တိုက်ခန်းထဲ၌ ရှိနေသူ

**တိုက်ခန်းထဲ၌ ရှိနေသူ****
အချိန်က ခရစ်သက္ကရာဇ် ၂၀၀၅ခုနှစ် ၀န်းကျင်ခန့်ကဖြစ်၏။
မန္တလေးမြို့၏ညချမ်းအချိန်၌ လေနွေးများက ဖွင့်ထားသောပြတင်းတံခါးမှ၀င်ရောက် ဖြတ်သန်းတိုက်ခတ်လာရင်း ဝေမာ၏ ဆံနွယ်ရှည်များအား ပွတ်သပ်ကျီစယ်သွားကြလေသည်။
ညအိပ်ဂါ၀န်၀တ်ဆင်ထားသော ဝေမာက ခင်ပွန်းဖြစ်သူအနီး၌ထိုင်ကာ ဖွင့်ထားသောပြတင်းတံခါး၏ အပြင်ဘက်သို့ ငေးမောကြည့်ရှုနေရင်း…
” ကိုမောင် ..ဒီလိုင်းခန်းကကျဉ်းတယ်နော်၊
ပြီးတော့ဘေးအခန်းက ကလေးတွေများပြီးဆူညံနေတော့ ကြီးမြအနေနဲ့လည်း စိတ်အနှောင့်အယှက်ဖြစ်နေမယ်ထင်တယ်၊
မနက်လည်း မိုးလင်းမယ်မကြံသေးဘူး ကလေးတွေကဆော့လိုက်တာ ‌ဗြောင်းဆန်လို့၊
သူတို့မိဘ‌တွေကလည်း မပြောကြဘူး၊
ကြီးမြမပြောနဲ့ ဝေမာတောင် အိပ်ရေးပျက်ပြီး စိတ်မကြည်မသာဖြစ်ရတယ် ”
” ဟုတ်တယ်ဝေမာ၊ ကိုယ်လဲသိတယ်၊ ပြောမကောင်းလို့သာငြိမ်နေရတာ၊ အစကတော့ ကိုယ်က ကွန်ဒိုတိုက်ခန်း၀ယ်မယ်စိတ်ကူးထားတာ၊ ခုအခြေအနေတိုင်းဆိုရင် တန်ဖိုးနည်းတိုက်ခန်းတစ်ခု၀ယ်ပြီး အမြန်ပြောင်း‌မှအဆင်ပြေမယ်၊ ကြီးမြလည်း ဘုရားတရားလေးလုပ်ပြီးအေးအေးချမ်းချမ်းနေရအောင်ပေါ့ ”
” ကောင်းတယ်ကိုမောင် …အမြန်၀ယ်လိုက်တော့”
ကိုမျိုး‌မောင် နှင့် မဝေမာတို့နှစ်ဦး လက်ထပ်ထားသည်မှာ လပိုင်းခန့်သာရှိသေး၏။
ကိုမျိုးမောင်သည် ပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှ အင်ဂျင်နီယာတစ်ဦးဖြစ်၍ သူ၏ဇနီးဖြစ်သူမှာ ပုဂ္ဂလိကဘဏ်တစ်ခုမှ၀န်ထမ်းတစ်ဦးဖြစ်သည်။
သူတို့လက်ထပ်ပြီးစ၌ ဆောက်လုပ်ရေး၀န်ထမ်းလိုင်းခန်းတွင်နေထိုင်ကြ၏။
ကိုမျိုးမောင်သည်အိမ်ထောင်မကျမီ ကြီးတော်ဖြစ်သူ ဒေါ်မြနှင့် အတူနေထိုင်ခဲ့ခြင်းဖြစ်ရာ အိမ်ထောင်ကျပြီးသောအခါတွင်လည်း ကြီးမြအား မိမိနှင့်အတူလိုက်လံနေထိုင်စေသည်။
ကြီးမြသည်လည်း တူဖြစ်သူအား အလွန်ချစ်ခင်သည်မို့ မခွဲနိုင်ပေ။
ထို့ကြောင့် တူဖြစ်သူအိမ်ထောင်ကျပြီးသောအခါတွင်လည်း အတူနေထိုင်ရန်ခေါ်ဆိုမှုအား မငြင်းပယ်ခဲ့။
ယခုတွင်မူ ဆောက်လုပ်ရေး၀န်ထမ်းလိုင်းခန်း၌ နေထိုင်ရန် အဆင်မပြေမှုအချို့ကြုံတွေ့နေရသောကြောင့် ကိုယ်ပိုင်တိုက်ခန်း၀ယ်ယူရန်ဆွေးနွေးနေကြခြင်းဖြစ်၏။
ထိုသို့တိုင်ပင်ကြပြီးနောက်အနားယူအိပ်စက်ရန် အခန်း၏ပြတင်းတံခါးအားပိတ်လိုက်လေသည်။
နောက်တစ်နေ့၌ လင်မယားနှစ်ယောက်လည်း တိုက်ခန်း၀ယ်ယူရန်စုံစမ်းကြပြီးနောက် တန်ဖိုးနည်းတိုက်ခန်းတစ်ခန်းအား ဈေးသင့်သည်နှင့်၀ယ်ယူလိုက်ကြ၏။
သူတို့၀ယ်ယူလိုက်သောတိုက်ခန်းသည် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ တန်ဖိုးနည်းအိမ်ရာဖြစ်သည်။
ထိုအဆောက်အဦးသည် ငါးလွှာပါရှိသောအဆောက်အဦးဖြစ်ကာ မျိုးမောင်တို့၀ယ်ယူလိုက်သောတိုက်ခန်းသည် ဒုတိယအလွှာရှိတိုက်ခန်းတစ်ခန်းဖြစ်၏။
” ဝေမာရေ…ကြီးမြဆီက ပစ္စည်းတွေအမြန်ယူလိုက်၊ ကြီးမြကလည်း ပစ္စည်းတွေ မသယ်ပါနဲ့ဆိုဗျာ ၊ အေးဆေးသာနေပါ၊ သားတို့လင်မယားပဲ သယ်ပါ့မယ် ၊ အခန်းထဲမှာ အေးဆေးသာ နားစမ်းပါဗျ”
” ဟဲ့..ငါ့တူရဲ့၊ ငါလည်းနိုင်သလောက်ကူပေးတာပါ ၊ ပင်ပန်းတာမှမဟုတ်တာ ”
” ကြီးမြကသာ မပင်ပန်းဘူးပြောနေ၊ တစ်ကိုယ်လုံးချွေးတွေချည်းပဲကြည့်အုံး ”
” အိုကွယ် မန္တလေးမှာ ချွေးထွက်တာများအဆန်းလုပ်လို့ …ရာသီဥတု ဒီလောက်ပူနေတာ ”
ဝေမာက ပစ္စည်းများအားနေရာချနေရင်း သူ့နဖူးမှချွေးများအားသုတ်လိုက်ကာ
” အင်း ဟုတ်ပ ၊ နောက်ရက်တော့ လေအေးပေးစက်လေး ဘာလေးတပ်မှရမယ် ထင်တယ်ကိုမောင်ရယ် ပူလိုက်တာ ဟူး”
” ဟုတ်တယ်ဝေမာ၊ ကိုယ်တို့အခန်းရော ကြီးမြအခန်းမှာရောတပ်မှ အပူသက်သာမှာ”
“နင်တို့အခန်းမှာသာတပ်ကြပါ‌အေ ၊ ငါ့အခန်းတော့မတပ်နဲ့ သဘာ၀လောက်ဘယ်အရာမှမကောင်းဘူး ၊ ဩငါ့အခန်းကပစ္စည်းတွေတော့ ငါကိုယ်တိုင်ပဲနေရာချမယ်ဟေ့ ”
ပြောပြောဆိုဆိုဖြင့်ကြီးမြက သူနေရမည့်အခန်းထဲသို့၀င်ကာ သန့်ရှင်းရေးလုပ်နေလေသည်။
ထိုတိုက်ခန်းသည် အိပ်ရာခန်းနှစ်ခန်း၊ ဧည့်ခန်း၊ ဘုရားခန်း၊မီးဖိုခန်းစသဖြင့် ပါရှိကာ အိမ်သာနှင့်ရေချိုးခန်းမှာ တွဲလျက်ဖြစ်၏။
တစ်မနက်ခင်းလုံး အခန်းထဲ၌တကုပ်ကုပ်အလုပ်ရှုပ်နေသောကြီးမြသည် နေ့လည်နာရီပြန်နှစ်ချက်တီးချိန်သို့ရောက်သောအခါ ငိုက်မြည်းလာ၏။
” ကဲ…ငါ့တူကြီးရေ ၊ စားပြီးသောက်ပြီးဗိုက်က လေးလာတော့ တစ်မှေးလောက်‌မှေးလိုက်အုံးမယ်ဟေ့ ”
” ဟုတ်ကဲ့ ၊ သားတို့လည်းလိုတာလေးတွေအပြင်ထွက်၀ယ်လိုက်အုံးမယ် ၊ကြီးမြရောဘာမှာအုံးမလဲ”
” ကြီးမြကအကုန်ပြည့်စုံပါတယ်၊ ကားကို‌ဖြည်းဖြည်းမောင်း၊ ဂရုစိုက်သွားကြ”
” ဟုတ်ကဲ့ကြီးမြ ဒါဆိုသားတို့သွားပြီနော်”
တူတော်မောင်လင်မယား ထွက်ခွာသွားသည်နှင့် ကြီးမြတစ်ယောက် အခန်းထဲ၀င်ကာ တံခါးအားပိတ်လိုက်ပြီးနောက် အိပ်ရာထက်တွင်လဲလျောင်းလိုက်၏။
အိပ်ပျော်ခါနီးအချိန်၌
” ရှပ် ရှပ် ရှပ် ”
အခန်းတံခါးမှာ လူတစ်ဦးဆွဲဖွင့်သကဲ့သို့ပွင့်သွားပြီးနောက် အခန်းထဲ၀င်လာသောခြေသံအားကြားလိုက်ရသောကြောင့်
မျက်လုံးမှေးစင်း‌နေရာမှ ဖွင့်ကြည့်‌‌လိုက်‌သော်လည်း မည်သူ့ကိုမှမတွေ့ရပေ။
” အင်း ငါစိတ်ထင်လို့နေမှာပါ”
အိပ်ပျော်မည့်ဆဲဆဲ အချိန်၌
ဧည့်ခန်း၌ တံမြက်စည်းလှဲသံ ၊ စတီးအမှိုက်ကော်သံများအားကြားနေရ၏။
လူကထမရ၊ လှုပ်မရဖြင့် ဘီလူးစီးခံရသကဲ့သို့ ဖြစ်နေသော်လည်း နားထဲ၌မူ အပြင်ခန်း၌ လှုပ်ရှားနေသံများအား အတိုင်းသားကြားနေရလေသည်။
အတန်ကြာသောအခါ ဧည့်ခန်းထဲ၌ အသံများတိတ်ဆိတ်သွားပြီးနောက် မီးဖိုချောင်ထဲမှ ပန်းကန်ခွက်ယောက် အသံများ ၊ ရေကျသံများထွက်ပေါ်လာပြန်သည်။
” ကြီးမြ အိပ်ကောင်းနေတာလား ၊ ညနေစောင်းနေပြီဗျ၊ ညစာစားသောက်ပြီးမှ ထပ်အိပ်ပါလား”
သူ့အသံကြောင့် ကြီးမြက အိပ်နေရာမှ ဆတ်ခနဲတွန့်သွားပြီးနောက်
” ဩ အေးအေး ကြီးမြလည်းအိပ်ကောင်းကောင်းနဲ့အိပ်ပျော်သွားတာသားရေ”
အိပ်နေစဉ်က ကြားခဲ့ရသော တံမြက်စည်းလှဲသံ စတီးအမှိုက်ကော်အသံများသည် အိပ်မက်လိုလိုတစ်ကယ်လိုလိုနှင့် ဇဝေဇဝါဖြစ်နေလေသည်။
” ဟင်ငါ့အခန်းထောင့်မှာထောင်ထားတဲ့ တံမြက်စည်းနဲ့အမှိုက်ကော်ကဘယ်ရောက်သွားပါလိမ့် ”
ကြီးမြက ဟိုဟိုဒီဒီရှာဖွေနေရင်းမှ
” ဝေမာရေ တံမြက်စည်းနဲ့အမှိုက်ကော်တွေ့မိသေးလားသမီး”
” အင်းနေ့လည်က ကြီးမြအမှိုက်လှဲပြီးအခန်းထဲယူသွားတာမို့လား၊ သမီးတော့ အမှိုက်မလှဲရသေးဘူးနော်”
ဝေမာက မီးဖိုခန်းထဲမှ ချက်ပြုတ်နေရင်း လှမ်းပြော၏။
အတန်ကြာသည်အထိရှာဖွေပြီးနောက် မီးဖိုခန်းတံခါးကြား၌တံမြက်စည်းနှင့်အမှိုက်ကော်အားထောင်လျက်သား ပြန်တွေ့ရလျှင်
” ဘယ်လိုလုပ်ပြီး ဒီနေရာရောက်နေပါလိမ့် ငါလည်းဒီမှာမထားမိပါဘူး”ဟု ကြီးမြတစ်ကိုယ်တည်းတီးတိုးရေရွတ်မိ၏။
Xxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း (၂)
“ရှပ် ရှပ် ရှပ် ”
ခြေသံတရှပ်ရှပ်ကြားရသောကြောင့် မျိုးမောင်အိပ်နေရင်းမှလန့်နိုးလာသည်။ သူသည်အအိပ်ဆတ်သူတစ်ယောက်ဖြစ်၏။
သူလန့်နိုးလာချိန်၌ လက်မှနာရီအားကြည့်လိုက်ရာ မနက်တစ်နာရီခွဲတိတိ။
” ဟင်ညဘက်ကြီး အပြင်ခန်းမှာ ကြီးမြဘာလုပ်နေပါလိမ့် ”
သူလည်းထိုသို့တွေးကာ ကုတင်ပေါ်မှဆင်းပြီးနောက် အိပ်ရာခန်းတံခါးအားဖွင့်လိုက်စဉ်
လူရိပ်တစ်ခုက မီးဖိုခန်းထဲ ၀င်သွားသည်ကိုတွေ့လိုက်ရသည်။
ထိုလူရိပ်မှာ အမျိုးသမီးတစ်ဦး၏ ပုံသဏ္ဌာန်ဖြစ်၏။
သူလည်းဧည့်ခန်းမီးအားဖွင့်ကာ
” ကြီးမြလား မီးဖိုခန်းထဲ၀င်သွားတာ ”
သူ့မေးသံမဆုံးမီ မီးဖိုခန်းဘေစင်မှ ရေကျသံအားကြားလိုက်ရသဖြင့် မီးဖိုခန်းဘက် လျှောက်လာရင်း
” ကြီးမြလား ညဘက်ကြီးဘာတွေထလုပ်နေတာလဲ ”
သူ့အမေးအား တုန့်ပြန်ပြောဆိုမှုမရှိပေ။
သူလည်း မီးဖိုခန်းမီးအားဖွင့်လိုက်ရာ မည်သူမျှရှိမနေပဲ ဘေစင်မှရေပိုက်ခေါင်းကပွင့်ကာ‌ ရေများကျနေသည်အားတွေ့လိုက်ရလျှင်
“ဟင် ဘယ်သူမှမရှိဘဲ ရေပိုက်ခေါင်းကပွင့်နေပါလား၊ ခုလေးတင်မီးဖိုခန်းထဲ လူတစ်ယောက်၀င်သွားတာတွေ့လိုက်ရတာကို ”
တစ်ဦးတည်း ရေရွတ်ကာ ရေပိုက်ခေါင်းအားပိတ်လိုက်စဉ် ကြက်သည်းမွှေးညင်းများတစ်ကိုယ်လုံး ထသွားလေသည်။
သူ၏နောက်မှ တစ်စုံတစ်‌ယောက် ရပ်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသောကြောင့်ဖြစ်၏။
သူလည်းဧည့်ခန်းဘက်ပြန်လျှောက်လာပြီးနောက် ကြီးမြ၏အခန်းအားဖွင့်ကြည့်လိုက်ရာ ကုတင်ပေါ်တွင်နှစ်ခြိုက်စွာအိပ်ပျော်နေသော ကြီးမြအားတွေ့လိုက်ရ၏။
” ဟင် ကြီးမြကလည်း သူ့အခန်းထဲမှာအိပ်နေတာပါလား၊ ဒါဆိုမီးဖိုခန်းထဲ၀င်သွားတဲ့သူကဘယ်သူပါလိမ့်၊ သွားကြည့်တော့လည်းဘယ်သူမှမရှိဘူး၊ ဟူးးဘာတွေဖြစ်နေပါလိမ့်၊ ငါပဲ အိပ်ချင်မူးတူးနဲ့ အမြင်မှားတာလား၊ ဒါလဲမဖြစ်နိုင်ဘူး ‌၊ ဘေစင်ကရေကို ဘယ်သူဖွင့်တာပါလိမ့်”
အခန်းထဲပြန်ရောက်သော်လည်းဟိုတွေးဒီတွေးဖြင့် မိုးလင်းခါနီးမှ အိပ်ပျော်သွားလေသည်။
ညကသူ အတော်နှင့်အိပ်မပျော်သည်မို့ မနက်ခင်းအိပ်ယာထချိန်၌ နေပင်အတော်မြင့်နေလေပြီ။
“နိုးပြီလားကိုမောင်၊ မနေ့ကပင်ပန်းလို့ အိပ်ကောင်းတယ်ထင်ပါရဲ့ ”
” အင်းဟုတ်တယ်ဝေမာ ၊ အလုပ်သွားတော့မှာလား ”
” အင်းဟုတ်တယ်၊ ကိုမောင်မနက်စာစားဖို့ အုပ်ဆောင်းအောက်မှာနော် ၊ ဝေမာသွားပြီ ကိုမောင်ရေ”
ဝေမာထွက်သွားပြီးနောက် သူလည်းရေမိုးချိုးကာ မနက်စာစားနေစဉ်
” ငါ့တူက ဒီနေ့ အလုပ်မသွားဘူးလား ”
” မသွားဘူးကြီးမြ အိမ်ပြောင်းရမှာဆိုပြီး ခွင့်နှစ်ရက်ယူထားတာလေ ၊ ဩကြီးမြရော စားပြီးပြီလား ”
” ပြီးပြီငါ့တူရေ”
” ကြီးမြလာထိုင်ပါအုံး သားပြောစရာရှိလို့ ”
ကြီးမြက သူနှင့်မျက်နှာချင်းဆိုင်ခုံတွင်၀င်ထိုင်ပြီးနောက်
” ပြောလေသား ၊ ဘာများလဲ ”
“ညကသား ‌တစ်ရေးနိုးတော့ မီးဖိုထဲ၀င်သွားတဲ့လူရိပ်တွေ့တယ်၊ သားလဲကြီးမြထင်ပြီး မီးဖိုထဲ၀င်တော့ ဘေစင်ကရေတွေပွင့်နေပြီးဘယ်သူမှမရှိဘူး၊ကြီးမြအခန်းထဲကြည့်လိုက်တော့လည်းကြီးမြက အိပ်ပျော်နေတာနဲ့ သားလဲကြက်သည်းတွေထလာလို့ အခန်းထဲအမြန်ပြန်၀င်အိပ်လိုက်တာ ”
” ဩဒါကြောင့် မနက်ဘုရားထရှိခိုးတော့ မီးတွေပွင့်နေတာကိုး”
” သားတော့ ဒီအခန်းမှာ ပရိတ်လေးဘာလေးရွတ်ရင်ကောင်းမလားလို့ ”
မျိုးမောင်ပြောစကားပင်မဆုံးသေး
“ဒေါင်..ဂလောင်”
အခန်းထောင့်တွင်ထောင်ထားသော စတီးအမှိုက်ကော်မှာ သူ့အလိုလိုလဲကျသွားသည်မို့ နှစ်ဦးသား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြ၏။
လက်ကိုင်ပါသောစတီးအမှိုက်ကော်သည် သူ့အလိုလိုလဲကျစရာအကြောင်းပင်မရှိ၊ တစ်စုံတစ်ဦး၏ ပယောဂ ကြောင့်သာလဲကျသွားခြင်းဖြစ်ကြောင်း နှစ်ဦးသားခံစားမိကြလေသည်။
” ကောင်းတယ်သား၊ နက်ဖြန်မနက်စောစော အန္တရာယ်ကင်းတရား‌ဟောကြွဖို့ ဘုန်းကြီးဆီသွား‌လျှောက်တင်တော့၊ စီစဉ်စရာရှိတာ ဒီနေ့အကုန်စီစဉ်လိုက်ရအောင်”
” ဟုတ်ကဲ့ကြီးမြ”
နှစ်ဦးသား အတွေးကိုယ်စီဖြင့် ငြိမ်သက်နေကြစဉ် အိပ်ရာခန်းတံခါးများက တစ်‌ဦးတစ်ယောက် ဆောင့်ပိတ်သကဲ့သို့ ပြိုင်တူပိတ်သွားကြ၏။
” ဝုန်း…ဒုန်း”
” အတော်ကြမ်းတယ်နော်ကြီးမြ”
‌မျိုးမောင်က တိုးတိုးဖွဖွဆိုလိုက်ရာ ကြီးမြက ခေါင်းညိမ့်ပြလိုက်၏။
မျိုးမောင်သည် စီစဉ်စရာရှိသည်များအားစီစဉ်ကာ အလုပ်ရှုပ်နေ၏။
တိုက်ခန်းထဲ၌လည်း တစ်နေကုန် ဟိုပစ္စည်းပြုတ်ကျဒီပစ္စည်းပြုတ်ကျသံများ၊ တံခါးဆောင့်ပိတ်သံ၊ ရေစက်ခေါင်းများအလိုလိုပွင့်ကာ ရေကျခြင်းများ အဆက်မပြတ်ဖြစ်ပေါ်နေလေသည်။
ကြီးမြသည်လည်း ပုတီးစိပ်ကာ မေတ္တာပို့အမျှဝေခြင်းများပြုလုပ်နေ၏။
” အူ ဝူး ဝူး ”
ညနက်ချိန်၌ အဆောက်အဦးရှေ့မှ ခွေးများက ဆွဲဆွဲငင်ငင်အူနေကြသည်။
” အင်း ဟင်း ဟင်း”
” တောက် ”
ညည်းညူသံနှင့် ကျယ်လောင်သောတောက်ခေါက်သံကြီးက ဧည့်ခန်းဘက်မှ ထွက်ပေါ်လာသည်။
“ဒုန်း ဂလွမ်း”
” ကိုမောင် ဘာသံလဲ ၊ ဘာသံတွေလဲ ”
” အသာနေဝေမာ ၊ ထမကြည့်နဲ့ ၊ နေပါစေ”
” ကိုမောင်ဘာတွေလဲ ၊ ဝေမာ့ကိုပြောအုံး၊ ဝေမာကြောက်တယ် အဟင့် ဟင့် ”
” မငိုနဲ့ဝေမာ၊ ကိုယ်တို့အခန်းက မသန့်တာ၊ ဒါကြောင့်မနက်ကို တရားနာ၊ ကမ္မဝါဖတ်ပြီး ရေစက်ချအမျှဝေဖို့ အားချင်းစီစဉ်လိုက်ရတာ”
” ကြီးမြရော ဒါတွေသိလားကိုမောင်”
” သိတယ်ဝေမာ၊ ဝေမာကြောက်မှာစိုးလို့ မပြောပြတာ”
ထိုနေ့ည၏ သန်းခေါင်ယံသည် ရှည်ကြာလွန်းလှသည်ဟုထင်မိ၏။
တစ်ညလုံး‌ လူးလားခေါက်တုန့်သွားနေသောခြေသံများ၊ ညည်းညူသံ၊ တောက်ခေါက်သံများအား အဆက်မပြတ်ကြားနေရလေသည်။မိုးလင်းခါနီးအချိန်မှသာ ထိုအသံများပျောက်ကွယ်သွား၏။
” သားရေ ဘုန်းကြီးတွေကြွလာခါနီးပြီ၊ မင်းမိန်းမကိုနိုးတော့၊ ဒီမှာ ဒန်ပေါက်တွေလဲ လာပို့သွားပြီ၊ ဘုန်းကြီးကပ်ဖို့ ခဲဖွယ်တွေဝိုင်းပြင်ရအောင်”
” ဟုတ်ကြီးမေ ၊ သားနိုးနေပါပြီ ၊ ဝေမာ ထ..ထတော့ ဘုန်းကြီးကြွလာတော့မှာ ”
” အင်း ..ဟုတ် ဟုတ်ထပြီ ကိုမောင် ”
နံနက်ခင်း၏ ဆည်းဆာချိန်လေး၌ အဆောက်အဦး၏ ဒုတိယအလွှာရှိ တိုက်ခန်းအ။တွင်းမှ သံဃာတော်အရှင်သူမြတ်များ၏ တရားဟောကြားသံများ၊ ကမ္မဝါရွတ်ဆိုသံများ ၊ အမျှဝေသံများက ကျက်သရေရှိစွာ ထွက်ပေါ်လာလေသည်။
အမျှဝေသံများအဆုံး၌ အဆောက်အဦးရှေ့မှ ခွေးလေခွေ့လွင့်တစ်အုပ်က ဆွဲဆွဲငင်ထအူကြ၏။
အူး ….ဝူ…ဝူး
ထိုအချိန်မှစ၍ မျိုးမောင်တို့နေထိုင်ရာတိုက်ခန်းလေး၌ မည်သည့်ခြောက်လှန်မှုမျိုးမှ မကြုံရတော့ပါချေ။
သို့သော် အဆောက်အဦးဝိုင်းထဲ၌မူ သရဲခြောက်သည်ဟူသောအသံများအားကြားလာရ၏။
Xxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း (၃)
” အမယ်လေး သရဲဗျို့ သရဲ..ဟင်းထုတ်လိုက်ဆွဲလို့ဗျ ”
မြေညီထပ်မှထွက်ပေါ်လာသောအသံကြောင့် အဆောက်အဦးတစ်ခုလုံးရှိလူများ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြ၏။
အချို့သူများကလဲ ထိုအခန်းရှိရာသို့သွားရောက်ကာ စပ်စုနေကြ၏။
” အင်း ဘယ်သူတွေအခြောက်ခံရတာလဲမသိဘူးနော် ကိုမောင် ”
” အင်း မသိဘူးလေ၊ ညအချိန်မတော် အသားဟင်း၀ယ်လာလို့ မကောင်းတာတွေ ပါလာတာနေမှာ ”
” အင်း ဟုတ်မှာပဲ”
ထိုနောက်ပိုင်း အဆောက်အဦးဝိုင်းထဲတွင် မိန်းမကြီးတစ်ဦးက ညအချိန်မတော်လမ်းလျှောက်နေသည်ဟူ၍လည်းကောင်း၊ အ၀င်၀အုတ်ခုံပေါ်၌ ငုတ်တုတ်ထိုင်နေသည်အား တွေ့ကြရသည်ဟူ၍လည်းကောင်း လူပြောများလာကြ၏။
ညနက်အမှောင်ယံအောက်၌ ပတ်၀န်းကျင်တစ်ခုလုံးက လိုအပ်သည်ထက်ပိုမိုတိတ်ဆိတ်နေသည်ဟုထင်ရ၏။
လမ်းဘေး၌ ပေါက်နေသောသစ်ပင်ကြီးများက ကားမီးရောင်ဖြာကျရာ လမ်းတစ်လျှောက်၌ တစ္ဆေကောင်များငုတ်တုတ်ထိုင်နေသည်နှင့်ပင်တူနေသေးသည်။
လမ်းမကြီးထက်၌ သူ၏ကားတစ်စီးသာတရိပ်ရိပ်ပြေးနေလေသည်။
မျိုးမောင်တစ်‌ယောက် အချိန်ပိုအလုပ်ဆင်းရသောကြောင့် ပင်ပန်းနွမ်းနယ်ပြီး သူ၏မျက်ခွံများပင်လေးလံလာသည်။
” ဝါး ”
သူတစ်ချက်သန်းဝေလိုက်ပြီးနောက် ကားအားသတိထားမောင်းနှင်လာရာ ချမ်းမြသာစည်မြို့နယ်အတွင်း၀င်ရောက်လာပြီဖြစ်၏။
” ဟူးပင်ပန်းလိုက်တာ”
သူတစ်ချက်ညည်းညူလိုက်၏။
ကားသည်မကြာမီပင် သူတို့နေထိုင်ရာ တန်ဖိုးနည်းအိမ်ရာအဆောက်အဦးရှေ့သို့ပင်ရောက်ရှိလာပြီဖြစ်၏။
သူ့ကားအား အဆောက်အဦးဝိုင်းထဲချိုးကွေ့မောင်း၀င်လိုက်စဉ်
အမျိုးသမီးကြီးတစ်ဦးမှာ သူ့အားကျောပေးကာကား‌ ရှေ့၌ပိတ်ရပ်နေသည်မို့
” တီ တီ ”
“ဟာ…ဒီမိန်းမတော့ သေတော့မှာ၊ ကားလာတာကိုမဖယ်ဘူး”
” တီ တီ ”
သူထပ်မံကာ ဟွန်းတီးလိုက်စဉ် ဖုန်းက
ထမြည်လာ၏။
ဖုန်းအား လက်ကိုင်အိတ်ထဲမှထုတ်ယူကာ
” ဟလို …ဟုတ်ကဲ့ဆရာ ..ခုပဲပြန်ရောက်တာ…ဟုတ်ကဲ့ပါ ”
‌ဖုန်းပြောပြီးနောက် ဟိုဟိုဒီဒီကြည့်‌ပါသော်လည်း ကားရှေ့၌ရပ်နေသော အမျိုးသမီးအားအရိပ်အယောက်မျှပင်မတွေ့ရတော့ ။သူဖုန်းယူနေစဉ် စက္ကန့်ပိုင်းအတွင်း ပျောက်သွားသည်မှာထူးဆန်းလှ၏။
” ဟင် ဟိုအမျိုးသမီးက ဘယ်များရောက်သွားပါလိမ့်…. ငါပဲအိပ်ချင်နေလို့ အမြင်များမှားတာလား၊ ဒါလဲမဖြစ်နိုင်ပါဘူး၊ ငါသေချာတွေ့လိုက်တာကို ”
သူ့ကားအား‌မောင်း၀င်လာပြီးနောက် အဆောက်အဦး၏ ကားပါကင်၌ရပ်လိုက်စဥ် ကားရှေ့တွင်ရပ်နေခဲ့သော အမျိုးသမီးမှာ ကားပါကင်၏ထောင့်ချိုး‌ မှောင်ရိပ်ကျရာနေရာသို့ ၀င်သွားသည်အား တွေ့လိုက်ရသည်။
” ဟင် အစောတုန်းက ကားရှေ့မှာရပ်နေတဲ့မိန်းမပါလား၊ သူကဘယ်လိုလုပ် ဒီကိုရောက်နေပါလိမ့်၊ ညဘက်ကြီး အမှောင်ရိပ်ထဲ၀င်ပြီးဘာလုပ်တာပါလိမ့်”
သူလည်းသိလိုလှသဖြင့် ဖုန်းမီးအားဖွင့်ကာ ထိုနေရာသို့သွားကြည့်လိုက်လျှင် အမျိုးသမီးမှာအမှောင်ထဲ၌ မားမားကြီးရပ်ကာ သူ့အားစိုက်ကြည့်နေသည်မို့ ကြက်သည်းများထလာပြီးနောက်
မိမိနေထိုင်ရာဒုတိယ အလွှာသို့အမြန်ပြေးတက်လေတော့သည်။
“ဒုန်း ဒုန်း ”
“ကြီးမြ.. ကြီးမြ..တံခါးအမြန်ဖွင့်ပါ”
” ဟဲ့ညကြီးမင်းကြီး အလန့်တကြားပါလားငါ့တူ ”
” ကြီးမြ တံခါးအမြန်ပိတ် …ပိတ်လိုက်တော့”
ကြီးမြအမေးအားပြန်မဖြေနိုင်ဘဲ အလျှင်စလိုတံခါးပိတ်ခိုင်းလိုက်၏။
” ငါ့တူရယ် ဘာတွေဖြစ်လာတာလဲ..ရင်တွေတုန်လိုက်တာ… လာ ..လာ.. ရော့.. ပရိတ်ရေလေးသောက်လိုက်အုံး”
ဘုရားစင်မှ ပရိတ်ရေ အနည်းငယ်သောက်ပြီးမှ သူ၏ကြောက်စိတ်များ အနည်းငယ်သက်သာသွားလေသည်။
” ဘယ်လိုဖြစ်လာရတာလဲငါ့တူရယ်”
” သရဲခြောက်လို့ကြီးမေ သရဲမကြီးဗျ၊ အဖွားကြီးပုံစံပဲ ”
” ဟင်ဟုတ်လား ၊ သရဲဆိုတာသေချာလို့လား”
” သားကားမောင်းလာတော့ ခြံ၀မှာမိန်းမ‌တစ်ယောက်ရပ်နေတာ၊ သားလဲသူလမ်းမဖယ်ပေးလို့ ဟွန်းတီးနေတုန်း ဖုန်းလာလို့‌ အိတ်ထဲက ဖုန်းကိုနှိုက်ပြီးဖုန်းပြောနေရင်း ကြည့်လိုက်တော့ အဲ့ဒီမိန်းမ မရှိတော့ဘူး၊ ကားပါကင်နေရာရောက်တော့ ပါကင်ထောင့်က အမှောင်ထဲသူ၀င်သွားတာတွေ့လို့ သားလဲဖုန်းမီးထွန်းပြီးသွားကြည့်တာ မားမားကြီးရပ်ပြီးသားကို စိုက်ကြည့်နေတာ”
” အမယ်လေး ဘာလို့သွားကြည့်တာလဲ၊ တော်သေးတယ်ဟိုက ဘာမှမလုပ်လိုက်လို့၊ ကဲ…ညလဲနက်နေပြီ…အိပ်လိုက်တော့ ၊
သားလဲပင်ပန်းလာတာမို့လား ”
” ဟုတ်ကြီးမြ ၊ ဝေမာကနိုးတောင်မနိုးဘူး၊ ကြီးမြရှိလို့သာတော်သေး”
“ဩသူလဲ တစ်နေကုန်အလုပ်လုပ်ရတော့ ပင်ပန်းတာနေမှာပေါ့ ၊ ကြီးမြရှိလို့လဲစိတ်ချလက်ချအိပ်နေတာနေမှာပါ ”
” ဒါဆိုသားသွားအိပ်တော့မယ်နော် ”
” အေးအေး ဘုရားစာလေးဘာလေးရွတ်အိပ်”
” ဟုတ်ကဲ့ပါ ကြီး‌မြ”
သူလည်းအိပ်ရာထက်၌လဲလျောင်းပြီးနောက် မကြာမီ အိပ်ပျော်သွားလေသည်။
” အဟီး ဟီး ဟင့် ဟင့် ”
” ဟာ အဒေါ်ကြီး ဘာလို့ငိုနေတာလဲ”
သူ့ရှေ့တွင်ထိုင်ကာ ကြူကြူပါအောင်ငိုနေသောမိန်းမကြီးအားတွေ့လိုက်ရသဖြင့် စိတ်မကောင်းဖြစ်ကာ မေးလိုက်သည်။
ထိုမိန်းမကြီးသည် ညက သူ့ကားရှေ့တွင်ရပ်နေသောမိန်းမကြီးပင်ဖြစ်၏။
” မင်းတို့မောင်းထုတ်လို့ ငါ့မှာ နေစရာမရှိတော့ဘူး၊ ငါက မင်းတို့ရောက်လာလို့ ပျော်ပြီး အိမ်အလုပ်တွေကူလုပ်ပေးနေတာလေ၊ မင်းတို့က ငါ့ကိုနေခွင့်မပေးပဲမောင်းထုတ်ကြတယ် အီး ဟီး ဟီး”
” အိုကျုပ်တို့မှမသိတာ၊ ခင်ဗျားဘာဖြစ်ချင်လဲ ၊ ကျုပ်ဘာလုပ်ပေးရမလဲ”
ထိုအခါအမျိုးသမီးကြီးက ငိုနေရာမှ သူ့အားညှိုးငယ်စွာကြည့်ပြီး
” မင်းတစ်ကယ်ပြောတာလား ၊ ငါ့နေရာငါပြန်ချင်တယ်၊ ငါက မြစ်ငယ်မှာနေတာ ၊ ၊ ငါ့နာမည်က ဒေါ်အေးသီပါ၊
ဒီအဆောက်အဦးဆောက်တုန်း အလုပ်လာလုပ်ရင်း သေသွားပြီး ဒီအဆောက်အဦးကိုစွဲနေတော့ ပြန်မရဘူး၊ ငါသေသွားတာက နင်တို့နေတဲ့အခန်းမှာမို့ အဲ့ဒီမှာနေရတာပါ၊ နင်တို့ကမောင်းထုတ်လိုက်တော့ နေစရာမရှိဖြစ်နေတာ၊
မြစ်ငယ်က နဂါးရုံဘုရားမှာ ငါ့နာမည်နဲ့အလှူပေးအမျှဝေပေးပါ”
” ကောင်းပါပြီအဒေါ်ကြီး၊ ကျုပ်ကတိပေးပါတယ် ၊ ခင်ဗျားနာမည်နဲ့ မြစ်ငယ်ကနဂါးရုံဘုရားမှာ လှူပေးပါ့မယ် ”
” ကျေးဇူးပါ၊ ငါစောင့်နေပါ့မယ်၊ မင်းတို့အလှူပြုရေစက်ချရင် ဒီဝိုင်းအ၀င်၀ကအုတ်ခုံမှာငါ့နာမည်ခေါ်ပြီး လိုက်ခဲ့ဖို့ပြောပေးပါ ”
” စိတ်ချဒေါ်အေးသီ၊ ကျုပ်ဆက်ဆက်ခေါ်ပါ့မယ်”
” ကိုမောင် ၊ ကိုမောင် ဘာတွေယောင်နေတာလဲ ”
” ဟင် ဝေမာ ဟို ဟို ဒေါ်အေးသီကြီးရော ”
” ဘယ်ကဒေါ်အေးသီလဲ ကိုမောင်”
” ဩ ကိုယ်အိမ်မက်မက်နေတာပါကွာ”
အားလပ်သောနေ့၌ မျိုးမောင်တို့သုံးဦးသည် မြစ်ငယ်မြို့ရှိနဂါးရုံဘုရားသို့ရောက်လာကြ၏။
ကျောင်းထိုင်ဘုန်းကြီးအား သုံးယောက်သားဦးခိုက်ပြီးနောက်
” အရှင်ဘုရား၊ ပြိတ္တာဘုံဘ၀ရောက်နေတဲ့ ဒေါ်အေးသီဆိုတဲ့အမျိုးသမီးက ဒီဘုရားမှာ အလှုပြုပေးပါလို့အိမ်မက်ပေးလို့ တပည့်တော်တို့ ရောက်လာတာပါဘုရား၊ အရှင်ဘုရားတို့ဆီမှာ ဘာများလိုအပ်မှုရှိပါသေးလဲဘုရား”
” ဒေါ်အေးသီဆိုတာ မန္တလေးမှာ အလုပ်သွားလုပ်ရင်းဆုံးသွားတဲ့ဒကာမကြီးများလား၊ သူက ဒီမြို့သူပဲ”
” တင်ပါ့ဘုရား ”
“ဩ သူသက်ရှိထင်ရှားရှိစဉ်ကတော့ ကိုယ်တော်တို့ဆီ လိုတာလေးတွေလာလှုတတ်တယ်၊ စိတ်ရင်းကောင်းရှာတဲ့ဒကာမကြီးပါ၊ ဒကာကြီးတို့လှူချင်ရင် ဇရပ်ဟောင်းတစ်ခုရှိတယ်၊ အဲ့ဒါလေးကို ပြုပြင်ပြီး သူ့နာမည်နဲ့လှူပေးလိုက်ပေါ့”
“တင်ပါ့ဘုရား”
ထိုဇရပ်ဟောင်းအားပြုပြင်ပြီးနောက်
” ကဲ ဒေါ်အေးသီရေ၊ ကျုပ်ကတိအတိုင်း ခင်ဗျားနာမည်နဲ့ ဇရပ်‌ဟောင်းကို ပြုပြင်ဆောက်လှူပြီးပါပြီ၊ဒီနေ့ အလှုအတွက်ရေစက်ချအမျှဝေတော့မှာမို့ သာဓုခေါ်ဖို့ ကျုပ်တို့နဲ့လိုက်ခဲ့ပေတော့”
မျိုးမောင်၏ ဖိတ်ခေါ်မှုအဆုံး၌ ကားနောက်ခန်း၌ တစ်ဦးတစ်ယောက်ထိုင်လိုက်သကဲ့သို့ ဆိုဖာခုံမှာချိုင့်၀င်သွား၏။
မြစ်ငယ်မြို့၊နဂါးရုံဘုရား၀န်းအတွင်းရှိ ပြုပြင်ထားသောဇရပ်ပေါ်၌
” ဒကာမကြီးဒေါ်အေးသီတစ်ယောက်ရောက်ရာနေရာဘုံဘ၀မှ ဇရပ်ပြုပြင်လှူဒါန်းတဲ့အလှူအတွက် သာဓုခေါ်ဆိုပါလေ အားလုံးကြားကြားသမျှ
အမျှ အမျှ အမျှ
ယူတော်မူကြပါကုန်သော်
သာဓု သာဓု သာဓု ”
သာဓုအနုမောဒနာ သုံးကြိမ်ခေါ်ဆိုမှုအပြီး၌ နဂါရုံဘုရားအတွင်းရှိ စေတီမှ ဆည်းလည်းလှုပ်သံများဆူညံစွာ ထွက်ပေါ်လာလေသည်။
မျိုးမောင်တို့သုံး‌ယောက်လည်း တစ်ဦးမျက်နှာတစ်ဦးကြည့်ကာ ပြုံးလိုက်မိကြ၏။
သူတို့ပြုံးလိုက်သော အပြုံးများသည် ပီတိအပြုံးများမှတစ်ပါး အခြားမရှိနိုင်ပါချေ။
လေးစားလျက်
စာရေးသူ နန်းကြာညို