ငါးစိမ်းသည်

ငါးစိမ်းသည်(စ/ဆုံး)
———————

“လာနော် ငါးခူ ငါရံ့တွေ လတ်မှလတ်ဟေ့
၁၀၀၀စျေးနော် ငါးရံ့ခုတ်သားကိုမှ ၁၀၀၀ပဲဟေ့”

ရင်ခေါင်းကအသံနဲ့ စျေးအော်ခေါ်ရင်း မကြာရိုးဘေးက ရေနွေးအိတ်ကိုယူကာ ပါးစပ်တွင်တေ့ပြီး မော့ချလိုက်သည်။ဒီနေ့ လူပါးတာမှ လွန်ရော။စျေးရောင်းမကောင်း။

စျေးရောင်းရမှ ဖြစ်မည်။ပစ္စည်းကျန်လို့ မဖြစ်။အိမ်မှာ ပန်းနာရင်ကျပ်သည်လင်တော်မောင်အတွက် ဆေးဖိုးရှိသည်။ပါးစပ်ပေါက်တွေစားဖို့ ဝယ်ရခြမ်းရမည်။မနက်ထဲက ရောင်းနေတာ ၅၀၀၀တောင်မပြည့်သေး။

မကြာရိုး သက်ပြင်းမောကို ဟူးကနဲချကာ

“လာကြဟေ့ စျေးလျော့ပေးမယ်နော်
လုပ်လဲလုပ်ပေးမယ်”

“ငါးခူ ဘယ်စျေးလဲ”

“ငါးခူက ၅၀၀စျေးညီမ”

ဝယ်သူလာ၍ မကြာရိုး အားတက်သွားသည်။လေသံကိုအချိုဆုံးထားကာဖြေသည်။

“ငါးခူကလဲဖြူဖြူကြီး
မွေးမြုရေးတွေလားမသိဘူး”

“အော် ညီမရယ်မွေးမြူရေးမို့ဒီစျေးရတာပေါ့
ချောင်းငါးဆို ဒီစျေးဘယ်ရမလဲ
သူလဲအချိုလေးပြီး စားကောင်းတယ်ညီမ”

“အရှင်ကြီးတွေ နေပါစေတော့
ငရဲကြီးမယ် သမီးလာ ဟိုဘက်သွားကြည့်မယ်”

သူမ ခလေးလက်ကိုဆွဲကာ ဝယ်သူမိန်းခလေးသွားဖို့ပြင်တော့ “ဒုန်း”ကနဲနေအောင် ပိဿာလေးနဲ့ ငါးခူးခေါင်းကိုတွယ်ထည့်လိုက်သည်။အထုခံရသော ငါးခူမှာ ဖျတ်ဖျတ်လူးနေသည်။

“ညီမရေ လာ လာ မရှင်တော့ဘူး
အမ လုပ်ပေးလိုက်ပြီး
လာယူ လာ
စျေးရောင်းမကောင်းလို့ပါဟယ်”

ထိုခလေးအမေက ပြန်လှည့်ကြည့်ရင်း

“စျေးလျော့ဦး သုံးဆယ်သားထောင့်နှစ်ရာထား ”

အော် အရင်းပါပြုတ်အောင်လုပ်နေကြသည်။ယူထားတာက ၃၅၀စျေးနဲ့မို့ ရောင်းရရင်ပြီးရော ခေါင်းညိတ်ကာ

“ကဲ လာ လာ
ပိုပိုသာသာ လုပ်ပေးမယ်”

ပါးစပ်က ပြောလဲပြော၊လက်ကလဲ ခုနထုထည့်လိုက်တဲ့ ငါးခူးနှစ်ကောင်ကို ချိန်ခွင်ထဲ ကောက်ထည့်ကာ မှန်ချိန်လေး ချိန်ပေးလိုက်သည်။ဝယ်သူအမြင်မှာတော့ ချိန်ခွင်စောက်ထိုးပေါ့။ဒါမှ ဆစ်တဲ့စျေးနဲ့ပေးရတာ ကိုက်မည်လေ။

“အလေးပြည့်ပြည့်လုပ်နော်”

“ပြည့်ပါတယ် စိတ်ချ ငါ့ညီမရေ
တခါထဲ လုပ်ပေးရမလား”

ခလေးအမေက ခဏစဥ်းစားနေသည်။လုပ်ရင်ကောင်း မကောင်း။ကိုယ်သက်သာတာကြိုက်ကြတဲ့အိမ်ရှင်မတွေကများတော့

“အင်း လုပ်လိုက်”

ဒီလိုပြောရင် မကြာရိုး သဘောကျသည်။ဒါမှ မှန်ချိန်လေးကိုယ်ပေးထားတာ သူမ သိတော့မည်မဟုတ်။လက်ကခပ်သွက်သွက်လေး ဆူးတောင်ခုတ်၊ခေါင်းတွေခုတ်ဖြတ်ပြီး အူနှိုက်ပေးလိုက်သည်။ထို့နောက် ကျွတ်ကျွတ်အိတ်ထဲထည့်ကာ

“အိမ်ရောက်ရင်အချွဲစင်အောင်
မန်ကျည်းရည်ဖြစ်ဖြစ်စိမ်လိုက်ညီမ”

ထိုခလေးအမေ အထုပ်ယူကာ ခေါင်းညိတ်ပြသည်။ခလေးလေးက

“မေမေ သူများအသက်သတ်ရင်ငရဲကြီးတတ်တယ်ဆို
မေမေက ဘာလို့ဝယ်တာလဲ”

“အို မေမေသတ်တာမှမဟုတ်တာ
ငါးသည်သတ်တာ သတ်သူပဲ ငရဲကြီးမှာပေါ့”

ထိုစကားကိုဆိုရင်း သားအမိနှစ်ယောက် သူမဆိုင်လေးကနေ ထွက်ခွါသွားသည်။မကြာရိုးသာ ထိုစကားလေးကြောင့်အတွေးတွေဝေကာ ကျန်ခဲ့ရသည်။

အော် အကုသိုလ် အကုသိုလ်။ဝမ်းရေးနဲ့ယှဥ်လာတော့ အကုသိုလ်က နောက်မှာချန်ထားခံရသည်။အူမတောင့်မှ သီလစောင့်နိုင်မည်လေ။ဒီအပတ်တော့ ဝါတွင်းကာလ ဥပုတ်နေ့လေးမှာ စျေးတရက်နားပြီး ဥပုတ်လေးစောင့်ဦးမှပါ။

အခန်း(၂)

“မေမေ ပြန်လာပြီလား
ဖေကြီးမောနေလို့ ဆေးခန်းသွားပို့လိုက်ရတယ်”

“ဟင် ဟုတ်လား
ပိုက်ဆံ ဘယ်ကရလဲ”

“ဘကြီးမြိုင်ဆီကယူသွားရတယ်
အမေ ဘကြီးမြိုင်ကို ဆေးဖိုး၁သောင်းပေးလိုက်ဦး”

ကြားရတဲ့ သတင်းက ရင်ကိုမွန်းကျပ်သွားသည်။လင်ဖြစ်သူကို လှမ်းကြည့်တော့ နံရံနားကပ်ကာ ဖျာပေါ်မှာ ကွေးကွေးလေးအိပ်လို့။သင်းလဲ ဝဋ်နာကံနာကြီးလွန်းသည်။သေရင်လဲ သေလိုက်သည်မဟုတ်။လိမ့်နေအောင်ခံနေရသည်။တခါတခါ ရောဂါထပါက မျက်လုံးကြီးပြူးကာ အသက်ကိုဖုတ်လိုက်ဖုတ်လိုက်ရှုသွင်းနေရသည်မှာ မြင်ရတဲ့သူအတွက် စိတ်လက်မချမ်းသာရ။

သေစေချင်စိတ်နဲ့ပြောခြင်းမဟုတ်ပါ။သင်းခံစားနေရတာကို မကြည့်ရက်လွန်းလို့ပါ။ဘိလပ်မြေအိတ်တွေထမ်းတဲ့အလုပ်သမားအဖြစ် သူမတို့သားအမိကို လုပ်ကျွေးခဲ့တဲ့ လင်သူတော်ကောင်း။ရောဂါစဝင်ထဲက တရှောင်ရှောင်နဲ့ကုလာလိုက်တာ။ငွေကုန်လူပန်းနဲ့မျက်ဖြူပါဆိုက်သည်။သင်းကတော့ ရောဂါနှိပ်စက်မှုကနေ ခုထိမလွတ်သေး။

စျေးရောင်းလို့ရလာတဲ့ငွေလေး၅သောင်းကိုကြည့်ပြီး မကြာရိုး သက်ပြင်းချမိသည်။၁သောင်းဆေးဖိုးပေးလိုက်ရင် ၄သောင်းကျန်မည်။ထို၄သောင်းထဲက အိမ်အသုံးစရိတ်၁သောင်းပဲထား။၃သောင်းပဲကျန်မည်။

ဒီ၃သောင်းနဲ့ စျေးရင်းဘယ်လိုလုပ်မည်နည်း။မတတ်နိုင်ပါ။ခပ်ပေါပေါ ငါးအသေးလေးတွေပဲ မနက်ကျရင်ဝယ်ရောင်းတော့မည်။ဖြစ်လာပြီပဲ။ရင်ဆိုင်ရုံပေါ့။

လက်ထဲက ငွေ၁သောင်း သမီးကိုလှမ်းပေးပြီး

“ဟင်းချက်ဖို့အတွက် ဘာပစ္စည်းတွေကုန်နေလဲ
ငါးရံ့အမြီးနှစ်ပိုင်းကျန်တာ ယူလာခဲ့တယ်
ခရမ်းချဥ်သီး၊ငရုတ်စိမ်းနဲ့နံနံပင်အုပ်ချက်လိုက်
အဲ့ ၁သောင်းက ဆေးဖိုး”

“ဆီလဲကုန် ကြက်သွန်၊ငပိ အကုန်ကုန်နေတာ”

“ရော့ ရော့ ဒီမှာ၁သောင်း
လိုတာ ဝယ်လိုက်
နောက်ရက်တွေအတွက်ပါ ချွေတာသုံး”

“ဟုတ်မေမေ”

သမီး ပိုက်ဆံယူကာ ခေါင်းရင်းအိမ်ဘက်ထွက်သွားသည်။အကြွေးသွားပေးသည် ထင်သည်။သူမ ကျန်ငွေ၃သောင်းကို ကျစ်နေအောင်လိပ်ကာ ချွေးခံအိတ်ထဲထိုးထည့်လိုက်သည်။

တခါတခါကျတော့ လူဟာ စိတ်ထောင်းကိုယ်ကြေကာ အိုစာလာသည်။ရွယ်တူချင်းယှဥ်ရင် အရွယ်ကျကာအိုစာနေတဲ့ ကိုယ့်အဖြစ်ကိုယ် မသိမဟုတ် သိသည်။ဝမ်းရေးအပူတွေနဲ့ လုံးပမ်းနေရတော့ အရေပြားတထောက်စာ ဂရုမစိုက်နိုင်ပါ။

သမီးဖြစ်သူ ပြန်လာပြီး၊ သူမစျေးသိမ်းပြန်လာတဲ့ငါးတောင်းကို အိမ်အနောက်ဘက်တခါထဲယူချသွားသည်။ကုန်စုံဆိုင်ကဝယ်လာတဲ့ ဆန်၊ဆီ၊ဆားတွေအကုန် တောင်းထဲ ပေါင်းထည့်သွားသည်။

၁၂နှစ်၊၁၃နှစ် စပ်ကူးမတ်ကူးအရွယ်လေးဆိုတော့ အမေဖြစ်သူ ကြာရိုး အားကိုးနေရပြီ။၆တန်းနဲ့ကျောင်းထွက်ထားတဲ့ သမီး။ပညာရေးမှာ ပါရမီမပါတော့ အိမ်အလုပ်တွေ အမေကိုကူလုပ်ပြီး ရောဂါသည် အဖေ့ကိုပြုစုပေးနေတဲ့ သမီးလိမ္မာလေးပါ။

အခန်း(၃)

“ဟဲ့ ကြာရိုးမ ဟိုတခါငါးဖိုးလဲ နင်မပေးရသေးဘူးနော်
နင့်ဟာ အကြွေးပေါ် အကြွေးဆင့်
ဒီတသက် ငါ့ကိုပေးနိုင်ပါ့မလား”

မနက်ခင်းစောစော သူမတို့ရောင်းတဲ့စျေးက ငါးအများကြီးကိုင်ရောင်းတဲ့ မဘုတ်ဆုံမှာ ငါးတွေကို ရောင်းပြန်ပေးစနစ်နဲ့ သူမ ယူနေခြင်းပါ။အရင်းကလက်ထဲ သိပ်မရှိတော့ ငါးဒိုင်တွေမှာ သူမ သွားမတိုးနိုင်ပေ။

ရောင်းပြီးငွေသွင်းဆိုတော့ သူမလဲအရင်းမစိုက်ရသလို၊စားဖို့လဲ အဆင်ပြေသည်။တလောက အိမိကလူကြီး ရောဂါအတော်သည်း၍ ရောင်းပြီးငါးဖိုးငွေပြန်မသွင်းနိုင်တာကြောင့် မဘုတ်ဆုံတယောက်ငြူစူနေခြင်းပါ။

“ပေးပါ့မယ် မဘုတ်ဆုံရယ်
အိမ်ကကိုရင်မောင်တယောက် ဒီတလော အမောဖောက်ဖောက်နေလို့ ဆေးခန်းပြေးနေရလို့ပါ
ကျွန်မ ဆက်ဆက်ပေးပါ့မယ်”

“ညည်းလင်လဲ သေ မသေနိုင်ဘူးအေ
သူ့အတွက်နဲ့ ညည်းမှာ ချူခါပြာကာကျနေပြီ”

မဘုတ်ဆုံ အပြောကြောင့် သူမရင်ထဲနင့်ကနဲ။သူမကိုယ်တိုင်တခါ တခါ ထိုသို့တွေးမိပေမဲ့ မဘုတ်ဆုံလို စိတ်မျိုးနဲ့တော့မဟုတ်။မခံစားစေချင်တဲ့ စေတနာနဲ့ဖြစ်သည်။

ခုလို တန်ဖိုးမရှိတဲ့လူတယောက်လို သဘောထားပြောဆိုနေတာမျိုး ရင်ထဲဘဝင်မကျပေ။ဒီလူကျန်းမာစဥ်အချိန်တုန်းက ဒီမိသားစုကို လုပ်ကျွေးခဲ့သည်လေ။နာမကျန်းဖြစ်မှ အမှိုက်တစလိုပြောဆိုနေကြတာ သူမမှာခံစားနိုင်စွမ်းမရှိ။

“အော် မဘုတ်ဆုံရယ်
သူ့အလှည့်တုန်းက သူတာဝန်ကျေခဲ့တာပဲ
ကျွန်မအလှည့် ကျွန်မတာဝန်ကျေရမှာပေါ့”

အားမတန်မာန်လျော့ကာ လင်ဖြစ်သူဘက်က ကာပြောပြောမိသည်။မဘုတ်ဆုံသူမကို မျက်စောင်းဒိုင်းကနဲထိုးကာ

“ငါက ညည်းပင်ပန်းလို့ပြောရတာ
ညည်းကျေနပ်လဲပြီးတာပဲ
ဘာငါး ဘယ်လောက်ယူမလဲ ယူသွား
ဒီနေ့ရောင်းရသမျှ အကုန်လာသွင်းနော်
အရင်နေ့အချိုး ထပ်ချိုးရင် ငါးထပ်ပြီး လာမယူနဲ့”

“ဟုတ်ကဲ့ မဘုတ်ဆုံ
ကျေးဇူး ဆက်ဆက်သွင်းမယ် စိတ်ချ”

ငါးစိမ်းသည်တွေ ပါးစပ်ဆိုးသည်တဲ့။မကြာရိုးဆိုတဲ့ ကျွန်မ ပါးစပ်မဆိုးနိုင်ပါ။စျေးဝယ်ကိုလဲ မဝယ်မှာစိုး၍ မျက်နှာချိုသွေးရသလို၊ငါးသည်အချင်းချင်းလဲ အရင်းမရှိ၍ မျက်နှာချိုသွေးရသည်။ငွေမရှိတဲ့ဘဝ မျက်နှာကမွဲလွန်းလှသည်။

အခန်း(၄)

“အမေရေ လုပ်ပါဦး
အဖေ အမောဖောက်နေလို့”

ငါးရောင်းနေတဲ့ မကြာရိုး ငါးဗန်းတွေကို ခုန်ကျော်ပြီး သမီးဖြစ်သူရှေ့ ဘုတ်ကနဲ ရောက်သွားသည်။

“နင့်အဖေ ဘယ်သူနဲ့ထားခဲ့တုန်းဟဲ့”

“ဘကြီးမြိုင်တို့ ကြီးလှတို့ကြည့်ပေးနေတယ်
ဆေးရုံတင်ရမယ်တဲ့ ဆေးမှူးကပြောတယ်”

သူတို့ဆင်းရဲသားရက်ကွက်ကလူတွေကို ဆေးကုကုပေးနေတဲ့ ဆေးမှူးလေးကပြောတာဖြစ်သည်။မကြာရိုး သူ့ဘေးနားကငါးသည်အား

“အမကြည်ရေ ကျွန်မငါးတွေရောင်းထားပေးပါနော်
ကျွန်မ ယောကျ်ားအသည်းအသန်ဖြစ်လို့တဲ့”

“အေး အေး ကြာရိုးရေ
စိတ်ဖြောင့်ဖြောင့်သွားဟေ့”

မကြာရိုး သမီးလက်ဆွဲကာ အိမ်ဆီသို့ သုတ်ခြေတင်လျက်။အိမ်ရှေ့ သူမရောက်တော့ ဘကြီးမြိုင်က

“ကြာရိုး ရောက်ပြီလား
ငါတို့ကားသွားငှါးထားတယ် လိုအပ်တာတွေ ထုပ်ပိုးထား
နင့်ယောကျ်ား ဆေးရုံတင်မှ ရမယ်”

“ဟုတ်ကဲ့ ဘကြီးမြိုင်”
ထိုစကားကိုဆိုရင်း သင်ဖျူးဖျာထက် ဖုတ်လိုက်ဖုတ်လိုက်အသက်ရှုနေတဲ့ လင်ဖြစ်သူကိုကြည့်ကာ အိကနဲတချက်ရှိုက်မိသည်။သမီးက အိမ်ရဲ့တခုထဲသော ဆွဲခြင်းအစုတ်လေးထဲ သူမ သိမှတ်သလောက်ကောက်ထည့်နေသည်။

လင်ဖြစ်သူ ခံစားနေရတာကြည့်ပြီး အစားခံပေးလို့ရက ခံပေးလိုက်ချင်သည်။
“အမလေး ကိုရင်မောင်ရယ်
တော်သေလို့မဖြစ်ဘူးတော့
ဘယ်လိုအနေအထားဖြစ်ဖြစ်
ကျုပ်တို့နား နေပေးစမ်းပါအေ
အရင်က တော်ခံစားရတာမြင်ရင်
တော့်ကိုသနားပြီး သေစေချင်ပေမဲ့
ကျုပ်တို့ သားအမိအတွက် တော်မရှိလို့မဖြစ်ဘူးတော့”

ပုဆိုးစုတ်ကိုဖြန့်ချပြီး ယူသွားရမဲ့ အဝတ်တွေ ထည့်ကာ စိတ်ထဲစကားတွေ တတွတ်တွတ်ဆိုနေမိသည်။ခဏကြာတော့ ကားဝင်လာသည်။ရပ်ကွက်ထဲက လူငယ်တွေကောင်းမှုနဲ့ ကိုရင်မောင်ကိုကားပေါ်ချောချောမောမော တင်နိုင်ခဲ့သည်။

အဝတ်တွေထည့်ထားတဲ့ ပုဆိုးထုပ်နဲ့ ဆွဲခြင်းစုတ်လေးကိုင်ကာ သူမတို့သားအမိနှစ်ယောက် လူနာဖြစ်သူ ကိုရင်မောင်နဲ့ ဆေးရုံပါလာခဲ့သည်

ဆေးရုံရောက်တော့ ဆရာဝန်၊ဆရာမတွေရဲ့ အရေးပေါ်ကုသမှုနဲ့ ကိုရင်မောင်ရဲ့အခြေအနေ ပြန်တည်ငြိမ်လာသည်။အမောဖောက်ကာ သတိမေ့သွားတာမို့ ခုထိသတိကမရသေး။အစိုးရဆေးရုံမို့ အခမဲ့ဟုဆိုပေမဲ့၊ဆေးတွေဆိုင်မှာဝယ်ခိုင်းတာကြောင့် ဆေးဖိုးငွေကမထောင်းတာလှ။

လူနာရှိလို့ဆိုပြီး စျေးမထွက်လို့ကမရ။သမီးကို သူ့အဖေနဲ့ ထားပြီး မကြာရိုး စျေးထွက်ဖို့ပြင်ရပြန်သည်။

အခန်း(၅)

“ဂဏန်းတွေနော် ဂဏန်းတွေ
အမတွေချည်းပဲ ဥအပြည့်နဲ့နော်”

“ဂဏန်းဘယ်စျေးလဲအမ”

“၈၀၀စျေး ညီမရေ
ဥအပြည့်နဲ့ ဆူနေရော”

ဝယ်သူမိန်းခလေးက ဂဏန်းကိုကြည့်ကာ

“ဟယ် အရှင်ကြီးတွေ
မယူတော့ဘူး လပြည့်နေ့ကြီး
အကုသိုလ်ဖြစ်မယ်”

ထိုစကားပြောကာ လှည့်ထွက်သွားသည်။မကြာရိုးရင်ထဲ မောကျန်ခဲ့သည်။ဂဏန်းကို အရှင်မရောင်းပဲ အသေဆိုလဲ ပုတ်မြန်လို့ လူတွေကမကြိုက်ကြ။သက်ပြင်းရှည်ကိုချပြီး ဂဏန်းတောင်းထဲက ငြိမ်နေပြီဖြစ်တဲ့ ဂဏန်းအချို့ကိုသတ်သတ်ဖယ်ကာ ပုံထားလိုက်သည်။

“မေမေ ဂဏန်းစားချင်တယ်
ဂဏန်းဝယ်ပေး”

ကောင်လေးတယောက် မကြာရိုးပုံချထားတဲ့ ဂဏန်းးတွေကိုမြင်ပြီး အမေဖြစ်သူကိုပူဆာနေသံ။မျှော်လင့်ချက်မျက်ဝန်းတွေနဲ့ လှမ်းကြည့်မိသည်။နှုတ်ကလဲ

“ဂဏန်းကောင်းတယ်အမရေ
အမတွေသက်သက် ဥအပြည့်နဲ့”

“လပြည့်နေ့ကြီး သူများအသက် မသတ်ချင်ပါဘူး
ဟဲ့ကောင်လေး ဂျီမကျနဲ့”

“အမ အသေတွေလဲရှိတယ်
ယူမလား စျေးလျော့ပေးမယ်လေ”

“အမေ အသေရှိတယ်တဲ့
ဝယ်မယ်နော် အမေ”

“ဟဲ့ ဂဏန်းက သေရင်ပုတ်ပြီ
စားမကောင်းတော့ဘူး ရှည်ကိုရှည်တယ်သေနာလေး
ဒေါက်”

အမေလုပ်သူက ဒေါက်ကနဲခေါင်းခေါက်ကာ ဆွဲခေါ်သွားသည်။ထိုခလေးခမျာ ခေါင်းလေးပွတ်ရင်းငိုမဲ့ငိုမဲ့ဖြင့် မကြာရိုးရဲ့ ဂဏန်းပုံကို သံယောဇဥ်မပြတ်နိုင်စွာ လှမ်းကြည့်သွားသည်။

အော် လူတွေလူတွေ ဝမ်းရေးရှိလို့ရောင်းနေရတဲ့ ကိုယ်တွေမှာ ဘာစကားဆိုရမှန်းပင်မသိတော့ချေ။အရှင်ကျတော့လဲ အကုသိုလ်ရ၊ငရဲကြီးမှာ ကြောက်သတဲ့။အသေကျတော့ ပုတ်နေပြီဆိုပဲ။ဒီတော့ အသက်မရှိတရှိလေး လုပ်ရောင်းရမည့်ပုံ။မသေမရှင်ဆိုလဲ အသက်ရှိသေးသည်ဆိုကာ ဝိသာခါကျောင်းအမတွေက ဝယ်မည်မထင်။

သူတို့ပဲ ကြောက်တတ်လိုက်တဲ့ ငရဲ။လပြည့်နေမို့ဆိုတာကပါသေး။ကိုယ်တွေငါးစိမ်းသည်တွေလဲ ကုသိုလ်လိုချင်တာပေါ့။သို့သော် တနေ့စျေးမထွက်ရင်ငတ်မဲ့ဘဝဆိုတော့ မထွက်လို့မရ။တခြားအလုပ်လဲ လုပ်မစားတတ်။ကြောက်ရမဲ့အကုသိုလ်ထက် လက်ရှိရင်ဆိုင်နေရတဲ့ စားဝတ်နေရေးကြောင့် ငရဲခံရမှခံရော။လုပ်နေရတာပင်။

တချို့လူတွေရှိသေးသည်။လတ်လတ်ဆတ်ဆတ်လေးလိုချင်တာနော်။ကျွန်မ မကြည့်တော့ဘူး။လုပ်ထားပေး၊စျေးပတ်ပြီး လာပြန်ယူမယ်။အကောင်ကြီးကြီး ဖျတ်ဖျတ်လူးနေတဲ့ ငါးရံ့တွေကို ချိန်ခွင်ပေါ်တင် အလေးချိန်ကြည့်ပြီး ငွေရှင်းကာ စျေးပတ်ကြသည်။

သူတို့စျေးပတ်ဝယ်ချိန် ကိုယ်က ငါးခေါင်းကိုပိဿလေးနဲ့ထု၊ဆူးတောင်ခုတ်၊အကြေးခွံထိုးကာ တုံးတစ်ထားပေးရသည်။ပြီးတော့ သူတို့ခလေးတွေကိုဆုံးမတာက ငါးစိမ်းသည်အလုပ်က အကုသိုလ်အလုပ်တဲ့။ကဲ မခက်ဘူးလား။ကြားရသမျှ မချိပြုံးနဲ့ နားထောင်ရသည့် မကြာရိုး။

အခန်း(၆)

“နင့်အဖေ ဘယ်လိုနေလဲ”

ဆေးရုံထဲ လှမ်းအဝင် သူမဆီအထုပ်လာကူဆွဲတဲ့သမီးကို လှမ်းမေးမိသည်။

“သတိရလာပြီအမေ
မှိန်းနေတယ်”

“ဟူးးးးးး တော်သေးတာပေါ့
ငါ့မှာ စျေးသာရောင်းနေရတာ
စိတ်က မဖြောင့်ဘူး”

“သူနာပြုဆရာမက ဆေးဝယ်ဖို့ လာပြောထားတယ်အမေ
ဒီမှာ ဆေးစာရင်း”

ကိုရင်မောင် ကုတင်နားရောက်တော့ သူမ ဘေးကခုံမှာထိုင်ချလိုက်ပြီး ကိုရင်မောင်ကို တချက်ကြည့်သည်။ကိုရင်မောင် မှိန်းနေသည်လား။အိပ်ပျော်နေသည်လားမသိချေ။သမီးစကားကြောင့် ရင်ထဲမောကာ

“လာပြန်ပြီလား ဆေးက ဝယ်ရဦးမယ်ပေါ့
အေးလေ ဝယ်ဆိုလဲဝယ်ပေါ့
မဝယ်လို့မှ မရပဲ”

“အမေ စျေးရောင်းရတာ အဆင်ပြေရဲ့လား”

“မပြေပါဘူးသမီးရယ်
လူတွေက အမေတို့လို ဗန်းနဲ့ရောင်းတဲ့ငါးသည်တွေကိုဆို အရိုးများသလေး ချီးခါးသလေး သိပ်လုပ်တာ
စျေးကလဲ မတရားဆစ်ပါ့
မဘုတ်ဆုံတို့လို ဆိုင်ကြီးနဲ့ရောင်း အလေးစပါယ်ရှယ်ခိုးပြီး လက်ကောက်တတောင်ဆစ်လောက်ဝတ်ထားတဲ့ ဆိုင်ကျရင် ဘယ်လောက်စျေးဖြစ်ဖြစ်ဝယ်ကြတယ်
အဆစ်အပြုလဲ မရှိကြပါဘူး
စျေးအရင်းလေးရှိချင်တယ်သမီးရယ်
ငါးစိမ်းသည်ချင်းအတူတူ မဘုတ်ဆုံတို့ကိုကျ ငါးစိမ်းသည်မမြင်ကြဘူး
ငါးဒိုင်ဆိုပဲ
အမေတို့လိုလူတွေကျတော့ အဆင့်မရှိတဲ့ငါးစိမ်းသည်တဲ့
လူတွေ လူတွေ ဟင်းးးးးးးး”သက်ပြင်းရှည်ကိုချရင်း
“ကဲ ပေးဆေးစာရင်း
အမေ သွားဝယ်လိုက်မယ်”

မကြာရိုး သမီးဆီက ဆေးစာရင်းယူကာ ဆေးရုံအပြင်ဘက်ထွက်သွားသည်။မကြာရိုးသမီးလေးသည် သူ့အမေပြောသွားတဲ့ ငါးစိမ်းသည်ဆိုသောစကားကို သူမရင်ထဲ ဘာသာပြန်နေမိသည်။ငါးရောင်းတာချင်းအတူတူ ဘာကြောင့်ငါးစိမ်းသည်ချင်းမတူသနည်း။

ပြီးပါပြီ