စောင်းမတီးရ(စ/ဆုံး)
——————–
မြို့နယ်မှူးအဆင့်နှင့် အငြိမ်းစားယူခဲ့သော
ဦးစန်းလွင်တစ်ယောက် တစ်ရက်မှာ အိမ်
သို့ရောက်လာသည်။ ဦးစန်းလွင်နှင့် ကျနော်
တို့က မယားညီအစ်ကိုတော်သည်။ ကျနော့်
ဇနီး၏ အစ်မရဲ့ခင်ပွန်းဖြစ်သည်။
ဦးစန်းလွင်က အစိုးရအလုပ် မလုပ်သော်
လည်း ကိုယ်ပိုင်စီးပွားရေးလုပ်နေသူဖြစ်၍
ရန်ကုန်နှင့်နယ်သို့ မကြာခဏ သွားနေရသည်။
ရှမ်းပြည်ဘက်ရောက်လျှင် ထိုဒေသထွက်
အသီးအနှံများကို လက်ဆောင်ပေးလိုက်သ
ဖြင့် အများအပြား ပါလာတတ်သည်။ ကျ
နော်၏သမီးနှင့် သားတို့ကို ငယ်ငယ်ကတည်း
က သူ့လက်အတွင်းမှ ကြီးခဲ့သလို ချစ်သည်။
သူ့မှာ သားသမီး၊ မြေး ရှိပေမဲ့ တူနှင့် တူမထံ
သို့ စားစရာ ပို့မြဲဖြစ်သည်။ ယခု နယ်မှပြန်
လာစဥ် စားစရာ အသီးအနှံများကို အိမ်သို့
ဝင်ပို့ခြင်းဖြစ်သည်။ သားနှင့် သမီးတို့က
တစ်ယောက်မှ အိမ်ပြန်မရောက်ကြသေး။
ကျောင်းပြီး၍ အလုပ်ဝင်နေကြပြီ မောင်နှမ
နှစ်ယောက်လုံး အိမ်ထောင်မကျသေး။
ဦးစန်းလွင် အိမ်ရောက်လာသည့်အချိန်က ည
နေခြောက်နာရီခန့်ရှိပြီ။ ထိုအချိန် အ်ိမ်မှာ ဝါ
မခင်၊ ဦးရှင်ကြီးတင်နေသည့်အချိန်နှင့် တိုးနေ
သည်။ ဦးရှင်ကြီးတင်ပေးနေသော ဦးကြိုင်၏
ရွတ်ဖတ်နေသည့် အချိန်နှင့်တိုးနေသည့်အ
တွက်…
“ကိုစန်းလွင်ရေ.. ခဏထိုင်ပါဦးနော် အချိန်
ရတယ် မဟုတ်လား”
“ရပါတယ် လုပ် လုပ် စိတ်ချလက်ချလုပ်”
နောက်ဆယ်မိနစ်ခန့်အကြာတော့ ဦးရှင်ကြီး
တင်မြှောက်ပသမှု ပြီးဆုံးခဲ့သည်။ ဦးစန်းလွင်
အား ရေနွေးနှင့်သောက်ရန် ပန်းကန်တစ်ချပ်
အတွင်း မုန့်ဆမ်းများထည့်၍ ဇွန်းတပ်ကာ
ချပေးလိုက်သည်။
“ကဲ…ရေနွေးကြမ်းနဲ့သောက်မလား၊ကော်ဖီ
မစ်နဲ့ သောက်မလား”
“ရေနွေးနဲ့ပဲ ကောင်းပါတယ် အချိုအချိုခြင်း
ဆို အရသာပျက်တယ်”
သို့ဖြင့် နှစ်ယောက်သား စကားထိုင်ပြောဖြစ်
ကြသည်။
“ဦးရှင်ကြီး ဆွမ်းအလှူလုပ်တာတွေ့လို့ ဟိုး
လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်လောက်နှစ်က ဧရာ
ဝတီတိုင်းမှာ တာဝန်ကျတုန်း ကြုံခဲ့တဲ့အဖြစ်
လေးတစ်ခု ပြန်သတိရလိုက်တယ်၊ ဘိုက
လေးမြို့နယ် အတွင်းက ရွာလေးတစ်ရွာမှာ
ဖြစ်ပျက်ခဲ့တာ အဲဒီရွာနာမည်တော့ မမှတ်
မိဘူး၊ ဒုရဲအုပ်တာဝန်နဲ့ ကျေးရွာအုပ်စုတွေ
ကို လှည့်လည်သွားလာရင်း အဲဒီရွာကို
ရောက်ခဲ့တယ်
ထူးဆန်းတာက ရွာအဝင်မှာ ခါးကျိုးနေတဲ့
လှေကြီးတစ်စီးကို လေးတိုင်စင်ထိုးပြီး တင်
ထားတယ်၊ ပြီးတော့ လှေကြီးမှာ သဘော်
ဆေးနဲ့ ‘စောင်း’မတီးရလို့လည်း ရေးထား
တာတွေ့လိုက်တယ်။
ဒါနဲ့ အဲဒီရွာမှာ ညအိပ်တည်းခိုဖြစ်တာနဲ့ ည
ရောက်တော့ ရွာအဝင်က စိတ်ဝင်စားစရာ
ကောင်းတဲ့ လှေကြီးအကြောင်းကို စကား
စပ်ပြီး မေးကြည့်လိုက်တယ်
အင်း…မေးမယ်ဆိုလည်း မေးချင်စရာပါပဲ
‘စောင်း’ ဆိုတာ ရေငန်ပိုင်တရိုးမှာ အဘဦးရှင်
ကြီးရဲ့ လက်သုံးတော် မဟုတ်လား…အဘအ
ဘိုးကို ရိုသေကိုးကွယ်သလို အဘရဲ့အသုံး
အဆောင်တွေကိုလည်း ရိုသေရမယ်မဟုတ်
လား၊ အခု အားလုံး အမှတ်တမဲ့ဖြစ်ပြီး ဒီရွာ
မှာ ခွင့်ပြုချက်မတောင်းဘဲ’စောင်း’ကို တီး
ခတ်လိုက်မိလို့ အဖြစ်ဆိုးကြုံလိုက်ရတဲ့
အမှတ်တရအကြောင်းပဲ၊
နောက်နောင်…အမြဲအမှတ်တရ သတိတရရှိ
နေဖို့ မမှားကြဖို့ သတိပေးနေတဲ့အနေနဲ့ မိ
ချောင်းကြီးအမြီးနဲ့ ရိုက်ချိုးသွားတဲ့လှေကြီး
မှာ ‘စောင်း’မတီးရလို့ ရေးထိုးထားတာပါ
ဆရာ…”
“ကျနော် စိတ်ဝင်စားသွားပြီဗျာ ပြောပြလို့
ရရင် ပြောပြပါလား”
“ပြောပြလို့ရပါတယ်…ဆရာစိတ်ဝင်စားရင်
ပြောပြပါ့မယ်”
xxxxxx
ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်အတွင်းမှာ
ရှိသည့် အိမ်ခြေတစ်ရာနီးပါးခန့်ရှိသော
ရွာလေးတစ်ရွာမှာ ဖြစ်ပျက်ခဲ့သည်အဖြစ်
အပျက်တစ်ခုဖြစ်သည်။
မောင်ပုတင်ဆိုလျှင် တစ်ရွာလုံး မသိသူမ
ရှိ၊လူက အသက်ဆယ့်ရှစ်ခန့်ရှိသော်လည်း
ဥာဏ်ရည်က ဆယ်နှစ်သား ဥာဏ်ရည်ခန့်
သာ ရှိသည်။ စာလည်း သင်၍မရ၊ ဒါပေမဲ့
ဖင်ပေါ့သည်။ တစ်ရွာလုံးမှာ ရှိသမျှလူတိုင်း
နှင့် ခင်သည်။ ဒါပေမဲ့ ဖခင်ဖြစ်သူနှင့်တော့
မည်သည့်အခါမှ မတည့်။
မိခင်ဖြစ်သူက သူငယ်စဥ်ကတည်းက ဆုံးပါး
သွားသည်။ ယခု ဖခင်က ဒုတိယအိမ်ထောင်
နှင့်ဖြစ်သည်။ ဖခင်က မျက်နှာသာမပေးသည့်
အတွက် မိထွေးကလည်း အကောင်းမပြော။
သို့အတွက်ကြောင့် ငပုတင်အိမ်မှာမပျော်…
သို့ကြောင့် ရွာထဲက မိတ်ဆွေများ သူငယ်ချင်း
များအိမ်မှာ လှည့်လည်သွားနေသည်။ များသော
အားဖြင့် ဦးသံချောင်း၊ ဒေါ်ဆယ်မိတို့အိမ်မှာ
အနေများသည်။ ညအိပ်လျှင်ပင် ထိုအိမ်မှာ
အိပ်သည်။ ဦးသံချောင်းတို့က ငပုတင်အား
အစာကျွေး အိပ်စရာနေရာပေးထားသလို
ခိုင်းစရာရှိလျှင်လည်း အားမနာတမ်း ခိုင်း
သည်။
“ပုတင်ရေ… ဓနိတွေ…လှေနဲ့သယ်ပေးဦး”
“ဟုတ်ကဲ့… ဦးလေး”
ဓနိတောက ကိုယ့်ပိုင်နှင့်ကိုယ်ရှိသည်။ အိမ်
သားများက ထိုဓနိတောထဲသို့ သွားပြီး ဓနိ
လက်များ သင်သည်။ သင်ပြီး ဓနိလက်များ
ကို အထုံးစည်းများစည်းကာ လှေကြီးများ
နှင့် အိမ်သို့ သယ်ယူရသည်။
အိမ်ရောက်သည့်အခါ အမျိုးသမီးများက
ဓနိပြစ်ကြသည်။ ပုတင်က ဦးသံချောင်း၏
သားနှစ်ယောက်စည်းပေးသော ဓနိစည်း
များကို လှေနှင့်အခေါက်ခေါက် သွားတင်ပြီး
အိမ်သို့ပြန်ပို့ပေးသည်။
ချောင်းမြောင်းဟူ၍ တိတိပပ အနီးနားမှာ
မရှိသော်လည်း ရွာပြင်ဝန်းကျင်မှာ နွေမိုး
ဆောင်း ရေပြတ်သည်ဟူ၍ မရှိ၊ ဓနိတော
တစ်လျှောက် ဒီရေတက်လျှင် ရေပြင်ကြီး
ဖြစ်၍ ဒီရေကျလည်း အချို့နေရာများ
နုံးများ ပေါ်နေသည်။
မိုးနှင့်ဆောင်းကတော့ ရေအမြဲရှိသည်။
ဓနိတောအတွင်း မိုးတွင်ကာလရောက်လျှင်
ရေအနက်က လူတစ်ရပ်နီးပါးရှိသည်။
ဆောင်းကာလမှာ ဒူးသာသာခန့်သာ ရေဖုံးနေ
သည့် ရွာဝန်းကျင်အနီးမှာ လူတစ်ရပ်နီးပါးအ
နက်ရှိသည့် ရေပြင်ကျယ်ကြီးဖြစ်သည်။
ဒီရေအတက်အကျရှိသဖြင့် ရေမခမ်းခြင်းလည်း
ဖြစ်သည်။ ရွာသူရွာသားတို့က ဓနိသက်ကယ်ပြစ်
လုပ်ငန်း၊ ငါးရှာသည့်လုပ်ငန်းတို့ဖြင့် အသက်
မွေးဝမ်းကျောင်း ပြုကြသည်။
အနီးဝန်းကျင်မှာ ဆားငန်ရေဝင်သဖြင့် အသီး
အနှံစိုက်ပျိုး၍ မဖြစ်ထွန်း…
ရွာပတ်ဝန်းကျင်မှ ဓနိတောကြီးများက သူတို့
၏ထမင်းအိုးကြီးများဖြစ်သည်။ ထိုဒေသမှာ
အရက်ထက် ဓနိရည်ပေါများစွာ ရရှိသည်။
“ငပုတင်ရေ နောက်တစ်ခေါက်ဆိုရင် ငါတို့ပါ
ပြန်လိုက်ခဲ့မယ် ဓနိလည်း ကုန်သလောက်ဖြစ်
နေပြီ မြန်မြန်ပြန်လာခဲ့”
ဓနိပြစ်၍ရသော အနေအထား အရွက်ရင့်များ
ကုန်သွား၍ အရွက်နုများ ရင့်ချိန်စောင့်ရသည်။
နောက်တစ်ပတ်ဆို ဓနိတောအတွင်း အရွက်နု
များ ပြန်၍ ရင့်လာမည်ဖြစ်သည်။ ထိုအခါမှ
အရွက်သပ်ရန် လုပ်ငန်းခွင် ပြန်ဝင်ကြရမည်။
ငပုတင်လည်း ဓနိရွက်အစည်းများ လှေပေါ်
တင်ပြီး ရွာသို့ ပြန်လှော်လာခဲ့သည်။ သူကဲ့သို့
ပင် ဓနိစည်းများတင်ပြီး သယ်ပို့နေသော လှေ
များလည်းရှိသည်။
“ဟေ့ ငပု…မင်းငဖြူကြီးနဲ့ တိုးနေမယ်နော်”
“ငဖြူက ဒီဘက်ကိုမလာပါဘူး၊ လာရင်လည်း
ကြောက်စရာမလိုဘူး၊ ငဖြူကြီးနဲ့ ငါက သူ
ငယ်ချင်းပါ”
“မင်းနဲ့ ဘယ်တုန်းက သူငယ်ချင်းဖြစ်သွား
တာလဲ”
“မင်းတို့ မယုံဘူးလား”
“မယုံဘူး ဟေ့ကောင်”
“ငါအခု ခေါ်လိုက်ရမလား”
“ဟာ…ဟေ့ကောင်…မဟုတ်ကဟုတ်ကတွေ
လျှောက်မလုပ်နဲ့နော်”
ငဖြူကြီးက သူတို့ရွာနှင့် မလှမ်းမကမ်းရှိ ချောင်း
ထဲမှာ အစုန်အဆန်သွားလာနေသော မိကျောင်း
ကြီးဖြစ်သည်။ ထိုမိချောင်းကြီးက အခြားမိ
ချောင်းများကဲ့သို့ အကွက်အရောင်များမဟုတ်
ဘဲ ထူးထူးခြားခြား ကျောပြင်မှာ အဖြူအကွက်
ကြီး သိသာထင်ရှားစွာ ရှိနေသည့်အတွက်
ရွာသားတို့က ထိုမိကျောင်းကို ငဖြူကြီးဟု
အမည်ပေးထားခြင်းဖြစ်သည်။
လွန်ခဲ့သောနှစ်က ငဖြူကြီးကြောင့် ငါးရှာနေ
သူ ကိုသိန်းမောင် ခြေထောက်တစ်ချောင်း
ပြတ်သွားခဲ့သည်။ ဒေါ်ထွေး၏ ကျွဲတစ်ကောင်
ငဖြူကြီး၏ပါးစပ်ထဲပါသည်။ ထိုဝန်းကျင်ရှိ
ရွာသူရွာသားတို့လည်း ရေငန်ဒေသ ဓနိတော
ဒေသဖြစ်၍ မိကျောင်းတို့ အမြဲသတိရှိနေရ
သည်။ ငပုတင်က အမြဲရေထဲဆင်းနေတတ်
သူဖြစ်သည်။
ရေကူး၊ ရေငုတ်ကျွမ်းကျင်သည်။ ရွာက လမ်း
သုံးလမ်းသာရှိသည်။ လမ်းအတွင်းရှိ အိမ်များ
ကို ငပုတင် မရောက်သည့်အိမ်၊ မစားဘူးသည့်
အိမ် မရှိ။ စားစရာ မကျွေးလည်း အလုပ်ရှိ
လျှင် ဝင်လုပ်ကိုင်ပေးသည်။ ငပုတင်ဆိုလျှင်
ကလေးလူကြီးအားလုံးက ခင်မင်ကြသည်။
ငပုတင်ကို ဘယ်လိုပြောပြော ပျော်စေပျက်
စေသဘောမျိုးနှင့် ဝိုင်း၍ ချောက်ချကြလျှင်
လည်း စိတ်မဆိုးတတ်။
ငပုတင် အနေများသည့် အိမ်ကတော့ ဦးသံ
ချောင်းအိမ် ဖြစ်သည်။ ဝိုင်းလုပ်ဝိုင်းစား သ
ဘောမျိုးဖြင့် နေလာခဲ့သည်။ သို့ကြောင့်
ဖခင်ဖြစ်သူ မိထွေးဖြစ်သူနှင့် အဆင်မပြေ
တိုင်း အိမ်မကပ်ဘဲ ဦးသံချောင်းအိမ်မှာ
ညအိပ်ညနေ နေထိုင်ကာ သူ့ဝမ်းသူဖြည့်
ဆည်းခဲ့သည်။
မိုးလယ်ရောက်လျှင် ဓနိလည်း အရောင်းပါး
သွားပြီမို့ ရွာသားတို့ ငါးရှာထွက်ကြသည်။
ထိုအချိန်မျိုးဆိုလျှင် ငပုတင် ကြုံရာလှေ
နောက် ပါသွားတတ်သည်။ ဒီနှစ်နွေမှာ ဓနိ
ရောင်းရငွေများနှင့် ဦးသံချောင်း၊ ဒေါ်ဆယ်
မိတို့ ဦးစီးပြီး အလှူလုပ်ကြမည်။
ဆွေမျိုးသားချင်းတို့၏ ကလေးများလည်း
ပါမည်။ ရဟန်းသုံးပါးနှင့် ကလေးငါးယောက်
တို့ကို သာသနာ့အမွေခံ ယူစေမည်ဖြစ်သည်။
အလှူမှာ ဝက်သားဖြင့် ဧည့်ခံကျွေးမွေးရမည်
ဟု ရည်ရွယ်ထားကြသည်။
မိမိတို့ စုဆောင်းထားသော ချွေးနဲစာများနှင့်
ရင်သွေးများအား သာသနာ့ဘောင်သို့ သွပ်
သွင်းပေးမည့်အရေး တွေးပြီး စိတ်ကူးနှင့်ပင်
ပျော်ရွှင်နေကြသည်။
xxxx
အလှူရက်သို့ ရောက်တော့မည်။ အလှူအတွက်
မြို့မှာ ပရိက္ခရာများ လှူဖွယ်ပစ္စည်း၊ အလှူအ
တွက် လိုအပ်သော ပစ္စည်းများကို ပဲ့ထောင်နှစ်
စီးနှင့် သွားဝယ်ကြသည်။ ပစ္စည်းများဝယ်ပြီး
ပြန်လာတော့ မြို့မှာ အလုပ်သွားလုပ်နေသော
ဦးသံချောင်း၏သမီးနှင့်အတူ ဧည့်သည်အမျိုး
သမီးနှစ်ယောက်နှင့် အမျိုးသားတစ်ယောက်
တို့ ပါလာသည်။
သူတို့နှင့်အတူ ‘စောင်း’တစ်လက်လည်း ပါလာ
သည်ကို တွေ့ရသည်။ ထိုဧည့်သည်များက မြို့
မှာ ဝါသနာရှင်တီးဝိုင်း အဖွဲ့သားများ ဖြစ်သည်
ဟု သိရသည်။
ဦးသံချောင်း၏ သမီးနှင့် အလုပ်အတူ လုပ်
ကြသူများမို့ အလှူမှာ တေးသီချင်းများနှင့်
ဧည့်ခံကူညီပေးရန် မရောက်ဘူးသော အရပ်
ဒေသသို့ လိုက်လာကြခြင်းဖြစ်သည်။
အလှူပွဲဝင်သည့်ညမှာ ရွာမှာရှိသော ဝါသနာ
ရှင်များနှင့်အတူ သူတို့တတ်စွမ်းသမျှကို ဖျော်
ဖြေပေးကြမည်ဖြစ်သည်။ ‘စောင်း’ကို တယု
တယပွေ့ပိုက်ထားသော မိန်းခလေးက ‘စောင်း’
တီး၍ သီချင်းဆိုပြီး ဧည့်ခံမည်ထင်သည်။
ဘုန်းတော်ကြီးကျောင်းနှင့် အိမ်က မဝေးလှ။
အိမ်မှာ အလှူအတွက် မဏ္ဍပ်ထိုးထားသလို
ဘုန်းတော်ကျောင်းမှာလည်း ထိုးထားသည်။
ကိုရင်များ သက်န်းစီးခြင်း၊ ရဟန်းများ သိမ်
တက်ခြင်း၊ သိမ်ဆင်းလောင်းလှူခြင်း၊ သံဃာ
တော်များ ဆွမ်းကပ်လှူခြင်းကို ဘုန်းကြီး
ကျောင်းမှာ လုပ်မည်။
ရွာသူရွာသားများအား ဧည့်ခံကျွေးမွေးခြင်း
ကို အလှူရှင်ဦးသံချောင်းအိမ်မှာ ပြုလုပ်မည်။
ဝက်သားနီချက်ဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်
သည်။ သို့ဖြင့် အလှူအကြိုနေ့သို့ ရောက်လာ
သည်။ မနက်လင်းကတည်းက ရှင်လောင်း
ငါးပါးအား အလှပြင်ဆင်နေကြသည်။
လူရွယ်ငါးယောက်က ထမ်းပိုးပြီး ရွာတွင်း
လှည့်ကာ ရွာဦးနတ်စင်မှာ နတ်ပြကြမည်။
ဒိုးပတ်ဝိုင်းတစ်ဝိုင်းကလည်း ဆူညံစွာ တီးမှုတ်
နေသည်။ ရွာအတွင်းသို့ လူနှင့်ထမ်းပြီး လှည့်
မည်ပွဲဖြစ်ပေမဲ့ ကွမ်းတောင်း ပန်းတောင်း
ကွမ်းအုပ်ကိုင်သူများ အိပ်ရာလိပ် ပရိက္ခရာ
ပွဲရွက်သူများဖြင့် ရှင်လောင်းလှည့်ပွဲက စည်
စည်ကားကား မြိုင်ဆိုင်လှသည်။
လော်စပီကာကိုလည်း မိုးလင်သည်နှင့် အရှေ့
ရွာ အနောက်ရွာ ကြားအောင် ဖွင့်တောသည်။
ရှင်လောင်းကို ရွာလမ်းသုံးလမ်းပြည့်အောင်
လှည့်ပြီး ရွာဦးနတ်စင်မှာ နတ်ပြသည်။
နတ်ပြပြီး ရှင်လောင်းငါးပါးအား ရွာကာလသား
တို့ ဖွက်ထားကြသဖြင့် အလှူရှင်များ ကာလသား
များ ကျေနပ်သည်အထိပေးကာ ရွေးရသည်။
ထို့နောက် ရှင်လောင်းများကို ဆံချခြင်း ပြု
ကြသည်။ ဦးသံချောင်းအိမ်မှာ ညဘက်ဧည့်
ခံရန် တီးဝိုင်းနှင့် အဆိုသမားများအတွက်
လူငယ်အချို့ စင်ထိုးနေကြသည်။
ငပုတင်က တီးဝိုင်းအတွက် စင်ထိုးရာမှာ
တက်တက်ကြွကြွ လုပ်ကိုင်ပေးနေသည်။
ညနေရောက်သည်နှင့် ရှင်လောင်းများ ကိုရင်
ဝတ်ရန် သက်န်းစီးကြသည်။ ရဟန်းလောင်း
များ သိမ်တက်ပြီး၍ အလှူရှင်များ ဆွေမျိုး
သားချင်းများ သိမ်ဆင်းလောင်းကြသည်။
ထို့နောက် မကြာခင် နေဝင်သွားကာ ညအမှောင်
သို့ ရောက်လာသည်။ အလှူအိမ်မှာ မီးစက်
ကြောင့် လင်းထိန်နေသည်။ မကြာခင် ရွာထဲ
မှ အဆိုဝါသနာများနှင့် ပေါင်းကာ မြန်မာသီ
ချင်းဖြင့် ဧည့်ခံဖျော်ဖြေကြမည်ဖြစ်သည်။
ညခုနှစ်နာရီခန့်ရောက်သည်နှင့် တစ်ရွာလုံးနီး
ပါး လူငယ်လူကြီးတို့ မဏ္ဍပ်အပြည့် ရောက်
နေကြသည်။ခုနှစ်နာရီခွဲတော့ တီးဝိုင်းစတော့
သည်။ ပထမဆုံး….’စောင်း’ပညာရှင်မိန်းခလေး
ကို ရှေ့တန်းတင်ကာ လက်စွမ်းပြ တီးခတ်
သီဆိုစေသည်။
‘စောင်း’လက်သံက ပီသသလို အသံလေးက
လည်း ကြည်လင်ပီသလှသည်။ သီချင်းတစ်
ပုဒ်ပြီး၍ နောက်တစ်ပုဒ်စသည်နှင့် သူတို့ခြံ
ရှေ့လမ်း၏ တစ်ဖက်ရှိ ရေပြင်မှ….
“ဝုန်း”
“ဝုန်း”
“ဖျောင်း”
ကမ်းစပ်မှာ ကြိုးချည်ထားသော လှေထက်ပိုင်း
ကျိုးသံထွက်လာသလို ကျယ်လောင်သော ရေ
ပြင်ရိုက်ခတ်သံကြီးနှင့် မိကျောင်းတစ်ကောင်
၏ အလွန်ကြီးမားသော အမြီးကြီးကို အားလုံး
နီးပါး မြင်တွေ့လိုက်ကြသည်။
မိကျောင်းကြီး ရောက်လာတယ်”
ထိုအခါ သီချင်းဖျော်ဖြေပွဲကို ကြည့်နေသော
ငပုတင်လည်း ချက်ပြုတ်ကြော်လှော်နေသော
အဒေါ်ကြီးရှိရာသို့ ပြေးပြီး စတီးဇလုံကြီးကို
ယူကာ ငှက်ပျောရွှေကြည်ဖုတ်ရန် ပုံထားသော
ငှက်ပျောခိုင်သုံးခိုင်ကို ဇလုံထဲထည့်ကာ
အုန်းသီးစိမ်းကို အလယ်မှ တင်သည်။
အုန်းငှက်ပျောပွဲ သဏ္ဌာန် ပြု၍ ခေါင်းပေါ်
ရွက်ပြီး ပွဲပသသည့်ဟန် စတီးဇလုံကို လက်
နှစ်ဖက်နှင့်မြှောက်ကာ အရှေ့ဘက်သို့ ဆယ်
ပေခန့်ပြေး၍ မြှောက်လိုက်၊ အနောက်ဘက်
သို့ ဆယ်ပေခန့်ပြေး၍ မြှောက်လိုက် လုပ်နေ
သဖြင့် ချက်ပြုတ်ရေးတာဝန်ယူထားသော
ဒေါ်ကလေးမ ငပုတင်ထံ သွားပြီး…
“ဟဲ့ ငပုတင် မလုပ်ကောင်းတာတွေ လျှောက်
လုပ်နေပြန်ပြီ အဲဒီငှက်ပျောဖီးနဲ့ အုန်းသီးက
ငှက်ပျောရွှေကြည် ဟာလဝါလုပ်မလို့ ဖယ်
ထားတာ၊ အုန်းသီးကလည်း ကြွက်မြီးမပါဘူး
ဘာတွေလျှောက်လုပ်နေတာလဲ”
“ဦးရှင်ကြီးကို တောင်းပန်မလို့ဗျ”
“ဟာ… ဒီကောင်လေး”
ထိုမျှသာပြောပြီး ဘာမှပြန်မပြောတော့ဘဲ ကန်
တော့ပွဲ သဏ္ဌာန် ပြုလုပ်ထားသော စတီးဇလုံ
ကို ခေါင်းပေါ်တင်ပြီး အိမ်ရှေ့ထွက်သွားကာ
လူတစ်ရပ်သာသာအနက်ရှိသော ချောင်းအ
တွင်းဆင်းသွားသည်။
“ဟဲ့ ငပုတင် ဘာလုပ်မလို့လဲ ပြန်တက်ခဲ့”
ငပုတင် ဘာမှမပြန်မပြော ရေထဲသို့ တစ်လှမ်း
ချင်း ဆင်းသွားသည်။ ရေက သူ့အရပ်သာသာ
ခန့် အနက်ရှိသည်။ကြည့်နေရင်းမှ ထူးထူးခြား
ခြား လူရောပွဲဇလုံပါ ရေထဲစုန်းစုန်းမြုပ်သွား
သည်။
“ဟင်”
“ဟာ…ဒီကောင် ဘာဖြစ်တာပါလိမ့်”
အစပိုင်းတော့ ငပုတင်အကြောင်းသိ၍ မည်သူ
မျှ စိုးရိမ်ပူပန်ခြင်း မရှိကြသေး။ မိကျောင်းက
လည်း လှေကို အမြီးနှင့်ရိုက်ချိုးပြီး အနီးက
ထွက်သွားဟန်ရှိသည်။
ပုတင်က ရေထဲမှာ အနေများသည့်အကောင်၊
ရေကူးရေငုပ် ကျွမ်းကျင်သည်။ မိကျောင်းမရှိ
မှန်းသိ၍ ရေထဲငုပ်သွားပုံရသည်။ ခဏနေ
လျှင် ပြန်တက်လာမည်ဟု ကမ်းပေါ်က လူတွေ
ထင်ထားကြသည်။
ဒါပေမဲ့ ပုတင် ရေထဲဆင်းသွားသည်မှာ ငါး
မိနစ်ပင်ကျော်တော့မည်။ ရေလည်း မလှုပ်။
“ဟေ့…ကြီးမောင် မင်းကောင် ငပုတင် တို့ကို
နောက်နေတာလား”
ကြီးမောင်က ဦးသံချောင်း၏တူဖြစ်သည်။
“ဒီကောင် ရေငုတ်ကျွမ်းကျင်ပေမဲ့ ငါးမိနစ်
လောက်တော့ ရေအောက်မှာ မနေနိုင်ဘူး”
“မိကျောင်းနဲ့လည်း မတိုးပါဘူး၊ မိကျောင်း
နဲ့တိုးတယ်ဆိုရင် ရေထဲမှာ ဗျောင်းဆန်နေ
မှာပါ”
မိကျောင်းတို့မည်သည် အစာကိုကိုက်ချီပြီး
သေချာအောင် ပါးစပ်ကြီးနှင့် ဆွဲခါတတ်သ
လို၊ ရေထဲမှာ နှစ်ပတ်သုံးပတ်လှိမ့်ပြီး အစာ
ကို သေအောင်လုပ်ကာ စားတတ်သည်။
ယခု ရေပွက်ကလေးပင်မထ၊ ငြိမ်သက်နေ
သည်။ ကမ်းပေါ်က ကြည့်နေသူအားလုံး
စိုးရိမ်စပြုနေပြီ။
“ဟဲ့ ယောကျ်ားလေးတွေ ရေထဲဆင်းပြီး
ကြည့်ကြစမ်း…ဒီကောင်လေး ဒီလောက်
ကြာအောင် ငုပ်နိုင်မယ် မထင်ဘူး၊တက
တည်း စိတ်ချောက်ချားအောင် လုပ်တဲ့
အကောင်”
မိန်းမကြီးများက ငပုတင် ရေထဲမှ ပြန်တက်
မလာသည့် အတွက် စိတ်ပူပြီး ရေထဲသို့ လူ
ငယ်များအား ဆင်းခိုင်းနေသည်။ ထိုအခါ
ရပ်ကြည့်နေသော လူကြီးလူငယ်လေးယောက်
ခန့် ရေထဲဆင်းသွားကြသည်။
ခဏကြာတော့ အားလုံးပြန်တက်လာကြသည်။
“မတွေ့ဘူး ဘယ်မှာမှ မတွေ့ဘူး”
“ရေထဲသိပ်ငုပ်ပြီး ရှာစရာမှမလိုဘဲ မြေကြီး
ပေါ် ခြေထောက်မြှောက်လိုက်ရင် လက်ပေါ်
နေတာ ဒီလောက်လည်း နက်တာ မဟုတ်ဘူး
စတီးဇလုံနဲ့ ငှက်ပျောသီးတွေလည်း မတွေ့
ဘူး”
“ဟဲ့ အုန်းသီးကတော့ ရေပေါ်မှာပဲ မီးထိုးပြီး
ရှာကြည့်ကြစမ်း”
ဓာတ်မီးများနှင့် လှမ်းထိုးကြည့်သည်။ ဘာမှ
မတွေ့….ရေထဲဆင်းငုပ်သူများ ပြန်တက်လာ
သည်နှင့် အနီးတစ်ဝိုက် လှည့်ပတ်ရှာကြသည်
ဘယ်လိုမှ ရှာမတွေ့၊ မိကျောင်းလည်း ရေထဲ
မှာ မရှိတော့၊ ငပုတင်လည်း ထူးဆန်းစွာ
ပျောက်သွားသည်။
ဝါသနာရှင်တီးဝိုင်းအဖွဲ့လည်း ပျက်သွားသလို
လော်စပီကာသံလည်း တိတ်ဆိတ်ကာ ရေစပ်
တစ်လျှောက် လူတွေ ငပုတင်ကို ဓာတ်မီးများ
နှင့် ထိုး၍ ရှာနေကြသည်။
ညကိုးနာရီခန့်အထိ မကျေနပ်မချင်း တစ်
ယောက်ပြီးတစ်ယောက် ရေထဲဆင်းငုပ်ပြီး
ရှာသည်။ ဘယ်လိုမှ ရှာမတွေ့တော့။ ရေက
လည်း စီးနေသောရေမဟုတ်၊ ဒီရေအတက်
အကျရှိမှသာ ရေစီးရေလာရှိသည်။
ကျန်အချိန်များတွင် ချောင်းမဟုတ်သည့်အ
တွက် ရေသေဖြစ်နေသည်။ အားလုံး ညကိုး
နာရီမှာ ရှာဖွေခြင်းကို ရပ်လိုက်ကြသည်။
အလှူအိမ်က နာရေးအိမ်အဖြစ်သို့ ပြောင်းသွား
သည်။ သို့ကြောင့် ဧည့်ခံရေး အကျွေးအမွေး
ကိစ္စကို ဘုန်းကြီးကျောင်းသို့ ပြောင်းရွေ့မည်
ဟု ပြောသူက ပြောသည်။
ဦးသံချောင်းတို့ လင်မယားကတော့ ကာယကံ
ရှင် ငပုတင်၏ မိဘများနှင့် သက်ဆိုင်သည့်အ
တွက် ငပုတင် တကယ်သေဆုံးခဲ့ပါက ဖခင်
ဖြစ်သူက သူ၏ကိစ္စအဝဝကို တာဝန်ယူခိုင်း
မည်၊ သူ၏အလှူကို ဖြစ်အောင်လုပ်မည်ဟု
ဆိုသည်။ တီးဝိုင်းကလည်း စောင်းသီချင်း
နှစ်ပုဒ်နှင့်ပင် လက်စသတ်သွားခဲ့သည်။
ငပုတင်၏ ဖခင်ကို အိမ်ပေါ်ခေါ်တင်ပြီး လူ
ကြီးများက သား သမီးရင်းဖြစ်၍ ဝိုင်းပြော
ကြရာ သူ၏သွေးသားပေမဲ့ သူ့အိမ်မှာနေရင်း
သေရခြင်းမဟုတ်ဘဲ ဦးသံချောင်း၏ စီးပွား
ရေးကအစ ဝိုင်းလုပ်ဝိုင်းစားလုပ်ကိုင်ရင်းမှ
သေသည်ဖြစ်၍ ဦးသံချောင်းမှာ တာဝန်ရှိ
ကြောင်း အခိုင်အမာပြောသည်။
အချို့လူကြီးများက အလောင်းလည်း မတွေ့
သေးသဖြင့် ပြောဆိုငြင်းခုံနေခြင်းကို ခေတ္တ
ရပ်ထားရန် ငပုတင်၏ အခြေအနေကို အတိ
အကျ သိရမှသာ ဆုံးဖြတ်ကြရန် ပြောကြ
သည်။ ကြိုတင်၍ အလှူအိမ်က အိုးခွက်ပန်း
ကန်၊ ချက်ပြုတ်ထားသည်များကို ဘုန်းကြီး
ကျောင်းသို့ သယ်ကြသည်။
ဘုန်းကြီးကျောင်းက တစ်ရွာလုံးမှာ တစ်ကျောင်း
သာရှိသည်။ ကျောင်းထိုင်ဆရာတော်နှင့် အမြဲ
နေရဟန်းသုံးပါး ကိုရင်ငါးပါး ကျောင်းသား
လေးယောက်ရှိသည်။
စပီကာကိုလည်း ဘုန်းကြီးကျောင်းသို့ သယ်
သွားကြသည်။ အချိန်က ဆယ်နာရီခွဲခန့်ရှိပြီး
ကမ်းစပ်မှာတော့ ဓာတ်မီးများနှင့် လူတချို့
ရှိနေသေးသည်။
ဦးသံချောင်း အိမ်ပေါ်မှာ လူကြီးများ စုရုံး
ရောက်ရှိနေသည်။ ငပုတင် ထူးဆန်းစွာ
ရေထဲဆင်းသွားပုံကို တွေ့လိုက်သူများက
ပြောလို့မဆုံးဖြစ်နေသည်။
“ခင်ဗျားက လူကြီးဖြစ်ပြီး ‘စောင်း’တီးတာ
ဒီအရပ် ဒီဒေသမှာ လက်လွတ်စပယ် မတီး
ခတ်သင့်ဘူးလေ၊ ‘စောင်း’တီးခတ်ချင်ရင်
ဒီရေငန်ပိုင်နယ်တရိုးမှာ အဘဦးရှင်ကြီးကို
တင်မြှောက်ပသတောင်းပန် ခွင့်တောင်းပြီး
မှ တီးသင့်တာပေါ့၊ နောက်ဆုံး ပွဲမတင်ဖြစ်
ရင်တောင် ပါးစပ်နဲ့ပဲဖြစ်ဖြစ် ခွင့်တောင်း
သင့်တယ်၊ ပွဲတစ်ပွဲပေးပြီးတောင်းရင် ပို
ကောင်းတာပေါ့”
“ကျတော်လည်း အလှူကိစ္စနဲ့ ဘုန်းကြီးကျောင်း
မှာပဲ အချိန်ကုန်သွားတယ်..ရဟန်းတွေကို
နေရာထိုင်ခင်း စီစဥ်ပြီး ကိုရင်လေးတွေ အ
အေးကပ်နေတာနဲ့ ဒီကို မရောက်ဖြစ်တာ”
“ဝုန်း…ဝုန်း…. ဝုန်း……”
“ဟီး….ဟီး….ဟီး….”
“ဦးလေး ဦးလေးသံချောင်း ဦးလေးစိန်မောင်
ဒီမှာ အေးငွေ ဘာဖြစ်မှန်း မသိဘူး”
“ဟေ့…. ဟေ့…မကျေနပ်ဘူးကွ… မကျေနပ်
ဘူးကွ”
အိမ်ပေါ်မှာ စကားထိုင်ပြောနေကြသော ဦး
သံချောင်းတို့ လူကြီးတစ်စု အိမ်အောက်သို့
ဆင်းလာကြသည်။ အိမ်အောက်ရှိ ကွပ်ပျစ်
ပေါ်မှာ အေးငွေတစ်ယောက် လက်သီးလက်
မောင်းတန်းပြီး တုန်တုန်ယင်ယင်နှင့် ခန္ဓာ
ကိုယ်လှုပ်ရှားနေသည်။
မျက်လုံးများကို ပိတ်ထားသည်။ ဦးစိန်
မောင်က ရှေ့သို့ထွက်ပြီး အေးငွေအား….
“အခု… အေးငွေမှာ ဝင်ပူးကပ်နေတာ ဘယ်
သူပါလဲ”
“ဟီ….ဟီ….ငါက ရေငန်ပိုင်ရှင်ကြီးရဲ့ နောက်
လိုက်နောက်ပါ တပည့်လက်သားတစ်ယောက်
ပဲကွ…မင်းတို့ မလေးမစားလုပ်တာ မကျေနပ်
လို့ကွ၊ မကျေနပ်လို့ မင်းတို့ ဒီအရပ် ဒီဒေသ
မှာ စောင်းကို တီးချင်တိုင်း တီးလို့ရမယ် ထင်
နေလား”
“မထင်ပါဘူး တစ်ကြိမ်တစ်ခါ မသိလို့ အမှား
လုပ်မိတာ ခွင့်လွှတ်ပါ”
“အဖေကြီးက ခွင့်လွှတ်နိုင်ပေမဲ့ ငါတို့က
ခွင့်မလွှတ်ဘူးကွ”
“ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါ.. ကျေနပ်
အောင် ဘာလုပ်ပေးရမလဲ ပြောပါ အားလုံး
ကျေနပ်အောင် လုပ်ပေးပါ့မယ်”
“အေး… အားလုံး ကိစ္စတွေ ပြီးပြီဆိုရင် အဖေ
ကြီးကို တောင်းပန်တဲ့ ဆွမ်းပွဲတင်ပေး ကြား
လား”
“မှတ်ထားပါ့မယ် ဒါနဲ့ ဒီရွာက ငပုတင်ကို
ရှာလို့ မတွေ့ဘူး၊ ဘယ်မှာ ဖွက်ထားပါလဲ
အမိုက်အမဲတွေမို့ ဒီတစ်ခါ ခွင့်လွှတ်ပြီး
နေရာကို ပြပေးပါ”
“အေး တစ်ရွာလုံးရဲ့ကိုယ်စား ငပုတင် ဒဏ်
ခံလိုက်တာ၊ ဒီကောင် ပွဲဇလုံနဲ့ ခေါင်းရွက်ပြီး
ရေထဲဆင်းသွားတာ မဟုတ်လား၊ အဲဒါ ငါ
ခေါ်လိုက်တာ…မနက်ဖြန် ပွဲတစ်ပွဲပြင်ပြီး
တောင်းပန်လိုက် သူဆင်းတဲ့နေရာကပဲ
စောင့်ကြ၊ ငါသွားမယ်ကွ၊ မင်းတို့ တစ်ကြိမ်
တစ်ခါ မှားလို့ ဒီလောက်နဲ့ပဲ ကျေနပ်တော့
မယ်”
“ဟီး…ဟီး….ဟီ…”
ရေငန်ပိုင်ဦးရှင်ကြီး၏ နောက်ပါးမှာ လိုက်ပါ
ကြသော တပည့်တပန်းများထဲမှ စိတ်ကြီးသော
ပရလောသားတစ်ယောက် ဖြစ်ကြောင်း ပြော
သွားသည်။ နောက်ကို ဒီအရပ်မှာ အတတ်နိုင်
ဆုံး ‘စောင်း’မတီးခတ်ဖို့ တစ်ဆင့်စကား တစ်
ဆင့်နား ပြောကြပါ၊ မတီးမဖြစ် တီးမယ်ဆိုရင်
လည်း ရေငန်ပိုင်ဦးရှင်ကြီးကို ခွင့်တောင်းမှု
ပြုပြီးမှ တီးခတ်ကြဟူ၍ ရွာဦးကျောင်းဆရာ
တော်က အမိန့်ရှိခဲ့သည်။
နောက်နေ့မနက် မိုးလင်းသည်နှင့် အုန်းသီး
တစ်လုံး ငှက်ပျောသုံးဖီးနှင့် ပွဲတစ်ပွဲပြင်ကာ
ငပုတင် ရေထဲဆင်းသွားရာ ကုန်းစပ်မှာ
ထားသည်။ ပွဲပြင်ပေးသော ဒေါ်အုန်းညွန့်
က ရေထဲမှ ဆိုင်ရာပိုင်ရာများကို တောင်း
ပန်ကာ…ရေထဲမှာ ရှာမရဖြစ်နေသော
ငပုတင်အား ပြန်လည်ပေးရန် ပြောကြား
နေသည်။ ဒေါ်အုန်းညွန့်၏ တောင်းပန်
စကားများပြောပြီး ဖယောင်းတိုင်တစ်တိုင်
ဝက်ခန့်အကုန် ကမ်းစပ်မှ ပေနှစ်ဆယ်ခန့်
အကွာ ရေထဲမှ ပုတင် မတ်တတ်ရပ်လျက်
ပေါ်လာသည်။
“ဟာ….ကြည့်စမ်း…ငပုတင် ရေပေါ်ကို မတ်
တတ်ရပ်ပြီး ပေါ်လာတယ် အသက်ရှင်သေး
လား ကြည့်ကြစမ်း”
“အို….တစ်ညလုံး ရေထဲရောက်နေတာ ရှင်
နိုင်ပါ့မလား၊ ဟိုမှာ တောင့်တောင့်ကြီး ဖြစ်
နေတာ ကြည့်ပါလား”
ရေထဲမှာ တစ်ညလုံး နစ်မြုပ်နေသော ငပုတင်
သာ အသက်သေနေပြီဆိုပါက မှောက်လျက်
သော်လည်းကောင်း၊ ပက်လက်သော်လည်း
ကောင်း တစ်ခုခုအနေအထားဖြင့် ပေါ်လာရ
မည်ဖြစ်သည်။ ယခု အဝတ်အစားတစ်စုံတစ်
ရာ ကျွတ်ခြင်းမရှိ၊ အသက်ရှင်နေသည့်
မတ်တတ်ရပ်လျက် ရေပေါ် ပေါ်တက်လာ
သည်။
ခါးတစ်ဝက်ကျော်သည်အထိပင် ပေါ်တက်
လာသည်။ အောက်မှ လူထမ်းတင်ထားသည့်
အလားပင်။
ထူးဆန်းသော အနေအထားကို ကြည့်နေသော
လူငယ်တစ်စုလည်း ပုတင်တစ်ယောက် ရှေ့
လည်း မတိုး၊ နောက်လည်းမဆုတ် တောင့်
တောင့်ကြီး ရေပေါ်မှာ ရပ်နေသည့်အတွက်
ဆက်၍ စောင့်ကြည့်မနေတော့ဘဲ လူကြီးသုံး
ယောက် ရေထဲသို့ ဆင်းသွားသည်။
လူတစ်ရပ်ကျော်ကျော် အနက်ရှိသဖြင့် ကူးပြီး
သွားကြသည်။ ထို့နောက် ရေအောက်မှာ မည်
သူက ထမ်းတင်ထားသလဲကြည့်ကြသည်။
“ပုတင် သေနေပြီဦးလေး အောက်မှာလည်း
ဘာမှ မရှိဘူး ထူးဆန်းတယ်”
“အေး တစ်ဘက်ဆွဲသွားကြမယ်”
ရပ်လျက် အနေအထားရှိနေသော ပုတင်အား
ထိုအတိုင်းပင် ကမ်းစပ်သို့ ဆွဲလာသည်။
“ဝုန်း”
ကမ်းစပ်ရောက်ကာနီးမှ ဝုန်းခနဲ ရေထဲလဲကျ
သွားသည်။ ငပုတင်အတွက် အားလုံးစိတ်မ
ကောင်း ဖြစ်ကြသည်။
ကမ်းစပ်က လူရွယ်လူကြီးများ ဝိုင်း၍ ဆယ်
တင်ကြသည်။ လူကြီးများက ဦးသံချောင်း
အိမ်မှာ အလှူရှိနေ၍ သားဖြစ်သူ၏ နာရေးကို
တာဝန်ယူသဂြ်ုဟ်ပါရန် ဝိုင်း၍ ပြောဆိုတောင်း
ပန်ကြသည်။
ရွာမှ တာဝန်ယူပြီး နာရေးပြီးဆုံးအောင် ဝိုင်း
ဝန်းကူညီပေးမည်ဟု ကတိပေးကြသည်။
ဦးသံချောင်းတို့ကလည်း အလှူသာမရှိပါက
အစစအရာရာ တာဝန်ယူနိုင်သည်။ယခု
တော့ ငွေကြေးထောက်ပံ့ပေးမည်ဟု ပြော
ကာ ပုတင်၏ဖခင်အား အလောင်းကို
အပ်လိုက်သည်။
ထိုကဲ့သို့ ငွေကြေးဝိုင်းဝန်းထောက်ပံ့ပေးမည်
ဟု ပုတင်ဖခင်အားပြောမှ မိထွေးနှင့် ဖခင်
တို့က နာရေးကို ဆက်၍ဆောင်ရွက်ရန်
တာဝန်ယူကြတော့သည်။
ပုတင်၏ နာရေးရက်လည်ပြီးနောက်ပိုင်း
မကြာခင် ရွာသားတို့ စုပေါင်းပြီး ရေငန်ပိုင်
ဦးရှင်ကြီး၏ ဆွမ်းကန်တော့ပွဲကို ရွာလုံးကျွတ်
နီးပါး ထည့်ဝင်ကြပြီး နေဝင်ချိန်ရောက်သည်
နှင့် ဆွမ်းတင်ကြသည်။
ရွာလူကြီးကလည်း ရွာသူရွာသားတို့ အမှတ်
တရ ရှိနေစေရန် မိကျောင်းကြီးအမြီးနှင့်
ရိုက်ချိုးသွားသော လှေကြီးကို ရွာထိပ်မှာ
လေးတိုင်စင်ပေါ်တင်ပြီး ရွာလူကြီးကိုယ်
တိုင်”စောင်း’မတီးရဟု သဘော်ဆေးနှင့်
ထင်ထင်ရှားရှား ရေးထားလိုက်သည်။
ရွာသို့ လာကြသည့်ရပ်နီးရပ်ဝေးမှ လူများ
ထိုစာကြောင်းကို ထင်းခနဲ တွေ့ကြသည်။
တွေ့သည့်လူတိုင်းလည်း စိတ်ဝင်စား၍ ရွာခံ
များကို မေးကြသည်။ လူတိုင်းကလည်း ထို
အဖြစ်အပျက်ကို လိုလိုချင်ချင် ရှင်းပြသည်။
ထိုအဖြစ်အပျက်ထဲမှ တန်ဆာခံဖြစ်ခဲ့သော
ငပုတင်၏ အကြောင်းကိုကြားပြီး အားလုံး
စိတ်မကောင်းဖြစ်ကြသည်။
xxxx
“အဲဒီစာတန်းလေးကို စိတ်ဝင်စားလို့ မေးရာ
က ဒီအကြောင်းကို သိခဲ့ရတာ အမှန်တော့
ရွာသားတွေ အလှူမှာ လုံးပန်းနေလို့ အမှတ်
တမဲ့ဖြစ်သွားတာ ရေငန်တရိုးမှာ နေထိုင်
ကြတဲ့လူတိုင်း ဦးရှင်ကြီးကို ရိုသေသမှုနဲ့
ဆွမ်းတင်ကြတယ် မဟုတ်လား၊ ဝါဝင်
ဝါထွက်ဆို စောင့်ရှောက်မစအောင် ဆွမ်း
တင်ကြတယ်၊ ‘စောင်း’ တီးခတ်မိတဲ့ မောင်
ရှင်၊ ဒီ ‘စောင်း’ကြောင့်ပဲ ရေငန်ပိုင်ဦးရှင်
ကြီးလို့ ဖြစ်လာတယ် မဟုတ်လား၊ ငါ
ရောက်သွားတဲ့ ရွာလေးမှာ အမှတ်တမဲ့
‘စောင်း’တီးခတ်မိလို့ ကြေကွဲစရာအတိတ်
လေး ဖြစ်ခဲ့ရတယ်….ကဲ….အဲဒါပဲ…မှောင်
လာပြီ ဟိုမောင်နှမနှစ်ယောက်လည်း
မလာကြသေးပါလား”
ထိုစဥ်မှာပင် သားနှင့်သမီးတို့ အိမ်ထဲဝင်
လာကြသည်။ ဘကြီးဖြစ်သူကိုတွေ့သည်
နှင့် ဆူညံသွားတော့သည်။
ထပြန်မည်ပြင်နေသော ဦးစန်းလွင်လည်း
တူနှင့်တူမတို့ ကျေနပ်အောင် ဆယ့်ငါးမိ
နစ်ခန့် ထိုင်စကားပြောနေပြီးမှ အားလုံး
ကို နှုတ်ဆက်ပြီး ပြန်သွားတော့သည်။
မူရင်းရေးသူ ဧကန်မင်း