နွားဝင်စားတဲ့လူ

နွားဝင်စားတဲ့လူ(စ/ဆုံး)
———————-

“မင်းအောင် ငါရေသောက်ချင်တယ် ခပ်ပေး”

“ဟဲ့သားလေး အဖေ့ကိုအဲ့လိုမခေါ်ရဘူးလေ သားရေဆာလို့ ဖေဖေရေခပ်ပေးပါဦးလို့ ပြောလေ”

အညာဒေသမှ ရွာတစ်ရွာတွင်ရှိသော ကိုမင်းအောင်တို့ရဲ့အိမ်တွင်ဖြစ်လေသည်။ ကိုမင်းအောင်ဟာ အသက်သုံးဆယ်ကျော်အရွယ်ခန့်ရှိကာ စိတ်တို၊ စိတ်ဆတ်သောလူတစ်ယောက်ဖြစ်လေသည်။ သူဟာ အင်မတန်စိတ်တို၊ စိတ်ဆတ်သော်လည်း အခုသားငယ်လေးမွေးဖွားပြီးကတည်းက သူ့စိတ်ကိုသူအတတ်နိုင်ဆုံးထိန်းနိုင်ခဲ့လေသည်။ သားငယ်လေးဟာ အသက်တစ်နှစ်ကျော် နှစ်နှစ်ခန့်ရှိကာ တီတီတျာတျာစကားလေးတွေအတော်ပြောတတ်နေလေသည်။ စိတ်ဆတ်သောကြောင့် အိမ်ရှိလူအားလုံးကကြောက်ကြရသည့်ကိုမင်းအောင်ကိုလည်း သူကကြောက်လန့်ရမှန်းမသိချေ။ ထို့ကြောင့်တချို့က ကိုမင်းအောင်ကွယ်ရာမှာအောက်ပါအတိုင်းပြောနေလေ့ရှိလေသည်။

“ကဲ အခုတော့ဘာတတ်နိုင်သေးလဲ အရင်ကစိတ်တို ဒေါသကြီးသလောက် အခုသားလေးနဲ့ကြမှ မောင်မင်းအောင်တစ်ယောက် မာန်ကျသွားတော့တယ်”

“အဲ့ဒါပေါ့ မိဘမေတ္တာဆိုတာလေ သူဘယ်လောက်စိတ်ဆတ် ဒေါသကြီးပါစေ သူ့သားလေးကြတော့ သူမနိုင်တော့ဘူးလေ(မရိုက်ရက်) သြော် မိဘ မိဘ မိဘ”

ထိုသို့ လူတွေကွယ်ရာမှာပြောနေကြသည်ကို ကိုမင်းအောင်တစ်ယောက်သိပါသည်။ သိသော်လည်း လူတွေပြောတာအမှန်တွေမို့ ဘာသိဘာသာနဲ့ မသိသလိုသာနေလိုက်လေသည်။တကယ်တော့ သူ့သားလေးဟာသူ့ရဲ့ဒုတိယအသက်ပင်မဟုတ်ပါလား။

“ခေါ်မှာပဲ မင်းအောင်လို့ပဲခေါ်မှာ”

“ဟဲ့ သားလေး ဖေဖေ့ကိုအဲ့လိုမခေါ်ရဘူးလို့ပြောနေတယ်လေ”

သားငယ်လေးက ဖခင်ဖြစ်သူကိုမင်းအောင်အား အဖေလို့မခေါ်ပဲနာမ်မည်ကိုသာခေါ်နေလေရာ ကိုမင်းအောင်အမျိုးသမီးက သားလေးကိုထိုသို့မခေါ်ရန်ဝင်ပြောလေသည်။ ထိုအခါ သားငယ်လေးကဆက်၍

“ခေါ်မှာပဲ မင်းအောင်ကငါ့ကိုသတ်ထားတာလေ ဟော့ဒီမှာကြည့်ကြည့် မင်းအောင်တူနဲ့ထုသတ်လို့ငါသေခဲ့ရတာ”

သားငယ်လေးက ပါးစပ်ကပြောသလို လက်ကလည်း သူ့ငယ်ထိပ်နေရာသို့ ပြန်လည်ထိုးပြလေသည်။ မှန်ပေသည် သူ့ငယ်ထိပ်တည့်တည့်တွင် မွေးကတည်းကအမှတ်အသား အမည်းကွက်ကြီးတစ်ခု ပါလာခဲ့လေသည်။ ထို့ကြောင့်လူအများကလည်း သားငယ်လေးဟာ လူဝင်စားဖြစ်လိမ့်မည်ဟု အမျိုးမျိုးထင်ကြေးပေးခဲ့ကြလေသည်။ အခုသားငယ်လေးကိုယ်တိုင်က သူ့အမှတ်အသားကိုပြကာ ကိုမင်းအောင်က တူနှင့်ထုသတ်သည်ဟုပြောလာရာ အိမ်သားအားလုံးတအံ့တသြဖြစ်သွားရကာ

“ဟင် ဟုတ်လား ဘယ်တုန်းကလဲ သားဖေဖေက သားကိုဘယ်တုန်းကတူနဲ့ထုလို့တုန်း”

“ဟုတ်တယ် မင်းအောင်ကတူနဲ့ထုသတ်တာ အခုတော့မဟုတ်ဘူး အရင်ဘဝကပါ အရင်ဘဝတုန်းက ငါကဒီအိမ်ကနွားပါ ငါ့ကိုမိုးညိုလို့ခေါ်ကြတယ်လေ သိလား”

“ဟင် မိုးညို”

“ဟယ် မိုးညိုတဲ့တော့”

“ဘုရား ဘုရား ဘုရား ထူးဆန်းလွန်းလှချေလား”

သားငယ်လေးနှုတ်မှ ဒီအိမ်ကမိုးညိုဟု ပြောလိုက်သောအခါ အိမ်သားအားလုံးအံ့သြလွန်း၍ အာမေဠိတ်သံကိုယ်စီပြုလိုက်မိကြလေသည်။ သားငယ်လေးကဆက်ပြီး

“ငါက နေမွန်းတည့်ပြီးလို့ နေစောင်းရင် အလုပ်မလုပ်တော့ပဲ အိမ်ကိုသာပြန်ချင်တာလေ အဲ့ဒါကိုမင်းအောင်က စိတ်ဆိုးဒေါသထွက်ပြီးငါ့ကိုတူနဲ့ထုတယ် ဒီမယ် ဒီမယ် ဒီနေရာကို မင်းအောင်ထုခဲ့တာ”

သားငယ်လေးကပြောလည်းပြော လက်တစ်ဖက်ဖြင့်လည်း သူ့ငယ်ထိပ်ကိုကိုင်ပြလေသည်။ အိမ်သားအားလုံးစိတ်မကောင်း ယူကြုံးမရဖြစ်သွားကြတော့လေသည်။သားငယ်လေးပြောနေသောအကြောင်းအရာများသည်အားလုံးအမှန်တွေချည်းဖြစ်နေသောကြောင့်လည်းဖြစ်ပေသည်။မှန်ပေသည် တစ်ချိန်သောကာလက မင်းအောင်တို့အိမ်မှာ သဘောမနောကောင်းသော မိုးညိုအမည်ရှိသည့် အညိုရောင်နွားကြီးတစ်ကောင်ရှိလေသည်။ မိုးညိုဟာ ထွန်ယက်စိုက်မျိုးသည့်လုပ်ငန်းခွင်ထဲမှာ ဘယ်သောအခါမှခေါင်းချလေ့မရှိပဲ အမြဲတစေခေါင်းမော့ကာ တရှူးရှူးနဲ့အားသွန်ခွန်စိုက် ရုန်းတတ်သောနွားတစ်ကောင်ဖြစ်လေသည်။ မိုးညိုကိုမင်းအောင်က ဘာကြောင့်တူနဲ့ထုကာသတ်ခဲ့ရသလဲဆိုတော့ အောက်မှာဖတ်ရှုကြည့်ပါတော့ခင်မျာ။
*********
(အတိတ်)
“ရှူး ရှူး ရှူး”

“ဟ ဖေ့သားကြီးရုန်းထား နေမွန်းမတည့်မှီ ဒီယာခင်ထဲထယ်ရေးစပ်သွားအောင်”

ကိုမင်းအောင်တစ်ယောက် နွားကြီးမိုးညိုနှင့်အခြားတွဲဖက်နွားတစ်ကောင်ရယ်ပေါင်းပြီး ယာထွန်နေခြင်းဖြစ်လေသည်။ နွားကြီးမိုးညိုဟာ နှင်တံ(နွားရိုက်သည့်တုတ်)တစ်ချက်အထိမခံပဲ ကြိုးစားကာရုန်းလေသည်။ သူ့ကိုပါးစပ်နဲ့ပြောလိုက်ရုံဖြင့် တစ်ဖက်ကတွဲဖက်နွားလိုက်မမှီအောင် ရုန်းတတ်လေ့ရှိလေသည်။ ကိုမင်းအောင်ထွန်ယက်နေသည့်အနီးသို့ရောက်လာသည့်သူတိုင်းက မိုးညိုကြီးကိုမချီးမွှမ်းပဲမနေနိုင်တဲ့အထိပါ။

“ဟ ကိုမင်းအောင်ရ ခင်များမိုးညိုကြီးကတော့မိုက်တယ်ဗျာ ဘယ်လောက်ထွန်နေနေ ခေါင်းတစ်ချက်မဆိုက်ပဲ အမြဲဦးမော့နေတော့တာပဲ ကျုပ်ပြန်ရောင်းပါလား”

“မလုပ်ပါနဲ့ညီရာ အကို့မှာလည်း ငယ်မွေးခြံပေါက် စိတ်ချရတာဆိုလို့ မိုးညိုပဲရှိတယ်လေ တခြားတွေတစ်ကောင်မှသူ့လိုမျိုးမတွေ့ဖူးသေးဘူး”

“ဟုတ်ကဲ့ သိပါတယ်ကိုမင်းအောင်ရာ ကျုပ်ကတမင်စတာပါ ဘယ်လောက်စျေးပေးပေး မိုးညိုကြီးကို ကိုမင်းအောင်ရောင်းမထုတ်ပါဘူး”

“အဲ့ဒါအမှန်ပဲညီ မိုးညိုကြီးကိုအကိုက သရေထိုင်ထားမှာလေ”
(မှတ်ချက်-သရေထိုင်ဆိုသည်မှာ ထိုနွားအားအိမ်မှာပင် သူ့အလိုလိုသေဆုံးသည့်အထိလို့သဘောရပါသည်။စာရေးသူ)

ထိုအကြောင်းများသည် မိုးညိုဆိုတဲ့နွားကြီးဘဝထဲမှ ကောင်းကွက်တစိတ်တဒေသဖြစ်လေသည်။ အကောင်းနဲ့အဆိုးဆိုတာ အမြဲတမ်းဒွန်တွဲရှိနေတတ်သည်မှာ လောကသဘာဝပေမို့ အခုထိုနွားကြီးမိုးညိုမှာလည်း ကောင်းကွက်များ အများအပြားရှိသလို သူ့မှာအကျင့်ဆိုးတစ်ခုလည်းရှိပေသည်။

ထိုအကျင့်ဆိုးကတော့ မိုးညိုဟာ နေမွန်းမတည့်မှီ ကြိုက်သလောက်ခိုင်း၊ မိုက်သလောက်ခိုင်း တစ်ချက်လေးခေါင်းခါ၊ ပေကပ်ခြင်းအလျင်းမရှိပါ။နွားနောက်လိုက်တဲ့သူမောလို့နားချင်နားမှ သူကတော့မောတယ်မရှိပေ။ သို့ပေမဲ့ မိုးညိုဟာ နေမွန်းတည့်ပြီးပြီဆိုလျှင်တော့ လုံးဝခိုင်းလို့မရတော့ပေ။ အိမ်သို့သာပြန်ချင်နေတော့လေသည်။ သူ့ကိုကြိုက်သလောက်ရိုက်ခိုင်း သူကယာခင်းထဲမှာ ဆက်လက်ထွန်ယက်ဖို့အတွက်နေရာကရွေ့လျားခြင်းမရှိတော့ပေ။ ထိုသို့သောအခါ ထွန်ဖြုတ်ပြီး လှည်းမှာတပ်ကာအိမ်သို့သာပြန်ရလေသည်။ ထိုအရာကားမိုးညိုရဲ့အကျင့်ဆိုးဖြစ်လေသည်။

ဒီလိုနဲ့တစ်နေ့မှာတော့ မိုးညိုကြီးနှင့်အတူ ကိုမင်းအောင်နွားထွန်/ယာထွန်ထွက်လာခဲ့လေသည်။ အချိန်ကာလကလည်း မိုးဦးကျဖြစ်သည့်အတွက် အလွန်အရေးကြီးနေကာ အချိန်ကိုလုလုပ်နေရသောရက်ပိုင်းဖြစ်လေသည်။

“ဗျိုးးးးးကိုမင်းအောင် ရေနွေးသောက်နားပါဦးလားဗျ နားနားနေနေပေါ့”

“နားလို့မဖြစ်ဘူးညီရေ ဒီနေ့မနက်ဒီယာခင်းပြီးမှဖြစ်မယ် မနက်ဖန်ကြရင် အရှေ့တောကိုသွားရမယ်လေ”

“ပြီးပါတယ်ကိုမင်းအောင်ရ အကို့မိုးညိုကြီးကရုန်းအားကောင်းကောင်းနဲ့ အခုမှမနက်ကိုးနာရီခွဲပဲရှိသေးတာပါ”

“အေးကွာ ပြီးမှဖြစ်မှာမို့ပါ အခုလိုခေါ်တာကျေးဇူးတင်ပါတယ်ကွာ”

“ဟုတ် ဟုတ်အကို ဒါဆိုကျနော်လည်း ဆက်ထွန်လိုက်ဦးမယ်”

“အေး အေး ဟုတ်ပြီညီ”

ယာခင်းချင်းကပ်လျှက်မှလူငယ်တစ်ယောက်က ရေနွေးသောက်လှမ်းခေါ်သောကြောင့်ဖြစ်လေသည်။ ကိုမင်းအောင်လည်း ဆက်လက်ထွန်ရက်နေရင်း နေကတဖြေးဖြေးမြင့်တက်လာခဲ့လေသည်။ ယာခင်းကအခုထိထွန်ရေးမစပ်သေးပေ။ ကိုမင်းအောင်လည်းကြိုးကြိုးစားစားထွန်ယက်သလို မိုးညိုကြီးကလည်း ခေါင်းတထောင်ထောင်နှင့်မနားတမ်းရုန်းလေသည်။ ဒါပေမဲ့နေမွန်းတည့်သော် ယာခင်းကမစပ်သေးချေ။

“ကဲ မိုးညိုကြီးယေ ထွန်တစ်ပေါက်စာလေးကျန်တော့တာ ဒါလေးတော့ပြီးအောင်ရုန်းလိုက်ပါဦးသားကြီးရေ”

ကိုမင်းအောင်အထက်ပါအတိုင်းပြောလိုက်သည့်အချိန်မှာပဲ မိုးညိုကြီးဟာ ထွန်ထဲကနေလှည်းဆီသို့ပြန်လည်ရုန်းနေလေတော့သည်။

“ဟာ မိုးညို ပြီးကာနီးနေပါပြီ ဒါလေးတော့ ခဏလောက်ရုန်းလိုက်ပါဦးကွသားကြီးရ”

ကိုမင်းအောင်ကအထက်ပါအတိုင်း ပြောနေသော်လည်း မိုးညိုကြီးကတော့ သခင်ဖြစ်သူကိုမင်းအောင်စကားကိုလုံးဝမနာခံတော့ပဲ လှည်းဆီသို့သာဇွတ်ရုန်းနေတော့လေသည်။ ကြာလာသောအခါ ကိုမင်းအောင်ဒေါသထွက်လာရပြီးအိမ်သို့ပြန်ခဲ့လေသည်။ အိမ်ရောက်သော် စဉ်းစားကြာလေ ကြာလေဒေါသကထွက်လာလေဖြစ်နေလေသည်။ သူ့မှာအားလုံးကစီစဉ်ပြီးသား မနက်ဖန်နောက်တစ်တောကူးဖို့ရာ အခုတော့ မိုးညိုကြီးရဲ့လုပ်ရက်ကြောင့် အစီအစဉ်တွေ အားလုံးတလွဲတချော်ဖြစ်ကုန်ရလေသည်။ ကိုမင်းအောင်က ဒေါသအလွန်ကြီးသောလူတစ်ယောက်ဖြစ်လေသည်။ တွေးရင်းကနေ ဒေါသစိတ်ကိုမထိန်းနိုင်တော့ပဲ ဆယ်ပေါင်တူကြီးဆွဲယူကာ နွားစာကျင်း/နွားစားခွက်မှာတပ်ပြီး အစာကျွေးထားသည့် မိုးညိုကြီးရှိရာသို့လျှောက်သွားကာ ဒေါသတကြီးဖြင့်လက်ထဲရှိဆယ်ပေါင်တူနှင့်ထုချလိုက်ရာ မိုးညိုကြီး ဘဲခနဲတစ်ချက်သာအော်နိုင်ပြီး လဲကျသေဆုံးသွားရလေတော့သည်။
*********

“သိလား မှတ်မိလားမင်းအောင် ငါ့ကို တူနဲ့ဒီနေရာကို မင်းထုသတ်ခဲ့တာလေ ငါ့ကိုထပ်ပြီးမသတ်တော့ပါနဲ့မင်းအောင် နော် ငါ ငါကြောက်လို့ပါ”

သားငယ်လေးက သူ့အဖြစ်ကိုပြောပြတော့ အားလုံး/တစ်အိမ်သားလုံးစိတ်မကောင်းဖြစ်ပြီး ကိုယ်စီမျက်ရည်ကျမိလေသည်။

“မင်းအောင် ငါ့ကိုထပ်မသတ်တော့နဲ့နော်”

သားငယ်လေးက အထက်ပါအတိုင်း တတွတ်တွတ်ပြောနေရာ ကိုမင်းအောင်စိတ်ထိခိုက်စွာဖြင့် သားလေးကိုပွေ့ပိုက်ထားလိုက်ပြီး

“သားလေးရယ် အဖေလေ အဖေ့ဒေါသတွေကို နောင်တရနေပါပြီ သားလေးကိုအဖေသတ်ဖို့မဆိုထားနဲ့ လေသံမာမာတောင်မပြောရက်ပါဘူး အဖေနောင်တရနေပါပြီသားလေးရယ်”

ကိုမင်းအောင်က သားလေးကိုယုယစွာထွေးပိုက်ထားရင်း ပါးပြင်ကမျက်ရည်တွေတွေစီးကျနေလေသည်။ အိမ်သားအားလုံးလည်း စိတ်မကောင်းလွန်းသဖြင့် လူတိုင်းကိုယ်စီမျက်ရည်ကျနေလေတော့သည်။ သြော် တကယ်တော့ ကျနော်တို့အားလုံးဟာ သံသရာထဲကခရီးသွားတွေပါ။ အတိတ်ဘဝကိုမှတ်မိသူနဲ့ မမှတ်သူသာကွဲပြားသွားရတာ တကယ်တန်းဆိုလျှင် အားလုံး အားလုံးဟာအမျိုးတွေချည်းပါလို့ ကျနော်ယူဆမိရင်း ဒီနေရာလေးမှာပဲ ကျနော်စိုင်းဇာနည်ငယ်စဉ်ကကြားဖူးထားသည့်အကြောင်းကိုပြန်ပြောင်းရေးသားသည့် #နွားဝင်စား အမည်ရဇာတ်လမ်းလေး နိဂုံးကပါတ်အဆုံးသတ်ပါပြီခင်မျာ။ ဖတ်ရှုအားပေးခြင်းကိုအထူးကျေးဇူးတင်ပါသည်။

———————–ပြီးပါပြီ——————