နှောင်းတမြေ့မြေ့

နှောင်းတမြေ့မြေ့(စ/ဆုံး)

———————–

ကောင်းကင်တွင်တရိပ်ရိပ်တက်လာသော တိမ်ညိုတိမ်လိပ်များအား မော့ကြည့်ရင်း ဆရာလေး ခေမာ သက်ပြင်းမောကြီးတစ်ချက်အား ချလိုက်မိသည်။
လေများတဖြူးဖြူး တိုက်ခတ်လာသည်နှင့်အမျှ လွင့်ဝဲကျလာသော သစ်ရွက်ခြောက်များက ဆရာလေး ခေမာ၏ အနီးအနား၌ ပျံ့ကြဲလျှက် …

အရွက်ဟောင်းကြွေ ရွက်သစ်ဝေတတ်သော သစ်ပင်စိမ်းစိမ်းကြီးများကို ကြည့်ကာ ဘေး၌ရှိသော ရိုးတံရှည် တံမြက်စည်းကြမ်းကြီးကို ကိုင်လျှက် ဆရာလေးခေမာ လေးပင်စွာ ထလိုက်မိသည်။

ထို့နောက် ရေညှိများတက်နေသော အုတ်ဂူဟောင်း တစ်ခုထက်မှ သစ်ရွက်ခြောက်များကို တံမြက်စည်းကြမ်းနှင့် လှဲချလိုက်ပြီး.. အုတ်ဂူ၏ ပတ်ဝန်းကျင်ရှိသစ်ရွက်ခြောက်များကိုလည်း လှဲကျင်းစုပုံ ကာ အသင့်ယူဆောင်လာသော အိတ်အမဲထဲ ကြုံးထည့်လိုက်သည်။

ထို့နောက် အုတ်ဂူ၏ ဘေးတွင် ပေါက်ရောက်နေသော မြက်ပင်ရှည်ကြီးများက လေတိုက်သောအခါ တရှဲရှဲ အသံမြည်ကာ ယိမ်းနွဲ့လှုပ်ရှားလျှက် ရှိကြလေသည်။

“ဆရာလေး မြက်ပင်‌တွေ ရှင်းလိုက်တော့မယ်နော်”

အနီးကပ်ကြားလိုက်ရသော အသံကြောင့် ဆရာလေးခေမာ လှည့်ကြည့်လိုက်ပြီး နောက်

“အေး..အေး ဒကာမလေး သာဓု သာဓု သာဓု ပါကွယ်”

ဆရာလေးက အုတ်ဂူပေါ်တွင်ရေးထိုးထားသောကဗ္ဗည်းအား ကြည့်လိုက်လေသည်။

မယဉ်မေ
အသက် (၂၂)နှစ်
2.8.2002 ခုနှစ်၌ ကွယ်လွန်သည်။

ကြာခဲ့လေပြီ။နှစ်ပေါင်း နှစ်ဆယ်နီးပါးကြာခဲ့ပြီ ဖြစ်သော်လည်း နှစ်စဉ် ထိုအုတ်ဂူလေး ရှိရာသို့ ဆရာလေးခေမာ ရောက်လာမြဲပင်။

ဆရာလေး ခေမာ၏ မျက်၀န်းထဲ၌လည်း အတိတ်၏ ပုံရိပ်တို့သည်လည်း တဖြေးဖြေး ပြန်လည်မြင်ယောင်လာခဲ့လေသည်။

” မမ..ညီမလေးကျောင်းသွားတော့မယ်နော် ..မုန့်ဖိုးပေးဦး ”

“ရော့ ..ညီမလေး …မတည့်တာတွေ ၀ယ်မစားနဲ့ …စာကြိုးစားနော် ..ဒီနှစ် ဆယ်တန်းကို နှစ်ချင်းပေါက် အောင်မှဖြစ်မယ် ..ဒါမှ ညီမလေး အရမ်းဖြစ်ချင်တဲ့ ဆရာမ လေးဖြစ်မှာ ”

“စိတ်ချမမ ..ညီမလေး ကြိုးစားပါ့မယ် ..သွားပြီနော်မမ တာ့တာ ”

အဖြူအစိမ်းလေးနှင့် ဆံပင်လေး နှစ်ခွ စည်းကာ ထွက်ခွာသွားသော ညီမဖြစ်သူအား ကြည့်ရင်း ယဉ်ဆွေ ပြုံးနေမိသည်။

အဟွတ်..ဟွတ်

“အမေ ..သက်သာရဲ့လား အမေရယ်..ဆန်ပြုတ်လေးသောက်ပြီး .. ဆေးသောက်ရအောင်နော်”

ကင်ဆာရောဂါသည်မိခင်ကြီးအား ယဉ်ဆွေ ပွေ့ထူရင်း ဆန်ပြုတ်လေးအား ခပ်ကာ တိုက်လိုက်၏။

ယဉ်‌ဆွေ ၏ မိခင်က မုဆိုးမတစ်ဦးဖြစ်လေသည်။
ယဉ်ဆွေ ငါးတန်းနှစ်၌ ဖခင်ဖြစ်သူက ဦးနှောက်ထဲ ငှက်ဖျား ပိုး၀င်ကာသေဆုံးခဲ့လေသည်။

ထိုစဉ်က ညီမဖြစ်သူ ယဉ်မေက နှစ်တန်းကျောင်းသူလေးမို့ ဖခင်သေဆုံးမှုအပေါ် သိပ်မသိသေးပေ။

ဖခင်မရှိတော့သည့် နောက်ပိုင်းတွင် မိခင်ဖြစ်သူက နောက်အိမ်ထောင်မပြုပဲ အ‌ကြော်ရောင်းကာ သူတို့ညီအစ်မ နှစ်ဦးအား ရှာဖွေ ကျွေးမွေးခဲ့လေသည်။

မိခင်၏ အကြော်ရောင်းရငွေက စားလောက်ရုံသာ ရှိသည်မို့ ယဉ်ဆွေတို့ ကျောင်းစရိတ်အား ထောက်ပံ့မပေးနိုင်တော့။

ယဉ်ဆွေ ရှစ်တန်းနှစ်၌ မိခင်ဖြစ်သူ၏ ကျန်းမာရေးက တရှောင်ရှောင် ဖြစ်လာသောအခါ

“အမေ ..သမီးကျောင်းထွက် လိုက်တော့မယ်..
ညီမလေးကို ပညာတတ်ကြီးဖြစ်တဲ့ အထိ သမီးထောက်ပံ့ပေးချင်တယ်..ပြီးတော့ အမေကလဲ ကျန်းမာရေး မကောင်းတော့ နားသင့်ပါပြီ အမေရယ်”

” သမီးလေးရယ် အမေက ကျန်းမာရေးမကောင်းတော့ အကြော်တောင် မရောင်းနိုင်တော့ဘူးသမီးရယ်..အမေ သမီးလေးကို ကျောင်းဆက်မထားနိုင်တော့တဲ့အတွက် စိတ်မကောင်းလိုက်တာ ကွယ်..သမီးအဖေက သမီးလေးကို ကျောင်းဆရာမလေး သိပ်ကို ဖြစ်စေချင်ခဲ့တာပါ သမီးရယ်”

“အမေရယ် စိတ်မကောင်း မဖြစ်ပါနဲ့နော် ..သမီး ကျောင်းဆရာမ မဖြစ်လဲ ညီမလေး ကို ကျောင်းဆရာမဖြစ်အောင် သမီးပြုစု ပျိုးထောင်ပေးမှာပါ..အမေ စိတ်ချမ်းချမ်းသာသာနေပါ နော်”

” သာဓု သာဓု သာဓုပါ သမီးရယ် … အမေ့သမီးသူတော်ကောင်းမလေး ဘုန်းကြီးလို့ အသက်ရှည်ပါစေ သာသနာပြုနိုင်တဲ့ သူတော်ကောင်းမကြီး ဖြစ်ပါစေကွယ်”

Xxxxxxxxxxxxxxxxxxxxxxxxxxxxx xxxxxxxxxx

အခန်း(၂)

“ဟောဒီက အကြော်ပူပူလေး..မပဲကြော်..ဘယာကြော် ..မြင်းခွာရွက်ကြော် ..ကြက်သွန်ကြော်တွေ ပါတယ်နော်”

မနက်ခင်း ရောင်နီသန်းချိန်၌ ရပ်ကွက်လေးထဲတွင် ယဉ်ဆွေ၏ အကြော်စုံ ရောင်းချသံလေးက နေ့စဉ် အချိန်မှန် ထွက်ပေါ်နေကျပင်။

“အကြော်စုံသည် လာပါဦးတော့”

“လာပြီကြီးမြရေ လာပါပြီရှင့် ”

“ညည်းအမေသက်သာရဲ့လားအေ ၊ထုံးစံ အတိုင်းသာ ထည့်ဟေ့ ၊ညည်းမောင် ဖိုးလုံးက ညည်းဆီက အကြော်မှ မဟုတ်ရင် မစားဘူးတော့”

” အင်းပါ ကြီးမြရဲ့ ..ရော့ ဒါက ဖိုးလုံးကြိုက်တဲ့ ကြက်သွန်ကြော် နှစ်ခု အပိုပေးလိုက်တာနော် ကြီးမြ”

” ညည်းတောင် အပျိုမကြီး ဖြစ်နေပြီ၊ လှလာလိုက်တာ ယဉ်ဆွေရယ် ၊ရည်းစားတွေ ဘာတွေ ရှိနေပြီလားအေ့ ”

“အမလေး ကြီးမြရယ် ဘယ်ကလာ ရည်းစားရှိရမှာလဲ ညီမလေးက ဒီနှစ်ဆယ်တန်းလေ၊ညီမလေး ကလဲ ဒီနှစ်ဆယ်တန်းမို့ ကျူရှင်လခ မနည်းစုနေရတယ် ကြီးမြရယ်၊အမေက လည်း ကင်ဆာရောဂါနဲ့မို့ ဆေးဖိုးကလဲ သောက်သောက်လဲပဲ၊ရည်းစားမပြောနဲ့ ယားလို့တောင်မကုတ်အားဘူး ကြီးမြရဲ့၊မနက်အကြော်ရောင်းပြီး နေ့လည်အသုတ်စုံရောင်းဖို့ လုပ်ရဦးမှာ ”

“အေးပါ ယဉ်ဆွေရယ် သာဓု သာဓု သာဓုပါ အေ ၊ညည်းလိုသမီးမျိုးတော့ ရှာမှရှားပါပဲ အေ”

” ဟောဒီက အကြော်စုံ ပူပူလေး ”

ထွက်သွားသော ယဉ်ဆွေ၏ နောက်ကျောအား ကြည့်ကာ

” လိမ္မာလိုက်တာ ယဉ်ဆွေလေးရယ်”

ဒေါ်မြတစ်ယောက် တီးတိုးရေရွတ်လိုက်၏ ။

ယဉ်ဆွေ အိမ်သို့ပြန်ရောက်သောအခါ ညနေပင် ရောက်နေလေပြီ။

ယဉ်ဆွေ ခေါင်းမှ ခေါင်းခု အဖြစ်အသုံးပြုသော ပုဆိုးစလေးဖြင့် မျက်နှာမှ ချွေးကို သုတ်လိုက်ပြီး

“ညီမလေး စာမေးပွဲ ဖြေနိုင်ရဲ့လားဟင်”

” ဖြေနိုင်တယ်မမ ညီမလေး အောင်မှာစိတ်ချ၊နက်ဖြန်နောက်ဆုံး ဘာသာပဲ ကျန်တော့တယ် ”

” အဟင်း..ဟင်း ..အား ..နာလိုက်တာ..အမေ့ ခြေထောက်က မီးစနဲ့ ထိုးနေသလိုပဲ သမီးတို့ရယ်..ဓာတ်ကင်ပြီးနောက်ပိုင်း အရမ်းပူလိုက်တာကွယ်”

” အမေ၊အားတင်းထားပါနော်..ညီမလေး ဆယ်တန်းအောင်ပြီးရင် ဆရာအတတ်သင်တန်းကျောင်းတက်ပြီး ဆရာမလေး ဖြစ်တော့မှာ လေ အမေရဲ့”
ယဉ်ဆွေ၏စကားသံအဆုံး၌ ယဉ်မေကလဲ

” အမေ ဘာမှမဖြစ်ဘူး အားတင်းထားနော်၊သမီးဆယ်တန်းကို နှစ်ချင်းပေါက်အောင်မှာပါ အမေရဲ့”

” အေးပါကွယ်”
လေသံဖျော့ဖျော့ ဖြင့်ပြောနေသော မိခင်အား ယဉ်ဆွေ အားမရ။

ညီမလေးရှေ့မို့လည်း မငိုရဲ။နက်ဖြန်စာမေးပွဲ ဖြေဖို့ ကကျန်သေးသည်မဟုတ်လား။

မနက်လင်းတော့ ယဉ်ဆွေ မိခင်ဖြစ်သူအခန်းထဲ ၀င်ကြည့်ရာ မိခင်ဖြစ်သူမှာ အေးစက်တောင့်တင်းနေပေပြီ။

ယဉ်ဆွေ အံကိုကြိတ်ကာ တစ်ချက်ရှိုက်လိုက်သည်။
မေမေဆုံးတာ ညီမလေး သိ၍မဖြစ်။
မေမေဆုံးလျှင် ညီမလေး စာမေးပွဲ သွားဖြေတော့မည်မဟုတ်။
ထို့ကြောင့် ယဉ်ဆွေ၀မ်းနည်းမှုအား မြိုသိပ်ကာ

” ညီမလေး မမ အမေ့ကို အစောကြီး ဆေးတိုက်ထားလို့ မေမေ အိပ်နေတယ်။ခုမမ မေမေ့ အတွက် ဆန်ပြုတ်ကျိုလိုက်ဦးမယ်။
ညီမလေးစာမေးပွဲ ဖြေသွားရင် မေမေ့အခန်းထဲ ၀င်ပြီးမနှုတ်ဆက်နဲ့တော့ မေမေ အိပ်ပါစေ”

ယဉ်ဆွေ ညီမဖြစ်သူအား ပြောကာ မီးဖိုခန်းထဲ၀င်ကာ အားရပါးရ ငိုချလိုက်သည်။

“မမငိုနတောလား”

“မဟုတ်ပါဘူး ညီမရယ် ထင်းတွေက စိုနေလို့ မီးခိုးတွေ အရမ်းမွှန်နေတာ၊ ဒီနေ့ အမေနိုးလာရင် ဆေးပြရမှာမို့ အကြော်‌ေရာင်း မထွက်တော့ဘူး”

ပြောရင်း အသံက သိမ်၀င်သွားသည်မို့
“ညီမလေးရေ မီးခိုးတွေ အရမ်းမွှန်နေတာ မမဆီမလာနဲ့တော့ ”

“ဟုတ်မမ..ဒါဆိုညီမသွားပြီနော် ..တာ့တာ”

” အေးညီမလေး ဖြေနိုင်ပါစေကွယ်”

ထွက်ခွာသွားသော..ယဉ်မေ၏ ကျောပြင်လေးအားကြည့်ကာ မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလာလေသည်။

အတန်ကြာမှ

” အမေ..အမေရယ်..သမီးတို့ကို စိတ်ချသွားပြီလားအမေရဲ့ ..အဟင့်…ဟင့်”

ယဉ်ဆွေ အော်ငိုသံကြောင့် ဝိုင်းကပ်လျှက် မှ ဘိုးလှအောင် အပြေးရောက်လာပြီး

” ဟင် မခင်လှ ဆုံးသွားပြီလား တူမကြီး ”

” ဟုတ်တယ်ဘိုးရယ် မနက်လင်းတော့ အမေက တစ်ကိုယ်လုံး တောင့်ခဲနေပြီ၊ဘယ်အချိန်ကတည်း ဆုံးသွားတယ်မသိပါဘူး ဘိုးရယ်”

” ဟေ ဟုတ်လား ၊အငယ်မက သူ့အမေဆုံးတာ မသိဘူးလား ”

“သူ ဒီနေ့ စာမေးပွဲ နောက်ဆုံးရက်လေဘိုးရယ်၊
အမေဆုံးတာသိရင် သူဘယ်လိုလုပ်စာမေးပွဲ ဖြေနိုင်ပါတော့မလဲ ဘိုးရဲ့ ၊အာ့ကြောင့် အမေ အိပ်နေတယ်ပဲ ပြောလိုက်တာပါ ဘိုးရယ် အဟင့်..ဟင့်”

” ဟုတ်တာပေါ့ ငါ့တူမရယ်၊ ညည်း တော်ပါတယ်ကွယ်၊ သေပြီးတဲ့လူက ပြန်မှ မရှင်နိုင်တော့တာ သူပြန်လာမှ သိပါစေလေ ၊ ကဲ ငိုနေလို့တော့ မပြီးသေးဘူး၊ လုပ်စရာရှိတာ လုပ်ရမယ် ”

“ဟေ့ ကျော်ဆွေ ရေ ၊ရပ်ကွက် ဥက္ကဌ အိမ် သွားအကြောင်းကြားဟေ့ ၊ လူစုလာခဲ့ ကနဖျင်း ထိုးရအောင် ၊ ဖိုးနီ ကို အခေါင်းသွား မှာခိုင်ဟေ့ ၊
ညိုတုတ်ကို အလောင်း ရေလာချိုးဖို့ ပြောလိုက်ဦး”

ဘိုးလှအောင်၏ စီမံမှုကြောင့် တခဏ အချိန်အတွင်း ယဉ်ဆွေတို့ အိမ်လေးသည် အသုအိမ်အဖြစ် ရုပ်လုံးပေါ်လာလေသည်။

Xxxxxxxxxxxxxxxxxxxxxxxxxxxxx xxxxxxxxxx

အခန်း(၃)

ယဉ်မေ စာမေးပွဲ ဖြေပြီး ပြန်လာသော အခါ ရပ်ကွက်ထဲမှ လူများက ယဉ်မေအား ဝိုင်းကြည့်နေကြလေသည်။
သူတို့ဘာကြောင့် ကြည့်ကြသည်ကို ယဉ်မေတွေးမရခဲ့။

လမ်းထိပ်ဖက်က တူးမာနှင့် သူ၏ သူငယ်ချင်းများက ယဉ်မေကို တွေ့သောအခါ မဲ့ကာ ရွဲ့ကာဖြင့်
” အမလေး မအေတစ်ယောက်လုံး သေတာတောင် သနပ်ခါး အဖွေးသားနဲ့ စာမေးပွဲ သွားဖြေသေးတယ်၊တော်တော်လေး အမေကိုချစ်ပုံရတယ်”

“ဟုတ်ပဟယ် ပညာကအတော်အရေးကြီးနေတာလေ၊ ငါသာဆို အမေသေမှန်းသိလျှက်နဲ့ စာမေးပွဲ မဖြေနိုင်ပါဘူးအေ ”

ဟင် ..အမေ သေပြီ ဆိုပါလား။

ယဉ်မေ အိမ်သို့ အပြေးပြန်ရောက် လာသော အခါ အိမ်ရှေ့တွင် ကနဖျင်း ထိုးထားသည်ကို တွေ့လိုက်ရသောအခါ

” အမေ..အမေသေပြီလား..မမ ဘာလို့ မပြောတာလဲ ..အမေသေတာကိုဘာလို့ မပြောတာလဲ..အဟင့်ဟင့်၊ ခုတော့ ရပ်ကွက်ထဲက ညီမလေးကို ကဲ့ရဲ့ကြပြီ အမေတစ်ယောက်လုံး သေတာတောင် သနပ်ခါး အဖွေးသားနဲ့ စာမေးပွဲ သွားဖြေလို့ ကဲ့ရဲ့ ကုန်ကြပြီ”

“ညီမလေးကို ပြောလိုက်ရင် စာမေးပွဲ ‌ဘယ်ဖြေနိုင်တော့ မှာလဲ ညီမရယ်…အမေက ညီမလေး ကို ပညာတတ်ကြီး သိပ်ဖြစ်စေချင်တာလေ.”

” တော်စမ်းပါ မမ၊ မမလိမ်လို့ ယဉ်မေ အပြောခံရတာ၊ ဘာလဲ မမက ညီမဆယ်တန်း မအောင်မှာ သိပ်ကြောက်‌တယ်လား..ဆယ်တန်း မအောင်ရင် ခိုင်းစားလို့မရတော့ မှာ ကြောက်တာလား၊သူကျတော့ သူတော်ကောင်းမကြီးပေါ့၊ယဉ်မေကတော့ အမေသေတာတောင် စာမေးပွဲ သွားဖြေတဲ့ ကောင်မပေါ့ ဟုတ်လား”

” တော်တော့ ငါ့တူမ ၊နင့်အစ်မက နင့်ဘ၀လေး ထိခိုက်မှာစိုးလို့ ၊ တစ်နှစ်လုံး ကြိုးစားခဲ့သမျှ တစ်ရက်ထဲ နဲ့ ကျရှုံးသွားမှာ စိုးလို့ စေတနာနဲ့ လိမ်ခဲ့တာ ၊လိမ်တယ်ဆိုတာလည်း ညည်းဘ၀ အတွက်ပဲ”

ဘိုးလှအောင် ၏ စကားကြောင့် ယဉ်မေက မဲ့ပြုံး ပြုံးလိုက်ပြီး

” ဟုတ်ပါတယ် ဘိုး၊ ကျမက ကျေးဇူးမသိတတ်သူ၊ မမကသာ သူတော်ကောင်းမကြီး ဟုတ်ပြီလား”

” တော်ပါတော့ ညီမလေးရယ်၊ မမတောင်းပန်ပါတယ်၊ အမေသိရင် စိတ်မကောင်းဖြစ်နေပါ့မယ်၊ ညီမလေး မမကို မကျေနပ်လို့ ပြောချင်ရင် အမေ့ကိစ္စ မြေချ ပြီးမှ ..မမကို ကြိုက်သလိုပြော ဟုတ်ပြီလား”

” တော်ပါပြီ မယဉ်ဆွေ ၊ရှင့်ကြောင့် ကျမ အရပ်ထဲ အပြောခံလိုက်ရပြီ၊ ခုလဲ သူတော်ကောင်းမအ ဖြစ်ဟန်ဆောင်မနေနဲ့တော့၊
ရှင်နဲ့ကျမ ပြောစရာ စကားတွေ မရှိတော့ဘူး ၊အ‌မေ့ ကိစ္စ မြေကျပြီးရင်လဲ ကျမမျက်နှာ မတွေ့ စေရတော့ဘူး ”

ယဉ်မေ အံကိုကြိတ်ကာ အိမ်ထဲ ၀င်သွားလေသည်။
ယဉ်ဆွေက မိခင် အလောင်းဘေး၌ ကျုံ့ကျုံ့လေး ထိုင်ကာ ငိုနေလေသည်။

ငိုနေသောယဉ်ဆွေအနီးသို့ ဒေါ်မြကရောက်လာပြီး

” ကဲ ငါ့တူမ စိတ်မကောင်းဖြစ်မနေပါနဲ့၊ တစ်နေ့ ညည်းစေတနာကို သူနားလည်လာပါလိမ့်မယ်အေ”

“ယဉ်ဆွေ စိတ်မကောင်းဖြစ်လွန်းလို့ပါ ကြီးမြရယ်၊ အမေကလည်း ဆုံး၊ ညီမဖြစ်သူကလည်း အထင်လွဲနဲ့၊ ကံကိုက ဆိုးလွန်းလို့ပါ ”

‌ယဉ်ဆွေ၏ မိခင်အလောင်းမြေချပြီး နောက်ရက်တွင် ညီမဖြစ်သူ ယဉ်မေက သူမ၏ အ၀တ်အစားအချို့ယူကာ အိမ်မှ ထွက်သွားလေသည်။

ယဉ်ဆွေ တစ်ယောက် မိခင်သေဆုံး၍ သောက ရောက်ရသည်က တစ်မျိုး ၊အပျိုအရွယ်လေး ညီမဖြစ်သူ ပျောက်သွားသည်က တစ်ဖုံမို့ အရူးမီးဝိုင်းဖြစ်ကာ တစ်ငိုငို တစ်ရယ်ရယ်နှင့် ထမင်းပင်မစားနိုင်ပါချေ။

“ယဉ်ဆွေ သမီး”

ယဉ်ဆွေ အိပ်နေရာမှ မိခင်ဖြစ်သူ အသံကြောင့် နိုးလာလေသည်။

“ဟင်…အမေ”

နန်း၀တ်နန်းစားနှင့်မိခင်ဖြစ်သူအားတွေ့လိုက်ရသောအခါ ယဉ်ဆွေ အံ့ဩသွားလေသည်။

“အမေသမီးဆီ လာတယ်နော်၊ အမေ ညီမလေး မရှိတော့ဘူး၊ အိမ်ကနေထွက်သွားပြီအမေ၊ညီမလေး သမီးကိုမုန်းသွားပြီ”

” အမေသိတယ်သမီး၊ အမေအားလုံးသိတယ်၊ သမီးညီမလေးကို ဘယ်လောက်ချစ်လဲ အမေသိတာပေါ့ သမီးရယ်၊
သမီးက သူတော်ကောင်းမကြီးပါကွယ်၊ သမီးအရင်လို အလုပ်လုပ်ပါကွယ်၊
သမီးက ခုလိုမစားမသောက်နဲ့ နေပြီး သေသွားရင် သမီး ညီမလေးကို ဘယ်သူ စောင့်ရှောက်မှာလဲ ၊
သမီးက သာသနာပြုရဦးမှာလေသမီး၊
အမေကခု နဂါးရုံဘုရားက သိုက်မှာ စောင့်နေရတယ်သမီး၊
ကံမကုန်ရင် သမီးနဲ့ အမေပြန်ဆုံကြရမှာပါကွယ်”

“အမေ၊ အမေ”

ဟင် ငါ အိမ်မက်မက်နေပါလား။

ဟုတ်တယ် ၊ အမေက အရင်ကတည်းက ငါ့ကို သာသနာပြုနိုင်တဲ့ သူတော်ကောင်းမကြီးဖြစ်ပါစေ လို့ အရင်ကတည်းက ဆုပေးနေကျပဲ။

ညီမလေးအတွက်ရော၊သာသနာ ပြုဖို့အတွက် ငါ အသက်ရှင်ရမယ်။ မေမေရှိနေတဲ့ နဂါးရုံဘုရားမှာ အလှူပြုဖို့ ငါကြိုးစားရမယ်။

“ဟောဒီက အကြော်စုံပူပူလေးရမယ်”

မနက်ခင်းဆည်းဆာ ချိန်လေး၌ ယဉ်ဆွေ၏ အကြော်စုံ ရောင်းသံလေးက မင်္ဂလာရှိစွာ ထွက်ပေါ်လာသည်။
ထိုအသံလေးကြားလိုက်ရသောအခါ အားလုံးကလည်း ၀မ်းသာ သွားကြ၏။

ယဉ်ဆွေ၏ အကြော်စုံအား အလုအယက်အားပေးကြသောကြောင့် ခဏလေး အတွင်း၌ပင် ရောင်းကုန်သွားတော့သည်။

ယဉ်ဆွေ ၏ ညီမ၀မ်းကွဲလေးကို ခေါ်ယူကာ ယဉ်ဆွေ အိမ်ရှေ့၌ပင် အကြော်ဆိုင်လေးအား ဖွင့်ထားလိုက်သည်။

အကြော်ဆိုင်လေး၏ အမည်ကား” မိဘမေတ္တာ ”
ဟု အမည်ပေးထားလေသည်။

ယဉ်ဆွေ၏ အခန်းထဲ၌ စုဘူးကြီးနှစ်ဘူးရှိရာ တစ်ဘူးက သူ၏ညီမဖြစ်သူ ယဉ်မေ၏ ကျောင်းစရိတ်အတွက် ဖြစ်ကာ ကျန်တစ်ဘူးမှာ နဂါးရုံစေတီတော် ပြုပြင်ရန်အတွက်ဖြစ်လေသည်။

Xxxxxxxxxxxxxxxxxxxxxxxxxxxxx xxxxxxxxxx

အခန်း(၄) ဇာတ်သိမ်း

ယဉ်မေ တစ်ယောက်သူမ၏ အစ်မကို နာကျည်းလွန်းသဖြင့် အိမ်မှထွက်လာလေသည်။

ကျောင်းတုန်းက တစ်ခန်းတည်း တွင်အတူထိုင်သူ မိုးပုလဲ ထံသို့ ထွက်လာခဲ့သည်။

မိုးပုလဲ၏ အမေဖြစ်သူက ခေတ်ဆန်ကာ ရဲတင်းဖော်ရွေလေသည်။
ရန်ကုန်မြို့၌ အလှပြင်ဆိုင်ဖွင့်ထားကာ သူမအားဆယ်တန်းဖြေပြီးလျှင် အလုပ်လာလုပ်ရန် မကြာခဏ ခေါ်ဖူးလေသည်။

ထို့ကြောင့် မိုးပုလဲထံထွက်လာခဲ့ခြင်းဖြစ်သည်။

ယဉ်မေမိုးပုလဲတို့ထံ ရောက်သောအခါ မိုးပုလဲက သူမအား ဖော်ရွေစွာ ကြိုလေသည်။

သူမ၏ အစ်မဖြစ်သူကို မုန်းနေမိသည်။ အကြော်လေးရောင်းကာ မလောက်မငှ ပေးထားသည်ကိုပင် အရပ်ထဲက သူမ၏ အစ်မအား ဝိုင်း၍ ချီးကျူးနေကြလေသည်။

အိမ်နီးချင်း ဘိုးလှအောင်က သာ၍ပင် ဆိုးသေးသည်။
အမေသေတာကို မပြောပဲ စာမေးပွဲ သွားဖြေခိုင်းတာက အဆိုးဆုံးပင်။
ရပ်ကွက်လူငယ်များကြား မျက်နှာပင် မပြရဲအောင် အရှက်ရမိသည်။

သူမဆယ်တန်းအောင်လျှင် သူ၏ အစ်မက ခိုင်းစားချင်လွန်းနေသည်။

” အေးလေ သူက အကြော်သည်ကိုး ၊ သူက စာမတတ်တော့ အလုပ်က နိမ့်ကျတာ၊ ငါဆယ်တန်းအောင်လို့ အလုပ်ရရင် သူက အကြော်သည်ဘ၀က လွတ်ပြီလေ”

“ဟဲ့ ယဉ်မေ ..ဘာတွေ ပြောနေတာလဲ တစ်ယောက်တည်း”

ဩ ငါ့ဘ၀ကို တွေးရင်း စိတ်နာနေမိတာပါဟယ်။

ယဉ်မေ ရန်ကုန်သို့ ရောက်ပြီးသွားသောအခါ အနှိပ်ပညာကို သုံးလခန့် သင်ကြားရလေသည်။
တစ်ကယ်တန်း ယဉ်မေအလုပ်၀င်ရသောအခါ မာဆတ်ဟု ခေါ်သော အနှိပ်ခန်း၌သာ လုပ်ရလေသည်။
စကတ်တိုတိုနှင့် မျက်နှာတွင် မိတ်ကပ်အဖွေးသားဖြင့် ရောက်လာသော အဖေအရွယ်ကြီးများအား ချွဲကာပြောတတ်လျှင် ငွေက ရေလိုရသောဘ၀ကို ယဉ်မေ သာယာမိသည်။

အနှိပ်ခန်းတစ်ခုလုံး ယဉ်မေ မှ ယဉ်မေသာ။

ရပ်ကွက်လေးထဲ၌ အသံပြာအောင်အော်ကာ ခြေတိုအောင်လျှောက်မှ ငွေနည်းနည်းလေး ရသော သူမ၏ အစ်မအား လူတွေက ကျေးဇူးရှင်ကြီးပမာ ပြောနေသူများကို ယဉ်မေ ‌ငွေဖြင့် ပေါက် လိုက်ချင်သည်။

ယဉ်မေ ဆယ်တန်းအောင်သည်မို့ အောင်လက်မှတ် တက္ကသိုလ် တက်ရန်ကိစ္စအား ငွေလမ်းခင်းကာ အငှားနှင့် ကျောင်းအပ်ခိုင်းလိုက်သည်။

အဝေးသင်တက္ကသိုလ်အား အလုပ်ရှိရာ တောင်ကြီးတက္ကသိုလ်တွင်ပင် တက်ရောက်ခဲ့သည်။
တောင်ကြီးမြို့က ချမ်းသာသော သူဌေးများ၏ ကားများက ယဉ်မေအတွက် ဖယ်ရီကားများသာ။

အချို့က ယဉ်မေအား အားကျသော အကြည့်ဖြင့် ကြည့်ကြသည်။
အချို့က အထင်သေးသော အကြည့်ဖြင့်ကြည့်သော်လည်း ယဉ်မေဂရုမစိုက်ပေ။
ဆင်းရဲသော ဘ၀ကို သူမသိပ်ကို ရွံရှာမိသောကြောင့် ဖြစ်သည်။
သူမဘ၀ ၌ ယဉ်ဆွေ ဆိုသော အစ်မဖြစ်သူကို သေလူဟူ၍ပင် သတ်မှတ်ထားလိုက်သည်။

ယဉ်မေတို့ အလုပ်က တစ်နေရာပြီးတစ်နေရာ တစ်မြို့ပြီး တစ်မြို့သို့ ပြောင်းနေရလေသည်။

ရက်ကိုလပြောင်း ရာသီစက်ဝိုင်းများတစ်ခုပြီး
တစ်ခုကုန်လွန်ခဲ့လေပြီ။
ယဉ်မေ ဘွဲ့လက်မှတ်တစ်ခုနှင့်အတူ နောက်ဆုံးပေါ်ရောဂါ ဆိုးကြီးကိုလည်း ရရှိခဲ့လေပြီ။

အရိုးပေါ် အရည်တင်ကာ ပိန်လှီနေသော သူမအား ယခုချိန်တွေ့လျှင် မည်သူမျှ မှတ်မိမည် မဟုတ်ပေ။

အဟွတ်..ဟွတ်

သူမ ၌ ရောဂါ ရှိနေပြီဟု သိရချိန်မှစ၍ သူမအားခယခဲ့သော အလုပ်ရှင်အားလုံးက ကန်ထုတ်ခဲ့လေပြီ။
သူမ အမေကို သိပ်သတိရမိသည်။

အမေအိပ်ယာထဲ လဲစဉ်က သူမမိခင်အား မယဉ်ဆွေက စိတ်ရှည်လက်ရှည် ဖြင့် အောက်အောက်ထက်ထက်ပြုစုပေးခဲ့သော်လည်း သူမက ကျောင်းစာကို အကြောင်းပြကာ ဖာသိဖာသာ နေခဲ့လေသည်။

ယခုမှ ငွေထက် မိသားစု မေတ္တာ အိမ်လေးအား မမဘာကြောင့် တန်ဖိုးထားခဲ့မှန်းသိလာရလေပြီ။

သို့သော် အချိန်တို့က နှောင်းခဲ့လေပြီ။

မန္တလေးဆေးရုံကြီး၏ ကုတင်ထက်တွင် သူမ အသက်ကိုပင် မနည်း ရှူနေရသည် ။

သူမ နောက်ဆုံးအချိန်လေးတွင် သူမ၏ အစ်မဖြစ်သူ ယဉ်ဆွေ ကို တောင်းပန်ချင်နေမိသည်။

“ဒီခန်းပါပဲ၊ လူနာက ဒီအခန်းမှာပါ”

စကားသံ အချို့နှင့် ခြေသံ အချို့အား ကြားလိုက်ရသည်မို့ ယဉ်မေမျက်လုံးအား အားယူဖွင့်ကြည့်လိုက်မိလေသည်။

“ညီမလေး ယဉ်မေ၊မမရဲ့ ညီမလေးရယ်”

ယဉ်မေ အားရ၀မ်းသာ ထကာ မမအားပြေးဖက်လိုက်ချင်သော်လည်း ခန္ဓာကိုယ်က လှုပ်မရတော့။
မျက်ရည်များကသာ အတားအဆီးမရှိ စီးကျလာလေသည်။
“မမ”
တိုးတိုးလျလျလေး ခေါ်သံထွက်ပေါ်လာလေသည်။

သူမ၏ ခေါင်းအုံးအောက်သို့ လက်ကလေး ထိုးထည့်ကာ တွန့်ကြေနေသော စက္ကူဂျပ်လိပ်ကလေးအား သူမ၏ လက်ပိန်ပိန်လေးဖြင့်ယူကာ ယဉ်ဆွေ၏ လက်ထဲ ထည့်ပေးလိုက်သည်။

ထို့နောက် သူမ၏လက်ပိန်ပိန်လေးနှစ်ဖက်ကို အားယူကာ လက်အုပ်ချီရင်း
” ညီမလေးကို ခွင့်လွှတ်ပါမမရယ်”
ယဉ်မေ၏ ပြုံးနေသောမျက်နှာလေးက သူမနောက်ဆုံးတွေ့လိုက်ရသော အစ်မဖြစ်သူအား တွေ့လိုက်ရသောကြောင့် ပြုံးနေသည်ဟု ထင်ရလေသည်။
ကျနေသော မျက်ရည်များကတော့ နောင်တမျက်ရည်များပင်ဖြစ်ပေလိမ့်မည်။

ယဉ်ဆွေက ငြိမ်သက်သွားသော ညီမဖြစ်သူလေးအားကြည့်ကာ ပွင့်နေသောမျက်လုံးလေးအား ပိတ်ပေးလိုက်လေသည်။
လက်ထဲမှ တွန့်ကြေနေသော စက္ကူဂျက်လိပ်လေးကို ဖွင့်ကြည့်လိုက်သောအခါ ဘွဲ့လက်မှတ်တစ်ခု။
ယဉ်မေ၏ အမည်နှင့် ဘွဲ့လက်မှတ်လေးသာ ဖြစ်လေသည်။

ယဉ်ဆွေ နာကျည်းစွာ ငိုရှိုက်လိုက်ပြီး တွန့်ကြေနေသောဘွဲ့လက်မှတ်လေးအား ယဉ်မေ၏ အလောင်းထက်တွင် တင်လိုက်၏။

မမဘ၀မှာ ညီမလေးကလွဲရင် ဘာမှမလိုအပ်ခဲ့ပါဘူး ညီမလေးရယ်။

ထိုနေ့ကား မှတ်မှတ်ရရ ၂၀၀၂ခုနှစ် ဩဂုတ်လ ၂ရက်နေ့။

ယဉ်ဆွေတစ်ယောက် ပိုင်ဆိုင်သမျှ အားလုံးကို ရောင်းချလှူဒါန်းကာ သာသနာ့ဘောင်သို့ အပြီး၀င်ရောက်ခဲ့လေသည်။
ယဉ်ဆွေတစ်ဖြစ်လဲ ဆရာလေး ခေမာအား နဂါးရုံဘုရားကြီး၏ ဓမ္မာရုံ အသစ်ကြီး၌ တရားထိုင်နေသည်ကို မကြာခဏ တွေ့ကြရလေသည်။

“ဆရာလေး အားလုံးရှင်းပြီးသွားပါပြီ ”

“အေးကွယ် ဒကာမလေးရေ သာဓု သာဓု သာဓု ပါကွယ် ၊အချိန်လဲ အတော်လင့်သွားပြီမို့ ပြန်ကြရအောင်ကွယ်”

“တင်ပါ့ဆရာလေး”

တိတ်ဆိတ်ငြိမ်သက်နေသော လူသေကောင်များလဲလျောင်းရာ သင်္ချိုင်းကြီးမှ ကျောခိုင်းထွက်ခွာသွားသော မြတ်ဗုဒ္ဓ၏သမီးတော်.. သီလရှင်တစ်ပါးနှင့် ရောဂီ၀တ် အမျိုးသမီးတို့ သည်
ရေညှိတက်နေသော အုတ်ဂူအဟောင်းလေးနှင့် တဖြေးဖြေးဝေး၍ သွားလေပြီဖြစ်သည်။

ဘ၀သံသရာ၀ယ် နှောင်းတ‌မြေ့မြေ့နှင့် ကျွမ်းရစ်စေမည့် ဇာတ်လမ်းအဖုံဖုံမှ ကင်းဝေးနိုင်ကြပါစေဟု ဆုတောင်းလျှက်
လေးစားစွာဖြင့်
စာရေးသူ နန်းကြာညို