“စုန်းထီးကြီးဦးဘသာနှင့် ဝိညာဉ်ဖလှယ်တဲ့ပွဲ”(စ/ဆုံး)

Unicode Version

“စုန်းထီးကြီးဦးဘသာနှင့် ဝိညာဉ်ဖလှယ်တဲ့ပွဲ”(စ/ဆုံး)
——————————————————————-
အတွဲ(၅) စာစဉ်(၅)

(၁)

“အလတ်ကောင်၊ အလတ်ကောင်”

ကျုပ်လည်းအလတ်ကောင်နောက်ကိုပြေးလိုက်သွားတယ်ဗျ၊ ဒါပေမယ့် အောင်ရှိန်က ကျုပ်လက်ကိုလှမ်းဆွဲထားတယ်၊ အလတ်ကောင်နဲ့ ဦးဖိုးထူးဆိုတဲ့လူကြီးကတော့ အမှောင်ကျနေတဲ့လမ်းကျဉ်းကလေးထဲကိုဝင်ပြီးပျောက်ကွယ်သွားပါတော့တယ်ဗျာ။

“အလတ်ကောင်ငါ့ကိုမှတ်မိတယ် အောင်ရှိန်ရ”

“ဒါပေမယ့်လည်း မလိုက်သွားပါနဲ့အုံး သာဒင်ရာ၊ ဒါကလည်း သူတို့ရဲ့လှည့််ကွက်တစ်ခုဖြစ်နေနိုင်တယ်ကွ၊ ငထေရှင်ဆိုတာ သိပ်ကိုမာယာများတဲ့လူပဲ၊ မင်းကိုမှတ်မိချင်ယောင်ဆောင်ပြီးတော့ သူ့အနောက်ကိုမင်းလိုက်လာအောင်လုပ်တာလည်းဖြစ်နိုင်တယ်လေကွာ၊ မင်းလိုက်သွားတော့မှ မင်းကိုတစ်နေရာကနေစောင့်ပြီးတိုက်ခိုက်မယ်ဆိုရင် မင်းဘယ်လိုလုပ်မလဲ”

ကျုပ်ဖြင့်တော်တော်ထူးဆန်းသွားတယ်ဗျာ။

“နေပါအုံး အောင်ရှိန်ရ၊ ငထေရှင်ဆိုတာ ငါနဲ့လည်းမသိသလို၊ ငါနဲ့လည်း ဘာရန်ငြိုးရန်စမှ ရှိတဲ့သူမဟုတ်ဘူးလေကွာ၊ သူက ဘာဖြစ်လို့ ငါ့ကိုသတ်ချင်မှာလဲကွ”

ကျုပ်မေးလိုက်တော့ အောင်ရှိန်က ခေါင်းတညိတ်ညိတ်နဲ့

“ဒါဆိုရင် သူကဘာဖြစ်လို့ ညနေတုန်းက မင်းကိုသေအောင်ကြံမှာလဲကွ၊ မင်းရင်ဘတ်မှာရသွားတဲ့လက်ရာကြီးက သေနိုင်တယ်မဟုတ်လားသာဒင်”

အောင်ရှိန်ပြောတော့မှ ကျုပ်လည်းပြန်တွေးမိတယ်ဗျ၊ ဟုတ်တော့ဟုတ်သားနော်၊ တကယ်လို့ ငထေရှင်နဲ့ရန်ငြိုးမရှိတာမှန်ရင် သူကဘာဖြစ်လို့ ကျုပ်ကိုသေကြောင်းကြံရမှာလဲဗျာ။

“ဒါပေမယ့် ငါ့စိတ်ထဲမှာတော့ အလတ်ကောင်က ငါ့ကိုမှတ်မိတယ်ဆိုတာ ပရိယာယ်မဟုတ်ဘူးလို့ထင်တယ်ကွ၊ ငါ့အထင်တော့ ဒါတကယ်ပဲ”

“တကယ်ဆိုလည်း သည်းခံစောင့်လိုက်ပေါ့ သာဒင်ရာ၊ ဒီအရေးက ညတွင်းချင်းဖြေရှင်းနိုင်တဲ့အရေးမှမဟုတ်တာ၊ ပြီးတော့ အ,ကာလ ညအခါဆိုတာ မကောင်းမှုတွေမွေ့ပျော်တဲ့အချိန်မဟုတ်လားကွ”

“ဒါဆို ငါတို့ဘာလုပ်ကြမလဲ အောင်ရှိန်”

“စစ်ပွဲကတော့ စနေပြီကွ၊ စစ်ပွဲမှာ ရန်သူရဲ့ခလုပ်ကန်သင်းတွေ၊ ဆူးညှောင့်တွေ၊ နင်းမိုင်းဖြတ်မိုင်းတွေသာမက ရန်သူရဲ့လက်နက်တွေကိုပါ သတိကြီးကြီးထားပြီးတော့ မျက်စိရှင်ရှင် နားလျင်လျင်နဲ့နေရတယ်မဟုတ်လားကွ၊ အခုလည်းဒီအတိုင်းပေါ့ကွာ၊ ဒီစစ်ပွဲမှာ သတိကင်းတဲ့လူက တစ်ပန်းရှုံးမှာပဲသာဒင်ရေ၊ ကိုင်းအချိန်မရှိတော့ဘူး၊ ဒီညတို့ တို့ဒီအိမ်မှာပဲ နားလိုက်ကြစို့ကွာ၊ မနက်ရောက်တော့မှ ခေါင်းအေးအေးနဲ့ စဉ်းစားကြတာပေါ့”

ကျုပ်လည်းခေါင်းညိတ်ပြီးတော့ အိမ်ထဲကိုပြန်လိုက်ဝင်ခဲ့ပါတော့တယ်ဗျာ၊ ဘသိုက်ကြည့်ရတာတော့ ကြောက်ကြောက်လန့်လန့်နဲ့ဗျ။ အောင်ရှိန်ကတော့ ဘသိုက်ကိုမကြောက်ဖို့ပြောတယ်။

“ဘာမှမကြောက်ပါနဲ့ ငါတို့ရှိနေသရွေ့ ဒီကောင်တွေမင်းတို့မိသားစုကို ဒုက္ခပေးနိုင်မှာမဟုတ်ပါဘူးကွာ”

ဘသိုက်တို့အိမ်မှာ ခြင်ထောင်သိပ်များများစားစားရှိပုံမရဘူးဗျ၊ ကျုပ်တို့သုံးယောက်အိပ်ဖို့အတွက် ခြင်ထောင်အပြဲအစုတ်ကလေးတစ်လုံးထောင်ပေးရှာပါတယ်၊ ခြင်ထောင်ထဲဝင်ပေမယ့် ကျုပ်ကအိပ်မပျော်ဘူးဗျာ၊ အလတ်ကောင်ကိုပဲ စိတ်ထဲတွေးနေမိတာဗျ၊ မကြာခင်မှာပဲ အိမ်ထဲက ရေနံဆီမီးတိုင်တွေကို မှုတ်လိုက်တော့တယ်၊ အောက်လင်းမီးကိုငြိမ်းလိုက်တော့ အိမ်ကြီးကမှောင်မဲသွားပါရောဗျာ၊ တံခါးရွက်မရှိတဲ့ တံခါးပေါက်ကနေ လရောင်မှိန်ပြပြကလေးက အိမ်ထဲကိုကျနေပါရော၊ ကျုပ်က ခြင်ထောင်တစ်ဖက်စွန်းမှာအိပ်တယ်၊ အောင်ရှိန်ကအလယ်၊ တစ်ဖက်မှာတော့ မိသက်ပေါ့ဗျာ၊ အောင်ရှိန်က ခြင်ထောင်ထဲငုတ်တုတ်ထိုင်ပြီး တရားမှတ်နေတဲ့အချိန်မှာ မိသက်ကတော့ သူ့လွယ်အိတ်ကို တဂျွတ်ဂျွတ်နဲ့နှိုက်နေပါရော။ ကျုပ်လည်းသိချင်တာနဲ့ မိသက်ဘက်ကိုစောင်းအိပ်လိုက်ရင်း

“မိသက်၊ ဘာတွေလုပ်နေတာလဲကွ၊ မှောင်ကြီးမည်းကြီးထဲ ဘာတွေရှာနေတာလဲ”

“ဘာမှမဟုတ်ပါဘူး ဘဘကြီးရာ၊ ဒီငထေရှင်ဆိုတဲ့ကောင်ကို ဆော်ဖို့လက်နက်ရှာနေတာပါ”

ကျုပ်ဖြင့်ပြုံးမိသွားတယ်ဗျ၊ မိသက်က အလွန်ဆုံးရှိမှ ဆယ့်သုံးနှစ်ဆယ့်လေးနှစ်လောက်ပေါ့ဗျာ၊ လူငယ်ဆိုတော့လည်း စိတ်အားတက်ကြွနေတာပေါ့၊ မိသက်က ပုတီးခပ်လတ်လတ်ကလေးတစ်ကုံးကိုထုတ်လိုက်ပြီး သေချာကြည့်နေတယ်။ နှစ်ဆယ့်ခုနစ်လုံးပုတီးထပ် ရှည်တယ်ဆိုတော့ ကျုပ်အထင် လေးဆယ့်ငါးလုံးပုတီးဖြစ်မယ်ထင်တယ်။

“အောင်မယ်၊ ငထေရှင်ကိုများ ဆော်မယ်လေးဘာလေးနဲ့၊ ဟိုကနင့်ကိုလုပ်သွားလို့ ပဋ္ဌာန်းပုတီးကုံးတောင် ပြတ်သွားတယ်မဟုတ်လား”

မိသက်က ကျုပ်ကိုမခံချင်စိတ်နဲ့ကြည့်လိုက်ပြီးတော့

“ဟောဒါက အရဟံပုတီးဘကြီးရဲ့၊ အရဟံသိဒ္ဓိဂုဏ်တော်ကို အပတ်ကိုးထောင်အဓိဋ္ဌာန်နဲ့စိပ်ထားတာ”

မိသက်ကိုကြည့်ပြီး ကျုပ်အံ့သြသွားတာတော့အမှန်ပဲဗျ၊ မိသက်က နောက်ထပ်လွယ်အိတ်ကိုလက်နှိုက်ပြီး ကိုးလုံးပုတီးကလေးတစ်ကုံးထုတ်လိုက်ပြန်ပါရော။

“ဟော၊ ထွက်လာပြန်ပြီ၊ ဒါကရော ဘာပုတီးလဲ”

“ဒါက ဂုဏ်တော်ကိုးပါးပုတီး ဘဘရဲ့၊ သိမ်ဝင်ပုတီးအစစ်၊ ဂုဏ်တော်ကိုးပါးကို ကိုးရာကိုးဆယ့်ကိုးပတ် အဓိဋ္ဌာန်နဲ့စိပ်ထားတာ”

“အားပါးပါး၊ ပုတီးတွေကများလှချည်လား၊ မသိတဲ့လူက နင့်အိတ်ကိုတွေ့ရင် ပုတီးရောင်းတဲ့ကလေးမလို့ ထင်ကုန်တော့မှာပဲ”

မိသက်က ပြုံးလိုက်ပြီးတော့

“ဒါတောင်မှအများကြီးကျန်သေးတယ် ဘဘကြီးကြည့်မလား”

မိသက်က ပုတီးတွေလက်တစ်ဆုပ်စာလောက်နှိုက်ပြတယ်ဗျ၊ ပုတီးတွေကိုစုံလို့ပါပဲဗျာ။

“နေပါအုံးမိသက်ရာ၊ ငါတို့နဲ့မတွေ့နဲ့ နှစ်နှစ်လောက်အတွင်းမှာ နင်ပုတီးတွေချည်းထိုင်စိပ်နေတာပဲလား”

မိသက်က ခေါင်းညိတ်ပြီး

“သမီးက လုပ်စရာမှမရှိတာ ဘဘရဲ့၊ အိမ်မှုကိစ္စဆိုတာကလည်း မကြီးခင်ကြည်တို့၊ မကြီးနှင်းကြည်တို့ကလုပ်တယ်မဟုတ်လား၊ ဒါနဲ့သမီးလည်း အဖေကြီးနဲ့ဆေးကုမလိုက်ရတဲ့နေ့ဆိုရင် အိမ်မှာဖြစ်ဖြစ်၊ မြစ်ကမ်းစပ်မှာဖြစ်ဖြစ် လူသူအေးတဲ့နေရာမှာ သွားသွားထိုင်ပြီး ပုတီးပဲထိုင်စိပ်နေတာ၊ ပုတီးစိပ်တာ ပျော်ဖို့ကောင်းတယ် ဘဘရဲ့”

“အောင်မယ်လေး၊ တစ်ချို့တွေများ ပုတီးစိပ်တာပျင်းဖို့ကောင်းလို့ အိပ်ငိုက်တာပဲကြားဖူးတယ်၊ နင့်အလှည့်ကျမှ ပုတီးစိပ်တာ ပျော်ဖို့ကောင်းတယ်တဲ့လား”

မိသက်က ခေါင်းကုပ်ရင်း

“ဒါတော့မသိဘူးဘဘရေ၊ သမီးကတော့ ပုတီးစိပ်နေရရင်ပျော်တယ်၊ ပုတီးကိုအဓိဋ္ဌာန်နဲ့စိပ်ရင်း အဓိဋ္ဌာန်တစ်ဆင့်ပြီးတစ်ဆင့် အောင်သွားတာကို ခံစားရတာကိုက ပျော်ဖို့ကောင်းတာ၊ ဒါကြောင့် အားရင်ပုတီးချည်းလှိမ့်စိပ်နေတာပေါ့”

ကျုပ်လည်း သဘောကျသွားတယ်ဗျာ။

“နင်ကတော့လေ တော်တော်မလွယ်တဲ့ဟာမလေးပဲ၊ ဒါနဲ့ ပုတီးစိပ်တယ်ဆိုတာ ဒီအတိုင်းစိပ်လို့မရဘူးနော်”

“အောင်မာ၊ ငါကလည်း သူ့ကိုပုတီးစိပ်ပုံစိပ်နည်းကို သေသေချာချာသင်ထားပေးပါတယ်ကွ”

တရားမှတ်နေတဲ့အောင်ရှိန်က တရားဖြုတ်ပြီးဝင်ပြောတယ်၊ ကျုပ်လည်းအောင်ရှိန်ကိုကြည့်ရင်း

“အေးကွာ၊ ဒီမိသက်ဆိုတဲ့ကလေးမကတော့ မလွယ်ဘူးကွ၊ ဆရာထက်တပည့်လက်စောင်းထက်မယ့် ဟာမလေး၊ ဟား၊ ဟား”

ကျုပ်ပြောလိုက်တော့ အောင်ရှိန်ကလည်းရယ်တယ်၊ မိသက်ကတော့ လျှာလေးတစ်လစ်ထုတ်ပြီး ရှက်နေတာပေါ့ဗျာ၊ အောင်ရှိန်က

“အေးကွ၊ ဒါကလည်း ကံတရားအရပေါ့ကွာ၊ ငါကမိသက်ကိုမွှေးစားလိုက်တယ်ဆိုတာ သူ့မှာအုပ်ထိန်းသူမရှိတော့လို့ သနားပြီးမွေးစားလိုက်တာပဲ၊ ပညာပေးဖို့အထိ မတွေးထားဘူးကွ၊ ဒါပေမယ့် သူ့မှာလည်း ပါရမီပါတယ်ထင်ပါတယ်ကွာ၊ အခုရန်ကုန်ကိုလာရင်း ငါဆုံးဖြတ်ချက်ချလိုက်ပြီကွ၊ မိသက်က ငါ့ရဲ့ဆက်ခံသူဖြစ်မှာကျိန်းသေတယ်၊ ဒါကြောင့်မို့ ဘုရားပျံဂိုဏ်းကို သူ့လက်ကိုအပ်မလို့ စဉ်းစားထားတယ်ကွ”

အောင်ရှိန်ကပြောရင်း

“ရှေ့ဖြစ်ဟောကိန်းတစ်ခုအရ ငါ့နေရာမှာဆက်ခံမယ့်လူက မိန်းကလေးတဲ့ကွ၊ ငါလည်းအတွေးမျိုးစုံဝင်နေမိတယ်၊ ငါထင်တာကတော့ ငါမွေးထားတဲ့ ငါ့သမိးနှစ်ယောက်ထဲက တစ်ယောက်ယောက်ဖြစ်မယ်ထင်ခဲ့တာပဲ၊ ဒါပေမယ့် သူတို့ကိုပညာပေးကြည့်ပေမယ့် သူတို့က စိတ်လည်းမဝင်စားသလို၊ လိုက်လဲမလုပ်နိုင်ကြဘူးကွ၊ ဒီအတွက် ငါစိုးရိမ်နေတာကြာခဲ့ပြီကွာ၊ ဒါပေမယ့် ကံတရားဆိုတာကလည်း ထူးဆန်းတယ်ကွ၊ မင်းတို့ရွာကိုလာလည်ရာက မိသက်နဲ့တွေ့ပြီးတော့ မိသက်ကိုငါမွေးစားလိုက်ရတယ်ဆိုတာကလည်း ဒီအတိုင်းအကြောင်းမဲ့ဖြစ်သွားတာမဟုတ်ဘူးကွ၊ အကြောင်းရှိလို့အကျိုးဖြစ်တယ်ဆိုတဲ့စကားဟာ သိပ်မှန်တာပဲကွာ”

ကျုပ်လည်း ခေါင်းညိတ်ပြီးတော့ ထောက်ခံလိုက်မိတယ်။ အောင်ရှိန်က မိသက်ဘက်ကိုလှည့်ပြီးတော့

“ကဲ သမီးမိသက်၊ အိပ်ကြစို့ကွဲ့၊ မနက်ဖြန်မနက် ငါတို့သားအဖ ရွှေတိဂုံဘုရားပေါ်တက်ကြမယ်”

ကျုပ်လည်း အံ့သြသွားတယ်။

“ဟင်၊ ဒါဆို အလတ်ကောင်ကိစ္စကိုဘယ်လိုလုပ်မလဲအောင်ရှိန်”

“ငါပြောခဲ့တယ်မဟုတ်လား၊ ဒီစစ်ပွဲမှာ သတိကြီးကြီးဝိရိယကြီးကြီးထားရမယ်ဆိုတာလေကွ၊ ရွှေတိဂုံဘုရားသွားတယ်ဆိုတာ တခြားမဟုတ်ဘူး၊ စစ်ပွဲတစ်ပွဲကို တိုက်ခိုက်တော့မယ်ဆိုရင် လက်နက်တွေစုရမယ်၊ အဲဒီလက်နက်တွေကိုလည်း ချွန်မြအောင်သွေးထားရမယ်မဟုတ်လား၊ အခုရွှေတိဂုံသွားတယ်ဆိုတာကလည်း ငါတို့လက်နက်တွေကိုအဆင့်မြှင့်ဖို့၊ ငါတို့လက်နက်တွေကို အသင့်ပြင်ဖို့သွားတာပဲ သာဒင်”

ကျုပ်နားလည်လိုက်ပါပြီဗျာ။

“အေးလေ၊ ဒါဆိုရင်လည်း မင်းတို့ချည်းသွားကြပေါ့၊ ကဲ၊ ကဲ မင်းတို့မနက်ခရီးဆက်မှာဆိုတော့ အိပ်လိုက်ကြတော့”

အောင်ရှိန်နဲ့မိသက်လည်း လှဲအိပ်သွားတယ်ဗျ၊ အောင်ရှိန်က ပက်လက်အိပ်တယ်၊ မိသက်ကတော့ဟိုဖက်လှည့််ပြိး ကွေးကွေးလေးပေါ့ဗျာ၊ ကျုပ်လည်း အောင်ရှိန်ကိုကျောခိုင်းပြီးအိပ်ရတယ်၊ အိပ်ရာပြောင်းရင်မအိပ်တတ်တဲ့ ကျုပ်ရဲ့အကျင့်ဆိုးကြောင့်် ကျုပ်အိပ်လို့မပျော်ပါဘူးဗျာ။ ဆက်လှဲနေရင်း တောင်တွေးမြောက်တွေးနဲ့ဆိုတော့ ပိုပြီးဆိုးးတာပေါ့၊ ဒါပေမယ့် အိပ်နေရင်း ကျုပ်ကျောကုန်းတွေပူတက်လာတယ်ဗျာ၊ ပြီးတော့ ဝမ်းဗိုက်ထဲမှာလည်း ပူလောင်လို့ဗျ၊ ကျုပ်လည်းတစ်ခုခုထူးနေတာသိလိုက်ပါပြီ၊ ဒါက ကျုပ်ဆီမှာနေတဲ့ အစောင့်အရှောက်တွေအချက်ပြတာဗျ၊ အောင်ရှိန်တို့သားအဖကျင့်တဲ့ ကျင့်စဉ်တွေက ဘုရားကျင့်စဉ်တွေလေဗျာ၊ အောင်ရှိန်ဆိုတာကလည်း ကံငါးပါးလုံတဲ့လူဆိုတော့ သူ့အစွမ်းတွေကို ကျုပ်မှာရှိတဲ့ပုဂ္ဂိုလ်တွေက မခံနိုင်ဘူးထင်ပါတယ်ဗျာ၊ စုန်းတစ်ယောက်က သူ့လိုလူနဲ့ကျောချင်းကပ်အိပ်ဖို့နေနေသာသာ ကြမ်းတစ်ပြေးထဲတောင် ထိုင်နိုင်မှာမဟုတ်ဘူးဗျ၊ ကျုပ်ကပညာမြင့်နေလို့သာ ဘာမှသိပ်မဖြစ်သာ၊ သာမန်စုန်းဆိုရင်တော့ အနားကပ်တာနဲ့ ဗြောင်းဆန်ထွက်သွားမှာပေါ့ဗျာ။

ကျုပ်လည်း အိပ်ကလည်းအိပ်မပျော်၊ ဆက်လည်းမလှဲချင်တော့တာနဲ့ အိပ်ရာထဲက ထွက်လိုက်မိတယ်ဗျ၊ ခြင်ထောင်ထဲကထွက်ပြီး အိမ်ရှေ့တံခါးပေါက်နားထိုင်လိုက်တော့ ခုနက ပူနေတာတွေ ချက်ချင်းပျောက်သွားတယ်၊ ကောင်းကင်မှာ မှိန်ပြပြသာနေတဲ့ လကိုမော့ကြည့်ပြီး ဘာမဆိုင်ညာမဆိုင် ကျုပ်တို့ရွာကလေးကိုတောင် လွမ်းနေမိပါတယ်ဗျာ၊ အခုနေတဲ့နေရာလေးကလည်း ရန်ကုန်မြို့လို့သာဆိုရပေမယ့် အခုလိုကျတော့လည်း ကျုပ်တို့တောရွာကလေးနဲ့ ထူးမခြားနားပါဘူးဗျာ။

(၂)

“ဦးဘသာ . . .”

ခြံပေါက်ဝနားကနေ အသံကြားလိုက်လို့ ကျုပ်လှမ်းကြည့်လိုက်တော့ ဖြူဖြူအရိပ်တစ်ခုက ခြံဝမှာရပ်နေသဗျာ။

“ဟာ၊ အလတ်ကောင်ပါလား”

ကျုပ်လည်းသူ့အနားပြေးသွားလိုက်တော့ အလတ်ကောင်က အနောက်ကိုဆုတ်သွားတယ်။

“ကျုပ်အနားကိုမလာပါနဲ့ဦးဘသာရာ၊ ဦးဘသာကျုပ်အနားကိုလာရင် ကျုပ်ပူတယ်ဗျ”

ကျုပ်လည်းခြေထောက်ကိုချက်ချင်းရပ်လိုက်ရတယ်၊ အလတ်ကောင်နဲ့ကျုပ်နဲ့ကြားမှာ ဆယ်ပေလောက်တော့ ဝေးနေသဗျ။

“အလတ်ကောင်၊ မင်းငါ့ကိုမှတ်မိတယ်လား”

“မှတ်မိတာပေါ့ဦးဘသာရာ၊ ခုနကလည်း ကျုပ်ဒီကိုလာတော့ ဦးဘသာကိုတွေ့ပါတယ်၊ ဒါပေမယ့်ဗျာ၊ ကျုပ်ဦးဘသာကို နှုတ်မဆက်နိုင်ခဲ့ဘူး”

“မင်းဘာတွေဖြစ်နေတာလဲဦးဘသာ၊ မင်းသေသွားပြီးပြီလား”

အလတ်ကောင်က ခေါင်းခါတယ်ဗျ၊ ခပ်ဖြူဖြူမှုန်ဝါးဝါးနဲ့ အလတ်ကောင်ရဲ့ပုံရိပ်က တိမ်လိုမြူလိုခပ်ဝါးဝါးပါပဲဗျာ။

“ကျုပ်လည်းဘာဖြစ်မှန်းမသိတော့ဘူးဦးဘသာရာ၊ ကျုပ်ထောင်ကြီးတစ်ခုထဲ အကျဉ်းကျနေသလိုဖြစ်နေတယ်ဗျ၊ ဘယ်ကိုမှလည်း မသွားရမလာရဘူး၊ အဲ . . .ဒါပေမယ့် ညရောက်ပြီဆိုရင်တော့ ကျုပ်လွတ်လွတ်လပ်လပ်သွားလို့ရတယ်၊ အခုလည်းဦးဘသာကို သတိရလို့လိုက်လာခဲ့တာပါပဲ”

“ဟာ၊ ဒါဆိုရွာမှာမင်းကိုမြင်ခဲ့တာက မင်းအစစ်ပေါ့”

“ဟုတ်တယ်ဦးဘသာ”

“မင်းမသေဘူးဆိုတော့ ဘာဖြစ်နေတာလဲကွ”

“ကျုပ်လည်း ဘာကိုမှသေချာမသိပါဘူးဗျာ၊ အခုတော့ကျုပ်က အိမ်ကြီးတစ်အိမ်ထဲမှာအိပ်နေသဗျ၊ ကျုပ်အိပ်သွားပြီဆိုရင် ဒီလိုမျိုးကိုယ်သွားချင်တဲ့နေရာကို သွားလို့ရရနေတယ်၊ ဒါကြောင့် ရွာက ကျုပ်အိမ်ကိုပြန်တယ်၊ ဦးဘသာအိမ်ကိုသွားပြီးတော့ ဦးဘသာကို ပြောပြချင်ပေမယ့် ဦးဘသာခြံဝိုင်းထဲဝင်လို့မရဘူး၊ လူဖြူဖြူကြီးတွေက ကျုပ်ကိုတွန်းထုတ်တယ်၊ ဒါနဲ့အိမ်ပြင်ကနေပဲ ဦးဘသာကိုအော်ခေါ်ရတာ”

ကျုပ်သဘောပေါက်လိုက်ပါပြီဗျာ၊ ကျုပ်ခြံကျုပ်ဝန်းကို အစောင့်အရှောက်တွေလက် အပ်ထားတာကိုးဗျ၊ သရဲမွေးတယ်လို့တော့ မပြောချင်ပေမယ့် အဲဒီသဘောပါပဲဗျာ၊ နေစရာမရှိတဲ့ပရလောကသားတွေ၊ ကူရာမဲ့နေတဲ့ပရလောကသားတွေကို ကျုပ်ခြံထဲမှာနေရာပေးထားတယ်၊ အပြန်အလှန်အနေနဲ့ သူတို့ကလည်း ကျုပ်ခြံကပစ္စည်းကို မပျောက်မပျက်အောင် ကြည့်ရှုပေးကြတယ်လေဗျာ၊ အခုအလတ်ကောင်လာတော့ သူ့ကိုခြံထဲက ပရလောကသားတွေက တားမြစ်တာဖြစ်မယ်ဗျ။

“ကျုပ်ကိုကယ်ပါအုံးဦးဘသာရာ၊ ကျုပ်ဒီလိုပုံကြီးနဲ့ဆက်မနေချင်တော့ဘူး၊ ကျုပ်ရွာကိုပြန်ချင်လှပြီဗျ”

“အေးပါအလတ်ကောင်ရာ၊ မင်းကိုငါကယ်မှာပါ၊ မင်းကိုဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ငါရအောင်ကယ်ထုတ်မှာပဲကွ”

ကျုပ်ပြောပြီး အရှေ့ကိုတိုးလိုက်တော့ အလတ်ကောင်က အနောက်ကိုတစ်ချက်လှည့်ကြည့်တယ်ဗျ၊ ပြီးတော့သူက ထိတ်ထိတ်လန့်လန့်နဲ့

“သွားရတော့မယ်ဦးဘသာ၊ ကျုပ်သွားရတော့မယ်၊ ကျုပ်ထွက်သွားတာ သူမသိခင်၊ ကျုပ်သွားရတော့မယ်ဗျ”

“ဟေ၊ အလတ်ကောင်၊ မင်းဘယ်ကိုသွားမှာလဲ၊ ဘယ်ကိုသွားမှာလဲကွ”

ကျုပ်လည်းပြောရင်းဆိုရင်း အရှေ့ကိုပြေးတက်ပြီး အလတ်ကောင်လက်ကိုဆွဲလိုက်တော့ အလတ်ကောင်က မီးခိုးငွေ့တစ်ခုလို ဖြစ်ပြီး ရုတ်ချည်းပျောက်သွားပါရောဗျာ။ ကျုပ်လည်း ဘေးဘီကိုကြည့်ရင်း

“အလတ်ကောင်၊ အလတ်ကောင်” ဆိုပြီးတော့ အော်ခေါ်နေမိတယ်ဗျ၊ နောက်တော့ စိတ်ပျက်လက်ပျက်နဲ့ အိမ်နားကိုပြန်လာခဲ့တယ်၊ ခြံခေါင်းရင်းနားက သရက်ပင်တစ်ပင်အောက်မှာ ပက်လက်ကုလားထိုင်အစုတ်တစ်လုံးချထားတာနဲ့ ကျုပ်လည်းအဲဒီပက်လက်ကုလားထိုင်မှာ ထိုင်လိုက်မိတယ်ဗျ။

“ငါမင်းကိုရအောင်ကယ်မယ်အလတ်ကောင်၊ မင်းကိုငါ ရအောင်ကယ်မယ်ကွ”

အလတ်ကောင်အကြောင်းတွေးပြီးတော့ ပက်လက်ကုလားထိုင်ပေါ်ကို မှီချလိုက်မိတယ်ဗျ၊ တစ်နေကုန်ပင်ပန်းထားတာဆိုတော့ လူကလည်း တော်တော်မြော့နေပြီပေါ့ဗျာ၊ ဒီအချိန်လေအေးအေးလေးတွေကလည်း တဖြူးဖြူးနဲ့တိုက်နေတာဆိုတော့ ကျုပ်လည်းအိပ်မောကျသွားတယ်ဆိုပါတော့။

“အဘကြီး. . . အဘကြီး၊ ဘယ့်နှယ့်ဒီမှာလာပြီးအိပ်နေရတယ်လို့ဗျာ”

ကျုပ်ကိုလှုပ်နှိုးလိုက်တော့မှ ကျုပ်လည်းလန့်နိုးလာတယ်ဗျ၊ ကြည့်လိုက်တော့ ဘသိုက်က ကျုပ်ကိုနှိုးနေတာ၊ မိုးတောင်စင်စင်လင်းပြီး ပတ်ဝန်းကျင်က လင်းချင်းနေပြီဗျာ၊ ပက်လက်ကုလားထိုင်က ထဖို့လုပ်ပေမယ့် တစ်ကိုယ်လုံးက ကိုင်ရိုက်ထားသလို နာကျင်နေပြီးတော့ မထနိုင်ဘူးဗျ၊ ဘသိုက်ဆွဲထူမှ ထလာနိုင်တယ်၊ ခါးတွေလည်းကိုက်နေပြီး ခြေထောက်တွေလည်း တန်းနေပါရောဗျာ၊ ပက်လက်ကုလားထိုင်မှာ တစ်ညလုံးနီးပါးအိပ်ခဲ့ရတာဆိုတော့ အကြောတွေတုံ့ဆိုင်းကုန်တာပေါ့ဗျာ။

“သြော်၊ ဇရာ . . . ဇရာ”

ကျုပ်ညည်းညူလိုက်မိတဲ့အချိန်မှာ အောင်ရှိန်က ကျုပ်ကိုကြည့်ပြီး

“ဇရာတွေ ဘာညာတွေလုပ်မနေပါနဲ့ကွာ၊ လာလာ၊ မျက်နှာသစ်ပြီးတော့ ကောက်ညှင်းပေါင်းလေးစားလိုက်ပါအုံးကွာ၊ ကောက်ညှင်းပေါင်းလေးက မွှေးတယ်ကွ”

ကျုပ်လည်း ထော့နဲ့ထော့နဲ့နဲ့ လမ်းလျှောက်လာပြီးတော့ သံရေစည်ပိုင်းထဲက ရေခပ်ပြီးမျက်နှာသစ်လိုက်မိတယ်ဗျ၊ ဒီအချိန်မှာ လူတစ်ယောက်က ရေထမ်းပုံးကြီးနဲ့ထမ်းလာပြီးတော့ ရေတွေကိုစည်ပိုင်းထဲလောင်းထည့်တယ်၊ ဘသိုက်က အဲဒီလူကိုပိုက်ဆံပေးနေတာမြင်တာနဲ့

“ဟ ရေသယ်ပေးတဲ့လူကို ပိုက်ဆံပေးရတာလားဟ”

“ဟုတ်တယ်အဘကြီးရေ၊ ရေတစ်ထမ်းကို ပြားနှစ်ဆယ်ဗျ”

ကျုပ်တောင်နည်းနည်းတွန့်သွားတယ်ဗျာ၊ ရွာမှာအလကားရတဲ့ရေ၊ ဖောချင်းသုံးချင်း သုံးနိုင်တဲ့ရေက ဒီမှာတော့ တစ်ထမ်းကိုပြားနှစ်ဆယ်တဲ့ဗျ၊ ရေထမ်းပုံးကလည်း ရွာကရေထမ်းပုံးနဲ့ယှဉ်ရင် သားအဖလောက်နီးနီးကိုကွာတယ်၊ ကျုပ်ဖြင့် မျက်နှာသစ်ရမှာတောင် နှမြောလာပြီဗျာ။

မျက်နှာကိုရေနည်းနည်းနဲ့ပဲ သစ်ပြီး အိမ်ပေါ်တက်လာခဲ့တယ်ဗျ၊ အိမ်ရှေ့နားမှာ စားပွဲခုံချထားပြီးတော့ စားပွဲပေါ်မှာ ကောက်ညှင်းပေါင်းတွေတင်ထားတယ်၊ ပဲလုံးလုံးကလေးတွေကို ဆီနဲ့စိမ်ထားတာလဲပါတယ်၊ ဘေးနားမှာ မုန့်အတုံးအတုံးကလေးတွေကိုလည်းချထားသေးတယ်ဗျာ။

“ဟာ၊ ကောက်ညှင်းပေါင်းက မွှေးနေပါလားကွာ၊ တို့ရွာက ကောက်ညှင်းပေါင်းတွေက ဒီလောက်မမွှေးဘူးကွ”

ကျုပ်လည်း ကောက်ညှင်းပေါင်းလက်တစ်ဆုပ်ကို လက်နဲ့နှိုက်ပြီး ကောက်စားလိုက်တယ်၊ စားလို့တော့ကောင်းချက်ပဲဗျာ၊ ကောက်ညှင်းက စင်းစင်းအိအိကလေးဗျ၊ ကျုပ်တော့ ဒီလိုပေါင်းတာကို ကြိုက်သွားတာနဲ့ ဘသိုက်ဘက်လှည့်ပြီး

“ကောက်ညှင်းပေါင်းက ကောင်းလိုက်တာကွာ၊ မင်းမိန်းမပေါင်းတာလားကွ”

“ဘယ်ဟုတ်ပါ့မလဲအဘကြီးရာ၊ မနက်စောစောက ဝယ်လိုက်တာဗျ”

“ဟုတ်လား၊ ဘယ်ဈေးပေးရသလဲ”

“တစ်ဆယ်သားကိုနှစ်ကျပ်ငါးမူးဗျာ”

ကျုပ်ဖြင့် စားနေတဲ့ကောက်ညှင်းတောင်မှ သီးမလိုဖြစ်သွားတယ်ဗျာ၊ အရှေ့က ကောက်ညှင်းပန်းကန်ကိုကြည့်ပြီး

“ဒါဆို ဒီဟာတွေအကုန်လုံးက ဘယ်လောက်ဖိုးလဲ”

“အကုန်လုံး ဆယ့်ငါးကျပ်ဖိုး”

ကျုပ်ဖြင့် လန့်သွားတယ်၊ ဆယ့်ငါးကျပ်ဆိုရင် ကျုပ်တို့တောမှာဆိုရင် ဗိုက်ရိုက်စားလို့ရတယ်ဗျာ၊ ဒါနဲ့ဘေးနားက မုန့်အတုံးလေးတွေကိုလက်ညှိုးထိုးပြီးတော့

“ဒါကရောဘာလဲကွ”

“ဒါက ဘိန်းမုန့််လို့ခေါ်တယ် အဘကြီးရ”

“ဘာ၊ ဘိန်းတဲ့လား ဒီဘိန်းက ဟိုမကောင်းတဲ့မူးယစ်ဆေးဘိန်းနဲ့ တူတူပဲလား”

ကျုပ်ပြောတော့ ဘသိုက်တို့မိသားစုက ရယ်ကြတယ်ဗျ။

“စားမှာသာစားပါဆရာကြီးရာ၊ ဒီဟာစားလို့ ဆရာကြီးမမူးပါဘူးဗျ”

“မသိဘူးလေကွာ၊ ဒီလိုမုန့်မျိုး တို့ဆီမှာမရှိဘူးကွ၊ ဟိုဘိန်းမဟုတ်တာ သေချာပါတယ်နော်ကွ”

“ဟိုဘိန်းသာဆိုလို့ကတော့ ဈေးမှာပေါပေါပဲပဲနဲ့ရပါ့မလားဆရာကြီးရ၊ စားမှာသားစားစမ်းပါ”

ကျုပ်လည်းစားလိုက်တော့ ဆန်နဲ့ထန်းလျက်နဲ့လုပ်ထားတဲ့မုန့်မျိုးဗျ၊ အစေ့ကလေးတွေကတော့ ကိုက်လိုက်ရင် တတောက်တောက်နဲ့ ဆိမ့်နေတယ်ဗျ။

“ကောင်းတော့ကောင်းသားဟေ့၊ ဒါကြောင့် ဘိန်းစားတွေက ဘိန်းတွေစားတာဖြစ်မယ်ကွ၊ ဟား၊ ဟား”

ကျုပ်ပြောတော့ အောင်ရှိန်တို့ရော အားလုံးက ဝိုင်းရယ်လိုက်ကြပါရောဗျာ။

ဘသိုက်တို့ကတော့ အလုပ်ဆင်းဖို့ပြင်ဆင်နေသဗျာ၊ ကျုပ်လည်းမနေနိုင်တာနဲ့ မေးကြည့်မိတယ်။

“ဘသိုက်၊ မင်းတို့အခုဘာလုပ်ကြမလဲကွ”

“ရရာအလုပ်ပေါ့ အဘကြီးရာ၊ ရန်ကုန်မှာက ဘယ်အရာမှအလကားမရဘူးဗျ၊ ကျုပ်တို့ဆိုရင် တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ဘဝပါ”

“အလုပ်ဟူသမျှ ဂုဏ်ရှိစွတဲ့ကွ၊ မဟုတ်တာတော့မလုပ်နဲ့ဟေ့”

“ဆရာကြီးတို့က ရွေတိဂုံဘုရားသွားမလို့ဆိုဗျ”

ဘသိုက်က အောင်ရှိန်တို့ကိုမေးလိုက်တယ်။

“အေးကွ”

“ဒါဆို မြေနီကုန်းဆိုတဲ့နေရာမှာဆင်းပြီး ဘုရားသွားတဲ့ကားလေးတွေရှိတယ်ဆရာကြီး၊ အဲဒါစီးရင် ဘုရားကိုတန်းရောက်တယ်”

“အေးပါ၊ ငါတို့ကိုမပူစမ်းပါနဲ့ကွာ”

ဘသိုက်တို့လူတစ်သိုက်က ထမင်းချိုင့်တွေကိုယ်စီနဲ့ အိမ်ထဲကနေထွက်သွားပါရောလားဗျာ၊ သူတို့ထွက်သွားတော့လည်း အိမ်ကြီးက တိတ်ဆိတ်သွားသဗျ၊ ကျုပ်တို့သုံးယောက်ပဲကျန်ခဲ့တယ်၊ ဘသိုက်မိန်းမကလည်း ဈေးသွားမယ်ဆိုပြီးထွက်သွားလေရဲ့။

“သြော်၊ ဒါနဲ့ငါပြောရအုံးမယ်အောင်ရှိန်ရေ၊ ညက ဒီကိုအလတ်ကောင်လာသေးတယ်ကွ”

အောင်ရှိန်ကမျက်လုံးပြူးသွားတယ်။

“ငါပြောတာဆံုံးအောင်နားထောင်ပါအုံးကွာ၊ လာသွားတယ်ဆိုတာက လူအဖြစ်နဲ့တော့မဟုတ်ဘူးကွ၊ ဝိညာဉ်အဖြစ်နဲ့လာတာ၊ မင်းယုံမလားတော့မသိဘူး၊ အလတ်ကောင်မှ အလတ်ကောင်အစစ်ကွ၊ သူက ညအိပ်တဲ့အခါ အခုလိုမျိုးကိုယ်သွားချင်တဲ့နေရာကို သွားလို့ရတယ်လို့ပြောတယ်ကွ”

ကျုပ်ပြောတာကိုနားထောင်ပြီးတော့ အောင်ရှိန်က ခေါင်းတဆတ်ဆတ်နဲ့ညိတ်တယ်။

“မင်းပြောတာဖြစ်နိုင်ပါတယ်”

ကျုပ်လည်းလန့်သွားပြီးတော့

“ဘယ်လိုကွ၊ မင်းကငါပြောတာကို ယုံတယ်တဲ့လား၊ မသေသေးတဲ့လူတစ်ယောက်က ဒီလိုထွက်သွားပြီး သွားနိုင်တာကို မင်းကယုံတယ်တဲ့လား”

“ယုံတယ်ကွ၊ ဒီနည်းလမ်းကို ဝိညာဉ်လွှင့်တယ်လို့ခေါ်ကြတယ်၊ နာမ်ရုပ်ခွာတယ်လို့လည်းခေါ်ကြတယ်၊ အင်္ဂလိပ်လိုဆိုရင်တော့ Astral Projection လို့ခေါ်တတ်ကြတယ်ကွ”

ကျုပ်တောင်မှ ဒီလောက်မသိဘူးဗျာ၊ ဒါနဲ့အောင်ရှိန်ပြောတာကိုဆက်နားထောင်နေမိတယ်။

“ဒီနည်းလမ်းက ကျင့်လို့လည်းရတယ်၊ ဒါပေမယ့် တော်တော်အချိန်ယူရတယ်၊ ဒါမှမဟုတ်ရင်လည်း မတော်တဆဖြစ်သွားတတ်တာမျိုးရှိတယ်၊ ဘယ်လိုအချိန်မှာဖြစ်တတ်သလဲဆိုရင်တော့ အကြီးအကျယ်စိတ်ဓါတ်ကျတဲ့အချိန်၊ စိတ်ဆင်းရဲနေတဲ့အချိန်မျိုးမှာ ကိုယ်အိပ်လိုက်တဲ့အခါ ကိုယ့်ရဲ့စိတ်ညွတ်တဲ့နေရာမှာ ရုပ်ပုံသဏ္ဍာန်သွားပေါ်တဲ့နည်းပေါ့ကွာ၊ အဲဒါကို တချို့က သရဲခြောက်တယ်လို့ထင်ကြတယ်၊ တကယ်တော့ အဲဒီလိုမဟုတ်ဘူး၊ တို့ဝိဇ္ဇာနည်းမှာ ဒီလိုနည်းတစ်ခုရှိသကွ”

“တို့စုန်းနည်းမှာတော့ ပူးကပ်တာရှိတယ်၊ ဒါပေမယ့် စုန်းတွေထဲမှာ ကိုယ်ထဲကခွာလို့ရတဲ့စုန်း၊ ခွာလို့မရတဲ့စုန်းဆိုပြီးရှိသေးတယ်၊ ဥပမာ ငါပေါ့ကွာ၊ ငါက ကိုယ့်ကိုယ်ထဲကနေ နာမ်ရုပ်ကောင်ကို ခွာမရဘူးကွ၊ ခွာလိုက်ရင် ငါ့ကိုယ်ထဲက ပုဂ္ဂိုလ်တွေက မကြိုက်ကြဘူး၊ ပြီးတော့ မကောင်းကြံနေတဲ့လူတွေအတွက်လည်း အခွင့်အရေးဖြစ်သွားနိုင်တယ်၊ ငါ့ရဲ့နာမ်မရှိတဲ့အချိန်မှာ ငါ့ရုပ်ကောင်ကြီးကို မောင်ပိုင်စီးသွားတာမျိုးလည်း ဖြစ်နိုင်တယ်ကွ”

“ဒီအတိုင်းဆိုရင် အလတ်ကောင်ကို ဝိညာဉ်ဖလှယ်ထုတ်တဲ့နည်းလမ်းနဲ့ ပြန်ခေါ်လို့ရနိုင်တယ်ကွ”

“ဘယ်လိုကွ၊ ဝိညာဉ်ဖလှယ်တာတဲ့လား”

“ဒီနည်းကို ငါတော့မစမ်းဖူးဘူး၊ ဒါပေမယ့် သူများပြောတာတော့ကြားဖူးတယ်၊ ဒီနည်းလုပ်ဖို့ဆိုရင် လူသုံးယောက်လိုတယ်၊ ဝိညာဉ်ခေါ်ထုတ်မယ့်လူနှစ်ယောက်ရယ်၊ ပြီးတော့ နတ်ကတော်လို လိပ်ပြာလှပြီး ပူးလွယ်ကပ်လွယ်တဲ့ လူတစ်ယောက်ပေါ့ကွာ”

အောင်ရှိန်ပြောတာကို ကျုပ်သိပ်စိတ်ဝင်စားသွားတယ်ဗျာ။

“ဥပမာပြောကြပါစို့ကွာ၊ အလတ်ကောင်ဆိုပါတော့၊ အလတ်ကောင်ရဲ့နာမ်က ကိုယ်ထဲကနေ ပွားထွက်တယ်ဆိုပေမယ့် သူဟာ အသက်မသေသေးတဲ့အတွက် သူ့ရဲ့ရုပ်ကောင်နဲ့ဆက်သွယ်ထားတဲ့ နာမ်အပ်ကြိုး၊ တချို့ကလည်း လိပ်ပြာကြိုးလို့ခေါ်တယ်၊ အဲဒီကြိုးကိုရှာရမယ်ကွ၊ အရင်ဆုံးအလတ်ကောင်ရဲ့ နာမ်ကို နတ်ကတော်ဆီပူးကပ်ခိုင်းရမယ်၊ ဒီအချိန်အလတ်ကောင်ရဲ့ကိုယ်ထဲမှာကျန်နေတဲ့ နာမ်ကောင်နောက်တစ်ကောင်ကို မောင်းထုတ်ပြီးတော့ နာမ်အပ်ကြိုးကိုဖြတ်ထုတ်ရမယ်၊ ဒါဆို ဒီလူရဲ့နာမ်က အလတ်ကောင်ရဲ့ကိုယ်နဲ့ပြတ်သွားပြီ၊ တစ်ချိန်တည်းမှာပဲ နတ်ကတော်ဆီဝင်နေတဲ့အလတ်ကောင်ကို သူ့ကိုယ်ထဲကိုပြန်ဝင်ခိုင်းရမယ်၊ ဒီလိုအဖြစ်ကို တစ်ပြိုင်တည်းလုပ်လိုက်တော့မှ ရမယ်ကွ”

“မင်းပြောတာ ငါသဘောပေါက်ပြီ”

အောင်ရှိန်က ကျုပ်ကိုသေချာကြည့်လိုက်ပြီး

“မင်းဘာမှမဟုတ်တာတော့ လျှောက်မလုပ်စမ်းနဲ့ သာဒင်ရာ၊ တစ်ခုခုလုပ်မယ်ဆိုရင်လည်း ငါတို့ကိုတိုင်ပင်စမ်းပါ၊ ဒီကိစ္စက ထင်တာထက်ပိုပြီးနက်နဲတယ်ကွ”

“အေးပါကွာ၊ ငါဘာမှမလုပ်ပါဘူး”

စားသောက်ပြီးတော့ အောင်ရှိန်တို့သားအဖ အိမ်ပေါ်ကဆင်းသွားတယ်၊ အောင်ရှိန်က ခြံဝကနေ ကျုပ်ကိုလှမ်းကြည့်ပြီး

“မဟုတ်တာတွေ မလုပ်နဲ့နော် သာဒင်”

ကျုပ်လည်း ခေါင်းပဲခါပြလိုက်တော့တယ်ဗျာ၊ အောင်ရှိန်တို့ထွက်သွားပြီး တော်တော်ကြာတော့ ဘသိုက်မိန်းမက ဈေးခြင်းတောင်းကြီးဆွဲပြီး ပြန်ရောက်လာတယ်၊ ကျုပ်လည်း အစီအစဉ်ရှိတာနဲ့ သူ့အနားသွားပြီး

“မိန်းကလေး၊ ဒီအနားမှာ နတ်ဝင်သည်တို့၊ နတ်ကတော်တို့ မရှိဘူးလားကွဲ့”

ဘသိုက်မိန်းမက တစ်ချက်စဉ်းစားပြီးတော့

“ရှိတာပေါ့ အဘကြီးရယ်၊ ဈေးပိုင်းမှာ နတ်ကတော်မောင်စိုးဆိုတာရှိတယ်၊ သူ့ကိုလူတွေကတော့ မာမီစိုးလို့ခေါ်တာပေါ့”

ကျုပ်လည်းပြုံးလိုက်မိတယ်။ ကျုပ်အကြံအစည်ကို အကောင်အထည်ဖော်ရမယ့်အချိန်ပေါ့ဗျာ၊ ကျုပ်ကတော့ ရှင်းရှင်းပါပဲ၊ ဒီလောက်တော့ ကျုပ်လည်းလုပ်နိုင်တယ်၊ အောင်ရှိန်တို့ကို စောင့်နေစရာမလိုပါဘူးဗျာ၊ အလတ်ကောင်ကိုကယ်တင်မယ်လို့ ကတိပေးထားတာဆိုတော့ နေ့ရွေ့ညရွေ့မလုပ်နိုင်ပါဘူး၊ ဒါနဲ့ပဲ ကျုပ်လည်း မာမီစိုးအိမ်ကိုမေးပြီးတော့ ရပ်ကွက်ထဲကနေထွက်လာခဲ့လိုက်တော့တယ်။

(၃)

ဈေးပိုင်းဆိုတာ သိပ်စည်ကားတဲ့နေရာဗျ၊ ဈေးအရှေ့မျက်နှာချင်းဆိုင်မှာရှိပြီးတော့ ဆိုင်ကြီးကန္နားကြီးတွေနဲ့ အပြည့်ပဲဗျာ၊ ဆိုင်တစ်ဆိုင်အရှေ့အရောက်မှာ လူတွေအုံခဲနေတာကိုတွေ့လိုက်ရတယ်၊ ပြီးတော့ တေးသီချင်းသံတွေကိုကြားလိုက်ရတယ်၊ နတ်ဒိုးသံက မြိုင်နေအောင်တီးနေတာဆိုတော့ ကျုပ်လည်း လူအုပ်ကြားထဲကိုတိုးဝင်ပြီးကြည့်လိုက်မိတယ်။

“ပခန်းအဖေကြီးကျော်ပါဘုရား၊ တနင်္လာသား၊ သောကြာသမီးတို့က လုပ်ငန်းကိုင်ခန်းတွေအဆင်ပြေလို့ အဖေကြီးတို့ကို ကတိထားတဲ့အတိုင်း ပျော်ပွဲများဆက်ကြောင်းပါအဖေကြီးဘုရား၊ အဖေကြီးကြွမြန်းပြီးတော့ ထန်းရည်၊ ကြက်ကြော်၊ ဝီစကီတော်များကို ဘုန်းပေးပါအဖေကြီးဘုရား”

မင်းညီမင်းသားဝတ်စုံဝတ်ထားတဲ့ နတ်ကတော်က အဲဒီလိုပြောပြီးတာနဲ့ လက်ဝါးတွေတဆတ်ဆတ်တုန်ယင်လာပြီးတော့ နတ်ဝင်တော့တာပါပဲဗျာ၊ ဒါပေမယ့် တကယ်ဝင်တာမဟုတ်ပါဘူးဗျာ၊ ဟန်ပြလုပ်နေတာပါ၊ နတ်ဒိုးခပ်မြူးမြူးတီးလိုက်တဲ့အခါ နတ်ကတော်က ကွေးနေအောင်ကတော့တာပါပဲ။

“မာမီစိုးဆိုတာ သူပဲဖြစ်မယ်”

ကျုပ်တွေးလိုက်မိပြီးတော့ ဆက်ကြည့်နေမိတယ်၊ ကျုပ်အစီအစဉ်က နတ်ကတော်တော့ရနေပြီဗျာ၊ အလတ်ကောင်ကိုရှာဖို့ပဲလိုတော့တယ်မဟုတ်လား၊ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ အုံခဲပြီးကြည့်နေတဲ့လူအုပ်ထဲမှာ အလတ်ကောင်ကိုလှမ်းတွေ့လိုက်ရတယ်ဗျ၊ အလတ်ကောင်က ကျုပ်ကိုမြင်ပုံမရပါဘူး၊ နတ်ကတော် ကနေတာကိုပဲ သေချာငေးပြီးကြည့်နေတယ်၊ ဟန်ကျလိုက်တာများပြောမနေပါနဲ့တော့ဗျာ၊ ဒါနဲ့ကျုပ်လည်း လူအုပ်ထဲကထွက်သွားပြီးတော့ အလတ်ကောင်ရှိတဲ့နေရာကို ပတ်သွားလိုက်တယ်။

ကျုပ်ရင်တွေခုန်လိုက်တာ ပြောမနေပါနဲ့ဗျာ၊ အလတ်ကောင်မသိအောင်လူအုပ်ထဲတိုးသွားပြီး နောက်ဆုံးကျုပ်က အလတ်ကောင်အနောက်တည့်တည့်ကိုရောက်သွားတော့တယ်။ ရောက်သွားတာနဲ့ ဘာမပြောညာမပြောနဲ့ အလတ်ကောင်ဂုတ်ကိုဆွဲပြီးတော့ နတ်ပူးနေတဲ့အရှေ့ကို တစ်ခါထဲခုန်ဝင်လိုက်တော့တယ်ဗျာ။

“ဟေ့၊ တိတ်စရာတိတ်၊ ပိတ်စရာပိတ်၊ စူဠလိပ် . . .”

ကျုပ်အော်လိုက်တဲ့အချိန်မှာပဲ နတ်ကန္နားဝိုင်းကြည့်နေကြတဲ့လူတွေရော၊ ဆိုင်းတီးနေတဲ့လူတွေပါ အကုန်လုံး စလိုးမိုးရှင်းအနှေးပြသလို နှေးနှေးကွေးကွေးကြီးတွေဖြစ်သွားတော့တယ်။ ကျုပ်လည်း အချိန်ဆွဲမနေတော့ဘဲ အလတ်ကောင်ရဲ့နောက်စေ့ကို လက်နဲ့ပုတ်ထည့်လိုက်ပြီးတော့

“ထွက်စရာထွက်၊ သက်စရာသက်စမ်း”

ကျုပ်လက်နဲ့ထိသွားတာနဲ့ အလတ်ကောင်ရဲ့ကိုယ်ထဲကနေ အလတ်ကောင်က ထွက်သွားတယ်ဗျ၊ သူ့ပုံစံအတိုင်း ခပ်ရေးရေးကလေးထွက်သွားတာကို မြင်လိုက်ရသဗျ၊ ဒီအခါ နတ်ကတော်ရဲ့လက်နဲ့ အလတ်ကောင်ရဲ့ဝိညာဉ်နဲ့ကိုဆက်ပေးလိုက်တော့တယ်၊ နတ်ကတော်က ဓါတ်လိုက်သလို တဆတ်ဆတ်တုန်ခါသွားပြီးတော့ တစ်ချက်ငြိမ်ကျသွားတယ်၊ အလတ်ကောင်ရဲ့မှုန်ဝါးဝါးဝိညာဉ်က နတ်ကတော်ဆီကိုဝင်သွားပါရောဗျာ၊ ကျန်တာကတော့ ကျုပ်ဆက်လုပ်ဖို့ပဲဗျ၊ ဒါနဲ့အလတ်ကောင်ရဲ့ကျန်နေတဲ့ကိုယ်ထဲက အကောင်ကိုထုတ်ဖို့အချိန်ပဲပေါ့ဗျာ၊ အလတ်ကောင်ရဲ့ပခုံးကိုလက်နဲ့ပုတ်ထည့်လိုက်တော့ အလတ်ကောင်က မျက်လုံးတွေပွင့်လာသဗျ။

ပြီးတော့ ကျုပ်လက်ကိုဆောင့်ဆွဲလိုက်တယ်၊ အလတ်ကောင်က ပါးစပ်ကြီးဖြဲပြီးတော့ တဟားဟားနဲ့ရယ်ပါရောဗျာ။

“ဟား၊ ဟား၊ ဟား”

အလတ်ကောင်ရယ်တာကိုကြည့်ပြီး ကျုပ်ကျောထဲစိမ့်ခနဲချမ်းတုန်တက်သွားတယ်ဗျာ၊ ဒီအချိန်မှာပဲ ကျုပ်ကိုယ်လုံးကြီးက ပေါ့ပေါ့ပါးပါးကြီးဖြစ်သွားသဗျ။ ကျုပ်လည်း အနောက်ကိုလှည့်ကြည့်လိုက်တော့ အနောက်မှာ ကျုပ်ကိုယ်ခန္ဓာကြီးက ငူငူကြီးရပ်နေသဗျ၊

“မင်း၊ မင်းဒါဘာလုပ်တာလဲ”

“ဘာလုပ်ရမလဲဗျ၊ ခင်ဗျားကိုယ်ကို ကျုပ်လိုချင်လို့ပေါ့ဗျ”

ပြောရင်းဆိုရင်း ကျုပ်ကိုဆောင့်ဆွဲထည့်လိုက်တယ်၊ ကျုပ်ကလွင့်မြောသွားပြီးတော့ အလတ်ကောင်ရဲ့ကိုယ်ထဲကို ဝင်သွားပါရောဗျာ၊ နောက်တော့ ကျုပ်မျက်လုံးတွေအမှောင်ဖုံးလာတယ်၊ ပြီးတာနဲ့ လောကကြီးနဲ့အဆက်အသွယ်ပြတ်သွားတယ်ဆိုပါတော့ဗျာ။

“ဟင်း၊ ဟင်း၊ ဟင်း”

တဟင်းဟင်းနဲ့ရယ်သံကြားတော့မှ ကျုပ်မျက်လုံးဖွင့်လိုက်မိတယ်၊ ကျုပ်ခေါင်းတွေက ကိုက်ခဲနေတာပဲဗျာ၊ ကျုပ်အားယူပြီးကုန်းထရင်း ကျုပ်လက်ကိုကျုပ် ပြန်ကြည့်လိုက်မိတယ်။

“ဟာ၊ ငါ့လက်တွေဘာဖြစ်သွားတာလဲ”

ကျုပ်ရဲ့ပါးရေတွန့်နေတဲ့လက်တွေမရှိတော့ဘဲ ကျစ်လျစ်သန်မာတဲ့ လက်တွေဖြစ်သွားတယ်ဗျာ၊ ကျုပ်အသံကလည်း မတူတော့ဘူးဗျ၊ ကျုပ်လည်း ကိုယ့်ကိုယ်ကိုယ်ပြန်ငုံ့ကြည့်လိုက်တော့ လူငယ်တစ်ယောက်ရဲ့ကိုယ်ခန္ဓာဖြစ်နေပါရော။ ဘေးဘီကိုကြည့်လိုက်တော့ အမှိုက်ပုံကြီးတစ်ခုနားရောက်နေတာဗျ၊ လူသူရှင်းနေပြီးတော့ အမှိုက်တွေ တောင်လိုရာလိုပုံနေတဲ့နေရာပေါ့ဗျာ။

“တော်တော်မှ အံ့သြသွားရဲ့လား”

ကျုပ်နားထဲကြားရတာက ကျုပ်အသံဗျ၊ ဒါနဲ့အသံကြားရာကိုကြည့်လိုက်တော့ ကျုပ်အရှေ့မှာရပ်နေတာ ကျုပ်ကိုယ်တိုင်ပဲဖြစ်နေတယ်။

“ဟာ၊ ဘာတွေဖြစ်ကုန်တာလဲ၊ ဒါ . . ဒါဆို ငါ့က အလတ်ကောင်ကိုယ်ထဲကို ရောက်သွားတာများလား”

“အစစ်ပေါ့ရှင်”

ကျုပ်ဘေးနားကနေ မိန်းကလေးတစ်ယောက်ထွက်လာတယ်ဗျ၊ အသက်ခပ်လတ်လတ်မိန်းမတစ်ယောက်ပဲဗျာ၊ လှတာကတော့ တော်တော်လှပါတယ်။

“နင်တို့၊ နင်တို့ငါ့ကိုဘာလုပ်လိုက်တာလဲ”

“ဘာလုပ်ရမလဲ၊ ဒီလိုဘာမှအသုံးမကျတဲ့ကောင်ရဲ့ ကိုယ်ထဲမှာနေမယ့်အစား အစောင့်အရှောက်ဂန္ဓဗ္ဗသုံးယောက်ပါတဲ့ ဟောဒီကိုယ်လုံးထဲမှာပဲ နေတော့မှာပေါ့ဗျ”

သွားပြီဗျာ၊ မသမာသူက ကျုပ်ကိုယ်ခန္ဓာကို ရသွားပြီဗျ။

“မဖြစ်ဘူး၊ မဖြစ်ဘူး၊ ငါ့ကိုယ်ခန္ဓာကို မင်းတို့မပိုင်ဆိုင်ရဘူး”

“ခင်ဗျားပြောနေလဲ အပိုပါပဲအဘိုးကြီးရာ၊ ဒီလိုဖြစ်အောင် ကျုပ်တို့ပဲစီစဉ်ခဲ့တာဗျ”

ကျုပ်နားတောင်ကျုပ်မယုံနိုင်ဘူးဗျာ။

“ဘာပြောတယ်၊ မင်းတို့က စီစဉ်ခဲ့တာတဲ့လား”

ဘေးနားက မိန်းကလေးက

“ရှင်တို့ကိုမကြာခင် အဆုံးသတ်ပေးမှာဆိုတော့ မသေခင်လေး ဘာတွေဖြစ်သွားတယ်ဆိုတာကို သိအောင်နားထောင်ကြပေါ့ရှင်၊ တကယ်တော့ ဒီကောင်လေးကို ကျွန်မတို့က အသုံးချဖို့စီစဉ်ခဲ့တာ ရှင့််ကြောင့်ဘဲ ဦးသာစံ”

“ဘယ်လို၊ အလတ်ကောင်ကို အသုံးချခဲ့တယ်တဲ့လား”

“ဟုတ်တယ်၊ ဒီကောင်လေးကို ထိလိုက်ရင် တစ်နည်းမဟုတ်တစ်နည်း ရှင်ဒီကောင်လေးအနောက်ကို လိုက်လာမယ်ဆိုတာ ကျွန်မတို့သိတယ်၊ ကျွန်မတို့လိုချင်တာက ဒီကောင်လေးလို ရူးရူးပေါပေါမျိုးကိုလိုချင်တာမဟုတ်ဘူး၊ စုန်းမဒေါ်ပျင်းကြီးရဲ့ အစွမ်းဆုံးအစောင့်အရှောက်သုံးကောင် ကိန်းအောင်းနေတဲ့ ရှင့်ရဲ့ခန္ဓာကိုယ်ကို လိုချင်ခဲ့တာပဲ ဦးသာစံ၊ ဒါကြောင့် ဒီကောင်လေးကို တည်ကြက်လုပ်ခဲ့တာ”

အခုမှ ကျုပ်သဘောပေါက်တယ်ဗျာ။ ဒါဆိုရင်အလတ်ကောင်ရန်ကုန်မှာအဖမ်းခံရတာတွေ၊ ကယ်မယ့်သူတွေတွေ့ခဲ့တာတွေက အားလုံးသူတို့စီစဉ်ခဲ့တာပဲပေါ့။

“ဒါဆို အလတ်ကောင်ကို ရန်ကုန်မှာအကျဉ်းကျအောင်လုပ်တာ မင်းတို့ပဲပေါ့”

“သိပ်သေချာတာပေါ့ရှင်၊ သူ့ဦးလေးဆိုနီရဲ့ ဆရာ၊ အရာရှိကြီးဆိုတာ ကျွန်မတို့ကို ကိုးကွယ်နေတဲ့သူပဲ၊ ကျွန်မတို့လည်း အမှတ်မထင် ဒီကောင်လေးကိုတွေ့ခဲ့ရတယ်၊ ဒီကောင်လေးရဲ့အကြောင်းကို မေးမြန်းရင်း ရှင့်ကိုသိခဲ့ရတာပဲ ဦးသာစံ၊ ရှင်က သာဒင်ဆိုပြီးနာမည်ပြောင်းထားလို့သာ ရှင့်ကိုကျွန်မတို့မတွေ့ခဲ့တာ၊ ဒီကောင်လေးပြောတော့မှ ရှင်က ဒေါ်ပျင်းကြီးရဲ့ တစ်ဦးတည်းသောသား ဦးသာစံဆိုတာ သိလိုက်ရတာပဲ”

“ဒါနဲ့ဘာလုပ်မလို့လဲ၊ ငါ့ကိုယ်နဲ့ မင်းတို့ဘာလုပ်မလို့လဲ”

ဒီအခါ ကျုပ်ကိုယ်ထဲဝင်နေတဲ့ ငထေရှင်က

“ခင်ဗျားက သယ်ဆောင်သူသက်သက်ပဲ၊ ဒီ ဂန္ဓဗ္ဗသုံးဦးဆိုတာ သိပ်အစွမ်းထက်တဲ့အမျိုးတွေ၊ ခင်ဗျားက သယ်ဆောင်သူဆိုတော့ သူတို့ရဲ့အစွမ်းတွေကို အစွမ်းကုန်အသုံးမချနိုင်ဘူး၊ ဒါပေမယ့် ကျုပ်ကတော့ သူတို့တွေကို ကောင်းကောင်းကြီးကိုအသုံးချမှာဗျ”

“ကဲပါ၊ စကားရှည်မနေပါနဲ့ မောင်ကြီးရယ်၊ သူတို့ကိုအခုပဲသတ်ပစ်လိုက်ကြပါစို့၊ ဒီရုပ်ခန္ဓာပျက်စီးသွားရင် ဒီရုပ်ထဲမှာ နဂိုရှိနေတဲ့ အူကြောင်ကြားခင်မောင်လည်း သေမယ်၊ ပြီးတော့ အခုမှရုပ်ထဲရောက်လာတဲ့ ဦးသာစံလည်းသေမယ်၊ ဟား၊ ဟား”

ငထေရှင်က ကျုပ်ကိုလက်ဝါးနဲ့ညွှန်လိုက်တယ်ဗျ၊ ဒီအချိန်သူ့ခေါင်းပေါ်ကနေ အမောက်ကြီးသုံးခုက ပေါ်လာပါရောဗျာ၊ သူ့မျက်လုံးတွေက ရွှေရောင်တွေဝင်းလက်သွားတယ်၊ နောက်တော့ လက်ထဲမှာ ရွှေရောင်အလင်းလုံးကြီးတစ်ခု ပေါ်လာပါရော။ ကျုပ်လည်း ဘာမှမလုပ်နိုင်တော့တာနဲ့ မျက်လုံးကိုပဲ မှိတ်ထားလိုက်တော့တယ်။

“ဦးဘသာ၊ ဦးဘသာ”

ကျုပ်နာမည်ကိုခေါ်သံကြားလို့် ကျုပ်မျက်လုံးဖွင့်လိုက်တော့ မြက်ခင်းစိမ်းကြီးတစ်ခုဆီရောက်နေတယ်ဗျာ၊ ကျုပ်အရှေ့မှာ ရပ်နေတဲ့လူကတော့ အလတ်ကောင်ဗျ။

“ဟာ အလတ်ကောင်ပါလား”

အလတ်ကောင်က ကျုပ်ဆီကိုပြေးလာတယ်ဗျ၊ ကျုပ်လည်း အလတ်ကောင်ကို ပြန်ပြီးဖက်ထားလိုက်မိတယ်ဗျာ။

“လွမ်းလိုက်တာ ဦးဘသာ၊ ဦးဘသာ အခုမှပြန်လာတယ်နော်”

“မင်းနဲ့လည်း အခုမှပဲတွေ့ရတော့တယ် အလတ်ကောင်ရာ”

“ဒါတွေအားလုံးက ကျုပ်အပြစ်တွေပါဦးဘသာ၊ ကျုပ်သာ ရွာကနေမခွာခဲ့ရင် ဒီအဖြစ်တွေက ဆက်ဖြစ်မှာမဟုတ်ဘူး”

“ငါ့အပြစ်တွေလည်းပါပါတယ်အလတ်ကောင်ရာ၊ မင်းရွာကနေထွက်သွားမယ်ဆိုကတည်းက ငါမင်းကိုမရရတဲ့နည်းနဲ့ တားလိုက်ရမှာကွ၊ အခုတော့ ဒီလိုတွေဖြစ်ကုန်ပြီ”

အလတ်ကောင်က ကျုပ်ကိုဖက်ထားရာကနေ ခွာလိုက်ပြီး

“ဒါနဲ့ ကျုပ်တို့သေပြီလား ဦးဘသာ”

ကျုပ်လည်း ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီးတော့

“အေး၊ သေပြီးပြီထင်တာပဲကွ၊ ငါနောက်ဆုံးသတိရတာကတော့ ငထေရှင်က ငါ့ကိုယ်ခန္ဓာကို ယူသွားပြီး ငါ့ကိုပြန်သတ်ခဲ့တာပဲ”

“ဒါဆို ဒီနရောက ငရဲလား”

“ဟုတ်မယ်မထင်ဘူးလား”

“ဒါဖြင့် ကျုပ်တို့နတ်ပြည်ရောက်နေတာလားဗျာ”

“မင်းကွာ၊ နတ်ပြည်က ဒီလိုဘယ်နေမှာလဲကွ”

ဒီအချိန်ကောင်းကင်မှာ နေလုံးလိုလိုအလင်းလုံးကြီးတစ်ခုထွက်ပေါ်လာပြီးတော့

“မင်းတို့နှစ်ယောက်လုံး မသေဘူး”

အသံသြသြကြီးနဲ့ဗျာ၊ ကျုပ်နဲ့အလတ်ကောင်လည်း မော့ကြည့်လိုက်မိတာပေါ့။

“ဒါဆို ကျုုပ်တို့ဘယ်ရောက်နေတာလဲ”

“မင်းတို့ဒီကိုယ်လုံးတစ်ခုထဲမှာ အတူတူမနေနိုင်ဘူး၊ ဒီအတွက် မင်းတို့ကိုငါနေရာတစ်ခုထဲမှာ ခဏထည့်ထားလိုက်တာ”

“ဒါနဲ့ခင်ဗျားကဘယ်သူလဲ”

“ငါက ရုပ်မရှိဘူး၊ အထီးအမမရှိဘူး၊ ငါသူတစ်ပါး ယောက်ျားမိန်းမဆိုတာတွေလည်းမရှိတော့ဘူး၊ ငါဟာအလွန်သန့်စင်သွားပြီ”

ကျုပ်ရော အလတ်ကောင်ရော ခေါင်းကုပ်နေမိတယ်။

“ဒါဆို ကျုပ်တို့ဘာဆက်လုပ်ရမှာလဲ”

“မင်းကိုငါအသက်ပြန်သွင်းပေးမယ် အလတ်ကောင်၊ ပြီးရင်တော့ မင်းက ကြီးလေးတဲ့တာဝန်တစ်ခုလုပ်ရမယ်၊ အဲဒီတာဝန်ကတော့ မင်းရဲ့ဦးဘသာကို အသက်ပြန်သွင်းပေးဖို့ပဲ”

“ဒါပေမယ့် ဦးဘသာရဲ့ခန္ဓာကို ငထေရှင်က ယူသွားပြီလေဗျာ”

“အငှားခန္ဓာတစ်ခုရှာရမယ်”

“ဘယ်လိုရှာရမလဲ”

“မင်းပြန်နိုးတာနဲ့ လောလောလတ်လတ်သေသွားတဲ့လူကိုရှာရမယ်၊ အဲဒီလူကိုတွေ့ရင် အဲဒီလူနဲ့နှုတ်ခမ်းချင်းထိပြီးတော့ မင်းကိုယ်ထဲမှာရှိနေတဲ့ ဦးဘသာရဲ့ဝိညာဉ်ကို ကူးပြောင်းပြေးရမယ်”

“ဒါဆို ဖုတ်ပြန်သွင်းတဲ့သဘောပေါ့နော်”

အလတ်ကောင်က မေးတယ်ဗျ။

“ဖုတ်သွင်းတယ်မခေါ်ဘူး၊ ငါတို့အခေါ်အရ နာမ်ကိန်းတယ်လို့ခေါ်တယ်၊ အရေးကြီးတာက သေသွားတဲ့လူက နေ့မကူးဘဲသေထားတဲ့လူဖြစ်ရမယ်၊ ပြီးတော့ တကယ်လို့ ဦးဘသာက သူ့ကိုယ်ထဲ နာမ်ကိန်းနိုင်တယ်ဆိုရင်တောင်မှ ခုနစ်ရက်အတွင်း သူ့နဂိုမူလကိုယ်ထဲကို ပြန်ကူးပြောင်းနိုင်ဖို့ကြိုးစားရမယ်”

“ဒါဆို ခုနစ်ရက်အတွင်း ပြန်မကူးနိုင်ရင် ဘာဖြစ်မလဲ”

“ဦးဘသာက တကယ်သေသွားလိမ့်မယ်၊ အဲဒီအခါကျတော့မှ ဖုတ်ဝင်တယ်လို့ ခေါ်လို့ရတာပေါ့ကွာ”

“ကျုပ်နားမရှင်းဘူးဗျာ၊ ကျုပ်ရဲ့ခန္ဓာထဲကနေ နာမ်ထွက်သွားပေမယ့် ကျုပ်က မသေသေးဘူးလား”

အလင်းလုံးကြီးက တဟားဟားနဲ့ရယ်ပြီး

“သေတယ်ဆိုရင် အရာအားလုံးက ရပ်တန့်သွားရမယ်၊ မင်းရဲ့နှလုံးတွေ၊ သွေးကြောတွေ၊ ဦးနှောက်တွေ အကုန်လုံးရပ်တန့်သွားရမယ်၊ ဒီတော့မှ သေတယ်လို့ခေါ်တယ်၊ အခုဟာက ငထေရှင်က မင်းရဲ့နှလုံးတွေ၊ ဦးနှောက်တွေ မရပ်တန့်သွားခင်မှာ မင်းကိုယ်ထဲကိုဝင်လိုက်တာ၊ ဒါကြောင့် မင်းရဲ့ရုပ်ခန္ဓာဟာ သေတယ်လို့ ယူဆလို့မရသေးဘူး”

အလတ်ကောင်က အားရဝမ်းသာနဲ့ ကျုပ်ဘက်ကိုလှည့်လိုက်ပြီး

“ဒါဆို ကျုပ်တို့မှာအခွင့်အရေးရှိသေးတယ်၊ မျှော်လင့်ချက်ရှိသေးတာပေါ့ ဦးဘသာ”

အလင်းလုံးကြီးက

“မင်းငါပြောတာကို မှတ်မိတယ်မဟုတ်လား”

အလတ်ကောင်က ခေါင်းညိတ်ပြီးတော့

“တစ်ရက်အတွင်းသေထားတဲ့လူကိုရှာရမယ်၊ ပြီးတော့ နှုတ်ခမ်းကနေ ဝိညာဉ်ထည့််ပေးရမယ် ဒါပဲမဟုတ်လား”

အလင်းလုံးကြီးက ဘာမှမပြောဘဲနဲ့ ပျောက်ကွယ်သွားတော့တယ်။ အလင်းလုံးကြီးပျောက်ကွယ်ပြီးတာနဲ့ ကျုပ်နဲ့အလတ်ကောင်မတ်တပ်ရပ်နေတဲ့နေရာကလည်း အမှောင်ထုကြီးတစ်ခုဖြစ်သွားပါတော့တယ်ဗျာ။

ဆက်ရန်။
#အဂ္ဂဇော် #ဦးဘသာ #ဦးအောင်ရှိန် #စုန်း #သရဲ

Zawgyi Version

“စုန္းထီးႀကီးဦးဘသာႏွင့္ ဝိညာဥ္ဖလွယ္တဲ့ပြဲ”(စ/ဆုံး)
——————————————————————-
အတြဲ(၅) စာစဥ္(၅)

(၁)

“အလတ္ေကာင္၊ အလတ္ေကာင္”

က်ဳပ္လည္းအလတ္ေကာင္ေနာက္ကိုေျပးလိုက္သြားတယ္ဗ်၊ ဒါေပမယ့္ ေအာင္ရွိန္က က်ဳပ္လက္ကိုလွမ္းဆြဲထားတယ္၊ အလတ္ေကာင္နဲ႔ ဦးဖိုးထူးဆိုတဲ့လူႀကီးကေတာ့ အေမွာင္က်ေနတဲ့လမ္းက်ဥ္းကေလးထဲကိုဝင္ၿပီးေပ်ာက္ကြယ္သြားပါေတာ့တယ္ဗ်ာ။

“အလတ္ေကာင္ငါ့ကိုမွတ္မိတယ္ ေအာင္ရွိန္ရ”

“ဒါေပမယ့္လည္း မလိုက္သြားပါနဲ႔အုံး သာဒင္ရာ၊ ဒါကလည္း သူတို႔ရဲ႕လွည့္္ကြက္တစ္ခုျဖစ္ေနႏိုင္တယ္ကြ၊ ငေထရွင္ဆိုတာ သိပ္ကိုမာယာမ်ားတဲ့လူပဲ၊ မင္းကိုမွတ္မိခ်င္ေယာင္ေဆာင္ၿပီးေတာ့ သူ႔အေနာက္ကိုမင္းလိုက္လာေအာင္လုပ္တာလည္းျဖစ္ႏိုင္တယ္ေလကြာ၊ မင္းလိုက္သြားေတာ့မွ မင္းကိုတစ္ေနရာကေနေစာင့္ၿပီးတိုက္ခိုက္မယ္ဆိုရင္ မင္းဘယ္လိုလုပ္မလဲ”

က်ဳပ္ျဖင့္ေတာ္ေတာ္ထူးဆန္းသြားတယ္ဗ်ာ။

“ေနပါအုံး ေအာင္ရွိန္ရ၊ ငေထရွင္ဆိုတာ ငါနဲ႔လည္းမသိသလို၊ ငါနဲ႔လည္း ဘာရန္ၿငိဳးရန္စမွ ရွိတဲ့သူမဟုတ္ဘူးေလကြာ၊ သူက ဘာျဖစ္လို႔ ငါ့ကိုသတ္ခ်င္မွာလဲကြ”

က်ဳပ္ေမးလိုက္ေတာ့ ေအာင္ရွိန္က ေခါင္းတညိတ္ညိတ္နဲ႔

“ဒါဆိုရင္ သူကဘာျဖစ္လို႔ ညေနတုန္းက မင္းကိုေသေအာင္ႀကံမွာလဲကြ၊ မင္းရင္ဘတ္မွာရသြားတဲ့လက္ရာႀကီးက ေသႏိုင္တယ္မဟုတ္လားသာဒင္”

ေအာင္ရွိန္ေျပာေတာ့မွ က်ဳပ္လည္းျပန္ေတြးမိတယ္ဗ်၊ ဟုတ္ေတာ့ဟုတ္သားေနာ္၊ တကယ္လို႔ ငေထရွင္နဲ႔ရန္ၿငိဳးမရွိတာမွန္ရင္ သူကဘာျဖစ္လို႔ က်ဳပ္ကိုေသေၾကာင္းႀကံရမွာလဲဗ်ာ။

“ဒါေပမယ့္ ငါ့စိတ္ထဲမွာေတာ့ အလတ္ေကာင္က ငါ့ကိုမွတ္မိတယ္ဆိုတာ ပရိယာယ္မဟုတ္ဘူးလို႔ထင္တယ္ကြ၊ ငါ့အထင္ေတာ့ ဒါတကယ္ပဲ”

“တကယ္ဆိုလည္း သည္းခံေစာင့္လိုက္ေပါ့ သာဒင္ရာ၊ ဒီအေရးက ညတြင္းခ်င္းေျဖရွင္းႏိုင္တဲ့အေရးမွမဟုတ္တာ၊ ၿပီးေတာ့ အ,ကာလ ညအခါဆိုတာ မေကာင္းမႈေတြေမြ႕ေပ်ာ္တဲ့အခ်ိန္မဟုတ္လားကြ”

“ဒါဆို ငါတို႔ဘာလုပ္ၾကမလဲ ေအာင္ရွိန္”

“စစ္ပြဲကေတာ့ စေနၿပီကြ၊ စစ္ပြဲမွာ ရန္သူရဲ႕ခလုပ္ကန္သင္းေတြ၊ ဆူးေညႇာင့္ေတြ၊ နင္းမိုင္းျဖတ္မိုင္းေတြသာမက ရန္သူရဲ႕လက္နက္ေတြကိုပါ သတိႀကီးႀကီးထားၿပီးေတာ့ မ်က္စိရွင္ရွင္ နားလ်င္လ်င္နဲ႔ေနရတယ္မဟုတ္လားကြ၊ အခုလည္းဒီအတိုင္းေပါ့ကြာ၊ ဒီစစ္ပြဲမွာ သတိကင္းတဲ့လူက တစ္ပန္းရႈံးမွာပဲသာဒင္ေရ၊ ကိုင္းအခ်ိန္မရွိေတာ့ဘူး၊ ဒီညတို႔ တို႔ဒီအိမ္မွာပဲ နားလိုက္ၾကစို႔ကြာ၊ မနက္ေရာက္ေတာ့မွ ေခါင္းေအးေအးနဲ႔ စဥ္းစားၾကတာေပါ့”

က်ဳပ္လည္းေခါင္းညိတ္ၿပီးေတာ့ အိမ္ထဲကိုျပန္လိုက္ဝင္ခဲ့ပါေတာ့တယ္ဗ်ာ၊ ဘသိုက္ၾကည့္ရတာေတာ့ ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ဗ်။ ေအာင္ရွိန္ကေတာ့ ဘသိုက္ကိုမေၾကာက္ဖို႔ေျပာတယ္။

“ဘာမွမေၾကာက္ပါနဲ႔ ငါတို႔ရွိေနသေ႐ြ႕ ဒီေကာင္ေတြမင္းတို႔မိသားစုကို ဒုကၡေပးႏိုင္မွာမဟုတ္ပါဘူးကြာ”

ဘသိုက္တို႔အိမ္မွာ ျခင္ေထာင္သိပ္မ်ားမ်ားစားစားရွိပုံမရဘူးဗ်၊ က်ဳပ္တို႔သုံးေယာက္အိပ္ဖို႔အတြက္ ျခင္ေထာင္အၿပဲအစုတ္ကေလးတစ္လုံးေထာင္ေပးရွာပါတယ္၊ ျခင္ေထာင္ထဲဝင္ေပမယ့္ က်ဳပ္ကအိပ္မေပ်ာ္ဘူးဗ်ာ၊ အလတ္ေကာင္ကိုပဲ စိတ္ထဲေတြးေနမိတာဗ်၊ မၾကာခင္မွာပဲ အိမ္ထဲက ေရနံဆီမီးတိုင္ေတြကို မႈတ္လိုက္ေတာ့တယ္၊ ေအာက္လင္းမီးကိုၿငိမ္းလိုက္ေတာ့ အိမ္ႀကီးကေမွာင္မဲသြားပါေရာဗ်ာ၊ တံခါး႐ြက္မရွိတဲ့ တံခါးေပါက္ကေန လေရာင္မွိန္ျပျပကေလးက အိမ္ထဲကိုက်ေနပါေရာ၊ က်ဳပ္က ျခင္ေထာင္တစ္ဖက္စြန္းမွာအိပ္တယ္၊ ေအာင္ရွိန္ကအလယ္၊ တစ္ဖက္မွာေတာ့ မိသက္ေပါ့ဗ်ာ၊ ေအာင္ရွိန္က ျခင္ေထာင္ထဲငုတ္တုတ္ထိုင္ၿပီး တရားမွတ္ေနတဲ့အခ်ိန္မွာ မိသက္ကေတာ့ သူ႔လြယ္အိတ္ကို တဂြၽတ္ဂြၽတ္နဲ႔ႏႈိက္ေနပါေရာ။ က်ဳပ္လည္းသိခ်င္တာနဲ႔ မိသက္ဘက္ကိုေစာင္းအိပ္လိုက္ရင္း

“မိသက္၊ ဘာေတြလုပ္ေနတာလဲကြ၊ ေမွာင္ႀကီးမည္းႀကီးထဲ ဘာေတြရွာေနတာလဲ”

“ဘာမွမဟုတ္ပါဘူး ဘဘႀကီးရာ၊ ဒီငေထရွင္ဆိုတဲ့ေကာင္ကို ေဆာ္ဖို႔လက္နက္ရွာေနတာပါ”

က်ဳပ္ျဖင့္ၿပဳံးမိသြားတယ္ဗ်၊ မိသက္က အလြန္ဆုံးရွိမွ ဆယ့္သုံးႏွစ္ဆယ့္ေလးႏွစ္ေလာက္ေပါ့ဗ်ာ၊ လူငယ္ဆိုေတာ့လည္း စိတ္အားတက္ႂကြေနတာေပါ့၊ မိသက္က ပုတီးခပ္လတ္လတ္ကေလးတစ္ကုံးကိုထုတ္လိုက္ၿပီး ေသခ်ာၾကည့္ေနတယ္။ ႏွစ္ဆယ့္ခုနစ္လုံးပုတီးထပ္ ရွည္တယ္ဆိုေတာ့ က်ဳပ္အထင္ ေလးဆယ့္ငါးလုံးပုတီးျဖစ္မယ္ထင္တယ္။

“ေအာင္မယ္၊ ငေထရွင္ကိုမ်ား ေဆာ္မယ္ေလးဘာေလးနဲ႔၊ ဟိုကနင့္ကိုလုပ္သြားလို႔ ပ႒ာန္းပုတီးကုံးေတာင္ ျပတ္သြားတယ္မဟုတ္လား”

မိသက္က က်ဳပ္ကိုမခံခ်င္စိတ္နဲ႔ၾကည့္လိုက္ၿပီးေတာ့

“ေဟာဒါက အရဟံပုတီးဘႀကီးရဲ႕၊ အရဟံသိဒၶိဂုဏ္ေတာ္ကို အပတ္ကိုးေထာင္အဓိ႒ာန္နဲ႔စိပ္ထားတာ”

မိသက္ကိုၾကည့္ၿပီး က်ဳပ္အံ့ၾသသြားတာေတာ့အမွန္ပဲဗ်၊ မိသက္က ေနာက္ထပ္လြယ္အိတ္ကိုလက္ႏႈိက္ၿပီး ကိုးလုံးပုတီးကေလးတစ္ကုံးထုတ္လိုက္ျပန္ပါေရာ။

“ေဟာ၊ ထြက္လာျပန္ၿပီ၊ ဒါကေရာ ဘာပုတီးလဲ”

“ဒါက ဂုဏ္ေတာ္ကိုးပါးပုတီး ဘဘရဲ႕၊ သိမ္ဝင္ပုတီးအစစ္၊ ဂုဏ္ေတာ္ကိုးပါးကို ကိုးရာကိုးဆယ့္ကိုးပတ္ အဓိ႒ာန္နဲ႔စိပ္ထားတာ”

“အားပါးပါး၊ ပုတီးေတြကမ်ားလွခ်ည္လား၊ မသိတဲ့လူက နင့္အိတ္ကိုေတြ႕ရင္ ပုတီးေရာင္းတဲ့ကေလးမလို႔ ထင္ကုန္ေတာ့မွာပဲ”

မိသက္က ၿပဳံးလိုက္ၿပီးေတာ့

“ဒါေတာင္မွအမ်ားႀကီးက်န္ေသးတယ္ ဘဘႀကီးၾကည့္မလား”

မိသက္က ပုတီးေတြလက္တစ္ဆုပ္စာေလာက္ႏႈိက္ျပတယ္ဗ်၊ ပုတီးေတြကိုစုံလို႔ပါပဲဗ်ာ။

“ေနပါအုံးမိသက္ရာ၊ ငါတို႔နဲ႔မေတြ႕နဲ႔ ႏွစ္ႏွစ္ေလာက္အတြင္းမွာ နင္ပုတီးေတြခ်ည္းထိုင္စိပ္ေနတာပဲလား”

မိသက္က ေခါင္းညိတ္ၿပီး

“သမီးက လုပ္စရာမွမရွိတာ ဘဘရဲ႕၊ အိမ္မႈကိစၥဆိုတာကလည္း မႀကီးခင္ၾကည္တို႔၊ မႀကီးႏွင္းၾကည္တို႔ကလုပ္တယ္မဟုတ္လား၊ ဒါနဲ႔သမီးလည္း အေဖႀကီးနဲ႔ေဆးကုမလိုက္ရတဲ့ေန႔ဆိုရင္ အိမ္မွာျဖစ္ျဖစ္၊ ျမစ္ကမ္းစပ္မွာျဖစ္ျဖစ္ လူသူေအးတဲ့ေနရာမွာ သြားသြားထိုင္ၿပီး ပုတီးပဲထိုင္စိပ္ေနတာ၊ ပုတီးစိပ္တာ ေပ်ာ္ဖို႔ေကာင္းတယ္ ဘဘရဲ႕”

“ေအာင္မယ္ေလး၊ တစ္ခ်ိဳ႕ေတြမ်ား ပုတီးစိပ္တာပ်င္းဖို႔ေကာင္းလို႔ အိပ္ငိုက္တာပဲၾကားဖူးတယ္၊ နင့္အလွည့္က်မွ ပုတီးစိပ္တာ ေပ်ာ္ဖို႔ေကာင္းတယ္တဲ့လား”

မိသက္က ေခါင္းကုပ္ရင္း

“ဒါေတာ့မသိဘူးဘဘေရ၊ သမီးကေတာ့ ပုတီးစိပ္ေနရရင္ေပ်ာ္တယ္၊ ပုတီးကိုအဓိ႒ာန္နဲ႔စိပ္ရင္း အဓိ႒ာန္တစ္ဆင့္ၿပီးတစ္ဆင့္ ေအာင္သြားတာကို ခံစားရတာကိုက ေပ်ာ္ဖို႔ေကာင္းတာ၊ ဒါေၾကာင့္ အားရင္ပုတီးခ်ည္းလွိမ့္စိပ္ေနတာေပါ့”

က်ဳပ္လည္း သေဘာက်သြားတယ္ဗ်ာ။

“နင္ကေတာ့ေလ ေတာ္ေတာ္မလြယ္တဲ့ဟာမေလးပဲ၊ ဒါနဲ႔ ပုတီးစိပ္တယ္ဆိုတာ ဒီအတိုင္းစိပ္လို႔မရဘူးေနာ္”

“ေအာင္မာ၊ ငါကလည္း သူ႔ကိုပုတီးစိပ္ပုံစိပ္နည္းကို ေသေသခ်ာခ်ာသင္ထားေပးပါတယ္ကြ”

တရားမွတ္ေနတဲ့ေအာင္ရွိန္က တရားျဖဳတ္ၿပီးဝင္ေျပာတယ္၊ က်ဳပ္လည္းေအာင္ရွိန္ကိုၾကည့္ရင္း

“ေအးကြာ၊ ဒီမိသက္ဆိုတဲ့ကေလးမကေတာ့ မလြယ္ဘူးကြ၊ ဆရာထက္တပည့္လက္ေစာင္းထက္မယ့္ ဟာမေလး၊ ဟား၊ ဟား”

က်ဳပ္ေျပာလိုက္ေတာ့ ေအာင္ရွိန္ကလည္းရယ္တယ္၊ မိသက္ကေတာ့ လွ်ာေလးတစ္လစ္ထုတ္ၿပီး ရွက္ေနတာေပါ့ဗ်ာ၊ ေအာင္ရွိန္က

“ေအးကြ၊ ဒါကလည္း ကံတရားအရေပါ့ကြာ၊ ငါကမိသက္ကိုေမႊးစားလိုက္တယ္ဆိုတာ သူ႔မွာအုပ္ထိန္းသူမရွိေတာ့လို႔ သနားၿပီးေမြးစားလိုက္တာပဲ၊ ပညာေပးဖို႔အထိ မေတြးထားဘူးကြ၊ ဒါေပမယ့္ သူ႔မွာလည္း ပါရမီပါတယ္ထင္ပါတယ္ကြာ၊ အခုရန္ကုန္ကိုလာရင္း ငါဆုံးျဖတ္ခ်က္ခ်လိုက္ၿပီကြ၊ မိသက္က ငါ့ရဲ႕ဆက္ခံသူျဖစ္မွာက်ိန္းေသတယ္၊ ဒါေၾကာင့္မို႔ ဘုရားပ်ံဂိုဏ္းကို သူ႔လက္ကိုအပ္မလို႔ စဥ္းစားထားတယ္ကြ”

ေအာင္ရွိန္ကေျပာရင္း

“ေရွ႕ျဖစ္ေဟာကိန္းတစ္ခုအရ ငါ့ေနရာမွာဆက္ခံမယ့္လူက မိန္းကေလးတဲ့ကြ၊ ငါလည္းအေတြးမ်ိဳးစုံဝင္ေနမိတယ္၊ ငါထင္တာကေတာ့ ငါေမြးထားတဲ့ ငါ့သမိးႏွစ္ေယာက္ထဲက တစ္ေယာက္ေယာက္ျဖစ္မယ္ထင္ခဲ့တာပဲ၊ ဒါေပမယ့္ သူတို႔ကိုပညာေပးၾကည့္ေပမယ့္ သူတို႔က စိတ္လည္းမဝင္စားသလို၊ လိုက္လဲမလုပ္ႏိုင္ၾကဘူးကြ၊ ဒီအတြက္ ငါစိုးရိမ္ေနတာၾကာခဲ့ၿပီကြာ၊ ဒါေပမယ့္ ကံတရားဆိုတာကလည္း ထူးဆန္းတယ္ကြ၊ မင္းတို႔႐ြာကိုလာလည္ရာက မိသက္နဲ႔ေတြ႕ၿပီးေတာ့ မိသက္ကိုငါေမြးစားလိုက္ရတယ္ဆိုတာကလည္း ဒီအတိုင္းအေၾကာင္းမဲ့ျဖစ္သြားတာမဟုတ္ဘူးကြ၊ အေၾကာင္းရွိလို႔အက်ိဳးျဖစ္တယ္ဆိုတဲ့စကားဟာ သိပ္မွန္တာပဲကြာ”

က်ဳပ္လည္း ေခါင္းညိတ္ၿပီးေတာ့ ေထာက္ခံလိုက္မိတယ္။ ေအာင္ရွိန္က မိသက္ဘက္ကိုလွည့္ၿပီးေတာ့

“ကဲ သမီးမိသက္၊ အိပ္ၾကစို႔ကြဲ႕၊ မနက္ျဖန္မနက္ ငါတို႔သားအဖ ေ႐ႊတိဂုံဘုရားေပၚတက္ၾကမယ္”

က်ဳပ္လည္း အံ့ၾသသြားတယ္။

“ဟင္၊ ဒါဆို အလတ္ေကာင္ကိစၥကိုဘယ္လိုလုပ္မလဲေအာင္ရွိန္”

“ငါေျပာခဲ့တယ္မဟုတ္လား၊ ဒီစစ္ပြဲမွာ သတိႀကီးႀကီးဝိရိယႀကီးႀကီးထားရမယ္ဆိုတာေလကြ၊ ေ႐ႊတိဂုံဘုရားသြားတယ္ဆိုတာ တျခားမဟုတ္ဘူး၊ စစ္ပြဲတစ္ပြဲကို တိုက္ခိုက္ေတာ့မယ္ဆိုရင္ လက္နက္ေတြစုရမယ္၊ အဲဒီလက္နက္ေတြကိုလည္း ခြၽန္ျမေအာင္ေသြးထားရမယ္မဟုတ္လား၊ အခုေ႐ႊတိဂုံသြားတယ္ဆိုတာကလည္း ငါတို႔လက္နက္ေတြကိုအဆင့္ျမႇင့္ဖို႔၊ ငါတို႔လက္နက္ေတြကို အသင့္ျပင္ဖို႔သြားတာပဲ သာဒင္”

က်ဳပ္နားလည္လိုက္ပါၿပီဗ်ာ။

“ေအးေလ၊ ဒါဆိုရင္လည္း မင္းတို႔ခ်ည္းသြားၾကေပါ့၊ ကဲ၊ ကဲ မင္းတို႔မနက္ခရီးဆက္မွာဆိုေတာ့ အိပ္လိုက္ၾကေတာ့”

ေအာင္ရွိန္နဲ႔မိသက္လည္း လွဲအိပ္သြားတယ္ဗ်၊ ေအာင္ရွိန္က ပက္လက္အိပ္တယ္၊ မိသက္ကေတာ့ဟိုဖက္လွည့္္ၿပိး ေကြးေကြးေလးေပါ့ဗ်ာ၊ က်ဳပ္လည္း ေအာင္ရွိန္ကိုေက်ာခိုင္းၿပီးအိပ္ရတယ္၊ အိပ္ရာေျပာင္းရင္မအိပ္တတ္တဲ့ က်ဳပ္ရဲ႕အက်င့္ဆိုးေၾကာင့္္ က်ဳပ္အိပ္လို႔မေပ်ာ္ပါဘူးဗ်ာ။ ဆက္လွဲေနရင္း ေတာင္ေတြးေျမာက္ေတြးနဲ႔ဆိုေတာ့ ပိုၿပီးဆိုးးတာေပါ့၊ ဒါေပမယ့္ အိပ္ေနရင္း က်ဳပ္ေက်ာကုန္းေတြပူတက္လာတယ္ဗ်ာ၊ ၿပီးေတာ့ ဝမ္းဗိုက္ထဲမွာလည္း ပူေလာင္လို႔ဗ်၊ က်ဳပ္လည္းတစ္ခုခုထူးေနတာသိလိုက္ပါၿပီ၊ ဒါက က်ဳပ္ဆီမွာေနတဲ့ အေစာင့္အေရွာက္ေတြအခ်က္ျပတာဗ်၊ ေအာင္ရွိန္တို႔သားအဖက်င့္တဲ့ က်င့္စဥ္ေတြက ဘုရားက်င့္စဥ္ေတြေလဗ်ာ၊ ေအာင္ရွိန္ဆိုတာကလည္း ကံငါးပါးလုံတဲ့လူဆိုေတာ့ သူ႔အစြမ္းေတြကို က်ဳပ္မွာရွိတဲ့ပုဂၢိဳလ္ေတြက မခံႏိုင္ဘူးထင္ပါတယ္ဗ်ာ၊ စုန္းတစ္ေယာက္က သူ႔လိုလူနဲ႔ေက်ာခ်င္းကပ္အိပ္ဖို႔ေနေနသာသာ ၾကမ္းတစ္ေျပးထဲေတာင္ ထိုင္ႏိုင္မွာမဟုတ္ဘူးဗ်၊ က်ဳပ္ကပညာျမင့္ေနလို႔သာ ဘာမွသိပ္မျဖစ္သာ၊ သာမန္စုန္းဆိုရင္ေတာ့ အနားကပ္တာနဲ႔ ေျဗာင္းဆန္ထြက္သြားမွာေပါ့ဗ်ာ။

က်ဳပ္လည္း အိပ္ကလည္းအိပ္မေပ်ာ္၊ ဆက္လည္းမလွဲခ်င္ေတာ့တာနဲ႔ အိပ္ရာထဲက ထြက္လိုက္မိတယ္ဗ်၊ ျခင္ေထာင္ထဲကထြက္ၿပီး အိမ္ေရွ႕တံခါးေပါက္နားထိုင္လိုက္ေတာ့ ခုနက ပူေနတာေတြ ခ်က္ခ်င္းေပ်ာက္သြားတယ္၊ ေကာင္းကင္မွာ မွိန္ျပျပသာေနတဲ့ လကိုေမာ့ၾကည့္ၿပီး ဘာမဆိုင္ညာမဆိုင္ က်ဳပ္တို႔႐ြာကေလးကိုေတာင္ လြမ္းေနမိပါတယ္ဗ်ာ၊ အခုေနတဲ့ေနရာေလးကလည္း ရန္ကုန္ၿမိဳ႕လို႔သာဆိုရေပမယ့္ အခုလိုက်ေတာ့လည္း က်ဳပ္တို႔ေတာ႐ြာကေလးနဲ႔ ထူးမျခားနားပါဘူးဗ်ာ။

(၂)

“ဦးဘသာ . . .”

ၿခံေပါက္ဝနားကေန အသံၾကားလိုက္လို႔ က်ဳပ္လွမ္းၾကည့္လိုက္ေတာ့ ျဖဴျဖဴအရိပ္တစ္ခုက ၿခံဝမွာရပ္ေနသဗ်ာ။

“ဟာ၊ အလတ္ေကာင္ပါလား”

က်ဳပ္လည္းသူ႔အနားေျပးသြားလိုက္ေတာ့ အလတ္ေကာင္က အေနာက္ကိုဆုတ္သြားတယ္။

“က်ဳပ္အနားကိုမလာပါနဲ႔ဦးဘသာရာ၊ ဦးဘသာက်ဳပ္အနားကိုလာရင္ က်ဳပ္ပူတယ္ဗ်”

က်ဳပ္လည္းေျခေထာက္ကိုခ်က္ခ်င္းရပ္လိုက္ရတယ္၊ အလတ္ေကာင္နဲ႔က်ဳပ္နဲ႔ၾကားမွာ ဆယ္ေပေလာက္ေတာ့ ေဝးေနသဗ်။

“အလတ္ေကာင္၊ မင္းငါ့ကိုမွတ္မိတယ္လား”

“မွတ္မိတာေပါ့ဦးဘသာရာ၊ ခုနကလည္း က်ဳပ္ဒီကိုလာေတာ့ ဦးဘသာကိုေတြ႕ပါတယ္၊ ဒါေပမယ့္ဗ်ာ၊ က်ဳပ္ဦးဘသာကို ႏႈတ္မဆက္ႏိုင္ခဲ့ဘူး”

“မင္းဘာေတြျဖစ္ေနတာလဲဦးဘသာ၊ မင္းေသသြားၿပီးၿပီလား”

အလတ္ေကာင္က ေခါင္းခါတယ္ဗ်၊ ခပ္ျဖဴျဖဴမႈန္ဝါးဝါးနဲ႔ အလတ္ေကာင္ရဲ႕ပုံရိပ္က တိမ္လိုျမဴလိုခပ္ဝါးဝါးပါပဲဗ်ာ။

“က်ဳပ္လည္းဘာျဖစ္မွန္းမသိေတာ့ဘူးဦးဘသာရာ၊ က်ဳပ္ေထာင္ႀကီးတစ္ခုထဲ အက်ဥ္းက်ေနသလိုျဖစ္ေနတယ္ဗ်၊ ဘယ္ကိုမွလည္း မသြားရမလာရဘူး၊ အဲ . . .ဒါေပမယ့္ ညေရာက္ၿပီဆိုရင္ေတာ့ က်ဳပ္လြတ္လြတ္လပ္လပ္သြားလို႔ရတယ္၊ အခုလည္းဦးဘသာကို သတိရလို႔လိုက္လာခဲ့တာပါပဲ”

“ဟာ၊ ဒါဆို႐ြာမွာမင္းကိုျမင္ခဲ့တာက မင္းအစစ္ေပါ့”

“ဟုတ္တယ္ဦးဘသာ”

“မင္းမေသဘူးဆိုေတာ့ ဘာျဖစ္ေနတာလဲကြ”

“က်ဳပ္လည္း ဘာကိုမွေသခ်ာမသိပါဘူးဗ်ာ၊ အခုေတာ့က်ဳပ္က အိမ္ႀကီးတစ္အိမ္ထဲမွာအိပ္ေနသဗ်၊ က်ဳပ္အိပ္သြားၿပီဆိုရင္ ဒီလိုမ်ိဳးကိုယ္သြားခ်င္တဲ့ေနရာကို သြားလို႔ရရေနတယ္၊ ဒါေၾကာင့္ ႐ြာက က်ဳပ္အိမ္ကိုျပန္တယ္၊ ဦးဘသာအိမ္ကိုသြားၿပီးေတာ့ ဦးဘသာကို ေျပာျပခ်င္ေပမယ့္ ဦးဘသာၿခံဝိုင္းထဲဝင္လို႔မရဘူး၊ လူျဖဴျဖဴႀကီးေတြက က်ဳပ္ကိုတြန္းထုတ္တယ္၊ ဒါနဲ႔အိမ္ျပင္ကေနပဲ ဦးဘသာကိုေအာ္ေခၚရတာ”

က်ဳပ္သေဘာေပါက္လိုက္ပါၿပီဗ်ာ၊ က်ဳပ္ၿခံက်ဳပ္ဝန္းကို အေစာင့္အေရွာက္ေတြလက္ အပ္ထားတာကိုးဗ်၊ သရဲေမြးတယ္လို႔ေတာ့ မေျပာခ်င္ေပမယ့္ အဲဒီသေဘာပါပဲဗ်ာ၊ ေနစရာမရွိတဲ့ပရေလာကသားေတြ၊ ကူရာမဲ့ေနတဲ့ပရေလာကသားေတြကို က်ဳပ္ၿခံထဲမွာေနရာေပးထားတယ္၊ အျပန္အလွန္အေနနဲ႔ သူတို႔ကလည္း က်ဳပ္ၿခံကပစၥည္းကို မေပ်ာက္မပ်က္ေအာင္ ၾကည့္ရႈေပးၾကတယ္ေလဗ်ာ၊ အခုအလတ္ေကာင္လာေတာ့ သူ႔ကိုၿခံထဲက ပရေလာကသားေတြက တားျမစ္တာျဖစ္မယ္ဗ်။

“က်ဳပ္ကိုကယ္ပါအုံးဦးဘသာရာ၊ က်ဳပ္ဒီလိုပုံႀကီးနဲ႔ဆက္မေနခ်င္ေတာ့ဘူး၊ က်ဳပ္႐ြာကိုျပန္ခ်င္လွၿပီဗ်”

“ေအးပါအလတ္ေကာင္ရာ၊ မင္းကိုငါကယ္မွာပါ၊ မင္းကိုဘယ္နည္းနဲ႔ပဲျဖစ္ျဖစ္ ငါရေအာင္ကယ္ထုတ္မွာပဲကြ”

က်ဳပ္ေျပာၿပီး အေရွ႕ကိုတိုးလိုက္ေတာ့ အလတ္ေကာင္က အေနာက္ကိုတစ္ခ်က္လွည့္ၾကည့္တယ္ဗ်၊ ၿပီးေတာ့သူက ထိတ္ထိတ္လန႔္လန႔္နဲ႔

“သြားရေတာ့မယ္ဦးဘသာ၊ က်ဳပ္သြားရေတာ့မယ္၊ က်ဳပ္ထြက္သြားတာ သူမသိခင္၊ က်ဳပ္သြားရေတာ့မယ္ဗ်”

“ေဟ၊ အလတ္ေကာင္၊ မင္းဘယ္ကိုသြားမွာလဲ၊ ဘယ္ကိုသြားမွာလဲကြ”

က်ဳပ္လည္းေျပာရင္းဆိုရင္း အေရွ႕ကိုေျပးတက္ၿပီး အလတ္ေကာင္လက္ကိုဆြဲလိုက္ေတာ့ အလတ္ေကာင္က မီးခိုးေငြ႕တစ္ခုလို ျဖစ္ၿပီး ႐ုတ္ခ်ည္းေပ်ာက္သြားပါေရာဗ်ာ။ က်ဳပ္လည္း ေဘးဘီကိုၾကည့္ရင္း

“အလတ္ေကာင္၊ အလတ္ေကာင္” ဆိုၿပီးေတာ့ ေအာ္ေခၚေနမိတယ္ဗ်၊ ေနာက္ေတာ့ စိတ္ပ်က္လက္ပ်က္နဲ႔ အိမ္နားကိုျပန္လာခဲ့တယ္၊ ၿခံေခါင္းရင္းနားက သရက္ပင္တစ္ပင္ေအာက္မွာ ပက္လက္ကုလားထိုင္အစုတ္တစ္လုံးခ်ထားတာနဲ႔ က်ဳပ္လည္းအဲဒီပက္လက္ကုလားထိုင္မွာ ထိုင္လိုက္မိတယ္ဗ်။

“ငါမင္းကိုရေအာင္ကယ္မယ္အလတ္ေကာင္၊ မင္းကိုငါ ရေအာင္ကယ္မယ္ကြ”

အလတ္ေကာင္အေၾကာင္းေတြးၿပီးေတာ့ ပက္လက္ကုလားထိုင္ေပၚကို မွီခ်လိုက္မိတယ္ဗ်၊ တစ္ေနကုန္ပင္ပန္းထားတာဆိုေတာ့ လူကလည္း ေတာ္ေတာ္ေျမာ့ေနၿပီေပါ့ဗ်ာ၊ ဒီအခ်ိန္ေလေအးေအးေလးေတြကလည္း တျဖဴးျဖဴးနဲ႔တိုက္ေနတာဆိုေတာ့ က်ဳပ္လည္းအိပ္ေမာက်သြားတယ္ဆိုပါေတာ့။

“အဘႀကီး. . . အဘႀကီး၊ ဘယ့္ႏွယ့္ဒီမွာလာၿပီးအိပ္ေနရတယ္လို႔ဗ်ာ”

က်ဳပ္ကိုလႈပ္ႏႈိးလိုက္ေတာ့မွ က်ဳပ္လည္းလန႔္ႏိုးလာတယ္ဗ်၊ ၾကည့္လိုက္ေတာ့ ဘသိုက္က က်ဳပ္ကိုႏႈိးေနတာ၊ မိုးေတာင္စင္စင္လင္းၿပီး ပတ္ဝန္းက်င္က လင္းခ်င္းေနၿပီဗ်ာ၊ ပက္လက္ကုလားထိုင္က ထဖို႔လုပ္ေပမယ့္ တစ္ကိုယ္လုံးက ကိုင္႐ိုက္ထားသလို နာက်င္ေနၿပီးေတာ့ မထႏိုင္ဘူးဗ်၊ ဘသိုက္ဆြဲထူမွ ထလာႏိုင္တယ္၊ ခါးေတြလည္းကိုက္ေနၿပီး ေျခေထာက္ေတြလည္း တန္းေနပါေရာဗ်ာ၊ ပက္လက္ကုလားထိုင္မွာ တစ္ညလုံးနီးပါးအိပ္ခဲ့ရတာဆိုေတာ့ အေၾကာေတြတုံ႔ဆိုင္းကုန္တာေပါ့ဗ်ာ။

“ေၾသာ္၊ ဇရာ . . . ဇရာ”

က်ဳပ္ညည္းညဴလိုက္မိတဲ့အခ်ိန္မွာ ေအာင္ရွိန္က က်ဳပ္ကိုၾကည့္ၿပီး

“ဇရာေတြ ဘာညာေတြလုပ္မေနပါနဲ႔ကြာ၊ လာလာ၊ မ်က္ႏွာသစ္ၿပီးေတာ့ ေကာက္ညႇင္းေပါင္းေလးစားလိုက္ပါအုံးကြာ၊ ေကာက္ညႇင္းေပါင္းေလးက ေမႊးတယ္ကြ”

က်ဳပ္လည္း ေထာ့နဲ႔ေထာ့နဲ႔နဲ႔ လမ္းေလွ်ာက္လာၿပီးေတာ့ သံေရစည္ပိုင္းထဲက ေရခပ္ၿပီးမ်က္ႏွာသစ္လိုက္မိတယ္ဗ်၊ ဒီအခ်ိန္မွာ လူတစ္ေယာက္က ေရထမ္းပုံးႀကီးနဲ႔ထမ္းလာၿပီးေတာ့ ေရေတြကိုစည္ပိုင္းထဲေလာင္းထည့္တယ္၊ ဘသိုက္က အဲဒီလူကိုပိုက္ဆံေပးေနတာျမင္တာနဲ႔

“ဟ ေရသယ္ေပးတဲ့လူကို ပိုက္ဆံေပးရတာလားဟ”

“ဟုတ္တယ္အဘႀကီးေရ၊ ေရတစ္ထမ္းကို ျပားႏွစ္ဆယ္ဗ်”

က်ဳပ္ေတာင္နည္းနည္းတြန႔္သြားတယ္ဗ်ာ၊ ႐ြာမွာအလကားရတဲ့ေရ၊ ေဖာခ်င္းသုံးခ်င္း သုံးႏိုင္တဲ့ေရက ဒီမွာေတာ့ တစ္ထမ္းကိုျပားႏွစ္ဆယ္တဲ့ဗ်၊ ေရထမ္းပုံးကလည္း ႐ြာကေရထမ္းပုံးနဲ႔ယွဥ္ရင္ သားအဖေလာက္နီးနီးကိုကြာတယ္၊ က်ဳပ္ျဖင့္ မ်က္ႏွာသစ္ရမွာေတာင္ ႏွေျမာလာၿပီဗ်ာ။

မ်က္ႏွာကိုေရနည္းနည္းနဲ႔ပဲ သစ္ၿပီး အိမ္ေပၚတက္လာခဲ့တယ္ဗ်၊ အိမ္ေရွ႕နားမွာ စားပြဲခုံခ်ထားၿပီးေတာ့ စားပြဲေပၚမွာ ေကာက္ညႇင္းေပါင္းေတြတင္ထားတယ္၊ ပဲလုံးလုံးကေလးေတြကို ဆီနဲ႔စိမ္ထားတာလဲပါတယ္၊ ေဘးနားမွာ မုန႔္အတုံးအတုံးကေလးေတြကိုလည္းခ်ထားေသးတယ္ဗ်ာ။

“ဟာ၊ ေကာက္ညႇင္းေပါင္းက ေမႊးေနပါလားကြာ၊ တို႔႐ြာက ေကာက္ညႇင္းေပါင္းေတြက ဒီေလာက္မေမႊးဘူးကြ”

က်ဳပ္လည္း ေကာက္ညႇင္းေပါင္းလက္တစ္ဆုပ္ကို လက္နဲ႔ႏႈိက္ၿပီး ေကာက္စားလိုက္တယ္၊ စားလို႔ေတာ့ေကာင္းခ်က္ပဲဗ်ာ၊ ေကာက္ညႇင္းက စင္းစင္းအိအိကေလးဗ်၊ က်ဳပ္ေတာ့ ဒီလိုေပါင္းတာကို ႀကိဳက္သြားတာနဲ႔ ဘသိုက္ဘက္လွည့္ၿပီး

“ေကာက္ညႇင္းေပါင္းက ေကာင္းလိုက္တာကြာ၊ မင္းမိန္းမေပါင္းတာလားကြ”

“ဘယ္ဟုတ္ပါ့မလဲအဘႀကီးရာ၊ မနက္ေစာေစာက ဝယ္လိုက္တာဗ်”

“ဟုတ္လား၊ ဘယ္ေဈးေပးရသလဲ”

“တစ္ဆယ္သားကိုႏွစ္က်ပ္ငါးမူးဗ်ာ”

က်ဳပ္ျဖင့္ စားေနတဲ့ေကာက္ညႇင္းေတာင္မွ သီးမလိုျဖစ္သြားတယ္ဗ်ာ၊ အေရွ႕က ေကာက္ညႇင္းပန္းကန္ကိုၾကည့္ၿပီး

“ဒါဆို ဒီဟာေတြအကုန္လုံးက ဘယ္ေလာက္ဖိုးလဲ”

“အကုန္လုံး ဆယ့္ငါးက်ပ္ဖိုး”

က်ဳပ္ျဖင့္ လန႔္သြားတယ္၊ ဆယ့္ငါးက်ပ္ဆိုရင္ က်ဳပ္တို႔ေတာမွာဆိုရင္ ဗိုက္႐ိုက္စားလို႔ရတယ္ဗ်ာ၊ ဒါနဲ႔ေဘးနားက မုန႔္အတုံးေလးေတြကိုလက္ညႇိဳးထိုးၿပီးေတာ့

“ဒါကေရာဘာလဲကြ”

“ဒါက ဘိန္းမုန္႔္လို႔ေခၚတယ္ အဘႀကီးရ”

“ဘာ၊ ဘိန္းတဲ့လား ဒီဘိန္းက ဟိုမေကာင္းတဲ့မူးယစ္ေဆးဘိန္းနဲ႔ တူတူပဲလား”

က်ဳပ္ေျပာေတာ့ ဘသိုက္တို႔မိသားစုက ရယ္ၾကတယ္ဗ်။

“စားမွာသာစားပါဆရာႀကီးရာ၊ ဒီဟာစားလို႔ ဆရာႀကီးမမူးပါဘူးဗ်”

“မသိဘူးေလကြာ၊ ဒီလိုမုန႔္မ်ိဳး တို႔ဆီမွာမရွိဘူးကြ၊ ဟိုဘိန္းမဟုတ္တာ ေသခ်ာပါတယ္ေနာ္ကြ”

“ဟိုဘိန္းသာဆိုလို႔ကေတာ့ ေဈးမွာေပါေပါပဲပဲနဲ႔ရပါ့မလားဆရာႀကီးရ၊ စားမွာသားစားစမ္းပါ”

က်ဳပ္လည္းစားလိုက္ေတာ့ ဆန္နဲ႔ထန္းလ်က္နဲ႔လုပ္ထားတဲ့မုန႔္မ်ိဳးဗ်၊ အေစ့ကေလးေတြကေတာ့ ကိုက္လိုက္ရင္ တေတာက္ေတာက္နဲ႔ ဆိမ့္ေနတယ္ဗ်။

“ေကာင္းေတာ့ေကာင္းသားေဟ့၊ ဒါေၾကာင့္ ဘိန္းစားေတြက ဘိန္းေတြစားတာျဖစ္မယ္ကြ၊ ဟား၊ ဟား”

က်ဳပ္ေျပာေတာ့ ေအာင္ရွိန္တို႔ေရာ အားလုံးက ဝိုင္းရယ္လိုက္ၾကပါေရာဗ်ာ။

ဘသိုက္တို႔ကေတာ့ အလုပ္ဆင္းဖို႔ျပင္ဆင္ေနသဗ်ာ၊ က်ဳပ္လည္းမေနႏိုင္တာနဲ႔ ေမးၾကည့္မိတယ္။

“ဘသိုက္၊ မင္းတို႔အခုဘာလုပ္ၾကမလဲကြ”

“ရရာအလုပ္ေပါ့ အဘႀကီးရာ၊ ရန္ကုန္မွာက ဘယ္အရာမွအလကားမရဘူးဗ်၊ က်ဳပ္တို႔ဆိုရင္ တစ္ေန႔လုပ္မွ တစ္ေန႔စားရတဲ့ဘဝပါ”

“အလုပ္ဟူသမွ် ဂုဏ္ရွိစြတဲ့ကြ၊ မဟုတ္တာေတာ့မလုပ္နဲ႔ေဟ့”

“ဆရာႀကီးတို႔က ေ႐ြတိဂုံဘုရားသြားမလို႔ဆိုဗ်”

ဘသိုက္က ေအာင္ရွိန္တို႔ကိုေမးလိုက္တယ္။

“ေအးကြ”

“ဒါဆို ေျမနီကုန္းဆိုတဲ့ေနရာမွာဆင္းၿပီး ဘုရားသြားတဲ့ကားေလးေတြရွိတယ္ဆရာႀကီး၊ အဲဒါစီးရင္ ဘုရားကိုတန္းေရာက္တယ္”

“ေအးပါ၊ ငါတို႔ကိုမပူစမ္းပါနဲ႔ကြာ”

ဘသိုက္တို႔လူတစ္သိုက္က ထမင္းခ်ိဳင့္ေတြကိုယ္စီနဲ႔ အိမ္ထဲကေနထြက္သြားပါေရာလားဗ်ာ၊ သူတို႔ထြက္သြားေတာ့လည္း အိမ္ႀကီးက တိတ္ဆိတ္သြားသဗ်၊ က်ဳပ္တို႔သုံးေယာက္ပဲက်န္ခဲ့တယ္၊ ဘသိုက္မိန္းမကလည္း ေဈးသြားမယ္ဆိုၿပီးထြက္သြားေလရဲ႕။

“ေၾသာ္၊ ဒါနဲ႔ငါေျပာရအုံးမယ္ေအာင္ရွိန္ေရ၊ ညက ဒီကိုအလတ္ေကာင္လာေသးတယ္ကြ”

ေအာင္ရွိန္ကမ်က္လုံးျပဴးသြားတယ္။

“ငါေျပာတာဆံုံးေအာင္နားေထာင္ပါအုံးကြာ၊ လာသြားတယ္ဆိုတာက လူအျဖစ္နဲ႔ေတာ့မဟုတ္ဘူးကြ၊ ဝိညာဥ္အျဖစ္နဲ႔လာတာ၊ မင္းယုံမလားေတာ့မသိဘူး၊ အလတ္ေကာင္မွ အလတ္ေကာင္အစစ္ကြ၊ သူက ညအိပ္တဲ့အခါ အခုလိုမ်ိဳးကိုယ္သြားခ်င္တဲ့ေနရာကို သြားလို႔ရတယ္လို႔ေျပာတယ္ကြ”

က်ဳပ္ေျပာတာကိုနားေထာင္ၿပီးေတာ့ ေအာင္ရွိန္က ေခါင္းတဆတ္ဆတ္နဲ႔ညိတ္တယ္။

“မင္းေျပာတာျဖစ္ႏိုင္ပါတယ္”

က်ဳပ္လည္းလန႔္သြားၿပီးေတာ့

“ဘယ္လိုကြ၊ မင္းကငါေျပာတာကို ယုံတယ္တဲ့လား၊ မေသေသးတဲ့လူတစ္ေယာက္က ဒီလိုထြက္သြားၿပီး သြားႏိုင္တာကို မင္းကယုံတယ္တဲ့လား”

“ယုံတယ္ကြ၊ ဒီနည္းလမ္းကို ဝိညာဥ္လႊင့္တယ္လို႔ေခၚၾကတယ္၊ နာမ္႐ုပ္ခြာတယ္လို႔လည္းေခၚၾကတယ္၊ အဂၤလိပ္လိုဆိုရင္ေတာ့ Astral Projection လို႔ေခၚတတ္ၾကတယ္ကြ”

က်ဳပ္ေတာင္မွ ဒီေလာက္မသိဘူးဗ်ာ၊ ဒါနဲ႔ေအာင္ရွိန္ေျပာတာကိုဆက္နားေထာင္ေနမိတယ္။

“ဒီနည္းလမ္းက က်င့္လို႔လည္းရတယ္၊ ဒါေပမယ့္ ေတာ္ေတာ္အခ်ိန္ယူရတယ္၊ ဒါမွမဟုတ္ရင္လည္း မေတာ္တဆျဖစ္သြားတတ္တာမ်ိဳးရွိတယ္၊ ဘယ္လိုအခ်ိန္မွာျဖစ္တတ္သလဲဆိုရင္ေတာ့ အႀကီးအက်ယ္စိတ္ဓါတ္က်တဲ့အခ်ိန္၊ စိတ္ဆင္းရဲေနတဲ့အခ်ိန္မ်ိဳးမွာ ကိုယ္အိပ္လိုက္တဲ့အခါ ကိုယ့္ရဲ႕စိတ္ၫြတ္တဲ့ေနရာမွာ ႐ုပ္ပုံသ႑ာန္သြားေပၚတဲ့နည္းေပါ့ကြာ၊ အဲဒါကို တခ်ိဳ႕က သရဲေျခာက္တယ္လို႔ထင္ၾကတယ္၊ တကယ္ေတာ့ အဲဒီလိုမဟုတ္ဘူး၊ တို႔ဝိဇၨာနည္းမွာ ဒီလိုနည္းတစ္ခုရွိသကြ”

“တို႔စုန္းနည္းမွာေတာ့ ပူးကပ္တာရွိတယ္၊ ဒါေပမယ့္ စုန္းေတြထဲမွာ ကိုယ္ထဲကခြာလို႔ရတဲ့စုန္း၊ ခြာလို႔မရတဲ့စုန္းဆိုၿပီးရွိေသးတယ္၊ ဥပမာ ငါေပါ့ကြာ၊ ငါက ကိုယ့္ကိုယ္ထဲကေန နာမ္႐ုပ္ေကာင္ကို ခြာမရဘူးကြ၊ ခြာလိုက္ရင္ ငါ့ကိုယ္ထဲက ပုဂၢိဳလ္ေတြက မႀကိဳက္ၾကဘူး၊ ၿပီးေတာ့ မေကာင္းႀကံေနတဲ့လူေတြအတြက္လည္း အခြင့္အေရးျဖစ္သြားႏိုင္တယ္၊ ငါ့ရဲ႕နာမ္မရွိတဲ့အခ်ိန္မွာ ငါ့႐ုပ္ေကာင္ႀကီးကို ေမာင္ပိုင္စီးသြားတာမ်ိဳးလည္း ျဖစ္ႏိုင္တယ္ကြ”

“ဒီအတိုင္းဆိုရင္ အလတ္ေကာင္ကို ဝိညာဥ္ဖလွယ္ထုတ္တဲ့နည္းလမ္းနဲ႔ ျပန္ေခၚလို႔ရႏိုင္တယ္ကြ”

“ဘယ္လိုကြ၊ ဝိညာဥ္ဖလွယ္တာတဲ့လား”

“ဒီနည္းကို ငါေတာ့မစမ္းဖူးဘူး၊ ဒါေပမယ့္ သူမ်ားေျပာတာေတာ့ၾကားဖူးတယ္၊ ဒီနည္းလုပ္ဖို႔ဆိုရင္ လူသုံးေယာက္လိုတယ္၊ ဝိညာဥ္ေခၚထုတ္မယ့္လူႏွစ္ေယာက္ရယ္၊ ၿပီးေတာ့ နတ္ကေတာ္လို လိပ္ျပာလွၿပီး ပူးလြယ္ကပ္လြယ္တဲ့ လူတစ္ေယာက္ေပါ့ကြာ”

ေအာင္ရွိန္ေျပာတာကို က်ဳပ္သိပ္စိတ္ဝင္စားသြားတယ္ဗ်ာ။

“ဥပမာေျပာၾကပါစို႔ကြာ၊ အလတ္ေကာင္ဆိုပါေတာ့၊ အလတ္ေကာင္ရဲ႕နာမ္က ကိုယ္ထဲကေန ပြားထြက္တယ္ဆိုေပမယ့္ သူဟာ အသက္မေသေသးတဲ့အတြက္ သူ႔ရဲ႕႐ုပ္ေကာင္နဲ႔ဆက္သြယ္ထားတဲ့ နာမ္အပ္ႀကိဳး၊ တခ်ိဳ႕ကလည္း လိပ္ျပာႀကိဳးလို႔ေခၚတယ္၊ အဲဒီႀကိဳးကိုရွာရမယ္ကြ၊ အရင္ဆုံးအလတ္ေကာင္ရဲ႕ နာမ္ကို နတ္ကေတာ္ဆီပူးကပ္ခိုင္းရမယ္၊ ဒီအခ်ိန္အလတ္ေကာင္ရဲ႕ကိုယ္ထဲမွာက်န္ေနတဲ့ နာမ္ေကာင္ေနာက္တစ္ေကာင္ကို ေမာင္းထုတ္ၿပီးေတာ့ နာမ္အပ္ႀကိဳးကိုျဖတ္ထုတ္ရမယ္၊ ဒါဆို ဒီလူရဲ႕နာမ္က အလတ္ေကာင္ရဲ႕ကိုယ္နဲ႔ျပတ္သြားၿပီ၊ တစ္ခ်ိန္တည္းမွာပဲ နတ္ကေတာ္ဆီဝင္ေနတဲ့အလတ္ေကာင္ကို သူ႔ကိုယ္ထဲကိုျပန္ဝင္ခိုင္းရမယ္၊ ဒီလိုအျဖစ္ကို တစ္ၿပိဳင္တည္းလုပ္လိုက္ေတာ့မွ ရမယ္ကြ”

“မင္းေျပာတာ ငါသေဘာေပါက္ၿပီ”

ေအာင္ရွိန္က က်ဳပ္ကိုေသခ်ာၾကည့္လိုက္ၿပီး

“မင္းဘာမွမဟုတ္တာေတာ့ ေလွ်ာက္မလုပ္စမ္းနဲ႔ သာဒင္ရာ၊ တစ္ခုခုလုပ္မယ္ဆိုရင္လည္း ငါတို႔ကိုတိုင္ပင္စမ္းပါ၊ ဒီကိစၥက ထင္တာထက္ပိုၿပီးနက္နဲတယ္ကြ”

“ေအးပါကြာ၊ ငါဘာမွမလုပ္ပါဘူး”

စားေသာက္ၿပီးေတာ့ ေအာင္ရွိန္တို႔သားအဖ အိမ္ေပၚကဆင္းသြားတယ္၊ ေအာင္ရွိန္က ၿခံဝကေန က်ဳပ္ကိုလွမ္းၾကည့္ၿပီး

“မဟုတ္တာေတြ မလုပ္နဲ႔ေနာ္ သာဒင္”

က်ဳပ္လည္း ေခါင္းပဲခါျပလိုက္ေတာ့တယ္ဗ်ာ၊ ေအာင္ရွိန္တို႔ထြက္သြားၿပီး ေတာ္ေတာ္ၾကာေတာ့ ဘသိုက္မိန္းမက ေဈးျခင္းေတာင္းႀကီးဆြဲၿပီး ျပန္ေရာက္လာတယ္၊ က်ဳပ္လည္း အစီအစဥ္ရွိတာနဲ႔ သူ႔အနားသြားၿပီး

“မိန္းကေလး၊ ဒီအနားမွာ နတ္ဝင္သည္တို႔၊ နတ္ကေတာ္တို႔ မရွိဘူးလားကြဲ႕”

ဘသိုက္မိန္းမက တစ္ခ်က္စဥ္းစားၿပီးေတာ့

“ရွိတာေပါ့ အဘႀကီးရယ္၊ ေဈးပိုင္းမွာ နတ္ကေတာ္ေမာင္စိုးဆိုတာရွိတယ္၊ သူ႔ကိုလူေတြကေတာ့ မာမီစိုးလို႔ေခၚတာေပါ့”

က်ဳပ္လည္းၿပဳံးလိုက္မိတယ္။ က်ဳပ္အႀကံအစည္ကို အေကာင္အထည္ေဖာ္ရမယ့္အခ်ိန္ေပါ့ဗ်ာ၊ က်ဳပ္ကေတာ့ ရွင္းရွင္းပါပဲ၊ ဒီေလာက္ေတာ့ က်ဳပ္လည္းလုပ္ႏိုင္တယ္၊ ေအာင္ရွိန္တို႔ကို ေစာင့္ေနစရာမလိုပါဘူးဗ်ာ၊ အလတ္ေကာင္ကိုကယ္တင္မယ္လို႔ ကတိေပးထားတာဆိုေတာ့ ေန႔ေ႐ြ႕ညေ႐ြ႕မလုပ္ႏိုင္ပါဘူး၊ ဒါနဲ႔ပဲ က်ဳပ္လည္း မာမီစိုးအိမ္ကိုေမးၿပီးေတာ့ ရပ္ကြက္ထဲကေနထြက္လာခဲ့လိုက္ေတာ့တယ္။

(၃)

ေဈးပိုင္းဆိုတာ သိပ္စည္ကားတဲ့ေနရာဗ်၊ ေဈးအေရွ႕မ်က္ႏွာခ်င္းဆိုင္မွာရွိၿပီးေတာ့ ဆိုင္ႀကီးကႏၷားႀကီးေတြနဲ႔ အျပည့္ပဲဗ်ာ၊ ဆိုင္တစ္ဆိုင္အေရွ႕အေရာက္မွာ လူေတြအုံခဲေနတာကိုေတြ႕လိုက္ရတယ္၊ ၿပီးေတာ့ ေတးသီခ်င္းသံေတြကိုၾကားလိုက္ရတယ္၊ နတ္ဒိုးသံက ၿမိဳင္ေနေအာင္တီးေနတာဆိုေတာ့ က်ဳပ္လည္း လူအုပ္ၾကားထဲကိုတိုးဝင္ၿပီးၾကည့္လိုက္မိတယ္။

“ပခန္းအေဖႀကီးေက်ာ္ပါဘုရား၊ တနလၤာသား၊ ေသာၾကာသမီးတို႔က လုပ္ငန္းကိုင္ခန္းေတြအဆင္ေျပလို႔ အေဖႀကီးတို႔ကို ကတိထားတဲ့အတိုင္း ေပ်ာ္ပြဲမ်ားဆက္ေၾကာင္းပါအေဖႀကီးဘုရား၊ အေဖႀကီးႂကြျမန္းၿပီးေတာ့ ထန္းရည္၊ ၾကက္ေၾကာ္၊ ဝီစကီေတာ္မ်ားကို ဘုန္းေပးပါအေဖႀကီးဘုရား”

မင္းညီမင္းသားဝတ္စုံဝတ္ထားတဲ့ နတ္ကေတာ္က အဲဒီလိုေျပာၿပီးတာနဲ႔ လက္ဝါးေတြတဆတ္ဆတ္တုန္ယင္လာၿပီးေတာ့ နတ္ဝင္ေတာ့တာပါပဲဗ်ာ၊ ဒါေပမယ့္ တကယ္ဝင္တာမဟုတ္ပါဘူးဗ်ာ၊ ဟန္ျပလုပ္ေနတာပါ၊ နတ္ဒိုးခပ္ျမဴးျမဴးတီးလိုက္တဲ့အခါ နတ္ကေတာ္က ေကြးေနေအာင္ကေတာ့တာပါပဲ။

“မာမီစိုးဆိုတာ သူပဲျဖစ္မယ္”

က်ဳပ္ေတြးလိုက္မိၿပီးေတာ့ ဆက္ၾကည့္ေနမိတယ္၊ က်ဳပ္အစီအစဥ္က နတ္ကေတာ္ေတာ့ရေနၿပီဗ်ာ၊ အလတ္ေကာင္ကိုရွာဖို႔ပဲလိုေတာ့တယ္မဟုတ္လား၊ ဒါေပမယ့္ တိုက္တိုက္ဆိုင္ဆိုင္ဆိုသလိုပဲ အုံခဲၿပီးၾကည့္ေနတဲ့လူအုပ္ထဲမွာ အလတ္ေကာင္ကိုလွမ္းေတြ႕လိုက္ရတယ္ဗ်၊ အလတ္ေကာင္က က်ဳပ္ကိုျမင္ပုံမရပါဘူး၊ နတ္ကေတာ္ ကေနတာကိုပဲ ေသခ်ာေငးၿပီးၾကည့္ေနတယ္၊ ဟန္က်လိုက္တာမ်ားေျပာမေနပါနဲ႔ေတာ့ဗ်ာ၊ ဒါနဲ႔က်ဳပ္လည္း လူအုပ္ထဲကထြက္သြားၿပီးေတာ့ အလတ္ေကာင္ရွိတဲ့ေနရာကို ပတ္သြားလိုက္တယ္။

က်ဳပ္ရင္ေတြခုန္လိုက္တာ ေျပာမေနပါနဲ႔ဗ်ာ၊ အလတ္ေကာင္မသိေအာင္လူအုပ္ထဲတိုးသြားၿပီး ေနာက္ဆုံးက်ဳပ္က အလတ္ေကာင္အေနာက္တည့္တည့္ကိုေရာက္သြားေတာ့တယ္။ ေရာက္သြားတာနဲ႔ ဘာမေျပာညာမေျပာနဲ႔ အလတ္ေကာင္ဂုတ္ကိုဆြဲၿပီးေတာ့ နတ္ပူးေနတဲ့အေရွ႕ကို တစ္ခါထဲခုန္ဝင္လိုက္ေတာ့တယ္ဗ်ာ။

“ေဟ့၊ တိတ္စရာတိတ္၊ ပိတ္စရာပိတ္၊ စူဠလိပ္ . . .”

က်ဳပ္ေအာ္လိုက္တဲ့အခ်ိန္မွာပဲ နတ္ကႏၷားဝိုင္းၾကည့္ေနၾကတဲ့လူေတြေရာ၊ ဆိုင္းတီးေနတဲ့လူေတြပါ အကုန္လုံး စလိုးမိုးရွင္းအေႏွးျပသလို ေႏွးေႏွးေကြးေကြးႀကီးေတြျဖစ္သြားေတာ့တယ္။ က်ဳပ္လည္း အခ်ိန္ဆြဲမေနေတာ့ဘဲ အလတ္ေကာင္ရဲ႕ေနာက္ေစ့ကို လက္နဲ႔ပုတ္ထည့္လိုက္ၿပီးေတာ့

“ထြက္စရာထြက္၊ သက္စရာသက္စမ္း”

က်ဳပ္လက္နဲ႔ထိသြားတာနဲ႔ အလတ္ေကာင္ရဲ႕ကိုယ္ထဲကေန အလတ္ေကာင္က ထြက္သြားတယ္ဗ်၊ သူ႔ပုံစံအတိုင္း ခပ္ေရးေရးကေလးထြက္သြားတာကို ျမင္လိုက္ရသဗ်၊ ဒီအခါ နတ္ကေတာ္ရဲ႕လက္နဲ႔ အလတ္ေကာင္ရဲ႕ဝိညာဥ္နဲ႔ကိုဆက္ေပးလိုက္ေတာ့တယ္၊ နတ္ကေတာ္က ဓါတ္လိုက္သလို တဆတ္ဆတ္တုန္ခါသြားၿပီးေတာ့ တစ္ခ်က္ၿငိမ္က်သြားတယ္၊ အလတ္ေကာင္ရဲ႕မႈန္ဝါးဝါးဝိညာဥ္က နတ္ကေတာ္ဆီကိုဝင္သြားပါေရာဗ်ာ၊ က်န္တာကေတာ့ က်ဳပ္ဆက္လုပ္ဖို႔ပဲဗ်၊ ဒါနဲ႔အလတ္ေကာင္ရဲ႕က်န္ေနတဲ့ကိုယ္ထဲက အေကာင္ကိုထုတ္ဖို႔အခ်ိန္ပဲေပါ့ဗ်ာ၊ အလတ္ေကာင္ရဲ႕ပခုံးကိုလက္နဲ႔ပုတ္ထည့္လိုက္ေတာ့ အလတ္ေကာင္က မ်က္လုံးေတြပြင့္လာသဗ်။

ၿပီးေတာ့ က်ဳပ္လက္ကိုေဆာင့္ဆြဲလိုက္တယ္၊ အလတ္ေကာင္က ပါးစပ္ႀကီးၿဖဲၿပီးေတာ့ တဟားဟားနဲ႔ရယ္ပါေရာဗ်ာ။

“ဟား၊ ဟား၊ ဟား”

အလတ္ေကာင္ရယ္တာကိုၾကည့္ၿပီး က်ဳပ္ေက်ာထဲစိမ့္ခနဲခ်မ္းတုန္တက္သြားတယ္ဗ်ာ၊ ဒီအခ်ိန္မွာပဲ က်ဳပ္ကိုယ္လုံးႀကီးက ေပါ့ေပါ့ပါးပါးႀကီးျဖစ္သြားသဗ်။ က်ဳပ္လည္း အေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ အေနာက္မွာ က်ဳပ္ကိုယ္ခႏၶာႀကီးက ငူငူႀကီးရပ္ေနသဗ်၊

“မင္း၊ မင္းဒါဘာလုပ္တာလဲ”

“ဘာလုပ္ရမလဲဗ်၊ ခင္ဗ်ားကိုယ္ကို က်ဳပ္လိုခ်င္လို႔ေပါ့ဗ်”

ေျပာရင္းဆိုရင္း က်ဳပ္ကိုေဆာင့္ဆြဲထည့္လိုက္တယ္၊ က်ဳပ္ကလြင့္ေျမာသြားၿပီးေတာ့ အလတ္ေကာင္ရဲ႕ကိုယ္ထဲကို ဝင္သြားပါေရာဗ်ာ၊ ေနာက္ေတာ့ က်ဳပ္မ်က္လုံးေတြအေမွာင္ဖုံးလာတယ္၊ ၿပီးတာနဲ႔ ေလာကႀကီးနဲ႔အဆက္အသြယ္ျပတ္သြားတယ္ဆိုပါေတာ့ဗ်ာ။

“ဟင္း၊ ဟင္း၊ ဟင္း”

တဟင္းဟင္းနဲ႔ရယ္သံၾကားေတာ့မွ က်ဳပ္မ်က္လုံးဖြင့္လိုက္မိတယ္၊ က်ဳပ္ေခါင္းေတြက ကိုက္ခဲေနတာပဲဗ်ာ၊ က်ဳပ္အားယူၿပီးကုန္းထရင္း က်ဳပ္လက္ကိုက်ဳပ္ ျပန္ၾကည့္လိုက္မိတယ္။

“ဟာ၊ ငါ့လက္ေတြဘာျဖစ္သြားတာလဲ”

က်ဳပ္ရဲ႕ပါးေရတြန႔္ေနတဲ့လက္ေတြမရွိေတာ့ဘဲ က်စ္လ်စ္သန္မာတဲ့ လက္ေတြျဖစ္သြားတယ္ဗ်ာ၊ က်ဳပ္အသံကလည္း မတူေတာ့ဘူးဗ်၊ က်ဳပ္လည္း ကိုယ့္ကိုယ္ကိုယ္ျပန္ငုံ႔ၾကည့္လိုက္ေတာ့ လူငယ္တစ္ေယာက္ရဲ႕ကိုယ္ခႏၶာျဖစ္ေနပါေရာ။ ေဘးဘီကိုၾကည့္လိုက္ေတာ့ အမႈိက္ပုံႀကီးတစ္ခုနားေရာက္ေနတာဗ်၊ လူသူရွင္းေနၿပီးေတာ့ အမႈိက္ေတြ ေတာင္လိုရာလိုပုံေနတဲ့ေနရာေပါ့ဗ်ာ။

“ေတာ္ေတာ္မွ အံ့ၾသသြားရဲ႕လား”

က်ဳပ္နားထဲၾကားရတာက က်ဳပ္အသံဗ်၊ ဒါနဲ႔အသံၾကားရာကိုၾကည့္လိုက္ေတာ့ က်ဳပ္အေရွ႕မွာရပ္ေနတာ က်ဳပ္ကိုယ္တိုင္ပဲျဖစ္ေနတယ္။

“ဟာ၊ ဘာေတြျဖစ္ကုန္တာလဲ၊ ဒါ . . ဒါဆို ငါ့က အလတ္ေကာင္ကိုယ္ထဲကို ေရာက္သြားတာမ်ားလား”

“အစစ္ေပါ့ရွင္”

က်ဳပ္ေဘးနားကေန မိန္းကေလးတစ္ေယာက္ထြက္လာတယ္ဗ်၊ အသက္ခပ္လတ္လတ္မိန္းမတစ္ေယာက္ပဲဗ်ာ၊ လွတာကေတာ့ ေတာ္ေတာ္လွပါတယ္။

“နင္တို႔၊ နင္တို႔ငါ့ကိုဘာလုပ္လိုက္တာလဲ”

“ဘာလုပ္ရမလဲ၊ ဒီလိုဘာမွအသုံးမက်တဲ့ေကာင္ရဲ႕ ကိုယ္ထဲမွာေနမယ့္အစား အေစာင့္အေရွာက္ဂႏၶဗၺသုံးေယာက္ပါတဲ့ ေဟာဒီကိုယ္လုံးထဲမွာပဲ ေနေတာ့မွာေပါ့ဗ်”

သြားၿပီဗ်ာ၊ မသမာသူက က်ဳပ္ကိုယ္ခႏၶာကို ရသြားၿပီဗ်။

“မျဖစ္ဘူး၊ မျဖစ္ဘူး၊ ငါ့ကိုယ္ခႏၶာကို မင္းတို႔မပိုင္ဆိုင္ရဘူး”

“ခင္ဗ်ားေျပာေနလဲ အပိုပါပဲအဘိုးႀကီးရာ၊ ဒီလိုျဖစ္ေအာင္ က်ဳပ္တို႔ပဲစီစဥ္ခဲ့တာဗ်”

က်ဳပ္နားေတာင္က်ဳပ္မယုံႏိုင္ဘူးဗ်ာ။

“ဘာေျပာတယ္၊ မင္းတို႔က စီစဥ္ခဲ့တာတဲ့လား”

ေဘးနားက မိန္းကေလးက

“ရွင္တို႔ကိုမၾကာခင္ အဆုံးသတ္ေပးမွာဆိုေတာ့ မေသခင္ေလး ဘာေတြျဖစ္သြားတယ္ဆိုတာကို သိေအာင္နားေထာင္ၾကေပါ့ရွင္၊ တကယ္ေတာ့ ဒီေကာင္ေလးကို ကြၽန္မတို႔က အသုံးခ်ဖို႔စီစဥ္ခဲ့တာ ရွင့္္ေၾကာင့္ဘဲ ဦးသာစံ”

“ဘယ္လို၊ အလတ္ေကာင္ကို အသုံးခ်ခဲ့တယ္တဲ့လား”

“ဟုတ္တယ္၊ ဒီေကာင္ေလးကို ထိလိုက္ရင္ တစ္နည္းမဟုတ္တစ္နည္း ရွင္ဒီေကာင္ေလးအေနာက္ကို လိုက္လာမယ္ဆိုတာ ကြၽန္မတို႔သိတယ္၊ ကြၽန္မတို႔လိုခ်င္တာက ဒီေကာင္ေလးလို ႐ူး႐ူးေပါေပါမ်ိဳးကိုလိုခ်င္တာမဟုတ္ဘူး၊ စုန္းမေဒၚပ်င္းႀကီးရဲ႕ အစြမ္းဆုံးအေစာင့္အေရွာက္သုံးေကာင္ ကိန္းေအာင္းေနတဲ့ ရွင့္ရဲ႕ခႏၶာကိုယ္ကို လိုခ်င္ခဲ့တာပဲ ဦးသာစံ၊ ဒါေၾကာင့္ ဒီေကာင္ေလးကို တည္ၾကက္လုပ္ခဲ့တာ”

အခုမွ က်ဳပ္သေဘာေပါက္တယ္ဗ်ာ။ ဒါဆိုရင္အလတ္ေကာင္ရန္ကုန္မွာအဖမ္းခံရတာေတြ၊ ကယ္မယ့္သူေတြေတြ႕ခဲ့တာေတြက အားလုံးသူတို႔စီစဥ္ခဲ့တာပဲေပါ့။

“ဒါဆို အလတ္ေကာင္ကို ရန္ကုန္မွာအက်ဥ္းက်ေအာင္လုပ္တာ မင္းတို႔ပဲေပါ့”

“သိပ္ေသခ်ာတာေပါ့ရွင္၊ သူ႔ဦးေလးဆိုနီရဲ႕ ဆရာ၊ အရာရွိႀကီးဆိုတာ ကြၽန္မတို႔ကို ကိုးကြယ္ေနတဲ့သူပဲ၊ ကြၽန္မတို႔လည္း အမွတ္မထင္ ဒီေကာင္ေလးကိုေတြ႕ခဲ့ရတယ္၊ ဒီေကာင္ေလးရဲ႕အေၾကာင္းကို ေမးျမန္းရင္း ရွင့္ကိုသိခဲ့ရတာပဲ ဦးသာစံ၊ ရွင္က သာဒင္ဆိုၿပီးနာမည္ေျပာင္းထားလို႔သာ ရွင့္ကိုကြၽန္မတို႔မေတြ႕ခဲ့တာ၊ ဒီေကာင္ေလးေျပာေတာ့မွ ရွင္က ေဒၚပ်င္းႀကီးရဲ႕ တစ္ဦးတည္းေသာသား ဦးသာစံဆိုတာ သိလိုက္ရတာပဲ”

“ဒါနဲ႔ဘာလုပ္မလို႔လဲ၊ ငါ့ကိုယ္နဲ႔ မင္းတို႔ဘာလုပ္မလို႔လဲ”

ဒီအခါ က်ဳပ္ကိုယ္ထဲဝင္ေနတဲ့ ငေထရွင္က

“ခင္ဗ်ားက သယ္ေဆာင္သူသက္သက္ပဲ၊ ဒီ ဂႏၶဗၺသုံးဦးဆိုတာ သိပ္အစြမ္းထက္တဲ့အမ်ိဳးေတြ၊ ခင္ဗ်ားက သယ္ေဆာင္သူဆိုေတာ့ သူတို႔ရဲ႕အစြမ္းေတြကို အစြမ္းကုန္အသုံးမခ်ႏိုင္ဘူး၊ ဒါေပမယ့္ က်ဳပ္ကေတာ့ သူတို႔ေတြကို ေကာင္းေကာင္းႀကီးကိုအသုံးခ်မွာဗ်”

“ကဲပါ၊ စကားရွည္မေနပါနဲ႔ ေမာင္ႀကီးရယ္၊ သူတို႔ကိုအခုပဲသတ္ပစ္လိုက္ၾကပါစို႔၊ ဒီ႐ုပ္ခႏၶာပ်က္စီးသြားရင္ ဒီ႐ုပ္ထဲမွာ နဂိုရွိေနတဲ့ အူေၾကာင္ၾကားခင္ေမာင္လည္း ေသမယ္၊ ၿပီးေတာ့ အခုမွ႐ုပ္ထဲေရာက္လာတဲ့ ဦးသာစံလည္းေသမယ္၊ ဟား၊ ဟား”

ငေထရွင္က က်ဳပ္ကိုလက္ဝါးနဲ႔ၫႊန္လိုက္တယ္ဗ်၊ ဒီအခ်ိန္သူ႔ေခါင္းေပၚကေန အေမာက္ႀကီးသုံးခုက ေပၚလာပါေရာဗ်ာ၊ သူ႔မ်က္လုံးေတြက ေ႐ႊေရာင္ေတြဝင္းလက္သြားတယ္၊ ေနာက္ေတာ့ လက္ထဲမွာ ေ႐ႊေရာင္အလင္းလုံးႀကီးတစ္ခု ေပၚလာပါေရာ။ က်ဳပ္လည္း ဘာမွမလုပ္ႏိုင္ေတာ့တာနဲ႔ မ်က္လုံးကိုပဲ မွိတ္ထားလိုက္ေတာ့တယ္။

“ဦးဘသာ၊ ဦးဘသာ”

က်ဳပ္နာမည္ကိုေခၚသံၾကားလို႔္ က်ဳပ္မ်က္လုံးဖြင့္လိုက္ေတာ့ ျမက္ခင္းစိမ္းႀကီးတစ္ခုဆီေရာက္ေနတယ္ဗ်ာ၊ က်ဳပ္အေရွ႕မွာ ရပ္ေနတဲ့လူကေတာ့ အလတ္ေကာင္ဗ်။

“ဟာ အလတ္ေကာင္ပါလား”

အလတ္ေကာင္က က်ဳပ္ဆီကိုေျပးလာတယ္ဗ်၊ က်ဳပ္လည္း အလတ္ေကာင္ကို ျပန္ၿပီးဖက္ထားလိုက္မိတယ္ဗ်ာ။

“လြမ္းလိုက္တာ ဦးဘသာ၊ ဦးဘသာ အခုမွျပန္လာတယ္ေနာ္”

“မင္းနဲ႔လည္း အခုမွပဲေတြ႕ရေတာ့တယ္ အလတ္ေကာင္ရာ”

“ဒါေတြအားလုံးက က်ဳပ္အျပစ္ေတြပါဦးဘသာ၊ က်ဳပ္သာ ႐ြာကေနမခြာခဲ့ရင္ ဒီအျဖစ္ေတြက ဆက္ျဖစ္မွာမဟုတ္ဘူး”

“ငါ့အျပစ္ေတြလည္းပါပါတယ္အလတ္ေကာင္ရာ၊ မင္း႐ြာကေနထြက္သြားမယ္ဆိုကတည္းက ငါမင္းကိုမရရတဲ့နည္းနဲ႔ တားလိုက္ရမွာကြ၊ အခုေတာ့ ဒီလိုေတြျဖစ္ကုန္ၿပီ”

အလတ္ေကာင္က က်ဳပ္ကိုဖက္ထားရာကေန ခြာလိုက္ၿပီး

“ဒါနဲ႔ က်ဳပ္တို႔ေသၿပီလား ဦးဘသာ”

က်ဳပ္လည္း ေဘးပတ္ဝန္းက်င္ကိုၾကည့္လိုက္ၿပီးေတာ့

“ေအး၊ ေသၿပီးၿပီထင္တာပဲကြ၊ ငါေနာက္ဆုံးသတိရတာကေတာ့ ငေထရွင္က ငါ့ကိုယ္ခႏၶာကို ယူသြားၿပီး ငါ့ကိုျပန္သတ္ခဲ့တာပဲ”

“ဒါဆို ဒီနေရာက ငရဲလား”

“ဟုတ္မယ္မထင္ဘူးလား”

“ဒါျဖင့္ က်ဳပ္တို႔နတ္ျပည္ေရာက္ေနတာလားဗ်ာ”

“မင္းကြာ၊ နတ္ျပည္က ဒီလိုဘယ္ေနမွာလဲကြ”

ဒီအခ်ိန္ေကာင္းကင္မွာ ေနလုံးလိုလိုအလင္းလုံးႀကီးတစ္ခုထြက္ေပၚလာၿပီးေတာ့

“မင္းတို႔ႏွစ္ေယာက္လုံး မေသဘူး”

အသံၾသၾသႀကီးနဲ႔ဗ်ာ၊ က်ဳပ္နဲ႔အလတ္ေကာင္လည္း ေမာ့ၾကည့္လိုက္မိတာေပါ့။

“ဒါဆို က်ဳုပ္တို႔ဘယ္ေရာက္ေနတာလဲ”

“မင္းတို႔ဒီကိုယ္လုံးတစ္ခုထဲမွာ အတူတူမေနႏိုင္ဘူး၊ ဒီအတြက္ မင္းတို႔ကိုငါေနရာတစ္ခုထဲမွာ ခဏထည့္ထားလိုက္တာ”

“ဒါနဲ႔ခင္ဗ်ားကဘယ္သူလဲ”

“ငါက ႐ုပ္မရွိဘူး၊ အထီးအမမရွိဘူး၊ ငါသူတစ္ပါး ေယာက္်ားမိန္းမဆိုတာေတြလည္းမရွိေတာ့ဘူး၊ ငါဟာအလြန္သန႔္စင္သြားၿပီ”

က်ဳပ္ေရာ အလတ္ေကာင္ေရာ ေခါင္းကုပ္ေနမိတယ္။

“ဒါဆို က်ဳပ္တို႔ဘာဆက္လုပ္ရမွာလဲ”

“မင္းကိုငါအသက္ျပန္သြင္းေပးမယ္ အလတ္ေကာင္၊ ၿပီးရင္ေတာ့ မင္းက ႀကီးေလးတဲ့တာဝန္တစ္ခုလုပ္ရမယ္၊ အဲဒီတာဝန္ကေတာ့ မင္းရဲ႕ဦးဘသာကို အသက္ျပန္သြင္းေပးဖို႔ပဲ”

“ဒါေပမယ့္ ဦးဘသာရဲ႕ခႏၶာကို ငေထရွင္က ယူသြားၿပီေလဗ်ာ”

“အငွားခႏၶာတစ္ခုရွာရမယ္”

“ဘယ္လိုရွာရမလဲ”

“မင္းျပန္ႏိုးတာနဲ႔ ေလာေလာလတ္လတ္ေသသြားတဲ့လူကိုရွာရမယ္၊ အဲဒီလူကိုေတြ႕ရင္ အဲဒီလူနဲ႔ႏႈတ္ခမ္းခ်င္းထိၿပီးေတာ့ မင္းကိုယ္ထဲမွာရွိေနတဲ့ ဦးဘသာရဲ႕ဝိညာဥ္ကို ကူးေျပာင္းေျပးရမယ္”

“ဒါဆို ဖုတ္ျပန္သြင္းတဲ့သေဘာေပါ့ေနာ္”

အလတ္ေကာင္က ေမးတယ္ဗ်။

“ဖုတ္သြင္းတယ္မေခၚဘူး၊ ငါတို႔အေခၚအရ နာမ္ကိန္းတယ္လို႔ေခၚတယ္၊ အေရးႀကီးတာက ေသသြားတဲ့လူက ေန႔မကူးဘဲေသထားတဲ့လူျဖစ္ရမယ္၊ ၿပီးေတာ့ တကယ္လို႔ ဦးဘသာက သူ႔ကိုယ္ထဲ နာမ္ကိန္းႏိုင္တယ္ဆိုရင္ေတာင္မွ ခုနစ္ရက္အတြင္း သူ႔နဂိုမူလကိုယ္ထဲကို ျပန္ကူးေျပာင္းႏိုင္ဖို႔ႀကိဳးစားရမယ္”

“ဒါဆို ခုနစ္ရက္အတြင္း ျပန္မကူးႏိုင္ရင္ ဘာျဖစ္မလဲ”

“ဦးဘသာက တကယ္ေသသြားလိမ့္မယ္၊ အဲဒီအခါက်ေတာ့မွ ဖုတ္ဝင္တယ္လို႔ ေခၚလို႔ရတာေပါ့ကြာ”

“က်ဳပ္နားမရွင္းဘူးဗ်ာ၊ က်ဳပ္ရဲ႕ခႏၶာထဲကေန နာမ္ထြက္သြားေပမယ့္ က်ဳပ္က မေသေသးဘူးလား”

အလင္းလုံးႀကီးက တဟားဟားနဲ႔ရယ္ၿပီး

“ေသတယ္ဆိုရင္ အရာအားလုံးက ရပ္တန႔္သြားရမယ္၊ မင္းရဲ႕ႏွလုံးေတြ၊ ေသြးေၾကာေတြ၊ ဦးေႏွာက္ေတြ အကုန္လုံးရပ္တန႔္သြားရမယ္၊ ဒီေတာ့မွ ေသတယ္လို႔ေခၚတယ္၊ အခုဟာက ငေထရွင္က မင္းရဲ႕ႏွလုံးေတြ၊ ဦးေႏွာက္ေတြ မရပ္တန႔္သြားခင္မွာ မင္းကိုယ္ထဲကိုဝင္လိုက္တာ၊ ဒါေၾကာင့္ မင္းရဲ႕႐ုပ္ခႏၶာဟာ ေသတယ္လို႔ ယူဆလို႔မရေသးဘူး”

အလတ္ေကာင္က အားရဝမ္းသာနဲ႔ က်ဳပ္ဘက္ကိုလွည့္လိုက္ၿပီး

“ဒါဆို က်ဳပ္တို႔မွာအခြင့္အေရးရွိေသးတယ္၊ ေမွ်ာ္လင့္ခ်က္ရွိေသးတာေပါ့ ဦးဘသာ”

အလင္းလုံးႀကီးက

“မင္းငါေျပာတာကို မွတ္မိတယ္မဟုတ္လား”

အလတ္ေကာင္က ေခါင္းညိတ္ၿပီးေတာ့

“တစ္ရက္အတြင္းေသထားတဲ့လူကိုရွာရမယ္၊ ၿပီးေတာ့ ႏႈတ္ခမ္းကေန ဝိညာဥ္ထည့္္ေပးရမယ္ ဒါပဲမဟုတ္လား”

အလင္းလုံးႀကီးက ဘာမွမေျပာဘဲနဲ႔ ေပ်ာက္ကြယ္သြားေတာ့တယ္။ အလင္းလုံးႀကီးေပ်ာက္ကြယ္ၿပီးတာနဲ႔ က်ဳပ္နဲ႔အလတ္ေကာင္မတ္တပ္ရပ္ေနတဲ့ေနရာကလည္း အေမွာင္ထုႀကီးတစ္ခုျဖစ္သြားပါေတာ့တယ္ဗ်ာ။

ဆက္ရန္။
#အဂၢေဇာ္ #ဦးဘသာ #ဦးေအာင္ရွိန္ #စုန္း #သရဲ