*ငရဲမှလာသူ *📖📖📖
*********************
စဆုံး
ယနေ့မနက်စောစော
အုတ်တွင်းရွာတွင်းတနေရာတွင်
လူအများရုတ်ရုတ်သဲသဲ ဖြစ်နေပါသည်။
“အို လုပ်ကြပါအုံးတော်”
“ပြေးပါဟ ပြေး ဟိုဘက်”
“ငါ ငါတို့ဘက်လှည့်လာနေပီအေ့ လုပ်ကြအုံး”
“ဖယ်ဖယ် အားလုံးဖယ်ကြ”
လူလေးငါးခြောက်ယောက်သည်
လမ်းကြားတနေရာတွင် ဟိုပြေးဒီပြေးဖြစ်နေကြရာသို့
မုတ်ဆိတ်မွေးထူလပျစ်နှင့် ဆံပင်ဖားလျှားချထားသည့်
လူတစ်ယောက်ကရောက်လာကာ
လူစုအလည်ပြေး၀င်လာလေသည်။
လက်ထဲတွင် ရဲဒင်းကြီးအားကိုင်မြောက်လျှက်။
ဦးတည်ရာကတော့…
ထော့နဲ့ထော့နဲ့ဖြင့် သွေးအလူးလူးဖြစ်ကာ
လူအများအား လိုက်ခတ်ထုတ်နေသည့်
ကျွဲပေါက်ကြီးဆီသို့…
ခွမ်းးး
ဘွန်းးး
ဘုန်း
ရဲဒင်းသည် ကျွဲပေါက်၏ငယ်ထိပ်တည့်တည့်နေရာအား
ထိမိလေရာ ဦးခေါင်းကွဲသည်လား အရိုးအက်သံလား
မသိနိုင်သည့် အသံတသံပေါ်ထွက်လာကာ
ကျွဲကြီးမှာလည်း ပြင်းစွာတချက်အော်ရင်း
မြေပြင်ဆီ ဘုန်းခနဲ လဲကျသွားလေတော့သည်။
ချက်ချင်းမသေသေး။
ခြေလက်တို့အား အားယူကာ ကုန်းထနိုင်ရန်
အယူသေးသည်။
ထိုအခါ
ရဲဒင်းကိုင်ထားသည့်လူသည် ကျွဲကြီးအနီးကပ်သွားပြီး
လက်ထဲမှ ရဲဒင်းကြီးဖြင့် ဆင့်ကာဆင့်ကာ ထုချလေ
တော့သည်။
ကျွဲမှာ မြေပေါ်တွင် ခြေလက်များတုန်နေပြီးနောက်
ငြိမ်သက်သွားလေတော့သည်။
ထိုအခါမှ လူအများမှာ သက်ပြင်းကိုယ်စီ
ချနိုင်ကြလေသည်။
“မောင်ကံစီရယ် တော်သေးတာပေါ့
ရွာကလူတွေကို မခတ်မိလို့”
“ခင်ဗျားတို့ကိုက ဒီကျွဲအနားတိုးကြည့်နေကြတာကို
လိုက်ခတ်မှာပေါ့”
“အို ဒီလိုမပြောပါနဲ့
လမ်းပေါ်မသေမရှင်ထပြေးနေတာ
ဖုတ်၀င်သလားဘာလာနဲ့ ကြည့်ကြတာပေါ့”
“သူ့ဘာသာဖုတ်၀င်၀င် သရဲ၀င်၀င် ခင်ဗျားတို့နဲ့ဘာဆိုင်လို့လဲ အေးဆေးကိုမနေကြဘူး
အားလုံးသွားကြ ဟော့ဒီရဲဒင်းဟာ ခင်ဗျားတို့အတွက်
ထပ်ဖြစ်သွားမယ်”
လက်ထဲမှ သွေတစက်စက်ကျနေသည့် ရဲဒင်းကြီးအား
လူအများဘက်ထောင်ပြကာ ဆဲဆိုလေသည်။
မည်သူမှ တုဖက်မနေချင်ကြသဖြင့်
အားလုံး အလျှိုအလျှို ထွက်သွားကြလေသည်။
“ဟွန်း တနေ့တော့ ၀ဋ်လည်မဲ့အကောင်”
“ဒီကောင့်ကိုကြောက်လို့ရှောင်နေတာတော့မဟုတ်ဘူး
သူ့အမေ ဒေါ်သီကိုသနားလို့ပါ”
ယောက်ျားအချို့သည် ထိုသို့ပြောဆိုကာ
ထွက်သွားကြရာ ကံစီဆိုသည့်လူမှာဂရုမစိုက်။
ကျွအသေအား လမ်းဘေးရှိ တဲငယ်တလုံးရှေ့တွင်ပင်
အသား ဖျက်ယူနေလေသည်။
…..
“သားလေး ထ ထတော့ အမေကျောင်းသွားတော့မယ်”
“အာ အစောကြီးရှိပါသေးတယ်အမေကလဲ”
“ထပါသားရယ် နေတောင်မြင့်နေပီကွဲ အမေသားဖို့
စားပွဲပေါ်မှာ ထမင်းကြော်ထားခဲ့တယ် ထစားတော့”
“ဟာ ဒီအမေဘယ်လိုဖြစ်နေတာလဲ
ကိုယ်သွားစရာရှိတာသွားပါလားဗျာ ဒီမှာညတုန်းက
သောက်တာများသွားလို့ ခေါင်းကိုက်နေတာ
မထချင်သေးပါဘူးဆို ထပီးရင်လဲ သားသတ်ဖ်ု့ပဲ
ရှာရမှာပဲ”
ဒေါ်သီသည် သားဖြစ်သူစကားများကြောင့်
စောင်ပါးလေးအား အသာဆွဲခြုံပေးထားခဲ့ကာ
ရွာဦးကျောင်းဘက် ထွက်ခဲ့လေတော့သည်။
သူနှိုးမိသဖြင့် သားကောင်များစောစီးသေကြရမည်ကို
လည်းမလိုလားပါ။
ကံစီမှာ အသက်ဆယ်ကိုးနှစ်အရွယ်။
အားမာန်သစ်ဖြိုးစအရွယ် မာန်ထစအရွယ်။
ထိုအရွယ်သားများအား မိခင်အုပ်ထိန်းရခက်သည်။
တင်း၍မရ။
လျှော့၍လည်းမနိုင်။
ကံစီကား ဖတဆိုးဖြစ်သည့်အပြင် ငယ်စဉ်တည်းက
အခြားကလေးများနှင့် အရောတ၀င်မနေတတ်သူမို့
ပို၍ပင် ထိန်းရခက်နေသည်။
မနေ့က ကောက်သစ်ဆန်ဦးဦးဖျားဖျားလေး
ရလာခဲ့သည်မို့ ရွာရှိဘုန်းကြီးကျောင်းသို့ဆွမ်းဂျိုင့်
ပို့ရန်ဖြစ်သည်။
မောင်ကံစီကား နေမြင့်သည်ထိ အိပ်နေပေလိမ့်မည်။
ဒီသားလေးကို ဒေါ်သီအပြစ်မမြင်ပါဘူး။
ငယ်စဉ်ကတည်းက ဖတဆိုးသားလေးအတွက်
မုဆိုးမကြီးဖြစ်သူ မိမိက လုံလောက်အောင်
မရှာပေးနိုင်ခဲ့သူမို့ သားလေးအပေါ် အရာရာနားလည်
ပေးထားခဲ့သည်။
ခွင့်လွှတ်ပေးထားခဲ့သူဖြစ်သည်။
သားလေးကံစည်သည် ယခင်ကထိုမျှမဆိုးသွမ်း။
ညာဘက်မျက်ခုံးပေါ်တွင် မှဲနက်ကြီးတလုံးရှိပြီး
ယောက်ျားပီသစွာ ချောမောသူလည်းဖြစ်သည်။
ထိုလူချောလူလှသားလေး ကံစီမှာ…
တစ်ဖက်ရွာမှ မိုးနှီးဆိုသည့် မုဆိုးနှင့်ပေါင်းမိခါမှ
အရက်သေစာသောက်စားတတ်ယုံမက
သူ့အသက်ကိုပင် ရက်ရက်စက်စက် သတ်ဖြတ်တတ်
လာသည်။
မိုးနှီးသည် တကောင်ကြွက်မုဆိုးမို့ ကံစီအား
မိဘအမျိုးညာတိဟူသည် အလကား ဘာမှသုံးစား
မရဟု အမြဲတမ်းနားသွင်းသည်နှင့်တူပါသည်။
“မိုးနှီးကပြောတယ် မိဘမရှိလဲ ကိုယ့်လမ်းကိုယ်
လျှောက်ရမှာပဲ ဒီတော့ အစကတည်းက ကိုယ့်စိတ်
ကိုယ့်သဘောနဲ့သာဆုံးဖြတ်ရမယ်တဲ့”
ဟူ၍ မိခင်အားပြန်ပြောပြတတ်သည်။
ဒေါ်သီမှာလည်း သားအားအချိန်ရသရွေ့ဆုံးမသည်။
မည်သို့ဆိုစေ ကံစီမှာ အသက်ငယ်ရွယ်သေးသည်။
အတွေးအခေါ်မရင့်ကျက်သေး။
အနေများသည့်မိုးနှီး၏ စကားသာ နား၀င်သွားသည်။
ထို့ကြောင့် ကံစီမှာ
ပို၍ပင် ကြမ်းတမ်းလာခဲ့သည်။
မနေ့မနက်ကလည်း ရွာထိပ်တွင်ကျွဲတစ်ကောင်အား
သတ်လေရာ ကျွဲမှာကြိုးရုန်းဖြတ်ခါ သေငယ်ဇော
ဖြင့် ရွာတွင်းပြေး၀င်လာခဲ့သည်။
ကျွဲကြီးသည် တွေ့ကရာလူများအား ရန်လုပ်ခါ
အတင်းလိုက်ခတ်နေစဉ်
သားဖြစ်သူလ်ုက်လာပြီး ထုသတ်မှ ငြိမ်သွားသည်တဲ့။
“ခင်ဗျားသားကိုဆုံးမအုံး ဒေါ်သီ သူသတ်လိုက်တဲ့
ဇီးနဲ့နွားမကြီးရဲ့ ဗိုက်ထဲကကလေးအသားကို
မြေမနင်းသားဆိုပီး အစိမ်းသုပ်စား အရက်မြည်းသတဲ့
ကြာရင် ဘီလူးဖြစ်လိမ့်မယ် ဆုံးမပါ”
ဒေါ်သီသည် ကြားသိရသည့်သားဖြစ်သူသတင်းများ
ကြောင့် ဘုရားတရားပိုလုပ်ဖြစ်သည်။
ဘုရားရှင်ထံတွင် ဆုအကြိမ်ကြိမ်တောင်းနေမိသည်။
“အရှင်ဘုရား ယခုပြုလုပ်ရသည့် ကုသိုလ်ကောင်းမှု
ကြောင့် ဘုရားတပည့်တော်မ၏သားလေး
အသိစိတ်အမြန်၀င်ပါစေ ဘုရား”
……..
အုတ်တွင်းရွာနှင့် ရွှေကျင်ရွာသည်
နှစ်မိုင်ခန့်ဝေးပြီး ကြားတွင် ခပ်ပါးပါး တောအုပ်က
လေးတစ်ခုခြားထားသည်။
အုတ်တွင်းရွာအစွန်တွင် လူဆိုးကံစီရှိသလို ရွှေကျင်ရွာအစွန်တွင်လည်း
လူမိုက် မိုးနှီးဆိုသူနေထိုင်သည်။
မိုးနှိးဆိုသည့်သူ့အမည်မှာ သူငယ်ငယ် ဆယ်နှစ်သား
အရွယ်က နှီးဖြာအလွန်ကျွမ်းကျင်သည်။
တောသူတောင်သားများအသုံးပြုကြသည့်
နှီးဟူသည် ဝါးအနုကို ဖြာရသည့်အမျိုးဖြစ်သည်။
အဆိုပါနှီးမှာ မိုးဦးကျကျချင်းထွက်သည့်ဝါးအား
နှီးအဖြစ်ယူလျှင် နှီးမကောင်း။
ဆောင်းဦးတွင်ယူမှ နှီးဖြာ၍ပိုမိုကောင်းသည် နှီးများ
ပိုးမထိုးတတ်။
မိုးနှီးဆိုသူမှာ မိုးခါတွင်ပင် နှီးကြောလှလှဖြာတတ်သ
ဖြင့် မိုးနှီးဟု အမည်တွင်ခဲ့သူဖြစ်သည်။
ခုတော့
သူ၏နှီးများသည် အသားတွဲသီရန်အတွက်သာ
ဖြစ်လာခဲ့ရသည်။
မိုးနှီးမှာ တောတွင်အနေများသည့် သားသတ်မုဆိုးလည်းဖြစ်သည်။
တောကသားကောင်မသတ်ရလျှင် ရွာတွင်းရှိအကောင်
တစ်ကောင်ကောင်အား ၀ယ်ယူသတ်ကာ
အသားစျေးဖြင့်ပြန်လည် ရောင်းချသူဖြစ်သည်။
မိုးနှီးသည် တကောင်ကြွက်ဖြစ်ပြီး
ယခု
ကံစီနှင့်ပေါင်းမိမှ ပိုမိုဟန်ကျနေရသည်။
ကံစီအား သားသတ်ခိုင်းသည်။
ရသမျှအမြတ်အစွန်းကသူယူသည်။
ကံစီကိုမူ အမြည်းကျွေး အရက်တိုက်ပေးယုံသာ။
ယခုလည်း သူတို့နှစ်ယောက်သည် ညကြီးသန်းခေါင်
ဂျီပေါက်တကောင်အား အသားဖျက်နေကြသည်။
“နဲနဲနောနောကောင်ကြီးမဟုတ်ဖူးကွာ”
“အေးနော် ငါရဘူးသမျှအကောင်တွေထဲ ဒီကောင်ကြီး
အထွားဆုံးပဲကွ ကြည့်ပါလား နွားမဒန်းလောက်ကို
ရှိတာနော်”
“အေးဟုတ်ပ ဖျက်ပါကွ ငါအရက်သောက်ချင်ပီ
မင်းကတော့ ခုလေးတင်ပုလင်းလိုက်မော့နေတာ
ငါမြင်တယ်”
“ငါက လူသူမရောက်တဲ့ ဆင်ခေါင်းတောထိ တောတိုး
ပစ်လာရတဲ့ကောင်ပါ အမောပြေလေးကစ်လိုက်တာ
တောထဲ၀င်ရတဲ့ ငါမောဖို့လဲထားပါအုံး မင်းက”
မိုးနှီးစကားကြောင့် ကံစီ ခေါင်းမော့သွားရသည်။
“ဟင် အုတ်ဖိုရွာဟောင်းအလွန်က ဆင်ခေါင်းတောလား”
“အေးလေကွာ”
“ဟင် မင်းအဲ့ထိတောင်ရောက်တယ်”
“ရောက်တယ်လေ မနက်ကငါအမဲမရဘူးကွ
ဒါ့ကြောင့် အုတ်ဖိုရွာဟောင်းဘက်လှည့်ရင်း
ဟော့ဒီဂျီကိုတွေ့လို့ပစ်ထဲ့လိုက်တာ ဒီအကောင်က
မသေပဲ ဆင်ခေါင်းတောဘက် ပြေးတယ်လေ
ငါလဲဘယ်လက်လွတ်ခံမလဲ ဒီကောင်ကြီးဗိုက်မှာ
ငါ့တူမီးမှန်ထားပီးသားလေ ကြည့်ပါလား
ဒါကပထမအချက်ကွ ငါမရမကလိုက်ပစ်မှ ခေါင်းကို
ထိပီး သေတာ သေတော့လဲငါမနိုင်လို့ ရွာဟောင်းမှာ
တောင်ယာလုပ်နေတဲ့ ညီအစ်ကိုနှစ်ယောက်ကို
ပြေးခေါ်ရသေးတာကွ”
“ဟင် မင်းဒါကြီးကို ဒီအတိုင်းထားခဲ့တယ်လား”
“အေးလေကွာ နိုင်မှမနိုင်တာ”
“ဟင် တခြားသူတွေ့လို့ ယူသွားရင်ကော”
“ဟိတ်ကောင်ကံစီ မုဆိုးတိုင်းမုဆိုးစည်းရှိကြတယ်ကွ
သူတပါးရဲ့သားကောင်ကိုဘယ်တော့မှမခိုးဘူး မလုဘူး
ငါစိတ်ပူတာက ဒီကောင်ဟာ ၀မ်းဗိုက်မှန်တာတောင်
အတော်ဝေးဝေးထိ ပြေးနိုင်တော့ ငါထားခဲ့ရင်
ထသွားမလားလို့ပူမိတာဟေ့”
“အဲ့တော့ မင်းဘယ်လိုလုပ်ထားလိုက်သလဲ”
“ဘယ်လိုလုပ်ရမလဲ တောတောင်ထဲမှာသားကောင်
ရတဲ့မုဆိုးတွေဟာ သေသေရှင်ရှင် ဒူးကြောတွေ
ခြေမျက်စိကြောတွေကို ဓားနဲ့လှီးထားရတာကွ
တောမှီပီး ထပြေးတာတို့ဘာတို့မဖြစ်အောင်ပေါ့
ဒီတော့ငါလဲ ဒီကောင့်ကို အကြောဖြတ်ပီး သစ်ခက်လေးဖုံးဖိပီး အမြန်ပြေးရတာပေါ့”
မိုးနှီး၏တောတွင်းအတွေ့အကြုံများအား နားထောင်
ရင်း အရေခွံခွာနေကြသည်။
သားရေချပ်လည်းစျေးကောင်းရသည်လေ။
“နေအုံးကွ ငါနားရွက်ဖျားလေးဖြတ်ယူလိုက်အုံးမယ်”
“ဘာလို့လဲကွ အဖျားလေးက”
“ဟ ငါနေတာက ရွာပြင်တောစပ်လေ
လုပ်တာကမုဆိုးအလုပ်လေ
ဒီအဖျားအနားတွေကို တောပိုင်တောင်ပိုင်တွေကို
တင်မြှောက်ရတာကွ သူတို့ကို ဒီငါရတဲ့သားကောင်ရဲ့
ခေါင်းကနေခြေအထိ အစအဆုံးပသ,ပူစော်ပါသည်
ပေါ့ကွာ ဟဲဟဲ အမှန်က သူတို့ကျေနပ်အောင်
လိမ်လိုက်တာပဲ”
“မင်းကလဲ မဟုတ်တာပြောရော့မယ်”
“သြော် အဟုတ်ပါဆိုမင်းကလဲ ”
ကံစီမှာ ရွာမုဆိုးမို့ တောမုဆိုး၏စကားများအား
နားမလည်ပါ။
နားထောင်ယုံသက်သက်သာ။
သေချာသည်ကတော့ မိုးနှီးသည် ပုလင်း၀က်လောက်
မော့ထားသဖြင့် ခပ်ထွေထွေ ဖြစ်နေလေပြီ။
ဂျီသားရေအား ဓားမြှောင်ဖြင့် ခွာနေကြရင်း
ဗိုက်နားကဒဏ်ရာနားရောက်တော့ ကံစီသည် ဒဏ်ရာ
အားသေချာကြည့်မိသည်။
မိမိလည်း သားသတ်ဖူးသူမို့ သိသည်။
ဒဏ်ရာမှာချက်ကောင်းဖြစ်သည်။
“အာဂဂျီပဲကွ နော် မိုးနှီး ဒီဒဏ်ရာနဲ့မသေးဘူးဆို”
နှစ်ယောက်သားပြောရင်း ဖျက်ရင်းဖြင့်
ညသည် နက်သထက်နက်လာသည်။
ကံစီမှာ ရံဖန်ရံခါလည်း မိုးနှီးထံတွင်အိပ်တတ်သည်
မို့ ညနက်လာသည်က သူ့အတွက်မထူးဆန်း။
စားသောက်ပြီးအိပ်။
မနက်မှ ထပြန်ယုံသာ။
မပြန်လည်းဖြစ်သည်။
အိမ်ကမိခင်မှာ သူမပြန်လျှင်ပင် သူ့အတွက်ချက်ပြုတ်
ရသက်သာသေးသည်ဟု ကံစီတွေးထားသည်။
အတွေးဖြင့် ပြတ်လုလုသားရေအား လက်နှစ်ဖက်နှင့်
ကိုင်ကာ ဆွဲအမ,
ညာလက်ကစူးခနဲတချက်နာသည်။
“အ ဘာကြီးလဲမသိဘူး ငါ့ကိုစူးပီ”
“ပြစမ်း ဟင် ဂျီသားရေမှာ ဆူးကြီးတစ်ချောင်းနစ်၀င်
နေတာ မင်းကဆွဲလိုက်တော့ ဆူးခြစ်မိတာနေမှာ”
ဆူးသည် အတော်လေးကြီးပြီး လက်ဖနှောင့်နားစိုက်
၀င်သဖြင့် သွေးများဖြာကျလာသည်။
တဖက်တွင် ဓားကိုင်ကာထိုင်နေသည့်မိုးနှီးသည်
့ဖာကျလာသည့်သွေးများအားကြည့်နေရင်း
မည်သို့ဖြစ်သည်မသိ သွေးထွက်နေသည့်လက်အား
ဖျတ်ခနဲဆွဲယူကာ စုပ်လေသည်။
“အားးးဖြေးဖြေးစုပ်ပါကွ ဆူးကမြွေကိုက်တာလဲမဟုတ်
ဘူး”
ကံစီမှာ မိုးနှီးအားစကားဆိုရင်း လက်အားပြန်ဆွဲယူ
သည်။
မရ။
မိုးနှီးသည် ကံစီ၏လက်အား သူ့လက်နှစ်ဘက်နှင့်
ဆုပ်ကိုင်ကာ သွေးစုပ်နေသည်မှာ သွေးပင်မက,
အသားစများပါ ပါအောင်ဝါးနေလေပြီ။
“အား မိုးနှီး မင်း မင်း လွှတ်”
ကံစီသည် နာကျင်လွန်းသဖြင့် လက်အားဆောင့်ရုန်း
လိုက်သည်။
ပါးစပ်နှင့် ကံစီ၏လက် ကင်းကွာသွားသဖြင့်
မိုးနှီးမှာ ၀င်း၀င်းတောက်နေသည့် မျက်လုံးကြီးဖြင့်
သူ့အားမော့ကြည့်လာသည်။
သားရေခွဲသည့်ဓားချွန်းအား ကံစီကောက်ကိုင်ထား
လိုက်သည်။
ကညင်ဆီမီးတိုင်အောက်တွင် ပြောင်းလည်းသွားသည့်
မိုးနှီး၏မျက်၀န်းများအားကြည့်ကာ
သဘောပေါက်လိုက်သည်။
ညကြီးစည်းကမ်းမရှိပြောသည့်မိုးနှီးအား အပမှီချေပြီ။
“မင်း မင်း ရှေ့တိုးမလာနဲ့နော် ငါထိုးလိုက်မှာ”
“ဟား ဟား ဟား”
ကြောက်လန့်နေသည့့်အားကြည့်ကာ
ရယ်လိုက်သောမ်ုးနီး၏ပါးစပ်ထဲတွင်
အစွယ်များက အဖွေးသား။
“သွား သွား ငါ့အနားမလာနဲ့”
သူ့ဆီတစ်လှမ်းချင်းလှမ်းလာနေသည့်
မိုးနှီး၏မျက်နှာမှာ ကြောက်မက်ဖွယ်အတိမို့
ဓားမြှောင်အား ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း
ဒူးသည် မတုန်စဖူး တုန်ယင်လာပါသည်။
မမျှော်လင့်ထားသည့် အခြေအနေမို့လည်း
သွေးပျက်ရသည်။
ကြောက်လန့်တကြားဖြင့်ကြည့်မိ၍လားမသိ
မိုးနှီး၏မျက်နှာကြီးသည် သူသတ်ခဲ့ဘူးသည့်
သားကောင်များ၏ရုပ်သွင်များ ပေါ်လာကြသည်။
နောက်ဆုံးတွင်
မိုးနှီး၏ဦးခေါင်းတွင် ဧရာမဂျိုကြီးနှစ်ဘက် ထွာလာပြီး
ကံစီနောက်ဆုံးသတ်ခဲ့သည့် ကျွဲကြီးအသွင်ပြောင်း
သွားခဲ့သည်။
သူ့ထံ ခေါင်းထိုးရင်းပြေး၀င်လာသည့် ကျွဲကြီးအား
လက်ထဲကဓားနှင့် လည်လှီးလိုက်တော့သည်။
“ကိုင်းကွာ မသေအုံး မသေအုံး မသေချင်အုံး”
အချက်ပေါင်းမည်မျှထိုးမိသည်မသိ။
ကံစီအသိ၀င်သည့်အချိန်တွင် မိုးနှီးမှာ ခေါင်းပြတ်နေ
လေပြီ။
“ဟား ငါ ငါ”
ဒုတ် ချွင်
သွေးပျက်စဖွယ် အလောင်းကြီးနှင် သွေးသံရဲရဲ
ဂျီအသေကောင်ကြီးအားကြည့်ကာ နှလုံးတချက်
ရပ်သွားရသည်။
ထိုအချိန်တွင် တောင်ပြန်လေတချက်ကြောင့်
မီးတုတ်မှမီးမှာ ငြိမ်းသွားရသည်။
မီးအငြိမ်းတွင် လရောင်ရေးရေးဖြင့် မြင်ရသည်က
သေနေပြီဖြစ်သည့် မိုးနှိး၏အလောင်းသည်
ရုတ်တရက်ခုန်ထကာ ကံစီထံ ခုန်၀င်လာခဲ့သည်။
“”အားးးးးးးး””
ဂီး ဂစ် ဂစ်
ထိုအော်သံနှင့်အတူ ကောင်းကင်တွင် တိမ်မဲတစ်အုပ်
ဖုံးအုပ်သွားပြီး ကံစီ၏ ၀မ်းခေါင်သံကြီးနှင်အပြိုင် ဉာည့်ငှက်တစ်ကောင်သည်လည်း
စူးစူးဝါးဝါးအော်ဟစ်လေသည်။
…..
ထိုဖြစ်ရပ်များ ဖြစ်သွားပြီး…
တလလောက်အကြာတွင်ဖြစ်သည်။
“ဒေါ်သီ ဒေါ်သီ ”
“ဟေ ဘယ်သူများလဲ”
“ဒေါ်သီလာအုံး အရေးကြီးလို့”
ဒေါ်သီသည် ထမင်းချက်နေရာမှ အလျှင်စလိုခေါ်နေ
သည့်အသံကြောင့် အိမ်ရှေ့ထွက်လာခဲ့သည်။
လသာညမို့ မီးမလို။
အပြင်ဘက်တွင် လင်းထိန်နေပါသည်။
ဘယ်သူတွေလဲဟဲ့ အစောကြီး
အပြင်ဘက်အလင်းမသဲမကွဲတွင် ရပ်နေကြသည့်လူ
သုံးလေးယောက်ခန့်အား ဘယ်သူရယ်မကွဲပြားဘဲ
လှမ်းမေးလိုက်သည်။
“လာအုံးဒေါ်သီ ခုရက်ပိုင်း နာမည်ကြီးလာနေတဲ့ ဆင်ခေါင်းတောအကြောင်း ကြားမိရဲ့မဟုတ်လား”
ထူးဆန်းသည့်မေးခွန်းမို့ ဒေါ်သီခေတ္တတွေဝေသွား
မိသည်။
ဆင်ခေါင်းတောတွင် ဒီတလအတွင်း ထူးဆန်းတာ
တွေဖြစ်နေသည်။
ကြောက်လန့်စရာလည်းကောင်းနေသည်။
သို့ပေမင့်
ထိုထူးဆန်းသည့်အရာသည် ရွာတွင်းဘက်မလာသဖြင့်
လူများအား ဆင်ခေါင်းတောသို့မသွားရဟု
တားမြစ်သည်နှင့် ထိုကိစ္စမှာ အတန်ငယ်စိတ်အေးရ
ပေသည်။
ဒေါ်သီ တုန့်ဆိုင်းဆိုင်းပင်ပြန်ဖြေသည်။
“အင်း ကြားမိပါတယ် ဘာများဖြစ်လို့လဲ”
လူကြီးတစ်ယောက်က ရှေ့ထွက်လာပြီး….
“ဒီလိုဗျ ဟော့ဒီတင်မောင်ဟာ တားမြစ်ထားတဲ့ကြားက
ဆင်ခေါင်းတောကို မနေ့ကသွားသတဲ့လေ”
“အင်း သွားတော့…”
ဒေါ်သီက စကားထောက်ပေးလိုက်သည်။
ပြောနေသည့်သူက စကားအဆုံးသတ်တွင်
အနဲငယ်တုန့်ဆိုင်းသွားသောကြောင့်ဖြစ်သည်။
“သွားတော့ ထူးဆန်းကြောက်မက်ဖွယ်ရာကို
တင်မောင်ဟာ ကြုံခဲ့ရသတဲ့လေ!
“ဘယ်လိူကြုံသလဲ စိတ်၀င်စားလိုက်တာ ”
“ကဲ တင်မောင် ဒေါ်သီကိုအသေးစိတ်ပြောပြလိုက်”
“ဟုတ်ကဲ့”
အသားမဲမဲ ခပ်ပိန်ပိန်လူတယောက်က
ဒေါ်သီအနားကပ်ကာ ပြောပြလာသည်မှာ….
…….
တင်မောင်သည် အမေတခုသားတခုဖြစ်ပြီး
သူများလယ်တွင် စားရင်းငှားလုပ်ကာ မိခင်ဖြစ်သူအား
လုပ်ကျွေးရသူဖြစ်သည်။
ယနေ့ နေ့လယ်စောစောတွင် ဆင်ခေါင်းတောဘက်
ထွက်လာခဲ့သည်။
“အမေ သား ရွာပြင်မှာကြွက်ထိုးသွားမလို့”
“အေးအေး ညအရမ်းမနက်စေနဲ့နော်သား အရမ်းအေး
တယ် နဲနဲရရင်ပြန်လာတော့”
“စိတ်ချပါအမေ ဒီအနီးအနားတင်အမြန်ပြန်လာမှာပါ”
ထိုသို့ပြောပြီး မှိန်းတိုလေးအားယူကာ …
အေးနေသဖြင့် လည်ပင်းတွင်ပုဆိုးတစ်ထည်သီးသန့်
ရစ်ပတ်ကာ စည်းနှောင်လိုက်သည်။
ပြီးမှ ပလိုင်းလေးလွယ်ကာ ထွက်လာခဲ့သည်။
ယခုတလောဖြစ်နေသည့်အကြောင်းအရာများအား
သူ မကြားမသိ၍မဟုတ်။
၀မ်းရေးကြောင့်ပင်ဖြစ်သည်။
ဆင်ခေါင်းတောအစပ်တွင် ဧရာမမြေကြွက်ကြီးများ
ရှိသည်ကို သူသိထားလေရာ ကြွက်တူးရန်လာခြင်း
ဖြစ်သည်။
ယခုအချိန်သည် စပါးမှည့်ချိန်ဖြစ်သောကြောင့်
လယ်ကြွက်များသည် စပါးခင်းအားကိုက်ဖြတ်ကာ
တွင်းထဲသို့ သယ်ကြပေမည်။
ကြွက်များမှာ တွင်း၀တွင်ကိုင်း(ဂိုင်း)ကွင်းထောင်၍
လည်းရသည်။
သို့ရာတွင် တင်မောင်မှာ ပြေး၍လွတ်နိုင်သူအား
ချမ်းသာပေးမည်ဟု တွေးကာ မှိန်းတိုဖြင့်သာ
လိုက်ပစ်တတ်သည်။
မိခင်ဖြစ်သူကိုမူ ဆင်ခေါင်းတောဘက်သွားမည်ဟု
မပြောခဲ့။
စိတ်ပူပြီးတားမြစ်မှာစိုးသောကြောင့်ဖြစ်သည်။
ဆင်ခေါင်းတောအစပ်တွင် ယခင်ကရွာဟောင်းရှိသည်။
အကြောင်းတခုခုကြောင့် ပြောင်းသွားကြပေမဲ့
လယ်ယာများကိုမူ အိမ်မှလာလုပ်ကြသဖြင့်
စပါးခင်းကရှိနေသည်။
ကြွက်များလည်း ပေါလှသည်။
လူပိန်သလောက် ခြေလှမ်းသွက်သည့်တင်မောင်မှာ
ဆင်ခေါင်းတောစပ်သို့ ညနေမစောင်းမီ ရောက်လာ
သည်။
ဟား အချိန်တော်လေးပဲဟ
ပြုံး၍ပြောလိုက်ပြီး ပလိုင်းလေးအား လယ်ကန်သင်း
ဘေးအသာချကာ တောင်စွယ်နေကွယ်နေသည်အား
ထိုင်ကြည့်နေလိုက်သည်။
စိမ်းညို့နေသည့် ဆင်ခေါင်းတောအုပ်ရယ်
လှပလွန်းနေသည့် ရွှေဝါရောင်စပါးခင်းကြီးရယ်
တောင်စွယ်တွင် မှေးတင်နေသည့် ညနေဆည်းဆာ
ရယ် သာယာလွန်းပေစွ။
ဖျော ရှလော ရှော
“ဟ စောလှချည်လားဒီကောင်တွေက”
ယင်းသို့မှတ်ချက်ချရင်း အသံကြားရာဘက်လှမ်းကြည့်
မိတော့ မြေကြွက်အချို့မှာ စပါးနှံအား ကိုက်ဖြတ်နေ
ကြသည်ကို တွေ့ရလေသည်။
အချိန်ကောင်းမဟုတ်သေးသဖြင့် အသာထိုင်နေမိသည်။
ဆေးလိပ်စွဲနေသူဖြစ်သော်လည်း ကြွက်ထိုးမည့်
နေ့တွင် ဆေးလိပ်မသောက်ဝံ့။
ဆေးနံ့ရကာ ကြွက်များမထွက်မည်ကို စိုးသောကြောင့်
ဖြစ်သည်။
သိပ်မကြာ။
ကောင်းကင်တွင် လမင်းကြီးပေါ်ထွက်လာတော့သည်။
လယ်ကွင်းပြင်တွင် ကြွက်ပြေးသံများအား ကြားလာရ
လေပြီ။
တင်မောင်သည် ချထားသည့်ပလိုင်းအားကောက်
လွယ်သည်။
မှိန်းတိုအား ဆွဲကိုင်သည်။
စောစောကတည်းက သူ့ရှေ့နားလောက်တွင်
တရွတ်ရွတ်ကိုက်နေသော မြေကြွက်ကြီးအား
ပစ်မှတ်အရင်ထားကာ ချည်းကပ်လာခဲ့သည်။
ကျွိ ကျွိ ရွတ် ဖျော ဖျော
သူ့အားတွေ့မြင်ကာ မြေကြွက်မှာပြေးလေပြီ။
တင်မောင်လေ။
ဒီလိုပြေးဖို့ကို အခွင့်ပေးနေတာဘဲ။
လက်ကမှိန်းတိုဆွဲကာ မြေကြွက်ကြီး၏ပြေးလမ်းအ
တိုင်း လိုက်လေတော့သည်။
မြေကြွက်များသည် စပါးခင်းတွင်းသွားလာနေသည်မှာ
လမ်းကြောင်းပင်ဖြစ်နေသည်။
စပါးခင်းသည်ဒူးခေါင်းသာသာ သာရှိသည်မို့
ငါးဆယ်သားကျော်ခန့်ရှိ ကြွက်ကြီးပြေးနေရသည်ကို
အတိုင်းသားပင်မြင်နေရသည်။
ပိန်တာရိုးတင်မောင်လေ မြေကြွက်ကြီးအားအလစ်
မပေး။
ရအောင်လိုက်သည်။
မြေကြွက်သည် ကွေ့ပတ်ပြေးရင်း တွင်း၀နားအရောက်
တွင် တင်မောင်၏မှိန်းချက်မိခံရလေသည်။
ကြွက်ကြီးအားကောက်ကာ လရောင်တွင်မြောက်ကြည့်
မိသည်။
“ဟား အထွားကြီးစျေးဦးပေါက်ပီပဲ”
ပြောပြီး ပလိုင်းထဲထည့်လိုက်သည်။
ခြေလှမ်းများက ဒုတိယသားကောင်အားရှာဖွေရန်
လှမ်းနေသည်။
တင်မောင်၏လယ်စပ်နှင့် ဆင်ခေါင်းတောအစပ်သို့
ရောက်သည်မှစ၍ သူ့အားစောင့်ကြည့်နေသူရှိသည်။
ထိုသူမှာ တင်မောင်ကြွက်လိုက်နေသည်အား
ဆင်ခေါင်းတောအစပ်ရှိ ချုံတခုအနီးတွင်ကပ်ကာ
ချောင်းနေခဲ့သည်။
တင်မောင်မှာ ကြွက်အလိုက်ကောင်းနေသည်။
သာနေသည့်လမင်းပင် ခေါင်းပေါ်ရောက်လုနီးပြီ။
မှိန်းချက်ထိမှန်သွားသည့် ကြွက်အားကောက်ယူကာ
ခေါင်းပေါ်မော့ကြည့်ပြီး ပြန်ရန်တွေးမိသည်။
လက်ထဲကကြွက်အား ပလိုင်းထဲထည့်ပြီး ငုံ့ကြည့်မိ
ရာ မျက်စိအစုံပင် ပြူးကျယ်သွားရသည်။
“ဟမ် ငါ့ကြွက်တွေ ဘယ်ကျနေရစ်သလဲ ပလိုင်းလဲဖင်
မပေါက်ပါဘူး ”
ပလိုင်းထဲတွင် ယခုနောက်ဆုံးရထားသည့် ကြွက်သာ
ရှိသည်။
အခြားကြွက်များမှာမူ မရှိတော့ပေ။
လယ်ကွင်းပြင်တလျှောက်ဝေ့ကြည့်မိသည်။
“ဘယ်ကျနေခဲ့ကုန်မှန်း မှန်း မှန်း…ဟိုက်”
ပြောရင်းငုံ့ကြည့်ရင်း ရှာဖွေရန်ပြင်စဉ် ပလိုင်းထဲ
ရှည်လျှားသည့်လက်ကြီးတဖက်က စွတ်ခနဲ၀င်ပြီး
လက်ကျန်မြေကြွက်အား ဆွဲထုတ်သွားသည်ကို
ရိပ်ခနဲ မြင်လိုက်ရလေသည်။
ထိုလက်ဘက် ချာခနဲလှည့်လိုက်ရာ မိမိနှင့်နှစ်လံအကွာလောက်တွင် မားမားကြီးရပ်နေသူ
အား လရောင်ဖြင့် တွေ့လိုက်ရလေပြီ။
တင်မောင်သည် မိမိထက်ပင်မိုမဲနေသောထိုအရိပ်အား
စူးစိုက်ကြည့်မိသည်။
ထိုအမဲရိပ်သည် ခေါင်းကြီးငုံ့ကာ သူ့လက်ထဲမှ မြေကြွက်အား ကြည့်နေဟန်တူသည်။
ဆံပင်များသည် ရှုပ်ထွေးပွယောင်းလျှက်ရှိပြီး ခန္ဓာ
ကိုယ်ပေါ်တွင် အ၀တ်မရှိသာ သိသာလွန်းသည်။
လက်တွင်းမှ မှိန်းတိုအား ကျစ်ကျစ်ပါအောင်
ဆုပ်ထားမိသည်။
အရိပ်မဲ၏လက်မှာ ပလိုင်းအားလာနိုပ်စဉ် နှစ်လံမျှ
ရှည်ထွက်ခဲ့သဖြင့် လူမဟုတ်တာ မောင်ထင်သိသည်။
ရှေ့ကအရိပ်အား အရိပ်အကဲကြည့်ရင်း
မည်သို့လုပ်ရမည်နည်းဟု ရုတ်တရက်အကြံထုတ်နေ
ခြင်းပင်ဖြစ်သည်။
သူအကြံထုတ်နေတုန်းမှာပင်
အူးးးဝူးးးးဝူးးးးအူးးးး
ဆင်ခေါင်းတောအတွင်းမှ ခွေးအူသံကြီးက
ပေါ်ထွက်လာခဲ့ပါသည်။
ထိုခွေးအူသံနှင့်တချိန်တည်းပင် အရိပ်မဲကြီးမှာ
လှုပ်ရှားလိုက်သည်။
လက်ထဲမှကြွက်ကြီးအား ငုံ့ကြည့်နေရာမှ
အပေါ်တချက်မြှောက်တင်ကာ ၀မ်းဗိုက်အားကိုက်
ဖောက်လိုက်သည်။
ဦးခေါင်းမှာ မော့လိုက်သည့်အနေအထားသို့ရောက်သွားရာ
လရောင်ဖြင့် ကြောက်မက်ဖွယ်မျက်နှာကြီးအား
တွေ့မြင်လိုက်ရသည်။
အမွှေးအမျှင်များနှင့် ပြူးကျယ်လွန်းသည့်မျက်လုံးကြီး
သည် မြေကြွက်ကြီးဆီအာစိုက်ကြည့်ရင်း
အူများအားဆွဲနှုတ်စားနေသည်။
တင်မောင်အား လုံးလုံးဂရုမစိုက်။
တင်မောင်သည် မိမိကြွက်အားမြိန်ရေရှက်ရေ
စားသောက်နေသည့် အမဲကောင်ကြီးအား ကြည့်ကာ
ဒေါသထွက်သွားရသည်။
နဂိုရ်တည်းကမှ စိတ်မှန်စိတ်ဆတ်သူလေ။
“ဟာ ….မင်းကဘာကောင်ဖြစ်ဖြစ် ငါမကြောက်ဘူး
ငါ့ကြွက်ကိုခိုးစားတဲ့ငမဲကောင် သေပေတော့”
ရှောင်း ရှောင်း ရှလောင်း
ဇြိ ဇြိ ဇြိ
!!!ဂူလ်းးးးဂါးးးးး!
တင်မောင်သည် စပါးခင်းအားနင်းဖြတ်ကာ ထိုအကောင်ကြီးအနား ရောက်သွားပြီး လက်တွင်းမှ
အဖျားတွင် သံချွန်တပ်ထားသည့် မှိန်းတိုဖြင့်
လည်ပင်းနေရာနှင့် အနီးတဝိုက်ထား ဆက်တိုက်ပင်
ထိုးစိုက်လိုက်သည်။
ထိုအခါ
အမဲကောင်ကြီးသည် အော်သံပေးကာ လက်ထဲမှ
ကြွက်အသေအားလွှတ်ချလိုက်သည်။
လက်နှစ်ဖက်ဖြင့် တင်မောင်၏ပိန်လှီလှီလက်မောင်း
အားအတင်းဆုပ်ကိုင်ကာ ဆွဲမွေ့လေတော့သည်။
မဲမဲအကောင်ကြီးသည် နာကျင်ဟန်မပြ။
သူစားနေစဉ် နှောင့်ယှက်ခံရသဖြင့် ဒေါသထွက်နေသည့်ပုံမျိုးပင်။
သူကဆွဲခါယမ်းသည် ။
တင်မောင်ကရုန်းသည်။
တကြိမ်တွင် တင်မောင်သည်အကောင်ကြီးလက်မှ
လွတ်ကာ စပါးခင်းပေါ်ပစ်လဲကျသွားသညိ။
ထိုအကောင်ကြီးကလည်း ခုန်အုပ်ကာ လည်ပင်းညှစ်
လာပါသည်။
“အစ် အစ် အီးးး”
သန်မာလှသည့်လက်အစုံကြောင့် အသက်ရှူကျပ်လာစဉ် အနီးကပ်မျက်နှာကြီးအား
မြင်ရသဖြင့် ညာမျက်ခုံးပေါ်မှ မှဲ့နက်ကြီးအားမြင်လိုက်
ရလေသည်။
“အီး အစ် အစ် မင်း ကံ ကံ စီ…”
အစ်တစ်တစ်အသံပေမဲ့ ပီပြင်သည့်နာမည်ကြောင့်
လည်ပင်းခွညှစ်နေသူသည် အနည်းငယ်ကြောင်အမ်း
သွားသည်။
လက်ကညှစ်အားသည်လည်း နည်းပါးသွားသည်။
ထိုအခွင့်အရေးအား တင်မောင်က သတိမလွတ်သူမို့
ကောင်းစွာအသုံးချလိုက်သည်။
လက်ထဲတွင်မလွတ်တမ်းဆုပ်ကိုင်ထားသည့် မှိန်းဖြင့်
အမဲကောင်ကြီး၏ မျက်နှာအားထိုးစိုက်လိုက်ရာ
ညာဘက်မျက်စိတည့်တည့်တွင် ထိုးမိလေသည်။
!ဂီးးးးးးဂဲလ်းးးး!
ညာဘက်မျက်စိအားအုပ်ကိုင်ကာ တင်မောင့်ကိုယ်ပေါ်
မှ ထပြေးလေတော့သည်။
သွေးများရဲနေသည့်မှိန်းတိုအားဆုပ်ကိုင်ရင်း
တင်မောင်မှာ လယ်ကွက်ထဲတွင်ကျန်ခဲ့လေသည်။
“ဒါ ဒါ လွန်ခဲ့တဲ့ တစ်လလောက်ကရွာက ပျောက်သွားတဲ့ ကံစီမှကံစီပါ ဘယ်လိုဖြစ်တာလဲ”
လယ်ကွင်းအား ခြေလှမ်းအနည်းငယ်ဖြင့်ဖြတ်ပြေး
ကာ ဆင်ခေါင်းတောဘက်၀င်ရောက်သွားသည့်
အရိပ်မဲကြီးအားကြည့်ကာ တင်မောင်မှာ ရွာဘက်
အမြန်ပြန်ခဲ့လေသည်။
တင်မောင်၏စကားမှာ ထိုနေရာတွင်အဆုံးသတ်လေ
သည်။
ဒေါ်သီ၏မျက်၀န်းမှ မျက်ရည်များစီးကျလာကြသည်။
“ဟုတ်ရဲ့လား မောင်တင်မောင်ရယ်”
“ကံစီမှကံစီအစစ်ပဲဒေါ်ကြီး အစကမမှတ်မိဘူး မျက်နှာ
ကကြောက်စရာကြီး မှဲ့နက်ကြီးမြင်မှ မျက်နှာကို
ပုံဖော်ကြည့်မိတော့ ခပ်ရေးရေးပေါ်လာတာ
တစ်ကိုယ်လုံး ဘာအ၀တ်မှမ၀တ်ပဲ အမွှေးအမျှင်တွေ
နဲ့ ကြောက်စရာကြီး ဘီလူးသရဲကြီးဖြစ်နေပီ”
နောက်မှလိုက်လာသူများထံမှ ယခုမှအသံထွက်လာ
ကြသည်။
“ဒါဆိုကံစီဟာ သေလို့ သရဲဖြစ်နေတာပေါ့”
“သေချာတာပေါ့ တင်မောင်ပြောတယ်လေ သူ့လက်ကြီးတွေက ရှည်ထွက်လာတယ်လို့”
“အင်း သူနဲ့ပေါင်းနေတတ်တဲ့ တစ်ဘက်ရွာက
မုဆိုးအိမ်ကိုလဲ ရွာသားတချို့ကို လွှတ်လိုက်တယ်
ပြန်လာရင် ပိုသေချာတဲ့အဖြေပေါ်မှာပဲ
တောတွင်း၀င်ဖို့ အသင့်သာပြင်ထားကြစို့”
“အို ကျုပ်သားလေး မသေပါဘူး မသေပါဘူးတော်
အဲ့တာ ကျုပ်သားမဖြစ်နိုင်ဘူး”
ဒေါ်သီမှာ ပါးစပ်ကငြင်းနေမိသည်။
သူ့သားခရီးလွန်နေတာနေမှာပါဟု တွေးသည်။
လူကြီးတဦးက ၀င်ပြောသည်။
“ခင်ဗျာ့သားမဟုတ်ရင်လဲ ပီးတာပါပဲဒေါ်သီ
ဒီဆင်ခေါငိးတောအစပ်မှာ ကျွဲနွားတွေ သတ်ပီးအစိမ်း
စာတယ် တစ်ခါကလည်း ခရီးသည်မိသားစုတစ်စုဟာဆင်ခေါင်းတောကို
မှား၀င်တော့ အမျိုးသမီးတစ်ယောက်နဲ့ တစ်နှစ်အရွယ်ကလေးငယ်ကို သတ်တယ်
အမျိုးသားတစ်ယောက်သာ ဒဏ်ရာဗလပွနဲ့ လွတ်
လာပီး ရွာကလူတွေ လိုက်သွားကြည့်တော့
ဗိုက်ထဲကအူတွေကို ထုတ်စားထားတယ်
အစကတော့ ဘာကောင်လဲ ဘာလဲ ဘယ်လဲနဲ့
အတိအကျ မသိကြဘူး တစ်လအတွင်း လူနှစ်ယောက်
နဲ့ ကျွဲနွားဆယ်ကောင်ခန့် အစားခံရတယ်
လိုက်ရှာရင် မမြင်ရဘူး ခုလိုတင်မောင်ပြောပြတော့
ခင်ဗျားသားကံစီဖြစ်ဖြစ် သရဲဖြစ်ဖြစ် ရှာဖွေသုတ်သင်
ရမှာက ရပ်ရွာတာ၀န်ဖြစ်လာပီလေ
ဒီအတိုင်းဆက်ထားရင် ကြာရင်လူ့ရွာအထိ ရောက်လာနိုင်လို့
ကျုပ်တို့ရွာက ခုမနက်ပဲ ဆင်ခေါင်းတောကို
၀င်မွှေတော့မှာ လူစိတ်ပျောက်နေတဲ့ ဘီလူးလိုမို့
အသေရရ အရှင်ရရပဲ ကျုပ်တို့သွားမယ်
၀တ္တရားအရ လာပြောပြတာ”
တင်မောင်က ဒေါ်သီမျက်နှာအားစိုက်ကြည့်ကာ
ပြောပြန်သည်။
“ညကကျုပ်မသေခဲ့တာဟာ လည်ပင်းမှာအချမ်းပြေ
ရစ်ပတ်သွားခဲ့တဲ့ ပုဆိုးစုတ်ကြောင့်ပဲ ကံစီသရဲဟာ
လည်ပင်းကို ရိုးရိုးညှစ်နေတာမဟုတ်ဘူး
လက်သဲရှည်ကြီးနဲ့ ထိုးဖောက်နေတာပဲ”
“အမလေး သားရဲ့ ကိုယ်ကျိုးတော့ နဲပါပေါ့လား
မဟုတ်ဘူးမဟုတ်ဘူး ဒါ သားလေးမဖြစ်နိုင်ဘူး”
“ခင်ဗျားစဉ်းစားပါဒေါ်သီ ကံစီဟာ သားသတ်သမား
ဗိုက်ထဲကနွားသားတောင်အစိမ်းစားသေးတာ”
“သူ လူမသိသူမသိသေပီး ဘီလူးဖြစ်နေသလားမှမသိ
တာ ”
တယောက်တပေါက်ပြောကြရာ ဒေါ်သီမှာ အိမ်တွင်း
ပြေး၀င်သွားတော့သည်။
ထိုအခါ တင်မောင်နှင့်ရွာသားများသည်
ပြန်လှည့်သွားကြလေသည်။
မနက်ခင်း လင်းလုပြီဖြစ်သည်။
…..
“သားရေ မောင်ကံစီ သားလေး”
ဒေါ်သီသည် ပါးစပ်ကဘယ်လိုငြင်းငြင်း
မသိစိတ်က မိမိသားပါဆိုတာ သိနေခဲ့ပြီဖြစ်သည်။
ထို့ကြောင့်
အိမ်အတွင်းပြေး၀င်ဟန်ပြကာ ရွာသားများအားလှည့်
စားခဲ့ပြီး အိမ်အနောက်ဘက်မှထွက်လာခြင်းဖြစ်သည်။
မနက်ခင်းအလင်းရောင်ရစအချိန်လေးတွင်
ဒေါ်သီမှာ ဆင်ခေါင်းတောအစပ်သို့ ရောက်ရှိလာလေပြီ။
ခြေထောက်တွင် ဖိနပ်ပင်မပါတော့။
လမ်းတွင် ပြတ်ကျန်ခဲ့လေပြီ။
သားဇောဖြင့် ဒေါ်သီမမောနိုင်။
ဘာစမှန်းမသိတော့သည့် အရောင်ပြယ်လုလုအင်းကျီ
လေးပင် ချွေးတို့ဖြင့် စိုရွဲနေလေပြီ။
“သားလေးရေ အမေလိုက်လာပီလေ မောင်ကံစီ”
ဆင်ခေါင်းတောတွင်းအော်ဟစ်နေသည့်ဒေါ်သီ။
မျက်၀န်းများက သစ်ပင်များကြားပြူးပြဲကြည့်နေသည့်
ဒေါ်သီ။
သစ်ပင်အမြင့်ပေါ်မှ သူ့အားခုန်အုပ်လာသည့်
အရိပ်မဲကြီးအား မမြင်နိုင်ခဲ့။,
“အောင်မယ်လေးတော် ”
မြေပေါ်လုံးထွေးကျသွားကြသည်။
တစ်ပါတ်နှစ်ပါတ်ခန့်လိမ့်ပြီး အလိမ့်ရပ်သည်နှင့်
ဒေါ်သီမှာ လည်ပင်းအညစ်ခံရလေပြီ။
“အီး အစ် အစ် သား သားလေး”
တုန်ယင်နေသည့် အမယ်အို၏လက်များသည်
အရိပ်မဲထံလှမ်းနေပါသည်။
အဆမတန်ပြူးကျယ်နေသည့် မျက်၀န်းမှ
မျက်ရည်များကစီးကျလျှက်။
သူ့လည်ပင်းအတွင်းသို့ ချွန်ထက်သည့် လက်သည်း
များက နစ်၀င်လာကြသည်။
“သား သား သား ရယ်”
ဒိုင်းးးး
အသက်ရှူရပ်မတတ်ဖြစ်နေစဉ် တူမီးသေနတ်သံ
တချက်နှင့်အတူ သားအားနောက်ဆုံးခေါ်ရင်း
စိတ်သည်အမှောင်ကျသွားလေတော့သည်။
“ဟိုမှာ ဟိုမှာ လိုက်ကြပါကွ”
“အဖွားကြီးကငါတို့ထက်အရင် တောထဲရောက်နေတာ
သေပီလားမသိဘူ”
“ကဲဟေ့ လေးယောက်တဖွဲ့ခွဲပီး တောကို လူဖြန့်ပါ
အားလုံးသတိရှိကြပါစေ”
ရွာလုံးကျွတ်နီးပါးလူအုပ်ကြီးသည် ဆင်ခေါင်းတော
အား လူဖြန့်ကာ မွှေနှောက်လေတော့သည်။
လူသူကင်းရာဘက် အရိပ်မဲကြီးမှာ ပြေးသည်။
သို့သော်
များပြားလှသည့်လူအုပ်ကြောင့် သေနတ်သံများကြောင့်
ပြေးလမ်းသည် ပျောက်နေရလေသည်။
နေထန်းတဖျားမျှမြင့်တက်လာသောအခါ…
ဒိုင်း ဒိုင်း
“ဟာ ဟာ ကျလာပီဟေ့”
“လာကြဟေ့ လာကြ”
ဝေါး ဝရော ဖျော ဖျော ဖောင်း
နှစ်ဆင့်ပစ်လိုက်သည့်သေနတ်သံနှင့်အတူ
အရိပ်မဲကြီးသည် သစ်ပင်ထိပ်ဖျားမှ ပြုတ်ကျလာသည်။
ရွာသားလေးငါးယောက်သည် ထိုနေရာဘက်
သေနတ်များဓားများအသင့်ပြင်ပြီး ပြေးကြသည်။
“ဟာ သတိထားကြဟေ့ မသေသေးဘူး”
ခြေလှမ်းနှစ်ဆယ်ခန့်တွင် ရပ်လိုက်ပြီး လူးလွန့်နေဆဲ
ဖြစ်သည့် မဲမဲအကောင်ကြီးကြောင့်
သေနတ်များပြင်ဆင်လိုက်ကြသည်။
“ငါပစ်မယ် ”
“ဘေးဆုတ်”
ဒိုင်း
“ဟာ ”
“ဟင် ”
“သွားပီ”
လူစုဆီမှ ထိတ်လန့်သံများပေါ်ထွက်လာကြသည်။
အပိုင်ပစ်လိုက်သည့် ပစ်ချက်သည်
လူးလှိမ့်နေသည့် အရိပ်မဲအား ပြေးဖက်လိုက်သည့်
ဒေါ်သီအား ထိမှန်လေပြီ။
ဒေါ်သီမှာစောသောကမသေဘဲ မေ့သွားခြင်းဖြစ်မည်။
“သား သား အ အ အားးသားလေး အမေ အမေလေ”
သေနတ်ဒဏ်ရာအားသတိမထား။
လေးဘက်တွားနေသည့်သားဖြစ်သူအား
အနားလည်း အရမ်းမတိုးရဲ ။
ခြေနှစ်လှမ်းအကွာလောက်မှ ခေါ်ငင်မိသည်။
သူ့ရှေ့တွင် ၀င်ကာသည်ကိုမြင်၍လား
သေအံ့မူးမူးဒဏ်ရာကြောင့်လားမသိ အရိပ်မဲ ဝါ ကံစီ
၏မျက်လုံးများသည် အရောင်ပြောင်းစပြုလာသည်။
“သား သား မသေရဘူး အမေလေ အမေ”
“အ အမေ မေ”
“သားသား”
ကံစီသည် မိခင်အား လှမ်းဖက်ရန်လက်လှမ်းနေစဉ်…
“ဟာ ဟိုဘီလူးသရဲ ဒေါ်သီကိုသတ်တော့မယ်”
“ပျစၠာ”
ထိုအသံအား ကံစီကြားပါသည်။
ယခုမှ၀င်လာသည့် အသိစိတ်တွင် အမေ့ကိုသေနတ်
မှန်သွားမည်ကို စိုးရိမ်မိသဖြင့် အတင်းကုန်းထကာ
မိခင်အားဆွဲဖက်ရင်း ကျည်လာရာလမ်းဘက်
ကျောပေးထားလိုက်မိသည်။
ဒိုင်း ဒိုင်း ဒိုင်း
“အားးးးအ အ ”
“သား သား အို အမေ့သားလေး”
“အ အ အမေ”
ကံစီသည် သေနတ်ရာဗလပွနှင့် သက်ခင်မပြတ်မီ
မိမိအား ဆုံးမသွန်သင်ခဲ့ပုံ ဘုရားတရားများ
လုပ်ပြခဲ့ပုံတို့အား မြင်ယောင်ကာ မိခင်ဖြစ်သူအား
ပထမဆုံးနှင့် နောက်ဆုံးအကြိမ်အဖြစ်
လက်အုပ်ကလေးချီလိုက်မိသည်။
မျက်၀န်းမှ မျက်ရည်တစနှင့်အတူ အမြင်တွေဝါး၍ဝါး၍
သွားလေပြီ။
ငြိမ်သက်သွားသည့် သားဖြစ်သူအားကြည့်ကာ
ဒေါ်သီ ကြောင်အ သွားရသည်။
“သား သားလေးမသေရဘူးလေ”
နှုတ်မှခပ်တိုးတိုးသာပြောရင်းလဲကျသွားလေတော့သည်……
ယနေ့ကား
ဆင်ခေါင်းတောအစပ် ရွာဟောင်းတွင်
ဘုရားထီးတော်တင်သည့်နေ့ဖြစ်သည်။
မိခင်ဖြစ်သူဒေါ်သီမှ သားမောင်ကံစီအားရည်စူး၍
လှူဒါန်ပြုလုပ်သော…
၀ဋ်ကြွေးတော်ပြေ လွမ်းစေတီ။
ဒေါ်သီမှာ လည်ပင်းဒဏ်ရာအချို့ရယ် သေနတ်ပုခုံး
မှန်သည့်ဒဏ်ရာရယ်ရခဲ့ပေမဲ့ အသက်မသေခဲ့။
အိမ်နှင့်ခြံအားရောင်းချကာ သားဖြစ်သူအတွက်
တောအုပ်ကလေးထဲတွင် စေတီလေးတဆူတည်သည်။
အသက်ထွက်ခါနီး သားဖြစ်သူမျက်၀န်းများအား
ဒေါ်သီမေ့၍မရ။
သံယောဇဉ်အပူမီးနှင့် ဘ၀ဒုက္ခအား ကြောက်လန့်
သွားရသည်။
လူကြီးအချို့ပြောနေကြသည်။
“အင်း မောင်ကံစီဟာ လူပေါင်းမှားသွားတာကွဲ့
ရွာကလူငယ်တွေအတွက် သင်ခန်းစာပေးသွားတာပဲ”
“သူက ငယ်ကတည်းက အဖေမရှိဘူးဆိုတဲ့အားငယ်
စိတ်နဲ့ သူငယ်ချင်းမထားခဲ့ဘူး
တဖက်ရွာက မုဆိုးနဲ့ခင်တော့ခင်မင်စိတ်နဲ့ မုဆိုးရဲ့
စကားတွေစွတ်ယုံခဲ့တာပေါ့”
“သူကမသေပဲ ဘီလူးသဘက်လိုဖြစ်သွားတာကကော
အဘ”
“ဒါကတော့ အတတ်မပြောနိုင်ဘူးကွယ်
မကောင်းမှုကံအကျိုးပေးချိန်ရယ် တစ်ဘက်ကမုဆိုး
ရဲ့ နိမ့်ပါးချိန်ရယ် တိုက်ဆိုင်သွားတာပဲနေမှာ
မုဆိုးအိမ်ခြံကို ရွာကလူတွေသွားကြည့်တော့
ခြံနောက်ကမြောင်းကြားမှာ အရိုးစုတွေတယ်တဲ့
ဘယ်လိုဖြစ်ကြပီး မောင်ကံစီကို သရဲပူးသွားသလဲတော့ ဘယ်သူပြောနိုင်မလဲလေ
အခုတော့ ဟော့ဒီလွမ်းစေတီလေးမှာ သူတို့ကောင်း
ရာသုဂတိကို ရောက်ပါစေလို့ ဆုတောင်းယုံပေါ့”
” အင်း ကျုပ်ကြားဘူးတာကတော့
ငရဲကလာတဲ့သူမျိုးဟာ အပြောအဆိုအနေအထိုင်ကြမ်းတမ်းသတဲ့
ဤကောင်းမှုကြောင့် ငရဲကလာသူ ငရဲပြန်မရောက်ပါစေနဲ့ဗျာ”
လူအများစည်ကားလျှက်ရှိသော တောအုပ်အာကလေး
အတွင်းမှ ရွှေရောင်၀င်းနေသည့် စေတီတော်လေးအား
ထီးတော်တင်ပြီးရေစက်ချအမျှဝြေပီးသောအခါ
ဒေါ်ခေမာ၀တီမည်သော သီလရှင်ကြီးတပါးသည်
ထိုနေရာမှ ကျောခိုင်းကာ ထွက်သွားလေသည်။
သူ့ဦးတည်ရာကား အုတ်တွင်းရွာသို့လည်းမဟုတ်။
မအို မနာ မသေ မပုတ်ရာဖြစ်သော
မြတ်နိဗ္ဗူစခန်းကို တက်လှမ်းနိုင်ဖို့
တရားထူးရရန် မြတ်စခန်းဆီသို့…
ပြီးပါပြီ။
လုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲကြပါစေ။
ဧကရီ{မနောမြေ}