ကြမ္မာဝဋ်ကြွေးတုံ့မနှေး

ကြမ္မာဝဋ်ကြွေးတုံ့မနှေး(စ/ဆုံး)
——————————

ချောင်းဝဆိုသော ရွာကလေးသည် ဧရာဝတီ တိုင်းဒေသကြီးအတွင်းက ရွာလေးတစ်ရွာ ဖြစ်ပြီး ရေလုပ်ငန်းဖြင့် အဓိက အသက်မွေး ဝမ်းကျောင်း ပြုကြသည်။ ဘိုးစဉ်ဘောင်ဆက် လယ်ယာလုပ်ငန်းကို လုပ်ကိုင်သူများရှိသလို ကြက်၊ ဝက်၊ ဘဲ၊ ဆိတ်၊ နွားတို့ မွေးမြူသော လုပ်ငန်း လုပ်ကိုင်သူများလည်း ရှိကြ၏။

အချို့က နွေစပါး၊ မိုးစပါးများ စိုက်ပျိုး ထွန်ယက်ပြီးချိန်၌ ချောင်းစပ်၊ မြောင်းစပ်တို့ တွင် ဘဝင်ပိုက်ထောင်ခြင်း၊ ဒိုင်းကွင်းထိုးခြင်း၊ ပုစွန်စမ်းခြင်း၊ မြှုံးထောင်ခြင်း စသည့် လုပ်ငန်း များ လုပ်ကိုင်ကြသည်။
အမျိုးသမီးများက ကောက်စိုက်၊ စပါး ရိတ်သိမ်းပြီးချိန်များတွင် ဓနိထိုးခြင်း၊ ကဏန်း ကျချိန်တွင် ဖောင်စီးကဏန်းဆယ်ယူကာ ကဏန်းဆီ ထုတ်ယူရောင်းချခြင်းဖြင့် နွေ၊ မိုး၊ ဆောင်း ရာသီမလပ် အလုပ်လုပ်ကိုင်ကြသည်။

အချို့ကလည်း သစ်ခုတ် ဝါးခုတ်ထွက်သူ များ၊ မီးသွေးဖုတ်သူများရှိသလို ကုန်ရောင်း ကုန်ဝယ်လုပ်ငန်းများ ပြုလုပ်သူများလည်း ရှိကြသည်။
ဤသို့ဖြင့် ချောင်းဝရွာကလေးသည် ရာသီ ပေါ် လုပ်ငန်းများ လုပ်ကိုင်ကြကာ ရိုးသား ဖြူစင်သော ကျေးလက်တောဓလေ့ တော သဘာဝကို ဖော်ကျူးနေသော ရွာကလေး တစ်ရွာဟုဆိုလျှင်လည်း မမှားချေ… ။

(၂)

လှကြိုင်တို့မိသားစုသည် ချောင်းဝရွာ ဇာတိဖြစ်ပြီး မိဘညီအစ်ကို မောင်နှမများက မိရိုးဖလာ လယ်ယာလုပ်ငန်း လုပ်ကိုင်ကြသော် လည်း လှကြိုင်ကတော့ တံငါလုပ်ငန်းတစ်ခု တည်းကိုသာ ဇောက်ချလုပ်ကိုင်လေသည်။

လှကြိုင်မိန်းမ မသန်းခင်ကလည်း အစက လယ်ယာလုပ်ငန်းလုပ်ကိုင်ဖို့ နားချပေမယ့် မရသည့်အဆုံး မောင်တစ်ထမ်း မယ်တစ်ရွက် ပမာ ယောကျ်ားက ပိုက်ဆွဲ၊ မိန်းမက ငါးဖြုတ် ငါးရွေးအလုပ်ဖြင့် နေသားကျလာပြီး ငွေဝင် လွယ်သဖြင့် ကြာတော့ လယ်ယာလုပ်ဖို့ လှကြိုင်ကို မတိုက်တွန်းတော့ချေ။

လှကြိုင်ကလည်း အကုသိုလ်အလုပ်နှင့် အကျိုးပေးသည်ဟု ဆိုရမည်။ တံငါလုပ်ငန်း လုပ်ကိုင်ကြခြင်းအတူတူ လှကြိုင်က သူများ ထက် ငါးအရများလေသည်။

သားသမီးတွေရလာတော့ လှကြိုင်တို့ အလုပ်ပိုကြိုးစားရသည်။ လင်မယား နှစ်ယောက် တက်ညီလက်ညီ လုပ်ကိုင်ကြ တော့ စီးပွားရေးချောင်လည်လာသည်။

စီးပွားရေးအဆင်ပြေလာတော့ လှကြိုင်တို့ လင်မယားတွေ တံငါလုပ်ငန်းမှာ စွန့်ဦးလုပ်ငန်း လုပ်ကိုင်ချင်ကြသည်။ ထိုအရာကား အခြား မဟုတ်၊ ချောင်းလေလံဆွဲခြင်း ဖြစ်လေသည်။ အကျိုးပေးလို့ အကြောင်းထင်သည်ဟု ဆိုရ မည်ဖြစ်သည်။ လှကြိုင်တို့ဆွဲသော ချောင်း လေလံသည် အောင်မြင်လေ၏။

တစ်နိုင်တစ်ပိုင် လုပ်ကိုင်လိုသော ရေလုပ် သားတို့သည် လှကြိုင်တို့ထံတွင် တန်ဖိုးအခ ကြေးငွေပေး၍ ပိုက်ထောင်၊ ငါးဖမ်းခြင်း လုပ်ငန်း လုပ်ကိုင်ကြရသည်။ ရရှိသည့် သား၊ ငါး၊ ပုစွန်များကို လှကြိုင်မိန်းမ မသန်းခင်က အဝယ်ဒိုင်ဖွင့်၍ ဝယ်ယူကာ တစ်ဆင့်မြင့် ရောင်းချလေသည်။

အခကြေးငွေမပေးဘဲ ငါးခိုးဖမ်းခြင်းများ တွေ့ရှိပါက အစက ပိုက်သိမ်းခြင်း၊ ဖမ်းဆီး ရမိသော ငါး၊ ပုစွန်များအား သိမ်းဆည်းခြင်း ပြုသော်လည်း နောက်ပိုင်းတွင် ဥပဒေအရ ဖမ်းဆီးထောင်ချခြင်းပင် ပြုလုပ်လေသည်။

“ကိုကြီးလှကြိုင်ရယ်… ကျွန်တော့်မှာ ငွေ ပေးပြီး မလုပ်နိုင်လို့ ဒီတစ်ခါထဲ ခိုးဖမ်းမိတာ ပါဗျာ… ကျွန်တော့်မိန်းမမှာလည်း ကိုယ်ဝန်ကြီး နဲ့မို့ ငွေလိုတာကြောင့် ကြံမိကြံရာ ကြံလိုက် တာပါ။ ရလာတဲ့ သား၊ ငါး၊ ပုစွန်တွေကိုလည်း အစ်မကြီးသန်းခင်ဆီမှာပဲ ပုံမှန်ရောင်းပါ့မယ်။ ငါးဖမ်းခွင့်လိုင်းကြေးကိုလည်း နည်းနည်းချင်း သွင်းပါ့မယ်။ ကျွန်တော့် ပိုက်ကလေး ပြန်ပေး ပါဗျာ”

“ဟ…မင်းကို ခွင့်လွှတ်လိုက်ရင် နောက်ပိုင်း တစ်ယောက်ပြီးတစ်ယောက် ခိုးဖမ်းကြမှာ ပေါ့ဟ။ ငါလည်း အလကားရထားတဲ့ လေလံ မဟုတ်ဘူးကွ…။ မရဘူးကွာ… ပြန်မပေးဘူး…”

လှကြိုင်က ပြတ်ပြတ်သားသား ဆိုလေ သည်။ စီးပွားရေးပြေလည်သူမို့ ကိုယ်ချင်းစာ တရား မထားနိုင်သော လှကြိုင်တို့ မိသားစု ကတော့ တစ်နေ့တခြား ရွာ၏ ကြေးရတတ် စာရင်းဝင်များ ဖြစ်လာခဲ့သည်။
စီးပွားရေးလုပ်လျှင် မည်သည့်မျက်နှာမှ မကြည့်ရဟူသော သူ့မူအရ မိသားစုတွေ၊ ဘဝ တွေများစွာ သူခြယ်လှယ်သလို ခြယ်လှယ်ခွင့် ရရှိခဲ့သည်။ လူငယ်တချို့ကို လက်သပ် မွေးထားပြီး ညကျလျှင် ဓာတ်မီးတဝင်းဝင်းဖြင့် ချောင်းလိုက်စစ်ကြသည်။

စီးပွားရေးအဆင်ပြေတော့ သားသမီးတွေ ကိုလည်း လူတန်းစေ့အောင် ကြော့မော့စွာ ထားနိုင်၏။ မြို့တက်ကျောင်းထားပြီး ဘော်ဒါ ဆောင်မှာ လိုလေသေးမရှိ ဖြည့်ဆည်းပေးနိုင် သည်။

သူကိုယ်တိုင်ကလည်း အရက်ကလေး တထွေထွေနှင့် တပည့်တပန်း စုံလင်စွာ လောကစည်းစိမ်ကို ဘဝတွေချနင်းပြီး အမြည်း အဖြစ် စားသောက်ပျော်ရွှင်နေခဲ့သည်။

ငွေရှိလျှင် အရာရာပြည့်စုံနေပြီထင်သော လှကြိုင်တို့ မိသားစုအဖို့ သံသရာစက်ဝန်းကြီး က အစဉ်အမြဲ လည်ပတ်နေသည်ကိုတော့ ဘဝမေ့တဲ့ လှကြိုင်တစ်ယောက် ယခုအချိန် သိကြားမင်းဆင်းပြောလျှင်ပင် နားလည်နိုင် မည်မထင်ချေ… ။

(၃)

“ကိုလှကြိုင်… ရှင်လည်း သောက်တာ စားတာ လျှော့ဦး”
“အေးပါဟာ… ငါ့ကို အမြည်းလုပ်ပေးပါဦး”

အရက်ပုလင်းကိုင်ကာ ထွက်လာလို့ ဇနီး မသန်းခင်က ပြောလိုက်ခြင်းဖြစ်သည်။ လှကြိုင်က အမြည်းလုပ်ခိုင်းသဖြင့် ပုံးထဲက ပုစွန်ကြီးကြီး သုံးကောင် အခွံသင်ပြီး ကြော်နေ လေသည်။

“တော့်သားသမီးတွေက ပိုက်ဆံလိုတယ် ပြောလို့ ကျုပ်မြို့တက် သွားပို့လိုက်ဦးမယ်။ အဝယ်ဒိုင်ကို တော့်ညီမ မြအေးကို ခဏထားခဲ့ မယ်… တော်လည်း သောက်တာ စားတာ လျှော့…”

သန်းခင်က ပွစိပွစိပြောရင်း အဝတ်အစား လဲကာ ထွက်သွားလေသည်။ သားသမီးတွေက မလိမ္မာ၊ ငွေသာခဏခဏတောင်းနေသည်ဟု သန်းခင်ပြောတာ ကြားနေရသည်။ ဟိုတစ်လော ကလည်း အကြီးကောင်တစ်ယောက် ရန်ဖြစ်လို့ အမှုမဖြစ်ရန် ငွေပေးကျေအေးရသေးသည်ဟု သိရသည်။

စီးပွားရေးဘက် လုံးပန်းနေရသည်မို့ သား သမီးတွေဘက် မလှည့်နိုင်။ မိဘအရှိန်အဝါဖြင့် ဆိုးမိုက်နေခြင်းဖြစ်သည်။ ဘော်ဒါကလက်မခံ တော့ အပြင်မှာ အိမ်ငှားနေကြရသည်။ ဒီတစ် ခေါက် ပြန်လာလျှင် ဆူပူကြိမ်းမောင်းလိုက် ဦးမည်ဟု စိတ်ထဲ မှတ်ထားလိုက်၏။
အရက်သောက်မည်ဟု အရက်ဝိုင်းထိုင်ကာ မှ ခုနက သန်းခင်ကြော်ထားခဲ့တဲ့ ပုစွန်ကြော်က ပန်းကန်ထဲ မရှိတော့။ မျက်စိလှည့်ပတ်ကစား ကြည့်လိုက်တော့မှ အိမ်ဘေးက ကြောင်ဝါကြီး တစ်ကောင် ကြောင်ပုစွန်စား ကြွပ်ကြွပ်ဝါး ဆိုသလို အားရပါးရ စားနေသည်ကို တွေ့ရလေ သည်။
ညကအရှိန်မပျယ်သေးသည့်အပြင် စိတ် ညစ်စရာတွေ ပူပန်မှုတွေရောပြီး ဒေါသပြင်းစွာ ဖြင့်…

“ကဲ ကွာ…. ဘုန်း”
“ညောင်… ညောင်… ညောင်”

ကြောင်မမှာ ပြင်းထန်သည့် ခြေကန်ချက်နှင့် နံရံသွားရိုက်မိပြီး သွေးစက်လက်ဖြင့် ပြေးထွက် သွားလေသည်။ ဒေါသနောက်မှ အမှားပါတတ် သော လှကြိုင်အဖို့ တော်တော်နဲ့ စိတ်ဖြေမရ။ ယခုတလော အလုပ်အကိုင်ကလည်းမကောင်း ဆိုတော့ ဘာမှမမြင်နိုင်ပေ။

နောက်မှ သိရသည်မှာ ထိုကြောင်မမှာ ကိုယ်ဝန်ကြီးနဲ့ဖြစ်ပြီး လှကြိုင်ကန်ချက် ကြောင့် ကိုယ်ဝန်ပျက်ကာ မကြာခင် သေဆုံး သွားသည်ဟု သိရလေသည်။ လှကြိုင် စိတ် မကောင်းပေမယ့် ပြုမိပြီးဖြစ်သည်မို့ ဘာမှ မတတ်နိုင်ပေ… ။

သတ္တဝါတစ်ခု ကံတစ်ခု ဘဝတွေမို့ ကံစီမံရာ အတိုင်း ဝဋ်ကြွေးရှိသမျှ ပေးဆပ်နေကြရသည် ကို လှကြိုင်တစ်ယောက် နားလည်နိုင်ပါ့မလား ဆိုတာ မည်သူမှ မသိနိုင်ပေ… ။

(၄)

ကံတရားဟူသည် အနိမ့်အမြင့်ရှိသလို ရေစီး တစ်ခါ ရေသာတစ်လှည့်ဟူသော စကားတို့ သည်လည်း အမှန်ပင်ဖြစ်လေသည်။
စီးပွားရေးအရ အုပ်ချုပ်ခြယ်လှယ်နေသော လှကြိုင်တို့အဖို့ အကောင်းဘက်မှ အဆိုးဘက် သို့ ဦးတည်လာသည်ဟု ဆိုရမည်ဖြစ်သည်။ ပြိုင်ဆိုင်မှုများသော ယနေ့ခေတ်တွင် လှကြိုင် တို့ စီးပွားရေးလုပ်ငန်းများသည် အတိုင်အတော များ ရှိလာခဲ့သည်။ ထို့ကြောင့် ယခုနှစ် ငါးဖမ်း ချောင်းလေလံကို အခြားတစ်ဦးက လေလံဆွဲ အောင်မြင်သွားလေတော့သည်။

လေလံမရတော့သဖြင့် ဝင်ငွေပိတ်သွား သည့်အပြင် လှကြိုင်၏ အမြတ်ကြီးစားမှုများ ကြောင့် မသန်းခင်၏ ငါး၊ ပုစွန် အဝယ်ဒိုင်ကို မည်သူမှ သားငါး လာမရောင်းကြတော့ပေ။ မသန်းခင်တစ်ယောက်လည်း ကိုယ်ဝန်ကြီး နဲ့မို့ ဘာမှမလုပ်နိုင်သလို ဆရာတစ်ဆူပမာ မင်းမူနေသော လှကြိုင်အနားတွင်လည်း အခြွေ အရံ သာရာကပ်ဖားတို့သည်လည်း ခွာကြဉ် သွားလေပြီ။

ဒီကြားထဲ လှကြိုင်အတွက် ကံဆိုးမိုးမှောင် ကျသောနေ့သို့ ရောက်လာခဲ့ချေပြီ။

မြို့မှာ ကျောင်းတက်နေတဲ့ လှကြိုင်၏ သား အကြီးဆုံး ဝင်းဇော်တစ်ယောက် မူးယစ် ဆေးဝါးသုံးစွဲမှု၊ ဖြန့်ဝေမှုတို့ဖြင့် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံရလေသည်။

ထိုသတင်းကြားသော မိခင်ဒေါ်သန်းခင် တစ်ယောက် လှိုင်းထန်လှေလူးကြားမှာပင် မြို့တက်သွားရာ လမ်းခုလတ်မှာပင် လှေမှောက်၍ ကျန်သူအားလုံး ဘာမှမဖြစ်ဘဲ မသန်းခင်တစ်ယောက်သာ ကိုယ်ဝန်ကြီးနဲ့ လှိုင်းအောက် လှေအောက်ရောက်၍ အသက် ဆုံးရှုံးရလေသည်။
အဖြစ်အပျက်တို့သည် မယုံနိုင်အောင် ဖြစ်ပွားခဲ့ပြီး ကြားရသူအပေါင်းက စုတ်တသပ် သပ်ဖြင့် စိတ်မကောင်းဖြစ်ကြရသည်။ ကိုယ်တိုင်ခံစားရသူ လှကြိုင်တစ်ယောက် ကတော့ အရူးမီးဝိုင်းပမာ မရူးရုံတမည် ကျန်ခဲ့ လေတော့သည်။

ဇနီးဖြစ်သူ မသန်းခင်အတွက် ဝမ်းနည်း ပူဆွေးရသလို သားဖြစ်သူအတွက်လည်း ရတက်မအေးရပေ။

ဒုက္ခဆင်းရဲအားလုံးတို့သည် တစ်ပြိုင်နက် တည်း ဝင်လာသည်ဟု ဆိုရမည်ဖြစ်သည်။ လှကြိုင်တစ်ယောက် သားနဲ့ဇနီးအတွက် ဝမ်းနည်းပူဆွေးနေရချိန်မှာပင် တစ်ပူပေါ် နှစ်ပူဆင့်သလို မြို့က သမီးငယ်ဖြစ်သူ နှင်းမှုန် တစ်ယောက် ငယ်ငယ်ရွယ်ရွယ်နှင့် လူငယ် တစ်ယောက်ဖြင့် ခိုးရာလိုက်သွားသည့် သတင်း ကြားရလေသည်။

လှကြိုင်အဖြစ်က ချောင်းဝရွာ တစ်ခုလုံး လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားရုံမက ကြားရသူ အပေါင်း တရားရကြလေသည်။ အကုသိုလ် အကျိုးပေးမြန်ပုံနှင့် ဝဋ်ကြွေးကြီးမားပုံကို ကြည့်ပြီး အားလုံးက “ဘုရား… ဘုရား” ဟု တကြရသည်။

ပဉ္စလက်ဆန်ဆန် မျက်လှည့်ပြသွားပုံက လှကြိုင်ကို သံသရာအတွက် လှုပ်နှိုးသတိပေး လိုက်သလို ဖြစ်နေလေ၏။

(၅)

ရွာဦးကျောင်းက အုန်းမောင်းခေါက်သံနှင့် ရွာဦးစေတီမှ ဆည်းလည်းသံလေးများသည် ကြားရသူအဖို့ သာယာနာပျော်ဖွယ်ကောင်းလှ သည်။ ထိုအသံများထက် တရားဓမ္မအသံများ က ပို၍ပင်သာယာလှချေ၏။
လှကြိုင်တစ်ဖြစ်လဲ ဦးပဉ္စင်းဝိမလ တစ်ယောက် သာသနာ့ဘောင်မှာ မွေ့ပျော်နေ ပြီဖြစ်သည်။ ဘုရားရိပ်၊ တရားရိပ်သည်သာ သူ့အတွက် အေးချမ်းနေပြီး လောဘ၊ ဒေါသ၊ မောဟတို့ မရှိသည့်အတွက် စိတ်ကြည်နူး ချမ်းမြေ့ရသည်။

မကောင်းမှုများ ရှောင်ကြဉ်ရန် အသိ၊ သတိ တရားတို့ လိုအပ်သည်ကိုလည်း ယခုတော့ သိမြင်လာရပြီး ဖြစ်သည်။

ချောင်းဝရွာကလေးသည် ယခင်လိုပင် လှုပ်ရှားသွားလာနေကြသည်။ သို့သော် တစ်ခု တော့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ တစ်ချိန်က ကြေကွဲဖွယ်အဖြစ်တို့ကို တွေ့မြင်ကြပြီး သံဝေဂ ရကာ ကိုယ်ချင်းစာတရားနှင့် မေတ္တာတရား တို့ လှိုင်လှိုင်ပေါများလာခဲ့ပြီ ဖြစ်သည်။

သင်ပြုသောကံ ပဲ့တင်သံ သင့်ထံပြန်လာ မည် ဆိုသည့်စကားကို အားလုံးသိရှိသွားကြပြီ ဖြစ်သည်။

တူသောအကျိုးပေးခြင်းသည် ထိတ်လန့် ကြောက်ရွံ့စရာကောင်းပြီး သံသရာဝဋ်ဆင်းရဲ မှ လွတ်မြောက်ဖို့ရာ ယခုကတည်းက ကြိုးစား အားထုတ်မှ ရမည်ဆိုတာ ဦးပဉ္စင်းဝိမလ တစ်ယောက် ကောင်းစွာသဘောပေါက် နားလည်ခဲ့ပြီ ဖြစ်လေတော့၏……… ။