ဆားပုလင်းနှင်းမောင်နှင့်ဖဲသမားအမှူ

***ဆားပုလင်းနှင်းမောင်နှင့် ဖဲသမားအမှု***(စ/ဆုံး)

———————@@@@@—————————–

တစ်နေ့သ၌ ကျွန်ုပ်သည် ကျွန်ုပ်၏ မိတ်ဆွေကြီး ဆားပုလင်းနှင်းမောင် နေထိုင်ရာ အမှတ် ၂၉၅၊ ဘိုးလိန်းလမ်းဆီသို့ အလည်အပတ်ရောက်ရှိခဲ့လေ၏။ ကျွန်ုပ် ရောက်ရှိသွားသည့်အချိန်၌ ဆားပုလင်းနှင်းမောင်သည် ရှေးဟောင်းပန်းချီကားကြီးတစ်ချပ်ကို စိတ်ပါဝင်စားစွာ ကြည့်ရှုနေလေ၏။ ထိုပန်းချီကားကြီးမှာ ဆီဆေးဖြင့် ရေးဆွဲထားကြောင်း သတိပြုမိလေ၏။ ထို့ပြင် လက်ရာမှာလည်း လွန်စွာ အနုစိတ်လှ၏ ။ ထိုပန်းချီကားတွင် ပါရှိသော တိုက်အိမ်တစ်လုံး၏ပုံစံမှာလည်းမြန်မာတို့ ဆောက်လေ့ဆောက်ထရှိသော ပုံစံမျိုးမဟုတ်ဘဲ တစ်မျိုးတစ်ဖုံ ထူးခြားနေလေ၏။ မည်သည့်နေရာ၌ ထူးခြားနေသည်ကိုမူ ကျွန်ုပ်အနေနှင့် မပြောတတ်ပါ။

 

ဆားပုလင်းနှင်းမောင်သည် ကျွန်ုပ်ကို နေရာထိုင်ခင်းပေး၏။ ထို့နောက် သူသည် စီးကရက်တစ်လိပ်ကိုထုတ်၍ မီးညှိရှိုက်ဖွာကာ ထိုပန်းချီကားကို ကြည့်မြဲဆက်၍ ကြည့်နေလေ၏။ ထို့ကြောင့် ကျွန်ုပ်လည်း ဘုမသိဘမသိနှင့်ပင် ၎င်းနှင့် ရောနှောကာ ထိုပန်းချီကားဟောင်းကြီးကိုငေးမောနေလေ၏။ ပန်းချီကားမှာ လွန်စွာ ရိုးစင်းလှ၏။ အုတ်တံတိုင်းခတ်ထားသော ခြံဝင်းကြီးအတွင်းမှ တိုက်အိမ်ကြီးတစ်လုံးကို ပုံတူရေးဆွဲထားခြင်းသာ ဖြစ်၏။ ထိုပန်းချီကား၏ပေါင်၌မူ လက်နှိပ်စက်ဖြင့် ရိုက်ထားသော အောက်ပါစာတန်းကို ကပ်ထားလေ၏။

 

“ Three Playing Cards ”

(ဖဲသုံးချပ်)

 

ထို့ကြောင့် ကျွန်ုပ်က ..

“အိုင်ဆေး .. ကိုနှင်းမောင်။ ဒီပန်းချီကားကြီးက ပျင်းဖို့တော် တော် ကောင်းတယ်ဗျာ။ လူလည်းမပါ။ တိရစ္ဆာန်လည်းမပါ။ တိုက်အိမ်ထီးထီးမားမားကြီးတစ်လုံးကို ပုံတူရေးထားတာပဲ”

ဟု ပြောလိုက်လေ၏။ ထိုအခါ ဆားပုလင်းနှင်းမောင်က ..

“ဒီပန်းချီကားက အတော်ဆန်းနေတယ်ဗျ။ ဆွဲတဲ့လူရဲ့နာမည် က ဒတ်စ်လို့ခေါ်တယ်ဗျ။ ပန်းချီကားထောင့်မှာ သူ့ရဲ့လက်မှတ်ကိုတွေ့ရတယ်။ အဲဒီပုဂ္ဂိုလ်ဟာ နှယ်နှယ်ရရ ပုဂ္ဂိုလ်မဟုတ်ဘူး။ အိန္ဒိယပြည်မှာ အတော့်ကိုနာမည်ကြီးတဲ့ ဆရာကြီးပဲ။ မျက်နှာဖြူတွေဟာ သူ့ရဲ့ပန်းချီကားကို အလွန်ပဲ စိတ်ဝင်စားကြတယ်။ တကယ့်ကို ဈေးကြီးဈေးကောင်းပေးပြီး သူ့ပန်းချီကားတွေကို ဝယ်တာဗျ။ ပန်းချီဝါသနာအိုး မျက်နှာဖြူတွေကဆိုရင် သူ့ကို “ရွိုင်ရယ်အတ်” (တော်ဝင်ပန်းချီဆရာ) လို့တောင် တင်စားပြီး ခေါ်ကြတယ်။ ဒါပေမယ့် အခု ဒီပန်းချီကားမှာ ပန်းချီရဲ့စည်းကမ်းတွေ ချိုးဖောက်ထားတာ တွေ့ရတယ်။ ပန်းချီကားတစ်ချပ်ရဲ့ အလယ်တည့်တည့်မှာ မျဉ်းမတ်ဖြစ်စေတဲ့ အရာဝတ္ထုတွေ မရေး ရဘူး။ ဒီပန်းချီကားဟာ ဒီစည်းကမ်းကို အကျအနချိုးဖောက်ထားတယ်။ နောက်တစ်ခုက “ပါစပက်တစ်”လို့ ခေါ်တဲ့ အနီးအဝေးတွေ မှားနေတယ်။ အဝေးမှာ ရှိတဲ့ အုတ်ခဲက ကြီးပြီး၊ အနီးမှာ ရှိတဲ့အုတ်ခဲက သေးနေတယ်။ ဒီ့ထက်ဆိုးတာကတော့ အရိပ်တွေ မှားပြီးကျထားတယ်။ ဒီပန်းချီကားမှာရှိတဲ့ အရိပ်တွေ အားလုံး ညာဘက်ကိုခပ်စောင်းစောင်း ကျထားတယ်။ ဟောဒီနားက တိုင်ငုတ်ကလေးရဲ့အရိပ်ကျမှ ပြောင်းပြန် ဖြစ်ပြီး ဘယ်ဘက်ကိုအရိပ်ကျထားတယ်”

ဟု ပြောလိုက်လေ၏။ ထိုအခါ ကျွန်ုပ်က …

“ဒါဟာ ပန်းချီဆရာ တစ်ယောက် အနေနဲ့ မတော် တဆ မှားတာမ ဖြစ်နိုင်ဘူး။ တမင်တကာလုပ်ထားတာ ဖြစ်လို့ ခင်ဗျားကဆိုချင်တာလား”

ဟု မေးလိုက်သေး၏။ ထိုအခါ ဆားပုလင်းနှင်းမောင်က …

“ကျုပ်ဘာမှမဆိုချင်သေးဘူး။ ဒါပေမယ့် ဒီပန်းချီကားမှာ စိတ်ဝင်စားစရာအကောင်းဆုံး အချက်တစ်ချက် ရှိနေတယ်။ အဲဒါက ဘာလဲဆိုတော့ ဟောဒီတိုက်အိမ်ကြီးတစ်လုံးလုံးကို အသေးစိတ်ရေး ဆွဲထားတာလည်း ကျုပ် မအံ့ဩပါဘူး။ တိုက်အိမ်ရဲ့ပြတင်းပေါက်ကနေ အထဲမှာ လူသုံးယောက် ဖဲကစားနေတဲ့ပုံကို အသေးစိတ်ရေးထားတာကတော့ အံ့ဩစရာကောင်းတယ်ဗျ။ ဒီထက် အံ့ဩစရာကောင်းတာကတော့ ပြတင်းပေါက်နဲ့အနီးဆုံးလူ ကိုင်ထားတဲ့လက်ထဲက ဖဲချပ်ကို ခဲရာခဲဆစ်ရေး ထားတာ အအံ့ဩဆုံးပဲ”

ဟု ဆိုသဖြင့် ကျွန်ုပ်လည်း ပန်းချီကားအနီးသို့ တိုးကပ်၍ ကြည့်လိုက်ရာ ဆားပုလင်းနှင်းမောင် ပြောသည့်အတိုင်း လူသုံးယောက် ဖဲကစားနေသည့်ပုံကို ထိုအခါကျမှပင် တွေ့ရလေတော့၏ ။ ထို့ကြောင့် ကျွန်ုပ်က ..

“ဟုတ်ပါရဲ့ဗျာ .. လက်ထဲက ဖဲသုံးချပ်ကိုတောင် အတိုင်းသားမြင်နေရတယ်ဗျို့။ ဟောဒီဘက် အစွန်ဆုံးကဟာက “ဒိုင်းမွန်းကွန်း” ဗျ။ ဒုတိယဟာက “စပိတ်တစ်” ဗျ။ နောက်ဆုံးဟာက “ညှင်းငါး” ပဲဗျ”

ဟု ပြောလိုက်လေ၏။ ထိုအခါ ဆားပုလင်းနှင်းမောင်က ..

“ဟုတ်တယ် အိုင်ပီ”

ဟု ပြန်၍ ပြောလိုက်လေ၏။ ထို့ကြောင့် ကျွန်ုပ်က ..

“ကိုးမီးကစားတာဆိုရင်တော့ အဲဒီ လူ ခြောက်ပေါက်ပဲရှိတယ်ဗျ”

ဟု ပြောလိုက်ရာ ဆားပုလင်းနှင်းမောင်က ပြုံး၍ …

“ကိုးမီး မဟုတ်ဘူးဗျ။ ဂျိုတီဒေါင်းနေကြတာ”

ဟု ပြောလေ၏။

“ပိုကာဒေါင်းတယ်ပဲ ကြားဖူးပါတယ်။ ဂျိုတီဒေါင်းတယ်လို့ မကြားဖူးပါဘူးဗျာ”

ဟု ကျွန်ုပ်ကပြောလိုက်သောအခါ ဆားပုလင်းနှင်းမောင်က ..

“အိုင်ပီပြောတာက ပိုကာဒေါင်းတာပဲ။ ပိုကာက ဆယ်ချပ်ရှိတယ်။ ဆယ့်သုံးချပ်ရှိတယ်။ အတွဲကလည်း ပလာရာဆိုရင် အနည်းဆုံး သုံးချပ်တွဲ ရတယ်။ ရန်းဆိုရင်လည်း သုံးချပ်တွဲ ရတယ်။ ဂျိုတီက ဒီလိုမဟုတ်ဘူးဗျ။ နှစ်ချပ်စီ တွဲပြီး ကစားရတယ်။ ပိုကာကစားတဲ့အခါမှာ ဂျိုကာရုပ်ပါတဲ့ ဖဲချပ်ကို အသုံးပြုတယ်။ ဂျိုတီကစားတဲ့အခါမှာတော့ ဂျိုကာ ထည့်မကစားဘူး။ နှစ် ဖဲဟာ ဂျိုကာပဲ။ နှစ် ဖဲရရင် ဘာနဲ့ပဲ ဖြစ်ဖြစ် တွဲခွင့်ရှိတယ်။ ဝေတော့ ငါးချပ်ဝေရတယ်။ ကုလားဖဲသမားတွေ အလွန်သဘောကျတဲ့ ကစားနည်းပေါ့ဗျာ”

ဟု ရှင်းပြလေ၏။

“အင်း .. ခင်ဗျား ကတော့ စုံစုံစေ့စေ့သိပေတာကိုးဗျ။ တကယ့်ကို ဗဟုသုတဘဏ်တိုက်ကြီးပါပဲ။ ဒါနဲ့ နေပါဦး။ ဒီပန်းချီကားက ဘယ်ကနေဘယ်လိုရောက်လာတာတုံး”

ဟု ကျွန်ုပ်က မေးလိုက်လေ၏။

“ဒါ .. နက်ဖြန် ဆယ်နာရီထိုးရင် ရှေးဟောင်းပစ္စည်းရောင်းတဲ့ ကျူရီယိုဆိုင်က လေလံပစ်မယ့်ပစ္စည်းထဲမှာ ဒီပန်းချီကားလည်း ပါတယ်ဗျ။ ဒါကို သွားရည်ကျသွားတဲ့လူ သုံးယောက် ရှိလေရဲ့။ မနက်ဖြန်ဆိုရင် လေလံပွဲကို လာကြလိမ့်မယ်။ လေလံမပစ်ခင်မှာ ဒီပန်းချီကားကို လေ့လာစရာရှိတယ်ဆိုပြီး ကျုပ်ယူထားတာ။ ဒီနေ့ည ခုနစ်နာရီမထိုးခင် ပြန်ပေးရမယ်”

ဟု ဆားပုလင်းနှင်းမောင်က ပြောလေ၏။ ထို့နောက် ကျွန်ုပ်နှင့် ဆားပုလင်းနှင်းမောင်တို့သည် မအူကုန်းထိပ်ရှိ ကာကာလက်ဖက်ရည်ဆိုင်သို့သွားကာ အနံ့အရသာကင်းမဲ့လှသော လက်ဖက်ရည်ကို မှာယူသောက်သုံးကြလေ၏။ ထို့နောက် ကျွန်ုပ်သည် ဆားပုလင်းနှင်းမောင်အားနှုတ်ဆက်၍ ပြန်ခဲ့လေတော့၏။

 

နောက်နေ့နံနက် မိုးလင်းသည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်သည် ဆားပုလင်းနှင်းမောင်ထံသို့ ရောက်ရှိခဲ့လေတော့၏။ ထိုအခါ ဆားပုလင်းနှင်းမောင်က …

“စောစောစီးစီးပါလား”

ဟု မေးလေ၏ ။

“ဒီကနေ့ လေလံပွဲသွားမယ်မဟုတ်လား။ အဲဒါ ခင်ဗျားနဲ့အတူလိုက်ပြီးကြည့်ချင်လို့”

ဟု ကျွန်ုပ်ကပြောလိုက်ရာ ဆားပုလင်းနှင်းမောင်က …

“ဆယ်နာရီထိုးမှ စမှာပါ အိုင်ပီရယ်။ စောပါသေးတယ်။ ပြီးတော့လည်း ဗဟန်းကြားတောရလမ်းမှာဆိုတော့ သိပ်အဝေးကြီး သွားရမှာမှမဟုတ်ဘဲ”

ဟု ပြောလေ၏။

“စောတော့လည်း ရွှေတိဂုံဘုရားတက်ပြီးဖူးကြတာပေါ့ ကိုနှင်းမောင်ရယ်”

ဟု ကျွန်ုပ်ကပြောလိုက်ရာ ဆားပုလင်းနှင်းမောင်က ခေါင်းညိတ်၍ သဘောတူလိုက်လေ၏။ ထို့နောက်တွင် ကား ကျွန်ုပ်တို့နှစ်ဦးသည်စကားတပြောပြောဖြင့် ကန်တော်ကြီးကိုပတ်ကာ ရွှေတိဂုံဘုရားကို သွားရောက်ဖူးမြော်ကြလေ၏။ ဘုရားဖူးပြီးသောအခါ၌ အရှေ့ဘက်မုခ်မှဆင်းကာ မော်လမြိုင်သူ မိန်းမချောကြီးရောင်းသော ထမင်းဆိုင်၌ ငါးရံ့ခေါင်းဆီပြန် တစ်ပွဲစီမှာ၍ ထမင်းစားကြလေ၏။ ထမင်းစားပြီးနောက် လေလံပွဲရှိရာသို့ သွားရောက်ကြလေ၏။ ကျွန်ုပ်တို့ ရောက်ရှိသွားချိန်၌ လေလံပွဲသည် မောင်းတဒူဒူဖြင့် စနေပြီ ဖြစ်၏။ ဆင်စွယ်ရွက်သင်္ဘော၊ ကြေးနီမီးအုပ်ဆောင်း၊ ဖန်ပုတီးစေ့လိုက်ကာ စသော တိုလီမုတ်စပစ္စည်းများ လေလံတင်၍ ရောင်းချခဲ့ပြီ ဖြစ်၏။ ထို့နောက်တွင်ကား ယမန်နေ့က ကျွန်ုပ်မြင်တွေ့ခဲ့ရသော ပန်းချီကားကြီးကို စတင်၍ လေလံပစ်လေတော့၏။ စသည်ဆိုသည်နှင့်ပင် ဘောင်းဘီရှည်နက်ပြာရောင် ဝတ်၍ သက္ကလပ်ကုတ်အင်္ကျီအနက်ရောင်ကြီးကို ဆင်မြန်းကာ သက္ကလပ်ဦးထုပ်ပျော့တစ်လုံးကို ခပ်ငိုက်ငိုက်ဆောင်းထားသည့် နှုတ်ခမ်းမွေးစစနှင့် အသက်လေးဆယ်ခန့်ရှိ လူတစ်ယောက်က …

“ငါးရာ”

ဟု စတင်အော်လိုက်လေ၏။ ထို့ကြောင့် ကျွန်ုပ်က…

“ဒီပန်းချီကားကို ငါးရာတောင် ပေးပြီး ဝယ်တဲ့လူရှိတယ်နော်”

ဟုပြောလိုက်ရာ ဆားပုလင်းနှင်းမောင်က ပြုံးလေ၏။

“ရှစ်ထောင်နဲ့ တစ်သောင်းကြားလောက်မှ အဆုံးအဖြတ်ပေးလိမ့်မယ်။ အခု ငါးရာကစပြီး ပေးလိုက်တဲ့လူကို ကျုပ် ကောင်းကောင်းကြီးသိတယ်။ သူဟာ နာမည်ကြီး “မက်ဂျစ်ရှင်” တစ်ယောက်ပဲ။ သူ့နာမည်က “ဆူရကား”လို့ ခေါ်တယ်”

ဟု ပြောလိုက်လေ၏။ ထိုအခါ ကျွန်ုပ်က…

“မက်ဂျစ်ရှင် ဆိုတော့ မျက်လှည့်ဆရာပေါ့ဗျ”

ဟု ပြောလိုက်လေ၏။ ထိုအခါ ဆားပုလင်းနှင်းမောင်က…

“Magic (မက်ဂျစ်) ဆိုတဲ့စကားကို ကျုပ်တို့မြန်မာတွေက မျက်လှည့်လို့ချည်း နားလည်နေကြတယ်။ အမှန်က မက်ဂျစ်ဟာ မျက်လှည့်ဆိုတဲ့စကားထက် နက်နဲတဲ့အဓိပ္ပာယ်ကို ဆောင်တယ်ဗျ။ ဒါပေမယ့် ကျုပ်က စကားလုံးရွေးချယ်တဲ့အလုပ်ကိုသိပ်ပြီးစိတ်မဝင်စားလေတော့ မက်ဂျစ်ကို မက်ဂျစ်လို့ပဲ ပြောမယ်ဗျာ။ အဲဒါ လိုက်စားတဲ့လူကိုလည်း “မက်ဂျစ်ရှင်” လို့ပဲပြောမယ်။ ကဲလေ ..ထားလိုက်ပါတော့ .. ဆူရကားဟာ မက်ဂျစ်ရှင်တစ်ယောက်ပဲ။ သူ ဒီပန်းချီကားကို မရမကလိုက်ပြီး ကြေးတိုက်လိမ့်မယ်”

ဟု ပြောလေ၏။

“ဘာဖြစ်လို့ သူက ဒီလောက် အငမ်းမရ လိုချင်ရတာတုံး”

ဟု ကျွန်ုပ်က မေးလိုက်လေ၏။

“ဒီပန်းချီကားဟာ ရိုးရိုးပန်းချီကား မဟုတ်ဘူး။ မက်ဂျစ်ပညာနဲ့ ရေးဆွဲထားတာ ဖြစ်တယ်။ ဒီပန်းချီကားမျိုးကို ရှေးဟောင်း“ရိုမန်နီ” လူမျိုးတွေ ရေးဆွဲလေ့ရှိတယ်။ တိုက်အိမ်ထဲမှာ လူတစ်ယောက် ကိုင်ထားတဲ့ဖဲချပ်ဟာ မက်ဂျစ်ပညာတစ်ခုရဲ့လျှို့ဝှက်ချက်ပဲ။ ဒီပညာဘက်မှာ လိုက်စားတဲ့ မစ္စတာဆူရကားတို့လို့လူအဖို့ ဒီပန်းချီကားကို နေ့စဉ် တစိမ့်စိမ့်ကြည့်ရင်း ပညာဥာဏ်ပွင့်သွားနိုင်တယ်”

ဟု ဆားပုလင်းနှင်းမောင်က ပြောလိုက်လေ၏။

 

ထိုစဉ်၌မှာပင် တစ်စုံတစ်ယောက်သည် ထ၍ ..

“ရှစ်ရာ”

ဟု အော်ရင်း သူ၏ လက်ဝဲဘက်လက်ကို အများမြင်အောင်ထောင်၍ ပြလိုက်လေ၏။ ထိုအခါ လေလံပစ်သူက မောင်းကို တဒူဒူထုရင်း …

“ရှစ်ရာ တစ်ကြိမ်”

ဟု အော်လိုက်လေ၏။ လေလံပွဲပရိသတ်သည် ငြိမ်၍ နားထောင်နေ၏။ များ မကြာမီ၌မှာပင် လေလံပစ်သူက မောင်းကို ဒူခနဲ ထုလိုက်ရင်း …

“ရှစ်ရာ နှစ် ကြိမ်”

ဟု အော်လိုက်လေ၏။ ထိုအခါ ဆားပုလင်းနှင်းမောင်က …

“အခု ရှစ်ရာပေးတဲ့လူကို ကျုပ် ကောင်းကောင်းသိတယ်ဗျ။ အဲဒီ လူဟာ မြင်းထရိန်နာပဲ။ သူ့မှာ စေတန်ဆိုတဲ့ မြင်းတစ်ကောင်နဲ့ အငယ်လေးဆိုတဲ့ မြင်းတစ်ကောင်ရှိတယ်။ သူက ဘာအဓိပ္ပာယ်နဲ့ ဒီပန်းချီကားကို လေလံလိုက်ပြီးဆွဲသလဲတော့မဆိုနိုင်ဘူး”

ဟု ပြောလေ၏။ ထိုအချိန်၌မှာပင် တစ်စုံတစ်ယောက်သည် လက်ယာဘက်ကိုထောက်၍ …

“ကိုးရာ”

ဟု အော်လိုက်လေ၏။ ထိုအခါ ဆားပုလင်းနှင်းမောင်က…

“အဲဒီ လူကြီးကိုလည်း ကျုပ် ကောင်းကောင်းသိတယ်ဗျ။ သူ့နာမည်က ဦးချမ်းသာတဲ့။ ဇာတ်ထောင်တဲ့ လူကြီးဗျ။ ဒီလူကြီး ကတော့ ပန်းချီဝါသနာအိုးကြီး”

ဟု ပြောလိုက်လေ၏။

 

ထိုအခါ၌ လေလံသမားသည် မောင်းကို ဒူခနဲ ထုလိုက်ပြီးလျှင် ..

“ကိုးရာ တစ်ကြိမ်”

ဟု အော်လေ၏။ ထိုအခါ မစ္စတာဆူရကားက…

“တစ်ထောင့်လေးရာ”

ဟု လက်ကိုဆန့်တန်း၍ အော်လိုက်လေ၏။ ထိုအခါ မြင်းထရိန်နာက ..

“ထောင့်ခုနစ်ရာ”

ဟု အော်လိုက်ပြန်လေ၏။

 

လေလံပစ်သူသည် မောင်းကို ဒူခနဲထုလိုက်ရင်း …

“ထောင့်ခုနစ်ရာ တစ်ကြိမ်”

ဟု အော်လိုက်ရာ ဇာတ်ဆရာဦးချမ်းသာက …

“ထောင့်ရှစ်ရာ”

ဟု အော်လိုက်လေ၏။ ထိုအခါ လေလံပစ်သူက …

“ဒူ .. ထောင့်ရှစ်ရာ တစ်ကြိမ်”

ဟု ကြေညာရပြန်လေ၏။

 

ထိုအခါ မစ္စတာဆူရကားက လေလံသမားတို့၏ အစဉ်အလာထုံးစံကိုချေဖျက်၍ နောက်ဆုံး ကြေညာလိုက်သော ဈေးနှုန်းနှင့် လွန်စွာ အလှမ်းကွာသော ဈေးကို အော်ပြောလိုက်လေတော့၏။

 

“ကဲ လိုက်ချင်တဲ့သူ၊ တိုက်ချင်တဲ့လူရှိရင် လိုက်ကြ၊ တိုက်ကြပေတော့ .. ကိုးထောင်ပေးတယ်”

ဟုပြောကာ ဆင်တံဆိပ်စီးကရက်ကိုထုတ်၍ မီးညှိရှိုက်ဖွာရင်း ပရိသတ်ကို အကဲခတ်နေလေတော့၏။ ထိုအခါ ဇာတ်ပိုင်ရှင်ဦးချမ်းသာက မစ္စတာဆူရကား၏မျက်နှာကို ငေး၍ ကြည့်နေ၏။ လေလံပွဲပရိသတ်လည်း မစ္စတာဆူရကားအား အံ့အားသင့်သော မျက်လုံးများဖြင့် ကြည့်ရှုနေကြလေ၏။ လေလံပစ်သော သူပင် မောင်းကို မထုနိုင်ဘဲ မစ္စတာဆူရကားအား လှမ်း၍ ကြည့်နေလေ၏။ ထို့နောက်မှ…

“ကိုးထောင် တစ်ကြိမ်”

ဟု အော်ဟစ်လိုက်လေတော့၏။ ပရိသတ်သည် ငြိမ်နေ၏။

ထိုအခါ ဇာတ်ပိုင်ရှင်ဦးချမ်းသာက …

“ကိုးထောင့်ကိုးရာကိုးဆယ့်ကိုးကျပ် ပေးတယ်”

ဟု အော်လိုက်လေလျှင် လေလံပစ်သောသူပင် လန့်ဖျပ်သွားသည် ဖြစ်ရာ ၎င်းလက်အတွင်းမှ မောင်းကြီးသည် ဂွမ်ခနဲ အောက်သို့ လွတ်ကျသွားလေတော့၏။ ပရိသတ်သည် အပ်ကျသံပင် ကြားရမတတ်ငြိမ်၍ သွားလေတော့၏။ မစ္စတာဆူရကားလည်း စိတ်ပျက်လက်ပျက်အမူအရာနှင့် ဦးချမ်းသာအား အရှုံးပေးကြောင်း လက်ဟန်ခြေဟန်ဖြင့် ပြကာ လေလံဝိုင်းအတွင်းမှထွက်သွားလေတော့၏။ လေလံပစ်သူမှာ လွတ်ကျသွားသော မောင်းကို ကောက်ယူ၍ …

“ကိုးထောင့်ကိုးရာကိုးဆယ့်ကိုးကျပ် တစ်ကြိမ်”

“ဒူ … ”

“ကိုးထောင့်ကိုးရာကိုးဆယ့်ကိုးကျပ် နှစ်ကြိမ်”

“ဒူ … ”

“ကိုးထောင့်ကိုးရာကိုးဆယ့်ကိုးကျပ် သုံးကြိမ်”

“ဒူ … ”

ဟု လူတစ်လှည့် မောင်းတစ်လှည့် ပရိသတ်ကိုအသိပေးပြီးနောက် ဦးချမ်းသာထံမှ ငွေကိုးထောင့်ကိုးရာကိုးဆယ့်ကိုးကျပ်ကို လက်ခံပြီးလျှင် ထိုထူးဆန်းသော ပန်းချီကားကို အင်္ဂလိပ်သတင်းစာ စာရွက်ကြီးများ ဖြင့် ထုပ်ပတ်ချည်နှောင်ကာ ဦးချမ်းသာ၏ လက်သို့ တရိုတသေလွှဲအပ်လိုက်လေတော့ သတည်း။

 

♣♥♠♥♣♥♠♥♣

 

အထက်ပါအဖြစ်အပျက်များ ဖြစ်ပွားပြီး ခြောက်နှစ်ခန့်ကြာသောအခါ၌ ကျွန်ုပ်သည် မိတ်ဆွေကြီး ဆားပုလင်းနှင်းမောင်၏ အိမ်သို့သွားရောက်ခဲ့လေ၏။

 

ဆားပုလင်းနှင်းမောင်သည် ကျွန်ုပ်အား ရေနွေးကြမ်းဖြင့် ဧည့်ခံလေ၏။ ကျွန်ုပ်လည်း ရေနွေးကြမ်းသောက်ရင်း ဆားပုလင်းနှင်းမောင်နှင့် စကားပြောနေ၏။

 

ထိုအချိန်၌မှာပင် တစ်စုံတစ်ယောက်သည် အခန်းဝသို့ရောက်ရှိလာပြီးလျှင် …

“ဝင်ခွင့်ပြုပါခင်ဗျာ”

ဟု ပြောလေ၏။ ထိုအခါ ဆားပုလင်းနှင်းမောင်က..

“ဝင်ခဲ့လေဗျာ”

ဟု လှမ်း၍ ပြောလိုက်သဖြင့် ထိုသူသည် အခန်းတွင်းသို့ ဝင်လာ၏။ ထို့နောက် ခုံလွတ်တစ်လုံးတွင် ဝင်၍ ထိုင်၏။ ပြီးလျှင် …

“ဆရာတို့နှစ်ယောက် အနက် ဘယ်သူဟာ ဆားပုလင်းနှင်းမောင်ပါလဲ ခင်ဗျာ”

ဟုမေးပြီးနောက် ၎င်းဘာသာပင် ဆားပုလင်းနှင်းမောင်ကို ရွေးချယ်သိရှိသွားကာ…

“ဒီဆရာပဲ ဖြစ်မှာပါ”

ဟု ပြောဆို၍ ဆားပုလင်းနှင်းမောင်အနီးသို့ ၎င်း၏ ခုံကို တိုးကပ်အောင် ရွှေ့လိုက်လေ၏။ ကျွန်ုပ်လည်း ထိုသူကို သေချာစွာ ကြည့်လိုက်လေ၏။ ထိုသူမှာ အသက်အားဖြင့် အစိတ်ခန့်သာရှိဦးမည် ဖြစ်၏။ အသားမှာ ညို၏။

 

ထိုသို့ အကဲခတ်နေစဉ်၌ပင် ထိုသူငယ်က ဆားပုလင်းနှင်းမောင်အား…

“ကျွန်တော့်နာမည်က မောင်ယဉ်မောင်လို့ ခေါ်ပါတယ်။ ကျွန်တော့်အဖေရဲ့နာမည်က ဦးချမ်းသာတဲ့။ ဇာတ်ထောင်ပါတယ်။ ဇာတ်ဆရာဦးချမ်းသာဆိုရင် လူတိုင်းသိပါတယ်။ ပြီးခဲ့တဲ့နှစ်က ဆုံးသွားပါပြီ”

ဟု ပြောလေ၏ ။

“ဘာရောဂါ နဲ့များ ဆုံးတာလဲကွယ်”

ဟု ကျွန်ုပ်က ကြားဖြတ်၍ မေးလိုက်လေ၏။

“ရောဂါ နဲ့ဆုံးတာမဟုတ်ဘူးခင်ဗျ။ ကားတိုက်ခံရပြီး ဆုံးသွားတာပါ။ ကျွန်တော့်အဖေက မနက်တိုင်း ထပြီးလမ်းလျှောက်တဲ့ အကျင့်ရှိတယ်။ အဲဒီမှာ ကားတိုက်ခံရရှာတာပဲ။ တစ်ခုထူးဆန်းတာက အဖေမသေခင်မှာ အဖေ့ဆီကို စာတိုက်ကနေစာတစ်စောင်ရောက်လာတယ်။ အဖေက စာအိတ်ကို ဖွင့်ပြီးကြည့်လိုက်တော့ အထဲမှာ ဘာစာမှမပါဘူး။ “ဒိုင်းမွန်းကွင်း” ဖဲချပ်ကလေးတစ်ချပ် ထွက်လာတယ်”

ဟု မောင်ယဉ်မောင်က ပြောလေ၏။

 

ထိုအခါ၌ ဆားပုလင်းနှင်းမောင်၏ မျက်လုံးများသည် အရောင် တဖျပ်ဖျပ်လက်၍ လာလေ၏။ အမဲလိုက်ခွေးသည် သားကောင်၏အနံ့ကို ရသည့်အလား လှုပ်လှုပ်ရှားရှား ဖြစ်၍ သွားလေ၏။ ထို့နောက် ဆားပုလင်းနှင်းမောင်က ..

“အဲဒီ ကွင်းဖဲချပ်ရပြီးပြီးချင်း ကားတိုက်ခံရတာလား”

ဟု မေးလိုက်လေ၏။

“မဟုတ်ဘူးခင်ဗျား။ အဲဒီ ဖဲချပ်ရပြီး ဆယ့်ငါးရက်လောက်ကြာတဲ့အခါမှာ စပိတ်တစ်ဖဲတစ်ချပ်ရသေးတယ်။ အဲဒီ စပိတ်တစ် ဖဲချပ်နဲ့အတူ ငါတို့ပေးထားတဲ့ပစ္စည်းတွေ ပြန်ပေးလို့ အဓိပ္ပာယ်ရတဲ့ အင်္ဂလိပ်စာလေးတစ်ကြောင်းလည်းပါတယ် ခင်ဗျ”

ဟု မောင်ယဉ်မောင်က ပြောလိုက်လေ၏။

 

ထိုအခါ ဆားပုလင်းနှင်းမောင်က ..

“အဲဒီ စပိတ်တစ်ဖဲချပ်ရပြီးတော့ သေတာလား”

ဟု မေးလိုက်လေ၏။

“မဟုတ်ဘူးခင်ဗျ။ ပြောတဲ့အတိုင်းမလုပ်ရင် အသေဆိုးနဲ့ သေရစေမယ်ဆိုတဲ့ အင်္ဂလိပ်ဘာသာနဲ့ စာတစ်စောင်ရယ်။ ညှင်းငါးဖဲတစ်ချပ်ရယ် ရောက်လာပြီး မကြာခင်မှာ သေတာပဲ”

ဟု မောင်ယဉ်မောင်က ပြန်၍ ဖြေလေ၏။

 

ထိုအခါ ကျွန်ုပ်က ..

“အခု ဒီသူငယ်ပြောတဲ့ ဖဲချပ်သုံးချပ်ဟာ ဟိုတစ်ခါပန်းချီကားမှာ ပါတဲ့ ဖဲသုံးချပ်နဲ့အတူတူပါပဲလား”

ဟု ပြောလိုက်လေ၏။

 

ဆားပုလင်းနှင်းမောင်သည် ကျွန်ုပ်၏ စကားကို ထောက်ခံသော အားဖြင့် ခေါင်းကိုဆတ်ပြလိုက်လေ၏။ ထိုအခါ ကျွန်ုပ်က ..

“အေးလေ .. သေပြီးပြီပဲကွာ။ စိတ်မကောင်းမဖြစ်ပါနဲ့”

ဟု ပြောလိုက်လေ၏။ ထိုအခါ မောင်ယဉ်မောင်က ..

“စိတ်မကောင်း ဖြစ်လို့ လာပြောတာမဟုတ်ဘူး။ အခု ကျွန်တော့်ဆီကို စာတိုက်ကနေ ဒိုင်းမွန်းကွင်း ဖဲတစ်ချပ်ရောက်လာတယ်။ ဂါတ်ကို အကျိုးအကြောင်းသွားပြောတော့ ဂါတ်ပုလိပ်တွေက အလေးအနက်မထားဘူး။ လူနောက်လူပြောင်တွေ ပို့တာပါကွာလို့ပြောပြီး ကျွန်တော့်ကို ပြန်လွှတ်လိုက်တယ်။ တစ်လလောက်ကြာတော့ စပိတ်တစ်ဖဲတစ်ချပ် ထပ်ပြီးရောက်လာတယ်”

ဟုဆိုကာ ဖဲချပ်များ ကို ပို့လိုက်သော စာအိတ်များ နှင့် အတူ ကျွန်ုပ်တို့အား ထုတ်ပြလေတော့၏။

 

ကျွန်ုပ်သည် ဖဲချပ်များ ကို ကောက်ယူကြည့်ရှုလေ၏။ ဆားပုလင်းနှင်းမောင်ကမူ ဖဲချပ်များ ပို့လိုက်သော စာအိတ်များကို သေချာစွာ ကြည့်ရှုပြီးနောက် ..

“ဒီမှာ မောင်ယဉ်မောင်.. ညှင်းငါးတစ်ချပ်လာရင်တော့ မင်းကိုသတ်ပြီမှတ်ပေတော့။ အဲဒီတော့ကွာ.. ညှင်းငါးတစ်ချပ်ရတာ နဲ့တစ်ပြိုင်နက် ဒီကိုပြေးလာပေတော့”

ဟု ပြောလိုက်လေ၏။ ထိုအခါ မောင်ယဉ်မောင်က …

“ကျွန်တော့်အသက်ကို ကယ်ပါခင်ဗျာ။ ကျွန်တော် အခုလိုဘာမှန်းညာမှန်းမသိဘဲသေရမှာကို ကြောက်ပါတယ်ခင်ဗျာ”

ဟု တုန်တုန်ယင်ယင်ဖြင့် ပြောဆို၍ ပြန်သွားလေတော့၏။

 

မောင်ယဉ်မောင်ပြန်သွားသောအခါ၌ ကျွန်ုပ်က ..

“ဘယ်လို ဖြစ်တာလဲ”

ဟုမေးရာ ဆားပုလင်းနှင်းမောင်က ..

“လူမှားပြီးသတ်တာဗျ။ ရှေးဟောင်း မက်ဂျစ်သမား၊ ရိုးရိုးမက်ဂျစ်သမားတော့ မဟုတ်ဘူး။ ဘလက်မက်ဂျစ်လို့ခေါ်တဲ့ အတတ်ဆန်းကို တတ်တဲ့လူတွေ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုရဲ့လက်ချက်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရှေးဟောင်းရိုမန်နီလူမျိုးတွေမှာ တစ်ဦးနဲ့တစ်ဦး ဖဲချပ်တွေ မှာ အဓိပ္ပာယ်တွေ ရှိတယ်ဗျ။ အဲဒါတွေ ကို တစ်နေ့မှာ လိုရမည်ရဆိုပြီး ကျုပ်လည်း ရှာဖွေပြီး မှတ်စုထုတ်ထားတယ်။ ဒိုင်းမွန်းကွင်းဟာ (ကောင်းသော အသီးအပွင့်များကို ဆွတ်ခူးနိုင်ခြင်း) ဆိုတဲ့ အဓိပ္ပာယ်ကိုရတယိဗျ။ စပိတ်တစ်ဟာတော့ (ကံဆိုးမိုးမှော င်) လို့ အဓိပ္ပာယ်ရတယ်။ ညှင်းငါး ကတော့ (ကံတရားက စတင်တိုက်ခိုက်ပြီ၊ ငိုကြွေးပေတော့) လို့အဓိပ္ပာယ်ရတယ်ဗျ။ အဲဒီတော့ ဦးချမ်းသာကိုသတ်တဲ့လူစုဟာ သစ္စာဖောက်သွားတဲ့ သူတို့အဖွဲ့ဝင် တစ်ယောက် နဲ့ လူမှားပြီးသတ်တာဗျ။ အချင်းချင်းလို့ ယူဆလို့ဖဲချပ်ပို့ပြီးသတိပေးတာပေါ့ဗျာ။ အပြင်လူကို ဒီဖဲချပ်ပို့လို့ ဘာအဓိပ္ပာယ်ရှိမှာတုန်း”

ဟု ပြောလိုက်၏။

“ဘယ်လိုကြောင့်များ လူမှားရတာတုံးဗျာ”

ဟု ကျွန်ုပ်က မေးလိုက်ရာ ဆားပုလင်းနှင်းမောင်က …

“ကျွန်ုပ်တို့ တစ်ခါတုန်းကကြည့်တဲ့ လေလံပွဲက ပန်းချီကားနဲ့ပတ်သက်နေတယ်ဗျ။ သူတို့အဖွဲ့ဝင်တွေ ဟာ ကမ္ဘာအရပ်ရပ်မှာ ပြန့်နေတယ်။ ဒါပေမယ့် အထိမ်းအမှတ်တစ်ခုခုတော့ရှိဟန်တူတယ်။ အဲဒီ အထိမ်းအမှတ်ဟာ ပန်းချီကားပဲထင်တယ်။ သူတို့အဖွဲ့ဝင်တွေ ဟာ အဖွဲ့ကထွက်တဲ့အခါမှာ အဖွဲ့ကို ပြန်ပြီးအပ်ရတယ်နဲ့တူတယ်ဗျ။ အဲဒီ မှာ အဖွဲ့ဝင် တစ်ယောက်ဟာ အဖွဲ့နဲ့လည်း အဆက်အသွယ်မလုပ်တော့ဘဲ ပန်းချီကားကိုလည်း ပြန်မအပ်တော့ဘဲ ဇာတ်မြှုပ်ပြီးနေလိုက်တယ်ထင်တယ်။ အဲဒီမှာ ဒီလူ့ကို အဖွဲ့ဝင်တွေက ကမ္ဘာအရပ်ရပ်မှာ လှည့်ပြီးစုံစမ်းနေပုံရတယ်။ နောက်ဆုံး မြန်မာပြည်မှာ သတင်းရလို့ ဖဲချပ်ပို့ပြီး သတိပေးတာပဲ။ နောက်ဆုံး ဒီနည်းနဲ့လုပ်ကြံခံသွားရတာပဲ ဖြစ်လိမ့်မယ်”

ဟု ဆားပုလင်းနှင်းမောင်က ရှင်းပြလေ၏။

 

ထို့နောက် ကျွန်ုပ်သည် ဆေးတံအိုး၌ ဆေးထည့်ကာ မီးညှိရှိုက်ဖွာရင်း ထူးဆန်းသော လူသတ်မှုအကြောင်းကို စဉ်းစားနေမိလေ၏။ ဆားပုလင်းနှင်းမောင်မှာမူ ခြောက်လုံးပြူးသေနတ်ကိုထုတ်၍ တိုက်ချွတ်နေလေ၏။ ထိုအချိန်၌မှာပင် မိုးကလေးတစိမ့်စိမ့်ရွာလာသဖြင့် ပါးစောင်၌ ခဲထားသော ဆေးတံကိုဖြုတ်ကာ ကျွန်ုပ်သည် ကုလားထိုင်နောင်မှီ၌ နောက်စေ့ကို မှေး၍ တင်ကာ ငိုက်မျဉ်းခြင်း၏ ထူးကဲသော အရသာကို ခံစားနေလေတော့၏။ ထိုအချိန်၌မှာပင် ..

“ဆရာရေ .. ဆရာရေ ..”

ဟု အော်ဟစ်ကာ တစ်စုံ တစ်ယောက် ပြေးတက်လာသဖြင့် ကျွန်ုပ်သည် မျက်လုံးကိုဆတ်ခနဲဖွင့်ကာ ကြည့်လိုက်ရာ စောစောကပြန်သွားသော မောင်ယဉ်မောင် ဖြစ်ကြောင်း သိရလေတော့၏။ ဆားပုလင်းနှင်းမောင်လည်း သေနတ်၏ ဆုံလည်ပေါက်အတွင်းသို့ ကျည်ဆန်များကို ထိုးထည့်လိုက်ပြီးနောက် ..

“ဘာလဲ မောင်ယဉ်မောင်။ ညှင်းငါးဖဲတစ်ချပ် ရောက်လာပြီလား”

ဟု မေးလိုက်လေ၏။ ထိုအခါ မောင်ယဉ်မောင်သည် လွန်စွာ မောပန်းထိတ်လန့်စွာဖြင့် …

“အစစ်ပေါ့ ဆရာရယ်။ ကျွန်တော် ဒီလိုလာနေတုန်း အိမ်ကိုစာတစ်စောင်ရောက်နေတယ်။ အဲဒီ စာအိတ်ကို ကျွန်တော် ဖွင့်ကြည့်တော့ ညှင်းငါးဖဲတစ်ချပ် ထွက်လာတယ်”

ဟုဆိုကာ ထိုဖဲချပ်နဲ့အတူ စာအိတ်ကိုပါ ဆားပုလင်းနှင်းမောင်အားပေးလိုက်လေ၏။ ဆားပုလင်းနှင်းမောင်သည် ဖဲချပ်နှင့် စာအိတ်ကို သေချာစွာ ကြည့်ပြီးနောက် စာအိတ်ကော်ပိတ်ထားသော နေရာသို့ နှာခေါင်းကိုကပ်၍ အနံ့ခံပြီးလျှင် ..

“ဘယ်လိုလဲ အိုင်ဆေး”

ဟု ကျွန်ုပ်ကမေးလိုက်ရာ ဆားပုလင်းနှင်းမောင်က …

“လူသတ်သမားဟာ ကျုပ်ပြောတဲ့အတိုင်းပဲဗျ။ ဒီကောင် ဆေးတံသောက်တယ်။ အိန္ဒိယပြည်တောင်ပိုင်းသားတစ်ဦးပဲ။ သူ့နာမည်က “နာရာရန်း”လို့ ခေါ်တယ်။ သူမနေ့က သန်းခေါင်ကျော်လောက်မှ ရန်ကုန်ကိုရောက်တယ်။ ဒီကနေ့ည လာချင်လာလိမ့်မယ်”

ဟု ပြန်၍ ပြောလေ၏။ ထိုနေ့ညက ကျွန်ုပ်တို့သည် ထမင်းကိုစောစောစား၍ မီးမှောင်ချကာ အိပ်ရာထက်၌ ပက်လက်လှန်၍ အိပ်စက်ခြင်းမပြုဘဲ စောင့်မျှော်နေကြလေ၏။ ကျွန်ုပ်သည် ညဉ့်အတော် နက်သောအခါ၌ အနည်းငယ်ငိုက်ခနဲ ဖြစ်သွားလေ၏။ ထိုအချိန်၌မှာပင် ဝရုန်းသုန်းကားသတ်ပုတ်သံများ ကိုကြားသဖြင့် မီးကိုဖွင့်လိုက်ရာ မိမိဓားမြှောင်ဖြင့် မိမိဗိုက်ကို ပြန်လည်ထိုးမိကာ နံရံကိုမှီလျက် အသက်ပျောက်နေသော အသက်ငါးဆယ်ကျော်အရွယ် ကုလားတစ်ဦးကို တွေ့ရလေ၏။ ထိုကုလားသည် အနက်ရောင် ဘောင်းဘီ၊ အင်္ကျီတို့ကို ဝတ်ထား၏။ ထိုကုလား၏အိတ်တွင်းသို့ ရှာရာ မီးခြစ်တစ်လုံး၊ ဆေးတံတစ်လက်နှင့် ဆေးတံသောက်ဆေးတစ်ဘူးကို တွေ့ရလေ၏။ ထိုဆေးတံသောက်ဆေးကို ဖွင့်၍ ကြည့်ရာ “ဘင်္ဂလားဓားလှီးဆေး” ဟုခေါ်သည့် ဆေးမှုန့်များ ကို တွေ့ရလေ၏ ။ ထို့ကြောင့် ကျွန်ုပ်သည် သင်္ကန်းကျွန်းဂါတ်သို့ အကြောင်းကြားရလေ၏။ သင်္ကန်းကျွန်းဂါတ်မှ ရာဇဝတ်အုပ်နှင့် ရဲသားများ ရောက်လာလေလျှင် ကျွန်ုပ်က အကျိုးအကြောင်းကိုပြောပြ၏။ ရာဇဝတ်အုပ်သည် လိုက်လံရေး မှတ်ပြီးလျှင် အလောင်းကို ဆေးရုံသို့ ပို့လိုက်လေ၏။ ကျွန်ုပ်တို့သည် ထိုည၌ ထိုအိမ်၌ပင် အိပ်စက်၍ နောက်တစ်နေ့မိုးလင်းမှပင် ဆားပုလင်းနှင်းမောင်နေထိုင်ရာ (၂၉၅) ဘိုးလိန်းလမ်းသို့ ပြန်လာခဲ့ကြလေ၏။ ထိုအခါ မောင်ယဉ်မောင်က ..

“ဘယ်လိုလဲ ဆရာ”

ဟု ဆားပုလင်းနှင်းမောင်အားမေးလေ၏။

“မှောင်ကြီးထဲမှာ ဆိုတော့ ဘာမှလဲ မမြင်ရဘူး။ သူ့အသက် ကိုယ့်အသက် လုကြရတာ မဟုတ်လားကွာ။ အဲဒီ မှာ မင်းကိုသတ်မလို့လာတဲ့ နာရာရန်းဆိုတဲ့အကောင်တော့ သူ့ဗိုက်ကို သူ့ဓားနဲ့ထိုးမိပြီး သေသွားရှာပြီ”

ဟု ဆားပုလင်းနှင်းမောင်က ပြောလိုက်လေ၏။ ထိုအခါ မောင်ယဉ်မောင်လည်း ကျေးဇူးတင်စကားပြောကာ အိမ်သို့ပြန်သွားလေတော့၏။ မောင်ယဉ်မောင်ပြန်သွားပြီး မကြာမီ၌ ဆားပုလင်းနှင်းမောင်က ကျွန်ုပ်အား ..

“အခေါက်ကင်ကောင်းကောင်းနဲ့ ထမင်းမစားရတာ ကြာပြီဗျာ။ တရုတ်တန်းဘက်သွားပြီး စားကြရအောင်လား”

ဟု ပြောလိုက်လေ၏ ။ ကျွန်ုပ်ကလည်း ..

“ကောင်းသားပဲဗျာ။ အခေါက်ကင်ကြွပ်ကြွပ်လေးနဲ့ ထမင်းပူပူလေးတစ်လုံးလောက် စားလိုက်ရရင်ကို အတော် ကလေးအာဟာရ ဖြစ်သွားမယ်လို့ ကျုပ်စိတ်ထဲမှာ ထင်သွားတယ်ဗျ”

ဟု ပြောလိုက်လေ၏။ ထို့နောက် ကျွန်ုပ်တို့နှစ် ဦးသည် တရုန်တန်းဘက်သို့ ထွက်လာခဲ့ကြလေတော့၏။ လမ်းတွင် ကျွန်ုပ်က ..

“ဘယ်လိုလဲ အိုင်ဆေး။ တရားခံကို ဘယ်လိုစဉ်းစားလိုက်တာလဲ”

ဟု မေးလိုက်ရာ ဆားပုလင်းနှင်းမောင်က…

“စာအိတ်က တံဆိပ်တုံးတွေကို ကြည့်တာ။ ပထမပို့လိုက်တဲ့စာက သီဟိုဠ်က ဖြစ်နေတယ်။ နောက်ပို့တဲ့ စာတစ်စောင်က ကာလကတ္တားက ဖြစ်နေတယ်။ နောက်ဆုံးပို့တဲ့စာက “ပို့ပုလဲယား” က ပို့လိုက်တာဗျ။ ဒါကိုကြည့်ရင် စာပို့နေတဲ့လူဟာ သူကိုယ်တိုင် ခရီးသွားနေတယ်ဆိုတာ သိနိုင်တယ်ဗျ။ သူ့ခရီးစဉ်ကလည်း ကိုးရိုးကားယားဗျ။ ဟိုဝင်ဒီထွက်ကြီး။ အဲဒီတော့ ဒီလူဟာ သင်္ဘောနဲ့ပင်လယ်ပြင်မှာ ခရီးသွားနေတာတော့ မှန်တယ်။ သူလိုက်တဲ့သင်္ဘောဟာခရီးသည်တင်သင်္ဘောတော့ မဖြစ်နိုင်ဘူး။ “စက္ကရူနား” လို့ခေါ်တဲ့ ကုန်တင်ကတ္တူကြီး ဖြစ်လိမ့်မယ်။ အဲဒါနဲ့ ကျုပ်လည်း ရေဝန်ရုံးကို မနက်ဖက်မှာ သွားပြီး စုံစမ်းတော့ မနေ့ညက သန်းခေါင်လောက်က ဆိပ်ကမ်းမှာ စက္ကရူးနားတစ်စင်းဆိုက်ကြောင်း ရီဂျစ်စတာသွင်းထားတယ်။ အဲဒီတော့ စက္ကရူးနားပေါ်မှာ ပါတဲ့လူတွေနဲ့ပတ်သက်လို့ စုံစမ်းလိုက်တော့ ဓားလှီးဆေးတံသောက်ဆေးနဲ့ဆေးတံသောက်တဲ့လူ တစ်ယောက် ပါလာတာကိုသိရတယ်။ အဲဒါနဲ့ ကျုပ်လည်း လေ့လာစရာရှိတာတွေ ကို လေ့လာပြီး ပြန်လာခဲ့တယ်။ နာရာရန်းဆိုသူ တစ်ယောက် ကတော့ မောင်ယဉ်မောင်ကိုသတ်ဖို့ သူ့ရဲ့စက္ကရူးနားပေါ်ကနေ ဆင်းလာခဲ့တယ်။ မောင်ယဉ်မောင်က ကျုပ်တို့ကိုအကူအညီတောင်းထားတော့ မောင်ယဉ်မောင့်အိမ်မှာ လူမရှိဘူး။ အဲဒီတော့ လူသတ်သမားဟာ မောင်ယဉ်မောင်ရှိတယ်အမှတ်နဲ့ ဒီအနားကို ကပ်လာတယ်။ ဒါပေမယ့် ကျုပ်လွှတ်ထားတဲ့ ငန်းတွေကိုမြင်တော့ အနားကိုကပ်ဖို့မလွယ်ဘူးဆိုတာ နာရာရန်း ရိပ်မိသွားတယ်။ ဒါပေမယ့် ဒီကောင်က လူလည်ဗျ။ အနီးဆုံးနေရာကနေ ပြာတွေ သွားယူလာပြီး ဘဲငန်းတွေ ပေါ် ကြဲတာကိုး။ အဲဒီမှာ ဘဲငန်းတွေ ဟာ ပြာတွေ ပါးစပ်ထဲဝင်ပြီး အသံတွေ ကပ်ကုန်တာပါပဲ။ အဲဒီလို ဖြစ်တော့မှ သူက အိမ်ရဲ့အမိုးပေါ်ကနေ သွပ်ပြားကိုခွာပြီး အိမ်ထဲကို ဝင်လာတာ။ ကျုပ်စဉ်းစားထားတဲ့ လမ်းကြောင်းအတိုင်းဝင်လာတာဆိုတော့ မှောင်ကြီးထဲမှာ ပေမယ့် မှန်းဆပြီး တိုက်ခိုက်လိုက်တာပေါ့ဗျာ။ သူ့ခမျာ လွယ်လွယ်ကူကူနဲ့ မောင်ယဉ်မောင့်အသက်ကို လုပ်ကြံနိုင်မယ်ဆိုပြီး အပိုင်တွက်လာတာ။ မမျှော်လင့်ဘဲ သူ့ဓားမြောင်ဟာ သူ့ဗိုက်ထဲကိုဝင်ပြီး အသက်ပျောက်သွားရရှာတယ်”

ဟု ပြောလေ၏။ ထို့နောက် ကျွန်ုပ်တို့သည် တရုတ်တန်းသို့ရောက်သော အခါ၌ ထမင်းဆိုင်သို့ဝင်ကာ ထမင်းနှစ် လုံးနှင့် အခေါက်ကင်ပွဲကြီးတစ်ပွဲ မှာကာ စားသောက်နေကြလေ၏။ ထိုအချိန်၌မှာပင် ဆိုင်အတွင်းသို့ တစ်စုံတစ်ယောက်သည် ဝင်လာပြီး ကျွန်ုပ်တို့စားပွဲအနီးမှ ဖြတ်သွားလေ၏။ ထိုအခါ ဆားပုလင်းနှင်းမောင်က ထိုသူ၏ လက်ကိုဆတ်ခနဲ ဖမ်းဆွဲလိုက်ပြီးနောက် မောင်ယဉ်မောင့်ထံမှ ရရှိထားသော ဖဲသုံးချပ်ကို ထိုသူ၏ လက်တွင်းသို့ ထည့်လိုက်လေတော့၏။ ထိုသူသည် ဖဲသုံးချပ်ကိုမြင်လျှင် မျက်လုံးပြူး၍ သွား၏။ ထို့နောက် တစ်စုံတစ်ခုပြုလုပ်ရန်အတွက်လှုပ်ရှားလိုက်ရာ ဆားပုလင်းနှင်းမောင်က ခြောက်လုံးပြူးသေနတ်ကိုထုတ်၍ ..

“ဒီမှာ မစ္စတာဆူရကား သေနတ်က ဘလက်မက်ဂျစ်ထက် စွမ်းတယ်နော်။ မနေ့ညက နာရာရန်း သင်္ကန်းကျွန်းက မောင်ယဉ်မောင့်အိမ်ထဲကိုလာတဲ့အခါမှာ ခင်ဗျားပါလာတယ်။ ခင်ဗျားက ခြံအပြင်ဘက်ကစောင့်ပေးတယ်။ ခင်ဗျားသောက်တဲ့ ဆင်တံဆိပ်စီးကရက်တိုတစ်တို ခြံအပြင်ဘက်က ရထားတယ်။ ဆင်တံဆိပ်စီးကရက်ကို လူတိုင်းသောက်ပေမယ့် ခြံနားကတွေ့ရတဲ့ စီးကရက်တိုကို ခင်ဗျားသောက်တာလို့ ဘာဖြစ်လို့ ကျုပ်က ပြောရသလဲဆိုတော့ ခင်ဗျားက စီးကရက်တိုကို ဆေးပေါ့လိပ်သောက်သလို ကိုက်ပြီးသောက်လေ့ရှိတော့ စီးကရက်အစီခံမှာ သွားရာတွေ ထင်နေတယ်”

ဟုပြောလိုက်ရာ ဆူရကားက …

“ခင်ဗျားသေနတ်ကြီး သိမ်းထားလိုက်ပါ ကိုနှင်းမောင်ရယ်”

ဟု ဆိုကာ ခွေးခြေတစ်လုံးကိုဆွဲယူ၍ ကျွန်ုပ်တို့စားပွဲ၌ ဝင်၍ ထိုင်လိုက်လေ၏။

“မနေ့ညက မောင်ယဉ်မောင့်ခြံနားကို ကျုပ်ရောက်ခဲ့တယ်ဆိုတာလည်း ကျုပ် မငြင်းပါဘူးဗျာ။ နာရာရန်းက မောင်ယဉ်မောင့်ကိုလုပ်ကြံဖို့ အမိုးကနေဖောက်ဝင်တာ ကျုပ်သိပါတယ်။ နာရာရန်း ရောက်လာတယ်။ မရောက်ခင်ကတည်းက ဖဲချပ်တွေ ပို့နေတယ်ဆိုတာ ကျုပ်နည်းကျုပ်ဟန်နဲ့ သိထားပါတယ်။ ဒါပေမယ့် ကျုပ်က နာရာရန်းရဲ့လူမဟုတ်ဘူး။ နာရာရန်းကမောင်ယဉ်မောင့်ကိုသတ်ပြီး ပန်းချီကားကို ဖြုတ်ယူလာရင်တော့ နာရာရန်းကိုတိုက်ခိုက်ပြီး အဲဒီ ပန်းချီကားကို လုယူသွားဖို့ စောင့်နေတာပဲ။ အခုတော့ မောင်ယဉ်မောင်လည်း မသေ။ ကျုပ်လည်း ပန်းချီကားကြီးကို မလု ဖြစ်ဘူး။ အဲဒီတော့ ကျုပ်မှာ ဘာအပြစ်မှမရှိဘူး။ ဘာအပြစ်မှမရှိတဲ့ လူတစ်ယောက် ကို ခင်ဗျားက သေနတ်ကြီးနဲ့ချိန်ထားရသလားဗျာ”

ဟု မက်ဂျစ်ရှင်ဆူရကားကပြောလိုက်လေ၏။ ထိုအခါ ဆားပုလင်းနှင်းမောင်က သေနတ်ကိုသိမ်းလိုက်ပြီးလျှင် …

“ကျုပ် စဉ်းစားလို့မရဘဲ ပြတ်နေတဲ့ကွင်းဆက်ကလေးက ဒါပါပဲ။ ခင်ဗျားနဲ့ နာရာရန်းနဲ့ ဘယ်လို အဆက်အသွယ်ရှိသလဲဆိုတာ တွေးလို့မရဘူး။ ဒါပေမယ့် အခင်းဖြစ်ပွားတဲ့နေရာမှာ ခင်ဗျားရှိနေတာကိုလည်း ကျုပ်က သဲလွန်စရထားတယ်။ အခုတော့လည်း ခင်ဗျားပြောလိုက်တော့ ရှင်းပါပြီဗျာ။ အဲဒီ ပန်းချီကားကို မောင်ယဉ်မောင့်ဆီက ကျုပ် တောင်းယူပြီး ခင်ဗျားဆီပို့လိုက်မယ်။ ဒီပန်းချီကားဟာ ခင်ဗျားအတွက် ဘယ်လိုများ အသုံးဝင်ပါသလဲ”

ဟု ဆားပုလင်းနှင်းမောင်ကမေးလိုက်ရာ မစ္စတာဆူရကားက ..

“ကျုပ်တို့လိုက်စားနေတဲ့ အတတ်ပညာဆန်းတစ်ခုမှာ အရိပ်ဟာ အဓိကပဲဗျ။ အဲဒီ ပန်းချီကားမှာ အရိပ်နဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေ ဖော်ပြထားတယ်။ အဲဒါကြောင့် အငမ်းမရလိုချင်တာပါဗျာ”

ဟု ပြောလိုက်လေ၏။

 

ထို့နောက်တွင် ကားဆားပုလင်းနှင်းမောင်သည်မောင်ယဉ်မောင့်ထံမှပန်းချီကားကိုတောင်းယူ၍ မစ္စတာဆူရကားထံ ပို့ပေးလိုက်၏။ ထိုသို့ပို့ပေးပြီး ရှစ်ရက်ခန့်ကြာသော အခါ၌ ဆားပုလင်းနှင်းမောင်၏ အိမ်၌ ကျွန်ုပ်နှင့် ဆားပုလင်းနှင်းမောင် စကားပြောနေကြစဉ် စာတစ်စောင် ရောက်လာလေ၏။ ထိုစာကို ဖွင့်၍ ဖတ်ကြည့်ရာ အောက်ပါအတိုင်း တွေ့ရ၏။

 

မိတ်ဆွေကြီး ကိုနှင်းမောင် . .

 

မိတ်ဆွေကြီးရဲ့ကျေးဇူးနဲ့ကျွန်တော် တို့အဖွဲ့ကအလိုရှ်ိနေတဲ့ အဖွဲ့ဝင်အသိအမှတ်ပြုပန်းချီကားကို ပြန်လည်ရရှိပါပြီ။ ကျုပ်တို့ဟာ ဒီပန်းချီကားမျိုး ဘယ်သူ့ဆီကိုပဲရောက်ရောက် မရ ရတဲ့ နည်းနဲ့ ပြန်ပြီးသိမ်းရပါတယ်။ ကျုပ်ဟာ အဲဒီအဖွဲ့ရဲ့အရေးကြီးတဲ့ မင်ဘာလူကြီးတစ်ဦးပါပဲ။ စက္ကရူးနားကတ္တူကြီး ဆိုက်ရောက်လာတာဟာ ကျုပ်ကနာရာရန်းကို ညွှန်ကြားလို့ ရောက်လာတာပါ။ မောင်ယဉ်မောင့်ကိုသတ်ဖို့လာတဲ့လူဟာ စက္ကရူးနားသင်္ဘောမှာ ပါလာတဲ့ နာရာရန်းဆိုတဲ့လူ ဖြစ်တယ်လို့ အတိအကျဖော်ထုတ်နိုင်တဲ့ ခင်ဗျားရဲ့ဥာဏ်ရည်ဥာဏ်သွေးက အံ့ဩစရာပါပဲ။ အဲဒါကိုတော့ ပါရမီလို့ ခေါ်ရမှာ ပေါ့ဗျာ။ အဲဒီပါရမီမျိုးက လူတိုင်းမှာ ရမှာ မဟုတ်ဘူး။ အဲဒါကိုများ ခင်ဗျားဟာ နာရာရန်းတို့လာမယ်ဆိုတာ ကျုပ်နည်းကျုပ်ဟန်နဲ့ သိတယ်လို့ပြောတာကိုယုံသွားတယ်။ ကျုပ်ဟာ ခင်ဗျားလို အဲဒီဘက်မှာ တော်တဲ့လူမှမဟုတ်တာဗျာ။ ဘယ်လိုလုပ်ပြီး သိနိုင်မှာတုန်း။ နာရာရန်းနဲ့ ကျုပ် နဂိုကတည်းက အဆက်အသွယ်ရှိတာသိနိုင်မှာပေါ့ မိတ်ဆွေကြီး ဆားပုလင်းနှင်းမောင်ရယ်။ ခင်ဗျားတော်သလို လူတိုင်းတော် နေတယ်လို့ ထင်နေလို့လား။ အဲဒါကြောင့် ကျုပ်လို အရေးကြီးတဲ့ တရားခံတစ်ယောက်ကို လက်လွတ်သွားရပြီပေါ့ဗျာ။

 

မစ္စတာ ဆူရကား

 

ထိုစာကိုဖတ်ပြီးနောက် ကျွန်ုပ်က ..

“ဒီတစ်ချက်တော့ အိုင်ဆေးခံလိုက်ရပြီထင်တယ်”

ဟု ပြောလိုက်ရာ ဆားပုလင်းနှင်းမောင်က ရေခဲတောင်စီးကရက်တစ်လိပ်ကို မီးညှိရှိုက်ဖွာရင်း ၎င်း၏အိတ်အတွင်းမှ သံကြိုးစာတစ်စောင်ကို ကျွန်ုပ်အားထုတ်ပေးလိုက်လေ၏။ ထိုသံကြိုးစာကို ကျွန်ုပ်ကဖတ်ကြည့်ရာကာလကတ္တားမှ ဆားပုလင်းမူကာဂျီက ဆားပုလင်းနှင်းမောင်၏ သတင်းပေးချက်အရ မစ္စတာဆူရကားလိုက်ပါလာသော စက္ကရူးနားကတ္တူကြီးဆိုက်သည်နှင့် တစ်ပြိုင်နက် တက်ရောက်ဖမ်းဆီးပြီး ဖြစ်ကြောင်း အကြောင်းကြားထားသော သံကြိုးစာ ဖြစ်ကြောင်း တွေ့ရလေ၏။

 

ထို့ကြောင့် ကျွန်ုပ်က ..

“တရားခံလွတ်သွားပြီအောက်မေ့နေတာ။ အိုင်ဆေးက အချိန်မီ အကြောင်းကြားလိုက်တော့ မူကာဂျီတို့လူစုက ဆူရကားကိုဖမ်းလိုက်နိုင်သေးတာပေါ့”

ဟုပြောလိုက်လျှင် စီးကရက်မီးခိုးများ ကိုမှု တ်ထုတ်ရင်း ဆားပုလင်းနှင်းမောင်က . .

“လွတ်သွားတာ မဟုတ်ဘူးဗျို့။ တမင်တကာ လွှတ်ပေးလိုက်တာ။ ဆူရကားကို ကာလကတ္တားပုလိပ်က လိုချင်နေတာကြာပြီ။ ဒီမှာ ဖမ်းလိုက်ရင် အစိုးရစရိတ်နဲ့ ကာလကတ္တားကို ပို့နေရဦးမယ်။ ကျုပ်လည်း တရားခံပို့တဲ့ တာဝန်တစ်ခု ပိုလာဦးမယ်။ အဲဒါကြောင့် သူ့စရိတ်နဲ့သူသွားပြီး အဖမ်းခံရအောင် လွှတ်ပေးလိုက်တာ အိုင်ပီရေ”

ဟု ရှင်းရှင်းကြီးပြောလိုက်မှပင် ကျွန်ုပ်က . .

“ဩော် . . လက်စသတ်တော့ဒီလိုကိုး”

ဟု ရေရွတ်မိလေတော့သတည်း။

 

♣♥♠♥♣♥♠♥♣

 

🙏 သဗေ သတာ ကမဿကာ 🙏

✍ မင်းသိင်္ခ

 

#ညမဖတ်ရ