ကွယ်လွန်သူ၏နောက်ဆုံးဆန္ဒ(စ/ဆုံး)
————————————–
“ကို ဘယ်အချိန်လာမှာလဲ”
တစ်ဖက်မှအသံကို သူမ နားစိုက်ထောင်နေလိုက်သည်။
“ကို အခုအလုပ်ကပြန်လာနေပြီ…အခန်းမှာ
ရေမိုးချိုး..အဝတ်အစားလဲပြီးတာနဲ့ ချစ် ဆီ
ဖုန်းပြန်ဆက်လိုက်မယ်လေ…”
သူမ ကျေနပ်စွာပြုံးလိုက်မိပြီး…
“အင်း..ဟုတ်ပြီလေ…ချစ်စောင့်နေမယ်နော်…ပြီးတော့…အရင်အခါတွေတုန်းကလို ဘာဖြစ်လို့ ညာဖြစ်လို့ဆိုတဲ့ အကြောင်းပြချက်တွေကိုလည်း ထပ်မကြားချင်တော့ဘူးနော်…ဒီတစ်ခါ အဲ့လို ထပ်ပြောလို့ကတော့ တကယ်ဝေးပြီမှတ်”
“အင်းပါ…စိတ်ချ…ဒီတစ်ခါ ကို အစစအရာရာ အားလုံးပြင်ဆင်ထားပြီးပြီ…
အသက်တွေကလည်း မငယ်ကြတော့ဘူးလေ…အိုနေပြီမဟုတ်လား”
ချစ်သူဖြစ်သူ၏ ရွှတ်နောက်နောက်စကားကြောင့် သူမ ရယ်သံလေးဖြင့်ပြန်ပြောလိုက်သည်…
“အင်းပါ…စောင့်နေမယ်…ဟိုမှာ အမိုးလာနေပြီ..ဖုန်းချ..”
သူမစကားမဆုံးခင်မှာပင်…
“တီ..တီ…တီ…”
ဆိုသော အသံနှင့်အတူ ဖုန်းလိုင်းပြတ်တောက်သွားတော့သည်။
“ဟူး….”
သူမ..သက်ပြင်းကိုလေးတွဲစွာချလိုက်မိသည်။အမှန်တော့….သူမ…ထိုအဖြစ်အပျက်၏နောက်ကွယ်တွင်…ဘာတွေဖြစ်သွားသည်ကိုမသိလိုက်၍သာ…ထိုသို့ သက်ပြင်းချလိုက်ခြင်းသာ…။
* * *
“အဆင်ပြေမလား ငါ့ကောင်”
လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ၏အမေးကို…
ကျနော် ပေါ့ပါးစွာပြန်ဖြေလိုက်သည်….။
“ပြေတာမှ ဟိုဘက်ကမ်းတောင်လွန်ပေါ့…
ခုလို ငါ့ကိုအခန်းရှာပေးတာကျေးဇူးပဲကွာ..
နောက်မဟုတ်ရင် ငါလည်းရွာလည်နေမှာကွ…”
မိတ်ဆွေဖြစ်သူက တည်ငြိမ်စွာပင် ပြန်ပြောသည်…
“အင်း…မင်းအဆင်ပြေတယ်ဆိုင်ရင်လည်းပြီးရောကွာ…ငါ အခန်းမှာလုပ်စရာရှိသေးလို့
သွားလိုက်ဦးမယ်နော်”
သူ၏ မျက်လုံးများက ဂဏှာမငြိမ်လှ…။
အခန်းဝမှ နေ၍ အခန်းတွင်း ကျီးကန်းတောင်းမှောက်ကြည့်နေရင်းမှ ကျနော့်ကိုပြောလိုက်ပြီး ကျနော့်အဖြေကိုပင်မစောင့်တော့ပဲ သူ၏အခန်းရှိရာ အောက်ထပ်သို့ ဆင်းသွားတော့သည်။ကျနော်လည်း
ပင်ပန်းနေပြီဖြစ်၍ ဘာမှမပြောဖြစ်တော့ပဲ
အခန်းဝတွင်စုပုံချထားသော ပစ္စည်းတို့ကို
နေရာချနေလိုက်သည်။ပစ္စည်းဆို၍ များများစားစားတော့မဟုတ်…ကျနော့်အဝတ်အစားများလုံးထွေးထည့်ထားသော
ကျောပိုးအိတ်တစ်လုံးနှင့် ထမင်းအိုး..ဟင်းအိုးနှင့်ပန်းကန်ခွက်ယောက်အချို့ကိုရောထည့်ထားသော အိတ်ကြီးတစ်လုံးသာ…။ကျနော်လည်း ပစ္စည်းများနေရာချပြီးသောအခါ ထမင်းပေါင်းအိုးအား တည်တင်ထားလိုက်ပြီး ခလုတ်နှိပ်ကာ
အောက်သို့ဓျေးဝယ်ထွက်ခဲ့သည်။ဒီနေ့တော့
ကြက်ဥကြော်…သို့မဟုတ်..ငါးသေတ္တာဗူးဖြင့်သာကျနော်၏ ညစာကိုဖြေရှင်းရမည်မဟုတ်လား။
အမှန်တော့ကျနော်သည်…
ထိုင်းနိုင်ငံမှရွှေ့ပြောင်းအလုပ်သမားတစ်ဦးသာဖြစ်သည်။အရင်နေသော မဟာချိုင်တွင်
အလုပ်မကောင်း၍ ယခုနေရာသို့ပြောင်းလာခြင်းဖြစ်သည်။အမ ဖြစ်သူက ဘန်ကောက်နယ်ထဲမှမြို့နယ်တစ်ခုတွင်
နေထိုင်ပြီးအလုပ်ကောင်း၍ခေါ်သောကြောင့် ရောက်လာခြင်းဖြစ်သည်။အလုပ်က
အဆင်ပြေသော်လည်း အခန်းမှာအဆင်မပြေလှ။အမဖြစ်သူက သူ့အိမ်ထောင်နှင့်သူဖြစ်နေ၍ အကြာကြီးအတူမနေချင်သောကြောင့်
အခန်းလိုက်ရှာရာမှ အလုပ်ရုံအနီးတွင် ရှားရှားပါးပါး အခန်းတစ်ခန်းကို ရလိုက်သည်။ညနေကပင် အခန်းစဘော်ငွေ
ဘတ် သုံးထောင့်ငါးရာ အားပေးချေပြီး
သူငယ်ချင်းဖြစ်သူ၏အကူအညီဖြင့်
အမဖြစ်သူ၏အခန်းမှ ပစ္စည်းများသိမ်းကာ
အခန်းပြောင်းလာခြင်းဖြစ်သည်။ကျနော်လည်း လမ်းအနည်းငယ်လျှောက်လိုက်ပြီးမနီးမဝေးမှ 7-Eleven ဆိုင်ထဲသို့ဝင်ကာ ကြက်ဥ
ငါးလုံး…ငါးသေတ္တာတစ်ဗူးနှင့် အရက်တစ်ပိုင်း ဝယ်ယူကာ အခန်းရှိရာသို့ပြန်တက်ခဲ့သည်။အခန်းက
အပေါ်ဆုံးအထပ်ဖြစ်သော လေးထပ်တွင်ဖြစ်၍ အတက်အဆင်းလုပ်ရသည်မှာ မလွယ်လှ။
အခန်းအတွင်းသို့ဝင်လိုက်ပြီး ကြက်ဥကြော်ကာ အရက်ပုလင်းကိုဖွင့်ကာ
အေးအေးဆေးဆေးသောက်နေလိုက်သည်။
မနက်ဖြန် တနင်္ဂနွေ နေ့ဖြစ်၍အလုပ်ပိတ်သည်မို့ အေးအေးဆေးဆေးသောက်နေခြင်းသာ။
ဖုန်းကိုထုတ်၍ facebook ကြည့်နေမိသည်။တစ်နေရာတွင် သွေးသံရဲရဲနှင့် ရုပ်ပျက်ဆင်းပျက်သေဆုံးနေသောပုံအချို့နှင့်အတူ…ကားဖြင့်တိုက်မိ၍ သေဆုံးသွားသော မြန်မာပြည်သားတစ်ဦး
ဆိုသော စာကိုပါတွေ့လိုက်ရသဖြင့် စပ်စုတတ်သောကျနော်လည်းဝင်ကြည့်လိုက်မိသည်။အတိုက်ခံရပြီးသေဆုံးနေသော
အလာင်းမှာ မြင်မကောင်းအောင်ပင်…။
သွေးများကအိုင်ထွန်းနေပြီး ထိုသွေးအိုင်အလယ်တွင် ဦးခေါင်းတစ်ခြမ်း
ကြေမွကာ လက်တစ်ဖက်လည်း ပြောင်းပြန်ဖြစ်လောက်အောင်ပင်
တွင်တွင်ကျိုးနေသည်။ကျနော်လည်း
ဖြစ်ပွားသောရက်စွဲကိုကြည့်လိုက်ရာ…
လွန်ခဲ့သော ဆယ့်သုံးရက်က ဖြစ်ကြောင်း
သိရသည်။ထိုပို့စ် ကိုကျနော်အသေးစိတ်
မဖတ်ဖြစ်တော့ပဲ share လိုက်ပြီး ဖုန်းအင်တာနက်ကိုပိတ်ကာ လက်ကျန်အရက်ကိုအကုန်သောက်ချလိုက်သည်။ထို့နောက် ကြက်ဥကြော်ဖြင့် ထမင်းစားလိုက်ပြီး ဘုရားရှိခိုးကာ အိပ်ချလိုက်တော့သည်။ပြဿနာမှာ…
ထိုအချိန်မှစလာတော့သည်။
* * *
“ဒုတ်….ဒုတ်….ဒုတ်”
တံခါးဘောင်အား စည်းချက်ကျကျ ထုရိုက်နေသော အသံကြောင့် ကျနော်နိုးလာပြီး ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်သည်။အမှောင်ထဲမို့
ရုတ်တရက်ဘာမှမမြင်ရ။ကျနော့်မျက်လုံးများအမှောင်ထဲတွင်နေသားကျလာသောအခါတွင်မတော့ ကျနော်ထိုအသံထွက်ပေါ်လာရာ
အိမ်သာတံခါးဆီသို့ကြည့်လိုက်မိသည်။
“ဒုတ်….ဒုတ်….ဒုတ်”
အသံကတော့ အချက်မှန်မှန်ထွက်ပေါ်နေဆဲပင်။
“အမလေး…ဘုရားရေ”
ကျနော်တွေ့လိုက်ရသောမြင်ကွင်းကြောင့်
ဘုရားတလိုက်မိသည်။ကျနော့်မျက်လုံးကို
ကျနော်မယုံနိုင်ဖြစ်မိပြီး ပွတ်သပ်ကာသေချာပြန်ကြည့်လိုက်သည်။
ဟုတ်သည်…အမြင်မမှားပါ…။ကျနော်တွေ့လိုက်သည်က…အိမ်သာတံခါးအား သူ၏ဦးခေါင်းဖြင့် ဆောင့်တိုက်နေသော
တစ်စုံတစ်ယောက်။ထိုအချိန်တွင်ပင် ကျနော့် နှာခေါင်းထဲ သွေးညှီနံ့လိုလို…ပုပ်နံ့လိုလိုရလိုက်သည်။
ကျနော်၏ လန့်အော်လိုက်သောအသံကြောင့်ထင်သည်…ထို တစ်စုံတစ်ယောက်က တံခါးအားဦးခေါင်းဖြင့်တိုက်နေခြင်းကို
ရပ်တန့်ကာ ကျနော့်ဘက်သို့ တစ်ဖြည်းဖြည်း လှည့်လာသည်။ကျနော်အိပ်နေရာမှ အလျှင်အမြန်လူးလဲထလိုက်ပြီး အခန်းအဝင်ဝတံခါးဘေးမှ မီးခလုတ်ကို စမ်းကာဖွင့်လိုက်သည်။ကျနော်ကတော့ ထိုနေရာမှနေ၍ အိမ်သာတံခါးဝသို့ မမှိုတ်မသုန်ကြည့်နေမိသည်။မီးလင်းလာသဖြင့် ထိုသူအားကျနော်ရှင်းလင်းစွာမြင်တွေ့လိုက်ရသည်။ထိုသူလည်း ကျနော့်ဘက်သို့
မျက်နှာမူလာပြီးဖြစ်နေပြီဖြစ်သည်မို့ ကျနော် သူ့မျက်နှာကိုတွေ့ကာ လန့်သွားမိသည်။သူ၏ မျက်နှာတစ်ခြမ်းမှာ
ကြေမွကာ မျက်လုံးတစ်လုံးက အပြင်သို့
တွဲလွဲကျနေသည်။ကျန်သောမျက်နှာတစ်ခြမ်းမှာလည်းသွေးများအလိမ်းလိမ်းဖြင့်
ကြည့်ရဆိုးလှသည်။သူ၏တစ်ကိုယ်လုံးသွေးများဖြင့်ရွှဲစိုနေကာ ခြေရင်းတွင်လည်း
သွေးများအိုင်ထွန်းနေသည်။ထိုသူက ကျနော့်ထံ လက်ညိုးထိုးကာ ပါးစပ်မှ တစ်စုံတစ်ခုပြောနေသည်။ဘာစကားမှန်း
ကျနော်နားမလည်…။ထိုသို့ပြောနေရင်းမှ ကျနော့်ထံသို့ လက်နှစ်ဖက်ကိုဆန့်တန်းကာ
ပြေးဝင်လာပြီး ကျနော့်လည်ပင်းကို ဆုပ်ကိုင်ကာ ညှစ်လိုက်သဖြင့် ကျနော်လည်း
“လွှတ်…ငါ့ကိုလွှတ်”
ဟု အသံကုန်အော်ဟစ်လိုက်ကာ အားရှိသလောက်ရုန်းကန်လိုက်သည်။
“အား…လွှတ်…လွှတ်”
ကျနော် အသံကုန်အော်ရင်း အိပ်ရာမှ နိုးသွားသည်။ကျနော့်တစ်ကိုယ်လုံး ချွေးစေးများဖြင့် ရွှဲနေသည်။လည်ပင်းညှစ်ခံထားရသကဲ့သို့
အသက်ရှူလည်းကြပ်နေသောကြောင့်
စိတ်ကိုတည်ငြိမ်အောင်ထား၍ အသက်ကို
မှန်မှန်ရှူလိုက်ပြီးအမောဖြေလိုက်သည်။
အခန်းလေးကတော့…ပကတိအတိုင်း တိတ်ဆိတ်မှောင်မည်းလျှက်သာ။
အိပ်မက်ပဲ…ဟုတွေးမိကာ အနည်းငယ်စိတ်သက်သာရာ ရသွားသော်လည်း ကျနော့်စိတ်ထဲ ဘဝင်မကျဖြစ်မိသည်ကတော့အမှန်ပင်။ဘာကြောင့် အိပ်မက်ထဲကလို လည်ပင်းညှစ်ခံထားရသကဲ့သို့ လည်ပင်းနာနေပြီးအသက်ရှူကြပ်နေရတာလဲ။ပြီးတော့…အိပ်မက်ထဲက မြင်ကွင်းက
ယခုကျနော်နေထိုင်သောအခန်းမြင်ကွင်း
အတိုင်း တစ်ထေရာထဲတူနေပြီးအပြင်မှာ
တကယ်ဖြစ်ပျက်နေသကဲ့သို့ ခံစားနေရတာလဲ။သက်ပြင်းတစ်ခုကို
လေးတွဲစွာချလိုက်ပြီး ဘေးတွင်အသင့်ချထားသော ရေဗူးကိုယူကာ တရှိန်ထိုး မော့ချလိုက်သည်။ကျနော့်စိတ်အတန်ငယ်
ငြိမ်သက်သွားသည်မို့ ပြန်အိပ်ရန်မျက်လုံးအစုံကို မှိတ်လိုက်သည်။
ထိုအချိန်တွင် မသိစိတ်မှ ကျနော့်အားတစ်စုံတစ်ယောက် စူးစိုက်ကြည့်နေသလိုခံစားနေရသဖြင့် မျက်လုံးကို ပြန်ဖွင့်လိုက်မိသည်။အမှောင်ထဲတွင် အသားကျနေသော ကျနော့်မျက်လုံးအစုံက
ခြေရင်းဘက်တွင် ထောင်ထားသော ဆန်အိတ်ပေါ်တွင် ငုတ်တုတ်ထိုင်ကာ ကျနော့်အား စူးစိုက်ကြည့်နေသော တစ်စုံတစ်ယောက်ကိုတွေ့လိုက်ရသဖြင့်
နံဘေးတွင် ချထားသော ဖုန်းကိုကောက်ကိုင်ကာ ဖုန်းမီးကိုဖွင့်ပြီး ထိုနေရာသို့ထိုးကြည့်လိုက်သည်။ဘာမှမရှိ…။သက်ပြင်းတစ်ချက်ချလိုက်ကာ ဖုန်းမီးကိုပြန်ပိတ်လိုက်သည်။
“ဟင်…”
ဖုနိးမီးပိတ်လိုက်သည်နှင့် ထိုဆန်အိတ်ပေါ်မှ
တစ်စုံတစ်ယောက်က ပြန်ပေါ်လာသည်။
အိပ်နေရင်းမှ ဖုန်းမီးကို ပြန်ဖွင့်ကာ ကမန်းကတမ်း ပြန်ကြည့်လိုက်သည်။
ဒီတစ်ခါတော့ ကျနော်တွေ့လိုက်ရသည်က..
တစ်ကိုယ်လုံးသွေးအလိမ်းလိမ်းဖြင့် စောစောက အိပ်မက်ထဲမှ တစ်စုံတစ်ယောက်။ထိုသူက ကျနော့်အား
စူးစိုက်ကြည့်နေရာမှ ဆန်အိတ်အပေါ်မှနေ၍
ကျနော့်ကိုယ်ပေါ်သို့ ခုန်အုပ်လာရာ ကျနော်လည်း ကြောက်လန့်တကြားဖြင့်
လက်ထဲမှဖုန်းဖြင့်ဝှေ့ယမ်းကာ ခုခံလိုက်ရာ
ဖုန်းကလွတ်ထွက်သွားကာ နံဘေးသို့ရောက်သွားသည်။ခုန်အုပ်လာသော သူက ကျနော့်အနီးရောက်သောအခါ ပျောက်သွားတော့သည်။ကျနော်လည်း
ရသမျှ ဘုရားစာတို့ကို စိတ်ထဲရွတ်နေလိုက်တော့သည်။မည်သည့်အချိန်တွင် အိပ်ပျော်သွားသည်မသိ…။
အိပ်ယာမှနိုးသောအခါ မနက် ကိုးနာရီ ခွဲကျော်နေလေပြီ။
* * *
*မောင်ကျော်…မင်းမျက်နှာလည်းမကောင်းပါလားကွာ..ဘာဖြစ်တာလဲကွ”
ညနေဘက်…ကျနော်ခြင်းကွင်းသို့ ထွက်ခဲ့ပြီး ညကအဖြစ်အပျက်တို့ကိုပြန်စဉ်းစားကာ
မှိုင်တွေနေသည်ကို သူငယ်ချင်းဖြစ်သူ
ကရင်လူမျိုး စောတလုံး ကပြောလာသည်။
မင်းဝေအောင် ဆိုသော ထားဝယ်လေးကလည်း….
“ဟုတ်တယ်…စောစောကပွဲလည်း မရှုံးသင့်ပဲ ရှုံးသွားတာ…မင်းကိုကြည့်တာ
စိတ်နဲ့ကိုယ်နဲ့မကပ်သလိုပဲ”
“ဟူး…”
ကျနော်သက်ပြင်းတစ်ချက်ချလိုက်ကာ
သူတို့အား ပြောသင့်မပြောသင့် ခဏ စဉ်းစားလိုက်သည်။ပြောပြလိုက်၍ ယုံလျှင်တော်သေးသည်။မယုံပါက
အရှက်ကွဲပေမည်။သို့သော် ရင်ဖွင့်ပြောပြရန်
အနီးကပ် အခင်မင်ဆုံးဆို၍ သူတို့နှစ်ယောက်သာ ရှိသည်မို့ ကျနော်လည်း အဖြစ်အပျက်တို့ကို အစအဆုံးပြောပြလိုက်သည်။သူတို့က
သေချာနားထောင်ပြီးနောက်…ကရင်က…
“အင်း…ထိုင်းနိုင်ငံမှာ ဒါမျိုးက မဆန်းပါဘူးကွာ…သူတို့ဆီမှာက မကျွတ်မလွတ်တဲ့သူတွေပိုများတယ်…
အမျှအတန်းဝေတဲ့ကိစ္စကို သေသေချာချာလုပ်တာနည်းတယ်…
ပြီးတော့ အချို့သူဠေးတွေဆို သူတို့အလုပ်ရုံ
တည်မြဲဖို့ ..လုံခြုံဖို့အတွက် အစောင့်သဘောမျိုးနဲ့ သရဲတွေဘာတွေတောင်မွေးကြတယ်လို့
ကြားဖူးတယ်ကွ”
ဟုပြောလာသည်။ထားဝယ်လေးကလည်း..
“ဟုတ်တယ်…ကျနော်လည်းကြားဖူးတယ်..
ကိုယ်တိုင်တောင်ကြုံဖူးသေးတယ်….ဒါမျိုးကနေရာတိုင်းလိုလိုမှာရှိတယ်..တစ်ခုတော့
ရှိတယ်…ဒီလိုလုပ်…ခုဒီကပြန်သွားရင်
ပြောလိုက်…နင့်ဟာနင်နေ..ငါ့ဟာငါနေမယ်…ငါ့ကိုလည်းမနှောင့်ယှက်နဲ့…နင့်ကိုလည်း
ငါမနှောင့်ယှက်ဘူး..အဲ့လိုပြောလိုက်…”
ဟုဝင်ပြောလာသည်။ကျနော်လည်း ခဏစဉ်းစားလိုက်ပြီး….
“အင်း…အဲ့လိုလည်းမဆိုးဘူး…စမ်းကြည့်ရမှာပဲ…ဘာလို့လဲဆိုတော့ ဒီနားပတ်ဝန်းကျင်မှာ အခန်းကလည်း ရှာရခက်တယ်…ခုနေတဲ့အခန်းတောင် မနဲရှာထားရတာ…ပြီးတော့ ရှိတယ်ပဲထားဦး..စဘော်တင်ဖို့ပိုက်ဆံလည်းမရှိတော့ဘူး….ဒါဆိုဒီလိုလုပ်…မင်းတို့တစ်ခု ကူညီ”
ကျနော့်စကားကြောင့် သူတို့နှစ်ယောက်
ကျနော့်အား ပြိုင်တူကြည့်ကာ မေးလိုက်သည်။
“ဘာကူညီရမလဲ”
“ဘာရယ်မဟုတ်ဘူး…ညကျရင် အခန်းမှာ
ငါ့နဲ့အတူတူလာအိပ်ပေးကြ…ငါအရက်တိုက်မယ်”
“ဟမ်”
ကျနော့်စကားကြောင့် သူတို့တွန့်ဆုတ်ဆုတ်
ဖြစ်သွားကြသော်လည်း…အရက်တိုက်မယ်
ဆိုသောနောက်ဆက်တွဲစကားကြောင့်…
နှစ်ယောက်သား ကျနော်အကူအညီတောင်းသည်ကို လက်ခံလိုက်ကြတော့သည်။
* * *
ကျနော် ခြင်းကွင်းမှ အပြန်လမ်းမှ ဓျေးကလေးထဲဝင်ကာ ငါးရံ့တစ်ကောင်နှင့်
ဝက်သားကီလိုဝက်ကိုတစ်ခါတည်းဝင်ဝယ်လိုက်ပြီး အခန်းသို့ပြန်ခဲ့သည်။ကရင်နှင့်
ထားဝယ်က သူတို့အခန်းတွင် ရေမိုးချိုးအဝတ်အစားလဲပြီးမှ လာမည်ဟု
ပြောသဖြင့် သူတို့အား ပိုက်ဆံပေးကာ
လာလျှင် အရက်ပါတစ်ခါတည်းဝယ်ခဲ့ရန်မှာခဲ့သည်။
အခန်းတံခါးဖွင့်ကာ ဝင်လိုက်သည်နှင့်တစ်ကိ်ုယ်လုံး အေးစိမ့်ကာ
ကြက်သီးမွှေးညှင်းများထသွားသလိုခံစားလိုက်ရသည်။
“နင့်ဟာနင်နေ…ငါဟာငါနေမယ်…ငါ့ကိုလည်းမနှောင့်ယှက်နဲ့…နင့်ကိုလည်း ငါမနှောင့်ယှက်ဘူး”
ကျနော် တီးတိုးရေရွတ်သလိုပြောလိုက်ပြီး
အခန်းတွင်းသို့ ဝင်ကာ ငါးရံ့ကို တုံးပြီး
ကြော်လိုက်သည်။ကြော်ထားရင်း ငြုပ်သီးထောင်းကာ ဝက်သားဟင်းချက်ရန်
ပြင်ဆင်ထားလိုက်သည်။ငါးကြော်ကျက်သောအခါ ဝက်သားဟင်းကို ဂတ်စ် အိုးပေါ်တင်ကာချက်ထားခဲ့ပြီး ထမင်းတည်လိုက်ချိန်တွင် ကရင်လေးနှင့်
ထားဝယ် တို့ရောက်လာကြသည်။သူတို့က
အခန်းအဝင်ဝနားတွင် ထိုင်ချလိုက်ပြီး
အရင်ပုလင်းနှင့် ရေခဲထုပ်ကိုချလိုက်သည်။
“ဟင်းအိုး ခဏ ကြည့်ထားပေးဦး..ကျက်ခါနီးပြီ..ရေခဏဝင်ချိုးလိုက်ဦးမယ်”
ကျနော်ပြောလိုက်ပြီးရေချိုးခန်းထဲဝင်ကာ
ရေကို အေးဆေးချိုးနေလိုက်သည်။
ခဏအကြာတွင်…အပြင်ဘက်မှ…
“ဂွမ်း…ဂလွမ်း”
ဆိုသောအသံတို့ကို ကြားလိုက်ရသည်။
“ဟေ့ကောင်တွေ…ဘာလုပ်နေကြတာတုန်း”
ကျနော် ရေချိုးခန်းအတွင်းမှ အော်ပြောလိုက်ရာ အသံတို့က တိတ်ဆိတ်သွားသည်။ကျနော်ရေချိုးပြီး
အပြင်ပြန်ထွက်ရန် ရေချိုးခန်းတံခါးကို
ဖွင့်ရာ အပြင်မှတစ်ယောက်ယောက်က
တွန်းထားသကဲ့သို့ဖြစ်နေပြီး ဖွင့်မရပေ။
“ကရင်…ထားဝယ်…လာစမနေနဲ့..ငါအေးနေပြီဟ”
ကျနော်ပြောလိုက်ကာ တံခါးကိုပြန်တွန်းဖွင့်ကြည့်သည်။မရ…
ကျနော်စိတ်အနည်းငယ်တိုသွားကာ…
“ဟေ့ကောင်တွေ ငါပြောနေတယ်နော်…
ငါ့ကိုလာမစနဲ့…ငါ ကန်ဖွင့်..”
“ကျီ…”
ကျနော့်စကားမဆုံးခင်မှာပင် တံခါးက သူ့လိုလို ပွင့်သွားသည်။ကျနော် အပြင်သို့
လှမ်းကြည့်လိုက်ရာ အခန်းတံခါးက
ပွင့်လျှက်သား…သူငယ်ချင်းနှစ်ယောက်လည်းအခန်းတွင် မရှိ။ပြီးတော့ ပန်းကန်စင်လည်း လဲပြိုကျနေကာ…
ဇွန်းများ ပန်းကန်များက ပြန့်ကျဲလျှက်။
ဘေးအခန်းက ကြောင်များ လာမွှေသွားလေသလားဟုတွေးကာ
ကျနော် ပန်းကန်များ ပြန်ကောက်သိမ်းကာ
အဝတ်အစားလဲနေချိန်တွင် ကရင်နှင့် ထားဝယ် ပြန်ရောက်လာသည်။
“ဆိုဒါမေ့သွားလို့ဟေ့…ကမန်းကတန်းသွားပြေးဝယ်တာ”
ရောက်မဆိုက် ကရင် ကပြောလာသည်။
“ဒါဆို အိမ်သာတံခါးတွန်းထားတာ မင်းပေါ့”
ကျနော်က ထားဝယ်ကိုကြည့်ကာ ပြုံးစိစိဖြင့် မေးလိုက်သည်။ထားဝယ်သားက
အူကြောင်ကြောင်ဖြင့်…
“ဘာလဲဟ…ဝက်သားဟင်းကျက်တော့ ဂတ်စ် ပိတ်ပြီး ငါတို့နှစ်ယောက်လုံး ဆိုဒါသွားဝယ်ကြတာလေ”
ဟုပြောရာ ကရင်ကြီးကလည်း…
“ဟုတ်တယ်…ငါတို့အတူတူပဲသွားတာ…
မင်းဘာဖြစ်ပြန်တာလဲ”
ဟုဝင်ထောက်ခံသည်။ကျနော် နားလည်လိုက်ပေပြီ…။ဒါဆို ပန်းကန်စင်ကိစ္စလည်း ကျနော်မေးစရာမလိုတော့ပါ။
“ဘာမှမဖြစ်ဘူးဟေ့…ငါ့ကိုတော့ ပညာပြနေပြီ”
ဟုသာပြောလိုက်သည်။သူတို့လည်း နားလည်သွားကာ ခေါင်းကို ညှိတ်ပြလာကြသည်။ထို့နောက် ကျနော်တို့လည်း ငါးရံ့ကြော်ကိုအမြည်းလုပ်ကာ သောက်စားရင်း ထွေရာလေးပါးပြောနေကြသည်။အရင်တစ်ပုလင်းကုန်သွားသောအခါ အရှိန်ရနေသောကြောင့် သောက်မဝသေးသော ကရင်က အောက်သို့ဆင်းကာ အရက်နောက်တစ်လုံးနှင့် ဆိုဒါ…ရေခဲတို့ကို
ဝယ်လာပြန်သည်။သောက်စားကြရင်း
ရယ်မောနေကြချိန်တွင်…ခေါင်းစိုက်နေပြီဖြစ်သော ထားဝယ်က ဆက်ကနဲ့ခေါင်းထောင်လာကာ….ကျနော်နားမလည်သော စကားတို့ကို အသံကျယ်ကျယ်ဖြင့်ပြောလာသည်။
ထားဝယ်စကားမဟုတ်…ကရင်စကားနှင့်
ခပ်ဆင်ဆင် တူနေသောကြောင့် ကျနော်
ကရင့် ကိုကြည့်လိုက်သည်။ကရင်ကတော့..
မူးသေးပုံမပေါ်…ထွေရုံလေးသာရှိသေးသည်။ကရင်ကလည်း ကျနော့်အကြည့်ကို
နားလည်ကြောင်း ခေါင်းဆက်ပြလာသည်။
ထို့နောက် တစ်ကိုယ်လုံးတုန်ယင်နေကာ
ကျနော်တို့အား မျက်ထောင့်နီကြီးဖြင့်ကြည့်နေသောထားဝယ် အား ကရင်စကားဖြင့် တစ်ခုခု ပြန်ပြော
လိုက်ပြီး အရက်ပုလင်းကို ထားဝယ်ထံကမ်းပေးလိုက်သည်။ကျနော်ကတော့ ဘာမှ နားမလည်သူဖြစ်သဖြင့်…
ကရင်စကားပြောနေသော ထားဝယ်ကိုတစ်လှည့်…ကရင်ကိုတစ်လှည့်
အူကြောင်ကြောင်ဖြင့်ကြည့်နေမိသည်။ထားဝယ်က ကရင်ကမ်းပေးလာသော အရင်ပုလင်းအား ဆက်ကနဲ့ ဆွဲယူကာ…
တစ်ရှိန်ထိုးမော့ချလိုက်သည်။ကျနော် အံ့သြနေမိစဉ်မှာပင်…ထားဝယ်က ကုန်သွားသော အရက်ပုလင်းကိုချလိုက်ပြီး
တစ်စုံတစ်ခုပြောလိုက်ရာ ကရင်က ထမင်းအိုးထဲမှထမင်းကို ဇလုံထဲထည့်ကာ
ဝက်သားဟင်းများခပ်ထည့်ပြီး ထားဝယ်အားပေးလိုက်သည်။ထားဝယ်က
ပေးလာသော ထမင်းဇလုံကြီးကို လှမ်းဆွဲလိုက်ပြီးအားရပါးရ စားလိုက်ရာ
တစ်ခဏမှာပင် ကုန်သွားတော့သည်။ထို့နောက် ကရင်အား
စကားအနည်းငယ်ပြောပြီး…ထားဝယ်၏
ကိုယ်ခန္ဓာမှာ ဆက်ကနဲတစ်ချက်တုန်သွားကာ ခေါင်းငိုက်စိုက်ကျသွားပြီး….
“ငါမူးနေပြီ…အိပ်တော့မယ်…ထမင်းလည်း
မနက်မှ စားတော့မယ်”
ဟုပြောလိုက်သည်။ကျနော်လည်းရယ်ရအခက်..ငိုရအခက်ဖြင့် အမူးလွန်နေသော ထားဝယ်အား ကျနော့်အိပ်ယာဆီသို့ တွဲပို့ကာ အိပ်ခိုင်းလိုက်ရာ ခဏချင်းမှာပင်
ဟောက်သံများထွက်ပေါ်လာကာ အိပ်ပျော်သွားတော့သည်။ကရင် နှင့်ကျနော်လည်းသောက်စရာအရက်မရှိတော့သဖြင့် ထမင်းစားလိုက်ကြပြီးနောက်
အခန်းအပြင်ဝရန်တာသို့ထွက်ကာ ဆေးလိပ်ကိုယ်စီသောက်ကြရင်း ကျနော်က
စောစောက အဖြစ်အပျက်ကိုမေးလိုက်ရာ
ကရင် က သက်ပြင်းတစ်ချက်ချလိုက်ပြီး…
“အေးကွာ…ပြောတော့မပြောချင်ဘူး…
ဒါပေမယ့်လည်း…ပြောတော့ပြောရမယ်ကွ..သိပ်ပြီးတော့လည်းမကြောက်သွားနဲ့နော်”
“အင်းပါ…ဘာဖြစ်လို့လဲ”
ဟုကျနော်ကပြန်မေးလိုက်ရာ..သူက…
“အေး…အခုမင်းနေတဲ့အခန်းမှာ အရင်နေတဲ့
လူက ကရင်လူမျိုးပဲကွ…သူက ကားတိုက်ခံရပြီး သေဆုံးသွားတာ…”
“ဟင်”
ကရင့် စကားကြောင့် ကျနော်အံ့သြမှုနှင့်အတူ တစ်စုံတစ်ရာကို
သတိရသွားပြီး အခန်းတွင်းသို့ပြန်ဝင်ကာ
တစ်မြန်နေ့က ကျနော် shareထားသော
ပို့စ် လေးကိုပြန်ရှာပြီး ဖြစ်စဉ်နေရာကိုကြည့်လိုက်သည်။
“ဘုရားရေ…တိုက်ဆိုင်လိုက်တာ”
ဟုတ်ပါသည်။ကျနော်ထင်သည့်အတိုင်းပင်…ထိုကားတိုက်မှုက ကျနော်အလုပ်ရုံသို့
အသွားအပြန်လုပ်နေသော လမ်းကလေးတွင်ဖြစ်နေသည်။
“သူက…သူ့ကို ကူညီစေချင်တယ်တဲ့…သူမသေခင်က သူနဲ့အတူနေခဲ့တဲ့သူငယ်ချင်းကိုလည်း
သူအကူညီတောင်းဖူးတယ်တဲ့..အဲ့ဒါကို သူ့သူငယ်ချင်းက သရဲခြောက်တယ်ဆိုပြီး
အခန်းပြောင်းသွားတာ”
“သူ့ကို ဘယ်လိုကူညီရမလဲ”
“အဲ့ဒါတော့သူမပြောသွားဘူး…မင်းကူညီနိုင်တယ်လို့ပဲပြောသွားတယ်”
“ဟမ်…ကျနော်က ဟုတ်လား”
“အေးဟုတ်တယ်…ငါလည်းမသိတော့ဘူး…
ဝင်အိပ်တော့မယ်ကွာ…”
ဆို၍ ပြောသဖြင့် ကျနော်လည်း သူနှင့်အတူ
ဝင်အိပ်လိုက်သည်။တော်ရုံနှင့်အိပ်မပျော်…
အတွေးများနှင့်နစ်မွန်းရင်းဖြင့် တစ်ညတာကို ကျနော်ဖြတ်ကျော်လိုက်သည်။
ကျနော့်မြင်ကွင်းရှေ့တွင် စက်ဘီးတစ်စီးကို
နင်းရင်း နားကြပ်တပ်ထားသော လူရွယ်တစ်ဦး….စက်ဘီးကိုဖြေးဖြေးမှန်မှန်
နင်းနေရာမှ ပါးစပ်မှလည်း တစ်စုံတစ်ခုကို
ပြောနေသည်။သူ ဖုန်းပြောနေခြင်းဖြစ်မည်ဟု ကျနော်တွေးမိလိုက်သည်။ထိုစဉ်….
“ဒုန်း..”
ဆိုသောအသံနှင့်အတူ….လမ်းမကြီးမှ အရှိန်ပြင်းစွာကွေ့ဝင်လာသော ကားတစ်စီးက ထိုစက်ဘီးနှင့်လူရွယ်အား
ဝင်တိုက်မိလိုက်ရာ လူရွယ်လည်း လေပေါ်သို့ အတန်ငယ်မြောက်တက်သွားကာ ပြန်အကျတွင် လမ်းမနှင့်ဦးခေါင်းတစ်ခြမ်းက ရိုက်မိပြီး
သွေးများဖြာထွက်သွားတော့သည်။ူ၏လက်တစ်ဖက်မှာလည်း ပြောင်းပြန်ဖြစ်သွားသည်အထိအဆစ်လွဲသွားတော့သည်။ထိုလူရွယ်က သွေးအိုင်ထဲလဲကျနေရာမှ တစ်နေရာသို့
စူးစိုက်ကြည့်ကာ ထိုနေရာသို့သွားရန် ကြိုးစားနေသည်။ထိုနေရာသို့ ကျနော်ကြည့်လိုက်သည်။ဘာမှထွေထွေထူးထူးမတွေ့ရ။အုတ်နံရံခြံစည်းရိုးတစ်ခုနှင့်
ထိုဘေးမှ ရေနှုတ်မြောင်းလေးတစ်ခု။
ကျနော် လဲကျနေသောထိုသူကို ကူညီရန်
ပြေးသွားလိုက်စဉ် မှာပင် အိပ်မက်မှ
လန့်နိုးလာသည်။ကျနော် ထိုအိပ်မက်ထဲမှ
နေရာကို စဉ်းစားလိုက်ရာ အဖြေရသွားသည်။ကျနော် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
ကျနော် ဒီကိစ္စကို တက်နိုင်သလောက်ကူညီမည်ဟု…။
* * *
အိုတီ ရှိသဖြင့် ကျနော် ရှစ်နာရီကျော်မှ
အလုပ်ရုံမှပြန်လာရသည်။အလုပ်ရုံလမ်းကြားလေးမှ လမ်းမကြီးထံသို့ထွက်ရာလမ်းထောင့်သို့အရောက် ကျနော်စက်ဘီးကိုရပ်လိုက်ပြီး..ဘေးဘီဝဲယာသို့ လှည့်ပတ်ကြည့်လိုက်သည်။ဒီနေရာက
ကားတိုက်မိပြီးလူရွယ်လေးသေဆုံးသွားသော နေရာပင်ဖြစ်သည်။ကျနော် အိပ်မက်ထဲမှ လူရွယ်လေးညွှန်ပြရာနေရာသို့
အဓိကထားပြီး ရှာနေမိသည်။အိပ်မက်ထဲကလိုပင်..အုတ်တံတိုင်းတစ်ခုနှင့် ဘေးမှ ရေနှုတ်မြောင်းတစ်ခု။
ထွေထွေထူးထူးဘာမှမတွေ့…။ထိုစဉ်…
ကားတစ်စီးက လမ်းမကြီးဘက်မှ ချိုးကွေ့ဝင်လာသဖြင့် ကျနော် လမ်းဘေးသို့အနည်းငယ်ကပ်ကာ
ရှောင်ပေးလိုက်သည်။ကားမီးရောင်ကြောင့်
အုတ်တံတိုင်း၏ဘေးမှ ပြောင်လက်လက်အရာတစ်ခုကို ကျနော်
အမှတ်မထင်တွေ့လိုက်ရသည်။ကျနော်
ဖုန်းမီးကိုထုတ်ကာထိုနေရာအနီးသို့တိုးကပ်ကာ ကြည့်လိုက်မိသည်။ဖုန်းတစ်လုံး…
Samsung Galaxy J2 အမျိုးအစား။
နောက်ပိတ်အဖုံးက ပွင့်နေပြီး ဘတ္တရီကိုလည်း
မနီးမဝေးတွင် တွေ့လိုက်ရသည်။ကျနော်
ထိုဖုန်းလေးအား ကောက်ကိုင်လိုက်ပြီး
ဘတ္တရီကို ပြန်ထည့်လိုက်သည်။နောက်ပိတ်အဖုံးမှာ
ကွဲနေပြီဖြစ်၍ ပြန်မပိတ်တော့ပဲ ဒီအတိုင်းကိုင်ကာ ထရပ်လိုက်ရာ…ကျနော့်တစ်ကိုယ်လုံး
အေးစက်တုန်ယင်သွားကာ ခေါင်းကမိုက်ကနဲ့ဖြစ်သွားကာ အသိစိတ်
ကင်းမဲ့သလိုဖြစ်သွားတော့သည်။
သူတက်ကြွစွာဖြင့် လခငွေများထည့်ထားသော စာအိတ်ကို
ဘောင်းဘီအိတ်ထဲသေချာထိုးထည့်ကာ
စက်ဘီးကိုတက်ခွကာ သူ့ချစ်သူဖြစ်သူ
နော်စေးဖော ထံဖုန်းဆက်လိုက်သည်။တစ်ဖက်မှ ဖုန်းကိုင်လိုက်သည်နှင့် သူအကြားချင်ဆုံးသော ချိုသာသောအသံကိုကြားလိုက်ရသည်။
သူနားကြပ်ကိုတပ်ကာ ဖုန်းပြောနေရင်း
စက်ဘီးဖြင့်အခန်းရှိရာသို့ပြန်ခဲ့သည်။
“ကို ဘယ်အချိန်လာမှာလဲ”
“ကို အခုအလုပ်ကပြန်လာနေပြီ…အခန်းမှာ
ရေမိုးချိုး..အဝတ်အစားလဲပြီးတာနဲ့ ချစ် ဆီ
ဖုန်းပြန်ဆက်လိုက်မယ်လေ…”
“အင်း..ဟုတ်ပြီလေ…ချစ်စောင့်နေမယ်နော်…ပြီးတော့…အရင်အခါတွေတုန်းကလို ဘာဖြစ်လို့ ညာဖြစ်လို့ဆိုတဲ့ အကြောင်းပြချက်တွေကိုလည်း ထပ်မကြားချင်တော့ဘူးနော်…ဒီတစ်ခါ အဲ့လို ထပ်ပြောလို့ကတော့ တကယ်ဝေးပြီမှတ်”
“အင်းပါ…စိတ်ချ…ဒီတစ်ခါ ကို အစစအရာရာ အားလုံးပြင်ဆင်ထားပြီးပြီ…
အသက်တွေကလည်း မငယ်ကြတော့ဘူးလေ…အိုနေပြီမဟုတ်လား”
“အင်းပါ…စောင့်နေမယ်…ဟိုမှာ အမိုးလာနေပြီ..ဖုန်းချ..”
“တီ…..”
ချစ်သူ၏ စကားမဆုံးခင်မှာပင် ဟွန်းတီးကာ အရှိန်ဖြင့် လမ်းမကြီးမှ လမ်းချိုးလေးသို့ကွေ့ဝင်လာသော ကားတစ်စီးက သူ့အားအရှိန်ပြင်းစွာ ဝင်တိုက်မိလိုက်ရာ…သူလည်း လူတစ်ခြား..
စက်ဘီးတစ်ခြား…ဖုန်းတစ်ခြားဖြစ်သွားတော့သည်။ဘုရားရေ…သူ့တစ်ကိုယ်လုံး
မလှုပ်ရှားချင်လောက်အောင်ပင် နာကျင်ကိုက်ခဲနေလေသည်။သူ့အတွေးများက သူ့ချစ်သူ နော်စေးဖော ထံရောက်ရှိသွားသည်။သူတို့ချစ်သူသက်တမ်းမှာ ယခုဆိုလျှင် လေးနှစ်ကျော်ခဲ့လေပြီ။
စားဝတ်နေရေး အခြေအနေကြောင့် သူက
ချစ်သူဖြစ်ပြီးတစ်နှစ်အကြာတွင် သူတို့၏ရွာကလေးမှ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန်ထွက်လာခဲ့သည်။နော်စေးဖော ကတော့ နောက်ထပ်နှစ်နှစ်အကြာတွင်
ထိုင်းနိုင်ငံသို့ရောက်ရှိလာသည်။သူတို့ အဆက်အသွယ်မပြတ်ခဲ့ကြ။ဘယ်နေရာရောက်ရောက် သူတို့ အမြဲတမ်းအဆက်အသွယ်ရှိနေခဲ့ကြသည်။
သူတို့ကငယ်ငယ်ကတည်းက ခင်မင်လာခဲ့သော သူငယ်ချင်းဘဝမှတစ်ဆင့်
ချစ်သူဘဝသို့ရောက်ရှိလာကြသူများမဟုတ်လား။သံယောဇဉ်အတိုင်းအတာက နက်ရိုင်းလွန်းလှသည်ကို နှစ်ယောက်သားကိုယ်စီသိနေခဲ့ကြသည်။
ချစ်သူက အတူတူနေချင်ပြီဟုပြောတိုင်း
သူ့ရင်တစ်ခုလုံးနာကျင်ခဲ့ရသည်။မပြည့်စုံသော ဘဝတွင် ချစ်သူဖြစ်သူကိုသူမခေါ်ရက်။
ထို့ကြောင့် သူပိုက်ဆံကိုခြစ်ကုပ်စုကာ…
မိဘထံလည်းပို့သင့်သလောက်ပို့ပြီး…ချစ်သူနှင့်အတူဘဝသစ်ထူထောင်ရန်လည်း စုထားရာ ယခုဆိုလျှင် ဘတ်ငွေခြောက်သောင်းကျော်စုမိခဲ့လေပြီ။
ဤငွေလေးဖြင့် သူတို့၏ဘဝတစ်ခုကိုအစပြုရန် သူဆုံးဖြတ်ပြီးပြီမဟုတ်လား။ယခုတော့…
သူနာကျင်နေသည့်ကြားမှ…မျက်ရည်များစီးကျလာမိသည်။သူသေသွားခဲ့လျှင်…
သူ့ချစ်သူ သူ့ကိုစိတ်ဆိုးနေလေမည်လား..။
သူနောက်ဆုံးအနေဖြင့်…နော်စေးဖောအား
မည်မျှချစ်ကြောင်း…ယခုတော့…ဒီဘဝတွင်
အတူတူပေါင်းစည်းရန်မဖြစ်နိုင်တော့ကြောင်း…သူ့အားစိတ်မနာစေချင်ကြောင်း…
ဘဝတစ်လျှောက်လုံးပျော်ရွှင်စွာနေထိုင်သွားစေလိုကြောင်း နောက်ဆုံးအနေဖြင့် သူပြောချင်သည်။သူအားတင်းကာ…
ဖုန်းကလေးလွင့်ကျသွားရာသို့ လှမ်းသွားရန်
ကြိုးစားလိုက်သည်။ထိုစဉ်မှာပင် သူ့အနီးနားသို့ ဆူညံစွာပြောဆိုနေကြသော
အသံများနှင့်အတူ လူများဝိုင်းအုံလာသည်ကိုသာ သူနောက်ဆုံးသိလိုက်ရတော့သည်။
* * *
ကျနော် သတိလစ်နေရာမှ သတိပြန်ရလာသည်။ဘေးတွင် ကျနော့်အား
စိုးရိမ်တကြီးကြည့်နေသော အမဖြစ်သူနှင့်အတူ ကရင်..ထားဝယ်နှင့် အသိအချို့ကိုတွေ့လိုက်ရသည်။ကျနော်သတိရရခြင်းပင် ဘေးသို့ကြည့်လိုက်သည်။
ညက ကျနော်တွေ့ခဲ့သော ဖုန်းကလေးက
ဘေးတွင်ရှိနေသည်။ကျနော် ထထိုင်လိုက်ကာ ဖုန်းပါဝါခလုတ်ကို နှိပ်၍ဖွင့်လိုက်သည်။ကံကောင်းထောက်မစွာဖြင့် ဖုန်းက ပါဝါပွင့်သွားသည်။ကျနော်
ဖုန်းခေါ်မှတ်တမ်းကိုကြည့်လိုက်ပြီး…
နောက်ဆုံးခေါ်ထားသော စေးဖော ဆိုသော
နာမည်ဖြင့်ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။
ဖုန်းဝင်သွားပြီး တစ်ဖက်မှ ချက်ချင်းဖုန်းကိုင်ကာ မိန်းကလေးတစ်ယောက်၏ အသံကိုကြားလိုက်ရသည်….
“ဘာလဲ…ဘာကိစ္စရှိလို့လဲ…ကတိမတည်တဲ့
လူကိုကြည့်မရဘူး…ဖုန်းဆက်မလာနဲ့”
ကျနော်ဘာပြောရမှန်းမသိပဲ…ငူငူကြီးဖြစ်နေမိသည်။ကျနော့်အမနှင့်အသိအချို့က ကျနော့်လုပ်ရပ်ကို နားမလည်သောကြောင့်
တစ်ခုခုဝင်ပြောရန်ပြင်နေစဉ် ကရင်က တားဆီးလိုက်သည်။ကျနော်က ဘာမှမပြောသဖြင့်တစ်ဖက်မှလည်းတိတ်ဆိတ်နေသည်။ခဏအကြာမှ…
“ကို…ဘာဖြစ်လို့ချိန်းထားတာမလာရတာလဲ..ဘာအခက်အခဲရှိလိုလဲဟင်”
ဆိုသော အသံကိုကြားလိုက်ရမှ ကျနော်က…
“ကျနော်က အမချစ်သူကိုစောထူးမဟုတ်ပါဘူးခင်ဗျ….
စောထူးက….အမစိတ်အေးအေးထားနော်…
တကယ်တော့ ကိုစောထူးက ကားတိုက်ခံရလို့ ဆုံးသွားပြီ”
“ဘာ…ဘာတွေလာပြောနေတာလဲ…ရှင်က
ဘယ်သူလဲ…ကျမကိုဘာလို့လာနောက်နေတာလဲ…ကို ရှိလား…သူ့ကိုဖုန်းပေးလိုက်”
တစ်ဖက်မှ စိတ်ဆိုးသောလေသံဖြင့်ပြန်ပြောလာသည်။
ကျနော်လည်းသက်ပြင်းကိုချလိုက်ပြီး…
“ကျနော် နောက်နေတာမဟုတ်ဘူးအမ…
တကယ်ပြောတာ…အမဖြစ်နိုင်ရင် ဒီကို
လာပြီး သူ့ကို ခွင့်လွှတ်တဲ့အကြောင်းပြောပြပြီး
အမျှဝေပေးစေချင်တယ်…အမအဲ့လိုမလုပ်ရင် သူဒီဘဝကကျွတ်လွတ်မှာမဟုတ်ဘူး…
သာဓုလည်းခေါ်မှာမဟုတ်ဘူး”
ဟု တည်ငြိမ်စွာပြောလိုက်ရာတစ်ဖက်မှ အသံတိတ်ဆိတ်သွားကာ ငိုရိုက်သံများ
ထွက်ပေါ်လာသည်။ထို့နောက်…အက်ကွဲနေသော ငိုသံဖြင့်….
“ကောင်းပြီလေ…ကျမလာခဲ့ပါ့မယ်…”
“ဟုတ်ကဲ့…ကျေးဇူးပါခင်ဗျ”
တနင်္ဂနွေ နေ့တွင် ကျနော့်အခန်းသို့ ပင့်ဆောင်ထားသော မြန်မာဘုန်းကြီးသုံးပါးကြွလာသည်။
အလှူကိုအနည်းအကျဉ်းသာလုပ်ခြင်းဖြစ်၍
မုန့်ဟင်းခါးသာကျွေးလိုက်သည်။သေဆုံးသူ
ကိုစောထူး၏ ဆွေမျိုးအချို့ကိုလည်း
ကျနော်က သူ၏ဖုန်းထဲမှ ဖုန်းနံပါတ်ဖြင့်ဆက်ထား၍ရောက်လာကြသည်။အသားဖြူဖြူ…မပိန်မဝ ခန္ဓာကိ်ုယ်ဖြင့်
အလွန်ချောမောလှပသည်ဟုဆိုနိုင်သော…
ကရင်မလေး နော်စေးဖောလည်း ရောက်လာသည်။အမျှမဝေခင် သူမက
ကိုစောထူးအား ခွှင့်လွှတ်ကြောင်း…
ပိုကောင်းသော ဘဝတစ်ခုသို့ သွားစေလိုကြောင်းပြော၍ ရေစက်ချအမျှဝေခဲ့သည်။ဆရာတော်များပြန်ကြွသွားပြီး ပစ္စည်းအချို့ကို သိမ်းဆည်းပြီးနောက် ဝရန်တာသို့ထွက်ကာ
ကျနော်..ကရင်နှင့်ထားဝယ်တို့ဆေးလိပ်ထွက်သောက်ကာ အမောဖြေနေကြသည်။
ထိုစဉ်..ကျနော့်ဘေးအခန်းမှ လူနှစ်ယောက်က ပစ္စည်းများကို အခန်းအပြင် သယ်ထုတ်နေသည်ကိုတွေ့သဖြင့် ကျနော်က…
“ကိုမြင့်အောင်ဘာဖြစ်လို့လဲဗျ”
ဟုမေးလိုက်ရာ..သူက…
“ဖူခက် ဘက်က ငါ့ယောက်ဖက အဲ့ဘက်မှာအလုပ်ကောင်းတယ်ဆိုလို့ဟေ့…
အဲ့ကိုပြောင်းမလို့…”
ုဟုပြန်ပြောလိုက်သည်။
“ဟာ…ဒါဆိုကျနော်တော့ ပျင်းနေတော့မှာပဲ”
“မပျင်းရပါဘူးကွာ…မင်းနဲ့ရွယ်တူလောက်ရှိတဲ့ ငါ့ညီဝမ်းကွဲတစ်ယောက်ဒီမှာလာနေလိမ့်မယ်…မင်းတို့လိုပဲ..အရက်သမား…ဟော..ပြောရင်းနဲ့လာတောင်လာနေပြီ”
သူ့စကားကြောင့် ကျနော်တို့လှမ်းကြည့်လိုက်မိသည်။လူငယ်တစ်ယောက်…အထုပ် နှစ်ထုပ်ကို တစ်ဖက်စီ
ဆွဲကာ အနီးသို့ရောက်လာကာ ကျနော်တို့အား ပြုံးပြလာသည်။ကိုမြင့်အောင်က အထုပ်ကြီးတစ်ထုပ်ကို ထမ်းကာ အောက်သို့ ဆင်းသွားသည်။သူ့မိန်းမက…
လေပန်ကာကိုတစ်ဖက်…ခြင်းတောင်းလေးကိုတစ်ဖက်ဆွဲကာ အနောက်မှ လိုက်သွားသည်။လူငယ်လေးက…အခန်းတွင်းသို့မဝင်သေးပဲ…အခန်းဝ မှနေ၍….
မတိုးမကျယ် ပြောလိုက်သည်။
“ကဲ….ဒီအခန်းမှာ ဘာပဲရှိရှိ…ဘယ်သူပဲနေနေ…နင့်ဟာနင်နေ..
ငါ့ဟာငါနေမယ်….နင့်ကိုလည်းမနှောင့်ယှက်ဘူး…ငါ့ကိုလည်း လာမနှောင့်ယှက်နဲ့”
“ပြီးပါပြီ”
စာဖတ်သူများအား….
လေးစားစွာဖြင့်….
စာရေးသူ….
#ငဓူဝံ