“စုန်းထီးကြီးဦးဘသာနှင့် နွားသူဌေး ဆန်နီ “(စ/ဆုံး)

Unicode Version

“စုန်းထီးကြီးဦးဘသာနှင့် နွားသူဌေး ဆန်နီ “(စ/ဆုံး)
———————————————————————–
အတွဲ(၄) စာစဉ်(၁၉)

(၁)

ကျုပ်တို့ နိဗ္ဗာန်ရွာကိုလာတဲ့အကြောင်းကတော့ နွားကြည့်ဖို့ကိုးဗျ၊ ဒါနဲ့ နောက်တစ်နေ့မနက်ပဲ ဦးဘသာနဲ့အတူတူရွာထဲဆင်းခဲ့ကြတယ်၊ နိဗ္ဗာန်ရွာ တောင်ပိုင်းမှာ နွားတွေမွေးကြတယ်ဗျ၊ ဆိုင်းနောက်ထ ငသောင်းကလည်း သူ့ဆီကိုလာခဲ့ပါ၊ နွားတွေလိုက်ပြမယ်ပြောတာနဲ့ နောက်ရက် သူနေတဲ့ရွာတောင်ပိုင်းကိုသွားကြတာပေါ့ဗျာ၊ ရွာကအကြီးကြီးဆိုတော့ ဦးလူလှတို့အိမ်ကနေ ငသောင်းတို့အိမ်ကိုရောက်ဖို့ အတော်ကိုလျှောက်ယူရတယ်ဗျာ၊ ရွာတောင်ပိုင်းမှာကျတော့ အိမ်ကြီးအိမ်ကောင်းက နည်းသဗျ၊ အိမ်တော်တော်များများက ခြေတံရှည်တွေများတယ်၊ ထရံကာ သက်ငယ်မိုးထားတဲ့အိမ်တွေချည်းပဲဗျ၊

“ဦးဘသာ လမ်းကတဖြည်းဖြည်းကျဉ်းသွားပြီဗျနော်၊ ကျုပ်တို့လာတဲ့နေရာရော မှန်ရဲ့လား”

“မသိဘူးလေကွာ၊ ငသောင်းကတော့ ဒီဘက်လို့ပြောတာပဲကွ၊ တို့ငယ်ငယ်တုန်းကတော့ ရွာကဒီလောက်မကြီးဘူးဟေ့၊ အခုဒီနေရာတွေက လယ်ကွင်းအစပ်တွေ၊ ကွင်းပြင်တလင်းကြီးတွေပေါ့ကွာ”

“အဲဒါလည်းမေးမလို့ ဦးဘသာရဲ့၊ ဦးဘသာ ငယ်ငယ်က ဒီကိုရောက်ဖူးတယ်ဆိုတော့ ဘယ်လိုရောက်ဖူးတာလဲ”

ဦးဘသာက ပါးစပ်ထဲက ကွမ်းဖတ်တွေကိုလမ်းဘေးတစ်နေရာကိုထွေးထုတ်လိုက်ပြီးတော့

“ဒီလိုကွ၊ လင်ပျောက်ကုန်းမှာ ငါ့အမေက ပညာတွေကြမ်းလိုက်တော့ အရှေ့မယ်တော်ရောက်လာပါရော၊ လူတွေအများကြီးသတ်တာ မကောင်းဘူးဆိုပြီးတော့ ငါ့အမေကို ရွာကနေနှင်လိုက်တယ်လေကွာ၊ အဲဒါနဲ့ ရွာကထွက်ပြီးတော့ ဟောဒီနိဗ္ဗာန်ရွာကိုရောက်လာကြတာပဲ၊ အဲဒီတုန်းက နိဗ္ဗာန်ရွာမှာ ငါ့အမေရဲ့ အဒေါ်ရှိတယ်”

“ဦးဘသာအမေ ဒေါ်ပျင်းရဲ့အဒေါ်ဆိုတော့၊ ဘွားမယ်ဖြူကြီးရဲ့ ညီမ၊ မမဲတူပေါ့ ဟုတ်လား”

“အေး၊ ဘွားမဲတူက ဟောဒီတောင်ပိုင်းမှာနေတာပေါ့ကွ”

“ကျုပ်တော့မျက်စိလည်နေပြီ၊ ဘွားမဲတူက မြင်သာရွာသူကြီးနဲ့ ငြားသွားတာဆိုဗျ၊ ဘယ့်နှယ့် နိဗ္ဗာန်ရွာရောက်နေရသလဲ”

“ပြောရရင်တော့ ရှည်မယ်ကွ၊ ငါ့ဦးလေး မြင်သာရွာသူကြီးက ဘွားမဲတူနဲ့ညားပြီး သားသမီးနှစ်ယောက်ရတယ်၊ အိမ်ထောင်သက် ငါးနှစ်လောက်မှာပဲ ဘွားမဲတူနဲ့ရန်ဖြစ်ပြီးတော့ ဘွားမဲတူကို အိမ်ကနေမောင်းချလိုက်တာ၊ ဘွားမဲတူလည်း တို့ရွာမပြန်ဘဲ နိဗ္ဗာန်ရွာမှာ နေလိုက်တာပဲကွာ၊ နိဗ္ဗာန်ရွာမှာ ဘွားမဲတူက အိမ်ထောင်ထပ်ကျပြီး ကလေးတွေဘာတွေတောင်ရတယ်”

“အံမယ်၊ သူက ရုပ်သာဆိုးတာ အလာသားပါလားဗျ”

“တို့ခေတ်က ယောက်ျားတွေက မိန်းမများများယူတဲ့ခေတ်ကိုးကွ၊ နိဗ္ဗာန်ရွာသူကြီးက ဘွားမဲတူရောက်လာတော့ ကောက်ယူလိုက်တယ်ပေါ့ကွာ၊ ဒါကြောင့် နိဗ္ဗာန်ရွာမှာ တို့အမျိုးတွေရှိသေးသကွ၊ ဝေးတော့ ဝေးပါတယ်”

“ဒါဆို ဦးဘသာတို့သားအမိကို အရှေ့မယ်တော်က ရွာကနေနှင်လိုက်လို့ ဒီကိုရောက်လာတာပေါ့နော်”

“အေးပေါ့၊ ဘွားမဲတူက သူ့အမ ဘွားမယ်ဖြူသေတာကိုလည်း ကျေမှမကျေနပ်ဘဲ”

“ဒီတော့ ဘာဆက်ဖြစ်ကြသလဲဗျ”

“ငါ့အမေကိုမြှောက်ပေးပြီးတော့ အရှေ့မယ်တော်ကို ပညာပြိုင်ခိုင်းတာပေါ့ကွာ”

“ဗျာ၊ ဒေါ်ပျင်းက အရှေ့မယ်တော်ကို နိုင်သွားသလား”

“မယ်တော်လေးပါးဆိုတာ တော်ရုံလူမဟုတ်ဘူးကွ၊ ငါ့အမေက အရှေ့မယ်တော် ကိုမနိုင်ပေမယ့် သူ့အောက်က လက်ဝဲ၊ လက်ယာ ကဝေမြောက်တွေကိုတော့ နိုင်ခဲ့သကွ”

ကျုပ်လည်းခေါင်းညိတ်ပြီး

“သြော်၊ ဒါဆို မယ်တော်ကိုမနိုင်တော့ ဘာဖြစ်သေးတုန်းဗျာ”

“မယ်တော်က နှယ်နှင်တာပေါ့ကွ၊ ဘွားမဲတူလည်း အဲဒီအရေးမှာ ကြားဝင်လို့ သေသွားရတယ်၊ ငါနဲ့ငါ့အမေလည်း နိဗ္ဗာန်ရွာကထွက်ပြီး မြိုင်သာကိုတက်သွားကြတာပဲ”

“ဒါကြောင့်ကိုး၊ ဒါကြောင့်် ဦးဘသာငယ်ငယ်က မြိုင်သာမှာနေခဲ့တယ်လို့ပြောတာကိုး”

“အေးလေ၊ မမဲတူရဲ့ သမီးလည်းရှိတယ်၊ နောက် မြိုင်သာရွာသူကြီးဟောင်းက ငါ့အဘိုးကိုးကွ၊ ဒီတော့ မြိုင်သာမှာနေကြတာပေါ့၊ မြိုင်သာမှာနေရင်း ငါက အဲဒီကကျောင်းမှာကျောင်းတက်ခဲ့ရတယ်၊ မင်းမှတ်မိသလားအလတ်ကောင်၊ မြိုင်သာက ကုလားမကြီး မာယာတို့၊ သူ့ယောက်ျားမာယာတို့က ငါနဲ့အတူကျောင်းနေဖက်တွေပေါ့”

ကျုပ်လည်းခေါင်းညိတ်လိုက်တော့တယ်၊ အခုမှပဲ ဦးဘသာအကြောင်းတွေ ရေရေလည်လည်သိရတယ်ဗျို့။ ကျုပ်ကဆက်မေးချင်ပေမယ့် ဦးဘသာက ဝါးကပ်တွေကာထားတဲ့ခြံကြီးတစ်ခုအရှေ့မှာ ရပ်လိုက်တယ်ဗျ၊ အဲဒီခြံထဲမှာ နွားခြံကြီးအကြီးကြီးပဲဗျာ၊ ခြံတစ်ခုလုံးလည်း နောက်ချေးနံ့တွေနဲ့ မွန်ထွန်နေတာပေါ့၊ ကုလားမလေးတစ်ယောက်က နောက်ချေးကိုကောက်ရိုးနဲ့ရောနယ်ပြီးတော့ အပြားလေးတွေလုပ်ရင်း အနားက သစ်ပင်တွေရဲ့ ပင်စည်မှာလိုက်ကပ်နေတယ်ဗျ၊ ဦးဘသာက ကုလားမလေးကိုလှမ်းခေါ်တယ်။

“ဟေ့၊ ကလေးမ၊ ဆိုင်းနောက်ထ ငသောင်းရဲ့ခြံက ဘယ်ခြံလဲဟေ့”

ကုလားမလေးက အနားကိုပြေးလာပြီးတော့ ကုလားလိုပြောတယ်ဗျ၊ ဦးဘသာကလည်း ကုလားမလေးကိုကြည့်ပြီး ကုလားလိုပြန်ပြောတယ်။ ကုလားမလေး စကားပြောတာက ခေါင်းကလေး လှုပ်တုပ်လှုပ်တုပ်နဲ့စကားပြောတာဗျ၊ ဦးဘသာနဲ့လေးငါးခွန်းလောက် ပြောဆိုလို့လည်းပြီးရော ဦးဘသာက ကျုပ်ဘက်ကိုလှည့်ပြီး

“ခြံကတော့ ဒီခြံပဲ၊ ငသောင်းက အခုမရှိသေးဘူးတဲ့ကွာ၊ စောင့်ရမယ်တဲ့”

“စောင့်ဆိုလည်း စောင့်ပေါ့ဗျာ၊ ဒါနဲ့ ဦးဘသာက ကုလားစကားလည်း တတ်တာပဲလား”

“ဟင်ဒူစကားတော့ နည်းနည်းတတ်ပါတယ်ကွ၊ မင်းကလည်း၊ တို့က ကုလားတွေကြားထဲကြီးပြင်းခဲ့ရတာကိုး”

ကုလားမလေးက ခြံထဲခေါ်သွားတာနဲ့ ကျုပ်တို့လည်းအနောက်ကိုလိုက်သွားတယ်၊ နွားခြံဘေးနားခပ်လှမ်းလှမ်းမှာ တမာပင်ကြီးတွေရှိတယ်၊ အဲဒီတမာပင်ကြီးတွေအောက်မှာ အရိပ်ကအေးနေတာပဲဗျာ၊ ခွေးခြေကလေးသုံးလုံးချထားပြီးတော့ ကုလားကုတင်ကြီးလည်းချထားတယ်၊ ကုတင်ပေါ်မှာတော့ ကုလားကြီးတစ်ယောက်က ငုတ်တုတ်ထိုင်လို့ဗျ။ ကျုပ်တို့လည်း ခွေးခြေခုံကလေးမှာထိုင်လိုက်တော့ ကုလားကြီးက နှုတ်ဆက်ရှာပါတယ်၊ အသက်တော်တော်ကြီးနေပြီးတော့ မုတ်ဆိတ်တွေ၊ နားမွှေးတွေတောင်ဖြူလို့ဗျ။

အသက်နှစ်ဆယ်လောက်ရှိမယ့် ကုလားမလေးက ကလေးတစ်ယောက်ချီပြီးထွက်လာတယ်၊ သူ့လက်ထဲမှာတော့ ဒန်ခွက်လေးတွေကိုင်လာတယ်ဗျ၊ ကျုပ်တို့ကိုလှမ်းပေးတော့ ယူလိုက်ရတယ်၊ ဒန်ခွက်ထဲမှာတော့ လက်ဖက်ရည်ဗျ၊ နွားနို့နဲ့ဖျော်ထားတဲ့လက်ဖက်ရည်ပဲ၊ ကျုပ်လည်း တစ်ကျိုက်မော့လိုက်တော့ အနံ့ကြီးက အီပြီးတော့အန်တောင်အန်ချင်သွားတယ်ဗျာ။

“ဟာ၊ ဦးဘသာ လက်ဖက်ရည်ထဲကို မဆလာတွေထည့်ထားတာလားမသိဘူး”

“မဆလာ မဟုတ်ပါဘူးကွာ၊ အမွှေးအကြိုင်တွေထည့်ထားတာပါ”

“သောက်ရတာကတော့ ဆိမ့်ပါ့ဗျာ၊ အနံ့ကတော့ မခံနိုင်ဘူးဗျ”

“အဲဒါထုံးစံပဲဟေ့၊ လက်ဖက်ရည်ထဲ အမွှေးအကြိုင်ခတ်တာ အထူးဧည့်သည်တွေမို့ ခတ်ပေးတာကွ၊ သောက်ရခဲတယ်၊ သောက်”

ကုတင်မှာထိုင်နေတဲ့ကုလားကြီးက

“အကိုကြီးတို့ ဘာလာလုပ်ကြတာလဲ”

“နွားဝယ်မလို့လာခဲ့တာပဲဗျ၊ ငသောင်းက သူ့ခြံရောက်ရင် နွားကောင်းကောင်းပြမယ်လို့ပြောထားတာနဲ့လာခဲ့တာပဲ”

“ဟရေး၊ ငသောင်းကတော့လုပ်ပြီ၊ ဒီနွားတွေက သူပိုင်တဲ့နွားတွေမှ မဟုတ်တာ”

ခြံထဲမှာ လှည့််ပတ်သွားနေတဲ့ နွားတွေချည်း ငါးဆယ်၊ တစ်ရာလောက်ရှိတယ်ဗျ၊

“သူမပိုင်ရင် ဘယ်သူပိုင်တာလဲ”

“ဆရာလေး ဆန်နီပိုင်တာ၊ ဆရာလေးက နွားတွေကိုသိပ်ချစ်တာ၊ သူ့နွားတွေကို တော်ရုံဈေးလောက်နဲ့မရောင်းဘူးနော်”

“ကျုပ်လည်း နွားကောင်းရင် ဈေးကောင်းပေးဖို့ ဝန်မလေးပါဘူး”

ကုလားကြီးကို ဟိုဟိုဒီဒီလှည့်ကြည့်ပြီးတော့

“ဆန်နီရဲ့နွားတွေက တခြားနွားတွေထက် သုံးဆတန်တယ်ဆိုပြီး ဈေးတင်ရောင်းတာနော်၊ ခင်ဗျားတို့ မြန်မြန်ပြန်တာကောင်းလိမ့်မယ်”

“ဝယ်ချင်ဝယ်မယ်၊ မဝယ်ချင်မဝယ်ဘူးပေါ့ဗျ ကျုပ်တို့စိတ်ပဲ”

ကုလားကြီးက ခေါင်းကုပ်ရင်း

“ခင်ဗျားတို့ မသိသေးပါဘူးဗျာ”

သူနဲ့ပြောဆိုနေတုန်း ခြံထဲကိုငသောင်းဝင်လာတယ်ဗျ၊ ထုံးစံအတိုင်း စုတ်စုတ်ပြတ်ပြတ်အဝတ်စားနဲ့ပေါ့ဈ၊ ကျုပ်တို့ကိုမြင်တော့ သွားတွေအကုန်ပေါ်အောင်ဖြဲပြတယ်။

(၂)

“ဆရာကြီးတို့ရောက်နေတာကြာပြီလား”

“မကြာသေးပါဘူးကွ၊ မင်းကိုစောင့်နေတာ”

“ဒီခြံက ကျုပ်ခြံပဲဗျာ၊ ဟောဟိုက ခြံအနောက်နားမှာ ကျုပ်ကတဲကလေးထိုးပြီးနေသဗျ၊ ကျုပ်တဲကို လိုက်ခဲ့ကြပါအုံးလား”

“အေးကွာ၊ လိုက်ဆိုတော့လည်း လိုက်ရတာပေါ့”

ကျုပ်တို့လည်း ငသောင်းအနောက်ကိုထလိုက်လာခဲ့တယ်၊ ဦးဘသာက လွယ်အိတ်ကိုတစ်ချက်ပင့်လိုက်ပြီး

“နေစမ်းပါအုံးငသောင်းရေ၊ မနေ့ကပြောတော့ မင်းဆီမှာ ကလေးလည်းရှိတယ်၊ မိန်းမလည်းရှိတယ်ဆိုကွာ”

“ဒါတွေမပြောချင်တော့ပါဘူးဆရာကြီးရယ်၊ အိမ်ကမိန်းမက ကျုပ်ကိုမောင်းချထားတာကြာပြီ”

“မင်းကတော့ ဖြစ်ရမယ်”

“ဟုတ်တယ်ဆရာကြီး၊ ဆိုင်းနောက်ထအလုပ်က ပိုက်ဆံကျန်တယ်ဗျ၊ ခုနွားကျောင်းတာ ပိုက်ဆံမကျန်ဘူး၊ စားဖို့လောက်ပဲရတာ၊ ကျုပ်လည်း ဒါပဲလုပ်တတ်လို့ ဒါပဲလုပ်စားတာပေါ့၊ မိန်းမက ဒီအလုပ်ကိုမျက်နှာငယ်တယ်ဆိုပြီး ကျုပ်ကိုအိမ်ပေါ်က မောင်းချသဗျ”

ငသောင်းအိမ်ကလေးက သေးသေးကုပ်ကုပ်ကလေးပါဗျာ၊ တစ်ယောက်တည်းနေတာဆိုတော့လည်း ရှုပ်ပွနေတာပဲ၊ ငသောင်းက သူ့လွယ်အိတ်ထဲကနေ ပုလွေကလေးကိုထုတ်လိုက်တယ်၊ ဒီပုလွေကလေးက နွားကျောင်းသားမှော်အောင်ထားတယ်ဆိုတဲ့ ပုလွေကလေးပေါ့ဗျာ။ ပုလွေကလေးကို တစ်ချက်နှစ်ချက်မှုတ်လိုက်တာနဲ့ နွားတွေရဲ့နားက တဖြန်းဖြန်းနဲ့လှုပ်လာတော့တာပဲဗျာ၊ ဘာသံမှတော့ မထွက်ဘူးဗျ။

“ဆရာကြီး ဘယ်လိုနွားလိုချင်သလဲ၊ ခိုင်းဖို့လား၊ ပြန်ရောင်းမှာလား၊ အသားဖော်ဖို့လား”

“ခိုင်းနွားကောင်းကောင်း လိုချင်တာဟ”

ငသောင်းက ပုလွေကိုပါးစပ်နားတပ်ပြီး မှုတ်ပြန်ရော၊ ပုလွေက ဘာအသံမှမထွက်ပေမယ့် နွားတစ်သိုက်ကတော့ ငသောင်းဆီကိုပြေးလာကြတယ်ဗျာ၊ နွားတွေက အကောင်ခြောက်ဆယ်လောက်ရှိမယ်၊ ကျုပ်တို့အရှေ့ကိုလာပြီးတော့ တန်းစီရပ်တာ ညီလိုက်တာဗျာ။

“ဆရာကြီးက လယ်ထွန်မှာလား၊ ယာထွန်မှာလား”

“ယာတော့ငါမလုပ်ဘူး၊ လယ်တစ်သီးထဲစိုက်တာကွ၊ ဒီတော့ နွားပြာမကြိုက်ဘူးကွာ၊ နွားပြာက ပေလွန်းတယ်”

ငသောင်းက ပုလွေကလေးကိုဆက်မှုတ်ပြန်တယ်ဗျ၊ ဒီတော့ နွားပြာတွေအကုန် နွားအုပ်ထဲကထွက်ပြီး ခြံထဲပြေးဆင်းသွားကြတာပဲ၊ နွားရွှေဝါ၊ နွားရွှေနီတွေလောက်ပဲ ကျန်တော့တယ်၊ ဦးဘသာက နွားတွေကိုသေသေချာချာကြည့်ပြီး”

“တော်တော်ကောင်းကောင်း လှလှတွေကွ၊ ဟောဒီဘက်က နွားရွှေနီတစ်ရှဉ်းနဲ့ နွားရွှေဝါတစ်ရှဉ်းလောက် ယူချင်သကွာ”

ငသောင်းက ပုလွေမှုတ်တော့ ကျန်တဲ့နွားတွေအကုန်ပြန်သွားကြပြီးတော့ အိပ်တဲ့အကောင်ကအိပ်၊ လှဲတဲ့အကောင်က လှဲနဲ့ပေါ့ဗျာ၊ ကျုပ်လည်း ငသောင်းနားကိုကပ်ပြီးတော့

“ဒါနဲ့ ဒီနွားပိုင်ရှင်က ခင်ဗျားမဟုတ်ဘူးဆိုဗျ”

“ဟုတ်တယ်၊ ဒီနွားတွေ ရာထောင်ချီကို ဆန်နီပိုင်တာ၊ ဆန်နီဆိုတာ နွားသူဌေးပေါ့၊ မြိုင်သာတစ်ကြောမှာ နွားရောင်းနေတဲ့လူပေါ့”

“သူကလည်း သူ့နွားတွေကို ဈေးသုံးဆရမှ ရောင်းတာဆို”

ငသောင်းကတစ်ချက်တွေဝေသွားပြီးတော့

“ရပါတယ်၊ ကျုပ်ပါကူပြောပေးပါ့မယ်၊ သူရောင်းပေးမှာပါ”

ကျုပ်တို့လည်း ငသောင်းအိမ်ရှေ့နားမှာထိုင်နေကြတာပေါ့ဗျာ၊ နောက်ချေးနံ့တွေဆိုတာ မွှန်ထူနေလို့ ကျုပ်ဖြင့် နှာခေါင်းကိုတောင်လက်ညှိုးနဲ့ပိတ်ထားရသေးသဗျာ။

“ဒါနဲ့ ကျုပ်ကတော့ ခင်ဗျားလက်ထဲက ပုလွေကလေးကိုပဲ စိတ်ဝင်စားတယ် ကိုသောင်း”

ငသောင်းက အရိုးပုလွေကလေးကိုထုတ်ပြီး

“သြော်၊ ဒါလား”

“ကျုပ်ကိုခဏပြစမ်းပါဗျာ”

ငသောင်းက သူ့ပုလွေကို ကျုပ်ကိုလှမ်းပေးတယ်ဗျ၊ ဦးဘသာက ငသောင်းကိုကြည့်ပြီး

“ဒီပုလွေက နှယ်နှယ်ရရမှမဟုတ်ဘဲ ငသောင်းရ၊ မင်းဘယ်လိုရခဲ့တာလဲ”

“ဒါကလည်း ထူးဆန်းတယ်ပြောရမယ်၊ ကျုပ် ဆိုင်းနောက်ထမလိုက်ရတော့ လုပ်စရာမရှိတာနဲ့ သူများနွားတွေ ငှားကျောင်းပေးတာပေါ့ဗျာ၊ အစကတော့ သိပ်ခက်ခဲတာဗျ၊ နွားဆိုတာက အမျိုးစုံ၊ အနွယ်စုံဆိုတော့ ပြောရတာလည်း သိပ်ခက်တာ၊ ဒီကြားထဲ ပေတဲ့ကပ်တဲ့နွားတွေပါလာရင် ပိုဆိုးတာပေါ့ဗျာ”

“ဒါပေါ့ကွာ”

“တစ်ရက်တော့ နွားအုပ်နဲ့ကွဲသွားတဲ့ နွားအနောက်လိုက်ရင်း တောင်ရိုးအခြေကိုရောက်သွားတယ်ဗျ၊ အဲဒီမှာ ရသေ့ကြီးတစ်ပါးနဲ့တွေ့တာပဲ၊ ကျုပ်နွားက အဲဒီရသေ့ကြီးအရှေ့မှာ ဝပ်လို့ဗျ”

“ပြောပါအုံးဗျာ”

“ကျုပ်လည်း ရသေ့ကြီးကိုကန်တော့ပြီး နွားကိုပြန်ဆွဲခေါ်တာပေါ့ဗျာ၊ နွားကလည်း တော်တော်ကပ်တဲ့နွားဆိုတော့ ခေါ်မရဘူးဗျို့၊ နဖားကြိုးအတင်းဆွဲတာတောင်မှ ဒီကောင်က မထဘူး၊ ကျုပ်လည်း ကြိမ်နဲ့ရိုက်လိုက် ဆဲဆိုကြိမ်းမောင်းလိုက်နဲ့ နွားကိုအမျိုးမျိုးခေါ်တာပေါ့၊ ရသေ့ကြီးက ကျုပ်အဖြစ်ကို ပြုံးပြီးကြည့်နေတယ်ဗျ၊ ပြီးတော့မှ သူ့ဆီကနေ အဲဒီပုလွေကလေးထုတ်ပြီး မှုတ်တော့တာပဲ၊ ဘာမှတော့ မကြားရဘူးဗျာ၊ ဒါပေမယ့် နွားက ငေါက်ခနဲကောက်ထပြီးတော့ ကျုပ်အနောက်မှာလာရပ်သဗျ၊ ကျုပ်သွားရာအနောက်ကို နွားကလိုက်နေပါရော၊ ကျုပ်လည်း ဒီရသေ့ကြီးက ထူးဆန်းတယ်လို့ထင်ပြီးသားပါ၊ ဒါနဲ့ အခုလိုနွားကိုနိုင်မယ့်် နည်းလမ်းရှိသလားလို့မေးတော့ ကျုပ်ကိုကျင့်စဉ်တစ်ခုပြောပြတာပဲ”

“ဘာကျင့်စဉ်တုန်းဗျ”

“နွားကျောင်းသားမှော်လို့ခေါ်တာပဲ”

“အဲဒါ ဘယ်လိုကျင့်ရသလဲ”

ငသောင်းကို ကျုပ်ကိုသိပ်ပြောချင်ပုံမရဘူးဗျ၊ ဒါပေမယ့် ဦးဘသာရှိနေတော့ အားနာသွားပုံရတယ်။

“ရသေ့ကြီးပြောတာကတော့ ပုဂံခေတ်က ငလုံးလက်ဖယ်သူရဲကောင်းကလည်း ဒီလိုမှော်ပညာမျိုးကိုအောင်မြင်ခဲ့တယ်လို့ပြောတာပဲ၊ နွားနဲ့ပတ်သက်လို့ကတော့ သိပ်ကျွမ်းတယ်ဆိုသဗျ၊ နွားအရှဉ်းသုံးဆယ်ကို ထွန်မှာတပ်ပြီးတော့ ထွန်ရေးမှန်အောင် တက်ချည်ဆင်းချည် အနှံ့ထွန်နိုင်တယ်လို့ပြောတာပဲ”

“အဲဒါ ဘယ်လိုလုပ်ရသလဲဗျာ”

ကျုပ်ကလည်း သိချင်သား၊ ငသောင်းကြည့်ရတာသိပ်ပြောချင်ပုံတော့မရဘူးဗျ။

“ဘယ်သူမှတော့ ပြန်မပြောပါနဲ့ဗျာ၊ နွားကျင်ကြီး၊ ကျင်ငယ်ကို ခုနစ်ရက်စီလိမ်းရ သောက်ရတယ်၊ ကျင်ငယ်ကိုအစိမ်းသောက်၊ ကျင်ကြီးကိုတော့ မီးဖုတ်ပြာချပြီး လျှက်ရသဗျ”

“ဖွီ၊ ခင်ဗျားဟာက ဟုတ်ရဲ့လား”

ဦးဘသာက

“နောက်ချေးတို့၊ နွားကျင်ရည်တို့ဆိုတာ သောက်ကောင်းတယ်၊ ဆေးဖက်ဝင်တယ်ကွ၊ တို့ငယ်ငယ်ကဆို ချောင်းခြောက်ဆိုးရင် နောက်ချေးကိုပြာချပြီး လျှက်ခဲ့ကြတာပဲ”

“အောင်မယ်လေးဗျာ၊ ကျုပ်ဖြင့်် ရွံလိုက်တာ၊ ကဲ ဆက်ပြောပါအုံး ကိုသောင်းရာ”

“ပြီးတော့ နွားတင်းကုပ်မှာခုနစ်ရက်နေရသဗျ၊ နွားစာကျင်းမှာ ခုနစ်ရက်စားရတယ်”

ငသောင်းတစ်ခုပြောတိုင်း ကျုပ်ဖြင့်ရွံလို့အန်ချင်လိုက်တာ ပြောမနေပါနဲ့တော့ဗျာ။

“အဲဒါတွေပြီးတော့ ရသေ့ကြီးက ကျုပ်ကိုသူ့ကျောင်းကိုခေါ်သွားပြီးတော့ ဟောဒီကုပ်မှာဆေးပေါက်ပေးလိုက်တာပဲ”

ငသောင်းက ဦးဘသာကိုကုပ်လှန်ပြတယ်ဗျ၊ ဦးဘသာလည်းကြည့်ပြီးတော့ ခေါင်းတဆတ်ဆတ်နဲ့ညိတ်တယ်၊ ဆေးကတော့ စာလုံးလေးလုံးကို ရေးထားတာပါဗျာ၊ လက်ရေးကတော်တော်ညံ့တော့ ဘာစာလုံးလဲဆိုတာ ဖတ်မရဘူးဗျို့။

“အဲဒါထိုးပြီးရင် ရပြီတဲ့လား”

“ရပြီပေါ့၊ ကျုပ်ဖြင့််အစက မယုံနိုင်ဘူးဗျာ၊ နောက်တော့ အမျိုးမျိုးစမ်းသပ်တော့မှ တကယ်လက်တွေ့ပဲဗျ၊ နောက်တော့ ရသေ့ကြီးဆီသွားပေမယ့် ရသေ့ကြီးမရှိတော့ဘူး၊ ရသေ့ကြီးမသွားခင်က ကျုပ်ကိုပေးခဲ့တဲ့ ပုလွေကလေးကတော့ အမှတ်တရပေါ့ဗျာ”

ဦးဘသာက မျက်မှောင်ကြုတ်ပြီး

“နွားကျောင်းသားမှော်ဆိုတာ ကြားဖူးတာတော့ကြာပြီ၊ အခုမင်းပြောတာ နားထောင်တော့မှ လူနဲ့နွားကိုတစ်သားတည်းကျအောင် လုပ်ထားသလိုမျိုးပါလား၊ အေးလေ၊ သတ္တဝါတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ကောင်နဲ့တစ်ကောင်မေတ္တာဖြစ်တတ်ကြတာပဲ၊ မင်းပြောတာ သဘာဝကျပါတယ်”

ကျုပ်လည်း ပုလွေကလေးကိုကိုင်ပြီးတော့ မှုတ်ကြည့်တယ်ဗျ၊ အရိုးပွပွနဲ့လုပ်ထားပြီးတော့ တခြားပုလွေတွေကို အခင်တပ်မထားတော့ အသံမထွက်ဘူးပေါ့ဗျာ၊ ဦးဘသာက မျက်မှောင်ကြုတ်စဉ်းစားရင်း

“နေအုံး ငသောင်းရ၊ မင်းကျင့်စဉ်အောင်တာနဲ့၊ အိမ်ပေါ်ကဆင်းတာနဲ့ ဘယ်လောက်ကွာသလဲ”

“ဘယ်လောက်မှ မကွာပါဘူးဗျာ၊ ကျင့်စဉ်ကျင့်တော့ နွားခြံထဲဝင်အိပ်ရတာကိုး၊ ကျုပ်မိန်းမက ရှင့်အနားက နောက်ချေးစော်နံတယ်ဆိုပြီး မကပ်ခိုင်းတာအဲဒီကတည်းကပါပဲဗျာ”

“အေး၊ ငါထင်ရင်လွဲခဲတယ် ငသောင်း၊ မင်းအိမ်ကဆင်းလာရတာ အဲဒီကျင့်စဉ်ကြောင့်ပဲကွ”

ငသောင်းအံ့သြသွားတယ်။

“ဘာဖြစ်လို့လဲ ဆရာကြီး”

“မင်းပဲစဉ်းစားကြည့်လေကွာ၊ နွားကိုဘယ်သူက အိမ်ပေါ်မှာတင်ထားမှာလဲကွ၊ မင်းကျင့်စဉ်အောင်ပြီးကတည်းက အိမ်ပေါ်ပြန်တက်လို့မရတော့ဘူး၊ အိမ်ပေါ်မှာနေရင်မပျော်တော့ဘူး၊ နွားတွေနဲ့နေရရင် ပျော်နေမယ်၊ နွားတွေကလည်း မင်းကိုချစ်တယ်၊ မင်းပြောတာနားထောင်တယ်မဟုတ်လား”

“ဟုတ်တယ်၊ ဟုတ်တယ်”

“မင်းတော့မှားပြီငသောင်းရေ၊ အဲဒီကျင့်စဉ်က နွားကျောင်းသားမှော်မှမဟုတ်ဘဲ၊ လူ့ငနွားမှော်ပဲကွ၊ မင်းကိုနွားကျောင်းတယ်ဆိုတာထက် နွားဖြစ်အောင်လုပ်ပေးလိုက်တာ”

“ဗျာ”

ငသောင်းတွေတွေကြီးဖြစ်နေတယ်။

“အခုပဲကြည့်လေကွာ၊ မင်းကိုလူတွေက အရေးတယူမှမရှိတော့တာ၊ မင်းနေရတဲ့နေရာကလည်း နွားခြံထောင့်မှာ၊ နောက်ချေးနံ့တွေမွန်ထူနေတဲ့နေရာ၊ စားတော့လည်း နွားတွေနဲ့ဖက်စားရတယ်၊ တစ်နေ့လုံးလည်း ကွင်းထဲသွားပြီး နွားတွေနဲ့ပဲနေရတယ်မဟုတ်လား၊ သိပ်မကြာခင် မင်းနွားလိုတောင် ကောင်းကောင်းအော်တတ်တော့မယ်ထင်တယ်”

ငသောင်းကမျက်လုံးပြူးပြီး

“ဒါဆို ဆရာကြီးပြောတာမှန်တယ်ထင်တယ်”

“ဘာဖြစ်လို့လဲကွ”

ငသောင်းက ပါးစပ်ကိုမိုးပေါ်ကိုထောင်ပြီးတော့ နွားတစ်ကောင်လိုအော်ပြတယ်ဗျာ၊ ကျုပ်တို့လည်း နွားလိုအော်ကြတာပါပဲ၊ ဒါပေမယ့် ငသောင်းအော်သံကတော့ နွားအစစ်နဲ့ကိုတူသဗျ၊ ငသောင်းကိုသာမမြင်ရရင် နွားတစ်ကောင်အော်နေတယ်လို့ပဲ ထင်ကြရမှာပဲ၊ ကျုပ်ဖြင့်လန့်လိုက်တာ ကြက်သီးတောင်ထတယ်ဗျာ”

ဦးဘသာလည်း တော်တော်လန့်လန့်ပဲဗျ၊

“ငသောင်းရေ၊ မင်းအဆင့်ကတော့ တော်တော်ရောက်နေပြီကွ၊ မှတ်ထား၊ လောကမှာ ကောင်းတဲ့ကျင့်စဉ်ရှိသလို၊ မကောင်းတဲ့ကျင့်စဉ်ရှိတယ်၊ ဘာမှန်းညာမှန်းမသိတဲ့ကျင့်စဉ်တွေလည်းအများကြီးပဲကွ”

ငသောင်းတော်တော်ထိတ်လန့်နေတယ်ဗျ။

“ဒါဆို မကြာခင် ကျုပ်နွားဖြစ်တော့မှာလား”

“ဒါတော့ ငါလည်းမပြောတတ်ဘူး၊ ငါလည်း ဗဟုသုတအနေနဲ့ကြားဖူးထားတာပဲရှိတာကွ”

ငသောင်းက ပုဆိုးကိုချွတ်လိုက်ပြီးတော့

“ဆရာကြီးကန်တော့နော်၊ ကျုပ်ခါးကိုတစ်ချက်ကြည့်ပါဗျာ”

ကျုပ်နဲ့ဦးဘသာလည်း ငသောင်းရဲ့ခါးကိုကြည့်လိုက်တော့ ခါးပတ်ပတ်လည်မှာ နွားသားရေလိုမျိုးအသားတွေမာနေပြီးတော့ နွားမွှေးလိုအမွှေးကြမ်းကြမ်းကြီးတွေ ပတ်လည်ပေါက်နေသဗျ၊ ကျုပ်ဆိုကိုင်ပါကိုင်ကြည့်တာ။ ဦးဘသာက

“မင်းဒီဟာပေါက်တာ ဘယ်လောက်ကြာနေပြီလဲ”

“ကျင့်စဉ်ပြီးတော့ ခြောက်လလောက်ကြာတဲ့အခါမှာ ကျပ်ပြားဝိုင်းလောက် အဝိုင်းကလေးစပြီးပေါက်လာတာပဲဗျာ၊ ကျုပ်လည်း ဒီအတိုင်းထားလိုက်တာ အဲဒီအဝိုင်းကလေးကနေ တဖြည်းဖြည်းပျံ့နှံ့လာပြီးတော့ အခုလိုဖြစ်သွားတာပဲ၊ ကျုပ်ဆိုရှက်လွန်းလို့ ဘယ်သူ့ကိုမှမပြဘူး၊ အခုဆရာကြီးတို့နဲ့ စကားစပ်မိတော့မှ နွားကျင့်စဉ်ဆိုတာ သိလိုက်ရတယ်ဗျာ၊ ဆရာကြီး၊ ကျုပ်ကိုကယ်လို့ရတဲ့နည်းလမ်း မရှိတော့ဘူးလားဗျာ”

ဦးဘသာလည်း တော်တော်စဉ်းစားနေတယ်ဗျ၊ ပြီးတော့မှခေါင်းညိတ်ပြီး

“မင်းကံကောင်းတယ်လို့ ပြောရမှာပေါ့ကွာ၊ ကဲခေါင်းငုံ့ထား မင်းလည်ပင်းကိုဖော်ထားလိုက်”

ငသောင်းက ဦးဘသာခိုင်းတဲ့အတိုင်းလုပ်တယ်၊ ဦးဘသာက ငသောင်းကုပ်ကိုလက်ဝါးနဲ့အုပ်ပြီးတော့ ပွစိပွစိရွတ်တယ်ဗျ၊ ပြီးတော့ သူ့လက်ဝါးကိုလှန်လိုက်တော့ လက်ထဲမှာစာလုံးလေးတွေပေါ်လာတယ်ဗျာ၊ ကျုပ်လည်း တစ်လုံးချင်းစီရေပြီးဖတ်ကြည့်တာပေါ့။ အက္ခရာတွေက မြန်မာအက္ခရာနဲ့မတူဘူးဗျ၊ ရှည်မြောမြောနဲ့၊ ဦးဘသာက အက္ခရာတစ်လုံးစီကိုလက်ညှိုးထိုးပြီး သေချာဖတ်ပြတယ်။

“ဂေါဝသဘဆိုပါလား”

“အဲဒါဘာလဲဦးဘသာ”

“ဂေါဝသဘဆိုတာ နွားကိုပြောတာ၊ နွားလားကိုပြောတာ၊ ဒီတော့သေချာတယ်၊ ရသေ့ကြီးက ဒီအတတ်ပညာရဲ့အတိမ်အနက်ကိုမသိခဲ့တာကြောင့် မင်းကိုလုပ်ပေးခဲ့မိတာဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် အတတ်ပညာရဲ့အတိမ်အနက်ကို သိပေမယ့် မင်းကိုစမ်းသပ်တဲ့အနေနဲ့လုပ်ခဲ့တာများလားလို့ ယူဆလို့ရတယ်”

ဦးဘသာက လက်ဝါးနှစ်ဖက်ထပ်ပြီးပွတ်ချေလိုက်တော့ လက်ထဲကစာတွေပျောက်သွားတယ်၊

“ငသောင်း၊ မင်းခါးကအနာကိုတော့ မုန်ညင်းဆီသာညတိုင်းလူးပေး၊ သူ့အလိုလိုဖေးပြီးအချပ်လိုက် ကွာကျသွားလိမ့်မယ်ကွ”

“ကျေးဇူး၊ ကျေးဇူးတင်ပါတယ်ဆရာကြီးရယ်၊ ဆရာကြီးပြောမှ ကျုပ်တွေးမိတာတစ်ခုရှိတယ်”

“ဘာတွေးမိတာလဲ”

“ကျုပ်တို့ငယ်ငယ်တုန်းက လူကနေနွားဖြစ်သွားတဲ့အကြောင်း ဇာတ်လမ်းတစ်ခုရှိတယ်ဗျ၊ အဲဒါနဲ့များ၊ အခုဒီကိစ္စနဲ့ဆိုင်နေမလား”

ဦးဘသာက မေးစေ့ကိုပွတ်နေရင်း စဉ်းစားနေတယ်။

“ဘယ်လိုဖြစ်သွားတာလဲ၊ ပြောစမ်းကွာ”

(၃)

ကျုပ်တော့ စိတ်ဝင်စားပြီးရင်း ဝင်စားရင်းပေါ့ဗျာ၊ ငသောင်းက ဟိုဟိုဒီဒီအရိပ်အခြည်ကိုကြည့်လိုက်ပြီးတော့ ကျုပ်တို့ကိုလက်ကုပ်ရင်း

“လာလာ၊ ဆရာကြီး၊ ဆရာကြီးကို ပြစရာတစ်ခုရှိတယ်”

“ဘာတုန်းကွ”

“ကျုပ်နောက်ကိုအသာကလေးလိုက်ခဲ့စမ်းပါ”

ငသောင်းက လေးဖက်မထောက်ရုံတမယ် ငုံ့လိုက်ပြီးတော့ ဘဲသွားသွားတယ်ဗျ၊ ပြီးတော့ နွားတွေနဲ့အကာအကွယ်ယူပြီးတော့ နွားခြံထဲကိုဖြတ်ပါရော၊ ကျုပ်တို့လည်း သူ့အနောက်ကနေအသာလိုက်ခဲ့ရတာပေါ့ဗျာ၊ ဘဲသွားသွားတယ်ဆိုတာ သိပ်ညောင်းတာဗျ။

“ဟေ့ကိုသောင်း၊ ဘာဖြစ်လို့ ခိုးကြောင်ခိုးဝှက်လုပ်နေတာလဲ”

“ဟောဟိုမှာလူတွေထိုင်နေတယ်ဗျ၊ ဆန်နီက နွားခြံထဲကိုလူစိမ်းဝင်တာမကြိုက်ဘူး၊ ဒါကြောင့်သူတို့မမြင်အောင်သွားရတာ၊ လာခဲ့စမ်းပါ”

ကျုပ်တို့သွားရင်း နွားခြံကြီးကိုဖြတ်ပြီးတော့ ဝါးကပ်တွေနဲ့ကာထားတဲ့ခြံစည်းရိုးတစ်ခုကိုရောက်တာပေါ့ဗျာ၊ ငသောင်းက ခြံစည်းရိုးဝါးကပ်တစ်ခုကိုအသာလှပ်လိုက်ပြီးတော့ အထဲကိုဝင်လိုက်တယ်၊ အထဲမှာတော့ အိမ်ကြီးတစ်လုံးရှိတယ်ဗျ၊ အိမ်ကြီးရဲ့အနောက်နားမှာအုတ်နဲ့သေသေချာချာဆောက်ထားတဲ့ အဆောင်တစ်ခုကိုတွေ့ရတယ်၊ မသိရင် နတ်ကွန်းလိုလို၊ မြင်းစောင်းလိုလို ပုံစံမျိုးပဲဗျ၊ အနားကိုရောက်တော့မှ ငသောင်းက အခြေအနေကြည့်ပြီးတော့ အဆောင်ထဲကိုလှမ်းဝင်လိုက်တယ်၊ ကျုပ်တို့လိုက်ဝင်ခဲ့တော့ အဆောင်ထဲမှာ ကြီးလိုက်တဲ့နွားကြီးဗျာ။

“ဟာ၊ နည်းတဲ့အကောင်ကြီးမဟုတ်ဘူးဗျို့”

“တိုးတိုးလုပ်စမ်းပါ၊ ဒီနေရာမှာ ကျုပ်တို့ရှိနေတာကို ဆန်နီသိသွားရင် ကျုပ်တို့ကိုတောင်သတ်မလားပဲ”

ဦးဘသာက နွားကြီးကိုသေချာကြည့်ပြီး

“နွားလားဥဿဘဆိုတာ ဒါကိုပြောတာနေမှာဟေ့၊ ငါဖြင့်ငယ်ငယ်က မြိုင်သာက ဟိန္ဓူဘုရားပွဲလှည့်တော့ တစ်ခါမြင်ဖူးတယ်၊ အခုတစ်ခါမြင်ဖူးတာပဲ”

နွားကြီးက သာမန်နွားတွေထက်သုံးလေးဆလောက်ကြီးတယ်ဗျ၊ တစ်ကိုယ်လုံးဖွေးဖွေးဆွတ်ပြီးဖြူနေတာပဲဗျ၊ နို့အရောင်လိုပဲ၊ ကျောကုန်းမှာလည်း နွားလဘို့ကြီးက မနည်းမနောကြီးဗျ၊ နွားကြီးမြင့်လွန်းလို့ ကျုပ်တို့တောင်မော့ကြည့်ရတယ်။ ကျုပ်ကနွားကြီးကိုကြည့်ရင်း

“နေပါအုံး၊ ခင်ဗျားပြောတော့ နွားဖြစ်သွားတဲ့လူဆိုဗျ”

“အေးလေ၊ အဲဒါ အခုခင်ဗျားတို့မြင်နေရတဲ့သူပဲဗျ”

“ဘယ်လို၊ ဒီနွားလားဥဿဘကြီးက လူကနေဖြစ်သွားတာလား”

“ယုံတမ်းစကားလိုလို၊ ပုံပြင်လိုလိုပေါ့ဗျာ၊ ကျုပ်လည်းအစကမယုံဘူး၊ ဆရာကြီးပြောတော့ လူကနေနွားဖြစ်အောင်လုပ်လို့ရတဲ့အစီအရင်ရှိတယ်ကြားတော့မှ ယုံသွားတာပဲဗျ၊ ဆရာကြီး ကြည့်ကြည့်စမ်းပါ၊ ဒီနွားကြီးက တကယ့်နွားအစစ်လား၊ လူလားဆိုတာ”

“အဲဒီလိုတော့ ကြည့်မရဘူးကွ၊ ဒါပေမယ့် တစ်ခုခုတော့မူမမှန်တာသေချာတယ်”

“အစစ်ပေါ့ဗျာ၊ ဒီနွားကြီးက လပြည့်လကွယ်လိုညတွေဆိုရင် ငိုတယ်တဲ့ဗျာ၊ ငိုတာမှလူလိုငိုတာ၊ ကျုပ်လည်းအစကမယုံဘူူး၊ ဒီခြံထဲရောက်ပြီးတော့မှ အသံကြားလို့လိုက်ကြည့်ရင်း ဒီကိုရောက်လာတာ”

“ခင်ဗျားသူငိုတာ တကယ်တွေ့ဖူးလား”

“တွေ့တာပေါ့ဗျာ၊ နွားတော့နွားပဲဗျ၊ ဒါပေမယ့် အသံကတော့ ကုလားအသံပဲဗျို့၊ ကုလားလိုပြောပြောပြီးတော့ ငိုနေတာ၊ ကျုပ်ချောင်းကြည့်ပေမယ့် ဒီနားမှာ နွားကြီးကလွဲလို့ လူမှမတွေ့တာ၊ အဲဒါဆန်နီတို့အိမ်ပေါ်ကဆင်းလာပြီး တုတ်တွေနဲ့ရိုက်နှက်တော့မှ နွားကြီးအငိုရပ်သဗျ”

ကျုပ်လည်း ဦးဘသာဘက်ကိုလှည့်ကြည့်ပြီးတော့

“ဦးဘသာရော ဘယ်လိုထင်သလဲဗျ”

“ငါလည်းအစကမထင်ဘူးကွ၊ ဒါပေမယ့် ငသောင်းပြောတာဆက်စပ်တွေးတောကြည့်ရင်းမှ ခေါင်းထဲရေးရေးပေါ်လာတယ်”

“ဘယ်လိုပေါ်လာတာလဲဗျာ”

“ကုလားနဲ့နွားနဲ့သွားဆက်လို့ပါကွာ၊ ဒီလိုကွ၊ မြိုင်သာက ကုလားမကြီးမာယာရဲ့အမေက ကုလားစုန်းမကြီးကွ၊ သူနဲ့ငါ့အမေက သိပ်ခင်တာပေါ့၊ သူ့ပြောပြချက်အရ ဟိုးရှေးခေတ်ကတည်းက အိန္ဒိယမှာ လူကိုနွားလိုဖန်ဆင်းနိုင်တဲ့အတတ်ရှိတယ်တဲ့၊ အိန္ဒိယတွေက လူသေရင်နွားဖြစ်တယ်လို့လဲယုံကြည်တယ်၊ နွားဆိုတာ နတ်ဘုရားတွေရဲ့အစေအပါးဆိုပြီး တန်ဖိုးထားဆက်ဆံကြတယ်”

“ကျုပ်သိပါတယ်ဗျာ၊ လိုရင်းပြောပါဗျ၊ ဦးဘသာရ”

“မာယာရဲ့အမေအပြောအရ မဏိပူရတို့၊ နာဂလန်းတို့လို ပြည်နယ်တွေမှာ လူကနေနွားအဖြစ်ပြောင်းတဲ့ အောက်လမ်းအတတ်တစ်မျိုးထွန်းကားတယ်လို့ပြောတာကြားဖူးတယ်၊ ဒါကိုစပ်ဆက်တွေးကြည့်ရင် တကယ်လို့သာ အဲဒီအတတ်တကယ်ရှိတယ်ဆိုရင် ဒီနွားကြီးက လူကနေဖြစ်သွားတယ်ဆိုတာ ယုံကြည်စရာကောင်းတယ်၊ ငသောင်းတောင်မှ နွားဖြစ်တော့မှာ မင်းအတွေ့ပဲမဟုတ်လား”

“ဒါဆို အောက်လမ်းပညာ၊ စုန်းပညာတွေက အဲဒီလိုပြောင်းလဲနိုင်သလား”

“စုန်းအတတ်ထဲမှာ နာနာရုပ်အတတ်ဆိုတာ ခက်ခဲမြင့်မားတဲ့အတတ်တစ်ခုပဲ၊ နာနာရုပ်အတတ် တတ်မြောက်သွားရင် လူကနေ တိရစ္ဆာန်တောင်မဟုတ်ဘူး၊ သက်မဲ့အရာတွေဖြစ်တဲ့ ကျောက်တုံးတို့၊ သစ်သီးတို့အဖြစ်တောင်ပြောင်းလဲနိုင်သကွ၊ အောက်လမ်းအစီအရင်မှာလည်း ဒါမျိုးမရှိဘူးလို့ ဘယ်ပြောလို့ရမှာလဲ၊ မာယာရဲ့အမေပြောခဲ့တဲ့အထဲမှာ လူ့ငနွားမှော်ဆိုတာမျိုးတစ်ခါကြားဖူးတယ်၊ အဲဒါကိုပြန်ကောက်ရင် ဒီနွားကြီးနဲ့ အဲဒီအစီအရင်နဲ့က သက်ဆိုင်မှုတစ်ခု ရှိမှာသေချာတယ်”

“ဒါဆိုကျုပ်တို့ဘယ်လိုလုပ်ကြမလဲ”

ဦးဘသာက ခေါင်းခါတယ်၊ ပြီးတော့ ငသောင်းကိုကြည့်ပြီး

“ငသောင်း၊ မင်းကြားခဲ့တဲ့ ပုံပြင်ကို ပြန်ပြောပြဖို့လိုနေပြီကွ”

ငသောင်းက ခေါင်းညိတ်ရင်း

“ဒီလိုဗျ၊ ဆန်နီရဲ့အဖေကြီးက ဦးဘာဘာလို့ခေါ်တယ်၊ သူတို့အချင်းချင်းတော့ ကုလားနာမည်ရှိမယ်ထင်တယ်၊ တစ်ရွာလုံးကတော့ ဦးဘာဘာလို့ခေါ်ကြတာ၊ ဗိုက်ပူပူ၊ ၀၀တုတ်တုတ်နဲ့ မှုတ်ဆိတ်မွှေးကောက်ကောက်၊ ဆံပင်ကောက်ကောက်နဲ့ ကုလားကြီးပေါ့ဗျာ၊ ဦးဘာဘာက သဘောတော့သိပ်ကောင်းတယ်ဗျ၊ ကျုပ်တို့ငယ်ငယ်က ဦးဘာဘာအိမ်သွားရင် ကုလားမုန့်အချိုတွေစားလိုက်ရတာမှ စုံလို့ဗျ”

“ခင်ဗျားကလည်း ငတ်ကြီးကျတဲ့အကြောင်းရောက်သွားပြန်ပြီ”

“အဲဒီဦးဘာဘာက နွားခြံပိုင်ရှင်ဗျ၊ နို့စားနွားတွေရော၊ အသားတိုးနွား၊ ခိုင်းနွား အစုံမွေးတာ၊ ဒီခြံကြီးက ဆန်နီက သူ့အဖေဆီကနေ အမွေရခဲ့တာပေါ့၊ ပြီးတော့ နို့ကထွက်တဲ့ ဒိန်ချဉ်တို့၊ ထောပတ်၊ မလိုင်၊ နို့ဓမ်း အကုန်လုပ်ပြီးရောင်းသေးတယ်ဗျာ၊ ဒါပေမယ့် အဲဒီဦးဘာဘာကြီး သေခါနီးကျတော့ နွားလိုအော်တယ်ဆိုပဲဗျ၊ အိမ်နီးနားချင်းတွေက ပြန်ပြောကြတာ”

“နွားလိုအော်တာနဲ့ နွားဖြစ်ရောလား”

“မဟုတ်သေးဘူး၊ ဦးဘာဘာကြီးကို ဆေးကုမပေးဘူးတဲ့ဗျ၊ ဦးဘာဘာက နေ့နေ့ညညနွားလိုအော်ရင်း တစ်နေ့ကျတော့ ပျောက်သွားတယ်”

“သေသွားတာများလား”

“သေသွားတယ်ဆိုရင်လည်း အသုဘအခမ်းအနားတော့လုပ်မှာပဲ၊ အခုက အဲဒီလိုမဟုတ်ဘဲ ဦးဘာဘာတစ်ယောက် ဘာဖြစ်သွားမှန်းမသိဘူးဗျ၊ ဆန်နီကပြောတာတော့ မြိုင်သာကိုတက်သွားတယ်လို့ပြောတာ၊ ခင်ဗျားတို့စဉ်းစားကြည့်ဗျာ၊ အိပ်ရာထဲလဲနေတဲ့လူတစ်ယောက်က မြိုင်သာကို ဘာနဲ့သွားမလဲဗျ၊ လှည်းတွေဘာတွေနဲ့ထွက်တယ်ထားအုံး ရွာကလူခံတွေမြင်မှာပေါ့၊ အခုက ပျောက်ချင်းမလှကိုပျောက်သွားတာ”

“အဲဒီတုန်းက ဆန်နီရဲ့တူမတစ်ဝမ်းကွဲလေး အိမ်မှာရှိသေးတယ်၊ အဲဒီကလေးမက ရေခပ်ဆင်းရင်းပြောတာတော့ ဦးဘာဘာမသေခင် သူ့ခြေထောက်တွေက နွားခြေထောက်တွေဖြစ်သွားတယ်ဆိုပဲဗျ၊ အဲဒီသတင်းရွာထဲမှာ ဟိုးလေးတကြော်ဖြစ်သွားပြီးကတည်းက အဲဒီကလေးမလည်း ပျောက်သွားတာပဲ၊ ရွာပြန်ပို့လိုက်တာဖြစ်မှာပေါ့ဗျာ၊ ဦးဘာဘာပျောက်သွားပြီး မကြာပါဘူး၊ ဆန်နီတစ်ယောက် နွားလားဥဿဘရတယ်ဆိုပြီး သတင်းထွက်လာပါရောဗျာ၊ ကဲ မတိုက်ဆိုင်ဘူးလား၊ တစ်ရွာလုံးကတော့ ဦးဘာဘာက နွားတွေချစ်လွန်းလို့ နွားအဖြစ်ဝင်စားသွားတယ်လို့ ပြောကြတာပဲ”

ဦးဘသာက သူစဉ်းစားရင် မေးစေ့ပွတ်တယ်တယ်မဟုတ်လား၊ အခုလည်း မေးစေ့က မုတ်ဆိတ်မွှေးအတိုအစတွေကို လက်နဲ့ပွတ်နေလေရဲ့။

“ဆရာကြီး၊ ဘယ်လိုမြင်လဲ”

“ငါလည်းမတွေးတတ်တော့ပါဘူးကွာ၊ ငသောင်းရေ၊ ဒီကိစ္စက ငါတို့နဲ့မဆိုင်ဘူးကွ၊ ငါတို့ပြန်မယ်၊ ငါတို့လာတာ နွားဝယ်ဖို့လာတာ”

ကျုပ်တို့လည်း အဲဒီအဆောက်အအုံထဲက ထွက်ခဲ့ရော နွားကြီးက နှာတွေမှုတ်ပြီးတော့ ကျုပ်တို့ကိုကြည့်လို့ဗျ၊ ငသောင်းလှပ်ထားတဲ့ ဝါးကပ်ခြံစည်းရိုးကနေ ကုန်းပြီးအပြင်ကိုထွက်လိုက်တော့ အပြင်မှာ လူတစ်ယောက်ကိုတွေ့လိုက်ရပါရောဗျာ၊

“သြော်၊ ဧည့်သည်တွေရောက်နေတာကိုး”

အဲဒီလူက ခပ်ပုပု၊ ခပ်ဖိုင့်ဖိုင့်ပဲဗျ၊ ဆံပင်တွေက လိမ်ကောက်ပြီးတော့ အလုံးကလေးတွေလိုဖြစ်နေတယ်၊ ဝတ်ထားစားထားတာကတော့ အကောင်းစားအဝတ်အစားတွေပဲ၊ ရေမွေးနံ့ကလည်း ကြိုင်လို့ဗျာ။

“ခင်ဗျားကဘယ်သူလဲ”

ကျုပ်မေးတော့ ဒီလူကပြုံးဖြီးဖြီးနဲ့ဗျ၊ ငသောင်းကထွက်လာတော့ အဲဒီလူကိုကြည့်ပြီး ထိတ်လန့်သွားတယ်။

“ကို၊ ကိုဆန်နီ”

“ဟား၊ ဟား ငသောင်းရေ၊ မင်းကတို့ခြံထဲနေပြီးတော့ သူခိုးလမ်းပြလုပ်တယ်ပေါ့ဟုတ်သလား”

ဦးဘသာက ထွက်လာပြီးတော့

“စိတ်မဆိုးပါနဲ့ကွာ၊ ငါတို့က နွားလားဥဿဘကို မမြင်ဖူးလို့ဝင်ကြည့်ရုံတင်ပါ”

“ကျုပ်နွားက ခင်ဗျားတို့ကြည့်ချင်တိုင်းဝင်ကြည့်လို့ရအောင် ပြထားတာမဟုတ်ဘူးဗျ”

ဦးဘသာက ရယ်ကျဲကျဲနဲ့

“အေးပါကွာ၊ မင်းမကြိုက်ဘူးဆိုရင်လည်း ငါတို့ပြန်ပါ့မယ်”

ဦးဘသာက ဆန်နီကိုကျော်ပြီးထွက်လိုက်တော့ ဆန်နီက ဦးဘသာကိုလက်နဲ့လှမ်းတားလိုက်တယ်။

“ခင်ဗျားတို့ကို ဘယ်သူကပြန်ခိုင်းနေလို့လဲ၊ ခင်ဗျားတို့ဒီကနေ ဘယ်မှမသွားရဘူး”

ဆန်နီက ကျုပ်ကိုလက်ညှိုးထိုးလိုက်ပြီးတော့

“မင်းထိုင်နေလိုက်စမ်း”

ကျုပ်လည်း ဘယ်လိုဖြစ်သွားသလဲမသိဘူးဗျာ၊ ဆန်နီစကားကိုကြားတော့ ကြောက်သလိုလိုရွံ့သလိုလိုဖြစ်သွားပြီးတော့ မြေကြီးမှာဆောင့်ကြောင့်ထိုင်ချလိုက်တာပါပဲ၊ လက်ကိုလည်းပိုက်လို့ဗျ၊ နောက်တော့ ဆန်နီက ငသောင်းကိုအဲဒီအတိုင်းပြောတော့ ငသောင်းလည်းကျုပ်ဘေးမှာထိုင်ချလိုက်တယ်။ ဆန်နီအရှေ့မှာ ကျုပ်တို့နှစ်ယောက် ငုတ်တုတ်ကလေးတွေပေါ့ဗျာ၊ ဦးဆန်နီက ဦးဘသာကိုလက်ညှိုးထိုးပြီး

“ခင်ဗျားလဲထိုင်နေစမ်း”

ဦးဘသာက ဘာမှမဖြစ်ဘူးဗျ၊ ပုခုံးတွန့်ပြပြီးတော့ အရှေ့ကိုဆက်လျှောက်သွားတယ်၊ ဆန်နီက သူ့ကိုယ်သူမယုံသင်္ကာနဲ့

“ခင်ဗျားကိုထိုင်လို့ပြောနေတယ်နော်”

ဦးဘသာက ခြေဆယ်လှမ်းလောက်ရောက်သွားပြီဗျ၊ အနောက်ကိုပြန်လှည့်မကြည့်ဘဲ

“ဟေ့ဆန်နီ၊ မင်းသူများတွေကိုသာ စေခိုင်းပြီးတော့ နွားလုပ်ခိုင်းလို့ရချင်ရမယ်၊ ငါ့ကိုတော့မရဘူးကွ”

ဆန်နီတစ်ယောက် ဒေါသချောင်းချောင်းထွက်သွားတယ်ဗျာ။

“သြော်၊ခင်ဗျားကြီးက ကျုပ်နွားလုပ်တာတွေကိုလည်း အကုန်သိနေတယ်ပေါ့”

ဆန်နီက ဦးဘသာအနောက်ကိုလှစ်ခနဲရောက်သွားပြီးတော့ ဦးဘသာလည်ကုပ်ကိုလက်ဝါးကြီးနဲ့ပုတ်ချလိုက်တာဗျာ၊ မြန်လိုက်တာမှပြောမနေပါနဲ့၊ ဦးဘသာကလည်း ညာဖက်လက်ကိုနောက်ပြန်လုပ်ပြီး ဆန်နီရဲ့လက်ကိုပြန်ပုတ်ချလိုက်တော့ ဖုန်းခနဲအသံကြီးနဲ့အတူ ဆန်နီတစ်ယောက် အနောက်ကိုခြေသုံးလေးလှမ်းလောက် ဆုတ်သွားတာပေါ့ဗျာ။ ပြီးတော့ ရယ်ကျဲကျဲနဲ့

“သြော်၊ ဟော်၊ အဘိုးကြီးက ပညာသည်ကိုး၊ ဟောဒီက ဆန်နီဆိုတဲ့ကောင်ကလည်း နှယ်နှယ်ရရမဟုတ်ဘူးနော်ဗျ၊ စုန်းမကြောက်လို့ စုန်းရွာမှာနေတဲ့ကောင်”

ဒီတော့မှ ဦးဘသာက ဒီဖက်ကိုလှည့်လိုက်ပြီး

“ဟေ့ဆန်နီ၊ ကြည့်ရတာ မင်းလည်းငါ့ကို နွားလုပ်စေချင်ပုံရတယ်၊ ဟိုငသောင်းကို လုပ်သလိုမျိုးပေါ့၊ ဟုတ်တယ်မဟုတ်လား”

ဆန်နီက ဒေါသထွက်ပြီး

“ဟုတ်တယ်၊ ဟုတ်တယ်၊ ကျုပ်ခြံထဲကိုရောက်တဲ့လူမှန်သမျှ လူအဖြစ်နဲ့ပြန်ထွက်စရာအကြောင်းမရှိဘူး”

ဆန်နီက သူ့လက်မှာဝတ်ထားတဲ့လက်စွပ်ကိုမန်းမှုတ်ပြီးတော့ ဦးဘသာကိုလက်စွပ်နဲ့ချိန်လိုက်တာပဲဗျာ၊ လက်စွပ်ထိပ်မှာ လိမ္မော်ရောင်၊ အနီရောင်လို အရောင်တွေတလက်လက်နဲ့ထွက်လာပါရော၊ ဦးဘသာကတော့ အေးအေးဆေးဆေးပဲ လက်ပိုက်ပြီးရပ်နေတယ်၊

“ဟေ့၊ ဆန်နီ မင်းလုပ်လို့ပြီးပြီလားကွ”

ဆန်နီက နောက်ထပ်ထပ်ပြီး လက်စွပ်ကိုမန်းမှုတ်တယ်ဗျ၊ ဒီတစ်ခါတော့ လက်စွပ်ထဲကနေ ရှူးခနဲမြည်သံကြီးနဲ့ မီးခိုးငွေ့တွေလိုလို၊ မီးခိုးတန်းကြီးလိုလိုထွက်သွားပါရောဗျာ၊ ဦးဘသာက ဘာမှမကိုမဖြစ်တာ။

“ဆန်နီရေ ပြီးပလားဟ”

ဆန်နီတစ်ယောက် တော်တော်ထိတ်လန့်နေတာဗျ၊ လက်တွေတောင်တုန်ယင်နေတယ်၊ နောက်တော့ သူဝတ်ထားတဲ့ပုဆိုးကိုချွတ်ပြီးတော့ ခေါင်းမြီးခြုံချလိုက်တယ်၊ ပြီးတာနဲ့ လှစ်ခနဲပြေးတော့တာပဲဗျာ၊ ဒါပေမယ့် ရယ်စရာတော့ကောင်းသားဗျ၊ သူ့ပုဆိုးစတစ်စက မြေကြီးမှာကပ်နေပြီးတော့ သူပြေးပေမယ့် အရှေ့မရောက်ဘဲ ပုဆိုးနဲ့တွယ်နေတာ၊ မသိရင်ကာတွန်းကားထဲကပြေးသလိုပဲဗျာ၊ ပြေးသာပြေးနေတယ် အရှေ့မရောက်ဘူးဗျို့။

“ဆန်နီရေ မင်းကတော့ မနိုင်ရင်ပြေးတာပဲကွ၊ ဟေ့ကောင်၊ ဒီဘက်လှည့်”

ဦးဘသာပြောတော့ ဆန်နီက ဦးဘသာဘက်ကိုလှည့်ကြည့်လိုက်ပါရော၊ ပုဆိုးက ကွင်းလုံးကျွတ်ကြီးဖြစ်သွားတော့ ဆန်နီကအောက်မှာ အတွင်းခံဘောင်းဘီလေးပဲပါတော့သဗျ၊ ဦးဘသာက သူစီးထားတဲ့ကတ္တီပါဖိနပ်ရဲ့ ညာဘက်ဖိနပ်ကိုချွတ်လိုက်ပြီးတော့ အရှေ့ကိုအသာလေးထုတ်လိုက်တယ်၊ ပြီးတော့ ဖိနပ်ရဲ့ဖနောင့်နေရာကို ခြေဖျားနဲ့နင်းထည့်လိုက်တော့ ဖိနပ်က ဦးမော့ပြီးလေပေါ်ထောင်တက်လာတာပါပဲ။

“ဆန်နီ၊ မင်းလိုကောင်ကိုတော့ ငါမလုပ်တော့ဘူး၊ ငါ့ဖိနပ်ကိုပဲလွှတ်လိုက်မယ်ဟဲ့”

ပြောရင်းဆိုရင်း ကတ္တီပါဖိနပ်က မိုးပေါ်ထောင်တက်ပြီး ဆန်နီဆီကိုပြေးသွားတာပဲဗျာ၊ ဖိနပ်က မိုးပေါ်မှာ ဘယ်ပျံညာပြန်လုပ်နေပြီးတော့ ဆန်နီရဲ့ပါးကို တဖြန်းဖြန်းနဲ့ရိုက်တာဗျာ၊ ဘယ်ဘက်ကနေရိုက်ထည့်လိုက်၊ ဖြန်းခနဲအသံမြည်ပြီးတော့ ဆန်နီက ညာဘက်ကိုခေါင်းကို လည်သွားလိုက်၊ ဖိနပ်က ညာဘက်ကိုပျံဝင်သွားပြီး ဆန်နီရဲ့ညာဘက်ပါးကိုရိုက်ထည့်လိုက်နဲ့ ရိုက်တာပေါ့ဗျာ၊ ဆန်နီခမျာနောက်ဆုတ်နောက်ဆုတ်နဲ့ ဖိနပ်က ပါးကိုချည်းရိုက်တာဗျ၊ နောက်ဆုံးကျတော့ ဖိနပ်က ဆန်နီရဲ့ငယ်ထိပ်ကို ဖြန်းခနဲရိုက်ပြီးတော့ ဦးဘသာဆီပျံထွက်သွားပြီး ညာဘက်ခြေထောက်အရှေ့မှာ အသာကလေးလျောခနဲကျတယ်ဗျာ၊ ဦးဘသာက ဖိနပ်ကိုအသာပြန်စီးလိုက်တယ်၊ ဆန်နီတစ်ယောက် မျက်နှာကြီးယောင်ကိုင်းပြီး လေးဖက်ထောက်လဲကျနေပါရောဗျာ။

“တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်ဆရာကြီးရယ်၊ ကျုပ်ကိုမသတ်ပါနဲ့”

“မင့်ကိုငါမသတ်ပါဘူးကွ၊ ပြောစမ်း၊ မင်း အဖေကိုမင်းဘယ်လိုလုပ်ခဲ့တာလဲ”

ဆန်နီက ပြောဖို့နှုတ်ဆိတ်နေတယ်ဗျ၊

“ပြောလေကွ၊ ဆန်နီရ”

“ဟုတ်၊ ဟုတ်ကဲ့ ကျုပ်အဖေကိုကျုပ် နွားအဖြစ်ပြောင်းခဲ့မိပါတယ်”

ကျုပ်နဲ့ငသောင်းနဲ့ဆို အံ့သြလိုက်တာမှပြောမနေပါနဲ့ဗျာ၊ ဦးဘသာကတော့

“အင်း၊ ငါထင်သားပဲ၊ မင်းဘာဖြစ်လို့ ကိုယ့်အဖေကိုယ်နွားပြန်လုပ်ရတာလဲ”

“တကယ်တော့ အဖေက ကျုပ်အဖေအရင်းမဟုတ်ပါဘူး၊ မွေးစားအဖေပါ”

“ဟင်”

“ဟုတ်ပါတယ်၊ သူ့မှာသားအရင်းတစ်ယောက်ရှိပါတယ်၊ သူ့သားက မြိုင်သာမှာအနေများပါတယ်၊ သူသေရင် သူ့အမွေတွေကို သူ့သားကိုပေးမှာစိုးတာနဲ့ ကျုပ်လည်း ကျုပ်တတ်တဲ့ပညာတစ်ခုနဲ့ သူ့သားကိုအရင် နွားအဖြစ်ပြောင်းလိုက်ပါတယ်”

“ခင်ဗျားတော်တော်ရက်စက်တဲ့လူပဲ”

“နွားအဖြစ်ပြောင်းလို့ အောင်မြင်သွားတော့ ဦးဘာဘာကိုပါ နွားအဖြစ်ပြောင်းလိုက်ပါတယ်၊ နွားအဖြစ်ပြောင်းတာ မလွယ်ပါဘူး၊ အချိန်ဆယ့်လေးရက်တိတိကြာပါတယ်”

“မင်းတော်တော်လုပ်ရက်တဲ့လူပဲကွ၊ မွေးစားအဖေဆိုပေမယ့် မင်းကိုငယ်ငယ်ကတည်းက ကျွေးမွေးလာတဲ့ ကျေးဇူးကိုမှမထောက်ကွာ”

“ကျုပ်မှားပါတယ်ဆရာကြီးရယ်၊ ကျုပ်လည်း ကိုယ်နဲ့အဆင်မသင့်တဲ့လူတွေကို နွားအဖြစ်ပြောင်းမိပါတယ်၊ ကျုပ်အရင်ယူထားတဲ့မယားနဲ့ မယားပါသားသမီးနှစ်ယောက်ကိုလည်း ပြောင်းမိပါတယ်”

“ဒါဆို ဟိုကောင်ငသောင်းကိုရော မင်းပဲလုပ်တာမဟုတ်လား”

“ငသောင်းက အားကိုးရတာနဲ့ သူ့ကိုကျုပ်က ရသေ့ယောင်ဆောင်ပြီးတော့ မြှူဆွယ်ခဲ့ပါတယ်၊ ရသေ့ကကျုပ်မှန်း ငသောင်းမသိခဲ့ပါဘူး”

ဦးဘသာက ငသောင်းကိုကြည့်ပြီး

“တွေ့ပြီလားငသောင်း၊ သူကမင်းကို နွားဖြစ်စေချင်နေတာပဲ”

“ဟုတ်ပါတယ်၊ ဒါပေမယ့် ငသောင်းကိုတော့ ခိုင်းစားအုံးမယ်လို့စိတ်ကူးပြီး ချက်ချင်းနွားမပြောင်းပစ်ဘဲနဲ့၊ အစီအရင်ရဲ့အနောက်ဆုံးအပိုင်းကို ချန်လှပ်ထားလိုက်တာပါ”

ဦးဘသာက ခါးထောက်ရင်း

“ဒါဆိုရင် သူ့တစ်ကိုယ်လုံးအမွှေးဖုံးသွားတာနဲ့ ဒီကောင်နွားဖြစ်သွားမယ်မဟုတ်လား”

“ဟုတ်ပါတယ်”

“ဒါဆို အဲဒီနွားဖြစ်တာကို ပြန်ဖြေလို့ရတဲ့နည်းလမ်းရှိသလား”

“နွားမဖြစ်ခင်ပဲဖြေလို့ရပါတယ်၊ နွားဖြစ်သွားရင်တော့ အဲဒီနွားအဖြစ်နဲ့ လူ့သက်တမ်းနေခဲ့သလောက်ဖြတ်သန်းရပါတယ်၊ ဆိုလိုတာက လူ့ဘဝမှာ အသက်ငါးဆယ်နေခဲ့ရရင် နွားအဖြစ်လည်းအနှစ်ငါးဆယ်နေရမှာပါ ဆရာကြီး”

ငသောင်းက ဝုန်းခနဲမတ်တပ်ထရပ်တယ်ဗျ၊ ပြီးတော့ ဆန်နီရဲ့ပုခုံးကိုဆွဲပါရော။

“မင်းကြောင့်ကွ၊ သူတောင်းစားရ၊ မင်းလုပ်လို့ ငါ့မိသားစုနဲ့ငါကွဲခဲ့ရတာ၊ မင်းကြောင့် ငါနွားဖြစ်တော့မလို့ကွ”

ဦးဘသာက လက်ကာပြပြီးတော့

“မလုပ်နဲ့ ငသောင်း၊ စိတ်ကိုထိန်း၊ မင်းထိုးကြိတ်လို့လည်း ဘာမှထူးမသွားဘူး”

ကျုပ်လည်းမတ်တတ်ထရပ်ပြီး

“ဒါဆို ဒီကောင့်ကို ကျုပ်တို့ ဒီအတိုင်းလွှတ်ထားမှာလားဗျာ”

ဦးဘသာက ခေါင်းခါပြီးတော့

“မလွှတ်ပါဘူးကွာ၊ သူလုပ်တဲ့အကျိုးဆက် သူပြန်ခံစားရမှာပါကွ၊ ခုနက ဒီကောင်ငါ့ဇက်ပိုးရိုက်ပြီး နွားလုပ်ခိုင်းတုန်းက ငါကတန်ပြန်ပညာရပ်နဲ့ထည့်လိုက်လို့ အခုဒီကောင့််ပညာ ဒီကောင့်ကိုပြန်စူးနေပြီကွ”

ဆန်နီတော်တော်ကြောက်သွားတယ်၊ ပြီးတော့ သူ့လည်ကုပ်ကိုသူ ပြန်ပြီးစမ်းကြည့်တယ်။

“မ၊ မလုပ်ပါနဲ့ဆရာကြီး၊ ကျုပ်ကိုမလုပ်ပါနဲ့”

ဦးဘသာက ပြုံးရင်း

“မင်းကိုဘာမှမလုပ်ပါဘူးကွ၊ မင်းလုပ်ရပ်မင်းကိုပြန်ထိတာပဲ”

“မလုပ်ပါနဲ့ဆရာကြီးရာ၊ ကျုပ်ကိုပြန်ချေဖျက်ပေးပါ”

“ဒါဆိုရင်တော့ တန်ရာတန်ကြေးပေးရမှာပေါ့ကွ၊ မင်းဆီက နွားနှစ်ရှဉ်းငါလိုချင်တယ်”

ဆန်နီက ခေါင်းညိတ်ရင်း

“ယူပါဆရာကြီး၊ ယူပါ၊ နွားနှစ်ရှဉ်းမကလို့ ငါးရှဉ်းယူမယ်ဆိုရင်လည်း ကျုပ်ပေးပါတယ်”

“ဟ၊ ရက်ရောလှချည်လားဆန်နီရ၊ မင်းကတိနော်၊ နွားငါးရှဉ်းငါ့ကိုတကယ်ပေးမှာလား”

“ပေး၊ ပေးပါ့မယ်”

“ပြီးရော၊ မင်းအစွမ်းလောက်ကတော့ ငါပြန်ဖြုတ်စရာမလိုဘူး၊ ဟေ့အလတ်ကောင်၊ မင်းခုနက ငသောင်းကိုနွားမှော်ပြန်ဖြုတ်ပေးသလိုမျိုး၊ ဒီကောင် ဆန်နီ့ကို ဖြုတ်ပေးလိုက်စမ်းပါကွာ”

ကျုပ်လည်း သိလိုက်ပါပြီဗျာ၊ ဒါနဲ့ ဆန်နီအနားကိုသွားပြီးတော့ ဆန်နီရဲ့ကုပ်ပိုးကို အားကုန်ဆော်ထည့်လိုက်တော့တာပေါ့ဗျာ၊ ကျုပ်က လက်နဲ့ဆော်တာမဟုတ်ဘူးဗျ၊ အနားမှာရှိတဲ့ ထင်းချောင်းကောက်ဆော်လိုက်တာ၊ ကျုပ်အားများသွားတယ်ထင်တယ်၊ ဆန်နီတစ်ယောက်အရှေ့ကိုဟပ်ထိုးလဲကျသွားပြီးတော့ နောက်ချေးပုံထဲမျက်နှာစိုက်ပြီး မေ့လဲသွားတော့တာပဲ၊ ဆန်နီရဲ့ ကတိအတိုင်း နွားငါးရှဉ်းကို ကောင်းတဲ့အကောင်ရွေးပြီးတော့ ဆွဲလာခဲ့တယ်ဗျာ။ ငသောင်းကလည်း ဆန်နီတို့ခြံထဲကနေ ကျုပ်တို့နဲ့အတူတူလိုက်လာခဲ့တော့တာပေါ့။

“ဒါဆိုရင် ဆန်နီသူ့ပညာသူပြန်မိတယ်ဆိုတာ တကယ်မဟုတ်ဘူးပေါ့နော် ဦးဘသာ”

“ဒါပေါ့ကွ၊ ငါက နွားလိုချင်တာနဲ့ ဒီကောင့်ကိုနည်းနည်းလှည့်လိုက်တာ၊ တကယ်တော့ ငါကသူ့ကိုဘာမှမလုပ်ထားပါဘူး”

“ဆန်နီကြောက်နေတဲ့ရုပ်ကိုကြည့်ပြီး ကျုပ်ဖြင့်ရယ်ချင်လိုက်တာဗျာ၊ ဆရာကြီးကိုလည်း ကျေးဇူးတင်ပါတယ်၊ ဆရာကြီးပြောတဲ့အတိုင်း ကျုပ်ဆရာကြီးနဲ့တွေ့တာ ကံကောင်းတာပဲဗျာ”

“အေး၊ ဒါဆိုရင်လည်း မင်းသိထားတာတွေကို ရေငုံနှုတ်ပိတ်သာနေလိုက်ကွာ၊ ဒီအကြောင်းတွေ လူတိုင်းသိလို့ အကျိုးမရှိဘူးမဟုတ်လား”

ငသောင်းက ခေါင်းညိတ်တယ်ဗျ၊ လမ်းခွဲတစ်ခုရောက်တော့ ငသောင်းက သူ့အိမ်ပြန်မယ်ဆိုပြီး လမ်းခွဲသွားလေရဲ့ဗျာ၊ ကျုပ်နဲ့ဦးဘသာ နွားတွေကိုဆွဲလာရင်း ကျုပ်တော့ လက်ထဲက နွားအရိုးပုလွေကလေးကိုကြည့်ပြီး လမ်းဘေးနားက ရေကန်ကြီးထဲကိုပစ်ထည့်လိုက်တာပေါ့ဗျာ။

“သွားပေအုံးတော့၊ ပုလွေလေးရေ”

ဦးဘသာက ကျုပ်ကိုလှည့််ကြည့်ပြီး

“အဲဒီပုလွေကိုဘာဖြစ်လို့ လွင့်ပစ်လိုက်တာလဲကွ”

“ဟာ၊ ဦးဘသာကလည်း ငသောင်းနွားတွေထိမ်းနိုင်တယ်ဆိုတာ အဲဒီပုလွေကြောင့်မှမဟုတ်တာ၊ သူနွားမှော်အောင်ထားလို့မဟုတ်ဘူးလား”

“မင်းကတော့ လုပ်လိုက်ရင်တလွဲချည်းပဲ၊ နွားမှော်အောင်တာနဲ့ နွားတွေထိန်းနိုင်တာနဲ့ ဘာဆိုင်သလဲကွ၊ ကြန်စုံရိုးပုလွေက တကယ်စွမ်းတယ်၊ ငသောင်းက နွားကျောင်းနေလို့ ဆန်နီက ပေးထားတဲ့သဘောပဲ”

“ဗျာ”

ကျုပ်ဆိုရင် အံ့သြသွားပြီး ပါးစပ်ကြီးကိုဟပြီးကျန်နေခဲ့တာပဲ။

“ဦးဘသာ၊ ဦးဘသာပဲ နွားတွေဆွဲပြီး ပြန်နှင့်တော့ဗျာ”

“ဟေ့အလတ်ကောင်၊ မင်းဘယ်သွားမလို့လဲ”

ကျုပ်လည်း ဦးဘသာအမေးကို ပြန်မဖြေတော့ပါဘူးဗျာ၊ အနောက်ကိုပြန်လှည့်ပြေးပြီးတော့ ခုနက အရိုးပုလွေကလေး လွင့်ပစ်ခဲ့တဲ့ရေကန်ထဲကို တစ်ခါထဲ ဒိုင်ဗင်ထိုးပြီး ခုန်ဆင်းလိုက်ပါရော၊ ဘာလုပ်မလို့လဲဆိုတာတော့ ကျုပ်ကိုမမေးနဲ့ဗျ။

ပြီးပါပြီ။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ

Zawgyi Version

“စုန္းထီးႀကီးဦးဘသာႏွင့္ ႏြားသူေဌး ဆန္နီ “(စ/ဆုံး)
———————————————————————–
အတြဲ(၄) စာစဥ္(၁၉)

(၁)

က်ဳပ္တို႔ နိဗၺာန္႐ြာကိုလာတဲ့အေၾကာင္းကေတာ့ ႏြားၾကည့္ဖို႔ကိုးဗ်၊ ဒါနဲ႔ ေနာက္တစ္ေန႔မနက္ပဲ ဦးဘသာနဲ႔အတူတူ႐ြာထဲဆင္းခဲ့ၾကတယ္၊ နိဗၺာန္႐ြာ ေတာင္ပိုင္းမွာ ႏြားေတြေမြးၾကတယ္ဗ်၊ ဆိုင္းေနာက္ထ ငေသာင္းကလည္း သူ႔ဆီကိုလာခဲ့ပါ၊ ႏြားေတြလိုက္ျပမယ္ေျပာတာနဲ႔ ေနာက္ရက္ သူေနတဲ့႐ြာေတာင္ပိုင္းကိုသြားၾကတာေပါ့ဗ်ာ၊ ႐ြာကအႀကီးႀကီးဆိုေတာ့ ဦးလူလွတို႔အိမ္ကေန ငေသာင္းတို႔အိမ္ကိုေရာက္ဖို႔ အေတာ္ကိုေလွ်ာက္ယူရတယ္ဗ်ာ၊ ႐ြာေတာင္ပိုင္းမွာက်ေတာ့ အိမ္ႀကီးအိမ္ေကာင္းက နည္းသဗ်၊ အိမ္ေတာ္ေတာ္မ်ားမ်ားက ေျခတံရွည္ေတြမ်ားတယ္၊ ထရံကာ သက္ငယ္မိုးထားတဲ့အိမ္ေတြခ်ည္းပဲဗ်၊

“ဦးဘသာ လမ္းကတျဖည္းျဖည္းက်ဥ္းသြားၿပီဗ်ေနာ္၊ က်ဳပ္တို႔လာတဲ့ေနရာေရာ မွန္ရဲ႕လား”

“မသိဘူးေလကြာ၊ ငေသာင္းကေတာ့ ဒီဘက္လို႔ေျပာတာပဲကြ၊ တို႔ငယ္ငယ္တုန္းကေတာ့ ႐ြာကဒီေလာက္မႀကီးဘူးေဟ့၊ အခုဒီေနရာေတြက လယ္ကြင္းအစပ္ေတြ၊ ကြင္းျပင္တလင္းႀကီးေတြေပါ့ကြာ”

“အဲဒါလည္းေမးမလို႔ ဦးဘသာရဲ႕၊ ဦးဘသာ ငယ္ငယ္က ဒီကိုေရာက္ဖူးတယ္ဆိုေတာ့ ဘယ္လိုေရာက္ဖူးတာလဲ”

ဦးဘသာက ပါးစပ္ထဲက ကြမ္းဖတ္ေတြကိုလမ္းေဘးတစ္ေနရာကိုေထြးထုတ္လိုက္ၿပီးေတာ့

“ဒီလိုကြ၊ လင္ေပ်ာက္ကုန္းမွာ ငါ့အေမက ပညာေတြၾကမ္းလိုက္ေတာ့ အေရွ႕မယ္ေတာ္ေရာက္လာပါေရာ၊ လူေတြအမ်ားႀကီးသတ္တာ မေကာင္းဘူးဆိုၿပီးေတာ့ ငါ့အေမကို ႐ြာကေနႏွင္လိုက္တယ္ေလကြာ၊ အဲဒါနဲ႔ ႐ြာကထြက္ၿပီးေတာ့ ေဟာဒီနိဗၺာန္႐ြာကိုေရာက္လာၾကတာပဲ၊ အဲဒီတုန္းက နိဗၺာန္႐ြာမွာ ငါ့အေမရဲ႕ အေဒၚရွိတယ္”

“ဦးဘသာအေမ ေဒၚပ်င္းရဲ႕အေဒၚဆိုေတာ့၊ ဘြားမယ္ျဖဴႀကီးရဲ႕ ညီမ၊ မမဲတူေပါ့ ဟုတ္လား”

“ေအး၊ ဘြားမဲတူက ေဟာဒီေတာင္ပိုင္းမွာေနတာေပါ့ကြ”

“က်ဳပ္ေတာ့မ်က္စိလည္ေနၿပီ၊ ဘြားမဲတူက ျမင္သာ႐ြာသူႀကီးနဲ႔ ျငားသြားတာဆိုဗ်၊ ဘယ့္ႏွယ့္ နိဗၺာန္႐ြာေရာက္ေနရသလဲ”

“ေျပာရရင္ေတာ့ ရွည္မယ္ကြ၊ ငါ့ဦးေလး ျမင္သာ႐ြာသူႀကီးက ဘြားမဲတူနဲ႔ညားၿပီး သားသမီးႏွစ္ေယာက္ရတယ္၊ အိမ္ေထာင္သက္ ငါးႏွစ္ေလာက္မွာပဲ ဘြားမဲတူနဲ႔ရန္ျဖစ္ၿပီးေတာ့ ဘြားမဲတူကို အိမ္ကေနေမာင္းခ်လိုက္တာ၊ ဘြားမဲတူလည္း တို႔႐ြာမျပန္ဘဲ နိဗၺာန္႐ြာမွာ ေနလိုက္တာပဲကြာ၊ နိဗၺာန္႐ြာမွာ ဘြားမဲတူက အိမ္ေထာင္ထပ္က်ၿပီး ကေလးေတြဘာေတြေတာင္ရတယ္”

“အံမယ္၊ သူက ႐ုပ္သာဆိုးတာ အလာသားပါလားဗ်”

“တို႔ေခတ္က ေယာက္်ားေတြက မိန္းမမ်ားမ်ားယူတဲ့ေခတ္ကိုးကြ၊ နိဗၺာန္႐ြာသူႀကီးက ဘြားမဲတူေရာက္လာေတာ့ ေကာက္ယူလိုက္တယ္ေပါ့ကြာ၊ ဒါေၾကာင့္ နိဗၺာန္႐ြာမွာ တို႔အမ်ိဳးေတြရွိေသးသကြ၊ ေဝးေတာ့ ေဝးပါတယ္”

“ဒါဆို ဦးဘသာတို႔သားအမိကို အေရွ႕မယ္ေတာ္က ႐ြာကေနႏွင္လိုက္လို႔ ဒီကိုေရာက္လာတာေပါ့ေနာ္”

“ေအးေပါ့၊ ဘြားမဲတူက သူ႔အမ ဘြားမယ္ျဖဴေသတာကိုလည္း ေက်မွမေက်နပ္ဘဲ”

“ဒီေတာ့ ဘာဆက္ျဖစ္ၾကသလဲဗ်”

“ငါ့အေမကိုေျမႇာက္ေပးၿပီးေတာ့ အေရွ႕မယ္ေတာ္ကို ပညာၿပိဳင္ခိုင္းတာေပါ့ကြာ”

“ဗ်ာ၊ ေဒၚပ်င္းက အေရွ႕မယ္ေတာ္ကို ႏိုင္သြားသလား”

“မယ္ေတာ္ေလးပါးဆိုတာ ေတာ္႐ုံလူမဟုတ္ဘူးကြ၊ ငါ့အေမက အေရွ႕မယ္ေတာ္ ကိုမႏိုင္ေပမယ့္ သူ႔ေအာက္က လက္ဝဲ၊ လက္ယာ ကေဝေျမာက္ေတြကိုေတာ့ ႏိုင္ခဲ့သကြ”

က်ဳပ္လည္းေခါင္းညိတ္ၿပီး

“ေၾသာ္၊ ဒါဆို မယ္ေတာ္ကိုမႏိုင္ေတာ့ ဘာျဖစ္ေသးတုန္းဗ်ာ”

“မယ္ေတာ္က ႏွယ္ႏွင္တာေပါ့ကြ၊ ဘြားမဲတူလည္း အဲဒီအေရးမွာ ၾကားဝင္လို႔ ေသသြားရတယ္၊ ငါနဲ႔ငါ့အေမလည္း နိဗၺာန္႐ြာကထြက္ၿပီး ၿမိဳင္သာကိုတက္သြားၾကတာပဲ”

“ဒါေၾကာင့္ကိုး၊ ဒါေၾကာင့္္ ဦးဘသာငယ္ငယ္က ၿမိဳင္သာမွာေနခဲ့တယ္လို႔ေျပာတာကိုး”

“ေအးေလ၊ မမဲတူရဲ႕ သမီးလည္းရွိတယ္၊ ေနာက္ ၿမိဳင္သာ႐ြာသူႀကီးေဟာင္းက ငါ့အဘိုးကိုးကြ၊ ဒီေတာ့ ၿမိဳင္သာမွာေနၾကတာေပါ့၊ ၿမိဳင္သာမွာေနရင္း ငါက အဲဒီကေက်ာင္းမွာေက်ာင္းတက္ခဲ့ရတယ္၊ မင္းမွတ္မိသလားအလတ္ေကာင္၊ ၿမိဳင္သာက ကုလားမႀကီး မာယာတို႔၊ သူ႔ေယာက္်ားမာယာတို႔က ငါနဲ႔အတူေက်ာင္းေနဖက္ေတြေပါ့”

က်ဳပ္လည္းေခါင္းညိတ္လိုက္ေတာ့တယ္၊ အခုမွပဲ ဦးဘသာအေၾကာင္းေတြ ေရေရလည္လည္သိရတယ္ဗ်ိဳ႕။ က်ဳပ္ကဆက္ေမးခ်င္ေပမယ့္ ဦးဘသာက ဝါးကပ္ေတြကာထားတဲ့ၿခံႀကီးတစ္ခုအေရွ႕မွာ ရပ္လိုက္တယ္ဗ်၊ အဲဒီၿခံထဲမွာ ႏြားၿခံႀကီးအႀကီးႀကီးပဲဗ်ာ၊ ၿခံတစ္ခုလုံးလည္း ေနာက္ေခ်းနံ႔ေတြနဲ႔ မြန္ထြန္ေနတာေပါ့၊ ကုလားမေလးတစ္ေယာက္က ေနာက္ေခ်းကိုေကာက္႐ိုးနဲ႔ေရာနယ္ၿပီးေတာ့ အျပားေလးေတြလုပ္ရင္း အနားက သစ္ပင္ေတြရဲ႕ ပင္စည္မွာလိုက္ကပ္ေနတယ္ဗ်၊ ဦးဘသာက ကုလားမေလးကိုလွမ္းေခၚတယ္။

“ေဟ့၊ ကေလးမ၊ ဆိုင္းေနာက္ထ ငေသာင္းရဲ႕ၿခံက ဘယ္ၿခံလဲေဟ့”

ကုလားမေလးက အနားကိုေျပးလာၿပီးေတာ့ ကုလားလိုေျပာတယ္ဗ်၊ ဦးဘသာကလည္း ကုလားမေလးကိုၾကည့္ၿပီး ကုလားလိုျပန္ေျပာတယ္။ ကုလားမေလး စကားေျပာတာက ေခါင္းကေလး လႈပ္တုပ္လႈပ္တုပ္နဲ႔စကားေျပာတာဗ်၊ ဦးဘသာနဲ႔ေလးငါးခြန္းေလာက္ ေျပာဆိုလို႔လည္းၿပီးေရာ ဦးဘသာက က်ဳပ္ဘက္ကိုလွည့္ၿပီး

“ၿခံကေတာ့ ဒီၿခံပဲ၊ ငေသာင္းက အခုမရွိေသးဘူးတဲ့ကြာ၊ ေစာင့္ရမယ္တဲ့”

“ေစာင့္ဆိုလည္း ေစာင့္ေပါ့ဗ်ာ၊ ဒါနဲ႔ ဦးဘသာက ကုလားစကားလည္း တတ္တာပဲလား”

“ဟင္ဒူစကားေတာ့ နည္းနည္းတတ္ပါတယ္ကြ၊ မင္းကလည္း၊ တို႔က ကုလားေတြၾကားထဲႀကီးျပင္းခဲ့ရတာကိုး”

ကုလားမေလးက ၿခံထဲေခၚသြားတာနဲ႔ က်ဳပ္တို႔လည္းအေနာက္ကိုလိုက္သြားတယ္၊ ႏြားၿခံေဘးနားခပ္လွမ္းလွမ္းမွာ တမာပင္ႀကီးေတြရွိတယ္၊ အဲဒီတမာပင္ႀကီးေတြေအာက္မွာ အရိပ္ကေအးေနတာပဲဗ်ာ၊ ေခြးေျခကေလးသုံးလုံးခ်ထားၿပီးေတာ့ ကုလားကုတင္ႀကီးလည္းခ်ထားတယ္၊ ကုတင္ေပၚမွာေတာ့ ကုလားႀကီးတစ္ေယာက္က ငုတ္တုတ္ထိုင္လို႔ဗ်။ က်ဳပ္တို႔လည္း ေခြးေျခခုံကေလးမွာထိုင္လိုက္ေတာ့ ကုလားႀကီးက ႏႈတ္ဆက္ရွာပါတယ္၊ အသက္ေတာ္ေတာ္ႀကီးေနၿပီးေတာ့ မုတ္ဆိတ္ေတြ၊ နားေမႊးေတြေတာင္ျဖဴလို႔ဗ်။

အသက္ႏွစ္ဆယ္ေလာက္ရွိမယ့္ ကုလားမေလးက ကေလးတစ္ေယာက္ခ်ီၿပီးထြက္လာတယ္၊ သူ႔လက္ထဲမွာေတာ့ ဒန္ခြက္ေလးေတြကိုင္လာတယ္ဗ်၊ က်ဳပ္တို႔ကိုလွမ္းေပးေတာ့ ယူလိုက္ရတယ္၊ ဒန္ခြက္ထဲမွာေတာ့ လက္ဖက္ရည္ဗ်၊ ႏြားႏို႔နဲ႔ေဖ်ာ္ထားတဲ့လက္ဖက္ရည္ပဲ၊ က်ဳပ္လည္း တစ္က်ိဳက္ေမာ့လိုက္ေတာ့ အနံ႔ႀကီးက အီၿပီးေတာ့အန္ေတာင္အန္ခ်င္သြားတယ္ဗ်ာ။

“ဟာ၊ ဦးဘသာ လက္ဖက္ရည္ထဲကို မဆလာေတြထည့္ထားတာလားမသိဘူး”

“မဆလာ မဟုတ္ပါဘူးကြာ၊ အေမႊးအႀကိဳင္ေတြထည့္ထားတာပါ”

“ေသာက္ရတာကေတာ့ ဆိမ့္ပါ့ဗ်ာ၊ အနံ႔ကေတာ့ မခံႏိုင္ဘူးဗ်”

“အဲဒါထုံးစံပဲေဟ့၊ လက္ဖက္ရည္ထဲ အေမႊးအႀကိဳင္ခတ္တာ အထူးဧည့္သည္ေတြမို႔ ခတ္ေပးတာကြ၊ ေသာက္ရခဲတယ္၊ ေသာက္”

ကုတင္မွာထိုင္ေနတဲ့ကုလားႀကီးက

“အကိုႀကီးတို႔ ဘာလာလုပ္ၾကတာလဲ”

“ႏြားဝယ္မလို႔လာခဲ့တာပဲဗ်၊ ငေသာင္းက သူ႔ၿခံေရာက္ရင္ ႏြားေကာင္းေကာင္းျပမယ္လို႔ေျပာထားတာနဲ႔လာခဲ့တာပဲ”

“ဟေရး၊ ငေသာင္းကေတာ့လုပ္ၿပီ၊ ဒီႏြားေတြက သူပိုင္တဲ့ႏြားေတြမွ မဟုတ္တာ”

ၿခံထဲမွာ လွည့္္ပတ္သြားေနတဲ့ ႏြားေတြခ်ည္း ငါးဆယ္၊ တစ္ရာေလာက္ရွိတယ္ဗ်၊

“သူမပိုင္ရင္ ဘယ္သူပိုင္တာလဲ”

“ဆရာေလး ဆန္နီပိုင္တာ၊ ဆရာေလးက ႏြားေတြကိုသိပ္ခ်စ္တာ၊ သူ႔ႏြားေတြကို ေတာ္႐ုံေဈးေလာက္နဲ႔မေရာင္းဘူးေနာ္”

“က်ဳပ္လည္း ႏြားေကာင္းရင္ ေဈးေကာင္းေပးဖို႔ ဝန္မေလးပါဘူး”

ကုလားႀကီးကို ဟိုဟိုဒီဒီလွည့္ၾကည့္ၿပီးေတာ့

“ဆန္နီရဲ႕ႏြားေတြက တျခားႏြားေတြထက္ သုံးဆတန္တယ္ဆိုၿပီး ေဈးတင္ေရာင္းတာေနာ္၊ ခင္ဗ်ားတို႔ ျမန္ျမန္ျပန္တာေကာင္းလိမ့္မယ္”

“ဝယ္ခ်င္ဝယ္မယ္၊ မဝယ္ခ်င္မဝယ္ဘူးေပါ့ဗ် က်ဳပ္တို႔စိတ္ပဲ”

ကုလားႀကီးက ေခါင္းကုပ္ရင္း

“ခင္ဗ်ားတို႔ မသိေသးပါဘူးဗ်ာ”

သူနဲ႔ေျပာဆိုေနတုန္း ၿခံထဲကိုငေသာင္းဝင္လာတယ္ဗ်၊ ထုံးစံအတိုင္း စုတ္စုတ္ျပတ္ျပတ္အဝတ္စားနဲ႔ေပါ့ဈ၊ က်ဳပ္တို႔ကိုျမင္ေတာ့ သြားေတြအကုန္ေပၚေအာင္ၿဖဲျပတယ္။

(၂)

“ဆရာႀကီးတို႔ေရာက္ေနတာၾကာၿပီလား”

“မၾကာေသးပါဘူးကြ၊ မင္းကိုေစာင့္ေနတာ”

“ဒီၿခံက က်ဳပ္ၿခံပဲဗ်ာ၊ ေဟာဟိုက ၿခံအေနာက္နားမွာ က်ဳပ္ကတဲကေလးထိုးၿပီးေနသဗ်၊ က်ဳပ္တဲကို လိုက္ခဲ့ၾကပါအုံးလား”

“ေအးကြာ၊ လိုက္ဆိုေတာ့လည္း လိုက္ရတာေပါ့”

က်ဳပ္တို႔လည္း ငေသာင္းအေနာက္ကိုထလိုက္လာခဲ့တယ္၊ ဦးဘသာက လြယ္အိတ္ကိုတစ္ခ်က္ပင့္လိုက္ၿပီး

“ေနစမ္းပါအုံးငေသာင္းေရ၊ မေန႔ကေျပာေတာ့ မင္းဆီမွာ ကေလးလည္းရွိတယ္၊ မိန္းမလည္းရွိတယ္ဆိုကြာ”

“ဒါေတြမေျပာခ်င္ေတာ့ပါဘူးဆရာႀကီးရယ္၊ အိမ္ကမိန္းမက က်ဳပ္ကိုေမာင္းခ်ထားတာၾကာၿပီ”

“မင္းကေတာ့ ျဖစ္ရမယ္”

“ဟုတ္တယ္ဆရာႀကီး၊ ဆိုင္းေနာက္ထအလုပ္က ပိုက္ဆံက်န္တယ္ဗ်၊ ခုႏြားေက်ာင္းတာ ပိုက္ဆံမက်န္ဘူး၊ စားဖို႔ေလာက္ပဲရတာ၊ က်ဳပ္လည္း ဒါပဲလုပ္တတ္လို႔ ဒါပဲလုပ္စားတာေပါ့၊ မိန္းမက ဒီအလုပ္ကိုမ်က္ႏွာငယ္တယ္ဆိုၿပီး က်ဳပ္ကိုအိမ္ေပၚက ေမာင္းခ်သဗ်”

ငေသာင္းအိမ္ကေလးက ေသးေသးကုပ္ကုပ္ကေလးပါဗ်ာ၊ တစ္ေယာက္တည္းေနတာဆိုေတာ့လည္း ရႈပ္ပြေနတာပဲ၊ ငေသာင္းက သူ႔လြယ္အိတ္ထဲကေန ပုေလြကေလးကိုထုတ္လိုက္တယ္၊ ဒီပုေလြကေလးက ႏြားေက်ာင္းသားေမွာ္ေအာင္ထားတယ္ဆိုတဲ့ ပုေလြကေလးေပါ့ဗ်ာ။ ပုေလြကေလးကို တစ္ခ်က္ႏွစ္ခ်က္မႈတ္လိုက္တာနဲ႔ ႏြားေတြရဲ႕နားက တျဖန္းျဖန္းနဲ႔လႈပ္လာေတာ့တာပဲဗ်ာ၊ ဘာသံမွေတာ့ မထြက္ဘူးဗ်။

“ဆရာႀကီး ဘယ္လိုႏြားလိုခ်င္သလဲ၊ ခိုင္းဖို႔လား၊ ျပန္ေရာင္းမွာလား၊ အသားေဖာ္ဖို႔လား”

“ခိုင္းႏြားေကာင္းေကာင္း လိုခ်င္တာဟ”

ငေသာင္းက ပုေလြကိုပါးစပ္နားတပ္ၿပီး မႈတ္ျပန္ေရာ၊ ပုေလြက ဘာအသံမွမထြက္ေပမယ့္ ႏြားတစ္သိုက္ကေတာ့ ငေသာင္းဆီကိုေျပးလာၾကတယ္ဗ်ာ၊ ႏြားေတြက အေကာင္ေျခာက္ဆယ္ေလာက္ရွိမယ္၊ က်ဳပ္တို႔အေရွ႕ကိုလာၿပီးေတာ့ တန္းစီရပ္တာ ညီလိုက္တာဗ်ာ။

“ဆရာႀကီးက လယ္ထြန္မွာလား၊ ယာထြန္မွာလား”

“ယာေတာ့ငါမလုပ္ဘူး၊ လယ္တစ္သီးထဲစိုက္တာကြ၊ ဒီေတာ့ ႏြားျပာမႀကိဳက္ဘူးကြာ၊ ႏြားျပာက ေပလြန္းတယ္”

ငေသာင္းက ပုေလြကေလးကိုဆက္မႈတ္ျပန္တယ္ဗ်၊ ဒီေတာ့ ႏြားျပာေတြအကုန္ ႏြားအုပ္ထဲကထြက္ၿပီး ၿခံထဲေျပးဆင္းသြားၾကတာပဲ၊ ႏြားေ႐ႊဝါ၊ ႏြားေ႐ႊနီေတြေလာက္ပဲ က်န္ေတာ့တယ္၊ ဦးဘသာက ႏြားေတြကိုေသေသခ်ာခ်ာၾကည့္ၿပီး”

“ေတာ္ေတာ္ေကာင္းေကာင္း လွလွေတြကြ၊ ေဟာဒီဘက္က ႏြားေ႐ႊနီတစ္ရွဥ္းနဲ႔ ႏြားေ႐ႊဝါတစ္ရွဥ္းေလာက္ ယူခ်င္သကြာ”

ငေသာင္းက ပုေလြမႈတ္ေတာ့ က်န္တဲ့ႏြားေတြအကုန္ျပန္သြားၾကၿပီးေတာ့ အိပ္တဲ့အေကာင္ကအိပ္၊ လွဲတဲ့အေကာင္က လွဲနဲ႔ေပါ့ဗ်ာ၊ က်ဳပ္လည္း ငေသာင္းနားကိုကပ္ၿပီးေတာ့

“ဒါနဲ႔ ဒီႏြားပိုင္ရွင္က ခင္ဗ်ားမဟုတ္ဘူးဆိုဗ်”

“ဟုတ္တယ္၊ ဒီႏြားေတြ ရာေထာင္ခ်ီကို ဆန္နီပိုင္တာ၊ ဆန္နီဆိုတာ ႏြားသူေဌးေပါ့၊ ၿမိဳင္သာတစ္ေၾကာမွာ ႏြားေရာင္းေနတဲ့လူေပါ့”

“သူကလည္း သူ႔ႏြားေတြကို ေဈးသုံးဆရမွ ေရာင္းတာဆို”

ငေသာင္းကတစ္ခ်က္ေတြေဝသြားၿပီးေတာ့

“ရပါတယ္၊ က်ဳပ္ပါကူေျပာေပးပါ့မယ္၊ သူေရာင္းေပးမွာပါ”

က်ဳပ္တို႔လည္း ငေသာင္းအိမ္ေရွ႕နားမွာထိုင္ေနၾကတာေပါ့ဗ်ာ၊ ေနာက္ေခ်းနံ႔ေတြဆိုတာ မႊန္ထူေနလို႔ က်ဳပ္ျဖင့္ ႏွာေခါင္းကိုေတာင္လက္ညႇိဳးနဲ႔ပိတ္ထားရေသးသဗ်ာ။

“ဒါနဲ႔ က်ဳပ္ကေတာ့ ခင္ဗ်ားလက္ထဲက ပုေလြကေလးကိုပဲ စိတ္ဝင္စားတယ္ ကိုေသာင္း”

ငေသာင္းက အ႐ိုးပုေလြကေလးကိုထုတ္ၿပီး

“ေၾသာ္၊ ဒါလား”

“က်ဳပ္ကိုခဏျပစမ္းပါဗ်ာ”

ငေသာင္းက သူ႔ပုေလြကို က်ဳပ္ကိုလွမ္းေပးတယ္ဗ်၊ ဦးဘသာက ငေသာင္းကိုၾကည့္ၿပီး

“ဒီပုေလြက ႏွယ္ႏွယ္ရရမွမဟုတ္ဘဲ ငေသာင္းရ၊ မင္းဘယ္လိုရခဲ့တာလဲ”

“ဒါကလည္း ထူးဆန္းတယ္ေျပာရမယ္၊ က်ဳပ္ ဆိုင္းေနာက္ထမလိုက္ရေတာ့ လုပ္စရာမရွိတာနဲ႔ သူမ်ားႏြားေတြ ငွားေက်ာင္းေပးတာေပါ့ဗ်ာ၊ အစကေတာ့ သိပ္ခက္ခဲတာဗ်၊ ႏြားဆိုတာက အမ်ိဳးစုံ၊ အႏြယ္စုံဆိုေတာ့ ေျပာရတာလည္း သိပ္ခက္တာ၊ ဒီၾကားထဲ ေပတဲ့ကပ္တဲ့ႏြားေတြပါလာရင္ ပိုဆိုးတာေပါ့ဗ်ာ”

“ဒါေပါ့ကြာ”

“တစ္ရက္ေတာ့ ႏြားအုပ္နဲ႔ကြဲသြားတဲ့ ႏြားအေနာက္လိုက္ရင္း ေတာင္႐ိုးအေျခကိုေရာက္သြားတယ္ဗ်၊ အဲဒီမွာ ရေသ့ႀကီးတစ္ပါးနဲ႔ေတြ႕တာပဲ၊ က်ဳပ္ႏြားက အဲဒီရေသ့ႀကီးအေရွ႕မွာ ဝပ္လို႔ဗ်”

“ေျပာပါအုံးဗ်ာ”

“က်ဳပ္လည္း ရေသ့ႀကီးကိုကန္ေတာ့ၿပီး ႏြားကိုျပန္ဆြဲေခၚတာေပါ့ဗ်ာ၊ ႏြားကလည္း ေတာ္ေတာ္ကပ္တဲ့ႏြားဆိုေတာ့ ေခၚမရဘူးဗ်ိဳ႕၊ နဖားႀကိဳးအတင္းဆြဲတာေတာင္မွ ဒီေကာင္က မထဘူး၊ က်ဳပ္လည္း ႀကိမ္နဲ႔႐ိုက္လိုက္ ဆဲဆိုႀကိမ္းေမာင္းလိုက္နဲ႔ ႏြားကိုအမ်ိဳးမ်ိဳးေခၚတာေပါ့၊ ရေသ့ႀကီးက က်ဳပ္အျဖစ္ကို ၿပဳံးၿပီးၾကည့္ေနတယ္ဗ်၊ ၿပီးေတာ့မွ သူ႔ဆီကေန အဲဒီပုေလြကေလးထုတ္ၿပီး မႈတ္ေတာ့တာပဲ၊ ဘာမွေတာ့ မၾကားရဘူးဗ်ာ၊ ဒါေပမယ့္ ႏြားက ေငါက္ခနဲေကာက္ထၿပီးေတာ့ က်ဳပ္အေနာက္မွာလာရပ္သဗ်၊ က်ဳပ္သြားရာအေနာက္ကို ႏြားကလိုက္ေနပါေရာ၊ က်ဳပ္လည္း ဒီရေသ့ႀကီးက ထူးဆန္းတယ္လို႔ထင္ၿပီးသားပါ၊ ဒါနဲ႔ အခုလိုႏြားကိုႏိုင္မယ့္္ နည္းလမ္းရွိသလားလို႔ေမးေတာ့ က်ဳပ္ကိုက်င့္စဥ္တစ္ခုေျပာျပတာပဲ”

“ဘာက်င့္စဥ္တုန္းဗ်”

“ႏြားေက်ာင္းသားေမွာ္လို႔ေခၚတာပဲ”

“အဲဒါ ဘယ္လိုက်င့္ရသလဲ”

ငေသာင္းကို က်ဳပ္ကိုသိပ္ေျပာခ်င္ပုံမရဘူးဗ်၊ ဒါေပမယ့္ ဦးဘသာရွိေနေတာ့ အားနာသြားပုံရတယ္။

“ရေသ့ႀကီးေျပာတာကေတာ့ ပုဂံေခတ္က ငလုံးလက္ဖယ္သူရဲေကာင္းကလည္း ဒီလိုေမွာ္ပညာမ်ိဳးကိုေအာင္ျမင္ခဲ့တယ္လို႔ေျပာတာပဲ၊ ႏြားနဲ႔ပတ္သက္လို႔ကေတာ့ သိပ္ကြၽမ္းတယ္ဆိုသဗ်၊ ႏြားအရွဥ္းသုံးဆယ္ကို ထြန္မွာတပ္ၿပီးေတာ့ ထြန္ေရးမွန္ေအာင္ တက္ခ်ည္ဆင္းခ်ည္ အႏွံ႔ထြန္ႏိုင္တယ္လို႔ေျပာတာပဲ”

“အဲဒါ ဘယ္လိုလုပ္ရသလဲဗ်ာ”

က်ဳပ္ကလည္း သိခ်င္သား၊ ငေသာင္းၾကည့္ရတာသိပ္ေျပာခ်င္ပုံေတာ့မရဘူးဗ်။

“ဘယ္သူမွေတာ့ ျပန္မေျပာပါနဲ႔ဗ်ာ၊ ႏြားက်င္ႀကီး၊ က်င္ငယ္ကို ခုနစ္ရက္စီလိမ္းရ ေသာက္ရတယ္၊ က်င္ငယ္ကိုအစိမ္းေသာက္၊ က်င္ႀကီးကိုေတာ့ မီးဖုတ္ျပာခ်ၿပီး လွ်က္ရသဗ်”

“ဖြီ၊ ခင္ဗ်ားဟာက ဟုတ္ရဲ႕လား”

ဦးဘသာက

“ေနာက္ေခ်းတို႔၊ ႏြားက်င္ရည္တို႔ဆိုတာ ေသာက္ေကာင္းတယ္၊ ေဆးဖက္ဝင္တယ္ကြ၊ တို႔ငယ္ငယ္ကဆို ေခ်ာင္းေျခာက္ဆိုးရင္ ေနာက္ေခ်းကိုျပာခ်ၿပီး လွ်က္ခဲ့ၾကတာပဲ”

“ေအာင္မယ္ေလးဗ်ာ၊ က်ဳပ္ျဖင့္္ ႐ြံလိုက္တာ၊ ကဲ ဆက္ေျပာပါအုံး ကိုေသာင္းရာ”

“ၿပီးေတာ့ ႏြားတင္းကုပ္မွာခုနစ္ရက္ေနရသဗ်၊ ႏြားစာက်င္းမွာ ခုနစ္ရက္စားရတယ္”

ငေသာင္းတစ္ခုေျပာတိုင္း က်ဳပ္ျဖင့္႐ြံလို႔အန္ခ်င္လိုက္တာ ေျပာမေနပါနဲ႔ေတာ့ဗ်ာ။

“အဲဒါေတြၿပီးေတာ့ ရေသ့ႀကီးက က်ဳပ္ကိုသူ႔ေက်ာင္းကိုေခၚသြားၿပီးေတာ့ ေဟာဒီကုပ္မွာေဆးေပါက္ေပးလိုက္တာပဲ”

ငေသာင္းက ဦးဘသာကိုကုပ္လွန္ျပတယ္ဗ်၊ ဦးဘသာလည္းၾကည့္ၿပီးေတာ့ ေခါင္းတဆတ္ဆတ္နဲ႔ညိတ္တယ္၊ ေဆးကေတာ့ စာလုံးေလးလုံးကို ေရးထားတာပါဗ်ာ၊ လက္ေရးကေတာ္ေတာ္ညံ့ေတာ့ ဘာစာလုံးလဲဆိုတာ ဖတ္မရဘူးဗ်ိဳ႕။

“အဲဒါထိုးၿပီးရင္ ရၿပီတဲ့လား”

“ရၿပီေပါ့၊ က်ဳပ္ျဖင့္္အစက မယုံႏိုင္ဘူးဗ်ာ၊ ေနာက္ေတာ့ အမ်ိဳးမ်ိဳးစမ္းသပ္ေတာ့မွ တကယ္လက္ေတြ႕ပဲဗ်၊ ေနာက္ေတာ့ ရေသ့ႀကီးဆီသြားေပမယ့္ ရေသ့ႀကီးမရွိေတာ့ဘူး၊ ရေသ့ႀကီးမသြားခင္က က်ဳပ္ကိုေပးခဲ့တဲ့ ပုေလြကေလးကေတာ့ အမွတ္တရေပါ့ဗ်ာ”

ဦးဘသာက မ်က္ေမွာင္ၾကဳတ္ၿပီး

“ႏြားေက်ာင္းသားေမွာ္ဆိုတာ ၾကားဖူးတာေတာ့ၾကာၿပီ၊ အခုမင္းေျပာတာ နားေထာင္ေတာ့မွ လူနဲ႔ႏြားကိုတစ္သားတည္းက်ေအာင္ လုပ္ထားသလိုမ်ိဳးပါလား၊ ေအးေလ၊ သတၱဝါေတြဆိုတာ တစ္ေယာက္နဲ႔တစ္ေယာက္၊ တစ္ေကာင္နဲ႔တစ္ေကာင္ေမတၱာျဖစ္တတ္ၾကတာပဲ၊ မင္းေျပာတာ သဘာဝက်ပါတယ္”

က်ဳပ္လည္း ပုေလြကေလးကိုကိုင္ၿပီးေတာ့ မႈတ္ၾကည့္တယ္ဗ်၊ အ႐ိုးပြပြနဲ႔လုပ္ထားၿပီးေတာ့ တျခားပုေလြေတြကို အခင္တပ္မထားေတာ့ အသံမထြက္ဘူးေပါ့ဗ်ာ၊ ဦးဘသာက မ်က္ေမွာင္ၾကဳတ္စဥ္းစားရင္း

“ေနအုံး ငေသာင္းရ၊ မင္းက်င့္စဥ္ေအာင္တာနဲ႔၊ အိမ္ေပၚကဆင္းတာနဲ႔ ဘယ္ေလာက္ကြာသလဲ”

“ဘယ္ေလာက္မွ မကြာပါဘူးဗ်ာ၊ က်င့္စဥ္က်င့္ေတာ့ ႏြားၿခံထဲဝင္အိပ္ရတာကိုး၊ က်ဳပ္မိန္းမက ရွင့္အနားက ေနာက္ေခ်းေစာ္နံတယ္ဆိုၿပီး မကပ္ခိုင္းတာအဲဒီကတည္းကပါပဲဗ်ာ”

“ေအး၊ ငါထင္ရင္လြဲခဲတယ္ ငေသာင္း၊ မင္းအိမ္ကဆင္းလာရတာ အဲဒီက်င့္စဥ္ေၾကာင့္ပဲကြ”

ငေသာင္းအံ့ၾသသြားတယ္။

“ဘာျဖစ္လို႔လဲ ဆရာႀကီး”

“မင္းပဲစဥ္းစားၾကည့္ေလကြာ၊ ႏြားကိုဘယ္သူက အိမ္ေပၚမွာတင္ထားမွာလဲကြ၊ မင္းက်င့္စဥ္ေအာင္ၿပီးကတည္းက အိမ္ေပၚျပန္တက္လို႔မရေတာ့ဘူး၊ အိမ္ေပၚမွာေနရင္မေပ်ာ္ေတာ့ဘူး၊ ႏြားေတြနဲ႔ေနရရင္ ေပ်ာ္ေနမယ္၊ ႏြားေတြကလည္း မင္းကိုခ်စ္တယ္၊ မင္းေျပာတာနားေထာင္တယ္မဟုတ္လား”

“ဟုတ္တယ္၊ ဟုတ္တယ္”

“မင္းေတာ့မွားၿပီငေသာင္းေရ၊ အဲဒီက်င့္စဥ္က ႏြားေက်ာင္းသားေမွာ္မွမဟုတ္ဘဲ၊ လူ႔ငႏြားေမွာ္ပဲကြ၊ မင္းကိုႏြားေက်ာင္းတယ္ဆိုတာထက္ ႏြားျဖစ္ေအာင္လုပ္ေပးလိုက္တာ”

“ဗ်ာ”

ငေသာင္းေတြေတြႀကီးျဖစ္ေနတယ္။

“အခုပဲၾကည့္ေလကြာ၊ မင္းကိုလူေတြက အေရးတယူမွမရွိေတာ့တာ၊ မင္းေနရတဲ့ေနရာကလည္း ႏြားၿခံေထာင့္မွာ၊ ေနာက္ေခ်းနံ႔ေတြမြန္ထူေနတဲ့ေနရာ၊ စားေတာ့လည္း ႏြားေတြနဲ႔ဖက္စားရတယ္၊ တစ္ေန႔လုံးလည္း ကြင္းထဲသြားၿပီး ႏြားေတြနဲ႔ပဲေနရတယ္မဟုတ္လား၊ သိပ္မၾကာခင္ မင္းႏြားလိုေတာင္ ေကာင္းေကာင္းေအာ္တတ္ေတာ့မယ္ထင္တယ္”

ငေသာင္းကမ်က္လုံးျပဴးၿပီး

“ဒါဆို ဆရာႀကီးေျပာတာမွန္တယ္ထင္တယ္”

“ဘာျဖစ္လို႔လဲကြ”

ငေသာင္းက ပါးစပ္ကိုမိုးေပၚကိုေထာင္ၿပီးေတာ့ ႏြားတစ္ေကာင္လိုေအာ္ျပတယ္ဗ်ာ၊ က်ဳပ္တို႔လည္း ႏြားလိုေအာ္ၾကတာပါပဲ၊ ဒါေပမယ့္ ငေသာင္းေအာ္သံကေတာ့ ႏြားအစစ္နဲ႔ကိုတူသဗ်၊ ငေသာင္းကိုသာမျမင္ရရင္ ႏြားတစ္ေကာင္ေအာ္ေနတယ္လို႔ပဲ ထင္ၾကရမွာပဲ၊ က်ဳပ္ျဖင့္လန႔္လိုက္တာ ၾကက္သီးေတာင္ထတယ္ဗ်ာ”

ဦးဘသာလည္း ေတာ္ေတာ္လန႔္လန႔္ပဲဗ်၊

“ငေသာင္းေရ၊ မင္းအဆင့္ကေတာ့ ေတာ္ေတာ္ေရာက္ေနၿပီကြ၊ မွတ္ထား၊ ေလာကမွာ ေကာင္းတဲ့က်င့္စဥ္ရွိသလို၊ မေကာင္းတဲ့က်င့္စဥ္ရွိတယ္၊ ဘာမွန္းညာမွန္းမသိတဲ့က်င့္စဥ္ေတြလည္းအမ်ားႀကီးပဲကြ”

ငေသာင္းေတာ္ေတာ္ထိတ္လန႔္ေနတယ္ဗ်။

“ဒါဆို မၾကာခင္ က်ဳပ္ႏြားျဖစ္ေတာ့မွာလား”

“ဒါေတာ့ ငါလည္းမေျပာတတ္ဘူး၊ ငါလည္း ဗဟုသုတအေနနဲ႔ၾကားဖူးထားတာပဲရွိတာကြ”

ငေသာင္းက ပုဆိုးကိုခြၽတ္လိုက္ၿပီးေတာ့

“ဆရာႀကီးကန္ေတာ့ေနာ္၊ က်ဳပ္ခါးကိုတစ္ခ်က္ၾကည့္ပါဗ်ာ”

က်ဳပ္နဲ႔ဦးဘသာလည္း ငေသာင္းရဲ႕ခါးကိုၾကည့္လိုက္ေတာ့ ခါးပတ္ပတ္လည္မွာ ႏြားသားေရလိုမ်ိဳးအသားေတြမာေနၿပီးေတာ့ ႏြားေမႊးလိုအေမႊးၾကမ္းၾကမ္းႀကီးေတြ ပတ္လည္ေပါက္ေနသဗ်၊ က်ဳပ္ဆိုကိုင္ပါကိုင္ၾကည့္တာ။ ဦးဘသာက

“မင္းဒီဟာေပါက္တာ ဘယ္ေလာက္ၾကာေနၿပီလဲ”

“က်င့္စဥ္ၿပီးေတာ့ ေျခာက္လေလာက္ၾကာတဲ့အခါမွာ က်ပ္ျပားဝိုင္းေလာက္ အဝိုင္းကေလးစၿပီးေပါက္လာတာပဲဗ်ာ၊ က်ဳပ္လည္း ဒီအတိုင္းထားလိုက္တာ အဲဒီအဝိုင္းကေလးကေန တျဖည္းျဖည္းပ်ံ႕ႏွံ႔လာၿပီးေတာ့ အခုလိုျဖစ္သြားတာပဲ၊ က်ဳပ္ဆိုရွက္လြန္းလို႔ ဘယ္သူ႔ကိုမွမျပဘူး၊ အခုဆရာႀကီးတို႔နဲ႔ စကားစပ္မိေတာ့မွ ႏြားက်င့္စဥ္ဆိုတာ သိလိုက္ရတယ္ဗ်ာ၊ ဆရာႀကီး၊ က်ဳပ္ကိုကယ္လို႔ရတဲ့နည္းလမ္း မရွိေတာ့ဘူးလားဗ်ာ”

ဦးဘသာလည္း ေတာ္ေတာ္စဥ္းစားေနတယ္ဗ်၊ ၿပီးေတာ့မွေခါင္းညိတ္ၿပီး

“မင္းကံေကာင္းတယ္လို႔ ေျပာရမွာေပါ့ကြာ၊ ကဲေခါင္းငုံ႔ထား မင္းလည္ပင္းကိုေဖာ္ထားလိုက္”

ငေသာင္းက ဦးဘသာခိုင္းတဲ့အတိုင္းလုပ္တယ္၊ ဦးဘသာက ငေသာင္းကုပ္ကိုလက္ဝါးနဲ႔အုပ္ၿပီးေတာ့ ပြစိပြစိ႐ြတ္တယ္ဗ်၊ ၿပီးေတာ့ သူ႔လက္ဝါးကိုလွန္လိုက္ေတာ့ လက္ထဲမွာစာလုံးေလးေတြေပၚလာတယ္ဗ်ာ၊ က်ဳပ္လည္း တစ္လုံးခ်င္းစီေရၿပီးဖတ္ၾကည့္တာေပါ့။ အကၡရာေတြက ျမန္မာအကၡရာနဲ႔မတူဘူးဗ်၊ ရွည္ေျမာေျမာနဲ႔၊ ဦးဘသာက အကၡရာတစ္လုံးစီကိုလက္ညႇိဳးထိုးၿပီး ေသခ်ာဖတ္ျပတယ္။

“ေဂါဝသဘဆိုပါလား”

“အဲဒါဘာလဲဦးဘသာ”

“ေဂါဝသဘဆိုတာ ႏြားကိုေျပာတာ၊ ႏြားလားကိုေျပာတာ၊ ဒီေတာ့ေသခ်ာတယ္၊ ရေသ့ႀကီးက ဒီအတတ္ပညာရဲ႕အတိမ္အနက္ကိုမသိခဲ့တာေၾကာင့္ မင္းကိုလုပ္ေပးခဲ့မိတာျဖစ္ခ်င္ျဖစ္မယ္၊ ဒါမွမဟုတ္ အတတ္ပညာရဲ႕အတိမ္အနက္ကို သိေပမယ့္ မင္းကိုစမ္းသပ္တဲ့အေနနဲ႔လုပ္ခဲ့တာမ်ားလားလို႔ ယူဆလို႔ရတယ္”

ဦးဘသာက လက္ဝါးႏွစ္ဖက္ထပ္ၿပီးပြတ္ေခ်လိုက္ေတာ့ လက္ထဲကစာေတြေပ်ာက္သြားတယ္၊

“ငေသာင္း၊ မင္းခါးကအနာကိုေတာ့ မုန္ညင္းဆီသာညတိုင္းလူးေပး၊ သူ႔အလိုလိုေဖးၿပီးအခ်ပ္လိုက္ ကြာက်သြားလိမ့္မယ္ကြ”

“ေက်းဇူး၊ ေက်းဇူးတင္ပါတယ္ဆရာႀကီးရယ္၊ ဆရာႀကီးေျပာမွ က်ဳပ္ေတြးမိတာတစ္ခုရွိတယ္”

“ဘာေတြးမိတာလဲ”

“က်ဳပ္တို႔ငယ္ငယ္တုန္းက လူကေနႏြားျဖစ္သြားတဲ့အေၾကာင္း ဇာတ္လမ္းတစ္ခုရွိတယ္ဗ်၊ အဲဒါနဲ႔မ်ား၊ အခုဒီကိစၥနဲ႔ဆိုင္ေနမလား”

ဦးဘသာက ေမးေစ့ကိုပြတ္ေနရင္း စဥ္းစားေနတယ္။

“ဘယ္လိုျဖစ္သြားတာလဲ၊ ေျပာစမ္းကြာ”

(၃)

က်ဳပ္ေတာ့ စိတ္ဝင္စားၿပီးရင္း ဝင္စားရင္းေပါ့ဗ်ာ၊ ငေသာင္းက ဟိုဟိုဒီဒီအရိပ္အျခည္ကိုၾကည့္လိုက္ၿပီးေတာ့ က်ဳပ္တို႔ကိုလက္ကုပ္ရင္း

“လာလာ၊ ဆရာႀကီး၊ ဆရာႀကီးကို ျပစရာတစ္ခုရွိတယ္”

“ဘာတုန္းကြ”

“က်ဳပ္ေနာက္ကိုအသာကေလးလိုက္ခဲ့စမ္းပါ”

ငေသာင္းက ေလးဖက္မေထာက္႐ုံတမယ္ ငုံ႔လိုက္ၿပီးေတာ့ ဘဲသြားသြားတယ္ဗ်၊ ၿပီးေတာ့ ႏြားေတြနဲ႔အကာအကြယ္ယူၿပီးေတာ့ ႏြားၿခံထဲကိုျဖတ္ပါေရာ၊ က်ဳပ္တို႔လည္း သူ႔အေနာက္ကေနအသာလိုက္ခဲ့ရတာေပါ့ဗ်ာ၊ ဘဲသြားသြားတယ္ဆိုတာ သိပ္ေညာင္းတာဗ်။

“ေဟ့ကိုေသာင္း၊ ဘာျဖစ္လို႔ ခိုးေၾကာင္ခိုးဝွက္လုပ္ေနတာလဲ”

“ေဟာဟိုမွာလူေတြထိုင္ေနတယ္ဗ်၊ ဆန္နီက ႏြားၿခံထဲကိုလူစိမ္းဝင္တာမႀကိဳက္ဘူး၊ ဒါေၾကာင့္သူတို႔မျမင္ေအာင္သြားရတာ၊ လာခဲ့စမ္းပါ”

က်ဳပ္တို႔သြားရင္း ႏြားၿခံႀကီးကိုျဖတ္ၿပီးေတာ့ ဝါးကပ္ေတြနဲ႔ကာထားတဲ့ၿခံစည္း႐ိုးတစ္ခုကိုေရာက္တာေပါ့ဗ်ာ၊ ငေသာင္းက ၿခံစည္း႐ိုးဝါးကပ္တစ္ခုကိုအသာလွပ္လိုက္ၿပီးေတာ့ အထဲကိုဝင္လိုက္တယ္၊ အထဲမွာေတာ့ အိမ္ႀကီးတစ္လုံးရွိတယ္ဗ်၊ အိမ္ႀကီးရဲ႕အေနာက္နားမွာအုတ္နဲ႔ေသေသခ်ာခ်ာေဆာက္ထားတဲ့ အေဆာင္တစ္ခုကိုေတြ႕ရတယ္၊ မသိရင္ နတ္ကြန္းလိုလို၊ ျမင္းေစာင္းလိုလို ပုံစံမ်ိဳးပဲဗ်၊ အနားကိုေရာက္ေတာ့မွ ငေသာင္းက အေျခအေနၾကည့္ၿပီးေတာ့ အေဆာင္ထဲကိုလွမ္းဝင္လိုက္တယ္၊ က်ဳပ္တို႔လိုက္ဝင္ခဲ့ေတာ့ အေဆာင္ထဲမွာ ႀကီးလိုက္တဲ့ႏြားႀကီးဗ်ာ။

“ဟာ၊ နည္းတဲ့အေကာင္ႀကီးမဟုတ္ဘူးဗ်ိဳ႕”

“တိုးတိုးလုပ္စမ္းပါ၊ ဒီေနရာမွာ က်ဳပ္တို႔ရွိေနတာကို ဆန္နီသိသြားရင္ က်ဳပ္တို႔ကိုေတာင္သတ္မလားပဲ”

ဦးဘသာက ႏြားႀကီးကိုေသခ်ာၾကည့္ၿပီး

“ႏြားလားဥႆဘဆိုတာ ဒါကိုေျပာတာေနမွာေဟ့၊ ငါျဖင့္ငယ္ငယ္က ၿမိဳင္သာက ဟိႏၶဴဘုရားပြဲလွည့္ေတာ့ တစ္ခါျမင္ဖူးတယ္၊ အခုတစ္ခါျမင္ဖူးတာပဲ”

ႏြားႀကီးက သာမန္ႏြားေတြထက္သုံးေလးဆေလာက္ႀကီးတယ္ဗ်၊ တစ္ကိုယ္လုံးေဖြးေဖြးဆြတ္ၿပီးျဖဴေနတာပဲဗ်၊ ႏို႔အေရာင္လိုပဲ၊ ေက်ာကုန္းမွာလည္း ႏြားလဘို႔ႀကီးက မနည္းမေနာႀကီးဗ်၊ ႏြားႀကီးျမင့္လြန္းလို႔ က်ဳပ္တို႔ေတာင္ေမာ့ၾကည့္ရတယ္။ က်ဳပ္ကႏြားႀကီးကိုၾကည့္ရင္း

“ေနပါအုံး၊ ခင္ဗ်ားေျပာေတာ့ ႏြားျဖစ္သြားတဲ့လူဆိုဗ်”

“ေအးေလ၊ အဲဒါ အခုခင္ဗ်ားတို႔ျမင္ေနရတဲ့သူပဲဗ်”

“ဘယ္လို၊ ဒီႏြားလားဥႆဘႀကီးက လူကေနျဖစ္သြားတာလား”

“ယုံတမ္းစကားလိုလို၊ ပုံျပင္လိုလိုေပါ့ဗ်ာ၊ က်ဳပ္လည္းအစကမယုံဘူး၊ ဆရာႀကီးေျပာေတာ့ လူကေနႏြားျဖစ္ေအာင္လုပ္လို႔ရတဲ့အစီအရင္ရွိတယ္ၾကားေတာ့မွ ယုံသြားတာပဲဗ်၊ ဆရာႀကီး ၾကည့္ၾကည့္စမ္းပါ၊ ဒီႏြားႀကီးက တကယ့္ႏြားအစစ္လား၊ လူလားဆိုတာ”

“အဲဒီလိုေတာ့ ၾကည့္မရဘူးကြ၊ ဒါေပမယ့္ တစ္ခုခုေတာ့မူမမွန္တာေသခ်ာတယ္”

“အစစ္ေပါ့ဗ်ာ၊ ဒီႏြားႀကီးက လျပည့္လကြယ္လိုညေတြဆိုရင္ ငိုတယ္တဲ့ဗ်ာ၊ ငိုတာမွလူလိုငိုတာ၊ က်ဳပ္လည္းအစကမယုံဘူူး၊ ဒီၿခံထဲေရာက္ၿပီးေတာ့မွ အသံၾကားလို႔လိုက္ၾကည့္ရင္း ဒီကိုေရာက္လာတာ”

“ခင္ဗ်ားသူငိုတာ တကယ္ေတြ႕ဖူးလား”

“ေတြ႕တာေပါ့ဗ်ာ၊ ႏြားေတာ့ႏြားပဲဗ်၊ ဒါေပမယ့္ အသံကေတာ့ ကုလားအသံပဲဗ်ိဳ႕၊ ကုလားလိုေျပာေျပာၿပီးေတာ့ ငိုေနတာ၊ က်ဳပ္ေခ်ာင္းၾကည့္ေပမယ့္ ဒီနားမွာ ႏြားႀကီးကလြဲလို႔ လူမွမေတြ႕တာ၊ အဲဒါဆန္နီတို႔အိမ္ေပၚကဆင္းလာၿပီး တုတ္ေတြနဲ႔႐ိုက္ႏွက္ေတာ့မွ ႏြားႀကီးအငိုရပ္သဗ်”

က်ဳပ္လည္း ဦးဘသာဘက္ကိုလွည့္ၾကည့္ၿပီးေတာ့

“ဦးဘသာေရာ ဘယ္လိုထင္သလဲဗ်”

“ငါလည္းအစကမထင္ဘူးကြ၊ ဒါေပမယ့္ ငေသာင္းေျပာတာဆက္စပ္ေတြးေတာၾကည့္ရင္းမွ ေခါင္းထဲေရးေရးေပၚလာတယ္”

“ဘယ္လိုေပၚလာတာလဲဗ်ာ”

“ကုလားနဲ႔ႏြားနဲ႔သြားဆက္လို႔ပါကြာ၊ ဒီလိုကြ၊ ၿမိဳင္သာက ကုလားမႀကီးမာယာရဲ႕အေမက ကုလားစုန္းမႀကီးကြ၊ သူနဲ႔ငါ့အေမက သိပ္ခင္တာေပါ့၊ သူ႔ေျပာျပခ်က္အရ ဟိုးေရွးေခတ္ကတည္းက အိႏၵိယမွာ လူကိုႏြားလိုဖန္ဆင္းႏိုင္တဲ့အတတ္ရွိတယ္တဲ့၊ အိႏၵိယေတြက လူေသရင္ႏြားျဖစ္တယ္လို႔လဲယုံၾကည္တယ္၊ ႏြားဆိုတာ နတ္ဘုရားေတြရဲ႕အေစအပါးဆိုၿပီး တန္ဖိုးထားဆက္ဆံၾကတယ္”

“က်ဳပ္သိပါတယ္ဗ်ာ၊ လိုရင္းေျပာပါဗ်၊ ဦးဘသာရ”

“မာယာရဲ႕အေမအေျပာအရ မဏိပူရတို႔၊ နာဂလန္းတို႔လို ျပည္နယ္ေတြမွာ လူကေနႏြားအျဖစ္ေျပာင္းတဲ့ ေအာက္လမ္းအတတ္တစ္မ်ိဳးထြန္းကားတယ္လို႔ေျပာတာၾကားဖူးတယ္၊ ဒါကိုစပ္ဆက္ေတြးၾကည့္ရင္ တကယ္လို႔သာ အဲဒီအတတ္တကယ္ရွိတယ္ဆိုရင္ ဒီႏြားႀကီးက လူကေနျဖစ္သြားတယ္ဆိုတာ ယုံၾကည္စရာေကာင္းတယ္၊ ငေသာင္းေတာင္မွ ႏြားျဖစ္ေတာ့မွာ မင္းအေတြ႕ပဲမဟုတ္လား”

“ဒါဆို ေအာက္လမ္းပညာ၊ စုန္းပညာေတြက အဲဒီလိုေျပာင္းလဲႏိုင္သလား”

“စုန္းအတတ္ထဲမွာ နာနာ႐ုပ္အတတ္ဆိုတာ ခက္ခဲျမင့္မားတဲ့အတတ္တစ္ခုပဲ၊ နာနာ႐ုပ္အတတ္ တတ္ေျမာက္သြားရင္ လူကေန တိရစာၦန္ေတာင္မဟုတ္ဘူး၊ သက္မဲ့အရာေတြျဖစ္တဲ့ ေက်ာက္တုံးတို႔၊ သစ္သီးတို႔အျဖစ္ေတာင္ေျပာင္းလဲႏိုင္သကြ၊ ေအာက္လမ္းအစီအရင္မွာလည္း ဒါမ်ိဳးမရွိဘူးလို႔ ဘယ္ေျပာလို႔ရမွာလဲ၊ မာယာရဲ႕အေမေျပာခဲ့တဲ့အထဲမွာ လူ႔ငႏြားေမွာ္ဆိုတာမ်ိဳးတစ္ခါၾကားဖူးတယ္၊ အဲဒါကိုျပန္ေကာက္ရင္ ဒီႏြားႀကီးနဲ႔ အဲဒီအစီအရင္နဲ႔က သက္ဆိုင္မႈတစ္ခု ရွိမွာေသခ်ာတယ္”

“ဒါဆိုက်ဳပ္တို႔ဘယ္လိုလုပ္ၾကမလဲ”

ဦးဘသာက ေခါင္းခါတယ္၊ ၿပီးေတာ့ ငေသာင္းကိုၾကည့္ၿပီး

“ငေသာင္း၊ မင္းၾကားခဲ့တဲ့ ပုံျပင္ကို ျပန္ေျပာျပဖို႔လိုေနၿပီကြ”

ငေသာင္းက ေခါင္းညိတ္ရင္း

“ဒီလိုဗ်၊ ဆန္နီရဲ႕အေဖႀကီးက ဦးဘာဘာလို႔ေခၚတယ္၊ သူတို႔အခ်င္းခ်င္းေတာ့ ကုလားနာမည္ရွိမယ္ထင္တယ္၊ တစ္႐ြာလုံးကေတာ့ ဦးဘာဘာလို႔ေခၚၾကတာ၊ ဗိုက္ပူပူ၊ ၀၀တုတ္တုတ္နဲ႔ မႈတ္ဆိတ္ေမႊးေကာက္ေကာက္၊ ဆံပင္ေကာက္ေကာက္နဲ႔ ကုလားႀကီးေပါ့ဗ်ာ၊ ဦးဘာဘာက သေဘာေတာ့သိပ္ေကာင္းတယ္ဗ်၊ က်ဳပ္တို႔ငယ္ငယ္က ဦးဘာဘာအိမ္သြားရင္ ကုလားမုန႔္အခ်ိဳေတြစားလိုက္ရတာမွ စုံလို႔ဗ်”

“ခင္ဗ်ားကလည္း ငတ္ႀကီးက်တဲ့အေၾကာင္းေရာက္သြားျပန္ၿပီ”

“အဲဒီဦးဘာဘာက ႏြားၿခံပိုင္ရွင္ဗ်၊ ႏို႔စားႏြားေတြေရာ၊ အသားတိုးႏြား၊ ခိုင္းႏြား အစုံေမြးတာ၊ ဒီၿခံႀကီးက ဆန္နီက သူ႔အေဖဆီကေန အေမြရခဲ့တာေပါ့၊ ၿပီးေတာ့ ႏို႔ကထြက္တဲ့ ဒိန္ခ်ဥ္တို႔၊ ေထာပတ္၊ မလိုင္၊ ႏို႔ဓမ္း အကုန္လုပ္ၿပီးေရာင္းေသးတယ္ဗ်ာ၊ ဒါေပမယ့္ အဲဒီဦးဘာဘာႀကီး ေသခါနီးက်ေတာ့ ႏြားလိုေအာ္တယ္ဆိုပဲဗ်၊ အိမ္နီးနားခ်င္းေတြက ျပန္ေျပာၾကတာ”

“ႏြားလိုေအာ္တာနဲ႔ ႏြားျဖစ္ေရာလား”

“မဟုတ္ေသးဘူး၊ ဦးဘာဘာႀကီးကို ေဆးကုမေပးဘူးတဲ့ဗ်၊ ဦးဘာဘာက ေန႔ေန႔ညညႏြားလိုေအာ္ရင္း တစ္ေန႔က်ေတာ့ ေပ်ာက္သြားတယ္”

“ေသသြားတာမ်ားလား”

“ေသသြားတယ္ဆိုရင္လည္း အသုဘအခမ္းအနားေတာ့လုပ္မွာပဲ၊ အခုက အဲဒီလိုမဟုတ္ဘဲ ဦးဘာဘာတစ္ေယာက္ ဘာျဖစ္သြားမွန္းမသိဘူးဗ်၊ ဆန္နီကေျပာတာေတာ့ ၿမိဳင္သာကိုတက္သြားတယ္လို႔ေျပာတာ၊ ခင္ဗ်ားတို႔စဥ္းစားၾကည့္ဗ်ာ၊ အိပ္ရာထဲလဲေနတဲ့လူတစ္ေယာက္က ၿမိဳင္သာကို ဘာနဲ႔သြားမလဲဗ်၊ လွည္းေတြဘာေတြနဲ႔ထြက္တယ္ထားအုံး ႐ြာကလူခံေတြျမင္မွာေပါ့၊ အခုက ေပ်ာက္ခ်င္းမလွကိုေပ်ာက္သြားတာ”

“အဲဒီတုန္းက ဆန္နီရဲ႕တူမတစ္ဝမ္းကြဲေလး အိမ္မွာရွိေသးတယ္၊ အဲဒီကေလးမက ေရခပ္ဆင္းရင္းေျပာတာေတာ့ ဦးဘာဘာမေသခင္ သူ႔ေျခေထာက္ေတြက ႏြားေျခေထာက္ေတြျဖစ္သြားတယ္ဆိုပဲဗ်၊ အဲဒီသတင္း႐ြာထဲမွာ ဟိုးေလးတေၾကာ္ျဖစ္သြားၿပီးကတည္းက အဲဒီကေလးမလည္း ေပ်ာက္သြားတာပဲ၊ ႐ြာျပန္ပို႔လိုက္တာျဖစ္မွာေပါ့ဗ်ာ၊ ဦးဘာဘာေပ်ာက္သြားၿပီး မၾကာပါဘူး၊ ဆန္နီတစ္ေယာက္ ႏြားလားဥႆဘရတယ္ဆိုၿပီး သတင္းထြက္လာပါေရာဗ်ာ၊ ကဲ မတိုက္ဆိုင္ဘူးလား၊ တစ္႐ြာလုံးကေတာ့ ဦးဘာဘာက ႏြားေတြခ်စ္လြန္းလို႔ ႏြားအျဖစ္ဝင္စားသြားတယ္လို႔ ေျပာၾကတာပဲ”

ဦးဘသာက သူစဥ္းစားရင္ ေမးေစ့ပြတ္တယ္တယ္မဟုတ္လား၊ အခုလည္း ေမးေစ့က မုတ္ဆိတ္ေမႊးအတိုအစေတြကို လက္နဲ႔ပြတ္ေနေလရဲ႕။

“ဆရာႀကီး၊ ဘယ္လိုျမင္လဲ”

“ငါလည္းမေတြးတတ္ေတာ့ပါဘူးကြာ၊ ငေသာင္းေရ၊ ဒီကိစၥက ငါတို႔နဲ႔မဆိုင္ဘူးကြ၊ ငါတို႔ျပန္မယ္၊ ငါတို႔လာတာ ႏြားဝယ္ဖို႔လာတာ”

က်ဳပ္တို႔လည္း အဲဒီအေဆာက္အအုံထဲက ထြက္ခဲ့ေရာ ႏြားႀကီးက ႏွာေတြမႈတ္ၿပီးေတာ့ က်ဳပ္တို႔ကိုၾကည့္လို႔ဗ်၊ ငေသာင္းလွပ္ထားတဲ့ ဝါးကပ္ၿခံစည္း႐ိုးကေန ကုန္းၿပီးအျပင္ကိုထြက္လိုက္ေတာ့ အျပင္မွာ လူတစ္ေယာက္ကိုေတြ႕လိုက္ရပါေရာဗ်ာ၊

“ေၾသာ္၊ ဧည့္သည္ေတြေရာက္ေနတာကိုး”

အဲဒီလူက ခပ္ပုပု၊ ခပ္ဖိုင့္ဖိုင့္ပဲဗ်၊ ဆံပင္ေတြက လိမ္ေကာက္ၿပီးေတာ့ အလုံးကေလးေတြလိုျဖစ္ေနတယ္၊ ဝတ္ထားစားထားတာကေတာ့ အေကာင္းစားအဝတ္အစားေတြပဲ၊ ေရေမြးနံ႔ကလည္း ႀကိဳင္လို႔ဗ်ာ။

“ခင္ဗ်ားကဘယ္သူလဲ”

က်ဳပ္ေမးေတာ့ ဒီလူကၿပဳံးၿဖီးၿဖီးနဲ႔ဗ်၊ ငေသာင္းကထြက္လာေတာ့ အဲဒီလူကိုၾကည့္ၿပီး ထိတ္လန႔္သြားတယ္။

“ကို၊ ကိုဆန္နီ”

“ဟား၊ ဟား ငေသာင္းေရ၊ မင္းကတို႔ၿခံထဲေနၿပီးေတာ့ သူခိုးလမ္းျပလုပ္တယ္ေပါ့ဟုတ္သလား”

ဦးဘသာက ထြက္လာၿပီးေတာ့

“စိတ္မဆိုးပါနဲ႔ကြာ၊ ငါတို႔က ႏြားလားဥႆဘကို မျမင္ဖူးလို႔ဝင္ၾကည့္႐ုံတင္ပါ”

“က်ဳပ္ႏြားက ခင္ဗ်ားတို႔ၾကည့္ခ်င္တိုင္းဝင္ၾကည့္လို႔ရေအာင္ ျပထားတာမဟုတ္ဘူးဗ်”

ဦးဘသာက ရယ္က်ဲက်ဲနဲ႔

“ေအးပါကြာ၊ မင္းမႀကိဳက္ဘူးဆိုရင္လည္း ငါတို႔ျပန္ပါ့မယ္”

ဦးဘသာက ဆန္နီကိုေက်ာ္ၿပီးထြက္လိုက္ေတာ့ ဆန္နီက ဦးဘသာကိုလက္နဲ႔လွမ္းတားလိုက္တယ္။

“ခင္ဗ်ားတို႔ကို ဘယ္သူကျပန္ခိုင္းေနလို႔လဲ၊ ခင္ဗ်ားတို႔ဒီကေန ဘယ္မွမသြားရဘူး”

ဆန္နီက က်ဳပ္ကိုလက္ညႇိဳးထိုးလိုက္ၿပီးေတာ့

“မင္းထိုင္ေနလိုက္စမ္း”

က်ဳပ္လည္း ဘယ္လိုျဖစ္သြားသလဲမသိဘူးဗ်ာ၊ ဆန္နီစကားကိုၾကားေတာ့ ေၾကာက္သလိုလို႐ြံ႕သလိုလိုျဖစ္သြားၿပီးေတာ့ ေျမႀကီးမွာေဆာင့္ေၾကာင့္ထိုင္ခ်လိုက္တာပါပဲ၊ လက္ကိုလည္းပိုက္လို႔ဗ်၊ ေနာက္ေတာ့ ဆန္နီက ငေသာင္းကိုအဲဒီအတိုင္းေျပာေတာ့ ငေသာင္းလည္းက်ဳပ္ေဘးမွာထိုင္ခ်လိုက္တယ္။ ဆန္နီအေရွ႕မွာ က်ဳပ္တို႔ႏွစ္ေယာက္ ငုတ္တုတ္ကေလးေတြေပါ့ဗ်ာ၊ ဦးဆန္နီက ဦးဘသာကိုလက္ညႇိဳးထိုးၿပီး

“ခင္ဗ်ားလဲထိုင္ေနစမ္း”

ဦးဘသာက ဘာမွမျဖစ္ဘူးဗ်၊ ပုခုံးတြန႔္ျပၿပီးေတာ့ အေရွ႕ကိုဆက္ေလွ်ာက္သြားတယ္၊ ဆန္နီက သူ႔ကိုယ္သူမယုံသကၤာနဲ႔

“ခင္ဗ်ားကိုထိုင္လို႔ေျပာေနတယ္ေနာ္”

ဦးဘသာက ေျခဆယ္လွမ္းေလာက္ေရာက္သြားၿပီဗ်၊ အေနာက္ကိုျပန္လွည့္မၾကည့္ဘဲ

“ေဟ့ဆန္နီ၊ မင္းသူမ်ားေတြကိုသာ ေစခိုင္းၿပီးေတာ့ ႏြားလုပ္ခိုင္းလို႔ရခ်င္ရမယ္၊ ငါ့ကိုေတာ့မရဘူးကြ”

ဆန္နီတစ္ေယာက္ ေဒါသေခ်ာင္းေခ်ာင္းထြက္သြားတယ္ဗ်ာ။

“ေၾသာ္၊ခင္ဗ်ားႀကီးက က်ဳပ္ႏြားလုပ္တာေတြကိုလည္း အကုန္သိေနတယ္ေပါ့”

ဆန္နီက ဦးဘသာအေနာက္ကိုလွစ္ခနဲေရာက္သြားၿပီးေတာ့ ဦးဘသာလည္ကုပ္ကိုလက္ဝါးႀကီးနဲ႔ပုတ္ခ်လိုက္တာဗ်ာ၊ ျမန္လိုက္တာမွေျပာမေနပါနဲ႔၊ ဦးဘသာကလည္း ညာဖက္လက္ကိုေနာက္ျပန္လုပ္ၿပီး ဆန္နီရဲ႕လက္ကိုျပန္ပုတ္ခ်လိုက္ေတာ့ ဖုန္းခနဲအသံႀကီးနဲ႔အတူ ဆန္နီတစ္ေယာက္ အေနာက္ကိုေျခသုံးေလးလွမ္းေလာက္ ဆုတ္သြားတာေပါ့ဗ်ာ။ ၿပီးေတာ့ ရယ္က်ဲက်ဲနဲ႔

“ေၾသာ္၊ ေဟာ္၊ အဘိုးႀကီးက ပညာသည္ကိုး၊ ေဟာဒီက ဆန္နီဆိုတဲ့ေကာင္ကလည္း ႏွယ္ႏွယ္ရရမဟုတ္ဘူးေနာ္ဗ်၊ စုန္းမေၾကာက္လို႔ စုန္း႐ြာမွာေနတဲ့ေကာင္”

ဒီေတာ့မွ ဦးဘသာက ဒီဖက္ကိုလွည့္လိုက္ၿပီး

“ေဟ့ဆန္နီ၊ ၾကည့္ရတာ မင္းလည္းငါ့ကို ႏြားလုပ္ေစခ်င္ပုံရတယ္၊ ဟိုငေသာင္းကို လုပ္သလိုမ်ိဳးေပါ့၊ ဟုတ္တယ္မဟုတ္လား”

ဆန္နီက ေဒါသထြက္ၿပီး

“ဟုတ္တယ္၊ ဟုတ္တယ္၊ က်ဳပ္ၿခံထဲကိုေရာက္တဲ့လူမွန္သမွ် လူအျဖစ္နဲ႔ျပန္ထြက္စရာအေၾကာင္းမရွိဘူး”

ဆန္နီက သူ႔လက္မွာဝတ္ထားတဲ့လက္စြပ္ကိုမန္းမႈတ္ၿပီးေတာ့ ဦးဘသာကိုလက္စြပ္နဲ႔ခ်ိန္လိုက္တာပဲဗ်ာ၊ လက္စြပ္ထိပ္မွာ လိေမၼာ္ေရာင္၊ အနီေရာင္လို အေရာင္ေတြတလက္လက္နဲ႔ထြက္လာပါေရာ၊ ဦးဘသာကေတာ့ ေအးေအးေဆးေဆးပဲ လက္ပိုက္ၿပီးရပ္ေနတယ္၊

“ေဟ့၊ ဆန္နီ မင္းလုပ္လို႔ၿပီးၿပီလားကြ”

ဆန္နီက ေနာက္ထပ္ထပ္ၿပီး လက္စြပ္ကိုမန္းမႈတ္တယ္ဗ်၊ ဒီတစ္ခါေတာ့ လက္စြပ္ထဲကေန ရႉးခနဲျမည္သံႀကီးနဲ႔ မီးခိုးေငြ႕ေတြလိုလို၊ မီးခိုးတန္းႀကီးလိုလိုထြက္သြားပါေရာဗ်ာ၊ ဦးဘသာက ဘာမွမကိုမျဖစ္တာ။

“ဆန္နီေရ ၿပီးပလားဟ”

ဆန္နီတစ္ေယာက္ ေတာ္ေတာ္ထိတ္လန႔္ေနတာဗ်၊ လက္ေတြေတာင္တုန္ယင္ေနတယ္၊ ေနာက္ေတာ့ သူဝတ္ထားတဲ့ပုဆိုးကိုခြၽတ္ၿပီးေတာ့ ေခါင္းၿမီးၿခဳံခ်လိုက္တယ္၊ ၿပီးတာနဲ႔ လွစ္ခနဲေျပးေတာ့တာပဲဗ်ာ၊ ဒါေပမယ့္ ရယ္စရာေတာ့ေကာင္းသားဗ်၊ သူ႔ပုဆိုးစတစ္စက ေျမႀကီးမွာကပ္ေနၿပီးေတာ့ သူေျပးေပမယ့္ အေရွ႕မေရာက္ဘဲ ပုဆိုးနဲ႔တြယ္ေနတာ၊ မသိရင္ကာတြန္းကားထဲကေျပးသလိုပဲဗ်ာ၊ ေျပးသာေျပးေနတယ္ အေရွ႕မေရာက္ဘူးဗ်ိဳ႕။

“ဆန္နီေရ မင္းကေတာ့ မႏိုင္ရင္ေျပးတာပဲကြ၊ ေဟ့ေကာင္၊ ဒီဘက္လွည့္”

ဦးဘသာေျပာေတာ့ ဆန္နီက ဦးဘသာဘက္ကိုလွည့္ၾကည့္လိုက္ပါေရာ၊ ပုဆိုးက ကြင္းလုံးကြၽတ္ႀကီးျဖစ္သြားေတာ့ ဆန္နီကေအာက္မွာ အတြင္းခံေဘာင္းဘီေလးပဲပါေတာ့သဗ်၊ ဦးဘသာက သူစီးထားတဲ့ကတၱီပါဖိနပ္ရဲ႕ ညာဘက္ဖိနပ္ကိုခြၽတ္လိုက္ၿပီးေတာ့ အေရွ႕ကိုအသာေလးထုတ္လိုက္တယ္၊ ၿပီးေတာ့ ဖိနပ္ရဲ႕ဖေနာင့္ေနရာကို ေျခဖ်ားနဲ႔နင္းထည့္လိုက္ေတာ့ ဖိနပ္က ဦးေမာ့ၿပီးေလေပၚေထာင္တက္လာတာပါပဲ။

“ဆန္နီ၊ မင္းလိုေကာင္ကိုေတာ့ ငါမလုပ္ေတာ့ဘူး၊ ငါ့ဖိနပ္ကိုပဲလႊတ္လိုက္မယ္ဟဲ့”

ေျပာရင္းဆိုရင္း ကတၱီပါဖိနပ္က မိုးေပၚေထာင္တက္ၿပီး ဆန္နီဆီကိုေျပးသြားတာပဲဗ်ာ၊ ဖိနပ္က မိုးေပၚမွာ ဘယ္ပ်ံညာျပန္လုပ္ေနၿပီးေတာ့ ဆန္နီရဲ႕ပါးကို တျဖန္းျဖန္းနဲ႔႐ိုက္တာဗ်ာ၊ ဘယ္ဘက္ကေန႐ိုက္ထည့္လိုက္၊ ျဖန္းခနဲအသံျမည္ၿပီးေတာ့ ဆန္နီက ညာဘက္ကိုေခါင္းကို လည္သြားလိုက္၊ ဖိနပ္က ညာဘက္ကိုပ်ံဝင္သြားၿပီး ဆန္နီရဲ႕ညာဘက္ပါးကို႐ိုက္ထည့္လိုက္နဲ႔ ႐ိုက္တာေပါ့ဗ်ာ၊ ဆန္နီခမ်ာေနာက္ဆုတ္ေနာက္ဆုတ္နဲ႔ ဖိနပ္က ပါးကိုခ်ည္း႐ိုက္တာဗ်၊ ေနာက္ဆုံးက်ေတာ့ ဖိနပ္က ဆန္နီရဲ႕ငယ္ထိပ္ကို ျဖန္းခနဲ႐ိုက္ၿပီးေတာ့ ဦးဘသာဆီပ်ံထြက္သြားၿပီး ညာဘက္ေျခေထာက္အေရွ႕မွာ အသာကေလးေလ်ာခနဲက်တယ္ဗ်ာ၊ ဦးဘသာက ဖိနပ္ကိုအသာျပန္စီးလိုက္တယ္၊ ဆန္နီတစ္ေယာက္ မ်က္ႏွာႀကီးေယာင္ကိုင္းၿပီး ေလးဖက္ေထာက္လဲက်ေနပါေရာဗ်ာ။

“ေတာင္းပန္ပါတယ္၊ ေတာင္းပန္ပါတယ္ဆရာႀကီးရယ္၊ က်ဳပ္ကိုမသတ္ပါနဲ႔”

“မင့္ကိုငါမသတ္ပါဘူးကြ၊ ေျပာစမ္း၊ မင္း အေဖကိုမင္းဘယ္လိုလုပ္ခဲ့တာလဲ”

ဆန္နီက ေျပာဖို႔ႏႈတ္ဆိတ္ေနတယ္ဗ်၊

“ေျပာေလကြ၊ ဆန္နီရ”

“ဟုတ္၊ ဟုတ္ကဲ့ က်ဳပ္အေဖကိုက်ဳပ္ ႏြားအျဖစ္ေျပာင္းခဲ့မိပါတယ္”

က်ဳပ္နဲ႔ငေသာင္းနဲ႔ဆို အံ့ၾသလိုက္တာမွေျပာမေနပါနဲ႔ဗ်ာ၊ ဦးဘသာကေတာ့

“အင္း၊ ငါထင္သားပဲ၊ မင္းဘာျဖစ္လို႔ ကိုယ့္အေဖကိုယ္ႏြားျပန္လုပ္ရတာလဲ”

“တကယ္ေတာ့ အေဖက က်ဳပ္အေဖအရင္းမဟုတ္ပါဘူး၊ ေမြးစားအေဖပါ”

“ဟင္”

“ဟုတ္ပါတယ္၊ သူ႔မွာသားအရင္းတစ္ေယာက္ရွိပါတယ္၊ သူ႔သားက ၿမိဳင္သာမွာအေနမ်ားပါတယ္၊ သူေသရင္ သူ႔အေမြေတြကို သူ႔သားကိုေပးမွာစိုးတာနဲ႔ က်ဳပ္လည္း က်ဳပ္တတ္တဲ့ပညာတစ္ခုနဲ႔ သူ႔သားကိုအရင္ ႏြားအျဖစ္ေျပာင္းလိုက္ပါတယ္”

“ခင္ဗ်ားေတာ္ေတာ္ရက္စက္တဲ့လူပဲ”

“ႏြားအျဖစ္ေျပာင္းလို႔ ေအာင္ျမင္သြားေတာ့ ဦးဘာဘာကိုပါ ႏြားအျဖစ္ေျပာင္းလိုက္ပါတယ္၊ ႏြားအျဖစ္ေျပာင္းတာ မလြယ္ပါဘူး၊ အခ်ိန္ဆယ့္ေလးရက္တိတိၾကာပါတယ္”

“မင္းေတာ္ေတာ္လုပ္ရက္တဲ့လူပဲကြ၊ ေမြးစားအေဖဆိုေပမယ့္ မင္းကိုငယ္ငယ္ကတည္းက ေကြၽးေမြးလာတဲ့ ေက်းဇူးကိုမွမေထာက္ကြာ”

“က်ဳပ္မွားပါတယ္ဆရာႀကီးရယ္၊ က်ဳပ္လည္း ကိုယ္နဲ႔အဆင္မသင့္တဲ့လူေတြကို ႏြားအျဖစ္ေျပာင္းမိပါတယ္၊ က်ဳပ္အရင္ယူထားတဲ့မယားနဲ႔ မယားပါသားသမီးႏွစ္ေယာက္ကိုလည္း ေျပာင္းမိပါတယ္”

“ဒါဆို ဟိုေကာင္ငေသာင္းကိုေရာ မင္းပဲလုပ္တာမဟုတ္လား”

“ငေသာင္းက အားကိုးရတာနဲ႔ သူ႔ကိုက်ဳပ္က ရေသ့ေယာင္ေဆာင္ၿပီးေတာ့ ျမႇဴဆြယ္ခဲ့ပါတယ္၊ ရေသ့ကက်ဳပ္မွန္း ငေသာင္းမသိခဲ့ပါဘူး”

ဦးဘသာက ငေသာင္းကိုၾကည့္ၿပီး

“ေတြ႕ၿပီလားငေသာင္း၊ သူကမင္းကို ႏြားျဖစ္ေစခ်င္ေနတာပဲ”

“ဟုတ္ပါတယ္၊ ဒါေပမယ့္ ငေသာင္းကိုေတာ့ ခိုင္းစားအုံးမယ္လို႔စိတ္ကူးၿပီး ခ်က္ခ်င္းႏြားမေျပာင္းပစ္ဘဲနဲ႔၊ အစီအရင္ရဲ႕အေနာက္ဆုံးအပိုင္းကို ခ်န္လွပ္ထားလိုက္တာပါ”

ဦးဘသာက ခါးေထာက္ရင္း

“ဒါဆိုရင္ သူ႔တစ္ကိုယ္လုံးအေမႊးဖုံးသြားတာနဲ႔ ဒီေကာင္ႏြားျဖစ္သြားမယ္မဟုတ္လား”

“ဟုတ္ပါတယ္”

“ဒါဆို အဲဒီႏြားျဖစ္တာကို ျပန္ေျဖလို႔ရတဲ့နည္းလမ္းရွိသလား”

“ႏြားမျဖစ္ခင္ပဲေျဖလို႔ရပါတယ္၊ ႏြားျဖစ္သြားရင္ေတာ့ အဲဒီႏြားအျဖစ္နဲ႔ လူ႔သက္တမ္းေနခဲ့သေလာက္ျဖတ္သန္းရပါတယ္၊ ဆိုလိုတာက လူ႔ဘဝမွာ အသက္ငါးဆယ္ေနခဲ့ရရင္ ႏြားအျဖစ္လည္းအႏွစ္ငါးဆယ္ေနရမွာပါ ဆရာႀကီး”

ငေသာင္းက ဝုန္းခနဲမတ္တပ္ထရပ္တယ္ဗ်၊ ၿပီးေတာ့ ဆန္နီရဲ႕ပုခုံးကိုဆြဲပါေရာ။

“မင္းေၾကာင့္ကြ၊ သူေတာင္းစားရ၊ မင္းလုပ္လို႔ ငါ့မိသားစုနဲ႔ငါကြဲခဲ့ရတာ၊ မင္းေၾကာင့္ ငါႏြားျဖစ္ေတာ့မလို႔ကြ”

ဦးဘသာက လက္ကာျပၿပီးေတာ့

“မလုပ္နဲ႔ ငေသာင္း၊ စိတ္ကိုထိန္း၊ မင္းထိုးႀကိတ္လို႔လည္း ဘာမွထူးမသြားဘူး”

က်ဳပ္လည္းမတ္တတ္ထရပ္ၿပီး

“ဒါဆို ဒီေကာင့္ကို က်ဳပ္တို႔ ဒီအတိုင္းလႊတ္ထားမွာလားဗ်ာ”

ဦးဘသာက ေခါင္းခါၿပီးေတာ့

“မလႊတ္ပါဘူးကြာ၊ သူလုပ္တဲ့အက်ိဳးဆက္ သူျပန္ခံစားရမွာပါကြ၊ ခုနက ဒီေကာင္ငါ့ဇက္ပိုး႐ိုက္ၿပီး ႏြားလုပ္ခိုင္းတုန္းက ငါကတန္ျပန္ပညာရပ္နဲ႔ထည့္လိုက္လို႔ အခုဒီေကာင့္္ပညာ ဒီေကာင့္ကိုျပန္စူးေနၿပီကြ”

ဆန္နီေတာ္ေတာ္ေၾကာက္သြားတယ္၊ ၿပီးေတာ့ သူ႔လည္ကုပ္ကိုသူ ျပန္ၿပီးစမ္းၾကည့္တယ္။

“မ၊ မလုပ္ပါနဲ႔ဆရာႀကီး၊ က်ဳပ္ကိုမလုပ္ပါနဲ႔”

ဦးဘသာက ၿပဳံးရင္း

“မင္းကိုဘာမွမလုပ္ပါဘူးကြ၊ မင္းလုပ္ရပ္မင္းကိုျပန္ထိတာပဲ”

“မလုပ္ပါနဲ႔ဆရာႀကီးရာ၊ က်ဳပ္ကိုျပန္ေခ်ဖ်က္ေပးပါ”

“ဒါဆိုရင္ေတာ့ တန္ရာတန္ေၾကးေပးရမွာေပါ့ကြ၊ မင္းဆီက ႏြားႏွစ္ရွဥ္းငါလိုခ်င္တယ္”

ဆန္နီက ေခါင္းညိတ္ရင္း

“ယူပါဆရာႀကီး၊ ယူပါ၊ ႏြားႏွစ္ရွဥ္းမကလို႔ ငါးရွဥ္းယူမယ္ဆိုရင္လည္း က်ဳပ္ေပးပါတယ္”

“ဟ၊ ရက္ေရာလွခ်ည္လားဆန္နီရ၊ မင္းကတိေနာ္၊ ႏြားငါးရွဥ္းငါ့ကိုတကယ္ေပးမွာလား”

“ေပး၊ ေပးပါ့မယ္”

“ၿပီးေရာ၊ မင္းအစြမ္းေလာက္ကေတာ့ ငါျပန္ျဖဳတ္စရာမလိုဘူး၊ ေဟ့အလတ္ေကာင္၊ မင္းခုနက ငေသာင္းကိုႏြားေမွာ္ျပန္ျဖဳတ္ေပးသလိုမ်ိဳး၊ ဒီေကာင္ ဆန္နီ႔ကို ျဖဳတ္ေပးလိုက္စမ္းပါကြာ”

က်ဳပ္လည္း သိလိုက္ပါၿပီဗ်ာ၊ ဒါနဲ႔ ဆန္နီအနားကိုသြားၿပီးေတာ့ ဆန္နီရဲ႕ကုပ္ပိုးကို အားကုန္ေဆာ္ထည့္လိုက္ေတာ့တာေပါ့ဗ်ာ၊ က်ဳပ္က လက္နဲ႔ေဆာ္တာမဟုတ္ဘူးဗ်၊ အနားမွာရွိတဲ့ ထင္းေခ်ာင္းေကာက္ေဆာ္လိုက္တာ၊ က်ဳပ္အားမ်ားသြားတယ္ထင္တယ္၊ ဆန္နီတစ္ေယာက္အေရွ႕ကိုဟပ္ထိုးလဲက်သြားၿပီးေတာ့ ေနာက္ေခ်းပုံထဲမ်က္ႏွာစိုက္ၿပီး ေမ့လဲသြားေတာ့တာပဲ၊ ဆန္နီရဲ႕ ကတိအတိုင္း ႏြားငါးရွဥ္းကို ေကာင္းတဲ့အေကာင္ေ႐ြးၿပီးေတာ့ ဆြဲလာခဲ့တယ္ဗ်ာ။ ငေသာင္းကလည္း ဆန္နီတို႔ၿခံထဲကေန က်ဳပ္တို႔နဲ႔အတူတူလိုက္လာခဲ့ေတာ့တာေပါ့။

“ဒါဆိုရင္ ဆန္နီသူ႔ပညာသူျပန္မိတယ္ဆိုတာ တကယ္မဟုတ္ဘူးေပါ့ေနာ္ ဦးဘသာ”

“ဒါေပါ့ကြ၊ ငါက ႏြားလိုခ်င္တာနဲ႔ ဒီေကာင့္ကိုနည္းနည္းလွည့္လိုက္တာ၊ တကယ္ေတာ့ ငါကသူ႔ကိုဘာမွမလုပ္ထားပါဘူး”

“ဆန္နီေၾကာက္ေနတဲ့႐ုပ္ကိုၾကည့္ၿပီး က်ဳပ္ျဖင့္ရယ္ခ်င္လိုက္တာဗ်ာ၊ ဆရာႀကီးကိုလည္း ေက်းဇူးတင္ပါတယ္၊ ဆရာႀကီးေျပာတဲ့အတိုင္း က်ဳပ္ဆရာႀကီးနဲ႔ေတြ႕တာ ကံေကာင္းတာပဲဗ်ာ”

“ေအး၊ ဒါဆိုရင္လည္း မင္းသိထားတာေတြကို ေရငုံႏႈတ္ပိတ္သာေနလိုက္ကြာ၊ ဒီအေၾကာင္းေတြ လူတိုင္းသိလို႔ အက်ိဳးမရွိဘူးမဟုတ္လား”

ငေသာင္းက ေခါင္းညိတ္တယ္ဗ်၊ လမ္းခြဲတစ္ခုေရာက္ေတာ့ ငေသာင္းက သူ႔အိမ္ျပန္မယ္ဆိုၿပီး လမ္းခြဲသြားေလရဲ႕ဗ်ာ၊ က်ဳပ္နဲ႔ဦးဘသာ ႏြားေတြကိုဆြဲလာရင္း က်ဳပ္ေတာ့ လက္ထဲက ႏြားအ႐ိုးပုေလြကေလးကိုၾကည့္ၿပီး လမ္းေဘးနားက ေရကန္ႀကီးထဲကိုပစ္ထည့္လိုက္တာေပါ့ဗ်ာ။

“သြားေပအုံးေတာ့၊ ပုေလြေလးေရ”

ဦးဘသာက က်ဳပ္ကိုလွည့္္ၾကည့္ၿပီး

“အဲဒီပုေလြကိုဘာျဖစ္လို႔ လြင့္ပစ္လိုက္တာလဲကြ”

“ဟာ၊ ဦးဘသာကလည္း ငေသာင္းႏြားေတြထိမ္းႏိုင္တယ္ဆိုတာ အဲဒီပုေလြေၾကာင့္မွမဟုတ္တာ၊ သူႏြားေမွာ္ေအာင္ထားလို႔မဟုတ္ဘူးလား”

“မင္းကေတာ့ လုပ္လိုက္ရင္တလြဲခ်ည္းပဲ၊ ႏြားေမွာ္ေအာင္တာနဲ႔ ႏြားေတြထိန္းႏိုင္တာနဲ႔ ဘာဆိုင္သလဲကြ၊ ၾကန္စုံ႐ိုးပုေလြက တကယ္စြမ္းတယ္၊ ငေသာင္းက ႏြားေက်ာင္းေနလို႔ ဆန္နီက ေပးထားတဲ့သေဘာပဲ”

“ဗ်ာ”

က်ဳပ္ဆိုရင္ အံ့ၾသသြားၿပီး ပါးစပ္ႀကီးကိုဟၿပီးက်န္ေနခဲ့တာပဲ။

“ဦးဘသာ၊ ဦးဘသာပဲ ႏြားေတြဆြဲၿပီး ျပန္ႏွင့္ေတာ့ဗ်ာ”

“ေဟ့အလတ္ေကာင္၊ မင္းဘယ္သြားမလို႔လဲ”

က်ဳပ္လည္း ဦးဘသာအေမးကို ျပန္မေျဖေတာ့ပါဘူးဗ်ာ၊ အေနာက္ကိုျပန္လွည့္ေျပးၿပီးေတာ့ ခုနက အ႐ိုးပုေလြကေလး လြင့္ပစ္ခဲ့တဲ့ေရကန္ထဲကို တစ္ခါထဲ ဒိုင္ဗင္ထိုးၿပီး ခုန္ဆင္းလိုက္ပါေရာ၊ ဘာလုပ္မလို႔လဲဆိုတာေတာ့ က်ဳပ္ကိုမေမးနဲ႔ဗ်။

ၿပီးပါၿပီ။
#အဂၢေဇာ္ #ဦးဘသာ #စုန္း #သရဲ