထိုအိမ်များနှင့်ဘုန်းကြီးကျောင်းသာလူကျန်ရှိပြီး ကျန်နေရာများမှာတိတ်ဆိတ်ခြောက်ကပ်လျှက်ပင်။
ဘွားမယ်စိန်သည် ကျိန်စာသင့်ဝိညာဥ်ဆိုးကောင်အားရှင်းပစ်ဖို့ရန်အတွက် ကျန်ရှိသောအိမ်များဆီသို့ သူ၏ပရိတ်ကြိုးများအား သွားရောက်ပေးကမ်း၏။
လူတိုင်း၏လက်၌ပရိတ်ကြိုးများဝတ်ဆင်ထားစေခဲ့သည်။
ထို့ပြင်မောင်တိုး….မောင်အုန်းနှင့်ကပ္ပိယကြီးကိုပါ သူ၏ပရိတ်ကြိုးများဝတ်ဆင်ထားခိုင်းခဲ့၏။

*********

အချိန်သည်ကားကျရောက်လာလေပြီ။
ညသည်လည်းမှောင်စပြုလာခဲ့ပြီး ဘွားမယ်စိန်တို့သည်လည်းမီးတုတ်များဖြင့် အိမ်အိုကြီးအတွင်းသို့ဝင်ရောက်လာခဲ့ကြ၏။

“ကျွီ….”

ပင့်ကူမျှင်များ…အမှိုက်သရိုက်များကိုဖယ်ရှောင်ရင်း အိမ်ကြီးအတွင်းသို့ဝင်လာခဲ့ကြသည်။
ထိုသို့ဝင်လာရင်း မည်းမည်းအရိပ်တစ်ခုသည် သူတို့အားစိုက်ကြည့်နေခဲ့သည်ကို ဘွားမယ်စိန်မြင်နေရ၏။
ထိုသည်ကဝိညာဥ်ဆိုးပင်ဖြစ်သည်။
ဝိညာဥ်ဆိုးသည်ကအခြားမဟုတ်တင်စိုးပင်ဖြစ်၏။

သို့သော်တင်စိုးသည်မျက်လုံးနီကြီးများဖြင့်သာ
သူတို့အားစိုက်ကြည့်လို့နေပေသည်။
သူတို့၏အနီးအနားဆီသို့တင်စိုးကပ်လို့မရခဲ့။

“ကပ္ပိယကြီးနဲ့မောင်အုန်းကဓားကိုရှာယူခဲ့ကြ…
ဘွားနဲ့မောင်တိုးကဒီနေရာကစောင့်နေမယ်”

တင်စိုးအားစိုက်ကြည့်ပြီး
ဘွားမယ်စိန်ကပြောလေသည်။
မောင်အုန်းတို့ကလည်းဘွားမယ်စ်ိန်
ပြောသည့်အတိုင်းသွားကြ၏။
တင်စိုးသည်သူ့အားမြင်နေရသည့်ဘွားမယ်စိန်အား….

“ငါ့ကိုဒီဘဝရောက်အောင်လုပ်တဲ့ဟာတွေကော
ဒီရွာကဟာတွေကိုပါငါကသတ်ပစ်ဦးမှာ…
ငါသတ်ပစ်ဦးမှာ….ဟား..”

ဟု
အသံကျယ်ကြီးဖြင့်အော်ပြောလေရာ ဘွားမယ်စိန်ကသူ၏တောင်ဝှေးကိုဆောင့်ချလိုက်ပြီး…

“တိတ်စမ်း…။နင့်ရဲ့မကောင်းတဲ့ကံကြောင့်နင်ဒီလိုဖြစ်နေရတာကို
နင်ကမိုက်လို့ကောင်းတုန်းလား…
နင်ကိုယ်တိုင်နောက်ဘယ်သူ့ကိုမှ
ဒုက္ခမပေးတော့ပါဘူးလို့ဆိုခဲ့ရင် နင့်ကိုငါလွတ်မြောက်ခွင့်ပေးမယ်…အေး…
ဒီလိုမှမဟုတ်နင်ဆက်ပြီးမိုက်နေဦးမယ်ဆိုရင် နင့်ဝိညာဥ်ကိုငါဖျက်စီးပစ်ရလိမ့်မယ် နင်ကြ်ိုက်တာရွေး…”

“ဟားးး….ဟားးး….ဟားး….ဟားး….
ဟားးး…ဟား…..ဟားး…ဟားး…ဘာမဟုတ်တဲ့အဆောင်နဲ့ငါ့ကိုလာပြီးဆရာလုပ်သကိုး…ဒီမှာအဘွားကြီး ကျုပ်ဆိုတဲ့အကောင်က ဒီရွာကလူကုန်မသတ်ရသေးသ၍ မကျေနပ်နိုင်ဘူး ဟိုကောင်နဲ့ကောင်မကတော့ ကျုပ်လက်ကလွတ်ပေမယ့် ဒီကဟာတွေကိုတော့ ကျုပ်ကသတ်ရဦးမှာပဲ…”

“ဘွား…ဒီမှာဓားရပြီ”

တင်စိုးကကြောက်မက်ဖွယ်အသံကြီးနှင့်ပြောနေလေသည်။
ထိုစဥ် မောင်အုန်း၏လက်ထဲ၌သွေးများ
ခြောက်နေသောဓားတိုလေးပါလာခဲ့၏။
ထိုဓားကိုဘွားမယ်စိန်ယူလိုက်ပြီး တင်စိုးအားစိုက်ကြည့်လိုက်သည်။
ပြီးလေတော့…

“မသနားသင့်တဲ့အရာကိုသနားရင်
ကျန်လူတွေအတွက်ဘေးဖြစ်စေတယ်…
အဲ့တော့ ငရဲကိုသာ သွားပေတော့….”

“ဝီး…..”

“ဖောက်….”

“အားးးးးးးးးးးးးး”

ဘွားမယ်စိန်သည်ချက်ချင်းဆိုသလိုထိုဓားတိုဖြင့် တင်စိုးထံသို့ပစ်စိုက်လိုက်လေရာ သတိမမူမိလိုက်သောတင်စိုးတစ်ယောက်
သူ၏နှလုံးတည့်တည့်ဆီသို့
ဓားဟာစိုက်ဝင်လို့သွားခဲ့တော့သည်။
ဓားစိုက်ဝင်သွားချိန်၌တင်စိုး၏
အော်သံကျယ်ကြီးထွက်ပေါ်လာပြီး တင်စိုး၏ပုံဏ္ဍာန်သည်အငွေ့အဖြစ်မှ
ပျောက်ကွယ်လို့သွားခဲ့လေသည်။
မည်သည်ကိုမှမမြင်မကြားရသော မောင်အုန်းတို့သည်လည်း တင်စိုး၏အော်သံကျယ်ကြီးကိုကြားလိုက်ကြရသည်။

“အင်းး….ကယ်လို့မကောင်းတဲ့သတ္တဝါပဲ…
ကဲမောင်အုန်း ဟိုဓားကိုဘွားဆီယူပေး…ကပ္ပိယကြီးတို့လည်း ဒီဝိညာဥ်ကောင်ကိစ္စကိုမပူပန်နဲ့တော့ သူ့ကံနဲ့သူသွားလေပြီ…
ရွာမှာလည်းအရင်လိုပြန်နေလို့ရပါပြီ ဝိညာဥ်ဆိုးကောင်မရှိတော့တဲ့အတွက်စိတ်ချကြပါတော့”

” ကျေးဇူးတင်ပါတယ်ဘွား”

ဘွားမယ်စိန်သည်မောင်အုန်းကောက်ယူပေးသော ဓားအားသိမ်းဆည်းလိုက်သည်။

“သြော်…ဒါနဲ့ကပ္ပိယကြီး…ရွာကလူတွေကိုအလှူအတန်းတွေလုပ်ရင် မောင်ပြည့်စုံနဲ့ခင်မေကျော့တို့ကိုလည်း
အမျှအတမ်းပေးဝေပေးပါလို့ ဘွားမှာပါရစေ”

“ဘွားသဘောအတိုင်းဖြစ်စေရပါမယ်ဗျာ”

“အေးကွယ်…ကဲ…ဘုန်းကြီးကျောင်းကိုပဲပြန်ကြတာပေါ့”

ဘွားမယ်စိန်တို့ဘုန်းကြီးကျောင်းသို့ပြန်သွားကြတော့သည်။
ဘွားမယ််စိန်တို့အားနောက်ပါးဆီမှကြည့်ကာ ဝမ်းသာနေကြသည့် ပြည့်စုံနှင့်မိကျော့တို့အား ဘွားမယ်စိန်သတိမထားမိလိုက်တော့ပေ။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)

စာမူလေးကိုကြိုက်နှစ်သက်ရင်likeပေးပါနော်။