“တစ်ပွဲစားမုဆိုးနှင့်ရွှေမောင်းတောသိုက်က အပျိုတော် “(အပိုင်း – ၃)

“တစ်ပွဲစားမုဆိုးနှင့်ရွှေမောင်းတောသိုက်က အပျိုတော် “(အပိုင်း – ၃)

——————————————-
ရေးသူ- ထမံ(တောင်ငူ)
*******

ထိုအခိုက်၀ယ် ကိုမြင့်မောင်က…။

” လှဝေ…ချစ်သန်းက ငါတို့ဆီကို လာတာကလေ နင့်ရဲ့အဖေ ဆုံးတာကို လာအကြောင်းကြားတာတဲ့…”

” ရှင်…”

မလှဝေတစ်ယောက် သူ့နားသူ မယုံကြည်နိုင်။ မျက်လုံးအဝိုင်းသားနှင့် ကြက်သေသေကာ တောင့်တောင့်ကြီး။

ကိုမြင့်မောင်က မလှဝေအား ပြေး၍ ဖေးကူလိုက်လေကာ…

” လှဝေ…သတိ…ထားလေ။ လှဝေ…”

မလှဝေ မလှုပ်မရှားနှင့်ပင်။ ကိုမြင့်မောင် စိတ်ပးသွားရလေပြီး…

” ချစ်သန်း…ငါ့ကို ကူပါဦး။ အဲ့ဒီ့က ရေနွေးအေးနေတဲ့ တစ်ခွက် မြန်မြန်…”

နှစ်ယောက်သား အလျှင်အမြန်ပင် မလှဝေအား အသိစိတ်ပြန်ကပ်အောင် ပြုစုရလေ၏။

” လွ​ေ၀…လွ​ေ၀…”

” အင်း…ဟင်း…ဟင်း…”

မလှဝေတစ်ယောက် အသိစိတ် ပြန်လည်ကာ ကပ်လာရသည်။

” အ…အဖေ အီး…ဟီး…ဟီး…”

မလှဝေသည် နေရာတွင်ပင်ထိုင်ကာ ချုံးပွဲချ ငိုကျွေးလေတော့သည်။

ကိုမြင့်မောင်မှာ မလှဝေ၏ အနီးတွင် ရပ်ရင်း စိတ်မကောင်းဖြစ်ကာ ရှိနေသည်။

” ဘယ်လိုဖြစ်တာလဲ ချစ်သန်း…”

ချစ်သန်းသည် အနေရခက်စွာ ရှိနေသည်မို့ ကိုမြင့်မောင်က တမင် မေးမြန်းလိုက်ခြင်းပင်။

” ထမင်းစားနေရင်းကနေ ရုတ်တရက်ကြီး ဖြစ်သွားတာ ကိုမြင့်မောင်ရ။ အဲ့ဒါ အရီးလေးက ချက်ချင်းပဲ ကျောတွေရင်တွေ ပုတ်ချပေးသေးတယ်။ ဒါပေမယ့် ဘယ်လိုမှ မရဘဲ တစ်ခါထဲ အသက်ပါပါသွားတော့တာရယ်…”

” အင်း…”

” အဖေရယ်…ဟီး…ဟင့်…ဟင့်…”

မလှဝေသည် ချစ်သန်း၏ စကားတို့ကို နားထောင်ကာ ရှိုက်ကြီးတငင် ငိုပြန်လေ၏။

” လှဝေ…ငိုပါဟာ။ နင်အားရအောင် ငိုလိုက်ပါ…”

ကိုမြင့်မောင်သည် မလှဝေအား ရင်ထဲ၌ မွန်းကျပ်မှု မရှိစေရန် ဖြောင်းဖျ ဆော်သြနေ၏။

အတန်ကြာသောအခါတွင်တော့…။

” အကိုမြင့်…ကျုပ်တို့ အဖေ့ဆီကို သွားကြရအောင်နော်…သွားကြရအောင်…”

” အင်းပါ လှဝေရယ်။ ငါတို့ သွားကြရမှာပေါ့။ ကဲ…စိတ်ကို လျှော့ထားနော်။ အခုပဲ သွားဖို့ စီစဉ်ပေးမယ်…”

” ကိုမြင့်မောင် စီစဉ်မနေနဲ့။ ကျုပ်မှာ လှည်းပါတယ်။ ခရီးလှမ်းတော့ နွားတွေ အစာကျွေး ရေတိုက် လုပ်လို့ရအောင် ရွာထိပ်က ငသင်တို့အိမ်မှာ ထားခဲ့တယ်…”

” ဪ…အေးအေး။ ဒါဖြင့်လည်း ငါတို့ ယူစရာရှိတာယူပြီး သွားကြတာပေါ့…”

မလှဝေသည် ဖခင်စိတ်ကြောင့် ဘာမှမလုပ်နိုင်တော့ပြီ။

ဒါကြောင့် ကိုမြင့်မောင်တစ်ယောက်သာ အိမ်ပေါ်ဆီကို ခပ်သုတ်သုတ် ပြေးတက်လိုက်ပြီး ယူစရာရှိတာ ယူရလေ၏။

” ဟင်…”

အိပ်ပျော်နေသော သမီးလေး လှဖြူကို မြင်ချိန် အလုပ်ပြန်လာစဉ်တုန်းက ဖြစ်အင်ကို မြင်ယောင်မိပြီး ကိုမြင့်မောင် အံ့အားသင့်သွားခြင်း ဖြစ်လေ၏။

သမီးလေးသည် ယခုဖြစ်အင်ကို ကြိုတင်ကာ သိရှိနေခြင်းပေလော။

ဘိုးဘိုးဆုံလိမ့်မည်ဟု သူမလေးက ပြောခဲ့သည်။

ယခုအချိန်ခဏသာ ကြာသည် သတင်းစကားက ရောက်လာလေ၏။

သမီးလေးသည် တစ်စုံတစ်ခုတော့ ထူးဆန်းနေချေပြီ။

သူမလေးနှင့် ရွှေတိုင်ကြော့တို့ အဆက်အသွယ်ရှိနေသေးခြင်းများ ရှိနေသေးရော့သလားဟု ကိုမြင့်မောင် တွေးမိပါ၏။

သို့သော် ကြာကြာတော့ မတွေးအား။

သွားရလာရမည့် ခရီးက ရှိနေသေးသည်မို့ ချက်ချင်းပင် အာရုံကို ဖြတ်လိုက်လေ၏။

အထုပ်အပိုးအချို့ကို ယူကာ ကိုမြင့်မောင် အိမ်အောက်ဆီကို ပြန်ဆင်းခဲ့လိုက်သည်။

” လှဝေ…ရော့။ ဒီမှာ လိုအပ်မယ့် ပစ္စည်းတွေ။ နင်တို့ သွားနှင့်လိုက်မလား။ ငါ သမီးလေးကို နှိုးပြီး လိုက်ခဲ့မယ်…”

” နေပါစေ အကိုမြင့်မောင်ရယ်။ အားလုံး အတူတူပဲ သွားကြတာပေါ့…”

ကိုမြင့်မောင်သည် အထုပ်အပိုးများကိုိ မလှဝေထံပေးကာ အိမ်ပေါ်ဆီကို ပြန်တက်ပြီး သမီးလေး လှဖြူကို အိပ်ရာက နှိုးဖို့ အခန်းဆီကို ၀င်လိုက်တယ်။

” ဟင်…”

အခန်းထဲ၀ယ် လှဖြူလေးသည် ငုတ်တုတ်လေး ထိုင်နေလေ၏။ သို့သော် မျက်စိတို့ကတော့ မှိတ်နေလျှက်ပင်။

” သမီးလေး….လှဖြူ…”

ကိုမြင့်မောင် ခေါ်သံကို လှဖြူက မကြားသည့်ဟန်။ ခန္ဓာကိုယ်က အရှေ့အနောက်ဆီကို ယိမ်းထိုးကာ လာလေ၏။

” မီး ပြန်လာမှာပါ မမရဲ့…”

လှဖြူလေးသည် တစ်စုံတစ်ယောက်နှင့် စကားပြောနေသလိုပဲ ရှိနေလေ၏။

အခေါ်အဝေါ်အရ ရွှေတိုင်ကြော့ ရောက်ရှိနေခြင်းသာ ဖြစ်မည်ဟု ကိုမြင့်မောင် သိရှိလိုက်သည်။

” သမီးလေး…”

ကိုမြင့်မောင်သည် မဆိုင်းမတွပင် လှဖြူလေးကို ချီလိုက်ပြီး လှုပ်နှိုးလိုက်၏။

” ဟင်…ဖေဖေ…”

” ဖေဖေတို့ သွားစရာရှိတယ် သမီးရဲ့။ ကဲ လာလာ…အ၀တ်အစား မြန်မြန်လဲကြစို့…”

လှဖြူလေးကို အ၀တ်အစားလဲပေးလိုက်ပြီး သားအဖနှစ်ယောက် အိမ်အောက်ကို ဆင်းလာခဲ့ကြသည်။

လှဝေကား အထုပ်အပိုးများကို ကိုင်ကာ ငိုရှိုက်နေဆဲပင်။

” ကဲ…သွားကြစို့ လှဝေ…”

ကလေးကို တစ်ဖက်ကချီ၊ မလှဝေကို တစ်ဖက်က ဖေးမကာ ခေါ်ဆောင်လာခဲ့လေ၏။

******

နာရေးကိစ္စ တစ်ပါတ်တာကာလအတွင်း လှဖြူလေးဆီက ထူးဆန်းသော အပြုအမူတို့ကို ကိုမြင့်မောင်တို့ တွေ့ကြုံကြရလေ၏။

ဦးဆုံးအနေဖြင့်ကား ရောက်ရှိပြီးကာလတွင် ဖြစ်ခဲ့ခြင်းမဟုတ်။

လှဝေ၏ အဖေ ဦးသန်းမောင်အား မြေမြှုပ်သဂြိုဟ်ပြီး အိမ်အရောက်တွင်တော့ လှဝေလေး၏ ထူးခြားမှုတို့က စတင်လာချေပြီ။

” ဖေဖေ…ဟိုမှာ ဖိုးဖိုး ထိုင်နေတယ်…”

နာရေးလာသည့် ဧည့်သည်တို့က ဦးသန်းမောင်၏ သေဆုံးပုံကို မေးမြန်းကာ မသေခင်က ဘယ်လို ဘယ်သို့ဆိုပြီး ပြောနေကြစဉ် လှဖြူလေးက ရုတ်တရက် ထပြောလာခြင်းဖြစ်၏။

လှဖြူလေး ညွှန်ပြရာ ငှက်ပျော်ပင်အုပ်အုပ်ဘက်တွင်တော့ ဘာဆိုဘာမှရှိမနေ။ ကိုမြင့်မောင်က ဧည့်သည်တွေကို တစ်ချက်အကဲခတ်လိုက်၏။

ဧည့်သည်တို့က ဘာမှဖြစ်မနေ။ သို့သော် သူ၏ ယောက္ခမကြိးကတော့ မျက်စိမျက်နှာ ပျက်နေလေ၏။

” သမီးရယ် ဘာမှမရှိပါဘူးကွဲ့…”

” အို…ဘာလို့ မရှိရမှာလဲ ဖေဖေရဲ့။ ရှိပါ့ ရှိပါ့။ အခုနက ဖိုးဖိုးသေတ္တာထဲ ၀င်အိပ်တုန်းက အင်္ကျီကြီးနဲ့ပဲကို…”

လှဖြူလေးက အရိုးခံအတိုင်း ပြောနေခြင်းပင်။ သူမလေး၏ မြင်ကွင်း၌ အဘိုးဖြစ်သူသည် ငှက်ပျောပင်အုပ်၏ အခြေတွင် ငုတ်တုပ်ထိုင်ကာ သူမတို့ ရှိရာဆီို ငေးကြည့်ရင်း ရှိနေလေသည်။

” ကဲ…သမီးလေး။ လာလာ…ဖေဖေ မုန့်လိုက်၀ယ်ကျွေးမယ်…”

ကိုမြင့်မောင်သည် လှဖြူလေးကို နေရာဆီက ခေါ်ထုတ်ခဲ့လိုက်လေ၏။

အားလုံးနှင့် ဝေးရာဆီိကို ရောက်သော်…။

” သမီးလေး…အခုနက ဖိုးဖိုးကို တကယ်မြင်ရတာလား…”

လှဖြူလေးက ခေါင်းကို ညိတ်လိုက်ပြီး…။

” ဟုတ်တယ်လေ ဖေဖေရဲ့။ မီးက ဘယ်တုန်းက ညာဖူးလို့လဲ…”

ကိုမြင့်မောင် တစ်စုံတစ်ခုကို ရိပ်မိသိရှိလိုက်လေ၏။

” ကဲ…သမီး။ အဲ့ဒါဆို ဒီလိုလုပ်…”

လှဖြူလေးက ကိုမြင့်မောင်ကို စူးစိုက်ကာ က်ြည့်နေ၏။

” နောက်ဆိုရင် သမီးလေး ဘာကိုပဲ မြင်မြင်၊ ထူးဆန်းတာမျိုးဆိုရင် ဖေဖေ့ကိုပဲ ပြောပြနော်။ အခြားဘယ်သူ့ကိုမှ မပြောပြပါနဲ့နော်…”

လှဖြူလေးက မဆိုင်းမတွပင် ခေါင်းကို ညိတ်လိုက်လေ၏။

သို့ဖြင့် နောက်တစ်ရက်တွင်တော့…။

” ဖေဖေ…ဟိုးဘက်က ခွေးနက်ကြီးကို မြင်ရလား။ ဖိုးဖိုးအိပ်တဲ့ သေတ္တာကြီးထားတဲ့ အနားမှာလေ။ အကြီးကြီးပါပဲ…”

မှောင်ရီပျိုးစအချိန် လှဖြူလေးက ပြောလာလေ၏။

” ဖေဖေ မမြင်ရဘူး သမီးရဲ့။ ဒါနဲ့ အဲ့ခွေးနက်ကြီးက ဘာလုပ်နေတာလဲ…”

” မြေကြီးတွေကို တူးနေတယ် ဖေဖေရ။ ဘာလုပ်တာလဲတော့ မသိဘူး…”

” ဟင်…”

လှဖြူလေး၏ ပြောပုံအရ အနှီခွေးနက်ကြီးကား တစ်စုံတစ်ခုကို လာရှာသည့်ဟန် ရှိနေလေ၏။

ကိုမြင့်မောင် ဘာကြောင့်ရယ်တေ့ာ မသိ၊ အလွန်စိတ်၀င်စားမိသွားရသည်။ သို့ကြောင့် လှဖြူလေးအား…။

” သမီးလေး ကြည့်ထားနော်။ ဖေဖေ အဲ့ဒီ့ကို သွားပြီးတစ်ခုခုလုပ်ကြည့်မယ်…”

ကိုမြင့်မောင်က ပြောပြောဆိုဆိုပင် ခဲလုံးတစ်လုံးကို ကောက်ကာ ထိုနေရာဆီကို လှမ်းသွားလိုက်ပြီး ပစ်ပေါက်လိုက်လေ၏။

ထို့နောက် အနီးဆီက နောက်ထပ်ခဲလုံးတို့ကို ကောက်ယူပြန်ကာ ပစ်ပေါက်လေသည်။

ထို့နောက် လှဖြူလေးဆီကို ပြန်လာခဲ့လိုက်ပြီး…။

” ရှိသေးလား သမီး…”

” မရှိတော့ဘူး။ ဖေဖေ နောက်ထပ် ပစ်လိုက်တာက သူ့ကို မှန်သွားတယ်။ အစက ဖေဖေ့ကို သွားကြီးဖြဲပြီး ကိုက်မလို လုပ်ပြီးမှ ထွက်ပြေးသွားတယ်…”

” ဟင်…”

ကိုမြင့်မောင် ကြက်သီးများပင် ထမိရ၏။ ထို့နှင့်အတူပင် သူ၏ ယောက္ခမကြီးဦးသန်းမောင်စေဆုံးခြင်းကား သာမန်သွေးရိုးသားရိုး မဖြစ်နိုင်ဟု တွေးမိရလေ၏။

ထိုအတွေးအတိုင်းပင် ကိုမြင့်မောင်သည် ကျန်ရစ်သူ ယောက္ခမကြီး မလှဝေ၏ အမေကို သိချင်သည့် အကြောင်းအရာတို့အား မေးမြန်းမိရလေ၏။

ထိုအခါတွင် မရေရာသော အကြောင်းအချို့နှင့် ထူးဆန်းသော ကိစ္စအချို့ကို တစစ်ွန်းတစ်စ သိခဲ့ရလေ၏။

သို့ဖြင့် နာရေးကိစ္စပြီးဆုံးသည်အထိ ကိုမြင့်မောင်သည် ထိုအကြောင်းတို့ကို တွေးတောကာပင် ရှိနေခဲ့ရပြီးနောက် ရွှေမောင်းတောဆီကို အပြန်ခရီး စတင်ခဲ့ရလေတော့၏။

******

တစ်လခန့်ကြာပြီး မနက်အစောအချိန်…။

” မုဆိုးကြီး…ဗျို့ မုဆိုးကြီး…”

တစ်ပွဲစား မုဆိုးကြီး မုံခေါင်၏ ခြံ၀ဆီက ငဦးနှင့် ငထူးတို့ ညီအကို အသံပြိုင်ကာ အော်ခေါ်နေကြလေ၏။ သူတို့နှင့်အတူ လူစိမ်းတစ်ယာက်သည်လည်း ပါလေ၏။

သူတို့အတန်ကြာကြာ အော်ခေါ်နေကြသော်ငြား မုဆိုးကြီး၏ အိမ်ကလေးက တုပ်တုပ်ပင် မလှုပ်။

” သူ မရှိတာများလား…”

” အေး…ဖြစ်နိုင်တယ်။ ငါလည်းအခုမှ သတိရတယ်။ တစ်မြန်နေ့က သမန်းအင်းဘက်ကို ထွက်သွားတယ်လို့တော့ မနက်အစောတုန်းက တိုတင်မောင်ကြီးတို့ ပြောကြတယ်…”

” ဘယ် တင်မောင်ကြီးလဲ…ငဦးရ…”

” ဘယ် တင်မောင်ကြီး ရှိရမလဲ။ ဦးလေးဂွတိုအိမ်က သူရင်းငှါး ကိုတင်မောင်ကြီးပေါ့ကွ…”

” အင်း…ဟုတ်ပါပြီ…”

” ဟုတ်ပါပြီ လုပ်မနေနဲ့ အခု ငါတို့ ဘယ်လိုလုပ်ကြမလဲ…”

” မုဆိုးကြီးမှ မရှိတာ၊ ဘယ်လိုမှ မလုပ်တတ်ဘူးလေ။ ပြန်ကြရုံပေါ့…”

” ပြန်ကြတာတော့ ဟုတ်တယ်လေ။ ဒါပေမယ့် ရွှေမောင်းတောကိစ္စက ဘယ်လိုလုပ်ကြမလဲ…”

” အေး…ဟုတ်တော့ ဟုတ်တယ်။ ဒါပေမယ့် ဒီက ကိုမြင့်မောင်ကြီးကို အားနာစရာ။ သူ့ခမျာ အရေးကြီးလွန်းလို့ မုဆိုးကြီးကို အရလာခေါ်ပါတယ်ဆိုမှ…”

” ဟူး…”

ငထူး၊ ငထူးနှင့် လူစိမ်းတို့သည် စိတ်ပျက်လက်ပျက်ဖြင့် ခြံ၀ဆီက သစ်ပင်အောက်တွင် ထိုင်ချလိုက်ကြလေ၏။

မနေ့တုန်းက သူတို့ရွာနှင့် တစ်ရက်တာ ခရီးကြာသော ရွှေမောင်းတောရွာဘက်ကို နာရေးကိစ္စတစ်ခုကြောင့် သူတို့ ရောက်ခဲ့ကြသည်။

ထိုအခါ ရွှေမောင်းတောရွာတွင် ဖြစ်ပျက်နေသော အဖြစ်ဆိုးများကို သူတို့ ကြားသိရလေ၏။

အဖြစ်ဆိုး၏ အမြစ်ကား ညဘက်များတွင် မကောင်းဆိုးရွားများက ရွာကို ၀င်နေကြခြင်းဟု သိကြရလေသည်။

ထိုဖြစ်အင်အား အသေးစိတ်ပြန်သော် ကိုမြင့်မောင်၏ သမီးလေးသည် သိုက်ကလာသည်ဟု သိကြရသည်။

ယခုမူကား ထိုကလေးငယ်သည် အင်းတိမ်ရွာနေ ရွှေမောင်းတောကို အပြန် လမ်း၌ ထူးဆန်းစွာ ပျောက်ဆုံးနေလေ၏။

ပျောက်ဆုံးပုံကား ဤသို့ပင်။

ကိုမြင့်မောင်သည် သူ၏ ယောက္ခမကြီးနာရေးကိစ္စအပြီးတွင် မိသားစုနှင့်အတူ ရွာဆီကို ပြန်လေ၏။

အပြန်လမ်းကား ခရီးရှည်လှသည်။

ကိုမြင့်မောင်၏ ယောက္ခမကြီး၏ ရွာဖြစ်သော မင်းလှမှသည် အင်းတိမ်ဆီကို ဆင့်ရ၏။ ထိုမှသည် တောလမ်းခရီးရှည်ကို ဖြတ်ကာ တစ်ဖက်က ဒိုးကုန်းရွာဆီ ခရီးဆင့်ရသည်။

ဒိုးကုန်းကို လွန်သော ကဝီကျေးရွာ။ ကဝီကို လွန်ပြန်ပါသော် ရွှေမောင်းတောရွာဆီကို ဆက်ဖို့ ဘိုးအုပ်ရွာကို ၀င်ကြရ၏။

ထိုသည်ကနေမှ ရွှေမောင်းတောကို နှစ်နာရီခရီး ဆက်သွားရသည်ပင်။

ယခုမူကား ကိုမြင့်မောင်၏ သမီးကလေးသည် အင်တိမ်ရွာကထွက်အပြီး တောလမ်းခရီးရှည်ကို ဖြတ်သန်းနေစဉ် ပျောက်ဆုံးသွားလေ၏။

ပျောက်ဆုံးချိန်၀ယ် ကိုမြင့်မောင်တို့ကို လိုက်ပို့သော လှည်းသည် တောလမ်းခရီးကို ဖြတ်နေစဉ် ဝါးပင်များ အုံ့နေသော စိမ့်ကြီးမြောင်ကို အဖြတ်၊ လူတစ်ယောက်က လှည်းကိုတားကာ ခရီးကြုံလိုက်ရင်း လမ်း၌ အားလုံးကို အိပ်မွေ့ချကာ ကလေးအား ခေါ်ဆောင်သွားခြင်းပင် ဖြစ်လေ၏။

အဖိုးတန်ပစ္စည်းတို့ တစ်ခုမှ ပါမသွားသည့်အပြင် လူများကိုလည်း ဘာမှမလုပ်ခဲ့။

ကလေးကိုသာ ပစ်မှတ်ထားပြီး ဖမ်းယူခဲ့ကြောင်း လုပ်ကွက် ထင်ရှားလှလေ၏။

ထိုကလေးငယ်၏ ပျောက်ဆုံးမှုအဖြစ် နောက်ဆက်တွဲ ဂယက်ကား ရွာအတွင်းဆီကို ညဘက်အချိန်များ၌ မကောင်းဆိုးရွားများ ၀င်ရောက်သောင်းကျန်းလာခြင်းပင်။

ကိုမြင့်မောင်၏ အဆိုအရတော့ ယင်းမကောင်းဆိုးရွားများမှာ ရွှေမောင်းတောသိုက်ဆီက ရွှေတိုင်ကြော့က စေလွှတ်ထားခြင်းပင်ဟု သိရသည်။

သို့အတွက် ကိုမြင့်မောင်သည် ဦးဆုံးအနေဖြင့် ဖြူးမြို့ဆီက သူတစ်ခါ ပင့်ဖူးသော ဆရာသိန်းကို အရင် သွားပင့်ခဲ့လေ၏။

သို့ော် ကံအကြောင်းကား အရေးမလှခဲ့။

ဆရာသိန်းသည် ဂန္ဓာရီခရီးတစ်ခုကို ထွက်သွားခဲ့သည်ဟု သိကြရလေ၏။

ထို့ကြောင့် ကိုမြင့်မောင်သည် အကြံအိုက်ရကာ ရွာဆီကို ပြန်ခဲ့ရလေသည်။

သို့ရာတွင် ရွာကို ပြန်ရောက်ချိန် သူထင်မထားသော ပြဿနာနှင့် တေ့တေ့ဆိုင်ဆိုင် ကြုံလာရလေသည်။

ထိုပြဿနာကား ညဘက် ရွာကို ၀င်နေလေသည့် မကောင်းဆိုးရွားတို့သည် ရွှေမောင်းတောသိုက်ဆီက စေထားသော မကောင်းဆိုးရွားများဟု ရွာသူရွာသားများက သိရှိကုန်ကြပြီး ထိုသို့ဖြစ်ရသည်မှာ သိုက်က၀င်စားသော ကလေးပျောက်ခြင်းကြောင့်ဟု တစ်ထစ်ချ ယူဆကြကုန်လေ၏။

ခက်သည်က မကောင်းဆိုးရွားများကို ဟန့်တား၊ ပစ်ပါယ်ရန်အတွက် ရွှေမောင်းတောရွာဆီ၌ သံဃာတို့ သီတင်းသုံးရာ ကျောင်းသင်္ခန်းမရှိချေ။

အခြားရွာဆီက သွားပင့်ရာတွင်လည်း သီးခြားရွာတစ်ရွာအဖြစ် တည်ထောင်ပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းတောင် မရှိရလေခြင်းဟု ပုတ်ခတ်ပြောဆိုကြ၏။ ငြင်းပါယ်ကြလေ၏။

ထို၏ ဂယက်သည် ကိုမြင့်မောင်၏ မိသားစုအပေါ်ကိုလည်း သိသိသာသာ ရိုက်ခတ်လာသည်။

ရွာသူရွာသားတို့သည် ကိုမြင့်မောင်ကို ရန်လိုရန်ရှာခြင်းများ ပြုလာ၏။

မလှဝေသည်ပင် ရွာ၌ မနေရဲတော့။ သူမ၏ မိခင်ဖြစ်သူထံဆီကို သွားရောက်ကာနေရလေ၏။ လှဖြူလေး ပျောက်ဆုံးခြင်းအတွက် မလှဝေခမျာလည်း မျက်ရည်နှင့် မျက်ခွက်ပင်။

သို့အတွက် ကိုမြင့်မောင်မှာ ကြံရာမရ ဖြစ်နေချိန် ငထူးတို့သည် ရွှေမောင်းတောရွာဆီကို ရောက်လာခဲ့ကြပြီး စကားစပ်မိကြရာက မုဆိုးကြီးမုံခေါင်၏ အကြောင်းကို ပြောပြကာ ယခုမူကား ကိုမြင့်မောင်မှ မုဆိုးကြီးထံ အားကိုးတကြီးဖြင့် ရောက်လာခဲ့ခြင်း ဖြစ်လေတော့သည်။

ယခုမူကား မုဆိုးကြီးက မရှိ။ ကိုမြင့်မောင် အားအင်ယုတ်လျော့သွားရသည်။ လိုက်ပါ ပို့ဆောင်ပေးသော ငထူးနှင့် ငဦးတို့ ညီအကိုကိုလည်း အားနာမိရလေ၏။

သို့ကြောင့် ပြန်ဖို့ကို ဆုံးဖြတ်ကာ ငထူးတို့အား…။

” ကဲ…မုဆိုးကြီးလည်း မရှိဘူးဆိုတော့လည်း ဘယ်တတ်နိုင်မလဲ ငထူးတို့ရာ။ ငါတို့တတွေ ဲန်ကြတာပေါ့…”

” အင်း…ကျုပ်ကတော့ ကိုမြင့်မောင်ကို အားနာမိတယ်ဗျာ…”

” ဒါပေမယ့် တစ်ညအိပ် နှစ်ညအိပ်လောက်တော့ စောင့်ကြည့်ရင် ရမယ်ထင်တယ်…”

” ဟုတ်တယ်ဗျ။ တစ်ခါတစ်လေကျရင် မုဆိုးကြီးက အခုလိုပဲ တောထဲကို ညအိပ်ထွက်သွားတတ်တယ်။ သူခရီးရှည်သွားမယ်ဆိုရင်တော့ စာရေးပြီး ဟောဟိုက သစ်သားပြားမှာ ရေးသွားတတ်တယ်ဗျ။ အခုက ရေစမထားဘူးဆိုတော့ ခရီးမရှည်လောက်ဘူး…”

ငထူးနှင့် ငဦးက ပြောလာသည့် စကားပင်။

ကိုမြင့်မောင်သည်က အားအင်ယုတ်လျော့နေသည့် အကြည့်တို့ကို အဝေးဆီကို ပို့လွှတ်လိုက်ကာ…။

” အင်းလေ…ဒီအတိုင်းလည်း ပြဿနာတက်တဲ့ ရက်တွေက ရှည်နေဦးမှာပဲဆိုတော့ စောင့်လိုက်တာ မမှားပါဘူး…”

သို့ဖြင့် ကိုမြင့်မောင်သည် ငဦးတို့၏ အိမ်ဆီ၌ပင် တည်းခို ညအိပ်ကာ မုဆိုးကြီး.ပြန်အလာကို စောင့်ရလေတော့၏။

*******

မုဆိုးကြီး မုံခေါင်သည် တောအတွင်းဆီ၌ပင် ညအိပ်ရင်း နေနေခဲ့သည်မှာ သုံးညအိပ်လေးရက်တာကိုပင် ရှိခဲ့လေပြီ။

အစက သူသည် ဤမျှလောက် တောထဲ၌ အနေကြာရန် မရည်ရွယ်ခဲ့။

ရွာက ထွက်လာစဉ်က သမန်းအင်းဘက်တွင် အင်းပက်နေသည်ဟု သိရှိရသည့်အတွက် အင်းငါး ထွားထွားကြိုင်းကြိုင်းကောင်တွေကို လတ်လတ်ဆတ်ဆတ် စားသောက်လိုသည်မို့ ထွက်လာခဲ့ခြင်း ဖြစ်၏။

သို့ရာတွင် သမန်းအင်းကို ရောက်ရှိချိန် အင်းသားတိုသြည် အင်းပက်ခြင်းကို ထိတ်လန့်ဖွယ်ရာ ဖြစ်ရပ်တစ်ခုကြောင့် ရပ်ဆိုင်းထားကြလေ၏။

အကြောင်းကို မုဆိုးကြီး မေးမိသော်…။

အင်းကို ဦးဆုံးပက်သည့် ညတွေတုန်းက ဘာမှထွေထူးပြီး ပြဿနာ မရှိခဲ့။

သို့ရာတွင် ငါးရက်မြောက် ရေကျ၍ အင်းပေါက်တွေဆီကို ငါးဆင်းဖမ်းချိန်တွင်တော့ ပြဿနာကြီးကြီးမားမားက ဖြစ်လာခဲ့ချေပြီ။

ညဘက်တွင် ငါးဆင်းဖမ်းကြသော အင်းသားတို့ မနက်လင်းချိန်၌ အားလုံး ဖျားနာကြသည်။

အဖျားသည် ရိုးရိုးတန်းအဖျားမဟုတ်၊ ပယောဂနွယ်သည်ဟု ဆိုရပေလိမ့်မည်။ အကြောင်းကား ဖျားနာသော အင်းသားတို့သည် အဖျားတက်လျှင် အထိတ်တလန့် အော်ဟစ်ယောင်ယမ်းကြလေ၏။

သူတို့ ယောင်ယမ်း၍ အော်ကြသည်မှာ ဘီလူးကြီး၊ သရဲကြီး၊ သဘက်ကြီး စသည်တို့ ဖြစ်ရာ ကြားရသူတို့သည်ပင် ကြက်သီးထကြရလေ၏။

သို့အတွက် အင်းငါးလတ်လတ်ဆတ်ဆတ်ကို စားချင်မိသော မုဆိုးကြီးမုံခေါင်ကို ရေကန်အသင့် ကြာအသင့်ဖြစ်ကာ အားကိုးလာကြသည်မို့ ထိုကိစ္စအား ဖြေရှင်းဖို့ရာ ဖြစ်လာခဲ့ရ၏။

သို့ကြောင့် မုဆိုးကြီးသည် ညဘက်အချိန်၌ အင်းထဲကို ဘယ်သူမှ မဆင်းစေဘဲ သူတစ်ယောက်ထဲ ထွက်လာခဲ့ရာက အင်းကို အပိုင်စားသော ပရလောကသားတစ်ပွဲစား အစောင့်ကြီးနှင့် ဆုံလေသည်။

ထိုအခါ အင်းစောင့် တစ်ပွဲစားကြီးက မုံခေါင်အား…။

” သူတို့ကို ငါ့ဘက်က မျောက်သားနဲ့ ပသဖို့ တောင်းဆိုတာကို သူတို့ လစ်လှူုရှုတယ်။ အုန်းပွဲ ငှက်ပျောပွဲနဲ့ ကျွဲ၊ နွား အမဲသားဟင်းလျာက နှစ်တိုင်း စားသောက်နေရလို့ ငါ့အတွက် ရိုးအီနေပြီ။ ဒါကြောင့် ငါ အာသီသရှိတာကို အိပ်မက်ပေးပြီး ဒီနှစ်မှစကိုင်တဲ့ အင်းပိုင်ရှင်အသစ်ချစ်တီကုလားဆီကို တောင်းတာဆိုတာ။ ဒီကောင်က ငါ့ကို မထီမဲ့မြင်ပြုတယ်။ တကယ်ဆို မင်းပဲ စဉ်းစားကြည့်။ ဒီအင်းကနေ ငါးအထွက်ပေါအောင်၊ သူခိုးသူဝှက်ရန်က လွတ်အောင် ငါ တစ်နှစ်ပတ်လုံး စောင့်ရှောက်ထားပြီးပြီ။ ဒါကိုတောင် ဒီလောက်ကလေး ဒီကောင်တွေ မလုပ်ပေးနိုင်ဘူး ဖြစ်နေတယ်။ ဒါကြောင့် ငါ မကျေနပ်လို့ သူ့လူတွေကို လုပ်လိုက်တာ။ အခု ဒီကောင်တွေ ငါ့အင်းထဲကို မဆင်းရဲကြတော့ဘူး။ ငါ ကျေနပ်တယ်…”

အကြောင်းအရင်းကို အဖြစ်မှန်ကို မုဆိုးကြီး သိခဲ့ရလေပြီ။

်ထိုအကြောင်းကို အင်းပိုင်ရှင်အား ပြန်လည်ပြောပြသော် အင်းပိုင်ရှင်သည် စိတ်မပါလက်မပါဖြင့် ရှိနေ၏။ မယုံကြည်သူမို့လည်း ဖြစ်နိုင်သည်။

သို့သော် ဝေဒနာခံစားနေကြရသော အင်းသားတို့ကား မနေနိုင်ကြ။ မုဆိုးကြီးကို အကူအညီတောင်းလာကြသည်။

သို့အတွက် ယခုမူကား မုဆိုးကြီးသည် သားကောင်အလို့ငှါအတွက် နီးသပ်ရာတောဆီကို ၀င်လာခဲ့ခြင်းပင် ဖြစ်လေသည်။

” ဝေါ…ဖရော…ဝုန်း…”

ရုတ်တရက် မုဆိုးကြီး၏ နားထဲဆီကို သူ၏ အောက်ဘက်တွင် ရှိသော အောက်ရေချောင်းထဲဆီက ရုန်းရင်းဆန်ခတ်အသံများ ထွက်ပေါ်လာ၏။

မုဆိုးကြီးသည် ထိုအသံတို့ကို စိတ်၀င်စားမိသည်မို့ ကုန်းစောင်းအတိုင်း အသာ လျောဆင်းလိုက်သည်။

ချောင်းကမ်းနံဖူးဆီ၌ သစ်ပင်ခြုံနွယ်တို့က ပိတ်နေသည်မို့ အောက်ဆီကို သေချာမမြင်ရ။ မုဆိုးကြီးသည် သေနတ်ကို အသင့်ပြင်ကာ ဆက်လက်လျောဆင်းလာခဲ့သည်။

” ​ေဟာ…”

အနည်းငယ် ဆင်းသက်ပြီးချိန် မုဆိုးကြီးသည် ရေချောင်းအတွင်းဆီက မြင်ကွင်းကြောင့် အံ့အားသင့်သွားရလေ၏။

မျောက်ဝံထီးကြီးတစ်ကောင်နဲ့ ပေါင်လုံးသာသာခန့်ရှိမည့် မြွေကြီးတစ်ကောင်တို့ ရေချောင်းထဲဆီတွင် အသည်းအသန် သူသေကိုယ်သေ တိုက်ခိုက်သတ်ပုတ်နေကြသည်။

ကမ်းနံဖူးဆီတွင်လည်း မျောက်ဝံမတစ်ကောင်မှာ သူ၏ ရင်ခွင်ဆီ၌ သွေသံရဲရဲနှင့် အလွန်ပက် ထိတ်လန့်နေဟန်ရှိသော မျောက်ကောင်ငယ်လေးကို ထွေးပိုက်ကာ တိုက်ပွဲကို ကြည့်ရင်း ဂဏာမငြိမ် ဟိုပြေးသည်ပြေးဖြင့်…။

မြွေကြီးနှင့် တိုက်ပွဲ၀င်နေသော မျောက်ထီးကြီးနှင့် ကမ်းနံဖူးဆီက မျောက်သားအမိမှာ မိသားစုပင် ဖြစ်လေသည်။

မြွေကြီးသည် မျောက်ကောင်ငယ်လေးအား အစာအဖြစ် ဖမ်းဆီးလိုက်သည့်အချိန်၀ယ် ဖခင်မျောက်ကြီးက သားငယ်ကို ကယ်တင်ကာ သားကို ပြန်ရသော်ငြား သားစိတ်ကြောင့် အခဲမကြေနိုင်ဘဲ မြွေကြီးကို သူသေကိုယ်သေ ဆက်လက် တိုက်ခိုက်နေခြင်းသာပင်။

တိုက်ပွဲကို အပြီးတိုင် ဆက်လက်စောင့်ကြည့်လျှင် ရှုံးနိမ်သော သားကောင်ကို သူရတန်ရာ၏။

ထို့အပြင် သူ၏ အဓိက လာရောက်ပစ်ခတ်သည်ကလည်း အင်းစောင့်တစ်ပွဲစားအတွက် မျောက်သားအလို့ငှါပင် ဖြစ်ရာ ယခုအခြေအနေအရ ပစ်ခတ်လိုက်ပါလျှင် မြွေကော မျောက်ကိုပါ သူ့အနေဖြင့် ရနိုင်၏။

သို့သော် မုဆိုးကြီးမှာ အနှီမြင်ကွင်းကို ကြည့်ပြီး တစ်ဖက်က မျောက်ဝံကြီးကိုလည်း မသေစေလို။ သူသေသွားပါမူ ကျန်သော မျောက်သားအမိမှာ ဒုက္ခဖြင့် ကျန်ရာ၏။

သို့တစ်မူ တစ်ဖက်တွင်ကလည်း သူကဲ့သို့သော သားကောင်လိုက်သည့် တောမုဆိုးမြွေကြီးကိုလည်း မုဆိုးသည် သားကောင်လိုက်စမြဲပေမို့ မမှားယွင်းသည်အတွက် မသေစေလိုပြီ။

သူတို့နှစ်ကောင်ကား အစေအကြေ တိုက်ခိုက်မည့်ဟန်ပင်။ သို့သော် အရင်းအမြစ်ဖြစ်သော မျောက်သားကောင်ငယ်သည် အသက်ဘေးက လွတ်မြောက်ပြီး ဖြစ်သည့်အတွက် ယခုတိုက်ပွဲကား ဘယ်သို့သော ရလဒ်ထွက်ပါစေ

သို့ကြောင့် ဆုံးဖြတ်ချက်တစ်ခုကို မုဆိုးကြီးချလိုက်သည်။

သူ၏ လက်ထဲက ကျည်အသင့်ထိုးထားပြီးဖြစ်သော သေနတ်ကို မိုးပေါ်ဆီကို ထောင်ကာ ခလုတ်ကို ဆွဲညှစ်လိုက်လေ၏။

” ဒိန္​း…”

ကျယ်လောင်သော သေနတ်သံကြောင့် ရေချောင်းထဲက တိုက်ပွဲသည် တဒင်္ဂတန့်သွားလေ၏။

ထို့နောက် တိုက်ပွဲဆီကနေ မျောက်ကြီးက အရင်ဦးဆုံး စွန့်ခွာသည့်အနေဖြင့် ကမ်းဆီကို ပြေးတက်သွားလေသည်။

ပြီးလျှင် သူ၏ မိသားစုကို ခေါ်ကာ တောဆီကို အလျင်အမြန်ပြေး၀င်သွားကြလေသည်။

ရေချောင်းထဲဆီတွင်တော့ မြွေကြီးသည် ခေါင်းတထောင်ထောင်၊ လျှာတထုတ်ထုတ်ဖြင့် ဟိုသည် လိုက်လံကြည့်နေလေသည်။

ထို့နောက်တွင်တော့ မြွေကြီးသည်လည်း ရေချောင်းထဲကနေ လျှောခနဲပင် နံဘေးတောထဲဆီို တိုး၀င်သွားလေတော့၏။

*******

” ဘုတ်…”

ပခုံးထက်ဆီက ထမ်းလာသည့် မျောက်သေကကိ မုဆိုးကြီးသည် အင်းသားတို့အလယ်ဆီသို့ ပစ်ချပေးလိုက်သည်။

ထိုမျောက်သည် မြွေကြီးနှင့် မျောက်ဝံကြီးတို့ တိုက်ပွဲဆီက ထွက်လာအပြီး တစ်ကောင်ထဲသင်းကွဲနေသော မျောက်တစ်ကောင်ကို မုဆိုးကြီးက ပစ်ခတ်လာခဲ့ခြင်းပင်။

” ကဲ…ဒါကို နေမစောင်းခင် အပြီးချက်လိုက်ကြ။ ပြီးရင် ထမင်းတစ်စလယ်အိုးတစ်အိုးနဲ့ ဒီက ညွန့်ပေ့ဆိုတဲ့ အသားတို့ကို ထမင်းထုပ်ထုပ်ပေးချေ။ ည နေ၀င်တာနဲ့ ငါ သွားကျွေးပေးမယ်…”

မုဆိုးကြီးသည် ထိုသို့ ပြောပြီးနောက် အင်းတဲအပေါ်ဆီကို လှမ်းတက်လိုက်သည်။

အင်းသားတို့သည် ၀မ်းသာလွန်းကြစွာဖြင့် မုဆိုးကြီးကို ထမင်းပွဲပြင်ဆင်ကာ ကျွေးမွေးကြလေသည်။

ဟင်းလျာများမှာ အင်းက ထွက်သော ငါးရံ့ကြီးများကို အကွင်းကြီးများကွင်းကာ မန်ကျည်းမှည့်နှင့် အနှစ်ထွက်အောင် ချက်ထားပြီး ငပိရည်ကျို ငရုတ်သီးစပ်စပ်ဖြင့်ဖျော်ဖြင့်ကာ အတို့အမြှုပ်အစုံအလင်ဖြင့်။ အခြားဟင်းရံများမှာကား ငါးခြောက်များကို မီးဖုတ်ကာတစ်ဖုံ၊ အစပ်ကြော် ကြော်ကာတစ်မျိုးဖြင့်ပင်။ ထို့အပြင် အချဉ်ရည်ဟင်းကလည်း ပါသေးလေ၏။

မုဆိုးကြီးသည် ဖွယ်ရာလှသော လက်ရာကို စားကောင်းကောင်းနှင့် အတော်လေး ဗိုက်တင်းအောင်စားမိခဲ့လေ၏။

ဆက်ရန်။