” ဂမ္ဘီရလုလင်နှင့် မှင်စာငါးကောင် “(စ/ဆုံး)
================================
ကျုပ်နဲ့ဆရာကြီးလည်း ဘုန်းကြီးတစ္ဆေကိစ္စကို
ဖြေရှင်းပြီးတဲ့နောက် အဲ့သည်မြို့ကနေ
ခရီးဆက်လာရင်းနဲ့လမ်းမှာ…
“လုလင်…”
“ဗျာ…ဆရာကြီး”
“မောင်ရင်…ကျုပ်နောက်ကိုလိုက်ရဲတဲ့
သတ္တိတော့ရှိပါတယ်နော်…”
လို့ဆရာကြီးက ကျုပ်ကိုမေးလာတယ်ဗျ။
ကျုပ်ကလည်း…
“ကျုပ်က လန့်တာပဲရှိတာပါဆရာကြီးရယ်…
ကျုပ်မကြောက်တတ်ပါဘူးဗျ…
လုလင်ဆိုတဲ့ကောင်က သတ္တိရှိပြီးသားပါဗျာ…”
လို့ကျုပ်ကဖြေတော့ဆရာကြီးကသဘောကျသွားတယ်ဗျ။
ဆရာကြီးသဘောကျရင်သိပ်သိသာတာ…
ခါတိုင်းဆိုမျက်နှာထားတည်တည်နေတတ်ပေမယ့်
အခုတော့ဆရာကြီးမျက်နှာကပြုံးလို့နေတာဗျို့။
အဲ့နောက်ကျုပ်နဲ့ဆရာကြီးတို့လည်းခရီးဆက်လာခဲ့တာ
ရွာတစ်ရွာကိုရောက်လာခဲ့တယ်ဗျ။
ရွာထိပ်ကိုခြေချတာနဲ့ လူတွေရဲ့ဆူညံသံတွေကိုကြားလိုက်ရတော့တာပဲဗျို့။
ဆူသံတွေကသာမာန်မဟုတ်ဘူးဗျ…။
အကြိတ်အနှယ်ရန်ဖြစ်နေကြတဲ့အသံတွေဗျ။
“လုလင်…”
“ဗျာ…ဆရာကြီး”
“ဟိုရှေ့ကရေကန်နားမှာရန်ဖြစ်နေကြတာကွ…
လာ…လာ…မင်းငါ့အနောက်ကပဲလိုက်ခဲ့နော်…
ကြားလားကွ…”
“ဟုတ်ကဲ့ဆရာကြီး”
ကျုပ်တို့လည်းအသံတွေဆူနေတဲ့နေရာကို
သွားကြတာပေါ့ဗျာ။
ဆရာကြီးပြောသလိုပဲဗျ…
ရွာအပြင်ကရေကန်နံဘေးမှာ လူတွေရန်ဖြစ်နေကြတာဗျို့…။
မိန်းမတွေ…ယောကျာ်းတွေ…ကလေးတွေပါ…
အကုန်ပါတယ်ဗျ။
မိန်းမတွေကမိန်းမချင်းရန်ဖြစ်လုံးသတ်နေကြသလို…
ယောကျာ်းတွေကလည်းယောကျာ်းချင်းထိုးလိုက်ချလိုက်နဲ့ဗျ…
ဟော…ဟော…ကလေးတွေကလည်း
တစ်ယောက်နဲ့တစ်ယောက် အရလုပ်နေကြတာပဲဗျို့…။
ကျုပ်ဖြင့်ဒီလိုရန်ပွဲကြီးမျိုးမတွေ့ဖူးပေါင်ဗျာ…
ကြုံကိုမကြုံဖူးတာဗျ….။
“ဟိတ်…ရပ်ကြစမ်း”
ဆရာကြီးက အဲ့သည်ရန်ဖြစ်နေကြတဲ့
လူတွေကိုတားတယ်ဗျ။
လူကြီးတွေကလည်းဆွဲရကောင်းမှန်း
မသိသူတို့ကပါ ရန်ဖြစ်နေကြတာဗျ။
အဘိုးကြီး၊အဘွားကြီးတွေကတော့ရန်မဖြစ်နိုင်လို့သာပဲဗျို့
ပါးစပ်ကနေဆဲဆိုနေလိုက်ကြတာနားမခံသာပါဘူးဗျာ။
ကျုပ်အထင်ရွာနှစ်ရွာစာလူတွေထင်ပါရဲ့..
လူအတော်များတာခင်ဗျ။
ဆရာကြီးအသံကိုလည်းသူတို့မကြားဘူးဗျို့…။
ဘယ်ကြားမလဲဗျာသူနိုင်ကိုယ်နိုင်ရန်သတ်နေရတာနဲ့
ကြားမှာမဟုတ်ဘူးဗျ။
ဆရာကြီးကလည်း
အဲ့သည်လူတွေကိုစိုက်ကြည့်နေတယ်ဗျ။
တားမရပြုမရဆိုတော့ဆရာကြီးစဥ်းစားနေပုံရပါတယ်။
အဲ့နောက်ဆရာကြီးကမျက်စိကိုမှိတ်ပြီး
လက်နှစ်ဖက်ကိုဆန့်ထုတ်တယ်ဗျ။
ပါးစပ်ကလည်းဂါထာတွေကို
အဆက်မပြတ်ရွှတ်နေတာကိုကျုပ်ကြားတယ်။
ဆရာကြီးအဲ့သည်လိုလုပ်နေချိန်လေတွေ
တဝေါဝေါတိုက်လာတယ်ဗျ။
ကျုပ်တို့ဘေးကရေကန်ကလည်းရေတွေတဝေါဝေါနဲ့
အသံတွေမြည်လာတယ်ဗျို့…
ကျုပ်ရေကန်ကိုကြည့်တော့…အမယ်လေးဗျာ…
ရေတွေကဝဲကန်တော့ကြီးလိုဖြစ်နေတာဗျ။
အဲ့တာကိုကျုပ်တင်မကဘူး
ရန်ဖြစ်နေကြသူတွေပါတွေ့တယ်ဗျ။
သူတို့လည်းရန်တောင်ဆက်မဖြစ်နိုင်ပါဘူးဗျာ…
ရေကန်ကိုအလန့်တကြားနဲ့ကြည့်နေခဲ့ကြတာဗျ။
အဲ့အချိန်ဆရာကြီးက မျက်လုံးဖွင့်လာပြီးသူတို့ကို…
“ဟေ့…နင်တို့ရန်ဖြစ်တာရပ်ကြမလား…
ဒါမှမဟုတ်နင်တို့ကိုဟောသည်ရေတွေနဲ့
ဖုံးပစ်လိုက်ရမလား…ကဲ…ရွေးကြစမ်းဟဲ့…”
လို့ဆရာကြီးက ပြောတယ်ဗျ။
ဆရာကြီးအသံကစိတ်တိုနေပုံရတယ်ဗျို့။
တစ်ဖက်ကလူတွေကလည်းရေကန်ကိုကြည့်လိုက်…
ဆရာကြီးကိုကြည့်လိုက်နဲ့….သူတို့လည်းအတော်လေး
ကြောက်နေပုံရတယ်ဗျ…။
အဲ့လိုနဲ့အသက်ကြီးတဲ့လူကြီးတွေကပဲ…
“ကျုပ်တို့ရန်မဖြစ်တော့ပါဘူးကွယ်…
စိတ်လိုက်မာန်ပါတော့မလုပ်လိုက်ပါနဲ့….”
လို့ဝင်ပြောကြတယ်ဗျ။
အဲ့သည်တော့မှကျန်ယောကျာ်းတွေ…
မိန်းမတွေ…ကလေးတွေက ဆရာကြီးအရှေ့မှာလက်အုပ်လေးချီပြီး ထိုင်ကြတော့တာပဲဗျို့…။
သူတို့ကလက်အုပ်လေးတွေချီပြီး…
“ကျုပ်တို့ရန်မဖြစ်တော့ပါဘူးတော်…
ခွင့်လွှတ်ပေးပါဆရာကြီးရယ်…”
လို့ဝိုင်းပြောကြမှ… ရေကန်ကနဂိုအတိုင်း
ပြန်ဖြစ်သွားတာဗျ…။
ကျုပ်လည်းသူတို့အစားဝမ်းသာတာပေါ့ဗျာ…
အခြေအနေကအရင်တိုင်းပြန်ဖြစ်သွားတော့
လူကြီးနှစ်ယောက်ကဆရာကြီးနားကပ်လာတယ်ဗျ။
“ကျုပ်က ဟိုဘက်ခရမ်းလှရွာကသူကြီးပါဆရာကြီး”
ဟောတစ်ယောက်ကလည်း…
“ကျုပ်ကဒီကန်စုရွာကသူကြီးပါဆရာကြီး…”
လို့မိတ်ဆက်ကြတယ်ဗျ။
ဆရာကြီးကသူတိုနှစ်ယောက်ကိုသေချာကြည့်ပြီး…
“နေပါဦး…. မင်းတို့ကရန်ဖြစ်တာကိုဝင်မတားတဲ့အပြင်…
ဘာလို့ဦးဆောင်ရန်ဖြစ်နေကြရတာလဲ…”
လို့ဆရာကြီးကမေးတော့ သူကြီးတွေက…
အပြိုင်လက်ညိုးတွေထိုးပြီး…
“သူတို့… ကျုပ်တို့ရွာက ကြက်တွေကို
ညတိုင်းဝင်ဝင်ခိုးနေလို့ပါ..”
လို့ ပြိုင်တူပြောကြတယ်ဗျ။
ကျုပ်ဖြင့်အံ့သြလိုက်တာဗျာ…
နှစ်ရွာလုံးမှာကြက်တွေအခိုးခံနေရတာကိုးဗျ။
သူ့ရွာခိုးတယ်…ကိုယ့်ရွာခိုးတယ်နဲ့ဆက်ပြီးငြင်းနေကြတော့
ဘေးကလူတွေပါပြန်ရန်ဖြစ်လာကြတယ်ဗျ။
“တိတ်ကြစမ်း…”
ဆရာကြီးအသံကပြတ်သားလွန်းတယ်ဗျို့…။
အကုန်ငြိမ်ကျကုန်တာဗျ။
“မင်းတို့ရွာမှာ…ဘာတွေဖြစ်နေကြသလဲဆိုတာ…
ငါ့ကိုသေချာရှင်းပြ…နေဦး…
တစ်ယောက်ချင်းပြောကြ…”
ဆရာကြီးကသူကြီးတွေကိုပြောလိုက်တယ်ဗျ။
အဲ့လို ကန်စုရွာကသူကြီးက…
“အခုလိုဖြစ်နေတာအတော်ကြာပါပြီဆရာကြီး…
ကျုပ်တို့ရွာကအိမ်တွေမှာ ကြက်တွေအခိုးခံနေရတယ်ဗျ…
အစကတော့ ခွေးဆွဲတာထင်နေတာ…
နောက်သေချာစောင့်ကြည့်တာပေါ့ဗျာ…
ကျုပ်တို့စောင့်ကြည့်လည်းမရဘူးဗျ…
ဒင်းတို့ကအတော်လည်တာ…
နောက်ဆုံးဗျာ…ဒင်းတို့ရွာဘက်ကိုသွားနေတဲ့
ခြေရာတွေမြင်မှ…ဒီကြက်သူခိုးတွေက
ဒင်းတို့ရွာကဆိုတာသေချာသွားတာဗျ”
လို့ပြောတော့ ခရမ်းလှရွာကသူကြီးကလည်း…
“ဟေ့ကောင်…မင်းငါပြောမယ့်
စကားတွေပြောနေတာပါလားကွ…
အဲ့သည်ကြက်သူခိုးကမင်းတို့ရွာကလာတာကွ…
ငါတို့ကြက်တွေအခိုးခံရတာဘယ်လောက်စောင့်ကြည့်ကြည့်
မနက်ဆိုခြေရာတွေကျန်ခဲ့တယ်…
ခြေရာတွေကိုလိုက်ကြည့်တော့လည်း…
မင်းတို့ရွာဘက်ကနေလာတာဆိုတာ
ငါတို့တစ်ရွာလုံးသိတယ်ကွ…”
“ဟုတ်တယ်…ဟုတ်တယ်…”
“ဘာဟုတ်ရမှာလည်း…မင်းတို့ကမှသူခိုးဆိုတာ…
ငါတို့တစ်ရွာလုံးသိတယ်ကွ”
ပိုရှုပ်ကုန်ပြီဗျို့…။
သူကြီးတွေကလည်းအပြိုင်ငြင်းနေကြသလို…
ရွာသူ၊ရွာသားတွေကလည်းသူတို့သူကြီးတွေဘက်ကနေ
အော်ဟစ်ပြီးထောက်ခံနေကြတာဗျ။
“နေကြပါဦး…ကျုပ်ပြောတာကို
အရင်နားထောင်ကြပါဦးကွယ်…”
လို့ကျုပ်ဆရာကြီးကပြောမှတိတ်သွားကြတယ်ဗျ။
ဆရာကြီးကလည်း…
“မင်းတို့ရွာတွေမှာမင်းတို့
မွေးထားတဲ့ကြက်တွေပျောက်တယ်…ဟုတ်ပြီ…
ဒါက တူညီတဲ့အချက်ပဲ…
အချင်းချင်းတိုင်ပင်ပြီးကြက်သူခိုးကိုဖမ်းရမယ့်ကိစ္စကို
မင်းတို့ကဒီအစားရန်ဖြစ်နေရတယ်လို့ကွာ…”
လိုဆရာကြီးကပြောလိုက်တယ်ဗျ။
ကျုပ်စိတ်ထဲလည်းဆရာကြီးလိုပဲထင်တယ်ဗျ။
ဒီကန်စုရွာနဲ့ ခရမ်းလှရွာက
အချင်းချင်းမသင့်မြတ်ကြပုံမရဘူးဗျ။
ဒါကြောင့်လည်းကြက်သူခိုးကိစ္စနဲ့ပတ်သတ်ပြီး
ရန်ပွဲတွေပိုဖြစ်လာကြပုံရတယ်ဗျ။
ဒါကိုဆရာကြီးကသိတော့…
“ဒီလိုလုပ်…ငါဒီညမင်းတို့ရွာနှစ်ရွာကြားမှာတည်းမယ်…
ဒီညသူခိုးရအောင်ဖမ်းပေးရင်မင်းတို့ကျေနပ်ကြမလား”
လို့ဆရာကြီးကပြောတော့ကျူပ်မျက်လုံးပြူးသွားတယ်ဗျို့။
ကျုပ်လိုပဲရွာသူ၊ရွာသားတွေကလည်းအံ့သြသွားကြတယ်ဗျ။
ကျုပ်မျက်လုံးပြူးမှာပေါ့ဗျာ…
ရွာပြင်မှာတည်းစရာနေရာမှမရှိတာဗျ။
ရေကန်ဘေးမှာလည်းအပင်ကြီးအပင်လတ်စုံလို့ဗျ…
တောကြီးကိုဖြစ်လို့…။
ဒါကိုဆရာကြီးကဒီနှစ်ရွာကြားမှာတည်းမယ်ဆိုတော့
ကျုပ်မျက်လုံးပြူးရတာပေါ့ဗျာ…။
အဲ့တာနဲ့ကန်စုရွာသူကြီးက…
“ဆရာကြီးက ဆရာကောင်းသမားကောင်း
တစ်ယောက်ဆိုတာ
ကျုပ်တို့ကြည့်တာနဲ့သိပါတယ်ဗျာ…
ဒါပေမယ့် အဲ့သည်လောက်ထိတော့မလုပ်ပေးပါနဲ့
ကျုပ်တို့ခွေးဖြစ်ကုန်ပါ့မယ်ဗျာ…”
လိုပြောတော့ ခရမ်းလှရွာသူကြီးကလည်း…
“သူပြောတာဟုတ်တယ်ဗျ…
ကျုပ်တို့တွေတစ်ညလုံးကင်းစောင့်တာတောင်
ဒီသူခိုးကိုမမိခဲ့ဘူးဗျ…
ဆရာကြီးတို့သက်သက်ပင်ပန်းပါတယ်ဗျာ…”
လို့ဝင်တားပြန်သည်။
သူတို့တားတာကိုဆရာကြီးကခေါင်းကိုခါရမ်းပြီး…
“ကျုပ်ကပြောရင်ပြောတဲ့အတိုင်းပဲလုပ်တယ်…
မောင်ရင်တို့ပြန်ကြတော့…မနက်ကျရင်သာကျုပ်ဆီလာခဲ့ကြ”
လို့ဆရာကြီးကအားလုံးကိုပြန်ခိုင်းတယ်ဗျို့။
သူတို့လည်းအချင်းချင်းစကားတွေပြောပြီး
ပြန်သွားကြတာပေါ့ဗျာ။
ကျုပ်နဲ့ဆရာကြီးပဲအဲ့သည်
ရေကန်ဘေးမှာကျန်ခဲ့တယ်ဗျ။
“လုလင်…”
“ဗျာ…ဆရာကြီး…”
“လာကွာ…ကျုပ်နဲ့မောင်ရင်ဒီရေကန်ဘောင်ပေါ်မှာပဲ
တစ်ညတည်းကြတာပေါ့…”
“ဟုတ်ကဲ့ဆရာကြီး…”
ကျုပ်လည်းဘာမှမတွန့်မတက်ရဲဘူးဗျို့…။
ဆရာကြီးက နေဆိုနေ…သွားဆိုသွားရတာပဲဗျ။
ကျုပ်လည်း ဆရာကြီးထိုင်မယ့်နေရာတွေကိုသေချာရှင်းလင်း
ပေးပြီးမှဆရာကြီးကိုထိုင်ခိုင်းလိုက်တယ်…။
“ကောင်လေး…အပေါ့အပါးသွားရင်
ခွင့်တောင်းဦးကွနော်…”
“ဟုတ်ကဲ့ဆရာကြီး”
“အေး…မင်းဗိုက်ဆာနေလားကွ…”
“ဆာတော့ဆာနေပြီဗျ…
ငှက်ပျောသီးတချို့တော့ကျန်သေးတယ်ဆရာကြီး”
“အေး…အေး…ရှိတာလေးစားထားလိုက်ကွာ…”
ဆရာကြီးကအဲ့သည်လိုပြောပြီး ကန်ကြီးကိုကြည့်ရင်း
ပုတီးထိုင်စိပ်နေတယ်ဗျ။
ဆရာကြီးကရောက်တဲ့နေရာတိုင်းအားရင်
ပုတီးစိပ်တတ်တာကိုတော့ကျုပ်သိထားတယ်ဗျ။
ကျုပ်လည်းငှက်ပျောသီးကိုဆရာကြီးအတွက်ဖယ်ပေးထားပြီး
တစ်လုံးယူစားလိုက်တယ်။
ငှက်ပျောသီးကအလေ့ကျပေါက်တဲ့
အပြင်ပင်မှည့်သီးဆိုတော့ချိုနေတာပဲဗျို့…။
ဒီအသီးကိုဘယ်ကရလဲဆိုရင်ကျုပ်တို့ဆရာတပည့်
လမ်းမှာတွေ့တာနဲ့ခူးလာခဲ့တဲ့အသီးပဲဗျ။
ကျုပ်လည်းငှက်ပျောသီးနဲ့ဗိုက်ဖြည့်နေတုန်း…
ကန်စုရွာဘက်ကနေ လူနှစ်ယောက် ရောက်လာတယ်ဗျ။
သူတို့လက်ထဲမှာလည်း စားစရာတွေပါလာတာကိုကျုပ်တွေ့လိုက်တော့စိတ်ထဲပျော်သွားတာပေါ့ဗျာ။
“ဟေ့…ငါ့ညီ…”
“ဗျာ…”
“ဒီမှာတို့သူကြီးကမင်းနဲ့ဆရာကြီးစားဖို့
ထမင်းနဲ့ဟင်းအပြင် ငှက်ပျောသီး၊လက်ဖက်သုပ်…
ဟောသည်မှာအကြမ်းရေအိုးပါအပြည့်အစုံထည့်ပေးလိုက်တယ်ကွ…”
လို့ကျုပ်ကိုပြောပြီး ချပေးကြတယ်။
“ကျေးဇူးတင်ပါတယ်ဗျာ…”
“မလိုပါဘူးကွာ…ဒါနဲ့သူကြီးက
လူလိုရင်ငါတို့ကိုပါဒီမှာနေပေးဖို့ပြောလိုက်တယ်…
ဆရာကြီးခွင့်ပြုရင်ပေါ့ကွာ…”
လို့ရွာသားကြီးကပြောတော့ကျုပ်လည်းဆရာကြီးကို
ကြည့်လိုက်တာပေါ့ဗျာ။
ကျုပ်ကြည့်တော့ဆရာကြီးက
ပုတီးစိပ်နေရင်းကနေခေါင်းရမ်းပြတယ်ဗျ။
“ဟို…ရတယ်ဗျ…
ဆရာကြီးမှာထားသလိုပဲမနက်မှလာခဲ့ကြပါ…”
” အေးပါကွာ…ဒါနဲ့ဆရာကြီးနာမည်ကဘယ်လိုခေါ်တုန်းကွ…
မင်းကရောဆရာကြီးနဲ့ဘာတော်တာလဲ…”
လို့ကျုပ်က်ုဆက်မေးလာတယ်ဗျ။
ကျုပ်ကလည်း…
“ဆရာကြီးနာမည်က…ဘိုးကျော့တဲ့ဗျ…
ကျုပ်ကဆရာကြီးရဲ့တပည့်ပါ…
ဘာဖြစ်လို့လဲဗျ…”
လို့ပြန်မေးတော့…
“ဘာမှမဖြစ်ပါဘူးကွာ…
ငါတို့ကလည်းသူကြီးကိုပြန်ပြောရမှာမလို့ပါငါ့ညီရ…
မင်းကအတော်ငယ်သေးတာပဲ…
ဘယ်ကိုများခရီးသွားကြမလို့လဲကွ…”
လို့ထပ်မေးပြန်တယ်ဗျို့…။
ကျုပ်လည်းစိတ်မရှည်တော့ဘူးဗျ။
ဆရာကြီးလည်းပုတီးစိပ်တာတောင်သေချာစိပ်နိုင်ပုံမရဘူးလေ။
“ဒီမှာနောင်ကြီးတို့…
မေးချင်တာရှိရင်မနက်မှလာမေးကြဗျာ…
အခုကျုပ်ဆရာ…ပုတီးစိပ်တာ
အနှောက်အယှက်ဖြစ်တယ်ဗျ…
ပေးစရာပေးပြီးရင်ပြန်ပါတော့ဗျာ…”
လို့ကျုပ်တော့ရွာသားကြီးတွေမျက်နှာပျက်သွားတယ်ဗျ။
ပျက်လည်းမတတ်နိုင်ဘူးဗျာ…
ကျုပ်ဆရာကြီးပုတီးစိပ်တာအာရုံမရမှာပဲ
ကျုပ်စိတ်ပူတာဗျ။
“သြော်…အေး… အေးပါကွာ…
ဒါဆိုလည်းငါတို့မနက်မှပဲလာခဲ့မယ်နော်…”
လို့ပြောပြီးသူတို့လည်းပြန်သွားတော့တယ်ဗျ။
ဒါပေမယ့်မကြာပါဘူးဗျာ…
ခရမ်းလှရွာဘက်ကနေရွာသားနှစ်ယောက်
ရောက်လာပြန်တယ်ဗျ။
စောစောကလိုပဲအစားအသောက်တွေလာပေးတာပေါ့ဗျာ။
ကျုပ်လည်းပေးစရာပေးခိုင်းပြီး
သူတို့ကိုလည်းပြန်ခိုင်းရတာပေါ့ဗျာ…။
ကျုပ်လည်းဆရာကြီးပုတီးစိပ်ပြီးမှသူတို့လာပေးတဲ့
ဟင်းတွေထမင်းတွေစားဖို့ပြင်ပေးရတယ်ဗျ။
“လုလင်…မင်းလည်းပုတီးစိပ်ကွနော့”
“ဟုတ်ကဲ့ဆရာကြီး…”
ထမင်းစားသောက်ပြီးတော့…
ကျုပ်ကိုလည်းဆရာကြီးကအတူတူပုတီးစိပ်ခိုင်းတယ်ဗျ။
ပုတီးစိပ်နည်းတွေ…ရွှတ်ရမယ့်စာတွေကိုဆရာကြီးက
ကျုပ်ကိုသင်ထားပေးတာကြာပြီဗျ။
ကျုပ်ကလည်းဆရာကြီးသင်ပေးထားသလိုစိပ်ရတာပေါ့ဗျာ။
ကျုပ်တို့ပုတီးစိပ်နေတုန်းခြင်တွေကလည်း
အတော်ကိုက်တယ်ဗျ။အလင်းရောင်ဆိုလို့ဆရာကြီး
ထွန်းထားတဲ့ဖယောင်းတိုင်အလင်းပဲရှိတာလေဗျာ…။
ဒါပေမယ့်ရေကန်ကိုဖြတ်တိုက်လာတဲ့လေနုအေးလေးတွေကြောင့်တော့အနည်းငယ်နေသာပါသေးတယ်။
ခြင်ကိုက်တဲ့ဒဏ်ကိုသည်းခံပြီး
ကျုပ်လည်းပုတီးစိပ်ရတာပေါ့ဗျာ။
ဘာလိုလိုနဲ့အချိန်ကညသန်းခေါင်ကျော်လာတယ်ဗျ။
ကျုပ်ဘေးနားကနေခြေသံလိုလိုဘာလိုလိုကျုပ်ကြားတော့
ဆရာကြီးများ ပုတီးစိပ်ပြီးသွားတာလားလို့
ကျုပ်တွေးမိတာပေါ့ဗျာ…။
အဲ့တာနဲ့ကျုပ်လည်းပုတီးစိပ်တာကိုရပ်ပြီး
မျက်လုံးဖွင့်ကြည့်လိုက်တယ်ဗျ။
“ဟင်…”
ကျုပ်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်
ကျုပ်လန့်သွားတယ်ဗျို့…။
ကျုပ်မြင်နေရတာ…ကလေးလေးငါးယောက်ဗျ…။
အယ်…ကလေးတွေလည်းမဟုတ်ပြန်ဘူးဗျ။
အရပ်က လေးနှစ်သားအရွယ်လေးလောက်ပဲရှိတာဗျ။
ဒါပေမယ့်သူတို့မျက်နှာကြီးတွေက
လူကြီးမျက်နှာကြီးတွေနဲ့…
ဆံပင်တွေကလည်းဖရိုဖရဲနဲ့ဗျ…။
သူတို့ငါးယောက်က ကျုပ်တို့ပုတီးမစိပ်ခင်
ဆရာကြီး…ထမင်းနဲ့ဟင်းတွေပုံပေးထားခဲ့တဲ့
နေရာမှာဟိုလျှောက်…ဒီလျှောက် နဲ့လုပ်နေကြတာဗျ…။
“ဟေ့…ခင်ဗျားတို့က ဘယ်သူတွေလဲ…”
လို့ကျုပ်ကမေးတော့ငါးယောက်လုံးက
ကျုပ်ကိုစိုက်ကြည့်နေကြတယ်ဗျ။
သူတို့အကြည့်ကြီးတွေက ကျုပ်
ကျောထဲစိမ့်တက်သွားတဲ့အပြင်
ကျုပ်လက်မှာကြက်သီးတွေတောင်ထတယ်ဗျာ…။
ဆရာကြီးကတော့ပုတီးစိပ်မပြတ်ဘူးဗျ။
“ဟေ့လူတွေ…ခင်ဗျားတို့ဘယ်သူတွေလဲလို့
ကျုပ်မေးနေတယ်လေ…”
လို့ ကျုပ်လည်းလေသံမာမာနဲ့မေးလိုက်တယ်ဗျ။
စိတ်ထဲမှာတော့လန့်နေပေမယ့် မာန်တင်းပြီးမေးရတာပေါ့ဗျာ။
ကျုပ်မေးတော့ကျုပ်ကို အနားရှိတဲ့ငှက်ပျောသီးတွေနဲ့
ထုကြတယ်ဗျို့…။
“အမယ်လေးဗျ”
ကျူပ်မှာရှောင်လိုက်တိမ်းလိုက်နဲ့အထုမခံရဖို့
ကြိုးစားရတယ်ဗျ။
“တောက်…ဒီလူတွေတော့ကွာ…”
ကျုပ်လည်းဒေါသထွက်လာပြီဗျ…။
ကျုပ်ကိုသက်သက်မဲ့ရန်လိုနေကြတာလေဗျာ…။
ကျုပ်သူတို့ကိုစိုက်ကြည့်တော့ သူတို့လက်တွေရပ်သွားတယ်ဗျ။
ကျုပ်ဆီကိုဘာနဲ့မှဆက်မပစ်တော့ဘဲ
ကျုပ်ကို ပြန်စိုက်ကြည့်နေကြတာဗျ။
“ဟာ…” လူတွေကျုပ်ထက်တဖြေးဖြေးကြီးလာတယ်ဗျို့…
ကျုပ်ကြည့်နေရင်းနဲ့ကျုပ်ထက် ခန္ဓာကိုယ်အရွယ်အစားတွေ
ကြီးလာတယ်ဗျ။
ဒါလူတွေတော့မဖြစ်နိုင်တော့ဘူးဆိုတာကျုပ်သိသွားပြီဗျ။
ဒီလူငါးယောက်ကလူဘီလူးကြီးတွေလိုဖြစ်ကုန်ကြတယ်ဗျို့…။
“မင်းတို့အစွမ်းသတ္တိက…ဒါအကုန်ပဲလားကွ…”
ဆိုတဲ့အသံကြားလို့
ကျုပ်ကြည့်မိတော့ ဆရာကြီးက
အဲ့လူတွေကိုသေချာစိုက်ကြည့်နေတာဗျ။
ကျုပ်လည်းဆရာကြီးနဲ့လူဘီလူးကြီးတွေကို
သေချာကြည့်နေတာပေါ့ဗျာ…။
ဆရာကြီးကသူတို့ကိုလက်ညိုးတွေထိုး…
ခြေဖနောင့်တွေပေါက်ပြီး…ဂါထာတွေရွှတ်ပြန်တယ်ဗျို့…။
လူဘီလူးကြီးတွေလည်းအော်ကြဟစ်ကြနဲ့
အသံတွေကိုဆူညံနေတာပဲဗျ။
ကြာလာတော့မခံသာတဲ့အဆုံး
တဖြေးဖြေးနဲ့သူတို့မူလပဂတိ
ပုံစံလေးတွေပြောင်းကုန်ကြတယ်ဗျ။
“ကဲ…မှင်စာကောင်တွေ…
လူတွေနဲ့ဝေးရာမှာမနေဘဲ…
ဘာကြောင့်အခုလိုတွေလုပ်နေကြတာလဲ…”
လို့ဆရာကြီးကမေးတယ်ဗျ။
မှင်စာကောင်တွေကလည်းဆရာကြီးရဲ့
အစွမ်းကိုအတော်ကြောက်သွားကြပုံပဲဗျ…။
မြေပေါ်မှာဒူးလေးတွေထောက်ပြီးဆရာကြီးကို
ကြည့်နေကြတယ်။
ထူးဆန်းတာကဒီမှင်စာတွေကလူစကားပြောတတ်ပုံမရဘူးဗျ။ဒါပေမယ့်ဆရာကြီးပြောတာကိုတော့
သူတို့နားလည်ပုံရတယ်။
“ဟေ့…မင်းတို့…ဒီနေ့ဒီရက်ကစပြီး
လူတွေနဲ့ဝေးရာမှာနေကြရမယ်…
အဲ့သည်လိုမှမလိုက်နာရင်
မင်းတို့ကိုငါအပြစ်ပေးရလိမ့်မယ်…ကြားကြလားဟဲ့…”
ဆရာကြီးကအဲ့သည်လိုပြောတော့ မှင်စာကောင်တွေက
ခေါင်းညိတ်တယ်ဗျ…။
“ကဲ…ဒါဆိုသွားကြတော့…”
ဆရာကြီးစကားဆုံးတော့မှင်စာတွေ
သုတ်ချေတင်ပြေးတော့တာပဲဗျို့…။
လှစ်ခနဲနဲ့မျက်စိရှေ့တင်ပျောက်သွားကြတာဗျ။
“ဆရာကြီး…ဒီလူတွေကမှင်စာတွေလားဗျ”
လို့ကျုပ်မေးတော့ဆရာကြီးကခေါင်းညိတ်ပြီး…
“အေး…အဲ့တာမှင်စာ အုပ်စုပဲလုလင်ရဲ့…”
“ဒါဆိုရွာနှစ်ရွာမှာကြက်တွေဝင်ခိုးနေတာလည်း
ဒီကောင်တွေပေါ့နော်…”
“အေးပေါ့ကွာ…
ဒီကောင်တွေလက်ချက်ပဲပေါ့…”
“ဒါဖြင့်ရွာသားတွေတွေ့တဲ့ခြေရာတွေက…
ဒီမှင်စာတွေရဲ့ခြေရာပေါ့နော်…”
“ဒီကောင်တွေကအကောင်သေးပေမယ့်
သူတို့လိုသလိုပုံကိုပြောင်းလို့ရတဲ့အစွမ်းရှိတယ်ကွဲ့…
ဒါ့အပြင်ကိုယ်တောင်ဖျောက်နိုင်တယ်မောင်ရင်ရဲ့…”
“သြော်…ဒါကြောင့်ကိုဗျ…
စောစောကသူတို့ခန္ဓာကိုယ်ကသာသေးတာ
ခြေထောက်တွေက ကျုပ်တို့
အရွယ်အစားနဲ့အတူတူပဲဆရာကြီးရဲ့ …
ရွာနှစ်ရွာအချင်းပွားလည်းပွားစရာပဲဗျာ…
ဒီကောင်တွေကဟိုရွာဝင်ခိုးဒီရွာဝင်ခိုးနဲ့
လုပ်နေကြတာကိုဗျ…”
“ဒါပေါ့ကွာ…
မှင်စာခိုးတော့ဖမ်းရခက်တာပေါ့…
ဖမ်းရခက်တော့အဲ့သည်နှစ်ရွာလည်း
အချင်းများကြပြီပေါ့ကွာ…”
ဆရာကြီးနဲ့ပြောမှကျုပ်လည်းသဘောပေါက်တော့တယ်ဗျာ။
အခုတော့ကြက်သူခိုးမှင်စာတွေလည်း
ဆရာကြီးအမိန့်နဲ့ဒီအရပ်ကနေဝေးဝေးကိုပြေးသွားကြပြီဗျ။
မနက်ရောက်တော့
ရွာသူ၊ရွာသားတွေကိုဆရာကြီးကပဲ
ရှင်းပြလိုက်တော့တာပေါ့ဗျာ။
“ဘယ်လို…ကျုပ်တို့ကြက်တွေကိုခိုးတာက
မှင်စာတွေ…”
“ဟာ…”
သူကြီးတွေနဲ့ရွာသူ၊ရွာသားတွေအံ့သြကုန်ကြတာပေါ့ဗျာ…။
“ဟုတ်တယ်…သူတို့ကိုကျုပ်ကိုယ်တိုင်
တခြားအရပ်ကိုနှင်လွှတ်လိုက်ပါပြီ…
ခင်ဗျားတို့ကြက်တွေလည်းထပ်ပြီးပျောက်မှာ
မဟုတ်တော့ပါဘူး…”
လိုဆရာကြီးကပြောတော့မှသူတို့လည်း
ဝမ်းသာနိုင်ကြတယ်ဗျို့…။
အချင်းချင်းလည်းရန်လိုစိတ်တွေမရှိတော့ဘူးဗျ။
ဆရာကြီးကိုဝိုင်းပြီးကျေးဇူးတင်
စကားတွေပြောကြတာပေါ့ဗျာ။
ကျုပ်ကတော့သူတို့တွေပျော်နေကြတာ
မြင်ရတော့ဝမ်းသာတာပေါ့…။
အဲ့သည်လိုနဲ့ဆရာကြီးက…
“ကဲ…ကျုပ်တို့ဆရာတပည့်ကိုလည်းခွင့်ပြုကြပါဦး…
ခရီးဆက်စရာလေးရှိလို့ပါကွယ်…”
လို့ဆရာကြီးကပြောတော့ သူတို့ကတားကြတယ်ဗျ။
သူတို့ရွာတွေမှာတစ်လှည့်စီနေဖို့တားကြတာပေါ့ဗျာ။
ဒါပေမယ့်ကျုပ်ဆရာကြီးကငြင်းတယ်ဗျ။
သူတို့်လည်းတားမရတဲ့အဆုံးလက်လျော့ကြတာပေါ့လေ…။
ကျုပ်နဲ့ဆရာကြီးအတွက်ဆိုပြီးငွေတွေစုကန်တော့ကြတယ်ဗျ။
“အခုလိုကန်တော့ကြတာကိုတော့
ကျုပ်ကျေးဇူးတင်ပါတယ်…
ဒါပေမယ့်…ကျုပ်သားတပည့်ကိုပဲပေးလိုက်ပါ…
ကျုပ်တို့လမ်းမှာသုံးဖို့
ခရီးစရိတ်လောက်တင်ဆိုရပါပြီကွယ်…”
လို့ဆရာကြီးကပြောတယ်ဗျ။
အဲ့တာနဲ့ကျုပ်လည်းခရီးမှာသုံးဖို့ငွေလေးအနည်းငယ်လောက်ကိုပဲယူပြီးကျန်တာတွေပြန်ပေးခဲ့လိုက်တယ်လေ…။
ရွာသူ၊ရွာသားအားလုံးကိုနှုတ်ဆက်ပြီး ကျုပ်တို့
ဆရာတပည့်နှစ်ယောက်ခရီးဆက်ထွက်လာခဲ့ကြတော့တယ်ဗျ။
ပြီးပါပြီ။
ရေးသားသူ- ယဥ်မင်း(ကန့်ဘလူ)
#crd