ဂမ္ဘီရလုလင်နှင့်သရဏဂုံအစွမ်း

ခရီးဆက်ထွက်လာကြရင်းနဲ့ရွာကြီးတစ်ရွာဆီကို
ကျုပ်တို့ဆရာတပည့်နှစ်​ယောက်ရောက်လာကြတယ်ဗျ။
ရွာကအိမ်ခြေအတော်များတဲ့ရွာကြီးဗျ…
ကျုပ်နဲ့ဆရာကြီးလည်းရွာမှာရှိတဲ့ဘုန်းကြီးကျောင်းဆီကို
တည်းခိုဖို့သွားကြတာပေါ့ဗျာ…။
ဘုန်းကြီးကျောင်းကိုရောက်တော့ဆရာကြီးက
ကျောင်းထိုင်ဆရာတော်ကိုအကျိုးအကြောင်းပြောပြီး
ခွင့်တောင်းခဲ့ရတာပေါ့…။
ဆရာတော်ကလည်းကြည်ကြည်ဖြူဖြူနဲ့ပဲ
တည်းခွင့်ပေးတယ်ဗျ။
“လုလင်…”
“ဗျာ…ဆရာကြီး…”
“ကျုပ်တို့ဒီမှာသုံးရက်လောက်တည်းမယ်…
မောင်ရင်ပျင်းလို့ရှိရင်ကျောင်းသားလေးတွေနဲ့
ရွာထဲသွားလည်ချည်ကွဲ့…”
“ဟုတ်ကဲ့ဆရာကြီး”
ကျုပ်ကလည်းဘုန်းကြီးကျောင်းသားလေးတွေနဲ့
ခင်နေပြီဗျ။
သူတို့ကိုယ်တိုင်က ကျုပ်ကိုခင်တွယ်နေကြတာဆို
ပိုမှန်ပါလိမ့်မယ်။
“ကိုကြီးလုလင်…ကျုပ်တို့ရွာထဲသွားကြရအောင်…”
ဆိုပြီးကျုပ်ကိုအတင်းခေါ်သွားကြတော့တာပဲဗျာ…။
တစ်ရွာလုံးအနှံ့လိုက်ပြကြရင်းနောက်ဆုံး
ရွာပြင်ကရေကန်နားကိုရောက်လာခဲ့ကြတယ်ဗျ။
ဒီရေကန်က တစ်ရွာလုံးသောက်တဲ့ရေကန်လို့​
ကျောင်းသားလေးတွေက ကျုပ်ကိုပြောပြကြတယ်။
ရေအိုးလေးတွေရွက်ပြီးရေခပ်နေကြတဲ့
လူကြီးတွေ…မိန်းမပျိုလေးတွေလည်းရှိနေကြတယ်ဗျ။
ကျုပ်လည်းသူတို့လုပ်ကိုင်သမျှကိုကြည့်နေမိတော့
မိန်းမပျိုလေးတစ်​ယောက်က ကျုပ်ကို
မျက်စောင်းထိုးပြီးကြည့်တယ်ဗျ…။
ကျုပ်လည်းအံ့သြသွားတာပေါ့ဗျာ…
ကျုပ်အံ့သြနေတုန်းရှိသေးတယ် အဲ့သည်မိန်းမပျိုကသူ့ရဲ့အဖော်တွေကိုပါအတူခေါ်ပြီးကျုပ်တို့အနားကို
ရောက်လာကြတယ်ဗျ။
“ဟဲ့…ရွှေတိုး…
သူ့ကဘယ်သူလဲ”
ဆိုပြီးကျုပ်နံဘေးကကျောင်းသားလေးကိုမေးတယ်ဗျ။
“သြော်…မမအေးပွင့်…
သူက ကျုပ်တို့ကျောင်းကိုရောက်နေတဲ့ဧည့်သည်ပါဗျ…”
“ဟုတ်ပါတယ်…ကျုပ်နာမည်လုလင်လို့ခေါ်ပါတယ်ဗျ”
“ချောလိုက်တာဟယ်…
စကားသံလေးကလည်းချ်ိုနေတာပဲ”
ကျုပ်ကမိတ်ဆက်တော့ သူ့ဘေးကအဖော်တွေက
ကျုပ်ကိုကြည့်ပြီးပြောနေကြတာဗျ…။
အေးပွင့်ဆိုတဲ့မိန်းမပျိုကတော့ ကျုပ်ကိုမကြည်သလို
ကြည့်နေတာပဲဗျို့။
ကျုပ်လည်းအမှားလုပ်မိတာမရှိလို့သူ့အကြည့်က်ို
ပြန်စိုက်ကြည့်မိတော့သူနဲ့ကျုပ်အကြည့်ခြင်းပြိုင်သလို
ဖြစ်နေခဲ့တာပေါ့ဗျာ။
နောက်မှသူကအကြည့်လွှဲသွားတယ်ဗျ…။
အကြည့်လွဲဲပြီးမှ…
“ဧည့်သည်ဆိုတော့လည်းရှိပါစေတော့…
ဒါပေမယ့်နောက်များပြောထားပေါ့ ရွှေတိုးရယ်…
အခုလိုမျိုး သူများရပ်ရွာလာရင်
ရွာခံတွေကိုလေးစားရတယ်…
မိန်းကလေးတွေကို
တဏှာမျက်စိနဲ့ကြည့်နေတာက….
ယောကျာ်းကောင်းမဟုတ်ဘူး…
အဲ့သည်လိုလူကိုတဏှာ ရူးလို့ခေါ်တယ်ဟဲ့…”
ဆိုပြီး ရွှေတိုးကိုပြောတော့ကျုပ်စိတ်
ထာင်းခနဲဖြစ်သွားတယ်ဗျ။
“ဒီမှာအမိ…
ကျုပ်ကိုပြောချင်တယ်ဆိုရင် ကျုပ်မျက်နှာကို
စေ့စေ့ကြည့်ပြီးပြောလိုက်စမ်းပါ…
နေစမ်းပါဦးဗျ…
ကျုပ်ဘာသာရေခပ်နေတဲ့သူကိုကြည့်မိတာ…
အမိကိုကြည့်တယ်ဖြစ်ရောလားဗျ…”
လို့ကျုပ်ကပြောတော့အဲ့သည်အေးပွင့်ဆိုတဲ့
တစ်ယောက်ကအသားတွေတဆတ်ဆတ်တုန်ပြီး
ကျုပ်ကိုဒေါသတကြီးနဲ့…
“တော့်အကြည့်ကိုတော်သိမှာပေါ့…”
ဆိုပြီးပြောလာတယ်။
ကျုပ်ကလည်း…
“ဘုရားပေးပေး…ကျမ်းပေးပေးပါဗျာ…
ကျုပ်ဆိုတဲ့ကောင်က အမိပြောသလို
အကြည့်မျိုးနဲ့ဘယ်မိန်းကလေးကိုမှမကြည့်ဖူးပေါင်ဗျာ…
အမိနဲ့တွေ့မှပဲဒီလိုစကားမျိုးတွေ
ကြားဖူးသွားပါတယ်…”
လို့ပြောတော့ သူ့အပေါင်းအဖော်များက
ကျုပ်ကိုအားနာသွားပြီး မအေးပွင့်ကို
ဝိုင်းထိန်းကြတော့တယ်။
“အေးပွင့်ရယ်…ညည်းကလည်းသူပြောတာ
ဖြစ်နိုင်ပါတယ်ဟယ်…လာပါ…တို့သွားကြရအောင်ပါ…”
ဆိုပြီးမအေးပွင့်ကိုခေါ်သွားကြတော့တယ်။
မအေးပွင့်ကတော့ကျုပ်ကိုမကျေနပ်တဲ့အကြည့်နဲ့
ကြည့်နေတယ်ဗျ။
မအေးပွင့်တို့အုပ်စုထွက်သွားလေမှကျုပ်ကို ရွှေတိုးက…
“ကိုကြီးလုလင်…တယ်လည်းသတ္တိကောင်းတာပဲဗျ”
လို့ပြောလာတယ်။
ကျုပ်ကလည်း…
“ဟ…ငါ့ကိုတဏှာရူးလေးဘာလေးနဲ့ပြောနေတာကို
ငြိမ်ခံနေရင်သူပြောသလိုဖြစ်လို့ငြိမ်တယ်ဖြစ်နေမှာပေါ့ကွာ…
မင်းတို့နဲ့အတူတူရေကန်ကိုငေးကြည့်မိတာကိုများ
သူ့ကြည့်တယ်ဖြစ်ရတယ်လို့…”
လို့ပြောတော့ရွှေတိုးက ခေါင်းခါတယ်ဗျ။
“ကိုကြီးလုလင်ပြောတာလည်းမှန်ပါတယ်…
ဒါပေမယ့်ကျုပ်ပြောချင်တာက မအေးပွင့်တို့ကို
ကျုပ်တို့တစ်ရွာလုံးကကြောက်ကြတယ်ဗျ…”
“ဟေ…ဘာလို့ကြောက်ကြတာလဲ…
ပိုက်ဆံချမ်းသာလို့လားကွ”
“ကိုကြီးလုလင်ပြောသလို သူတို့က
ပိုက်ဆံချမ်းသာပါတယ်…နောက်ပြီး…”
“ရွှေတိုး…မင်းမလို့မကြောက်မရွံ့နဲ့ပြောနေတယ်…”
“ဟုတ်ပကွာ…
မင်းတော့ဒုက္ခရောက်တော့မှာပဲ…
မင်းပါးစပ်ကိုပိတ်ထားပါကွာ…”
ကျုပ်ကိုရွှေတိုးကပြောမယ်ပြင်နေတုန်း
ဘေးကသူ့သူငယ်ချင်းတွေက မပြောဖို့တားနေကြတာဗျ။
ရွှေတိုးကလည်းကျုပ်ကိုဆက်မပြောတော့ဘူးဗျ။
ကျောင်းကိုပြန်ရောက်လာတဲ့အထိကျုပ်စိတ်ထဲသိချင်
စိတ်တွေပြင်းပြနေပေမယ့် ရွှေတိုးဒုက္ခရောက်မှာဆိုးတာနဲ့
မမေးဖြစ်ခဲ့ပါဘူးဗျာ…။
နောက်တစ်နေ့နံနက်ရောက်တော့ကျုပ်တို့ဆရာတပည့်က်ို
ရွာထဲကအိမ်တစ်အိမ်ကထမင်းစားဖိတ်တယ်ဗျ။
“လုလင်…”
“ဗျာ…ဆရာကြီး…”
“အိမ်ရှင်မိန်းကလေးကကျောင်းထိ
လာဖိတ်သွားတယ်လို့ပြောတယ်…
ကျုပ်တို့သွားကြတာပေါ့”
“ဟုတ်ကဲ့ဆရာကြီး…”
ဆရာကြီးနဲ့အတူတူ ရွှေတိုးကိုအဖော်ခေါ်ပြီး
ထမင်းစားဖိတ်တဲ့အိမ်ဆီကျုပ်တို့ထွက်လာခဲ့ကြတယ်။
သွပ်မိုး၊ပျဥ်ထောင်ကာနှစ်ထပ်အိမ်ကြီးရှိတဲ့
ခြံကျယ်ကြီးဆီကိုရောက်တော့…
“ကိုကြီးလုလင်…ဒီအိမ်ပဲဗျ…
ကျုပ်မလိုက်ခဲ့တော့ဘူးနော်…ပြန်တော့မယ်ဗျ”
ဆိုပြီးရွှေတိုးကတန်းပြန်သွားတာဗျ။
ကျုပ်စကားပြန်အပြောကိုတောင် သူမစောင့်ဘဲ
အ​ပြေးပြန်သွားခဲ့တာ။
ကျုပ်တို့ဆရာတပည့်နှစ်ယောက်လည်းခြံကြီးထဲဝင်လာပြီး
အိမ်ရှင်တွေကိုခေါ်ရတာပေါ့ဗျာ။
အိမ်ထဲကနေအသက်၅၀ ကျော်အရွယ်လူကြီးတစ်ယောက်က
ကျုပ်တို့ကိုလာခေါ်တယ်ဗျ။
ကျုပ်တို့ဆရာတပည့်နှစ်ယောက်ကို အိမ်ထဲက
စားပွဲဝိုင်းဆီခေါ်သွားတာ။
“ဆရာကြီးတို့ထိုင်ကြပါဦး…
ဟေ့…အေးချစ်တို့အေးပွင့်တို့လာကြလေ”
ဆိုပြီးခေါ်မှကျုပ်လည်းဒါမအေးပွင့်တို့အိမ်ဆိုတာသိလိုက်တယ်ဗျ။
မအေးပွင့်နဲ့မအေးချစ်တို့ရောက်လာတော့
မအေးချစ်ကမအေးပွင့်အထက်ကဖြစ်ပုံရတယ်…
မအေးချစ်ကမျက်နှာထားလေးချိုသလောက်
မအေးပွင့်ကတော့ကျူပ်ကိုရန်သူကြီးတစ်ယောက်လို
ကြည့်နေတာပဲဗျာ…။
ဆရာကြီးက မအေးပွင့်နဲ့ကျုပ်ကိုအကဲခတ်နေတာဗျ။
ကျုပ်အနားကပ်ပြီး…
“လုလင်…မင်းဒီကလေးမနဲ့ဘာပြသာဒ်နာတက်ထားသေးလဲ”
ဆိုပြီးမေးလာတော့ကျူပ်လည်း ဆရာကြီးအနားကိုကပ်ပြီး
ရှင်းပြရတာပေါ့ဗျာ။
မအေးပွင့်တို့ကတော့ကျုပ်တို့ကိုဧည့်ခံဖို့
အလုပ်ရှုပ်နေကြတာဗျ။
ဆရာကြီးကိုကျုပ်ရှင်းပြတော့ဆရာကြီးလည်း
သဘောပေါက်သွားတာပေါ့ဗျာ။
ကျုပ်တို့ထိုင်နေတဲ့စားပွဲဝိုင်းမှာ ဟင်းပွဲတွေကအတော်များတယ်ဗျ။
စားပွဲတစ်ခုလုံးဟင်းပွဲတွေကြီးပဲအတော်ကိုစုံလင်နေတာပဲဗျို့။
ထမင်းတွေဟင်းတွေအသင့်ဖြစ်တော့
အဘွားကြီးတစ်ယောက်ရောင်လာတယ်ဗျ။
“ဆရာကြီးတို့တည်းခိုနေတာသိလို့
ဧည့်ဝတ်ပြုချင်တာနဲ့ခေါ်လိုက်တာပါ…
သုံးဆောင်ကြပါရှင်…အေးချစ်နဲ့အေးပွင့်
ဟင်းတွေလာထည့်ပေးကြလေ”
“ဟုတ်ကဲ့အမေကြီး…”
အဘွားကြီးကမအေးပွင့်တို့ရဲ့အဘွားဖြစ်ဟန်တူတယ်ဗျ။
မအေးပွင့်က ကျုပ်တို့ရှေ့ကထမင်းပန်းကန်တွေထဲကို
ဟင်းခတ်ထည့်ဖို့လုပ်တော့ ဆရာကြီးကတားတယ်ဗျ။
“ကျုပ်ကသက်သက်လွတ်စားတာပါ…
ကျုပ်တပည့်ထဲကိုပဲထည့်ပေးလိုက်ပါ…”
လို့ဆရာကြီးကပြောတော့မအေးပွင့်
မျက်နှာတစ်ချက်ပျက်သွားတယ်ဗျ။
အဲ့တာနဲ့ကျုပ်ပန်းကန်ထဲကိုပဲဟင်းတွေခပ်ထည့်ပေးနေတာ
ထမင်းတွေတောင်မမြင်ရလောက်အောင်ကျုပ်ပန်းကန်ထဲမှာ
ဟင်းတွေနဲ့ပြည့်နေတော့တာပဲဗျို့…။
မအေးချစ်ကတော့နံဘေးမှာယပ်တောင်​လေး
ခတ်ပေးနေရှာတယ်။
“သုံးဆောင်ကြပါ…ဆရာကြီးတ်ို့သုံးဆောင်ပြီးမှ
စကားစမြည်ပြောကြတာပေါ့”
ဆိုပြီးအဘွားကြီးကနံဘေးမှာထိုင်ရင်းပြောတယ်ဗျ။
ဆရာကြီးကတော့ အဘွားကြီးကို
ပြုံးပြုံးကြီးကြည့်နေတာပေါ့။
အဲ့လိုနဲ့ဆရာကြီးကထမင်းပန်ကန်ကိုလက်နှစ်ဖက်နဲ့မြှောက်ပြီး…
“ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ…
ဓမ်မံ သရဏံ ဂစ်ဆာမိ…
သံဃံ သရဏံ ဂစ်ဆာမိ…”
ဆိုပြီးသုံးကြိမ်ရွှတ်တယ်ဗျ။
ကျုပ်ကိုလည်းဆရာကြီးကသင်ပေးထားတော့ကျုပ်လည်း
ဆရာကြီးနည်းတူရွှတ်ဆိုလိုက်တယ်။
အဲ့သည်အချိန်မှာပဲ ကျုပ်တို့ရဲ့ထမင်းဝိုင်းတည့်တည့်
ထုပ်တန်းပေါ်ကနေ ကြွက်မည်းကြီးတစ်ကောင်
ပြုတ်ကျလာတယ်ဗျ။
ကြွက်ကြီးပြုတ်ကျတဲ့အရှိန်နဲ့ထမင်းပန်းကန်၊ဟင်းပန်းကန်တွေလည်းမှောက်ကုန်တာပေါ့ဗျာ။
ဒါတင်မကသေးဘူးကြွက်ကြီးက စားပွဲမှာရှိသမျှပန်းကန်တွေကိုသူ့ကိုယ်လုံးနဲ့တွန်းချသလိုလုပ်နေတော့
ကြမ်းပေါ်မှာဟင်းတွေ၊ထမင်းတွေအပုံလိုက်
ပေကျံနေတော့တာပဲ။
ကျုပ်နဲ့ဆရာကြီးလည်း ထိုင်နေရာကနေထလိုက်တယ်ဗျ။
မအေးပွင့်တို့ညီအစ်မကတော့တအံ့တသြဖြစ်နေကြသလို
အဘွားကြီးကလည်းမျက်နှာပျက်နေတယ်ဗျ။
အဲ့သည်အချိန်မှာပဲစားပွဲပေါ်ကထမင်း၊ဟင်းတွေကို
စားနေတဲ့ကြွက်ကြီးကရုတ်တရက်အကျောတွေဆန့်..
မျက်ဖြူစိုက်ပြီးသေပါလေရောဗျာ…။
ကြွက်ကြီးရဲ့အဖြစ်ကိုမြင်တော့…
“ခင်ဗျားအကြံဒါအကုန်ပဲလား”
ဆိုပြီးဆရာကြီးကမေးလိုက်တယ်ဗျ။
ကျုပ်လည်းဆရာကြီးကိုကြည့်တော့ ဆရာကြီးက
အဘွားကြီးကိုကြည့်ပြီးပြောနေတာဗျ။
“ဘယ်လိုလဲဗျ…
ခင်ဗျားကကျုပ်တို့ကိုဖိတ်ပြီး
ပညာပြချင်နေတာပေါ့လေ…”
“ရှင်…”
ဆရာကြီးစကားကြောင့်အဘွားကြီး
မျက်နှာအတော်ပျက်နေတယ်ဗျ။
ဒါပေမယ့်မအေးပွင့်တို့ညီအစ်မကတော့ဘာမှမသိသူတွေအလားအံ့သြနေကြတာ…။
“လာ…လုလင်…ကျုပ်တို့ပြန်ကြမယ်…”
ဆရာကြီးက ကျုပ်ကိုခေါ်ပြီးမအေးပွင့်တို့အိမ်ထဲကနေ
ပြန်ထွက်လာခဲ့တယ်ဗျ။
ကျုပ်လည်းဆရာကြီးအနောက်ကနေ
မပြေးယုံတမယ်လိုက်လာခဲ့ရတယ်ဗျ။
ဘုန်းကြီးကျောင်းရောက်မှဆရာကြီးက
ကျုပ်ကိုပြောပြရှာတယ်။
“လုလင်…အဲ့သည်အဘွားကြီးကစုန်းမကြီးကွ…
ကျုပ်တို့ကိုအဆိပ်ချထားတဲ့ဟင်းတွေ၊ထမင်းတွေကို
ကျွေးတာ…အခုလိုတွေဖြစ်လာတော့
သူ့အကြံပျက်ကုန်တာပေါ့ကွာ…”
လို့ပြောတော့ကျုပ်ဖြင့်ကလည်း…
“ဆရာကြီး…ဒီအဘွားကြီးကဘာလို့
ကျုပ်တို့ကိုအဆိပ်ခတ်လုပ်ကြံရတာလဲဗျ…”
“အိုကွာ…ပညာသည်ပါဆိုနေ…
ကျုပ်တို့လိုအထက်လမ်းပညာလမ်းစဥ်နဲ့လူတွေကို
ကယ်တင်ပေးနေတဲ့သူတွေကိုဘယ်ကြည့်ရပါ့မလဲ…
ပညာခြင်းယှဥ်မရလို့အခုလိုလုပ်ကြံတာပေါ့ကွာ…”
“ကြောက်စရာကြီးပါလားဗျာ…”
“အေး…ကြောက်စရာပေမယ့်…
ဘယ်နေရာရောက်ရောက်ရတနာသုံးပါးကိုဆောင်ငါ့တပည့်…
ဒီသရဏဂုံဂါထာကမလိုသူတွေရဲ့အတိုက်အခိုက်အမျိုးမျိုးနဲ့
ကပ်ဘေးအမျိုးမျိုးကနေလွှတ်ကင်းနိုင်တယ်…
မယုံမရှိနဲ့ကွ…”
လို့ဆရာကြီးကပြောလာတော့ကျုပ်လည်းခေါင်းလေးညိတ်ပြီး
“ဟုတ်ကဲ့ဆရာကြီး…” လို့ပြောလိုက်တယ်ဗျ။
ညနေပိုင်းရောက်တော့ ကျုပ်ဆီကိုရွှေတိုးရောက်လာတယ်။
“ကိုကြီးလုလင်…”
“အေး…လာလေရွှေတိုး”
ရွှေတိုးက ကျုပ်ကိုတစ်ခုခုပြောချင်နေပုံရတယ်ဗျ။
ဒါပေမယ့်ဒီကောင်မပြောရဲဘူးဖြစ်နေပုံရတယ်။
အဲ့တာနဲ့ကျုပ်ကပဲ…
“ရွှေတိုး…ငါ့ကိုဘာပြောချင်နေတာလဲ…
မင်းကြည့်ရတာတစ်ခုခုဖြစ်နေသလိုပဲ…”
လို့ကျုပ်ကပြောတော့ရွှေတိုးကသူ့ခေါင်းကို
တဗျင်းဗျင်းကုပ်ရင်း…
“ကျောင်းထဲမှာအစ်မအေးချစ်နဲ့အစ်မအေးပွင့်တ်ို့ရောက်နေတယ်ကိုကြီးလုလင်…”
“ဟေ…ဟုတ်လား…”
“ဟုတ်တယ်…သူတို့က ဆရာကြီးနဲ့ကိုကြီးလုလင်ကို
တောင်းပန်ချင်လို့ဆိုပြီးကျူပ်ကိုပြောခိုင်းလိုက်တာ…”
“တောင်းပန်ချင်လို့…အေး…ဒါဆိုငါဆရာကြီးကို
သွားခေါ်လိုက်ဦးမယ်”
ကျုပ်လည်းဆရာကြီးဆီကိုသွားပြီး
အကျိုးအကြောင်းပြောလိုက်တယ်ဗျ။
ဆရာကြီးကလည်းခေါင်းညိတ်ပြီး
ကျုပ်နဲ့အတူလိုက်လာခဲ့တယ်။
ကျောင်းဝန်းထဲက ကွပ်ပျစ်ခင်းလေးဆီရောက်တော့
မအေးချစ်နဲ့မအေးပွင့်ကနေရာဖယ်ပေးကြတယ်ဗျ။
ဆရာကြီးက ကွပ်ပျစ်ခင်းပေါ်ဝင်ထိုင်လိုက်တယ်။
ကျုပ်ကတော့ဘေးမှာမတ်တပ်ရပ်နေလိုက်တာပေါ့ဗျာ…။
“ကဲ…ဆိုစမ်းပါဦး…ဘာကိစ္စနဲ့ရောက်လာကြတာလဲကွဲ့”
ဆိုပြီးဆရာကြီးကမအေးချစ်တို့ညီအစ်မကိုမေးတော့
မအေးချစ်က…
“ကျွန်မတို့အမေကြီးလုပ်ခဲ့တာအတွက်
ဆရာကြီးကိုလာတောင်းပန်တာပါ…
အမေကြီးကအသက်ကြီးလာပေမယ့်သူ့ရဲ့ပညာမာန်တွေကအခုထိမလျော့သေးတဲ့အတွက် အခုလိုတွေဖြစ်ရတာပါရှင်…
ကျွန်မတို့ကပဲအမေကြီးကိုယ်စားတောင်းပန်ပါတယ်
ဆရာကြီးရှင့်…”
ဆိုပြီးပြောတော့ဆရာကြီးကခေါင်းညိတ်တယ်ဗျ။
“အင်း…ကျုပ်သိပါတယ်…
ကျုပ်တို့ကိုအိမ်ထဲခေါ်ထမင်းကျွေးကတည်းက
ကျုပ်သိပြီးသားပါ…
ဒါပေမယ့်သက်သေမရှိဘဲဲ​ပြောလိုက်ရင်မိန်းကလေးတို့က
ကျုပ်တို့ကိုတမျိုးတမည်ထင်မှာဆိုးလို့
ကြွက်သေကိုအရင်းပြုပြီးသက်သေပြလိုက်တာပါ…
ကျုပ်အပေါ်မှာမိန်းကလေးတို့အမှားလုပ်ထားခြင်းမရှိလို့
ကျုပ်ခွင့်လွှတ်ပါတယ်ကွယ်…”
“ဟုတ်ကဲ့…အခုလိုခွင့်လွှတ်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်ဆရာကြီး…အကယ်၍စိတ်မရှိရင်
နောက်တစ်နေ့မှာထမင်းစားဖိတ်ချင်ပါသေးတယ်ရှင်…”
လို့မအေးချစ်ကထပ်မံပြောတော့ ဆရာကြီးက​
ခေါင်းကိုခါရမ်းတယ်ဗျ။
“ကျုပ်တို့ဘက်ကလည်းစိတ်မရှိပါနဲ့လို့ပြောရတော့မှာပဲ…
ဘာကြောင့်ဆိုမနက်ဖြန်ကျရင်
ကျုပ်တို့ကခရီးဆက်ကြရတော့မှာ…
ဒါကြောင့်မလာဖြစ်တော့ပါဘူးကွယ်…”
“သြော်…ဒါဖြင့်လည်းဘယ်တတ်နိုင်မလဲရှင်…
အခွင့်အခါသင့်လို့ကျုပ်တို့ရွာကိုရောက်လာရင်
အချိန်မရွှေးဝင်နိုင်ပါတယ်ရှင်…”
“စိတ်ချပါ…နောက်များလာဖြစ်ရင်
ဝင်ခဲ့ပါ့မယ်ကွယ်…”
မအေးချစ်နဲ့မအေးပွင့်တို့ကလည်း ဆရာကြီးနဲ့
စကားပြောပြီးနောက်ပြန်သွားကြတယ်ဗျ။
အယ်…မပြန်ခင်မအေးပွင့်က ကျုပ်ကိုပြုံးပြသွားသေးတယ်။
တစ်နေ့ကလိုကျုပ်ကိုရန်သူကြီးလိုမကြည့်ဘဲ
ပြုံးပြသွားတာဗျ။
ဒီလောက်ဆိုသူလည်းကျုပ်တို့အကြောင်းကိုသိရောပေါ့ဗျာ။
မအေးချစ်တို့ပြန်သွားတော့ကျုပ်ကဆရာကြီးကို
မေးမိတယ်ဗျ။
“ဆရာကြီး သူတို့ရဲ့အဘွားဖြစ်သူကစုန်းမကြီးဆိုရင်
မြေးဖြစ်တဲ့သူတို့ကရော စုန်းမတွေပဲလားဗျ”
ဆိုပြီးမေးတော့…
“ဒီကလေးမတွေမှာပညာမရှိပါဘူးကွယ်…
သူတို့ကဖြူဖြူစင်စင်လေးပါငါ့တပည့်ရဲ့…”
“သြော်…ဟုတ်ကဲ့…
သူတို့အဘွားကပညာသည်ကြီးမလို့ တစ်ရွာလုံးက
ကြောက်နေကြတာကိုးဗျ…”
“ဒါပေါ့ကွာ…”
ကျုပ်လည်းမအေးချစ်နဲ့မအေးပွင့်တ်ို့ကိုသနားမိတယ်ဗျ။
သူတို့အဘွားလို့ပညာသည်တွေလို့
တစ်ရွာလုံးကထင်နေကြတာမလား…။
တွေးရင်းနဲ့သူတို့အစားရင်မောမိပါတယ်ဗျာ…။
နောက်တစ်နေ့ရောက်တော့နံနက်စောစောမှာတင်
ကျုပ်တို့လည်းအဲ့သည်ရွာကထွက်လာခဲ့ကြတယ်ဗျ။
ရွှေတိုးတို့ဘုန်းကြီးကျောင်းသားလေးတွေကတော့
ရွာပြင်အထိလိုက်ပို့ပေးကြပါတယ်ဗျာ…။
နောက်ခရီးစဥ်တွေမှာလည်းဘယ်လိုအခက်အခဲမျိုးတွေ…
ဘယ်လိုအန္တရာယ်တွေကြုံတွေ့ရမလဲဆိုတာ…
ကျုပ်ခင်ဗျားတို့ကိုထပ်ပြောပြဦးမှာပါ…။
အခုတော့ဒီလောက်ပဲဗျို့…။
ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)