ငြိတွယ်ခဲ့သောမျက်ဝန်းတစ်စုံ

ငြိတွယ်ခဲ့သောမျက်ဝန်းတစ်စုံ(စ/ဆုံး)
———————————–

” မောင် မောင့်ဆုံးဖြတ်ချက် မပြင်တော့ဘူးလားဟင် ”
ပါးပြင်ပေါ်ကြွေကျလာသော မျက်ရည်များကို ပွတ်သုတ်လိုက်ပြီး ကျွန်မနာကျင်စွာ မေးလိုက်သည်။ ကျွန်မအမေးကို မောင်ကမသိချင်ယောင်ဆောင်လျှက် သူ့အဝတ်အစားများအား အိတ်ထဲ ဇွတ်ထည့်နေလေ၏။

” မောင့်ကို ခိုင်သိပ်ချစ်တယ် ခိုင့်ကိုလည်း မောင်သိပ်ချစ်တယ်ဆို ခိုင်မရှိရင် မောင့်ဘဝမပြည့်စုံနိုင်ဘူးဆို
ခုတော့ ခိုင့်ကိုမောင်ထားခဲ့နိုင်ပြီလားဟင် ခိုင်က မောင့်အပေါ်မယားဝတ္တရား မကျေပြွန်တာ ရှိခဲ့လားဟင်
ခိုင်အမှားလုပ်ခဲ့တာ ဘာရှိလို့လဲမောင်ရယ် ”

ကျွန်မရင်ထဲ ပူလောင်လွန်းသဖြင့် မောင့်ကို သူရူးတစ်ယောက်နှယ် တတွတ်တွတ်ရွတ်ပြောနေမိသည်။ မောင်က. ကျွန်မကိုတစ်ချက် ငေးငေးလေး ပြန်ကြည့်နေပြီး ဖြည်းလေးစွာနှင့်

” ခိုင့်မှာအပြစ်မရှိပါဘူး ခိုင် ဒါပေမယ့် မောင့်မျိုးဆက်သစ်ကို မမွေးပေးနိုင်တဲ့ခိုင့်ကို မောင်ထားပစ်ဖို့ ဆုံးဖြတ်ခဲ့ရတာ စိတ်မကောင်းပါဘူး မောင်က တစ်ဦးတည်းသောသားလေ. မောင်မှကလေးမရရင် မောင့်မျိုးဆက် တုံးရမှာ အဲဒီလိုအဖြစ်မျိုးတော့ မောင်အဖြစ်မခံနိုင်ဘူး ”

မောင့်စကားများက ကျွန်မနှလုံးသားအား ဓားထက်ထက်နှင့် အပိုင်းပိုင်းခုတ်ထစ်ပစ်နေသလို နာကျင်လွန်းလှသည်။ ကျွန်မဖန်တီးသောအရာမဟုတ်သည်ကို မောင်သိရက်နှင့် ရက်စက်ခဲ့လေခြင်းပင်။ မောင့်အပေါ် ဇနီးမယားဝတ္တရား ပျက်ကွက်ခြင်းမရှိရအောင် ကျွန်မအမြဲတမ်းကြိုးစားခဲ့သည်များကို မောင်မေ့ထားရက်ပြီ။ မောင့်မျက်နှာကိုအရိပ်တစ်ခုအဖြစ် သတ်မှတ်ပြီး ပေးဆပ်ခြင်းများနှင့် ချစ်ခဲ့မိသောကျွန်မအတွက် သည်အချက်တစ်ချက်နှင့် ရေမှာအရုပ်ရေးသလို လွယ်လွယ်ပျောက်စေသည်လား။ ကံကြမ္မာ၏ ဒဏ်ပေးမှု့က ကျွန်မအပေါ် ပြင်းထန်လွန်းလှသည်။ ကျွန်မအတွက် ပြန်ပြောရန် စကားများ ဆွံအလို့နေခဲ့ရလေပြီ။
ငယ်စဉ်ဆယ်တန်းနှစ်မှစ၍ ချစ်ခဲ့ရသော ချစ်ဦးသူက. ယခုတော့ ကျွန်မအားထားခဲ့နိုင်ပြီ။ ကျွန်မနှင့်မောင် လက်ထပ်ပြီး သုံးနှစ်အတွင်း ကျွန်မဘက်က မောင့်အပေါ် ဘယ်လိုပျက်ကွက်မှု့မှမရှိအောင် နေထိုင်နိုင်ခဲ့၏။
မောင်က သားသမီးရူးသလို ၊ ကျွန်မလည်းမျှော်လင့်ခဲ့ရသည်။ သုံးနှစ်သာပြည့်လာသော်လည်း သားသမီးမထွန်းကားလာခဲ့ပါ။ သားသမီးမရသော်လည်း ကျွန်မချစ်သောမောင့်အပေါ် ထိုအတွေးမျိုး ယောင်၍ပင်မတွေးဘူးခဲ့။ သားသမီးမရတော့လည်း မောင့်ကိုပိုမို တွယ်တာလာခဲ့ပြီး မောင်သာ ကျွန်မ၏ဘဝတစ်ခု ဖြစ်လာရသည်။ မောင့်သတင်းတွေသဲ့သဲ့ကြားသော်လည်း ကျွန်မနားပိတ်ထားခဲ့သည်။ မောင့်နုတ်ကဝန်မခံသ၍ ကျွန်မမမေးခဲ့သလို ကျွန်မမယုံခဲ့။ သူငယ်ချင်းများက ဂရုဏာဒေါသနှင့် လာပြောသမျှ ကျွန်မအေးစက်စွာ ရယ်နေတတ်သည်။ မောင့်အပေါ် ထားသောယုံကြည်မှု့သည် ကျွန်မတစ်ကိုယ်လုံးအား အပြည့်အဝဖုံးလွှမ်းနေရာယူထားဆဲပင်။ ကျွန်မဘဝ ၊ ကျွန်မအနား မောင်ရှိလျှင် အရာရာပြည့်စုံသည်။ ယခုကျ မောင်က
ကျွန်မလိုမဟုတ်တော့။ မောင်မပါသော ထမင်းဝိုင်း၌
အထီးကျန်စွာ တိတ်တဆိတ်စားခဲ့ရသော ညတွေက
အသင်္ချေ။ မောင်မရှိသောအိပ်ရာက နွေးထွေးခြင်းများ ပျောက်ဆုံးနေကြသည်မှာခဏခဏ။
ကျွန်မနှင့်မောင် နှစ်ယောက်ထဲရှိသော အိမ်လေးတွင်
မောင်သည် ဧည့်သည်တစ်ယောက်နှင့်တူတူလာခဲ့သည်။ ခရီးများ ဆက်တိုက်ထွက်တတ်သလို အလုပ်အကြောင်းပြကာ ညမအိပ်သည့်ရက်ကလည်း များများလာခဲ့သည်။ ကျွန်မချစ်သောမောင့်အတွက် ကြိတ်ငိုခဲ့ရသော်လည်း မောင့်ရှေ့‌ေရာက်လျှင် အပြုံးတစ်ပွင့်ဟန်လုပ်ကာ မောင့်အတွက် ဖန်ဆင်းတတ်စမြဲ။
အပြစ်ဆန်သောစကားကိုမပြောဆိုမိအောင် ဆင်ခြင်တတ်သလို ၊ မောင့်စိတ်ညစ်ညူးစေမည့်အရိပ်ပင် မကျရောက်ရအောင် ကျွန်မကောင်းကောင်းဟန်ဆောင်ခဲ့သည်။ လမ်းမှားချင်နေသောမောင့်အား လမ်းမှားသို့ဇွတ်တွန်းပို့ရန် ကျွန်မမဖန်တီးတတ်။ မောင်သည်ကျွန်မဘဝဖြစ်သဖြင့် မောင့်အတွက် ကျွန်မသည်
မောင်ကြိုးဆွဲရာကရန် အဆင်သင့်ဖြစ်နေတတ်သော
ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ ရှိနေတတ်သည်။
မောင်မရှိလျှင် ကျွန်မဘဝသည် သေဆုံးနေရသော လူတစ်ယောက်ကဲ့သို့ ဘာအဓိပ္ပါယ်မှမရှိဟု ကျွန်မကသတ်မှတ်ထားမိခြင်းပင်။ ကျွန်မသည်
လင်ကိုဘုရားတစ်ဆူကဲ့သို့သတ်မှတ်ကိုးကွယ်ထားသဖြင့် မောင့်စကားအား ငြင်းဆန်ကန့်ကွက်ခြင်း တစ်ခါမှမရှိစေရ။ သို့သော် ယခုအခါ မောင်ဆိုသောစကားကတော့ ကျွန်မရင်ကို အပိုင်းပိုင်းခုတ်ထစ်နေသောဓားတစ်လက်နှင့်တူနေတော့သည်။ မောင်မရှိလျှင် ကျွန်မဘဝ
မည်သို့ဖြစ်မည်လဲဆိုသည်ကို မောင်ထည့်စဉ်းစားဟန်မတူ။ မောင့်ကိုချစ်သဖြင့် ကျွန်မပေးဆပ်ခဲ့ရသော ကျွန်မ၏အချစ် ၊ ကျွန်မ၏အပျိုစင်ဘဝသည် မောင့်အတွက် တန်ဖိုးမရှိခဲ့ပြီလား။ ခင်ပွန်းသည်ကိုရိုသေမြတ်နိုးစွာ ချစ်ခဲ့သည့် ကျွန်မ၏သစ္စာရှိသောချစ်ခြင်းများ၏ ရလဒ်က ထိုသို့လား။ ရင်ထဲ၌ မခံမရပ်နိုင်‌ေလာက်အောင် နာကျင်နေရ၏။ အပြစ်မရှိဘဲ အထားခံရသော မိန်းမတစ်ယောက်၏ ဘဝသည် နာကျင်ကြေကွဲစရာ ကောင်းလွန်းလှသည်။
ကျွန်မရှေ့၌ မောင်ချပေးထားသော ကွာရှင်းစာချုပ်လေးက ပန်ကာလေ၏ ထိတွေ့နုတ်ဆက်မှု့ကြောင့် တဖျတ်ဖျတ်လှုပ်ခတ်နေကြသည်။ ကျွန်မရင်သည်လည်း
မုန်တိုင်းတိုက်ခတ်ခံရသလို တဖျတ်ဖျတ်လှုပ်ခတ်နေရသည်ကို မောင်မေ့ထားဟန်။

” ထိုးလိုက်ပါခိုင် မောင်ကထိုးပြီးပြီ ခိုင်းထိုးပြီးတာနဲ့
မောင်တို့တစ်ယောက်တစ်စောင် သိမ်းလိုက်ကြရအောင် ”

ပြောထွက်လွန်းသောမောင့်ကို ကျွန်မထိတ်လန့်စွာ ငေးကြည့်နေမိ၏။ ကျွန်မဘဝကို ကြိုးမိန့်ပေးစေသော
စာချုပ်ဆိုသည်ကိုမောင့်ပုံစံကသတိမထားမိဟန်။ မိန်းမတစ်ယောက်က. အိမ်ထောင်ပျက်လျှင် ဘဝပျက်သည်နှင့်မခြားဆိုသည်ကို မောင့်ပုံစံက တစ်ကယ်မသိသည့်ဟန်။ ကျွန်မမည်သူ့ကိုတောင်းပန်ရမှန်းမသိတော့။
သိပ်ချစ်ပါသည်ဆိုသောယောက်ျားက ကျွန်မအသွေးအသားကို ဝလင်မှ အကြောင်းပြချက်တစ်ခုနှင့် ရက်ရက်စက်စက်ထားရစ်ခံရသည်ကို ဘယ်လိုသတ္တှိနှင့် ခုခံချေဖျက်ရမည်လဲ။

မောင့်အပေါ် ချစ်နိုင်လွန်းသော ကျွန်မနှလုံးသားအား မောင်မမြင်နိုင်တော့လောက်အောင် မျက်စိကွယ်ခဲ့ပြီလား။ မောင်နှင့်ကျွန်မလက်ထပ်ပြီးခြောက်လပြည့်သည့်အချိန်မှစ၍ ကျွန်မတားဆေးများမသောက်ပါ။ သားသမီးဆည်းလည်းလေးအား မောင့်အတွက်မွေးပေးချင်မိသလို ၊ သားသမီးရှိလျှင် ကျွန်မတို့အသိုက်အမြုံလေးအား သံယောဇဉ်အထပ်ထပ်နှင့် နွေးထွေး
လုံခြုံစေမှာအသေအချာမဟုတ်လား။ ထိုစိတ်တစ်ခုကိုအရင်းပြု၍ မောင်နှင့်တူသော ကလေးလေးကို ရချင်ခဲ့ရသည်။ ဆေးဖြတ်ပြီးခြောက်လအကြာအတွင်းလည်း သားသမီးမရရှိလာတော့ နီးစပ်ရာဆေးခန်းများပြောဆိုပြသကာ ဆရာဝန်များညွှန်ရာ ဆေးများသောက်လာခဲ့သော်လည်း သုံးနှစ်သာပြည့်သွားသည်။ သားသမီးမရလာပါ။ ထိုကြားမှ ခြေလှမ်းမမှန်ချင်သော ခင်ပွန်းသည်အတွက်ပူပင်သောကရောက်ရသော်လည်း ထိုအကြောင်းပြချက်နှင့် ကျွန်မကိုထားခဲ့မည်ဟု ထိုစဉ်က စိုးစိမျှ အတွေးမဝင်ခဲ့။ မောင့်ကိုတော့ မလျော့သောချစ်ခြင်းနှင့် ကျွန်မပိုပိုချစ်ခင်တွယ်လာရခြင်းပင်။
မောင်တခြားကောင်မလေးတစ်ယောက်နှင့် ခဏခဏတွဲသည်ကို သူငယ်ချင်းများ သတိပေးသော်လည်း
မောင့်အချစ်ကိုကျွန်မယုံခဲ့သည်။ ကျွန်မ၏ချို့ယွင်းချက်ကြောင့် မောင့်အပေါ်နားလည်နိုင်အောင် ကြိုးစားမိသည်ချည်း။ ယခုလို တစ်သက်လုံးထားခဲ့မည်ဟုတော့ ကျွန်မတစ်ခါမှမစဉ်းစားဘူးပါ။ ခိုင်သက်ထားဆိုသော ကျွန်မသည် မောင့်အတွက် လူဖြစ်လာသည်ဟု ကိုယ့်ကိုယ်ကိုယ် အပိုင်သတ်မှတ်ထားမိသူပါ။ ငယ်စဉ်ကထဲက တွယ်ငြိခဲ့ရသော သံယောဇဉ်ကြိုးသည် လွယ်လွယ်ပြတ်တောက်၍ရသည်ဟု မစဉ်းစားမိခဲ့ခြင်းကိုက ကျွန်မ၏အားနည်းချက် ဖြစ်ခဲ့ဟန်ပင်။
ကျွန်မထက် ဆယ်နှစ်မကငယ်သောမောင့်ကောင်မလေးနှင့် အပြင်မှာ နှစ်ခါဆုံဖူးသည်။ မယားကြီးတစ်ယောက်အဖြစ် မဏ္ဏပ်တိုင် တက်မပြတတ်သည်ကိုက ကျွန်မအားနည်းချက်ဖြစ်ဟန်တူ၏။ ကိုယ့်ကိုယ့်ကိုယ်ယုံကြည်ချက်ပြည့်နေသော သူမအတွက်
ကျွန်မက ဘောင်မဝင်သည့် ပြိုင်ဘက်ဖြစ်ခဲ့ဟန်တူလေသည်။ ကျွန်မထင်မိသည်က မောင့်ဆီမှ အချိန်တန်လျှင် ကျွန်မအတွက်နယူတန်၏ တန်ပြန်နိယာမသဘောတရားအတိုင်း ကျွန်မရခဲ့ဖူးသော မောင့်အချစ်များ ပြန်လည်ရရှိမည်ဟု ယုံကြည်နေခဲ့ခြင်းပင်။ ယခုလိုတုန့်ပြန်နည်းမျိုး မောင်ပေးခဲ့လိမ့်မည်ဟု ယောင်၍ပင် မစဉ်းစားဘူးပါ။ မောင့်နောင်တသည် တစ်ချိန်ကျလျှင် ကျွန်မအတွက် ပိုလာနိုင်သည့်ချစ်ခြင်းတရားများပဲ ဖြစ်လိမ့်မည်ဟုမျော်လင့်ထားခဲ့မိခြင်း။
ခုတော့ မောင်က ရက်စက်စွာပြောထွက်ရက်ခဲ့ပြီ။ ကျွန်မမပြုလုပ်သော အပြစ်တစ်ခုအတွက် မောင်ပေးလိုက်သောပြစ်ဒဏ်သည် ကြီးမားလိုက်သည့်ဖြစ်ခြင်း။ မိန်းမတစ်ယောက်၏ ဘဝတစ်ခုလုံးအား နင်းချေဖျက်ဆီးရက်လေခြင်းမဟုတ်လား။ တစ်ချိန်က မောင့်အတွက် ရူးရူးသွပ်သွပ်ပေးဆပ်ခဲ့သော ကျွန်မ၏ချစ်ခြင်း ၊ မြတ်နိုးခြင်းများအား မောင်သည် မေ့တတ်နေခဲ့ပြီ။ မောင့်ကိုသိပ်ချစ်ခဲ့သော မိန်းမတစ်ယောက် ကမ္ဘာပျက်နေသည်ကို မောင်က အရသာခံတတ်စွာ ပွဲတော်တည်နိုင်ခဲ့လေပြီမဟုတ်လား။

” ခိုင်ထိုးပေးပါ မောင်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ချည်နှောင်ထားတဲ့ကြိုးတွေကို လွတ်လွတ်လပ်လပ် ဖြတ်လိုက်ကြရအောင် ခိုင်လည်းလွတ်လပ်စွာပျံသန်းပါ ”

ကျွန်မနှလုံးအိမ်ထဲပူလောင်စွာ စီးဆင်းသွားသည့် မောင့်စကားအက်ဆစ်များက ကျွန်မနှလုံးအိမ်နံရံအား
စုတ်ပြတ်သတ်ပြီးမခံမရပ်နိုင်အောင် စားသောက်နေကြလေပြီ။ မျှော်လင့်ချက်မဲ့နေသောကျွန်မ. မောင့်အတွက် မထားဘူးသော မာနအပိုင်းအစလေးအား နာကျင်မှု့ကြားက ကြိုးစား၍မွေးမြူလိုက်လေ၏။ ဇွတ်ထွက်သွားချင်သူအား တားဖို့အင်အားမရှိတော့သောကျွန်မ စာချုပ်လေးအပေါ် တဆတ်ဆတ်တုန်ရင်နေသည့်ကြားမှ ကျွန်မနာမည် ဆိုင်းလ်လေးအား ခက်ခက်ခဲခဲ ထိုးပေးလိုက်ရသည်။
ကမ္ဘာခြားသွားကြသော မောင်နှင့်ကျွန်မ
တစ်ယောက်ကိုတစ်ယောက် အကြာကြီးစိုက်ကြည့်မိနေကြသည်။
*************

အခန်း ၂

” မောင့်ကိုခွင့်လွှတ်ပါ ခိုင် ”

မောင့်နုတ်ဖျားက ကြွေကျလာသော ထိုစကားလေးကြား ကျွန်မထပ်မပျော်ဝင်ချင်တော့ပါ။ နောက်ဆုံးတစ်ခုတော့ မောင့်ကို ကျွန်မမေးချင်သည်။

” မောင် ကျွန်မကို နောက်ဆုံးအနေနဲ့မေးခွန်းတစ်ခုလောက်ဖြေပေးခဲ့ပါလား ”

ကျွန်မပြောတော့မောင်ခေါင်းညိတ်ပြသည်။ မေးလေဆိုသောအဓိပ္ပါယ်နှင့် မေးတစ်ချက်ဆတ်ပြသည်။

” မောင့်အပေါ် ခိုင်တာဝန်မကျေတာရှိခဲ့လားဟင် ”

” မရှိပါဘူး ခိုင် မောင့်အပေါ် ခိုင်သိပ်ကောင်းခဲ့ပါတယ် ”

မောင့်ဖြေသံက ကျွန်မနှလုံးသားကို အရည်ပျော်စေချင်သေးသည်။ ကျွန်မသိချင်သည့်မေးခွန်းတစ်ခုကို မောင့်အား ထပ်မေးလိုက်သည်။

” ခိုင်သိချင်တာပါ မောင့်အပေါ်ကို ခိုင် ဘုရားလို သခင်လို ကိုးကွယ်ပြီး တန်ဖိုးထားချစ်ခဲ့ပါတယ် ခိုင်မလုပ်တဲ့အပြစ်တစ်ခုအတွက် ခိုင်ပေးဆပ်ရတာ တန်ကြေးကြီးလွန်းပါတယ်မောင်ရယ် ခိုင်သိချင်တာက မယားဝတ္တရားကျေပြွန်ပြီး အဆုံးစွန်ထိ လင်သားကိုသခင်လိုသဘောထားခဲ့ပေမယ့် သားသမီးမမွေးနိုင်လို့အမြုံဘဝရောက်ရတဲ့မိန်းကလေးနဲ့ သားသမီးမွေးနိုင်သော်လည်း သူများအသိုက်အမြုံ သူများအိမ်ထောင် ဖျက်ဆီးနိုင်တဲ့မိန်းကလေးနဲ့. ဘယ်သူပို
မြင့်မြတ်သလဲမောင် ခိုင်သိချင်လို့ပါ”

ကျွန်မကိုကြည့်နေသောမောင်က အဖြေခက်နေဟန် ဇဝေဇဝါနှင့်။

” ဘာလို့မေးတာလဲ ခိုင် ”
ဟုမေးခွန်းပြန်ထုတ်သည်။

” သားသမီးမမွေးနိုင်ရင် မိန်းမမြတ်မဖြစ်တော့ဘူးပေါ့
ဒီကံကြမ္မာက ကျွန်မတို့တမင်ဖန်တီးထားတာမဟုတ်ဘူးလေ ရှေးဘဝကုသိုလ်ကံကြောင့်ဆိုတာ မောင်တို့ယောက်ျားတွေ လက်မခံပေးနိုင်ဘူးမဟုတ်လား သားသမီးမွေးနိုင်ပေမယ့် မကောင်းတာမှန်သမျှလုပ်နေတဲ့မိန်းကလေးတွေကျ တစ်ကယ်မြင့်မြတ်ကြတာလား
ကျွန်မသိချင်တာပါ”

မောင်သက်ပြင်းချပြီး ဘာအဖြေမှမပေးဘဲ ကျောခိုင်းထွက်ခွာသွားလေတော့သည်။ မောင့်ကျောပြင်ကိုငေးကြည့်ရင်း တစ်ခုခုကိုအပြီးတိုင်ကျွန်မဆုံးရှုံးလိုက်ရသည်ကိုမခံစားနိုင်သဖြင့် ကလေးတစ်ယောက်လို ချုံးပွဲချငိုပစ်လိုက်သည်။
**************

အခန်း ၃

” ငါတစ်သက်လုံးမျှော်လင့်ခဲ့ရတဲ့ ရည်ရွယ်ချက်လေး
ခုထိမပြည့်ဘူး မင်းတော်တော်ညံတဲ့မိန်းမပဲ ”

” ဘာ ကျွန်မလည်းမတတ်နိုင်ဘူးရှင် ဒီလောက်ဖြစ်နေရင်လည်းရှင့်ဘာသာ ရှင်မွေးပါလား နေရာတကာလာပြဿနာမရှာနဲ့ ရှင့်မိန်းမကြီးလို မျက်ရည်လေးကျပြီးသည်းခံမယ့်သူမဟုတ်ဘူး ”

ကျွန်မနားစည်သို့ ရိုက်ခတ်လာသော အသံတွေကြောင့် အသံလာရာဆီ လှမ်းကြည့်မိလိုက်သည်။

” ဟင်”

ကျွန်မအံ့သြသွားရသည်။ တစ်ချိန်က ကျွန်မသိပ်ချစ်ခဲ့ဖူးသော မောင်။ သူ့ဘေးနားက သူလက်ထပ်လိုက်သည့်မိန်းကလေး။ သုံးနှစ်ဆိုသော အချိန်ကာလအတွင်း ပြောင်းလဲသွားသောသူ့ရုပ်ရည်ကမယုံကြည်နိုင်စရာပါပင်။ ကျွန်မမှင်သတ်ပြီး ငေးကြည့်နေမိ၏။ သူ့ထက်အရမ်းငယ်သော မိန်းကလေးနှင့် ကဲကဲဆတ်ဆတ်ငြင်းခုန်ပြောရင်း ရန်ဖြစ်နေကြပုံက ဘေးပတ်ဝန်းကျင်ပင်သတိမထားမိကြဟန်။

” မိန်းမလာ ကိုယ့်ကိုတွဲ ဖြည်းဖြည်းလျှောက်နော် ”

ခင်ပွန်းသည် ကိုသက်ထင်၏လက်ကို ဆုပ်ကိုင်ရင်း
ဆေးခန်းထဲဝင်လာသော်လည်း ကျွန်မစိတ်များက ထိုစုံတွဲဆီသို့သာ ရောက်နေသည်။ ဆရာဝန်မစမ်းသပ်စစ်ဆေးပြီး လိုအပ်တာများ ပြီးစီးသွားသည့်အတွက် ကျွန်မတို့ပြန်ထွက်လာကြ၏။ ကျွန်မအပြင်ရောက်တော့ သူတို့စုံတွဲကို မတွေ့ရတော့ပါ။ ကျွန်မဘဝကို နားလည်ပြီး လက်ထပ်ခွင့်တောင်းလာသောကိုသက်ထင်အား. ကျွန်မမချစ်ခဲ့သော်လည်း အားလုံး၏ဖြောင်းဖျမှု့ကြောင့်ကျွန်မလက်ခံခဲ့ခြင်း။ ကျွန်မကိုယ်တိုင် သားသမီးမရနိုင်သည့်အချက်အား ဝန်ခံပြောပြခဲ့ရာ ကိုသက်ထင်၏ စကားကို သိခဲ့ရသဖြင့် ကျွန်မမငြင်းမိတော့။

” ကျွန်မမှာရှိတဲ့အားနည်းချက်က တော်ရုံလူလက်မခံနိုင်ဘူးလေ ”

” ကျွန်တော်နားလည်ပါတယ်ခိုင် ခိုင့်မှာဘာချို့ယွင်းချက်ရှိရှိ ကျွန်တော်လက်ခံပေးနိုင်တယ် ခိုင့်ဘေးနားမှာ
ပါရမီဖြည့်ရင်းပေါ့ ”

ကိုသက်ထင်စကားကြောင်ကျွန်မတွေဝေနေချိန်၌ ဆုံးမစကားများတွင်တွင်ဆိုနေသော မိခင်စကားကြောင့် ကျွန်မ မပယ်ရှားဖြစ်တော့။

” သမီးလေး ကိုယ့်အပေါ်သစ္စာမရှိသူကို တမ်းတနေမယ့်အစား ကိုယ့်အပေါ် တစ်ကယ်နားလည်သူကို ဘဝအတွက်ထပ်ရွေးချယ်လိုက်ပါ ငါ့သမီးလေးက တစ်သက်လုံးတစ်ယောက်တည်းနေလို့ မတင့်တယ်ဘူးသမီး ကိုယ့်ဘဝအတွက် ထီးလိုအရိပ်တစ်ခုတော့ လိုအပ်တယ် ”

နောက်ဆုံး အားလုံး၏ဆန္ဒကို ကျွန်မမငြင်းဆန်ဖြစ်တော့။ ကိုသက်ထင်၏ရင်ခွင်သည် ကျွန်မအတွက် အေးမြသော ရင်ခွင်တစ်ခုဖြစ်ခဲ့ရလေသည်။ ကိုသက်ထင်နှင့် လက်ထပ်ပြီး ခြောက်လအကြာတွင် ကျွန်မကျန်းမာရေး ချူချာသဖြင့် ဆေးခန်းသို့ လာလာပြရခြင်းဖြစ်၏။
ပျော်ရွှင်နေသော ကိုသက်ထင်မျက်နှာကြည့်ပြီး ကျွန်မဆီလည်းအပျော်များ ကူးစက်ရပြန်ပါသည်။
ကိုသက်ထင်၏ အပျော်မျက်ဝန်းများက ကျွန်မရင်ကို ကြည်နူးစေသည်မှာအမှန်။
ကျွန်မကို ဂရုတစိုက်စိုက်နှင့် တွဲလာသောကိုသက်ထင်တစ်ယောက် ပတ်ဝန်းကျင်ကိုဂရုမပြုမိဘဲ လူတစ်ယောက်အား ဝင်တိုက်လေသည်။

” ဟာ အားနာတာ ဆောရီးနော် အစ်ကို ”

ကိုသက်ထင်က တိုက်မိသူကိုပြာပြာသလဲတောင်းပန်လိုက်သဖြင့် ကျွန်မလည်း ထိုသူကိုလှမ်းအကြည့်
၊ ကျွန်မရင်ထဲ ငလျင်တစ်ခု လှုပ်ခတ်သွားရသည်။

” ရပါတယ် ဗျာ မတော်လို့ဘဲ ဟင် ခိုင် ခိုင်ပါလား ”

ကျွန်မကိုနာမည်တပ်ခေါ်လိုက်သဖြင့် ကျွန်မကိုငေးကြည့်လာသော ကိုသက်ထင်က အရာရာကို နားလည်သွားသည့်ဟန်နှင့် ကျွန်မကိုသူနှင့်ဝေးရာဆွဲခေါ်လာခဲ့သည်။ ကျွန်မ၏ အပြင်သို့ စူထွက်စပြုနေသော
ဝမ်းဗိုက်ပူပူလေးကို ငေးကြည့်၍ တုန်လှုပ်ခြောက်ခြားနေသော မောင့်မျက်ဝန်းများက အိမ်အထိ ကျွန်မနှင့်အတူ ကပ်ပါလာလေတော့သည်။

ဆုပြည့်ဝ