ထူးဆန်းသောနိမိတ်များ(စ/ဆုံး)
——————————-
လွန်လေပြီးသော ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့၏ ညတစ်ည…။
ထိုစဥ်က ရာသီဥတုသည် မိုးစက်ကလေးများ ဖွဲဖွဲကျနေပြီး ကောင်းကင်တစ်ပြင်လုံးသည် ရဲရဲနီလျက် ရှိ၏။ စာရေးသူသည် အဆိုပါညက သူငယ်ချင်းများ ဆုံရာ ရပ်ကွက်အတွင်းရှိ စုရပ်တစ်ခုသို့ သွားနေကျပုံစံအတိုင်း သွားရောက်ခဲ့ပါသည်။ စုရပ်နေရာဆီ ကျွန်တော် ရောက်လျှင် လာနေကျ သူငယ်ချင်းများအားလုံး လူစေ့သွားကြပြီ ဖြစ်၍ ဝီစကီဝိုင်းအား စတင်ကာ ထွေရာလေးပါး ပြောဆိုကြလိုက်၊ နိုင်ငံရေးများ နှီးနှော ဖလှယ်ကြလိုက်၊ ဂစ်တာတီးကာ ဝိုင်းဝန်း သီချင်းဆိုကြလိုက်နှင့် အချိန်သည် တစ်စတစ်စ ကုန်လွန်လာခဲ့ပြီးနောက် ယမကာဝိုင်း သိမ်းမည့်အချိန် ရောက်ရှိလာချေ၏။
ထိုအချိန်တွင် ယခုညကျမှ ခါတိုင်းရက်များနှင့်မတူ ဝိုင်းစကတည်းက ငြိမ်သက် တိတ်ဆိတ်စွာဖြင့် ရှိနေပုံ ရသော ဖြူဖွေးဟူသည့် သူငယ်ချင်းသည် မနက်ဖြန်တွင် ကျရောက်လာမည့် အာဇာနည်နေ့တွင် အာဇာနည်ကုန်းသို့ သူငယ်ချင်းများ လူစုံတက်စုံ သွားရောက်ကာ အာဇာနည်ခေါင်းဆောင်ကြီးများအား ဦးညွတ် အလေးသွားပြုကြရန် ထပြောလာခဲ့လေသည်။ ယင်းအခါ ကျန်သူငယ်ချင်းများအားလုံး ဖြူဖွေး၏ အဆိုကို ထပ်တူညီစွာ ထောက်ခံလိုက်ကြပြီး ယခု စုရပ်နေရာတွင် မနက် ၇ နာရီ ဆုံရန် ချိန်းဆိုလိုက်ကြ၏။
“ဇော်မင်းအောင်… မနက် ထွက်ရင် မင်းအိမ် ငါ ဝင်ခေါ်မယ်နော်”
အမှန်တကယ်တမ်း သူတို့နှင့်အတူ လိုက်သွားလိုသော်လည်း အိမ်တွင် ရှိသည့် အလုပ်ကိစ္စများကြောင့် လိုက်သွားဖို့ရန် မဖြစ်နိုင်သော ကျွန်တော်သည် မနက်ကျလျှင် မိမိအစီအစဥ်နှင့် မိမိ အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး အလေးပြုရန် စဥ်းစားနေခိုက် ဖြူဖွေးထံမှ ကျွန်တော့်ဆီ ပြောစကား အထက်ပါအတိုင်း ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
“နေပါစေ သူငယ်ချင်း၊ ဝင်မခေါ်နဲ့တော့။ မနက်ကျရင် လုပ်စရာကိုင်စရာလေးတွေ ရှိနေသေးလို့ ငါလိုက်ဖြစ်မှာ မဟုတ်ဘူး”
ကျွန်တော်၏ ပြန်လည် ပြောစကားကြောင့် ဖြူဖွေးသည် သူ၏ မိုးပြာရောင် ဂျင်းဂျာကင်အား ခပ်နွေးနွေး ဖြစ်အောင် ဆွဲကျုံ့လိုက်ပြီး ခေါင်းနှစ်ချက် သုံးချက်မျှ ညိတ်ပြလျက်…
“အေးပါကွာ သားကြီး။ အဲဒါဆိုလည်း ငါ ဝင်မခေါ်တော့ဘူးနော်။ မနက်ဖြန် ညမှ ငါတို့ ပြန်ဆုံကြတာပေါ့။ ဟော၊ ဟိုမှာ ငါ့အစ်ကိုနဲ့ ဦးလေး လာခေါ်နေကြပြီ။ ပြန်လိုက်ဦးမယ် သူငယ်ချင်းတို့ရေ။ အားလုံးပဲ ဘိုင့်ဘိုင်” ဟု ပြောဆိုကာ သူ့ကို ပြန်ရန် လာခေါ်ကြသော သူ၏ အိမ်သားများနှင့်အတူ ထွက်ခွာသွားလေတော့၏။
ဖြူဖွေးအား သူ့မိသားစုမှ ယခုတလော ခါတိုင်းနှင့်မတူ အထူးဂရုစိုက်လျက် ရှိကြပြီး၊ ကျွန်တော်တို့ ဝိုင်းသိမ်းခါနီးတိုင်း အိမ်ပြန်နောက်မကျစေရန် လာလာခေါ်တတ်သည်မှာ ရက်အတန်ကြာပြီ ဖြစ်သည်။ သူသည် ပြီးခဲ့သည့် နှစ်လလောက်က လေဖြန်းသွားခဲ့သောကြောင့် သူ၏ အိမ်အနီးရှိ တိုင်းရင်းဆေးရုံတွင် အရေးပေါ် ကုသလိုက်ရသဖြင့် ရက်ပေါင်း အတန်ကြာအထိ ကျွန်တော်တို့ စုရပ်ဆီ မလာဖြစ်ခဲ့ဘဲ ခေတ္တမျှ ပျောက်ကွယ်သွားသေး၏။ ထို့နောက်တစ်ဖန် ပြန်ပေါ်လာသောအခါတွင် ဖြူဖွေးသည် ယခင်အတိုင်းပင် ကျန်းမာစွာဖြင့် ရှိနေပြီး သူဝါသနာထုံရာ အားကစားများ ဖြစ်သော ပိုက်ကျော်ခြင်းခတ်ခြင်း၊ ဘောလုံးကန်ခြင်းတို့အပြင် သူ၏ ဘဝအတွက် အရေးပါ အရာရောက်မည့် သင်တန်းများ တက်ရောက်ခြင်း၊ နိုင်ငံခြားသွားရန် ပြင်ဆင်ခြင်းများအား ပုံမှန်အတိုင်း ပြန်လည် ပြုလုပ်နေခဲ့သည်။
သို့သော် ယခင်ကနှင့် မတူတော့သည့် အချက်သည်ကား သူ့မိသားစုမှ သူ့အား ယခင်ကထက် အလွန်အမင်း ဂရုစိုက်လာကြပြီး ညစဥ်ညတိုင်း ဝိုင်းဖွဲ့ထိုင်လေ့ ရှိကြသည့် ကျွန်တော်တို့ စုရပ်သို့ပင် ပြန်ခါနီးအချိန် ရောက်တိုင်း လာလာ စောင့်ခေါ်တတ်ကြခြင်း ဖြစ်၏။
ပြီးခဲ့သည့် တစ်ပတ်ခန်က ဖြူဖွေးသည် သူ မရောက်သည်မှာ ကြာပြီ ဖြစ်သည့် ကျွန်တော့်အိမ်သို့ အလည်လာခဲ့သေးပြီး ကျွန်တော်နှင့်အတူ ဟောလီးဝုဒ်ဟာသရုပ်ရှင်တစ်ကား ထိုင်ကြည့်ပြီးနောက် သူ၏ ပုံတူပန်းချီ ရေးဆွဲပေးရန် ရုတ်တရက် တောင်းဆိုလာခဲ့သည်။ ပန်းချီ၊ ပန်းပု အနုပညာသည် မျိုးရိုးတွင် ပေါက်ဖွား ကြီးပြင်းလာခဲ့ရသော ကျွန်တော့်အဖို့ ပုံတူပန်းချီ ရေးဆွဲရခြင်းအမှုမှာ ဘာမျှမခက်ခဲသလို ရှိခြင်းကြောင့် ကျွန်တော်လည်း မတောင်းစဖူး တောင်းဆိုလာခဲ့သော ဖြူဖွေးအတွက် သူ၏ ပုံတူတစ်ပုံအား သူထိုင်နေသည့် ဘေးတစောင်း ရှုထောင့်အတိုင်းပင် ချက်ချင်း ကောက်ဆွဲပေးလိုက်၏။
ကျွန်တော် ရေးဆွဲပေးသည့် ပုံတူကို ကြည့်ကာ လွန်စွာ သဘောကျနေသော ဖြူဖွေးကို ကြည့်လျက် ထိုစဥ်က ကိစ္စတစ်ခု ကျွန်တော် မေးမြန်းခဲ့ဖူးသည်။ ကျွန်တော် မေးမြန်းခဲ့သည်ကား နိုင်ငံခြားသင်္ဘောတစ်စီးတွင် ကပ္ပတိန်တစ်ဦးအဖြစ် အမှုထမ်းလျက် ရှိသော သူ၏ ဖခင်နှင့်အတူ ဖြူဖွေးသည် သင်္ဘောသား လိုက်လုပ်ဖို့ရန် အစီအစဥ် ရှိ,မရှိဖြစ်၏။
ထိုအခါ ဖြူဖွေးက သူသည် သင်္ဘောသား မဖြစ်ချင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် သူ၏ ဘဝတွင် ရေနစ်သေရမည်ကို အကြောက်ရွံ့ဆုံး ဖြစ်သောကြောင့် ရေနှင့် နီးသည့် သင်္ဘောသားအလုပ်ကို မနှစ်မြို့ခြင်း ဖြစ်ကြောင်း ဖြေဆိုလာခဲ့သည်။
သူရေကူးတတ်သည်ကို မြင်တွေ့ဖူးသော ကျွန်တော့်အဖို့ အဓိပ္ပါယ်မရှိသည့် စကားဖြစ်သောကြောင့် အကျိုးအကြောင်း မခိုင်လုံသည့် အကြောင်းပြချက် ဖြစ်ကြောင်း ကျွန်တော် ပြောလျှင် ဖြူဖွေးက သူ့အနေဖြင့် ရေကူးတတ်သည် မှန်သော်လည်း ရေတိမ်ပိုင်းများတွင်သာ ကူးခတ်တတ်ခြင်း ဖြစ်ကြောင်း၊ ယခုအချိန်အထိ ရေနက်ပိုင်းများသို့ တစ်ခါမျှ ဆင်းမကူးရဲသေးကြောင်းများ ဆိုလာခဲ့ပြီး သူ၏ ရေကြောက်တတ်ပုံများအား တောက်လျှောက် ပြောဆိုနေပါတော့သည်။
သို့သော် သူပြောသမျှမှာ သင်္ဘောသားမလုပ်ချင်သည့် ဆင်ခြေဆင်လက်များသာ ဖြစ်ကြောင်း ကျွန်တော်မှ ယူဆလိုက်ပြီး စကားပြောရင်း တန်းလန်းက ဘော်လ်ပင်န်တစ်ချောင်း ကိုင်ကာ တောင်ခြစ် မြောက်ခြစ် သူလျှောက်ခြစ်နေသော ကျွန်တော့်၏ စာအုပ်တစ်အုပ်ကို သိမ်းဆည်းဖို့ရန် ဆွဲယူလိုက်စဥ် ထိုစာအုပ်မှာ ကျွန်တော် ကျောင်းသားဘဝက ရေခြားမြေခြား သူငယ်ချင်းများအား ခွဲခွာခါနီး အမှတ်တရ နှုတ်ဆက်စကားများနှင့် လက်မှတ်များ ရေးထိုးခိုင်းလေ့ ရှိသည့် မှတ်စုစာအုပ်ဟောင်းလေး ဖြစ်နေကြောင်း တွေ့ရှိရလေသည်။ ဖြူဖွေးသည် ထိုစာအုပ်ကလေး၏ နောက်ဆုံး စာမျက်နှာထက်တွင် သူ၏ လက်မှတ်များအား အကြောင်းအရင်း ကင်းမဲ့စွာဖြင့် လိုက်လံ ရေးထိုးထားချေ၏။
မဆီမဆိုင် ခေါင်းထဲ လာပေါ်နေသည့် ထိုအကြောင်းများကို နားမလည်နိုင်စွာ ဖြစ်ကာ ကျွန်တော်သည် ဝီစကီရေချိန်ကိုက်လျက် မူးဝေနေပြီ ဖြစ်သော မိမိ၏ ဦးခေါင်းကို ခေါင်းအုံးအတွင်း ထိုးနှစ်၍ မျက်လုံးစုံမှိတ် အိပ်ချလိုက်တော့သည်။ မနက်ဖြန်ခါ အာဇာနည်နေ့တွင် ကျွန်တော် လုပ်စရာရှိသည့် အလုပ်ကိစ္စများအား စောစောစီးစီးထကာ ကျွန်တော်လုပ်ရဦးမည် မဟုတ်ပေလော။
* – * – * – * – * – *
ဖြူဖွေးတစ်ယောက် သူ၏ အိပ်ရာမှ အစောအစီး နိုးထလာခဲ့ချိန်က မနက် ၇ နာရီ ဖြစ်သည်။ ဖြူဖွေးသည် အိပ်ရာ သိမ်းပြီးနောက် ရေမိုးချိုး အဝတ်အစား လဲပြီးလျှင် ဆံပင်များကို အကျအန ဖြီးလိမ်း ပြင်ဆင်နေသောကြောင့် ဘုရားရှိခိုးပြီးကာစ သူ၏ မိခင်ဖြစ်သူက…
“ဟဲ့… ဖြူဖွေး၊ ကျားသားမိုးကြိုးပါဟယ်။ စောစောစီးစီး ထပြီး ဒါက ဘယ်ကို လမ်းသလားမလို့တုန်း” ဟု ဧည့်ခန်းအတွင်း ထိုင်ကာ မေးမြန်းလိုက်၏။
“အာ… အမေကလည်း၊ ဒီနေ့ အာဇာနည်နေ့လေဗျာ”
“အေးလေ… အဲဒါ အမေက မသိဘဲ နေပါ့မလားဟဲ့။ အခုက နင် ဘယ်သွားမလို့လဲဆိုတာ အမေက မေးနေတာ။ နင့်အဖေက အခုတလော ဘာဖြစ်မှန်း မသိဘူး။ သင်္ဘောပေါ်ကနေ အငယ်ကောင် လိမ္မာရဲ့လား၊ အငယ်ကောင် ကျန်းမာရဲ့လား ခဏခဏ လှမ်းမေးနေတယ်။ ပြီးတော့ သူ့အိပ်မက်တွေလည်း မကောင်းဘူး ပြောတယ်”
“အဖေကလည်း… မသိရင် ကျွန်တော်က ကလေးကျနေတာပဲ။ ဒီတစ်ခေါက် မေးရင် အမေ ပြောလိုက်… အငယ်ကောင် သေပြီလို့။ အဟဲ”
“ဟယ်… ဒီကောင်လေးနှယ်။ ဖွဟဲ့… လွဲပါစေ၊ ပယ်ပါစေတော်။ စောစောစီးစီး မပြောကောင်း မဆိုကောင်း လျှောက်ပြောနေတယ်”
“နောက်တာပါ အမေရဲ့ အဖေ့ကို ဒီတစ်ခေါက် ပြောလိုက်… သားကို စိတ်ချပါလို့။ ဒါနဲ့ လောလောဆယ် သား အာဇာနည်ကုန်းကို သွားဖို့ ဟိုဘက်ရပ်ကွက်က သူငယ်ချင်းတွေနဲ့ ချိန်းထားလို့ မုန့်ဖိုးပေးဦး အမေ”
“အမယ်လေးဟယ်… လူကြီးလူကောင်းများ အာဇာနည်ကုန်း သွားကြမလို့တဲ့။ အရက်ဝိုင်း သွားမလို့ကို ငါ့လာရွှီးနေတယ်။ မပေးနိုင်ပေါင်အေ”
“ဟာ၊ အမေကလည်း… အရက်မသောက်ပါဘူးဗျာ။ တကယ်ပြောတာ၊ သားတို့ အာဇာနည်ကုန်းမှာ ဒီအတိုင်းရိုးရိုး သွားအလေးပြုကြမလို့ပါ။ မုန့်ဖိုးပေးပါနော် အမေ”
“အေး အေး… ပြီးရော ပြီးရော။ ရော့… မုန့်ဖိုး၊ အရက်ဖိုး မဟုတ်ဘူးနော်”
“အင်းပါ အမေရဲ့၊ စိတ်ချ… အမေ မကြိုက်တာ သား ဘာမှ မလုပ်ဘူး။ သားကြိုက်တာပဲ သားလုပ်မှာ”
“တယ်… ဒီကောင်လေးတော့။ အရက်သောက်လာရင် နာဖို့ ပြင်နော်။ ညကလည်း အိမ်ပြန်လာတာ အရက်နံ့က ထောင်းလို့။ ဟင်း… နင့်အကိုနဲ့ နင့်ဦးလေးကို လွှတ်ပြီး ငါ မခေါ်ခိုင်းလိုက်ရင် ဘယ်လောက်တောင်များ မူးအောင် သောက်နေဦးမလဲ မပြောတတ်ဘူး။ နင် လေဖြန်းထားတာ အရက်နဲ့ လုံးဝ မတည့်ဘူးနော် ဖြူဖွေး”
“အာ… အမေကလည်း၊ စိတ်ချပါဆိုနေဗျာ။ အမေ လုပ်တာနဲ့ သားချိန်းထားတာ နောက်ကျတော့မယ်”
မိခင်၏ လက်မှ မုန့်ဖိုးကို လှမ်းယူလိုက်ပြီးနောက် ဖြူဖွေးတစ်ယောက် လောလော,လောလောဖြင့် အိမ်တံခါးဝမှ ထွက်ခွာတော့မည် အပြုတွင် ဘာကြောင့်ရယ် မသိ၊ ခဏတာမျှ ရပ်တန့် တွေဝေသွားလေသည်။ ထို့နောက် သူသည် ဧည့်ခန်းအတွင်း ပြန်ဝင်လာခဲ့ပြီး မိခင်၏ အရှေ့ ဒူးထောက်ကာ လက်အုပ်ချီလျက် ရှိခိုးဦးချ ကန်တော့လိုက်၏။ ဤအခါ မိခင်ဖြစ်သူသည် ကြောင်အမ်းအမ်းဖြစ်လျက် သားဖြစ်သူကို ကြည့်ကာ ဘာမျှ မပြောနိုင်ဘဲ ရှိသည်။ ဖြူဖွေးသည် ထိုအပြုအမူကို အဘယ်ကြောင် ပြုမူရပါသနည်း။ မွေးနေ့ရက်များတွင်သာ မိမိအား ကန်တော့လေ့ ရှိတတ်သူ သားဖြစ်သူအကြောင်း မိခင်ဖြစ်သူအနေဖြင့် သူအသိဆုံးပင် ဖြစ်သည်။
ယင်းသို့ တွေးတော မှင်တက်လျက် ရှိနေစဥ်တွင် ရှိခိုး ကန်တော့ပြီးသော ဖြူဖွေးသည် နေရာမှ ရုတ်ချည်း ထကာ အနားတိုးကပ်လာပြီး သူ၏ ပါးပြင်သို့ ခပ်ဖွဖွလးတစ်ချက် ရှိုက်နမ်းလိုက်ပြီးနောက်…
“အမေ… သား သွားတော့မယ်နော်” ဟု တရိုတသေ ပြောဆို ခွင့်ပန်လျက် နေအိမ်မှ ထွက်ခွာသွားပါတော့သည်။
မိခင်ဖြစ်သူသည် ကျောက်ရုပ်တစ်ရုပ်ပမာ ရှိနေပြီး မကြာသေးမီက အထူးအဆန်း ပြုမူသွားသော ဖြူဖွေး၏ အပြုအမူများကြောင့် နားမလည်နိုင်အောင် ဖြစ်နေချေ၏။
* – * – * – * – * – *
တက်ကြွလွန်းသော ခြေလှမ်းများဖြင့် ကြွကြွရွရွ လျှောက်လှမ်းနေသော ဖြူဖွေးတစ်ယောက် လမ်းတစ်နေရာအရောက် ခလုတ်တိုက်ကာ ဖိနပ်ပြတ်သွားခဲ့သည်။ ဝတ်ထားသည်မှာ တစ်လတင်းတင်းပင် မပြည့်သေးသော ကွင်းထိုးဖိနပ် ပြတ်သွားခြင်းကြောင့် ထိုဖိနပ်နှစ်ဖက်အား လက်မှ ကိုင်ကာ ခြေချည်းဗလာ လျှောက်လှမ်းလာနေသူ ဖြူဖွေးကို တွေ့မြင်လိုက်ရသည့်အခါ ခင်မင် ရင်းနှီးသူများက ဝိုင်းဝန်း စနောက်ကြကာ အပျော်အပြက်သဘောမျိုး လက်ဖက်ရည်ဖိုး လှမ်းရှင်းခိုင်းကြလျှင် ဖြူဖွေးမှ ယခင်ရက်များကလို မဟုတ်ဘဲ ကျသင့်သည်များ ဝင်ရောက် ရှင်းလင်းပေးလိုက်၏။
ဖြူဖွေးသည် ချိန်းဆိုထားရာ စုရပ်ဆီသို့ ရောက်ရှိလေလျှင် စောင့်မျှော်နေကြသူ သူငယ်ချင်းများအား တွေ့ရှိလိုက်ရသည်။ ထိုအခါ ဖိနပ်ပြတ်နေသော ဖြူဖွေးအတွက် တောကြီးဟူသည့် သူငယ်ချင်းမှ သူ၏ အိမ်တွင် ပိုနေသော ဖိနပ်တစ်ရံကို ပေးစီးလိုက်ပြီးနောက် ညကတည်းက စီစဥ်ထားကြသည့်အတိုင်း အာဇာနည်ကုန်း သွားကြရန်နှင့် အာဇာနည်ကုန်းမှ အပြန် ကန်တော်ကြီးပန်းခြံအတွင်း ဝင်ကာ သီချင်းသီဆို ပျော်ပါးကြရန် ဂစ်တာများပါ ယူငင်ကြလျက် တက်ညီလက်ညီ ထွက်ခွာသွားခဲ့ကြတော့၏။
ဤတွင် တောကြီးနေအိမ်သို့ ဖြူဖွေးမိခင်သည် အလောတကြီး ရောက်ရှိလာပြီး သားဖြစ်သူနာမည် မေးမြန်း လာရှာလေသည်။ တစ်ကြိမ်တစ်ခါမျှ မိမိတို့ရပ်ကွက်အတွင်း သားပျောက်ရှာ ရောက်လာဖူးခြင်း မရှိခဲ့သော ဖြူဖွေး၏ မိခင်ကို ကြည့်ကာ တောကြီးမိသားစုမှ နားမလည်နိုင်ဟန် ရှိကြ၏။ သူ၏ မျက်နှာမှာလည်း သားဖြစ်သူနှင့် ပတ်သက်၍ ရတက်မအေးသည့်နှယ် ရှိနေသဖြင့် ကြောင်းရင်းကိစ္စ မေးမြန်းကြည့်ရာတွင် ဘာမျှ ပြန်လည် မဖြေကြားဘဲ သူ့သားကိုသာ တွေ့မြင်ချင်ကြောင်း တွင်တွင်ပြောနေသောကြောင့် မကြာသေးမီကပင် အာဇာနည်ကုန်းသို့ တက္ကစီကား ငှားကာ သူငယ်ချင်းများနှင့်အတူ ထွက်ခွာသွားခဲ့ပြီ ဖြစ်ကြောင်း ပြောပြကြလေသည်။
ထိုအခါ ဖြူဖွေးမိခင်လည်း မျက်စိမျက်နှာ မကောင်းစွာ အိမ်ပြန်သွားခဲ့၏။ မှန်သည်…။ မိခင်ဖြစ်သူသည် ဖြူဖွေး နေအိမ်မှ မထွက်ခွာမီ ပြုမူသွားသည့် အပြုအမူများကြောင့် စိတ်များ တစ်စတစ်စ လေးလံလာခဲ့သဖြင့် သူ့သားနောက် အပြေးတစ်ပိုင်း လိုက်လာခဲ့ခြင်း ဖြစ်၏။ သို့သော် ဖြူဖွေးတို့ အဖွဲ့သည်ကား လူပေါင်း ထောင်ချီ လွန်စွာ ရှုပ်ထွေးလျက် ရှိမည့် အာဇာနည်ကုန်းဆီသို့ ထွက်ခွာသွားခဲ့ကြပြီ ဖြစ်လျှင် သူ့အနေဖြင့်မူ မည်သို့ လိုက်ရှာရပါအံ့နည်း။
* – * – * – * – * – *
ဖြူဖွေးနှင့် သူငယ်ချင်းများသည် လူများ ကြိတ်ကြိတ်တိုးကာ စည်ကားလျက် ရှိသော အာဇာနည်ဗိဗ္ဗာန်တွင် ၁၀ နာရီ၊ ၃၇ မိနစ်အချိန်သို့ ရောက်လတ်သောအခါ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အများနှင့် တညီ ဦးညွတ် အလေးပြုခဲ့ကြလေသည်။ ထိုသို့ အလေးပြုခဲ့ကြပြီးနောက် နဂိုအစီအစဥ် ချထားကြသည့်အတိုင်း ကန်တော်ကြီးဆီသို့ ဆက်လက်ဦးတည် ချီတက်ခဲ့ရာတွင် လမ်း၌ ဖြူဖွေး စီးထားသော တောကြီးအိမ်မှ ဖိနပ် သည်းကြိုးမှာ ခလုတ်တိုက်ကာ ပြတ်သွားခဲ့ရပြန်၏။ ယင်းအခါ ဖြူဖွေးမှာ ထိုဖိနပ်ကို ဖြစ်သလို ပြင်ပြီး မရမက စီးနင်းခဲ့ပြန်ရာတွင် ယူတိုးပီးယားမျှော်စင်ရှိရာ ကန်တော်ကြီးအပေါက်နားသို့ အရောက် နောက်တစ်ခေါက် ခလုတ်တိုက်ကာ ဖိနပ် ထပ်ပြတ်သွားခဲ့ပြန်သောကြောင့် စိတ်လက်မရှည် ဖြစ်လာခဲ့လေလျှင် ထိုဖိနပ်အား လမ်းတစ်နေရာတွင် စွန့်ပစ်လျက် ခြေဗလာချည်း လျှောက်လာခဲ့တော့သည်။
ကန်တော်ကြီး ရောက်တိုင်း ထိုင်နေကျနေရာ ဖြစ်သည့် ကျောက်ကျွန်းဆီအရောက် သူတို့ သူငယ်ချင်းတစ်သိုက်သည် လမ်းတွင် ဝယ်ယူလာကြသည့် ဝီစကီပုလင်းများ ဖောက်ကာ တပျော်တပါး သောက်စားကြ၏။ ထိုစဥ် မထင်မှတ်ဘဲ ထပ်မံ ရောက်ရှိလာကြသော အခြားသူငယ်ချင်းအဖွဲ့များနှင့် ပေါင်းစည်းမိသွားသဖြင့် ဝိုင်းမှာ ပိုကြီးလာခဲ့ပြီးနောက် သူတို့ထဲမှ တေဇဆိုသူ သူငယ်ချင်းတစ်ယောက်မှ တစ်ကြိမ်တွင် ထပြီး သည်ဘက်ကမ်းနှင့် တစ်ဘက်ကမ်းသို့ ခေါက်တုံ့ခေါက်ပြန် ရေပြိုင်ကူးကြရန် အပျော်သဘောဖြင့် အဆိုပြုလာသည်။ ဤအခါ တောကြီးဆိုသူက လက်ခံလိုက်ပြီး အဆိုပြုသူ တေဇနှင့် သူ ရေပြိုင်ကူးကြရန် သဘောတူညီမှု ပြုကာ နှစ်ဦးသား ရေထဲ ဆင်းသွားကြ၏။
ထိုအချိန်တွင် သူငယ်ချင်းများ သီချင်းသီဆိုနိုင်ရန်အတွက် ဂစ်တာ တီးခေါက်ပေးနေသူ ဖြူဖွေးတစ်ယောက်က ရုတ်တရက် ထပြီး သူပါ လိုက်လံ ယှဥ်ပြိုင်လိုသည်ဟု ဆိုကာ တောကြီးနှင့် တေဇတို့နောက်မှ ကပ်လျက် ရေထဲ ဆင်းလိုက်သွားခဲ့စဥ် ခါးတစ်ပိုင်းမျှ နက်သည့် နေရာအရောက် နူန်းများကြား နစ်ဝင် ဖုံးကွယ်နေသော ဝါးချွန်ငုတ်တိုတစ်ချောင်းဖြင့် သူ၏ ပေါင်တစ်ဖက် ထိုးခြစ်မိသောကြောင့် ကမ်းပေါ် ပြန်တက်လာခဲ့ရသည်။
သွေးစိမ့်ယိုနေသည့် ပေါင်တစ်ဖက်ကြောင့် ရေဆက်မကူးဖြစ်တော့သူ ဖြူဖွေးလည်း ဂစ်တာ ပြန်ကောက်ကိုင်လျက် ယခုအခါ သီဆိုလိုက်သော သီချင်းမှာကား သေခြင်းတရားအကြောင်း ရေးစပ်ထားသည့် The Ants ရော့ခ့်ဂီတအဖွဲ့၏ ‘သတိ’ ဟူသည့် ရော့ခ်သီချင်းတစ်ပုဒ် ဖြစ်နေ၏။ အဆိုပါသီချင်းသည် သူ၏ ဘဝတွင် နောက်ဆုံး သီဆိုခဲ့သည့် သီချင်းဖြစ်လိမ့်မည်ဟု တွေးထင်ထားလိမ့်မိမည် မဟုတ်သော ဖြူဖွေးသည် ထိုအချိန်တွင် ဂစ်တာတီးနေရင်း တန်းလန်းက လက်အကြောများ ရုတ်တရက်ကပ်လာခဲ့ပြီး ယခင် လေဖြန်းထားသည့် အခံများ ပြန်ထချင်လာသည့်နှယ် ရှိသောကြောင့် သူငယ်ချင်းအချို့က သူ၏ အကြောအဆစ်၊ အသားအရေများအား ပွတ်သပ် နှိပ်နယ်ကာ ခန္ဓာကိုယ် ပူနွေးလာအောင် ပြုဆောင်ပေးကြသဖြင့် များမကြာမီ ဖြူဖွေးအခြေအနေမှာ ပြန်လည် ကောင်းမွန်သွားခဲ့လေသည်။
မိုးစက်ကလေးများ ထိုစဥ်အခါက ခပ်ဖွဲဖွဲ ကျလျက် ရှိနေပြီး သည်ဘက်ကမ်းမှ ဟိုမှာဘက်ကမ်းဆီ ရေပြိုင်ကူးရင်း ရောက်ရှိသွားခဲ့ကြပြီ ဖြစ်သော တောကြီးနှင့် တေဇတို့ ကုန်းပေါ် ခေတ္တအမောဖြေကာ ခဏအကြာတွင် ရေထဲ ပြန်ဆင်းလာခဲ့ကြပြီးနောက် ကျောက်ကျွန်းရှိရာ ပြန်လည် ကူးခတ်ခဲ့ကြ၏။ ထိုသို့ ကူးခတ်ခဲ့ကြရာတွင် တေဇက ကျောက်ကျွန်းဘက်ဆီ အလျင်ဦးစွာ ရောက်ရှိလာခဲ့သော်လည်း အရက်အတန်ငယ် မူးနေသူ တောကြီးမှာတော့ အနောက်တွင် ပြတ်ကျန်ခဲ့ရလေသည်။ ပြတ်ကျန်ခဲ့သော တောကြီးမှာ ရေလယ်ခေါင်သို့အရောက် ခြေကုန်လက်ပန်းကျကာ ယက်ကန်ယက်ကန် ဖြစ်လျက် ယူပါကယ်ပါဟူ၍ စတင်ဟစ်အော်ပါတော့သည်။
ဤအခါ မောပန်းနေပြီ ဖြစ်သည့် တေဇမှာလည်း ရေဆင်းကူး၍ မကူညီနိုင်တော့သည့်အပြင် ကျန်လူများစွာတို့သည်လည်း သောက်စားထားကြသောကြောင့် ရေထဲ မဆင်းဝံ့ကြတော့ဘဲ ရှိနေကြစဥ်သမယတွင် ဖြူဖွေးတစ်ယောက် တောကြီးဆီ ဦးတည်ကာ ရေထဲ ပြေးဆင်းသွားခဲ့ချေ၏။ သို့သော်ငြား လူပေါင်းများစွာ ဝိုင်းအုံ တိုးဝှေ့ ကြည့်ရှုလာကြသော ဤမျှ ရှုပ်ထွေးလှသည့် အခြေအနေမျိုးတွင် ဖြူဖွေး ရေထဲ ပြေးဆင်းသွားသည်အား ရှားရှားပါးပါး မြင်တွေ့လိုက်ရသူမှာ သူတို့ဝိုင်း အနီးအပါး ထိုင်လျက် ရှိနေကြသော သမီးရည်းစား စုံတွဲနှစ်ဦးသာလျှင် ရှိလေသည်။
ထင်မှတ်မထားဘဲ ဖြစ်ပေါ်လာခဲ့သော အဖြစ်အပျက်များအတွင်း တောကြီးအနေဖြင့် ကံကောင်းသွားကာ ဖြူဖွေးခမျာ ကံဆိုးသွားခဲ့ရသည်ဟု ဆိုရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အစောပိုင်းက ရေနစ်နေခဲ့သူ တောကြီးသည် မည်သူကမျှ သူ့အား လာမကယ်ကြသည့်အဆုံးတွင် ပက်လက်အနေအထား ကိုယ်ဖော့ မျှောကူးသော အကွက်ကို စိတ်အတွင်း ပြန်လည် အမှတ်ရပြီး နည်းမှန်,လမ်းမှန် အသုံးပြုလိုက်နိုင်လေလျှင် သူ့ဘာသာသူ ကျောက်ကျွန်းကမ်းစပ်ပေါ်သို့ ကျားကုတ်ကျားခဲ ရောက်ရှိလာခဲ့သော်လည်း သူ့အား အလျင်အမြန် ကယ်ဆယ်ဖို့ရန် ရေထဲ ပြေးဆင်းသွားခဲ့သူ ဖြူဖွေးတစ်ယောက်မှာတော့ အစအနဖွေရှာမရအောင် ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ချေပြီ ဖြစ်သောကြောင့်ပေတည်း။
ဖြူဖွေး ပျောက်ဆုံးချိန်က စ၍ အဦးပိုင်းတွင် ဖြူဖွေးတစ်ယောက် အိမ်ပြန်သွားခဲ့ပြီဟု သူငယ်ချင်းများမှ မှတ်ယူလိုက်ကြသော်လည်း မလှမ်းမကမ်းတွင် ထိုင်နေသည့် စုံတွဲက ဤတွင် ထ၍ ဖြူဖွေး ရေထဲ ဆင်းချသွားသည်ကို အမှတ်တမဲ့ တွေ့မြင်လိုက်ကြရကြောင်း ဝင်ပြောလာသဖြင့် အားလုံးမှာ ပျာယာခတ်သွားကြပါတော့သည်။
ထိုအချိန်မတိုင်ခင်တွင် အကြောင်းကိစ္စတစ်ခုကြောင့် ထပြန်သွားသော ဂျပန်ကြီးဟူသည့် သူငယ်ချင်းသည် ကန်တော်ကြီး အပေါက်ဝမှ လင်းပိုင်စားသောက်ဆိုင်အနီးသို့ အရောက် “ဂျပန်ကြီးရေ… ငါ့ကို ကယ်ပါဦး” ဆိုသော ဖြူဖွေး အော်သံကြီးကို နားဖြင့်ဆက်ဆက် ကြားလိုက်ရလေ၏။ သို့သော် ထိုအသံအား သူ့တစ်ယောက်တည်းသာ ထူးထူးဆန်းဆန်း ကြားလိုက်ရခြင်း ဖြစ်ပြီး အခြား မည်သူ တစ်စုံတစ်ဦးကမျှ ကြားခဲ့ရခြင်း အလျဥ်းမရှိပေ။ ယင်းအခါ စိတ်ထင့်သွားသော ဂျပန်ကြီးမှာ ကျောက်ကျွန်းရှိရာဆီ ပြန်လည်ရောက်လာခဲ့လေလျှင် ဖြူဖွေးတစ်ယောက် ရေထဲ ဆင်းကာ ပျောက်ဆုံးသွားခဲ့ကြောင်း သိရှိလိုက်ရချေသည်။
ဤအချိန်နှင့် တပြေးညီတည်းတွင် ကျော်မျိုးခိုင် (ယခု DJ အသိုင်းအဝိုင်းတွင် DJ Ho Ho ဟု လူသိများ) ဟူသည့် သူငယ်ချင်းသည် သူနေထိုင်လျက် ရှိသည့် အဒေါ်၏ အိမ်ဆီ အပြင်မှ ပြန်လာစဥ် ခြံအဝအရောက်၌ အဒေါ်ဖြစ်သူမှ အပြင်သို့ ထွက်လာကာ သူမမြင်ဖူးသည့် ကောင်လေးတစ်ယောက် အပေါ်အင်္ကျီ မပါ၊ ဘောင်းဘီတိုအဝါရောင်သာ ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံးလည်း ရေများ စွတ်စိုရွှဲလျက် ရှိကာ သူ့ကိုယ်သူ ကျော်မျိုးခိုင်၏ သူငယ်ချင်းဟု တစ်လုံးနှစ်လုံးမျှသာ ပြောပြီး အိမ်ထဲ ရောက်ရှိလာသဖြင့် အအေးပတ်ကာ ဖျားမည် စိုးသောကြောင့် အပေါ်ထပ်က ကျော်မျိုးခိုင်အိပ်ခန်းတွင် ကျော်မျိုးခိုင်၏ အဝတ်အစားများ သွားရောက် လဲလည် စောင့်ခိုင်းထားကြောင်း ဆို၏။ ထိုအခါ ကျော်မျိုးခိုင်မှာ ထိုသူငယ်ချင်းမှာ မည်သူမည်ဝါဖြစ်ကြောင်း သိရှိလိုသောကြောင့် သူ၏ အပေါ်ထပ် အခန်းသို့ တက်ရောက် ကြည့်ရှုမိလျှင် မည်သည့်တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရှိရချေ။
ဇူလိုင် ၁၉ ရက်နေ့၏ ကောင်းကင်တစ်ခွင်သည် လွန်စွာ မှိုင်းထိုင်းလျက်ရှိကာ မိုးစက်မှုန်များ တဖွဲဖွဲကျလျက်ရှိနေသည်။ များမကြာမီက ရေနစ်သွားခဲ့သည်ဆိုသူ ဖြူဖွေးအား ကန်တော်ကြီး ကျောက်ကျွန်းရေပြင်တစ်ဝှိုက် ပိုက်စိတ်တိုက် ငုတ်လျှိုး လိုက်ရှာလျက် ရှိသူ ကယ်ဆယ် ရှာဖွေရေးသမားများ၏ ရလဒ်ကို အသံတိတ် စောင့်ကြည့်နေကြသော လူအုပ်ကြီးမှာလည်း ကြောက်ခမန်းလိလိပင်။ အဆိုပါ မြင်ကွင်းကို ကြည့်ကာ မျက်ရည်တဆမ်းဆမ်း ဖြစ်နေရှာသော ဖြူဖွေးမိခင်ကို ကြည့်ကာ လူအားလုံးမှာ စိတ်မကောင်းကြီးစွာ ဖြစ်နေကြရ၏။ နေ့လည် ၂ နာရီကတည်းက ဖြူဖွေးအလောင်းကို အားသွန်ခွန်စိုက် ရှာဖွေခဲ့ကြသော်လည်း ရေများ ညစ်နှောက်လျက် ရှိသည့် ကန်ရေသေကြီး ဖြစ်သောကြောင့် ယခုအချိန်အထိ တွေ့ရှိနိုင်ခြင်း အလျဥ်းမရှိသေးလျှင် တစ်ချိန်လုံး ငြိမ်သက်နေခဲ့သည့် ပန်းခြံစောင့် အဘိုကြီးတစ်ဦးက ထ၍ ဆိုင်ရာပိုင်ရာများအား ရည်စူး ကန်တော့ပွဲပေးကာမှ အလောင်းပြန်တွေ့လိမ့်မည် ဖြစ်ကြောင်း သူ့အတွေ့အကြုံအရ ဆိုလာခဲ့လေသည်။
ထို့ကြောင့် ပန်းခြံစောင့်ကြီး အကြံပြုချက်အတိုင်း ဖြူဖွေး၏ မိသားစုနှင့် သူငယ်ချင်းများမှ တသွေမတိမ်း လိုက်နာ ဆောင်ရွက်ကြလေလျှင် နောက်ဆုံး ဖြူဖွေးအလောင်းအား ဤသို့ ပြန်လည် တွေ့ရှိခဲ့ကြရ၏။ ဝါးလုံးရှည်ဖြင့် ကန်ရေအောက်သို့ လိုက်လံ ထိုးဆွကြည့်နေသူ တစ်ဦးမှာ နေရာအနှံ့ ရှာဖွေခဲ့ပြီးနောက် ဖြူဖွေး စဆင်းသွားသည့် ရေတိမ်ပိုင်းဆီ ရောက်ရှိလာခဲ့သည်။ ယင်းနောက် ဟိုဟိုသည်သည် မွှေ့ယမ်း ထိုးစမ်းကြည့်ရာတွင် မထင်မှတ်ထားဘဲ ပေနှစ်ဆယ်မျှ နက်သော ချောက်ကြီးတစ်ခုအား တွေ့ရှိခဲ့လေတော့၏။ ကမ်းနားစပ်နားတွင် တစ်ခုတည်းသော ချောက်ဖြစ်နေသော ထိုရေနက်ပိုင်းသို့ ငုပ်လျှိုးဆင်းကြည့်လိုက်ကြသောအခါ…။
ဆေးစစ်ချက် မှတ်တမ်း အမှုတွဲဖိုင်များတွင်မူ ဖြူဖွေးတစ်ယောက်သည် ရေနစ်သူတို့၏ ထုံးစံအတိုင်း ရုန်းရင်းဆန်ခတ် ပုံစံဖြင့် သုံးကြိမ်သုံးခါ ရေပေါ် လုံးဝ ပေါ်မလာခဲ့ဘဲ ဤသို့ ဖြစ်ပျက်ခဲ့ရခြင်းမှာကား ရေထဲအရောက် လေဖြန်းသွားကာ ဟန်ချက်ပျက်သွားသောအခါ ဖြူဖွေးခမျာ မိုးမျှော်ဇောက်ထိုးအနေအထား ဖြစ်သွားခဲ့သည်ကို သတိမထားမိဘဲ လှုပ်ရှား၍ ရသမျှ အားကုန်ယှက်ရာတွင် တဖြည်းဖြည်းချင်း ရေအောက် နှုန်းပြင်များရှိရာ ပေနှစ်ဆယ်အနက်တိုင်အောင် ရောက်ရှိလျက် ရေနစ်မွန်းပြီး သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု ဖော်ပြ ပါရှိလေသည်။
သူ၏ ဘဝတွင် ရေနစ်မွန်း၍ သေရမည်အား လောကတွင် အကြောက်ဆုံးပင် ဖြစ်သည်ဟု ဖွင့်ဟ ပြောပြဖူးသော ဖြူဖွေးသည် ရေနစ်ခြင်းဖြင့် သေဆုံးခဲ့ရချေပြီ။ သူ၏ ကိုယ်စောင့်နတ်များမှ နိမိတ်အမျိုးမျိုး ပြကာ အကြိမ်ကြိမ်အခါခါ ကြိုးစား တားစီးခဲ့ပုံ ရသော်လည်း သတိမမူ ဂူမမြင်ခဲ့သော ဖြူဖွေးသည် သေခြင်းတရား၏ နယ်နိမိတ်အတွင်း ချဥ်းနင်း ဝင်ရောက်သွားခဲ့ရပေပြီ။
အထက်ပါ ဖော်ပြပါ ဖြစ်ရပ်မှာ ဖြူဖွေး၏ မိသားစုနှင့်တကွ ကျွန်တော်တို့ သူငယ်ချင်းများ အားလုံး၏ ဘဝတွင် မည်သည့်အခါမျှ မေ့ပျောက်မရနိုင်မည့် ‘ထူးဆန်းသော နိမိတ်များ’ ပင် ဖြစ်ပေတော့သည်။ လောကကြီးသည် ဆန်းကြယ်လွန်းသည်။ လောကကြီးသည် ဆန်းပြားလှသည်။ လောကကြီးသည် ဖြေရှင်းမရနိုင်သော ပုဒ်စာ ပဟေဠိများစွာတို့ဖြင့် အနက်အနဲ တည်ရှိနေသည်။ ကံစေညွှန်ရာ ကြမ္မာသားကောင်များ ဖြစ်ကြရကုန်သော ကျွန်တော်တို့ လူသားများသည် ထိုသို့ အကြောင်းအရာများကို စူးစမ်း လေ့လာ အဖြေရှာကာ မှတ်တမ်းမှတ်ရာများအသွင် ရေးသား ပြုစုထားနိုင်ကြမည်ဆိုပါလျှင်…။
ဇော်မင်းအောင် (နက်ရှိုင်းထက်)
ဖေဖော်ဝါရီလ၊ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်