တောင်ညီနောင်မယ်တော်

*ဦးဖိုးဝေ နှင့် တောင်ညီနောင်မယ်တော် *📖📖📖

*****************************************

    ◾အခန်း (၁)

     နွားနှစ်ရှဉ်းထားနိုင်သော တင်းကုတ်တခုတွင် ဖြစ်သည်။ထိုတင်းကုတ်သည် တဲတခုနှင့် မလှမ်းမကမ်းတွင်ရှိပြီး တင်းကုတ် ထဲတွင် ကျွန်းသစ်လုံးကို ထွင်းထားသော စားကျင်းတုံးနှစ်လုံး လည်း ရှိသေးသည်၊၊နွားနှစ်ရှဉ်းသည် စားကျင်းတုံးထဲထည့်ထားသော နွားစာများကို စားသည့်အကောင်က စား၊အိပ်၍ စားမြုံ့ပြန်နေသောအကောင်က ပြန်နှင့် ရှိကြလေ၏။ထိုတင်းကုတ်၏အနားတွင်တော့ လူတစုရပ်ပြီး စကားပြောနေသည်။သူတို့မှာ ဦးဖိုးဝေ နှင့် သူရိယ၊ပြုံးချို နှင့် သူ၏ သူရင်းငှားနှစ်ယောက်တို့ ဖြစ်ကြသည်။ဦးဖိုးဝေသည်

    “ဒီက မောင်ရင်တို့  မောင်ရင်တို့တဲကို ယွမ်းအိုင်ရွာက ဘယ်သူလာသေးလဲ “

    “အင်း ဒီကိစ္စတွေ မဖြစ်ခင်က ဟုတ်စိန်ဆိုတဲ့ကောင်‌တော့ လာတယ်။အခုမှ သတိထားမိတယ်။အဲ့ဒီကောင်လာပြီးတဲ့ နောက်ပိုင်း ကျနော်တို့နွားတွေ ယွမ်းအိုင်ရွာက အခင်းတွေကို ၀င်စားတော့တာပဲ “

    “အင်း ဖြစ်တတ်ပါတယ်လေ လူတွေရဲ့မူယာမာယာတွေကို ‌ရိုးသားတဲ့သူတွေက မြင်နိုင်မှာမှ မဟုတ်တာ “

    ဦးဖိုးဝေသည် ထို့သို့ပြောပြီးနောက် သူရိယဘက်သို့ လှည့်ကာ

    “လူလေးရေ အစီအရင်တွေကို ဖော်ပေးလိုက်ပါဦး “

    “ဟုတ်ကဲ့ အဘ “

    ‌သူရိယသည် နွားတင်းကုတ်တံစက်မြိတ်ကို လှည့်ပတ်ကြည့်နေသည်။ထို့နောက် တံစက်မြိတ်မှ သက်ငယ်ရိုးလက်တဆုပ်စာ ကို ချိုးလိုက်ကာ မျက်လုံးကိုမှိတ်ပြီး မြေပြင်ပေါ်ပစ်ချလိုက်လေသည်။ထိုအခါ သက်ငယ်ရိုးများသည် လေမတိုက်ပါပဲ ရွေ့လျားသွားပြီး စားကျင်းတုံး အောက်တွင်ရပ်တန့်လို့နေလေ၏။ထိုအခါမှ သူရိယသည်  ပြုံးချိုကို ကြည့်ကာ

    “အကို ဒီအနားလေးကို တူးရမယ် “

    “အေး အေး ကဲ နိုင်ထူး တလယ်ပါ(တုရွင်း)ယူပြီး သွားတူးကွာ “

    ပြုံးချိုမှ သူ၏ ဘေးတွင်ရှိသော နိုင်ထူးဟု အမည်ရသော သူ၏ သူရင်းငှားလေးအား တူးခိုင်းလိုက်လေသည်။နိုင်ထူး သည် တလယ်ပါကိုယူကာ သူရိယပြသောနေရာအား တူးလိုက်လေ၏။လက်တတောင်နီးပါးလောက်တူးပြီးချိန်တွင် အထုတ် တထုတ်အား တွေ့ရလေသည်။ထိုအထုတ်ကို ဖြည်ကြည့်သည့် အခါ ရွံ့နှင့် လုပ်ထားသော နွားအရုပ်နှစ်ကောင်အား တွေ့ရပါလေတော့သည်။

    ◾အခန်း (၂)

     ယွမ်းအိုင်ရွာ၏ ရွာလူကြီးအိမ်တွင် လူများစုဝေးများ ရောက်နေကြသည်။အကြောင်းသည်က သူဌေးကုန်းရွာမှ နွားများကို ပညာဖြင့်ပြုစားပြီး ကြံခင်းများတွင် စားစေ၍ လျော်ကြေးယူနေသောသူများအား ရွာလူကြီးဦးမွန်လူးမှ ပြောဆိုဆုံးမနေခြင်း ဖြစ်၏။

    “မင်းတို့တတွေကွာ လုပ်ရက်တယ် ငါတို့ရွာရဲ့ ဂုဏ်သိက္ခာ အတော်ကို ကျကုန်ပြီ။တော်သေးတာပေါ့ ပါလာတဲ့ဆရာက သဘောမနောကောင်းလို့ “

    “ကျနော်တို့ မှားပါတယ် အမကြီးဝမ်က ဒီကိစ္စကို ဦးဆောင်တာပါ “

    “အခု သူ့ကို မတွေ့ပါလား ဘယ်သွားနေလဲ မင်းတို့တတွေသာ ငွေတွေ ပြန်ပေးတယ် သူက မပေးပါလား “

    “ဟုတ်တယ် အမေကြီးဝမ်က အဲ့ဒီနေ့ကတည်းက တောင်ညီနောင်ကို သွားတယ်လို့မြင်တဲ့သူတွေက ပြောတယ် “

    “တကယ်ကို ပြဿနာအဖွားကြီးပဲ “

    ဦးမွန်လူး နှင့် ရွာသားများ စကားပြောနေစဉ် အိမ်‌ဝန်းထဲသို့ တောင်ဝှေးကို ထောက်ပြီးဝင်လာသော ဒေါ်ဝမ်မေကို မြင်ရ၍ ရွာသားအချို့မှ ဦးမွန်လူးအား သတိပေးစကားဆိုလိုက်၏။

    “ရွာလူကြီး ဟိုမှာ အဖွားကြီးဝမ် လာနေတယ် “

    ဦးမွန်လူးမှာ ဒေါ်ဝမ်မေကို တွေ့ ရသောအခါ အနည်းငယ်တော့ ရွံ့နေမိသည်။သူမ၏အကြောင်းကို ကောင်းကောင်းသိသောကြောင့်လည်း ဖြစ်၏။ဦးမွန်လူးသည် ဒေါ်ဝမ်မေ၏ အပေါင်းအပါများကို ဆူပူနေရာမှ ဒေါ်၀မ်မေအား မည်သည့်အနာတရ ရခြင်းမရှိဘဲ ကောင်းမွန်စွာတွေ့ရပြီး အိမ်ဝိုင်းထဲသို့ ဝင်လာသောကြောင့် အနည်းငယ်တော့ စိတ်ပူမိလေသည်။ဒေါ်ဝမ်မေသည် ရောက်သည်နှင့် ရွာလူကြီး ဦးမွန်လူးနှင့် မျက်နှာ ချင်းဆိုင်တွင် ထိုင်ကာ

    “မွန်လူး ဘာတွေ ပြောနေတာလဲ “

    “ကျုပ် ဒီလူတွေကို ဆုံးမနေတာ ခင်ဗျားနဲ့ သူတို့ကြောင့် ကျုပ်တို့ ရွာရဲ့ ဂုဏ်သိက္ခာကျရတာ “

    “အေး နင်ပြောတာ မှန်တယ် ငါတို့ မှားသွားတယ် နောက်တခါ ဒီလို မဖြစ်စေရ‌တော့ပါဘူး”

    ဦးမွန်လူး အံ့ဩသွားမိသည်။သူ့စိတ်ထဲတွင် ဒေါ်ဝမ်မေသည် သူ့အား မလေးမစားနှင့် ရန်တွေ့မည်ဟု ထင်ထားပြီး ယခု သူမ ၏ နှုတ်ထွက်စကားများမှာ သူထင်ထားသလို မဟုတ်သော ကြောင့် အနည်းငယ်တော့ အံ့ဩနေမိသည်။ထို့နောက် ဒေါ်ဝမ်မေသည် မည်သည့်စကားပြောရမည်မှန်း စဉ်းစားရပုံမပေါ်သော ဦးမွန်လူးအား စကားဆိုလိုက်ပြန်သည်။

    “မွန်လူး ဘာတွေ ငေးနေတာလဲ ငါနင့်ကို တောင်းပန်တယ်။နင်ငါ့ကို ခွင့်လွှတ်လား “

    “အမှားကို အမှားမှန်းသိပြီ ဆိုတော့လည်း ကျုပ်က ခွင့်လွှတ်ရမှာပေါ့”

    “အဲ့တာဆို ကောင်းပြီ ငါနင့်ကို တခုမေးစရာရှိတယ် “

    “မေးပါ “

    “ငါတို့ကိစ္စကို ဖော်သွားတဲ့ ဟိုဆရာကို တွေ့ ချင်လို့ “

    “ခင်ဗျား ရန်ရှာမလို့လား ဒေါ်ဝမ်မေ “

    “ငါ ရန်ရှာချင်မှတော့ နင့်ကို မေးမလား “

     ဦးမွန်လူးသည် ဒေါ်ဝမ်မေအား တချက် အကဲခတ်သလို ကြည့်လိုက်၏။သူမ၏ ပုံစံအနေအထားသည် ရန်လိုသည့် လက္ခဏာ မရှိသည့်အတွက် ဦးဖိုးဝေတို့ ရှိသည့်နေရာကို ပြော ပြလိုက်လေသည် ။

    “ကျုပ်ကို ပြောတာတော့ ပြုံးချိုရဲ့ တဲကို သွားမယ်လို့ ပြောတာပဲ အခုအချိန်ဆိုရင်တော့ တဲမှာပဲ ရှိမပေါ့ “

    “အေး အေး မွန်လူး ငါနင့်ကို နောက်တခါ ထပ်ပြီး တောင်းပန်  တယ် ဒီလိုကိစ္စတွေ ထပ်မရှိစေရတော့ဘူး ပြီးတော့ “

    ဒေါ်ဝမ်မေသည် ပြေလက်စ စကားကို ခဏရပ်လိုက်ကာ ကျင်စူးတို့ဘက်ကို ကြည့်လိုက်သည်။သူမ ကြည့်လိုက်သည် နှင့် ကျန်လူများသည် မျက်နှာချင်းမဆိုင်ဝံ့ပဲ မျက်နှာလွှဲနေကြလေ၏ ။

    “နင်တို့ကို ငါ အပြစ်မတင်ဘူး ဟိုဆရာရဲ့ အစွမ်းကလည်း သေးမှ မသေးပဲ နောက်ထပ် နင်တို့တွေ ငါနဲ့ လာမပတ်သတ်နဲ့တော့ “

    ဒေါ်ဝမ်မေသည် သူ၏ အပေါင်းအပါများကို ယတိပြတ်စကားဆိုလိုက်ကာ သူမ၏ တောင်ဝှေးကြီးကို မြေပြင်တွင် ထောက်လို့ ရွာလူကြီးဦးမွန်လူး အိမ်ဝိုင်းထဲမှနေ၍ ထွက်ခွာ သွားပါလေတော့သည်။

    ◾အခန်း (၃)

    ပြုံးချို၏ သူရင်းငှားများနေသော တဲအတွင်းဖြစ်သည်။သူရင်းငှား နိုင်ထူး နှင့် မောင်ပုဆိုသော လူငယ်လေးနှစ်ယောက်သည် သူ၏သူရင်းဒိုင် ပြုံးချို၊ပြီးနောက် ဦးဖိုးဝေ နှင့် သူရိယတို့အား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးနေလေသည်။ပြုံးချိုနှင့် သူ၏ သူရင်းငှါးများသည် အလုပ်ရှင်နှင့် အလုပ်သမားဆက်ဆံရေးမျိုးမဟုတ်ပဲ ညီရင်းအကိုပမာ ဆက်ဆံရေးကြောင့် အလုပ် ရှင် ဖြစ်နေလင့်ကစား ပြုံးချိုအား ကြောက်ရွံ့ခြင်းရှိမနေပါ။နိုင် ထူးသည် ထမင်းအိုးအား အိုးလိုက်မလာကာ ထမင်းပန်းကန််သုံးချပ်ထဲသို့ ထမင်းများ ထည့်ပေးလိုက်ပြီးနောက် ပြုံးချိုကို ကြည့်ပြီး

    “ကိုပြုံးချို “

    “အေး နိုင်ထူး “

    “ကျနော် အခုလို ထမင်းတွေ ခူးခပ်နေတော့ တခုခုကို သတိရတယ်ဗျာ “

    “ဘာတုန်း နိုင်ထူးရ “

    “ဘာတုန်းလုပ်မနေပါနဲ့ဗျာ အိမ်မှာလည်း ထမင်းကိုကိုယ်တိုင်ခူးစားနေရတာ မဟုတ်လား အဲ့တော့ အကြော်ဆိုင်ကို အကို့အိမ်ရွေ့ရင်ရွေ့ မဟုတ်ရင် အကို့အိမ်ကို အကြော်ဆိုင်ရွေ့ “

    “ဟေ့ကောင် ဟေ့ကောင် မင်းဘာပြောချင်တာလဲ ငါသိတယ် နော် တော်တော့။ဆရာကြီးတို့ရှေ့ ရှက်စရာကွာ “

    ပထမတော့ ဦးဖိုးဝေနှင့် သူရိယ နားမလည်ပါ။အဘယ် ကြောင့်ဆိုသော် နိုင်ထူးမှာ အဆက်အစပ်မရှိသောစကားကို ဆိုခြင်းကြောင့် ဖြစ်သည်။သို့ပေမဲ့ ပြုံးချို ရှက်သွားသည်ကို ကြည့်ကာ မိသေးဆိုသောမိန်းကလေးကို ရည်ရွယ်ခြင်းသိလိုက် ၍ သူရိယမှ ထောက်ခံစကားဆိုလိုက်လေသည် ။

   “ဟုတ်တယ် ကိုနိုင်ထူး ပြောတာမှန်တယ်ဗျ။ကိုပြူံးချိုအရွယ် ကလည်း ငယ်တော့တာ မဟုတ်ဘူး။ပြီးတော့ လူကြီးတွေကလည်း ငြင်းမှာ မဟုတ်ဘူးဆိုတော့ သီးချိန်တန်သီး‌တော့ဗျာ”

    “သူရိယ မင်းကပါ ငါ့ကို မြှောက်နေပြန်ပြီနော် အလိုလိုမှ စိတ် ကိုမနည်း ထိန်းနေရတာ ”

    ပြုံးချို၏ စကားကို အားလုံး သဘောကျကာ ရယ်လိုက်ကြသည်။ထို့နောက်  မောင်ပုသည်

    “ကိုပြုံးချို နဲ့ ဆရာကြီးတို့ ဒီ‌နေ့ နေ့လယ်စာက ကျနော့်ရဲ့ လက်ရာလေးဗျ ဟိုကောင် နိုင်ထူးက ထမင်းပဲချက်တက်တာ  ဒီက အချဉ်ဟင်း၊ဒီဟာလေးက ငရုတ်သီးဆားထောင်းလေး ဟော ဒီဘက်က ခရမ်းချဉ်သီးငါးခြောက်ချက်ဆီပြန်လေး  ဒီ ဟာတွေကတော့ တို့စရာအစုံပေါ့ “

    “မောင်ပုတို့ကတော့ တကယ်တော်ချက်ကွာ အဲ့တာကြောင့် နိုင်ထူးက ရည်းစားသနာမထားတာ ထင်တယ် “

    “ဟာ ကိုပြုံးချို ကိုပြုံးချို  ဘာပြောချင်တယ်ဆိုတာ ကျနော် သိတယ်နော် “

    နိုင်ထူး နှင့် မောင်ပုသည် ဦးဖိုးဝေတို့အား ထမင်းပန်းကန် နှင့် စားစေပြီး သူတို့သည်က ထမင်းအိုးအဖုံး၊စလောင်းဖုံးများဖြင့် ထမင်းကို ထည့်စားနေလေသည်။တောတဲမှာ မို့ထင်၏။ဦးဖိုးဝေ နှင့် သူရိယမှာ ထမင်းအတော်စားလို့ မြိန်နေသည်။ဟင်းကို အိုးလိုက်တည်၊ထမင်းကို အိုးလိုက်တည်ထားသော ထမင်းဝိုင်းလေးသည် စကားတပြောပြောနှင့် စားသောက်နေစဉ် တဲအနားသို့ ယွမ်းအိုင်ရွာမှ ဒေါ်ဝမ်မေတောင်ဝှေးကြီး တဒေါက်ဒေါက် ထောက်လို့ ရောက်ချလာလေသည်။ဒေါ်ဝမ်မေကို မြင်လိုက်သည်နှင့် နိုင်ထူးသည်

    “ဆ ဆရာကြီး ဟိုမှာ ယွမ်းအိုင်က အဖွားကြီးလာနေတယ် “

    “အကြောင်းရှိလို့ လာတာနေမပေါ့ မောင်နိုင်ထူးရယ် စားစရာရှိတာသာ စားကွယ် “

    “ဟုတ် ဟုတ်ကဲ့ “

    ဒေါ်ဝမ်မေသည် တဲထဲသို့တန်းမဝင်ပဲ တဲအပြင်မှ နေပြီး စကားလှမ်းဆိုနေလေသည်။

    “ဖိုးဝေဆိုတဲ့ ကောင်ရှိလား ”

   ဒေါ်ဝမ်မေ၏ မခန့်လေးစားစကားကြောင့် ထမင်းစားနေ သည့်သူရိယမှာ ဆတ်ကနဲထလိုက်မည်ပြုစဉ် ဦးဖိုးဝေမှ လက်ကို ဆွဲထားလိုက်ပြီး

    “လူလေး အဘကိစ္စ အဘရှင်းပါ့မယ် “

    ဦးဖိုးဝေသည် ထိုသို့ သူရိယအားပြောပြီး ထိုင်ရာမှထလိုက်ပြီး ရေအိုးရှိရာသို့သွားကာ လက်ရေဆေးလိုက်ပြီး

    “ကဲ အမကြီး ဘာကိစ္စရှိလို့ ကျုပ်ကို မေးရတာလဲ “

    “နင့်ကို ငါပြောစရာရှိလို့လာတာ ရော့ ဒီမှာ ပြုံးချိုဆီက ယူထားတဲ့ ငွေတွေ တပြားတောင် မလျော့ဘူးနော် “

    ဒေါ်ဝမ်မေသည် သူ၏လက်ထဲမှ ငွေစက္ကူများအား တဲထဲသို့ပစ်ထည့်လိုက်ပြီး နောက်ထပ် စကားဆိုလေ၏ ။

    “ဖိုးဝေ ငါ့လုပ်ရပ်တွေ မှားတာ ငါလက်ခံတယ်။နင့်လုပ်ရပ်က လည်း စင်းလုံးချောမနေဘူး အဲ့တော့ နင့်ရဲ့အပြစ်တွေအတွက် တောင်ညီနောင်ကိုလာပြီး တောင်းပန်မှရမယ် “

    “ကျုပ်က တောင်းပန်ရမယ် ဟုတ်လား “

    “အေး “

    “ဘယ်သူ့ကိုလဲ ပြောစမ်းပါဦး “

    “မယ်တော်ကို တောင်းပန်ရမယ် နင် မလာရင် နင်နဲ့ ပတ်သတ်တဲ့လူတွေအတွက် ဆိုးကျိုးတွေပဲ ဖြစ်လာလိမ့်မယ်။ငါပြောချင်တာ ဒါပဲ “

    ဒေါ်ဝမ်မေသည် ဦးဖိုးဝေ၏တုန့်ပြန်စကားကိုပင် မစောင့်ပဲ တဲလေးနှင့် သူတို့ကို ကျောခိုင်းကာ ထွက်သွားလေသည်။ဦးဖိုးဝေသည် သူ၏လက်အား ပုဆိုးစုတ်တခု နှင့် သုတ်ရင်း ပြုံးချို အား စကားဆိုလိုက်လေသည် ။

    “ကဲ ‌ပြုံးချိုရေ ဦးကြီး‌တို့တော့ တောင်ညီနောင်ကို သွားရဦးမယ် ငါ့တူကြီးတို့ဘာသာပဲ  ရွာကို ပြန်ပေတော့”

    “ဟုတ် ရပါတယ်ဆရာကြီး “

    ထို့နောက် ဦးဖိုးဝေသည် သူ၏လွယ်အိတ်ကြီးကို လွယ်လိုက်ပြီး သူရိယကို ကြည့်ကာ

    “ကဲ လူလေး ထမင်းစားပြီးရင် အဘတို့ သွားစို့ “

    “ဟုတ်ကဲ့ အဘ “

    သူရိယသည် ဦးဖိုးဝေ၏စကားကြောင့် စားနေသော ထမင်းအား ကုန်စင်အောင်စားလိုက်ပြီး ထမင်းစားခြင်းကို လက်စ သတ်လိုက်ပါလေတော့သည် ။

    ◾အခန်း (၄)

    ဗိုလ်စောင့်‌တောင်၏ဘေးတွင် ကပ်လျက်ရှိသော တောင် အား တောင်ညီနောင်ဟု ခေါ်တွင်ကြလေသည်။ထိုတောင်သည်  တောင်နှစ်လုံးအရွယ် ညီစွာယှဉ်လျက်ရှိနေသောကြောင့် ခေါ်ခြင်းလည်း ဖြစ်နိုင်သည်။နေဝင်ချိန်ညနေတွင်တော့ ထိုတောင်  ခြေတွင် လူနှစ်ယောက်ရောက်လို့နေသည်။ထိုသူနှစ်ယောက်မှာ ဦးဖိုးဝေ နှင့် သူရိယတို့ဖြစ်သည်။သူတို့သည် တောင်ပေါ်သို့ မ‌တက်မီ တောင်ခြေတွင် ခေတ္တရပ်နေလိုက်ကြသည်။ထိုစဉ် အနီရောင်အလင်းတန်းတခု သူတို့အရှေ့သို့ လျှပ်တပြက် ရောက်လာပြီး ခေတ္တအကြာတွင် တောင်ဝှေးကို ပုခုံးပေါ်ထမ်းထားသည့်ဗိုလ်စောင့်တောင်မှ ဇော်ဂျီဖေမောင် ဖြစ်နေသည်။ ဇော်ဂျီဖေမောင်သည်  ဦးဖိုးဝေအား ပြုံးပြကာ

    “မိတ်ဆွေကြီး ဘယ်လိုကိစ္စကြောင့် ဒီကိုရောက်နေတာလဲ ကျုပ် ဘာများအကူညီပေးရဦးမလဲ “

    “ရပါတယ် မိတ်ဆွေ ကျုပ်ကို ဒီတောင်ညီနောင်က မယ်တော် က ဖိတ်ထားလို့ပါ “

    “ကျုပ်အထင်တော့ ကောင်းသောခေါ်ခြင်း‌တော့ ဟုတ်မယ်မထင်ဘူး တောင်ညီနောင်ကမယ်တော်က ကောင်းသော ဖိတ်ခြင်း နဲ့ ဖိတ်တဲ့ဧည့်သည်လို့ တခါမှ ကျုပ်မကြားမိဘူး သူ့တောင်ကိုတောင် ကျုပ်ယောင်လို့မှားလို့တောင် ဖြတ်မသွားဘူး အတော်ပြဿနာရှာတဲ့ အမျိုးသမီးဗျ “

    “ဟုတ်လား ကျုပ်တို့ကတော့ ဘာကိစ္စလဲသိရအောင် သွားရဦးမှာပဲ ဒါနဲ့ ဇော်ဂျီရဲ့ ညီရော “

    “ဒီကောင် အတော်ပြဿနာရှာတဲ့ကောင်ဗျို့ မိတ်ဆွေတို့ ကြောင့်သာ ဒီကောင်အကြောင်းသိရတာ အခု အဲ့ဒီကောင်ကို ဟိမဝန္တာတောင်မှာထားပြီး အပြစ်ပေးထားတယ်။သူခိုးခဲ့၊လိမ် ခဲ့တဲ့ ဥစ္စာပစ္စည်းတွေကို ကျုပ်လိုက်ပေးနေရတယ်။ကျုပ်တန်ခိုးနဲ့တောင် အချိန်တော်တော် ပေးရတယ်ဆိုတော့ ဒီကောင် ဘယ်လောက် မိုက်ခဲ့သလဲဆိုတာ စဉ်းစားပေတော့ဗျာ”

    “အင်း တော်တော်ဆိုးတာပဲ ကျုပ်တို့နဲ့ မတွေ့ခင် ဇော်ဂျီရဲ့ ညီ ကအတော်သောင်းကျန်းခဲ့ပုံပဲ “

    “ဟုတ်မယ် ဒီကောင်ရဟန်းလည်း အတူဝတ်တယ်။ရသေ့ လည်း အတူလုပ်တယ်။ဘိုးတော်လည်း အတူ လုပ်ပြန်တာပဲ။ ကျုပ်အထင် ဒီကောင်က လိမ်ရခိုးရမဲ့ဗွေပါနေတာ ဖြစ်မယ်။ ကျုပ်တို့ဖခင်ကြီးက ရွှေဖြစ်အဂ္ဂိရတ်ကိုအောင်ထားတဲ့ သူတယောက်လေ ဥစ္စာဓနက ဒီကောင်မှာ လိုလေသေးမရှိအောင် ပြည့်စုံတယ် ထိုက်သင့်တဲ့ လောကီအတတ်လည်း တတ်တာကို အောက်လမ်းပါ သင်သေးတယ်ဆိုတော့ ကျုပ်ညီအကြောင်း ကျုပ်တောင် မတွေးတတ်ဘူး မိတ်ဆွေ “

    “အင်း လူ့စိတ် နတ်မလိုက်နိုင်ကိုးဗျ”

    “ဟုတ်ပါ့ လောကီသံသရာမှာ ကျင်လည်သမျှတော့ လူဖြစ်ဖြစ် နတ်ဖြစ်ဖြစ် ဝိဇ္ဇာဖြစ်ဖြစ် ကိလေသာအမှောင်တွေတော့ ဖုံးနေကြဦးမှာပဲ မိတ်ဆွေ “

    “အင်း ဟုတ်ပါပေတယ် ကျုပ်လည်း တနေ့တော့ လောကီကို စွန့်ပြီး လောကုတ္တရာဖက်ကို  မသေခင်တော့ ပြောင်းဖြစ်ဦးမယ် ထင်ပါ့ “

    “အခုတော့  လောကီနယ်ပယ်က ဇော်ဂျီဆိုတော့ ညီတော် မောင်ရဲ့ လုပ်ရပ်တွေကို ဇော်ဂျီဖြစ်ပြီး လိုက်ရှင်းနေရတယ်ဗျို့”

     ဇော်ဂျီဖေမောင်၏ စကားကြောင့် ဦးဖိုးဝေ နှင့် သူရိယ ပြုံးလိုက်မိသည်။လျှပ်စီးလက်သလို မြန်ဆန်လွန်းလှသည့် ဇော်ဂျီ တယောက်တောင် အချိန်ပေးပြီး ခိုးရာပါပစ္စည်းတွေ လိုက်ပေး နေရပြီးနောက် တောင်းပန်လည်းတောင်းပန်ရသည်ဆိုကတည်း ကပင် ဖေသျှင်ဆိုသော လူလိမ်သူခိုး၏ ခိုးမှုသည်က မနည်းလောက်ပေ။ထို့နောက် ဇော်ဂျီဖေမောင်သည်

    “ကဲ မိတ်ဆွေကြီးတို့ အကူညီမလိုဘူးဆိုတော့လည်း ကျုပ် ပြန်လိုက်ဦးမယ်။ပြောမဲ့သာပြောရတာ ဒီတောင်က မယ်တော် ဆိုတဲ့ ဟာနဲ့လည်း သိပ်ပြဿနာမတက်ချင်ဘူးဗျို့ “

    “ကောင်းပါပြီ ဇော်ဂျီ  “

    ဇော်ဂျီသည် ဦးဖိုးဝေနှင့် သူရိယကို နှုတ်ဆက်ပြီးနောက် ရုတ်တရက် အနီရောင်အလင်းတန်းလေးသာ မြင်ရပြီး ပျောက် ကွယ်လို့ သွားလေ၏။ထိုအခါမှာ ဦးဖိုးဝေ နှင့် သူရိယသည် တောင်ညီနောင်ပေါ်သို့ စတင်တက်ရောက်လိုက်ပါလေတော့ သည် ။

    ◾အခန်း (၅)

     တောင်ညီနောင်၏ တောင်တက်လမ်းသည် သစ်ပင်ကြီးများ အုံ့ဆိုင်းနေပြီး လူသွားလမ်းလေးသည် ရှင်းလင်းနေသည်။ နေရောင်ပျောက်သွားပြီဖြစ်ပြီး သစ်ပင်ရိပ်များကြောင့် အမှောင်ထုကြီးစိုးလာသော်လည်း ပတ်၀န်းကျင်အား ရှင်းရှင်း လင်းလင်း မြင်နေရလေသည်၊၊တောင်တက်လမ်းအတိုင်း အတန်ကြာတက်သွားစဉ် လမ်းခုလတ်အရောက် လူကြီးပေါင်လုံးခန့်အရွယ်အစားရှိသော မြွေကြီးများသည် သစ်ပင်များတွင် ရစ်ခွေနေသည်ကို တွေ့ရသည်။ဦးဖိုးဝေ နှင့် သူရိယအား ပါး ပျဉ်းထောင်ကာ ဘယ်ယိမ်းညာယိမ်းဖြင့် ကြည့်နေလေ၏။ဦးဖိုးဝေသည် ထိုမြွေများကို ဂရုမစိုက်၊တောင်တက်လမ်းအတိုင်းသာ တက်နေလေသည်။သူရိယမှာဖြင့် ထူးဆန်းသော မြွေကြီးများကို ကြည့်နေသည်။မြွေကြီးများသည် ပါးပျဉ်းထောင်နေသော်လည်း သစ်ပင်များမှ မဆင်း သူတို့အားကျော်သွားသော ဦးဖိုးဝေ နှင့် သူရိယကိုသာ ငေးကြည့်နေလေသည်။ထိုမြွေများကို ကျော်သွားသောအခါ အဝါရောင်တွင် အနက်ရောင်အစင်းရှိသော ကျားများသည် သူတို့အား မာန်ဖီပြီး ကြည့်နေပြန်သည်။ထိုအခါတွင်တော့ သူရိယသည် ငြိမ်၍ လမ်းမလျှောက်နိုင်တော့ပဲ ဦးဖိုးဝေ၏အနားကပ်ကာ

    “အဘ အခု ကျနော်တို့သွားတွေ့တဲ့သူက ဘယ်အဆင့်ရှိလဲ “

    “အဘ အထင်တော့ အောက်ဘုံနတ်တပါး အဆင့်လောက် တော့ရှိမယ် ထင်တယ် “

    “ဟုတ်ကဲ့ အဘ မြွေတွေကျားတွေက ကျနော်တို့ကို ဘာလို့ အန္တရာယ်မပြုတာလဲ အဘ “

    “သူ့သခင် အမိန့်မကျသေးလို့ဖြစ်မှာပေါ့ လူလေးရေ “

    ဦးဖိုးဝေ၏ အဖြေ စကားကြောင့် သူရိယ နောက်ထပ်ဘာမျှ မမေးတော့ပဲ နောက်မှနေ၍သာ ကပ်လိုက်လာသည်။ကျားများကို ကျော်ပြီးသွားသောအခါ လှည်းဘီးအရွယ်အစားရှိသည့် ကျောက်ဖြစ်နေသော အင်ကြင်းငုတ်ကြီးအနားတွင် တောင်ဝှေးကို ထောက်ပြီး သူတို့အား စူးစိုက်ကြည့်နေသော ဒေါ်ဝမ်မေကို တွေ့လိုက်ရသည်။သူမသည် ဦးဖိုးဝေတို့ကို မြင်သည်နှင့် မဲ့ပြုံးတချက်ပြုံးကာ

    “ဖိုးဝေက အခုတော့လည်း လိမ်မာသားပဲ မယ်တော်ခေါ်ခိုင်းတယ် ဆိုတာနဲ့ တန်းလာတာပဲ “

    “အော် နောက်ဆုံးတော့လည်း မကောင်းတဲ့ စုန်းအိုမကြီးက ဗီဇကို မဖျောက်နိုင်ဘူးပဲ “

    “နင် နင် မယ်တော်ပိုင်နက်ထဲလာပြီး ငါ့ကိုစော်ကားဝံ့တယ် ပေါ့ “

    “ထားပါ ခင်ဗျားရဲ့မယ်တော်ဆိုတာ ဘယ်မတုန်း ခေါ်လိုက်စမ်းပါဦး “

   “မယ်တော်ကို လွယ်လွယ်နဲ့ တွေ့လို့ရမယ်လို့ ထင်နေတာလား”

    “တွေ့ မရရင်လည်း ဘာလို့ ပြုံးချိုရဲ့တဲအထိ လာခေါ်တုန်း “

    “တော်စမ်း အခု မယ်တော်ကို တွေ့နိုင်လောက်တဲ့ အရည် အချင်းရှိလား စမ်းသပ်ကြည့်မယ်  “

    ဒေါ်ဝမ်မေသည် သူမ၏တောင်ဝှေးအားယူပြီး မြေပြင်တွင် စိုက်လိုက်ကာ  လက်ခုပ်နှစ်ချက်တီးလိုက်လေ၏။ထိုအခါ ဦးဖိုးဝေတို့၏ နောက်တွင်ကျားဟိန်းသံ များနှင့် မြွေတွန်သံတို့က ညံစီလာလေသည်။ဒေါ်ဝမ်မေသည် ဦးဖိုးဝေနှင့် သူရိယအား သူတို့၏ အနောက်ကို ကြည့်ဟု သဘောဖြင့် မေးငေါ့ပြလိုက်ကာ

    “ကဲ ဘယ်သူက မြွေ နဲ့ တိုက်ပြီး ဘယ်သူက ကျားနဲ့တိုက် မလဲ  နင်တို့ဘာသာတွေးတော့ “

   ဒေါ်ဝမ်မေသည် ထိုသို့ပြောအပြီး မြေတွင်စိုက်ထားသော သူမ ၏တောင်ဝှေးကို ပြန်နှုတ်ကာ ပြုံးရွှင်နေသော မျက်နှာထား   ဖြင့် ဦးဖိုးဝေတို့အားကြည့်နေသည်။ထို့နောက် တောင်ဝှေးကို ထောက်ရင်း သူတို့အား ကျောခိုင်းပြီး ထွက်သွားတော့သည် ။

    ဦးဖိုးဝေ နှင့် သူရိယ တို့ လာရာလမ်းတွင်တွေ့ခဲ့သော မြွေများ နှင့် ကျားများမှာ ယခုတော့ သူတို့အား ရန်ပြုတော့မည် ဖြစ်သည်။ကျားများသည် ရှေ့လက်နှစ်ချောင်းကို နှိမ့်ပြီး ခုန် အုပ်ဖို့ ဟန်ပြင်နေသလို မြွေများသည်လည်း မြင့်မားစွာ ပါးပျဉ်းထောင်လို့ ရန်ပြုရန် အဆင်သင့် ဖြစ်‌လို့နေ၏။ဦးဖိုးဝေသည် ထိုမြွေများနှင့် ကျားများကို တချက် ဝေ့ကြည့်ကာ

    “မင်းတို့ နဲ့ကစားဖို့ အချိန်က ရှိမနေဘူး အဲ့‌ဒီတော့ မြန်မြန်ပဲ ပွဲ ကို ဖြတ်ကြတာပေါ့ “

     ထိုမျှသာ စကားကိုပြောပြီး ဦးဖိုးဝေသည် မျက်လုံးကို မှိတ် လို့ ပြန်ဖွင့်လိုက်သည်။ထိုအခါ သူ၏ မျက်လုံးတို့သည် ရွှေဝါရောင်များ တောက်နေပြီး မြွေများနှင့် ကျားများကို လက်ညှိုး ထိုးကာ

    “မူလပြန်စမ်း “

      ဦးဖိုးဝေ အသံခပ်ကျယ်ကျယ် ဆိုလိုက်သည် နှင့် မာန်ဖီနေသော ကျားများ နှင့် ပါးပြင်းထနေသော မြွေများသည် တဖြည်း ဖြည်း နောက်သို့ တရွက်တိုက်ပါသွားပြီး သစ်ပင်ကြီးများ၏ အောက်ခြေတွင် ငြိမ်သက်သွားကာ ကျောက်ရုပ်များအဖြစ် ပြောင်းသွားပါတော့သည်။ထို့နောက် ဦးဖိုးဝေသည် သူရိယကို ခေါ်ကာ ဒေါ်ဝမ်မေတက်သွားသော လမ်းအတိုင်း လိုက်၍တက်သွားလိုက်ကြပါလေတော့သည် ။

    ◾အခန်း (၆)

    ကြီးများလှသည့် ကျောက်သားထုဖြစ်နေပြီဖြစ်သော အင်ကြင်းပင်ကြီး၏ အောက်တွင် ကျောက်စိမ်းထိုင်ခုံတလုံးဖြင့် မိန်းမပျို တယောက်ထိုင်နေလေသည်။သူမသည် အနီရောင်ပိုးသားမှာ ပန်းပွင့်လေးများပုံဖော်ထားသော အင်္ကျီကို ကျော့ရှင်းစွာဝတ်ထားပြီး ကျောက်စိမ်းထိုင်ခုံပေါ်တွင် ထိုင်နေလေရာ အတော်ကို ကြည့်၍ ကောင်းနေသည်။သူမ၏ ဘေးတွင် ယွမ်းအိမ်ရွာမှ ဒေါ်ဝမ်မေတယောက် တောင်ဝှေးကိုထောက်ပြီး ကျိုးနွံစွာ ထိုင်နေသည်။မိန်းမပျိုမှာ သူမ၏ မျက်နှာချင်းဆိုင်မှ လမ်းကို ကြည့်ပြီး တခုခုကို စောင့်ဆိုင်းနေ၏။ဘေးတွင်ရှိနေသော ဒေါ်ဝမ်မေမှာမူ ထိုလမ်းကို တချက်ကြည့်လိုက်ပြီး မိန်းမပျိုလေးအား စကားဆိုလိုက်လေသည် ။

    “မယ်တော်ကြီး သူတို့တွေ လာနိုင်မယ်မထင်ပါဘူး။မယ်တော်ကြီးရဲ့ အရုပ်တွေကို ဘယ်ပုဂ္ဂိုလ်က ကျော်နိုင်စွမ်းလို့လဲ “

    “ဟဲ့ ဝမ်မေ နင်က ငါ့ကိုငယ်ငယ်ကတည်းက ကိုးကွယ်လာလို့ နင့်ကိစ္စတွေကို ငါ မျက်နှာလွှဲခဲ့တယ်နော်။အခုကိစ္စကလည်း အထက်လမ်းဆရာက လိုတာထက်ပြီး နင်တို့ကို ဆုံးမလို့ ငါခေါ်ပြီး အပြစ်ပေးမလို့ လုပ်တာ အခု အထက်လမ်းဆရာက သာမာန် အထက်လမ်းဆရာ မဟုတ်ဘူး စေတလုံးပိုင်ဆရာဆိုတာရော နင် သိလား “

    “အဲ့ အဲ့တာတော့ ကျမ မသိပါဘူး မယ်တော် “

    “အမှန်အတိုင်းပြောရရင် ငါကလည်း လက်ရည်စမ်းချင်နေတာ နဲ့ အတော်ဖြစ်သွားတယ် “

    “မိန်းကလေးသည် တချက်ပြုံးလိုက်ရင်း ကျောက်စိမ်းထိုင်ခုံပေါ်မှ ထလိုက်ပြီး

    “ဟော ဟိုမှာ ဒင်းတို့လာကြပြီ မဟုတ်လား “

    “ဟုတ် ဟုတ်တယ် မယ်တော် ‌သူတို့ မယ်တော်ရဲ့ အရုပ်တွေကို ဘယ်လိုကျော် “

    “တိတ်စမ်း ဒီအထက်လမ်းဆရာက နင် တွေ့ဘူးတဲ့ သာမာန် အထက်လမ်း ဆရာမဟုတ်ပါဘူးလို့ ငါ ဘယ်နှစ်ခါပြောရမလဲ “

    မကြာသောအချိန်တွင် သူမတို့ မျှော်နေသောလမ်းမှ လူနှစ်ယောက် လမ်းလျှောက်လို့ လာနေသည်။ထိုသူနှစ်ယောက်မှာ ဦးဖိုးဝေ နှင့် သူရိယ ဖြစ်လေသည်။ဦးဖိုးဝေသည် သူမတို့နှင့် မလှမ်းမကမ်းတွင် ရပ်လိုက်ပြီး

    “ကဲ မယ်တော်ဆိုတာ ဘယ်မှာလဲ “

    “ငါပဲဟဲ့ “

    ငယ်ရွယ်လှပသော မိန်းမပျိုလေးမှ မယ်တော်ဟု ဆိုလာသောအခါ ဦးဖိုးဝေမှ အံသြဟန်မသော်လည်း သူရိယမှာတော့ ထူးဆန်း အံ့ဩလို့နေသည်။ထို့နောက် မယ်တော်ဆိုသော မိန်းမပျိုလေးမှ ဆက်ပြီး စကားဆိုလာ၏

    “ဖိုးဝေ နင့်အပြစ် နင်သိလား “

    “ကျုပ်က ဘာအပြစ်လုပ်လို့လဲ “

    “နင်က ပညာသည်တွေရော ပညာသည်မဟုတ်တဲ့ သူတွေကိုရော သွေးအန်အောင် လုပ်ခဲ့တယ်လေ “

    မယ်တော်၏ စကားကြောင့် ဦးဖိုးဝေမှာ အနည်းငယ်တွေဝေသွားသည်။သူ၏ စိတ်ထဲတွင် အစက မတွေးမိပေ။သဘော ကောင်းသော ပြုံးချိုကို  ဒုက္ခပေးသည့်အတွက် သူ အ‌တော်ကို ဒေါသထွက်မိ၏။ထို့အတွက် အလျော်အစားအနေဖြင့် သူများကို ကျိန်ဆိုခဲ့မိ၏။ထိုအထဲတွင် ပညာသည်မဟုတ်သူများ ပါနေသည်ကို သူ မတွေးခဲ့မိပေ။ဦးဖိုးဝေ တွေးငေးနေစဉ် မယ်တော်မှ ဆက်ပြီး စကားဆိုလာပြန်သည်။

“ဟဲ့ ဖိုးဝေ နင်က လာဘ်လာဘကို လိုချင်တာပဲ တကယ်လို့ ပညာသည်တွေဆိုရင်တောင်မှ နင် ဒီလောက် ပြင်းပြင်းထန်ထန် မလုပ်သင့်ဘူး နင်က သခင်ရှေ့မှာ အစွယ်ကောင်းတဲ့ ခွေးသာသာပဲ  “

    ဦးဖိုးဝေသည် သူ့အား ရိုင်းစိုင်းစွာ ပြောနေသော မယ်တော် အား မည်သည့်စကားမှ ပြန်မပြောပဲ ငြိမ်၍ နေလေသည်။ထိုအခါ သူရိယသည် နားမလည်ဖြစ်ပြီး မယ်တော်အား ခွန်းတုန့်ပြန် စကားဆိုလေသည်။

    “ရုပ်နဲ့ မလိုက် တော်တော်မာနထောင်လွှားပါလား နင်က ဘာ မို့လို့ ငါ့အဘကို မိုက်မိုက်ရိုင်းရိုင်း စကားပြောရတာလဲ “

    သူရိယသည် ဦးဖိုးဝေကိုခွေးနှင့် နှိုင်းသည့် မယ်တော်အား စိတ်တိုဒေါသထွက်လွန်း၍ သူ၏ မျက်လုံးမှ ရွှေဝါရောင်များ သည် မီးတောက်တခု အလားတောက်လောင်လို့လာသည်။ထိုအချင်းအရာကိုမြင်သော ဒေါ်ဝမ်မေသည် လန့်သွားပြီး နောက် သို့ မသိမသာ ဆုတ်လိုက်လေ၏။ဦးဖိုးဝေသည်က စိတ်ဆိုးဒေါသ ထွက်နေသော သူရိယအား

    “လူလေး စိတ်လျှော့ကွယ် အဘကိစ္စ အဘ ဖြေရှင်းပါမယ် “

    “အဘ ဒီမိန်းမက အဘကို စော်ကားနေတာလေ အဘ ဘာလို့ ငြိမ်ခံနေရတာလဲ “

    “လူလေး အဘ စကားနားထောင်ပါကွယ် “

    ဦးဖိုးဝေသည့် သူ့အား တောင်းပန်တိုးလျိုးသည့် လေသံ နှင့် စကားဆိုလာ၍ မည်သည့်စကားမှ ဆက်မပြောတော့ပဲ ငြိမ်နေလိုက်ရသည်။ထို့နောက် ဦးဖိုးဝေသည် မယ်တော်ကို သေချာ ကြည့်ကာ

    “ကဲ မယ်တော် ကျုပ်မှားခဲ့တယ် ကျုပ်ကို ထိုက်သင့်တဲ့ အပြစ်ပေးပါ “

    မထင်မှတ်သောစကားကြောင့် သူရိယသည် နားမလည်ဖြစ်ကာ ဦးဖိုးဝေအား စကားပြောမည်ပြုစဉ် ဦး‌ဖိုးဝေမှာ လက်ကာပြပြီး

    “လူလေး အဘကိစ္စ အဘရှင်းပါမယ်ကွယ် “

    သူရိယ နားမလည်နိုင်ဖြစ်ပြီး မည်သည့်စကားမှ ထပ်မပြောမိချေ။ထိုအချိန် မယ်တော်သည် အောင်နိုင်သူ တယောက်ကဲ့သို့ ရယ်မောကာ

    “ဖိုးဝေ နင်က သတ္တိတော့ရှိသားပဲ ကဲ လုပ်ရဲရင် ခံရဲရမယ် ဆိုတော့ “

    မယ်တော်သည် ပြောပြောဆိုဆို ကျောက်တုန်းတတုံးကို ကြည့်လိုက်ရာ ထိုကျောက်တုံးသည် လေပေါ်သို့ မြောက်တက် သွားပြီး ဦးဖိုးဝေ၏ ရင်ဘက်ထံ အရှိန်ပြင်းစွာ တိုးဝင်လာလေသည်။သူရိယမှာ ဦးဖိုးဝေ၏ အစွမ်းကို ယုံကြည်သူဖြစ်၍ ယခုကဲ့သို မယ်တော်၏ တိုက်ခိုက်မှု့ကို မတားဆီးမိပေ။သို့ပေမဲ့ သူထင်ထားသလို မဟုတ်။ကျောက်တုံးသည် ဦးဖိုးဝေ၏ ရင်ဘတ်ကို ထိမှန်ကာ လဲကျသွားပြီး ပါးစပ်မှာ သွေးများအန်လေတော့ သည်။ထိုကဲ့သို့ ဦးဖိုးဝေတယောက် ဝေဒနာခံစားနေရသည်ကို မြင်သောအခါ သူရိယ စိတ်တိုဒေါသထွက်ပြီး မျက်လုံးများမှာ ချက်ခြင်းပင် ဝင်းဝင်းတောက်လာသလို သူ၏ လက်မှလည်းမီးတောက်များသဏ္ဍန် ဖြစ်ပေါ်လာပြီး မယ်တော် နှင့် ဒေါ်ဝမ်မေကို လက်ညှိုးထိုးကာ

    “မယ်တော်ဆိုတဲ့ မိန်းမ နဲ့ သူရဲ့ အပေါင်းအပါ ဒူးထောက်ပြီး ငါ့ရှေ့ရောက်စေ “

    သူရိယ၏စကားဆုံးသည် နှင့် မယ်တော် နှင့် ဒေါ်ဝမ်မေသည် လူတယောက်မှ တံကောက်ကွေးကို ရိုက်ချလိုက်သလို ဒူးထောက် ကျသွားပြီး မြေပြင်တွင် တရွက်တိုက်ပါသွားကာ သူရိယ၏ရှေသို့ နှစ်ယောက်သား ရောက်နေ၏။ထို့နောက် သူရိ ယသည် ဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် မယ်တော်ကို ကြည့်ကာ

    “ငါ့အဘကို အနာတရာဖြစ်အောင် လုပ်တဲ့မိန်းမ နင့်ခေါင်း ရှစ်စိတ်ကွဲ စေရမယ် ”

မယ်တော် နှင့် ဒေါ်ဝမ်မေသည် သူမတို့ မထင်မှတ်ထားသည် များ ဖြစ်ပေါ်လာသည့်အတွက် ကြောက်လန့်လျက် ရှိ၏။ယခုမူ သူရိယသည် သူမတို့ ခေါင်းအား မီးကျည်းခဲတမျှရဲနေသော လက်ဖြင့် ခေါင်းအား ရိုက်မည်ကြံနေသောအခါ မယ်တော်မှာတုန်တုန်ယင်ယင် နှင့် ကြောက်လန့်နေလေ၏။ထိုစဉ်

    “လူလေး တော်လောက်ပြီ ထင်တယ်  ဒေါသကို လျော့ပါ “

    “အဘ အဘ ဘာဖြစ်သွားသေးလဲ “

    ” ဘာမှ မဖြစ်ပါဘူးဘူး။မယ်တော်တို့ကို လွှတ်လိုက်ပါ “

    ” အဘကို အနာတရ ဖြစ်အောင် လုပ်ထားတဲ့ ဒီမိန်းမတွေကို ကျနော် မလွှတ်နိုင်ဘူး “

    “အဘစကား နားထောင်ပါ လူလေး”

     ဦးဖိုးဝေသည် ပါးစပ်မှ ထွက်နေသော သွေးများကိုသုတ်ပြီး   ထိုင်ရမှ ထလာကာ ဒူးထောက်လျက်ရှိနေသော မယ်တော်အား

    “ကျုပ် အပြစ် ကျုပ်ခံပြီးပြီနော် မယ်တော် ကျေနပ်လား “

    “ကျေ ကျေနပ်ပါတယ် “

    “ကဲ အဲ့တာဆို ကျုပ်တို့ တောင်အောက် ပြန်ဆင်းတော့မယ်။ မယ်တော်လည်း ဘယ်သူကို မှ ဒုက္ခမပေးပါနဲ့ “

    ဦးဖိုးဝေသည် ထိုသို့ ပြောပြီး လက်ကို လှုပ်ယမ်းလိုက်ချိန်  မယ်တော် နှင့် ဒေါ်ဝမ်မေ မတ်တတ်ရပ်လို့ ရသွားလေ၏။ထို့နောက် ဦးဖိုးဝေသည် သူရိယအား သူ့ကို တွဲစေပြီး ‌မယ်တော် နှင့် ဒေါ်ဝမ်မေကို ကျော်ခိုင်းကာ တောင်အောက်သို့ ဆင်းသွားလေပါတော့သည် ။

    တောင်အောက်သို့ ရောက်သောအခါ တောင်ပေါ် ရှိ တောထဲ မှာလို မဟုတ်ပဲ လရောင် ဖျဖျလေးသာ ရှိလေ၏။ထိုစဉ် မီးတတ်များကို ကိုင်ဆောင်လာသည့်ဟန်ရှိသော လူတစုသည် ဦးဖိုးဝေတို့ နှင့် မလှမ်းမကမ်းတွင် သွားနေပြီး

    “ဟေ့ ဟေ့ ဟို မှာ လူနှစ်ယောက်ဟေ့ “

    “အေးဟုတ်တယ် သူတို့ကို မိသူ ကို တွေ့မိလားမေးကြည့်ရမယ် ဟေ့ “

    ထိုလူအုပ်ကြီးသည်တဖြည်းဖြည်း နှင့် ဦးဖိုးဝေ နှင့် သူရိယ ရှိရာသို့ ရွေ့ရွေ့တိုး၍ လာနေပါလေတော့သ် ။

    ◾ဦးဖိုးဝေ နှင့် တောင်ညီနောင် မယ်တော်သည်က ဤမျှသာ ။

🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို  Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏

📝မောင်တင်ဆန်း