တောင်သခင်မ ကျိန်စာ(စ/ဆုံး)
———————————
အပိုင်း – ၁
နွေနှောင်းပိုင်းကာလ၏ နေ့တစ်နေ့။ ညနေစောင်းအချိန်အခါ။
နွေအကုန် မိုးအကူး ဥတု အပြောင်းအလဲ ကာလပေမို့ မိုးကားတစ်ဖြိုက်၊ နှစ်ဖြိုက်ရွာလေပြီ။ သို့ဖြစ်သောကြောင့် ရိုးတံကျဲကျဲ ပင်အိုတို့ထံတွင် ရွက်စိမ်နုနုတို့က နေရာယူလျှက်ရှိနေ၏။ မြေပြင်ထက်တွင်လည်း မြက်သားနုနုတို့က ဟိုနားတစ်ကွက်၊ သည်နားတစ်ကွက်ဖြင့် ပေါက်ရောက်နေလေပြီ။
ထိုအချိန်၀ယ် သုံးတန်လှရွာ၏ အ၀င်လမ်းဆီသို့ မျောက်သေသုံးကောင်အား ကျောတွင် ပုဆိုးဖြင့် သိုင်းပိုးလျှက် သေနတ်ကို လက်တစ်ဖက်က ကိုင်ကာ လျှောက်လာနေသော သူတစ်ယောက်။ ထိုသူ၏ မျက်နှာတွင် ကန့်လတ်ဖြတ် အမာရွတ်ကြီး တစ်ခုက ထင်းထင်းကြီး ရှိနေပြီး ခေါင်းမှ ဆံပင်ရှည်များကို မဖီးမသင်ပဲ ထားသည်မှာ မည်မျှကြာလေပြီမသိသောကြောင့် နီကြောင် စုတ်ဖွားနေလေ၏။
ထိုသူသည် တဖြေးဖြေးဖြင့် ရွာနားသို့ ရောက်လာစဉ်ရွာထဲသို့ စားကျက်မှ နွားများ ပြန်သွင်းလာသော လူတစ်ဉ်ီးမှ မြင်သောအခါ
” ဗျို့. ….ကိုတောကျော်။ ဒီနေ့ကော အခြေအနေ ဘယ်လိုလဲ”
ဟု လှမ်းကာမေးလေ၏။ ထိူအခါ မုဆိုးတောကျော်သည် ထိုနွားကျောင်းနေသူအား လှည့်ကြည့်လာကာ
” ဪ…ကိုလှဆောင်ပါလား။ ကျုပ်ကတော့ ထုံးစံအတိုင်း အချစ်တော်လေးတွေပဲ ပစ်လာတာပေါ့ဗျာ။ ကဲ သွားပြီဗျို့ ”
ဟု ပြန်လည်ဖြေကြားရင်း သူနေထိုင်ရာ တဲကလေးဆီကို ဦးတည်၍ ထွက်သွားလေတော့၏။
****
တောကျော်သည် မိဘမဲ့ တစ်ယောက်ပင်။ သူ၏ မိဘနှစ်ပါးမှာ သူသုံးနှစ်သားအရွယ်ခန့်တွင် ကာလ၀မ်းရောဂါကြောင့် ကွယ်လွန်ခဲ့ရ၏။ ထိုအခါတွင် သူ့အား သုံးတန်လှရွာမှ မုဆိုးကြီး ဦးဘတူမှ ခေါ်ယူမွေးစားခဲ့၏။ ဦးဘတူသည် အိမ်ထောင်မရှိ။ တစ်ကိုယ်တည်းနေသူမို့ သူတော၀င် အမဲလိုက်ချိန်တိုင်းတွင် တောကျော်အား ကျောပိုး၍ ခေါ်ဆောင်သွားတတ်၏။
သို့နှင့် တောကျော်မှာ အရွယ်ရောက်လေပြီးသောအခါ မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါ ဆိုသကဲ့သို့ ပင် ဦးဘတူ၏ မုဆိုး ပညာရပ်တို့ကို အလိုလို ဆက်ခံမိခဲ့တော့သည်။
တောကျော်လူပျိုကြီး ဖားဖား ဖြစ်ချိန်တွင်တော့ ဦးဘတူမှာ တစ်ကိုယ်တည်း တောလိုက်ရင်းဖြင့် မျောက် တစ်ကောင်ကို ပစ်ခတ်ခဲ့၏။ မျောက်မှာ ချက်ကောင်းကို မထိ။ သို့သော် အပင်ပေါ်မှ ပြုတ်ကျလာခဲ့ပြီး ဦးဘတူ သွားကောက်ချိန်တွင်တော့ ရုတ်တရက် ဦးဘတူ အပေါ် ခုန်တက်ကာ လည်ပင်းကို ကိုက်ခဲလေသည်။ ဦးဘတူမှာ သူ့အပေါ် တက်ကာ ကိုက်ခဲလာသော မျောက်အား ဓားမြှောင့်ဖြင့် ထိုးသတ်လိုက်၏။ သို့ရာတွင် ဦးဘတူမှာ ကံမကောင်းလှ။ မျောက်၏ ကိုက်ခဲမှုမှာ သူ့လည်ပင်းရှိ သွေးလွှတ်ကြောကို ကိုက်မိခဲ့သည်မို့ အကြောင်းမလှစွာဘဲ ထိုနေရာတွင်ပင် သွေးထွက်လွန်ကာ အသက်သေဆုံးခဲ့ရတော့၏။
တောကျော်မှာလည်း ထိုအချိန်မှ စ၍ ဦးဘတူ သေဆုံးမှုနှင့် ပက်သက်ပြီး မျောက်သတ္တဝါများကို အမုန်းကြီး မုန်းတီးခဲ့မိတော့၏။ သို့ကြောင့် ဦးဘတူ အတွက် လက်စားချေသည့်အနေဖြင့် သူသည် လက်ကျန် မုဆိုးဘ၀ကို မျောက်များကို လိုက်လံရှာဖွေသတ်ဖြတ်နေရင်းဖြင့်သာ ဖြတ်သန်းနေတော့၏။
စားသောက်ရာတွင်လည်း မျောက်သားကိုသာ အောင်သေအောင်သား စားသည့်အနေဖြင့် မက်မက်မောမော စားသောက်တတ်လာ၏။ သို့နှင့် အချိန်ကြာလာသောအခါ၀ယ် တောကျော်မှာ မျောက်သား မစားရလျှင် မနေတတ်တော့ပြီ။ သို့ဖြစ်၍ တောကျော်မှာ သူ့နေ့တိုင်း မျောက်သား စားရစေရန် လိုက်လံပစ်ခတ်ခြင်းအပြင် ထေါင်ချောက်ဆင်၍ပါ ဖမ်းလာ၏။
ပစ်ခတ်၍ မိသော မျောက်အသေများကို ချက်ချင်း ချက်ပြုတ်စားသောက်ပြီး ထောင်ခြောက်ဖြင့် မိသော မျောက်အရှင်များကိုမူ သူ၏ အိမ်နောက်ဘက်၀ယ် လှောင်အိမ်ကြီး တစ်ခုဆောက်ကာ ပိတ်လှောင်ထားပြီး သူတောသို့ မ၀င်ဖြစ်သော ရက်များတွင် လှောင်အိမ်မှ မျောက်များကို ရက်ရက်စက်သက် သတ်၍စားသောက်လေ၏။ ထိုသို့သော အပြုအမူများကို သုံးတန်လှရွာမှ လူကြီး သူမများက မလုပ်ရန် တားမြစ်သော်လည်း မရ။ သူလုပ်ချင်ရာကိုသာ ဆက်လက်လုပ်ဆောင်နေမြဲပင်မို့ ရွာသူရွာသားများက တောကျော်အား ရှောင်ဖယ်လာကြ၏။ သို့နှင့် အချိန်အနည်းငယ်ကြာလာသောအခါ တောကျော်မှာ ရွာအတွင်း မနေတော့ဘဲ ရွာနှင့် ခပ်လှမ်းလှမ်းရှိ တောစပ်တွင် အိမ်ဆောက်ကာ တစ်ကိုယ်တည်း နေလေတော့သည်။
တောကျော်သည် တောအစပ်ရှိ သူ၏နေအိမ် ခြံစည်းရိုး ပတ်လည်ရှိ တိုင်များတွင် သူသတ်စားပြီးသော မျောက်တို့၏ ဦးခေါင်းခွံတို့ကို ချိတ်ဆွဲထားလေသည်မို့ သူ့အိမ်မှာ အဝေးမှ မြင်ရုံဖြင့်ပင် မြင်ရသူအဖို့ သို့လော သို့လော အတွေးတို့ ၀င်ရောက်လာနိုင်ပြီး လွန်စွာ ခြောက်ခြားဖွယ်ကောင်းလှသည်မို့ ရွာသူရွာသားများက ဝေးဝေးက ရှောင်ရှားကြ၏။
*****
တောကျော် အခုတလော စိတ်အလိုမကျ ဖြစ်နေရသည်။ အဘယ့်ကြောင့်ဆိုသော် သူ မျောက်သား မစားရသည်မှာ အတော်ကြာနေပြီ။ ရာသီဥတုကလည်း မိုးကာလဆီ ရောက်ရှိပြီ ဖြစ်သောကြောင့် ယခင်လို တောသို့ ၀င်ရောက်ရာတွင် သိပ်အဆင်မပြေလှ။ သူပစ်ခတ်နေကျ တောဆီတွင်လည်း မျောက်များကား မရှိတော့ပေ။ အိမ်တွင် လှောင်ထားသော မျောက်များသည်လည်း ကုန်လေပြီ။ သို့ဖြစ်သောကြောင့် တောကျော် မျောက်သားနှင့် ဝေးကွာနေရ၏။ သို့ကြောင့် တောကျော် စိတ်အလိုမကျ လှ။
ထိုသို့သော အကြောင်းများကြောင့် နေသာလေသာသော နေ့တစ်နေ့တွင်တော့ တောကျော် မျောက်ပစ်ရန် ရိုးမတောထဲသို့ သူ၏ လက်စွဲတော် သေနတ်ကို ကိုင်ကာ ချဉ်းနင်း၀င်ရောက်ခဲ့လေတော့သည်။
*****
” တောက်”
တောကျော် စိတ်တိုနေရ၏။ သူ ယနေ့တောထဲ၀င်လာတာ နေမွန်းတည့်ချိန်ပင် ရောက်တော့မည်။ သို့အချိန်အထိ မျောက်တစ်ကောင်တစ်လေပင် မမြင်ရ။ သူဖြတ်သန်းလာခဲ့ရာ တောတွင် တစ်လျှောက် အခြားသားကောင်များကို တွေ့ရှိခဲ့ရသော်လည်း တောကျော် မပစ်ခဲ့။ သူ၏ ရည်ရွယ်ချက်သည် မျောက်ပစ်ရန်ပင် မဟုတ်ပါလား။
” ဟူး…”
တောကျော် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း အရိပ်အာဝါသကောင်းသော သစ်ပင်တစ်ပင်အောက်ဆီ ၀င်နားလိုက်သည်။ ပြီးနောက် သူ့အိတ်ထဲမှ ပုလင်းဖြင့် ထည့်လာသော တောအရက်ပုလင်းကို ထုတ်ပြီး တစ်ကျိုက်မော့သည်။
တောအရက်၏ ပူခါးခါး အရသာသည် သူ၏ လည်ချောင်းတစ်လျှောက်ဆီ စီးဆင်းသွားလေ၏။ သူ နောက်တကျိုက်ကို မော့သောက်ပြန်သည်။ ဤကဲ့သို့ သုံးလေးကြိမ်ခန့် မော့ပြီးချိန်တွင်တော့ တောကျော်၏ သွေးသားတို့ ဆူပွက်လာလေ၏။ ပုလင်းထဲမှ အရက်သည်လည်း တစိပိုင်း ကျိုးလုပြီ။ တောကျော် ဆက်မသောက်တော့။ ပုလင်းကို အိတ်ထဲပြန်ထည့်သည်။ ထို့နောက် သူဘာဆက်လုပ်ရမည်ကို စဉ်းစားကာနေလေ၏။
အတန်ကြာသောအခါ၀ယ် တောကျော် ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပြီး ထိုင်နေရာမှ ထကာ သစ်ပင်အောက်ဆီမှ ထွက်သွားလေတော့၏။ သူ၏ ခြေထောက်များသည်ကား သည်ကား နတ်တောင်ဟု အမည်ရှိသော တောင်ကြီး ဆီသို့ ဦးတည်လျှက်။
*****
နတ်တောင်။
ထိုတောင်ကြီးသည် ယခုတောကျော် ရောက်ရှိနေသော တောင်နှင့်ဆိုလျှင် ခြေကျင်ခရီး သုံးနာရီခန့် ရှိပေမည်။
နတ်တောင် ဟု အမည်တွင်ရခြင်းမှာ ထိုတောင်သည် လွန်စွာ အစောင့်အရှောက်ကြီးပြီး အမှားအယွင်း မခံဟု နာမည်ကြီးလေ၏။ သို့ကြောင့် ထိုတောင်အား လူသူအရောက်အပေါက် အလွန်နည်းလေသည်။ သို့ကြောင့် ထိုတောင်ဆီတွင် သားကောင်များ အလွန်ပေါများ၏။ အထူးသဖြင့် မျောက်များ အလွန်ပေါများ၏။ ဤသည်ကို ဦးဘတူ ပြောပြဖူးသဖြင့် တောကျော်သိနေသည်။ သို့သော် ဦးဘတူ မသေခင်က တောကျော်အား ထိုတောင်တွင် အမဲမလိုက်ရန် အတင်းအကျပ်တားမြစ်ထားဖူး၏။
ယခုတော့ တောကျော်သည် ထိုတားမြစ်ချက်ကို သူ၏ အစာရမ္မက်ကြောင့် ချိုးဖောက်လိုက်လေပြီ။ သူနတ်တောင်ရှိရာဆီကို စိတ်လောကြီးစွာဖြင့် လျှောက်လှမ်းနေ၏။
နေစောင်းချိနိတွင်တော့ တောကျော် နတ်တောင်ဆီကို ရောက်ရှိလေပြီ။ နတ်တောင်ကြိးဆီတွင်တော့ သစ်သီး၀လံများမှာ လောကကြီးကို အားမနာတမ်း ပြွတ်နေအောင် သီးနေလေ၏။ အပင်များ၏ အောက်ခြေတွင်လည်း အမှည့်လွန် သစ်သီးတို့ ကြွေကျနေလျှက်ရှိနေသည်။ တစ်ခါတစ်ရံတွင် သစ်ပင်များပေါ်၌ ကြောင်တစ်ကောင်စာ နီးနီးရှိသော ရှဉ့်ငပေါများ ပြေးလွှားနေသည်ကို တွေ့မြင်နေရ၏။
တောကျော် တစ်ယောက်တောထဲကို ခြေသံလုံလုံဖြင့် တဖြေးဖြေးတိုး၀င်လာခဲ့၏။ ထိုအချိန်၀ယ် ရုတ်တရက် မိုးမှာ သည်းထန်စွာ ရွာချလာ၏။ သို့ကြောင့် တောကျော် မိုးခိုရန် နေရာကို အချိန်ပေး၍ ရှာဖွေမနေတော့ဘဲ နီးစပ်ရာ သစ်ပင်ကြီး တစ်ပင်အောက်သို့ ပြေး၀င်လိုက်တော့သည်။
နာရီ၀က်ခန့်ကြာသောအခါတွင်တော့ မိုးအနည်းငယ်စဲလေပြီ။ အမှောင်ထုတို့ ကြီးစိုးလာ၏။ ထိုအချိန်၀ယ် မိုးရွာထားသောအရှိန်ကြောင့် နတ်တောင်ကြီးဆီ၀ယ် တောင်ခိုးတောင်ငွေ့များ ထွက်နေ၏။ သို့ကြောင့် တောကျော်၏ ပတ်၀န်းကျင်တွင် မြင်ကွင်းများမှုန်ဝါးဝါးဖြစ်နေရ၏။
တောကျော် မိုးခိုနေသော အပင်အောက်မှ ထွက်ရန်ပြင်လိုက်သည်။ ထိုစဉ်
” ဝေါ…ဖျော ဖျော..”
ဟူသော အသံတစ်ခုက သူ မိုးခိုနေသော အပင်ထက်ဆီမှ ထွက်ပေါ်လာ၏။ သို့ကြောင့် တောကျော် အသာငြိမ်နေလိုက်ကာ အပင်ပေါ်ကို မော့ကြည့်လိုက်သည်တွင်
” ဟင်…”
တောကျော်၏ မြင်ကွင်းတွင်မြင်လိုက်ရသည်က မျောက်ညိုကြီး တစ်ကောင်ပင်။ မျောက်ညိုကြီးမှာ တောကျော်အား မမြင်ပဲ သစ်ကိုင်းသစ်ခက်အချို့ကို ချိုးဖဲ့နေကာ အိပ်ရန်နေရာ လုပ်နေဟန်တူ၏။
ဤသည်ကိုကြည့်၍ တောကျော်မှာ ရေငတ်နေစဉ် ရေတွင်းထဲကျသကဲ့သို့ဖြစ်ပြီး ၀မ်းသာသွားရကာ သူ၏ လက်ထဲမှ တူမီးသေနတ်ကို အသင့်ပြင်ကာ မျောက်ကြီးဆီ ထိုးချိန်လိုက်ပြီး အသက်အောင့်ကာ မောင်းခလုတ်ကို ဖြေးညှင်းစွာ ဆွဲချလိုက်တော့သည်။
” ဒိန္း….”
” ဝုန်း…ဗြုန်း….ဘုတ်”
တောကျော် ပစ်လိုက်သော သေနတ်သံသည် တိတ်ဆိတိနေသော နတ်တောင်ကြီး တခွင်ကို ပဲ့တင်ထပ်သွားစေ၏။ သေနတ်သံ၏ အဆုံးတွင်တော့ အပင်ပေါ်မှ မျောက်ညိုကြီးမှာ မြေပြင်ဆီသို့ အရုတ်ကြိုးပြတ်ပြုတ်ကျလာလေတော့၏။ ပြီးနောက် မြေပြင်ဆီတွင် ဆန့်ငင်ဆန့်ငင်ဖြစ်နေလေ၏။
တောကျော်မှာတော့ သူ့လက်ချက်နှင့် မျောက်ညိုကြီး ခံစားနေရသည်ကို ကြည့်ကာ ၀မ်းသာ ပြုံး ပြုံးလိုက်၏။ ပြီးနောက် သူ၏ ခါးတွင် ချိတ်ထားသော ဓားမြှောင်နှင့် ဝါးဆစ်ဗူးတစ်ဗူးအား ဆွဲဖြုတ်လိုက်ပြီး မျောက်ညိုကြီးထံ ချည်းကပ်သွားလိုက်၏။
ထို့နောက် မျောက်ညိုကြီး အား ဆွဲထူကာ လည်မျိုဆီသို့ ဓားမြောင်ဖြင့် တစ်ချက်လှီးကာ ပန်းထွက်လာသော သွေးတို့ကို ဝါးဆစ်ဗူးဖြင့် ခံယူလိုက်သည်။ ပြီးနောက် သူ့ဆီတွင် ပါလာသော အရက်ပုလင်းကို ထုတ်လိုက်ပြီး မျောက်ညို၏ သွေးတို့ကို ရောကာ သောက်သုံးလိုက်၏။ မျောက်ညို၏ သွေးနှင့် အရက်ရောကာ သောက်သုံးပါက ယောက်ျားတို့အတွက် လွန်စွာခွန်အားဖြစ်စေသည်ပင်။
” အားပါး….ကောင်းလိုက်တာကွာ”
တောကျော် တစ်ကြိုက် မော့သောက်လိုက်ပြီး ခပ်ညည်းညည်းပြောလိုက်သည်။ ထိုစဉ်
” ဝေါ…ဝေါ….ဝုန်း”
“ဟာ ဘာဖြစ်တာလဲဟ”
တောကျော်၏ ပတ်၀န်းကျင်တွင် တော်လှဲသံကြီး ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ မှောင်ရီ ဝိုးတဝါးဖြစ်နေသော အလင်းရောင်အောက်တွင် လျှပ်စီးလက်သကဲ့သို့ အလင်းရောင်များ ဟိုမှ၊ သည်မှ ထွက်ပေါ်လာ၏။
” ဟား….ဟား……ဟား…..ဟား….
ဟား…..”
” ဟင်…”
အဘယ်ဆီမှ ထွက်ပေါ်လာသည်မသိသော ရယ်သံနက်ကြီးကား တောကျော်၏ နံဘေးနားတွင် ပတ်ချာလည်နေ၏။ တောကျော် ရယ်သံထွက်ပေါ်လာရာဆီကို ပတ်ပတ်လည် လိုက်ရှာကြည့်သော်လည်း အသံပိုင်ရှင်ကို မတွေ့ရ။ တောကျော် တဖြေးဖြေး ကြောက်စိတ်တို့ကို တားဆီးမရတော့။ သို့နှင့် တောကျော် ဆုံးဖြတ်တစ်ခုကို ချလိုက်ပြီး သူ၏ လက်ထဲမှ တူမီးသေနတ်ကို ယမ်းအမြန်ထောင်းကာ မိုးပေါ်ထောင်၍ ပစ်လိုက်တော့သည်။
” ဒိန္း….”
ကျယ်လောင်သော သေနတ်သံကြောင့် ပတ်၀န်းကျင်မှ ဆူညံနေသော အသံများ ရုတ်ခြည်းတိတ်ဆိတ်သွား၏။ ထို့ကြောင့် တောကျော် သဘောကျသွားပြီး
” ဟား…ဟား….တောကျော်ကွ။ တစ်ကျော်ထဲရှိတယ်။ ဒါမျိုးလာမစမ်းနဲ့။ ဟား…ဟား…တောစောင့်နတ်တွေကော၊ တောင်စောင့်နတ်တွေကော သောက်ဂရုမစိုက်ဘူး ဟား…ဟား…”
ဟု အားရပါးရ ရယ်မောနေတော့၏။ ထိုစဉ်
” ဟယ်…ငမိုက်သား။ ငါ့နေရာကိုလာပြီး ငါ့သားသမီးကို သတ်တယ်။ အခု ငါ့ကိုပါ စော်ကားမော်ကား ပြောလာပြန်ပြီ။ နင့်ကိုတော့ ကြီးလေးတဲ့ အပြစ်ပေးမှ ရတော့မယ်”
ဟု အသံနက်ကြီး အား တောကျော်သူ၏ နောက်ကျောဆီမှ ကြားလိုက်ရ၏။ သို့ကြောင့် တောကျော် လှည့်ကြည့်လိုက်သည်တွင်
” ဟာ ဟာ ဘာကြီးလဲ”
သူမြင်လိုက်ရသည်က အထက်အောက် အမည်းရောင် အ၀တ်ကို ဆင်မြန်းထားသည့် အဖွားအိုတစ်ဦး။ အဖွားအို၏ မျက်နှာသည် လွန်စွာ တင်းမာ ခက်ထန်နေပြီး တောကျော်အား စားတော့ ဝါးတော့မတတ် မျက်လုံးဖြင့် စိုက်ကြည့်နေ၏။
သို့သော် တောကျော်မှာ အဖွားအိုကို ကြည့်ကာ မထီတရီ ပြုံးလိုက်ပြီး
” ဟင်း ဟင်း ခင်ဗျားလို အဖွားကြီးက ကျုပ်ကို ဘာလုပ်နိုင်မှာ မို့လို့လဲ ဟား…ဟား…”
ဟု အော်ရယ်လိုက်ပြီး လက်ထဲမှ သေနတ်ကို အဖွားအို ထံ ထိုးချိန်လိုက်သည်တွင်
” အ…အား….အစ်…အစ်”
တောကျော် လှုပ်၍ မရတော့။ သူ၏ လက်အစုံသည် နဂိုနေရာဆီမှ ရွေံလျားမှုလုံး၀မရှိ။ ထို့ပြင် တစ်ကိုယ်လုံးကိုလည်း မြွေတစ်ကောင်မှ တင်းကျပ်စွာ ရစ်ပတ်ထားသလို ခံစားလိုက်ရ၏။ သို့ကြောင့် တောကျော်မှာ ကြောက်အား လန့်အားဖြင့် ရုန်းကန်နေလေသည်။
” ဟား…ဟား…ဟား….ဟား…”
အဖွားအိုမှာ တောကျော်ကို ကကည့်၍ အားရပါးရရယ်မောလိုက်ပြီး နောက် သူရပ်နေရာမှပင် တောကျော်ထံ လက်ညိုးလှမ်းထိုး၍
” နင်…ငါသားကို သတ်ပြီး သွေးသောက်တဲ့ကောင်။ အခုငါ နင့်ကို ငါ့သားအတွက် ကျိန်စာတိုက်မယ်။ ငါ့ရဲ့ အမှုတော်ကို ထမ်းရွက်နေတဲ့ ငါ့သားကို နင်က သတ်ခဲ့တဲ့အတွက် ငါ့သားကိုယ်စား နင်က ငါ့ဆီမှာ အမှုတော်ထမ်းရွက်ရမယ်။ နင်သောက်ခဲ့တဲ့ ငါ့သားရဲ့ သွေးတွေသည် နင့်ကိုယ်ထဲမှာ အမြဲလိုလို ဆူပွက်နေစေရမယ်။ အကယ်၍ ဒီကျိန်စာကို ပြယ်လိုပါက နင်ဟာ ငါ့ဆီက ထွက်တဲ့ ကျင်ငယ်ရည်ကို သောက်ပြီးမှသာ ပြယ်ရစေမယ်…ဟေ့….”
အဖွားအို၏ ကျိန်စာတိုက်သံကြီးကား နတ်တောင်ကြီး တခွင်ကို ပဲ့တင်ထပ်သွားစေ၏။ ကျိန်စာ၏ အဆုံးတွင်တော့ တောကျော်မှာ မတ်တပ်ရပ်နေရာမှ တဖြေးဖြေး ဒူးတုပ်၀ပ်ဆင်းလာပြီးနောက် လက်နှစ်ဖက်ကို ဦးခေါင်းထက် ယှက်ဖျာကာ အရိုအသေပေးသကဲ့သို့ ပြုလုပ်လိုက်ပြီး နောက် သူ၏ အ၀တ်အစားများကို ဆွဲဖြဲလေတော့သည်။ အ၀တ်အစားများ ကုန်ပြီးသောအခါတွင် ကုန်းကုန်းကွကွဖြင့် ထလာပြီး သူကိုင်သော တူမီးသေနတ်အား ကောက်ယူ၍ နံဘေးရှိသစ်ပင်ကြီး ရှိရာကို ပြေးသွားကာ ” တဖြောင်းဖြောင်း” မြည်အောင်ရိုက်ချိုးလိုက်ပြီး
အဖွားအိုကို လှည့်ကြည့်ကာ ပါးစပ်မှ တစ်စုံတစ်ရာကို ပြောလာသော အသံတို့သည် မျောက်တစ်ကောင်၏ အော်သံဖြစ်သော ” ကွိ…ကွိ ကွစ်…ကွစ် ” ဟူသော အသံသာထွက်လာလေ၏။
ထို့နောက်တွင်တော့ တောကျော်သည် သူသေနတ်ရိုက်ချိုးလိုက်သော သစ်ပင်ကြီး ပေါ်သို့ မျောက်တစ်ကောင်နှယ် ကုတ်ကပ်တွယ်တက်သွားလေတော့သည်။ ဤသည်ကို ကြည့်၍ အဖွားအိုသည်
” ဟား…ဟား….ဟား….ဟား…”
ဟု အော်ရယ်ရင်း ပုံသဏ္ဍာန်သည်တဖြေးဖြေးေ၀၀ါးလာကာ နောက်ဆုံးတွင် လုံးဝပျောက်ကွယ်သွားလေတော့၏။
*****
ထိုဖြစ်ရပ်ဖြစ်ပွားပြီး တစ်နှစ်ကျော်ခန့်အကြာ။ နွေဦးရာသီ၏ သာယာလှသော နေ့တစ်နေ့၀ယ်။
ကျွန်တော်နှင့် စိုးလေးတို့ သုံးတန်လှ သစ်ထုတ်လုပ်ရေးစခန်းဆီသို့ တောင်သာမြို့မှ တဆင့် သစ်တင်သွားမည့် ခါလီ(ကုန်မပါ) သစ်တင်ယာဉ်ဖြင့် အကြုံလိုက်ခဲ့ကြသည်။ သစ်ထုတ်စခန်းဆီကို သွားကြမည့် ယာဉ်အစီးရေမှာ ကျွန်တော်တို့ အကြုံလိုက်စီးမည့်ဂျီအမ်စီ ခြောက်ဘီးယာဉ်အပါအ၀င် အားလုံးပေါင်း လေးစီးဖြစ်လေ၏။
ကားများမှာ နံနက်ဆယ်နာရီ ၀န်းကျင်ခန့်တွင် တောင်သာမြို့ကလေးဆီမှ ထွက်ခဲ့ကြပြီး နေ့လည် မွန်းတည့်ချိန်တွင်တော့ သာမန် မိန်းလမ်းမကြိ်းမှ ခွဲထွက်၍ ရိုးမပေါ်ကို မေးတင်တက်ရောက်မိချေတော့၏။
သစ်ထုတ်လုပ်ရေးလမ်းမှာ မြေသားလမ်းဖြစ်ပြီး တောင်ပေါ်လမ်းဖြစ်သည့်အတွက် အတက်အဆင်း၊ အလူးအလိမ့်များသည့်အပြင် နွေဦးရာသ်ီ ဖြစ်သည့်အတွက်ကြောင့် ကားတစ်စီး ဖြတ်မောင်းလိုက်တိုင်း ဖုန်လုံးကြီးများ လိမ့်လိမ့်တက်လာလေ၏။ ထို့အပြင် ကားများမှာ သစ်တင်သည့်ကားများဖြစ်သည့်အတွက် ကားခေါင်စခန်းမှာ တံခါးပိတ်များ မပါလေပြီမို့ ကျွန်တော်တို့ ဆရာတပည့်နှစ်ဦးနှင့် ကားဆရာ၊ စပယ်ယာကောင်လေးတို့မှာ မစားသာလှ။ လူတွေမှာ ဖုန်းခိုးရှုရသည့်အပြင် ကပ်ညိနေသော ဖုန်မှုန့်များကြောင့် တစ်ကိုယ်လုံး ဖွေးဖွေးဖြူနေရတော့၏။
သို့နှင့် ညနေစောင်း လေးနာရီ၀န်းကျင်ခန့်တွင်တော့ ကျွန်တော်တို့ ယာဉ်တန်းမှာ သုံးတန်လှ သစ်ထုတ်လုပ်ရေးစခန်း၏ ကားရပ်ကွင်းဆီကို ရောက်ရှိလေတော့၏။
ထို့နောက် ကျွန်တော်နှင့် စိုးလေးတို့မှာ ကားပေါ်မှ အထုပ်အပိုးများချပြီးနောက် အနီးတွင်တွေ့ရသော ဆင်ဦးစီးတစ်ယောက်အား ကိုအေးချိုနေထိုင်ရာ တဲဆီကို မေးမြန်းပြီး လိုက်ပို့ရန် အကူအည်ီ တောင်းလိုက်၏။ ဆင်းဦးစီးမှာ အသက်နှစ်ဆယ်၀န်းကျင်ခန့်မျှသာ ရှိမည့် ကရင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး တိုင်းရင်းသားတို့၏ ဓလေ့အတိုင်း မနောဖြူလှသူပေမို့ ကျွန်တော်တို့နှစ်ဦးအား ရက်ရက်ရောရောပင် သူ၏ ဆင်ပေါ်ခေါ်တင်၍ ကိုအေးချိုနေထိုင်ရာ တဲဆီအထိ အရောက်ပို့ပေးလေတော့သည်။
တဲဆီသို့ရောက်သောအခါ၀ယ် ကိုအေးချိုမှာ ဖုန်များပေလူးနေသော ကျွန်တော်တို့နှစ်ယောက်အား မမှတ်မိပေ။ သို့ကြောင့် ကျွန်တော်မှ ” ဟိတ်လူ…ကျွန်တော် ကိုစိုင်းလေဗျ ာ” ဟု ဆိုလိုက်လေမှ မှတ်မိလေပြီး ကျွန်တော်တို့ပုံစံအားကြည့်ကာ သဘောအကျကြီး ကျနေလေတော့၏။
ပြီးနောက် ကိုအေးချိုမှ
” ကဲ ကိုစိုင်း…ခရီးပန်းလာတာဆိုတော့ ခဏတော့ နားလိုက်ဦး။ ကျွန်တော် ခင်ဗျားတို့ ရေချိုးဖို့နဲ့ စားဖို့သောက်ဖို့ သွားစီစဉ် လိုက်ဦးမယ်” ဟု ဆိုကာ ကုန်းပေါ်မှ ဆင်းသွားလေ၏။
ကိုအေစချိုထွက်သွားပြီးနောက် ကျွန်တေ.်နှင့် စိုးလေးတို့မှာ အထုပ်အပိုးများချပြီး တဲပေါ်တွင် ခေတ္တတုံးလုံးလှဲကာ နားနေလိုက်ကြတော့၏။
တအောင့်မျှကြာသောအခါ ကိုအေစချိုပြန်ရောက်လာ၏။ ထို့နောက် ကျွန်တော်တို့နှစ်ယောက်အား ရေချိုးရန်ပြင်ဆင်စေကာ သစ်ကွင်းအောက်ရှိ တောင်ကျချောင်းကလေးဆီသို့ ခေါ်ဆောင်၍ ရေချိုးစေတော့၏။
ကျွန်တော်နှင့် စိုးလေးတို့မှာ ခရီးပန်းလာသည်ကတစ်ကြောင်း၊ တစ်လမ်းလုံး ဖုန်ခိုးများ၏ နှိပ်စက်မှုတို့ကြောင့် စိတ်ပင်ပန်းရသည်ကတစ်ကြောင်းကြောင့်ပေမို့ တောင်ကျချောင်းကလေးဆီတွင် ရေကို စိမ်ပြေနပြေ ချိုးလိုက်ကြလေတော့၏။
ရေချိုးပြီးနောက် ကျွန်တော်တို့ သစ်ကွင်းဆီပြန်လာခဲ့ကြပြီး ကိုအေးချိုမှ ညရောက်လျှင် ကျွန်တော်တို့အတွက် ပွဲတစ်ခု စီစဉ်ထားကြောင်းပြောပြ၏။
ထို့နောက် သူ၏ တဲတွင် ၎င်း၏ တပည့်နှစ်ဦးပြင်ဆင်ပေးထားသည့် ညနေစာကို စောစောစီးစီး စားစေတော့၏။
ထမင်းဝိုင်းတွင် ပါ၀င်သော ဟင်းများမှ တောထွက်သီးနှံများဖြစ်သော ညောင်ချဉ်ဖူး ချဉ်ရည်ဟင်း၊ ငရုတ်သီးစပ်စပ်ဖြင့် ထောင်းထားသော ငပိထောင်း၊ ဇရစ်ရိုးတို့စရာတို့အပြင် ဆတ်သားခြောက်အား ဆီအိအိဖြင့် နှပ်ကာထားသော ဆတ်သားခြောက်ဆီဆမ်း၊ ကိုအေးချို၏ တပည့်တွေ လိုက်လံ၍ ဖမ်းဆီရှာဖွေခဲ့သော ငါးကလေးတွေကို ဆီပူတိုက်ထားသော ငါးကြော်ဟင်းတို့မှာ ကျွန်တော်တို့ နှစ်ဦးအား ထမင်းစားပွဲဆီမှ ခေါင်းမဖော်နိုင်အောင် ဆွဲဆောင်လိုက်လေတော့၏။
****
ည။
စခန်းရှိ တဲများ၏ အလယ်တွင် မီးဖိုကြီးတစ်ခု ဖိုထားပြီး နံဘေးတွင် စားပွဲဝိုင်းအချို့ ချ၍ တောတွင်းညစာစားပွဲလေးတစ်ခုကို ကျင်းပပြီး ကိုအေးချိုမှ ကျွန်တော်တို့အား ဧည့်ခံလေ၏။
အမြည်းအဖြစ် ကိုအေးချို ကြိုတင်စီစဉ်ထားသော စခန်းတွင် မွေးထားသည့် ကြက်နှစ်ကောင်အား ကာလသားချက်ချက်ကာ ကျွန်တော့်ထံတွင်ပါလာလေသော ဝီစကီနှစ်လုံးထောင်၍ ပွဲတော်တည်ခင်းကြ၏။
မီးပုံပွဲမှာ ကျွန်တော်တို့သုံးယောက်အပြင် သစ်ထုတ်စခန်းမှ အခြား၀န်ထမ်းသုံးလေးဦးခန့်ပါလေရာ အားလုံး ခုနှစ်ဦးခန့်ရှိပြီး ဝီစကီနှစ်တောင့်အား အားကောင်းမားကောင်း ဝိုင်းဖြိုကြလေရာ တစ်နာရီအတွင်းပင် ဝီစကီနှစ်တောင့်မှာ ခမ်းလုပြီဖြစ်၏။ သို့သော် အားလုံးမှ ာ ရေချိန်မကိုက်သေး။ သို့ကြောင့် ကိုအေးချိုမှ သူ့တပည့်တစ်ဦးအား.
” ဟေ့ နေလင်း။ ကရင်လေးတွေဆီ တောအရက်ရှိသေးသလား သွားမေးကွာ။ ရှိရင် ယူခဲ့လိုက်။ အနက်မှ ငါပြန်၀ယ်ပေးလိုက်မယ်”
ဟု ဆိုလေသည်မို့ နေလင်းဆိုသော ၀န်ထမ်းမှာ အဖေါ်တစ်ယောက်ခေါ်ပြီး ကရင်လေးတွေ ရှိရာဆီ ထွက်ခွာသွားကြ၏။ တအောင့်မျှကြာသောအခါ နေလင်းတို့ ပြန်ရောက်လာကြသည်။ သူတို့နှင့်အတူ ညနေက ကျွန်တော်တို့ကို ဆင်ဖြင့် လိုက်ပို့ပေးသော ကရင်လေးကို တောအရက်ထည့်ထားသော ဂါလံပုံးတစ်လုံးနှင့်အတူ တွေ့လိုက်ရ၏။ နေလင်း၏ လက်ထဲတွင်တော့ ဂစ်တာတစ်လက်ပါလာ၏။
ထို့နောက်တွင်တော့ ကျွန်တော်တို့၏ မီးပုံပွဲလေးမှာ စားရင်းသောက်ရင်း သီချင်းဆိုကြရင်းဖြင့် ပိုမိုစည်ကားလာတော့၏။
ဂစ်တာကို ဆင်ဦးစီး ကရင်လေးနှင့် ကိုအေးချိုတို့က အလှည့်ကျတီးနေကြပြီး ကျွန်တော်တို့ကတော့ ဝိုင်းဆိုရုံ သက်သက်သာ။ ကိုအေးချိုမှာ ကျောင်းသားဘ၀တုန်းက ဂစ်တာပိုက်ကာ ကျောင်းသူများ အ ဆောင်ရှေ့ ၀ယ် သီချင်းဆို သီကျူးတတ်ခဲ့သူမို့ သူ၏ ဂစ်တာလက်သံမှာ ချိုမြလှ၏။ ထို့ပြင် သြရှသော သူ၏ အသံကြီးဖြင့် အဆိုတော် ခင်မောင်တိုး၏ ” ချစ်သူသိစေ” သီချင်းအား သီဆိုလေရာ လွန်စွာ နှစ်ခြိုက်ဖွယ် ကောင်းနေတော့၏။ သို့နှင့် ညဉ့်အတော်ကလေး နက်လာချိန်၀ယ် တောင်ပေါ်သစ်ထုတ်စခန်းလေးဆီ၌ အအေးဓာတ်တို့ တဖြေးဖြေး ကြီးစိုးလာလေပြီ။ ထိုအချိန်၀ယ် ကိုအေးချိုမှ သူ့လက်တွင်ပတ်ထားသော နာရီကို တစ်ချက်ကြည့်လိုက်ပြီး
” ကဲ ကိုစိုင်းရေ…ညဉ့်လည်း အတော်နက်လှပြီဆိုတော့ ကျွန်တော်တို့ ဝိုင်းသိမ်းကြစို့ဗျာ”
ဟု ပြောလာသည်မို့ ကျွန်တော်မှ ခေါင်းကို အသာညိတ်ပြလိုက်တော့သည်။
ထို့နောက် ပစ္စည်းများကို ဝိုင်း၀န်းသိမ်းဆည်းလိုက်ကြပြီး ကျွန်တော် တို့မှာ ကိုအေးချို နေထိုင်ရာ တဲဆီကို ပြန်လာခဲ့ကြ၏။
လဆန်းရက်ပေမို့ လရောင်သဲ့သဲ့က သစ်ထုတ်စခန်းလေးဆီကို ဖြန့်ကျက်နေလေ၏။ သို့သော် ကျွန်တော်တို့မှာတော့ ကိုယ့်ရေချိန်နှင့် ကိုယ်ပေမို့ ထိုအရသာကို ကောင်းစွာ မခံစားမိ။ သို့နှင့် ကိုအေးချို၏ တဲဆီ ရောက်ရှိခဲ့ပြီးနောက် ကျွန်တော်နှင့် စိုးလေးတို့မှာ တဲ၏ အနောက်ဘက်ကို သွားပြီး အပေါ့သွားကြ၏။ ထိုစဉ် ကျွန်တော်တို့့နှင့် ခပ်လှမ်းလှမ်းရှိ အပင်ကြီးထက်မှ
” ဝေါ….ဖျော…ဖျော…ဘုတ်”
ဟူသော အသံနှင့်အတူ မည်းမည်းအကောင်တစ်ကောင် ခုန်ဆင်းချလာလေ၏။ သို့ကြောင့် ကျွန်တော်နှင့် စိုးလေးတို့မှာ လွန်စွာ အံသြသွားကြပြီး
” ဟာ…”
” ဟာ…ဘာကြီးလဲ”
ဟု အာမေဋိတ် အသီးသီး ထွက်ကုန်ကြ၏။ ကျွန်တော်တို့၏ အသံကို ကြားသဖြင့် ထိုအကောင်မှာ ကျွန်တော်တို့ရှိရာကို တစ်ချက်လှည့်ကြည့်လာ၏။ ထိုအခါတွင် လရောင်သဲ့သဲ့အောက်၌ သူ၏ ပုံပန်းသဏ္ဍာန်အား ခပ်ရေးရေး မြင်ရချေတော့သည်။
အကောင်၏ ပုံသဏ္ဍာန်မှာ အမွေးအမျှင်များ မရှိဘဲ လူတစ်ယောက် အ၀တ်အစားမပါသော ပုံသဏ္ဍာန် ဖြစ်ကာ သူ၏ ဦးခေါင်းထက်မှ ရှည်လျားသော ဆံပင်တို့သည် ပုခုံးပေါ် ဝဲကျနေ၏။ သို့သော် ကုန်းကွကွနှင့်မို့ လူဟု ပြောရန်ကလည်း ခက်ရပြန်သည်။ ထိုစဉ် ကျွန်တော်တို့နှစ်ဦး၏ နောက်ကျောဆီမှ
” ကိုစိုင်း…ဘာဖြစ်တာလဲ။ အော်သံကြားလို့”
ဟူမေးလာသောကိုအေးချို ၏ အသံကြောင့် ကျွန်တော်တို့ လှည့်ကြည့်မိလိုက်စဉ်
” ဝှီး….ဖရော…ဖရော…”
. ဟူသော အသံနှင့်အတူ မည်းမည်းအကောင်မှာ နီးစပ်ရာ သစ်ပင်ပေါ်သို့ အပြေးခုန်တက်သွားပြီး အပင်ပေါ်မှ မျောက်တစ်ကောင်ကဲ့သို့ တစ်ပင်နှင့် တစ်ပင် ကူးပြောင်းကာ တောထဲကို ၀င်ရောက်သွားလေတော့၏။ ထိုအကောင်၏ လှုပ်ရှားမှုမှာ လွန်စွာ လျှင်မြန်လှသဖြင့် ကျွန်တော်တို့မှာ လိုက်လို့ မမီတော့ပေ။
ထို့နောက်တွင်တော့ ကျွန်တော်တို့အားလုံးမှာ ထိုသတ္တဝါအား လူလော၊ မျောက်လော၊ ဟုဝေခွဲမရခဲ့ဘဲ ဒွိဟတွေ နှင့် အိပ်ရာ၀င်ခဲ့ကြရတော့၏။
အပိုင်း ( ၂ ) ဇာတ်သိမ်း
——————————
နံနက်ခင်း၏ လင်းရောင်ခြည်အောက်၀ယ် သစ်ထုတ်စခန်းလေးတွင် လူများ၊ ဆင်များ၊ ကားများ၏ လှုပ်ရှားမှုတို့ဖြင့် အသက်၀င်နေ၏။
သို့သော် ထိုအချိန်၀ယ် ကျွန်တော်နှင့် စိုးလေးတို့မှာတော့ ညတုန်းက အရှိန်ကြောင့် ခေါင်းထဲ ညည်းစီစီဖြစ်နေကြရသည်မို့ ချက်ချင်းမထနိုင်။ အိပ်ရာထဲပင် လှဲလျောင်းရင်း အပြင်မှ အသံဗလံများကို နားစွင့်နေမိ၏။ သို့နှင့် နာရီ၀က်ခန့် အကြာတွင်တော့ တဲအ၀င်၀ဆီကို ကိုအေးချိုတစ်ယောက် ၀င်ရောက်လာပြီး
” ကိုစိုင်း…ထဗျ ာ။ နံနက်စာ အဆင်သင့်ဖြစ်နေပြီ။ ခဏနေရင် ကျွန်တော်တို့ ဇီးဖြူတောင်ကို တံဆိပ်သွားရိုက်ကြမှာ။ အဲ့ဒီ့ဘက်မှာ ဂျီတို့၊ ၀က်တို့ ပေါတယ်ဗျ။ ကိုစိုင်း လက်သွေးချင်တယ်ဆို လိုက်ခဲ့ချေ။ လိုက်မယ်ဆို အသင့်ပြင်ထား။ လာခေါ်မယ်။ အခုက ကျွန်တော် အလုပ်ရှိသေးလို့”
ဟု ဆိုလာလေပြီး တဲအပြင်ပြန်ထွက်သွားလေ၏။ ကိုအေးချို ပြောသည့်စကားက အမဲမပစ်ရသည်မှာ ကြာပြီဖြစ်သော ကျွန်တော့်အတွက် လွန်စွာ အဖိုးတန်လှသည်ပင်။ ကျွန်တော်၏ ခန္ဓာကိုယ်အတွင်းမှ မုဆိုးသွေးတို့ ထကြွလာရပြီး ခေါင်းထဲမှ ညည်းစီစီ ခံစားချက်များ ချက်ချင်းပြေပျောက်ကာ အိပ်ရာမှ အတင်းကုန်းရုန်းထလိုက်တော့၏။
သို့နှင့် တအောင့်မျှကြာပြီးချိန်တွင်တော့ ကျွန်တော်နှင့် စိုးလေးတို့မှာ မျက်နှာသစ်၊ အ၀တ်အစားလဲပြီးလေပြီ။ ထို့နောက် ကိုအေးချိုမှ ကျွန်တော်တို့ နှစ်ယောက်အား နံနက်စာ စားရန်လာခေါ်လေ၏။ သို့ကြောင့် ကျွန်တော်တို့ နှစ်ယောက်လည်း ကိုအေးချိုခေါ်ဆောင်ရာ ထမင်းစားတဲဆီသို့ လိုက်ခဲ့ကြ၏။
နံနက်စာမှာ ထမင်းကြော်နှင့်ငါးခြောက်ဖုတ် ဆီဆမ်းဖြစ်လေ၏။ သို့သော် နံနက်စောစော ချမ်းချမ်းစီးစီးအချိန်နှင့် ထိုနံနက်စာမှာ လိုက်ဖက်လှသည်။ ထမင်းကြော်စားလိုက် ရေနွေးကြမ်းသောက်လိုက်ဖြင့် လွန်စွာခံတွင်းတွေ့လှသည်။
ကျွန်တော်တို့ နံနက်စာ စားနေစဉ်မှာပင် မနေ့က သဘောကောင်းသော ကရင်လေးမှာ သူ့ဆင်နှင့်အတူ တဲရှေ့ဆီ ရောက်ရှိလာ၏။ ကျွန်တော်တို့မှာ သစ်တံဆိပ်ရိုက်ရန်အတွက် ကရင်လေး၏ ဆင်နှင့် သွားရမည်ဖြစ်သည်။ ကျွန်တော်တို့ အပာအ၀င် အဖွဲ့သားများ အားလုံးပေါင်း ရှစ်ဦးဖြစ်ပြီး စခန်းမှ ဆင်သုံးကောင်ဖြင့် သွားကြမည်ဖြစ်သည်။
နောက် နာရီ၀က်ခန့်အကြာတွင်တော့ ကျွန်တော်တို့မှာ ကိုအေးချိုနှင့်အတူ ကရင်လေး၏ ဆင်ပေါ်သို့ တက်ခဲ့ကြပြီး ဇီးဖြူတောင်ဆီ သစ်တံဆိပ်ရိုက်ရန် ဆင်ဖြင့် ထွက်ခဲ့ကြတော့သည်။
( သစ်တံဆိပ်ရိုက်ခြင်းဆိုသည်မှာ ခုတ်လှဲရန်သင့်တော်သည့် သစ်ပင်များကို ရွေးချယ်သတ်မှတ်ခြင်းပင်။ ဤသည်ကား ကျနော်နားလည်မိသလောက် ရှင်းပြခြင်းသာ။ အကယ်၍ မှားယွင်းခဲ့ပါကလည်း ဝေဖန်ထောက်ပြပေးကြပါရန် တောင်းဆိုအပ်ပါသည်။)
*****
ဇီးဖြူတောင်။
နာမည်နှင့် လိုက်ဖက်လှစွာပင် တောင်ကြောတစ်လျှောက် ဇီးဖြူပင်များ ပေါများလှသည်။ အခြားအပင်မျိုးနွယ်များ ရှိသော်လည်း ဇီးဖြူပင်များက ပို၍ များပေမည်။ သို့ကြောင့် ဤတောင်ကြော၀ယ် ကိုအေးချို ပြောသကဲ့သို့ သားကောင်ငယ်များ ပေါများခြင်း ဖြစ်နိုင်ရာ၏။
သို့နှင့် ကျွန်တော်တို့အဖွဲ့ တောင်ခါးပန်းဆီ ရောက်ချိန်တွင်တော့ ကျွန်တော်မှ
” ကဲ..ကိုအေးချိုရေ အမဲပစ်ဖို့က ဆင်တွေနဲ့ ဆိုတော့ ပစ်ရတာ အဆင်မပြေလှဘူး။ အဲ့ဒီတော့ ကျွန်တော်တို့ ဒီနေရာမှာပဲ ဆင်းလိုက်တော့မယ်။ ပြီးရင် ကျွန်တော်တို့ ကိုအေးချိုတို့ ရှိတဲ့ဆီကို ရှာပြီး လာခဲ့မယ်”
” ဖြစ်ပါ့မလား ကိုစိုင်းရယ်။ တော်ကြာ လူချင်းကွဲနေမှဖြင့် ပြန်ဖို့ခက်နေပါဦးမယ်”
ကိုအေးချိုထံမှ တုန့်ပြန်လာသော စကားကြောင့် ကျွန်တော် နှစ်ခြိုက်စွာပြုံးမိလိုက်ရင်း
” ဪ…ကိုအေးချိုရယ်။ ကျွန်တော် မုဆိုးဆိုတာကို မေ့နေပြီလားဗျာ”
ဟု ပြောလေမှ ကိုအေးချို မှာ ပြုံးစိစိ မျက်နှာပေးဖြင့်
” ဟုတ်ပါပြီ မုဆိုးကြီးရယ်”
ဟု ဆိုလာကာ ကျွန်တော်တို့အား ထားရစ်ခဲ့ပေးလေတော့၏။
ထို့နောက်တွင်တော့ ကျွန်တော်တို့ နှစ်ဦးလည်း နံဘေးရှိ လျှိုထဲသို့ ဆင်းခဲ့ကြတော့သည်။
*****
” စိုးလေး…မျက်စိကို ရှင်ရှင်ထားချေ။ တေယက တိတ်ဆိတ်နေတယ်။ ငါ သိပ်မသင်္ကာဘူး။ အန္တရာယ်ရှိနိုင်တယ်”
” ဟုတ်ကဲ့ ဆရာစိုင်း”
ကျွန်တော်တို့ နှစ်ယောက် လျှိုအတွင်း ၀င်ရောက်ခဲ့ကြပြီး အတော်လေး ခရီးရောက်ချိန်၀ယ် တောအတွင်း မှ အသံများ ရုတ်ခြည်း တိတ်ဆိတ်သွားလေသည်မို့ ကျွန်တော့်စိတ်၀ယ် သိပ်သဘောမတွေ့လှ။ သို့ကြောင့် လက်ထဲမှ သေနတ်အား ကျည်အသင့်ထိုးကာ စိုးလေးကို သတိပေးလိုက်ခြင်းရယ်။ စိုးလေးမှာတော့ ကျွန်တေ.့်၏ သတိပေးစကားကြောင့် သူ့လက်ထဲမှ အမ် ၂၂ ပြောင်းရှည် အမဲပစ် သေနတ်အား ကျည်ထိုးလိုက်ရင်း အသင့်အနေအထား ကိုင်ဆောင်ထားလေ၏။
တော၏ အခြေအနေမှာ ကျေးငှက်တို့၏ အော်မြည်သံကိုပင် မကြားရတော့လောက်အောင် တိတ်ဆိတ်နေ၏။ ကျွန်တော်တို့ နှစ်ဦး သတိစွာ လျှောက်လှမ်းနေဆဲ။ ထိုအချိန်၀ယ်
” ဖျောက်…ဖောက် ”
” ဘုတ်”
ဟူ သော အသံနှင့်အတူ လက်မောင်းလုံးခန့်ရှိသော သစ်ကိုင်းခြောက်တစ်ခုသည် ကျွန်တော်တို့၏ အပေါ်ဘက့ဆီမှ ပြုတ်ကျလာလေ၏။ သို့ကြောင့် ကျွန်တော်မှ ချက်ချင်းပင် မော.့ကြည့်လိုက်ရာတွင်
” ဝေါ…ဖျော…”
မဲမဲအရိပ်တစ်ခု အပင်များပေါ်မှ လှစ်ခနဲ ပြေးလွှားနေလေသည်ကို တွေ့လိုက်ရ၏။ သို့ကြောင့် လက်ထဲမှ သေနတ်ဖြင့် လှမ်းထိုးချိန်လိုက်ပြီး သေချာစွာ ကြည့်လိုက်ရာတွင် ညတုန်းက တွေ့ရသော လူလိုလို မျောက်လိုလိုသတ္တဝါ ဖြစ်နေ၏။။ သို့ကြောင့် ကျွန်တော် လက်ထဲမှ သေနတ်ကို ပြန်ချလိုက်သည်။ ထိုအချိန်၀ယ် စိုးလေးမှာ ထိုအရာကို မြင်မိပြီး လက်ထဲမှ သေနတ်ဖြင့် ထိုးချိန်လေ၏။ သို့ကြောင့် ကျွန်တော်မှ စိုးလေးအား
” စိုးလေး…မပစ်နဲ့ အဲ့ဒါ လူ…”
ဟု အော်ကာ စိုးလေး အား ပြေးတွန်းလိုက်သည်။
” ဒိန္း….”
” ဂီး…”
” ဝေါ….ဘုတ်”
စိုးလေးထံမှ ထွက်ပေါ်လာသော သေနတ်သံဖြစ်လေ၏။ သေနတ်သံနှင့်အတူ အပင်ပေါ်မှ လူသည်လည်း အောက်ဆီကို ပြုတ်ကျလာလေ၏။ သို့ကြောင့် ကျွန်တော် ထိုသူအတွက် စိုးရိမ်သွားရသည်။ စိုးလေးမှာတော့ ကျွန်တော်၏ တွန်းထုတ်မှုကြောင့် လဲကျနေရာမှ အတင်းထလာနေသည်။ ကျွန်တော်စိုးလေးအား ဆွဲထူလိုက်၏။
” စိုးလေး မင်းဘာဖြစ်သွားသေးလဲ”
မေးလိုက်၏။ စိုးလေးမှာ သူ၏ သေနတ်အား မောင်းပြန်ဆွဲတင်လိုက်ရင်း
” ကျွန်တော် ဘာမှ မဖြစ်ဘူး ဆရာရာ…စိုင်း။ သူ…သူ မှန် သွား လား”
ဟုတုန်တုန်ရီရီ ပြောလာလေသောကြောင့် ကျွန်တော်မှ ခေါင်းညိတ်ပြလိုက်ရင်း စိုးလေး၏ ပခုံးအား ဆုပ်ကိုင်လိုက်ကာ
” သူမှန်သွားတယ်။ အသက်ရှိသေးလားတော့ မသိဘူး။ ငါသွားကြည့်ဦးမယ်”
ကျွန်တော် စိုးလေးအား ပြောရင်း လဲကျနေသူထံ သွားလိုက်ပြီး ပက်လက်ဆွဲလှန်လိုက်သည်။
” ဟာ…”
ကျွန်တော် လွန်စွာ အံ့သြသွားရတော့၏။ ထိုသူမှာ ညတုန်းက သစ်ထုတ်စခန်းတွင် တွေ့ခဲ့သော သူပင်။ ပြီးတော့ လူသားစစ်စစ်ပင်။ သို့ကြောင့် ကျွန်တော်မှ စိုးလေးအား လှမ်းခေါ်ကာ
” စိုးလေး…ဒီလူက ညတုန်းက ငါတို့တွေ့တဲ့ သူ မဟုတ်လား”
စိုးလေးမှာ တုန်လှုပ်စွာဖြင့် ထိုသူအား တစ်ချက်ကြည့်လိုက်ကာ
” ဟာ…ဟုတ်တယ် ဆရာစိုင်း။ ညတုန်းက တွေ့တာ သူပဲ”
” အင်း…ဘာပဲဖြစ်ဖြစ်ကွာ။ သူငါတို့နောက်ကို လိုက်နေတာတော့ သေချာသွားပြီ။ လောလောဆယ် သူအသက်ရှိသေးလား ကြည့်ဦးမယ်”
ကျွန်တော် ပြောပြောဆိုဆို ထိုသူ၏ လည်ပင်းရှိ သွေးလွှတ်ကြောကို လက်ဖြင့် စမ်းကြည့်လိုက်သည်။ သွေးခုန်နှုန်း ရှိနေသေး၏။ ပြီးနောက် သေနတ်ဒဏ်ရာရှိ မရှိအား လိုက်လံရှာဖွေလိုက်သည်။ တွေ့ပါပြီ။ သေနတ်ဒဏ်ရာမှာ သူ၏ ပေါင်ရင်းတွင်ရှိနေ၏။ ထိုနေရာမှ သွေးများ ထွက်နေသည်။ ကျွန်တော် ဒဏ်ရာကို သေချာစွာ ကြည့်လိုက်သည်။ တော်သေး၏။ ဒဏ်ရာမှာ ရှပ်မှန်ရုံသာ။ စိုးလေးအား ကျွန်တော် တွန်းလိုက်ပေလို့။ သို့မဟုတ်လျှင် ထိုသူမှာ ယခုအချိန်ဆို အသက်ရှိတော့မည် မထင်။ ယခုမူကား ချက်ကောင်းကို သေနတ်မှန်သောကြောင့် မဟုတ်ဘဲ အပင်ပေါ်မှ ကျလာသာအရှိန်ကြောင့် သာ သတိမေ့နေခြင်း ဖြစ်နိုင်၏။ ကျွန်တော် ထိုသူအား သေချာစွာစမ်းသပ်ပြီးနောက် စိုးလေးအား လှမ်းကြည့်လိုက်ပြီး
” တော်သေးတယ်… စိုးလေးရေ။ သူမသေဘူး။ မင်းပစ်တာက သူ့ကို ရှပ်ထိရုံပဲ ထိတာ။ အပင်ပေါ်က ကျတဲ့ အရှိန်ကြောင့် သူသတိလစ်သွားတာ”
” ၀မ်း..၀မ်းသာလိုက်တာ ဆရာစိုင်းရယ်”
ကျွန်တော် စကားကြောင့် စိုးလေး၏ မျက်လုံးတွင် ၀မ်းသာခြင်း အရိပ်အယောင်များကို တွေ့လိုက်ရ၏။
” ကဲ…ဘာပဲဖြစ်ဖြစ် ငါတို့ သူ့ကို ဒီအတိုင်းထားခဲ့လို့တေ.့ မဖြစ်ပေဘူး။ အဲ့ဒီတော့ စခန်းဆီ ခေါ်သွားမှ ဖြစ်မယ်။ အဲ့ဒီတော့ အခုလောလောဆယ် သူ့ကို ကြိုးတုပ်ပြီး သစ်ပင်တစ်ပင်မှာ ချည်ထားလိုက်။ ပြီးရင် မင်းက သူ့ကိုစောင့်နေ။ ငါ ကိုအေစချိုတို့နောက်ကို လိုက်သွားမယ်။ ပြီးရင် အကျိုးအကြောင်းပြောပြပြီး ခေါ်လာခဲ့မယ်”
စိုးလေးမှာ ကျွန်တော့် စကားအတိုင်း ၀တ်လစ်စလစ် လူ၏ ခြေလက်များကို ကြိုးတုပ်လိုက်၏။ ပြီးနောက် သစ်ပင်တစ်ပင်တွင်ကပ်ကာ ကြိုးဖြင့် တုပ်ထားလိုက်တော့သည်။ ထို့နောက်တွင်တော့် ကျွန်တော်မှ စိုးလေးအား သေချာစောင့်နေရန် မှာပြီး ကိုအေးချိုတို့ နောက်သို့ လိုက်ခေါ်ရန် ထွက်ခဲ့တော့သည်။
ကိုအေးချိုတို့မှာ ဆီးဖြူတောင်ကို ပတ်၍ သစ်တံဆိပ်ရိုက်ရင်းသွားနေကြသည်မို့ သိပ်မရှာလိုက်ရ။ ကိုအေးချိုတို့မှာ ကျွန်တော်တို့ ဖြစ်စဉ်ဖြစ်ရာ နေရာနှင့် ခုနှစ်ဖာလုံခန့်သာ ရောက်သေး၏။ ကျွန်တော်ရောက်သွားချိန်၀ယ် ကိုအေးချို၏ တပည့်နှစ်ဦးမှာ ပျဉ်ကတိုးပင် တစ်ပင်အား အခေါက်ကြောကို ဓားဖြင့် ခြစ်ထုတ်နေကြ၏။ သူတို့အားလုံးမှာ အလုပ်ကိုသာ အာရုံစိုက်နေကြသည်မို့ ကျွန်တော့်အား မမြင်ကြပေ။ သို့ကြောင့် ကျွန်တော်မှ ခပ်လှမ်းလှမ်းဆီမှနေ၍
” ၀ူး…..”
ဟု သံရှည်ဆွဲကာ တောအူသံပေစလိုက်သည်။ ( တောအူသံ ဆိုသည်မှာ တောနက်ရာ ဒေသများတွင် တောတွင်း၌ နာမည်အော်ခေါ်ခြင်းကို ရှောင်ရှားကြရလေ၏။ သို့ကြောင့် တစ်ဦးနှင့် တစ်ဦး အချက်ပြဆက်သွယ်ရာတွင် အထက်ပါကဲ့သို့ အသံပြု၍ ဆက်သွယ်ကြရ၏။ သို့မဟုတ်ပါက နာနာဘာ၀တို့၏ နာမည်တပ်ခေါ်ဆိုခြင်းကို ခံရတတ်၏။ ထိုအခါ ပြန်ထူးမိသူသည် သေတတ်သည်ဟု သိရှိရပါသည်။ သင်းခွေချပ်များမှလည်း ခေါ်တတ်သည်ဟု သိရှိရပါသည်။ ဤသည်ကား စကားချပ်) ကျွန်တော့် အသံကြောင့် ကိုအေးချိုတို့ အဖွဲ့ ဘှည့်ကြည့်လာကာ ကိုအေးချိုမှာ ကျွန်တော်အား တွေ့သည်နှင့် အနားကို လျှောက်လာရင်း
” ဟာ…ကိုစိုင်း။ အခုနက သေနတ်သံကြားတယ်။ အမဲရပြီလား။ ဘာကောင်လဲ။ စိုးလေးကကော”
ဟူသည့် မေးခွန်းတွေ တသီကြီး မေးလေတော့၏။ သို့ကြောင့် ကျွန်တော်မှ ကိုအေးချိုအား အနားကိုခေါ်ကာ အကျိုးအကြောင်းပြောပြလိုက်တော့သည်။
ကျွန်တော်၏ စကားကြောင့် ကိုအေးချိုမှာလည်း လွန်စွာ စိတ်ပူသွားပုံရပြီး သူ့တပည့်များအား အလုပ်ကို လက်စသတ်စေကာ ချက်ချင်းပင် စိုးလေးတို့ ရှိနေရာဆီ ပြန်ထွကိခဲ့ကြတော့သည်။
စိုးလေးတို့ဆီ ရောက်သောအခါ ကျွန်တော်တို့ ကြိုးတုပ်ခဲ့သူမှာ သတိလစ်နေဆဲပင်ရှိနေသေး၏။ စိုးလေးမှာလည်း ထိုသူ၏ အနားတွင် သတိ၊ ဝီရိယဖြင့် စောင့်ကြည့်နေသည်ကို တွေ့ရသည်။
” ကဲ…ကိုစိုင်း။ တောလူကို ကျြုးတုတ်လျှက်ပဲ ဆင်ပေါ်တင်လိုက်ကြစို့ဗျာ။ နို့မို့ဆို သူသတိရလာရင် ထွက်ပြေးသွားလိမ့်မယ်”
ဟု ပြောလာသော ကိုအေးချို၏ စကားကြောင့် ကျွန်တော်တို့လည်း ကိုအေသချို နာမည်ပေးလိုက်သည့် တောလူအား ကြိုးတုပ်လျှက်ပင် ဆင်ပေါ်တင်၍ စခန်းရှိရာကို အမြန်ဆုံးပြန်ခဲ့ကြတော့သည်။
စခန်းသို့ရောက်သောအခါ၀ယ် တောလူအား ကိုအေးချို၏ တဲတွင် ကြိုးဖြင့် တုပ်ထားလိုက်ကြသည်။ ပြီးနောက် စခန်းမှ ကျန်းမာရေးမှူးအား ခေါ်ကာ ဆေးကုသစေ၏။ ကျန်းမာရေးမှူးမှ ဆေးကုသနေစဉ် စခန်းရှိလူအများမှာ တစ်ယောက်တဆင့် စကားကြောင့် ကိုအေးချို၏ တဲရှိရာသို့ စုဝေးရောက်ရှိလာကြသည်။ ထိုအချိန်၀ယ် လူအုပ်အတွင်းမှ အေးမင်း ဆိုသူက ကြိုးဖြင့် တုပ်ထားသော တောလူကို ကြည့်ကာ
” ဟာ…ဆရာတို့ အဲ့ဒီ့လူက သုံးတန်လှရွာက မုဆိုးတောကျော်ပဲဗျ”
ဟု ဆိုလာလေသည်မို့ ကျွန်တော်တို့၏ အကြည့်များက အေးမင်းထံ ရောက်ရှိသွားကြ၏။ ကျွန်တော်မှ
” ဒါဆို ညီလေးက သူ့ကို သိနေတယ်ပေါ့။ ဟုတ်လား”
“ဟုတ်တယ်ဆရာ။ သူက လွန်ခဲ့တဲ့ တစ်နှစ်လောက်က တောထဲ အမဲပစ်သွားရင်း ပျောက်သွားတာ။ အားလုံးက သူ့ကို သေပြီပဲ ထင်ကြတာဗျာ”
အေးမင်း၏ စကားက ကျွန်တော်တို့အတွက် အဖြေတစ်ခုကိုရစေပြီး နောက်ထပ် ပဟေဠိတစ်ခုကို ထပ်ပေးနေသလိုပင်။ ယခု အေးမင်းပြောပြလို့ တောထဲမှ ခေါ်လာသူသည် မုဆိုးတောကျော်ဖြစ်ကြောင်း သိရလေပြီ။ သို့သော် သူမည်ကဲ့သို့သော အကြောင်းကြောင့် ယခုကဲ့သို့ ဖြစ်သွားရသနည်း။
*****
” အား….ဝူး…ဝူး..”
အော်သံနှင့်အတူ ရုတ်တရက် တောလူ၏ ရုန်းကန်လှုပ်ရှားလိုက်မှုကြောင့် တဲကလေးမှာ တသိမ့်သိမ့် တုန်သွား၏။ တောကျော်မှာ သတိရရခြင်းပင် အတင်းကုန်းရုန်းထပြီး ထွက်ပြေးရန်ကြံလေ၏။ သို့သော် သူ၏ ခြေလက်များတွင် တုပ်ထားသော ကြိုးများကြောင့် သူပြေးမရပေ။ သူ၏ နံဘေးနားတွင် ဝိုင်းကြည့်နေသော လူများကိုလည်း
” ကိုတောကျော် ခင်ဗျား ဘယ်လိုတွေဖြစ်ခဲ့တာလဲဗျာ”
တောကျော်မှာ ကျွန်တော့်အား မျက်လုံးပြူးကြီးဖြင့် စိုက်ကြည့်နေလေ၏။
” ကိုတောကျော်…ကိုတောကျော်”
” ဂါး….”
,ကိုတောကျော်မှာ စိုက်ကြည့်နေရာမှ ရုတ်တရက် လျှင်မြန်စွာပင် ကျွန်တော့်အား လှမ်းကိုက်လေ၏။ သို့သော် သူ့အား ချည်ထားသော ကြိုးများကြောင့် ထင်သလို ဖြစ်မလာခဲ့။ ဤသည်ကိုကြည့်၍ ကိုအေးချိုမှ
” ကိုစိုင်းရေ…သူ့ပုံစံက မူမမှန်ဘူး။ အဲ့ဒီတော့ သူ့ကို မြို့ကို ပို့ပြီး ဆေးကုသမှ ဖြစ်မယ်ထင်တယ်။ ဒီနေ့တော့ အချိန်လည်း မရှိတော့ဘူး။ အဲ့ဒီတော့ သူ့ကို ဒီတစ်ညတော့ ဒီအတိုင်းပဲ ကြိုးတုပ်ထားပြီး မနက်ကျမှ သစ်ကားကြုံနဲ့ မြို့ ဆေးရုံကို ပို့ကြတာပေါ့ဗျာ”
” အင်းဗျာ…သူ့ဆီမှာ ဘာအသိဥာဏ်မှ မရှိတော့ဘူး။ ဘယ်လို အဖြစ်အပျက်တွေကြောင့် သူဒီလို ဖြစ်သွားရတာလဲ မသိဘူးဗျာ။ လူသားတစ်ယောက်အနေနဲ့ ဒီလိုဖြစ်နေတော့ ကျွန်တော့်ရင်ထဲ သူ့အတွက် တကယ် စိတ်မကောင်းဘူးဗျာ”
” ဘာပဲဖြစ်ဖြစ်လေ။ လူဆိုတာက ကံတရားရဲ့ သားကောင်တွေချည်းပဲကိုဗျာ။ သူ့ရဲ့ ကံစီမံရာပဲပေါ့”
ထို့နောက်တွင်တော့ ကျွန်တော်တို့ နှစ်ဦး စကားပြောဆိုခြင်း မပြုကြတော့။ ကိုတောကျော်မှာတော့ တဲ၏ ထောင့်လေး၀ယ် ငြိမ်သက်ကာ ရှိနေလေတော့၏။
*****
ည။
စခန်းပတ်၀န်းကျင်ရှိ အရာရာ တိတ်ဆိတ်ငြိမ်သက်နေ၏။ လူများအားလုံးသည်လည်း နှစ်ခြိုက်စွာ အိပ်မောကျနေချိန် မြူများ ရုတ်တရက် ကျဆင်းလာ၏။ မကြာမီပင် မြူများမှာ တဖြေးဖြေးသိပ်သည်း၍ လာလေတော့၏။
ကျွန်တော် မြူတွေကြားထဲမှာ တစ်ယောက်တည်း လမ်းလျှောက်နေမိသည်။ ထိုစဉ်
” လူလေး…”
ခေါ်သံကြောင့် ကျွန်တော် ဟိုဒီလှည့်ကာ ရှာဖွေမိသော် ကျွန်တော်နှင့် ခပ်လှမ်းလှမ်းရှိ သစ်ပင် တစ်ပင်အောက်၀ယ် အဖြူရောင် အင်္ကျီ၀တ်ဆင်ကာ ရပ်နေသော လူတစ်ယောက်။ သူ၏ မျက်နှာကိုတော့ မြူများကြောင့် သေချာစွာ မမြင်ရ။ ကျွန်တော့် စိတ်ထဲ၀ယ် ထိုသူကို ရန်သူလား၊ မိတ်ဆွေလား ကွဲပြားအောင် တွေးကြည့်နေမိ၏။
” လူလေးစိတ်မပူပါနဲ့။ အဘက လူလေးရဲ့ ရန်သူ မဟုတ်ပါဘူး။ အခုလူလေးတို့ဆီမှာ ရောက်နေတဲ့ တောကျော်ရဲ့ အဖေဦးဘတူပါကွယ်။ အခုက အဘရဲ့ သားအတွက် လူလေးတို့ဆီကို အကူအညီလာတောင်းတာပါ”
” ဗျာ…ကိုတောကျော် အတွက်အကူအညီလာတောင်းတာ”
ကျွန်တော် ဦးဘတူ၏ စကားကို နားထောင်ရင်း သံယောင်လိုက်မိသွား၏။ ဦးဘတူမှာ ကျွန်တော့် စကားကြောင့် ခေါင်းကို ညိတ်ပြရင်း
” ဟုတ်တယ် လူလေး။ အခု လူလေးတောကျော်က နတ်တောင်ပိုင်ရှင် သခင်မရဲ့. အစေအပါးကို သတ်မိလို့ သခင်မတိုက်တဲ့ ကျိန်စာကို မိပြီး သခင်မထံမှာ အစေအပါး လုပ်နေရတယ်။
အဲ့ဒီ့ကျိန်စာကို ပြယ်စေချင်ရင် နတ်တောင်ပေါ်က သခင်မ ဂူထဲမှာ ရေတွင်းကလေးတစ်တွင်းရှိတယ်။ အဲ့ဒီ့ထဲက ရေကို ယူပြီး လူလေးတောကျော်ကို တိုက်ပေးရင် သူ့ရဲ့ ကျိန်စာတွေ ပြယ်သွားလိမ့်မယ်။ အဘအနေနဲ့က တောင်ပိုင်သခင်မနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ မဖြစ်နိုင်လို့ အခုလို အခွင့်အခါ သင့်တုန်း လူလေးကို အကူအညီတောင်းရတာပါ။ လူလေး ကူညီမယ် မဟုတ်လားဟင်”
ဦးဘတူမှာ ကျွန်တော့်အား မျှော်လင့်တကြီး အားကိုးနေသော မျက်၀န်းများဖြင့် ကြည့်ကာ တောင်းဆိုနေ၏။ သို့ကြောင့် ကျွန်တော့်မှာ နဂိုကပင် တောကျော်အပေါ် သနားစိတ်တို့ ရှိနေလေရာ ယခု ဦးဘတူ တောင်းဆိုချိန်၀ယ် အလိုလို ခေါင်းညိတ်ပြလိုက်တော့၏။
” ကျေးဇူးတင်ပါတယ် လူလေးရယ်။ မနက်ဖြန်ဆိုရင် တောင်ပိုင်သခင်မ သူ့တောင်မှာ ရှိမှာ မဟုတ်ဘူး။ အဲ့ဒီတော့ လူလေးတို့ သွားဖို့ အဆင်ပြေနိုင်တယ်။ ပြီးတော့ အဘလည်း လူလေးတို့နဲ့ အတူရှိနေမှာပါ။ မနက်ဖြန်တော့ လူလေးတို့အနေနဲ့ နတ်တောင်ဆီကို သွားဖြစ်အောင်သွားပေးပါ။ ကဲ…အဘသွားတော့မယ်”
ကျွန်တော့်အား နှုတ်ဆက်ပြီးသည်နှင့် ဦးဘတူမှာ မြူများကြားသို့ ၀င်ရောက်ပျောက်ကွယ်သွား၏။
*****
” ဆရာစိုင်း…ဆရာစိုင်း ထတော့ မိုးလင်းနေပြီ”
ကျွန်တော့်အား စိုးလေးမှ လှုပ်နှိုးသဖြင့် အိပ်မက်ဆီမှ လန့်နိုးခဲ့ရသည်။ ကျွန်တော် စိုးလေးနှင့် ကိုအေးချိုအား အိပ်မက်အကြောင်းကို အသေးစိတ်ပြောပြလိုက်သည်။ ကျွန်တော် ပြောပြနေသည်ကို နားထောင်၍ သူတို့နှစ်ဦး အံသြနေကြ၏။ ကိုအေးချိုမှ
” အင်း…မိဘမေတ္တာ သိပ်ကို ကြီးမားပါလားဗျာ။ တမလွန်ရေ.က်နေတာတောင် သူ့သားအတွက် လာပြီး အကူအညီတောင်းပေးသေးတယ်ဗျာ”
ဟု ခပ်ညည်းညည်း ပြောလေ၏။ထိုအချိန်တွင်တော့ တောကျော်မှာ တဲ၏ ထောင့်ကလေးဆီတွင် ကုပ်ကုပ်ကလေးထိုင်ကာ ကျွန်တော်တို့အား လှမ်းကြည့်နေ၏။
” ဘာပဲဖြစ်ဖြစ် ကျွန်တော် ကတိပေစထားပြီးပြီဆိုတော့ ဒီနေ့ နတ်တောင်ကို ရောက်အောင်သွားရမယ်။ အဲ့ဒီတေ.့ ကိုအေးချို ကျွန်တော့်ကို တသ်ခုတော့ကူညီပေးပာ။ နတ်တောင်ဆီကို သွားဖို့ လမ်းပြတစ်ယောက်လောက်ရှာပေးဗျာ”
” အင်း…အေးမင်းတော့ လမ်းသိလောက်တယ်။ သူ့ကို လမ်းပြခိုင်းမယ်ကွာ။ ပြီးတော့ ငါလည်း လိုက်မယ်”
ကိုအေးချိုမှာ ကျွန်တော့်အား ပြောပြီးသည်နှင့် တဲ၏ အပြင်ကို ထွက်သွားလေတော့၏။
ကျွန်တော်နှင့် စိုးလေးကတော့ ပြင်ဆင်စရာရ်ှတာများကို ပြင်ဆင်နေလိုက်ကြသည်။ ခဏအကြာတွင်တော့ ကိုအေးချို နှင့် အေးမင်းတို့ မှာ ကရက်လေး၏ ဆင်ဖြင့် ရောက်ရှိလာလေတော့၏။ ထို့နောက်တွင်တော့ ကျွန်တော်တို့ ငါးဦးသား ဆင်စီးလျှက် နတ်တောင်ရှိရာဆီကို အပြင်းချီတက်ခဲ့ကြတော့သည်။
*****
နေမွန်းတည့်ချိန်လောက်တွင်တော့ ကျွန်တေ.်တို့မှာ နတ်တောင် အခြေကို ရောက်ရှိလေပြီ။ သို့သော် တောင်ပေါ်ကိုကား ဆင်ဖြင့် တက်ရန်အတွက် လမ်းမှာမတ်စောက်လှသဖြင့် မလွယ်ကူပေ။ သို့ကြောင့် ကရင်လေးနှင့် ဆင်အား တောင်ခြေတွင်ထားရှိခဲ့ကာ ကျွန်တော်တို့ လေးဦးမှာ တောင်ပေါ်ကို တက်ခဲ့ကြတော့သည်။
နတ်တောင်ပေါ်တွင် သီးပင်စားပင်များ လွန်စွာ စုံလင်လှ၏။ သီးပင်စားပင် များစုံလင်မှုကြေညင့် မျောက်အမျိုးပေါင်းများစွာတို့သည်လည်း သစ်ပင်များပေါ်တွင် မြူးတူးပျော်ပါး နေကြကာ ၎င်းတို့မှာ ကျွန်တော်တို့အား မြင်သော အခါတွင် ထွက်မပြေးကြဘဲ အထူးအဆန်းသဖွယ်လိုက်လံကြည့်ရှုနေကြလေ၏။ ထိုအတူပင် တစ်ခာတစ်ရံ အချို့သော သားကောင်ငယ်များသည်လည်း ကျွန်တော်တို့၏ နံဘေးမှ ုဖတ်သန်းကာ ပြေးလွှားသွားတတ်ကြပြန်၏။ ဤသည်ကို ကြည့်၍ စိုးလေးမှာ မုဆိုး ပေါက်စပီပီ သေနတ်တစ်ချိန်ချိန်ဖြင့် လိုက်လံပစ်ခတ်ရန် ကြံရွယိကာ နေလေသည်မို့ ကျွန်တော့်မှာ သူ့အား သားကောင် မပစ်ရန် အကြိမ်ကြိမ် တားမြစ်နေရတော့၏။
ကျွန်တော်တို့ တောင်ခါးပန်း၏ တ၀က်လောက် ရောက်ရှိချိန်တွင်တော့ ကိုအေးချို မှ လွန်စွာ မောပန်းနေပြီမျု့ ခေတ္တနား ရန်ပြောလာ၏။ သို့ကြောင့် ကျွန်တော်တို့ အားလုံး သင့်တင့်ရာ နေရာများတွင် အသီးသီး ထျုင်ကာ ခေတ္တအနား ယူနေလိုက်ကြသည်။ ထိုအချိန်တွင် တော၏ တစ်နေရာဆီမှ
” ညှောင်….ညှောင်….ညှောင်”
ဟူသော အော်မြည်သံနှင့်အတူ ခွေးတစ်ကောင်နီးနီးလောက်ရှိမည့် ကြောင်နက်ကြီး တစ်ကောင် ထွက်လာ၏။ သို့ကြောင့် ကျွန်တော်တို့အားလု့း ကြောင်ကြီးအား စိတ်၀င်တစား ကြည့်နေမိစဉ် ကြောင်နက်ကြီးမှာ ကျွန်တော်တို့ အနီးရှိ သစ်ပင်တစ်ပင်ပေါ်ပြေးတက်လိုက်ပြီး ကျွန်တော်တို့ ရှိရာကို ကြည့်ကာ တညှောင်ညှောင်ဖြင့် အော်မြည်နေလေ၏။
ထိုအခါမှ ကျွန်တော်လည်း ညတုန်းက အိပ်မက်ထဲတွင် ဦးဘတူ ပြောခဲ့သော စကားတို့ကို သတိရမိပြီး ထိုကြောင်နက်ကြီးမှာ ဦးဘတူ ကျွန်တော်တို့အား လမ်းပြရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း နားလည်မိတော့၏။ သို့ကြောင့် ကျွန်တော်မှ ကိုအေးချိုတို့အား ကြည့်ကာ
” ကဲ…ကိုအေးချိုရေ။ ဦးဘတူကတော့ လမ်းပြဖို့ ရောက်လာပြီ”
ဟု ဆိုကာ ကြောင်နက်ကြီးအား မေးငေါ့ပြလိုက်သည်။ ကိုအေစချိုမှ ကြောင်နက်ကြီးအားကြည့်ကာ
” အင်း…အဲ့ဒါဆို တို့တွေ အချိန်ဆွဲမနေတော့ဘူး။ အခုပဲ သွားကြစို့ ”
ထို့နောက်တွင်တော့ ကျွန်တော်တို့အားလုံး ထိုင်နားနေရာမှ ထလိုက်ကြသည်။ ကြောင်ကြီးမှာတော့ ကျွန်တော်တို့၏ လှုပ်ရှားမှုများအား ကြည့်နေပြီးနောက် တောထဲသို့ တိုး၀င်သွားတော့သည်။ သို့ကြောင့် ကျွန်တော်တို့လည်း ကြောင်နက်ကြီး၏ နောက်သို့ အလျှင်အမြန်လိုက်ကြရတော့သည်။
ကြောင်နက်ကြီးမှာ ကျွန်တော်တို့အဖွဲ့အား လှည့်ကြည့်လိုက်၊ သွားလိုက်ဖြင့် ရှိနေသည်။ သို့နှင့် တောင်ထိပ်ဖျားဆီသို့ ရောက်သောအခါ၀ယ် ကြောင်ကြီးမှာ ကျောက်တုံးတစ်တုံးပေါ်သို့ ခုန်တက်လိုက်၏။ ပြီးနောက် ကျောက်တုံး၏ အနောက်ကို စိုက်ကြည့်ကာ ” တညှောင်ညှောင်” အော်နေ၏။
ကျွန်တော်တို့လည်း ကြောင်ကြီး၏ အရိပ်အခြည်ကြောင့် ထိုကျောက်တုံး၏ နောက်သို့ ၀င်ကြည့်လိုက်ရာ ဂူပေါက်တစ်ခုကို တွေ့ရလေတော့၏။ ဂူပေါက်မှာ လူတစ်ရပ်ခန့်မြင့်ပြီး သုံးပေခန့် ကျယ်
သဖြင့် လူလေးဦးချောင်ချောင်ချိချိ ၀င်နိုင်သောကြောင့် ကျွန်တော်တျု့လည်း အချိန်မဆိုင်းတော့ဘဲ အထဲကို ၀င်ခဲ့ကြတော့သည်။
ဂူမှာ အတွင်းပိုင်းတွင် ဆယ်ပေခန့်ကျယ်၀န်းသွားပြီး အတော်အတန်ရှည်ပုံရ၏။ အမြင့်မှာလည်း ဆယ်ငါးပေခန့် မြင့်သွားသည်မို့ လူလေးဦး ချောင်ချိစွာ လမ်းလျှောက်၍ ရ၏။ အမိုးပေါ်ရှိ အပေါက်အချို့ဆီမှ ထိုးကျလာသော အလင်းရောင်ကြောင့် အထဲတွင် အလင်းရောင် ကောင်းစွာရရှိနေ၏။
” အားလုံးပဲ ဓာတ်မီးတွေ ထုတ်ပြီးတော့ အမြန်ဆုံးရှာကြဗျာ။ ပြီးရင် မြန်မြန်ပြန်ထွက်မယ်”
ကျွန်တော် ပြောပြောဆိုဆို ဓာတ်မီးအားထုတ်ကာ ဖွင့်ပြီး ဟိုဟိုဒီဒီ ထိုးကာ ရှာဖွေနေလိုက်သည်။ ကျန်လူများမှာလည်း ဓာတ်မီးကိုယ်စီဖြင့် ရှာဖွေနေကြ၏။ သို့နှင့် ဂူအတွင်းဆီ အနည်းငယ်၀င်ပြီးချိန်တွင်တော့ ကိုအေးချိုမှ
” တွေ့ပြီဟေ့…ဒီမှာ ”
ဟု အော်လေသောကြောင့် ကျွန်တော်တို့ ကိုအေးချိုထံပြေးသွားလိုက်ကြသည်။ ရေတွင်းမှာ နှစ်ပေခန့်သာ ကျယ်ပေမည်။ ရေမှာ တွင်း၀အထိ ပြည့်လျှံနေ၏။ သို့ကြောင့် ကျွန်တော်တို့အတွက် အလွယ်တကူပင် ခပ်၍ ရနိုင်ပေသည်။
” ကဲ…အချိန်မဆိုင်းနဲ့တော့။ ရေခပ်ကြစို့ဗျာ”
” နေနေ ငါခပ်လိုက်မယ်”
ကိုအေးချိုမှာ ပြောပြောဆိုဆို သူ့လက်ထဲမှ ရေဗူးကို အဖုံးဖွင့်ပြီး ရေတွင်းမှ ရေကို ခပ်ယူရန်ပြင်လိုက်စဉ် တွင်း၏ နံဘေး ကျောက်နံရံများ ဆီမှ
” ရွှီး….ရွှီး…ရွှီး….”
ဟူ သောအသံများ ထွက်ပေါ်လာ၏။ သို့ကြောင့် ကျွန်တော်တို့အားလုံး အသံများ ထွက်ပေါ်လာရာဆီကို ပြိုင်တူ ဓာတ်မီးများဖြင့် ထိုးကြည့်လိုက်ရာ
” ဟာ….”
” အမလေး….”
” မြွေ…မြွေတွေ”
ပါးပြင်များထောင်လျှက် ကျွန်တော်တို့အား ရန်မူဖို့ ဟန်ပြက်နေသော မြွေအကောင်ပေါင်းများစွာကို တွေ့လိုက်ရ၏။ သို့ကြောင့် ကျွန်တော်တို့အားလုံး ဘာလုပ်၍ ဘာကိုင်ရမည် မသိဘဲ မင်သက်မိနေသည်။ ကျွန်တော်တို့လက်ထဲတွင် သေနတ်များ၊ ဓားများပါသော်လည်း မြွေများကိုသတ်မိပါက တောင်ပိုင်သခင်မ စိတ်ဆိုးပြီး ကျွန်တော်တို့အား ရန်ငြိုးဖွဲ့လာနိုင်၏။ သို့ကြောင့် ကျွန်တော်တို့မှာ မြွေများနှင့် တိုက်ခိုက်ရန် ၀န်လေးနေမိသည်။ ထိုစဉ် မြွေတစ်ကောင်သည် ရေခပ်ရန်ပြင်နေသော ကိုအေးချိုအား လှမ်းပေါက်ရန်လှုပ်ရှားလိုက်၏။ ထိုအချိန်တွင်
” ခြီး….”
” ရွှီး….ဖူး…ဖူး”
ကြောင်နက်ကြီးမှာ ရုတ်တရက်ခုန်၀င်လာပြီး ကိုအေးချိုအား ပေါက်ရန်ပြင်လိုက်သော မြွေ၏ လည်ကုတ်အား ကိုက်ကာ ဆွဲရမ်းလိုက်၏။ ကျန်မြွေများမှာလည်း သူတို့၏ အဖော် မြွေအား ကြောင်နက်ကြီးမှ တိုက်ခိုက်သဖြင့် ဒေါသပုန်ထကုန်ပြီး ကြောင်နက်ကြီးအား လိုက်လံ တိုက်ခိုက်ကြတော့သည်။ ဤသည်မှာ ကျွန်တော်တို့အတွက် မဟာအခွင့်အရေးကြီးပေမို့ ကျွန်တော်မှ ကိုအေးချိုအား
” ရေမြန်မြန် ခပ်တော့…”
ဟု အော်ဟစ်သတိပေးလိုက်သည်။ ကျွန်တော့်အော်သံကြောင့် ကိုအေးချိုမှာ ကြောင်နက်ကြီးနှင့် မြွေတို့၏ တိုက်ပွဲအား ငေးကြည့်နေရာမှ သတိ၀င်လာပြီး ရေတွင်းထဲသို့ ဗူးကို အမြန်နှစ်ကာ ရေခပ်လေတော့သည်။ ရေဗူးအတွင်း ရေတ၀က်ခန့် ရသောအခါတွင်တော့ ကိုအေးချိုမှာ ရေခပ်ခြင်းအား ရပ်တန့်လိုက်၏။ ပြီးနောက် လျှင်မြန်စွာပင် နောက်ကို ဆုတ်လာ၏။ ထို့နောက် ကျွန်တော်တို့အားလုံး ဂူထဲမှ ပြေးထွက်ခဲ့ကြတော့သည်။ ဂူထဲတွင်တော့ ကြောင်နက်ကြီးနှင့် မြွေတို့၏ တိုက်ပွဲကား ပြင်းထန်နေဆဲပင်။
ကျွန်တော်တို့အဖွဲ့မှာတော့ ဂူအပြင်ရောက်သောအခာမှ အားလုံး သက်ပြင်းကိုယ်စီ ချနိုင်ကြတော့၏။ သို့သော် အချိန် မဆိုင်းရဲ။ အချိန်မှာ ညနေစောင်းနေပြီမို့ တောင်ပိုင်သခင်မ ပြန်ရောက်လာလျှင် အခြေအနေဆိုးသွားနိုင်၏။ သို့ကြောင့် တောင်အောက်သို့ ဆက်၍ ပြေးဆင်းခဲ့ကြတော့သည်။
ကျွန်တော်တို့ တောင်ခြေနား ရောက်သောအခါတွင်တော့ တောင်ထိပ်ပိုင်းလောက်ဆီမှ မြွေတွန်သံများ ဆူညံစွာထွက်ပေါ်လာလေ၏။ ကြောင်နက်ကြီးမှာတော့ သေလား၊ ရှင်လား ကျွန်တော်တို့ မသိရှိနိုင်။ သေချာတာ တစ်ခုကတော့ တိုက်ပွဲတွင် ကြောင်နက်ကြီး ရှုံးနိမ့်သွားလောက်ပြီ။ သို့ကြောင့်သာ မြွေများ ဂူထဲမှ ထွက်၍ ကျွန်တော်တို့၏ အနောက်သို့ လိုက်လာခြင်းဖြစ်နိုင်သည်။
သို့ကြောင့် ကျွန်တော်တို့အားလုံး ကိုယ်စီကိုယ်ငှ တောင်ခြေသို့ ရောက်ရန်သာ အားစိုက်ပြေးနေကြသည်။
တောင်ပေါ်မှ မြွေများ၏ တွန်သံကို ကြားနေရဆဲပင်။ သို့သော် ကံအားလျော်စွာ အသံများမှာ ကျွန်တော်တို့ ပြေးလာရာ လမ်းကြောင်းဘက်မဟုတ်ဘဲ တောင်၏ တစ်ဖက်ခြမ်းဆီသို့ ဦးတည်နေ လေ၏။ သို့သော် ကျွန်တော်တို့မှာ မရပ်မနား ပြေးနေဆဲပင်။
ဤသို့ဖြင့် တောင်ခြေသို့ ရောက်သောအခါတွင်တော့ ကရင်လေးမှာ ဆင်ပေါ်တွင် အသင့် စောင့်လျှက်တွေ့လိုက်ရ၏။ ကျွန်တော်တို့အား မြင်သောအခါ၀ယ် ကရင်လေးမှာ သူ၏ ဆင်အား ၀ပ်ခိုင်းလိုက်၏။ သို့ကြောင့် ကျွန်တော်တို့အားလုံး ဆင်ပေါ်သို့ အပြေးတက်လိုက်ပြီး ကရင်လေးအား ထိုနေရာမှ အမြန်ဆုံး ထွက်ခွာရန် ကိုအေးချိုမှ ပြောလိုက်၏။ ကိုအေးချို၏ စကားကြောင့် ကရင်လေးမှာ သူ၏ ဆင်အား ချွန်းဖြင့် ပေါက်လိုက်ပြီး ကရင်စကားဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။ ကရင်လေး၏ စကားဆုံးသည်နှင့် ဆင်ကြီးမှာ ထိုနေရာမှ အမြန်ဆုံးထွက်ခွာခဲ့လေတော့၏။
သို့နှင့် ကျွန်တော်အဖွဲ့မှာ နတ်တောင်၏ နယ်နမိတ်မှ လွန်မြောက်လာ၏။ သို့ရာတွင် ဖြတ်သန်းခဲ့သော လမ်းခရီး၌ အတိုက်အခိုက်များ ကြုံကြိုက်ခဲ့ခြင်း မရှိခဲ့ပေ။ ဤသည်မှာ နတ်တောင်ဆီတွင် တောင်ပိုင်သခင်မ ပြန်မရောက်သေး၍ဘဲလား၊ သို့တည်းမဟုတ် သူပိုင်သည့် နယ်နမိတ်ကျော်လွန်သွား၍ လားတော့ မပြောတတ်ပေ။ သို့နှင့် ကျွန်တော်တို့အားလုံး ညဆယ်နာရီခန့်တွင်တော့ သုံးတန်လှသစ်ထုတ်စခန်းဆီ ပြန်လည် ရောက်ရှိခဲ့ကြတော့၏။
စခန်းသို့ ရောက်ရှိပြီးသည်နှင့် ကျွန်တော်တို့အဖွဲ့မှာ ကိုအေးချို၏ တဲဆီကို တန်းသွားလိုက်ကြ၏။ တဲထဲသို့ ရောက်သောအခါ၀ယ် တောကျော်အား ကြိုးတုပ်ထားလျှက်ပင် အိပ်ပျော်နေသည်ကို တွေ့ရ၏။ သို့ကြောင့် ကိုအေးချိုမှ သူ့အိတ်ထဲမှ ရေဗူးကို ထုတ်ကာ တောကျော်၏ အနားကို အသာကပ်သွားလိုက်ပြီး ပါးသပ်အား အနည်းငယ်ဟ၍ တဖြေးဖြေး လောင်းထည့်လိုက်တော့၏။
ထို့နောက်တွင်တော့ တောကျော်အား ကြိုးတုပ်လျှက်သာ ထားလိုက်ကြပြီး ကိုယ်လက်သန့်စင်ကာ ထမင်းပင် မစားကြတော့ဘဲ ကိုယ့်အိပ်ရာဆီ ကိုယ်၀င်၍ လှဲလျောင်းလိုက်ကြတော့သည်။ တောထဲတွင် ပင်ပန်းလာခဲ့ကြသည်မို့ ခေါင်းအုံးပေါ် ခေါင်းချလိုက်သည်နှင့် အားလုံး အိပ်ပျော်သွားကြလေတော့၏။
*****
နောက်တစ်နေ့နံနက်တွင်တော့ တောကျော်မှာ သူ၏ နဂိုစိတ်အတိုင်းပြန်ဖြစ်နေလေတော့၏။ သို့ရာတွင် တောကျော်မှာ သူဖြစ်ပျက်ခဲ့သည်များကို တစ်ခုမှ မမှတ်မိပေ။ သို့ကြောင့် ကျွန်တော်တို့မှ သူဖြစ်ခဲ့သည်များကို အသေးစိတ် ပြန်လည်ပြောပြကြရတော့၏။
ကျွန်တော်တို့ ပြောပြသောအကြောင်းအရာများ ပြီးဆုံးလေသောအခါ၀ယ် တောကျော်မှာ သူ၏ မွေးစားအဖေ ဦးဘတူ၏ နာမည်ကို တလျှက် အော်ဟစ်ငိုယ်ိုနေလေတော့၏။
ထို့နောက်တွင်တော့ တော.ကျော်အား သစ်ထုတ်စခန်းတွင်ပင် နေစေကာ သစ်ထုတ်စခန်းမှ ကျန်းမာရေးမှူးဖြင့် ဆေးကုသစေ၏။
ကျွန်တော်နှင့် စိုးလေးမှာမှာတော့ တောကျော်၏ ကိစ္စပြီးဆုံးပြီးနောက် ဆက်လက်၍ အမဲပစ်လိုခြင်း မရှိတော့သောကြောင့် သစ်ထုတ်စခန်းဆီတွင် သုံးရက်ခန့် နေလိုက်ကြပြီးနောက် သစ်ကားကြုံဖြင့် မြို့သို့လိုက်ကာ ပြန်ခဲ့ကြတော့သည်။
*****
အထက်ပါ ဖြစ်ရပ်များပြီးဆုံးပြီး ငါးလခန့်အကြာတွင်တော့ ကိုအေးချိုနှင့် ကျွန်တော် ရန်ကုန်တွင် ပြန်တွေ့ခဲ့ကြ၏။ ကိုအေးချိုမှာ ရန်ကုန်သို့ အလုပ်ကိစ္စဖြင့် လာရင်း ကျွန်တော့်အား ဆက်သွယ်ကာ တွေ့ဆုံခဲ့ကြခြင်းပင်။
ကျွန်တော်နှင့် ကိုအေးချိုတို့ တွေ့ဆုံချိန်၀ယ် အခြား အကြောင်းအရာများ ပြောဆိုနေကြရင်းဖြင့် တောကျော်၏ အကြောင်းအား ကျွန်တော်မှ သတိတရ မေးမိလေရာ ကိုအေးချိုမှ တောကျော်သည် စခန်းတွင် တစ်လခန့် ဆေးကုသခဲ့ပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်သွားချိန်တွင် သူ့ရွာသို့ ပြန်သွားပြီး ရာသက်ပန်သာ့သနာ့ ဘောင်သို့ ၀င်ရောက်သွားကြောင်းပြောပြလေ၏။
ထိုအကြောင်းအရာကြောင့် ကျွန်တော့်မှာ ကိုယ်ကိုယ်၌က သူ့အသတ်သတ်ခြင်းမည်သော မုဆိုးအလုပ်ကို ဝါသနာအရ လုပ်ဆောင်နေမိပေမယ့် မိမိအသက်စွန့်ကူညီပေးခဲ့သည် သူမှာ သာသနာ့ဘောင်သို့ ၀င်ရောက်သွားကြောင်း သိရှိရသောအခါတွင် လွန်စွာ ၀မ်းမြောက်မိနေတော့၏။
ပြီးပါပြီ။
စာရှုသူအားလုံးကို အစဉ်လေးစား ဦးညွတ်လျှက်
နောင်ရိုး(ဆေးတပ်)