ကွေးကောက်အင်းက ဦးသံခဲ(စ/ဆုံး)
———————————-
ကိုသံခဲတစ်ယောက် ဆယ့်နှစ်တောင်လှေကလေးကို လှော်ခတ်လာခဲ့လေသည်။ အင်းကြီးကိုဖြတ်သန်းလှော်ခတ်လာရင်း မကြာခင် ကုက္ကိုပင်ကြီးများ ပေါက်ရောက်နေကြသည့် ကုန်းမြေတစ်ခုအနီးသို့ တိုးကပ်လာခဲ့သည်။ ထိုကုန်းမြေကို ရွာခံများက ကုက္ကိုကျွန်းဟုသာခေါ်ဆိုလေသည်။ ကိုသံခဲလည်း ပိုက်ကွန်အား ပုခုံးဖြင့်ထမ်းပိုးလိုက်ပြီးနောက် လှေပေါ်တွင်မတ်တပ်ရပ်လိုက်လေသည်။ အင်းရေပြင်ကြီးက နေပူရှိန်ကြောင့် ပူလောင်လှသော်လည်း ကုက္ကိုပင်အရိပ်အောက်တွင်တော့ အလွန်အေးမြလျှက်ရှိသည်။ ကိုသံခဲက ငါးများအလွန်ကြိုက်သည့် ဖွဲကြမ်းကို လက်တစ်ဆုပ်ခန့်နှိုက်ယူလိုက်ကာ ကုက္ကိုပင်ခြေရင်းအနီးတွင် ဖြန့်ကျဲလိုက်လေသည်။
ဖွဲကြမ်းဖတ်များက ရေပြင်တစ်ခွင်တွင် ကျဲပြန့်သွားပြီး မကြာခင်မှာပင် ရေပွက်များပေါ်ပေါက်လာလေသည်။ ကိုသံခဲလည်း တစ်ချက်ပြုံးလိုက်ပြီးနောက် လက်ထဲမှကွန်ကို အားယူလိုက်ကာ ကွန်ချက်ဝိုင်းဝိုင်းတစ်ချက်ပစ်သွင်းလိုက်တော့သည်။ ကွန်ချက်ကျသွားပြီးနောက် ရေအောက်တွင် ငါးများလူးလွန့်နေသည်ကို ခံစားလိုက်ရသဖြင့် အားကုန်သုံးကာ ပိုက်ကွန်အားပြန်ဆွဲတင်လိုက်တော့သည်။ အင်းအတွင်းကျက်စားနေကြသည့် ငါးကြီး၊ ငါးငယ်၊ ငါးအရွယ်စုံတို့မှာ ကိုသံခဲ၏ ပိုက်ကွန်အတွင်း အထွေးလိုက်ပါလာလေရာ ကိုသံခဲလည်း ပိုက်ကွန်ကိုလှေဝမ်းအတွင်းချပြီး ငါးများကိုကြည့်ရှုလိုက်တော့သည်။
“မဆိုးဘူးဟ၊ ကွန်တစ်ချက်နဲ့ တစ်ပိဿာလောက်ရတာပဲ”
လှေကို ကမ်းစပ်အနားတွင်ကပ်လိုက်ပြီးနောက် ငါးကြီးငါးသေးများအား ပိုက်ကွန်မှဖြုတ်ကာ လေးထောင့်သစ်သားပုံးအတွင်းသို့ ပစ်ထည့််နေလေတော့သည်။
“ဟေ့သူငယ်၊ ဒီနေ့ငါးဖမ်းရတာ အခြေအနေကောင်းရဲ့လားကွ”
နှုတ်ခမ်းမွှေးကားကားကြီးနှင့် ဦးလေးကြီးတစ်ယောက်က ကျွန်းပေါ်မှထွက်လာကာ ကိုသံခဲအနီးသို့လျှောက်လာလေသည်။ ကိုသံခဲက မျက်မှောင်ကြုတ်လိုက်ရင်း
“အခြေအနေကတော့ ကောင်းတယ်၊ ဒါပေမယ့် ကျုပ်ဆီက ဟင်းစားတောင်းမယ်လို့ စိတ်ကူးထားရင်တော့ ခင်ဗျားပြန်တော့ဗျာ၊ ကျုပ်ခင်ဗျားကို ငါးတစ်ကောင်မှ မပေးနိုင်ဘူး”
ထိုဦးလေးကြီးမှာ ပင်နီတိုက်ပုံညစ်နွမ်းနွမ်းတစ်ထည်ကိုဝတ်ဆင်ထားလျှက် အောက်တွင်လည်း ပုဆိုးအကွက်ကျဲကျဲကြီးကိုဝတ်ဆင်ထားသည်။ ဖိနပ်မပါသော်လည်း ဦးခေါင်းတွင် အပြာရောင်ပိတ်စတစ်စဖြင့် ခေါင်းပေါင်းကြီးပေါင်းထားကာ သျှောင်ထုံးကြီးမှာလည်း အလွန်ကြီးမားလှပေသည်။ ကိုသံခဲက ခပ်ဆတ်ဆတ်ပြောလိုက်သည့်အခါ ထိုလူကြီးမှာ မျက်မှောင်ကြုတ်သွားပြီး
“မင်းငါ့ကို ငါးမပေးရင်၊ မင်းလည်း ငါးဘယ်ရတော့မလဲကွ”
ထိုလူကြီးစကားမှာ ကိုသံခဲဒေါသကို ဆွပေးလိုက်သလိုဖြစ်သွားလေသည်။
“နေပါအုံးဗျ၊ ကျုပ်က တံငါပါ၊ ခင်ဗျားကို ငါးမပေးရင်လည်း ကျုပ်ဘယ်လိုရှာရှာ ဟောဒီလှေတစ်ဝမ်းအပြည့် ရှာနိုင်ပြီးသားပါ၊ ဘာလဲ ခင်ဗျားက ကျုပ်ကို ခြောက်တိုင်းကြောက်မယ့်ကောင်လို့ ထင်လို့လား”
ဦးလေးကြီးက ကမ်းစပ်တွင်ခါးထောက်လျှက်
“မင်းမယုံရင်စောင့်ကြည့်ပေါ့ကွာ၊ မင်းဖာသာမင်း တံငါမကလို့ ဘာပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး၊ အခုမင်းဖမ်းမိတဲ့အထဲက အကြီးဆုံးငါးနှစ်ကောင်ကို ငါဟင်းစားဖို့ပေးရမယ်၊ မပေးရင်တော့ မင်းငါးဖမ်းလို့မရတော့ဘူးလို့သာမှတ်လိုက်တော့”
“ခင်ဗျားစကားကလည်း အလာသားပါလား အဘိုးကြီး၊ သူများဆီက ဟင်းစားတောင်းတယ်ဆိုတာ အောက်ကျနောက်ကျခံပြီးတောင်းရတယ်ဗျ၊ ဘယ့်နှယ့်ခင်ဗျားအလှည့်ကျမှ ကြီးကြီးကျယ်ကျယ်”
“အေးပါ၊ မင်းမယံုံတော့လည်း မတတ်နိုင်ဘူးပေါ့၊ မင်းဆီက ဟင်းစားမရတော့လည်း သူများဆီက တောင်းရမှာပေါ့ကွာ”
ဦးလေးကြီးက လှည့်ထွက်သွားသည့်အခါ ကိုသံခဲက ထိုဦးလေးကြီးအား မျက်စောင်းထိုးကာကြည့်နေမိသည်။ ထိုဦးလေးကြီးက သိနေသလားတော့ မပြောတတ်ပေ၊ ကိုသံခဲအား လည်ပြန်လှည့်ကြည့်ရင်း
“တကယ်လို့ မင်းစိတ်ပြောင်းသွားပြီးတော့၊ ငါ့ကိုဟင်းစားပေးချင်တယ်ဆိုရင်တော့ သုဿန်ကျွန်းကိုလာခဲ့”
“ဟင်း၊ ရပါလိမ့်မယ် အားကြီးကြီး၊ ခင်ဗျားကြီးကို ကျုပ်ဘယ်တော့မှ မပေးဘူးဗျာ၊ စိတ်ချ”
ကိုသံခဲက ပြောဆိုလိုက်ကာ ငါးတစ်ကောင်ကိုဖြုတ်လိုက်လေသည်။ ထို့နောက် လှည့်ကြည့်လိုက်သည့်အချိန်တွင် ထိုဦးလေးကြီးတစ်ယောက် ပျောက်ချင်းမလှပျောက်သွားလေရာ ကိုသံခဲပင် စိတ်ထဲထင့်သွားမိသည်။
“အိုကွာ၊ ငါ့ကွန်ချက်၊ ငါ့လက်မှန်းကို ငါသိပါတယ်၊ ဒီအဘိုးကြီး သက်သက်အာချောင်တာ”
ငါးများဖြုတ်သိမ်းပြီးသောအခါ ကိုသံခဲတစ်ယောက် လှေဝမ်းအတွင်းထည့်လာသည့် ထန်းရေအိုးအား အဖုံးလှပ်လိုက်ကာ ထန်းမှုတ်ဖြင့် ထန်းရေများကိုခပ်သောက်လိုက်လေသည်။
“ကောင်းလိုက်တာကွာ၊ အခုမှပဲ ရင်အေးသွားတော့တယ်”
ထို့နောက် အရိပ်ကောင်းသည့်နေရာတစ်နေရာသို့ ကွန်ချက်ပစ်ရန်ထွက်ခဲ့တော့သည်။ သို့သော် ဘာကြောင့်မှန်းမသိ၊ ဖွဲကြမ်းများကျဲပက်သော်လည်း ငါးကတစ်ကောင်မှပင်ထွက်မလာခဲ့ပေ၊ တစ်နေရာမရလျှင် တစ်နေရာပြောင်းမည်ဟုတွေးကာ ငါးများများရလေ့ရှိသည့် နေရာများသို့ လိုက်လံကွန်ပစ်သော်လည်း ငါးတစ်ကောင်တစ်လေ၏ အရိပ်အယောင်မျှပင်မတွေ့ပေ၊ နောက်ဆုံး ဖွဲကြမ်းများသာကုန်သွားလေသည်။ နေ့လည်ရောက်သည့်အခါ ကိုသံခဲတစ်ယောက် အလွန်စိတ်ပူပန်လာလေသည်။
“တောက်၊ ဟိုအဘိုးကြီး ပါးစပ်ပုတ်ကြီးနဲ့ ပြောခဲ့လို့များလားကွာ၊ တွေ့ပါစေအံုံး၊ ဟင်း၊ ဟင်း”
ကိုသံခဲက ကြိမ်းမောင်းလိုက်ပြီး မကျေမချမ်းနှင့် ငါးထပ်ရှာတော့သည်။ တစ်နေသာကုန်သွားသည် မနက်ပိုင်းရခဲ့သည့် ငါးများမှလွဲ၍ ငါးထပ်မရတော့ပေ၊ ညနေစောင်းသည်နှင့် ကိုသံခဲတစ်ယောက် အလွန်ဒေါသထွက်လာလေသည်။ ထိုအခါ အဘိုးကြီးပြောခဲ့သည့် စကားကိုပြန်သတိရသွားပြီးနောက် လှေကို သုဿန်ကျွန်းဆီသို့ ဦးတည်လိုက်သည်။
“နေနှင့်အံုံးပေါ့၊ အဘိုးကြီးရာ၊ ခင်ဗျားကို ဟင်းစားလည်းပေးမယ်၊ ထမင်းစားလည်းပေးမယ်၊ ဟင်း၊ ဟင်း”
ကိုသံခဲတစ်ယောက် မနက်ပိုင်းက ရရှိထားသည့် ငါးများထဲမှ အကြီးဆုံးငါးနှစ်ကောင်ကို ထုတ်ယူလိုက်ပြီးနောက် လှေပေါ်တွင်ချထားလိုက်သည်။ လှေဝမ်းထဲတွင် အမြဲထည့်ထားလေ့ရှိသည့် ငှက်ကြီးတောင်ဓါးကြီးအားလည်း ဘေးနားတွင်အသင့်ချထားလိုက်သည်။ ညနေစောင်းနေပြီမို့ ကန်တစ်ခွင်တွင် အမှောင်ထုက ဖုံးလွှမ်းလာလေသည်။ ကိုသံခဲမှာ သုဿန်ကျွန်းဆီသို့ လှေကိုကမ်းကပ်လိုက်ပြီးနောက် လက်တစ်ဖက်က ငါးနှစ်ကောင်ဆွဲကာ ကျန်လက်တစ်ဖက်က ငှက်ကြီးတောင်ဓါးဆွဲလျှက် သုဿန်အတွင်းသို့ဝင်လာခဲ့သည်။
သုဿန်ကျွန်းဆိုသည့်အတိုင်း ကျွန်းပေါ်တွင် လူသေကောင်မြှုပ်သည့် မြေပုံမို့မို့များက ပြန့်ကျဲနေလေသည်။ မှတ်တိုင်များမှာလည်း နေရာအနှံ့ထိုးထိုးထောင်ထောင်ရှိနေလေသည်။ ကိုသံခဲမှာ ခြေလှမ်းကျဲကြီးဖြင့်သွားလာရင်း သုဿန်အလယ်ရှိ ညောင်ပင်ကြီးအနီးသို့ရောက်လာခဲ့သည်။ ညောင်ပင်ကြီးအောက်တွင်တော့ ဇရပ်ဟောင်းကြီးရှိပြီး အမိုးများပင် ပေါက်ပြဲနေပြီဖြစ်သည်။ ထိုဇရပ်ဟောင်းကြီးပေါ်တွင် မီးရောင်တွေ့သဖြင့် ကိုသံခဲတစ်ယောက် ဇရပ်ကြီးဆီသို့ဦးတည်လာခဲ့လိုက်သည်။ ဇရပ်ပေါ်တွင် မနက်ကတွေ့ခဲ့သည့် အဘိုးကြီးမှာ ခြေထောက်ချိတ်လျှက်ထိုင်နေလေသည်။ ကိုသံံံခဲလည်း ထိုလူကြီးအနီးသို့ လျှောက်လာခဲ့တော့သည်။
“ဘယ့်နှယ့်လဲကွ၊ မင်းစိတ်ကူးပြောင်းသွားပြီမဟုတ်လား”
“ဟုတ်ပါတယ်၊ ရော့၊ ခင်ဗျားအတွက် အကြီးဆံုံးငါးနှစ်ကောင်ကို ဟင်းစားအဖြစ်ယူပါ”
“အေးအေး၊ လက်ထဲမှာလည်း ဓါးကြီးနဲ့ပါလားကွ၊ မဟုတ်မှလွဲရော ငါ့ကိုခုတ်ဖို့များလား”
ကိုသံခဲကရယ်မောလိုက်ပြီး
“သိပ်ဟုတ်တာပေါ့ဗျာ၊ ခင်ဗျားကြီးပါးစပ်စီးလို့ ကျုပ်ဒီနေ့တစ်နေကုန် ငါးတစ်ကောင်မှ မရဘူးဗျ၊ အခုခင်ဗျားတောင်းတဲ့ဟင်းစားရပြီမဟုတ်လား၊ ခင်ဗျားကြီးလည်း ငရဲပြည်သွားဖို့သာပြင်ထားပေတော့”
ကိုသံံံခဲက ဓါးကိုဝင့်လိုက်ကာ ထိုလူကြီးထွက်မပြေးနိုင်စေရန်အတွက် ဇရပ်အဆင်းအတက်လုပ်သည့် လှေကားတွင်ပိတ်ရပ်လိုက်လေသည်။ ထိုလူကြီးက ခပ်ပြံုံးပြုံးပင်
“အောင်မယ်၊ မင်းက သိပ်သတ္တိရှိနေပါလားကွ၊ လာစမ်းပါကွာ၊ ခုတ်ချင်တယ်ဆိုလည်း ငါ့ကိုခုတ်စမ်းပါ”
ကိုသံံံခဲပင် အတော်အံံ့အားသင့်သွားသည်။ သို့နှင့် ထိုလူကြီးထံံသို့ခုန်ဝင်လိုက်ပြီး ထိုလူကြီး၏ ဦးခေါင်းအားဓါးဖြင့်အုပ်မိုးကာ ခုတ်ချလိုက်လေသည်။ သို့သော် ဓါးချက်မှာ ထိုလူကြီး၏ ဦးခေါင်းကိုထိသော်လည်း အလွန်မာကျောသည့် ကျောက်တံံုံးကြီးတစ်တုံးအား ခုတ်ဖြတ်ရသကဲ့သို့ဖြစ်နေကာ ဓါးမတိုးဘဲ ချွင်ခနဲမြည်ကာ ပြန်ကန်ထွက်လာလေသည်။ ကိုသံံံခဲလည်း နောက်တစ်ချက်ထပ်မံခုတ်ပြန်သည်။ ယခုတစ်ခါတွင်တော့ ထိုလူကြီး၏ လည်ပင်းကိုအားဖြင့်ခုတ်ပိုင်းခြင်းဖြစ်သည်။ ထိုဓါးချက်လည်း ပထမဓါးချက်နည်းတူပင် ထိုလူကြီး၏ အရေပြားနှင့် ဓါးသွားထိတွေ့မိသည့်အခါ ချွင်ခနဲအသံံနှင့်အတူ မီးပွင့်ထွက်သွားကာ ဓါးသွားမှာပြန်ကန်ထွက်လာသည်။ ထိုလူကြီးက အပြုံးမပျက်ပေ။
“ခုတ်စမ်းပါကွ၊ မင်းပဲခုတ်မယ်ဆို”
ကိုသံခဲလည်း ဓါးကိုလွှဲကာ စိတ်ရှိလက်ရှိခုတ်သော်လည်း ဓါးမတိုးသည့်အပြင် ဓါးသွားများပင် ခွေလိပ်လာလေရာ အချက်နှစ်ဆယ်ခန့် ခုတ်ထစ်ပြီးချိန်တွင် ဓါးသွားတစ်ခုလုံး ရစရာမရှိတော့အောင်ပင် ပျက်စီးသွားတော့သည်။ ထိုတော့မှ ကိုသံခဲမှာ အလွန်ထိတ်လန့်လာပြီး လက်ထဲတွင်ကိုင်ထားသည့် ဓါးကိုပစ်ချလိုက်ကာ ဇရပ်ကြမ်းပြင်တွင်ထိုင်ချလျှက် ထိုလူကြီးအား ကုန်းကန်တော့တော့သည်။
“ကျုပ်၊ ကျုပ်မှားပါတယ်ဆရာကြီး”
“ခုတ်ရတာမောသွားပြီနဲ့တူတယ်ကွ၊ မင်းလိုလူတော့ တစ်ယောက်မပြောနဲ့ အယောက်တစ်ရာဆိုရင်လည်း ငါမကြောက်ဘူး သံခဲရ”
ကိုသံံခဲမှာ အံ့သြသွားပြီး
“ဗျာ၊ ကျုပ်နာမည်ကို ဆရာကြီးက သိနေတယ်လား”
“သိတာပေါ့ကွာ၊ မင်းနာမည်သံခဲဆိုတာရော၊ ကွေးကောက်ရွာမှာနေတယ်ဆိုတာရော၊ တံငါအလုပ်နဲ့အသက်မွေးသလို ထန်းရည်မူးပြီးတော့ လက်ရဲဇက်ရဲ ထိုးတတ်၊ ခုတ်တတ်တဲ့ လူမိုက်လူ့ဗာလဆိုတာကိုရော သိပြီးသားကွ”
ထိုလူကြီးမှာ ကိုသံခဲပစ်ချပေးသည့် ငါးနှစ်ကောင်အားကြည့်ရင်း
“မင်းငါးတွေက ပုပ်တောင်ပုပ်တော့မယ်၊ ငါမစားဘူး၊ ငါက ငါးဆိုရင်လတ်မှစားတာ”
“တောင်းပန်ပါတယ် ဆရာကြီးရယ်၊ ကျုပ်မသိလို့ မှားမိပါတယ်ဗျာ၊ ကျုပ်ကိုဗွေမယူပါနဲ့၊ နောက်ပြီးတော ကျုပ်ကိုအရင်လို ငါးပြန်မိအောင်လည်း လုပ်ပေးစမ်းပါနော်ဗျာ”
ထိုလူကြီးက မတ်တပ်ထရပ်လိုက်ကာ ပုဆိုးပြင်ဝတ်လိုက်ရင်း
“ကဲ၊ သံခဲ ငါ့နောက်လိုက်ခဲ”
ထိုလူကြီးမှာ ဇရပ်ပေါ်မှဆင်းသွားသဖြင့် ကိုသခဲတစ်ယောက် အနောက်မှကုပ်ချောင်းချောင်းဖြင့်လိုက်လာခဲ့ရသည်။ ထိုလူကြီးက သုဿန်အစွန် အင်းရေစပ်တွင်မတ်တပ်ရပ်လိုက်ပြီးနောက်
“သံံခဲ၊ မင်းမှာ ပိုက်ကွန်ပါတယ်မဟုတ်လား၊ မင်းပိုက်ကွန်သွားယူပြီး ဒီနေရာကို ကွန်ပစ်စမ်းကွာ”
“ဗျာ၊ ဆရာကြီး၊ ဒီနေရာမှာ ငါးရှိပုံမရဘူးနော်”
“မင်းတော်တော်စကားများတဲ့ကောင်ပဲ၊ ယူမှာသာ ယူခဲ့စမ်းပါကွာ”
ကိုသံခဲလည်း လှေပေါ်မှ ငါးဖမ်းပိုက်ကွန်ကိုပြေးယူလိုက်ကာ ထိုနေရာသို့လာခဲ့လိုက်သည်။ စိတ်ထဲမယုံသင်္ကာနှင့် ထိုလူကြီးလက်ညှိုးညွန်ပြသည့် ရေပြင်ဆီသို့ ကွန်ချက်ကိုပစ်ချလိုက်တော့သည်။ ပိုက်ကွန်မှာ ရေအောက်နစ်မြုပ်သွားပြီးနောက် ကွန်ကြိုးမှာ အလွန်တင်းမာ ရမ်းခါလာသည်ဖြစ်ရာ ကိုသံခဲလည်း အားကုန်ဆွဲတင်ရတော့သည်။ ညနေအလင်းရောင် မှိန်မှိန်အောက်တွင် တဝင်းဝင်းလက်နေသည့် ငါးဖြူကြီးများမှာ ကွန်အတွင်းလှုပ်ရှားရုန်းကန်လျှက် ပါလာခဲ့ကြသည်။ ကိုသံံခဲလည်း ပိုက်ကွန်အား ခြေကန်ကာဆွဲတင်ရလေသည်။ ငါးကြီးများမှာ မနည်းလှပေ၊ စုစုပေါင်း ငါးပိဿာနီးနီးရှိလေသည်။
“ထူး၊ ထူးဆန်းလိုက်တာ ဆရာကြီးရာ”
“အေး၊ မင်းရတဲ့အထဲက ငါ့ကို ဟင်းစားပေးတော့”
“ရပါတယ်ဆရာကြီး၊ ဆရာကြီးလိုသလောက်သာ ယူပါ”
“ငါ့အတွက်အများကြီးမလိုပါဘူးကွ၊ ငါက နှစ်ကောင်တည်းလိုတာာပါ”
သုဿန်မြေပြင်ပေါ်တွင် ခုန်ပေါက်နေသည့် ငါးကြင်းဖြူကြီးတစ်ကောင်ကို ထိုလူကြီးက ကောက်ယူလိုက်ပြီးနောက် ထိုငါးကြင်းကြီးအား အစိမ်းအတိုင်းပင် ကိုက်ဝါးစားလေရာ ကိုသံံခဲတစ်ယောက် အတော်အံ့အားသင့်နေမိသည်။ ငါးကြင်းမှာ ခုန်ပေါက်လျှက်ပင် အရှင်အတိုင်းရှိနေသေးသည်။ ထိုလူကြီးမှာ ငါးတစ်ကောင်အား ခဏသာစားသောက်ပြီး နောက်ထပ်ငါးတစ်ကောင်အားဖမ်းယူလိုက်ကာ ထပ်မံံံစားသောက်လေတော့သည်။
“ရပြီ၊ တော်ပြီ၊ ကျန်တဲ့ငါးတွေ မင်းယူသွားတော့”
ကိုသံံံခဲလည်း ဒူးထောက်ချလိုက်ပြီး
“ဆရာကြီး၊ ဆရာကြီးကို ကျုပ်အားကိုးပါတယ်ဗျာ၊ နောက်နေ့တွေလည်း ကျုပ်ကိုဟောဒီလို ငါးတွေများများဖမ်းမိအောင် လုပ်ပေးစမ်းပါ”
“ငါက ဒီမှာအမြဲမနေဘူးကွ”
“ဒါဆိုရင်လည်း ငါးများများဖမ်းမိတဲ့နည်းလမ်းများရှိရင် ပေးသနားပါ ဆရာကြီး၊ ကျုပ်ငါးတွေများများလိုချင်တယ်၊ ငါးများများရရင် ပိုက်ဆံများများရှာလို့ရပြီမဟုတ်လား”
ထိုလူကြီးက ပြုံးလိုက်ပြီး
“ကောင်းပြီ၊ မင်းကို ငါက ငါးများများရတဲ့နည်း သင်ပေးလို့ရပါတယ်၊ မင်းတကယ်သင်ချင်တယ်ဆိုရင် မနက်ဖြန်ညနေ အမဲသားတစ်ပိဿယူပြီး ဟောဒီနေရာကိုလာခဲ့”
ကိုသံခဲလည်းခေါင်းညိတ်လိုက်တော့သည်။ ထိုလူကြီးက
“ငါ့နာမည် ဦးတာတေလို့ခေါ်သကွ”
ထိုသို့ပြောပြီး သုဿန်အတွင်းသို့ ပြန်ဝင်သွားလေသည်။ ကိုသံခဲလည်း ငါးများကိုကောက်ယူကာ လှေဝမ်းထဲသို့ထည့်ပြီးနောက် သုဿန်ကျွန်းဆီမှ အလျှင်အမြန်ထွက်ခွာလာတော့သည်။
(၂)
အချိန်ကာလအားဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးစ အချိန်တွင်ဖြစ်သည်။
မြန်မာပြည်အလယ်ပိုင်း အညာဒေသတစ်နေရာတွင် အင်းကြီးတစ်ခုရှိလေသည်။ ထိုအင်းကြီးမှာ အလွန်ကျယ်ဝန်းလှပြီး အင်းကြီး၏ ပုံသဏ္ဍာန်မှာ အင်္ဂလိပ်အက္ခရာ (S) ပုံသဏ္ဍာန်တည်ရှိနေလေသည်။ ထိုကဲ့သို့ ကွေးကွေးကောက်ကောက်နှင့် တည်ရှိနေသဖြင့် ထိုအင်းကြီးကို ကွေးကောက်အင်း ဟုပင် လူအများကခေါ်ဝေါ်ကြလေသည်။ မိုးနည်းရေရှားသည့် ဒေသဖြစ်သည့်အတွက် အနီးအပါးမှရွာများမှာ အင်းကြီးအနီးပတ်ပတ်လည်တွင် ရွာများတည်ထောင်လျှက် လုပ်ကိုင်စားသောက်နေထိုင်ကြလေသည်။ အင်းကြီးမှာအတော်ကျယ်ဝန်းလှပြီး နွေအခါမျိုးပင် အင်းကြီးမှရေများကုန်ခမ်းသွားသည်ဟူ၍ မရှိပေ။
အင်းအနီးနေထိုင်သူများမှာ အင်းကြီးအတွင်း တံငါအလုပ်ဖြင့် ငါးဖမ်းအသက်မွေးကြသကဲ့သို့၊ အင်းကြီးမှရေကို မှီတည်လျှက် ယာစိုက်ပျိုးခြင်း၊ ကိုင်းခင်းများစိုက်ပျိုးခြင်းဖြင့် အသက်မွေးကြသူများလည်း များပြားလေသည်။ အင်းကြီး၏ ဘေးဝဲယာတစ်လျှောက်တွင် ရွာကြီးရွာငယ်များတည်ထောင်ကာ နေထိုင်ကြသော်လည်း အဓိကအားဖြင့် ရွာကြီးသုံးရွာရှိလေသည်။ အင်းကြီး၏ တောင်ဘက်ရေနက်ပိုင်းအစပ်နေရာတွင် တည်ထားသည့် ကွေးကောက်ရွာကြီးမှာ အကြီးမားဆုံးဖြစ်သည်။ အိမ်ခြေငါးရာနီးပါးရှိပြီး ရွာရှိလူဦးရေ ထက်ဝက်နီးပါးမှာ တံငါလုပ်ငန်းဖြင့်အသက်မွေးမြူကြလေသည်။ အင်းမြောက်ဘက် ရေတိမ်ပိုင်းဒေသတွင်တော့ အင်းခြေရွာကြီးတည်ရှိသည်။ ထိုရွာမှာ အိမ်ခြေနှစ်ရာခန့်ရှိပြီး ရွာသူရွာသားများမှာ အင်းရေခမ်းချိန်တွင် ထွက်ပေါ်လာသည့် နှုန်းမြေနုများ၊ သောင်ကျွန်းများပေါ်တွင် သီးနှံများစိုက်ပျိုုးကာ အသက်မွေးကြသူများဖြစ်သည်။ အင်းကြီး၏ အရှေ့ဘက်တွင်တော့ အင်းတဲဟူသည့် ရွာတစ်ရွာတည်ရှိသည်။ အင်းတဲရွာဟု အမည်ရသော်လည်း ဒေသခံများက အင်းထဲဟုသာ ခေါ်ဝေါ်ကြသည်။ ထိုရွာကလေးမှာ အိမ်ခြေငါးဆယ်ခန့်ရှိသည့် ရွာငယ်ကလေးတစ်ရွာဖြစ်သည်။
အင်းကြီး၏ အနောက်ဘက်တစ်ကြောတွင်တော့ တောင်ကုန်းတောင်တန်းများရှိသည်။ တောင်ကုန်းတောင်တန်းများမှာ အလွန်မမြင့်မားလှသော်လည်း တောတန်း၊ ခင်တန်းများနှင့် စိမ်းညှို့နေလေသည်။ ကြီးမားလှသည့် အင်းကြီးအလယ်တွင် သောင်များထွန်းရာမှ ကျွန်းများဖြစ်ပေါ်နေလေ့ရှိသည်။ ကျွန်းငယ်ပေါင်း နှစ်ဆယ်ကျော်မှာ ထိုအင်းကြီးအလယ်တွင်တည်ရှိနေကြသည်။ ထိုကျွန်းများအပေါ်တွင်တော့ အမြဲတမ်းနေထိုင်သူများမရှိကြဘဲ ယာယီတဲထိုးကာနေထိုင်ကြသည့် ရေလုပ်သား တံငါမိသားစုများသာရှိသည်။
ကိုသံခဲမှာ မိဘမဲ့ တစ်ကောင်ကြွက်တစ်ယောက်ဖြစ်သည်။ ကိုသံံခဲမှာ ကွေးကောက်ရွာသားတော့မဟုတ်ပေ၊ မန်ကျည်းကိုးပင်ရွာသားဖြစ်သည်။ ဂျပန်ခေတ်အတွင်း ပလိပ်ရောဂါများဖြစ်ပွားသဖြင့် ရွာလံံုံးကျွတ်တိမ်းရှောင်ကြရာမှ မိဘနှစ်ပါးနှင့်ဆွေမျိုးသားချင်းများမှာ ပလိပ်ရောဂါကြောင့် လမ်းခရီးမှာပင် သေဆံုံးကြရပြီး ကိုသံခဲမှာ ကံံံကောင်းစွာဖြင့် လွတ်မြောက်လာခဲ့သည်။ ကွေးကောက်ရွာသို့ တစ်ဦးတည်းရောက်ရှိလာပြီး တံံငါသည်တစ်ဦးထံတွင် တံငါအလုပ်ကိုသင်ယူကာ တံံငါအလုပ်ဖြင့်အသက်မွေးဝမ်းကြောင်းပြုနေသူဖြစ်သည်။
ကိုသံခဲမှာ အသက်သုံးဆယ်ကျော်နေခဲ့ပြီဖြစ်သော်လည်း အိမ်ထောင်မရှိပေ၊ လူပုစံံက ပုပြတ်ပြတ်၊ ဂင်တိုတို၊ လူကောင်ညှက်ညှက်နှင့်ဖြစ်သည်။ သို့သော်လည်း လက်စခြေစရှိသူဖြစ်ရာ ကွေးကောက်ရွာအတွင်း ဆိုးဂုဏ်ဖြင့််ကျော်ကြားလေသည်။ ဆိုးရဲ၊ မိုက်ရဲ၊ ရိုက်ရဲ၊ လူသတ်ရဲသူဖြစ်သည်။ ထိုခေတ်က ကျေးလက်ဒေသများတွင် တရားဥပဒေစိုးမိုးမှုမရှိသဖြင့် ကိုသခဲတို့လို လူမိုက်များအဖို့ ရပ်ရွာအတွင်းမင်းမူနိုင်လေသည်။
မနက်ဝေလီဝေလင်းအချိန်တွင် ကိုသံခဲတစ်ယောက် ငါးတောင်းကြီးထမ်းကာ နိဗ္ဗာန်ရွာသို့ရောက်လာခဲ့လေသည်။ နိဗ္ဗာန်ရွာ နှင့် ကွေးကောက်ရွာမှာ မနီးမဝေးတွင်တည်ရှိသည်။ ယောက်ျားခြေလှမ်းနှင့် ခပ်သွက်သွက်လှမ်းပါက နှစ်နာရီသာသာ လျှောက်ရလေသည်။ နိဗ္ဗာန်ရွာအဝင် ဇရပ်အနားရောက်သည်နှင့် မိန်းမတစ်ဦးက ဇရပ်အပေါ်မှပြေးဆင်းလာကာ ကိုသံံံခဲအနီးသို့ရောက်လာလေသည်။
“စိတ်ပူလိုက်ရတာ အကိုရယ်၊ မနေ့ကလည်း ကျုပ်ရှင့်ကိုတစ်နေ့လံုံး မျှော်နေတာတော့”
“မနေ့က ငါးမရလို့ဟ၊ ခုမနက်တော့ ငါးကောင်းတွေရလာခဲ့တယ်”
ကိုသံံခဲက ငါးတောင်းကြီးကိုချလိုက်သည့်အခါ ထိုမိန်းမက ငါးတောင်းကိုကြည့်ရင်း
“ဟယ်တော်၊ ငါးကြင်းဖြူတွေပါလား၊ ငါးကြင်းဖြူက ဒီအချိန်ရှားတယ်၊ ဈေးကောင်းတယ်တော့”
“အေးပါ၊ မိချောရယ်၊ နောက်ပိုင်းကျရင် အကိုငါးကြီးငါးကောင်းတွေချည်းဘဲ ရှာလာပေးမယ်ဟုတ်ပြီလား၊ မိချောက ရောင်းပြီးတော့ စုဆောင်းထားပေါ့”
“သိပါတယ်အကိုရယ်၊ ငါးများများရောင်း၊ ပိုက်ဆံများများရမှ အကိုနဲ့ကျုပ်နဲ့ အမြန်နီးရမယ်မဟုတ်လားတော့”
“အေးပါ၊ ရတဲ့ပိုက်ဆံတွေကို မိချောပဲ သင့်သလိုစုထားနော်”
မိချောမှာ နိဗ္ဗာန်ရွာတွင် ငါးရောင်းသည့် ငါးစိမ်းသည်တစ်ဦးဖြစ်သည်။ ငါးဖမ်းပေးသည့် တံံငါသည်ကိုသံခဲနှင့် ငါးရောင်းရသည့် ငါးစိမ်းသည် မိချောတို့ မေတ္တာမျှကြသည်မှာ အဆန်းတော့မဟုတ်ပေ၊ သို့သော် မိချောနှင့်် ကိုသံခဲမှာ ချစ်သူများအဖြစ် ငါးနှစ်ငါးမိုးကျော်ကြာခဲ့ပြီဖြစ်သော်လည်း ယခုအချိန်အထိ ပေါင်းမထုတ်နိုင်ကြသေးပေ၊ မိချောက ရွာအတွင်းသို့ ဝင်ရန်ပြင်ဆင်နေစဉ်မှာပင် ကိုသံံံံခဲက
“နေအုံးမိချော၊ အမဲသားတစ်ပိဿာလောက် ရနိုင်သလား”
“ရတယ်၊ အကိုစားချင်လို့လား၊ တစ်ပိဿာဆိုတော့ မများဘူးလားတော့”
“ရအောင်သာစီစဉ်ပေးစမ်းပါ မိချောရာ၊ အကိုဒီကနေစောင့််နေမယ်၊ အရေးကြီးလို့ပါ”
မိချောမှာ နိဗ္ဗာန်ရွာအတွင်းသို့ ဝင်ရောက်သွားလေသည်။ မနက်မိုးသောက်အလင်းရောက်ပြီး မကြာခင်တွင် မိချောမှာ အမဲသားတစ်တွဲကိုဆွဲကာ ရွာထဲမှထွက်လာလေသည်။ ကိုသခဲလည်း ထိုအမဲသားတွဲကိုယူကာ ခြေလှမ်းကျဲကြီးများဖြင့် ကွေးကောက်ရွာသို့ပြန်လာခဲ့သည်။
ကွေးကောက်ရွာအပြင် အင်းစပ်တွင် ကိုသံခဲတစ်ယောက်တည်း တဲကလေးထိုးကာနေထိုင်လေသည်။ ညနေစောင်းသည်နှင့် အမဲသားတွဲကို ဖက်ဖြင့်ထုပ်ကာ လှေကိုလှော်ခတ်လာခဲ့သည်။ နေဝင်ပြီးနောက် မိုးချုပ်ခါနီးမှ သုဿန်ကျွန်းသို့ ရောက်ရှိလာခဲ့သည်။ ဦးတာတေက ဇရပ်ပေါ်တွင်ထိုင်ကာ ရေနွေးသောက်နေလေသည်။
“မင်းရောက်လာသေးတာကိုး၊ ငါက မလာတော့ဘူးလို့တောင်ထင်နေတာ”
“လာရမှာပေါ့ ဆရာကြီးရာ၊ ဆရာကြီးကျုပ်ကို ငါးများများရနိုင်မည့်နည်းလမ်း ပေးမယ်ဆိုဗျ”
“အေးအေး၊ ငါ့နောက်ကိုလိုက်ခဲ့”
ထံုံးစံအတိုင်း ဦးတာတေက ရေစပ်သို့ဆင်းသွားလေသည်။ ယခုတစ်ခါတွင်တော့ လွယ်အိတ်ညိုကြီးတစ်လုံး လွယ်ထားလျှက်ဖြစ်သည်။ ဦးတာတေက ကန်စပ်သို့ရောက်သည်နှင့်
“မင်းကိုငါလုပ်ပေးမယ့် အစီအရင်က တံံံငါမှော်အစီအရင်ပဲကွ”
“ဗျာ၊ တံငါမှော်တဲ့လား”
“အေး၊ ဟိုး ရခိုင်ပြည်ဘက်က ပင်လယ်ငါးဖမ်းထွက်တဲ့ ရေလုပ်သားတွေ ပြုလုပ်ကြတဲ့ ရှေးဟောင်းမှော်တစ်ခုပေါ့ကွာ၊ တံငါမှော်တတ်ရင် ဘယ်နားမှာ ဘာငါးရှိတယ်၊ ငါးအုပ်ဘယ်လောက်ကြီးတယ်၊ ဘယ်နှပိဿလောက်ရနိုင်တယ်ဆိုတာကို တမ်းသိတယ်တဲ့ကွ”
“ဟာ၊ ကျုပ်လိုချင်တာလည်း အဲဒါပဲဗျာ၊ ဆရာကြီး ကျုပ်ကိုအဲဒီမှော်သွင်းပေးပါ”
“ဟား၊ ဟား မင်းကိုငါက ဘာလို့လုပ်ပေးရမှာလဲကွ”
“ဆရာကြီးရယ်၊ ကျုပ်ကိုကူညီပါ”
“မင်းငါ့ကိုကူညီမယ်ဆိုရင် ငါလည်းမင်းကိုပြန်ကူညီမယ်”
“ပြော၊ ပြောပါဆရာကြီး ကျုပ်ဘယ်လိုကူညီရမလဲ”
“လွယ်ပါတယ်ကွာ၊ အင်းထဲရွာနားက အင်းလယ်ဘုရားကို မင်းသိတယ်မဟုတ်လား၊ အဲဒီဘုရားဆီကို ငါကိုပို့ပေးရမယ်၊ ဘုရားရောက်တဲ့အခါ ငါက အစီအရင်လုပ်မယ်၊ မင်းက ဘုရားအပေါ်တက်ပြီးတော့ ဘုရားဌာပနာကို ဝင်နှိုက်ပေးရမယ်”
ကိုသံံခဲတစ်ချက်ဝေတွေသွားတော့သည်။ ဦးတာတေက
“ဘာလဲ မင်းက မကူညီပေးချင်ဘူးလားကွ”
“ကူ၊ ကူညီပါ့မယ်ဗျာ”
“အေးပြီးရော၊ လာ ငါတို့အခုပဲသွားကြမယ်”
ဦးတာတေမှာ ကိုသံံခဲလှေပေါ်သို့ စွေ့ခနဲခုန်တက်သွားလေရာ ကိုသံံံံခဲမှာ လှေပေါ်တက်ရင်း လှေကိုလှော်ခတ်လာခဲ့သည်။ ညမှောင်နေပြီဖြစ်သော်လည်း လရောင်အလင်းကြောင့် အင်းရေပြင်တစ်ခွင် အလင်းရောင်ကောင်းစွာရရှိနေလေသည်။ ခပ်ဝေးဝေးတွင် ဆီမီးခွက်အလင်းရောင်မှိတ်တုတ် မှိတ်တုတ်ဖြင့် အင်းထဲရွာကိုလှမ်းမြင်နေရသည်။
“ဒါနဲ့ ဆရာကြီး အမဲသားက ဘာလုပ်ဖို့လဲ”
“အင်းထဲက အင်းသရဲကြီးကို ကျွေးဖို့ပေါ့ကွ”
“ဗျာ၊ အင်းသရဲတဲ့လား”
“မင်းနားလည်အောင်ပြောရမယ်ဆိုရင် အင်းကိုပိုင်စားတဲ့ အင်းတော်ရှင်ဆိုတာရှိတယ်ကွ၊ သူ့အောက်မှာတော့ အင်းတစ်အင်းလုံးရဲ့ အချုပ် အင်းသရဲကြီးဆိုတာရှိတယ်၊ အင်းသရဲရဲ့ အောက်မှာတော့ ရေသရဲတွေနေကြတယ်”
“ကျုပ်ဖြင့် တစ်ခါမှမကြားဖူးပါဘူးဗျာ”
“လောကမှာ မမြင်ရတဲ့ပုဂ္ဂိုလ်တွေရှိတယ် သံခဲရ၊ အဲဒီပုဂ္ဂိုလ်တွေထဲမှာမှ ရေကိုကြိုက်တဲ့ပုဂ္ဂိုလ်က ရေနားနီးပါး၊ ရေတွင်းရေကန်၊ အင်းတွေ၊ အိုင်တွေမှာ နေထိုင်ကြတယ်၊ ကျောက်တံံုံးကျောက်ခဲ ကျောက်တောင်ကြိုက်တဲ့ပုဂ္ဂိုလ်တွေကျတော့ ကျောက်တောင်တွေမှာ သွားနေကြတယ်ကွ၊ တစ်ချို့ကလည်း သစ်တောတွေကြိုက်တယ်ပေါ့ကွာ၊ ဒီမမြင်အပ်တဲ့ ပုဂ္ဂိုလ်တွေက သူကြိုက်တဲ့နေရာ ရွေးပြီးနေကြတာကွ”
ကိုသံခဲက ခေါင်းညိတ်လျှက် လှေကိုအားစိုက်ကာ လှော်နေလေသည်။
“အခုတံံံငါသည်မှော်ဆိုတာကတော့ ရေထဲမှာနေတဲ့ ရေသရဲကြီးတွေနဲ့ မိတ်ဖွဲ့တဲ့မှော်ပေါ့ကွာ၊ သူတို့နဲ့မိတ်ဖွဲ့ပြီးရင် သူတို့သိသလို မင်းသိရတယ်၊ သူတို့ကြားသလို မင်းကြားရတယ်ကွ”
“ဒါနဲ့ အမဲသားကိုသူတို့ကကြိုက်တာလား”
“ရေထဲနေတဲ့သရဲဆိုတော့ ငါးတို့၊ ရေသတ္တဝါအသားထက်၊ ကုန်းပေါ်နေတဲ့ ကုန်းသတ္တဝါအသားကို ကြိုက်နှစ်သက်တယ်ကွ၊ ဒါကြောင့် ငါကမင်းကို အမဲသားစီစဉ်ခိုင်းတာ”
“ဒါနဲ့ ဘုရားပေါ်တက်ဖို့က လွယ်ပါ့မလားဗျ၊ အင်းလယ်ဘုရားမှာ အစောင့်အကြပ်တွေရှိတယ်ဗျ၊ ကျန်တာတော့မသိပေမယ့် ဘုရားနားမှာ လူတွေလည်းနေတယ်မဟုတ်လား”
“ငါ့ကိစ္စကို မင်းဝင်ပြီး မပူစမ်းပါနဲ့ကွာ၊ မင်းပူရမှာက အဲဒီအင်းလယ်ဘုရားကို မြန်မြန်ရောက်ဖို့သာ ပူရမှာကွ”
“ဘာဖြစ်လို့လဲဗျ”
“တို့အနောက်ကို ရေသရဲကြီးတွေ လိုက်လာကြသကွ၊ ငါ့အထင် အမဲသားနံ့ရလို့နေမယ်”
ကိုသံံံံခဲထိတ်လန့်ပြီး လှည့်ပတ်ကြည့်လိုက်မိသည်။ လှိုင်းကလေးများထနေသည့် အင်းရေပြင်မှလွဲ၍ ဘာမှမတွေ့ရပေ။
“မမြင်အပ်တဲ့ပုဂ္ဂိုလ်ဆိုမှ သာမန်မျက်လံုံးနဲ့မြင်ရမလားကွ၊ မင်းတကယ်မြင်ချင်သလား”
ကိုသံံံခဲခေါင်းညိတ်ပြလိုက်သည်။ ထိုအခါ ဦးတာတေက အင်းရေပြင်ကို လက်ခုပ်နှင့်ခပ်ယူလိုက်ပြီးနောက် ပါးစပ်နားကပ်ကာ မန်းမှုတ်နေလေသည်။ ထို့နောက် ထိုရေဖြင့်ပင် ကိုသံခဲအား လက်ပြန်ဖြင့်လှမ်းပက်လိုက်ရာ ကိုသံခဲကို ရေတွေစင်ကုန်လေသည်။
“ဟာဗျာ၊ ဆရာကြီး ဘာလုပ်တာလဲ”
ကိုသံံခဲပြောလိုက်ပြီးသည်နှင့် လှေနံံဘေးခပ်လှမ်းလှမ်းတွင် မည်းမည်းအကောင်ကြီးများမှာ ရေထဲတွင် ကူးခတ်နေသည်ကိုတွေ့လိုက်ရတော့သည်။ ကိုသံခဲလည်း အံ့သြသွားကာ ဘေးဘီကိုဝေ့ကြည့်လိုက်သည့်အချိန် သရဲကြီးများက လှေနံံံဘေးပတ်ပတ်လည်မှ ကူးခတ်ကာ လိုက်ပါလာကြလေသည်။
“ဘယ်လိုလဲ တွေ့ပြီလားကွ”
ကိုသံံခဲလည်း ခေါင်းညိတ်ကာ လှေကိုအားစိုက်လှော်တော့သည်။
(၃)
ဘုရားကျွန်းဟုခေါ်သည့် ကျွန်းကလေးတွင် ရေလယ်စေတီတစ်ဆူအား တည်ထားကိုးကွယ်ကြလေသည်။ ထိုစေတီမှာ ရှေးဟောင်းစေတီတစ်ဆူဖြစ်ပြီး ရှေးမင်းအဆက်ဆက်တည်ထားသည်ဟုသာ သိရသည်။ အင်းထဲတွင် တည်ထားသည်မို့ အင်းလယ်စေတီဟုသာ လူသိများကြလေသည်။ ထိုစေတီနှင့် မနီးမဝေးတွင်တော့ အင်းထဲရွာတည်ရှိသည်။ လှေကိုကမ်းကပ်ပြီး ကျွန်းပေါ်သို့တက်လာခဲ့လိုက်သည်။ ဦးတာတေက လွယ်အိတ်အတွင်းမှ အမွှွေးတိုင်ကြီးများကို ထုတ်ယူလိုက်သည်။ အမွှေးတိုင်များမှာ လူကြီးလက်ညှိုးလံုံးပတ်စာနီးပါး ကြီးမားလေသည်။ ထိုအမွှေးတိုင်ကြီးသုံးတိုင်ကို လှေဆိပ်အဆင်းမြေပြင်တွင် ထွန်းညှိလိုက်ပြီးနောက် ကျွန်းပေါ်သို့တက်လာခဲ့သည်။
ကျွန်းကြီးတစ်ခုလံုံးမှာ အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်သွားလေသည်။
“ငါ အိပ်မွေ့ချထားပြီးပြီဟေ့၊ ဘာမှမပူနဲ့”
ထိုစေတီကလေးအနားရောက်သည့်အခါ ဦးတာတေက စေတီအား သုံးပတ်ပတ်လိုက်ပြီးနောက် ရာဟုထောင့်တစ်နေရာတွင် စည်းဝိုင်းတစ်ခုကို ထုံးမှုန့်များဖြင့်ဖြူး၍ ဝိုင်းလိုက်လေသည်။ ထိုစည်းဝိုင်းအတွင်းထိုင်ချလိုက်ပြီးနောက် လွယ်အိတ်အတွင်းမှ လူအရိုးခေါင်းကြီးတစ်ခုအား ထုတ်ယူလိုက်သည်။ လူအရိုးခေါင်းကြီးငယ်ထိပ်တွင် ဝါဆိုဖယောင်းတိုင်ကဲ့သို့ ဖယောင်းတိုင်ကြီးတစ်တိုင်အား ထွန်းညှိလိုက်သည်။ ထို့အပြင် လွယ်အိတ်အတွင်းမှ အရိုးများ၊ အရုပ်ငယ်များကိုထုတ်ကာ အစီအရင်များ ပြုလုပ်နေလေသည်။ အတန်ကြာမှ ကိုသံခဲဖက်သို့လှည့်ကာ
“ဘုရားစေတီတွေတည်တဲ့အခါ ဌာပနာသုံးတိုက်လုပ်ကြတယ်၊ စေတီရဲ့အောက်ခြေ မြေကြီးကိုတူးဆွပြီးတော့ ဘုရားရှင်ရဲ့ဓါတ်တော်တွေ၊ ဆင်းတုတော်တွေထည့်ကြတယ်၊ နောက်တစ်နေရာကတော့ စေတီရဲ့ ခေါင်းလောင်းနဲ့ ချရားသီးမှာ တန်ဖိုးရှိတဲ့ ကျောက်သံံပတ္တမြားတွေထည့်ပြီး ဌာပနာတယ်၊ အဲဒါကိုတော့ ဘဏ္ဍာတိုက်လို့ခေါ်တယ်၊ ဟိုးစေတီရဲ့ ငှက်ပျောဖူးမှာကျတော့ အစီအရင်တိုက်ဆိုတာရှိတယ်၊ မိုးကြိုးလွှဲတွေ၊ လောကီအစီအရင်တွေ၊ အင်းတွေကို ထည့်ပြီး ဌာပနာကြတယ်၊ အခုမင်းလုပ်ရမှာက အစီအရင်တိုက်ကိုဖောက်ဖို့ပဲ၊ အစီအရင်တိုက်ဖောက်ပြီးရင် အထဲမှာ ရွှေလည်းမဟုတ်၊ ငွေလည်းမဟုတ်၊ ကြေးလည်းမဟုတ်တဲ့ သတ္တုပြားနဲ့စီရင်ထားတဲ့ အင်းတစ်ချပ်ကို ယူဆောင်လာပေးရမယ်”
“ဟာဗျာ၊ ဆရာကြီးကိုယ်တိုင် တက်လို့မရဘူးလား”
“မရလို့ မင်းကိုကူညီခိုင်းတာပေါ့ကွ၊ ဟေ့ကောင်သံခဲ၊ ဒီအထိရောက်မှာတော့ မင်းငြင်းမနေနဲ့တော့၊ လုပ်မှာသာလုပ်စမ်းကွာ”
ဦးတာတေက ကိုသံခဲအား သံချွန်ကြီးတစ်ချောင်းနှင့် သံတူတစ်ချောင်းအားပေးအပ်လေသည်။ ကိုသံခဲလည်း ရွေးချယ်စရာမရှိတော့သဖြင့် သံံတူကိုခါးကြားညှပ်ကာ စေတီအပေါ်သို့ ကုပ်တက်ခဲ့သည်။ စေတီမှာ သုံးဆယ့်ခုနှစ်တောင်မြင့်သဖြင့် အတော်မြင့်မားသည်ဟုဆိုနိုင်သည်။ ငှက်ပျောဖူးအနားရောက်သည်နှင့် ဦးတာတေက အောက်မှလှမ်းကြည့်ပြီး
“ဒီနေရာပဲ သံခဲ၊ ဖောက်တော့”
ကိုသံံံခဲက ငှက်ပျောဖူးအားဖက်လျှက် သံချွန်အား ထိုးစိုက်လိုက်ကာ ခါးတွင်ညှပ်ထားသည့် တူကိုထုတ်ကာ ထုနှက်လေတော့သည်။ မကြာခင်အချိန်မှာပင် အင်္ဂတေများကွာကျပြီးနောက် အုတ်ချပ်များကွဲကြေကုန်လေသည်။ အတွင်းတွင် ကျောက်သားထုတစ်ခုကိုတွေ့ရပြီး ထိုကျောက်သားကို ထိုးခွဲလိုက်သည့်အခါ တဝင်းဝင်းလက်နေသည့် အစီအမများပေါ်ထွက်လာလေသည်။ ကိုသခဲက ထိုအစီအမံံများကိုကြည့်ရင်း အနက်ရောင်သစ်စေးဖြင့်သုတ်ထားသည့် ပေရွက်လိပ်တစ်ခုအားမြင်တွေ့လိုက်ရသည်။
“ကျန်တာတွေက ကြေးတွေ၊ ငွေတွေနဲ့လုပ်ထားတဲ့ အစီအရင်တွေပဲ၊ ရွေမဟုတ်၊ ငွေမဟုတ်၊ ကြေးမဟုတ်ဆိုတော့ ဧကန္တဒီဟာကိုပြောတာဖြစ်မယ်”
ကိုသံခဲတစ်ယောက် ထိုအစီအမံများကြားထဲမှ အနက်ရောင်သစ်စေးဖြင့်ပြုလုပ်ထားသည့် မည်းနက်နေသည့် အစီအရင်အားလှမ်းယူလိုက်လေသည်။ ထိုအချိန်မှာပင် ကောင်းကင်တစ်ခွင်တွင် တိမ်မည်းများဖုံးအုပ်လျှက် မိုးခြိမ်းသံများ တဂျိန်းဂျိန်းထွက်ပေါ်လာခဲ့သည်။ ထိုစဉ် အဝါရောင်မီးလုံးကြီးတစ်လုံးမှာ ကောင်းကင်ပေါ်မှအရှိန်ပြင်းစွာနှင့် ပြုတ်ကျလာခဲ့လေသည်။ ကိုသံခဲတစ်ယောက် ထိုအလင်းရောင်ကြီးအား ဖြတ်ခနဲမြင်တွေ့လိုက်ရပြီးနောက် တစ်ကိုယ်လုံးပူထူသွားကာ အလွန်ပြင်းထန်သည့်အရှိန်ဖြင့် ဘုရားပေါ်မှတွန်းချခံရသလိုခံစားလိုက်ရကာ လွင့်ထွက်သွားတော့သည်။ ထို့နောက် ဘုရားနှင့်ခပ်လှမ်းလှမ်းမြေပြင်ပေါ်သို့ ဒလိမ့်ခေါက်ကွေးပြုတ်ကျလေသည်။ ထို့နောက်တွင်မှ ဂျိန်းခနဲမိုးကြိုးပစ်သံကြီးကိုကြားလိုက်ရလေသည်။ ဦးတာတေက အသံနက်ကြီးဖြင့် ရယ်မောကာ အော်ဟစ်လိုက်လေတော့သည်။
“အောင်ပြီ၊ အောင်ပြီ၊ အောင်ပြီဟေ့”
မိုးကြိုးပစ်ခံလိုက်ရသဖြင့် ကိုသံခဲတစ်ကိုယ်လည်း မည်းတူးသွားကာ အဝတ်အစားများကို မီးများစွဲလောင်လေသည်။ သို့သော်လည်း ထိုအခြင်းအရာမှလွဲ၍ ကိုသံခဲတစ်ယောက် မထိခိုက်မနာကျင်ခဲ့ပေ။ ဦးတာတေက အနီးသို့လျှောက်လာပြီး
“အဲဒါ မင်းလက်ထဲက အဆောင်ကြောင့်ပဲ သံခဲရ၊ သာမန်လူဆိုရင် မိုးကြိုးတိုက်ရိုက်ထိတာမပြောနဲ့ မိုးကြိုးစက်ကွင်းမိရင်တောင်မှ သေဆုံးတတ်ကြတယ်မဟုတ်လား”
ကိုသံခဲလည်း လက်အတွင်းမှ အင်းချပ်ပြားကလေးကို အံ့သြစွာဖြင့် ကြည့်လိုက်မိလေသည်။ ဦးတာတေက ထိုအင်းပြားချပ်ကို လှမ်းယူလိုက်ကာ တိုက်ပုံအိတ်အတွင်းသို့ ထိုးထည့်လိုက်တော့သည်။
“ကဲ သံခဲ၊ ငါတို့ပြန်ကြမယ်”
“နေအုံးလေ၊ ကျုပ်ကိုဆရာကြီး ကတိပေးထားတာရှိတယ်မဟုတ်လား”
“အေးပါကွ၊ ငါမမေ့ပါဘူး၊ ဒါပေမယ့် ခုနက မိုးကြိုးပစ်လိုက်တာကို ဒီနားကလူတွေက ကြိမ်းသေကြားသွားမှာပဲ၊ ဒီလူတွေမကြားရင်တောင်မှ အင်းထဲရွာကလူတွေ နိုးသွားမှာပဲ၊ ငါတို့ပြဿနာမဖြစ်ချင်ရင် ခပ်မြန်မြန်သွားမှရမယ်”
သို့နှင့် ကိုသံခဲနှင့်ဦးတာတေတို့မှာ လှေကလေးကိုလှော်ခတ်လျှက် အင်းထဲသို့ ပြန်လည်ထွက်ခွာခဲ့လေသည်။ ဘုရားကျွန်းနှင့် အတော်လှမ်းလှမ်းရောက်တော့မှ ကိုသံခဲတစ်ယောက်သက်ပြင်းချနိုင်သည်။ ဝတ်ဆင်ထားသည့် အဝတ်အစားများမှာ မီးလောင်ကျွမ်းကုန်သဖြင့် ကိုသံခဲတစ်ယောက် ကိုယ်တုံးလုံးနီးပါးဖြစ်နေလေတော့သည်။ ဦးတာတေက အင်းရေပြင်ကိုတစ်ချက်ဝေ့ကြည့်ုလိုက်ရင်း
“သံခဲရဲ့၊ ဒီအင်းကြီးရဲ့ အလယ်တည့်တည့်က ဘယ်နေရာလဲဆိုတာ မင်းသိသလားကွ”
“သိတာပေါ့ဗျာ၊ ရွာသုံးရွာဖိုခုံလောက်ဆုံပုံစံ ဆုံတွေ့တဲ့နေရာက အင်းလယ်ပဲတဲ့”
“အေး၊ ဒါဆိုရင်လည်း အဲဒီကိုလှော်ကွာ၊ မြန်မြန်လှော်စမ်း”
ကိုသံခဲလည်း ထိုနေရာသို့လှော်ခတ်လိုက်သည်။ အင်းလယ်ရေပြင်က မိုးကုပ်စက်ဝိုင်းအဆုံးတစ်မျှကျယ်ပြန့်လွန်းသည်။
“ဒီနေရာပဲ ဆရာကြီး”
“အေးရော့၊ ဟောဒီအမဲသားတွဲကို မင်းလက်မှာကိုင်ထားလိုက်စမ်းကွာ၊ ပြီးတော့ ငါ့အနားလာခဲ့”
ဦးတာတေပစ်ပေးလိုက်သည့်် အမဲသားတွဲကို ဖမ်းယူလိုက်ပြီးနောက် ကိုသံခဲမှာ ဦးတာတေအနီးသို့လျှောက်လာခဲ့သည်။
“မင်းမျက်လုံးကိုမှိတ်ထား၊ ပြီးတော့ ရေပြင်ဘက်ကိုမျက်နှာမူလိုက်”
ကိုသံခဲလည်း ဦးတာတေပြောသည့်အတိုင်း ရေပြင်ဘက်သို့ မျက်နှာမူလိုက်သည်။ ဦးတာတေတစ်ယောက် ပါးစပ်က မသဲမကွဲနှင့်တစ်ခုခုကိုရွတ်ဆိုပြီးနောက် ကိုသံခဲ၏ နောက်ကျောအား လက်နှစ်ဖက်ဖြင့်တွန်းလိုက်လေတော့သည်။ ကိုသံခဲတစ်ယောက် အလွန်ပြင်းထန်သည့် အားတစ်ခုနှင့် တွန်းခံလိုက်ရပြီး ရေပြင်အတွင်းသို့ ပြုတ်ကျသွားတော့သည်။
ကိုသံခဲမှာ အံ့သြစွာဖြင့် ရေပြင်ထဲတွင် ကူးခတ်နေလေသည်။ သို့ရာတွင် မကြာခင် သူ၏အနီးတွင် အရိပ်မည်းသဏ္ဍာန်အကောင်ကြီးများပေါ်လာလေသည်။ ကိုသံခဲ၏ လက်၊ ခြေများကို ထိုအကောင်ကြီးများက ဝိုင်းဆွဲကာ ရေအောက်အနက်ပိုင်းသို့ ဆွဲချသွားကြတော့သည်။ ကိုသံခဲမှာ အလွန်ထိတ်လန့်လျှက် ဟစ်အော်ရင်းလိုက်ပါသွားရသည်။ ရေအောက်အနက်ပိုင်းရောက်သည့်အခါ အလင်းရောင်များထိန်လင်းနေသည့် နေရာတစ်ခုကိုတွေ့လိုက်ရသည်။ ထိုအလင်းရောင်များနှင့် တဖြည်းဖြည်းနီးကပ်လာသည့်အခါမှ နန်းဆောင်ပုံစံ အဆောက်အဦးတစ်ခုဖြစ်နေလေသည်။ နန်းဆောင်တစ်ခုလုံး ရွှေရောင်၊ ငွေရောင်၊ ပြိုးပြိုးပျက်ပျက်အရောင်များက တဖိတ်ဖိတ်ဝင်းလက်နေလေသည်။
သရဲကြီးများက ကိုသံခဲကို နန်းဆောင်ဆီသို့ဆွဲခေါ်လာကြသည်။ နန်းဆောင်အတွင်းရောက်သည့်အခါ အလွန်ကြီးမားသည့် မိကျောင်းတစ်ကောင်ကိုတွေ့ရသည်။ ထိုမိကျောင်း၏ ကျောကုန်းအပေါ်တွင်တော့ လူတစ်ဦးက တင်ပလ္လင်ခွေကာ ထိုင်နေလေသည်။ ထိုလူမှာ ရှေးခေတ်နန်းဝတ်နန်းစားကဲ့သို့ အဝတ်အစားများကိုဝတ်ဆင်ထားသည်။
“မင်းလားကွာ သံခဲဆိုတာ”
ကိုသံခဲက ခေါင်းညိတ်ပြလိုက်သည်။
“မင်းက ငါတို့ရဲ့အစေအပါးတစ်ယောက်ဖြစ်ချင်တယ်ဆိုတာ တကယ်ပဲလား”
ကိုသံခဲအံ့သြနေမိသည်။ ထိုလူက မျက်နှာထားတင်းမာသွားလျှက်
“ပြောလေ၊ တကယ်ပဲလား”
ကိုသံခဲမှာ လန့်ပြီးအသံထွက်သွားမိသည်။ သို့သော် သူ့ပါးစပ်အတွင်းသို့လည်းကောင်း၊ သူ့နှာခေါင်းအတွင်းသို့လည်းကောင်း ရေများဝင်ရောက်နေသော်လည်း အသက်ရှူရှိုက်၍ရနေသည်က ထူးဆန်းလွန်းလှသည်။
“ကျုပ်က အစေအပါးဖြစ်ချင်တာမဟုတ်ပါဘူးဗျာ၊ ကျုပ်က တံငါမှော်အောင်ချင်တာပါ”
“ဒီနေရာမှာ တံငါမှော်ဆိုတာမရှိဘူး၊ အင်းပိုင်ကြီးနဲ့ အင်းသရဲကြီးပဲရှိတယ်”
“ခင်ဗျားက ဘယ်သူလဲ၊ ခင်ဗျားတို့အစေအပါးဖြစ်ရင် ဘယ်လိုအစွမ်းရမလဲဗျ၊ ငါးတွေစိတ်ကြိုက်ဖမ်းလို့ ရနိုင်မှာလား”
“ငါက အင်းတော်ရှင်၊ အင်းပိုင်ကြီးပဲ၊ ငါ့ခြေထောက်အောက်ကတော့ ငါ့ရဲ့စီးတော်ယဉ် မိကျောင်းပေါ့၊ မင်းသာ ငါ့ရဲ့ အစေအပါးဖြစ်ရင် ဟောဒီအင်းရေပြင်တစ်ခွင်မှာ မင်းဖြစ်စေချင်တဲ့အတိုင်း ဖြစ်အောင်စေခိုင်းနိုင်လိမ့်မယ်”
“ဒါဆို ဟန်ကျသဗျာ၊ ကျုပ်ကို အစေအပါးဖြစ်ခွင့်ပေးပါတော့”
“ကောင်းပြီ၊ ဒါဆိုရင် မင်းငါ့ဆီမှာ တစ်သက်လုံးခစားပါ့မယ်လို့ ကတိပေးသလား”
“ဟုတ်ကဲ့၊ ကတိပေးပါတယ်”
“ငါခိုင်းတဲ့အရာတွေကို မင်းတစ်သွေမတိမ်းလုပ်မယ်လို့ ကတိပေးသလား”
“ပေး၊ ပေးပါတယ်”
“မင်းပါးစပ်ကနေပြောတာဆိုတော့ မင်းရဲ့ကတိပေ့ါကွာ၊ နေအုံး၊ မင်းအရှေ့မှာ တစ်ယောက်ရှိသေးတယ်၊ အဲဒီတစ်ယောက်ကို ငါခေါ်လိုက်မယ်”
အင်းတော်ရှင်က လက်ညှိုးတစ်ချောင်းကိုထောင်ကာ ဝှေ့ယမ်းလိုက်သည်နှင့် နန်းဆောင်အတွင်းသို့ လူတစ်ပိုင်းငါးတစ်ပိုင်းနှင့် သတ္တဝါကြီးတစ်ကောင်ဝင်ရောက်လာလေသည်။ ထိုသတ္တဝါကြီးက အင်းတော်ရှင်အရှေ့တွင် ဝပ်တွားလိုက်လေသည်။
“ကဲ မင်းရဲ့ကံတော့ကုန်ပြီ၊ မင်းနေရာမှာ လူအစားရောက်လာခဲ့ပြီ”
ထိုအခါ ထိုငါးလူသားကြီးက အသံနက်ကြီးဖြင့်အော်ဟစ်လေသည်။ အင်းတော်ရှင်က ထိုငါးလူသားကြီးအား လက်ညှိုးနှင့်ထိုးလိုက်သည့်အခါ ငါးလူသားကြီးမှာ တစ်ကိုယ်လုံး မီးဟုန်းဟုန်းတောက်လောင်ပြီးနောက် ပျောက်ကွယ်သွားတော့လေသည်။ အင်းတော်ရှင်က ကိုသံခဲအားလက်ညှိုးနှင့်ထိုးလိုက်သည့်အခါ ကိုသံခဲ၏ကိုယ်ခန္ဓာရှိ အဝတ်အစားများမှာ အလွန်သစ်လွင်သည့်အဝတ်အစားများဖြစ်သွားလေသည်။
“မောင်မင်းကြည့်ရတာ ဗိုက်ဆာနေတဲ့ပုံပဲ”
အင်းတော်ရှင်က လက်ခုပ်တီးလိုက်ရာ ကိုသံခဲအရှေ့တွင် ပွဲတော်အုပ်ကြီးတစ်ခုပေါ်လာလေသည်။ ထိုပွဲတော်အုပ်ကြီးတွင် အထူးထူးသောစားသောက်ဖွယ်ရာများနှင့် ပြည့်နှက်နေလေသည်။ ကိုသံခဲလည်း ဆာဆာနှင့်လက်ပင်မဆေးတော့ဘဲ ထိုပွဲတော်အုပ်ကို နှိုက်စားလိုက်တော့သည်။ ဟင်းလျာများမှာ အလွန်စားကောင်းလှသည်။ ကိုသံခဲတစ်ယောက် ဆာဆာနှင့်စားသောက်လိုက်ရာ ပွဲတော်အုပ်မှာ အချိန်တစ်ခဏအတွင်း တက်တက်စင်အောင် ပြောင်သွားတော့သည်။ အင်းတော်ရှင်က ကိုသံခဲအားကြည့်ကာ ရယ်မောလျှက်
“ကောင်းတယ်၊ ကောင်းတယ်၊ စား၊ စား၊ ငါတို့က များများစားမှကြိုက်တာကွ”
ကိုသံခဲမှာ စားသောက်ပြီးသည့်အခါ သူ့တစ်ကိုယ်လုံး အေးစက်လာကာ အလွန်ချမ်းအေးလာလေသည်။ ချမ်းအေးလွန်းသဖြင့် လက်ပိုက်ထားရသည်။ ထိုမှတစ်ဖန် သူ့ကိုယ်လုံးမှာ တဖြည်းဖြည်းပူနွေးလာပြန်သည်။ အလွန်ပူအိုက်လွန်းသဖြင့် မျက်နှာကိုလက်ဖြင့်ယပ်နေမိသည်။ ထိုအခါ ဦးသံခဲ၏လက်မှာ လူ၏လက်ကဲ့သို့မဟုတ်တော့ဘဲ ဖားတစ်ကောင်၏လက်ကဲ့သို့ လက်ချောင်းကြားတွင် အမှေးပါးများထွက်ပေါ်လာလေသည်။
“ဟာ၊ ကျုပ်လက်၊ ကျုပ်လက်ဘာဖြစ်တာလဲ”
ကိုသံခဲကြည့်နေစဉ်မှာပင် သူ့လက်ဖျံတွင် ထူထဲသည့်အကြေးခွံများက ပြွတ်ထနေအောင်ပေါက်လာပြန်သည်။ ကိုသံခဲ၏ မေးရိုးမှာလည်း အလွန်နာကျင်လာသဖြင့် လက်နှင့််စမ်းသပ်လိုက်ရာ ငါးပါးဟက်များကိုစမ်းမိလေသည်။ မြှီးညှောင့်ရိုးမှာလည်း အလွန်နာကျင်လာကာ ကြီးမားသည့် အမြီးကြီးတစ်ချောင်းက တိုးထွက်လာပြန်သည်။ အချိန်တစ်ခဏအတွင်းမှာပင် ကိုသံခဲတစ်ယောက် ငါးလူသားကြီးဖြစ်သွားရတော့သည်။
“ဘာဖြစ်တာလဲ၊ ကျုပ်ဘယ်လိုဖြစ်တာလဲ”
အင်းတော်ရှင်က ခပ်သဲ့သဲ့ရယ်မောရင်း
“မင်းပဲ ငါတို့အစေအပါးလုပ်မယ်ဆိုကွ”
“ကျုပ်ပြောချင်တာ ဒီလိုမဟုတ်ဘူးလေ၊ ကျုပ်က တံငါမှော်အောင်ချင်တာ၊ ငါးတွေကိုစိတ်တိုင်းကျ ဖမ်းချင်တာလေဗျာ”
“မင်းရဲ့ဆရာပြောတာကတော့ ဒီလိုမဟုတ်ပါဘူးကွ၊ မင်းက အင်းထဲက အင်းစောင့်သရဲကြီးဖြစ်ချင်တယ်လို့ပြောတာပါ”
“ကျုပ်ဆရာ၊ ကျုပ်ဆရာဆိုတော့ . . . ဦး . . . ဦးတာတေများလား၊ မဟုတ်ဘူး၊ သူက ကျုပ်ဆရာမဟုတ်ပါဘူး”
“ဘာပဲဖြစ်ဖြစ် မင်းအခုအချိန်မှတော့ နောက်ပြန်လှည့်လို့မရတော့ဘူး သံခဲရ၊ မင်းကို ငါပိုင်သွားပြီ၊ မင်းကိုဒီအင်းကြီးက ပိုင်သွားပြီကွ”
“မဟုတ်ဘူး၊ ကျုပ်ဒီလိုမဖြစ်ချင်ဘူး”
“မင်းကတိပေးပြီးသားပဲ သံခဲ၊ သွားတော့၊ မင်းပြန်သွားတော့၊ အင်းထဲမှာနေရင်း ငါပေးတဲ့အမိန့်ကိုလိုက်နာပြီး ဆောင်ရွက်တော့”
ကိုသံခဲကိုယ်လုံးမှာ ဖော့တစ်ခုကဲ့သို့ ရေပေါ်သို့အလျှင်အမြန်ထိုးတက်သွားလေသည်။ ရေမျက်နှာပြင်တွင် နေအလင်းရောင်ကြောင့် လင်းထိန်နေလေသည်။ ကိုသံခဲလည်းရေမျက်နှာပြင်ပေါ်သို့ ပြန်လည်ပေါ်ထွက်လာခဲ့သည်။ ရေမျက်နှာပြင်အပေါ်ရောက်သည့်အခါ သူ့ကိုယ်လုံးမှာ လူသားကိုယ်လုံးပြန်လည်ဖြစ်သွားလေသည်။
“ငါ၊ ငါဘယ်ကိုရောက်နေတာလဲ”
ကိုသံခဲက ရေလယ်ခေါင်တွင်တစ်ဦးတည်းကူးခတ်နေမိသည်။
“ငါ့လှေကလေးရော ဘယ်ရောက်သွားပါလိမ့်”
ကိုသံခဲရေရွတ်ပြီး မကြာခင်မှာပင် အင်းရေပြင်တွင်လှေကလေးတစ်စီးက သူ့အလိုလိုမျောလာလေသည်။ ထိုလှေမှာ ကိုသဲခဲ၏ လှေပင်ဖြစ်နေသည်။ ကိုသံခဲလည်း လှေပေါ်သို့ အမိအရ ကုပ်ဖက်တက်လိုက်သည်။
“တောက်၊ ဒါဟိုလူကြီးလုပ်သွားတာဖြစ်မယ်၊ ဟိုလူကြီးက ငါ့ကိုလတ်စဖျောက်ချင်တာနဲ့ အင်းတော်ရှင်ဆီမှာ ရောင်းစားသွားပဲဖြစ်ရမယ်”
ကိုသံခဲတစ်ယောက် အလွန်ဒေါသထွက်လာပြီး သုဿန်ကျွန်းဆီသို့ လှေကိုလှော်ခတ်လိုက်သည်။ သို့သော် လှေမှာလှော်ခတ်ရန်ပင်မလိုဘဲ ရေမျက်နှာပြင်တွင် ရှပ်၍လျှင်မြန်စွာပြေးထွက်သွားလေသည်။ အချိန်တစ်ခဏအတွင်းမှာပင် သုဿန်ကျွန်းဆီသို့ ရောက်လာခဲ့တော့သည်။
(၄)
“ဟေ့လူကြီး၊ တာတေဆိုတဲ့ ဟိုလူကြီး ခင်ဗျားထွက်လာခဲ့စမ်း”
ကိုသံခဲက လှေဝမ်းအတွင်းထည့်ထားသည့် ငါးထိုးသည့် မှိန်းတံကိုယူလိုက်ကာ အော်ဟစ်လိုက်သည်။ ထိုအခါ သုဿန်ကျွန်းပေါ်မှ ဦးတာတေကြီးက တဖြည်းဖြည်းလျှောက်လာခဲ့လေသည်။
“သြော်၊ သံခဲပါလားကွ”
“ခင်ဗျားကျုပ်ကို မလှိမ့်တပတ်လုပ်သွားတယ်၊ ခင်ဗျားလုပ်လို့ ကျုပ်မှာအခု အရှင်လတ်လတ် အင်းတော်ရှင်ရဲ့ အစေအပါးဖြစ်နေရပြီဗျ”
ဦးတာတေက ပြုံးလျှက်
“ဟေ့ကောင်၊ အခုမှငါ့ကိုအပြစ်လာမတင်နဲ့ မင်းပဲ ဒီလိုဖြစ်ချင်တယ်ဆိုကွ”
“ခင်ဗျားကြီး စကားကိုဗလောင်းဗလဲမပြောနဲ့၊ ကျုပ်လိုချင်တာ ငါးများများဖမ်းနိုင်ဖို့ပဲ၊ တံငါမှော်ဆိုတဲ့ မှော်အောင်ဖို့ပဲလိုချင်တာလေဗျာ၊ အခုလို အင်းတော်ရှင်ရဲ့ လက်အောက်ငယ်သား ဖြစ်ချင်တာမဟုတ်ဘူးဗျ”
“ဟား၊ ဟား၊ မင်းတော်တော်ရိုးတာပဲ သံခဲရ၊ တကယ်တော့ တံငါမှော်ဆိုတာ အဲဒါပဲကွ၊ အင်းတော်ရှင်ရဲ့ အစေအပါးဖြစ်သွားတော့ ငါးတွေကို မင်းစိတ်ကြိုက်ဖမ်းလို့ရမယ်မဟုတ်လား၊ ဟား၊ ဟား”
ကိုသံခဲလည်း ဒေါသထွက်ထွက်နှင့် မှိန်းတံကိုင်ကာ လှေပေါ်မှ လွှားခနဲခုန်ဆင်းလိုက်သည်။ ထို့နောက် သုဿန်ကျွန်း၏ ကမ်းစပ်သို့ ခြေချလိုက်လေသည်။ သို့သော် ကိုသံခဲခြေချလိုက်သည့် မြေကြီးမှာ ရေပြင်အတွင်းသို့ ပြိုကျသွားလေသည်။ ကိုသံခဲလည်း အရှေ့တွင်ရှိနေသည့် ကုန်းမြေပေါ်သို့ ခြေတစ်ဖက်လှမ်းတင်လိုက်လေသည်။ ကုန်းမြေနှင့် ခြေထောက်ထိတွေ့လိုက်သည်နှင့် ကိုသံခဲအား မီးနှင့်မြှိုက်သကဲ့သို့ ပူလောင်စွာခံစားရသည်။
“အား၊ သေပါပြီ၊ အား”
ထိုအဖြစ်ကို ကုန်းပေါ်မှ ဦးတာတေက ရယ်မောကာ ကြည့်နေလေသည်။
“ဟား၊ ဟား သံခဲရေ၊ အင်းသရဲဖြစ်သွားတဲ့လူက ကုန်းပေါ်ကိုဘယ်တော့မှ တက်လို့မရဘူးကွ”
“ခင်ဗျား၊ ခင်ဗျား တော်တော်ယုတ်မာတဲ့လူပဲ”
ကိုသံခဲက လက်ထဲမှ မှိန်းတံဖြင့် ဦးတာတေကိုလှမ်းပစ်ခတ်လိုက်လေသည်။ သို့သော် ဦးတာတေအနီးရောက်သည်နှင့် မှိန်းတံမှာ အပိုင်းပိုင်းအစအစဖြစ်ကာ ကျိုးပဲ့သွားတော့သည်။
“ဟား၊ ဟား မင်းလိုကောင်က ငါ့ကိုထိခိုက်အောင်လုပ်လို့ရမတဲ့လား သံခဲရ”
ဦးတာတေက တစ်ဖက်သို့လှည့်လိုက်ပြီးနောက်
“ငါသွားတော့မယ်သံခဲရေ၊ မင်းကတော့ ဟောဒီအင်းကြီးထဲမှာ ငါးတွေစိတ်ကြိုက်ဖမ်းပြီးတော့ နေခဲ့ပေါ့ကွာ”
ဦးတာတေမှာ ခြေလှမ်းကျဲကြီးဖြင့် ထွက်ခွာသွားတော့သည်။ ကိုသံခဲတစ်ယောက်သာ မကျေမနပ်နှင့််ရေစပ်တွင် တောက်ခေါက်လျှက် ကျန်နေခဲ့တော့သည်။
“ငါမှားပြီ၊ ငါလူပေါင်းမှားပြီ၊ ကုန်းပေါ်တက်မရဘူးဆိုမှတော့ ငါကဘယ်လိုလုပ်ပြီးတော့ မိချောနဲ့ ပေါင်းဖက်လို့ရတော့မှာလဲ”
ကိုသံခဲမှာ အလွန်စိတ်ဓါတ်ကျလျှက် လှေကလေးဖြင့် ကွေးကောက်ရွာသို့ပြန်လာခဲ့လေသည်။ ရွာအနီးအရောက်တွင် အခြားတံငါသည်တစ်ဦးနှင့် ဆုံတွေ့လေသည်။
“ဟ၊ သံခဲ၊ မင်းပျောက်နေတာကြာပြီနော်၊ ဘယ်သွားနေတာလဲကွ”
“ဗျာ၊ ကျုပ်ကပျောက်နေတာတဲ့လား”
“မင်းရွာကို ပြန်မလာတာ ခုနစ်ရက်ရှိပြီ သံခဲရ၊ ဒါနဲ့ မင်းကိုရွာမှာ မိန်းကလေးတစ်ယောက်လာရှာတယ်ကွ၊ နေပါအုံး သူ့နာမည်က ဘာပါလိမ့်”
“မိချော၊ မိချောမဟုတ်လား”
“အေး၊ ဟုတ်တယ် မိချောတဲ့”
“သူအခု ရွာမှာရှိသေးလားဗျာ”
“မရှိတော့ဘူးထင်တာပဲကွ၊ သုံးရက်လောက်တော့ မင်းကိုရှာလိုက်သေးတယ်”
“လုပ်စမ်းပါဗျာ၊ အဲဒီမိချောဆိုတဲ့ မိန်းကလေးက နိဗ္ဗာန်ရွာကဗျ၊ ခင်ဗျား နိဗ္ဗာန်ရွာကိုသွားပြီး သူ့ကိုဒီကိုခေါ်လာခဲ့ပါလား”
ထိုလူက ကိုသံခဲအားကြည့်ရင်း
“ဟ၊ သံခဲရ၊ ငါးရရင်တော့ နိဗ္ဗာန်ရွာစောစောသွားလို့ရတာပေါ့ကွာ၊ အခုက ငါက ငါးတစ်ကောင်မှတောင် မရသေးဘူးလေကွာ၊ မင်းကိုငါက ကူညီချင်ပေမယ့် ငါ့ဝမ်းစာကလည်းရှိသေးတယ်မဟုတ်လားကွ”
“ဒါဆို ခင်ဗျားကို ငါးမျာများရနိုင်တဲ့နေရာ ပြောပြမယ်ဗျာ၊ ခင်ဗျားငါးရရင်တော့ နိဗ္ဗာန်ရွာ သွားမယ်မဟုတ်လား”
ထိုလူက ခေါင်းညိတ်ရင်း
“အေးပေါ့ကွ၊ ငါးများများရရင်တော့ ဒီညနေပဲ နိဗ္ဗာန်ရွာဆင်းပြီး ရောင်းရမှာပေါ့ကွာ”
ကိုသံခဲလည်း ဘာလုပ်ရမှန်းမသိသေးပေ၊ သို့နှင့် အင်းရေပြင်ကိုလက်နှင့်ထိလိုက်မိသည်။ မျက်လုံးကိုမှိတ်လိုက်ရင်း
“ငါးများများရမယ့်နေရာကို သိချင်တယ်၊ ငါးများများရမယ့်နေရာကို ပြောပြပါ”
“ထိန်ကျွန်းမြောက်ဘက်၊ ထိန်ကျွန်းမြောက်ဘက်”
နားထဲတွင် ပီပီသသအသံတစ်ခုကိုကြားလိုက်ရလေသည်။ သို့နှင့် ကိုသံခဲလည်းမျက်လုံးဖွင့်လိုက်ပြီး
“ကျုပ်ပြောမယ်၊ ထိန်ကျွန်းမြောက်ဘက်မှာ ငါးတွေပေါတယ်၊ ခင်ဗျားအဲဒီမှာ ကွန်သွားပစ်ရင် နေ့တစ်ပိုင်းမကုန်ခင် လှေဝမ်းအပြည့်ရလောက်တယ်”
“ဟုတ်ရဲ့လား သံခဲရ”
“ကျုပ်ပြောတာသာ ယုံစမ်းပါဗျာ၊ ဒါပေမယ့် ခင်ဗျားကျုပ်ကို တစ်ခုကတိပေးရမယ်၊ ခင်ဗျားငါးတွေရရင် နိဗ္ဗာန်ရွာက မိချောကို သွားခေါ်ပေးရမယ်”
“အေး၊ စိတ်ချပါကွာ၊ မင်းပြောသလိုသာ တကယ်ရမယ်ဆိုရင် ငါကူညီပေးပါ့မယ်သံခဲရာ”
ထိုတံငါသည်က လှေကိုဆက်လက်လှော်ခတ်သွားလေသည်။ ကိုသံခဲတစ်ယောက် ချစ်သူအားစိုးရိမ်စိတ်ဖြင့် အလွန်ပူဆွေးနေမိတော့သည်။
ညနေရောက်သည့်အခါ မိချောတစ်ယောက် အမောတကောနှင့် ကွေးကောက်အင်းဆီသို့ရောက်လာခဲ့သည်။ တံငါသည်၏ ခေါ်ဆောင်မှုဖြင့်် ကွေးကောက်အင်းအစပ် လှေဆိပ်သို့ဆင်းလာခဲ့လေသည်။ ကိုသံခဲတစ်ယောက်မှာတော့ သူ၏လှေကလေးဖြင့် ရေထဲမှပင် စောင့်ဆိုင်းနေရလေသည်။
“မိချော၊ မိချော၊ အကိုဒီမှာလေ”
မိချောတစ်ယောက် ငိုယိုလျှက်ပြေးဆင်းလာတော့သည်။
“အကိုသံခဲ၊ အကိုဘယ်တွေများသွားနေတာလဲဟင်၊ နိဗ္ဗာန်ရွာကို ပေါ်မလာတာကြာလို့ ကျုပ်တောင်မှ အကို့ကိုလာရှာခဲ့ပါသေးတယ်တော်”
“ငိုမနေပါနဲ့မိချောရာ၊ လာလာ၊ လှေပေါ်တက်”
ကိုသံခဲက လှေကလေးကို လှေဆိပ်တွင်ကပ်ပေးလိုက်သည့်အခါ မိချောက လှေပေါ်ကိုတက်လိုက်လေသည်။
“မိချော၊ မိချောကို အကိုပြောစရာရှိတယ်မိချော၊ ဒါပေမယ့် ဒီနားပြောလို့မကောင်းဘူး၊ အကိုနဲ့အင်းထဲကိုလိုက်ခဲ့ပါ”
ကိုသံခဲက လှေကိုအသာလှော်ခတ်လိုက်ပြီး အင်းထဲသို့ထွက်လာခဲ့သည်။ ကျယ်ပြောလှသည့် အင်းရေပြင်တစ်နေရာအရောက်တွင် ကိုသံခဲက လှေကိုရပ်လိုက်ပြီး
“ဒီမှာမိချော၊ မိချောနဲ့အကိုနဲ့က မဖြစ်နိုင်ကြတော့ပါဘူးမိချောရာ၊ ဒါကြောင့်မို့ အကို့ကိုမေ့လိုက်ပါတော့ မိချောရာ”
မိချောမျက်ဝန်းမှ မျက်ရည်များက တပေါက်ပေါက်နှင့်စီးကျလာလေသည်။ မိချောက ကိုသံခဲကိုစိုက်ကြည့်ရင်း
“သိပြီးသား၊ အကိုဒီလိုပြောမယ်ဆိုတာသိပြီးသား၊ တန်တော့ အကိုအင်းထဲမှာ တခြားမိန်းကလေးနဲ့များ ရည်ငံနေပြီလားဟင်၊ အကို့မှာ မိန်းမတွေဘာတွေများ ရှိနေလို့များလား”
ကိုသံခဲက ခေါင်းခါလိုက်ပြီး
“မဟုတ်ပါဘူးမိချောရယ်၊ အကို့မှာ မိချောကလွဲလို့ တခြားချစ်ရမယ့်သူမရှိပါဘူး”
“ဒါဆိုရင် ဘာဖြစ်လို့လည်းအကို၊ ဘာဖြစ်လို့ မိချောကို စွန့်ပစ်ချင်ရတာလား”
ကိုသံခဲက သက်ပြင်းသာ တဟင်းဟင်းချနေတော့သည်။
“မိချောကို အကိုပြောပြလို့မရတဲ့အခက်အခဲတစ်ခုရှိနေလို့ပေါ့ကွာ”
“ဒါတော့ အကိုမတရားဘူး၊ တကယ်ဆို အကိုနဲ့မိချောက နှစ်ယောက်ပေါင်းပြီး တစ်ဘဝတည်ထောင်ထားမယ်လို့ ဆုံးဖြတ်ခဲ့ကြတဲ့သူတွေပဲအကို၊ ဒီတော့ တစ်ခုခုဆိုရင် မိချောတို့အချင်းချင်းပွင့်လင်းရမှာပေါ့”
ကိုသံခဲမျက်ဝန်းတွင် မျက်ရည်စများစို့တက်လာခဲ့သည်။ မိချောကလည်း တစ်ခုခုကိုရိပ်မိသွားပြီး။
“မိချောကိုပြောပြပါအကို၊ အဲဒီအရာကို မိချောသိချင်တယ်၊ မိချောအကို့ကိုအပြစ်မတင်ပါဘူးအကို ပြောပြစမ်းပါ”
“အကိုပြောလိုက်ရင် မိချောအကို့ကိုကြောက်လန့်သွားမှာစိုးလို့ပါ”
“ဘာကြောက်စရာရှိလဲအကို၊ အကိုက မိချောချစ်တဲ့လူပဲ၊ မိချောက ဘာကိုကြောက်ရမှာလဲ”
“မဟုတ်ဘူးမိချော၊ အကို့ရဲ့အခုလက်ရှိပုံကိုမြင်လိုက်ရရင် မိချောအကို့ကိုကြောက်လန့်သွားမှာအသေအချာပဲ”
မိချောက အလွန်ကြမ်းတမ်းလှပြီး အသားမာတက်နေသည့် ကိုသံခဲ၏ လက်ဖဝါးများကိုဆွဲယူလိုက်ရင်း
“ဒီမှာအကို၊ မိချောကတော့ အကို့ကိုဘယ်လိုပုံစံပဲဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဆက်ချစ်နေမှာပါအကို၊ ဒါကြောင့် မိချောမကြောက်ပါဘူး၊ မိချောဘာပဲဖြစ်ဖြစ်မကြောက်ဘူးအကို၊ အကိုက တစ္ဆေသရဲဖြစ်နေတယ်ဆိုရင်တောင် မိချောက အကို့ကိုဆက်ချစ်နေမှာပါ”
ကိုသံခဲတစ်ယောက် မျက်ရည်များကို ထိန်းမထားနိုင်တော့ဘဲ ငိုချလိုက်တော့သည်။ ထို့နောက် ခေါင်းကိုအသာညိတ်ပြီး လှေကလေးအပေါ်မှနေ၍ အင်းရေပြင်အတွင်းသို့ ခုန်ဆင်းသွားတော့သည်။
“အကို၊ အကိုသံခဲ”
ကိုသံခဲက ရေမျက်နှာပြင်အောက်သို့ဆင်းသက်သွားပြီး ပြန်မပေါ်လာတော့ပေ၊ မိချောတစ်ယောက် ကိုသံခဲသေဆုံးသွားပြီလားဟု စိုးရိမ်ပူပန်စွာဖြင့် အင်းရေပြင်ကို ကျီးကန်းတောင်းမှောက်ကြည့်ကာ ရှာဖွေနေမိသည်။ ထိုစဉ် အင်းရေပြင်တွင် ကြီးမားသည့် ရေပွက်ကြီးတစ်ခုဖြစ်ပေါ်လာကာ အလွန်ကြီးမားသည့် ငါးကြီးတစ်ကောင်က လှေပေါ်သို့ခုန်တက်လာခဲ့လေသည်။ မိချောမှာအလွန်ထိတ်လန့်သွားပြီး လှေပဲ့နားအထိ တိုးကပ်သွားမိသည်။
“ဘာ၊ ဘာကြီးလဲ”
မိချောတွေ့မြင်နေရသည်ကတော့ ငါးလူသားကြီးတစ်ဖြစ်လဲ ကိုသံခဲပင်ဖြစ်သည်။ ကိုသံခဲက အသံနက်ကြီးဖြင့်
“မိချော၊ မိချောမကြောက်ဘူးဆို”
မိချောမျက်လုံးပြူးသွားလျှက်
“အကို၊ ဒါဆို ဒီသတ္တဝါကြီးက အကိုသံခဲပေါ့နော်”
ငါးလူသားကြီးမှာ ခေါင်းညိတ်ပြလိုက်လေသည်။ မိချောက ငါးလူသားကြီးအနီးသို့ တဖြည်းဖြည်းတိုးကပ်သွားကာ ငါးခေါင်းကြီးကိုပွတ်သပ်နေမိသည်။
“အကိုရယ်၊ အကိုဘယ်လိုများဖြစ်ရတာလဲ”
“ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့ရမယ်ထင်ပါရဲ့ မိချောရယ်၊ လွန်ခဲ့တဲ့ ခုနစ်ရက်လောက်က အကို အောက်လမ်းဆရာကြီးတစ်ယောက်ရဲ့ နောက်လိုက်လုပ်မိပြီးတော့ အခုလို လူတစ်ပိုင်းငါးတစ်ပိုင်းနဲ့ မကောင်းဆိုးဝါးကြီးဖြစ်သွားရတာပါပဲ”
“အကိုရယ်၊ ဖြစ်မှဖြစ်ရလေ၊ ဒါကြောင့် အကိုပျောက်နေတာပေါ့နော်”
ကိုသံခဲက ခေါင်းညိတ်လိုက်ရင်း
“အခုတော့ အကို့ရဲ့အဖြစ်ကို မမိချောမြင်ပြီမဟုတ်လား၊ အကိုက အခုဆိုရင် လူတစ်ပိုင်း မိစ္ဆာတစ်ပိုင်းဖြစ်နေပါပြီမိချော၊ ပြီးတော့ အကိုက ကုန်းမြေပေါ်ကိုခြေချလို့ မရတော့ဘူး၊ ဒါကြောင့်မို့ မိချောနဲ့ပေါင်းဖက်ဖို့က မဖြစ်နိုင်တော့ပါဘူး မိချောရယ်၊ မိချော အကို့ကိုမေ့လိုက်တော့နော်”
မိချောက ခေါင်းကိုတဆတ်ဆတ်ခါလျှက်
“မဟုတ်ဘူးအကို၊ အကိုကုန်းပေါ်မတက်ရတော့လည်း ဘာဖြစ်လဲ၊ ရေထဲမှာပဲ အကိုနဲ့မိချောနဲ့ အခုလိုနေကြတာပေါ့”
ကိုသံခဲမှာ အလွန်အံ့သြသွားမိလေသည်။
“မိချော အကို့ကိုမကြောက်ဘူးလား”
“မကြောက်ပါဘူးအကို၊ မိချောပြောထားတယ်မဟုတ်လား၊ မိချောက အကို့ကိုဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် ဆက်ပြီးချစ်နေမှာပါလို့”
ကိုသံခဲတစ်ယောက်လူအဖြစ်သို့ အသွင်ပြောင်းလိုက်ကာ မိချောကိုပွေ့ဖက်ထားလိုက်သည်။
“ဝမ်းသာလိုက်တာ မိချောရယ်”
မိချောက ကိုသံခဲပုခုံးအပေါ်သို့ ခေါင်းကလေးမှေးစောင်းကာတင်ထားလျှက်
“လူတိုင်းမှာ လှို့ဝှက်ချက်ကိုယ်စီရှိပါတယ်အကို၊ အခု အကို့ရဲ့လှို့ဝှက်ချက်ကို ကျုပ်မြင်တွေ့လိုက်ရပြီဆိုတော့ အခုတော့ ကျုပ်ရဲ့လှို့ဝှက်ချက်ကို အကို့ကိုပြောပြမယ်တော့”
“ဘယ်လို၊ မိချောမှာ အကိုမသိတဲ့လှို့ဝှက်ချက်များ ရှိသေးလို့လား”
“ရှိတယ်အကို၊ တကယ်တော့ မိချောက စုန်းတစ်ယောက်ပါ”
ကိုသံခဲ အံ့သြသွားလေသည်။
“ဘာ၊ ဘာပြောတယ်မိချော”
“ဟုတ်ပါတယ်၊ နိဗ္ဗာန်ရွာက စုန်းတွေကဝေတွေ ပေါတယ်မဟုတ်လားအကို၊ ဒီတော့ မိချောကလည်း မျိုးရိုးစဉ်ဆက် စုန်းပညာကို အမွေဆက်ခံခဲ့တဲ့ စုန်းတစ်ယောက်ပါအကို”
ကိုသံခဲမှာ တွေဝေသွားပြီးနောက် မိချောအား ပွေ့ဖက်ထားရာမှ တွန်းထုတ်လိုက်လေသည်။ မိချောမှာ မျက်နှာငယ်ကလေးဖြင့်
“ဘာလဲအကို၊ မိချောကို စုန်းလို့သိသွားပြီဆိုတော့ အကိုမိချောကိုမချစ်တော့ဘူးလား”
“မဟုတ်ပါဘူးမိချောရယ်၊ အကိုတော့ဖြင့် စုန်းတွေကိုကြောက်တယ်”
“ဒါဆို အကိုမိချောကိုမချစ်တော့ဘူးပေါ့၊ မိချောက စုန်းဆိုတာကိုသိသွားတော့ အကိုမိချောနဲ့အတူတူမနေချင်တော့ဘူးပေါ့”
ကိုသံခဲ သက်ပြင်းသာချမိတော့သည်။
“ရတယ်အကို၊ အကိုမနေချင်ဘူးဆိုရင် မိချောလည်း မနေချင်တော့ပါဘူးအကိုရယ်”
မိချောမှာ လှေပေါ်မှနေ၍ အင်းရေပြင်အတွင်းသို့ ခုန်ဆင်းသွားလေသည်။ ကိုသံခဲမှာ
“မိချော၊ မိချော၊ အဲဒီလိုမလုပ်ပါနဲ့”
ကိုသံခဲက အော်ဟစ်လိုက်ပြီးနောက် ရေအတွင်းသို့ခုန်ဆင်းသွားလေတော့သည်။ ကိုသံခဲက ရေထဲသို့ကျဆင်းသွားသည့် မိချောအားပွေ့ဖက်ကာ ကယ်ဆယ်လိုက်ပြီးနောက် ရေပေါ်သို့ပြန်လည်တင်လိုက်လေသည်။ မိချောပါးစပ်မှ ရေများစွာအန်ကျလာပြီးနောက် လူလည်းမြော့မြော့သာကျန်တော့၏။ ကိုသံခဲက မိချောအားပွေ့ဖက်ရင်း
“အကိုမိချောကိုယူပါ့မယ်မိချောရယ်၊ မိချောနဲ့အကိုနဲ့ အတူတူနေကြမယ်နော်”
မိချောမှာ ပြုံးရွှင်လျှက် ခေါင်းညိတ်ပြလိုက်လေတော့သည်။
(၅)
“မင်္ဂလာဆောင်မယ်ဆိုတော့ ကောင်းမွန်တဲ့ကိစ္စတစ်ခုပဲ ငါခွင့်ပြုပါတယ်”
အင်းတော်ရှင်က ကိုသံခဲအားခွင့်ပြုလေသည်။
“မင်္ဂလာဆောင်တဲ့အခါ ရေပြင်ပေါ်မှာပဲဆောင်ရမယ်၊ လူတွေကို ကျွေးမွေးဖို့အတွက်တော့ ငါပြင်ဆင်ပေးပါ့မယ်၊ သံခဲ ဒီအနားကိုလာခဲ့စမ်း”
ကိုသံခဲက အင်းတော်ရှင်အနီးသို့ တိုးကပ်သွားလိုက်သည့်အခါ အင်းတော်ရှင်က လက်သီးဆုပ်လိုက်ပြီး တစ်ခုခုကိုရေရွတ်လိုက်သည်။ ထို့နောက် ထိုလက်သီးဆုပ်အားဖွင့်လိုက်သည့်အခါ ရွှေစင်တုံးတစ်တုံးကိုတွေ့လိုက်ရသည်။ ထိုရွှေစင်တုံးအား ကိုသံခဲလက်အတွင်းသို့ထည့်ပေးလိုက်ရင်း
“မင်းကငါ့လူဆိုတော့ မင်းကိုငါကူညီရမှာပေါ့ကွာ၊ ဟောဒါက မင်းရဲ့မင်္ဂလာပွဲမှာ လူတွေကိုကျွေးဖို့မွေးဖို့အတွက် ငါပေးတာ”
ကိုသံခဲလည်း ထိုရွှေတုံးအားယူဆောင်ပြီး မိချောကိုပေးလိုက်လေသည်။ မိချောက ထိုရွေတုံးအားရောင်းချရာမှ ရရှိသည့်ငွေများဖြင့်် မင်္ဂလာပွဲတစ်ရပ်ကိုကျင်းပလေတော့သည်။ ထူးထူးခြားခြားမင်္ဂလာပွဲအား အင်းရေပြင်ပေါ်တွင်ဖောင်ကြီးထိုးကာ ကျင်းပလေသည်။ ထိုဖောင်ကြီးပေါ်တွင် မဏ္ဍပ်ကြီးတစ်ခုကိုတည်ဆောက်ထားကာ လာရောက်သူများအားလုံးကို ထမင်းနှင့် ငါးအသားဟင်းလျာများကို အလျှံပယ်ကျွေးမွေးတော့သည်။
“ဟာ၊ သံခဲတို့ကတော့ လုပ်လိုက်ရင် အဆန်းကြီးပဲဟေ့၊ မင်္ဂလာဆောင်တာ ကုန်းပေါ်မှာမဆောင်ဘဲ ရေထဲမှာဆောင်ရတယ်လို့ကွာ”
“ဟုတ်ပါ့ဗျာ၊ တံငါပီသပါပေတယ်၊ ရေထဲကကို မတက်ဘူးဗျို့”
“ဟင်းတွေကလည်း ရှယ်ကောင်းတာဗျာ၊ ကျုပ်ဖြင့် ဒီအင်းထဲမှာ ငါးဖမ်းလာတာ တစ်သက်ရှိတော့မယ်၊ ဒီလောက်ကြီးတဲ့ငါးကြီးတွေ မတွေ့ဖူးဘူးဗျို့”
“ဟာ၊ ဒီငါးတွေက ကိုသံခဲတစ်ယောက် ကိုယ်တိုင်ဖမ်းထားတဲ့ငါးတွေဆိုပဲဗျ”
“ဟ၊ ဒါဆို သဲခံကိုငါတို့ ဆရာတင်မှရမယ်ကွ၊ ကွေးကောက်ရွာအပြင် အင်းခြေနဲ့ အင်းထဲရွာကတံငါတွေကိုပါ ဟင်းအဝကျွေးနိုင်အောင် ငါးဖမ်းရတယ်ဆိုတာ တော်ရုံမဟုတ်ဘူးဟေ့”
သို့နှင့် မင်္ဂလာပွဲကြီးက ခမ်းခမ်းနားနားနှင့်ပြီးဆုံးသွားခဲ့လေသည်။ မင်္ဂလာမဏ္ဍပ်ကြီးတည်ဆောက်ထားသည့် ဖောင်ကြီးပေါ်တွင် ကိုသံခဲနှင့် မိချောတို့နှစ်ယောက်သာ ကျန်နေခဲ့တော့သည်။
“အကိုတို့အိပ်မက်တွေ တကယ်ဖြစ်လာပြီနော်မိချော”
“ဟုတ်ပါ့တော်၊ ကျုပ်ဖြင့်အကိုနဲ့အတူတူနေရတာ သိပ်ပျော်တာပဲ”
“အကိုက ရေထဲကနေတက်လို့မရပေမယ့် မိချောကတော့ ကွေးကောက်ရွာမှာ အိမ်တစ်ဆောင်ဆောက်ပြီး သွားနေပါလား”
“အို၊ မဟုတ်တာပဲအကိုကလည်း၊ မိချောကတော့ အကိုနဲ့ဝေးပြီးမနေချင်ပါဘူးရှင်၊ ဒီတော့ မိချောလည်း ဒီအင်းထဲမှာပဲနေမယ်”
“လှေပေါ်နေရတာ မလွယ်ပါဘူး မိချောရာ”
“လှေပေါ်မနေချင်တော့လည်း အင်းလယ်က ကျွန်းတွေအပေါ်မှာ တဲထိုးပြီးနေတာပေါ့တော်”
သို့နှင့် အင်းလယ်ရှိကျွန်းများအနက်မှ ထန်းပင်များပေါက်နေသည့် ကျွန်းပေါ်တွင် မိချောတစ်ယောက် တဲကလေးထိုးပြီးနေထိုင်လေသည်။ ကိုသံခဲမှာ အင်းအတွင်းလှည့်ပတ်သွားနေကာ မိချောနှင့်အတူတကွ လှေပေါ်တွင်ပေါင်းသင်းကြလေသည်။
ကိုသံခဲမှာ အင်းသရဲဖြစ်သွားကတည်းက ငါးမဖမ်းချင်တော့ပေ၊ ငါးများနှင့် တသားတည်းဖြစ်သွားသည်လားတော့ မပြောတတ်ပေ၊ ထို့ကြောင့် အင်းအတွင်းလှည့်လည်သွားလာနေသော်လည်း ငါးမဖမ်းဘဲ အချိန်ရှိသရွေ့ ထန်းရည်သောက်လိုက်၊ ပဲကြိးလှော်စားလိုက်နှင့် အချိန်ဖြုန်း၍သာနေတတ်လေသည်။
တံငါများမှာ ကိုသံခဲနှင့််တွေ့သည့်အခါ ကိုသံခဲအား ငါးရှိနိုင်မည့်နေရာများကိုမေးတတ်ကြလေသည်။ တစ်ခါတွင်း ကွေးကောက်ရွာအတွင်းမှ တံငါသည် ကိုဝင်းမှာ လှေကလေးတစ်စင်းကိုလှော်ခတ်လာလေရာ မကြာခင်အင်းလယ်တစ်နေရာတွင် ကိုသံခဲနှင့်် သွားတွေ့တော့သည်။ ကိုသံခဲမှာ လှေကလေး၏ လှေဦးထိပ်တွင် တင်ပလ္လင်ခွေထိုင်နေပြီး သူ၏လှေကလေးမှာ သူ့အလိုလိုရွှေ့လျားနေသည်ကို ထူးဆန်းစွာဖြင့်မြင်တွေ့လိုက်ရလေသည်။ ကိုသံခဲမှာ သူ့အားကျောပေးထားသဖြင့် မြင်ပုံမရပေ။
“ကိုသံခဲ၊ ကိုသံခဲ”
ကိုဝင်းခေါ်လိုက်သည့်အခါမှ ကိုသံခဲက ကိုဝင်းအားလှည့်ကြည့်လိုက်လေသည်။
“ခင်ဗျားဗျာ၊ ထူးဆန်းလိုက်တာ လှေကိုမလှော်ဘဲနဲ့ ဘယ်လိုလုပ်ပြီးတော့ သူ့အလိုလိုသွားလာနိုင်တာလဲဗျ”
“ကျုပ်အစွမ်းလို့ပဲ ဆိုကြပါစို့ကိုဝင်းရာ၊ ဒါနဲ့ ခင်ဗျားကိုအင်းထဲမတွေ့တာတောင် ကြာပေါ့ဗျာ၊ ဘယ်သွားပြီး ဘာတွေလုပ်နေတာလဲ”
ကိုသံခဲက နှုတ်ဆက်ရင်း လှေကလေးမှာ သူ့အလိုလိုကွေ့ပြီး ကိုဝင်းလှေအနီးသို့တိုးကပ်လာလေသည်။ ကိုဝင်းက
“ဟုတ်တယ်ကိုသံခဲရေ၊ အဆင်ပြေမလားဆိုပြီးတော့ အင်းခြေရွာဆင်းပြီး ကိုင်းသွားလုပ်တာဗျ၊ ပိုးတွေကဖျက်၊ သီးနှံဈေးကကျနဲ့ဆိုတော့ မကိုက်ပါဘူးဗျာ၊ ဒါနဲ့ လက်ငုပ်လက်ရင်း တံငါပဲလုပ်မယ်ဆိုပြီး ပြန်လာတာဗျ”
ကိုသံခဲက ရယ်မောရင်း
“တံငါသည်ဆိုတော့ တံငါလုပ်တာပဲကောင်းပါတယ်”
“ဒါနဲ့ ကိုသံခဲက ငါးတွေရှိတဲ့နေရာသိတယ်ဆိုဗျာ၊ ရွာထဲမှာတော့ ကိုသံခဲအကြောင်းတွေကို လူတွေက အမျိုးမျိုးပြောနေသဗျ”
ကိုသံခဲမှာ ပြုံး၍သာနေလေသည်။
“ဒါဆို ကျုပ်ကိုလည်း မစပါအုံး ကိုသံခဲရာ၊ ကျုပ်ငါးများများရမယ့်နေရာကို ညွှန်စမ်းပါအုံးဗျ”
ကိုသံခဲက အင်းရေပြင်ကိုလက်နှင့်ထိလိုက်ပြီးနောက် မျက်လုံးကိုမှိတ်ကာ အာရုံခံလိုက်လေသည်။ ထို့နောက် အင်းအတွင်းရှိ ရေသရဲကြီးများနှင့် ဆက်သွယ်လိုက်တော့သည်။ အင်းတစ်ခွင်တွင် ရေသရဲကြီးများမှာ သူ့နေရာနှင့်၊ သူ့အပိုင်နှင့််သူ နေထိုင်ကြလေသည်။ ကိုသံခဲက စိတ်ထဲမှ
“ကဲ ရေသရဲအပေါင်းတို့ ဘယ်နေရာမှာ ငါးကြီးကြီး၊ ငါးများများရနိုင်သလဲဆိုတာ ပြောစမ်း”
ထိုအခါ ရေသရဲကြီးများက အသံပေါင်းစုံဖြင့် ကိုသံခဲအားသတင်းပို့ကြလေသည်။ ကိုသံခဲက ထိုသတင်းများအနက်မှ ငါးအများဆုံးရှိနိုင်သည့်နေရာကို ရွေးလိုက်ပြီး
“ကဲ၊ ကိုဝင်းရေ၊ ဒီကနေအနောက်စူးစူးကိုသာသွားဗျာ၊ အင်းအစပ် ကုက္ကိုပင်နားမှာ ငါးတွေပွက်နေတယ်၊ ခင်ဗျားအဲဒီကိုကွန်ချရင် ကြိမ်းသေပေါက် ငါးများများရလိမ့်မယ်ဗျာ၊ ဒါပေမယ့် ငါးအချိန်တစ်ဆယ်ပဲ ခင်ဗျားယူရမယ်၊ ဟုတ်ပြီလား”
ကိုဝင်းလည်း ခေါင်းညိတ်လိုက်ကာ ကိုသံခဲညွှန်ပြသည့်နေရာသို့ ထွက်လာခဲ့တော့သည်။ ထိုနေရာတွင် ကိုသံခဲပြောသည့်အတိုင်း ငါးများဆူပွက်နေလေရာ ကိုဝင်းတစ်ယောက် ပိုက်ကွန်ကိုပစ်လိုက်တော့သည်။ ငါးကြီးငါးကောင်းများမှာ ပိုက်ကွန်တွင်ပါလာကြသည်။ ကိုဝင်းတစ်ယောက် လောဘတက်ချေပြီ၊ ငါးများကို မရမကဖမ်းလေတော့သည်။ ငါးများမှာ လှေဝမ်းပြည့်မျှရရှိလေသည်။ အချိန်အားဖြင့်ဆိုလျှင် အချိန်သုံးဆယ်ခန့်ရှိမည်ဖြစ်သည်။
“ပွတာပဲဟေ့၊ ဒီအတိုင်းသာ နေ့တိုင်းဖမ်းလို့ရရင် ကြာရင် ငါသူဌေးဖြစ်ပြီ”
ကိုဝင်းမှာ ပျော်ရွှင်လျှက် လှေကိုအားစိုက်၍ လှော်ခတ်လာခဲ့သည်။ သို့သော် အင်းအစပ်နားအရောက်တွင်တော့ လှေဝမ်းအတွင်း သေကြေနေကြသည့် ငါးများ၏ အမြှီးများနှင့် ရေယပ်တောင်များမှာ လှုပ်ရှားလာကြသည်။
“ဟာ၊ ဘယ်လိုဖြစ်တာလဲ”
ကိုဝင်းကြည့်နေစဉ်မှာပင် လှေဝမ်းအတွင်းမှ ငါးများမှာ သူ့အလိုလိုခုန်ပေါက်ကာ ရေပြင်ပေါ်သို့ခုန်ဆင်းကြလေတော့သည်။ ကိုဝင်းက လိုက်လံတားဆီးသော်လည်း မရပေ၊ သေဆုံးနေသည့် ငါးများမှာ အသက်ဝင်လှုပ်ရှားကာ ခုန်ဆင်းသွားကြရင်း နောက်ဆုံး လှေဝမ်းအတွင်း ငါးတစ်ပုံသာကျန်ခဲ့တော့သည်။ ကိုဝင်းလည်း ကမ်းကပ်လိုက်ပြီးနောက် မယုံသင်္ကာဖြင့် ထိုငါးအပုံအား ချိန်ခွင်တစ်ခုဖြင့် ချိန်ကြည့်လိုက်ရာ ငါးပိဿာအတိဖြစ်နေသည်ကိုတွေ့ရသည်။ တစ်ဆယ်သား၊ ငါးကျပ်သားပင် မပိုလျှံပေ၊ ထိုတော့မှ ကိုဝင်းမှာ ကိုသံခဲ၏စကားများကိုပြန်လည်ကြားယောင်လာခဲ့သည်။
“ဟုတ်တယ်၊ ငါကလောဘကြီးခဲ့မိလို့ပဲ၊ အစကတည်းက ကိုသံခဲပြောသလို ငါးပိဿာပဲ ယူခဲ့ရမှာ”
ကိုဝင်းက သူ့အဖြစ်အပျက်အား ရွာထဲတွင်ပြောပြရာမှ ထိုစကားမှာကျယ်ပြန့်သွားတော့သည်။ ရွာသူရွာသားများမှာ ကိုသံခဲတစ်ယောက် တစ်ပွဲစားဖြစ်နေသည်ဟုပင် ထင်မြင်သွားကြလေသည်။
(၇)
တစ်ခုသောညနေခင်းတွင်ဖြစ်သည်။ ကွေးကောက်ရွာအနောက်ဘက် အင်းအစပ်နားတွင် ထန်းရည်ဆိုင်တစ်ဆိုင်ရှိလေသည်။ ထိုဆိုင်တွင် ထန်းရည်သာမက၊ စိမ်ရေဟုခေါ်သည့် ခေါင်ချဉ်ဖောက်ထားသည့်အရည်နှင့် အဖျော်ယမကာမျိုးစုံကိုရရှိလေသည်။ အင်းစပ်တွင် တည်ဆောက်ထားသဖြင့် ကန်အတွင်းငါးဖမ်းဆင်းကြမည့် တံငါသည်များအဖို့ တစ်ထောက်ခိုနားရာနေရာဖြစ်နေသည်။ ညနေစောင်းအချိန်မှာ နေ့ဘက်တစ်နေ့လုံးငါးဖမ်းထွက်သည့် တံငါသည်များ လုပ်ငန်းသိမ်းကာ ပြန်လာသည့်အချိန်ဖြစ်သလို၊ ညဘက်ငါးဖမ်းထွက်မည့် တံငါသည်များ၏ လုပ်ငန်းခွင်စတင်ရာ အချိန်ဖြစ်သဖြင့် ထိုထန်းရည်ဆိုင်ကလေးတွင် တံငါသည်များဖြင့် စည်ကားနေတော့သည်။
“မင်းတို့ အင်းထဲဆင်းရင် သံခဲနဲ့တွေ့လို့ကတော့ ကံကောင်းပြီသာမှတ်ကွ”
“ဟုတ်တယ်ဗျ၊ အဲဒါ ကျုပ်ကိုယ်တွေ့ပဲ”
တံငါသည်တစ်ယောက်က ထပြောလေသည်။
“ဘယ်လိုလဲကွ ပြောစမ်းပါအုံး”
“ကျုပ်တစ်နေ့က အင်းထဲကို ညဘက်ငါးဆင်းထောင်ရင်း လှေကလေးတစ်စီးမြောလာတာတွေ့သဗျ၊ အထဲကိုကြည့်လိုက်တော့ ကိုသံခဲတစ်ယောက် လှေဝမ်းထဲမှာ တောင့်တောင့်ကြီးအိပ်လို့ဗျာ၊ ကျုပ်လည်း ကိုသံခဲကို လှုပ်နိုးပြီး ငါးပေးဖို့တောင်းတော့ သူက ကျုပ်ကိုတစ်နေရာမှာ ငါးသွားထောင်ခိုင်းတယ်ဗျ၊ ရေကိုလက်နဲ့ထိလိုက်တာနဲ့ သူက ငါးရှိမယ့်နေရာကို သိသဗျ၊ ကျုပ်လည်း သိပ်မယုံဘူးပေါ့ဗျာ၊ ဟုတ်သော်ရှိ မဟုတ်သော်ရှိဆိုပြီးတော့ သူထောင်ခိုင်းတဲ့နေရာမှာ ကွန်သွားထောင်တာဗျ၊ အာရုံတက်ခါနီး ငါးပိုက်သိမ်းတော့ တကယ့်ငါးကြီးငါးကောင်းတွေချည်း ပိုက်မှာ မိနေတာဗျို့”
တစ်ဆိုင်လုံးမှ လူများက စိတ်ဝင်စားသွားကြသည်။ ထိုအချိန် တံငါတစ်ဦးက ထန်းရည်တစ်အိုးနှင့် ပဲကြီးလှော်တစ်ထုတ်ကို မှာယူလိုက်လေသည်။
“ဟေ့ကောင်၊ ထန်းရည်ကို သယ်သွားပြီးတော့ အင်းထဲသောက်မလို့လား”
“မဟုတ်ပါဘူးဗျာ၊ ဟောဒါက ကိုသံခဲအတွက်ဗျ”
“ဟာ၊ လုပ်ပြန်ပြီလား သံခဲ”
ထိုလူက ပြုံးဖြီးဖြီးနှင့်
“ခင်ဗျားတို့ကို မပြောချင်လို့ ကျုပ်သိုဝှက်ထားတာဗျ၊ အခုမေးလာတော့ ပြောရမှာပေါ့၊ ကျုပ်ဖြင့် အရင်က ငါးဖမ်းထွက်ရင် ငါးပုံမှန်ရတယ်လို့ကို မရှိဘူးဗျာ၊ ငါးရတဲ့နေ့ရတယ်၊ မရတဲ့နေ့မရဘူးပေါ့၊ လွန်ခဲ့တဲ့ တစ်ပတ်လောက်က ကျုပ်မိန်းမက ရွာထဲကနေသတင်းကြားလာတယ်၊ ကိုသံခဲအတွက် ထန်းရည်နဲ့ပဲလှော်ဝယ်ပြီး ပသလိုက်ရင် ငါးကောင်းကောင်းမိတယ်ဆိုပဲ၊ ကျုပ်လည်း ဒါတွေမယုံဘူးပေါ့ဗျာ၊ ကျုပ်မိန်းမက ထန်းရည်အတင်းဝယ်ပေးတာနဲ့ လှေဝမ်းထဲထည့်လာရတာ၊ တစ်နေရာရောက်တော့ ကမ်းအစပ်သစ်ငုတ်တိုပေါ်မှာ ထန်းရည်အိုးနဲ့ ပဲကြီးလှော်ထုတ်ချပြီးတော့ ကိုသံခဲရေ၊ ခင်ဗျားအတွက်ဝယ်လာတာ၊ ကျုပ်ကို ငါးများများရအောင်ပေးစမ်းပါဗျာ လို့တိုင်တည်ပြီးတော့ ညောင်ပင်ခြေရင်းက သစ်ငုတ်ပေါ်ချခဲ့တာပဲဗျာ”
“ဟေ၊ ဒါနဲ့ ရရောလား”
“ထူးဆန်းတယ်ဗျ၊ အဲဒီနေ့က ငါးတော်တော်ရတာ၊ နောက်နေ့ကျတော့ ကျုပ်လည်းမလုပ်ဖြစ်ဘူးပေါ့ဗျာ၊ မလုပ်ဖြစ်တဲ့နေ့ဆိုရင် ငါးက ထင်သလောက်မရဘူးဗျ၊ နောက်တစ်နေ့တော့ ကျုပ်လုပ်မယ်ဆိုပြီး ထန်းရည်သွားတင်ထားတာ ရလိုက်တဲ့ငါးဗျာ နည်းတာမဟုတ်ဘူး၊ အခုဆိုရင် ကျုပ်နေ့တိုင်း ကိုသံခဲအတွက် ထန်းရည်နဲ့ပဲလှော် ယူသွားတာ ငါးရက်လောက်ရှိပြီဗျ၊ နေ့တိုင်း ပုံမှန်ငါးရနေတယ်ဗျာ”
“ဟာ၊ တကယ်ထူးတယ်ဟေ့၊ ဒီအတိုင်းသာဆိုရင်တော့ သံခဲတစ်ယောက် တစ်ပွဲစားဖြစ်နေတာ သေချာပြီဟေ့”
ထိုစဉ် ဆိုင်ထောင့်ဝိုင်းမှ လူတစ်ဦးက ထန်းရည်အိုးကို စားပွဲဝိုင်းပေါ် ဆောင့်ချလိုက်ပြီးနောက် မတ်တပ်ထရပ်လိုက်လေသည်။
“မယုံဘူးဟေ့၊ ငါကတော့ မယုံဘူး”
ထိုလူငယ်မှာ ကွေးကောက်ရွာမှ တံငါသည် ငတေဆိုသူဖြစ်လေသည်။ တံငါသည်များက ငတေအားဝိုင်းကြည့်လိုက်ကြပြီးနောက်
“ဟေ့ကောင်ငတေ၊ မင်းက မယုံဘူးဆိုတော့ ငါတို့ကလိမ်ညာပြီးပြောနေတယ်လို့များ မင်းထင်နေသလားကွ”
“ဒါတော့ ကျုပ်မပြောလိုဘူး၊ ဒါပေမယ့် ကိုသံခဲက အဲဒီလိုမျိုးအစွမ်းတွေရှိတယ်ဆိုတာတော့ ကျုပ်လက်မခံဘူးဗျာ”
“ဟေ့ကောင်၊ မယုံကြည်ရင်နေ မစော်ကားနဲ့ကွ”
“ဟား၊ ဟား ကျုပ်ကတော့ ခင်ဗျားတို့ပြောတဲ့ကိုသံခဲနဲ့တွေ့လို့ကတော့ တစ်ပွဲတစ်လမ်းလောက် စိန်ခေါ်လိုက်ချင်သေးသဗျာ၊ ဟား၊ ဟား”
ငတေကိုကြည့်ရင်း အခြားတံငါသည်များက ခေါင်းခါလိုက်ကြတော့သည်။ ထန်းရည်ဆိုင်တွင် ထန်းရည်သောက်ပြီးသည်နှင့် ငတေက လှေကိုလှော်ခတ်ကာ ထွက်လာခဲ့သည်။ လှေပေါ်တွင်တော့ ငတေအပြင် ငတေ၏ ယောက်ဖဖြစ်သူ ကိုပိန်ဆိုသူလည်း ပါလာခဲ့လေသည်။ သူတို့နှစ်ဦးအသုံးပြုသည့်လှေမှာ သာမန်လှေများထက် အနည်းငယ်ကြီးမားသည်။ ငါးဖမ်းရာတွင်တော့ ငတေက ဆရာဖြစ်ပြီး ကိုပိန်မှာ ငတေ၏လက်ထောက်ဖြစ်ကာ ငတေခိုင်းသမျှကိုပြုလုပ်ရလေသည်။ ငတေတို့မှာ ကမ်းစပ်မှထွက်ခွာလာပြီး မကြာခင်တွင်တော့ အင်းထဲတွင်လှည့်ပတ်လှော်ခတ်နေသည်။ ထိုသည်ကို ကိုပိန်က သတိထားမိသည်။
“ငတေရေ၊ မင်းဘာဖြစ်လို့ လှေကိုကွေ့ပတ်ပြီးလှော်နေတာလဲကွ”
“သြော်၊ ဒါလား၊ ဒါကတော့ ထန်းရည်သောက်ချင်လို့ပေါ့ဗျ”
“ဟာ၊ မင်းကွာ၊ ခုနကပဲ ထန်းရည်ဆိုင်ကထွက်လာတာမဟုတ်လား”
“ဟုတ်တယ်ဗျ၊ ဒါပေမယ့် ဒီတစ်ခါ ကျုပ်သောက်မယ့်ထန်းရည်က အလကားရမယ့်ထန်းရည်ဗျ”
ကိုပိန်ပင်အံ့သြနေမိသည်။ ခဏကြာသည့်အခါမှ ငတေက လှေကိုတစ်နေရာသို့ဦးတည်လှော်ခတ်လိုက်လေသည်။ အင်းအစပ်တွင် အလွန်ကြီးမားလှသည့် ညောင်ပင်ကြီးတစ်ပင်ပေါက်နေလေသည်။ ထိုညောင်ပင်ကြီးမှာ လူကြီးသုံးဖက်စာခန့်ပင်ရှိပြီး အကိုင်းအခက်အလက်များ ဝေေ၀ဆာဆာနှင့် အုပ်အုပ်ဆိုင်းဆိုင်းကြီးဖြစ်သည်။ ငတေမှာ လှေကိုထိုညောင်ပင်ကြီးဆီသို့ တည့်တည့်မတ်မတ်လှော်ခတ်နေလေသည်။
“ငတေရေ၊ ငါကြားဖူးတာကတော့ အဲဒီညောင်ပင်ကြီးက သရဲသိပ်ခြောက်တယ်ဆိုပဲကွ၊ အခု တော်တော်တောင်မှောင်နေပြီ၊ မင်းဘာသွားလုပ်တာလဲကွ”
ငတေက ဘာမှမပြောဘဲ ကြိတ်ပြျုံးနေလိုက်တော့သည်။ မကြာခင် သူတို့လှေကလေးမှာ ညောင်ပင်ကြိးအောက်ခြေသို့ရောက်သွားတော့သည်။ ညောင်ပင်အောက်ခြေတွင်တော့ သစ်ငုတ်တိုတစ်ခုရှိပြီး ထိုသစ်ငုတ်တိုပေါ်တွင် ထန်းရည်တစ်အိုးကိုတွေ့လိုက်ရသလို ဖက်တစ်ခုနှင့််ထည့်ထားသည့် ပဲကြီးလှော်များကိုလည်း တွေ့လိုက်ရပြန်သည်။ ငတေက သစ်ငုတ်အနီးသို့လှေကိုကပ်ပြီး ထန်းရည်အိုးနှင့် ပဲကြီးလှော်ကို လှမ်းယူလိုက်သည့်အခါ ကိုပိန်က ပျာပျာသလဲဖြင့်
“ငတေရေ၊ အဲဒါ တစ်ပွဲစားကြီး ဦးသံခဲကို တံငါတွေဆက်သထားတဲ့ ထန်းရည်မဟုတ်လားကွ”
“ဟုတ်တယ်လေဗျာ”
ငတေက ထန်းရည်အိုးကိုမော့ကာ တစ်ကျိုက်သောက်လိုက်ပြီးနောက်
“ကောင်းလိုက်တာဗျာ၊ သူများဆီက အလကားရတာဆိုတော့ သောက်ရတာမြိန်လိုက်တာ၊ ကိုပိန် သောက်အုံးမလား”
“ဟေ့အေး၊ နေပါစေကွာ၊ ငါကြောက်တယ်ကွ”
ငတေက ဟက်ဟက်ပက်ပက်ရယ်မောလိုက်ရင်း
“ဘာများကြောက်စရာရှိလို့လဲဗျာ၊ ခင်ဗျားတို့တွေက အဲဒါခက်တာပဲဗျ”
ထိုသို့ပြောဆိုနေရင်း ညောင်ပင်ကြီးဆီသို့ လှေကလေးတစ်စင်းရောက်လာခဲ့လေသည်။ ထိုလှေကလေး၏ လှေဦးထိပ်တွင် ကိုသံခဲထိုင်နေလေသည်။ ကိုပိန်တစ်ယောက် ကိုသံခဲကိုမြင်တွေ့လိုက်ရသည့်အခါ အလွန်ကြောက်လန့်သွားလေသည်။
“ဟာ၊ ဟိုမှာ တစ်ပွဲစားကြီးလာပြီဟေ့”
ကိုပိန်မှာကြောက်လန့်နေသော်လည်း ငတေကတော့ ခပ်အေးအေးပင်ကြည့်နေလေသည်။ ကိုသံခဲမှာ သူတို့နှင့်အလွန်နီးကပ်လာတော့မှ ငတေကစ၍
“ဟေ့လူ၊ ခင်ဗျားက တစ်ပွဲစားဆိုဗျ”
ကိုသံခဲက ဘာမှပြန်မပြောပေ။
“ဘာလဲခင်ဗျားသောက်ဖို့အတွက် ချထားတဲ့ ထန်းရည်အိုးကိုလာယူတာလား၊ ဒါဆိုရင်တော့ ခင်ဗျားနောက်ကျသွားပြီဗျ၊ ခင်ဗျားထန်းရည်ကို ကျုပ်သောက်ပစ်လိုက်ပြီ”
ကိုသံခဲမှာ အေးအေးလူလူပင်ခေါင်းညိတ်ကာ လှည့်ထွက်သွားရန်ပြင်ဆင်လိုက်လေသည်။ ငတေမှာ ကိုသံခဲအားကြည့်ကာ ပိုမိုရယ်မောလိုက်သည်။
“အလကားလူပါဗျာ၊ ခင်ဗျားစိတ်မတိုဘူးလား၊ ခင်ဗျားဒေါသမထွက်ဘူးလားဗျ၊ လာစမ်းပါဗျ၊ ငကြောက်တစ်ယောက်လို ထွက်မပြေးချင်စမ်းပါနဲ့၊ ခင်ဗျားမကျေနပ်ရင် ကျုပ်နဲ့တစ်ပွဲတစ်လမ်းလောက် ထိုးကြည့်မလား”
ကိုသံခဲက လှည့်ကြည့်လိုက်ကာ
“တော်ပြီဟေ့ကောင်၊ မင်းနဲ့ငါနဲ့ ရန်မဖြစ်ချင်ဘူး၊ ရန်ဖြစ်ရင်လည်း မင်းငါ့ကိုမနိုင်ပါဘူးကွာ”
ငတေက ခေါင်းညိတ်လိုက်ပြီး
“နေပါအုံး၊ ခင်ဗျားကျုပ်ကိုကြောက်ပြီးထွက်မပြေးခင် ကျုပ်ကိုတစ်ခုကူညီခဲ့အုံး၊ ခင်ဗျားက ငါးတွေရှာပေးတာ တော်တယ်လို့ လူတွေပြောကြတော့ ဟုတ်မဟုတ် ကျုပ်သိချင်တယ်၊ အဲဒီတော့ ခင်ဗျားတကယ်စွမ်းရင် ကျုပ်ကိုငါးသွားဖမ်းပေးစမ်းဗျာ”
ကိုပိန်မှာ အလွန်ထိတ်လန့်သွားပြီးနောက်
“ငတေ၊ မင်းဘာတွေပြောနေတာလဲ”
“ဟုတ်တယ်လေဗျာ၊ ဒီလူက တကယ်စွမ်းတယ်ဆိုရင် ကျုပ်တို့ကို ဟိုနေရာသွားဖမ်း၊ ဒီနေရာသွားဖမ်းဆိုပြီး ပြောနေစရာကိုမလိုဘူး”
ငတေက ကိုသံခဲအားလက်ညှိုးထိုးလိုက်ပြီးနောက်
“ဟေ့လူ၊ ခင်ဗျားစွမ်းတယ်ဆိုရင် ကျုပ်တို့အတွက် ငါးကြီးငါးကောင်းတွေ သွားဖမ်းလာခဲ့ဗျာ၊ ကျုပ်တို့ဒီမှာစောင့်နေမယ်၊ တစ်နာရီအတွင်း ဟောဒီလှေဝမ်းပြည့်အောင် ငါးတွေမရလို့ကတော့ ခင်ဗျားမစွမ်းဘူးပေါ့ဗျာ၊ ခင်ဗျားမစွမ်းတဲ့အကြောင်း၊ အလကား အာပလာကြီးဆိုတဲ့အကြောင်းကို တစ်ရွာလုံးသိအောင် ကျုပ်ပတ်ပြောပြမယ်”
ကိုသံခဲက ဒေါသထွက်သွားကာ လှေကိုပြန်လှည့်လိုက်ပြီး ငတေအား မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့်ကြည့်လိုက်လေသည်။
“မင်းက လှေဝမ်းအပြည့်လိုချင်တယ်ပေါ့၊ ဟုတ်လားငတေ”
ငတေက ခေါင်းညိတ်သည်။
“ရစေရမယ်၊ တစ်နာရီမဟုတ်ဘူး၊ အခုချက်ချင်း မင်းတို့လှေဝမ်း ငါးတွေနဲ့ပြည့်သွားစေရမယ်ကွ”
ကိုသံခဲက ပြောဆိုလိုက်ပြီး ရေမျက်နှာပြင်ကို လက်နှင့််ပုတ်လိုက်လေသည်။ မကြာခင်မှာပင် ငတေတို့လှေပတ်ပတ်လည်တွင် ရေများပွက်ထလာပြီးနောက် အလွန်ကြီးမားသည့် ငါးကြီးများမှာ ငတေတို့လှေဝမ်းဗိုက်အတွင်းသို့ အလိုလိုခုန်ဝင်ကုန်ကြလေသည်။ ငတေရော၊ ကိုပိန်ပါ ထိုအဖြစ်ကို အလွန်အံ့အားသင့်စွာဖြင့် ကြည့်နေမိသည်။ ငါးကြီးများမှာ ကြီးမားလှသဖြင့်် တစ်ခဏအတွင်း လှေဝမ်းပြည့်သွားလေသည်။ သို့သော်လည်း ငါးကြီးများခုန်ဝင်နေသည်မှာ မရပ်တန့်သေးပေ၊ နောက်ဆုံးလှေတစ်ခုလုံးကို ငါးအကောင်များကဖုံးလွှမ်းသွားတော့သည်။
“တော်ပြီ၊ တော်ပြီ၊ ကျုပ်ယုံပါပြီဗျာ၊ ငါးတွေထပ်မထည့်ပါနဲ့တော့၊ ကျုပ်တို့လှေမခံနိုင်တော့ဘူး”
ငတေက ထအော်လေတော့သည်။ ကိုသံခဲက ပြုံးလျှက်
“လုပ်ပါကွ၊ ငါကမစွမ်းဘူးဆိုကွ၊ အခုတော့သိပြီလား၊ အင်းထဲမှာ ငါးတွေအများကြီးကျန်သေးတယ်ကွ၊ ထပ်ယူပါအုံး”
ထိုစဉ် အင်းရေပြင်တွင်အလွန်ကြီးမားသည့် ရေပွက်ကြီးတစ်ခုဖြစ်သွားလေသည်။ ထိုရေပွက်ကြီးအတွင်းမှ အလွန်ကြီးမားသည့် ငါးကြီးတစ်ကောင်မှာ မိုးပေါ်သို့ခုန်တက်လာတော့သည်။ ငါးကြီးမှာ ဆယ်တောင်ခန့်ရှည်လျားသည့်ငါးကြီးတစ်ကောင်ဖြစ်သည်။ ထိုငါးကြီးမှာ ငတေတို့၏လှေအလယ်ဖက်သို့ အရှိန်ဖြင့်ပြုတ်ကျလေတော့သည်။
“ဝုန်း”
ငါးကြီး၏ အလေးချိန်ကို လှေမှာမခံနိုင်သဖြင့်် ငတေတို့၏လှေမှာ အလယ်မှထက်ပိုင်းကျိုးကျသွားတော့သည်။ လှေဦးတွင်ထိုင်နေသည့် ကိုပိန်မှာ လှေကျိုးကျသည့်အရှိန်ကြောင့် လွင့်ထွက်သွားပြီး ညောင်ပင်ခြေရင်းသို့ပြုတ်ကျသော်လည်း ငတေမှာ ရေစပ်ဆီသို့ကျသွားလေသည်။ ကိုပိန်က အမြန်ကုန်းထလိုက်ပြီးနောက်
“ငတေရေ၊ ဒီကိုကူးခဲ့လေကွာ၊ ဘာလုပ်နေတာလဲ”
အင်းရေစပ်ဖြစ်သဖြင့် ရေက လူတစ်ရပ်ခန့်သာနက်လေသည်။ ထိုရေတွင် ငတေက မကူးခတ်ပဲ ပြူးတူးကြောင်တောင်နှင့်ကြည့်နေသည်။ နောက်တော့မှ
“ကိုပိန်၊ ကျုပ်ကိုကယ်ပါအုံး၊ ကျုပ်ရေကူးလို့မရဘူးဗျ”
ကိုပိန်မှာ အံ့သြသွားရင်း
“ဟာ၊ ငတေရေ၊ မင်းအဲဒါ တစ်ပွဲစားကြီးကို စော်ကားမိလို့ပဲကွ၊ တောင်းပန်လိုက်၊ မြန်မြန်တောင်းပန်လိုက်စမ်းကွာ”
ထိုတော့ှမှ ငတေက ကြောက်လန့်တကြားဖြင့်
“ကျုပ်၊ ကျုပ်တောင်းပန်ပါတယ် တစ်ပွဲစားကြီးရာ၊ ကျုပ် တစ်ပွဲစားကြီးကို မထီမဲ့မြင်လုပ်ခဲ့မိပါတယ်၊ ကျုပ်ကို မသတ်ပါနဲ့ဗျာ၊ ကျုပ်ကိုခွင့်လွှတ်ပါဗျာ”
ကိုသံခဲက လှေဦးတွင်မတ်တပ်ရပ်လိုက်ပြီးနောက်
“ဟား၊ ဟား ငတေရ၊ ဘုန်းကြီးကိုခေါင်းခေါက်ပြီးတော့မှ ရှိခိုးတောင်းပန်လို့ရရိုးလားကွ၊ အစက မင်းငါ့ကိုစော်ကားတာကို ငါသည်းခံပါသေးတယ်၊ ဒီလောက်နဲ့မင်းက မရပ်ဘဲ ငါ့ကိုဆက်ပြီးစော်ကားတာကိုတော့ ငါသည်းမခံဘူး၊ ဒါကြောင့် မင်းသေရမယ်ငတေ၊ မင်းသေပြီးရင် ရေသရဲတစ်ကောင်ဖြစ်ရမယ်၊ မင်း င့ါရဲ့လက်အောက်မှာ ခစားရမယ်ဟေ့”
“မလုပ်ပါနဲ့၊ မလုပ်ပါနဲ့ဗျာ”
ထိုတော့မှ ငတေက အင်းစပ်ဆီသို့ လက်ပစ်ကူးလေတော့သည်။ အင်းစပ်မှာ ငတေ၏နေရာနှင့် ဆယ်တောင်ခန့်မျှသာ ကွာဝေးလေသည်။ ကိုပိန်လည်း ရေစပ်အထိဆင်းကာ ငတေအားဆယ်ယူရန်ပြေးလာခဲ့သည်။ ထိုစဉ်မှာပင် ရေမျက်နှာပြင်ပေါ်တွင် လက်ကြီးများက ထွက်ပေါ်လာပြီးနောက် ငတေ၏ ကိုယ်လုံးအား လက်များက ဝိုင်းဆွဲဖက်ကြလေသည်။ ငတေလည်း ကိုယ်လွန်ရုန်းကူးခတ်ရင်း ကမ်းစပ်ဆီသို့ရောက်လာခဲ့သည်။ ကိုပိန်က ကမ်းစပ်မှနေ၍ ငတေ၏လက်နှစ်ဖက်ကိုဖမ်းဆွဲလိုက်လေသည်။ သို့သော် ငတေအား ကုန်းပေါ်ဆွဲတင်၍မရပေ၊ အကြောင်းမှာ ရေထဲမှထွက်လာသည့်လက်ကြီးများက ငတေအားဝိုင်းဝန်းဆွဲချနေသောကြောင့်ဖြစ်သည်။ ငတေမှာ ကြောက်လန့်လွန်းသဖြင့် မျက်လုံးကြီးပြူးနေလေသည်။
“ကိုပိန်၊ ကျုပ်ကိုကယ်ပါအုံး၊ ကျုပ်ကိုကယ်ပါအုံး”
ကိုပိန်တစ်ယောက် ခြေကန်ှဆွဲသော်လည်း မရတော့ပေ၊ နောက်ဆုံးတော့ ငတေအားဆွဲထားသည့် ကိုပိန်၏လက်များမှာ ရေကြောင့်ချောမွေ့လာပြီး ငတေအားလွတ်ထွက်သွားတော့သည်။ ငတေမှာ အသံနက်ကြီးဖြင့် အော်ဟစ်လျှက် အင်းရေအတွင်းသို့ ကျဆင်းသွားတော့သည်။ ကိုပိန်မှာ ထိုအဖြစ်ကိုတွေ့မြင်ပြီး အလွန်သွေးပျက်သွားတော့သည်။ အင်းရေထဲကိုပြန်မဆင်းတော့ဘဲ အင်းကိုပတ်ပြေးကာ ကွေးကောက်ရွာသို့ပြန်ရောက်သွားသည်။ သူတွေ့ခဲ့ရသည့် အတွေ့အကြုံများကို ရွာသားများအား ပြောပြသည့်အခါ ရွာသားများမှာ အလွန်ကြောက်ရွံ့ကြလေသည်။ ကိုပိန်တစ်ယောက် နောက်တစ်နေ့မနက်မှာပင် ကွေးကောက်ရွာမှ ထွက်ခွာသွားတော့သည်။ ရွာသူရွာသားများမှာ ငတေ၏အလောင်းအား ရှာဖွေကြသော်လည်း လုံးဝပြန်မတွေ့ကြရတော့ပေ။
(၈)
“ကိုသံခဲရေ ကျုပ်ကိုယ်ဝန်ရှိနေပြီတော့”
မိချောပြောလိုက်သည့် စကားကြောင့်ကိုသံခဲမှာ အလွန်ပျော်ရွှင်သွားရတော့သည်။ မိချောမှာ ကျွန်းပေါ်တွင်တဲထိုးနေကာ ကိုသံခဲနှင့် လှေပေါ်တွင်ချိန်းတွေ့ရခြင်းဖြစ်သည်။
“ဟေ၊ သားလေးလား သမီးလေးလား”
“အိုတော်၊ ကျုပ်ရာသီမပေါ်တာဖြင့် တစ်လပဲရှိပါသေးတယ်တော့၊ ဘာလေးလဲဆိုတာ ကြိုသိမလား”
ကိုသံခဲလည်းခေါင်းညိတ်လိုက်မိသည်။ ထို့နောက် ကိုသံခဲတစ်ယောက် မျက်ရည်များစီးကျလာလေသည်။ မိချောက ကိုသံခဲအားကြည့်ရင်း
“ကိုသံခဲ၊ ဘာဖြစ်လို့တုန်းတော့၊ ဝမ်းသာရမယ့်ဟာကို ဘာဖြစ်လို့ငိုယိုနေတာလဲရှင်”
“မဟုတ်ပါဘူးမိချောရာ၊ သားသမီးရလာပြီဆိုတာသိရတော့ ငါသိပ်ပျော်ပါတယ်၊ ဒါပေမယ့် ငါ့အဖြစ်၊ ငါ့ဘဝကိုတွေးမိတော့ ငါဝမ်းနည်းမိတယ်ဟာ”
“ဘာမှဝမ်းမနည်းပါနဲ့ရှင်၊ တစ်ချိန်ကျတော့ သားကလေးနားလည်လာပြီဆိုရင် သိတတ်သွားမှာပါ”
ကိုသံခဲက မျက်ရည်များကို လက်ဖမိုးနှင့်သုတ်လိုက်ရင်း
“မိချောရေ၊ မင်းလည်း ကိုယ်လေးလက်ဝန်ရှိလာပြီဆိုတော့ ကျွန်းပေါ်နေလို့ မသင့်တော်တော့ဘူးမဟုတ်လား၊ ရွာထဲသွားနေပါကွာ”
“ကျုပ်လည်း အဲဒါပဲပြောမလို့ ကိုသံခဲရေ၊ မပြောကောင်းပြောကောင်း ကျုပ်တစ်ခုခုဖြစ်ရင် ကျုပ်ရင်သွေးအတွက် မတွေးဝံ့စရာပဲမဟုတ်လား”
“မင်းဘယ်လိုလုပ်မယ်စိတ်ကူးသလဲ မိချော”
“ကျုပ်ရွာပြန်နေမလားလို့စိတ်ကူးတယ်၊ ရွာမှာ အမေတို့လည်းရှိသေးတယ်၊ ညီမတွေလည်းရှိတယ်ဆိုတော့ ကျုပ်ကိုသူတို့ စောင့်ရှောက်နိုင်မှာပါ”
ကိုသံခဲလည်းခေါင်းညိတ်လိုက်တော့သည်။
“ဒါပေမယ့် ရွာကိုလက်ချည်းဗလာနဲ့ ပြန်လို့မဖြစ်ဘူးမဟုတ်လား၊ ဒါကြောင့်မို့လို့ ကိုသံခဲက တစ်ခုခုစီစဉ်ပေးပါ၊ ကျုပ်တို့မွေးဖို့ဖွားဖို့နဲ့ ဒီကြားထဲ စားဖို့သောက်ဖို့ တစ်ခုခုပေါ့ရှင်”
ကိုသံခဲကခေါင်းညိတ်ရင်း
“အေးလေ၊ ငါအင်းတော်သခင်ကို ပြောကြည့်ပါ့မယ်”
ကိုသံခဲတစ်ယောက် အင်းတော်ရှင်နေထိုင်သည့် ရေအောက်နတ်နန်းဆီသို့ဆင်းလာခဲ့တော့သည်။ အင်းတော်ရှင်က စီးတော်ယဉ်မိချောင်းကြီးကို ပွတ်သပ်ရင်းရပ်တန့်နေလေသည်။
“သံခဲရောက်လာပြီလား၊ ငါက မင်းကိုစောင့်နေတာကြာလှပေါ့”
“အင်းတော်ရှင်က ကျုပ်ကိုဘာလုပ်ဖို့ စောင့်နေတာလဲ”
“မင်းနဲ့ မင်းမိန်းမနဲ့ တိုင်ပင်နေတာကို ငါကြားပြီးသွားပါပြီကွ၊ တို့နတ်တွေဆီမှာ မြင်နိုင်၊ သိနိုင်၊ ကြားနိုင်တဲ့အစွမ်းတွေရှိပါတယ်”
“ဒါဖြင့်ရင်လည်း ကျုပ်ကိုတစ်ခုခုစီစဉ်ပေးပါ အင်းတော်ရှင်”
အင်းတော်ရှင်က မိချောင်းကျောကုန်းပေါ်သို့တက်လိုက်ကာ ခြေစုံရပ်လိုက်ရင်း
“သံခဲရေ၊ မိချောင်းအမြှီးကိုဆွဲပြီး လိုက်ခဲ့ပေတော့”
ကိုသံခဲလည်း မိချောင်းအမြှီးကို လက်နှစ်ဖက်ဖြင့်ဆွဲလိုက်လေသည်။ ထိုအခါ မိချောင်းကြီးမှာ အလွန်လျှင်မြန်သည့်အရှိန်ဖြင့်် ကျွန်းအောက်ရေနက်ပိုင်းတစ်နေရာသို့ ကူးခတ်သွားလေတော့သည်။ ရေအောက်တစ်နေရာသို့ရောက်သည့်အခါ လေးထောင့်စပ်စပ်ပုံစံတည်ဆောက်ထားသည့် အဆောက်အဦတစ်ခုကိုတွေ့လိုက်ရလေသည်။ ထိုအဆောက်အဦတွင် ဝင်ပေါက်၊ တံခါးပေါက်ဟူ၍မရှိဘဲ လေးဖက်လေးတန်စလုံးနံရံကြီးများသာဖြစ်သည်။ ထိပ်ဖက်တွင်လည်း အလွန်ချောမွေ့ညီညာသည့် ကျောက်သားပြင်ကြီးဖြစ်သည်။ အင်းတော်ရှင်က သူ့လက်နှင့်ထိုနံရံကြီးကို ထိလိုက်သည့်အခါ နံရံကြီးမှာ ရုတ်ချည်းပျောက်ကွယ်သွားပြီး အတွင်းတွင် ရွှေငွေကျောက်သံပတ္တမြား ရတနာများကို မြင်တွေ့ရလေသည်။
“ဟာ၊ များလိုက်တဲ့ရတနာတွေပါလား”
“ဒီရတနာတွေက ဟောဒီအင်းကြီးအတွင်းမှ ကျနေခဲ့တဲ့ ရတနာတွေပဲ၊ လူူသေတွေရဲ့လက်ဝတ်လက်စားတွေ၊ နောက်ပြီးတော့ ရှေးယခင်ကတည်းက အင်းအတွင်း ပျောက်ကျခဲ့တဲ့ ရွှေငွေရတနာနဲ့ အဖိုးတန်ပစ္စည်းတွေပဲ”
“အင်းထဲကိုကျတဲ့ရတနာက ဒီလောက်များသလားဗျာ”
“နှစ်ထောင်ချီကြာခဲ့ပြီ သံခဲရ၊ ဒီလောက်တော့ ရှိလိမ့်မပေါ့”
“ဒါဖြင့် ကျုပ်ကိုတစ်ခုလောက် စွန့်ကျဲပါဗျာ”
“ဒီရတနာတွေက မင်းတို့ ငါတို့သုံးဖို့အတွက်မဟုတ်ဘူးကွ၊ အထက်နတ်မင်းကြီးတွေက ငါ့ကိုတာဝန်ပေးပြီးစောင့်ကြပ်ထားခိုင်းတဲ့ရတနာတွေ၊ တစ်နေ့နေ့တစ်ချိန်ချိန်ကျရင် ဒီအင်းကြီးအနီးတစ်ဝိုက်မှာ သာသနာပြုပုဂ္ဂိုလ်တွေ ပေါ်ထွန်းလာလိမ့်မယ်တဲ့ကွ၊ အဲဒီသာသနာပြု သူတော်ကောင်းတွေ သာသနာပြုလုပ်ငန်းတွေလုပ်နိုင်အောင်လို့ သိမ်းဆည်းစုဆောင်းပေးထားရတဲ့ သဘောပေ့ါ သံံခဲရာ”
ကိုသံခဲ စိတ်ပျက်သွားတော့သည်။
“ဒါဆို ကျုပ်တို့ယူလို့မှမရတာဗျ”
“ဒီလိုလည်းမဟုတ်သေးဘူး၊ တကယ်လို့ ကိုယ့်ကိုယ်ကျိုးအတွက် သုံးစွဲမယ်ဆိုရင်တော့ သစ္စာတစ်ခုဆိုရင်ရတယ်”
ကိုသံခဲမျက်လုံးများ အရောင်လက်သွားသည်။
“ဘယ်လိုသစ္စာလဲဗျာ”
“ဟောဟိုရွှေပုံကြီးအလယ်မှာ ရွှေချိန်ခွင်တစ်လုံးရှိတယ်၊ မင်းလိုသလောက် ရတနာတွေကိုယူပြီးတော့ အဲဒီရွှေချိန်ခွင်ရဲ့တစ်ဖက်မှာထည့်ပေးရမယ်၊ ဒါဆိုရင်တော့ ချိန်ခွင်အပေါ်နားက ပေတံမှာ ဂဏန်းနံပါတ်တွေပေါ်လာလိမ့်မယ်”
“အဲဒီဂဏန်းတွေက ဘာတွေလဲဗျ”
“မင်း ဒီအင်းကြီးမှာနေပြီးတော့ ဒီရတနာတွေကို ကာကွယ်ပေးရမယ့် နှစ်ကိုပြောတာ”
“ဒါဆိုရင် ကျုပ်ရွှေတွေယူသလောက် အပြန်အလှန်အနေနဲ့ ကျုပ်က ဒီမှာပြန်ပြီး စောင့်ပေးရမယ်ဆိုတဲ့ သဘောပဲလား”
“အမှန်ပဲ သံခဲ၊ အင်းသရဲတစ်ကောင်ဟာ လူ့သက်တမ်းအနှစ်ငါးဆယ်ကြာအောင် တာဝန်ထမ်းဆောင်ရတယ်၊ မင်းအရှေ့ကလူလည်း အနှစ်ငါးဆယ်ပြည့်ပြီးလို့ လူစားလဲဖို့လူရှာနေခဲ့တာကြာပြီ၊ အခွင့်ကြုံပြီး မင်းက ဒီကိုရောက်လာတာပဲ၊ နောက်အနှစ်ငါးဆယ်ပြည့်ပြီးရင် မင်းလူစားလဲဖို့အခွင့်အရေးရမယ် သံခဲ”
ကိုသံခဲ စဉ်းစားနေမိသည်။
“ဘယ်လိုလဲ သံခဲရ၊ မင်း ဒီရွှေတွေကို မယူချင်တော့ဘူးမဟုတ်လား”
ကိုသံခဲအတော်စဉ်းစားနေရသည်။ တစ်ဖက်တွင်လည်း သားသမီးမွေးဖွားရန် ငွေလိုအပ်နေသည့် ဇနီးဖြစ်သူမိချော၊ တစ်ဖက်တွင်တော့ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ရမည့်အရေး၊ ထိုနှစ်ခုကြား ကိုသံခဲဗျာများနေမိသည်။
“ကဲ မင်းမယူတော့ဘူးဆိုရင် ငါဘဏ္ဍာတိုက်ကို ပြန်ပိတ်လိုက်မယ်”
“မဟုတ်ပါဘူး၊ ယူပါ့မယ်၊ ယူပါ့မယ်”
ကိုသံခဲတစ်ယောက် အခန်းကြီးအနီးသို့ လျှောက်သွားမိတော့သည်။ တောင်ပုံရာပုံ ပုံအောလျှက်ရှိသည့် ရွှေပုံကြီးအပေါ်သို့တက်သွားမိသည်။ ရွှေဒင်္ဂါးများ၊ ရွှေပုတီးများ၊ ရွှေမန်ကျည်းစေ့တောင့်များမှာ တောင်ကြီးတမျှပုံအောနေလေသည်။ လက်ဝတ်လက်စားများလည်း ပါသေးသည်။ ကိုသံခဲမှာ ထိုရွှေပုံကြီးအပေါ်တက်ခဲ့သည့်အခါ ရွှေပုံကြီးအလယ်ဘက်တွင် ချိုင့်လျှက်ရှိနေပြီး ထိုနေရာတွင် ရွှေချိန်ခွင်တစ်ခုမှာ လေတွင်ချိတ်ဆွဲထားသည့်နှယ် ကြွတက်နေလေသည်။
ကိုသံခဲတစ်ယောက် ရွှေချိန်ခွင်ကြီးအနားသို့တိုးကပ်သွားသည်။ ထို့နောက် ရွှေပုံကြီးဆီမှ ရွှေတုံးတစ်တုံးကို ကောက်ယူလိုက်သည်။ သို့သော် ရေတုံးများကို ကိုသံခဲယူမရပေ၊ ရွှေတုံးများအတွင်းသို့ လက်ကဖောက်ဝင်သွားပြီး ကိုယ်တွယ်မရပေ။
“မင်း သစ္စာဆိုမှရမယ်”
အင်းတော်ရှင်က နံဘေးသို့ရောက်လာလေသည်။
“ဘယ်လိုသစ္စာဆိုရမှာလဲ”
“ကျွနု်ပ်သည် အထက်နတ်မင်းများ ပိုင်ဆိုင်သိမ်းဆည်းထားသည့် ရွှေစင်ရွှေသားရတနာများကို ကျွနု်ပ်၏ကိုယ်ကျိုးအတွက် ယူငင်သုံးစွဲပါတော့မည်၊ သုံးစွဲသည့် အတိုင်းအတာအလျှောက် ကျွနု်ပ်ပြစ်ဒဏ်ခံယူဝံ့ပါသည်”
အင်းတော်ရှင်တိုင်ပေးသည့်အတိုင်း ကိုသံခဲက ရေရွတ်လိုက်သည်။
“ကောင်းပြီ၊ မင်းအလိုရှိသလောက်ယူတော့ သံခဲရေ၊ မင်းယူတဲ့အတိုင်း မင်းပြန်ပြီးခံစားရမယ်ကွ”
ကိုသံခဲလည်း ရွှေမန်ကျည်းစေ့တစ်စေ့အား ကောက်ယူလိုက်ပြီးနောက် ချိန်ခွင်အတွင်းသို့ထည့်လိုက်လေသည်။ ထိုအခါ ထိုချိန်ခွင်အထက်နားရှိ အတိုင်းအတာပြသည့် ပေတံတွင် နှစ်ဟူသည့် ဂဏန်းတစ်ခုပေါ်ပေါက်လာလေသည်။
“နှစ်ဆိုတော့ အချိန်နှစ်လများလား”
“မဟုတ်ဘူးသံခဲ၊ ဒီချိန်ခွင်က ဆယ်ဂဏန်းကိုပဲပြတယ်၊ အခု နှစ်ဂဏန်းကိုပြတယ်ဆိုတော့ နှစ်ပေါင်းနှစ်ဆယ်တိတိ မင်းဒီမှာဆက်နေရလိမ့်မယ်”
ကိုသံခဲလည်း စဉ်းစားမိသည်။
“ရွှေမန်ကျည်းစေ့က နှစ်ကျပ်သားလောက်ပဲရှိမှာ၊ ဒီလောက်နဲ့ဆိုရင် မိချောတို့သားအမိ ဖူလုံနိုင်မယ်မထင်ဘူး”
ကိုသံခဲက ရွှေမန်ကျည်းတောင့် ကောက်ကောက်ကြီးတစ်ချောင်းကို ကောက်ယူလိုက်ကာ ချိန်ခွင်အတွင်းသို့ထည့်လိုက်သည်။ ကိုးဂဏန်းတစ်ခုက ချိန်ခွင်တွင်ပေါ်ပေါက်လာလေသည်။ နောက်ဆုံးတော့ ကိုသံခဲတစ်ယောက် စိတ်ကိုဒုံးဒုံးချပြီး ထိုရွှေမန်ကျည်းတောင့်အား လှမ်းယူလိုက်သည်။ အချိန်အားဖြင့် တစ်ဆယ်သားခန့် ရှိမည်ထင်ရသည်။
ကိုသံခဲတစ်ယောက် ရွှေမန်ကျည်းတောင့်အားယူခဲ့ပြီး အင်းတော်ရှင်နှင့်အတူ ပြန်လာခဲ့တော့သည်။ ထို့နောက် ရွှေမန်ကျည်းတောင့်အားကိုင်လျှက် မိချောနေထိုင်သည့် ကျွန်းကလေးဆီသို့ အမြန်ကူးခတ်လာခဲ့သည်။ အချိန်မှာ ညနေပင်အတော်စောင်းနေပြီဖြစ်သည်။
“မိချောရေ၊ မိချော”
“ဟယ် ကိုသံခဲ”
ကိုသံခဲက လှေမပါဘဲ လူချည်းသက်သက်ဖြင့် ရေစပ်တွင်ရပ်နေလေသည်။ မိချောက ကုန်းမြေအစွန်အထိဆင်းလာရင်း
“ဘာထူးလို့လဲ ကိုသံခဲ”
ကိုသံခဲက လက်ထဲတွင်ကိုင်ထားသည့် ရွှေမန်ကျည်းတောင့်တစ်တောင့််အား မိချောထံသို့လှမ်းပေးလိုက်လေသည်။ ဝင်းဝင်းလက်လက်ရွှေမန်ကျည်းတောင့်ကို တွေ့လိုက်ရသည့်အခါ မိချောအလွန်အံ့အားသင့်သွားလေသည်။
“မင်းဒီမန်ကျည်းတောင့်ကို ထုခွဲရောင်းချပြီးတော့ နိဗ္ဗာန်ရွာက အမျိုးတွေဆီမှာ သိုသိုသိပ်သိပ် သွားနေပေါ့ကွာ၊ ဒါပေမယ့် ကလေးမွေးပြီးရင်တော့ ငါ့ဆီကိုပြန်လာခဲ့ပါ”
“ကောင်းပါပြီတော်”
ကိုသံခဲက မိချောအား ရွှေတောင့်ပေးလိုက်သော်လည်း စိတ်ထဲတွင်တော့သိပ်မကောင်းပေ၊ ထိုရွှေမန်ကျည်းတောင့်အတွက် သူရင်းနှီးမြှုပ်နှံခဲ့ရသည့် အရင်းအနှီးက ကြီးမားလှသည်မဟုတ်ပါလား။
(၉)
အချိန်များက တရွေ့ရွေ့နှင့်အကုန်မြန်လွန်းလှပေသည်။ မိချောတစ်ယောက်မှာ နိဗ္ဗာန်ရွာတွင် ဆွေမျိုးများနှင့်သွားရောက်နေထိုင်ကာ တစ်လတစ်ခါနီးပါး ကွေးကောက်ရွာသို့ပြန်လာကာ ကိုသံခဲနှင့်တွေ့ဆုံလေ့ရှိသည်။ ကိုသံခဲမှာ မိချောဗိုက်ကလေးကို လက်နှင့်ပွတ်ရင်း သားသမီးရှေ့ရေးကိုတွေးတောကာ ပျော်မဆုံးတော့ပေ။
လကွယ်ညမို့ အင်းရေပြင်တစ်ခုလုံးကို အမှောင်ထုက ဖုံးအုပ်ထားလေသည်။ ကိုသံခဲတစ်ယောက်သာ လှေဝမ်းအတွင်း လဲလျှောင်းအိပ်စက်နေရင်း မိုးပေါ်ကိုငေးကြည့်နေမိသည်။ ကောင်းကင်တွင်လကို မမြင်တွေ့ရသော်လည်း ကြယ်ရောင်စုံများက လင်းလက်တောက်ပနေကြသည်။ ကိုသံခဲလည်း ထန်းရည်တန်ခိုးဖြင့် ငိုက်မြည်းလာသဖြင့် မှေးစင်းနေမိတော့သည်။
“ကိုသံခဲ ကျုပ်ကိုကယ်ပါအုံးတော့”
နားထဲအသံတစ်ချက်ကြားလိုက်ရသည်။ အသံပိုင်ရှင်ကတော့ ကိုသံခဲ၏ ဇနီးဖြစ်သူ မိချော၏အသံဖြစ်နေလေသည်။ ကိုသံခဲက ခေါင်းထောင်ထလိုက်ပြီး ဘေးဘီကိုအကဲခတ်ကြည့်လိုက်လေသည်။ အင်းရေပြင်ကြီးက တိတ်ဆိတ်ငြိမ်သက်လျှက်ရှိနေသည်။
“အင်း၊ ငါအိပ်မက်မက်နေတာများလား”
ကိုသံခဲ ပြန်အိပ်ရန်ပြင်ဆင်လိုက်ချိန်တွင် နောက်ထပ်အော်သံတစ်ချက်ကိုကြားလိုက်ရသည်။
“ကိုသံခဲ၊ အကိုဘယ်ရောက်နေတာလဲ၊ ကျုပ်ဆီကိုလာခဲ့ပါတော့”
“ဟာ ဒါ၊ ဒါ မိချောခေါ်နေတာပဲ”
ကိုသံခဲက အင်းရေပြင်ကို လက်နှင့််စိမ်ကြည့်လိုက်ရင်း အသံလာရာကို စူးစမ်းလေ့လာလိုက်သည်။ ထိုအခါ အသံလာရာနေရာမှာ ကွေးကောက်အင်းအစပ် တစ်နေရာတွင်ဖြစ်ကြောင်းကို ရေသရဲကြီးများက သတိပေးလိုက်သဖြင့် ကိုသံခဲလည်း လှေပေါ်မှထကာ ရေထဲသို့ခုန်ချလိုက်လေတော့သည်။ အသံကြားရာနေရာသို့ ကိုသံခဲတစ်ယောက် အလျှင်အမြန်ကူးခတ်လိုက်သည်။ ငါးတစ်ပိုင်းလူတစ်ပိုင်းဖြစ်နေသဖြင့် ရေကူးခတ်ရသည်မှာ အလွန်မြန်ဆန်လွန်းလှသည်။ ကူးခတ်နေရင်း အင်းအစပ်ကိုရောက်သည့်အခါ အသံများက ပိုမိုကျယ်လောင်လာခဲ့သည်။ ငိုယိုသံများ၊ အော်ဟစ်ကြိမ်းမောင်းသံများကို အတိုင်းသားကြားနေရသည်။ ကိုသံခဲလည်း ထိုနေရာသို့မရောက်ခင် ခပ်လှမ်းလှမ်းနေရာမှ ခေါင်းဖော်ကြည့်လိုက်လေသည်။
“ဟင်၊ မိချောပါလား”
အင်းစပ်တစ်နေရာတွင် မိချောအားလက်ပြန်ကြိုးတုပ်ထားပြီး လူနှစ်ဦးက ဝန်းရံထားလေသည်။ လူတစ်ဦးမှာ ယောက်ျားကြီးဖြစ်ပြီး ကြိမ်လုံးတစ်လုံးကို ကိုင်ထားသည်။ ကျန်တစ်ဦးမှာတော့ ၀၀ဖိုင့်ဖိုင့်နှင့် မိန်းမကြီးတစ်ဦးဖြစ်လေသည်။ မိချောမှာ အင်းစပ်တွင်ဒူးထောက်လျှက် ငိုယိုနေတော့သည်။
“ခေါ်စမ်း၊ နင့်ယောက်ျားကို ဒီကိုလာဖို့ခေါ်လိုက်စမ်း”
ယောက်ျားကြီးမှာ မိချောအားကြိမ်လုံးဖြင့် ရိုက်မည့်ဟန်ဖြင့် ချိန်ရွယ်ပြီးပြောဆိုလိုက်သည်။ မိချောမှာ အကြောက်အအင်းဖြင့်
“တောင်းပန်ပါတယ်၊ ကျုပ်ကိုမရိုက်ပါနဲ့တော့၊ ကျုပ်ပူလွန်းလို့ပါ”
“အေး၊ အဲဒါဆိုရင် နင့််ယောက်ျားဒီကိုရောက်လာအောင် မြန်မြန်ခေါ်စမ်း၊ ငါသိပ်စိတ်မရှည်ဘူးနော်”
မိချောက အင်းစပ်တွင်ဒူးထောက်နေရင်း ရေပြင်ကိုကြည့်ကာ
“ကိုသံခဲရေ၊ ကျုပ်ကိုကယ်ပါအုံးတော့”
ကိုသံခဲတစ်ယောက် ရေအတွင်းမှ ဘွားခနဲပေါ်လိုက်တော့သည်။ ထိုအခါ ထိုလူကြီးက အနောက်သို့ဆုတ်လိုက်ပြီး
“ဟေ့၊ ဒီကောင်မကို ကုန်းပေါ်ဆွဲတင်ခဲ့”
၀၀ဖိုင့်ဖိုင့်နှင့် မိန်းမကြီးက မိချောကိုဆွဲခေါ်ကာ ကုန်းအထက်ပိုင်းသို့ တက်ပြေးကြလေသည်။ ကိုသံခဲမှာ ရေစပ်တွင် ငါးလူသားကြီးအဖြစ်နှင့််ပင် မတ်တတ်ရပ်လိုက်ပြီး
“ဟေ့လူတွေ၊ ကျုပ်မိန်းမကို လွှတ်၊ အခုလွှတ်လိုက်စမ်း”
ကိုသံခဲပြောလိုက်သည့်အခါ ထိုလူကြီးက ရယ်မောလျှက်
“ဟား၊ ဟား လွှတ်ပေးမှာပါကွ၊ အချိန်တန်ရင် မင်း မိန်းမကိုလွှတ်ပေးမှာပါ”
“ဒါဆို အခုလွတ်လေဗျာ”
“ဟား၊ ဟား ငါတို့လိုချင်တာ မရသေးသရွေ့ မင်းမိန်းမကို လွှတ်ပေးလိမ့်မယ်လို့ မထင်နဲ့ကွ”
“ခင်၊ ခင်ဗျားတို့ ဘာလိုချင်တာလဲ”
“မင်းမိန်းမကို မင်းက ရွှေတစ်ဆယ်သားပေးတယ်ဆိုကွ၊ ဒီတော့ ငါတို့လည်း ရွှေတွေလိုချင်တယ်”
ကိုသံခဲမှာ အလွန်ထိတ်လန့်သွားသည်။ ထိုလူကပင်
“မိုးသောက်ကြယ်မထွက်ခင် ငါတို့ရွှွှေတစ်ပိဿာလိုချင်တယ်၊ ရွှေတွေမရဘူးဆိုရင်တော့ မင်းရဲ့မိန်းမရော၊ သူ့ရဲ့ဗိုက်ထဲက ကလေးရော အသက်ရှင်မယ်လို့ စိတ်မကူးနဲ့”
ကိုသံခဲက ဒေါသထွက်ထွက်ဖြင့် တောက်ခေါက်လိုက်လေသည်။
“ဟား၊ ဟား မင်းလို အင်းသရဲတစ်ပွဲစားအတွက်တော့ ရွှေတစ်ပိဿာဆိုတာ ဘာမှမဟုတ်ပါဘူးကွာ၊ ငါပြောပြီးသားနော်၊ ရွှေတစ်ပိဿာကို တစ်ကျပ်သားတောင် အလျော့မခံနိုင်ဘူး၊ လျော့လို့ကတော့ မင်းမိန်းမနဲ့ကလေးက မင်းလိုသရဲဖြစ်သွားစေရမယ်ကွ”
ကိုသံခဲမှာ ဒေါသတကြီးဖြင့် ရေထဲတွင်တဝုန်းဝုန်းဖြင့် ခုန်ပေါက်နေလေတော့သည်။ သို့သော်လည်း ထိုလူများမှာ ကုန်းပေါ်တွင်ရောက်နေသည်မို့ ဘာမှမတတ်နိုင်ပေ၊ မိချောကတော့ ငိုယိုရင်း
“ကိုသံခဲ ကျုပ်ကိုခွင့်လွတ်ပါ၊ ကျုပ်ကိုခွင့်လွှတ်ပါရှင်”
“မိချောရာ၊ ငါကသိုသိုသိပ်သိပ်နေဖို့ အတန်တန်မှာထားရက်နဲ့ကွာ”
“ကျုပ်လည်း နှုတ်လုံပါတယ်တော့၊ ဖြစ်ချင်တော့ ဒီလူတွေက ဂိုဏ်းဆရာတွေ၊ ကျုပ်ကိုညှင်းဆဲပြီးတော့ ရွှေတွေရတဲ့အကြောင်းမေးလို့ ကျုပ်လည်း မတတ်သာဘဲ ပြောပြလိုက်ရတာပါရှင်”
ကိုသံခဲတစ်ယောက် အလွန်တွေဝေသွားတော့သည်။ တစ်ဖက်တွင်လည်း ကလေးနှင့်မိန်းမ၊ တစ်ဖက်တွင်လည်း နှစ်ပေါင်းများစွာခံစားရမည့်အဖြစ်ကိုတွေးရင်း ဝေခွဲရခက်နေခြင်းဖြစ်သည်။ နောက်ဆုံးတော့ သွေးသားဆိုသည့် စကားတစ်ခွန်းက ဦးခေါင်းအတွင်းသို့ရောက်လာခဲ့သည်။
“ငါ့သွေးသားအတွက်ပဲ၊ ငါစွန့်လွတ်ရတော့မှာပေါ့၊ ငါသာ ရွှေတွေယူမပေးဘူးဆိုရင် ငါ့သွေးသား၊ ငါ့မျိုးဆက်က အသက်ဆုံးရတော့မယ်၊ မဖြစ်ဘူး”
ကိုသံခဲမှာ တွေးတောပြီးနောက် ရေနက်ပိုင်းသို့ ကူးခတ်ဆင်းသွားလေတော့သည်။ အင်းတော်ရှင်နတ်နန်းဆောင်သို့ ရောက်သွားသည့်အခါ အင်းတော်ရှင်က အလွန်ဒေါသထွက်နေလေသည်။
“သံခဲရေ၊ အဲဒီရွှေတွေက လောဘတက်လို့မရဘူးနော်ကွ၊ ပြီးတော့ မင်းကိုယ်ကျိုးအတွက် သုံးဖို့မဟုတ်ဘူး”
“ကျုပ်သိပါတယ်၊ ဒါပေမယ့် အင်းစပ်မှာ ဂိုဏ်းဆရာတွေက ကျုပ်မိန်းမကို ဖမ်းချုပ်ထားကြတယ်၊ ကျုပ်သူ့ကို သွားကယ်ဖို့အတွက် ရွှေတွေလိုအပ်တယ်၊ ဒါမှမဟုတ်ရင် အင်းတော်ရှင်က တန်ခိုးရှိတာပဲ၊ ဒီလူတွေကို ကျုပ်ကိုယ်စား နှိမ်နင်းပေးပါလား”
အင်းတော်ရှင်က သက်ပြင်းချလျှက်
“ဒီလူတွေ တော်တော်ယုတ်မာတဲ့လူတွေပါလား၊ ဒီကိစ္စမှာတော့ ငါမင်းကိုမကူညီနိုင်တော့ဘူး သံခဲရေ၊ ကိစ္စက ထင်သလောက်မလွယ်ဘူးကွ၊ နောက်ဆိုမှတ်ထား ဒီလိုလူတွေနဲ့ မပတ်သက်မိလေ ကောင်းလေပဲကွ”
အင်းတော်ရှင်က ကူညီမပေးဘူးဆိုသဖြင့် ကိုသံခဲတစ်ယောက် စိတ်ထဲမကျေနပ်သည်ကတော့ အမှန်ဖြစ်သည်။ အမှန်ဆိုလျှင် ကိုသံခဲမှာ အင်းတော်ရှင်၏ လက်အောက်ငယ်သားတစ်ယောက်ဖြစ်သည်။ လက်အောက်ငယ်သားတစ်ယောက် အကျပ်အတည်းကျနေသည့်အချိန်မှာတောင် အကူအညီမပေးသည့် အင်းတော်ရှင်အား စိတ်နာမိသည်။ အင်းတော်ရှင်က စီးတော်ယဉ်မိချောင်းကြီးကို စီးလျှက် ကိုသံခဲက ထုံးစံအတိုင်း မိချောင်းအမြှီးဖက်ကာ လိုက်လာခဲ့တော့သည်။ ဘဏ္ဍာတိုက်အရှေ့ရောက်သည့်အခါ အင်းတော်ရှင်က
“ကဲ သံခဲရေ၊ မင်းခံနိုင်တယ်ဆိုရင်တော့ ကြိုက်သလောက်သာ ယူပေတော့ကွာ၊ မင်းထိုက်နဲ့ မင်းကံပဲပေါ့”
ကိုသံခဲက ဘဏ္ဍာတိုက်အတွင်းပြေးသွားကာ ရွှေများကိုလက်နှင့်ကျုံးကာ ချိန်ခွင်အတွင်းသို့ထည့်လိုက်လေသည်။ ချိန်ခွင်တွင် ကိုးဆယ့်ကိုးဟူသည့် ဂဏန်းတစ်ခုက ပေါ်လာခဲ့သည်။
“ကိုးဆယ့်ကိုးဆိုတော့ နှစ်ပေါင်း ကိုးရာ့ကိုးဆယ်ပါလား”
ကိုသံခဲ ထိုသည်ကိုလည်း သတိမထားနိုင်တော့ပေ၊ မိုးမသောက်ခင် ရွှေတစ်ပိဿာရရန် အရေးကြီးသည့်အတွက် ထိုရွှေများကိုယူဆောင်ကာ အင်းရေပြင်ထက်သို့ အမြန်ကူးခတ်လာခဲ့တော့သည်။ အင်းရေပြင်စပ်တွင် ကိုသံခဲပေါ်လာပြီးနောက် လက်ထဲမှ ရွေများကို ကမ်းပေါ်သို့ပစ်တင်ပေးလိုက်သည်။
“ဟောဒီမှာရွှေ၊ ခင်ဗျားတို့လိုချင်တဲ့ရွှေတွေ”
ထိုလူကြီးနှင့် မိန်းမကြီးမှာ ပြန့်ကျဲကျနေသည့် ရွှေထည်များအား လိုက်လံကောက်ယူနေကြသည်။
“ခင်ဗျားတို့ကတိအတိုင်း ကျုပ်မိန်းမကို လွှတ်ပေးတော့”
“အေး၊ မင်းက ကတိတည်မှတော့ ငါကလည်း ကတိတည်ရတော့မှာပေါ့”
ထိုလူကြီးက မိချောကိုကြိမ်လုံးနှင့် ရိုက်လိုက်သည့်အခါ မိချောကိုယ်တွင်ချည်နှောင်ထားသည့် ကြိုးများမှာ အလိုလိုပြတ်ထွက်သွားလေသည်။ ထိုလူကြီးက မိချော၏ ကျောပြင်အား ခြေဖြင့်ကန်လိုက်သည့်အခါတွင်တော့ မိချောတစ်ယောက် လေပေါ်မြောက်တက်သွားပြီး အင်းရေပြင်ထဲသို့ ပြုတ်ကျသွားလေသည်။ ကိုသံခဲက မိချောအနောက်သို့ လိုက်လံကူးခတ်လိုက်ကာ ဖမ်းဆယ်ယူလိုက်လေတော့သည်။
မိချောသတိရသည့်အခါ ကိုသံခဲ၏ လှေကလေးအထဲတွင်ဖြစ်နေလေသည်။ မိချောက မျက်ရည်များကျဆင်းလျှက် ငိုယိုနေတော့သည်။
“ကျုပ်အမှားပါ၊ ဒါတွေအားလုံးက ကျုပ်အမှားပါတော်”
ကိုသံခဲက မိချောအားထွေးပွေ့လိုက်ပြီး
“မငိုပါနဲ့တော့ မိချောရယ်၊ ပြီးခဲ့တာတွေအားလုံး ပြီးဆုံးခဲ့ပါပြီ၊ တိတ်ပါတော့၊ ဗိုက်ထဲက ကလေးအတွက်လည်း ထည့်တွေးအုံးမှပေါ့”
မိချောမှာ အငိုတိတ်သောလည်း ရှိုက်ငင်နေလေသည်။
“ဒီအတိုင်းဆို အကိုမိချောကို စိတ်မချတော့ဘူး၊ သိုက်တူးတဲ့လူတွေအတွက် မိချောက ရွှေတွင်းငွေတွင်းကြီးတစ်ခုလိုဖြစ်နေနိုင်တယ်မဟုတ်လား၊ ဒီလူတွေ ရွှေတွေရသွားတယ်ဆိုတဲ့ သတင်းကြားရင် တခြားဂိုဏ်းဆရာတွေလည်း ရောက်မလာဘူးလို့ ပြောလို့မရဘူး၊ မိချောသာ နိဗ္ဗာန်ရွာမှာ ဆက်နေမယ်ဆိုရင် တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဒီလိုဒုက္ခမျိုး ဆက်ဖြစ်လာအုံးမှာအသေအချာပဲ”
မိချောတွေဝေနေမိသည်။
“ဒီတော့ ဒီလိုလုပ်၊ ဟောဒီအင်းကြီးထဲကို မိချောရဲ့ဆွေမျိုးသားချင်းတွေ မိဘတွေခေါ်ပြီးလာနေလှည့်၊ အင်းထဲမှာဖြစ်တာကိုတော့ အကိုတားဆီးကာကွယ်ပေးနိုင်ပါတယ်၊ ဟုတ်ပြီလားမိချော”
မိချောက ခေါင်းညိတ်လိုက်တော့သည်။ သို့နှင့် ထန်းပင်ကြီးများပေါက်နေသည့် မိချောယခင်က နေထိုင်ခဲ့သည့်ကျွန်းကလေးတွင် သစ်ဝါးများဖြင့် အိမ်ကြီးတစ်ဆောင်ဆောက်လုပ်ကာ မိချောတစ်ယောက်နေထိုင်တော့သည်။ ညီမဖြစ်သူနှင့် အမေဖြစ်သူကို ခေါ်ယူကာ နေထိုင်လေသည်။
ကိုးလလွယ် ဆယ်လဖွားသည့်အချိန်ရောက်လာခဲ့ပြီမို့ မိချောတစ်ယောက် ကလေးမွေးချင်သဖြင့် ဗိုက်နာကာ အိမ်ကလေးအထဲတွင် အော်ဟစ်နေလေတော့သည်။ ကိုသံခဲမှာတော့ ထိုကျွန်းအစပ် လှေကလေးအပေါ်တွင်ထိုင်ကာ စိတ်ပူပန်နေရရှာသည်။ မိချောအော်ဟစ်နေသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သည်။ ယခုအထိ ကလေးမွေးသည့်သတင်းကို မကြားရသေးသဖြင့် ကိုသံခဲစိတ်ပူနေရခြင်းဖြစ်သည်။ ခဏကြာသည့်အခါ မိချောညီမက အိမ်ပေါ်မှပြေးဆင်းလာလေသည်။
“မွေးပြီ၊ မွေးပြီ၊ ကလေးမွေးပြီ”
“ဟုတ်လား၊ ဘာလေးလဲ”
“ကလေးက ယောက်ျားလေး . . . ဒါ . . ဒါပေမယ့်”
ကိုသံခဲစိတ်ပူသွားသည်။
“ဒါပေမယ့်ဘာဖြစ်သလဲ”
“ကလေးက အသက်ပါမလာဘူး”
“ဘာ . . .”
ကိုသံခဲအလွန်စိတ်ဓါတ်ကျသွားလေသည်။
“ကလေးက အသက်ပါမလာဘူးဆိုရင်လည်း ငါ့ကိုခေါ်လာပြစမ်းပါ၊ ငါကြည့်ချင်လွန်းလို့ပါ”
မိချောညီမက ကလေးအသေကလေးကို ချီဆောင်ကာ ခေါ်လာခဲ့သည်။ ကိုသံခဲက လှေပေါ်မှလှမ်းယူလိုက်ပြီးနောက် အသေအချာကြည့်လိုက်လေသည်။
“ကလေးက အသက်ငွေ့ငွေ့တော့ရှိသေးတာပဲ၊ အင်းတော်ရှင်ကို အကူအညီတောင်းရမယ်”
ကိုသံခဲက ရေမျက်နှာပြင်ကိုထိလိုက်ကာ အင်းတော်ရှင်အား တလိုက်တော့သည်။ မိချောင်းစီးထားသည့် အင်းတော်ရှင်မှာ ကိုသံခဲအရှေ့တွင် ပေါ်ပေါက်လာခဲ့သည်။
“သံခဲ ဘာဖြစ်ရပြန်တာလဲ”
“ကျုပ်သား၊ ကျုပ်သားကလေးကို ကယ်တင်ပေးပါ”
အင်းတော်ရှင်က ကလေးမျက်နှာကိုပွတ်ကြည့်သည်။
“မင်းရဲ့သားက သေကံပါတယ်၊ သူက လူ့ဘဝမှာ ကြာကြာနေနိုင်မယ်မထင်ဘူး”
“လုပ်ပါ အင်းတော်ရှင်ရာ၊ ကျုပ်သားအသက်ကို ပြန်ဆက်ပေးပါ၊ အင်းတော်ရှင်ခိုင်းတာ ဘာမဆိုကျွန်တော်လုပ်ပါ့မယ်”
အင်းတော်ရှင်က သက်ပြင်းချလျှက်
“အင်းလေ၊ ငါ့တန်ခိုးနဲ့တော့ ကလေးအသက်ကို အချိန်အကြာကြိး ပြန်ဆက်မထားနိုင်ဘူး၊ သူ့အသက် သုံးနှစ်ပဲရှည်မယ်၊ ဒါငါ့အစွမ်းအကုန်ပဲဟေ့”
သုံးနှစ်ဆိုသည့်အချိန်မှာလည်း မနည်းသဖြင့် ကိုသံခဲခေါင်းညိတ်လိုက်တော့သည်။ အင်းတော်ရှင်က ကိုသံခဲလက်အတွင်းကိုင်ထားသည့် ကလေးအား ခြေထောက်နှစ်ချောင်းမှ ဆွဲယူလိုက်ပြီးနောက် အင်းရေပြင်အတွင်းသို့ နှစ်ချလိုက်လေသည်။ ထို့နောက် ကလေးငယ်အား အင်းရေပြင်အပေါ်သို့ ပြန်လည်ဆယ်ယူလိုက်သည့်အခါ ကလေးမှာ ဇောက်ထိုးအနေအထားနှင့် ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးတော့သည်။ ကိုသံခဲလည်း အင်းတော်ရှင်အား အကြိမ်မရေမတွက်နိုင်အောင် ကုန်းကန်တော့နေမိတော့သည်။ အင်းတော်ရှင်က ကိုသံခဲအား ကလေးပြန်ပေးပြီး ပျောက်ကွယ်သွားသည်။
ကလေးငိုသံကြားသဖြင့် အိမ်အတွင်းမှ လူများက ပြေးထွက်လာကြသည်။ မိချောအမေက ကလေးကိုချီလျှက်
“အောင်မယ်လေး၊ ငါ့မြေးမသေဘူး၊ ဝမ်းသာလိုက်တာ၊ ဝမ်းသာလိုက်တာ”
ကိုသံခဲလည်း အလွန်ဝမ်းသာနေမိသည်။
“ဟုတ်ပါရဲ့ဗျာ၊ ကလေးက ချစ်စရာလေး၊ ချောလည်းချောတယ်၊ ဟာ၊ ဟုတ်ပြီ ချစ်စရာလည်းကောင်း၊ ချောလည်းချောတယ်ဆိုတော့ ဒီကလေးကို ချစ်ချောလို့ ခေါ်ကြရင်မကောင်းဘူးလားဗျာ”
ကိုသံခဲရွေးပေးသည့်အမည်ကို အားလုံးကလက်ခံလိုက်ကြသည်။ သို့နှင့် ကလေးအမည်မှာ ချစ်ချောဟု အမည်တွင်သွားတော့သည်။ ချစ်ချောကလေးမှာ တဖြည်းဖြည်းနှင့် အရွယ်ကြီးပြင်းလာခဲ့သည်။ ယခုဆိုလျှင် တစ်နှစ်ခွဲအရွယ်သို့ပင်ရောက်ခဲ့ပြီဖြစ်သည်။ ကလေးမှာအလွန်ထွားကျိုင်းပြီး အသားညိုညိုနှင့်ချစ်စဖွယ်ကောင်းသည်။ ချစ်ချောကလေး နှစ်နှစ်အရွယ်သို့ရောက်သည့်အခါတွင် အဘွားဖြစ်သူ မိချောအမေမှာ ရုတ်တရက်ဗြုန်းစားကြီး ကွယ်လွန်သွားတော့သည်။ အင်းအတွင်းကွယ်လွန်သည်မို့ အင်းဘေးတစ်နေရာရှိ သုဿန်ကျွန်းတွင် မြှုပ်နှံရန်အတွက် စီစဉ်လိုက်ကြသည်။
မြှုပ်နှံခြင်း ကိစ္စရပ်များပြီးစီးသည့်အခါ အင်းတော်ရှင်က ကိုသံခဲအားဆင့်ခေါ်လေသည်။ ကိုသံခဲလည်း အင်းတော်ရှင်ခေါ်ဆောင်သည်မို့ မငြင်းသာတော့ဘဲ အလျှင်အမြန်လာခဲ့လိုက်သည်။ အင်းတော်ရှင်နန်းတွင် လူစိမ်းတစ်ယောက်ကိုတွေ့ရသည်။ ထိုသူမှာ အခြားမဟုတ်၊ သေဆုံးသွားခဲ့သည့် မိချော၏ အမေ၊ ကိုသံခဲ၏ ယောက္ခမဖြစ်နေသည်။
“ဟာ၊ ယောက္ခမကြီးပါလား၊ ဒီကိုဘယ်လိုလုပ်ပြီးတော့ ရောက်လာခဲ့တာလဲ”
အင်းတော်ရှင်က ကိုသံခဲအားကြည့်ရင်း
“မင်းအတွက် သတင်းထူးတစ်ခုသိရအောင်လို့ ငါကသူ့ကိုခေါ်လိုက်တာပဲ”
“ဘာများလဲဗျ”
အင်းတော်ရှင်က မိချောအမေကို မျက်စောင်းထိုးကာ ကြည့်လိုက်ပြီး
“ကဲ၊ နင့်ပါးစပ်နဲ့နင် ပြောလိုက်စမ်း၊ မဟုတ်တာပြောမယ်မကြံနဲ့နော်၊ ညည်းလိမ်ပြောလို့ကတော့ငါ့အကြောင်း ကောင်းကောင်းသိသွားရမယ်”
“ကြောက်၊ ကြောက်ပါတယ် အင်းတော်ရှင်၊ ကျွန်မပြောပါ့မယ်”
ထို့နောက် မိချောအမေက စတင်ပြောပြလေသည်။
“တကယ်တော့ ရွှေတစ်ပိဿာကိစ္စက တမင်လုပ်ခဲ့တာပါ”
ကိုသံခဲမျက်လုံးပြူးသွားသည်။
“ဘာ၊ ဘယ်လိုဗျ”
“မိချောက တမင်လုပ်ခဲ့တာပါ”
ကိုသံခဲ ခေါင်းခါလျှက်
“မဖြစ်နိုင်ဘူး၊ ခင်ဗျားလိမ်ပြောနေတာပဲဖြစ်မှာ”
“ကျုပ် အင်းတော်ရှင်အရှေ့မှာ မလိမ်ဝံ့ပါဘူးရှင်၊ ဖြစ်ပုံက ဒီလိုပါ၊ မိချောက စုန်းပညာရပ်ကို အဆင့်တက်ချင်တဲ့အတွက် သူ့ထက်မြင့်တဲ့ ကဝေကြီးတွေဆီကိုချည်းကပ်ပါတယ်၊ ကဝေကြီးတွေက မိချောကိုပညာအဆင့်မြှင့််ပေးမယ်လို့ သဘောတူပါတယ်၊ ဒါပေမယ့် အလကားတော့မဟုတ်ပါဘူး၊ တန်ရာတန်ကြေးတောင်းပါတယ်”
“ဒါဆို အဲဒီရွှေ၊ အဲဒီရွှေတွေက . . .”
မိချောအမေက ခေါင်းညိတ်လျှက်
“မိချောက ပညာအဆင့်တက်ဖို့ ရွှေတစ်ပိဿာ ကဝေတွေကိုပေးမယ်လို့ ကတိပေးပြီးတော့ ဟောဒီ မောင်သံခဲဆီကနေ တစ်ဖက်လှည့််နဲ့တောင်းခံယူခဲ့တာပါပဲ”
“တောက်၊ ဒီကောင်မတော့ သေတော့မယ်”
ကိုသံခဲအလွန်ဒေါသထွက်နေမိသည်။ အင်းတော်ရှင်က ကိုသံခဲကိုကြည့်ရင်း
“အဲဒီတုန်းက ငါကမကူညီလို့ မင်းငါ့ကို စိတ်စနိုးစနောင့််ဖြစ်ခဲ့တယ်မဟုတ်လား သံခဲ၊ ငါက စိတ်ထဲမှာ ကြိုသိခဲ့ပြီးသားပါ၊ ဒါပေမယ့် မင်းတို့လင်မယားကြားမှာ ငါဝင်မပါချင်ဘူး၊ အဲဒီအချိန်တုန်းက မင်းလည်းသွေးပူနေတုန်းမို့လို့ ငါပြောတာကိုလည်း ယုံမှာမဟုတ်ဘူးလေ”
“ဒီကောင်မ တော်တော်ယုတ်မာတဲ့သူပဲဗျာ”
အင်းတော်ရှင်က
“ကလေးကိစ္စလည်းပြောလိုက်ပါအုံး”
မိချောအမေက ဇက်ပုသွားပြီးတော့
“တကယ်တော့ ကလေးကိုလည်း သူကိုယ်တိုင်ပဲ အစီအရင်တွေနဲ့ဖျက်ခဲ့တာပါ”
“ဘာ၊ မဖြစ်နိုင်ဘူး၊ ဒါတကယ်မဖြစ်နိုင်ဘူး၊ ဒါတော့ ကျုပ်မယုံဘူး”
“ကျုပ်သမီးအကြောင်း ကျုပ်အသိဆုံးပါ၊ မိချောက နိဗ္ဗာန်ရွာမှာနေတုန်းကတည်းက စုန်းပညာရပ်တွေကို အလွန်ဝါသနာထုံပြီး လေ့လာလိုက်စားချင်ခဲ့တယ်၊ ပြီးတော့ ကဝေတွေကို ရွှေတွေပေးလိုက်ကတည်းက သူက ပညာအဆင့်တော်တော်မြင့်သွားခဲ့တယ်၊ ဒါတောင်မှ မကျေနပ်လို့ နောက်ဆုံး စုန်းပညာနဲ့ အသက်ရှည်အောင်ဆိုပြီး ကိုယ့်ရဲ့သားကိုယ်ပြန်စားတဲ့ စုန်းပညာနဲ့ ကလေးရဲ့အသက်ကို နှုတ်ယူခဲ့တာပါ၊ ဒီလိုနှုတ်ယူလိုက်ခြင်းအားဖြင့် ကလေးမှာပါလာတဲ့ အသက်ရှင်ရမယ့် ကံကို ဒီစုန်းမက ရသွားပါတယ်၊ ကလေးက အသက်ငါးဆယ်နေရမယ်ဆိုရင် အဲဒီကလေးနေရမယ့် အသက်ငါးဆယ်ကို စုန်းမကရပြီး ကလေးကတော့ မွေးကင်းစမှာပဲ သေဆုံးရပါတယ်”
ကိုသံခဲက မိချောအမေအနားသို့ကပ်လိုက်ပြီး
“ခင်ဗျားတကယ်ပြောတာလား၊ ခင်ဗျားပြောတာ တကယ်ပဲလား”
“ဟုတ်၊ ဟုတ်ပါတယ်”
“ဒါဆိုရင်လည်း ခင်ဗျားအရင်ကတည်းက ကျုပ်ကိုဘာဖြစ်လို့ မပြောခဲ့တာလဲဗျ”
“မိ၊ မိချောကို ကြောက်ရလို့ပါ”
“ဘာဗျ”
“မိချောက ကျုပ်ထက်ပညာအဆင့်မြင့်ပါတယ်၊ ပြီးတော့ မိချောက ပညာရပ်အတွက်နဲ့ဆိုရင် အမေကိုတောင် ပြန်သတ်ဖို့ဝန်မလေးတဲ့သူတစ်ယောက်ပါပဲ၊ ကျုပ်လည်း သူ့ကိုကြောက်ရတဲ့အပြင် သူက ကျုပ်ကိုဒီအကြောင်းတွေပြောတာနဲ့ တန်းသေအောင်လို့ အစီအရင်ကို ဝမ်းတွင်းထည့်ထားပါတယ်၊ ဒါကြောင့် အသက်ရှင်တုန်းက ပြောပြလို့မရခဲ့ဘဲ၊ အခုသေပြီးမှ ပြောပြရတာပါ”
“ဒီမိန်းမ တော်တော်ယုတ်မာအောက်တန်းကျတဲ့မိန်းမပဲ”
ကိုသံခဲမှာပြောဆိုရင်းဝမ်းနည်းလာသည်။
“မသိခဲ့ဘူး၊ ငါကတော့ မသိခဲ့ဘူး၊ ငါ့ရဲ့ချစ်သူ၊ ငါ့ရဲ့မိန်းမဆိုပြီးတော့ ဒင်းကိုချစ်လာခဲ့ရတာ၊ တကယ်တော့ ဒင်းက ပညာရပ်အတွက်နဲ့ ငါ့ကိုအသုံးချသွားခဲ့တာပဲ”
“အစကတော့ မိချောက ဒီလိုမဟုတ်ပါဘူး၊ ဒါပေမယ့် စုန်းပညာတွေအဆင့်မြင့်လာတဲ့အခါ သူ့ခေါင်းထဲ ပညာကလွဲလို့ ဘာမှမသိတော့ဘဲဖြစ်သွားတယ်”
“နေအုံး၊ ဒီမိန်းမတော့ ငါနဲ့တွေ့တော့မယ်”
မိချောအမေက ကိုသံခဲ၏လက်ကိုဖမ်းဆွဲလိုက်လေသည်။
“မသွားပါနဲ့ မောင်သံခဲရယ်၊ မောင်သံခဲစိတ်ကောင်းရှိတာကို အဒေါ်သိပါတယ်၊ အခုလည်း မိချောကိုသွားပြီး ရန်မလုပ်စေချင်ဘူး၊ မိချောကို မောင်သံခဲက မနိုင်ပါဘူး”
“မနိုင်လည်းဘာဖြစ်သလဲဗျာ၊ သူက ဘယ်လောက်စွမ်းနေလို့လဲ”
အင်းတော်ရှင်က မတ်တပ်ထပြီးတော့
“သံခဲ၊ မင်းသူပြောတာကိုနားထောင်လိုက်ပါ၊ မင်းက သာမန်သရဲတစ္ဆေတစ်ကောင်ပဲ၊ သူကပညာသည်၊ မင်းဘယ်လိုမှ သူ့ကိုမနိုင်ဘူး၊ သူလည်း မကြာခင် သူ့စားရိတ်နဲ့သူ သွားတော့မှာပါကွာ”
“ဘယ်လိုဖြစ်တာလဲဗျ”
မိချောအမေက
“ကလေးကို မိချောက ဒီအတိုင်းထားမှာမဟုတ်ဘူး၊ ကလေးအသက်သုံးနှစ်ပြည့်တဲ့နေ့ကျရင် သူက ကလေးကိုအစီအရင်တွေနဲ့ တစ်ခါပြန်ပြီး ဝိညာဉ်နှုတ်ဖို့လုပ်လိမ့်မယ်”
“ဗျာ၊ သုံးနှစ်ပြည့်ရင်တဲ့လား၊ ဒါပေမယ့် ချစ်ချောလေးက အသက်သုံးနှစ်ပဲရှည်မှာမဟုတ်ဘူးလား”
အင်းတော်ရှင်က ပြုံးလိုက်ပြီးနောက်
“အေး၊ ဟုတ်တယ်၊ ကလေးအသက်က သုံးနှစ်ပြည့်ရင် မရှိတော့ဘူးကွ၊ သက်တမ်းရှိတဲ့သူကိုဖမ်းစားရင်သာ သက်တမ်းတိုးတယ်ဆိုပေမယ့် သက်တမ်းမရှိတော့တဲ့လူကို ဖမ်းစားမိရင် သက်တမ်းတိုသွားလိမ့်မယ်ကွ၊ ဒါကို ငါက ကြိုမြင်ခဲ့ပြီးသား”
“ဒါဆို ကလေးအသက်ဘယ်လောက်ရှိမလဲဆိုတာ မိချောမသိဘူးလား”
“သူက နတ်မှမဟုတ်ဘဲကွ၊ ဒီကလေးမှာ ကံဘယ်လောက်ပါတယ်ဆိုတာကို သူမှမသိဘဲ”
“ဒါပေမယ့် ဒီလိုလုပ်လိုက်ရင် ကလေးလည်းသေမယ်၊ မိချောလည်းသေမယ်မဟုတ်လား၊ ကျုပ်ဒီလိုအဖြစ်မခံနိုင်ဘူး”
“မရဘူးသံခဲ၊ ကံပါသလောက်ပေါ့ကွာ”
“မဖြစ်ဘူး၊ သူသေတာ မသေတာအရေးမကြီးဘူး ကျုပ်သားအသက်မသေဖို့အရေးကြီးတယ်၊ ကျုပ်သားကို အသက်ထပ်ဆက်ပေးပါ အင်းတော်ရှင်ရာ”
“ငါပြောပြီးသားပဲ၊ သုံးနှစ်ဆိုတာ ငါ့အတွက် အစွမ်းအကုန်ပဲ၊ ဒီထပ်တော့ ငါလည်းမတတ်နိုင်ဘူး”
“လုပ်ပါဗျာ၊ ကျေးဇူးပြုပြီး ကျုပ်သားလေးကိုကယ်ပေးပါ၊ ကျုပ်သားအသက်ရှင်မှရမယ်၊ ကျုပ်သေချင်သေပါစေ ကျုပ်သားလေးကိုတော့ အသက်ရှင်စေချင်တယ်”
အင်းတော်ရှင်က ခေါင်းခါလိုက်လေသည်။ ကိုသံခဲတစ်ယောက် ကလေးအသက်ရှင်ရန်အတွက်နည်းးလမ်းမျိုးစုံ ရှာဖွေနေမိသည်။ ရေနက်ပိုင်းဆီသို့ ဆင်းလာခဲ့ပြီးနောက် အင်းရေအောက်ကြမ်းပြင်ဆီသို့ရောက်လာခဲ့သည်။
“အားလုံးထွက်လာခဲ့ကြဟေ့”
ကိုသံခဲက အော်ဟစ်လိုက်သည့်အခါ အင်းရေအောက်ကြမ်းပြင်မှ မည်းမည်းသဏ္ဍာန်ရှိသည့် ရေသရဲကြီးများမှာ တိုးထွက်လာခဲ့ကြသည်။ ရေသရဲကြိးများမှာ လူအသွင်ခန္ဓာကိုယ်မရှိဘဲ ပုံပျက်ပန်းပျက်နှင့် ကြောက်စရာပုံစံကြီးများဖြစ်သည်။ ကိုသံခဲက ရေသရဲကြီးများကိုကြည့်လိုက်ရင်း
“ကဲ၊ ဒီအင်းထဲမှာ ထူးဆန်းတာမှန်သမျှ၊ ငါ့ကိုသတင်းပို့ရမယ်”
ရေသရဲကြီးများမှာ အသံပေါင်းစုံနှင့် အော်ဟစ်ပြောဆိုလေသည်။ ထိုအခါ ရေသရဲကြီးတစ်ကောင်က
“သုဿန်ကျွန်းမှာ ဘုန်းကြီးတစ်ပါး ဓုတင်ကျင့်နေတယ်”
“ဘုန်းကြီး၊ ဘုန်းကြီးဟုတ်လား”
ကိုသံခဲတစ်ယောက်မျက်လုံးပြူးသွားသည်။
“ဘုန်းကြီးတွေကများ ငါ့သားကလေးကို ကယ်နိုင်မလား”
ကိုသံခဲလည်း နောက်ဆုံးကောက်ရိုးတစ်မျှင်ဖြစ်ဖြစ် အားကိုးရတော့မည်ဖြစ်သည်။ ထို့ကြောင့် ရေပေါ်သို့တက်ခဲ့လိုက်တော့သည်။ ညောင်ခြေထောက်ကျွန်းဆီသို့ရောက်သည့်အခါ လှေပေါ်မှနေ၍ အိမ်ကလေးဆီသို့ကြည့်ရင်း လှမ်းအော်လေသည်။
“မိချောရေ၊ ဟေ့မိချော”
“ဘာတုန်းတော့ ကိုသံခဲ”
“ငါ့ကိုချစ်ချောကလေးပေးစမ်း”
“အလိုတော်၊ ကလေးက အိပ်နေတာပါ၊ နိုးလာတော့မှ ချီပေါ့တော်”
“မရဘူး၊ ငါအရေးကြီးတယ်၊ အခုပဲ ကလေးကိုငါ့ကိုပေးစမ်း”
မိချောက ဘုမသိဘမိသဖြင့် ကလေးကိုပုခက်အတွင်းမှ ဆွဲထုတ်လိုက်ကာ ကိုသံခဲလက်အတွင်းသို့ထည့်ပေးလိုက်လေသည်။ ကိုသံခဲက ကလေးလက်ထဲရောက်သည်နှင့်
“မိချော၊ နင်က တော်တော်စိတ်ကောင်းမရှိတဲ့သူပဲ၊ နင့်ဟာလေ၊ မိခင်မေတ္တာဆိုတာတောင်မရှိတဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ကောင်မပဲ”
“ရှင်ဘာတွေပြောနေတာလည်း ကိုသံခဲ”
“နင်အခုမှ ဘာမှမသိသလိုလုပ်မနေနဲ့၊ နင့်အမေငါ့ကိုပြောပြလို့ ငါအကုန်သိပြီးပြီ”
“ဟင်၊ အမေက ဘယ်လိုလုပ်ပြီးပြောပြတာလဲ သူက သေပြီးမဟုတ်လား”
ကိုသံခဲက အင်းရေပြင်ကိုတစ်ချက်ကြည့်လိုက်သည့်အခါ ရေပြင်အောက်မှ မိချောအမေက ထွက်ပေါ်လာခဲ့သည်။
“သမီးရေ၊ သမီးရဲ့ လောဘတွေ၊ ဒေါသတွေ၊ မောဟတွေကို ဒီလောက်နဲ့ပဲ လျှော့လိုက်ပါတော့သမီးရယ်”
“အမေ၊ အမေက ဘယ်လိုလုပ်ပြီး အဲဒီကိုရောက်နေတာလဲ”
“ကဲ မိချော၊ နင်ဘာမှ ငြင်းမနေနဲ့တော့၊ ငါ့သားကို နင်ဝိညာဉ်နှုတ်ဖို့လုပ်ထားတယ်မဟုတ်လား၊ ဒီတော့ ဒီနေ့ကစပြီးငါ့သားကို နင်ထိခွင့်မရှိဘူး၊ နင်နဲ့ငါ့သားနဲ့ ဘယ်တော့မှ တွေ့စရာအကြောင်းမရှိဘူး”
“မလုပ်ပါနဲ့ ကိုသံခဲရယ် သားလေးကို ကျုပ်ကိုပြန်ပေးပါ”
“မပေးဘူး၊ မလာနဲ့၊ ပြီးတော့ ငါလည်းကျိန်ဆိုမယ်၊ နင်ဒီနေ့ကစပြိး ဟောဒီအင်းရေပြင်နဲ့ ထိလို့မရပါစေနဲ့၊ နင် ဒီကျွန်းကလေးအပေါ်မှာပဲ တစ်သက်လုံးနေရပါစေ”
“မလုပ်ပါနဲ့၊ မလုပ်ပါနဲ့”
ကိုသံခဲမှာ ထိုသို့ပြောပြီး လှေကိုလှော်ခတ်လာခဲ့တော့သည်။
သုဿန်ကျွန်းကြီးမှာ ယခင်ကအတိုင်းပင် တိတ်ဆိတ်ငြိမ်သက်နေလေသည်။ ကိုသံခဲလည်း အင်းရေစပ်တွင် လှေကိုရပ်တန့်လိုက်ပြီးနောက် သုဿန်ကျွန်းပေါ်သို့ကြည့်ရင်း အသံပြဲကြီးနှင့် ဟစ်အော်တော့သည်။
“အရှင်ဘုရား၊ တပည့််တော်သားလေးကို ကယ်ပါအုံးဘုရား”
သုံးလေးခါခန့် အော်ဟစ်ပြီးသည့်အခါမှ ဦးဇင်းတစ်ပါးက ကျွန်းစပ်သို့ဆင်းလာခဲ့သည်။
“အလို၊ ဒကာကြီး ဘာဖြစ်လို့များအော်နေရတာလဲ”
“မှန်ပါ တပည့်တော်သားကလေးကို ကယ်တင်ပါအုံးဘုရား”
ကိုသံခဲက ချစ်ချောကလေးအား ဦးဇင်းထံသို့ လက်ထိုးပေးလိုက်ရာ ဦးဇင်းက ချစ်ချောကလေး၏ နဖူးကိုစမ်းသပ်ကြည့်ရင်း ခေါင်းခါလေသည်။
“တော်တော်အကုသိုလ်ကံများတဲ့ကလေးလေးပါလား”
“ဒကာကြီးတို့မိဘနှစ်ပါးက ဘုရားတရားဆိုတာကိုမသိ၊ ကုသိုလ်၊ အကုသိုလ်ဆိုတာကို မသိဘဲ တစ်ချိန်လုံး မကောင်းတဲ့အကုသိုလ်တွေကို ကျူးလွန်ခဲ့ကြတဲ့ အပြစ်တွေရဲ့ အကျိုးဆက်ကို ဒီကလေး ခံစားနေရတာပဲ ဒကာကြီး”
“တင်ပါ့ဘုရား တပည့်တော် မှားမိပါတယ်”
“ဒီကလေးဟာ ဒီအတိုင်းဆိုရင်တော့ အသက်ရှည်ဖို့ ကံမရှိဘူးဒကာကြီး၊ ဒါပေမယ့် ဦးဇင်း ကယ်တင်ပေးလိုက်ပါ့မယ်”
ဦးဇင်းက သင်္ကန်းကြားမှ ဆေးဘူးကလေးတစ်ဘူးကိုထုတ်ယူလိုက်ပြီးနောက် ချစ်ချောကလေး၏ ဦးခေါင်းသို့ ဆေးမှုန့်များကိုဖြူးကာ ပွတ်သပ်ပေးလိုက်တော့သည်။
“ကျေးဇူးကြီးလှပါတယ် ဦးဇင်း”
“ဒီကလေးက တစ်နေ့မှာ ဟောဒီအင်းကြီးအနီး သာသနာပြုမယ့်လူတစ်ဦး ဖြစ်လာလိမ့်မယ်ဒကာကြီး၊ ဒကာကြီး ဒီကလေးကို သေသေချာချာမွေးမြူထားပါ”
ဦးဇင်းမှာ ပြောကြားပြီးနောက် သုဿန်အတွင်းသို့ ပြန်ထွက်သွားတော့သည်။ ကိုသံခဲလည်း ချစ်ချောကလေးအား ခေါ်ဆာင်လာခဲ့ကာ ကွေးကောက်ရွာရှိ ရွာလူကြီးအိမ်တွင် အပ်နှံလိုက်လေတော့သည်။
အကျဉ်းချုပ်အားဖြင့််ဆိုရသော် စုန်းမကြီးဒေါ်မိချောမှာ ထိုကျွန်းကလေးမှ ထွက်ခွာမရဘဲ ထိုနေရာတွင်ပင် ခေါင်းချသေဆုံးသွားခဲ့လေသည်။ ချစ်ချောကလေးမှာ တံငါသည်တစ်ဦးဖြစ်ခဲ့သည်။ သို့သော် အသက်အရွယ်ကြီးရင့်လာသည့်အချိန်တွင် ကိုသံခဲက ချစ်ချောအား ရေသရဲကြီးများကို ပြသပြီးနောက် လမ်းမှန်ရောက်အောင် ညွှန်ပြပေးခဲ့သည်။ ချစ်ချောလည်း အသိတရားရသွားပြီးနောက် ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်ယုံကြည်သူတစ်ဦးဖြစ်သွားလေသည်။ ချစ်ချောမွေးသည့် သားကလေးအား ရှင်ပြုပေးရာ ထိုသားကလေးမှာ ရှင်သာမဏေဘောင်တွင် မွှေ့လျော်ပြီး နောင်သောအခါ ဆရာတော်ကြီးတစ်ဦးဖြစ်သွားခဲ့ကာ ကွေးကောက်အင်းကြီးတစ်ခွင်တွင် သာသနာပြုလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လေတော့သည်။
ထူးဆန်းသည်မှာ ထိုဆရာတော်ကြီး သာသနာပြုရန်၊ ဘုရား ပုထိုးများတည်ဆောက်ရန် ငွေကြေးလိုအပ်ပါက ကန်အောက်မှ ငါးကြီးများက ရွှေဒင်္ဂါးပြားများ၊ ကျောက်သံရတနာများကို လာရောက်အန်ချပေးခြင်းဖြစ်သည်။ ထိုသည်မှာလည်း ကိုသံခဲနှင့် အင်းတော်ရှင်တို့၏ အကူအညီပင် ဖြစ်လိမ့်မည်ဟု လူအများက ပြောဆိုကြလေသည်။ ယခုဆိုလျှင် ဆရာတော်ကြီးပင် သက်တော်ကြီးရင့်ကာ ဘဝနတ်ထံ ပျံလွန်တော်မူသွားပြီဖြစ်သည်။ သို့သော်လည်း အင်းကြီးအတွင်းတွင် စောင့်ကြပ်နေရသည့် အင်းသရဲကြီးတစ်ဖြစ်လဲ တစ်ပွဲစားကြီး ဦးသံခဲမှာတော့ သူကတိသစ္စာပြုထားသည့် နှစ်ကာလအပိုင်းအခြား မရောက်သေးသရွှေ့ ထိုအင်းကြီးထဲတွင် လှေငယ်ကလေးတစ်စင်းဖြင့် ရှိနေအုံးမည်ဖြစ်ပါတော့သည်။
ပြီးပါပြီ။