ကွင်းပိုင်သဘက်ကြီး(စ/ဆုံး)
—————————-
တစ်ခေတ်,တစ်ခါက အောက်မြန်မာပြည်ဘက် အရပ်ဒေသရှိ ကျေးလက်,တောရွာတစ်ခုတွင် ဦးဘောဂဟူသည့် လယ်ပိုင်,ယာပိုင် သူဌေးကြီးတစ်ဦး ရှိခဲ့ဖူးလေသည်။ ဦးဘောဂသည် သူပိုင်ဆိုင်ရာ လယ်ယာဧကများအား ပြန်လည်အငှားချလေ့ ရှိပြီး၊ ဘိုးစဉ်,ဘောင်ဆက် လုပ်ကိုင်လာခဲ့သော လယ်ရှင်,ယာရှင်လုပ်ငန်းကိုသာ အမွေဆက်ခံ ထိန်းသိမ်းလာသူတစ်ဦး ဖြစ်၏။ ထို့ကြောင့် သူ၏ လယ်ယာများမှာ ပြန်အငှားလုပ်သူတို့၏ စိုက်ပျိုးခင်းများဖြင့် အမြဲလိုလို စိမ်းစို,သာယာနေပြီး ကျေးလက်တောရွာတို့၏ ဂုဏ်ကျက်သရေဖြင့်လည်း ပနံသင့်လှပေသည်။
ဤသို့သော စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကထား၍ လုပ်ကိုင်ကြသော ဦးဘောဂတို့၏ ကျေးရွာကို အခါတပါးတွင် သားအဖနှစ်ဦး ပြောင်းရွှေ့လာကြ၏။ ထိုသားအဖနှစ်ဦး၏ အမည်များမှာ ဦးစံလှနှင့် မညိုမြဟု ခေါ်တွင်ပြီး၊ ၎င်းတို့သည် ဆင်းရဲ,နွမ်းပါး၍ ရိုးသား,ကြိုးစားကြမည့်ပုံ ပေါ်သည်။ သို့နှင့် တစ်နယ်,တစ်ကျေးဇာတိမှ ဤအသားအဖသည် ဦးဘောဂထံ တစ်ရက် ပေါက်ချလာကြပြီး ငှားရမ်းနှုန်းခ ချိုသာမည့် လယ်ယာမျိုးကို မေးမြန်းကြလေ၏။ ထိုအခါ ဦးဘောဂကလည်း သူ၏ လယ်ယာအလွတ်များထဲက ဈေးသက်သာရာများကို လိုက်လံ ပြသပေးလေသည်။
ယင်းသို့ လိုက်လံ ပြသရာမှ အကွက်အကွင်း ကောင်းလှသော်လည်း ကာလရှည်ကြာ စွန့်ပစ်ထားသည့် ဒဏ်ကြောင့် မြေလွတ်ရိုင်းကြီး ဖြစ်နေရသည့် ကွင်းပြင်ကျယ်ကြီးတစ်ခုရှေ့သို့ သူတို့ ရောက်ရှိလာခဲ့ကြ၏။ သို့သော် ထိုနေရာ အရောက်တွင်တော့ ဦးဘောဂက မည့်သည့် နှုန်းထားကိုမျှ မပြောဘဲ ဖာသိဖာသာ ရှိနေလေရာ ဦးစံလှက…
“ဒီကွင်းပြင်ကြီးကရော ဘယ်သူ့အပိုင်တုန်းဗျ သူဌေးကြီးရ” ဟု တီးခေါက်ကြည့်လေသည်။
“ဒါကလည်း ကျုပ်ရဲ့ အပိုင်ပဲဆိုပါတော့ ဦးစံလှရယ်”
မိမိ၏ မေးခွန်းကို စိတ်ပါ,လက်ပါ မရှိဟန် ပြန်လည် ဖြေကြားလိုက်သည့် ဦးဘောဂ၏ စကားကြောင့် ဦးစံလှလဲ စိတ်တွင် တစ်မျိုးဖြစ်သွားမိ၏။
“ဪ… ဒါဖြင့်ရင် ပြန်အငှားလုပ်သူ မရှိဘူးလားဗျ”
ဦးစံလှက ထိုသို့ ထပ်မေးကြည့်သောအခါ ဦးဘောဂမှာ သက်ပြင်းတစ်ချက် ချကာ…
“အရင်ကတော့ ရှိခဲ့ဖူးကြပါရဲ့ဗျာ” ဟု လေးတွဲ့တွဲ့ဖြင့် ပြန်လည် အဖြေပေးလေသည်။
“နို့၊ ဒီလိုဆို အခုကျ ဘာဖြစ်လို့တုန်းဗျ။ ကြည့်ရတော့ဖြင့် မြေယာရဲ့ အနေအထားက ကောင်းလှပါဘိသနဲ့”
ဤသို့ စူးစမ်းသည့်,ဟန် ဦးစံလှက ဆိုလိုက်ပြန်လျှင် ဦးဘောဂသည် မျက်စိ,မျက်နှာ မကောင်းစွာဖြင့်…
“ပွင့်ပွင့်လင်းလင်း ပြောရရင်… ဒီကွင်းပြင်ကြီးက ပြန်အငှားလုပ်သူတွေအတွက် ကောင်းကျိုးမပေးလို့ပေါ့ဗျာ” ဟု ပြန်ပြော၏။
“ဘယ့်နှယ် ကောင်းကျိုးမပေးရသတုန်းဗျ”
စိတ်ဝင်စားလာသဖြင့် ဦးစံလှက မေးမြန်းကြည့်ပြန်လျှင် ဦးဘောဂမှ…
“ဒီနေရာမှာ ပြန်လုပ်သူတွေခမျာ ဘယ်လိုကြောင့်မှန်း မသိပါဘူးဗျာ… တစ်ခုမဟုတ် တစ်ခုဖြစ်ပြီး သေကြေကြရရှာတယ်။ ဖျားနာပြီး သေကြတာက တစ်မျိုး၊ ပိုးထိလို့ သေကြတာက တစ်မျိုး အမျိုးမျိုးပေါ့ဗျာ… ရိုးရတယ်ကို မရှိပါဘူး။ ခိုက်တယ်လို့ပဲ ဆိုရမှာပေါ့။ ကြုံခဲ့ရသမျှကတော့ စိုက်ချိန်,ပျိုးချိန်ဆိုရင်တော့ အကောင်း၊ ရိတ်ချိန်,သိမ်းချိန်ရောက်မှ တစ်နည်းနည်းနဲ့ ထထသေကြတော့တာပဲ။ အစက တိုက်ဆိုင်မှုရယ်လို့ပဲ အမှုမဲ့,အမှတ်မဲ့ ထားခဲ့ကြပေမယ့် ကြုံလာရဖန် များလာတော့ လူတွေကလဲ ပြန်အငှားမလုပ်ရဲ၊ ကျုပ်ကိုယ်၌ကလည်း မသတီတော့တာနဲ့ ပြန်အငှားမချတော့ဘဲ အခုလို ပစ်ထားလိုက်ရတော့တာပါပဲ” ဟူ၍ ခေါင်း,တတွင်တွင်ခါရင်း ရှင်းလင်း ပြောပြလေသည်။
ဤတွင် ကွင်းပြင်ကြီး၏ အမင်္ဂလာ သမိုင်းကြောင်းအား သိရှိလိုက်ရသော ဦးစံလှသည် မယုံကြည်ခြင်း အလျဉ်းမဟုတ်သော်လည်း ခေတ်ကာလနှင့် ဘဝပေး အခြေအနေအရ ကျပ်တည်းလှသည့် မိမိတို့အတွက် လူတကာ လက်ရှောင်ကြသည့် ယင်းနေရာကသာ အလွန်တရာ ဈေးနှုန်းသက်သာလိမ့်မည်ဟု ရိပ်စားမိသဖြင့် ‘မသကာ မိမိတို့ အလှည့်ကျမှ ဘေးမကျနိုင်လောက်’ ဟု အရဲကိုး မျှော်လင့်လိုက်ပြီးနောက် ပြန်အငှားလုပ်လိုကြောင်း တောင်းဆိုလေတော့၏။
ထိုအခါ ဦးဘောဂက ‘ဇာတ်သိမ်းမလှ ဖြစ်ခဲ့ကြသူများမှာ ဤသို့ လူ့သဘော,မနောအရ စမ်းသပ်မှု ပြုခဲ့ကြသူများသာ ဖြစ်သည်’ ဟု ဆိုကာ အကြောက်အကန် ငြင်းဆန်ချေသည်။
သို့သော် ဦးဘောဂ၏ အကြိမ်ကြိမ် ပယ်ချမှုမှာ ဇွဲနဘဲကောင်းလှစွာသော ဦးစံလှ၏ အလီလီ တောင်းဆိုမှုအား ဟန့်တားနိုင်စွမ်း မရှိတော့လျှင် သက်ပြင်းရှည်ကြီးတစ်ချက် ပင့်သက်ချလိုက်ပြီးနောက် ခွင့်မပြုချင်ဘဲ ခွင့်ပြုလိုက်ရလေတော့၏။
“ကိုင်း… တားမရတော့လဲ ငှားလုပ်ချင်သပ လုပ်ကြည့်ပေါ့ဗျာ”
“ဝမ်းသာလိုက်တာ သူဌေးကြီးရယ်။ ကျေးဇူး,ကြီးလှပါပေတယ်”
“ဒါပေမယ့် တစ်ခုတော့ ရှိတယ်၊ အငှားစာချုပ် လုပ်တဲ့အခါ ဒီကွင်းပြင်ကြီးမှာ အကယ်၍ ခင်ဗျားတို့ သားအဖ ဘေးဥပဒ် တစ်ခုခုဖြစ်ရင် လယ်ရှင် ကျုပ်နဲ့ ဘာမှ မသက်ဆိုင်တဲ့အကြောင်း သဘောတူညီမှုတစ်ခု ပြုရမယ်”
“စိတ်ချပါ သူဌေးကြီးရယ်၊ ဒီနေရာမှာသာ ပြန်လုပ်ခွင့် ရမယ်ဆိုရင် ဘယ်သဘောတူညီမှုကိုမဆို ကျုပ်လက်ခံပါတယ်။ ဘုန်းကြီးအမှု ရွာမပတ်စေရပါဘူး”
ဤသို့ဖြင့် ဦးဘောဂသည် ဦးစံလှတို့ သူဆင်းရဲ သားအဖအား စာနာသောအားဖြင့် ‘စပါးတစ်ရာလျှင် သုံးဆယ်စား’ အဖိုးအခမျှသာ သတ်မှတ်ကာ အနှီမြေလွတ်ရိုင်းတဖြစ်လဲ လယ်ကွင်းကြီးအား ငှားရမ်းလိုက်ပေသည်။
အထက်ပါ သတင်းဂယက်သည် ဦးဘောဂတို့၏ တစ်ရွာလုံးတင်မက ရွာနီးချုပ်စပ်များထိတိုင်အောင် အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့ပြီး ပြန်ကြားရသူအပေါင်းအား စိုးရိမ် ထိတ်လန့်ကြရစေ၏။ မိမိတို့၏ အတွေ့အကြုံအရ မကြားဝံ့,မနာသာများ ဆက်လက် မဖြစ်ပွားစေလို၍ ဦးစံလှတို့အား ရွာခံများက လာရောက် တားမြစ်ကြသော်လည်း စေတနာကို အသိအမှတ်ပြုရုံမှတပါး မည်သည့်မှတ်ချက်မျှ ပြန်မပြုသဖြင့် အချည်းနှီးသာ ဖြစ်ကြရချေသည်။
သို့နှင့် လူစွန့်စား သားအဖဟုပင် ဆိုရမည့် ဦးစံလှနှင့် မညိုမြတို့သည် လယ်တူရွင်းငှား မခေါ်နိုင်သဖြင့် မိမိတို့ ငှားရမ်းလိုက်သော ကွင်းပြင်,မြေလွတ်ရိုင်းကြီးအား ကိုယ်တိုင်ကိုယ်ကျ ခုတ်ထွင် ရှင်းလင်းကြရ၏။ နှစ်အတန်ကြာ ဖယ်ကြဉ်ခံထားရသည့် ဤကွင်းပြင်ကြီးမှာ ကာလတိုက်စားမှုကြောင့် ချုံနွယ်ပိတ်ပေါင်းများအပြင် မြက်ရိုင်းရှည်များ၊ သစ်ငယ်ပင်များဖြင့်ပါ နေရာလပ်မကျန် ပြည့်နှက်နေလေရာ ဦးစံလှတို့ နှစ်ဦးသား၏ ခုတ်ထွင် ရှင်းလင်းခြင်းသည် ရက်ပေါင်းများစွာ ကြာမြင့်လေသည်။
ဦးစံလှတို့ သားအဖသည် ကျယ်ဝန်းလှသော ကွင်းပြင်ကြီးအတွင်း ခုတ်ထွင် ရှင်းလင်းကြရင်းက အတော်ခရီးပေါက်သောအခါ လယ်ကန်သင်းရိုးစပ်တွင် ရှိသော ဇောင်ချမ်းပင်ကြီးအနီးသို့ ရောက်ရှိလာကြ၏။
“သမီးရေ… ဟော၊ ဟိုနားက မြေကမူတစ်ခုကို တွေ့လား။ အဖေတို့ လယ်ထဲ ရေသွင်းကြတဲ့အခါ အဲဒီကမူက ရေနဲ့ လွတ်တော့ သီပင်,စားပင်တွေ စိုက်ပျိုးလို့ ရတယ်။ ဒီတော့ ငါ့သမီးက အဲဒီကမူကို မြေသွားညှိချေ၊ ဟုတ်ပလား။ ကျန်တာ အဖေ ဆက်လုပ်လိုက်မယ်”
ဇောင်ချမ်းပင်ကြီး၏ မလှမ်းမကမ်းရှိ တောင်ပူစာသဖွယ် ဖြစ်ပေါ်နေသော မြေကမူတစ်ခုကို ဦးစံလှက တွေ့ရှိလိုက်ရပြီးနောက် သမီးဖြစ်သူ မညိုမြကို လှမ်းပြောလိုက်ခြင်း ဖြစ်သည်။
ထိုအခါ မညိုမြကလည်း တသဝေမတိမ်း ပေါက်ပြားတစ်လက်ဖြင့် မြေသွားညှိရာ သုံးလေးရက်မျှ ကြာပြီးနောက်တွင် မြေကမူမှတဆင့် မြေညီပြင် ဖြစ်လာ၏။
ယင်းသို့ မြေညီပြင် ဖြစ်လာပြီးနောက် မညိုမြတစ်ယောက် ခေတ္တအနားယူနေစဉ် သူ၏ အနီးတွင် အရိပ်တစ်ခု ကျရောက်လာ၍ မော့ကြည့်မိရာ မိန်းမကြီးတစ်ဦးဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ အဆိုပါ မိန်းမကြီးသည် ခက်ထန်သည့် အသွင်သဏ္ဌာန်ဖြင့် ခါးထောက်လျက်သား ရှိနေပြီး မညိုမြအား စူးစိုက်ကြည့်နေ၏။
ထိုအနေအထားဖြင့် ရုတ်တရက် တွေ့မြင်လိုက်ရသည့် သူစိမ်းမိန်းမကြီးကြောင့် မညိုမြလဲ ကြောင်အမ်းအမ်း ဖြင့် မှင်တက်သွားရလေသည်။ ဤတွင် အနှီမိန်းမကြီးသည် ‘တောက်’ တစ်ချက်ကို ပြင်းပြင်းခေါက်လိုက်ပြီးနောက်…
“တို့အပိုင်မှာ ကိုယ်ထင်ရာ လာစိုင်းနေကြပါလား” ဟု ကြိမ်းမောင်းလိုက်၏။
သို့နောက် ဆောင့်ကြီး,အောင့်ကြီး လုပ်၍ အနီးရှိ ဇောင်ချမ်းပင်ကြီးဆီ လျှောက်လှမ်းသွားပြီးနောက် ထိုအောက်သို့ ရောက်သောအခါ ထိုမိန်းမကြီးမှာ မညိုမြ၏ မျက်စိရှေ့မှောက်တင် ပျောက်ခြင်းမလှ ပျောက်ကွယ်သွားချေတော့၏။
ထိုအခါ မညိုမြလဲ အံ့အားသင့်ရာကတဆင့် ရုတ်ချည်း ထိတ်လန့်သွားပြီးနောက် ကွင်းပြင်တစ်နေရာတွင် အလုပ်ရှုပ်လျက် ရှိသော ဖခင်ဖြစ်သူ ဦးစံလှထံ အမောတကော ပြေးချသွားကာ ကြုံတွေ့ခဲ့ရသမျှအား ပြောပြလေသည်။
ဤတွင် ဖြစ်ကြောင်းစုံလင်အား အသေအချာ နားစိုက်ထောင်ပြီးနောက် ဦးစံလှက…
“ဒီလိုဆိုရင် ရွာဈေးထဲ ပြေးပြီး ကြက်တစ်ကောင် ဝယ်ချေ သမီး။ ပြီးရင် အဖေတို့ တဲဆီ ပြန်ပြီး ကြက်သားဟင်းဆီပြန် တစ်အိုးချက်ပြီး၊ ထမင်းအိုး တစ်အိုးတည်။ ထမင်း,ဟင်း ကျက်ပြီဆိုတာနဲ့ တောင်းတစ်ခုနဲ့ ထည့်ရွက်ပြီး ဒီကို ယူလာခဲ့။ သိပ်လဲ မကြာစေနဲ့၊ ဟုတ်ပလား” ဟူ၍ ခိုင်းစေလိုက်၏။
သို့နှင့် မညိုမြလဲ ရွာသို့ ခပ်သုတ်သုတ် ပြေးပြီးနောက် နှစ်နာရီမျှ ကြာလတ်သောအခါ ထမင်း,ဟင်း တောင်းကို ခေါင်းပေါ် ရွက်လျက် လယ်ထဲ ပြန်ရောက်လာခဲ့သည်။ ထို့နောက် မိန်းမကြီး ပျောက်ကွယ်သွားသည့် ဇောင်ချမ်းပင်ကြီးအောက်သို့ သွားကာ တောင်းအတွင်း အသင့်ပါလာသော ခပ်ကြီးကြီး ဒန်ဇလုံတစ်ခုထဲ ထမင်း,ဟင်းများကို ခူးခပ် ထည့်လိုက်၏။ ပြီးလျှင် ပင်စည်ခြေရင်းတွင် ထမင်း,ဟင်းဇလုံကို ဤသို့ တရိုတသေ တင်မြှောက် ပသလေတော့သည်။
“ဤကွင်းပြင်ကြီးအား အပိုင်စားရကြကုန်သော ပုဂ္ဂိုလ်အပေါင်းတို့ခင်ဗျာ… ကျွန်ုပ်တို့အနေဖြင့် ယခုကွင်းပြင်ကြီးတွင် အမှားအယွင်းများ ကျူးလွန်မိခဲ့သည်ရှိသော် ခွင့်လွှတ်ပေးကြပါရန် ထမင်းဦး,ဟင်းဦးများဖြင့် အနူးအညွှတ် တောင်းပန်အပ်ပါသည်။ ထို့အပြင် ဤကွင်းပြင်ကြီးတွင် ပြန်အငှားလုပ်သော ကျွန်ုပ်တို့ သူဆင်းရဲ သားအဖအား လယ်ယာပျိုးနှံခွင့်များ ပေးသနားကြရန်လည်း တောင်းဆိုအပ်ပါသည်”
ထိုသို့ တင်မြှောက်ပြီးသောအခါ ဖက်ရွက်တစ်ရွက် ဖြန့်ခင်းပြီးနောက် ကန်တော့ပွဲ တဖြစ်လဲ ထမင်း,ဟင်းဇလုံကို တင်ထားလိုက်ပေ၏။
နောက်တစ်ရက်တွင် ကွင်းပြင်အတွင်း ပြန်လာကြသောအခါ ဇောင်ချမ်းပင်ကြီးအောက်က ကန်တော့ပွဲ ဒန်ဇလုံထဲတွင် မည်သည့် ထမင်း,ဟင်းမျှ မကျန်တော့သည့်အပြင် တစုံတစ်ဦးမှ ဆေးကြောပေးထားသကဲ့သို့ ပြောင်ချောမွတ်နေသည်ကို အခန့်သား တွေ့ရှိလိုက်ကြရလေသည်။ ထိုအခါမှ ဦးစံလှတို့ သားအဖလဲ လိပ်ပြာသန့်သွားသဖြင့် ခုတ်ထွင် ရှင်းလင်းခြင်းကို ဆက်လက် ပြုလုပ်ရဲကြတော့၏။
အဆိုပါနေ့၏ ညနေစောင်း အရောက်တွင် မိမိတို့ ရှိရာဆီသို့ လယ်ကန်သင်းရိုးတစ်နေရာမှ ဦးတည် လျှောက်လှမ်းလာသော လူတစ်ယောက်အား ဦးစံလှက တွေ့ရှိလိုက်ရသည်။ ထိုသူမှာ အသက် ငါးဆယ်ကျော်အရွယ် ဦးစံလှထက်ပင် အသက်ကြီးမည့်ပုံ ပေါ်သည့် ယောက်ျားကြီးတစ်ဦး ဖြစ်ပြီး ဖျင်ကြမ်းတိုက်ပုံကို ရင်ဘတ်ဟောင်းလောင်း ဝတ်လျက်သားဖြင့် အသားက ညို၍ ဒေါင်လဲ ကောင်းလှ၏။
စိတ်တွင် သိပ်ဘဝင်မကျလှသဖြင့် ဦးစံလှက လှမ်း၍ အကဲခတ်နေစဉ်,သကာလ ထိုလူကြီးမှာ ခပ်လှမ်းလှမ်း တစ်နေရာ၌ တုံ့ခနဲ ခါးထောက် ရပ်လိုက်၏။ ထို့နောက် သူက ဦးစံလှထံ တန်းကြည့်လိုက်ပြီး…
“ဒီခဏ လာစမ်းပါဦးဗျ” ဟု လက်တစ်ဖက်,ယက်၍ ဩဇာဓါတ်,မကင်းသော လေသံမျိုးဖြင့် လှမ်းခေါ်လေသည်။
ထိုအခါ ဦးစံလှက မိမိနှင့်အတူ ယင်းလူကြီးဆီ လိုက်မည့်ဟန် ပြင်နေသော သမီးဖြစ်သူအား လက်တို့ ဟန့်တားလိုက်ပြီး သတိဖြင့် နေရစ်ခဲ့ရန် မသိမသာ မှာကြားပြီးနောက် လူကြီးခေါ်ရာ လျှောက်လှမ်းသွားချေ၏။
လူကြီးအနီး ရောက်ရှိသောအခါ ဦးစံလှက စူးစမ်းကြည့်ပြန်ရာ ၎င်းသည် ကြမ်းတမ်းသော ဥပဓိရှိသော်လဲ လေးနက်သည့်အသွင် ဆောင်သည်။ သို့သော် ပြဲလန်နေသော နှုတ်ခမ်းနှင့် ပြန့်ကားနေသော နားရွက်တို့မှာမူ ဦးခေါင်းထက်တွင် အချိုးအစား ညီမျှမှုမရှိဘဲ သာမန်ထက် ကြီးမားလှသယောင် ရှိ၏။
“ဘာကိစ္စတုန်းဗျ နောင်ကြီးရ”
ဦးစံလှမှ မချင့်မရဲ မေးမြန်းလိုက်ခြင်း ဖြစ်လေသည်။
ဤတွင် လူကြီးက ကျောချမ်းဖွယ်ရာ အပြုံးဖြင့်…
“သြော်… မနေ့တုန်းက ခင်ဗျားတို့ သားအဖ ချက်ပြုတ် ကျွေးမွေးတဲ့ ထမင်း,ဟင်းတွေကို ကျုပ်အနေနဲ့ စားရတဲ့အကြောင်း လာပြောပြတာပါဗျ။ ဒီလို တည်ခင်း ကျွေးမွေးခဲ့တဲ့အတွက် ကျေးဇူးတင်ထိုက်တယ်လို့လဲ ထင်မြင်မိတယ်လေ” ဟု ဆို၏။
လူကြီး,နှုတ်မှ ထွက်ကျလာသော ထင်မှတ်မထားသည့် စကားကြောင့် ဦးစံလှတစ်ယောက် ကြက်သီးမွေးညင်းများ ရုတ်တရက် ထကာ…
“ဟာ… ရ ရပါတယ်ခင်ဗျ။ ဒါ ဒါများ ဘာအပန်းကြီးတာမှတ်လို့။ ကျုပ်တို့ သားအဖ အမှားရှိခဲ့ရင်သာ ခွင့်လွှတ်ဗျို့” ဟူ၍ ပျာပျာသလဲ တောင်းပန်မိလေသည်။
“ကောင်းပြီလေ… ခင်ဗျားတို့ သားအဖကို ခွင့်လွှတ်ပေးလိုက်ပါပြီရဲ့၊ ဒါပေမယ့် ကျုပ်ရဲ့ တောင်းဆိုချက်တွေကိုကော လိုက်လျောပေးနိုင်ကဲ့လား”
“ဟုတ် ဟုတ်ကဲ့… ဘာ ဘာလုပ်ပေးရမလဲကိုသာ ပြောစမ်းကြည့်ပါခင်ဗျ”
“နောက်တစ်ခေါက်ကျ အမဲသား တစ်ပိဿာလောက် ဝယ်ခြမ်းပြီး မကျက်,တကျက် ချက်ကျွေးစမ်းပါဗျာ။ ထမင်း လေးလုံးချက်လည်း ပါပစေပေါ့။ တစ်လကိုမှ တစ်ကြိမ်လောက်ပါပဲ”
“ရပါတယ်ခင်ဗျ၊ ရပါတယ်။ ဒါ ဒါပေမယ့် ဒီအရပ်မှာ အမဲသားက အဝယ်ရ,ခက်ပြီး ကျုပ်တို့ သားအဖဆိုသည်မှာလဲ ငွေရေး,ကြေးရေး ချို့တဲ့သူတွေ ဖြစ်နေလေတော့… ဟိုလေ၊ ကြက်သားနဲ့က ပိုအဆင်ပြေနိုင်မလားခင်ဗျ”
“အဿပြာအတွက်တော့ ပူပင်မနေပါနဲ့ဗျာ။ ရော့၊ ဟောဒီမှာ… အဲဒါနဲ့ အမဲသား ဝယ်ချက်။ ဟုတ်ပလား”
ပြောရင်း,ဆိုရင်းဖြင့် လူကြီးက ရင်ဘတ်ဟ၍ ဝတ်ဆင်ထားသော သူ၏ ဖျင်ကြမ်းတိုက်ပုံ အိတ်ကပ်အတွင်းမှ တစုံတရာအား နှိုက်ယူလိုက်ပြီးနောက် ဦးစံလှထံ လှမ်းကမ်းလိုက်၏။
သို့နှင့် မိမိလက်ထဲ ရောက်ရှိလာသည်များကို ဦးစံလှက အသေအချာ ကြည့်မိလိုက်လျှင် ရုတ်ချည်းပင် အံ့အားသင့်သွားရတော့သည်။ အကြောင်းမှာ ရွှေစင်အတိဖြင့် သွန်းလုပ်၍ထားသော မြိတ်ထုံးဒင်္ဂါးနှစ်ပြား ဖြစ်နေခြင်းကြောင့်ပင်။
“ဟာ… အမဲသား တစ်ပိဿလောက် ဝယ်ချက်ဖို့ရာ ဒီလောက်ကြီးလဲ မလိုပါဘူးခင်ဗျာ။ ဒီဒင်္ဂါး တစ်ပြားဆိုရင်တောင်မှ တော်တော့်ကို လွန်လွန်းလှပါပြီ”
“သြော်… ယူသာ ယူထားလိုက်စမ်းပါဗျာ။ ပိုလျှံသမျှ ခင်ဗျားတို့ လိုတာ သုံးပေါ့။ တစ်လ တစ်ခါ အခုလို ပုံမှန် ကျုပ်ထပ်ပေးမယ်။ ကျုပ်တောင်းဆိုသမျှသာ ဂရုတစိုက် လိုက်လုပ်ပေးရင် ကျုပ်ကလည်း ခင်ဗျားတို့ သားအဖကို တပြန်ကြည့်ရှု စောင့်ရှောက်မှာပါ။ ကိုင်း… ခင်ဗျားတို့ လုပ်စရာတွေလဲ ရှိသေးရဲ့ မဟုတ်လား။ အဲဒီတော့ ကျုပ်လဲ ပြန်ချေဦးမယ်ဗျာ”
“နေ နေပါဦးခင်ဗျ… နောင်ကြီးက ဘယ်သူ,ဘယ်ဝှာဆိုတာ တစိတ်လောက်တော့ ပြောပြခဲ့ပါဦးလား”
“အဲဗျာ… အဟုတ်သား၊ မိတ်ဆက်ဖို့ကိုတောင် မေ့နေလိုက်တာများ။ မှတ်ထားဦးဗျ… ကျုပ်နာမည်က သဘက်ကြီး ဦးရန်အောင်တဲ့။ ဟောဒီက ခင်ဗျားတို့ ခုတ်ထွင် ရှင်းလင်းနေတဲ့ ကွင်းပြင်ကြီးကို အပိုင်စားရတဲ့ ကွင်းပိုင်ကြီးပေါ့ဗျာ။ ကဲ၊ ပြန်ပြီဗျို့”
မှင်တက်စွာဖြင့် ကျန်ရစ်ခဲ့သူ ဦးစံလှတို့လဲ နှုတ်ဆက် ထွက်ခွာသွားသော သဘက်ကြီး ဦးရန်အောင် တဖြစ်လဲ ကွင်းပိုင်ဆိုသူကြီးအား ‘လူလော၊ နာနာဘာဝလော’ ဟူသည့် ဝေခွဲမရစိတ်ဖြင့် ရပ်ကြည့်မိနေကြ၏။ ထိုစဉ်မှာပင် ၎င်းသည် ယမန်နေ့က မိန်းမကြီးနည်းတူ ရုတ်တရက် ကွယ်ပျောက်သွားပြန်သောအခါ သားအဖနှစ်ဦးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြရပါတော့သည်။
ဤသို့ဖြင့် တစ်လတင်းတင်း ပြည့်မည့် ရက်တွင် ဦးစံလှသည် လယ်ထဲ မဆင်းမီ သမီးဖြစ်သူအား အမဲသားစိမ်း ဝယ်ခြမ်းခိုင်းရာတွင် ကွင်းပိုင်ကြီးနှင့် မိမိတို့၏ အဖြစ်ကို လူရိပ်မိမည် စိုးရိမ်လှသဖြင့် ရွာဈေးအစား အခြားကျေးရွာဘက်သို့ စေလွှတ်ခဲ့လေသည်။ ထို့နောက် ရွာခံများ မသိအောင် ဝယ်ယူလာသည့် အမဲသားစိမ်းများအား မကျက်,တကျက် ချက်ပြုတ်စေ၍ ဆန်အချောဖြင့် ထမင်း,လေးလုံးချက် တစ်အိုးကိုလည်း တည်စေ၏။
ယင်းနောက် အထက်ပါ ထမင်း,ဟင်းလျာကို ဇောင်ချမ်းပင်ကြီး အောက်တွင်ပင် ယခင်တစ်ကြိမ်နှင့် မတူ တစ်မူထူးခြားစွာ သီးသန့် ဝယ်ယူလာသော ပန်းကန် ခွက်ယောက် အသစ်ကျပ်ချွတ်များဖြင့် ဂရုတစိုက် ပြင်ဆင်ပြီးနောက် ကွင်းပိုင်ကြီးထံ ရည်စူး တိုင်တည်လျက် ကန်တော့ပွဲ ပေးခဲ့ကြလေသည်။ ဤသို့ဖြင့် နောက်တစ်နေ့ လယ်ထဲ ပြန်ရောက်လာသောအခါ ထိုကန်တော့ပွဲမှာ ထမင်း,ဟင်း အကပ်အသပ်ပင် မကျန်တော့ဘဲ ပန်းကန် ခွက်ယောက်များသည်လည်း ဆေးကြော သုတ်သင်ပြီးလျက်သား ဖြစ်နေပြန်၏။
ထိုရက်၏ ညနေစောင်းလောက် အရောက်တွင် ကွင်းပိုင်ကြီးသည် ဒုတိယအကြိမ်အဖြစ် ဦးစံလှထံ ရောက်ရှိလာခဲ့သည်။
“ခင်ဗျားသမီးရဲ့ လက်ရာက လွှတ်ကောင်းဗျို့။ ကျုပ်ဖြင့် လျှာကို လည်ရောပဲ”
ရောက်မဆိုက်ပင် ကွင်းပိုင်ကြီးက ချီးကျူးထောပနာ ပြုရင်း ခါးထောက် ရပ်လိုက်၏။
“ဟုတ်ကဲ့ပါခင်ဗျ၊ ဒီလို ကန်တော့ပွဲမျိုး ပေးနိုင်တယ်ဆိုတာကလဲ ကွင်းပိုင်ကြီးရဲ့ ကျေးဇူးတရားကြောင့်ပါပဲ”
လက်အုပ်,ချီလျက်ဖြင့် ဦးစံလှမှ တရိုတသေ ပြန်လည် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ဒါနဲ့ ကျုပ်ပေးလိုက်တဲ့ အဿပြာတွေနဲ့ ဝယ်ချက်တာမှ ဟုတ်ရဲ့လား”
“ကွင်းပိုင်ကြီးရဲ့ အဿပြာတွေကို မသုံးရက် မပြုရက်လို့ ဒီအတိုင်းပဲ သိမ်းထားပါတယ်ခင်ဗျ”
“ဟောဗျာ… အဲဒီအဿပြာတွေက တကယ်တော့ ခင်ဗျားတို့ သားအဖအတွက် ချီးမြှောက်လိုက်တာပါပဲ။ ကြည်ဖြူလို့ ပေးတာပဲဟာ၊ အလိုရှိရာ သုံးကြစမ်းပါဗျာ။ ဘာမှ နှမြောမနေစမ်းပါနဲ့”
“ရွာက လူတွေ ရိပ်မိသွားမှာ စိုးရိမ်လို့ပါ ကွင်းပိုင်ကြီးခင်ဗျ”
“ဪ… ဒါများ၊ ရွှေဒင်္ဂါးပြားတွေကို မြို့တက်ပြီး ရောင်းပေါ့ဗျာ။ ပြီးရင် မျိုးကောင်းတဲ့ စပါးတွေ ဝယ်စိုက်၊ လိုအပ်တဲ့ နေရာလည်း လူမရိပ်မိအောင် ချင့်ချိန် သုံး၊ နောင်ရေးအတွက် စုတန်လဲ စုပေါ့”
“ဟုတ်ကဲ့၊ အခုလို ညွှန်ကြားပေးတဲ့အတွက် ဝမ်းသာမဆုံး ဖြစ်ရပါတယ် ကွင်းပိုင်ကြီးခင်ဗျ”
“ရပါတယ်ဗျာ၊ ဒါများ အသာထားစမ်းပါ။ နောက်တစ်ကြိမ်ကျ ဝက်သားဟင်း မကျက်,တကျက်နဲ့ ထမင်း လေးလုံးချက် ပြောင်းစားကြည့်ချင်မိတယ်။ လုပ်ပေးနိုင်မလား”
“လှိုက်လှိုက်လှဲလှဲနဲ့ကို လုပ်ပေးနိုင်ပါတယ်ခင်ဗျ။ တတ်နိုင်သလောက် အကောင်းဆုံး ဖြစ်စေရပါမယ်”
“ဒါဆိုရင်ဖြင့် ကောင်းပြီလေ။ ထပ်ယူထားဦး ရော့… အဿပြာ၊ ဘာမှ အားနာစရာ မလိုဘူး။ ကိုင်း… ကျုပ် ပြန်ဦးမယ်ဗျို့”
ပြောရင်း,ဆိုရင်း ကွင်းပိုင်ကြီးသည် ဦးစံလှ၏ လက်ထဲ မြိတ်ထုံးရွှေဒင်္ဂါး နှစ်ပြား ထပ်မံ ထည့်ပေးလိုက်ပြန်၏။ ထို့နောက် လယ်ကန်သင်းရိုးအတိုင်း လျှောက်လှမ်းသွားကာ ရုတ်တရက် ပျောက်ကွယ်သွားလေ၏။
သို့နှင့် ဦးစံလှသည် ကွင်းပိုင်ကြီး အကြံဉာဏ် ပေးသည့်အတိုင်း မြိတ်ထုံးရွှေဒင်္ဂါးအချို့ကို မြို့တက်၍ ရောင်းလိုက်ပြီးနောက် ခုတ်ထွင် ရှင်းလင်းမှု ပြီးစီးသွားပြီ ဖြစ်သော ကွင်းပြင်ကြီးတွင် မျိုးကောင်းစပါးများအား ဝယ်ယူ ပျိုးနှံလေတော့သည်။ ထို့နောက် ဇောင်ချမ်းပင်ကြီးအောက်တွင် ကွင်းပိုင်ကြီးအတွက် နတ်ကွန်းတစ်ခုကိုလဲ ပြုလုပ်ပေးပြီး ဆီမီး၊ အမွေးတိုင်၊ ပန်းမန်များဖြင့် နေ့စဉ် ပူဇော်,ပသကာ မိမိတို့ လယ်ယာအလုပ်များ ဆက်လက် လုပ်ဆောင်ကြ၏။
ဤသို့ဖြင့် နောက်တစ်လ ပြည့်ပြန်လျှင် ဝက်သားဟင်းဖြင့် ကန်တော့ပွဲ ပေးပြီးနောက်တွင် ကွင်းပိုင်ကြီးသည် ပြန်ပေါ်လာခဲ့သည်။ ထို့နောက် သူက ယခင်နည်းတူ ချီးကျူးစကား ပြောဆိုပြီးနောက် ဆိတ်သားဟင်းလျာကို ပြောင်းလဲ တောင်းဆိုကာ မြိတ်ထုံးရွှေဒင်္ဂါးနှစ်ပြား ထပ်ပေးပြီး ပျောက်ကွယ်သွားပြန်၏။
ဦးစံလှတို့ သားအဖသည် ကွင်းပိုင်ကြီး၏ တောင်းဆိုမှုအတိုင်း ထိုသို့ တစ်လလျှင် တစ်ကြိမ် အသားဟင်းတစ်မျိုးကျစီဖြင့် ဝတ္တရားမပြတ် ပြောင်းချက်ပေးပြီးတိုင်း ၎င်းချီးမြှင့်ခဲ့သော ရွှေဒင်္ဂါးပြားများကို မြို့တက် ရောင်းချကာ မျိုးကောင်းစပါးများအား ထပ်မံဝယ်ယူ စိုက်ပျိုးကြသည်မှအပ အကြောင်းမဲ့ သုံးဖြုန်းကြခြင်း အလျဉ်းမရှိပေ။ ထို့ကြောင့်လည်း ရရှိလာသော ငွေကြေးများအား နောင်ရေးအတွက်သာ ရည်ရွယ် ခြစ်ကုတ်ကြသဖြင့် စုမိ,ဆောင်းမိ ရှိလာကြပေသည်။
ဖုန်းဆိုးမြေဟု သတ်မှတ်ခံရပြီးနောက် မည်သူကမျှ ယူမလုပ်ရဲခဲ့ကြသော မိမိတို့ ကွင်းပြင်ကြီးမှာလဲ အကွက်,အကွင်းအပြင် မြေဆီ,မြေနှစ်ကပါ လွန်စွာ ကောင်းမွန်လှသဖြင့် ယခုအခါ ပျိုးနှံသမျှ ဖြစ်ထွန်းမည့် လက္ခဏာရှိလျှင် ကွင်းပြင်ကြီးအနှံ့တွင် မျိုးကောင်းစပါးများနှင့်အတူ အခြားသီးနှံ,စိုက်ခင်းများကိုပင် နေရာမလပ် ဖြန့်ကြက်နိုင်ခဲ့ကြချေ၏။
သို့နှင့် တစ်ရာသီ ကုန်လွန်၍ ရိတ်သိမ်းမည့်အချိန် ရောက်ရှိလာချိန်တွင် အဆံပြည့်သော စပါးခင်းကြီးကလည်း တက်ညီ,လက်ညီ ကိုင်းညွှတ်ကျလျက် အထွက်တိုးမည့် ဟန်တကဲကဲ စိုင်းပြင်းနေတော့သည်။
ထိုအချိန်တွင် မိမိတို့၏ စပါးခင်းကြီးကို ကြည့်၍ ဦးစံလှတို့ သားအဖမှာ ပီတိဖြာနေကြသလောက်၊ လယ်ရှင်သူဌေးကြီး ဦးဘောဂနှင့် တစ်ရွာလုံးကတော့ ရင်တထိတ်ထိတ် ဖြစ်နေကြရချေ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အတွေ့အကြုံအရ ရိတ်သိမ်းချိန် ရောက်သည်နှင့် ကွင်းပြင်ကြီးတွင် လယ်လုပ်သူများ တစ်နည်းမဟုတ် တစ်နည်းဖြင့် သေဆုံးကြရမည်သာပင်။
ယင်းကြောင့်ပင် ဦးဘောဂနှင့် ရွာသူ,ရွာသားများက စိုးရိမ်တကြီး ဝိုင်းသတိပေးကြ၏။ သို့သော် ဦးစံလှတို့ သားအဖက အမူမထားဘဲ မိမိတို့ လုပ်စရာ ရှိသည်များကိုသာ ဆက်လက် လုပ်ဆောင်နေကြသောအခါ ဖြစ်လာမည့်,အရေး တင်ကြိုမျှော်တွေးကာ သက်ပြင်း တမမ,ချနေကြရလေသည်။ ဦးဘောဂကလည်း ပြောမရသည့် အဆုံး ‘တစ်ခုခု ဖြစ်လျှင် မိမိတွင် တာဝန်မရှိကြောင်း’ ထပ်မံ အသိပေးပြီး လက်လျှော့လိုက်ရ၏။
ဤသို့ဖြင့် စပါးရိတ်သိမ်းချိန် တန်လေပြီ။ တစ်ရွာစလုံးကလဲ စိတ်ဝင်တစားဖြင့် ‘ဦးစံလှနှင့် မညိုမြတို့ သားအဖနှစ်ဦးတွင် မည်သူ အလျင်သေမည်နည်း’ ဟု နားတစွင့်စွင့် ရှိကြ၏။ သေလျှင် မည်သို့မည်ပုံ အသုဘ ပြုလုပ်ပေးရမည်ကိုပင် တိုင်ပင် နှီးနှောလျက် ရှိကြကုန်သည်။
သို့နှင့် တစ်ရက် ထိုကိစ္စအတွက် ရတက်မအေးလျက် ရှိသဖြင့် လယ်ရှင်သူဌေးကြီးတစ်ယောက် မိမိအိမ်အတွင်း ခေါက်တုံ့,ခေါက်ပြန် လမ်းလျှောက်လျက် ရှိနေစဉ်…
“ဗျို့… ဦးဘောဂ။ ဦးဘောဂ ရှိလားဗျို့” ဟူသော လှမ်းအော် ခေါ်သံတစ်ခုက ခြံပေါက်ဝမှ ထွက်ပေါ်လာ၏။
ကြားလိုက်ရသည်မှာ ဦးစံလှအသံ ဖြစ်သဖြင့် ရုတ်ချည်းပင် ‘၎င်း၏ သမီး မညိုမြတော့ သွားရှာပေါ့’ ဟု စိတ်မကောင်းကြီးစွာ ဦးဘောဂက တွေးမိလိုက်သည်။
“အိမ်ထဲကိုသာ ကြွခဲ့လိုက်ပါတော့ဗျာ”
စိတ်မပါ,တပါ လေသံမျိုးဖြင့် လှမ်းပြန်ထူးပြီးနောက် ဦးဘောဂက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်၏။
“ဒါဆိုရင်ဖြင့် ကျုပ်ဝင်ခဲ့ပြီဗျို့”
ဦးစံလှ,အသံ ထပ်မံ ထွက်ပေါ်လာပြီးနောက် ခြံဝမှတဆင့် ခြံတွင်းကတဖန် အိမ်ပေါ်ထိ လျှောက်လှမ်း တက်လာသည့် ခြေသံများက များမကြာမီ မိမိရင်ဆိုင် ဖြေရှင်းရတော့မည့် အရာများအား တပ်လှန့် သတိပေးနေသည့်,ဟန် ဦးဘောဂအနေဖြင့် ခံစားမိလိုက်သည်။
ထို့ကြောင့်လဲ သူက အိမ်အတွင်း ဦးစံလှ မရောက်လာခင်မှာတင်…
“ခင်ဗျားတို့ သားအဖကို ကျုပ်နဲ့ တစ်ရွာစလုံးက အတန်တန် သတိပေးခဲ့ရဲ့သား၊ သတိမမူ ဂူမမြင်ခဲ့ကြလေတော့ မဖြစ်သင့်,မဖြစ်ထိုက်တာတွေ အခုကျ ဖြစ်ကုန်ပြီမလား” ဟူ၍ ကြိုတင် လှမ်းပြောနေလိုက်၏။
“ဒီတော့ စာချုပ်,ချုပ်စဉ်က သဘောတူညီမှုအရ ခင်ဗျားတို့ ရင်ဆိုင် ကြုံတွေ့ရတဲ့ ပြဿနာဟူသမျှဟာ ကျုပ်နဲ့ လားလား,မသက်ဆိုင်…”
ဆက်ပြောလျက် ရှိသည့် ဦးဘောဂ၏ စကားသည် ဝါကျမဆုံးမီတင် ရုတ်တရက် ရပ်တန့်သွားလေသည်။
အဘယ်ကြောင့်ဆိုသော် တံခါးမကြီးအပေါက်မှ ဝင်ရောက်လာသော ဦးစံလှ၏ ကပ်လျက်တွင် သူ့သမီး မညိုမြကိုပါ အခန့်သား တွေ့ရှိလိုက်ရခြင်းကြောင့်ပင်။
“ဘာတွေများ လျှောက်ပြီး အတွေးလွန်နေတာတုန်းဗျ သူဌေးကြီးရ။ ကျုပ်တို့က ခင်ဗျားနဲ့ ကတိပြုထားတဲ့အတိုင်း ‘စပါးတစ်ရာ သုံးဆယ်စား’ အဖိုးအခ ငွေလာချေရုံပါဗျ”
ဦးစံလှက ပြုံးတုံ့တုံ့ လုပ်ရင်း ဤသို့ ပြောလိုက်ချိန်တွင် ဦးဘောဂသည် ပါးစပ်အဟောင်းသား ဖြစ်နေပေသည်။
ထို့နောက် ဝမ်းသာအားရ ဖြစ်သွားဟန်ဖြင့် ပြုံးဖြီးဖြီး လုပ်ကာ ဦးစံလှတို့ သားအဖအား ဖက်လဲတကင်း ကြိုဆိုလေတော့၏။ သူအပါအဝင် ရွာသူ,ရွာသားများ တွေးထင်ထားသည့်အတိုင်း မဟုတ်ဘဲ အကောင်းပကတိ ရှိနေကြသဖြင့်လဲ အလွန်တရာ အံ့အားသင့်နေမိသည်။
မိမိတို့နှင့် ကွင်းပိုင်ကြီးအကြောင်းမှအပ စကားဖောင်ဖွဲ့ ပြောကြပြီးသည့်နောက်တွင် ဦးစံလှသည် ပေးချေရမည့် အဖိုးအခများအား ဦးဘောဂထံ ပေးချေလိုက်၏။
“အဲဒီတော့ နောက်,နှစ်ရာသီ ကုန်ရင်လည်း လက်ရှိကွင်းပြင်ကြီးကိုပဲ ဆက်ယူခွင့် ပြုပါဦး သူဌေးကြီးခင်ဗျ”
“အေးဗျာ… ဒီလိုဆိုတော့လဲ အလဟဿ ဖြစ်နေတဲ့ ကျုပ်ရဲ့ ကွင်းပြင်ကြီးက ခင်ဗျားတို့နဲ့ကျမှ ကံစပ်တယ်လို့ပဲ ဆိုရမှာပေါ့လေ။ သူများတွေက ဘေးဥပဒ်ကင်းတဲ့ လယ်ယာတွေမှာ တစ်ဧက ငါးဆယ်,ထွက်အောင် မနည်း စိုက်ပျိုးနေကြရချိန်၊ လူတကာ လက်ရှောင်ကြတဲ့ ကွင်းပြင်ကြီးထဲ တစ်ဧကကို ရှစ်ဆယ်,ထွက်အောင် ပျိုးနှံပြလိုက်နိုင်မှတော့… အင်း၊ ခင်ဗျားတို့ အလိုရှိသလောက်သာ အဲဒီနေရာကို ဆက်ယူထားကြပေတော့ဗျာ”
ဖုန်းဆိုးမြေတွင် အသက်အန္တရာယ် ကင်းစွာ စိုက်ပျိုးပြနိုင်လိုက်သည့် ဦးစံလှတို့ သတင်းမှာ ဟိုးလေးတကျော် ဖြစ်သွားခဲ့ပြီး ကွင်းပြင်ကြီးနှင့် ထိုသားအဖ အကျိုးပေး ထူးပုံကို အံ့ဩမဆုံးပင် ရှိနေကြတော့သည်။
ဤသို့ဖြင့် ကွင်းပြင်ကြီးအား ဆက်ယူထားသော ဦးစံလှတို့ သားအဖမှာ နွေစပါးအပြင် မိုးစပါး၊ ဆောင်းစပါးများကိုပါ အောင်မြင်စွာဖြင့် ပျိုးနှံ,ရိတ်သိမ်းလိုက်ကြပြန်ပြီး ကွင်းပိုင်ကြီး၏ တောင်းဆိုချက်များကိုလည်းပဲ ဝတ္တရားမပျက်စေဘဲ လစဉ် ပြုလုပ်ပေးခဲ့ကြပေ၏။
တစ်နှစ် ပြည့်မြောက်သည့်,နောက် ဦးဘောဂနှင့် နောက်တစ်နှစ်စာအတွက် စာချုပ်,မချုပ်ဆိုမည် ကွင်းပိုင်ကြီးနှင့် ထပ်မံ တွေ့ဆုံရချိန်တွင် ဦးစံလှက ‘ဤကွင်းပြင်ကြီးတွင် ထပ်လုပ်ပိုင်ခွင့် ပြုပါဦးမည်လော’ ဟု ခွင့်တောင်းကြည့်၏။ ဤတွင် ကွင်းပိုင်ကြီးက ခွင့်ပြုရုံတင်မက ဤနှယ် အကြံဉာဏ်,ပေးပါလေသည်။
“ကွင်းပြင်ကြီးကို ဒီတစ်နှစ် ကုန်ရင် အပိုင်သာ ဝယ်ပေတော့ဗျာ။ အဲဒီအခါကျရင် ခင်ဗျားတို့ သားအဖလဲ အတော်လေးကို စုမိ,ဆောင်းမိကြရောပေါ့။ လိုအပ်သလောက် အဿပြာလည်း ကျုပ်က ထုတ်ပေးဦးမှာပါ”
ထို့ကြောင့် လယ်အငှားစာချုပ် ဆက်လက် ချုပ်ဆိုပြီးသည့်အခါတွင် ဦးစံလှက ‘သည်တစ်နှစ် ကုန်လျှင် ကွင်းပြင်ကြီးကို မိမိတို့ထံ ရောင်းချပါမည်လော’ ဟူ၍ ဦးဘောဂအား မေးမြန်းကြည့်၏။
ဤတွင် တစ်ရာသီ,မဟုတ် တစ်ရာသီ အနှီသားအဖမှာ ကံဆိုးမိုးမှောင် ကျနိုင်သည့်အပြင် ထိုသို့ ဖြစ်ပျက်လာပါက မိမိကွင်းပြင်ကြီးအား ငှားရမ်းမည့်သူ ဆက်မရှိနိုင်တော့သဖြင့် ဖုန်းဆိုးမြေအဖြစ် ပြန်ပစ်ထားရမည့်အရေး ဦးဘောဂက မျှော်တွေးမိကာ ‘လာမည့် နှစ်တွင် ကာလပေါက်ဈေးထက် အဆများစွာ လျှော့၍ ရောင်းချပေးမည်’ ဟု ကတိပြုလိုက်ချေတော့သည်။
သို့နှင့် ဦစံလှတို့ သားအဖမှာ ကွင်းပြင်ကြီးတွင် မည်သည့် ဘေးဥပဒ်မျှ ကျရောက်မှု မရှိဘဲ ယခင်နည်းတူ ရာသီစပါးများနှင့် အခြားစိုက်ခင်းများအား ပျိုးနှံ ရိတ်သိမ်းရင်းနှင့်ပင် ရက်လ,ရာသီ အလီလီ ဖြတ်သန်းလာခဲ့ကြပြီး တစ်နှစ်တာသည် ကုန်လွန်သွားပြန်၏။ ဤသို့ဖြင့် စိုက်ပျိုးရေးလုပ်ငန်းမှ ဝင်ငွေများ၊ လစဉ် စွန့်ကြဲလေ့ ရှိသည့် ကွင်းပိုင်ကြီး၏ မြိတ်ထုံးရွှေဒင်္ဂါးပြားများကို ထုခွဲ ရောင်းချရာမှ ရရှိသည်များအပြင် လိုအပ်သည့် အဿပြာများကိုလည်း ကွင်းပိုင်ကြီးက ဆက်လက် ထောက်ပံ့သေးပြန်ရာ ကွင်းပြင်ကြီးကို ဝယ်ယူနိုင်သည့် ပမာဏ ပြည့်မြောက်သွားလေသည်။
ထိုအခါ ဦးဘောဂ၏ သတ်မှတ်ချက်အတိုင်း အပို,အလိုမရှိ ပေးချေကာ ကွင်းပြင်ကြီးအား ဝယ်ယူလိုက်ကြပေ၏။ ယင်းနောက် ကွင်းပိုင်ကြီးက ဦးစံလှတို့ သားအဖအား ရွာတွင်းကတဆင့် ကွင်းပြင်ကြီးဆီ ရွှေ့ပြောင်းခိုင်းသဖြင့် ဦးစံလှတို့ကလည်း ပျဉ်ထောင်အိမ်တစ်လုံးကို ကွင်းပြင်အစပ် တစ်နေရာတွင် ဆောက်လုပ်၍ နေထိုင်ကြလေသည်။
တစ်ချိန်က ကံကြမ္မာ မျက်နှာသာ မပေးသဖြင့် ဆင်းရဲ နုံချာခဲ့ကြရှာသော ဦးစံလှနှင့် မညိုမြတို့ သားအဖသည် ယခုအခါ ၎င်းတို့၏ ရိုးသား ကြိုးစားမှုအပြင် ကွင်းပိုင်ကြီး၏ ကြည့်ရှု စောင့်ရှောက်မှုများကြောင့်ပါ ကိုယ်ပိုင် လယ်ယာမြေများဖြင့် တင့်တောင်းတင့်တယ် ဖြစ်လာကြရချေပြီ။ ထို့အပြင် အလှူအတန်းများလဲ ရက်ရောကြသဖြင့် တစ်ရွာစလုံး၏ ချစ်ခင် လေးစားမှုကို ခံစားလာကြရသည်။
သို့နှင့်ပင် သမီးဖြစ်သူ မညိုမြသည်ပင် တစ်ရွာသား တစ်ယောက်နှင့် လူငယ်သဘာဝ ချစ်ကြိုက် ဆုံမက်ကာ အိမ်ထောင်လျက်သား ကျခဲ့လေ၏။ မိသားစုဝင်အသစ် ဖြစ်လာသော ၎င်းတစ်ရွာသားကိုလဲ ကွင်းပိုင်ကြီးနှင့် မိမိတို့၏ အကြောင်းအား ဦးစံလှတို့ သားအဖက ပြောပြထားပြီး၊ ထိုသူဆိုသည်မှာလည်း အကျင့်စာရိတ္တအပြင် သတ္တိကောင်းလှသူ ဖြစ်သဖြင့် ဤအသိုက်အမြုံလေးမှာ အလွန်တရာ အဆင်ပြေနေပေတော့သည်။
ဤသို့ဖြင့် လေး,ငါးနှစ်မျှ ကြာသောအခါ…။
တစ်ရက်သော ညနေခင်းချိန် တစ်ခုတွင် ကွင်းပိုင်ကြီးသည် ခါတိုင်းနှင့် မတူဘဲ သုတ်သီးသုတ်ပျာဖြင့် ပေါက်ချလာခဲ့၏။ ဤတွင် ၎င်းရောက်ရှိလာနေကျ အချိန်အခါမျိုးလည်း မဟုတ်သဖြင့် ဦးစံလှတစ်ယောက် အံအားသင့်သွားမိသည်။ ထိုစဉ် ကွင်းပိုင်ကြီးက ရောက်မဆိုက်ပင်…
“ကျုပ်တို့တော့ဖြင့် ဒီအရပ်ကနေ ပြောင်းကြရတော့မယ် ဦးစံလှရေ။ အခုည သန်းခေါင်ယံ ဆယ့်နှစ်နာရီမတ်တင်းမှာ ရွှေ့ပြောင်းကြရမှာဗျ” ဟု ပြောလေ၏။
“အလို… ဘယ်လို ဖြစ်လို့တုန်းဗျ ကွင်းပိုင်ကြီးရ”
ဦးစံလှလည်း နားမလည်နိုင်စွာ မေးစမ်းကြည့်သည်။
“ဒီကွင်းပြင်ကြီးထက် မြင့်တဲ့ အရပ်မှာ အပိုင်စား ထပ်ရတယ်လို့ပဲ ဆိုပါတော့ဗျာ။ ကျုပ်တို့ လောကသားတွေရဲ့ ကိစ္စရပ်တွေက ခင်ဗျားတို့ လူသားတွေအဖို့ နားလည်ဖို့လဲ တယ်ခက်လှပေသကိုး”
ထိုစကား ကြားရသောအခါ ကွင်းပိုင်ကြီးနှင့် မိမိတို့ ခွဲခွာကြရတော့မည် ဖြစ်ကြောင်း ရိပ်စားမိလိုက်လျှင် ဦးစံလှလဲ ရုတ်တရက် ဝမ်းနည်းသွားရ၏။
“သိပ်ပြီးလဲ ဝမ်းနည်းမနေစမ်းပါနဲ့။ ကျုပ်တို့ကို ဒီ့ထက် သာတဲ့ နေရာကို ရောက်ရှိသွားတယ်လို့သာ မှတ်ပြီး ဝမ်းသာလိုက်စမ်းပါဗျ၊ နော့”
ကွင်းပိုင်ကြီးက ဆက်ပြောသည်။
“ဆိုတော့ကာ… ဒီည ဆယ့်နှစ်နာရီ မတိုင်မီ ခင်ဗျားနဲ့ ခင်ဗျားသမက် တစ်ယောက် ဓါးတစ်လက်စီ ကိုင်ပြီး ခင်ဗျားတို့ အိမ်ရှေ့ လမ်းကနေ သတိ,ဝီရိယရှိရှိ စောင့်ပေးကြစမ်းပါ”
“ဘာကြောင့်များပါလိမ့် ကွင်းပိုင်ကြီးရ”
ကြောင်အမ်းအမ်းဖြင့် ဦးစံလှက မေးမြန်းလိုက်၏။
“ဘာမေးခွန်းမှ ပြန်ထုတ်မနေစမ်းပါနဲ့ဗျာ၊ ကျုပ်မှာဖြင့် အချိန်က သိပ်ကျန်တော့တာ မဟုတ်ဘူး။ ဒီတော့ ကျုပ်ပြောတာကိုသာ ဂရုတစိုက်,လိုက်ပြီး နားထောင်”
“ဟုတ်ကဲ့ပါ ကွင်းပိုင်ကြီးခင်ဗျ”
“ခင်ဗျားတို့ အဲဒီလို စောင့်ကြလို့ ဆယ့်နှစ်နာရီ တိတိအရောက်မှာ အဲဒီလမ်းကနေ ဖြတ်သန်းလာမယ့် အရာမှန်သမျှကို ဓါးတွေနဲ့သာ ဝိုင်းခုတ်ပစ်ကြစမ်းဗျာ။ ရဲရဲလဲ ခုတ်၊ ပြတ်အောင်လည်း ခုတ်”
နားမလည်နိုင်စွမ်းသည့် ကွင်းပိုင်ကြီး၏ ဆိုစကားများကြောင့် ဦးစံလှခမျာ အံ့အားသင့်နေခဲ့ရာက ထိတ်လန့်လာမိသည်။
“ကိုင်း… ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ရတော့မှာမို့ ကျုပ် ပြန်ပြီဗျို့။ သံသရာတကွေ့မှာ ကံမကုန်ရင် ပြန်ဆုံကြရဦးမှာပါ။ ကျုပ် ခိုင်းတဲ့အတိုင်းသာ တသဝေမတိမ်း လိုက်လုပ်။ လိုက်မလုပ်ရင်လဲ ခင်ဗျားတို့ ထိုက်နဲ့ ခင်ဗျားတို့ ကံပဲ”
“နေ နေပါဦး ကွင်းပိုင်ကြီးရယ်”
ပြောရင်း,ဆိုရင်း ရုတ်ချည်း လှည့်ထွက်သွားသည့်အတွက် ဦးစံလှက မတင်မကျစိတ်ဖြင့် လှမ်းတားကြည့်သော်လည်း ကွင်းပိုင်ကြီးသည် လှည့်၍ပင် မကြည့်ဘဲ သုတ်ချေတင်နေလေ၏။
ဤတွင် ကွင်းပိုင်ကြီး၏ ခန္ဓာကိုယ်သည် တစတစ ကြီးထွားလာခဲ့ပြီး သူ၏ နားရွက်ကြီးများကလဲ မြေပြင်ထက်တိုင် တွဲရှည်ကျလာကြပြီးနောက် ၎င်း၏ မူရင်း သဘက်ရုပ်သွင်အမှန် ပကတိ ပေါ်ပေါက်လာခဲ့ချေသည်။
သို့နှင့် တစ်နေရာတွင် တုံ့ခနဲ ရပ်တန့်လိုက်ပြီးနောက် ကွင်းပိုင်ကြီးသည် ခါးထောက်လိုက်ပြီးလျှင် ကျောချမ်းစဖွယ် အသံကြီးဖြင့် အားပါးတရ ‘ဟီးဟီး,ဟားဟား’ ထရယ်လျက်သားဖြင့် တမုဟုတ်ချင်း ပျောက်ကွယ်သွားပေတော့၏။
ထိုည၏ သန်းခေါင်ယံတွင် ဦးစံလှနှင့် သမက်ဖြစ်သူတို့သည် မိမိတို့ အိမ်ရှေ့ လမ်းပေါ်တွင် ကွင်းပိုင်ကြီး မှာကြားခဲ့သည့်အတိုင်း ငှက်ကြီးတောင်ဓါး တစ်ယောက်,တစ်လက် ဆွဲကာ ရင်တမမဖြင့် ရှိနေကြလေသည်။ မညိုမြသည်လည်း ဖအေနှင့် လင်ဖြစ်သူတို့ကို အိမ်ပြတင်းပေါက်မှတဆင့် စိုးရိမ်တကြီး စောင့်ကြည့်ပေးနေ၏။
အလျဉ်းဆိတ်ငြိမ်ချိန် ဖြစ်သည့်အပြင် လစန္ဒာသည်လည်း သာယာမှု မရှိဘဲ မိုက်မှောင်နေပြန်သေးသဖြင့် ဤသို့သော အခြေအနေမျိုးတွင် များမကြာမီ ဆိုက်ရောက်လာတော့မည့် အမျိုအမည်မသိ အရာများအား စိုးရွံ့ ထိတ်လန့်စွာဖြင့် သို့လော,သို့လော တွေးဆမိနေကြသဖြင့် စိတ်အေးချမ်းခြင်း အရှင်းမရှိနိုင်ကြပေ။
ထိုအခိုက်တွင် ရွာဦး ဘုန်းကြီးကျောင်းဘက်က တုံးမောင်း,ခေါက်သံများ စတင် ထွက်ပေါ်လာသည်နှင့် တပြိုက်နက် မိမိတို့၏ နေအိမ်နှင့် ခပ်ပျပျမျှ လှမ်းကွာသော ဇောင်ချမ်းပင်ကြီးဘက်က အသံတချို့ စတင်၍ ထွက်ပေါ်လာလေပြီ။ အဆိုပါ အသံဗလံများသည် လှည်းသံ လူသံများနှင့် ဆင်တူလှသဖြင့် ဦးစံလှတို့ လှမ်းကြည့်မိကြရာ အကယ်ပင် လှည်းတန်းကြီးတစ်ခု ဖြစ်နေချေ၏။
တရွေ့ရွေ့ဖြင့် ထွက်ပေါ်လာသော ၎င်းနွားလှည်းတန်းကြီးတွင် ယာဉ်ဆယ်စီးခန့် ရှိပြီး အရွယ်အမယ် စုံလင်သော လူများ လိုက်ပါလာကြလေသည်။ ထိုလှည်းယာဉ်များ၌ မီးအိမ် ကိုယ်စီရှိသဖြင့် စီးနင်းလာကြကုန်သော ယောက်ျား,မိန်းမ၊ ကလေး,သူငယ်၊ သက်ကြီး,ရွယ်အိုအပေါင်းတို့သည် အေးအေးလူလူပုံစံဖြင့် စကားစမြည် ပြောဆိုလျက် ရှိကြပြီး၊ အချို့မှာမူ အပူအပင်,ကင်းစွာဖြင့် သံပြိုင် တေးသီကျူးလျက် ရှိနေကြသည်ကိုပင် တွေ့မြင်လာရပြန်သောအခါ ဦးစံလှတို့ မိသားစုသည် တစ်ဦးကို တစ်ဦး အပြန်အလှန် လှမ်းကြည့်မိကာ တုံဏိဘာဝေ ဖြစ်မိကြပေ၏။
ထိုစဉ် ဦးစံလှ၏ သမက် တဖြစ်လဲ မညိုမြ၏ လင်ဖြစ်သူက တအံ့တဩ အမူအရာဖြင့်…
“အဖေရေ၊ အဖေ… ကျုပ်တို့ ခုတ်ကြရမှာ ဒီလူတွေကိုလားဗျ” ဟု ပြောရင်း ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသော သူ၏ ဓါးရှည်ကို တဆဆ လုပ်၍ လှမ်းမေးလာခဲ့သည်။
ဤတွင် ဦးစံလှက…
“နေစမ်းပါဦးကွာ… တော်ကြာ တောမှောက်နေမှဖြင့် တကယ့်လူအစစ်တွေများ သွားခုတ်မိလို့ တို့အမှုပတ်ချေဦးမယ်။ အသာ စောင့်ကြည့်စမ်းပါဦး” ဟူ၍ သမက်ဖြစ်သူကို လှမ်းတားရင်းမှ သတိအနေအထား စူးစမ်းကြည့်မိနေလိုက်၏။
ယင်းသို့ တအောင့်အကြာတွင် လှည်းတန်းကြီးသည် မိမိတို့၏ အိမ်ရှေ့ လမ်းပေါ်သို့ တစ်စီးပြီး တစ်စီး ဖြတ်သန်းလာခဲ့ကြချိန်တွင် စီးနင်း လိုက်ပါလာကြသူများမှာ ဓါးလက်နက်များ ကိုင်ဆောင်ထားသည့် မိမိတို့အား ဖုတ်လေသည့် ငပိဟုပင် မထင်ဘဲ ရှိနေကြလျှင် သမားရိုးကျ မဟုတ်နိုင်မှန်း ဦးစံလှတို့ မိသားစုလဲ သတိပြုမိသွားကြလေသည်။ သို့စေကာမူ ပီပြင် ရှင်းလင်းလှသော လူသားအသွင်သဏ္ဌာန်များကြောင့် မခုတ်,မထစ်ရဲကြဘဲ ကြက်သေ,သေလျက်သား ရှိနေကြပေ၏။
သို့နှင့် လှည်းတန်းကြီးတစ်ခုလုံး ဖြတ်သန်းသွားပြီးသည့်နောက်တွင် ယင်း၏ ကပ်လျက်မှ တတွန့်တွန့်ဖြင့် လိုက်ပါလာကြသော မြွေသတ္တဝါကြီး,ငယ် မျိုးစုံကို အထူးအဆန်း တွေ့မြင်ကြရပြန်သည်။ ထိုမြွေများတွင် အချို့သည် ပေါင်လုံးပမာဏ ကြီးပြီး၊ အချို့မှာမူ လက်သန်းလုံးမျှ သေးသည် ဟူ၏။
ထိုအခါ လှည်းဆယ်စီးတန်းမှ လူများအား ဘာမျှ မပြုရဲခဲ့ကြသော ဦးစံလှတို့ ခမည်းခမက်မှာ ယခုအခါတွင်မူ မြွေဆိုလျှင် ရွံမုန်းလှသည့် နဂိုဓါတ်အခံကြောင့် မြွေတန်းကြီးကို အားရပါးရ လိုက်ခုတ်ကြတော့သည်။ ဤတွင် ဓါးချက်,မိကုန်သော မြွေများမှာ အမြီးပိုင်းများ ပြတ်ကျန်ခဲ့သော်လည်း ခန္ဓာထက်ပိုင်းများမှာ ဘာမျှ မဖြစ်သည့် ဟန်ဖြင့်ပင် ရှေ့ဆက် သွားနေကြချေ၏။ သာ၍ ထူးခြားသည်ကား အချို့ ခေါင်းပြတ်ထွက်သွားသော မြွေများမှာ ၎င်းတို့၏ ဦးခေါင်းပြတ်ဖြင့်ပင် ရှေ့သို့ ဆက်သွားနေကြခြင်း ဖြစ်လေသည်။
သို့နှင့်ပင် လှည်းတန်းကြီးအပြင် ယင်း၏ အနောက်မှ ထက်ကြပ်မကွာ လိုက်ပါလာသည့် မြွေတန်းကြီးပါ အပြီးအပိုင် ထွက်ခွာ ပျောက်ကွယ်သွားပြီးနောက်တွင် ပတ်ဝန်းကျင်တခွင်သည် တိတ်ဆိတ် ငြိမ်သက်သွားပြန်၏။ ထိုကာမှ ဦးစံလှနှင့် သမက်ဖြစ်သူတို့လဲ ခပ်မောမော ရှိနေကြသည်နှင့်အညီ ခြေပစ်,လက်ပစ် ထိုင်ကာ အနားယူလိုက်ကြ၏။
ခေတ္တအကြာ အမောပြေသွားကြသည့်အခါတွင် အိမ်အပေါက်ဝ၌ ဖြစ်စဉ် အစ,အဆုံးကို မမှိတ်မသုန် ရပ်ကြည့်နေခဲ့သော မညိုမြအား မီးအိမ်တစ်လုံးနှင့် အတူ ဆင်းသက်လာစေပြီး အစောပိုင်းက မြွေသတ္တဝါများကို ခုတ်ထစ်ခဲ့ကြရာ နေရာများသို့ လိုက်ကြည့်ကြလေသည်။ ယင်းအခါ လှည်းလမ်းပေါ်တွင် ပြတ်ကျန်ခဲ့သော မြွေများ၏ ခန္ဓာအောက်ပိုင်းများ အားလုံးသည် ရွှေတုံး,ရွှေခဲများအဖြစ် အသွင်ပြောင်းလဲနေကြောင်း အံဩတကြီး တွေ့ရှိလိုက်ကြရတော့၏။
ဤသို့ဖြင့် ဦးစံလှတို့ မိသားစုသည် ၎င်းတို့၏ နယ်တဝိုက်တွင် လူချမ်းသာစာရင်း ဝင်လာခဲ့ပြီး အလှူအတန်း အရက်ရောဆုံး ပုဂ္ဂိုလ်များအဖြစ်လည်း အစဉ်အဆက် ထင်ရှားခဲ့ကြပေသည်။ ထို့အပြင် သူတို့သည် မိမိတို့၏ ကျေးဇူးရှင် ကွင်းပိုင်ကြီး တဖြစ်လဲ သဘက်ကြီး ဦးရန်အောင်အတွက် ရည်စူး၍ ကောင်းမှုကုသိုလ် အမျိုးမျိုးကို ပြုလုပ်ပေးခဲ့ကြပြီး အလျဉ်းသင့်လျှင် သင့်သလိုပင် လွမ်းဆွတ်နေကြလေတော့သတည်း။
[ယခု တင်ပြခဲ့သည့် ဖြစ်ရပ်မှန်ဇာတ်လမ်းကို တဆင့်ပြန်လည် ပြောပြခဲ့သူ အရှင်သိရီဓမ္မအား အထူးပင် ကျေးဇူးတင်ရှိပါသည်။]
ဇော်မင်းအောင် (နက်ရှိုင်းထက်)
ဖေဖော်ဝါရီလ၊ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်
#Picture_from_Google