“စုန်းထီးကြီးဦးဘသာနှင့် ကဝေရှင်ဘသောင်း”(စ/ဆုံး)

Unicode Version

“စုန်းထီးကြီးဦးဘသာနှင့် ကဝေရှင်ဘသောင်း”(စ/ဆုံး)
——————————————————————
အတွဲ(၅) စာစဉ်(၈)

(၁)

“ဦးဘသာ ကဝေရှင်ကို ဘယ်မှာသွားရှာကြမှာလဲဗျ”

ချောချောပုံစံနဲ့ ဦးဘသာကို ကျုပ်ကမေးလိုက်တယ်၊ ဦးဘသာ လမ်းလျှောက်တာကိုရပ်လိုက်ပြီးတော့

“ကဝေရှင်ဆိုတာ သိုသိုသိပ်သိပ်နေတတ်တဲ့လူတွေကွ၊ သူတို့က လူမသိအောင်နေတယ်၊ လူမသိသူမသိလည်းလှုပ်ရှားတတ်တယ်ကွ၊ စုန်းကဝေတွေကို ဖမ်းဆီးတဲ့လူဆိုတော့ စုန်းကဝေတွေတောင်မှ ကဝေရှင်ဘယ်သူလဲဆိုတာ မသိကြဘူး”

“ဟောဗျာ၊ ဒါဆိုရင်ကျုပ်တို့ဘယ်လိုသွားရှာမလဲဗျ၊ ဟောဒီရန်ကုန်မှာ လူတွေကလည်းအများကြီးမဟုတ်လား ဒီလူတွေထဲကမှ ကဝေရှင်ဘယ်သူလဲဆိုတာကို လိုက်ရှာရရင်ဖြင့် ကောက်ရိုးပုံထဲ အပ်ပျောက်ရှာတာထက်တောင် ဆိုးနေအုံးမယ်ဗျာ”

ဦးဘသာက ပြုံးရင်း

“သိပ်လည်းမစိုးရိမ်ပါနဲ့ကွ၊ ငါ့မှာနည်းလမ်းရှိပါတယ်”

“ဘယ်လိုနည်းလဲဗျာ”

“စောင့်ကြည့်ပေါ့ကွာ၊ လာဟေ့ ဒီအချိန်ဆိုရင် သူတို့ထွက်နေလောက်ပြီကွ”

ဦးဘသာနဲ့ကျုပ်လည်း ကားလမ်းအတိုင်းဆက်လျှောက်လာခဲ့ကြတယ်၊ မြို့နဲ့တဖြည်းဖြည်းလှမ်းလာတဲ့အခါ ကားလမ်းမကြီးမှာ မီးတိုင်တွေက ခပ်ကျဲကျဲပဲရှိတော့တယ်ဗျ၊ ကားလမ်းပေါ်မှာလည်း ကျုပ်နဲ့ဦးဘသာပဲ ရှိတော့တာ၊ ကုန်တင်ကားကြီးတွေကတော့ တစ်ချက်တစ်ချက် ဝေါခနဲဝေါခနဲဖြတ်သွားတတ်တာပါပဲဗျာ။

ဆက်လျှောက်လာရင်း ခပ်လှမ်းလှမ်းက လမ်းမီးတိုင်တစ်ခုအောက်မှာ ကလေးလေးတွေက ဆော့ကစားနေသဗျ၊ ကလေးချည်း ဆယ်ယောက်လောက်ရှိတယ်ဗျာ၊ သူတို့တွေက လမ်းမီးရောင်အောက်မှာ ပြေးလိုက်လွှားလိုက်နဲ့ ဆော့ကစားနေတယ်၊ ကျုပ်လည်း ကလေးတွေကိုကြည့်ပြီး အံ့သြသွားတာပေါ့ဗျာ။

“ညကြီးမင်းကြီး ဘယ်ကကလေးတွေ လမ်းမီးတိုင်အောက်မှာ လာဆော့နေကြသလဲမသိပါဘူးဗျာ၊ ကားတိုက်မိလို့ သေကုန်အုံးမယ်”

ဦးဘသာက ပြုံးရင်း

“သူတို့က ကားတိုက်ပြီးသားဆိုတော့ မသေတော့ဘူးပေါ့ကွာ”

“ဘယ်လိုဗျ၊ ကားတိုက်ပြီးသားတဲ့လား”

“ငါပြောမယ်အလတ်ကောင်၊ မင်းဘေးဘီကိုကြည့်လိုက်စမ်း၊ တစ်ဖက်မှာလည်းတောကြီး၊ တစ်ဖက်မှာလည်း ခြံစည်းရိုးကြီးမဟုတ်လားကွ၊ ဒီလိုနေရာမှာ ဘယ်ကကလေးက လာဆော့မှာလဲကွ”

ဦးဘသာပြောတာလည်းဟုတ်တယ်ဗျ၊ ဒီနားမှာ လူနေအိမ်ဆိုလို့ တစ်အိမ်တောင်မတွေ့မိပါဘူးဗျာ၊ ဒီတော့မှ ကျုပ်လည်းကျောတွေချမ်းလာတာ။

“ဒါဆို ဒီကလေးတွေက သရဲတွေပေါ့နော်”

“သရဲတော့မဟုတ်ဘူး၊ မှင်စာကလေးတွေကွ”

“မှင်စာနဲ့ ကဝေရှင်နဲ့က ဘယ်လိုအဆက်အသွယ်ရှိလို့လဲဦးဘသာ”

“ကဝေရှင်က မှင်စာလေးတွေကို အသုံးချတယ်ကွ၊ မှင်စာကလေးတွေက ကလေးသရဲလေးတွေဆိုတော့ မလိမ်မညာတတ်ကြဘူးမဟုတ်လား၊ ပြီးတော့ ခိုင်းရပြုရတာလည်း လွယ်တယ်လေကွာ”

“ဒါဆိုရင် ဒီမှင်စာကလေးတွေထဲမှာ တစ်ယောက်ယောက်က ကဝေရှင်ကိုသိနေမှာပေါ့နော်”

“အစစ်ပေါ့ကွာ၊ ကဲ လာလာ၊ ဒီကောင်တွေကိုသွားမေးရအောင်”

ကျုပ်တို့လည်း မှင်စာကလေးတွေအနားကို လမ်းလျှောက်လာကြတယ်ဗျ၊ မှင်စာလေးတွေကို ကျုပ်တို့ကို ဂရုမထားပါဘူးဗျာ၊ အော်ကြဟစ်ကြ၊ ဆူညံကြနဲ့ ဆော့ကစားနေကြတာပေါ့၊ ဆူတာလည်း အတော်ဆူတာဗျ၊ အသံသေးသေးလေးတွေနဲ့ အော်ဟစ်နေတာပဲဗျာ။ ကျုပ်တို့နဲ့ တဖြည်းဖြည်းနီးလာတဲ့အခါ အဲဒီမှင်စာကလေးတွေက ကြက်ပျောက်ငှက်ပျောက် ပျောက်သွားကြတာပါပဲ၊ ဓါတ်တိုင်အောက်မှာ ဘာမှကိုမရှိတော့ဘူးဗျ။

“ဟော၊ ဘယ်ရောက်ကုန်တာလဲဗျာ”

“လာစမ်းပါကွာ၊ သူတို့က လူတွေ့လို့ပုန်းနေတာကွ”

ဦးဘသာနဲ့ကျုပ်နဲ့ အဲဒီဓါတ်တိုင်အောက်ကိုရောက်တော့ ဦးဘသာက ဓါတ်တိုင်ကိုလက်နဲ့ပုတ်ရင်း

“ဟေ့ကောင်လေးတွေ၊ ပုန်းမနေနဲ့ထွက်လာခဲ့ကြစမ်းဟေ့”

ဦးဘသာပြောပေမယ့် ဘာမှတော့မထူးဘူးဗျ၊ တစ်ဖက်မှာလည်း ကတ္တရာလမ်းကြီး၊ တစ်ဖက်မှာလည်း ချုံပင်မြက်ပင်တွေပဲရှိသဗျာ၊ ဒီအချိန် ချုံဘက်ကနေ ချွတ်ခနဲအသံကြားလိုက်ရပြီးတော့ အကောင်လေးတစ်ကောင်က လွှားခနဲခုန်ထွက်လာတယ်ဗျ၊ ဦးဘသာက အဲဒီအကောင်လေးကို လက်ညှိုးနဲ့ထိုးလိုက်တော့ အကောင်လေးက လေပေါ်မှာတန်းလန်းကြီးဖြစ်သွားသဗျာ၊ ပုံစံကတော့ လူပုံစံမဟုတ်ဘူးဗျာ၊ လက်ရှည်ရှည်၊ ခြေရှည်ရှည်နဲ့ဗျ၊ မသိရင်မျောက်တစ်ကောင်နဲ့တောင်တူတယ်၊ မျောက်ကတော့ အမြီးပါတယ်၊ သူကအမြှီးမပါဘူးပေါ့ဗျာ။

မျက်လုံးပြူးပြူး ပါးစပ်ပြဲပြဲနဲ့ဗျာ၊ ပါးစပ်ထဲမှာလည်း အစွယ်သွားချွန်ချွန်ကလေးတွေ အများကြီးရှိတယ်၊ ဒီကောင်လေးက လေပေါ်ရပ်နေတာကို မကျေနပ်တဲ့ပုံပဲဗျ၊ ပါးစပ်ကလည်း စူးစူးဝါးဝါးအော်တယ်။ ဦးဘသာက မှင်စာကလေးကို မျက်မှောင်ကြုတ်လိုက်ပြီး

“အောင်မာ၊ မင်းအစွမ်းလောက်နဲ့ ငါ့ကိုချုံခိုတိုက်ချင်တယ်ပေါ့၊ ဟုတ်သလား”

ဦးဘသာက မှင်စာကလေးကိုလွှတ်ပေးလိုက်တော့ မှင်စာကလေးက မြေကြီးပေါ်မှာဆောင့်ကြောင့်လေးထိုင်လို့ဗျ၊

“ငါလာတာ မင်းတို့ကို ဒုက္ခပေးဖို့လာတာမဟုတ်ဘူးကွ၊ ကဲ မင်းရဲ့အပေါင်းအပါတွေကို ခေါ်လိုက်စမ်းကွာ”

မှင်စာကလေးက ပါးစပ်ကအော်ဟစ်ပြီးတော့ သူ့လက်နဲ့ပါးစပ်ကို ပိတ်လိုက်ဖွင့်လိုက်လုပ်ပါရောဗျာ၊ ခင်ဗျားတို့ကျုပ်တို့လည်း ငယ်ငယ်က အဲဒီလိုလုပ်ခဲ့ဖူးမယ်မဟုတ်လား၊ ပါးစပ်က ဝူးလို့အော်ရင်း လက်ကိုအဖွင့်အပိတ်လုပ်တော့ ဝလူ ဝလူဆိုတဲ့အသံထွက်တာပေါ့ဗျာ။

“ဒါဘာလုပ်နေတာလဲ ဦးဘသာ”

“မှင်စာကလေးတွေကိုခေါ်နေတာကွ၊ မှင်စာခေါ်ရင် အဲဒီလို ဝလူဝလူလုပ်ပြီးခေါ်ရတယ်၊ ဒါကြောင့်ရှေးလူကြီးတွေက ကလေးတွေအဲဒီလိုလုပ်ပြီးဆော့ရင် ဆူကြရိုက်ကြတယ်မဟုတ်လား၊ နောက်မဆော့ဖို့လည်း ပြောကြတယ်လေကွာ”

ဟုတ်တယ်ဗျ၊ ကျုပ်တို့ငယ်ငယ်က အဲဒီလိုလုပ်တဲ့အခါ အမေကဆူတာပါပဲဗျာ၊ ခေါင်းကိုလည်း ဒေါက်ခနဲခေါက်တာဗျ၊ သုံးလေးခါလောက် အခေါက်ခံရပြီးတော့ ကျုပ်တို့လည်း မှတ်သွားပြီး လိုက်မလုပ်တော့ဘူးပေါ့ဗျာ၊ အခုမှသိတယ်၊ ဒီလိုလုပ်တာ မှင်စာခေါ်တာတဲ့ဗျာ။

“ဟုတ်တယ်ဦးဘသာ၊ ကျုပ်တို့ငယ်ငယ်ကဆို ဒီလိုလုပ်ရင် ခဏခဏအတီးခံရတာဗျ၊ ဘာကြောင့်မှန်းတော့ မသိဘူးပေါ့ဗျာ”

“မှင်စာလေးတွေက ကလေးခေါ်ရင် ရောက်လာတတ်တယ်ကွ၊ ပြီးတော့ ကလေးကို စနောက်တတ်တယ်၊ မှင်စာ စနောက်တာခံရရင် ကလေးက အကြောင်းမရှိဘဲနဲ့ တခစ်ခစ်ရယ်တတ်တယ်ကွ၊ တချို့မှင်စာကျတော့ ကလေးကိုခြောက်တယ်၊ ဆူတယ်၊ ဒီအခါ ကလေးကငိုရောဟေ့၊ အခန့်မသင့်ရင် မှင်စာက ကလေးကိုပူးကပ်တာလည်းဖြစ်နိုင်သေးတယ်၊ ဒါကြောင့်မို့ ကလေးတွေကို ဒီလိုမဆော့ခိုင်းတာကွ”

ဟိုမှင်စာကလေး ဝလူဝလူအော်ပြီး သိပ်မကြာပါဘူးဗျာ၊ လမ်းဘေးက ချုံပုတ်တွေက တရှဲရှဲနဲ့လှုပ်ခတ်လာပြီးတော့ မှင်စာကလေးတွေ ခုန်ပေါက်ပြီးထွက်လာသဗျာ၊ ပြီးတာနဲ့ တစ်ခါတည်း ကျုပ်အပေါ်ကို ကုပ်ဖက်တက်ကြတာပါပဲဗျာ၊ ခေါင်းပေါ်တက်တဲ့အကောင်က ကျုပ်ဆံပင်တွေကိုဆောင့်ဆွဲသဗျ၊ ခြေသလုံးကိုဖက်ကိုက်တဲ့အကောင်ကလည်းကိုက်တယ်၊ လက်မောင်းတစ်ဖက်မှာလည်း တစ်ကောင်စီတက်နေသေးတယ်ဗျာ၊ ကျုပ်လည်းမှင်စာငါးကောင် ကိုယ်ပေါ်တက်နေတာနဲ့ သူတို့ကျသွားအောင်လို့ အမျိုးစုံခါရမ်းနေတာပေါ့ဗျာ၊ ဒီကောင်တွေက မျောက်တွေလိုပဲဗျ၊ မြန်လိုက်တာလည်း လှစ်နေတာပဲဗျာ၊ သူတို့ကိုရိုက်ထည့်လိုက်ရင် သူတို့မထိဘဲ ကိုယ့်အသားပဲကိုယ်ပြန်ထိတယ်ဗျ။

ခေါင်းပေါ်က မှင်စာကိုလှမ်းဖမ်းဆွဲလိုက်တဲ့အချိန်မှာ ခါးပေါ်ကိုမှင်စာတစ်ကောင်က ကုပ်ဖက်တက်လာပြီးတော့ ကျုပ်ချိုင်းကို သူ့လက်ညှိုးနဲ့ကလိထိုးပါရောဗျာ၊ ကျုပ်ဖြင့် ရယ်လိုက်ရတာပြောမနေပါနဲ့၊ နောက်တစ်ကောင်ကလည်း ကျုပ်ခါးကိုပွတ်တယ်ဗျ၊ ကျုပ်မနေနိုင်တော့တာနဲ့ ကတ္တရာလမ်းပေါ်လှဲချလိုက်ရတယ်၊ ဒီမှင်စာတွေက ကျုပ်ကိုကလိချည်းလှိမ့်ထိုးတာဗျ၊ ကျုပ်ဖြင့် ရယ်လိုက်ရတာ အူပါတက်တယ်ဗျာ၊

“ဦးဘသာ၊ ကျုပ်ကိုလုပ်ပါအုံးဗျာ၊ ဟား၊ ဟား”

ကလိထိုးတာ အသားမနာဘူးဆိုပေမယ့် တော်တော်တော့ခံရခက်တဲ့အမျိုးဗျ၊ ခင်ဗျားတို့မယုံရင် ကလေးငါးယောက်လောက်ခေါ်ပြီးတော့ ကလိသာထိုးခိုင်းကြည့်ဗျာ၊ ကျုပ်က ယားတတ်တဲ့လူဆိုတော့ ပိုဆိုးတယ်ဗျ။ ဒီမှင်စာကလေးတွေကလည်း တော်တော်ပေါ့ပါးတာဆိုတော့ ခါထုတ်လို့လည်းမရဘူးဗျာ။

ဦးဘသာက ကျုပ်ကိုလက်ညှိုးနဲ့ထိုးရင်း

“အလတ်ကောင်၊ ငြိမ်ငြိမ်နေစမ်းကွာ၊ လှုပ်မနေနဲ့ကွ”

“ဟာ၊ ဦးဘသာရာ၊ မလှုပ်လို့ရမလားဗျ၊ ဒီလောက်ယားနေတာကို၊ ဟား၊ ဟား”

ဒီအချိန် ကျုပ်ဘက်လက်မှာကိုင်ထားတဲ့တောင်ဝှေးနဲ့ မှင်စာကလေးတစ်ကောင်ကို ထိမိသွားပါရောဗျာ၊ ဂျိန်းခနဲအသံတစ်ချက်မြည်သွားပြီးတော့ မှင်စာကလေးက လွင့်ထွက်သွားပြီး ကတ္တရာလမ်းမပေါ်ကို ကျသွားပါရော၊ ဒီတော့မှ ကျန်တဲ့မှင်စာကလေးတွေလည်း ကြောက်လန့်ပြီး ကျုပ်ကိုယ်ပေါ်ကနေပြေးဆင်းသွားကြတယ်၊ ကားလမ်းပေါ်ကျတဲ့မှင်စာကလေးက မီးခိုးငွေ့တွေတအူအူထွက်လို့ဗျ။ ကျုပ်လည်းကုန်းထလိုက်ပြီး

“သေပြီလားမသိဘူး”

မှင်စာကလေးက လက်ကိုအားယူပြီးကုန်းထလာတယ်ဗျာ၊ သူ့ခေါင်းမှာ အမွှေးတွေမရှိတော့ဘဲ ကတုံးကြီးဖြစ်နေပါရော၊ အဲဒီအမွှေးတွေကလည်း မီးလောင်ကျွမ်းထားသလိုဖြစ်ပြီး မီးခိုးငွေ့တွေထွက်နေသဗျ၊ ညှော်တာလည်း တော်တော်ညှော်တာ။ ဦးဘသာက ရယ်လိုက်ပြီး

“မင်းတို့ကို ငါတို့ဒုက္ခပေးဖို့လာတာမဟုတ်ပါဘူးကွာ၊ မေးစရာရှိလို့လာတာ၊ ဒါနဲ့ မင်းတို့ကို မုန့်လာလာကျွေးတဲ့လူရှိတယ်မဟုတ်လား”

ဆောင့်ကြောင့်ထိုင်နေတဲ့ မှင်စာကလေးက ခေါင်းညိတ်လိုက်တယ်။

“တစ်ခါတရံလာကျွေးတာမျိုးမဟုတ်ဘဲ၊ အမြဲတမ်းလာကျွေးတဲ့လူရော ရှိသလား”

မှင်စာကလေးက ခေါင်းညိတ်ပြတယ်ဗျ၊

“ပြောစမ်း၊ အဲဒီလူက မင်းတို့ကိုဘာလုပ်ခိုင်းတာလဲ”

“ကျွန်တော်တို့ကို သကြားလုံးတွေ၊ မုန့်တွေကျွေးပါတယ်၊ ပြီးရင်တော့ ဒီနားကရွာတွေထဲက အိမ်ကြိုအိမ်ကြားကိုလွှတ်ပါတယ်၊ သူပြောတဲ့အိမ်မှာ လှန်းထားတဲ့ ထမီဖြစ်ဖြစ်၊ အင်္ကျီဖြစ်ဖြစ် တစ်ထည်ကိုခိုးယူပေးရပါတယ်၊ သူက အဲဒီအင်္ကျီရတဲ့အခါ ကျွန်တော်တို့ကို မုန့်တွေအများကြီးကျွေးပါတယ်”

ဦးဘသာက ခေါင်းညိတ်လိုက်ပြီးတော့

“အဲဒါ ကဝေရှင်ပဲကွ”

“နေပါအုံး ဦးဘသာ၊ ကဝေရှင်က ဘာဖြစ်လို့ထမီတွေ၊ အင်္ကျီတွေကိုယူခိုင်းတာလဲ”

“ဒီလူက စုန်းကဝေဟုတ်မဟုတ် အတည်ပြုပေးဖို့ကွာ၊ ငါပြောပြမယ်အလတ်ကောင်ရ၊ ပရလောကသားတွေမှာလည်း သူ့နယ်နဲ့ သူ့စည်းနဲ့ရှိတယ်၊ သရဲတွေဆိုပေမယ့်လည်း လူတွေရဲ့အိမ်ခြံဝန်းတွေ၊ စုန်းတွေရဲ့ ခြံဝိုင်းတွေထဲကို စိတ်ရှိတိုင်း ဝင်လို့ထွက်လို့မရဘူးကွ၊ အဲဒီလိုဝင်ထွက်နိုင်တာ မှင်စာကလေးတွေပဲရှိတယ်၊ မှင်စာကလေးတွေကို ပရလောကသားတွေက ချစ်တယ်ကွ၊ တို့လူတွေသဘောနဲ့ပြောရရင် ကလေးတွေဆိုရင် ဘာလုပ်လုပ်ဆိုပြီးလွှတ်ထားတဲ့သဘောမျိုးပေါ့ကွာ၊ မှင်စာကလေးတွေက အိမ်ကြိုအိမ်ကြား၊ ဝိုင်းကြိုဝိုင်းကြားကို ဝင်ထွက်လို့ရတယ်ကွ၊ တစ်ခါတလေ အိမ်စောင့်နတ်နဲ့အဆင်ပြေရင် အိမ်ပေါ်ကိုတောင်တက်လို့ရတယ်ပေါ့ကွာ”

“ဟာ၊ အဆန်းပါလားဗျာ”

“ဟုတ်တယ်၊ ကဝေရှင်ဆိုတာကလည်း သေချာမှလုပ်တဲ့အမျိုးကွ၊ ဒါကြောင့် အိမ်ကြိုအိမ်ကြားသွားလို့ရတဲ့ မှင်စာကလေးတွေကို မုန့်ကျွေးပြီးတော့ သူသတင်းရထားတဲ့အိမ်မှာ စုန်းကေ၀ တကယ်ရှိမရှိကို အတည်ပြုချင်တာနဲ့ မှင်စာလေးတွေကို ခိုင်းတာပေါ့ကွာ”

မှင်စာကလေးက ခေါင်းညိတ်ပြီး

“ဟုတ်တယ်ဗျ၊ အိမ်တစ်အိမ်မှာလှန်းထားတဲ့အဝတ်ကို ကျွန်တော်တို့က အနံ့ခံကြတယ်၊ အဲဒီအခါ ထူးဆန်းတဲ့အနံ့ရတဲ့အင်္ကျီဆိုရင်တော့ အဲဒီအင်္ကျီကိုယူပြီး အဲဒီလူကြီးကို သွားသွားပေးရတယ်”

“တွေ့လားအလတ်ကောင်၊ ကဝေရှင်က တိကျတယ်ကွ၊ အိမ်တစ်အိမ်မှာ လူငါးယောက်ရှိတယ်ဆိုပါတော့ကွာ၊ အဲဒီအထဲမှာ ဘယ်သူက စုန်းလဲဆိုတာကို သေချာသိအောင် ဆုံးဖြတ်တဲ့သဘောပေါ့ကွ”

“ထားပါတော့ဗျာ၊ ဒါပေမယ့် ညဘက်အဝတ်မလှန်းတဲ့အိမ်ဆိုရင် ဘယ်လိုလုပ်မလဲဗျ”

ဦးဘသာက ခေါင်းခါရင်း

“စုန်းကဝေမှန်ရင် ညဘက်အဝတ်လှန်းလေ့ရှိတယ်ကွ၊ ဒါကလည်း စုန်းအချင်းချင်းဆက်သွယ်တဲ့နည်းလမ်းတစ်ခုပဲပေါ့ကွာ၊ ဒါကြောင့် ရှေးလူကြီးတွေက ညနေစောင်းပြီဆိုတာနဲ့ အဝတ်တွေရုတ်ခိုင်းတယ်မဟုတ်လား၊ ညဘက်အဝတ်လှမ်းရင် စုန်းမဆိုပြီးတော့ ပြောဆိုကြသေးတယ်လေကွာ”

ကျုပ်သဘောပေါက်လိုက်ပါပြီဗျာ၊ ဦးဘသာက မှင်စာကလေးကိုကြည့်ရင်း

“ဒါဆို အဲဒီလူကြီးကို ငါတို့ဘယ်မှာသွားရှာရမလဲ”

မှင်စာကလေးက တစ်ချက်ပြူးကြောင်ကြည့်နေရင်း သူ့လက်ဝါးကိုဖြန့်ပြတယ်ဗျ၊ သူ့လက်ဝါးထဲမှာတော့ ဆီစိမ်စက္ကူနဲ့ လိမ်ပြီးထုတ်ထားတဲ့ သကြားလုံးသုံးလုံးကို တွေ့လိုက်ရတယ်ဗျာ။ ဦးဘသာက မျက်မှောင်ကြုတ်ကြည့်ရင်း

“ဒါ ဘာသဘောလဲကွ”

“ခုနကပဲ ဒီလူကြီးလာသွားသေးတယ်၊ ကျွန်တော်တို့လည်း ရွာထဲက ထမီတစ်ထည်ယူပြီး ပေးလိုက်တော့ ကျွန်တော်တို့ကို သကြားလုံးတွေပေးသွားကြတာပါပဲ၊ ကျွန်တော်တို့လည်း မုန့်စားရတော့ ပျော်ရွှင်ပြီးတော့ ဆော့နေကြတာပါ”

ဦးဘသာက ကျုပ်ကိုကြည့်ပြီးတော့ ခေါင်းညိတ်ပြတယ်ဗျ၊ ကျုပ်တို့ကတော့ ကဝေရှင်နဲ့ တည့်တည့်တိုးနေပြီမဟုတ်လားဗျာ။

“ဒါဆိုရင် မင်းထမီယူခဲ့တဲ့အိမ်ကို ငါ့ကိုလမ်းပြနိုင်မလား”

မှင်စာကလေးတွေက ဦးဘသာကိုယောင်ပေပေနဲ့ကြည့်နေတယ်ဗျ၊ ဦးဘသာက သူ့လက်ဝါးကိုပွတ်လိုက်ပြီးတော့ လက်ဝါးဖြန့်လိုက်တဲ့အခါ သကြားလုံးကလေးတွေ လက်ဝါးထဲကိုရောက်နေပါရောဗျာ၊ အဲဒီသကြားလုံးကလေးတွေမြင်တော့ မှင်စာကလေးတွေက ပျော်သွားတယ်။ နောက်တော့ ဦးဘသာဆီက သကြားလုံးကိုဆွဲယူပြီး ကားလမ်းမအတိုင်းပြေးသွားပါရောဗျာ။ ဦးဘသာနဲ့ကျုပ်လည်း သူတို့အနောက်ကိုလိုက်ခဲ့တာပေါ့၊ မှင်စာကလေးတွေက မျောက်တွေလိုခုန်ဆွခုန်ဆွနဲ့ပြေးတာဗျ။

“ဒါနဲ့ ဦးဘသာ၊ အဲဒီသကြားလုံးတွေကို ဦးဘသာဘယ်ကရတာလဲဗျ၊ ပညာနဲ့ဖန်ဆင်းလိုက်တာလား”

ဦးဘသာက ပြုံးရင်း

“ဘယ်ဟုတ်ပါ့မလဲကွ၊ ဒီသကြားလုံးတွေက ဒီကောင်တွေဆီက သကြားလုံးတွေပဲဟေ့၊ သူတို့သကြားလုံးတွေကို ပညာနဲ့လှမ်းခိုးယူပြီး သူတို့ကိုပြန်ပေးလိုက်တာပေါ့ကွာ”

“ဟာဗျာ၊ တော်တော်ရက်စက်တဲ့လူကြီးဗျာ၊ ကလေးတွေကတော့ အဟုတ်မှတ်လို့ပျော်နေတာဗျ”

“အိုကွာ၊ ဒီလိုပဲ ကြံဖန်လုပ်ရတာပေါ့၊ ကလေးတွေကို ညှပ်ချသင့်တဲ့အခါလည်း ညှပ်ချရတာပေါ့ကွာ”

ကျုပ်တို့လည်း ဆက်ပြေးခဲ့ပါတော့တယ်။

(၂)

ကားလမ်းအတိုင်းပြေးသွားရင်း တစ်နေရာရောက်တဲ့အခါမှာတော့ မြေနီလမ်းကလေးတစ်ခုက ကားလမ်းမဘေးကနေ ချိုးဝင်သွားပါရောဗျာ၊ ကျုပ်တို့လည်း မြေနီလမ်းကလေးအတိုင်းလိုက်လာရင်း တစ်နေရာရောက်တော့ ရွာကလေးတစ်ခုကိုမြင်လိုက်ရတယ်ဗျ၊ လေးအိမ်စု၊ ငါးအိမ်စုနဲ့ အိမ်စုကလေးတွေကိုဖြတ်ကျော်သွားပြီး တစ်နေရာရောက်တော့ ခြံဝန်းကျယ်ကြီးတစ်ခုအနားကိုရောက်သွားသဗျာ၊ ခြံဝန်းက အတော်ကျယ်တယ်ဗျ၊ အနီးပတ်ဝန်းကျင်က အိမ်တွေနဲ့လည်း တော်တော်လှမ်းပြီး တသီးတသန့်ဖြစ်နေတာပေါ့၊ ခြံကျယ်ကြီးရဲ့ အလယ်တည့်တည့်လောက်မှာ တဲအိမ်ကလေးတစ်ခုရှိသဗျ။

တဲအိမ်ကလေးအနားမရောက်ခင်မှာပဲ မှင်စာကလေးတွေက အရှေ့ဆက်မသွားတော့ဘဲ ရပ်တန့်သွားကြသဗျာ၊ လမ်းဘေးနားက သစ်ပင်တွေ၊ ချုံပင်တွေကို ကပ်ပြီးပုန်းနေကြပါရော၊ လမ်းပြတဲ့မှင်စာကလေးက အရှေ့ကိုလက်ညှိုးထိုးပြလိုက်တော့ ခြံကျယ်ကြီးရဲ့အဝင်ဝနားမှာ လူကြီးတစ်ယောက်က ခါးထောက်ရင်းရပ်နေပါရောဗျာ၊ ကျုပ်နဲ့ဦးဘသာလည်း နီးစပ်ရာချုံတစ်ခုကို ပြေးကပ်လိုက်ရသဗျ။

“ဒီလူပဲထင်တယ်နော် ဦးဘသာ”

“အေးပေ့ါကွ၊ သူပဲဖြစ်မှာပေါ့”

မှင်စာလေးတွေက တော်တော်ကြောက်ကြောက်လန့်လန့်နဲ့ဗျာ၊ နောက်တော့ မှင်စာကလေးတစ်ကောင်က လမ်းဘေးနားမှာကျနေတဲ့ ကျောက်ခဲလေးတစ်လုံးကိုကောက်လှန်လိုက်ပြီးတော့ သူကလည်း သေးသေးကလေးဖြစ်သွားတော့တယ်၊ အဲဒီကျောက်ခဲအောက်ကိုဝင်ပြီးတော့ ပုန်းပါရောဗျာ၊ တခြားမှင်စာကလေးတွေလည်း အကောင်သေးသေးလေးတွေဖြစ်အောင်လုပ်ပြီးတော့ အနားက အိုးခြမ်းပဲ့တွေ၊ သစ်ရွက်တွေအောက်ကို ပြေးပုန်းကြတယ်ဗျ၊

“ဟာ၊ သူတို့ပုန်းနေပါရောလား”

“အေးကွ၊ မကြာခင်ဘာဖြစ်တော့မယ်ဆိုတာကို သိလို့ထင်ပါရဲ့”

ဦးလေးကြီးက ခါးထောက်ကြည့်ရင်း

“ဟဲ့ မိလှိုင်၊ ထွက်ခဲ့၊ ခပ်မြန်မြန်ထွက်ခဲ့စမ်း”

ခြံထဲက ဘာအသံမှတော့မကြားရဘူးဗျ။

“ညည်းဒီအိမ်မှာရှိတယ်ဆိုတာကို ငါသိတယ်နော် မိလှိုင်၊ ငါဝင်လာရရင် ညည်းနာမယ်မှတ်”

ဒီလူကြီးက ကြိမ်းဝါးတယ်ဗျ၊ ဒီအချိန်မှာပဲ ခြံကျယ်ကြီးအဝင်နားမှာ ပေါက်နေတဲ့ဝါးရုံကြီးက တဖြန်းဖြန်းနဲ့လှုပ်ခါသွားပြီးတော့ ဝါးရုံပင်အပေါ်ကနေ ဖြူဖြူအကောင်ကြီးတစ်ကောင်က ခုန်ဆင်းလာသဗျာ၊ လက်တံရှည်ရှည်နဲ့အကောင်ကြီးဗျ၊ ဒီအကောင်ကြီးက ကဝေရှင်ရဲ့အရှေ့မှာရပ်လိုက်ပြီးတော့ အသံပြဲကြီးနဲ့အော်လိုက်တယ်။

“အောင်မာ၊ မင်းရဲ့သဘက်လောကနဲ့ ငါ့ကိုနိုင်မယ်ထင်သလားဟေ့”

ကဝေရှင်က သူ့လွယ်အိတ်ထဲကို လက်နှိုက်ပြီးတော့ ပင်နယ်ဆလင်ပုလင်းကလေးတစ်လုံးထုတ်လိုက်တယ်ဗျ၊ အဲဒီပုလင်းလေးကို အဖုံးဖွင့်ပြီးတော့ သူ့ပါးစပ်နားကိုကပ်လိုက်ရင်း

“ကဲ၊ မောက်ပြားစုန်းထွက်ခဲ့စမ်း၊ ဒီသဘက်ကို ပညာနည်းနည်းပြလိုက်စမ်းပါ”

အဲဒီလိုပြောပြီးတော့ ပုလင်းအဝကို လေနဲ့မှုတ်ထည့်လိုက်တဲ့အခါမှာ ပုလင်းအထဲကနေ မီးခိုးငွေ့ဖြူဖြူကြီးတွေထွက်လာပြီးတော့ အကောင်ကြီးတစ်ကောင် ထွက်လာပါရောဗျာ၊ ဆံပင်စုတ်ဖွားဖွားနဲ့အကောင်ကြီးက အရိုးခြောက်ကြီးနဲ့တောင်တူသဗျာ၊ အကောင်ကြီးက အောက်ပိုင်းမပါဘဲ ခါးအလယ်လောက်အထိပဲပါတယ်။ ဒီအကောင်ကြီးက သဘက်ကြီးဆီကိုပြေးဝင်သွားပြီးတော့ ပြေးလုံးတော့တာပါပဲဗျာ၊ သဘက်ကြီးနဲ့ ဒီအကောင်ကြီးနဲ့ လုံးထွေးနေကြတုန်း ဒီလူကြီးက နောက်ထပ်ပုလင်းနှစ်လုံးကို ထပ်ထုပ်လိုက်ပြန်ပါရော၊ ခုနကအတိုင်း ပုလင်းကိုမန်းမှုတ်ပြီးတော့

“မင်းတို့နှစ်ကောင်က အိမ်ထဲက စုန်းမကိုသွားဖမ်းခေါ်ခဲ့ကြစမ်းကွာ”

ဖြူဖြူကြီးနှစ်ကောင်က ခြံထဲကိုပျံပြီးဝင်သွားတော့တယ်ဗျာ၊ နောက်တော့ ခြံထဲမှာ အော်ဟစ်ငိုယိုသံတွေကိုကြားလိုက်ရတယ်။ ကျုပ်လည်း ဦးဘသာကိုကြည့်လိုက်ပြီး

“ဦးဘသာ တစ်ခုခုလုပ်လေဗျာ”

ဦးဘသာက ခေါင်းခါပြီးတော့

“ဝင်လုပ်လို့မဖြစ်ဘူးကွ၊ ကဝေရှင်တွေက အလုပ်လုပ်ရင်စေ့စပ်တယ်၊ ငါ့အထင်တော့ ဒီအနီးတစ်ဝိုက်မှာ သူ့ရဲ့ကဝေထောင်ချောက်တွေကို ချပြီးသားပဲနေမှာကွ”

“ကဝေထောင်ချောက်ဆိုတာ ဘာလဲဗျာ”

“ကဝေထောင်ချောက်အမျိုးမျိုးရှိတယ်ကွ၊ များသောအားဖြင့်ကတော့ စုန်းတွေပညာစက်သုံးလို့မရအောင် ပိတ်ပင်ထားတဲ့ ကဝေထောင်ချောက်တွေဖြစ်တတ်တယ်၊ ဒီအချိန်မှာ ငါက ပညာထုတ်သုံးလိုက်ရင် ကဝေထောင်ချောက်က ငါ့ဆီလာထိမှာပဲဟေ့”

ဒီလိုနဲ့ပဲ ဘာမှမလုပ်နိုင်ဘဲ ဆက်ကြည့်နေရတယ်ဆိုပါတော့ဗျာ၊

ငိုယိုသံတွေကြားပြီးတဲ့အခါ ဖြူဖြူကြီးနှစ်ကောင်က မိန်းမတစ်ယောက်ကိုဆွဲချလာသဗျာ၊ အဲဒီမိန်းမက ကလေးလေးတစ်ယောက်ကို လက်မှာချီထားတယ်၊ ကလေးလေးက လသားလောက်ကလေးပဲ ရှိမှာဗျ။ အဖြူကောင်ကြီးနှစ်ကောင်က ဒီမိန်းမကိုပခုံးတွေကနေ ဖမ်းချုပ်ဆုပ်ကိုင်ထားတယ်၊ ဒီမိန်းမက ရုန်းပေမယ့် ရုန်းမရဘူးဗျ၊ ကဝေရှင် ဒီမိန်းမကိုကြည့်ရင်း

“ဟာ၊ လတ်စသတ်တော့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကိုမိလိုက်တာပဲဟေ့”

ဟိုမိန်းမက ငိုယိုပြီးတော့

“တောင်းပန်ပါတယ်ရှင်၊ ကျွန်မတို့ကို လွှတ်ပေးပါ”

ကဝေရှင်က စုပ်တသပ်သပ်လုပ်ရင်း

“မိလှိုင်၊ မိလှိုင် နင်သူများကိုလုပ်တုန်းကတော့ ဒီမျက်ခွက်မဟုတ်ပါလားဟဲ့၊ သူများကိုလုပ်တုန်းက နင်ပျော်သလို အခုလဲပျော်ပျော်နေစမ်းပါဟ”

“မလုပ်ပါနဲ့ဆရာကြီးရယ်၊ ကျွန်မတောင်းပန်ပါတယ်”

“နှစ်ပတ်အတွင်း နင်လူကိုးယောက်ကို ပြုစားခဲ့တယ်မိလှိုင်၊ ခုနစ်ယောက်က သေသွားခဲ့တယ်၊ နင့်ကို ငါလိုက်ရှာနေတာကြာပြီ၊ အခုတော့ နင့်အပြစ်တွေကို နင်ခံရတော့မယ်”

မိလှိုင်ဆိုတဲ့မိန်းမ ပိုက်ထားတဲ့ကလေးလေးကလည်း တဗြဲဗြဲနဲ့အော်ငိုတော့တာပဲဗျာ၊ မိလှိုင်က ခေါင်းညိတ်ပြီးတော့

“ဒါဆိုရင်လည်း ကျွန်မကိုဖမ်းပါဆရာကြီးရယ်၊ ကျွန်မကို သတ်ပါ၊ ကျွန်မရဲ့ ကလေးလေးကိုတော့ ချမ်းသာပေးပါရှင်”

ကဝေရှင်က ခေါင်းခါလိုက်ပြီး

“ဒီမှာ မိလှိုင်၊ စုန်းတစ်ယောက်က ကဝေရှင်တစ်ယောက်ကို အသနားခံလို့ရရိုး ထုံးစံရှိလို့လားဟဲ့”

မိလှိုင်မှိုင်ကျသွားတယ်ဗျ။

“နင့်ကလေးကို ငါကလွှတ်ပေးလိုက်ပြီပဲထားပါတော့၊ ဒီကလေးက ဝမ်းတွင်းပါကလေးမို့ တစ်ချိန်ကျရင် နင့်လိုစုန်းဖြစ်လာအုံးမှာပဲ၊ ဒီအခါ ငါကလည်း ခက်ခက်ခဲခဲလိုက်ဖမ်းနေရအုံးမှာပဲမဟုတ်လား၊ ဒါကြောင့် ငါနှစ်ခါအပင်ပန်းမခံတော့ဘူးမိလှိုင်၊ အခုပဲ နင်တို့သားအမိနှစ်ယောက်ကို ငါဖမ်းမယ်”

ဒီအခါ မိလှိုင်က မျက်လုံးကြီးဝင်းလက်သွားပြီးတော့ တောက်တစ်ချက်ကို အကျယ်ကြီးခေါက်လိုက်တယ်ဗျ၊ ကဝေရှင်တောင်မှ အံ့သြသွားတယ်။

“ဟဲ့ ကဝေရှင်အစုတ်ပလုပ်၊ ခွေးတောင်မှ ချောင်ပိတ်ရိုက်ရင် ကိုက်တတ်သေးတာပဲ၊ နင့်လိုကောင်ဖမ်းတာကို ငါကငြိမ်ခံနေရမှာတဲ့လား”

ကဝေရှင်ကလည်း တဟားဟားရယ်လိုက်ပြီး

“လုပ်စမ်းပါ မိလှိုင်၊ နင်စွမ်းရင် နင်လုပ်လိုက်စမ်းပါဟ”

မိလှိုင်က မိုးပေါ်ကိုလက်ညှိုးထောင်လိုက်ပြီး လက်ညှိုးကနေ မီးလုံးကြီးတစ်လုံးကို ဝုန်းခနဲပစ်တင်လိုက်တော့တယ်ဗျာ၊ မီးလုံးကြီးက မီးရှူးမီးပန်းလိုမျိုး တရွှီရွှီနဲ့ကောင်းကင်အပေါ်ကို ထိုးတက်သွားပြီးတော့ ကောင်းကင်ပေါ်ရောက်တဲ့အခါ ကြယ်ကလေးတွေကို မှုန်မှုန်ကလေးတွေဖြစ်သွားပါရောလား။

“အဲဒါဘာလုပ်တာလဲ ဦးဘသာ”

“အချက်ပေးတာကွ၊ ကြည့်ရတာ မိလှိုင်က တခြားစုန်းတွေကို အချက်ပေးပြီး ခေါ်ချင်ပုံရတယ်”

“သူခေါ်တော့ရော စုန်းတွေက လာမှာမို့လားဗျ”

“ဘယ်လာဝံ့မလဲကွ၊ ဒီမှာကဝေရှင်ရှိနေတယ်ဆိုရင် ဘယ်စုန်းမှ လာမှာမဟုတ်ဘူးကွ”

ပြောနေတုန်းရှိသေးတယ်ဗျာ၊ ခြံထောင့်နားကနေ တချွင်ချွင်အသံမြည်ပြီးတော့ အလင်းရောင်ကလေးတစ်ခုက မိလှိုင်ရဲ့ကျောကိုဝင်ထိသွားတယ်ဗျ၊ မိလှိုင်က ကျောကော့ထွက်သွားပြီးတော့ သူ့လက်ထဲပွေ့ထားတဲ့ကလေးက မြေပေါ်ကိုကျသွားတယ်၊ မိလှိုင်က ကလေးကိုကောက်မယ့်အချိန်မှာပဲ သူ့ပါးစပ်ထဲကနေ သွေးတွေဒရဟော စီးကျလာသဗျာ။

ကဝေရှင်က မိလှိုင်ကိုကြည့်ရင်း

“မိလှိုင်ရေ၊ နင်တို့တစ်ခြံလုံးကို ကဝေထောင်ချောက်တွေချထားတာတောင်မှ နင်က စုန်းပညာကိုထုတ်သုံးနိုင်သေးတယ်တဲ့လား၊ ကဝေရှင်အရှေ့မှာ စုန်းပညာထုတ်သုံးတာ နင်ရူးတာပဲ မိလှိုင်ရ”

မိလှိုင်က ကဝေရှင်ကိုမော့ကြည့်ပြီးတော့

“စောင့်ကြည့်လိုက်စမ်းပါ၊ ဒီညတော့ ရှင်ပဲသေမလား၊ ကျုပ်ပဲသေမလားဆိုတာ စောင့်ကြည့်လိုက်စမ်းပါ”

ကဝေရှင်က မိလှိုင်ကိုလက်ညှိုးနဲ့ထိုးလိုက်တယ်ဗျ၊ ဖြူဖြူအကောင်ကြီးနှစ်ကောင်က မိလှိုင်ကိုချုပ်လိုက်ပါရောဗျာ၊ ဒီအခါ ကဝေရှင်က သူ့ပါးစပ်ကြီးကို ပြဲနေအောင်ဖြဲလိုက်တယ်။ နောက်တော့ တရှူးရှူးနဲ့လေတွေကို စုပ်သွင်းတော့တာပါပဲဗျာ၊ မိလှိုင်ရဲ့ကိုယ်လုံးထဲက ပိုးစုန်းကြူးလို အစိမ်းရောင်အလင်းစက်ကလေးတွေထွက်လာတယ်ဗျ၊ အလင်းစက်ကလေးတွေက ကဝေရှင်ရဲ့ပါးစပ်ထဲကို တိုးဝင်သွားကြတယ်၊ နောက်တော့ အလင်းစက်တွေများလာပြီးတော့ အလင်းစီးကြောင်းကြီးတစ်ခုဖြစ်သွားပါရောဗျာ။

ဒီအချိန် ကောင်းကင်ကနေ တရွှီးရွှီးအသံမြည်ပြီးတော့ ရောင်စုံအလုံးကလေးတွေ ဆင်းလာပါရောဗျာ၊ ကဝေရှင်ကလည်း လျှင်သဗျ၊ ချက်ချင်းအနောက်ကိုခုန်ပြီးရှောင်လိုက်တော့ ရောင်စုံအလုံးကလေးတွေ မြေကြီးပေါ်ကိုကျသွားပါရောဗျာ၊ ကဝေရှင်က ဘေးဘီကိုကြည့်ရင်း

“ဘာကောင်လည်း၊ ဘယ်သူနှောင့်ယှက်တာလဲ၊ သတ္တိရှိရင် ထွက်ခဲ့လေကွာ”

ကဝေရှင်ကပြောလိုက်ပြီးတဲ့အခါ တဟင်းဟင်းရယ်သံကြီးနဲ့အတူ မြေကြီးထဲကနေ လူတစ်ယောက်ထွက်လာသဗျာ။

“ဟာ၊ မရွှေတောင်ပါလား”

ကျုပ်အသံထွက်ပြီး အော်လိုက်မိတယ်၊ ဦးဘသာက ကျုပ်ပါးစပ်ကိုအမြန်ပိတ်ပြီးတော့

“မအော်နဲ့ကွ၊ ကိစ္စကတော့ တို့ထင်ထားတာထက်ကို နက်နဲလာပြီဟေ့”

မရွှေတောင်ကို ကဝေရှင်ကတွေ့လိုက်တော့

“နင်ကဘာကောင်မလဲ၊ သေချင်လို့ ဝင်ရှုပ်တာလား”

မရွှေတောင်က လက်ဝါးကိုဖြန့်လိုက်ပြီး ရောင်စုံအလုံးလေးတွေနဲ့လှမ်းပစ်လိုက်သဗျာ၊ ရောင်စုံအလုံးလေးတွေက ဖန်ဂေါ်လီလုံးအရွယ်အစားလောက်ပဲရှိတာဗျ၊ ကဝေရှင်က ကိုယ်ကိုစောင်းနွဲ့ပြီး ရှောင်လိုက်ရတယ်။

“ဟင်၊ ဒီလောက်ကဝေထောင်ချောက်တွေချထားတာတောင် နင်က ပညာထုတ်သုံးနိုင်သေးတယ်ပေါ့”

ကဝေရှင်ခမျာအတော်အံ့သြနေပုံရတယ်၊ မရွှေတောင်က မိလှိုင်ကို ဆွဲထူလိုက်ရင်း

“နင့်လိုကဝေရှင်က စုန်းလောက်ကိုပဲ နိုင်မှာပေါ့ဟဲ့၊ ငါက အောက်ဝိဇ္ဇာ၊ နင်လိုကောင်က ငါ့ကိုဖမ်းနိုင်မှာတဲ့လား”

ကဝေရှင်က လန့်တော့လန့်တယ်ဗျ၊ ဒါပေမယ့် မာန်တင်းလိုက်ပြီး

“အောက်ဝိဇ္ဇာတွေ၊ အပေါ်ဝိဇ္ဇာတွေ ငါနားမလည်ဘူး၊ ငါဖမ်းမယ့်စုန်းကို ဝင်ကူညီတာက ငါ့ကိုနှောင့်ယှက်တာပဲ၊ ကိုင်း ကဝေထောင်ချောက်တွေ လာကြဟေ့”

ကဝေရှင်က လက်ခုပ်တီးလိုက်တဲ့အခါ ခြံဝိုင်းကြီးပတ်ပတ်လည်ကနေ တချွင်ချွင်နဲ့ ရွှေရောင်အပြားကလေးတွေ ပြေးထွက်လာသဗျာ၊ ကဝေထောင်ချောက်ဆိုတာ ဒါပဲဖြစ်မှာဗျ၊ အဲဒီအပြားကလေးတွေက မရွှေတောင်ဆီကို အရှိန်နဲ့ပြေးသွားပြီးတော့ ဦးခေါင်းတွေ၊ ခြေလက်တွေနဲ့ ကျောတွေရင်တွေမှာ ပြေးကပ်တယ်၊ ခုနက မိလှိုင်ကို အပြားကလေးတစ်ပြားကပ်တုန်းက မိလှိုင်မှာ ကျောကော့အောင်ခံရပေမယ့် မရွှေတောင်ကျတော့ ဘာမှကိုမဖြစ်ဘူးဗျာ။

ကဝေရှင်ဆိုရင် အံ့သြလွန်းလို့ ပါးစပ်ကိုမစေ့နိုင်တော့ဘူးဗျာ၊ မရွှေတောင်က ကဝေရှင်ကိုစိုက်ကြည့်ပြီးတော့

“ရှင့်အစွမ်း ဒါအကုန်ပဲလား”

လို့ပြောရင်း လက်ဖျောက်တစ်ချက်တီးလိုက်တော့ အဲဒီရွှေရောင်အပြားကလေးတွေအကုန်လုံး ဖုန်းခနဲပေါက်ကွဲထွက်ပြီးတော့ ရွှေမှုန်ရွှေစလေးတွေအဖြစ်ပြောင်းလဲသွားသဗျ။

“မဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး”

“ပြောသားပဲ၊ ငါက နင်တို့ဖမ်းနေကျ အဆင့်နိမ့်တဲ့စုန်းတွေမဟုတ်ပါဘူးလို့”

ကဝေရှင်က လေတစ်ချက်ချွန်လိုက်ပြီးတော့

“မိန်းမရေ၊ လာခဲ့၊ ဒီကောင်မတွေကို နင့်အကြောင်းသိအောင် ပြလိုက်စမ်းဟေ့”

ကဝေရှင်မှာလည်း လက်နက်ကုန်သေးပုံမရဘူးဗျာ၊ သူအော်လိုက်ပြီးတဲ့အချိန်မှာ မြေကြီးထဲကနေ မြွေတစ်ကောင်ထွက်လာသဗျာ၊ မြွေဆိုပေမယ့်လည်း ကိုယ်လုံးက စိမ်းဖန့်ဖန့်ကြီးလင်းနေတာဗျ၊ ညလင်းအနုမြူချောင်းလင်းသလို အရောင်ကြီးပေါ့ဗျာ၊ မြွေက မြေကြီးထဲက ထွက်လာတော့ တစ်တောင်လောက်ပဲရှိမယ်ဗျ၊ တဖြည်းဖြည်းနဲ့ ရှည်ရှည်ပြီးကြီးလာလိုက်တော နောက်ဆုံးလူကြီးလက်မောင်းလုံးလောက်တုတ်ပြီးတော့ ရှည်တာကလည်း အရှည်ကြီးဖြစ်သွားတယ်၊ မြွေဟောက်ကြီးနဲ့တူပါတယ်ဗျာ၊ ပါးပျဉ်းကြီးကလည်း ခွက်လို့ဗျ။

“လတ်စသတ်တော့ နင်က မြွေမနဲ့ညားနေတာပဲ”

မြွေဟောက်စိမ်းကြီးက မရွှေတောင်ဆီကို အဆိပ်ငွေ့တွေနဲ့လှမ်းမှုတ်သဗျ၊ မရွှေတောင်က ပါးစပ်ကနေလေနဲ့မှုတ်ထုတ်တော့ အဆိပ်ငွေ့တွေအကုန်လုံး လေနဲ့လွင့်ပါသွားကြတယ်၊ မြွေဟောက်ကြီးက အရှေ့ကိုတိုးလာပြီးတော့ မရွှေတောင်ဦးခေါင်းကို ဒေါက်ခနဲပေါက်ချလိုက်ပါရောဗျာ၊ မရွှေတောင်က မြွေရဲ့ခေါင်းကို သူ့လက်ဝါးနဲ့ကာလိုက်ပါရော။

“နင့်အစွမ်းဒါအကုန်ပဲလား မြွေမ”

မရွှေတောင်က မြွေခေါင်းကို လက်နဲ့တွန်းထုတ်လိုက်တော့ မြွေစိမ်းကြီးက အနောက်ကိုလွင့်ထွက်သွားသဗျာ၊ မြွေစိမ်းကြီးမြေပေါ်ကျတယ်ဆိုရင်ပဲ မရွှေတောင်က သူ့လက်ကနေအပ်ပျံတစ်ချောင်းနဲ့လှမ်းပစ်လိုက်တယ်၊ အပ်က မြွေစိမ်းကြီးရဲ့ခေါင်းကိုဖောက်ထွက်သွားတဲ့အခါ မြွေစိမ်းကြီးက မြေပေါ်မှာလူးလွန့်နေပါရောဗျာ၊ ပြီးတော့ တဖြည်းဖြည်းသေးသေးသွားရင်းနဲ့ နောက်ဆုံးတော့ တောင်ဝှေးတစ်ချောင်းလို ဆန့်ဆန့်ကြီးဖြစ်ပြီး ငြိမ်ကျသွားပါရောဗျာ၊ မြွေဟောက်ကြီးက ပါးစပ်ဖြဲပြီးအော်နေတဲ့ပုံစံမျိုး တောင်ဝှေးဖြစ်သွားတာဗျ၊ ကဝေရှင်က အထိတ်တလန့်နဲ့အော်ဟစ်ပြီးတော့ မြွေစိမ်းကြီးကိုကောက်ကိုင်လိုက်တယ်။

“မိန်းမ၊ မိန်းမ”

မရွှေတောင်က ရယ်မောရင်း

“ရှင့်မိန်းမကတော့ အခုတောင်ဝှေးဖြစ်သွားပြီပေါ့ရှင်၊ ရှင်လမ်းလျှောက်တဲ့အခါ သုံးလို့ရတာပေါ့၊ မဟုတ်ဘူးလား၊ ဟား . . .ဟား”

ကဝေရှင်က မျက်ရည်တွေကျလာတယ်ဗျ၊ ဒီတော့မှ မငွေတောင်က

“ကဲ ယောက်ျားကြီးတန်မဲ့နဲ့ ငိုမနေပါနဲ့ရှင်၊ ရှင်သာ ကျွန်မတို့နဲ့ပူးပေါင်းမယ်ဆိုရင် ရှင့်ကိုကျွန်မတို့မသတ်ဘူး”

“ခင်ဗျားဘာပြောလိုက်တာလဲ”

“အမှန်တော့ ရှင့်ကိုကျွန်မတို့လိုအပ်တယ်၊ ဒါကြောင့် မိလှိုင်ကိုပညာသုံးခိုင်းပြီးတော့ လူခုနစ်ယောက်ကို သတ်ဖြတ်ခိုင်းခဲ့တာပဲ၊ ဒီလိုလုပ်တော့မှ ရှင်တို့ကဝေရှင်တွေက စုန်းအနံ့ရပြီး လိုက်လာကြမယ်မဟုတ်လား”

“ဒါဆို ဒါတွေအားလုံးက ခင်ဗျားကြိုတင်စီစဉ်ထားတာပေါ့”

“ပြောပြီးပါရောရှင်၊ ရှင်ကျွန်မတို့နဲ့ ပူးပေါင်းမလား၊ မပူးပေါင်းဘူးလား၊ ဒါပဲပြော”

“ပူးပေါင်းရင် ဘာရမလဲ”

ကဝေရှင်က မေးလိုက်တော့ မရွှေတောင်က တစ်ချက်ပြုံးပြီး

“ရှင်လိုချင်တာ အားလုံးဖြစ်စေရမယ်၊ ဟောဒီလောကကြီးမှာရှိသမျှ အရာအားလုံးထဲက ရှင်လိုတဲ့အရာကိုသာပြော၊ ကျွန်မဖြစ်အောင်လုပ်ပေးမယ်”

ကဝေရှင်က တောင်ဝှေးကိုကြည့်ရင်း

“ဒါဆို ငါ့မိန်းမကိုရော အကောင်းပြန်ဖြစ်အောင်လုပ်ပေးမလား”

မရွှေတောင်မျက်နှာတစ်ချက်ပျက်သွားတယ်ဗျ၊ နောက်တော့ ခေါင်းကိုအသာညိတ်ရင်း

“ဒါက ဘာမှမခက်ပါဘူးရှင်”

“နေစမ်းပါအုံး၊ ခင်ဗျားတို့က ဘာဖြစ်လို့ကျုပ်ကို ပူးပေါင်းစေချင်တာလဲ”

“ကျွန်မ ရှင်းရှင်းပဲပြောမယ်၊ မသာမတဲ့လူတစ်စုက ရှင့်ကိုလိုအပ်နေတယ်၊ ရှင့်ရဲ့အစွမ်းတွေကို အသုံးချဖို့အတွက် ရှင့်ကိုလိုက်ရှာနေကြတယ်၊ ဒီလူတွေနဲ့ရှင်ပူးပေါင်းလို့မဖြစ်ဘူး၊ ဒါကြောင့် ကျွန်မနဲ့ပူးပေါင်းရမယ်”

ဦးဘသာက သူစီးထားတဲ့ဖိနပ်တစ်ဖက်ကို ချွတ်လိုက်ပြီးတော့ မှင်စာကလေးတစ်ကောင်ကိုလှမ်းပေးလိုက်တယ်၊ နောက်တော့ ပါးစပ်ကနေ ကွိကွိကွကွနဲ့တစ်ခုခုပြောလိုက်သေးတယ်ဗျာ၊ ဘာပြောမှန်းတော့မသိဘူးဗျ၊ မှင်စာကလေးက ဦးဘသာပေးတဲ့ မိန်းမစီး ကတ္တီပါဖိနပ်ကလေးကို ကိုင်ပြီးတော့ ထွက်ပြေးသွားတော့တာပါပဲ၊ ပြီးတဲ့အခါ ကျုပ်လက်ကိုပုတ်လိုက်ပြီးတော့ ချုံကွယ်ထဲကနေ ထွက်ခဲ့တယ်ဗျ၊ ပြီးတော့ အရှေ့ကိုထွက်သွားရင်း

“မင်းသေချာစဉ်းစားနော်၊ အောက်လမ်းတွေရဲ့ ပါးစပ်က ယုံရတာမဟုတ်ဘူးကွ”

ကဝေရှင်က ဦးဘသာကိုကြည့်ပြီး

“ဟင်၊ နင်ဘယ်သူလဲ”

မရွှေတောင်က ဦးဘသာနဲ့ကျုပ်နဲ့ကိုစိုက်ကြည့်ရင်း

“နင်တို့လာရှုပ်ကြပြန်ပြီ”

ဦးဘသာက ကဝေရှင်ကိုလက်ညှိုးထိုးပြီး

“ဒီမှာ၊ မင်းသူနဲ့ပူးပေါင်းစရာမလိုပါဘူးကွာ၊ ငါတို့နဲ့သာပူးပေါင်းစမ်းပါဗျ”

ကဝေရှင်က ဟိုဘက်ကြည့်လိုက်၊ ဒီဘက်ကြည့်လိုက်နဲ့

“လတ်စသတ်တော့ ခင်ဗျားတို့ပဲကိုး၊ ဒီမှာ ကျုပ်တစ်ခုပဲပြောမယ်၊ ကျုပ်က ကဝေရှင်ဗျ၊ အဖွဲ့အစည်းနဲ့အလုပ်မလုပ်တတ်ဘူး၊ ဒါကြောင့် ဘယ်သူနဲ့မှ ကျုပ်မပေါင်းနိုင်ဘူးဗျာ”

ဒီအခါ မရွှေတောင်က

“မပေါင်းဘူးဆိုရင် ကျွန်မတို့ကလည်း ရှင့်ကိုအရှင်ထားမှာမဟုတ်ဘူးနော်”

ကဝေရှင်က တစ်ချက်တွန့်သွားတယ်ဗျ၊ ဦးဘသာက

“ဒီမှာ ကဝေရှင်၊ ငါတပ်အပ်ပြောနိုင်တာက ဒီလူတွေက ကောင်းတဲ့လူတွေမဟုတ်ဘူးကွ၊ ဒီလူတွေက ဒီလောကကြီးကို ဒုက္ခပေးမယ့်လူတွေ၊ မင်းအခုပဲကြည့်လေကွာ၊ မင်းကိုဒီကိုရောက်အောင်ခေါ်ဖို့အတွက် မိလှိုင်က လူခုနစ်ယောက်ရဲ့အသက်ကို သတ်ခဲ့တယ်မဟုတ်လား၊ မင်းသူတို့နဲ့ပေါင်းလိုက်မယ်ဆိုရင် သူတို့က မကောင်းမှုတွေအများကြီးဆက်လုပ်မယ်၊ လူတွေအများကြီးသေရမယ်၊ သမိုင်းမှာလည်း မင်းကတရားခံဖြစ်မယ်”

ဦးဘသာပြောတော့ ကဝေရှင်က တွေဝေသွားတယ်။

“ကဝေရှင်တွေဆိုတာ ကောင်းတဲ့လူတွေပါကွာ၊ ဒီတော့ ငါတို့နဲ့ပူးပေါင်းစမ်းပါကွ”

ဒီအခါ မရွှေတောင်က ရယ်တယ်ဗျ။

“ဟား၊ ဟား နင့်လိုစုန်းကများ ကဝေရှင်ကိုနားချနေသေးတယ်၊ ကဝေရှင်ဆိုတာ စုန်းနဲ့ဘယ်တုန်းက ပေါင်းဖူးလို့လဲ”

“တော်ကြပါတော့ဗျာ၊ တော်ကြပါတော့”

“နင်ငါတို့နဲ့ပေါင်းရမယ်၊ မဟုတ်ရင် နင့်ကိုသတ်ပစ်မယ်”

မရွှေတောင်က နောက်ဆုံးအနေနဲ့ခြိမ်းခြောက်လိုက်ပြီပေါ့ဗျာ၊ ကဝေရှင်က မရွှေတောင်ကိုတစ်ချက်ကြည့်ပြီးတော့ စဉ်းစားနေသဗျ၊ ဦးဘသာကို

“ဘယ်သူနဲ့ပူးပေါင်းရမယ်ဆိုတာတော့ မင်းစဉ်းစားပေါ့ကွာ၊ ငါတစ်ခုပြောချင်တာက အောက်လမ်းသမားတွေကို မယုံနဲ့ဆိုတာပဲ၊ ဒီတော့ ငါတစ်ခုပဲမေးလိုက်ချင်သကွာ၊ မင်းသူနဲ့ပူးပေါင်းစေချင်တယ်ဆိုရင် မင်းမိန်းမ မြွေစိမ်းကို ပုံမှန်အတိုင်းပြန်ဖြစ်အောင်လုပ်ခိုင်းကွ၊ သူသာ အကောင်းပကတိပြန်ဖြစ်အောင်လုပ်ပေးနိုင်ရင် မင်းသူနဲ့လိုက်သွား၊ ရော့ပတ္တမြား၊ ရော့နဂါးပေါ့ကွာ”

မရွှေတောင်က ဦးဘသာကိုလှမ်းကြည့်ရင်း

“ရှင်အပိုတွေလျှောက်ပြောမနေနဲ့၊ ရှင့်ပါးစပ်ကိုပိတ်ထားစမ်း”

ဒီအခါ မလှိုင်က ဦးဘသာကို ဒေါနဲ့မောနဲ့ကြည့်ပြီးတော့ မီးလုံးကြီးတစ်လုံးကို ဟုန်းခနဲပစ်ထည့်လိုက်ပါရောဗျာ၊ ဦးဘသာက မလှိုင်ပစ်တဲ့မီးလုံးကို လက်ချည်းဗလာနဲ့ ဖမ်းယူလိုက်ပြသဗျ၊ မီးလုံးက ဦးဘသာလက်ထဲမှာ ခြင်းလုံးကြီးတစ်လုံးလို ရှိနေပါရော၊ မီးတွေတော့ တောက်လို့ဗျ။

“ဘာလဲမလှိုင်၊ ပတ်ဝန်းကျင်ကမှောင်တော့ ငါတို့ကိုမီးထွန်းဖို့ပေးတာလားဟ၊ ဟား၊ ဟား”

ကဝေရှင်က မရွှေတောင်ကိုကြည့်လိုက်ရင်း

“ကောင်းပြီဗျာ၊ ခင်ဗျားတို့နဲ့ ကျုပ်နဲ့ပူးပေါင်းမယ်”

မရွှေတောင်မျက်လုံးတွေအရောင်လက်သွားပြီးတော့ ပြုံးလိုက်တယ်ဗျာ။

“ဒါပေမယ့် ကျုပ်မိန်းမကို အကောင်းပကတိဖြစ်အောင် ပြန်လုပ်ပေးရမယ်”

ကဝေရှင်ပြောလိုက်တော့ မရွှေတောင်ပြုံးနေတဲ့မျက်နှာက ချက်ချင်းမှိုင်ကျသွားတယ်ဗျ။

“ဒါ. . . ဒါက အခုချက်ချင်းလုပ်လို့မရဘူး”

ဦးဘသာက တဟင်းဟင်းနဲ့ရယ်ပြီးတော့

“လက်လွန်သွားတယ်မဟုတ်လား မရွှေတောင်”

မရွှေတောင်က ဦးဘသာကို စိုက်ကြည့်တယ်ဗျ၊ ဦးဘသာက ဆက်ပြီးတော့

“မြွေစိမ်းဆိုတာ နတ်စိမ်းတစ်မျိုးပဲ၊ သူက နေရာတစ်နေရာမှာသူ့နာမ်ကိန်းပြီးတော့ လူ့ပြည်ကိုကျတော့ တခြားကိုယ်ခန္ဓာနဲ့လာရတာ၊ အခု နင်က သူ့ကိုအောက်လမ်းရွှေအပ်နဲ့ ဇီဝိန်ချုပ်ပေးလိုက်တော့ လူ့ပြည်ကိုလာလို့မရတော့ဘူး၊ တစ်နည်းပြောရရင်တော့ ဘယ်လောက်ပညာတတ်တတ် ဒီမြွေစိမ်းကို လူ့ပြည်ပြန်ခေါ်လို့မရတော့တဲ့သဘောပဲ”

ကဝေရှင်က ဦးဘသာစကားကြားတော့ တော်တော်ထိတ်လန့်သွားတယ်ဗျ၊ ဒေါသလည်း ဖြစ်သွားပုံရတယ်၊ နောက်တော့ အံကြိတ်ပြီးတော့

“သူပြောတာဟုတ်သလား၊ ခင်ဗျား ကျုပ်မိန်းမကို ပြန်အသက်မသွင်းပေးနိုင်တော့ဘူးလား”

မရွှေတောင်က မဖြေတော့ဘဲနဲ့ ကဝေရှင်ကို ရွှေအပ်ပျံနဲ့ပစ်ထည့်လိုက်တော့တယ်ဗျာ၊ ကဝေရှင်ကလည်း ရုပ်ချည်းဆိုသလို ပျောက်သွားပြီးတော့ ကျုပ်တို့အနားမှာ လာပေါ်တယ်ဗျ၊ ဦးဘသာက အချိန်မဆိုင်းတော့ဘဲ မီးလုံးကြီးကို မရွှေတောင်တို့ဆီကို ပစ်ထည့်လိုက်ပါရောဗျာ၊ ဒါပေမယ့် မီးလုံးကြီးက မရွှေတောင်တို့ကိုမထိဘဲ သူတို့အရှေ့မြေကြီးကိုထိမှန်ပြီးတော့ ဝုန်းခနဲပေါက်ကွဲထွက်သွားပြီး မီးခိုးငွေ့တွေအူကုန်တယ်ဗျ၊ ဦးဘသာက ကဝေရှင်ရဲ့လက်ကိုဆွဲလိုက်ပြီးတော့ ကျုပ်ရဲ့ပခုံးကိုဆုပ်ကိုင်လိုက်တယ်။

ပြီးတာနဲ့ ဖိနပ်မစီးထားတဲ့ ခြေထောက်နဲ့ မြေကြီးကို ခပ်နာနာကလေး နင်းလိုက်တယ်ဆိုရင်ပဲ ကျုပ်တို့သုံးယောက်စလုံး ချာချာလည်နေသလိုကြီး ခံစားလိုက်ရပါတယ်ဗျာ၊ ခေါင်းတွေလဲမူးပြီးတော့ ကိုက်နေတာပဲဗျာ၊ ကျုပ်ဖြင့် ခေါင်းမူးလို့ မျက်လုံးမှိတ်ထားလိုက်ရတယ်၊ ဦးဘသာက ကျုပ်ပခုံးကိုပုတ်လိုက်တော့မှ ကျုပ်မျက်စိပြန်ဖွင့်ကြည့်မိတယ်ဗျာ၊ ကျုပ်တို့ရောက်နေတာက ကားလမ်းအလယ်ခေါင်ကြီးရောက်နေပါရောဗျာ၊ ဒီအချိန် ကုန်ကားကြီးတစ်စီးက ကျုပ်တို့အနားကနေ ဝှီးခနဲဖြတ်သွားတယ်။

“အောင်မယ်လေးဗျာ၊ သေတော့မှာပဲ”

ဦးဘသာက ကားလမ်းအလယ်မှာကျနေတဲ့ သူ့ဖိနပ်တစ်ဖက်ကို ပြန်စီးလိုက်တယ်ဗျ၊ မှင်စာကလေးတွေက ကားလမ်းပေါ်ကိုတက်လာတယ်။

“ဘယ်လိုဖြစ်သွားတာလဲ ဦးဘသာ”

“နေရာရွှေ့တဲ့အစီအရင်ပေါ့ကွာ၊ ဖိနပ်တစ်ဖက်ကိုရွှေ့ပြီး အဲဒီဖိနပ်အနောက်ကို လိုက်တဲ့ပညာတစ်ခုပေါ့”

“ဆန်းလည်းဆန်းတယ်ဗျာ၊ ဒါကြောင့် မရွှေတောင်တို့နဲ့မတွေ့ခင် ဦးဘသာကြီးက မှင်စာကလေးကို ဖိနပ်ပေးလိုက်တာကိုးဗျ”

“အေးလေကွာ၊ မှင်စာကလေးကို ငါကဖိနပ်ယူပြီးတော့ အဝေးဆုံးကို ပြေးခိုင်းခဲ့တာပဲဟေ့”

ကဝေရှင်ကတော့ ငူငူကြီးဗျ၊ သူ့လက်ထဲမှာကိုင်ထားတဲ့ မြွေပုံစံတောင်ဝှေးကိုစိုက်ကြည့်နေတယ်။ ပြီးတော့ မျက်ရည်တွေ ဝဲလာပါရောဗျာ။

“မိန်းမ၊ မိန်းမ အဖြစ်ဆိုးလှချည်လား မိန်းမရာ”

ဦးဘသာက ကဝေရှင်ကျောကိုပုတ်ပေးဖို့ကိုင်လိုက်တဲ့အခါ သူ့တစ်ကိုယ်လုံး ကျင်တက်သွားပြီးတော့ လက်ကလည်း ရှဲခနဲမြည်သွားတယ်ဗျ၊ ကဝေရှင်က မျက်နှာကိုရှုံ့မဲ့လိုက်ပြီးတော့

“ကျုပ်မကျေဘူး၊ ဒင်းတို့ကို မကျေနပ်ဘူးဗျာ၊ ဒီကောင်မကို ကျုပ်ပြန်သတ်မယ်”

“စိတ်လျှော့စမ်းပါ ကဝေရှင်ရာ၊ မင်းတစ်ယောက်ထဲနဲ့ ဒီလူတွေကို မနိုင်ပါဘူးကွ၊ အခုတော့ မင်းရဲ့ဒေါသကို လျှော့ထားလိုက်အုံး၊ ငါတို့တစ်ချိန်ကျရင်တော့ ဒီလူတွေကို ပြန်ပြီးအပြစ်ပေးနိုင်မှာပါကွ”

ကဝေရှင်က ခေါင်းညိတ်လိုက်ပြီး

“ကျုပ်နာမည် သောင်းတန်ပါ၊ ကျုပ်ကိုလူတွေက ဘသောင်းလို့ခေါ်ကြတယ်”

“ငါ့နာမည်ကတော့ သာဒင်ကွ၊ လူတွေကတော့ ဘသာလို့ခေါ်တယ်၊ ငါက စုန်းတစ်ယောက်ပဲ အခုဒီမိန်းကလေးရဲ့ ခန္ဓာကိုယ်ထဲမှာ ပိတ်မိနေတယ်”

ဦးဘသာပြောတော့ ကဝေရှင်က ဦးဘသာကိုစိန်းစိန်းကြီး စိုက်ကြည့်နေသဗျာ၊ ကျုပ်လည်း ဦးဘသာအရှေ့ဝင်ရပ်လိုက်ပြီး

“ဦးဘသာက စုန်းဆိုပေမယ့် ဘယ်သူ့ကိုမှ ထိခိုက်နာကျင်အောင် မလုပ်ခဲ့တဲ့သူတစ်ယောက်ပါ”

ကဝေရှင် ဘသောင်းက ခေါင်းညိတ်ရင်း

“ကျုပ်ယုံပါတယ်ဗျာ၊ ခုနက ခင်ဗျားတို့သာ မဝင်ခဲ့ရင် ကျုပ်သေတာကြာပြီ”

“ဟုတ်တယ်၊ ဒီမိန်းမက မင်းကိုအရှင်ထားမှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ဒီမိန်းမတွေကို နိုင်မည့် ဖဲချပ်က မင်းလက်ထဲမှာရှိနေလို့ပဲ”

ဘသောင်း မျက်လုံးတွေအရောင်လက်သွားရင်း

“သူတို့ကို နိုင်မည့် ဖဲချပ်၊ ဟုတ်လား”

“ဟုတ်တယ်၊ ဒီဖဲချပ်က မင်းတို့ကဝေရှင်တွေမှာပဲရှိတာ”

“ကျုပ်ဘာလုပ်ရမလဲ၊ ကျုပ်ဘာကူညီရမလဲ”

ဦးဘသာက ဘေးဘီကိုကြည့်ရင်း

“ငါတို့ လုံခြုံတဲ့တစ်နေရာကို အရင်သွားကြတာပေါ့ကွာ”

“ဒါဆို ကျုပ်အိမ်ကိုလိုက်ခဲ့ဗျာ၊ ကျုပ်အိမ်ကိုသွားကြမယ်”

“နေစမ်းပါအုံး၊ မင်းအိမ်က ဘယ်နားမှာလဲကွ”

“ခလောက်ကွန်ဒိုင်ဆိုတဲ့ ရွာကလေးပေါ့ဗျာ၊ ဒီကနေဆိုရင် နည်းနည်းတော့လှမ်းတယ်၊ ကျုပ်အိမ်မှာဆိုရင်တော့ စိတ်ချရပါတယ်ဗျာ”

ကျုပ်တို့သုံးယောက်လည်း လမ်းဆက်လျှောက်ခဲ့တာပေါ့ဗျာ၊ ဘသောင်းက သူ့လွယ်အိတ်ထဲက သကြားလုံးလေးတွေနှိုက်ပြီးတော့ ကတ္တရာလမ်းပေါ် ကျဲချလိုက်တယ်ဆိုရင်ပဲ မှင်စာကလေးတွေက သူ့ထက်ငါအလုအယက် ဝိုင်းကောက်ကြတယ်ဗျာ။

(၃)

ကြက်ဦးတွန်ချိန်လောက်မှာတော့ ရွာကလေးတစ်ရွာကိုရောက်လာခဲ့သဗျ၊ ကျုပ်ခြေထောက်တွေလည်း လမ်းလျှောက်ရလို့လွန်း ညောင်းချိနေပြီပေါ့ဗျာ၊ သွေးတွေကျပြီးတော့ ခြေထောက်က ဖောင်းအစ်နေသဗျ၊ ရွာကလေးကတော့ မွန်ရွာကလေးနဲ့တူတယ်ဗျာ၊ အိမ်ကလေးတွေကလည်း တလိုင်းခေါင်လို့ခေါ်တဲ့ ခေါင်မိုးကလေးတွေ မိုးထားကြတယ်ဗျ၊ ရွာကလေးထဲဆက်လျှောက်သွားရင်း ရွာစွန်လောက်မှာတော့ ခြံနဲ့ဝန်းနဲ့ သပ်သပ်ရပ်ရပ်ဆောက်ထားတဲ့ သစ်သားအိမ်ကလေးတစ်လုံးရှိတယ်။

သစ်သားတွေနဲ့ကာရံထားတဲ့ ခြံစည်းရိုးရှိပြီးတော့ သစ်သားခြံတံခါးတစ်ခုလည်းရှိတယ်ဗျ၊ ဘသောင်းက ခြံတံခါးအရှေ့မှာ မတ်တပ်ရပ်လိုက်ပြီးတော့ ခြံတံခါးကို လက်နဲ့ပွတ်သပ်လိုက်တဲ့အခါ ခြံတံခါးမှာ စာတန်းတွေ၊ ပုံတွေပေါ်လာပြီး တစ်ချက်လင်းသွားသဗျ။

“ကဝေရှင်တွေရဲ့ခြံထဲကို စုန်းတွေမဝင်နိုင်အောင်လုပ်ထားတယ်၊ ဒါပေမယ့် ကျုပ်ရဲ့စက်လက်နက်တွေကို ပြန်သိမ်းပေးထားပါတယ်”

ကျုပ်တို့သုံးယောက်ခြံထဲကိုဝင်ခဲ့သဗျ၊ အိမ်ထဲကိုဝင်လိုက်တဲ့အခါ ဆေးဆိုင်ကြီးတစ်ခုထဲကို ရောက်သွားသလိုခံစားရတယ်ဗျ၊ ထူးဆန်းတာက အဲဒီသစ်သားအိမ်ကလေးမှာ ပြတင်းပေါက်မရှိဘူးဗျာ၊ အထဲမှာလည်း တန်းတွေ၊ ကြွက်လျှောက်တွေပေါ်မှာ ပုလင်းအကြီးအသေး ဆိုဒ်စုံအများကြီးပဲရှိတယ်ဗျ၊ တစ်ချို့ပုလင်းကြီးတွေက လေးထောင့်ပုံစံအကြီးကြီးတွေဗျ၊ နံရံကပ်စင်ကလေးအပေါ်တင်ထားတဲ့အထဲမှာတော့ လက်တစ်ဆစ်လောက်ရှိတဲ့ ပုလင်းသေးသေးကလေးတွေတင်ထားပြန်ပါရောဗျာ၊ ပုလင်းတွေထဲမှာလည်း သဲမှုန်တွေ၊ မီးသွေးမှုန်တွေလို မဲမဲအမှုန်တွေ၊ ဆန်ကွဲလို ဆန်စေ့လို ဖြူဖြူအစေ့လေးတွေ အစုံပါပဲဗျာ။ ကျုပ်က ပုလင်းတွေကိုလိုက်ကြည့်နေတုန်း ပုလင်းတစ်ခုထဲက သဲမှုန်လေးတွေထဲမှာ လူမျက်နှာကြီးတစ်ခုပေါ်လာသဗျ၊ လူမျက်နှာက မျက်လုံးတွေပါးစပ်တွေဖွင့်ပြီး ဝါးခနဲလုပ်လိုက်တာမို့လို့ ကျုပ်လည်း လန့်ပြီးတော့ အနောက်ကိုဆုတ်လိုက်မိတယ်၊ ဒီအခါ ဘသောင်းက

“ဟေ့လူ၊ ပုလင်းတွေကို မထိနဲ့၊ မကိုင်နဲ့နော်”

“ဒီပုလင်းတွေက ဘာတွေလဲဗျ”

ဘသောင်းက လွယ်အိတ်ထဲက ပုလင်းကလေးတွေကိုပြန်ထုတ်ရင်း မှန်ဘီရိုအသေးကလေးထဲကို သေသေချာချာစီထည့်နေသဗျ၊ ဦးဘသာက ပုလင်းလေးတွေကိုကြည့်ရင်း

“ဒီပုလင်းတွေထဲမှာ ကဝေတွေပေါ့ကွာ”

“ဗျာ၊ ကဝေတွေကို ပုလင်းထဲထည့်ထားတာလားဗျ”

ဘသောင်းက ကျုပ်တို့ဘက်ကိုလှည့်လာပြီးတော့

“ဟုတ်တယ်၊ ငါတို့ကဝေရှင်တွေဆိုတာ ကဝေတွေဆီကနေ စုန်းပညာတွေကို ဖမ်းဆုပ်လိုက်ပြီးတော့ ကဝေတွေရဲ့ ဝိညာဉ်တွေကို ဖမ်းချုပ်ထားကြတာပဲ”

ကျုပ်ဆိုတော်တော်အံ့သြသွားတာဗျ၊ အိမ်အရှေ့ခန်းတစ်ခန်းတည်းမှာတင် ပုလင်းက တစ်ထောင်လောက်နီးနီးရှိတာကိုး။

“ဒါဆို ဒါတွေအားလုံးအထဲမှာ ကဝေတွေချည်းပဲပေါ့နော်”

“ဒါပေါ့ကွ”

“ဒီကဝေတွေအကုန်လုံးကို ခင်ဗျားတစ်ယောက်တည်း ဖမ်းခဲ့တာလား”

ဘသောင်းက ခေါင်းခါလိုက်ပြီး

“ငါတို့အဖေကလည်း ကဝေရှင်ပဲကွ၊ သူ့နာမည်က ဦးထိုက်တန်လို့ခေါ်တယ်၊ အဖေက သားသုံးယောက်မွေးခဲ့တယ်၊ အကိုအကြီးဆုံးနာမည်ကတော့ သန်းတန်တဲ့၊ အကိုလတ်နာမည်က သိန်းတန်၊ အငယ်ဆုံးဖြစ်တဲ့ ငါ့နာမည်ကတော့ သောင်းတန်ပေါ့ကွာ”

ကျုပ်ဖြင့် ဟိခနဲရယ်မိသွားတယ်၊ နာမည်ပေးပုံတွေကလည်း အဆန်းတွေမဟုတ်လားဗျာ၊ ဘသောင်းကတော့ ကျုပ်ရယ်တာကို ကြိုက်ပုံမရဘူးဗျ။

“ဒါနဲ့ ဒီလူတွေက ဘာတွေလဲ၊ သူတို့က ဘာလုပ်ချင်တာလဲ”

“မရွှေတောင်ဆိုတာ အောက်လမ်းဝိဇ္ဖာတစ်ယောက်ပဲ၊ သူက လူအဖြစ်ထုံကူးပြီးတော့ လှုပ်ရှားနေတာပဲ၊ မရွှေတောင်ရဲ့အကြံအစည်ကတော့ ငထေရှင်လို့ခေါ်တဲ့ ဘီလူးမိစ္ဆာတစ်ကောင်ကို ပြန်ပြီးအသက်သွင်းချင်တာပဲ”

“အသက်သွင်းပြီးတော့ ဘာလုပ်ကြမှာလဲ”

“မကောင်းတာပေါ့ကွာ၊ ဘာလုပ်မလဲဆိုတာတော့ သေချာမပြောနိုင်သေးဘူးကွ၊ ဒါပေမယ့် မကောင်းမှာတော့အမှန်ပဲ၊ ငါ့သူငယ်ချင်းပြောပုံအရတော့ လူတွေအများကြီးသေမယ်၊ သွေးချောင်းစီးလိမ့်မယ်”

“အခု ခင်ဗျားတို့က ကျုပ်ကိုဘာလို့လိုချင်တာလဲ၊ ကျုပ်ဆီမှာ ကိုင်ထားတဲ့ ဝှက်ဖဲဆိုတာက ဘာလဲ”

“ငါပြောပါ့မယ်ကွာ၊ မရွှေတောင်တို့က ထောက်ကြံ့မှာ ခြံကျယ်ကြီးတစ်ခုရှိတယ်၊ အဲဒီခြံအကျယ်ကြီးထဲမှာ ခုနက ပြောတဲ့ ငထေရှင်ရှိတယ်၊ ပြီးတော့ လူတစ်ချို့ကိုလည်းဖမ်းထားသေးတယ်၊ ငါတို့လုပ်ရမှာက အဲဒိခြံကြီးထဲကိုဝင်ပြီးတော့ ကောင်မလေးတစ်ယောက်ကို ကယ်ဖို့ပဲကွ၊ ဒါပေမယ့်ခက်တာက အဲဒီခြံကြီးထဲကို ဝင်မရဘူး”

ဦးဘသာက ဆက်ပြောတယ်။

“မရွှေတောင်က အောက်လမ်းပညာနဲ့ ခြံကြီးတစ်ခုလုံးကို လုံခြုံအောင်လုပ်ထားတယ်၊ လေးဖက်လေးတန် ထိုးဖောက်မရတဲ့အပြင် မြေပေါ်မြေအောက်ပါမကျန် တိုးဝင်မရအောင် လုပ်ထားတယ်ကွ”

ဘသောင်းက ခေါင်းညိတ်ရင်း

“ကျုပ်နားလည်ပါပြီဗျာ၊ ခင်ဗျားတို့ ကဝေရှင်ကိုလိုအပ်တယ်ဆိုတာ ဧကန္တတော့ သိုက်ပေါက် ဖောက်ဖို့အတွက်မဟုတ်လား”

ဦးဘသာက ခေါင်းညိတ်တယ်ဗျ။ ကျုပ်လည်း ဘာမှန်းမသိတာနဲ့

“နေပါအုံး သိုက်ပေါက်ဆိုတာက ဘာလဲဦးဘသာ”

“အလွန်လုံခြုံလှပါပြီ၊ ခိုင်မာလှပါပြီဆိုတဲ့ သိုက်ကြီးတွေကိုတောင် ပေါက်သွားအောင်ဖောက်နိုင်တဲ့အစွမ်းက ကဝေရှင်တွေဆီမှာပဲရှိသကွ၊ သိုက်ပေါက်လို့ခေါ်တဲ့ အဲဒီပညာရပ်နဲ့ သိုက်တွေကို ထုတ်ချင်းခတ်အောင် ဖွင့်ဖောက်နိုင်သကွ၊ ဒီလိုသိုက်တွေကို ဖောက်နိုင်တယ်ဆိုမှတော့ မရွှေတောင်လုပ်ထားတဲ့ ကွန်ခြာလောက်ကိုတော့ အေးအေးဆေးဆေးဖောက်နိုင်တာပေါ့ကွာ”

ကျုပ်လည်း အတော်အားတက်သွားတယ်ဗျ။

“ဒါဆို အကိုဘသောင်း၊ ခင်ဗျား ဒီလိုလုပ်တတ်သလား”

ဘသောင်းက ခေါင်းခါပြတယ်၊ ဦးဘသာရော ကျုပ်ရော ထိတ်လန့်သွားတယ်ဗျာ။

“ခင်ဗျားမလုပ်တတ်ဘူးလား”

“သိုက်ပေါက်ပညာကို ကျုပ်မလုပ်တတ်ဘူး၊ အဲဒါက ကျုပ်အကိုကြီး ကိုသန်းတန်ပဲလုပ်တတ်တာဗျ”

“ဟင်၊ ဒါဆိုရင် သူကအခုဘယ်မှာလဲ”

“အထက်အညာကိုတက်သွားတယ်၊ သိုက်သွားတူးတယ်”

ဦးဘသာဆိုရင် ကြမ်းပြင်ပေါ်ကိုခွေခနဲလဲကျသွားတော့တာပဲဗျာ။

“ဒါဆို ငါတို့လာတာ သဲထဲရေသွန်ဖြစ်ပြီပေါ့”

ဘသောင်းက တစ်ချက်စဉ်းစားရင်း

“နေအုံးဗျ၊ ကျုပ်အကိုလတ် ကိုသိန်းတန်တော့ လုပ်တတ်မလားပဲ”

ကျုပ်တို့အတွက် မျှော်လင့်ချက်ရောင်ခြည်ကလေး ပွင့်လာပြီဆိုပါတော့ဗျာ။

“သူက ဘယ်မှာလဲ၊ အခုဘယ်ရောက်နေလဲ”

“ဒီကနေသိပ်မဝေးတဲ့ ရှမ်းစုရွာမှာနေတယ်ဗျ”

“ဒါဆိုရင် အခုပဲသွားကြရအောင်”

ဦးဘသာက ငေါက်ခနဲထရပ်ရင်းပြောတယ်ဗျ၊ ဘသောင်းက တွေဝေနေသေးတယ်။

“ခင်ဗျားတို့သွားမယ်ဆိုရင်လိုက်ပို့မယ်၊ ဒါပေမယ့် . . . ကျုပ်စိတ်ထဲထင့်နေတယ်ဗျ”

“ဘာဖြစ်လို့လဲကွ”

“ကျုပ်နဲ့ အကိုလတ် သိန်းတန်နဲ့က စကားမပြောတာ ရှစ်နှစ်ရှိပြီ”

ဦးဘသာလည်း သက်ပြင်းတစ်ချက်ချလိုက်ပါတော့တယ်ဗျာ။

“အိုဗျာ၊ ခင်ဗျားစကားမပြောလည်း ဘာဖြစ်သလဲ ကျုပ်တို့ပြောမယ်ဗျာ”

ဘသောင်းက ခေါင်းညိတ်ပြီး

“အင်းလေ၊ သွားကြည့်တာတော့ မမှားပါဘူး”

ဒါနဲ့ ကျုပ်တို့သုံးယောက် ဆက်ပြီးခရီးနှင်ဖို့ ပြင်ဆင်လိုက်ကြတယ်ဆိုပါတော့ဗျာ။

ဆက်ရန်။

#အဂ္ဂဇော် #ဦးဘသာ #ဦးအောင်ရှိန် #စုန်း #

Zawgyi Version

“စုန္းထီးႀကီးဦးဘသာႏွင့္ ကေဝရွင္ဘေသာင္း”(စ/ဆုံး)
——————————————————————
အတြဲ(၅) စာစဥ္(၈)

(၁)

“ဦးဘသာ ကေဝရွင္ကို ဘယ္မွာသြားရွာၾကမွာလဲဗ်”

ေခ်ာေခ်ာပုံစံနဲ႔ ဦးဘသာကို က်ဳပ္ကေမးလိုက္တယ္၊ ဦးဘသာ လမ္းေလွ်ာက္တာကိုရပ္လိုက္ၿပီးေတာ့

“ကေဝရွင္ဆိုတာ သိုသိုသိပ္သိပ္ေနတတ္တဲ့လူေတြကြ၊ သူတို႔က လူမသိေအာင္ေနတယ္၊ လူမသိသူမသိလည္းလႈပ္ရွားတတ္တယ္ကြ၊ စုန္းကေဝေတြကို ဖမ္းဆီးတဲ့လူဆိုေတာ့ စုန္းကေဝေတြေတာင္မွ ကေဝရွင္ဘယ္သူလဲဆိုတာ မသိၾကဘူး”

“ေဟာဗ်ာ၊ ဒါဆိုရင္က်ဳပ္တို႔ဘယ္လိုသြားရွာမလဲဗ်၊ ေဟာဒီရန္ကုန္မွာ လူေတြကလည္းအမ်ားႀကီးမဟုတ္လား ဒီလူေတြထဲကမွ ကေဝရွင္ဘယ္သူလဲဆိုတာကို လိုက္ရွာရရင္ျဖင့္ ေကာက္႐ိုးပုံထဲ အပ္ေပ်ာက္ရွာတာထက္ေတာင္ ဆိုးေနအုံးမယ္ဗ်ာ”

ဦးဘသာက ၿပဳံးရင္း

“သိပ္လည္းမစိုးရိမ္ပါနဲ႔ကြ၊ ငါ့မွာနည္းလမ္းရွိပါတယ္”

“ဘယ္လိုနည္းလဲဗ်ာ”

“ေစာင့္ၾကည့္ေပါ့ကြာ၊ လာေဟ့ ဒီအခ်ိန္ဆိုရင္ သူတို႔ထြက္ေနေလာက္ၿပီကြ”

ဦးဘသာနဲ႔က်ဳပ္လည္း ကားလမ္းအတိုင္းဆက္ေလွ်ာက္လာခဲ့ၾကတယ္၊ ၿမိဳ႕နဲ႔တျဖည္းျဖည္းလွမ္းလာတဲ့အခါ ကားလမ္းမႀကီးမွာ မီးတိုင္ေတြက ခပ္က်ဲက်ဲပဲရွိေတာ့တယ္ဗ်၊ ကားလမ္းေပၚမွာလည္း က်ဳပ္နဲ႔ဦးဘသာပဲ ရွိေတာ့တာ၊ ကုန္တင္ကားႀကီးေတြကေတာ့ တစ္ခ်က္တစ္ခ်က္ ေဝါခနဲေဝါခနဲျဖတ္သြားတတ္တာပါပဲဗ်ာ။

ဆက္ေလွ်ာက္လာရင္း ခပ္လွမ္းလွမ္းက လမ္းမီးတိုင္တစ္ခုေအာက္မွာ ကေလးေလးေတြက ေဆာ့ကစားေနသဗ်၊ ကေလးခ်ည္း ဆယ္ေယာက္ေလာက္ရွိတယ္ဗ်ာ၊ သူတို႔ေတြက လမ္းမီးေရာင္ေအာက္မွာ ေျပးလိုက္လႊားလိုက္နဲ႔ ေဆာ့ကစားေနတယ္၊ က်ဳပ္လည္း ကေလးေတြကိုၾကည့္ၿပီး အံ့ၾသသြားတာေပါ့ဗ်ာ။

“ညႀကီးမင္းႀကီး ဘယ္ကကေလးေတြ လမ္းမီးတိုင္ေအာက္မွာ လာေဆာ့ေနၾကသလဲမသိပါဘူးဗ်ာ၊ ကားတိုက္မိလို႔ ေသကုန္အုံးမယ္”

ဦးဘသာက ၿပဳံးရင္း

“သူတို႔က ကားတိုက္ၿပီးသားဆိုေတာ့ မေသေတာ့ဘူးေပါ့ကြာ”

“ဘယ္လိုဗ်၊ ကားတိုက္ၿပီးသားတဲ့လား”

“ငါေျပာမယ္အလတ္ေကာင္၊ မင္းေဘးဘီကိုၾကည့္လိုက္စမ္း၊ တစ္ဖက္မွာလည္းေတာႀကီး၊ တစ္ဖက္မွာလည္း ၿခံစည္း႐ိုးႀကီးမဟုတ္လားကြ၊ ဒီလိုေနရာမွာ ဘယ္ကကေလးက လာေဆာ့မွာလဲကြ”

ဦးဘသာေျပာတာလည္းဟုတ္တယ္ဗ်၊ ဒီနားမွာ လူေနအိမ္ဆိုလို႔ တစ္အိမ္ေတာင္မေတြ႕မိပါဘူးဗ်ာ၊ ဒီေတာ့မွ က်ဳပ္လည္းေက်ာေတြခ်မ္းလာတာ။

“ဒါဆို ဒီကေလးေတြက သရဲေတြေပါ့ေနာ္”

“သရဲေတာ့မဟုတ္ဘူး၊ မွင္စာကေလးေတြကြ”

“မွင္စာနဲ႔ ကေဝရွင္နဲ႔က ဘယ္လိုအဆက္အသြယ္ရွိလို႔လဲဦးဘသာ”

“ကေဝရွင္က မွင္စာေလးေတြကို အသုံးခ်တယ္ကြ၊ မွင္စာကေလးေတြက ကေလးသရဲေလးေတြဆိုေတာ့ မလိမ္မညာတတ္ၾကဘူးမဟုတ္လား၊ ၿပီးေတာ့ ခိုင္းရျပဳရတာလည္း လြယ္တယ္ေလကြာ”

“ဒါဆိုရင္ ဒီမွင္စာကေလးေတြထဲမွာ တစ္ေယာက္ေယာက္က ကေဝရွင္ကိုသိေနမွာေပါ့ေနာ္”

“အစစ္ေပါ့ကြာ၊ ကဲ လာလာ၊ ဒီေကာင္ေတြကိုသြားေမးရေအာင္”

က်ဳပ္တို႔လည္း မွင္စာကေလးေတြအနားကို လမ္းေလွ်ာက္လာၾကတယ္ဗ်၊ မွင္စာေလးေတြကို က်ဳပ္တို႔ကို ဂ႐ုမထားပါဘူးဗ်ာ၊ ေအာ္ၾကဟစ္ၾက၊ ဆူညံၾကနဲ႔ ေဆာ့ကစားေနၾကတာေပါ့၊ ဆူတာလည္း အေတာ္ဆူတာဗ်၊ အသံေသးေသးေလးေတြနဲ႔ ေအာ္ဟစ္ေနတာပဲဗ်ာ။ က်ဳပ္တို႔နဲ႔ တျဖည္းျဖည္းနီးလာတဲ့အခါ အဲဒီမွင္စာကေလးေတြက ၾကက္ေပ်ာက္ငွက္ေပ်ာက္ ေပ်ာက္သြားၾကတာပါပဲ၊ ဓါတ္တိုင္ေအာက္မွာ ဘာမွကိုမရွိေတာ့ဘူးဗ်။

“ေဟာ၊ ဘယ္ေရာက္ကုန္တာလဲဗ်ာ”

“လာစမ္းပါကြာ၊ သူတို႔က လူေတြ႕လို႔ပုန္းေနတာကြ”

ဦးဘသာနဲ႔က်ဳပ္နဲ႔ အဲဒီဓါတ္တိုင္ေအာက္ကိုေရာက္ေတာ့ ဦးဘသာက ဓါတ္တိုင္ကိုလက္နဲ႔ပုတ္ရင္း

“ေဟ့ေကာင္ေလးေတြ၊ ပုန္းမေနနဲ႔ထြက္လာခဲ့ၾကစမ္းေဟ့”

ဦးဘသာေျပာေပမယ့္ ဘာမွေတာ့မထူးဘူးဗ်၊ တစ္ဖက္မွာလည္း ကတၱရာလမ္းႀကီး၊ တစ္ဖက္မွာလည္း ခ်ဳံပင္ျမက္ပင္ေတြပဲရွိသဗ်ာ၊ ဒီအခ်ိန္ ခ်ဳံဘက္ကေန ခြၽတ္ခနဲအသံၾကားလိုက္ရၿပီးေတာ့ အေကာင္ေလးတစ္ေကာင္က လႊားခနဲခုန္ထြက္လာတယ္ဗ်၊ ဦးဘသာက အဲဒီအေကာင္ေလးကို လက္ညႇိဳးနဲ႔ထိုးလိုက္ေတာ့ အေကာင္ေလးက ေလေပၚမွာတန္းလန္းႀကီးျဖစ္သြားသဗ်ာ၊ ပုံစံကေတာ့ လူပုံစံမဟုတ္ဘူးဗ်ာ၊ လက္ရွည္ရွည္၊ ေျခရွည္ရွည္နဲ႔ဗ်၊ မသိရင္ေမ်ာက္တစ္ေကာင္နဲ႔ေတာင္တူတယ္၊ ေမ်ာက္ကေတာ့ အၿမီးပါတယ္၊ သူကအျမႇီးမပါဘူးေပါ့ဗ်ာ။

မ်က္လုံးျပဴးျပဴး ပါးစပ္ၿပဲၿပဲနဲ႔ဗ်ာ၊ ပါးစပ္ထဲမွာလည္း အစြယ္သြားခြၽန္ခြၽန္ကေလးေတြ အမ်ားႀကီးရွိတယ္၊ ဒီေကာင္ေလးက ေလေပၚရပ္ေနတာကို မေက်နပ္တဲ့ပုံပဲဗ်၊ ပါးစပ္ကလည္း စူးစူးဝါးဝါးေအာ္တယ္။ ဦးဘသာက မွင္စာကေလးကို မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး

“ေအာင္မာ၊ မင္းအစြမ္းေလာက္နဲ႔ ငါ့ကိုခ်ဳံခိုတိုက္ခ်င္တယ္ေပါ့၊ ဟုတ္သလား”

ဦးဘသာက မွင္စာကေလးကိုလႊတ္ေပးလိုက္ေတာ့ မွင္စာကေလးက ေျမႀကီးေပၚမွာေဆာင့္ေၾကာင့္ေလးထိုင္လို႔ဗ်၊

“ငါလာတာ မင္းတို႔ကို ဒုကၡေပးဖို႔လာတာမဟုတ္ဘူးကြ၊ ကဲ မင္းရဲ႕အေပါင္းအပါေတြကို ေခၚလိုက္စမ္းကြာ”

မွင္စာကေလးက ပါးစပ္ကေအာ္ဟစ္ၿပီးေတာ့ သူ႔လက္နဲ႔ပါးစပ္ကို ပိတ္လိုက္ဖြင့္လိုက္လုပ္ပါေရာဗ်ာ၊ ခင္ဗ်ားတို႔က်ဳပ္တို႔လည္း ငယ္ငယ္က အဲဒီလိုလုပ္ခဲ့ဖူးမယ္မဟုတ္လား၊ ပါးစပ္က ဝူးလို႔ေအာ္ရင္း လက္ကိုအဖြင့္အပိတ္လုပ္ေတာ့ ဝလူ ဝလူဆိုတဲ့အသံထြက္တာေပါ့ဗ်ာ။

“ဒါဘာလုပ္ေနတာလဲ ဦးဘသာ”

“မွင္စာကေလးေတြကိုေခၚေနတာကြ၊ မွင္စာေခၚရင္ အဲဒီလို ဝလူဝလူလုပ္ၿပီးေခၚရတယ္၊ ဒါေၾကာင့္ေရွးလူႀကီးေတြက ကေလးေတြအဲဒီလိုလုပ္ၿပီးေဆာ့ရင္ ဆူၾက႐ိုက္ၾကတယ္မဟုတ္လား၊ ေနာက္မေဆာ့ဖို႔လည္း ေျပာၾကတယ္ေလကြာ”

ဟုတ္တယ္ဗ်၊ က်ဳပ္တို႔ငယ္ငယ္က အဲဒီလိုလုပ္တဲ့အခါ အေမကဆူတာပါပဲဗ်ာ၊ ေခါင္းကိုလည္း ေဒါက္ခနဲေခါက္တာဗ်၊ သုံးေလးခါေလာက္ အေခါက္ခံရၿပီးေတာ့ က်ဳပ္တို႔လည္း မွတ္သြားၿပီး လိုက္မလုပ္ေတာ့ဘူးေပါ့ဗ်ာ၊ အခုမွသိတယ္၊ ဒီလိုလုပ္တာ မွင္စာေခၚတာတဲ့ဗ်ာ။

“ဟုတ္တယ္ဦးဘသာ၊ က်ဳပ္တို႔ငယ္ငယ္ကဆို ဒီလိုလုပ္ရင္ ခဏခဏအတီးခံရတာဗ်၊ ဘာေၾကာင့္မွန္းေတာ့ မသိဘူးေပါ့ဗ်ာ”

“မွင္စာေလးေတြက ကေလးေခၚရင္ ေရာက္လာတတ္တယ္ကြ၊ ၿပီးေတာ့ ကေလးကို စေနာက္တတ္တယ္၊ မွင္စာ စေနာက္တာခံရရင္ ကေလးက အေၾကာင္းမရွိဘဲနဲ႔ တခစ္ခစ္ရယ္တတ္တယ္ကြ၊ တခ်ိဳ႕မွင္စာက်ေတာ့ ကေလးကိုေျခာက္တယ္၊ ဆူတယ္၊ ဒီအခါ ကေလးကငိုေရာေဟ့၊ အခန႔္မသင့္ရင္ မွင္စာက ကေလးကိုပူးကပ္တာလည္းျဖစ္ႏိုင္ေသးတယ္၊ ဒါေၾကာင့္မို႔ ကေလးေတြကို ဒီလိုမေဆာ့ခိုင္းတာကြ”

ဟိုမွင္စာကေလး ဝလူဝလူေအာ္ၿပီး သိပ္မၾကာပါဘူးဗ်ာ၊ လမ္းေဘးက ခ်ဳံပုတ္ေတြက တရွဲရွဲနဲ႔လႈပ္ခတ္လာၿပီးေတာ့ မွင္စာကေလးေတြ ခုန္ေပါက္ၿပီးထြက္လာသဗ်ာ၊ ၿပီးတာနဲ႔ တစ္ခါတည္း က်ဳပ္အေပၚကို ကုပ္ဖက္တက္ၾကတာပါပဲဗ်ာ၊ ေခါင္းေပၚတက္တဲ့အေကာင္က က်ဳပ္ဆံပင္ေတြကိုေဆာင့္ဆြဲသဗ်၊ ေျခသလုံးကိုဖက္ကိုက္တဲ့အေကာင္ကလည္းကိုက္တယ္၊ လက္ေမာင္းတစ္ဖက္မွာလည္း တစ္ေကာင္စီတက္ေနေသးတယ္ဗ်ာ၊ က်ဳပ္လည္းမွင္စာငါးေကာင္ ကိုယ္ေပၚတက္ေနတာနဲ႔ သူတို႔က်သြားေအာင္လို႔ အမ်ိဳးစုံခါရမ္းေနတာေပါ့ဗ်ာ၊ ဒီေကာင္ေတြက ေမ်ာက္ေတြလိုပဲဗ်၊ ျမန္လိုက္တာလည္း လွစ္ေနတာပဲဗ်ာ၊ သူတို႔ကို႐ိုက္ထည့္လိုက္ရင္ သူတို႔မထိဘဲ ကိုယ့္အသားပဲကိုယ္ျပန္ထိတယ္ဗ်။

ေခါင္းေပၚက မွင္စာကိုလွမ္းဖမ္းဆြဲလိုက္တဲ့အခ်ိန္မွာ ခါးေပၚကိုမွင္စာတစ္ေကာင္က ကုပ္ဖက္တက္လာၿပီးေတာ့ က်ဳပ္ခ်ိဳင္းကို သူ႔လက္ညႇိဳးနဲ႔ကလိထိုးပါေရာဗ်ာ၊ က်ဳပ္ျဖင့္ ရယ္လိုက္ရတာေျပာမေနပါနဲ႔၊ ေနာက္တစ္ေကာင္ကလည္း က်ဳပ္ခါးကိုပြတ္တယ္ဗ်၊ က်ဳပ္မေနႏိုင္ေတာ့တာနဲ႔ ကတၱရာလမ္းေပၚလွဲခ်လိုက္ရတယ္၊ ဒီမွင္စာေတြက က်ဳပ္ကိုကလိခ်ည္းလွိမ့္ထိုးတာဗ်၊ က်ဳပ္ျဖင့္ ရယ္လိုက္ရတာ အူပါတက္တယ္ဗ်ာ၊

“ဦးဘသာ၊ က်ဳပ္ကိုလုပ္ပါအုံးဗ်ာ၊ ဟား၊ ဟား”

ကလိထိုးတာ အသားမနာဘူးဆိုေပမယ့္ ေတာ္ေတာ္ေတာ့ခံရခက္တဲ့အမ်ိဳးဗ်၊ ခင္ဗ်ားတို႔မယုံရင္ ကေလးငါးေယာက္ေလာက္ေခၚၿပီးေတာ့ ကလိသာထိုးခိုင္းၾကည့္ဗ်ာ၊ က်ဳပ္က ယားတတ္တဲ့လူဆိုေတာ့ ပိုဆိုးတယ္ဗ်။ ဒီမွင္စာကေလးေတြကလည္း ေတာ္ေတာ္ေပါ့ပါးတာဆိုေတာ့ ခါထုတ္လို႔လည္းမရဘူးဗ်ာ။

ဦးဘသာက က်ဳပ္ကိုလက္ညႇိဳးနဲ႔ထိုးရင္း

“အလတ္ေကာင္၊ ၿငိမ္ၿငိမ္ေနစမ္းကြာ၊ လႈပ္မေနနဲ႔ကြ”

“ဟာ၊ ဦးဘသာရာ၊ မလႈပ္လို႔ရမလားဗ်၊ ဒီေလာက္ယားေနတာကို၊ ဟား၊ ဟား”

ဒီအခ်ိန္ က်ဳပ္ဘက္လက္မွာကိုင္ထားတဲ့ေတာင္ေဝွးနဲ႔ မွင္စာကေလးတစ္ေကာင္ကို ထိမိသြားပါေရာဗ်ာ၊ ဂ်ိန္းခနဲအသံတစ္ခ်က္ျမည္သြားၿပီးေတာ့ မွင္စာကေလးက လြင့္ထြက္သြားၿပီး ကတၱရာလမ္းမေပၚကို က်သြားပါေရာ၊ ဒီေတာ့မွ က်န္တဲ့မွင္စာကေလးေတြလည္း ေၾကာက္လန႔္ၿပီး က်ဳပ္ကိုယ္ေပၚကေနေျပးဆင္းသြားၾကတယ္၊ ကားလမ္းေပၚက်တဲ့မွင္စာကေလးက မီးခိုးေငြ႕ေတြတအူအူထြက္လို႔ဗ်။ က်ဳပ္လည္းကုန္းထလိုက္ၿပီး

“ေသၿပီလားမသိဘူး”

မွင္စာကေလးက လက္ကိုအားယူၿပီးကုန္းထလာတယ္ဗ်ာ၊ သူ႔ေခါင္းမွာ အေမႊးေတြမရွိေတာ့ဘဲ ကတုံးႀကီးျဖစ္ေနပါေရာ၊ အဲဒီအေမႊးေတြကလည္း မီးေလာင္ကြၽမ္းထားသလိုျဖစ္ၿပီး မီးခိုးေငြ႕ေတြထြက္ေနသဗ်၊ ေညႇာ္တာလည္း ေတာ္ေတာ္ေညႇာ္တာ။ ဦးဘသာက ရယ္လိုက္ၿပီး

“မင္းတို႔ကို ငါတို႔ဒုကၡေပးဖို႔လာတာမဟုတ္ပါဘူးကြာ၊ ေမးစရာရွိလို႔လာတာ၊ ဒါနဲ႔ မင္းတို႔ကို မုန႔္လာလာေကြၽးတဲ့လူရွိတယ္မဟုတ္လား”

ေဆာင့္ေၾကာင့္ထိုင္ေနတဲ့ မွင္စာကေလးက ေခါင္းညိတ္လိုက္တယ္။

“တစ္ခါတရံလာေကြၽးတာမ်ိဳးမဟုတ္ဘဲ၊ အၿမဲတမ္းလာေကြၽးတဲ့လူေရာ ရွိသလား”

မွင္စာကေလးက ေခါင္းညိတ္ျပတယ္ဗ်၊

“ေျပာစမ္း၊ အဲဒီလူက မင္းတို႔ကိုဘာလုပ္ခိုင္းတာလဲ”

“ကြၽန္ေတာ္တို႔ကို သၾကားလုံးေတြ၊ မုန႔္ေတြေကြၽးပါတယ္၊ ၿပီးရင္ေတာ့ ဒီနားက႐ြာေတြထဲက အိမ္ႀကိဳအိမ္ၾကားကိုလႊတ္ပါတယ္၊ သူေျပာတဲ့အိမ္မွာ လွန္းထားတဲ့ ထမီျဖစ္ျဖစ္၊ အက်ႌျဖစ္ျဖစ္ တစ္ထည္ကိုခိုးယူေပးရပါတယ္၊ သူက အဲဒီအက်ႌရတဲ့အခါ ကြၽန္ေတာ္တို႔ကို မုန႔္ေတြအမ်ားႀကီးေကြၽးပါတယ္”

ဦးဘသာက ေခါင္းညိတ္လိုက္ၿပီးေတာ့

“အဲဒါ ကေဝရွင္ပဲကြ”

“ေနပါအုံး ဦးဘသာ၊ ကေဝရွင္က ဘာျဖစ္လို႔ထမီေတြ၊ အက်ႌေတြကိုယူခိုင္းတာလဲ”

“ဒီလူက စုန္းကေဝဟုတ္မဟုတ္ အတည္ျပဳေပးဖို႔ကြာ၊ ငါေျပာျပမယ္အလတ္ေကာင္ရ၊ ပရေလာကသားေတြမွာလည္း သူ႔နယ္နဲ႔ သူ႔စည္းနဲ႔ရွိတယ္၊ သရဲေတြဆိုေပမယ့္လည္း လူေတြရဲ႕အိမ္ၿခံဝန္းေတြ၊ စုန္းေတြရဲ႕ ၿခံဝိုင္းေတြထဲကို စိတ္ရွိတိုင္း ဝင္လို႔ထြက္လို႔မရဘူးကြ၊ အဲဒီလိုဝင္ထြက္ႏိုင္တာ မွင္စာကေလးေတြပဲရွိတယ္၊ မွင္စာကေလးေတြကို ပရေလာကသားေတြက ခ်စ္တယ္ကြ၊ တို႔လူေတြသေဘာနဲ႔ေျပာရရင္ ကေလးေတြဆိုရင္ ဘာလုပ္လုပ္ဆိုၿပီးလႊတ္ထားတဲ့သေဘာမ်ိဳးေပါ့ကြာ၊ မွင္စာကေလးေတြက အိမ္ႀကိဳအိမ္ၾကား၊ ဝိုင္းႀကိဳဝိုင္းၾကားကို ဝင္ထြက္လို႔ရတယ္ကြ၊ တစ္ခါတေလ အိမ္ေစာင့္နတ္နဲ႔အဆင္ေျပရင္ အိမ္ေပၚကိုေတာင္တက္လို႔ရတယ္ေပါ့ကြာ”

“ဟာ၊ အဆန္းပါလားဗ်ာ”

“ဟုတ္တယ္၊ ကေဝရွင္ဆိုတာကလည္း ေသခ်ာမွလုပ္တဲ့အမ်ိဳးကြ၊ ဒါေၾကာင့္ အိမ္ႀကိဳအိမ္ၾကားသြားလို႔ရတဲ့ မွင္စာကေလးေတြကို မုန႔္ေကြၽးၿပီးေတာ့ သူသတင္းရထားတဲ့အိမ္မွာ စုန္းေက၀ တကယ္ရွိမရွိကို အတည္ျပဳခ်င္တာနဲ႔ မွင္စာေလးေတြကို ခိုင္းတာေပါ့ကြာ”

မွင္စာကေလးက ေခါင္းညိတ္ၿပီး

“ဟုတ္တယ္ဗ်၊ အိမ္တစ္အိမ္မွာလွန္းထားတဲ့အဝတ္ကို ကြၽန္ေတာ္တို႔က အနံ႔ခံၾကတယ္၊ အဲဒီအခါ ထူးဆန္းတဲ့အနံ႔ရတဲ့အက်ႌဆိုရင္ေတာ့ အဲဒီအက်ႌကိုယူၿပီး အဲဒီလူႀကီးကို သြားသြားေပးရတယ္”

“ေတြ႕လားအလတ္ေကာင္၊ ကေဝရွင္က တိက်တယ္ကြ၊ အိမ္တစ္အိမ္မွာ လူငါးေယာက္ရွိတယ္ဆိုပါေတာ့ကြာ၊ အဲဒီအထဲမွာ ဘယ္သူက စုန္းလဲဆိုတာကို ေသခ်ာသိေအာင္ ဆုံးျဖတ္တဲ့သေဘာေပါ့ကြ”

“ထားပါေတာ့ဗ်ာ၊ ဒါေပမယ့္ ညဘက္အဝတ္မလွန္းတဲ့အိမ္ဆိုရင္ ဘယ္လိုလုပ္မလဲဗ်”

ဦးဘသာက ေခါင္းခါရင္း

“စုန္းကေဝမွန္ရင္ ညဘက္အဝတ္လွန္းေလ့ရွိတယ္ကြ၊ ဒါကလည္း စုန္းအခ်င္းခ်င္းဆက္သြယ္တဲ့နည္းလမ္းတစ္ခုပဲေပါ့ကြာ၊ ဒါေၾကာင့္ ေရွးလူႀကီးေတြက ညေနေစာင္းၿပီဆိုတာနဲ႔ အဝတ္ေတြ႐ုတ္ခိုင္းတယ္မဟုတ္လား၊ ညဘက္အဝတ္လွမ္းရင္ စုန္းမဆိုၿပီးေတာ့ ေျပာဆိုၾကေသးတယ္ေလကြာ”

က်ဳပ္သေဘာေပါက္လိုက္ပါၿပီဗ်ာ၊ ဦးဘသာက မွင္စာကေလးကိုၾကည့္ရင္း

“ဒါဆို အဲဒီလူႀကီးကို ငါတို႔ဘယ္မွာသြားရွာရမလဲ”

မွင္စာကေလးက တစ္ခ်က္ျပဴးေၾကာင္ၾကည့္ေနရင္း သူ႔လက္ဝါးကိုျဖန႔္ျပတယ္ဗ်၊ သူ႔လက္ဝါးထဲမွာေတာ့ ဆီစိမ္စကၠဴနဲ႔ လိမ္ၿပီးထုတ္ထားတဲ့ သၾကားလုံးသုံးလုံးကို ေတြ႕လိုက္ရတယ္ဗ်ာ။ ဦးဘသာက မ်က္ေမွာင္ၾကဳတ္ၾကည့္ရင္း

“ဒါ ဘာသေဘာလဲကြ”

“ခုနကပဲ ဒီလူႀကီးလာသြားေသးတယ္၊ ကြၽန္ေတာ္တို႔လည္း ႐ြာထဲက ထမီတစ္ထည္ယူၿပီး ေပးလိုက္ေတာ့ ကြၽန္ေတာ္တို႔ကို သၾကားလုံးေတြေပးသြားၾကတာပါပဲ၊ ကြၽန္ေတာ္တို႔လည္း မုန႔္စားရေတာ့ ေပ်ာ္႐ႊင္ၿပီးေတာ့ ေဆာ့ေနၾကတာပါ”

ဦးဘသာက က်ဳပ္ကိုၾကည့္ၿပီးေတာ့ ေခါင္းညိတ္ျပတယ္ဗ်၊ က်ဳပ္တို႔ကေတာ့ ကေဝရွင္နဲ႔ တည့္တည့္တိုးေနၿပီမဟုတ္လားဗ်ာ။

“ဒါဆိုရင္ မင္းထမီယူခဲ့တဲ့အိမ္ကို ငါ့ကိုလမ္းျပႏိုင္မလား”

မွင္စာကေလးေတြက ဦးဘသာကိုေယာင္ေပေပနဲ႔ၾကည့္ေနတယ္ဗ်၊ ဦးဘသာက သူ႔လက္ဝါးကိုပြတ္လိုက္ၿပီးေတာ့ လက္ဝါးျဖန႔္လိုက္တဲ့အခါ သၾကားလုံးကေလးေတြ လက္ဝါးထဲကိုေရာက္ေနပါေရာဗ်ာ၊ အဲဒီသၾကားလုံးကေလးေတြျမင္ေတာ့ မွင္စာကေလးေတြက ေပ်ာ္သြားတယ္။ ေနာက္ေတာ့ ဦးဘသာဆီက သၾကားလုံးကိုဆြဲယူၿပီး ကားလမ္းမအတိုင္းေျပးသြားပါေရာဗ်ာ။ ဦးဘသာနဲ႔က်ဳပ္လည္း သူတို႔အေနာက္ကိုလိုက္ခဲ့တာေပါ့၊ မွင္စာကေလးေတြက ေမ်ာက္ေတြလိုခုန္ဆြခုန္ဆြနဲ႔ေျပးတာဗ်။

“ဒါနဲ႔ ဦးဘသာ၊ အဲဒီသၾကားလုံးေတြကို ဦးဘသာဘယ္ကရတာလဲဗ်၊ ပညာနဲ႔ဖန္ဆင္းလိုက္တာလား”

ဦးဘသာက ၿပဳံးရင္း

“ဘယ္ဟုတ္ပါ့မလဲကြ၊ ဒီသၾကားလုံးေတြက ဒီေကာင္ေတြဆီက သၾကားလုံးေတြပဲေဟ့၊ သူတို႔သၾကားလုံးေတြကို ပညာနဲ႔လွမ္းခိုးယူၿပီး သူတို႔ကိုျပန္ေပးလိုက္တာေပါ့ကြာ”

“ဟာဗ်ာ၊ ေတာ္ေတာ္ရက္စက္တဲ့လူႀကီးဗ်ာ၊ ကေလးေတြကေတာ့ အဟုတ္မွတ္လို႔ေပ်ာ္ေနတာဗ်”

“အိုကြာ၊ ဒီလိုပဲ ႀကံဖန္လုပ္ရတာေပါ့၊ ကေလးေတြကို ညႇပ္ခ်သင့္တဲ့အခါလည္း ညႇပ္ခ်ရတာေပါ့ကြာ”

က်ဳပ္တို႔လည္း ဆက္ေျပးခဲ့ပါေတာ့တယ္။

(၂)

ကားလမ္းအတိုင္းေျပးသြားရင္း တစ္ေနရာေရာက္တဲ့အခါမွာေတာ့ ေျမနီလမ္းကေလးတစ္ခုက ကားလမ္းမေဘးကေန ခ်ိဳးဝင္သြားပါေရာဗ်ာ၊ က်ဳပ္တို႔လည္း ေျမနီလမ္းကေလးအတိုင္းလိုက္လာရင္း တစ္ေနရာေရာက္ေတာ့ ႐ြာကေလးတစ္ခုကိုျမင္လိုက္ရတယ္ဗ်၊ ေလးအိမ္စု၊ ငါးအိမ္စုနဲ႔ အိမ္စုကေလးေတြကိုျဖတ္ေက်ာ္သြားၿပီး တစ္ေနရာေရာက္ေတာ့ ၿခံဝန္းက်ယ္ႀကီးတစ္ခုအနားကိုေရာက္သြားသဗ်ာ၊ ၿခံဝန္းက အေတာ္က်ယ္တယ္ဗ်၊ အနီးပတ္ဝန္းက်င္က အိမ္ေတြနဲ႔လည္း ေတာ္ေတာ္လွမ္းၿပီး တသီးတသန႔္ျဖစ္ေနတာေပါ့၊ ၿခံက်ယ္ႀကီးရဲ႕ အလယ္တည့္တည့္ေလာက္မွာ တဲအိမ္ကေလးတစ္ခုရွိသဗ်။

တဲအိမ္ကေလးအနားမေရာက္ခင္မွာပဲ မွင္စာကေလးေတြက အေရွ႕ဆက္မသြားေတာ့ဘဲ ရပ္တန႔္သြားၾကသဗ်ာ၊ လမ္းေဘးနားက သစ္ပင္ေတြ၊ ခ်ဳံပင္ေတြကို ကပ္ၿပီးပုန္းေနၾကပါေရာ၊ လမ္းျပတဲ့မွင္စာကေလးက အေရွ႕ကိုလက္ညႇိဳးထိုးျပလိုက္ေတာ့ ၿခံက်ယ္ႀကီးရဲ႕အဝင္ဝနားမွာ လူႀကီးတစ္ေယာက္က ခါးေထာက္ရင္းရပ္ေနပါေရာဗ်ာ၊ က်ဳပ္နဲ႔ဦးဘသာလည္း နီးစပ္ရာခ်ဳံတစ္ခုကို ေျပးကပ္လိုက္ရသဗ်။

“ဒီလူပဲထင္တယ္ေနာ္ ဦးဘသာ”

“ေအးေပ့ါကြ၊ သူပဲျဖစ္မွာေပါ့”

မွင္စာေလးေတြက ေတာ္ေတာ္ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ဗ်ာ၊ ေနာက္ေတာ့ မွင္စာကေလးတစ္ေကာင္က လမ္းေဘးနားမွာက်ေနတဲ့ ေက်ာက္ခဲေလးတစ္လုံးကိုေကာက္လွန္လိုက္ၿပီးေတာ့ သူကလည္း ေသးေသးကေလးျဖစ္သြားေတာ့တယ္၊ အဲဒီေက်ာက္ခဲေအာက္ကိုဝင္ၿပီးေတာ့ ပုန္းပါေရာဗ်ာ၊ တျခားမွင္စာကေလးေတြလည္း အေကာင္ေသးေသးေလးေတြျဖစ္ေအာင္လုပ္ၿပီးေတာ့ အနားက အိုးျခမ္းပဲ့ေတြ၊ သစ္႐ြက္ေတြေအာက္ကို ေျပးပုန္းၾကတယ္ဗ်၊

“ဟာ၊ သူတို႔ပုန္းေနပါေရာလား”

“ေအးကြ၊ မၾကာခင္ဘာျဖစ္ေတာ့မယ္ဆိုတာကို သိလို႔ထင္ပါရဲ႕”

ဦးေလးႀကီးက ခါးေထာက္ၾကည့္ရင္း

“ဟဲ့ မိလႈိင္၊ ထြက္ခဲ့၊ ခပ္ျမန္ျမန္ထြက္ခဲ့စမ္း”

ၿခံထဲက ဘာအသံမွေတာ့မၾကားရဘူးဗ်။

“ညည္းဒီအိမ္မွာရွိတယ္ဆိုတာကို ငါသိတယ္ေနာ္ မိလႈိင္၊ ငါဝင္လာရရင္ ညည္းနာမယ္မွတ္”

ဒီလူႀကီးက ႀကိမ္းဝါးတယ္ဗ်၊ ဒီအခ်ိန္မွာပဲ ၿခံက်ယ္ႀကီးအဝင္နားမွာ ေပါက္ေနတဲ့ဝါး႐ုံႀကီးက တျဖန္းျဖန္းနဲ႔လႈပ္ခါသြားၿပီးေတာ့ ဝါး႐ုံပင္အေပၚကေန ျဖဴျဖဴအေကာင္ႀကီးတစ္ေကာင္က ခုန္ဆင္းလာသဗ်ာ၊ လက္တံရွည္ရွည္နဲ႔အေကာင္ႀကီးဗ်၊ ဒီအေကာင္ႀကီးက ကေဝရွင္ရဲ႕အေရွ႕မွာရပ္လိုက္ၿပီးေတာ့ အသံၿပဲႀကီးနဲ႔ေအာ္လိုက္တယ္။

“ေအာင္မာ၊ မင္းရဲ႕သဘက္ေလာကနဲ႔ ငါ့ကိုႏိုင္မယ္ထင္သလားေဟ့”

ကေဝရွင္က သူ႔လြယ္အိတ္ထဲကို လက္ႏႈိက္ၿပီးေတာ့ ပင္နယ္ဆလင္ပုလင္းကေလးတစ္လုံးထုတ္လိုက္တယ္ဗ်၊ အဲဒီပုလင္းေလးကို အဖုံးဖြင့္ၿပီးေတာ့ သူ႔ပါးစပ္နားကိုကပ္လိုက္ရင္း

“ကဲ၊ ေမာက္ျပားစုန္းထြက္ခဲ့စမ္း၊ ဒီသဘက္ကို ပညာနည္းနည္းျပလိုက္စမ္းပါ”

အဲဒီလိုေျပာၿပီးေတာ့ ပုလင္းအဝကို ေလနဲ႔မႈတ္ထည့္လိုက္တဲ့အခါမွာ ပုလင္းအထဲကေန မီးခိုးေငြ႕ျဖဴျဖဴႀကီးေတြထြက္လာၿပီးေတာ့ အေကာင္ႀကီးတစ္ေကာင္ ထြက္လာပါေရာဗ်ာ၊ ဆံပင္စုတ္ဖြားဖြားနဲ႔အေကာင္ႀကီးက အ႐ိုးေျခာက္ႀကီးနဲ႔ေတာင္တူသဗ်ာ၊ အေကာင္ႀကီးက ေအာက္ပိုင္းမပါဘဲ ခါးအလယ္ေလာက္အထိပဲပါတယ္။ ဒီအေကာင္ႀကီးက သဘက္ႀကီးဆီကိုေျပးဝင္သြားၿပီးေတာ့ ေျပးလုံးေတာ့တာပါပဲဗ်ာ၊ သဘက္ႀကီးနဲ႔ ဒီအေကာင္ႀကီးနဲ႔ လုံးေထြးေနၾကတုန္း ဒီလူႀကီးက ေနာက္ထပ္ပုလင္းႏွစ္လုံးကို ထပ္ထုပ္လိုက္ျပန္ပါေရာ၊ ခုနကအတိုင္း ပုလင္းကိုမန္းမႈတ္ၿပီးေတာ့

“မင္းတို႔ႏွစ္ေကာင္က အိမ္ထဲက စုန္းမကိုသြားဖမ္းေခၚခဲ့ၾကစမ္းကြာ”

ျဖဴျဖဴႀကီးႏွစ္ေကာင္က ၿခံထဲကိုပ်ံၿပီးဝင္သြားေတာ့တယ္ဗ်ာ၊ ေနာက္ေတာ့ ၿခံထဲမွာ ေအာ္ဟစ္ငိုယိုသံေတြကိုၾကားလိုက္ရတယ္။ က်ဳပ္လည္း ဦးဘသာကိုၾကည့္လိုက္ၿပီး

“ဦးဘသာ တစ္ခုခုလုပ္ေလဗ်ာ”

ဦးဘသာက ေခါင္းခါၿပီးေတာ့

“ဝင္လုပ္လို႔မျဖစ္ဘူးကြ၊ ကေဝရွင္ေတြက အလုပ္လုပ္ရင္ေစ့စပ္တယ္၊ ငါ့အထင္ေတာ့ ဒီအနီးတစ္ဝိုက္မွာ သူ႔ရဲ႕ကေဝေထာင္ေခ်ာက္ေတြကို ခ်ၿပီးသားပဲေနမွာကြ”

“ကေဝေထာင္ေခ်ာက္ဆိုတာ ဘာလဲဗ်ာ”

“ကေဝေထာင္ေခ်ာက္အမ်ိဳးမ်ိဳးရွိတယ္ကြ၊ မ်ားေသာအားျဖင့္ကေတာ့ စုန္းေတြပညာစက္သုံးလို႔မရေအာင္ ပိတ္ပင္ထားတဲ့ ကေဝေထာင္ေခ်ာက္ေတြျဖစ္တတ္တယ္၊ ဒီအခ်ိန္မွာ ငါက ပညာထုတ္သုံးလိုက္ရင္ ကေဝေထာင္ေခ်ာက္က ငါ့ဆီလာထိမွာပဲေဟ့”

ဒီလိုနဲ႔ပဲ ဘာမွမလုပ္ႏိုင္ဘဲ ဆက္ၾကည့္ေနရတယ္ဆိုပါေတာ့ဗ်ာ၊

ငိုယိုသံေတြၾကားၿပီးတဲ့အခါ ျဖဴျဖဴႀကီးႏွစ္ေကာင္က မိန္းမတစ္ေယာက္ကိုဆြဲခ်လာသဗ်ာ၊ အဲဒီမိန္းမက ကေလးေလးတစ္ေယာက္ကို လက္မွာခ်ီထားတယ္၊ ကေလးေလးက လသားေလာက္ကေလးပဲ ရွိမွာဗ်။ အျဖဴေကာင္ႀကီးႏွစ္ေကာင္က ဒီမိန္းမကိုပခုံးေတြကေန ဖမ္းခ်ဳပ္ဆုပ္ကိုင္ထားတယ္၊ ဒီမိန္းမက ႐ုန္းေပမယ့္ ႐ုန္းမရဘူးဗ်၊ ကေဝရွင္ ဒီမိန္းမကိုၾကည့္ရင္း

“ဟာ၊ လတ္စသတ္ေတာ့ ခဲတစ္လုံးနဲ႔ ငွက္ႏွစ္ေကာင္ကိုမိလိုက္တာပဲေဟ့”

ဟိုမိန္းမက ငိုယိုၿပီးေတာ့

“ေတာင္းပန္ပါတယ္ရွင္၊ ကြၽန္မတို႔ကို လႊတ္ေပးပါ”

ကေဝရွင္က စုပ္တသပ္သပ္လုပ္ရင္း

“မိလႈိင္၊ မိလႈိင္ နင္သူမ်ားကိုလုပ္တုန္းကေတာ့ ဒီမ်က္ခြက္မဟုတ္ပါလားဟဲ့၊ သူမ်ားကိုလုပ္တုန္းက နင္ေပ်ာ္သလို အခုလဲေပ်ာ္ေပ်ာ္ေနစမ္းပါဟ”

“မလုပ္ပါနဲ႔ဆရာႀကီးရယ္၊ ကြၽန္မေတာင္းပန္ပါတယ္”

“ႏွစ္ပတ္အတြင္း နင္လူကိုးေယာက္ကို ျပဳစားခဲ့တယ္မိလႈိင္၊ ခုနစ္ေယာက္က ေသသြားခဲ့တယ္၊ နင့္ကို ငါလိုက္ရွာေနတာၾကာၿပီ၊ အခုေတာ့ နင့္အျပစ္ေတြကို နင္ခံရေတာ့မယ္”

မိလႈိင္ဆိုတဲ့မိန္းမ ပိုက္ထားတဲ့ကေလးေလးကလည္း တၿဗဲၿဗဲနဲ႔ေအာ္ငိုေတာ့တာပဲဗ်ာ၊ မိလႈိင္က ေခါင္းညိတ္ၿပီးေတာ့

“ဒါဆိုရင္လည္း ကြၽန္မကိုဖမ္းပါဆရာႀကီးရယ္၊ ကြၽန္မကို သတ္ပါ၊ ကြၽန္မရဲ႕ ကေလးေလးကိုေတာ့ ခ်မ္းသာေပးပါရွင္”

ကေဝရွင္က ေခါင္းခါလိုက္ၿပီး

“ဒီမွာ မိလႈိင္၊ စုန္းတစ္ေယာက္က ကေဝရွင္တစ္ေယာက္ကို အသနားခံလို႔ရ႐ိုး ထုံးစံရွိလို႔လားဟဲ့”

မိလႈိင္မႈိင္က်သြားတယ္ဗ်။

“နင့္ကေလးကို ငါကလႊတ္ေပးလိုက္ၿပီပဲထားပါေတာ့၊ ဒီကေလးက ဝမ္းတြင္းပါကေလးမို႔ တစ္ခ်ိန္က်ရင္ နင့္လိုစုန္းျဖစ္လာအုံးမွာပဲ၊ ဒီအခါ ငါကလည္း ခက္ခက္ခဲခဲလိုက္ဖမ္းေနရအုံးမွာပဲမဟုတ္လား၊ ဒါေၾကာင့္ ငါႏွစ္ခါအပင္ပန္းမခံေတာ့ဘူးမိလႈိင္၊ အခုပဲ နင္တို႔သားအမိႏွစ္ေယာက္ကို ငါဖမ္းမယ္”

ဒီအခါ မိလႈိင္က မ်က္လုံးႀကီးဝင္းလက္သြားၿပီးေတာ့ ေတာက္တစ္ခ်က္ကို အက်ယ္ႀကီးေခါက္လိုက္တယ္ဗ်၊ ကေဝရွင္ေတာင္မွ အံ့ၾသသြားတယ္။

“ဟဲ့ ကေဝရွင္အစုတ္ပလုပ္၊ ေခြးေတာင္မွ ေခ်ာင္ပိတ္႐ိုက္ရင္ ကိုက္တတ္ေသးတာပဲ၊ နင့္လိုေကာင္ဖမ္းတာကို ငါကၿငိမ္ခံေနရမွာတဲ့လား”

ကေဝရွင္ကလည္း တဟားဟားရယ္လိုက္ၿပီး

“လုပ္စမ္းပါ မိလႈိင္၊ နင္စြမ္းရင္ နင္လုပ္လိုက္စမ္းပါဟ”

မိလႈိင္က မိုးေပၚကိုလက္ညႇိဳးေထာင္လိုက္ၿပီး လက္ညႇိဳးကေန မီးလုံးႀကီးတစ္လုံးကို ဝုန္းခနဲပစ္တင္လိုက္ေတာ့တယ္ဗ်ာ၊ မီးလုံးႀကီးက မီးရႉးမီးပန္းလိုမ်ိဳး တ႐ႊီ႐ႊီနဲ႔ေကာင္းကင္အေပၚကို ထိုးတက္သြားၿပီးေတာ့ ေကာင္းကင္ေပၚေရာက္တဲ့အခါ ၾကယ္ကေလးေတြကို မႈန္မႈန္ကေလးေတြျဖစ္သြားပါေရာလား။

“အဲဒါဘာလုပ္တာလဲ ဦးဘသာ”

“အခ်က္ေပးတာကြ၊ ၾကည့္ရတာ မိလႈိင္က တျခားစုန္းေတြကို အခ်က္ေပးၿပီး ေခၚခ်င္ပုံရတယ္”

“သူေခၚေတာ့ေရာ စုန္းေတြက လာမွာမို႔လားဗ်”

“ဘယ္လာဝံ့မလဲကြ၊ ဒီမွာကေဝရွင္ရွိေနတယ္ဆိုရင္ ဘယ္စုန္းမွ လာမွာမဟုတ္ဘူးကြ”

ေျပာေနတုန္းရွိေသးတယ္ဗ်ာ၊ ၿခံေထာင့္နားကေန တခြၽင္ခြၽင္အသံျမည္ၿပီးေတာ့ အလင္းေရာင္ကေလးတစ္ခုက မိလႈိင္ရဲ႕ေက်ာကိုဝင္ထိသြားတယ္ဗ်၊ မိလႈိင္က ေက်ာေကာ့ထြက္သြားၿပီးေတာ့ သူ႔လက္ထဲေပြ႕ထားတဲ့ကေလးက ေျမေပၚကိုက်သြားတယ္၊ မိလႈိင္က ကေလးကိုေကာက္မယ့္အခ်ိန္မွာပဲ သူ႔ပါးစပ္ထဲကေန ေသြးေတြဒရေဟာ စီးက်လာသဗ်ာ။

ကေဝရွင္က မိလႈိင္ကိုၾကည့္ရင္း

“မိလႈိင္ေရ၊ နင္တို႔တစ္ၿခံလုံးကို ကေဝေထာင္ေခ်ာက္ေတြခ်ထားတာေတာင္မွ နင္က စုန္းပညာကိုထုတ္သုံးႏိုင္ေသးတယ္တဲ့လား၊ ကေဝရွင္အေရွ႕မွာ စုန္းပညာထုတ္သုံးတာ နင္႐ူးတာပဲ မိလႈိင္ရ”

မိလႈိင္က ကေဝရွင္ကိုေမာ့ၾကည့္ၿပီးေတာ့

“ေစာင့္ၾကည့္လိုက္စမ္းပါ၊ ဒီညေတာ့ ရွင္ပဲေသမလား၊ က်ဳပ္ပဲေသမလားဆိုတာ ေစာင့္ၾကည့္လိုက္စမ္းပါ”

ကေဝရွင္က မိလႈိင္ကိုလက္ညႇိဳးနဲ႔ထိုးလိုက္တယ္ဗ်၊ ျဖဴျဖဴအေကာင္ႀကီးႏွစ္ေကာင္က မိလႈိင္ကိုခ်ဳပ္လိုက္ပါေရာဗ်ာ၊ ဒီအခါ ကေဝရွင္က သူ႔ပါးစပ္ႀကီးကို ၿပဲေနေအာင္ၿဖဲလိုက္တယ္။ ေနာက္ေတာ့ တရႉးရႉးနဲ႔ေလေတြကို စုပ္သြင္းေတာ့တာပါပဲဗ်ာ၊ မိလႈိင္ရဲ႕ကိုယ္လုံးထဲက ပိုးစုန္းၾကဴးလို အစိမ္းေရာင္အလင္းစက္ကေလးေတြထြက္လာတယ္ဗ်၊ အလင္းစက္ကေလးေတြက ကေဝရွင္ရဲ႕ပါးစပ္ထဲကို တိုးဝင္သြားၾကတယ္၊ ေနာက္ေတာ့ အလင္းစက္ေတြမ်ားလာၿပီးေတာ့ အလင္းစီးေၾကာင္းႀကီးတစ္ခုျဖစ္သြားပါေရာဗ်ာ။

ဒီအခ်ိန္ ေကာင္းကင္ကေန တ႐ႊီး႐ႊီးအသံျမည္ၿပီးေတာ့ ေရာင္စုံအလုံးကေလးေတြ ဆင္းလာပါေရာဗ်ာ၊ ကေဝရွင္ကလည္း လွ်င္သဗ်၊ ခ်က္ခ်င္းအေနာက္ကိုခုန္ၿပီးေရွာင္လိုက္ေတာ့ ေရာင္စုံအလုံးကေလးေတြ ေျမႀကီးေပၚကိုက်သြားပါေရာဗ်ာ၊ ကေဝရွင္က ေဘးဘီကိုၾကည့္ရင္း

“ဘာေကာင္လည္း၊ ဘယ္သူေႏွာင့္ယွက္တာလဲ၊ သတၱိရွိရင္ ထြက္ခဲ့ေလကြာ”

ကေဝရွင္ကေျပာလိုက္ၿပီးတဲ့အခါ တဟင္းဟင္းရယ္သံႀကီးနဲ႔အတူ ေျမႀကီးထဲကေန လူတစ္ေယာက္ထြက္လာသဗ်ာ။

“ဟာ၊ မေ႐ႊေတာင္ပါလား”

က်ဳပ္အသံထြက္ၿပီး ေအာ္လိုက္မိတယ္၊ ဦးဘသာက က်ဳပ္ပါးစပ္ကိုအျမန္ပိတ္ၿပီးေတာ့

“မေအာ္နဲ႔ကြ၊ ကိစၥကေတာ့ တို႔ထင္ထားတာထက္ကို နက္နဲလာၿပီေဟ့”

မေ႐ႊေတာင္ကို ကေဝရွင္ကေတြ႕လိုက္ေတာ့

“နင္ကဘာေကာင္မလဲ၊ ေသခ်င္လို႔ ဝင္ရႈပ္တာလား”

မေ႐ႊေတာင္က လက္ဝါးကိုျဖန႔္လိုက္ၿပီး ေရာင္စုံအလုံးေလးေတြနဲ႔လွမ္းပစ္လိုက္သဗ်ာ၊ ေရာင္စုံအလုံးေလးေတြက ဖန္ေဂၚလီလုံးအ႐ြယ္အစားေလာက္ပဲရွိတာဗ်၊ ကေဝရွင္က ကိုယ္ကိုေစာင္းႏြဲ႕ၿပီး ေရွာင္လိုက္ရတယ္။

“ဟင္၊ ဒီေလာက္ကေဝေထာင္ေခ်ာက္ေတြခ်ထားတာေတာင္ နင္က ပညာထုတ္သုံးႏိုင္ေသးတယ္ေပါ့”

ကေဝရွင္ခမ်ာအေတာ္အံ့ၾသေနပုံရတယ္၊ မေ႐ႊေတာင္က မိလႈိင္ကို ဆြဲထူလိုက္ရင္း

“နင့္လိုကေဝရွင္က စုန္းေလာက္ကိုပဲ ႏိုင္မွာေပါ့ဟဲ့၊ ငါက ေအာက္ဝိဇၨာ၊ နင္လိုေကာင္က ငါ့ကိုဖမ္းႏိုင္မွာတဲ့လား”

ကေဝရွင္က လန႔္ေတာ့လန႔္တယ္ဗ်၊ ဒါေပမယ့္ မာန္တင္းလိုက္ၿပီး

“ေအာက္ဝိဇၨာေတြ၊ အေပၚဝိဇၨာေတြ ငါနားမလည္ဘူး၊ ငါဖမ္းမယ့္စုန္းကို ဝင္ကူညီတာက ငါ့ကိုေႏွာင့္ယွက္တာပဲ၊ ကိုင္း ကေဝေထာင္ေခ်ာက္ေတြ လာၾကေဟ့”

ကေဝရွင္က လက္ခုပ္တီးလိုက္တဲ့အခါ ၿခံဝိုင္းႀကီးပတ္ပတ္လည္ကေန တခြၽင္ခြၽင္နဲ႔ ေ႐ႊေရာင္အျပားကေလးေတြ ေျပးထြက္လာသဗ်ာ၊ ကေဝေထာင္ေခ်ာက္ဆိုတာ ဒါပဲျဖစ္မွာဗ်၊ အဲဒီအျပားကေလးေတြက မေ႐ႊေတာင္ဆီကို အရွိန္နဲ႔ေျပးသြားၿပီးေတာ့ ဦးေခါင္းေတြ၊ ေျခလက္ေတြနဲ႔ ေက်ာေတြရင္ေတြမွာ ေျပးကပ္တယ္၊ ခုနက မိလႈိင္ကို အျပားကေလးတစ္ျပားကပ္တုန္းက မိလႈိင္မွာ ေက်ာေကာ့ေအာင္ခံရေပမယ့္ မေ႐ႊေတာင္က်ေတာ့ ဘာမွကိုမျဖစ္ဘူးဗ်ာ။

ကေဝရွင္ဆိုရင္ အံ့ၾသလြန္းလို႔ ပါးစပ္ကိုမေစ့ႏိုင္ေတာ့ဘူးဗ်ာ၊ မေ႐ႊေတာင္က ကေဝရွင္ကိုစိုက္ၾကည့္ၿပီးေတာ့

“ရွင့္အစြမ္း ဒါအကုန္ပဲလား”

လို႔ေျပာရင္း လက္ေဖ်ာက္တစ္ခ်က္တီးလိုက္ေတာ့ အဲဒီေ႐ႊေရာင္အျပားကေလးေတြအကုန္လုံး ဖုန္းခနဲေပါက္ကြဲထြက္ၿပီးေတာ့ ေ႐ႊမႈန္ေ႐ႊစေလးေတြအျဖစ္ေျပာင္းလဲသြားသဗ်။

“မျဖစ္ႏိုင္ဘူး၊ လုံးဝမျဖစ္ႏိုင္ဘူး”

“ေျပာသားပဲ၊ ငါက နင္တို႔ဖမ္းေနက် အဆင့္နိမ့္တဲ့စုန္းေတြမဟုတ္ပါဘူးလို႔”

ကေဝရွင္က ေလတစ္ခ်က္ခြၽန္လိုက္ၿပီးေတာ့

“မိန္းမေရ၊ လာခဲ့၊ ဒီေကာင္မေတြကို နင့္အေၾကာင္းသိေအာင္ ျပလိုက္စမ္းေဟ့”

ကေဝရွင္မွာလည္း လက္နက္ကုန္ေသးပုံမရဘူးဗ်ာ၊ သူေအာ္လိုက္ၿပီးတဲ့အခ်ိန္မွာ ေျမႀကီးထဲကေန ေႁမြတစ္ေကာင္ထြက္လာသဗ်ာ၊ ေႁမြဆိုေပမယ့္လည္း ကိုယ္လုံးက စိမ္းဖန႔္ဖန႔္ႀကီးလင္းေနတာဗ်၊ ညလင္းအႏုျမဴေခ်ာင္းလင္းသလို အေရာင္ႀကီးေပါ့ဗ်ာ၊ ေႁမြက ေျမႀကီးထဲက ထြက္လာေတာ့ တစ္ေတာင္ေလာက္ပဲရွိမယ္ဗ်၊ တျဖည္းျဖည္းနဲ႔ ရွည္ရွည္ၿပီးႀကီးလာလိုက္ေတာ ေနာက္ဆုံးလူႀကီးလက္ေမာင္းလုံးေလာက္တုတ္ၿပီးေတာ့ ရွည္တာကလည္း အရွည္ႀကီးျဖစ္သြားတယ္၊ ေႁမြေဟာက္ႀကီးနဲ႔တူပါတယ္ဗ်ာ၊ ပါးပ်ဥ္းႀကီးကလည္း ခြက္လို႔ဗ်။

“လတ္စသတ္ေတာ့ နင္က ေႁမြမနဲ႔ညားေနတာပဲ”

ေႁမြေဟာက္စိမ္းႀကီးက မေ႐ႊေတာင္ဆီကို အဆိပ္ေငြ႕ေတြနဲ႔လွမ္းမႈတ္သဗ်၊ မေ႐ႊေတာင္က ပါးစပ္ကေနေလနဲ႔မႈတ္ထုတ္ေတာ့ အဆိပ္ေငြ႕ေတြအကုန္လုံး ေလနဲ႔လြင့္ပါသြားၾကတယ္၊ ေႁမြေဟာက္ႀကီးက အေရွ႕ကိုတိုးလာၿပီးေတာ့ မေ႐ႊေတာင္ဦးေခါင္းကို ေဒါက္ခနဲေပါက္ခ်လိုက္ပါေရာဗ်ာ၊ မေ႐ႊေတာင္က ေႁမြရဲ႕ေခါင္းကို သူ႔လက္ဝါးနဲ႔ကာလိုက္ပါေရာ။

“နင့္အစြမ္းဒါအကုန္ပဲလား ေႁမြမ”

မေ႐ႊေတာင္က ေႁမြေခါင္းကို လက္နဲ႔တြန္းထုတ္လိုက္ေတာ့ ေႁမြစိမ္းႀကီးက အေနာက္ကိုလြင့္ထြက္သြားသဗ်ာ၊ ေႁမြစိမ္းႀကီးေျမေပၚက်တယ္ဆိုရင္ပဲ မေ႐ႊေတာင္က သူ႔လက္ကေနအပ္ပ်ံတစ္ေခ်ာင္းနဲ႔လွမ္းပစ္လိုက္တယ္၊ အပ္က ေႁမြစိမ္းႀကီးရဲ႕ေခါင္းကိုေဖာက္ထြက္သြားတဲ့အခါ ေႁမြစိမ္းႀကီးက ေျမေပၚမွာလူးလြန႔္ေနပါေရာဗ်ာ၊ ၿပီးေတာ့ တျဖည္းျဖည္းေသးေသးသြားရင္းနဲ႔ ေနာက္ဆုံးေတာ့ ေတာင္ေဝွးတစ္ေခ်ာင္းလို ဆန႔္ဆန႔္ႀကီးျဖစ္ၿပီး ၿငိမ္က်သြားပါေရာဗ်ာ၊ ေႁမြေဟာက္ႀကီးက ပါးစပ္ၿဖဲၿပီးေအာ္ေနတဲ့ပုံစံမ်ိဳး ေတာင္ေဝွးျဖစ္သြားတာဗ်၊ ကေဝရွင္က အထိတ္တလန႔္နဲ႔ေအာ္ဟစ္ၿပီးေတာ့ ေႁမြစိမ္းႀကီးကိုေကာက္ကိုင္လိုက္တယ္။

“မိန္းမ၊ မိန္းမ”

မေ႐ႊေတာင္က ရယ္ေမာရင္း

“ရွင့္မိန္းမကေတာ့ အခုေတာင္ေဝွးျဖစ္သြားၿပီေပါ့ရွင္၊ ရွင္လမ္းေလွ်ာက္တဲ့အခါ သုံးလို႔ရတာေပါ့၊ မဟုတ္ဘူးလား၊ ဟား . . .ဟား”

ကေဝရွင္က မ်က္ရည္ေတြက်လာတယ္ဗ်၊ ဒီေတာ့မွ မေငြေတာင္က

“ကဲ ေယာက္်ားႀကီးတန္မဲ့နဲ႔ ငိုမေနပါနဲ႔ရွင္၊ ရွင္သာ ကြၽန္မတို႔နဲ႔ပူးေပါင္းမယ္ဆိုရင္ ရွင့္ကိုကြၽန္မတို႔မသတ္ဘူး”

“ခင္ဗ်ားဘာေျပာလိုက္တာလဲ”

“အမွန္ေတာ့ ရွင့္ကိုကြၽန္မတို႔လိုအပ္တယ္၊ ဒါေၾကာင့္ မိလႈိင္ကိုပညာသုံးခိုင္းၿပီးေတာ့ လူခုနစ္ေယာက္ကို သတ္ျဖတ္ခိုင္းခဲ့တာပဲ၊ ဒီလိုလုပ္ေတာ့မွ ရွင္တို႔ကေဝရွင္ေတြက စုန္းအနံ႔ရၿပီး လိုက္လာၾကမယ္မဟုတ္လား”

“ဒါဆို ဒါေတြအားလုံးက ခင္ဗ်ားႀကိဳတင္စီစဥ္ထားတာေပါ့”

“ေျပာၿပီးပါေရာရွင္၊ ရွင္ကြၽန္မတို႔နဲ႔ ပူးေပါင္းမလား၊ မပူးေပါင္းဘူးလား၊ ဒါပဲေျပာ”

“ပူးေပါင္းရင္ ဘာရမလဲ”

ကေဝရွင္က ေမးလိုက္ေတာ့ မေ႐ႊေတာင္က တစ္ခ်က္ၿပဳံးၿပီး

“ရွင္လိုခ်င္တာ အားလုံးျဖစ္ေစရမယ္၊ ေဟာဒီေလာကႀကီးမွာရွိသမွ် အရာအားလုံးထဲက ရွင္လိုတဲ့အရာကိုသာေျပာ၊ ကြၽန္မျဖစ္ေအာင္လုပ္ေပးမယ္”

ကေဝရွင္က ေတာင္ေဝွးကိုၾကည့္ရင္း

“ဒါဆို ငါ့မိန္းမကိုေရာ အေကာင္းျပန္ျဖစ္ေအာင္လုပ္ေပးမလား”

မေ႐ႊေတာင္မ်က္ႏွာတစ္ခ်က္ပ်က္သြားတယ္ဗ်၊ ေနာက္ေတာ့ ေခါင္းကိုအသာညိတ္ရင္း

“ဒါက ဘာမွမခက္ပါဘူးရွင္”

“ေနစမ္းပါအုံး၊ ခင္ဗ်ားတို႔က ဘာျဖစ္လို႔က်ဳပ္ကို ပူးေပါင္းေစခ်င္တာလဲ”

“ကြၽန္မ ရွင္းရွင္းပဲေျပာမယ္၊ မသာမတဲ့လူတစ္စုက ရွင့္ကိုလိုအပ္ေနတယ္၊ ရွင့္ရဲ႕အစြမ္းေတြကို အသုံးခ်ဖို႔အတြက္ ရွင့္ကိုလိုက္ရွာေနၾကတယ္၊ ဒီလူေတြနဲ႔ရွင္ပူးေပါင္းလို႔မျဖစ္ဘူး၊ ဒါေၾကာင့္ ကြၽန္မနဲ႔ပူးေပါင္းရမယ္”

ဦးဘသာက သူစီးထားတဲ့ဖိနပ္တစ္ဖက္ကို ခြၽတ္လိုက္ၿပီးေတာ့ မွင္စာကေလးတစ္ေကာင္ကိုလွမ္းေပးလိုက္တယ္၊ ေနာက္ေတာ့ ပါးစပ္ကေန ကြိကြိကြကြနဲ႔တစ္ခုခုေျပာလိုက္ေသးတယ္ဗ်ာ၊ ဘာေျပာမွန္းေတာ့မသိဘူးဗ်၊ မွင္စာကေလးက ဦးဘသာေပးတဲ့ မိန္းမစီး ကတၱီပါဖိနပ္ကေလးကို ကိုင္ၿပီးေတာ့ ထြက္ေျပးသြားေတာ့တာပါပဲ၊ ၿပီးတဲ့အခါ က်ဳပ္လက္ကိုပုတ္လိုက္ၿပီးေတာ့ ခ်ဳံကြယ္ထဲကေန ထြက္ခဲ့တယ္ဗ်၊ ၿပီးေတာ့ အေရွ႕ကိုထြက္သြားရင္း

“မင္းေသခ်ာစဥ္းစားေနာ္၊ ေအာက္လမ္းေတြရဲ႕ ပါးစပ္က ယုံရတာမဟုတ္ဘူးကြ”

ကေဝရွင္က ဦးဘသာကိုၾကည့္ၿပီး

“ဟင္၊ နင္ဘယ္သူလဲ”

မေ႐ႊေတာင္က ဦးဘသာနဲ႔က်ဳပ္နဲ႔ကိုစိုက္ၾကည့္ရင္း

“နင္တို႔လာရႈပ္ၾကျပန္ၿပီ”

ဦးဘသာက ကေဝရွင္ကိုလက္ညႇိဳးထိုးၿပီး

“ဒီမွာ၊ မင္းသူနဲ႔ပူးေပါင္းစရာမလိုပါဘူးကြာ၊ ငါတို႔နဲ႔သာပူးေပါင္းစမ္းပါဗ်”

ကေဝရွင္က ဟိုဘက္ၾကည့္လိုက္၊ ဒီဘက္ၾကည့္လိုက္နဲ႔

“လတ္စသတ္ေတာ့ ခင္ဗ်ားတို႔ပဲကိုး၊ ဒီမွာ က်ဳပ္တစ္ခုပဲေျပာမယ္၊ က်ဳပ္က ကေဝရွင္ဗ်၊ အဖြဲ႕အစည္းနဲ႔အလုပ္မလုပ္တတ္ဘူး၊ ဒါေၾကာင့္ ဘယ္သူနဲ႔မွ က်ဳပ္မေပါင္းႏိုင္ဘူးဗ်ာ”

ဒီအခါ မေ႐ႊေတာင္က

“မေပါင္းဘူးဆိုရင္ ကြၽန္မတို႔ကလည္း ရွင့္ကိုအရွင္ထားမွာမဟုတ္ဘူးေနာ္”

ကေဝရွင္က တစ္ခ်က္တြန႔္သြားတယ္ဗ်၊ ဦးဘသာက

“ဒီမွာ ကေဝရွင္၊ ငါတပ္အပ္ေျပာႏိုင္တာက ဒီလူေတြက ေကာင္းတဲ့လူေတြမဟုတ္ဘူးကြ၊ ဒီလူေတြက ဒီေလာကႀကီးကို ဒုကၡေပးမယ့္လူေတြ၊ မင္းအခုပဲၾကည့္ေလကြာ၊ မင္းကိုဒီကိုေရာက္ေအာင္ေခၚဖို႔အတြက္ မိလႈိင္က လူခုနစ္ေယာက္ရဲ႕အသက္ကို သတ္ခဲ့တယ္မဟုတ္လား၊ မင္းသူတို႔နဲ႔ေပါင္းလိုက္မယ္ဆိုရင္ သူတို႔က မေကာင္းမႈေတြအမ်ားႀကီးဆက္လုပ္မယ္၊ လူေတြအမ်ားႀကီးေသရမယ္၊ သမိုင္းမွာလည္း မင္းကတရားခံျဖစ္မယ္”

ဦးဘသာေျပာေတာ့ ကေဝရွင္က ေတြေဝသြားတယ္။

“ကေဝရွင္ေတြဆိုတာ ေကာင္းတဲ့လူေတြပါကြာ၊ ဒီေတာ့ ငါတို႔နဲ႔ပူးေပါင္းစမ္းပါကြ”

ဒီအခါ မေ႐ႊေတာင္က ရယ္တယ္ဗ်။

“ဟား၊ ဟား နင့္လိုစုန္းကမ်ား ကေဝရွင္ကိုနားခ်ေနေသးတယ္၊ ကေဝရွင္ဆိုတာ စုန္းနဲ႔ဘယ္တုန္းက ေပါင္းဖူးလို႔လဲ”

“ေတာ္ၾကပါေတာ့ဗ်ာ၊ ေတာ္ၾကပါေတာ့”

“နင္ငါတို႔နဲ႔ေပါင္းရမယ္၊ မဟုတ္ရင္ နင့္ကိုသတ္ပစ္မယ္”

မေ႐ႊေတာင္က ေနာက္ဆုံးအေနနဲ႔ၿခိမ္းေျခာက္လိုက္ၿပီေပါ့ဗ်ာ၊ ကေဝရွင္က မေ႐ႊေတာင္ကိုတစ္ခ်က္ၾကည့္ၿပီးေတာ့ စဥ္းစားေနသဗ်၊ ဦးဘသာကို

“ဘယ္သူနဲ႔ပူးေပါင္းရမယ္ဆိုတာေတာ့ မင္းစဥ္းစားေပါ့ကြာ၊ ငါတစ္ခုေျပာခ်င္တာက ေအာက္လမ္းသမားေတြကို မယုံနဲ႔ဆိုတာပဲ၊ ဒီေတာ့ ငါတစ္ခုပဲေမးလိုက္ခ်င္သကြာ၊ မင္းသူနဲ႔ပူးေပါင္းေစခ်င္တယ္ဆိုရင္ မင္းမိန္းမ ေႁမြစိမ္းကို ပုံမွန္အတိုင္းျပန္ျဖစ္ေအာင္လုပ္ခိုင္းကြ၊ သူသာ အေကာင္းပကတိျပန္ျဖစ္ေအာင္လုပ္ေပးႏိုင္ရင္ မင္းသူနဲ႔လိုက္သြား၊ ေရာ့ပတၱျမား၊ ေရာ့နဂါးေပါ့ကြာ”

မေ႐ႊေတာင္က ဦးဘသာကိုလွမ္းၾကည့္ရင္း

“ရွင္အပိုေတြေလွ်ာက္ေျပာမေနနဲ႔၊ ရွင့္ပါးစပ္ကိုပိတ္ထားစမ္း”

ဒီအခါ မလႈိင္က ဦးဘသာကို ေဒါနဲ႔ေမာနဲ႔ၾကည့္ၿပီးေတာ့ မီးလုံးႀကီးတစ္လုံးကို ဟုန္းခနဲပစ္ထည့္လိုက္ပါေရာဗ်ာ၊ ဦးဘသာက မလႈိင္ပစ္တဲ့မီးလုံးကို လက္ခ်ည္းဗလာနဲ႔ ဖမ္းယူလိုက္ျပသဗ်၊ မီးလုံးက ဦးဘသာလက္ထဲမွာ ျခင္းလုံးႀကီးတစ္လုံးလို ရွိေနပါေရာ၊ မီးေတြေတာ့ ေတာက္လို႔ဗ်။

“ဘာလဲမလႈိင္၊ ပတ္ဝန္းက်င္ကေမွာင္ေတာ့ ငါတို႔ကိုမီးထြန္းဖို႔ေပးတာလားဟ၊ ဟား၊ ဟား”

ကေဝရွင္က မေ႐ႊေတာင္ကိုၾကည့္လိုက္ရင္း

“ေကာင္းၿပီဗ်ာ၊ ခင္ဗ်ားတို႔နဲ႔ က်ဳပ္နဲ႔ပူးေပါင္းမယ္”

မေ႐ႊေတာင္မ်က္လုံးေတြအေရာင္လက္သြားၿပီးေတာ့ ၿပဳံးလိုက္တယ္ဗ်ာ။

“ဒါေပမယ့္ က်ဳပ္မိန္းမကို အေကာင္းပကတိျဖစ္ေအာင္ ျပန္လုပ္ေပးရမယ္”

ကေဝရွင္ေျပာလိုက္ေတာ့ မေ႐ႊေတာင္ၿပဳံးေနတဲ့မ်က္ႏွာက ခ်က္ခ်င္းမႈိင္က်သြားတယ္ဗ်။

“ဒါ. . . ဒါက အခုခ်က္ခ်င္းလုပ္လို႔မရဘူး”

ဦးဘသာက တဟင္းဟင္းနဲ႔ရယ္ၿပီးေတာ့

“လက္လြန္သြားတယ္မဟုတ္လား မေ႐ႊေတာင္”

မေ႐ႊေတာင္က ဦးဘသာကို စိုက္ၾကည့္တယ္ဗ်၊ ဦးဘသာက ဆက္ၿပီးေတာ့

“ေႁမြစိမ္းဆိုတာ နတ္စိမ္းတစ္မ်ိဳးပဲ၊ သူက ေနရာတစ္ေနရာမွာသူ႔နာမ္ကိန္းၿပီးေတာ့ လူ႔ျပည္ကိုက်ေတာ့ တျခားကိုယ္ခႏၶာနဲ႔လာရတာ၊ အခု နင္က သူ႔ကိုေအာက္လမ္းေ႐ႊအပ္နဲ႔ ဇီဝိန္ခ်ဳပ္ေပးလိုက္ေတာ့ လူ႔ျပည္ကိုလာလို႔မရေတာ့ဘူး၊ တစ္နည္းေျပာရရင္ေတာ့ ဘယ္ေလာက္ပညာတတ္တတ္ ဒီေႁမြစိမ္းကို လူ႔ျပည္ျပန္ေခၚလို႔မရေတာ့တဲ့သေဘာပဲ”

ကေဝရွင္က ဦးဘသာစကားၾကားေတာ့ ေတာ္ေတာ္ထိတ္လန႔္သြားတယ္ဗ်၊ ေဒါသလည္း ျဖစ္သြားပုံရတယ္၊ ေနာက္ေတာ့ အံႀကိတ္ၿပီးေတာ့

“သူေျပာတာဟုတ္သလား၊ ခင္ဗ်ား က်ဳပ္မိန္းမကို ျပန္အသက္မသြင္းေပးႏိုင္ေတာ့ဘူးလား”

မေ႐ႊေတာင္က မေျဖေတာ့ဘဲနဲ႔ ကေဝရွင္ကို ေ႐ႊအပ္ပ်ံနဲ႔ပစ္ထည့္လိုက္ေတာ့တယ္ဗ်ာ၊ ကေဝရွင္ကလည္း ႐ုပ္ခ်ည္းဆိုသလို ေပ်ာက္သြားၿပီးေတာ့ က်ဳပ္တို႔အနားမွာ လာေပၚတယ္ဗ်၊ ဦးဘသာက အခ်ိန္မဆိုင္းေတာ့ဘဲ မီးလုံးႀကီးကို မေ႐ႊေတာင္တို႔ဆီကို ပစ္ထည့္လိုက္ပါေရာဗ်ာ၊ ဒါေပမယ့္ မီးလုံးႀကီးက မေ႐ႊေတာင္တို႔ကိုမထိဘဲ သူတို႔အေရွ႕ေျမႀကီးကိုထိမွန္ၿပီးေတာ့ ဝုန္းခနဲေပါက္ကြဲထြက္သြားၿပီး မီးခိုးေငြ႕ေတြအူကုန္တယ္ဗ်၊ ဦးဘသာက ကေဝရွင္ရဲ႕လက္ကိုဆြဲလိုက္ၿပီးေတာ့ က်ဳပ္ရဲ႕ပခုံးကိုဆုပ္ကိုင္လိုက္တယ္။

ၿပီးတာနဲ႔ ဖိနပ္မစီးထားတဲ့ ေျခေထာက္နဲ႔ ေျမႀကီးကို ခပ္နာနာကေလး နင္းလိုက္တယ္ဆိုရင္ပဲ က်ဳပ္တို႔သုံးေယာက္စလုံး ခ်ာခ်ာလည္ေနသလိုႀကီး ခံစားလိုက္ရပါတယ္ဗ်ာ၊ ေခါင္းေတြလဲမူးၿပီးေတာ့ ကိုက္ေနတာပဲဗ်ာ၊ က်ဳပ္ျဖင့္ ေခါင္းမူးလို႔ မ်က္လုံးမွိတ္ထားလိုက္ရတယ္၊ ဦးဘသာက က်ဳပ္ပခုံးကိုပုတ္လိုက္ေတာ့မွ က်ဳပ္မ်က္စိျပန္ဖြင့္ၾကည့္မိတယ္ဗ်ာ၊ က်ဳပ္တို႔ေရာက္ေနတာက ကားလမ္းအလယ္ေခါင္ႀကီးေရာက္ေနပါေရာဗ်ာ၊ ဒီအခ်ိန္ ကုန္ကားႀကီးတစ္စီးက က်ဳပ္တို႔အနားကေန ဝွီးခနဲျဖတ္သြားတယ္။

“ေအာင္မယ္ေလးဗ်ာ၊ ေသေတာ့မွာပဲ”

ဦးဘသာက ကားလမ္းအလယ္မွာက်ေနတဲ့ သူ႔ဖိနပ္တစ္ဖက္ကို ျပန္စီးလိုက္တယ္ဗ်၊ မွင္စာကေလးေတြက ကားလမ္းေပၚကိုတက္လာတယ္။

“ဘယ္လိုျဖစ္သြားတာလဲ ဦးဘသာ”

“ေနရာေ႐ႊ႕တဲ့အစီအရင္ေပါ့ကြာ၊ ဖိနပ္တစ္ဖက္ကိုေ႐ႊ႕ၿပီး အဲဒီဖိနပ္အေနာက္ကို လိုက္တဲ့ပညာတစ္ခုေပါ့”

“ဆန္းလည္းဆန္းတယ္ဗ်ာ၊ ဒါေၾကာင့္ မေ႐ႊေတာင္တို႔နဲ႔မေတြ႕ခင္ ဦးဘသာႀကီးက မွင္စာကေလးကို ဖိနပ္ေပးလိုက္တာကိုးဗ်”

“ေအးေလကြာ၊ မွင္စာကေလးကို ငါကဖိနပ္ယူၿပီးေတာ့ အေဝးဆုံးကို ေျပးခိုင္းခဲ့တာပဲေဟ့”

ကေဝရွင္ကေတာ့ ငူငူႀကီးဗ်၊ သူ႔လက္ထဲမွာကိုင္ထားတဲ့ ေႁမြပုံစံေတာင္ေဝွးကိုစိုက္ၾကည့္ေနတယ္။ ၿပီးေတာ့ မ်က္ရည္ေတြ ဝဲလာပါေရာဗ်ာ။

“မိန္းမ၊ မိန္းမ အျဖစ္ဆိုးလွခ်ည္လား မိန္းမရာ”

ဦးဘသာက ကေဝရွင္ေက်ာကိုပုတ္ေပးဖို႔ကိုင္လိုက္တဲ့အခါ သူ႔တစ္ကိုယ္လုံး က်င္တက္သြားၿပီးေတာ့ လက္ကလည္း ရွဲခနဲျမည္သြားတယ္ဗ်၊ ကေဝရွင္က မ်က္ႏွာကိုရႈံ႕မဲ့လိုက္ၿပီးေတာ့

“က်ဳပ္မေက်ဘူး၊ ဒင္းတို႔ကို မေက်နပ္ဘူးဗ်ာ၊ ဒီေကာင္မကို က်ဳပ္ျပန္သတ္မယ္”

“စိတ္ေလွ်ာ့စမ္းပါ ကေဝရွင္ရာ၊ မင္းတစ္ေယာက္ထဲနဲ႔ ဒီလူေတြကို မႏိုင္ပါဘူးကြ၊ အခုေတာ့ မင္းရဲ႕ေဒါသကို ေလွ်ာ့ထားလိုက္အုံး၊ ငါတို႔တစ္ခ်ိန္က်ရင္ေတာ့ ဒီလူေတြကို ျပန္ၿပီးအျပစ္ေပးႏိုင္မွာပါကြ”

ကေဝရွင္က ေခါင္းညိတ္လိုက္ၿပီး

“က်ဳပ္နာမည္ ေသာင္းတန္ပါ၊ က်ဳပ္ကိုလူေတြက ဘေသာင္းလို႔ေခၚၾကတယ္”

“ငါ့နာမည္ကေတာ့ သာဒင္ကြ၊ လူေတြကေတာ့ ဘသာလို႔ေခၚတယ္၊ ငါက စုန္းတစ္ေယာက္ပဲ အခုဒီမိန္းကေလးရဲ႕ ခႏၶာကိုယ္ထဲမွာ ပိတ္မိေနတယ္”

ဦးဘသာေျပာေတာ့ ကေဝရွင္က ဦးဘသာကိုစိန္းစိန္းႀကီး စိုက္ၾကည့္ေနသဗ်ာ၊ က်ဳပ္လည္း ဦးဘသာအေရွ႕ဝင္ရပ္လိုက္ၿပီး

“ဦးဘသာက စုန္းဆိုေပမယ့္ ဘယ္သူ႔ကိုမွ ထိခိုက္နာက်င္ေအာင္ မလုပ္ခဲ့တဲ့သူတစ္ေယာက္ပါ”

ကေဝရွင္ ဘေသာင္းက ေခါင္းညိတ္ရင္း

“က်ဳပ္ယုံပါတယ္ဗ်ာ၊ ခုနက ခင္ဗ်ားတို႔သာ မဝင္ခဲ့ရင္ က်ဳပ္ေသတာၾကာၿပီ”

“ဟုတ္တယ္၊ ဒီမိန္းမက မင္းကိုအရွင္ထားမွာမဟုတ္ဘူး၊ ဘာလို႔လဲဆိုေတာ့ ဒီမိန္းမေတြကို ႏိုင္မည့္ ဖဲခ်ပ္က မင္းလက္ထဲမွာရွိေနလို႔ပဲ”

ဘေသာင္း မ်က္လုံးေတြအေရာင္လက္သြားရင္း

“သူတို႔ကို ႏိုင္မည့္ ဖဲခ်ပ္၊ ဟုတ္လား”

“ဟုတ္တယ္၊ ဒီဖဲခ်ပ္က မင္းတို႔ကေဝရွင္ေတြမွာပဲရွိတာ”

“က်ဳပ္ဘာလုပ္ရမလဲ၊ က်ဳပ္ဘာကူညီရမလဲ”

ဦးဘသာက ေဘးဘီကိုၾကည့္ရင္း

“ငါတို႔ လုံၿခဳံတဲ့တစ္ေနရာကို အရင္သြားၾကတာေပါ့ကြာ”

“ဒါဆို က်ဳပ္အိမ္ကိုလိုက္ခဲ့ဗ်ာ၊ က်ဳပ္အိမ္ကိုသြားၾကမယ္”

“ေနစမ္းပါအုံး၊ မင္းအိမ္က ဘယ္နားမွာလဲကြ”

“ခေလာက္ကြန္ဒိုင္ဆိုတဲ့ ႐ြာကေလးေပါ့ဗ်ာ၊ ဒီကေနဆိုရင္ နည္းနည္းေတာ့လွမ္းတယ္၊ က်ဳပ္အိမ္မွာဆိုရင္ေတာ့ စိတ္ခ်ရပါတယ္ဗ်ာ”

က်ဳပ္တို႔သုံးေယာက္လည္း လမ္းဆက္ေလွ်ာက္ခဲ့တာေပါ့ဗ်ာ၊ ဘေသာင္းက သူ႔လြယ္အိတ္ထဲက သၾကားလုံးေလးေတြႏႈိက္ၿပီးေတာ့ ကတၱရာလမ္းေပၚ က်ဲခ်လိုက္တယ္ဆိုရင္ပဲ မွင္စာကေလးေတြက သူ႔ထက္ငါအလုအယက္ ဝိုင္းေကာက္ၾကတယ္ဗ်ာ။

(၃)

ၾကက္ဦးတြန္ခ်ိန္ေလာက္မွာေတာ့ ႐ြာကေလးတစ္႐ြာကိုေရာက္လာခဲ့သဗ်၊ က်ဳပ္ေျခေထာက္ေတြလည္း လမ္းေလွ်ာက္ရလို႔လြန္း ေညာင္းခ်ိေနၿပီေပါ့ဗ်ာ၊ ေသြးေတြက်ၿပီးေတာ့ ေျခေထာက္က ေဖာင္းအစ္ေနသဗ်၊ ႐ြာကေလးကေတာ့ မြန္႐ြာကေလးနဲ႔တူတယ္ဗ်ာ၊ အိမ္ကေလးေတြကလည္း တလိုင္းေခါင္လို႔ေခၚတဲ့ ေခါင္မိုးကေလးေတြ မိုးထားၾကတယ္ဗ်၊ ႐ြာကေလးထဲဆက္ေလွ်ာက္သြားရင္း ႐ြာစြန္ေလာက္မွာေတာ့ ၿခံနဲ႔ဝန္းနဲ႔ သပ္သပ္ရပ္ရပ္ေဆာက္ထားတဲ့ သစ္သားအိမ္ကေလးတစ္လုံးရွိတယ္။

သစ္သားေတြနဲ႔ကာရံထားတဲ့ ၿခံစည္း႐ိုးရွိၿပီးေတာ့ သစ္သားၿခံတံခါးတစ္ခုလည္းရွိတယ္ဗ်၊ ဘေသာင္းက ၿခံတံခါးအေရွ႕မွာ မတ္တပ္ရပ္လိုက္ၿပီးေတာ့ ၿခံတံခါးကို လက္နဲ႔ပြတ္သပ္လိုက္တဲ့အခါ ၿခံတံခါးမွာ စာတန္းေတြ၊ ပုံေတြေပၚလာၿပီး တစ္ခ်က္လင္းသြားသဗ်။

“ကေဝရွင္ေတြရဲ႕ၿခံထဲကို စုန္းေတြမဝင္ႏိုင္ေအာင္လုပ္ထားတယ္၊ ဒါေပမယ့္ က်ဳပ္ရဲ႕စက္လက္နက္ေတြကို ျပန္သိမ္းေပးထားပါတယ္”

က်ဳပ္တို႔သုံးေယာက္ၿခံထဲကိုဝင္ခဲ့သဗ်၊ အိမ္ထဲကိုဝင္လိုက္တဲ့အခါ ေဆးဆိုင္ႀကီးတစ္ခုထဲကို ေရာက္သြားသလိုခံစားရတယ္ဗ်၊ ထူးဆန္းတာက အဲဒီသစ္သားအိမ္ကေလးမွာ ျပတင္းေပါက္မရွိဘူးဗ်ာ၊ အထဲမွာလည္း တန္းေတြ၊ ႂကြက္ေလွ်ာက္ေတြေပၚမွာ ပုလင္းအႀကီးအေသး ဆိုဒ္စုံအမ်ားႀကီးပဲရွိတယ္ဗ်၊ တစ္ခ်ိဳ႕ပုလင္းႀကီးေတြက ေလးေထာင့္ပုံစံအႀကီးႀကီးေတြဗ်၊ နံရံကပ္စင္ကေလးအေပၚတင္ထားတဲ့အထဲမွာေတာ့ လက္တစ္ဆစ္ေလာက္ရွိတဲ့ ပုလင္းေသးေသးကေလးေတြတင္ထားျပန္ပါေရာဗ်ာ၊ ပုလင္းေတြထဲမွာလည္း သဲမႈန္ေတြ၊ မီးေသြးမႈန္ေတြလို မဲမဲအမႈန္ေတြ၊ ဆန္ကြဲလို ဆန္ေစ့လို ျဖဴျဖဴအေစ့ေလးေတြ အစုံပါပဲဗ်ာ။ က်ဳပ္က ပုလင္းေတြကိုလိုက္ၾကည့္ေနတုန္း ပုလင္းတစ္ခုထဲက သဲမႈန္ေလးေတြထဲမွာ လူမ်က္ႏွာႀကီးတစ္ခုေပၚလာသဗ်၊ လူမ်က္ႏွာက မ်က္လုံးေတြပါးစပ္ေတြဖြင့္ၿပီး ဝါးခနဲလုပ္လိုက္တာမို႔လို႔ က်ဳပ္လည္း လန႔္ၿပီးေတာ့ အေနာက္ကိုဆုတ္လိုက္မိတယ္၊ ဒီအခါ ဘေသာင္းက

“ေဟ့လူ၊ ပုလင္းေတြကို မထိနဲ႔၊ မကိုင္နဲ႔ေနာ္”

“ဒီပုလင္းေတြက ဘာေတြလဲဗ်”

ဘေသာင္းက လြယ္အိတ္ထဲက ပုလင္းကေလးေတြကိုျပန္ထုတ္ရင္း မွန္ဘီ႐ိုအေသးကေလးထဲကို ေသေသခ်ာခ်ာစီထည့္ေနသဗ်၊ ဦးဘသာက ပုလင္းေလးေတြကိုၾကည့္ရင္း

“ဒီပုလင္းေတြထဲမွာ ကေဝေတြေပါ့ကြာ”

“ဗ်ာ၊ ကေဝေတြကို ပုလင္းထဲထည့္ထားတာလားဗ်”

ဘေသာင္းက က်ဳပ္တို႔ဘက္ကိုလွည့္လာၿပီးေတာ့

“ဟုတ္တယ္၊ ငါတို႔ကေဝရွင္ေတြဆိုတာ ကေဝေတြဆီကေန စုန္းပညာေတြကို ဖမ္းဆုပ္လိုက္ၿပီးေတာ့ ကေဝေတြရဲ႕ ဝိညာဥ္ေတြကို ဖမ္းခ်ဳပ္ထားၾကတာပဲ”

က်ဳပ္ဆိုေတာ္ေတာ္အံ့ၾသသြားတာဗ်၊ အိမ္အေရွ႕ခန္းတစ္ခန္းတည္းမွာတင္ ပုလင္းက တစ္ေထာင္ေလာက္နီးနီးရွိတာကိုး။

“ဒါဆို ဒါေတြအားလုံးအထဲမွာ ကေဝေတြခ်ည္းပဲေပါ့ေနာ္”

“ဒါေပါ့ကြ”

“ဒီကေဝေတြအကုန္လုံးကို ခင္ဗ်ားတစ္ေယာက္တည္း ဖမ္းခဲ့တာလား”

ဘေသာင္းက ေခါင္းခါလိုက္ၿပီး

“ငါတို႔အေဖကလည္း ကေဝရွင္ပဲကြ၊ သူ႔နာမည္က ဦးထိုက္တန္လို႔ေခၚတယ္၊ အေဖက သားသုံးေယာက္ေမြးခဲ့တယ္၊ အကိုအႀကီးဆုံးနာမည္ကေတာ့ သန္းတန္တဲ့၊ အကိုလတ္နာမည္က သိန္းတန္၊ အငယ္ဆုံးျဖစ္တဲ့ ငါ့နာမည္ကေတာ့ ေသာင္းတန္ေပါ့ကြာ”

က်ဳပ္ျဖင့္ ဟိခနဲရယ္မိသြားတယ္၊ နာမည္ေပးပုံေတြကလည္း အဆန္းေတြမဟုတ္လားဗ်ာ၊ ဘေသာင္းကေတာ့ က်ဳပ္ရယ္တာကို ႀကိဳက္ပုံမရဘူးဗ်။

“ဒါနဲ႔ ဒီလူေတြက ဘာေတြလဲ၊ သူတို႔က ဘာလုပ္ခ်င္တာလဲ”

“မေ႐ႊေတာင္ဆိုတာ ေအာက္လမ္းဝိဇၹာတစ္ေယာက္ပဲ၊ သူက လူအျဖစ္ထုံကူးၿပီးေတာ့ လႈပ္ရွားေနတာပဲ၊ မေ႐ႊေတာင္ရဲ႕အႀကံအစည္ကေတာ့ ငေထရွင္လို႔ေခၚတဲ့ ဘီလူးမိစာၦတစ္ေကာင္ကို ျပန္ၿပီးအသက္သြင္းခ်င္တာပဲ”

“အသက္သြင္းၿပီးေတာ့ ဘာလုပ္ၾကမွာလဲ”

“မေကာင္းတာေပါ့ကြာ၊ ဘာလုပ္မလဲဆိုတာေတာ့ ေသခ်ာမေျပာႏိုင္ေသးဘူးကြ၊ ဒါေပမယ့္ မေကာင္းမွာေတာ့အမွန္ပဲ၊ ငါ့သူငယ္ခ်င္းေျပာပုံအရေတာ့ လူေတြအမ်ားႀကီးေသမယ္၊ ေသြးေခ်ာင္းစီးလိမ့္မယ္”

“အခု ခင္ဗ်ားတို႔က က်ဳပ္ကိုဘာလို႔လိုခ်င္တာလဲ၊ က်ဳပ္ဆီမွာ ကိုင္ထားတဲ့ ဝွက္ဖဲဆိုတာက ဘာလဲ”

“ငါေျပာပါ့မယ္ကြာ၊ မေ႐ႊေတာင္တို႔က ေထာက္ႀကံ့မွာ ၿခံက်ယ္ႀကီးတစ္ခုရွိတယ္၊ အဲဒီၿခံအက်ယ္ႀကီးထဲမွာ ခုနက ေျပာတဲ့ ငေထရွင္ရွိတယ္၊ ၿပီးေတာ့ လူတစ္ခ်ိဳ႕ကိုလည္းဖမ္းထားေသးတယ္၊ ငါတို႔လုပ္ရမွာက အဲဒိၿခံႀကီးထဲကိုဝင္ၿပီးေတာ့ ေကာင္မေလးတစ္ေယာက္ကို ကယ္ဖို႔ပဲကြ၊ ဒါေပမယ့္ခက္တာက အဲဒီၿခံႀကီးထဲကို ဝင္မရဘူး”

ဦးဘသာက ဆက္ေျပာတယ္။

“မေ႐ႊေတာင္က ေအာက္လမ္းပညာနဲ႔ ၿခံႀကီးတစ္ခုလုံးကို လုံၿခဳံေအာင္လုပ္ထားတယ္၊ ေလးဖက္ေလးတန္ ထိုးေဖာက္မရတဲ့အျပင္ ေျမေပၚေျမေအာက္ပါမက်န္ တိုးဝင္မရေအာင္ လုပ္ထားတယ္ကြ”

ဘေသာင္းက ေခါင္းညိတ္ရင္း

“က်ဳပ္နားလည္ပါၿပီဗ်ာ၊ ခင္ဗ်ားတို႔ ကေဝရွင္ကိုလိုအပ္တယ္ဆိုတာ ဧကႏၲေတာ့ သိုက္ေပါက္ ေဖာက္ဖို႔အတြက္မဟုတ္လား”

ဦးဘသာက ေခါင္းညိတ္တယ္ဗ်။ က်ဳပ္လည္း ဘာမွန္းမသိတာနဲ႔

“ေနပါအုံး သိုက္ေပါက္ဆိုတာက ဘာလဲဦးဘသာ”

“အလြန္လုံၿခဳံလွပါၿပီ၊ ခိုင္မာလွပါၿပီဆိုတဲ့ သိုက္ႀကီးေတြကိုေတာင္ ေပါက္သြားေအာင္ေဖာက္ႏိုင္တဲ့အစြမ္းက ကေဝရွင္ေတြဆီမွာပဲရွိသကြ၊ သိုက္ေပါက္လို႔ေခၚတဲ့ အဲဒီပညာရပ္နဲ႔ သိုက္ေတြကို ထုတ္ခ်င္းခတ္ေအာင္ ဖြင့္ေဖာက္ႏိုင္သကြ၊ ဒီလိုသိုက္ေတြကို ေဖာက္ႏိုင္တယ္ဆိုမွေတာ့ မေ႐ႊေတာင္လုပ္ထားတဲ့ ကြန္ျခာေလာက္ကိုေတာ့ ေအးေအးေဆးေဆးေဖာက္ႏိုင္တာေပါ့ကြာ”

က်ဳပ္လည္း အေတာ္အားတက္သြားတယ္ဗ်။

“ဒါဆို အကိုဘေသာင္း၊ ခင္ဗ်ား ဒီလိုလုပ္တတ္သလား”

ဘေသာင္းက ေခါင္းခါျပတယ္၊ ဦးဘသာေရာ က်ဳပ္ေရာ ထိတ္လန႔္သြားတယ္ဗ်ာ။

“ခင္ဗ်ားမလုပ္တတ္ဘူးလား”

“သိုက္ေပါက္ပညာကို က်ဳပ္မလုပ္တတ္ဘူး၊ အဲဒါက က်ဳပ္အကိုႀကီး ကိုသန္းတန္ပဲလုပ္တတ္တာဗ်”

“ဟင္၊ ဒါဆိုရင္ သူကအခုဘယ္မွာလဲ”

“အထက္အညာကိုတက္သြားတယ္၊ သိုက္သြားတူးတယ္”

ဦးဘသာဆိုရင္ ၾကမ္းျပင္ေပၚကိုေခြခနဲလဲက်သြားေတာ့တာပဲဗ်ာ။

“ဒါဆို ငါတို႔လာတာ သဲထဲေရသြန္ျဖစ္ၿပီေပါ့”

ဘေသာင္းက တစ္ခ်က္စဥ္းစားရင္း

“ေနအုံးဗ်၊ က်ဳပ္အကိုလတ္ ကိုသိန္းတန္ေတာ့ လုပ္တတ္မလားပဲ”

က်ဳပ္တို႔အတြက္ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ကေလး ပြင့္လာၿပီဆိုပါေတာ့ဗ်ာ။

“သူက ဘယ္မွာလဲ၊ အခုဘယ္ေရာက္ေနလဲ”

“ဒီကေနသိပ္မေဝးတဲ့ ရွမ္းစု႐ြာမွာေနတယ္ဗ်”

“ဒါဆိုရင္ အခုပဲသြားၾကရေအာင္”

ဦးဘသာက ေငါက္ခနဲထရပ္ရင္းေျပာတယ္ဗ်၊ ဘေသာင္းက ေတြေဝေနေသးတယ္။

“ခင္ဗ်ားတို႔သြားမယ္ဆိုရင္လိုက္ပို႔မယ္၊ ဒါေပမယ့္ . . . က်ဳပ္စိတ္ထဲထင့္ေနတယ္ဗ်”

“ဘာျဖစ္လို႔လဲကြ”

“က်ဳပ္နဲ႔ အကိုလတ္ သိန္းတန္နဲ႔က စကားမေျပာတာ ရွစ္ႏွစ္ရွိၿပီ”

ဦးဘသာလည္း သက္ျပင္းတစ္ခ်က္ခ်လိုက္ပါေတာ့တယ္ဗ်ာ။

“အိုဗ်ာ၊ ခင္ဗ်ားစကားမေျပာလည္း ဘာျဖစ္သလဲ က်ဳပ္တို႔ေျပာမယ္ဗ်ာ”

ဘေသာင္းက ေခါင္းညိတ္ၿပီး

“အင္းေလ၊ သြားၾကည့္တာေတာ့ မမွားပါဘူး”

ဒါနဲ႔ က်ဳပ္တို႔သုံးေယာက္ ဆက္ၿပီးခရီးႏွင္ဖို႔ ျပင္ဆင္လိုက္ၾကတယ္ဆိုပါေတာ့ဗ်ာ။

ဆက္ရန္။

#အဂၢေဇာ္ #ဦးဘသာ #ဦးေအာင္ရွိန္ #စုန္း #