ထန်းပင်စောင့် လူနီလေး (စ/ဆုံး)
————————
” မင်းတို့တွေ ထန်းပင်စောင့် လူနီလေးဆိုတာ ကြားဖူးလား…’
တန်ဆောင်မုန်းလဆန်းရက်ပေမို့ ကောင်းကင်တွင် လမင်းကြီးက တစ်ဝက်တစ်ပျက် အလင်းဆက်နေ၏။ အချိန်က ကောက်ရိတ်သိမ်းသည့် ကာလပင်။
ထိုအချိန် ကျွန်တော်တို့အဖွဲ့ကတော့ ဘကြီးအောင် တလင်းစောင့်ရာနေရာထိ လိုက်ခဲ့ကာ ရှေးဟောင်းနှောင်းဖြစ်များ ပြန်ပြောပြသည်ကို နှစ်ခြိုက်စွာ နားထောင်နေကြခြင်းပင်။ ကျွန်ဆော်တို့မှာ ညစဉ်ညတိုင်းနီးပါးပင် ဘကြီးအောင်ဆီသွားကာ ထိုကဲ့သို့ စကားပြောဖြစ်လေ့ရှိကြသည်။ ကျွန်တော်တို့အဖွဲ့ဆိုသည်မှာ ကျွန်တော် ဇေလင်း၊ ညိုမောင်၊ တာတီးတို့သုံးယောက်ပင်။ ယခုလည်း ဘကြီးအောင်ပြောလာသော စကားကြောင့်ဘသုံးယောက်သား စိတ်ဝင်တစား ခေါင်းထောင်သွားကြသည်။
” မကြားဖူးဘူး။ ဘယ်လိုမျိုးလဲ ဘကြီး။ သိချင်လိုက်တာ…”
ကျွန်တော်မှ ပြောလိုက်သည်။ ထိုစဉ် အဝေးဆီမှ လေပြေက ကောက်ရိတ်ချိန်မို့ ထွက်ပေါ်လာသော ကောက်သင်းရနံအချို့ကု သယ်ဆောင်လာကာ ကျွန်တော်တို့ဆီ ဖြတ်သန်းတိုက်ခတ်လာ၏။ ဘကြီးအောင်မှ
” ဒီလိုကြ…”
ဘကြီးအောင် စကားကို ခဏဖြတ်ပြီး ရေနွေးကြမ်းတစ်ခွက်မှုတ်သောက်သည်။ ပြီးနောက် ဆေးလိပ်တစ်ဖွာကို ဖွာရှိုက်သည်။
” မင်းတို့ကို အခုပြောပြမယ့် ဇာတ်လမ်းက ငါတို့ရွာမှာ တကယ် ဖြစ်ခဲ့တာကွ။ သူ့နာမည်က မောင်သောင်းလို့ ခေါ်တယ်။ ပုံစံက အရပ်အမောင်း ခပ်ကောင်းကောင်း၊ လူကောင်က ခပ်ထွားထွား။ ရွာထဲမှာ အလုပ်စုံ လိုက်လုပ်တဲ့သူကွ။ အင်း…သူနဲ့ ပက်သက်ပြီး ပြောပြရင်း ””နတ်နှင့် နဂါး၊ ပရသားတို့ကို ကတိသစ္စာပြုပြီးပါလျင် ဘယ်သောခါမှ မလှည့်စားနဲ့ ”” ဆိုတဲ့ သင်ခန်းသာလေးပါ ပေးရတာပေါ့ကွာ။ ဖြစ်ပုံက ဒီလိုဟေ့…”
ဘကြီးအောင်၏ မျက်ဝန်းများ ငေးရီသွား၏။ ထို့နောက်တွင်တော့ ကျွန်တော်တို့အဖွဲ့မှာ ဘကြ်ိးအောင်ပြောပြသည့် ဇာတ်လမ်းအတွင်းသို့ တဖြေးဖြေးစီးမျောခဲ့ကြတော့သည်။
* * * *
အခ်ျန်က ကိုလိုနီ ခေတ်ကာလ နှောင်းပိုင်း။ သင်ပေါင်းရွာကလေးဆီတွင်။
” ဟူး…ဘဝ..ဘဝ။ ဘကုန်းနဲ့ ဝလုံး နှစ်ခုထဲ ပေမို့ပဲ။ နို့ဆိုရင် လူတွေအကုန် ကိုယ့်ကို ကို သတ်သေမယ် ထင်ပါ့…”
မောင်သောင်းတစ်ယောက် စိတ်အလွန်ညစ်နေရမို့ ခပ်တိုးတိုး ညည်းမိသည်။ အဘယ်ကြောင့် ဆိုသော် အခုတလော သူ့ဆီကို စိတ်ညစ်စရာတို့က အုံလိုက်ကျင်းလိုက် အစုလိုက်အပြုံလိုက်ရောက်လာသည်။ ပထမတစ်ခုမှာ သူ့၏ မိခင်ဖြစ်သူ၏ ကျန်းမာရေးပင်။ ဖခင်ဖြစ်သူ ဆုံးပါးပြီးနောက်ပိုင်း မိခင်ဖြစ်သူမှာ အတော်ကလေး စိတ်ဓာတ်ကျသွားပုံရပြီး အိပ်ရာထဲ ဘုံးဘုံးမလဲပေမယ့် တရှောင်ရှောင် ဖြစ်နေခဲ့၏။ သို့အတွက် ဆေးကုနေရသည်။
နောက်တစ်ခုက သဘာဝ ဘေးအန္တရာယ်။ တလောက လေပြင်းတိုက်ခတ်မှုကြောင့် ရွာစွန်မှာ ရှိနေတဲ သူ့တဲကလေး ပျက်စီးခဲ့ရသည်။ သည်တော့ ဆေးဖိုးနဲ့ စရိတ်ထောင်းနေတဲ့ သူ့အတွက် အိမ်ပြင်စရာ စရိတ်က ထပ်တိုးလာပြီ။ သူ့တွင် မိခင်အတွက် ဆေးဖိုးတောင် အနိုင်နိုင် ဖြစ်နေရကာ ယခုတော့ အိမ်ပြင်ဖို့အတွက် အရေးပေါ် ငွေကြေး လိုအပ်နေခဲ့ရပြီ။
နောက်ဆုံးတစ်ခုကတော့ သူ့ရဲ့ အချစ်ရေးပင်။ သူ၏ ချစ်ရသူ ဖွေးစိန်သည် ရွာ၏ ဂုဏ်ရှင် ကြေးရှင် ရွာမျက်နှာဖုံး သူဋ္ဌေးကြီး ဦးဇောန၏ သမီးဖြစ်သည်။ ယခုတော့ သူနှင့် ဖွေးစိန်တို့ အကြောင်းကို ဦးဇောနသိခဲ့ပြီး ယခုတော့ သူတို့၏ မေတ္တာလမ်းကြောင်းပေါ်ဝယ် ငွေတံတိုင်းတို့က ကာရံခဲ့လေပြီ။ ဦးဇောနသည် သမီးဖြစ်သူကို သူလို နင်းပြာနှင့် သဘောမတူနိုင်၍ တစ်ဖက်ရွာမှ သူဋ္ဌေးသားတစ်ဦးနှင့် ရွှေလမ်း၊ငွေလမ်း ဖောက်နေ၏။ သူ့ကိုလည်း ရာဇသံတစ်ခု ပေးထား၏။ ထိုရာဇသံမှာ ” ငွေဂုဏ်ရှိလေမှသာ သူ့သမီးနှင့် နီးစပ်ခွင့်ရမည်” ဟူ၍ပင်။
” ဟူး…”
မောင်သောင်း သက်ပြင်းတစ်ချက်ကို အားရပါးရ ချလိုက်သည်။ သူ့အနေနှင့် လွမ်းရေး၊ ဆွေးရေးကို ကြာရှည်စွာ ထားရှိခွင့် မရှိ။ ဝမ်းရေးက ရှိနေသေးသည်။ သို့ကြောင့် အိမ်လေးထဲဝင်ကာ အင်္ကျီ တစ်ထည်ကို ပုခုံးပေါ် ပစ်တင်ရင်း မိခင်အား
” အမေရေ…သား ရွာထဲ အလုပ်သွားရှာ ဦးမယ်…”
ဟုပြောကာ ရွာထဲ အလုပ်ရှာရန် ထွက်ခဲ့လိုက်သည်။
မောင်သောင်း ရွာထဲရောက်ပြီးနောက် ဟိုအိမ်၊ သည်အိမ် ဝင်ထွက်ကာ အလုပ်လိုက်တောင်း၏။ သို့သော် ညနေသာ စောင်းပေတော့မည်။ သူ့အတွက် အလုပ်ပေးသည့် အိမ်က ရှိမလာ။ သို့နှင့် မောင်သောင်းလည်း စိတ်ညစ်ညစ်နှင့် ရွာပြင်ထွက်ခဲ့ကာ ဘုန်းကြီး ကျောင်းဝိုင်းထဲသွားလိုက်ပြီး ကျောင်းနောက်က ခရေပင်ကြီး အောက်မှာ ငေါင်တောင်တောင် ထိုင်နေမိ၏။
” ဟေ့…မောင်သောင်း။ ညနေတောင် စောင်းနေပြီ။ ကျောင်းဝိုင်းထဲ ဘာထိုင်လုပ်နေတာ”
သူအနားကို ကပ်ကာပြောလာတဲ့ ကပ္ပိယကြီးရဲ့ အသံက်ု ကြားလေမှ မောင်သောင်းသတိဝင်လေတော့သည်။
” ကျုပ်…စိတ်ညစ်လို့ လာထိုင်နေတာပါ ကပ္ပိယကြီးရာ…”
” ဟ…ဘာတွေများ စိတ်ညစ်စရာ ရှိနေတာလဲ။ လုပ်စမ်းပါဦး”
ကပ္ပိယကြီးမှ မောင်သောင်းနံဘေး ဝင်ထိုင်ရင်း မေး၏။ သို့ကြောင့် မောင်သောင်းလည်း သူဖြစ်နေသည့် စည်းပွားရေး အကျပ်အတည်းကို ပြောပြလိုက်သည်။
” အင်း..လောကီရေးရာ လူတို့ရွာ၊ အတော့်ကို ရှုပ်ထွေးပွေလီတာပါ့။ အင်းပေါ့လေ…ဘာပဲ ပြောပြော မင်းတို့ ငါတို့က လူသားပုထုဇဉ်တွေ ဆိုတော့လည်း သံသရာရဲ့ လွတ်မြောက်ရာ လမ်းကို မရှာနိုင်သေးသရွေ့ ဒီလို သောကတွေကတော့ ရှိနေမှာပါပဲ…”
” ဟူး…”
” အင်း…ဒါနဲ့ မင်းကို ငါမေးမယ်။ အခု မင်းဖြစ်နေတဲ့ အခက်အခဲကို ဘယ်လိုလုပ်ရင် ကျေလည်သွားမယ်လို့ ထင်လဲ…”
” ဪ…ကပ္ပိယကြီးရယ်။ အဓိက က ငွေ…။ ငွေရရင် ကျုပ်ရဲ့ အခက်အခဲက အားလူံး ပြေလည်ပြီ”
” အင်း…အဲ့ဒါဆို အခု မင်းအနေနဲ့ ငွေရဖို့ကော ကြိုးစားပြီးပြီလား…”
မောင်သောင်း ခေါင်းကို အသာ ခါရမ်းလိုက်ရင်း
” ကြိုးတော့ ကြိုးစားကြည့်တာပဲဗျာ။ ဒါပေမယ့် ရွာထဲမှာကလည်း အခုအချိန်က ထွန်တုံး ပိတ်ချိန်လည်း ဖြစ်ပြန်။ ပြီးတော့ တစ်ရွာလုံးကလည်း ထွန်တုံး ပိတ်ချိန်မို့ ဝင်ငွေက မရှိသေး။ အဲ့ဒီတော့ ကျုပ်ကို ဘယ်သူမှ အလုပ်မပေးနိုင်ဘူးရယ်။ အဲ့ဒါနဲ့ ကျုပ်လည်း ဘာလုပ်ရမယ် မသိတော့လို့ ဒီမှာ လာထိုင်နေတာ”
မောင်သောင်းရဲ့ စကားအဆုံး ကပ္ပိယကြီး ငြိမ်သွားတယ်။ သူ့အနေနဲ့ မောင်သောင်းကို ဘယ်လို ကူညီနိုင်မလဲ စဉ်းစားနေပုံပင်။ အတန်ကြာလေသော် သူ တစ်စုံတစ်ရာကို စဉ်းစားမိသွားပြီး
” အေး…မောင်သောင်း။ မင်းကို ငါတစ်ခုတော့ အကြံပေးကြည့်မယ်…”
ကပ္ပိယကြီး စကားကြောင့် မောင်သောင်း မျက်လုံးများမှာ ဝမ်းသာသည့် ဟန်ပန် ဖြစ်သွား၏။
” ဟာ…လုပ်..လုပ်ပါ ကပ္ပိယကြီး။ ဘယ်လိုအကြံလည်း။ ငွေရမယ်ဆို ကျုပ်လုပ်မယ်ဗျာ…”
” ဒါပေမယ့် မင်းငါပြောတဲ့ စကားကို ယုံနိုင်ပါ့မလား”
” ယုံပါတယ်ဗျာ။ လုပ်ပါ အမြန်သာ ပြောပေတော့…”
” အင်း…”
သို့နှင့် ကပ္ပိယကြီးမှာ မောင်သောင်းအား အနားကပ်စေ၍ တစ်စုံတစ်ရာကို တီးတိုးပြောပြလေတော့သည်။
*****
ညနေစောင်းအချိန်။ တိမ်ရောင်စုံတို့ကလည်း ဝင်လုဆဲဆဲ နေလုံးနီကြီးနှင့်အပြိုင် အနောက်ကမ်းခြေ ဂေါ်ယာကျွန်းဆီတွင် တောက်ပနေ၏။ ထိုအချိန် သင်ပေါင်းရွာလေး၏ အပြင်ဘက်ဆီကို မောင်သောင်းတစ်ယောက် ပုဆိုးခြုံလျက် ခပ်သုတ်သုတ် ထွက်လာခဲ့၏။ သူ သည် ရွာပြင်ရောက်လေသော် ထုံးဖြူဖြူ စေတီလေးရှိနေသည် တောင်ကုန်းဆီ တက်သွားပြန်၏။
ပြီးနောက် တစ်ဖက်ကုန်းအဆင်းဆီက ထန်းပင်ပျိုတစ်ပင်ဆီကို ကပ်သွားပြီး ထန်းပင်ကို အသက်အောင့်၍ လက်ယာရစ် ခုနှစ်ပတ်ပတ်လေသည်။ ပတ်ပြီးသောအခါ ထန်းပင်၏ ပင်စည်ကို လက်နှင့် ခုနှစ်ချက် ထပ်ပုတ်၏။ အားလုံးပြီးစီးလေသောအခါ မောင်သောင်းတစ်ယောက် ထန်းပင်ပေါ်ကို မော့ကြည့်ပြီး
“ဟေ့…ထန်းပင်ပေါ်က လူနီ။ ငါ..မင်းနဲ့ နပမ်းလုံးဖို့ စိန်ခေါ်တယ်။ မင်းနိုင်ရင် ငါ့ဘက်က မင်းလိုချင်တာပေးမယ်။ အေး…ငါနိုင်ရင်လည်း မင်းဘက်က ငါလိုသမျှ ဖြည့်စည်းပေးရမယ်…သဘောတူလား….”
မောင်သောင်း သုံးကြိမ်တိတ်အော်သည်။ ထူးခြားမလာ။ သိူ့သော် ကိစ္စမရှိ။ ကပ္ပိယကြီးသည် သူ့အား ခုနှစ်ရက်တိတိ လုပ်ရမည်ဟုဆိုသည်လေ။ အကယ်၍သာ လူနီသည် သူစိန်ခေါ်သည်ကို လက်ခံပါလျင် ထိုခုနှစ်ရက် အတွင်း ဆင်းလာလိမ့်မည်ပင်။ မောင်သောင်း ခဏစောင့်ကြည့်သည်။ အတန်ကြာသည်အထိ လုံးဝမထူးခြားလာ။ သို့နှင့် မောင်သောင်း ထန်းပင်ပေါ်ကို တစ်ချက်မော့ကြည့်ပြီး အသာ ပြန်လှည့်ထွက်ခဲ့တော့သည်။
အပြန်လမ်းတွင်တော့ မောငိသောင်း တစ်ယောက် သူလုပ်ခဲ့သည်ကို ပြန်တွေးနေမိ၏။ အကယ်၍သာ သူ့လုပ်ရပ်အား တစ်စုံတစ်ယောက်မြင်မိပါက ထန်းပင်နှင့် စကားပြောနေသော သူ့ကို ရူးသွားပြီဟု ထင်ကောင်းထင်နိုင်၏။ ပြီးတော့ ထိုကိစ္စသည် ဖြစ်နိုင်သည် ဖြစ်စေ၊ မဖြစ်နိုင်သည် ဖြစ်စေ၊ သူ့အတွက် အရင်းအနှီး သိပ်မကြီးလှ။ သိူ့ပေမယ့် ကပ္ပိယကြီးကတော့ အထောက်အထားနှငိ့ အသေအချာ ပြောပြထားသည်။ အကယ်၍သာ ကပ္ပိယကြီးပြောသကဲ့သို့ ဖြစ်လာပြီး သူသာ နိုင်ခဲ့ပါလျှင် သူ့အနေနှင့် နေ့ချင်းညချင်း ချမ်းသာလာပေလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် လူနီထံမှ ရှုံးကြေးမဖြစ် သူ့အတွက် ရွှေငွေများတောင်းမည်ဟု သူစဉ်းစားထားသောေ ကြာင့်ပင်။ မောင်သောင်း ကိုယ့်ဘာသာ သဘောကျလျှက် ပြုံးမိလေတော့သည်။
*****
သည်နေ့တော့ လေးရက်မြောက်ပင်။ မောင်သောင်းတစ်ယောက် ထုံးစံအတိုင်း ဘုရားကုန်းလေးပေါ် တက်ခဲ့ပြီး သူလုပ်စဉ်ဆောင်စရာ ရှိတာများလပ်ဆောင်လိုက်ကာ ထန်းပင်ကို ခုနှစ်ကြိမ်ပုတ်ပြီး စိန်ခေါ် စကားဆိုလိုက်၏။ ပထမတစ်ခွန်းဆိုပြီးချိန်၌ ထူးခြားတစ်ခုပြလေပြီ။ ထန်းပင်ပေါ်ရှိ အရွက်များသည် ” ဝရော…ဖျော.. ” ဟု အသံပေးကာ လှုပ်ခတ်သွား၏။ နောက်တစ်ကြိမ်ထပ်ပြောသည်။ ထိုနည်းအတိုင်းပင်။ သုံကြိမ်မြောက် ပြောပြီးချိန်တွင်တော့ ထန်းပင်ပေါ်ရှိ အရွက်များကြားဆီမှ
” ဝရော….ဖျော…ဖျော…ဝှီး…”
ဟူသော အသံနှင့်အတူ အုန်းသီးတစ်လုံးခန့်ရှိ နီနီအလုံးကြီး တစ်လုံး ပြုတ်ကျလာ၏။
” ဘုတ်…”
အလုံးကြီးသည် မောင်သောင်း၏ ရှေ့တည့်တည့်ဆီ ကျလာပြီးတောကိ ခဏငြိမ်နေ၏။ ပြီးနောက် တဖြေးဖြေး လှုပ်ရှားလာပြီး ရုတ်တရက် ထခုန်လာကာ တစ်ပေခန့်ရှိ လူနီနီသေးသေးလေး တစ်ယောက်ပုံစံ ဖြစ်သွား၏။ သူ၏ ဦးခေါင်းထက်မှာလည်း ဂျိုသေးသေးလေး တစ်ခုပါနေ၏။
” ငါ့ကို နေ့တိုင်း လာပြီး စိန်ခေါ်နေတာ မင်းလား”
လူနီလေးက အသံစူးစူးနှင့် မေးလာ၏။ မောင်သောင်းမှာ လူနီလေးကို ကြည့်ရင်း အနည်းငယ် ကြောက်သလို၊ တုန်လှုပ်သလိုပင် ဖြစ်လာရသည်။ သို့သော် သူသည် စိတ်ကို အနည်းငယ် ပြန်တင်းလိုက်ပြီး
” ဟုတ်တယ်။ မင်းနဲ့ ငါ လောင်းငြေးထပ်ပြီး နပမ်းလုံးချင်လို့…”
“မင်းက လောင်းကြေးနဲ့ နပမ်းလုံးချင်တယ်။ ဟုတ်လား။ အေး…ငါကလည်း အဲ့ဒီလို မလုံးရတာ နှစ်ပေါင်း ငါရာလောက်ရှိပြီကွ။ အတော် ကြာပြီ။ အခုတော့ အကြိုက်ပဲ…ဟဲ…ဟဲ…ကဲ မင်းဘက်က လောင်းကြေးစပြောပေတော့…”
” ကောင်းပြီလေ။ ငါနိုင်ရင် မင်းငါ့ကို ချမ်းသာအောင် လုပ်ပေးရမယ်။ မင်းနိုင်ရင်တော့ ငါ့အသက်ပေးမယ်”
မောင်သောင်းမှာ လူနီသေးသေးလေးပေမို့ သူနိုင်မည်ဟု တစ်ထစ်ချ ယုံကြည်ကာ ပြောမိပြောရာ ပြောလိုက်သည်။
” အင်း…မဆိုးပါဘူး။ မင်းလောင်းကြေးက…။တကယ်လို့ ငါနိုင်ရင် မင်းရဲ အသက်ကိုငါယူမယ်။ ပြ်ိးရင် ဒီနေရာမှာ ငါ့အစား စောင့်ရှောကိပေးရမယ်”
” ဟုတ်ပြီလေ…ကြိုက်ပြီ…”
သူတို့နှစ်ဦး လောင်းကြေးကို နှစ်ဦးသား သဘောတူညီမှု ရလေပြီ။ ထို့နောက်တွင်တော့ မောင်သောင်းမှာ လူနီလေးအား နပမ်းဝင်လုံးရန် ဟန်ပြင်လိုက်၏။ သိူ့သော် လူနီလေးမှ
” ဟေး….ခဏနေဦးလေ။ ငါက ဒီခန္ဓာကိုယ်လေးနဲ့ လုံးရင် မင်းကို ရှုံးမှာပေါ့ဟ။ ခဏစောင့်ဦး…”
လူနီးလေးမှာ ပြောပြောဆိုဆို ထန်းပင်ဆီ လှစ်ခနဲ ပြေးကာ တစ်ပတ်ပတ်လိုက်သည်။
” ရပြီ…”
” ဟင်…”
သူ့ရှေ့ကို လှစ်ခနဲ ပြန်ရောက်လာသော လူနီလေးကြောင့် မောင်သောင်း အံ့အားသင့်သွားရ၏။ အဘယ့်ကြောင့်ဆိုသော် အခုနက တစ်ပေခန့်သာ ရှိသော လူနီလေးသည် ယခုတော့ သူနှင့် လယ်ဗယ်တန်းရှိ လူနီကြီး ဖြစ်နေ၏။
” ဟေ့ကောင် လာလေကွာ။ လုံးကြမယ်…”
လူနီမှာ ” လုံးကြမယ်” ပြောရင်း ရုတ်တရက်ကြီး မောင်သောင်းအား ဝင်လုံးလေတော့သည်။
*****
ဘကြီးအောင်မှာ မောသွားဟန်ဖြင့် းကားစကို ဖြတ်လိုက်ပြီး ရေနွေးတစ်ခွက်ကို မှုတ်သောက်သည်။ ပြီးနောက် ဆေးပေါ့လိပ်အား မီးညှိကာ အားရပါးရ ဖွာရှိုက်၏။
” အဲ့ဒါဆို နပမ်းလုံးတာ မောင်သောင်းက နိုင်သွားလား ဘကြီး…”
ကျွန်တော်မှ ဘကြီးကို ဇာတ်လမ်းသိချင်ဇောနှင့် မေးလိုက်၏။
” အင်း နိုင်သွားတယ်ကွ..ဒါပေမယ့်နော်…သူနိုင်တယ်ဆိုတာက ဥာဏ်သုံးလိုက်လို့။ နို့ဆို မောင်သောင်းအခြေအနေမဟန်ဘူး…”
” ဟုတ်ကဲ့…”
သို့နှင့် ဘကြီးမှာ ဆက်လက်၍ ပြောပြလေပြန်၏။
*****
မောင်သောင်းနှင့် လူနီတို့ နပမ်းလုံးနေသည်မှာ တစ်နာရီ ဝန်းကျင်ခန့်ရှိလေပြီ။ အစပိုင်းမှာ လက်ရည်သည် သူမသာ၊ ကိုယ်မသာ လယ်ဗယ်ရှိနေသော်လည်း တဖြေးဖြေးအချိန်ကြာလာသည်နှင့်အမျှ မောင်သောင်းမှာ လူသားပေမို့ သက်လုံကျလာလေပြီ။ သို့စော် လူနီမှာတော့ ယခုအချိန်ထိ မောပန်းဟန်လုံးဝမရှိပေ။ တစ်ချက်တစ်ချက်တွင့ မောင်သောင်းတစ်ယောက်ညမျက်လုံးများပင် ပြာဝေလာခဲ့၏။
ကြာသော် မောင်သောင်းမှာ သူ့အတွက် စိုးရိမ်လာမိ၏။ ထိုအချိန်ဝယ် မောင်သောင်းမှာ ကြောက်စိတ်တွေ ဝင်လာမိတော့၏။ သိူ့နှင့် သူသည် လူနိလေးအား လုံးဝအရေးနိမ့်မည် အခြေအနေဖြစ်နေခဲ့လေပြီ။ ထိုအချိန်ဝယ် မောင်သောင်း၏ မျက်စိအစုံက နံဘေးမှ စေတီလေးကို မြင်မိလိုက်ပြီး ဘုရားကို အာရုံပြုလိုက်ကာ စိတ်ထဲမှ ”” သဗုဒ္ဓေဂါထာတော်ကြိ်း”” ကို စဉ်ဆက်မပြတ်ရွတ်ဆိုတော့၏။ သူဂါထာတော်ကြီးကို ရွတ်ဆိုချိန်မှစ၍ လူနီ၏ တိုက်ခိုက်မှုတို့သည် သူ့အပေါ် ထိရောက်မှု မရှိတော့။ သူ၏ တိုက်ခိုက်မှုသည်သာ လူနီအပေါ် ထိခိုက်မှု ရှိလာ၏။ သို့နှင့် နောက်ဆုံးတွင်တော့ မောင်သောင်းမှာ လူနီကလေးအား လုံးနေရင်းဖြင့် လုံးဝမလှုပ်နိုင်တော့အောင် အပိုင်ချုပ်ကိုင်နိုင်ခဲ့လေ၏။ လူနီ ရှုံးသွားလေပြီ။
” ဟား…ဟား…ငါနိုင်ပြီကွ…”
မောင်သောင်း ဝမ်းသာအားရ ထအော်သည်။ လူနီလေးသည် သူ့အား ပြုံး၍ ကြည့်နေ၏။ ခဏကြာသော် လူနီလေးမှ
” ငါ ရှုံးပေမယ့် ဒီနေ့အတွက် ကျေနပ်တယ်ကွာ။ အခုလို ငါ့နပမ်းမလုံးရတာ အတော်ကြာပြီကွ။ ကဲ…အခု ငါရှုံးပြီဆိုတော့ မင်းပြောထားတဲ့ လောင်းကြေးအတိုင်းလုပ်ပေးမယ်”
လူနီလေးစကားကြောင့် မောင်သောင်း အလွန်ပျော်ရွှင်သွား၏။ စိတ်ထဲတွင်လည်း သူ့ကိုသူ သူဋ္ဌေးကြီးညတစ်ဦးအဖြစ် မြင်ယောင်မိပြီး ချစ်ရသူနှင့် လက်တွဲ၊ မိခင်ဖြစ်သူကိုညဆေးကုသပေးရမည့်အပေါ် တွေးရင်း ဝမ်းသာလုံး ဆို့နေ၏။ သို့ကြောင့် လူနိလေးအား ကြည့်ကာ
” ဘာပဲပြောပြောဗျာ။ အခု ကျုပ်က နင်းပြားဘဝကနေ ခင်ဗျားကြောင့် ချမ်းသာရတော့မှာဆိုတော့ ကျုပ်က ခင်ဗျားကို ကျေးဇူးဆပ်တဲ့ အနေနဲ့ တစ်နှစ်ကို တစ်ခါ အမဲသားအဝလာကျွေးမယ်ဗျာ…”
” ဟာ…မင်းတကယ်ပြောတာနော်…”
” ကျုပ်ကတိပေးတယ်ဗျာ။ တကယ်လို့ ဒီကတိမတည်ခဲ့ရင် ကျုပ်အသက်ကို ခင်ဗျားယူဗျာ…”
သူတို့နှစ်ဦး တစ်ဦးကို တစ်ဦးကြည့်ကာ ကျေနပ်ပျော်ရွှင်နေကြလေ၏။
******
” ဒါဆို မောင်သောင်းက ချမ်းသာသွားတာပေါ့နော်။ ဟုတ်လား..ဘကြီးအောင်…”
” အေးပေါ့ကွ။ ချမ်းသာသွားတဲ့အပြင် သူဋ္ဌေးကြီးကလည်း သူတို့ချစ်သူနှစ်ဦးကို သဘောတူလိုက်တော့ မောင်သောင်းအတွက် အပျော်ပေါ် အပျော်ဆင့်ရတာပေါ့ကွာ။ အဲ့ဒီကနေစလို့ မောင်သောင်းဟာ လူနီလေးကို တစ်နှစ်တစ်ခါ အမဲသား အဝကျွေးသကွ။ ကျွေးတဲ့အခါမှာလည်း အခြားသူကို မသိစေဘဲ သူတစ်ယောက်ထဲသာ သွားကျွေးတာ။
ဒါကြောင့် သူတို့ရဲ့ အဖြစ်အပျက်ကိုတော့ ကပ္ပိယကြီးက လွဲပီး ဘယ်သူမှ မသိလေဘူး။ ဒါပေမယ့်…”
” ဒါပေမယ့် ဘာဖြစ်လဲ ဘကြီး”
” မောင်သောင်းက ချမ်းသာပြီးောနက်ပိုင်း လေးနှစ်လောက်အကြာ စစ်ပွဲတွေ ဖြစ်လာတော့ သူ့မိသားစု လုံခြုံမှုရှိအောင်ဆိုပြီး မြို့ပေါ်ကို ပြောင်းသွားခဲ့တယ်ကွ။ သူမြို့ကို ပြောင်းသွားပြီးနောက်ပိုင်း စစ်မီးက တိုင်းပြည်အနှံ့လောင်မြိုက်နေတော့ကွာ…မောင်သောင်းမှာ တစ်နှစ်တစ်ခါ ရွာကိုပြန်လာပြီး လူနီလေးကို အမဲသား မကျွေးနိုင်တော့ဘူး။ ဒါပေမယ့် သူ့အနေနဲ့ လူနီလေးကို ပေးထားတဲ့ဘကတိကိုတော့ လုံးဝမမေ့ဘူး။ အခြေအနေကြောင့်သာ သွားမကျွေးနိုင်တာ။ ဒီလိုနဲ့ နောက် ၁၀ နှစ်လောက်အကြာမှာတော့ စစ်မီးက ငြိမ်းခဲ့ပြီ။ အဲ့ဒီ့အချိန်မှာတော့ မောင်သောင်းဟာ ရွာကို ပြန်လာခဲ့ပြီး လူနီလေးကို အမဲသားကျွေးဖို့ အားချင်းစီစဉ်တယ်ကွ…”
******
မောင်သောင်းတစ်ယောက် ရွာကို မိသားစုလိုက်ပြန်လာပြီး ရွာရောက်ရောက်ချင်းမှာ ရွာထဲက နွားတစ်ကောင်ကို ဝယ်ပြီး ချက်ချင်းပေါ်စေ၏။ ရွာကိုတော့ ”အသားတွေ အလှူပေးရန်”ဟု အကြောင်းပြထားလေသည်။
နွားပေါ်ပြီးချိန်မှာတော့ မောင်သောင်းသည် ကောင်းပေ့၊ ညွှန့်ပေ့ဆိုတဲ့ အသားဆယ်ပိသာခန့်ကို သပ်သပ်ခွဲထားပြီး ကျန်အသားများကို ရွာထဲ လိုက်ဝေစေ၏။ သို့ကြောင့် သူ၏ လုပ်ရပ်ကို ရွာမှလူများ ရိပ်မိကြခြင်းမရှိပေ။
သို့နှင့် ညရောက်ပြီး လူခြေတိတ်ချိန်မှာတော့ မောင်သောင်းတစ်ယောက် အိမ်ကလူတွေ မသိအောင် အိပ်ရာက အသာထပြီး ကြိုပြီးပြင်ထားတဲ့ အမဲသားတောင်းကို ထမ်းကာ ရွာပြင်စေတီကုန်းကလေးဆီကို ထွက်ခဲ့သည်။ စေတ်ိကုန်းပေါ် ရောက်ပြီးနောက် မောင်သောင်းလည်း ထန်းပင်ကြီးဆီကို သွားကာ လက်နှင့် ပုတ်လိုက်ပြီး လူနီလေယကို ခေါ်လိုက်၏။ သို့သော် လူနီလေးမှာ အတော်နှင့် ပေါ်မလာ။ မောင်သောင်း ထပ်ခေါ်သည်။ ထိုအချိန်ဝယ် ထန်းပင်၏ ထိပ်ဖျားဆီမှ ” ဝုန်း” ဟူသော အသံကြီးနှင့်အတူ အရပ်ဆယ်ပေခန့်ရှိတဲ့ လူနီကြီး ခုန်ဆင်းလာပြီး မောင်သောင်းကို ဒေါသမျက်လုံးတွေ နှင့် စိုက်ကြည့်ကာ
” မောင်သောင်း မင်းက မင်းရဲ့ ကတိကို ဖျက်ခဲ့တယ်။ အေး…အဲ့ဒီအတွက် ငါက မင်းပေးထားတဲ့ကတိအတိုင်း မင်းအသက်ကို ယူရလိမ့်မယ်…”
” ဟာ…မ..မဟုတ်ဘူး။ ကျုပ်..ကျုပ်..”
မောင်သောင်းမှာ လူနီလေးအား သူ့အဖြစ်အပျက်ကို ရှင်းပြ၏။ သိူ့သော် လူနီကလေးမှာ
” ဘာပဲပြောပြော အဲ့ဒါက မင်းကိစ္စပါ မောင်သောင်း။ ငါ့ကတော့ ပေးထားတဲ့ဘကတိကို တန်ဖိုးထားတဲ့ အနေနဲ့ မင်းကို သတ်ရလိမ့်မယ်”
လူနီကောင်ကြီးမှာ မောင်သောင်းဆိ် တဖြေးဖြေးတိုးလာ၏။ မောင်သောင်းမှာ အခြေအနေကို ကြည့်ပြီး သူ့အတွက် လုံးဝမကောင်းတော့ပြီမို့ နောက်လှည့်ကာ ထွက်ပြေးဟန်ပြင်လိုက်စဉ် ခြေထောက်မှာ ခဲလုံးတစ်ခုကို ခလုတ်တိုက်ပြီး လဲကျသွား၏။ ထိုအချိန်ဝယ် လူနီကောင်ကြီးသည် မောင်သောင်း၏ ခန္ဓာကိုယ်အား ဆွဲယူကာ ကိုင်ပေါက်လိုက်တော့သည်။
*****
နောက်တစ်နေ့ နံနက်မှာတော့ ရွာကလူအများသည် သူဋ္ဌေးကြီ မောင်သောင်း ပျောက်ဆုံးနေသဖြင့် ရွာစဉ်လှည့်ကာ ရှာဖွေကြရင်း ဘုရားကုန်ဆီ အရောက်တွင်တော့ တစ်ကိုယ်လုံးရှိ အရိုးတို့ စိစိညက်ညက် ကျေနေကာ မျက်လုံးကြီးပြူး၊ လျှာတသ်လစ်ထွက်ကာ သေဆုံးနေသည့် မောင်သောင်းကို တွေ့ကြရတော့သည်။
သူ့နံဘေးတွင်လည်း မနေ့က သူသပ်သပ်ခွဲထားသော အမဲသားတောင်းကြီးကား ပုံစံမပျက်ရှိနေ၏။ ရွာသူရွာသားများသည် မောင်သောင်း၏ အဖြစ်အပျက်ကို ကြည့်ပြီး အချို့က ” လူသတ်မှု” ဟု ယူဆကြသလို၊ အချို့ကလည်းညမောင်သောင်းသည် သူမွေးထားသော သရဲကြီးကို အစာလာကျွေးစဉ် သရဲကြီးမှ စိတ်ဆိုးပြီးညသတ်သည်ဟု အထင်ရှိခဲ့ကြ၏။
သို့သော် ထိုအချိန်ဝယ် မောင်သောင်း၏ သေဆုံးမှုကို သိရ်ှနေသူကား တစ်ဦးတစ်ယောက်သာ ရှိနေလေသည်။ ထိုသူကတော့ မောင်သောင်း၏ အလောင်းကြီးကို သေချာစွာ စူးစိုက်ကြည့်ရင်း တစ်ဖက်မှညထန်းပင်ကြီးထက်ကို တစ်ချက်မော့ကြည့်ကာ ခေါင်းကို အသာခါရမ်းရင်း စေတီကုန်းကလေးပေါ်မှ ပြန်တင်းလာသော ကပ္ပိယကြီးမှညတစ်ပါး…။
*****
“ဟင်း…လူနီလေးကလည်း မောင်သောင်းက စစ်ကြီးကြောင့် လာမကျွေးနိုင်တာကို နားမလည်ပေးနိုင်ဘူး…အတော်ရက်စက်တာပဲ…”
” အင်း….ဒါကြောင့် ပြောတာပေါ့ကွ။ နတ်နှင့် နဂါး၊ ပရသားတို့ကို ကတိသစ္စာ ပေးပြီးပါက ဘယ်သောအခါမှ
မလည့်စားနဲ့…” လို့ ဆိုခဲ့တာပေါ့။ ဒါပေမယ့် အချို့ သဘောထားကြီးသူတို့က အကြေုင်းပြချက်ကို နားလည်ပြီး ခွင့်လွှတ်ပေးပေမယ့်လို့ အချို့ကကျတော့ ဒေါသကြီးပြီး ခွင့်မလွှတ်တတ်ဘူး။ အခုမောင်သောင်းကြုံခဲ့သလို ပရလောကသားလိုပေါ့…”
ဘကြီးအောင်မှာ ခေါင်တဆတ်ဆတ်ငြိမ့်ရင်း ပြော၏။ ကျွန်တော်မှ
” ဒါနဲ့ ဘကြီး။ ကျွန်တော် မရှင်းတာတစ်ခု ရှိနေတယ်။ အဲ့ဒါက လူနီဟာ ရွှေတွေကို ဘယ်က ဘယ်လိုရသလဲ။ ပြီတော့ ဒီဇာတ်လမ်းကို ကပ္ပိယကြီးက လွှပြီး ဘယ်သူမသိဘူးဆိုပြီး ဘကြီးက ဘယ်လိုသိနေတာလဲ…”
ကျွန်တော့၏ မေးခွန်းကြောင့် ဘကြီးအောင် ပြုံး၏။ ပြီးနောက်
” အေးကွ…ငါသိသလောက်ပြောပြရရင် အဲ့ဒီ့ လူနီလေးတွေက ရွှေတွေကို အလွန်ဝေးတဲ့ အရပ်ကနေ သွားခိုးလာပြီးပေးတာတဲ့။ အင်း…နောကိတစ်ခုကကျတော့ သူတို့တွေက မြေအောက်မှာ မြှုပ်နေတဲ့ လူမသိတဲ့ ရတနာတွေကို တူးပြီး ပေးတာဆိုပဲ။ အဲ..ဒီအကြောင်းကို ဘကြီးက ဘာလို့ သိနေရသလဲဆိုရင်တော့ ကပ္ပိယကြီးက ဘကြီးရဲ့ အဖိုးဖြစ်ပြီး။ သူက ဘကြီးရဲ့ အဖေကို ပြောပြရာကနေ ဘကြီးက ပြန်သိရတာပဲ။ ကဲ…ကဲ…ကောင်လေးတွေ။ အချိန်လည်း အတော်လင့်ပြီ။ ဒီတော့ညမင်းတို့တွေ ရွာထဲ မပြန်ကြတော့နဲ့။ ငါ့နဲ့ အတူ တလင်းထဲမှာပဲ အိပ်ကျတော့…”
ဘကြီးအောင်မှာ ကောင်းကင်ထက်က လမင်းကြီးကို မော့ကြည့်ရင်း ပြော၏။ ပြီးနောက် အားလုံး အိပ်ရန်နေရာကို ပြန်လိုက်ပြီး ကိုယ်ဆီ လှဲလျောင်းနေလိုက်ကြတော့သည်။
ထိုညက ကျန်လူများ အိပ်ပျော်နေခဲ့သော်လည်း ကျွန်တော် တစ်ယောက်မှာတော့ ဘကြီးအောင်ပြောပြသော လူနီကလေး၏ အကြောင်းကို စဉ်းစားရင်းဖြင့် မိုးလင်းခါနီးမှ ပင် အိပ်ပျော်ခဲ့ပါတော့သည်။
ပြီးပါပြီ။
နောင်ရိုး(ဆေးတပ်)