နှုတ်ကြောင့်သေ လက်ကြောင့်ကြေ(စ/ဆုံး)
————————————————
အချိန်က ည ၉နာရီလောက် ရှိတော့မယ်။ကျွန်တော် အိပ်ရာ မဝင်နိုင်သေး။အိပ်မပျော်သေးပါ။အခန်းထဲမှာ တစ်ယောက်တည်း ထိုင်ရင်း ဖုန်းထဲက သတင်းတစ်ပုဒ်ကို စိတ်ဝင်တစား ဖတ်နေမိတယ်။ထိုစဉ် ဖုန်းရဲ့မက်စင်ဂျာ(Messenger)မှ မက်ဆေ့ချ်ပို့တဲ့ အသံလေး ထွက်လာပြီး ကျွန်တော့် ဖုန်းထဲကို မက်ဆေ့ချ်လေးတွေ ဝင်လာတယ်။
“Hi, ကိုလေး နေကောင်းလား။ကိုလေး မအိပ်သေးဘူးလား။ကိုလေး အခု ဘာလုပ်နေလဲ။”
မက်စင်ဂျာ(messenger)မှ ရုတ်တရက် ပေးပို့လာတဲ့ စာတွေကြောင့် ကျွန်တော့်ရဲ့အာရုံတွေ ထွေပြား နောက်ကျိလို့ သွားရတယ်။အခေါ်အဝေါ်က တစ်မျိုးပါလား။ရင်းနှီးတဲ့ အခေါ်အဝေါ် တစ်ခုပါ။ကျွန်တော့်ကို ဒီလိုမျိုး ခေါ်တာ ရှားတယ်။နည်းပါတယ်။ဒါကြောင့် ပေးပို့သူကို စိတ်ဝင်စားလာမိတယ်။သိချင်လာမိတယ်။
ပေးပို့လာတဲ့ အကောင့်ကို ဖွင့်ကြည့်လိုက်တော့ အကောင့်က ယောက်ျားလေး နာမည်နဲ့ပါ။ပရိုဖိုင်မှာ ကြောင်ရုပ်ပုံလေး တင်ထားတယ်။ကျွန်တော်လည်း ခဏမျှ စူးစိုက်ပြီး ကြည့်နေရာမှ ချက်ချင်းပဲ စာပြန်လိုက်တယ်။
“ဘယ်သူလဲ။”
ကျွန်တော်ပို့လိုက်တဲ့ စာကို ဖတ်ပြီး တစ်ဖက်က ပေးပို့တဲ့လူ ငြိမ်သွားတယ်။သူ့ဆီက ချက်ချင်း စာပြန် ပို့မလာပါ။”ကိုလေး”ဆိုတဲ့ ဒီအခေါ်အဝေါ်မျိုးကို ကျွန်တော် ရင်းနှီးနေသလို ခံစားရတယ်။ဒါကြောင့် ကျွန်တော်ရဲ့စိတ်ထဲကနေ ထပ်ကာ ထပ်ကာ ရေရွတ်ရင်း စဉ်းစားနေမိတယ်။ဒီအခေါ်အဝေါ်မျိုး ငါ့ကို ဘယ်သူ ခေါ်ခဲ့ဖူးသလဲ။စဉ်းစားစမ်း။သူဘယ်သူ ဖြစ်နိုင်သလဲ။
အဲဒီအခါ တစ်စုံတစ်ယောက်ရဲ့ပုံရိပ်လေးက ကျွန်တော့်ရဲ့အာရုံထဲ ခပ်ရေးရေးလေး ပေါ်လာတယ်။သူလား။သူများလား။သူလည်း တစ်ချိန်က ငါ့ကို ကိုလေးလို့ ခေါ်ခဲ့ဖူးတာပဲ။ဒါပေမဲ့ သေတော့ မသေချာ။ကျွန်တော် သူ့ကို တွေးမိသလို ရှိသွားတာနဲ့ သူ့အကောင့်ထဲကို ချက်ချင်း ဝင်ပြီး သူ့ပုံတွေကို ရှာကြည့်လိုက်မိတယ်။
တွေ့ပါပြီ။ကျွန်တော် ထင်တဲ့ အတိုင်းပါပဲ။သူပါပဲ။သူ့ပုံလေးကို ကြည့်ရင်း ကျွန်တော် အံဩ ဝမ်းသာနေမိတယ်။အဲဒီ အချိန် မက်စင်ဂျာမှ မက်ဆေ့ချ် ပို့သံလေး ရုတ်တရက် ထွက်ပေါ်လာတာကို ကြားလိုက်ရတယ်။ပေးပို့လာတဲ့ မက်ဆေ့ချ်ကို ကျွန်တော် ဖတ်ကြည့်လိုက်တဲ့အခါ
“ကိုလေး ကျွန်တော် နိုင်နိုင်ပါ။ကျွန်တော့်ကို မမှတ်မိတော့ဘူးလားဗျာ။”
သူ့စာကို ဖတ်ပြီး ကျွန်တော်လည်း ဝမ်းသာအားရနဲ့ မဆိုင်းမတွ ချက်ချင်းပဲ စာတန်းရိုက်ပြီး သူ့ဆီကို မက်ဆေ့ချ် ပြန်ပို့လိုက်တယ်။
“မှတ်မိပါတယ် ညီ။မင်း…..”
ကျွန်တော်သည် တစ်စုံတစ်ခုကို ဒက်ခနဲ တွေးလိုက်မိတာနဲ့ တပြိုင်နက် စာကို ဆက်မရိုက်နိုင်တော့ဘဲ ခဏမျှ ငြိမ်သက်ပြီး တွေဝေသွားမိတယ်။ကျွန်တော် မေးချင်တဲ့ အကြောင်းအရာက “မင်း အခု ထောင်က လွတ်လာပြီလား ညီ။”ဆိုတဲ့စကားပါ။ဒါပေမဲ့ ဒီစာကို ဆက်ရေးဖို့ ကျွန်တော် နောက်တွန့်နေမိတယ်။လက်တွန့်နေမိတယ်။သူ့ကို အားနာနေမိလို့ပါ။
ဒါကြောင့် ရေးချင်တဲ့ အကြောင်းအရာကို ထိန်ချန်ထားခဲ့ရပြီး ရေးသင့်တဲ့ အကြောင်းအရာကိုပဲ ဆက်ရေးဖို့ စဉ်းစား ဆုံးဖြတ်ရင်း သူ့ဆီကို စာပြန်ပို့လိုက်ရပါတယ်။
“မှတ်မိပါတယ် ညီ။မင်း အခု အိမ်မှာလား။နေရော ကောင်းလား။ကိုလေးလည်း မင်းကို အမြဲ သတိရနေပါတယ်ကွာ။မင်းနဲ့ မတွေ့ရတာတောင် နှစ်အတော် ကြာပြီနော်။ဝမ်းသာ လိုက်တာကွာ။ဒါနဲ့ ညီ အခု အားလား။ကိုလေး ညီနဲ့ စကား ပြောချင်တယ်။ဖုန်း ခေါ်လိုက်မယ်နော်။”
သူ့ဘက်က “Ok ။”ဆိုပြီး စာပြန်လာတာနဲ့ မက်စင်ဂျာကနေ ဖုန်းခေါ်ပြီး သူနဲ့ ကျွန်တော် စကားပြောဖြစ်ကြပါတယ်။ပရိုဖိုင်မှာ ကျွန်တော့်ပုံလေး တင်ထားလို့ သူက ကျွန်တော့်ကို မှတ်မိသွားပြီး ကျွန်တော့်ရဲ့အကောင့်ကို မထင်မှတ်ဘဲ ရှာတွေ့သွားတာတဲ့။
အဲဒီနောက်တော့ သူနဲ့ ကျွန်တော် ထွေရာလေးပါး စကားတွေ အများကြီး ပြောဖြစ်ကြပါတယ်။စကားတွေ ပြောရင်း သူက ကျွန်တော့်ကို မေးခွန်းတစ်ခု မေးလာပါတယ်။
“ကိုလေး အဲဒီမှာ ကျွန်တော့်ရောဂါကို ကုသပျောက်ကင်းနိုင်တဲ့ ဆေးရုံ၊ဆေးခန်း၊ဆရာဝန်နဲ့ ဆေးဝါးတွေရော မရှိကြဘူးလား။ကျွန်တော့် ရောဂါကို ပျောက်အောင် ကုသချင်တယ်ဗျာ။ဒီရောဂါကြောင့် ကျွန်တော့်မှာ စိတ်သွားတိုင်း ကိုယ်မပါ၊လုပ်ချင်တာလည်း ဘာမှ မလုပ်ရ၊မကိုင်ရ။”
“အဖေနဲ့ အစ်ကိုက ကျွန်တော့်ကို ဘယ်သွားသွား၊ဘာလုပ်လုပ် အမြဲ စိတ်မချ ဖြစ်နေတာ။အချိန်တိုင်း မျက်လုံး ဒေါက်ထောက် ကြည့်နေကြတာ။ကျွန်တော် အရမ်း စိတ်ညစ်တယ်ဗျာ။ကျွန်တော် ဒီလို ဘဝမျိုးနဲ့ မနေချင်ဘူး။စိတ်ကျဉ်းကျပ်တယ်။အရမ်း မွန်းကျပ်တာပဲ ကိုလေးရာ။”
“ဘယ်သွားသွား၊ဘယ်လာလာ အိမ်က အဖေနဲ့ အစ်ကို တစ်ယောက်ယောက်ပါမှ သွားလာနေရတဲ့ ဘဝမျိုးကို ကျွန်တော် မုန်းလှပြီ။ကိုလေးတို့ ဘဝတွေကို အားကျတယ်ဗျာ။ကျွန်တော့်မှာ ကိုလေးတို့လို ကိုယ်ပိုင်အစွမ်းနဲ့ ကိုယ်ပိုင်ဘဝမျိုးဆိုတာ ဘာမှ မရှိဘူး။”
“ကျွန်တော့်ဘဝကို ကျွန်တော် မပိုင်ဘူး။ကိုယ့်ကိုယ်ကိုလည်း သူများနဲ့ မတူလို့ အမြဲ သိမ်ငယ်နေရတယ်။ကျွန်တော်လည်း ကိုလေးတို့လို လူငယ်ပဲဗျာ။ဖြစ်ချင်တာပေါ့။ကိုယ့်ဘာသာ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ ကိုယ်ပိုင်ဘဝနဲ့ ကိုယ်ပိုင် ဝင်ငွေနဲ့ လွတ်လွတ် လပ်လပ် နေချင်၊စားချင်၊သွားချင်၊လာချင်တာပေါ့ဗျာ။”
သူဟာ ကျွန်တော့်အပေါ် အစ်ကို တစ်ယောက်လို သဘောထားပြီး အားကိုးတကြီးနဲ့ သူ့ရင်ထဲမှာ ခံစားနေရတဲ့ ဝေဒနာတွေကို ရင်ဖွင့်၍ ပြောပြနေရှာတာပါလားလို့ နားလည် စာနာမိရတယ်။ဒါကြောင့် သူ့စိတ်ထဲရှိတဲ့အတိုင်း ပြောချင်ရာ ပြောပါစေ၊သူ ဒီလို ရင်ဖွင့်လိုက်ရလို့ သူ့ရင်ထဲက ခံစားချက်ဝေဒနာတွေ သက်သာပါစေတော့လို့ တွေးရင်း သူ့စကားတွေကို ကျွန်တော် ဘာမှ မပြောဘဲ ဒီအတိုင်း ငြိမ်ပြီး နားထောင်ပေးနေမိပါတယ်။
“ဒါပေမဲ့ အခုတော့ ကျွန်တော့်ရဲ့ဘဝက လှောင်ချိုင့်စံ ငှက်ကလေးလိုပါပဲ ကိုလေးရာ။တစ်ခါတလေ ကျွန်တော် အရမ်း ငိုချင်တာပဲ။သူများတွေလို ကျွန်တော့် ဘဝက ဘာကြောင့်များ လွတ်လွတ်လပ်လပ် မဖြစ်ရဘဲ အမြဲတမ်း ကံဆိုးနေရတာလဲ။ဒီရောဂါဆိုးကြီးကြောင့် အိမ်က အဖေနဲ့ အစ်ကို မပါရင် ကျွန်တော့်မှာ တခြား ဘယ်နေရာကိုမှ မသွားရဲ၊မလာရဲ လောက်အောင် ဖြစ်နေရတယ်ဗျာ”
ပြောရင်းနဲ့ သူ ဝမ်းနည်းလာဟန်ရှိတယ်။သူ့အသံတွေ ရှေ့ဆက် မလာတော့ဘဲ တိမ်ဝင် ပျောက်ကွယ်လို့ သွားခဲ့ပါတယ်။သူ ဖုန်းချသွားခဲ့ပါပြီ။ကျွန်တော် သူ့ဆီကို အကြိမ်ကြိမ် ထပ်ခေါ်ဖို့ ကြိုးစားပါသော်လည်း သူ မကိုင်တော့ပါ။သူ့ရင်ထဲက ခံစားချက်တွေကို သိလိုက်ရပြန်တော့ ကျွန်တော့်ရင်ထဲ ဘယ်လိုကြီး ဖြစ်ကျန်ခဲ့မှန်းမသိ။နေလို့ မကောင်းဘူး။စိတ်ထိခိုက်ရတယ်။ဝမ်းနည်းရတယ်။သူ့ကို သနားပြီး သူအတွက် စိတ်မကောင်း ဖြစ်ရပါတယ်။
*************************************************
သူ့နာမည်က နိုင်နိုင်။သူဟာ ကျွန်တော့်ရဲ့ညီဝမ်းကွဲလေး၁ဦးပါ။သူ့အဖွားနဲ့ ကျွန်တော့် အဖိုးက တစ်အူထုံ့ဆင်း မောင်နှမ အရင်းတွေပါ။ဒီတော့ သူ့အဖေနဲ့ ကျွန်တော့် အမေဟာ မောင်နှမ တစ်ဝမ်းကွဲတွေ တော်ကြသလို သူနဲ့ ကျွန်တော်ဟာလည်း ညီအစ်ကို နှစ်ဝမ်းကွဲတွေ တော်ကြတာပေါ့။
ကျွန်တော့်အမေက သူ့အဖေထက် အသက်ကြီးသလို အိမ်ထောင်ကျတာလည်း စောပါတယ်။သူ့အဖေက လူပျိုကြီး ဘဝနဲ့ နေလာခဲ့ပြီး အတော်လေး အသက်ကြီးမှ သူ့အမေနဲ့ အိမ်ထောင်ကျတာပါ။သူ့အမေက မြန်မာလူမျိုးတစ်ယောက်တော့ မဟုတ်ဘူး။ကရင်လူမျိုး တစ်ယောက်ပါ။ဒါပေမဲ့ ဗုဒ္ဓဘာသာကို ကိုးကွယ်တယ်။
သူ့အမေနေထိုင်တဲ့ ရွာတွေက မြိုနဲ့ အလွန် ဝေးပြီး ခေါင်လည်း ခေါင်ပါတယ်။အဲဒီရွာတွေ ဘက်မှာ ကရင်လူမျိုးတွေ အများဆုံး နေထိုင်ကြတယ်။သဘာဝ တောတောင် လျှိုမြောင် စိမ့်စမ်းကြီးတွေ ပေါများတဲ့ နေရာဒေသ တစ်ခုပေါ့။အဲဒီမှာ ဒေသခံ ကရင်လူမျိုးတွေက ယာလုပ်ငန်းနဲ့ ဥယျာဉ်ခြံ လုပ်ငန်းတွေဖြစ်တဲ့ ကွမ်းသီးခြံ၊သီဟိုဠ်ခြံ၊ရာဘာခြံ၊ဒူးရင်းခြံ၊ကြက်မောက်ခြံ၊သရက်ခြံ၊မင်းကွတ်ခြံစတဲ့ ခြံလုပ်ငန်းတွေကို လုပ်ကိုင်ရင်း အသက်မွေးဝမ်းကျောင်း ပြုကြတယ်။
အဓိက လုပ်ငန်းကတော့ ကွမ်းသီးခြံ လုပ်ငန်းတွေပါပဲ။အဲဒီရွာတွေဘက်က ကွမ်းသီး အရမ်း ထွက်သလို ကွမ်းသီးပင်တွေကလည်း အရမ်း ပေါပါတယ်။ရေမြေ ရာသီဥတု ပထဝီ အနေအထားအရ အဲဒီ ရွာတွေ ဘက်မှာ တခြား အပင်တွေထက် ကွမ်းသီးပင်တွေ စိုက်ပျိုးတာက ပိုလို ဖြစ်ထွန်း အောင်မြင်ပုံရတယ်လို့ ထင်မိပါတယ်။ဒါကြောင့် ကွမ်းခြံတွေ ပေါတာ။
ကျွန်တော့် ဦးလေးက အရင်က ကုန်သည် လုပ်တယ်။သူတို့ အမေရဲ့ရွာတွေ ဘက်မှာ ငါးပိ၊ငါးခြောက်နဲ့ လူ့အသုံးအဆောင် ပစ္စည်းလေးတွေ၊အဝတ်အထည်လေးတွေ ကုန်ကူးပြီး သွားရောင်းတယ်။ပြန်လာရင် အဲဒီ ရွာတွေဘက်က ထွက်တဲ့ ကွမ်းသီးခြောက်တွေ ဝယ်လာပြီး မြို့မှာ ပြန်ရောင်းတယ်။
ဒီလိုနဲ့ သွားရင်း၊လာရင်း၊ကုန်ကူးရင်း သူ့အမေနဲ့ ကျွန်တော့် ဦလေးတို့ ဖူးစာဆုံပြီး ညားကြတာပေါ့ဗျာ။ဦးလေးက အရောင်းအဝယ်သမားဆိုတော့ လည်တယ်။ချက်ချာတယ်။ရုပ်ရည်လည်း အတော်အသင့် ကြည့်ကောင်းတယ်။ကျွန်တော့်ဦးလေးနဲ့ အိမ်ထောင်ကျတော့ သူ့အမေက မုဆိုးမ။ပထမ အိမ်ထောင်နဲ့ သားသမီး မထွန်းကားခဲ့ပါဘူး။သူ့အမေရဲ့ပထမ ယောက်ျားဖြစ်သူက အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားခဲ့တော့ သူ့အမေလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်ခဲ့ရတာပေါ့။သူ့အမေက ရုပ်ရည် အလွန် ချောမောတဲ့သူပါ။တောသူသာဆိုတယ် အသားကလည်း ဖြူဖွေးနေတာပဲ။
ဒါကြောင့်လည်း ကျွန်တော့်ဦးလေးက မျက်စိကျတာ နေမှာပေါ့ဗျာ။သူ့အမေနဲ့ ကျွန်တော့်ဦးလေးညားပြီး သား၂ယောက် ထွန်းကားခဲ့တယ်။သားကြီးနာမည်က မင်းမင်းတဲ့။ကျွန်တော့်ထက် ၁နှစ်ငယ်တယ်။သားငယ်နာမည်က နိုင်နိုင်ပေါ့။သူက ကျွန်တော့်ထက် ၄နှစ်လောက် ငယ်တယ်။မင်းမင်းက အနေအေးတယ်။လိမ္မာတယ်။စာတော်တယ်။မိဘအပေါ်လည်း သိတတ်တဲ့ သားကြီးပါ။သူ့ရဲ့ညီလေးဖြစ်တဲ့ နိုင်နိုင်ကိုလည်း အရမ်းချစ်တယ်။နိုင်နိုင်အပေါ်မှာလည်း အရမ်းကောင်းတယ်။အကြီးပီပီ အငယ်ကို အလိုလိုက်တယ်။ညှာတာတယ်။စာနာတယ်။အိမ်မှာ အကြီးဆုံးသား၊သားကြီး ဩရသပီပီ မိဘ အားကိုးရတဲ့ သားတစ်ယောက်ပေါ့။
နိုင်နိုင်ကတော့ မင်းမင်းနဲ့ မတူဘူး။မင်းမင်းလို အေးအေး ဆေးဆေး မနေတတ်ဘူး။ဖျတ်လတ်တယ်။သွက်လက်တယ်။ထက်မြက်တယ်။အိမ်မှာ အငယ်ဆုံးသား ပီပီ မိဘနဲ့ အစ်ကိုက အလိုလိုက်ထားတော့ မိဘနဲ့ အစ်ကို အပေါ်မှာ ဆိုးတယ်။နွဲ့တယ်။စိတ်ထင်ရင် စိတ်ထင်သလို လုပ်တတ်၊ကိုင်တတ်၊ပြောတတ်၊ဆိုတတ်တဲ့ အကျင့်လည်း ရှိတယ်။စိတ်လည်း ဆတ်ပြီး ဒေါသလည်း အလွန် ကြီးတယ်။မဟုတ်မခံ စိတ်ရှိသူပါ။
အဝတ်အစားဆိုလည်း မင်းမင်းက လူကြီးဆန်တဲ့ ပုံစံလေးတွေ ဝတ်တတ်သလို နိုင်နိုင်က လူငယ်ဆန်ပြီး ခေတ်မီတဲ့ ပုံစံလေးတွေ ဝတ်တတ်တယ်။ညီအစ်ကို ၂ယောက်စလုံးက အဖေချော၊အမေချောတော့ ရုပ်ရည်တွေက ပြောစရာကို မလိုဘူး။ အရပ် ထောင်ထောင် မောင်းမောင်းကြီးတွေနဲ့ အလွန် ချောမောကြတယ်။အထူးသဖြင့် အကြီးဖြစ်တဲ့ မင်းမင်းထက် နိုင်နိုင်က ပိုကြည့်ကောင်းပြီး ပိုချောတယ်။အသားလည်း ပိုဖြူသလို မျက်နှာလည်း ပိုချိုတယ်။ဒါပေမဲ့ နိုင်နိုင်မှာ အားနည်းချက်တော့ ရှိပါတယ်။သူရဲ့ အားနည်းချက်က သူ့မှာ မွေးရာပါ တက်တတ်တဲ့ ရောဂါ(ဝက်ရူးပြန်ရောဂါ)ရှိနေခြင်းပါပဲ။
ဒီရောဂါဖြစ်ရင် သူ့အနားမှာ အိမ်က လူ တစ်ယောက်ယောက် ရှိနေမှ ဖြစ်တာ။သူအကြောင်းကို သိတဲ့ မိဘတွေနဲ့ အစ်ကိုကတော့ သူ ဒီလို ဖြစ်ရင် ဘယ်လို ပြုစုကုသ ရမယ်ဆိုတာ သိတယ်။ဒါကြောင့် သူ့ကို သူ့မိဘတွေနဲ့ အစ်ကိုက သူဘယ်သွားသွား စိတ်မချဘဲ အမြဲ မျက်စိဒေါက်ထောက် ကြည့်နေကြရတာပေါ့။
ဒီရောဂါကြောင့်လည်း သူ့ကိုယ်သူ ရှက်ပြီး ပညာကို ဆုံးခမ်းတိုင်အောင် မသင်ခဲ့ရဘဲ ၇တန်းလောက်နဲ့ ကျောင်းထွက်ခဲ့ရပါတယ်။သူ့စိတ်က ကြည်လင်နေတဲ့အခါ ဒီရောဂါက အဖြစ်နည်းတယ်။ဖြစ်တာ ကျဲတယ်။စိတ်မကြည်လင်ရင်တော့ အဖြစ်များတယ်။ဖြစ်တာ စိပ်တတ်တယ်လို့ မင်းမင်းက ပြောတယ်။ဒါကြောင့် သူ့ကို စိတ်မဆင်းရဲစေဖို့ မင်းမင်းတို့က အထူး ဂရုစိုက်ပြီး အလိုလိုက် ထားရတယ်လို့ လည်း သိရပါတယ်။
ဦးလေးတို့ မိသားစုက စီးပွားရေး အဆင်ပြေကြတယ်။ဦးလေးက အိမ်ထောင်ကျပြီး ကွမ်းသီးခြံတွေ အများကြီး ဝယ်ယူစုဆောင်းထားတော့ တစ်နှစ်တစ်နှစ် သူ့ကွမ်းသီးခြံက ထွက်တဲ့ ဝင်ငွေတွေက မနည်းလှဘူး။သူတို့ ရွာက အိမ်မှာလည်း ကုန်စုံဆိုင် ဖွင့်ထားသေးတယ်။ဒါကြောင့် ရွာက အိမ်အပြင် မြို့ပေါ်က ရပ်ကွက်တစ်ခုမှာ နှစ်ထပ်အိမ်နဲ့ ခြံကိုလည်း ဝယ်ထားနိုင်တာပေါ့။
ကျွန်တော် ၁၀တန်းနှစ် ရောက်တော့ မြို့ပေါ်က ကျောင်းမှာ ကျောင်းပြောင်းပြီး သွားနေရတယ်။၁၀တန်းနှစ်က စာကလည်း များ၊ကျူရှင်တွေကလည်း နေ့မအား၊ညမအား ဆိုတော့ ကျွန်တော်မှာ နေ့တိုင်း ရွာကနေ အတက်အဆင်း လုပ်လို့ အဆင်မပြေတော့ပါဘူး။ဆယ်တန်းနှစ်က အရေးကြီးတယ်လေ။စာကိုပဲ ကြိုးစားပြီး ဖိလုပ်နေရတာ။
အဲဒီမှာ အမေက မြို့ပေါ်က ဦးလေးတို့ အိမ်မှာ လိုက်အပ်ပေးလို့ ဦးလေးတို့ အိမ်မှာ နေရင်း ကျောင်းတက်ခဲ့ရတယ်။အဲဒီတုန်းက ဦးလေးတို့ လင်မယားက သူတို့ ရွာက အိမ်မှာ အမြဲနေကြပြီး မြို့ပေါ်က အိမ်မှာတော့ အဖိုး(ဦးလေးရဲ့အဖေ)၊သူ့သား၂ယောက်၊တက္ကသိုလ်တက်နေတဲ့ သူတို့ ရွာက အစ်ကို ၁ယောက်နဲ့ ကျွန်တော်တို့ နေကြတယ်။
အိမ်က နှစ်ထပ်အိမ် ၊ခြံကလည်း အကျယ်ကြီး ဆိုတော့ နေရတာ အဆင်ပြေတယ်။လွတ်လွတ်လပ်လပ်လည်း ရှိတယ်။အဲဒီတုန်းက ကျွန်တော်က ၁၀တန်း၊မင်းမင်းက ၈တန်း၊နိုင်နိုင်က ၅တန်း ကျောင်းသားတွေပါ။မင်းမင်းနဲ့ ကတော့ အရင်ကတည်းက သိပါတယ်။ဦးလေးက ရွာမှာ ဆွေမျိုးတွေ အလှူရှိလို့ ဖိတ်ရင် မင်းမင်းကို အမြဲ ခေါ်လာလေ့ရှိတယ်။နိုင်နိုင့်ကိုတော့ တစ်ခါမှ ခေါ်လာလေ့မရှိဘူး။ဒါကြောင့် မင်းမင်းနဲ့ ကျွန်တော်တို့က ခင်မင် ရင်းနှီးမှု ရှိပြီးသား ဖြစ်ပေမဲ့ နိုင်နိုင်နဲ့တော့ သိပ်မသိဘူး။မြင်လည်း မမြင်ဖူးဘူး။ရင်းလည်း မရင်းနှီးဘူး။
သူက ငယ်တော့ ရောဂါအခံလည်း ရှိသူမို့ ဦးလေးက သူ့ကို ခရီးဝေး ခေါ်မလာခဲ့တာပဲ ဖြစ်ပါလိမ့်မယ်။အခုမှ သူတို့အိမ်မှာ နေမှ သူနဲ့ ရင်းရင်းနှီးနှီး ခင်မင် သိကျွမ်းခွင့်ရခဲ့တာပါ။သူက အစ်ကိုတွေကို အငယ်ပီပီ နွဲ့ဆိုးဆိုးတတ်တော့ သူ့ကို ကျွန်တော်က ကြည့်မရခဲ့ဘူး။ဒါပေမဲ့ သူကတော့ ကျွန်တော်ကို အစ်ကိုရင်း တစ်ယောက်လို ချစ်ရှာပါတယ်။သံယောဇဉ်လည်း ရှိရှာတယ်။ဘယ်သူမှ သင်ပေးစရာ မလိုဘဲ အဲဒီကတည်းက ကျွန်တော့်ကို ခေါ်တဲ့ သူ့ရဲ့အခေါ်အဝေါ်လေးက “ကိုလေး”တဲ့။
************************************************
၁၀တန်းနှစ် ၁နှစ်ပဲ ကျွန်တော် သူတို့ အိမ်မှာ နေဖြစ်ပါတယ်။၁၀တန်းအောင်ပြီး တက္ကသိုလ် တက်တော့ ရွာကနေပဲ နေ့ချင်းပြန် ဆိုင်ကယ်နဲ့ တက်ဖြစ်တော့တယ်။သူတို့ အိမ်လည်း သိပ်မရောက် ဖြစ်တော့ပါဘူး။သူတို့အိမ်က တက္ကသိုလ်နဲ့ ဝေးတယ်လေ။တက္ကသိုလ်က မြို့ပြင်မှာ။ပြီးတော့ ကျွန်တော်တို့နေတဲ့ မြို့နယ်ထဲမှာ တက္ကသိုလ်က ရှိနေတာဆိုတော့ ကျွန်တော်တို့ရွာနဲ့ ဆို ပိုနီးတယ်။အဲဒီကတည်းက သူနဲ့ ကျွန်တော် မတွေ့ဖြစ်ကြဘဲ ဝေးကွာ သွားခဲ့ရတယ်။ကျွန်တော်လည်း ကိုယ့်ကျောင်းနဲ့ ကိုယ်စာနဲ့ လုံးချာလိုက်ရင်း သူ့ကိုတောင် သတိ မရတော့ပါဘူး။
မြို့ထဲရောက်ရင်လည်း ဘာကြောင့်မှန်းမသိ သူတို့အိမ်ဘက် မသွားဖြစ်ဘူး။ကျောင်းပိတ်လို့ သူတို့ ရွာကို သွားလည်မယ်ဆိုရင်လည်း တော်ရုံနဲ့သွားဖို့ မလွယ်ပါဘူး။အိမ်မှာ အမေက ကုန်စုံဆိုင် ဖွင့်ထားတော့ ကျောင်းပိတ်ရင် အမေ့ရဲ့ဆိုင်လုပ်ငန်းတွေမှာ ကျွန်တော်က ဝင်ကူရတယ်။သူ့ရွာနဲ့ ကျွန်တော်တို့ ရွာကလည်း အဝေးကြီးပါ။မြို့နယ်ချင်းကလည်း မတူပါဘူး။ဒီတော့ သူနဲ့ ကျွန်တော် တော်ရုံနဲ့ မတွေ့ဖြစ်ကြတော့ဘူးပေါ့။
ကျွန်တော် တက္ကသိုလ် နောက်ဆုံးနှစ် တက်နေချိန်မှာ ဆယ်တန်းအောင်လို့ တက္ကသိုလ် ရောက်လာတဲ့ မင်းမင်းနဲ့ တက္ကသိုလ်မြေမှာ ပြန်ဆုံရတယ်။မင်းမင်းက ကျွန်တော့်ကို တွေ့တာနဲ့ ဝမ်းသာအားရနှုတ်ဆက်ပြီး အပြစ်တင်ပါတယ်။
“အစ်ကိုကလည်းဗျာ အနေစိမ်းလိုက်တာ။နေနိုင်တယ်နော်။အိမ်ကိုတောင် တစ်ခါမှ ရောက်မလာတော့ဘူး။နိုင်နိုင်ကတော့ အစ်ကို့ကို အမြဲ မေးနေတယ်။အစ်ကို့ဆီ အလည် သွားချင်တယ်လို့လည်း ကျွန်တော့်ကို အမြဲ ပြောတယ်။ကျွန်တော်လည်း မအားလို့ သူ့ကို မပို့ဖြစ်တာ။”
“ဟုတ်လား။အေးကွာ။ငါလည်း နိုင်နိုင်ကို သတိရပါတယ်။အခု နိုင်နိုင်ရော မြို့မှာပဲလား။သူ့ရောဂါရော ကောင်းသွားပြီလား။”
“မကောင်းပါဘူး အစ်ကိုရာ။အဖေလည်း သူ့ကို တတ်နိုင်သလောက်တော့ ကုပေးနေတာပဲ။ဒါပေမဲ့ မရဘူး။သူ့ရောဂါက ဝဋ်နာ၊ကံနာ ပါဗျာ။အခု သူ့ရောဂါကြောင့် ကျောင်းတက်လို့ မရတော့ဘူး။သူ့ကို ကျောင်းထုတ်လိုက်ရပြီ။သူ အခု မြို့မှာ မနေတော့ဘူး။ရွာမှာနေတယ်။”
“ဟာ ဟုတ်လား။ဖြစ်ရလေကွာ။နိုင်နိုင်က ညဏ်ကောင်းပါတယ်။သူ့ပညာရေးအတွက်တော့ နှမြောစရာပဲ။”
“နှမြောလည်း ဘယ်တတ်နိုင်မလဲ အစ်ကိုရာ။သူနဲ့ ကျွန်တော်က ကျောင်းမှ မတူတော့တာ။အရင်က သူ့ရောဂါဖောက်လာရင် သူနဲ့ ကျွန်တော်က ကျောင်းတူတော့ သူ့ကို ပြုစုကုသပေးလို့ ရတယ်။အရေးကြုံးရင် ကျွန်တော်ကို ပြေးပြီး လာခေါ်လို့ ရသေးတယ်။အခု သူနဲ့ ကျွန်တော်က ကျောင်းမှ မတူတော့တာ။သူ့အနားမှာ ကျွန်တော် ရှိမနေနိုင်တော့ဘူး။ဒါကြောင့် အဖေက သူ့ကို ကျောင်းထုတ်လိုက်ရတာပါ။”
“သူကရော။”
“သူလည်း မနေချင်တော့ပါဘူး။လူကြား သူကြားထဲ သူ ဒီလို ခဏ ခဏ ထထဖြစ်နေတာကို သူ့ကိုယ်သူ ရှက်တာလည်းပါပါလိမ့်မယ်။ကျွန်တော် ၁၀တန်းနှစ်မှာ သူ ကျောင်းထွက်လိုက်တာ။အဲဒီတုန်းက သူက မြို့သစ်အလယ်တန်းကျောင်းမှာ ကျန်ခဲ့တယ်။ကျွန်တော်က အထက်တန်းကျောင်းပြောင်းပြီး မြို့ထဲဘက် ရောက်သွားတော့ သူနဲ့ ကျွန်တော် ကျောင်းမတူတော့ဘူး။”
“အေးကွာ။ကြားရတာ စိတ်မကောင်းဘူး။ငါလည်း နိုင်နိုင်နဲ့ တွေ့ချင်ပါတယ်။နောက်တော့ မင်းတို့ ရွာကို အလည်လာရင်း တွေ့ကြတာပေါ့။”
မင်းမင်းနဲ့ တွေ့လို့ ကျွန်တော်လည်း စကားအဖြစ်သာ ပြောလိုက်ရတာပါ။သူတို့ ရွာက ဝေးပြီး ခေါင်လွန်းတော့ ကျွန်တော်လည်း သူတို့ ဆီကို တော်ရုံနဲ့ မရောက်ဖြစ်ခဲ့ပါဘူး။ဦးလေးတို့ မင်းမင်းတို့နဲ့တော့ ဒီကြားထဲ တွေဖြစ်၊ဆုံဖြစ်ကြပါတယ်။နိုင်နိုင်နဲ့တော့ လုံးဝ မတွေ့ဖြစ်တော့ပါဘူး။
*************************************************
နောင်၅နှစ်ခန့် ကြာတဲ့အခါ ကျွန်တော့်ဆီကို မမျှော်လင်ဘဲ နိုင်နိုင် တစ်ယောက် ရောက်ချလာပါတယ်။ဦးလေးနဲ့ အတူပါလာတာပါ။အရပ်ကြီးက ရှည်ထွက်ပြီး ငယ်ရုပ်တွေ ပျောက်လို့ လူပျိုကြီး ဖားဖား ဖြစ်နေတဲ့ နိုင်နိုင့်ကို ကျွန်တော် ရုတ်တရက် မမှတ်မိပါဘူး။သူကတော့ ကျွန်တော်ကို မှတ်မိနေတယ်။
သူနဲ့ ကျွန်တော် စကားတွေ အကြာကြီး ပြောဖြစ်ကြတယ်။သူ့ကို ကျွန်တော်က မေ့မေ့ပျောက်ပျောက် ရှိခဲ့ပေမဲ့ သူကတော့ ကျွန်တော့်ကို အခုထိ မမေ့သေးဘဲ အရင်လို အစ်ကို တစ်ယောက်လို ခေါ်ပြော ဆက်ဆံ ရင်နှီးမြဲပါပဲ။အဲဒီအတွက် သူ့ကို ကျွန်တော် စိတ်ထဲက ကြိတ်ပြီး အားနာရပါတယ်။
သူသွားချင်တဲ့ ရွာက အမျိုးတွေ အိမ်ကို လိုက်ပို့ပေးရတယ်။ရွာကို အလည်လာတဲ့ အတောအတွင်းမှာတော့ သူဟာ လူကောင်းပကတိ အတိုင်းပါပဲ။သူ့ရဲ့ရောဂါလည်း ရုပ်ပျက်ဆင်ပျက် တစ်ခါမှ ထမဖောက်ခဲ့ပါဘူး။ဦးလေးကတော့ ပြောပါတယ်။အဲဒါ သူ စိတ်ချမ်းသာနေလို့တဲ့။သူက ရွာမှာ ဆိုင်ကယ် စီးချင်တယ် ပြောတော့ ကျွန်တော်ကလည်း မစဉ်းစားဘဲ ပေးစီးလိုက်မိတယ်။သူ့ရောဂါကို ကျွန်တော် လုံးဝ ထည့်မတွက်ခဲ့မိဘူး။မေ့နေခဲ့တာပါ။ကျွန်တော်က သူ့ကို ဆိုင်ကယ်တွေ စီးခိုင်းပြီး ဟိုနား ဒီနား ခေါ်သွားတာကို ဦးလေးက သိတော့ ဘုရားတနေပါတယ်။
ဦးလေးက သူ့ရှေ့မှာတော့ ဘာမှ မပြောဘူး။သူ့ကွယ်ရာကျမှ ကျွန်တော့်ကို ခေါ်ပြောတယ်။နောက်တစ်ခါ သူ့ကို မစီးခိုင်းနဲ့တဲ့။ဆိုင်ကယ်စီးနေတုန်း သူ့ရောဂါ ထဖောက်လို့ တစ်ခုခု ထဖြစ်ရင် ဘယ်လို လုပ်မလဲတဲ့။ဟုတ်ပ။ဦးလေးပြောမှ ဒီအချက်ကို ကျွန်တော်လည်း သတိရပြီး ကြောက်သွားတယ်။ဦးလေးကို တောင်းပန်ရတယ်။နောက်တစ်ခါ သူ့ကို ဆိုင်ကယ် မစီးခိုင်းဖို့ ကိုယ့်ကိုယ်ကိုလည်း သတိပေးနေမိတယ်။
သူက ရွာကို အလည် သွားချင်တယ်။ကျွန်တော့်ကို တွေ့ချင်တယ်ပြောလို့ ဦးလေးက သူစိတ်ချမ်းသာအောင် တကူးတက လာပို့ပေးရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။သူရွာမှာ ၃ရက်လောက် နေသွားတယ်။နောက်တော့ သူတို့ ရွာကို ဦးလေးနဲ့ အတူ ပြန်သွားကြတယ်။
အဲဒီနောက်တော့ မြို့မှာ နေတဲ့ အဖိုး ကျန်းမာရေး ချူချာလာလို့ ရွာက သူ့သမီးကြီး(ဦးလေးရဲ့အစ်မ)အိမ်မှာ လာနေတော့ ဦးလေးနဲ့ နိုင်နိုင်တို့ သားအဖတွေ ရွာကို မကြာမကြာ ရောက်လာကြတယ်။အဖိုးကို လာရောက် ပြုစုကြတယ်။သိပ်မကြာဘူး။အဖိုး ရွာမှာပဲ ဆုံးသွားတယ်။အဖိုးဆုံးသွားပြီးတဲ့နောက်ပိုင်း သူတို့လည်း ရွာကို ရောက်မလာကြတော့ပါဘူး။
၁နှစ်လောက်ကြာတဲ့ အခါ ကျွန်တော်တို့ ဆီကို မမျှော်လင့်တဲ့ သတင်းဆိုးတစ်ခု ရောက်ရှိလို့ လာခဲ့ပါတယ်။အဲဒီ သတင်းကို ယူဆောင်လာသူက တခြားသူမဟုတ်။အမေ့ရဲ့အစ်မ ကြီးတော်ပါ။နိုင်နိုင် လူသတ်မှုဖြစ်လိုတဲ့။ရွာက ကြားရတဲ့ ကျွန်တော်တို့ ဆွေမျိုးစုတွေ အားလုံး အံ့ဩကုန်ကြတယ်။ဟ ဘယ်လို ဖြစ်ရတာလဲပေါ့။နောက်မှ ဦးလေး ရွာကို ရောက်လာပြီး အကျိုးအကြောင်း ပြောပြလို့ သိရပါတယ်။ဦးလေးလည်း တော်တော် ပိန်သွားတယ်။သားအတွက်နဲ့ စိတ်ပင်ပန်း၊လူပင်ပန်းဖြစ်ပြီး အတော် စိတ်သောက ရောက်ခဲ့ပုံပါပဲ။
သေသွားတဲ့ကောင်လေးက မင်းမင်းနဲ့ ကျောင်းနေဖက် ငယ်သူငယ်ချင်းလို့ ဆိုပါတယ်။အဲဒီ ကောင်လေးက နိုင်နိုင့်ကို တွေ့ရင် နာမည် မခေါ်ဘူး။ “ဟေ့ကောင် ဝက်ရူး၊ဟေ့ကောင် ဝက်ရူးပြန်”စသည်ဖြင့် မကြာမကြာ ခေါ်ခေါ်ပြီး စတတ်၊နောက်တတ်၊ပြောတတ်တယ်လို့ ပြောတယ်။နိုင်နိုင်တို့နဲ့ သူတို့ ရွာမှ အုပ်စုဖွဲ့ပြီး ဘောလုံး ကန်ကြရင်လည်း သူက လူတွေကြားထဲမှာ အဲလို မျိုး အမြဲခေါ်ပြီး နှိမ်တတ်၊အရှက်ခွဲတတ်တယ်တဲ့။
တစ်ချိန်မှာတော့ သူနဲ့ နိုင်နိုင်တို့ ဘောလုံးကန်ရင်း အခြေအတင် စကားများပြီး ရန်ဖြစ်ကြတယ်။အဲဒီမှာ သူက နိုင်နိုင်ကို အော်ဟစ် ဆဲဆိုပြီး “ဝက်ရူး၊ဝက်ရူး”နဲ့ အကြိမ်ပေါင်းများစွာ ခေါ်တယ်လို့ ပြောတယ်။သူ့ရဲ့ပျော့ကွက်၊အားနည်းချက် အရှိုက်ကို ဖိထောင်းဖန်များတော့ နိုင်နိုင် မခံချင်စိတ် ဖြစ်ရတယ်။
တစ်ခါလည်း မဟုတ်။နှစ်ခါလည်း မဟုတ်။သူ့ကို အမြဲ ဒီလိုပဲ နှိမ့်ချပြီး လူကြားထဲ အခေါ်ခံရ၊ဆက်ဆံခံနေရတော့ နိုင်နိုင်လည်း ကြာတော့ ရှက်ပြီး ခံပြင်းလာတာပေါ့။နိုင်နိုင်ဟာ အရင်လို ကလေးမဟုတ်တော့ဘူးလေ။အသက်၂၀အရွယ် လူပျိုကြီး ဖားဖားတောင် ဖြစ်နေပြီပဲ။သူလည်း ရှက်ရှာမှာပေါ့။
ပြီးတော့ အဲဒီ ကောင်လေးမှာ ညီမလေး တစ်ယောက်ရှိတယ်တဲ့။အဲဒီ ညီမလေးက နိုင်နိုင်နဲ့ လည်း ရွယ်တူ ဖြစ်နေတယ်ဆိုတော့ နိုင်နိုင့် သူငယ်ချင်းတွေက နိုင်နိုင့်ကို အဲဒီ ကောင်မလေးနဲ့ လူငယ်ချင်း သဘာဝ ဝိုင်းပြီး စကြ၊နောက်ကြရင်း ပေးစားကြတယ်။ဒါကို သူ့အစ်ကိုက သိသွားတော့ မကျေနပ်ဘူးပေါ့။
တစ်နေ့ သူတို့ ရွာလယ်က လူစည်ကားတဲ့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ထဲမှာ လူငယ်တွေ စုပြီး တချို့က လက်ဖက်ရည်သောက်ရင်း၊တချို့ကထိုင်ရင်း အာလာပသလ္လာပစကားတွေ ပြောနေကြတယ်။အဲဒီနေ့က ဥပုသ်နေ့ ။ဦးလေးတို့ လင်မယားက မနက်အစောကြီး ဘုန်းကြီးကျောင်းကို ဥပုသ်စောင့်ဖို့ ထွက်သွားကြတယ်။မင်းမင်းက အိမ်စောင့်။နိုင်နိုင်က သူ့သူငယ်ချင်းတွေနဲ့အတူရွာလယ်က အဲဒီလက်ဖက်ရည်ဆိုင်ထဲကို ရောက်နေကြတယ်။လက်ဖက်ရည်ဆိုင်ကလည်း နိုင်နိုင်တို့ အဒေါ်ရဲ့ဆိုင်လို့ ဆိုပါတယ်။
အချိန်က မနက်၁၀နာရီ။မိုးလေးကလည်း မသည်းပေမဲ့ ခပ်ဖွဲဖွဲလေးတော့ ရွာနေတယ်။အဲဒီအချိန် လက်ဖက်ရည်ဆိုင်ရှေ့ကို ဆိုင်ကယ်တစ်စီး ထိုးရပ်လာတယ်။ဆိုင်ကယ်ပေါ်မှ အဲဒီကောင်လေးက ဆင်းလာပြီး ဆိုင်ထဲကို ဝင်လာတယ်။နိုင်နိုင်တို့ ထိုင်နေတဲ့ စားပွဲဝိုင်းဘေးက ကပ်လျက်ရှိတဲ့ စားပွဲဝိုင်းမှာ ဝင်ထိုင်ရင်း လက်ဖက်ရည် မှာသောက်တယ်။ဒါကို နိုင်နိုင်တို့က သတိမထားမိကြဘူးတဲ့။
ဆိုင်ထဲမှာ လူကများတော့ သူတို့အာရုံနဲ့ သူတို့ ဖြစ်နေကြတာပေါ့။အဲဒီ အချိန် နိုင်နိုင်တို့ စကားဝိုင်းမှာ စကြနောက်ကြရင်းနဲ့ နိုင်နိုင့်ကို သူ့သူငယ်ချင်းတွေက အဲဒီ ကောင်လေးရဲ့ညီမနဲ့ စကြပါရော။ဒါကို ကပ်လျက် စားပွဲမှာ ထိုင်နေတဲ့ ကောင်လေးက ကြားတော့ မခံမရပ်နိုင်အောင် ဒေါသတွေဖြစ်ပြီး နေရာမှ ချက်ချင်း ထကာ နိုင်နိုင့်ကို အော်ဟစ်ဆဲဆိုရင်း ပြောပါတော့တယ်။
“ဟေ့ကောင် ဝက်ရူး။မင်းကများ ရာရာစစ ငါ့နှမကို မှန်းရတယ်လို့။မင်းလို အချိန်မရွေး ဝက်ရူးပြန်နေတဲ့ကောင်ကို ငါ့နှမက ယူစရာလားကွ။ဘာလုပ်ရမှာလဲ။မင်းနဲ့ ငါ့နှမနဲ့ တန်လို့လား။ကိုယ့်အဆင့်ကို ကိုယ်သိစမ်းပါ ဝက်ရူးရာ။”
အဲလို ပြောပြီး အဲဒီကောင်လေးက ဆိုင်ထဲမှ ချက်ချင်း ထထွက်သွားတယ်။ဆိုင်ကယ်ထိုင်ခုံကို သော့နဲ့ဖွင့်ပြီး ဆီတစ်ပုလင်း ဝယ်ထည့်နေတယ်။နိုင်နိုင်လည်း အဲဒီကောင်လေးက လူတွေကြားထဲ အော်ဟစ်ဆဲဆိုပြီး ပြောသွားတော့ ရှက်လွန်းလို့ ဒေါသဖြစ်ပြီး အသားတွေ တဆတ်ဆတ် တုန်လာတယ်။မျက်နှာကြီး ထူပူပြီး နီရဲတင်းမာလာတယ်။
အဲဒီနောက်တော့ နိုင်နိုင်ဟာ ဒေါသကြောင့် အမှား၊အမှန်ကို ဘာမှ မစဉ်းစားနိုင်တော့ဘူး။အနီးမှာ ထောင်ထားတဲ့ ထင်ခွဲတဲ့ ဓါးမတစ်ချောင်းကို ကောက်ယူပြီး ကောင်လေးနားကို တဟုန်ထိုး ပြေးသွာတယ်။ဘယ်သူမှ တားချိန်၊ဆွဲချိန် မရလိုက်ဘူး။ဒီလို ဖြစ်လိမ့်မယ်လို့လည်း ဘယ်သူမှ ထင်မထားဘူးပေါ့။အဲဒီနောက် နိုင်နိုင်ဟာ တဘက်သို့ လှည့်ပြီး ခေါင်းကို ငုံ့လို့ ဆီထည့်နေတဲ့ ကောင်လေးရဲ့လည်ပင်းကို ခုတ်ချပစ်လိုက်ပါတယ်။တစ်ချက်တည်းပါ။
ကောင်လေး လည်ပင်းမှ သွေးများ ဒလဟော စီးကျလာတယ်။အဲဒီအခါကျမှ ဆိုင်ထဲက လူတွေ အားလုံး အံ့ဩကုန်ကြတယ်။အဲဒီအချိန် အခုတ်ခံရတဲ့ ကောင်လေး က သွေးရူး သွေးတန်းနဲ့ သူလည်ပင်းကို သူ့လက်နဲ့ အုပ်ကိုင်ရင်း ပြေးနေသေးတယ်။ပြီးမှ မြေပြင်ပေါ်ကို ဘိုင်းခနဲ လဲကျသွားတယ်။ပြန်မထနိုင်တော့ဘူး။မြေပြင်ပေါ်မှာ မျက်လုံးကြီး ပြူးပြီး သူ့ခန္ဓာကိုယ်ကြီးက ဆန့်ငင် ဆန့်ငင် ဖြစ်နေတယ်။အတန်ကြာတော့မှ ကောင်လေး ငြိမ်သက်ရင်း မရှုမလှ အသက်ထွက်သွားရတယ်။သူ့လည်ပင်းမှ စီးကျလာတဲ့ သွေးစီးကြောင်းများက မိုးရေနဲ့အတူ မြေပြင်ပေါ်မှာ အိုင်ထွန်းလျက် ရှိနေပါတယ်။
အဲဒီအချိန်ကျမှ လူတွေ ဝိုင်းအုံ၍ စုပြုံကာ ရောက်လာကြပြီး နိုင်နိုင့်ကို ဆွဲသူကဆွဲ။ရွာလူကြီးတွေကို ခေါ်သူကခေါ်။သက်ဆိုင်ရာ မိဘတွေကို အကြောင်းကြားသူက ကြားနဲ့ လက်ဖက်ရည်ဆိုင် တစ်ဆိုင်လုံး ဆူညံရှုပ်ထွေးလို့ သွားခဲ့ပါတယ်။
နှုတ်မစောင့်စည်းမှုကြောင့် မသေသင့်ဘဲ သေဆုံးသွားရတဲ့ လူငယ်လေး တစ်ယောက်နဲ့ ရုတ်တရက် ဖြစ်တည်လာတဲ့ ရှက်စိတ်၊နာကျည်းစိတ်၊ခံပြင်းစိတ်တို့ကြောင့် ဒေါသတွေ မွှန်ထူပြီး အမှား၊အမှန် မခွဲခြားနိုင်ဘဲ၊စိတ်မထိန်းနိုင်ဘဲ စိတ်ထင်ရာ ချက်ချင်း လက်တုံ့ပြန်လိုက်မိတဲ့ လူငယ်လေး တစ်ယောက်တို့ရဲ့ ဇာတ်သိမ်းကား သမိုင်းမှာ အကျည်းတန်ခဲ့လေပြီ။
ဒီလူသတ်မှုကြောင့် နိုင်နိုင် ထောင်ကျခဲ့ပါတယ်။တရားရင်ဆိုင်နေတဲ့ အတောအတွင်း သူ့ကို စစ်ချက်ယူတဲ့ အခါမှာ သူ့ရောဂါက မကြာခဏ ထဖောက်တယ်။ဆိုးဝါး ပြင်းထန်လာတယ်။ဖြစ်တာ စိပ်လာလို့ ထောင်ဆရာဝန်တွေနဲ့ ကုသရတယ်။ရောဂါထဖောက်လို့ တရားသူကြီးက ရက်ချိန်းတွေလည်း ခဏခဏ ရွေ့ခဲ့ရတယ်လို့ သိရပါတယ်။ထောင်ထဲမှာ သူ့အပြစ်ကြွေးတွေကို အချိန်အများကြီးပေးပြီး ပင်ပန်းဆင်းရဲစွာနဲ့ ပေးဆပ်ခဲ့ရပါတယ်။
တစ်ယောက်က နှုတ်ကြောင့် သေသွားရတယ်။တစ်ယောက်က လက်ကြောင့် သူ့ဘဝ ကြေမွပျက်စီးသွားရတယ်။နိုင်နိုင်မှာ လူသတ်မှုဖြင့် ထောင်ကျသွားရပြီး ထောင်က လွတ်လာပြန်တော့လည်း သူ့ဘဝ တစ်လျှောက်လုံး ထောင်ထွက် လူသတ်သမားဆိုတဲ့နာမည်ဆိုးကြီးက တွင်ကျန်ခဲ့ပြီလေ။လူ့ပတ်ဝန်းကျင်၊လူ့အသိုင်းအဝိုင်းက ရှောင်ဖယ်စက်ဆုပ်ကြတဲ့ အမည်နာမ အမည်းစက်ဆိုးကြီးက စွန်းထင်း ညစ်ပေခဲ့ရပြီလေ။
စဉ်းစားကြည့်ရင် သတိသံဝေဂရစရာ သင်ခန်းစာတွေ အများကြီးပါ။စခြင်း၊နောက်ခြင်း ဆိုသည်မှာ လိုတာထက် ပိုမလုပ်ကောင်းပါ။ပို မလုပ်သင့်ပါ။ပိုလုပ်သင့်သော အရာလည်း မဟုတ်ပါ။လိုတာထက် ပိုလုပ်မိပါက အရာရာအတွက် ကောင်းကျိုးကို ဖြစ်မလာစေဘဲ ဆိုးကျိုးသာ ဖြစ်ဖို့ များလာနိုင်ပါတယ်။
လူတိုင်း လူတိုင်းမှာ အားနည်းချက်၊အားသာချက်ဆိုတာ ကိုယ်စီရှိကြပါတယ်။ဘယ်သူမှ ပြောစရာ မလွတ်ကြပါဘူး။အရာရာမှာ အားလုံး ပြောစရာမလွတ်ဘဲ ပြီးပြည့်စုံနေတဲ့ လူမျိုးဆိုတာ ရှားပါတယ်။သူတစ်ပါးရဲ့အားနည်းချက်ကို ကဲ့ရဲ့ပြီး နစ်နာတဲ့ စကားလုံးမျိုးနဲ့ လူပုံအလယ်မှာ အရှက်ခွဲတာမျိုး မဖြစ်ပါစေနဲ့။အကြိမ်ကြိမ် အဖန်ဖန် သူတစ်ပါး စိတ်ဒဏ်ရာ ရအောင် မရှုံ့ချမိပါစေနဲ့။ အရာရာကို မေတ္တာနှလုံးသားများနဲ့ ကိုယ်ချင်းစာ စိတ်ထားပြီး ကြည့်နိုင်၊မြင်နိုင်ကြပါစေ။
တစ်ခုခုဖြစ်ရင် စိတ်အလော မကြီးပါနဲ့။ဒေါသမကြီးပါနဲ့။ဒေါသကို အတတ်နိုင်ဆုံး ထိန်းပါ။ဒီဒေါသစိတ် ခဏလေးကို မထိန်းနိုင်လို့ ကျူးလွန်မိတဲ့ အပြစ်ဒဏ်နဲ့ မထိုက်တန်တဲ့ ပေးဆပ်မှု အကြီးကြီးတွေကို ကိုယ့်ဘဝမှာ ပေးဆပ်ရဖို့ ဖြစ်လာနိုင်ပါတယ်။ ဒေါသကြီးပြီး စိတ်လောကြီးကြီးနဲ ဆုံးဖြတ်မိရင် အမှား များနိုင်ပါတယ်။သတိတရားကို လက်ကိုင်ထားပြီး အရာရာကို စဉ်းစား ချင့်ချိန် ဝေဖန် ဆုံးဖြတ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်လိုက်ရပါတယ်။
*************************************************
အားပေးမှုကို ကျေးဇူးတင်လျက်
ဆက်လက်ကြိုးစားပါဦးမည်။
#စစ်နိုင်ထွန်း