နှောင်းနောင်တ

နှောင်းနောင်တ(စ/ဆုံး)

——————–

အချိန်ကာလအားဖြင့် ၂၀၀၆ခုနှစ်၀န်းကျင်ခန့်ကဖြစ်၏။

မိုးအခါသမယမို့ ကျောင်းတော်ကြီးအတွင်း၌ အရိပ်ရအပင်ကြီးများက စိမ်းစိမ်းစိုစိုဖြင့် အုံ့မှိုင်းနေ‌၏။
ကျော်စိန်တစ်ယောက် ဒီနှစ်ဆယ်တန်းတက်ရမည်မို့ တက်ကြွနေသည်။

မိုးကလည်း အဖြူအစိမ်းမြင်သည်နှင့် ရွာဖို့ရန်အချက်ပြသည်ဟု ထင်နေသည်လားမပြောတတ်၊ အိမ်အပြင်သို့ထွက်သည်နှင့် မိုးများက တဖွဲဖွဲကျလာ၏။

” သားရေ ထီးယူသွားဟေ့ ”

” အာ..ရတယ်အမေ၊ ဒီ‌မိုးလောက်ကအေးဆေး ”

ပြောရင်းဖြင့် မိုးမှုန်မိုးမွှားလေးများကြားမှ အပြေးထွက်သွားသော သားဖြစ်သူကျော်စိန်အားကြည့်ကာ

“အော် …ဒီကလေးနှယ် ပြောမရဆိုမရ ကလေးမဟုတ်သူငယ်မဟုတ်နဲ့ လူပျိုပေါက်အရွယ်ရောက်လေ ပိုပြောရခက်လေပဲ …ဟူး ”

အဝေးရောက်သွားပြီဖြစ်‌သော သားဖြစ်သူအားကြည့်ကာ ရေရွတ်နေမိ၏။

” ဟေ့ဟျောင် ကျော်စိန် ၊ မင်းကလဲ နောက်ကျလိုက်တာ ”

“ကျမှာပေါ့ ဒီကောင့်ကိုကြည့်လိုက် ဆံပင်က ဂျယ်ထောင်ရတာနဲ့ ရေမွှေးဆွတ်ရတာနဲ့ ပဲတွေဇွတ်များနေတာ ”

” အံမာ ငါ့ကိုပဲမင်းတို့ကပြောနေတာ မင်းတို့ကျတော့ရော အကုန်လုံး အတူတူနဲ့အနူနူပဲ ”

” ဖိုးသား မင်းကလဲ လစ်တာနဲ့ ဆေးလိပ်ပဲခိုးသောက်နေတာ ၊ မင်းဆီက စီးကရက်နံ့တောင်စွဲနေပြီ ”

” ငါက ဆေးလိပ်ပဲစိတ်၀င်စားတာကျော်စိန်၊ မင်းလို မိန်းမတွေကိုစိတ်မ၀င်စားဘူး ”

ဖိုးသား၏စကားကြောင့် ကျော်စိန်၏မျက်၀န်းထဲ၌ ရွှေဖြူ၏ ပုံရိပ်လေးအား မြင်ယောင်လာ၏။
ရွှေဖြူ၏ဖခင်သည် အစိုးရ၀န်ထမ်းတစ်ဦးဖြစ်ကာ ယခုနှစ်မှ ကျော်စိန်တို့ ပညာသင်ယူရာ ‌မင်းတုန်းမြို့ရှိ အထက်တန်းကျောင်းသို့ပြောင်းလာသော ကျောင်းသူသစ်ဖြစ်၏။
ကျောင်းသူသစ်မို့ ကျောင်းသားအများစုက စိတ်၀င်စားကြသည်က မဆန်းပေ။ကျော်စိန်ကတော့ ရွှေဖြူ့ကို မြင်မြင်ချင်းစိတ်လှုပ်ရှားခဲ့သည်။ရွှေဖြူ၏ မျက်လုံးဝိုင်းဝိုင်းလေးနှင့်ဆုံတိုင်း ကျော်စိန်ရင်တွေခုန်နေသည်။
အခြားကောင်လေးများက ရွှေဖြူ့အားကြည့်နေလျှင် အလိုလိုစိတ်တိုလာသည်။

” ဟျောင့် ကျော်စိန်၊ မင်းက ဘာဖြစ်နေတာလဲ တရှူးရှူးနဲ့၊ နွားကြီးနှာမှုတ်နေသလိုပဲ”

” ဟိုမှာ ကိုးတန်းက ကောင်တွေ ၊ ဆယ်တန်းအခန်းဘက်နယ်ကျော်ပြီး ဘာလာလုပ်ကြတာလဲမသိဘူး”

” မင်းရဲ့ ရွှေဖြူကိုလာကြည့်တာနေမှာပေါ့ …မင်းသာဖွင့်မပြောရင် ရွှေဖြူတော့ ဘယ်ငနဲနဲ့ငြိမလဲပဲ …သတ္တိမရှိရင် ကျန်ခဲ့မယ်ကျော်စိန် ”

ဖိုးသားက ခပ်တိုးတိုးလေးပြောလိုက်သော်လည်း ကျော်စိန်၏ နားထဲ၌ ကျယ်လောင်သော မိုးခြိမ်းသံကြီးကြားလိုက်ရသကဲ့သို့ နှလုံးသားပင် တဆတ်ဆတ်တုန်ခါသွား၏။

ကျောင်းတက်ခေါင်းလောင်းထိုးသည်နှင့် အတန်းထဲ၀င်လာရာ ရွှေဖြူထိုင်နေသော အစွန်ဆုံးစားပွဲလေးမှ ဖြတ်အလျှောက် သူ၏လက်နှင့် ထွက်နေသော စာအုပ်အစွန်းက တိုက်မိကာ ပြုတ်ကျသွား၏။

” ဟာ sorry နော်ရွှေ၊ ကိုယ်ပြန်ကောက်ပေးမယ် ”

” ဟုတ် ရပါတယ် ”

” အမယ် ဟိုရတနာနှစ်ပါး အဆင်ပြေနေကြပြီဟေ့ ”

နောက်မှ၀င်လာသော ဖိုးသား၏ အသံပြဲကြီးကြောင့် တစ်ခန်းလုံးက သူတို့အား ပြုံးစိစိနှင့် လှမ်းကြည့်ကြလေသည်။

“ဘာရတနာ နှစ်ပါးလဲကွ ”

” ဩ မင်းက ကျော်စိန်ဆိုတော့ စိန်ပါတယ်လေ၊ ဟိုကရွှေဖြူဆိုတော့ ရွှေပါတယ်လေ ၊ အဲ့ဒီတော့ ရတနာနှစ်ပါးမဟုတ်လို့ မင်းမေဂျီးတော်ကြီးလားကွ ”

” ဟား ဟား ဟား ”

ဖိုးသား၏စကားကြောင့် တစ်ခန်းလုံးက သဘောကျကာ ဝိုင်းရယ်ကြလေသည်။

” ရှုး တိတ်တိတ်နေကြဟေ့ ၊ ဆရာမလာနေပြီ ကဲ…ဘုရားရှိခိုးကြရအောင် ”

အတန်းခေါင်းဆောင် သူရိန်၏ ဆော်ဩသံအဆုံး၌ ဒဿမတန်းအခန်းလေးမှ မနက်ခင်းအချိန် ဘုရားရှိခိုးသံများထွက်ပေါ်လာသည်။

ဤကျောင်း၌ ပညာသင်ယူကြသော ကလေးများသည် သူငယ်တန်းကလေးများမှအစ ဆယ်တန်းကလေးများအဆုံး မနက်ကျောင်းတက်ခေါင်းလောင်းထိုးသည်နှင့် ဘုရား၀တ်ပြုကြရ၏။
ထိုအလေ့အထသည် ရှေးယခင်ကတည်းကရှိခဲ့၏။

ထိုအလေ့အထ၏ အစသည် လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က အဖြစ်အပျက်တစ်ခုနှင့် ဆက်စပ်နေလိမ့်မည်ထင်သည်။

ယခင်က ထိုကျောင်းသည် အထက်တန်းကျောင်းမဟုတ်သေး။
ထိုစဉ်အခါက ထိုကျောင်း၌ ကျောင်းစောင့်တာ၀န်ကျသော ဦးလေးကြီးတစ်ဦးရှိ၏။
ထိုလူကြီးသည် မန်ကျည်းပင်ပေါ်သို့ မန်ကျည်းသီးတက်ခူးရင်း အပင်ပေါ်မှ‌ပြုတ်ကျကာ သေဆုံးသွား၏။
ထိုကျောင်းစောင့်ကြီးသည် ထိုမန်ကျည်းပင်၌ မကျွတ်မလွတ်သော ဘ၀ဖြင့် ရှိနေကာ ခြောက်လှန့်မှုများရှိခဲ့၏။
ထို့ကြောင့် ကျောင်းအုပ်ကြီးသည် ‌မနက်ခင်းကျောင်းတက်သည်နှင့် အခန်းတိုင်းမှ ကလေးများသည် ဘုရား၀တ်ပြုကာ အရပ်ဆယ်မျက်နှာမေတ္တာပို့ပြီးမှ သင်ကြားသင်ယူမှုလုပ်ငန်းများလုပ်ရန် ညွှန်ကြားလေ၏။ထိုအချိန်မှစ၍ ကျောင်းတက်လျှင် ကလေးများအားလုံး မိမိအတန်းထဲ၌ ဘုရား၀တ်ပြုပြီးမှ စာသင်သည့်အလေ့အထသည် ထိုကျောင်းလေး၌ စတင်ခဲ့လေသည်။

ထို့နောက်ပိုင်း ကျောင်းစောင့်ကြီး၏ ခြောက်လှန့်မှုများလည်းသိပ်မရှိတော့ပေ။
သို့သော် တစ်ခါတစ်ရံ ညအချိန်၌ မန်းကျည်းပင်တဝိုက်၌ ကျောင်းစောင့်ကြီး၏ ဝိညာဉ်အား တွေ့ကြရသေး၏။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အခန်း(၂)

ကျော်စိန်တို့ ဆယ်တန်းတက်သောနှစ်‌၌ ဆရာ/ဆရာမ များသည် ကျူရှင်သင်ခွင့်မရှိဟူသော စည်းမျဉ်းအားတင်းတင်းကြပ်ကြပ်ထုတ်ထား၏။

” ကဲ သားတို့သမီးတို့ရေ..ဆယ်တန်းအောင်ချက်ရာနှုန်းမြင့်မားရေးအတွက် ဆရာမတို့က ကျူရှင်မဟုတ်ပဲ ညစာကျက်ဝိုင်းအနေနဲ့ ညခြောက်နာရီကနေ ကိုးနာရီအထိ သင်ပေးမယ် ၊ ညရှစ်နာရီထိပဲ မီးရတော့ ကျန်တဲ့တစ်နာရီကို မီးစက်နိုးပြီးသင်ပေးရမှာ၊ ဒါကလဲ သားတို့သမီးတို့စာမေးပွဲဖြေမယ့်ကာလအထိပါ၊ ဒါကြောင့် ကျောင်းသားတစ်ဦးကို တစ်နှစ်ပတ်လုံးစာအတွက် အလှူငွေ သုံးသောင်းခွဲ ကောက်ခံမယ်လို့ မိဘဆရာအသင်းအစည်းဝေးက ဆုံးဖြတ်ထားတယ်၊ ဒါကလဲ ကျောင်းသားတိုင်းမဖြစ်မနေအတင်းအကြပ်ပေးရမယ်လို့တော့မဟုတ်ဘူး၊ အဆင်ပြေတဲ့မိဘတွေက ပါ၀င်ထည့်သွင်းပေးဖို့နဲ့၊ တစ်ကယ်လို့အဆင်မပြေတဲ့မိဘတွေကလဲ အဆင်‌မပြေတဲ့အကြောင်း အတန်းပိုင်ဆရာမနဲ့လာတွေ့ပြီး ဆွေးနွေးပေးပေါ့၊ ကလေးတိုင်းကတော့ ည‌စာကျက်ဝိုင်းကို ပါ၀င်တက်ရောက်ခွင့်ရမှာပဲဖြစ်တယ် ၊ အလှူငွေက မီးစက်အတွက်ဆီဖိုးနဲ့ လိုအပ်တဲ့အရာတွေအတွက် သုံးစွဲမှာဖြစ်တယ်၊

ကျောင်းအုပ်ကြီး၏ဦးဆောင်မှုဖြင့် ဆရာဆရာမများပါ၀င်ကာ ဆယ်တန်းအောင်ချက်ရာနှုန်းမြင့်မားရေး စီမံချက်သည် ထိုကျောင်းလေး အကောင်အထည်ပေါ်လာ၏။

ကျော်စိန်တစ်ယောက် ပျော်လိုက်သည့်ဖြစ်ခြင်း။
ချစ်ရသူ ရွှေဖြူနှင့် နေ့ရောညပါတွေ့ရမည့်အခွင့်အရေးမို့ မပျော်ရိုးမရှိ ကျောင်းသားအားလုံးထဲ၌ သူတစ်ယောက် အပျော်ဆုံးဖြစ်လိမ့်မည်ထင်၏။

ရွှေဖြူထံစာအုပ်ငှားကာ ရည်းစားစာ ထည့်ပေးရင်း အဖြေပါ တောင်းထား၏။

” ဟျောင့် ကျော်စိန်၊ ရွှေဖြူက အရင်မြို့မှာတုန်းကလဲ ရည်းစားရှိတယ်တဲ့”

ဖိုးသား၏စကားကြောင့် သူအနည်းငယ်တင်းသွား၏။

” ရှိတော့ ငါကဘာလုပ်ရမှာလဲ ”

” ဩ မင်းက ခုမှ အချစ်ဦးလေ၊ ငါက မင်းဘက်က တွေးမိလို့ပါ၊ ‌ငါ့သူငယ်ချင်းရွေးတဲ့ကောင်မလေးက ခပ်ရှုပ်ရှုပ်ဖြစ်နေရင် မင်းပဲ ကျန်ရစ်ဖြစ်မှာဆိုးလို့ပါကွာ ”

” မလိုဘူးဖိုးသား၊ ငါသူ့ကိုချစ်တယ်၊ သူ့အချစ်ကိုရချင်တယ်၊ အိုကွာ ငါ ဆယ်တန်းစာမေးပွဲပြီးသွားရင် သူ့ကိုခိုးပြေးမယ်ကွာ ”

” ဟား ဟား ဟား ရည်မှန်းချက်ကြီးလိုက်တာ၊ မွေးရကျိုးနပ်တဲ့သားလေး ”

” ဒီမှာဖိုးသား၊ ငါသူ့ကိုအရမ်းချစ်တယ်၊ သူနဲ့ငါ ဝေးရရင် သေလိမ့်မယ်၊ သူ့အတွက်ဆိုငါ အသက်ပါပေးရဲတယ်၊ ဒါကြောင့် သူနဲ့ပက်သက်ပြီး ဘာမှလာမပြောနဲ့၊ မကြားချင်ဘူး၊ လာလဲမတားနဲ့၊ လာတားတဲ့သူတွေကိုလဲ စောက်ဂရုမစိုက်ဘူးကွာ ရှင်းလား ”

ကျော်စိန်၏စကားကြောင့် ဘေးမှသူငယ်ချင်းများက ဖိုးသားအား ဆက်မပြောရန် မျက်ရိပ်ပြကြ၏။
ဖိုးသားလဲ ပခုံးတစ်ချက်တွန့်ကာ ဆေးလိပ်ကိုသာ ဖွာရှိုက်လိုက်၏။

ကျော်စိန်သည် ခပ်တင်းတင်းမျက်နှာထားဖြင့် ထွက်သွားလေသည်။

” မချစ်ဖူး အရူးဖြစ် ဆိုတာဒီကောင့်ကိုပြောတာ၊ ငါတို့တော့ ရွှေဖြူ့ပုံစံသိပ်မကြိုက်ဘူး၊ ဒါပေမဲ့ ဒီကောင်က မ’စိတ်မွှန်နေပြီ ၊ မရတော့ဘူး၊ နောက်ဆို အဲ့ဒီကိစ္စနဲ့ပက်သက်ပြီး ဘယ်သူမှမပြောကြနဲ့တော့၊ ငါတို့စာကြိုးစားကြမယ်၊ တက္ကသိုလ်ကို ပျော်ပျော်ပါးပါ တက်ကြမယ်ကွာ ”

” အေးပါကွာ ငနောင်ရာ၊ မိန်းမယူမယ့်သူတော့ မပါတော့ဘူးပေါ့ကွာ ဟား ဟား ဟား ”

သူတို့အုပ်စု၏ရယ်သံက ပတ်၀န်းကျင်သို့ လွင့်ပျံ့လာ၏။ထိုရယ်သံများထဲ၌ ကျော်စိန်၏ ရယ်သံကတော့ မပါ၀င်ပေ။

” ပျော်လိုက်တာ ရွှေရာ၊ ရွှေကိုယ့်ကို တစ်ကယ်ချစ်တယ်ပေါ့ ”

” အင်းပါဆို၊ ဘာတွေမေးနေမှန်းလဲ မသိဘူး….သွား ”

ရှက်၍ ပြေးထွက်သွားသော ရွှေဖြူ၏နောက်ကျောလေးအားကြည့်ကာ ကျော်စိန်ကြည်နူး၍ မဆုံး ။

” သား လပတ်မှာ သားအမှတ်တွေက အဆင်မပြေဘူးနော်၊ မင်းစိတ်တွေလေနေတာမို့လား ၊ အရွယ်က မရောက်သေးဘူး၊ ရည်းစားတွေဘာတွေနဲ့၊ ဟိုနေ့က မင်းလွယ်အိတ်ထဲမှာ ရည်းစားစာတွေ့တယ်၊ ဆယ်တန်းသာ အောင်အောင်ကြိုးစားစမ်းပါ၊ ဆယ်တန်းအောင်ပြီးရင် သားကြိုက်တဲ့ကောင်မလေးကို အမေကိုယ်တိုင်လိုက်တောင်းပေးပါ့မယ်၊ ခုတော့ စာပဲ အာရုံထားစမ်းပါ ”

” ဟာ အမေရာ ၊ နားတွေညီးတာ ၊ သားကိစ္စ၀င်မပြောနဲ့၊ သားက ကလေးလေးမဟုတ်တော့ဘူး၊ အသက်ဆယ့်ရှစ်နှစ်ပြည့်တော့မယ်၊ သားမှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတယ်၊ အမေရှေ့ဆက်ပြောနေရင် သား ကျောင်းထွက်ပြီး မိန်းမယူမိလိမ့်မယ် ”

” အမယ်လေး ရည်ရွယ်ချက်ကြီးပါပေ့ ၊ ဒီမှာသား ၊ သားကောင်မလေးအကြောင်း အမေသိပြီးပြီ၊ ကောင်မလေးက ခပ်ရှုပ်ရှုပ်ထဲကပါအေ ”

” တော်တော့ အမေ တော်တော့၊ ကျုပ်ကိုဆက်မပြောနဲ့ ၊ ဒီစကားကို ဟိုကောင်ဖိုးသား အမေ့ကိုလာပြောတာမို့လား ၊ ဒီကောင်က ရွှေဖြူ့အချစ်ကိုမရလို့ နာမလိုဖြစ်ပြီး လျှောက်ပြောနေတာ ၊ တွေ့မယ် ဒီကောင်နဲ့ ”

” ဟဲ့သား ၊ မင်းသူငယ်ချင်းနဲ့ မဆိုင်ဘူးနော်၊ လူသတင်း လူချင်းဆောင်တာ မင်းသူငယ်ချင်းနဲ့ ရန်ဖြစ်ရင် မင်းမလွယ်ဘူး၊ ငါ မင်းအဖေဆီ တိုင်မှာနော် …”

မိခင်၏ အော်သံအား အရေးမလုပ်၊ ကျော်စိန်တစ်ယောက် ခြေလှမ်းကျဲကြီးများဖြင့် ဖိုးသားတို့အိမ်ရှိရာဘက် ထွက်လာခဲ့၏။

” ဟဲ့ သား‌ ဘယ်သွားမို့လဲ ”

ကျော်စိန်တို့လမ်းထိပ်ရှိ သားဖွားဆရာမ ဒေါ်တင်တင်က နှုတ်ဆက်လိုက်၏။
ဒေါ်တင်တင်သည် စိတ်သဘောကောင်းကာ စေတနာပြည့်၀သူမို့ ရပ်ကွက်ထဲက လူကြီးရောကလေးပါ ချစ်ခင်ကြ၏။
တော်ရုံဖျားနာမှုမျိုးကတော့ ဒေါ်တင်တင်ဆီသာ လာကြမြဲ။
ဒေါ်တင်တင်ကလဲ တော်ရုံငွေကြေးမယူ၊ မေတ္တာဖြင့်ကုပေး၏။
ထို့ကြောင့် ဒေါ်တင်တင်သည် ထိုရပ်ရွာ၌ ဆရာ၀န်သဖွယ် အားကိုးရသည့် ကျန်းမာရေး ၀န်ထမ်းတစ်ဦးဖြစ်၏။

” သားကျော်စိန် ဆရာမဆီလာပါအုံး ”

ဒေါ်တင်တင်က လှမ်းခေါ်သဖြင့် ကျော်စိန်၏ခြေလှမ်းများက ရပ်တံ့သွား၏။

” ဟုတ် ဘာများလဲ ဆရာမကြီး ”

” ဩ သားလေးကို ဆရာမကြီးကပဲ မွေးပေးခဲ့တာ၊ မင်း အမေ‌ဗိုက်ထဲက ထွက်ခါစက မင်းက ပေါင်မ‌ပြည့်လို့ ဆရာမကြီးပဲ ရင်ခွင်ထဲထည့်ပြီးပြုစုပေးခဲ့ရလို့ မင်းက ဆရာမရဲ့ သားလိုပါပဲ…ခုတလော သားကောင်မလေးတစ်ယောက်နဲ့ တွဲနေတာ ဆရာမသိတယ်၊ ကောင်မလေးက ဘယ်သူဖြစ်ဖြစ် နှစ်ယောက်လုံး အရမ်းငယ်ကြသေးတယ်၊ ဒါကြောင့် ဒီအချိန်မှာ သားကို ကျောင်းစာကိုပဲ အာရုံထားစေချင်တယ်၊ သားအမေကိုတောင် ဆရာမသတိပေးလိုက်သေးတယ် ”

” ဩ ကျုပ်အမေကို သွားပြောတာ ဆရာမကြီးကိုးး ကျုပ်က ကျုပ်သူငယ်ချင်းထင်နေတာ ၊ နောက်ဆို ကိုယ်နဲ့မဆိုင်ရင် ၀င်မပါနဲ့၊ ဆေးသာကုစမ်းပါ ”

” သားက ဆရာမကြီးကိုစိတ်ဆိုးတာလား ၊ သားလေးက ငယ်သေးလို့ပါကွယ် ”

ဆရာမ ဒေါ်တင်တင်ရှေ့မှ သူချာကနဲ လှည့်ထွက်ခဲ့၏။
ဒေါ်တင်တင်ကတော့ စိတ်မကောင်းစွာဖြင့် သူ့နောက်ကျောအား ကြည့်နေရှာသည်။

Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အခန်း(၃)

ညစာကျက်ဝိုင်းအား အလယ်တန်းပြဆရာမများက အလှည့်ကျ ဂိုက်လုပ်ပေးကာ သင်ကြားရေးအား အထက်တန်းပြဆရာ ဆရာမများက တာ၀န်ယူကြ၏။

ဒေါ်မူမူတစ်ယောက် ‌ရွှေဖြူထွက်သွားသည်မှာကြာပြီမို့ နောက်က လိုက်လာရာ

” ဟေ့ ဟိုနှစ်ယောက် ဒီထောင့်မှာ ဘာလုပ်နေကြတာလဲ ”

ဆရာမ၏ အော်သံကြောင့် ကျော်စိန်တို့နှစ်ယောက် လူချင်းခွာလိုက်ကြ၏။

” ဟင် မင်းတို့တွေက လာချိန်းနေကြတယ်ပေါ့ဟုတ်လား၊ မဖြစ်ဘူး မဖြစ်ဘူး ၊ ညကျောင်းကနေ ညားကျောင်းဖြစ်တော့မယ် ၊ မင်းတို့နှစ်ယောက်ကို ကျောင်းအုပ်ကြီးဆီတိုင်မှရမယ် ”

ဆရာမဒေါ်မူမူတစ်ယောက် ‌အမှန်တစ်ကယ်ပင် ကျောင်းအုပ်ကြီးထံ အကြောင်းကြားလိုက်၏။
မကြားလို့ကလဲ မဖြစ်။
အပျိုလူပျိုအရွယ်လေး ည အမှောင်ရိပ်အောက်၌ ချိန်းတွေ့ရင်း ခြေလွန်လက်လွန်ဖြစ်ကုန်လျှင် ခက်ကုန်ပေမည်။
မတော်တဆ မိန်းကလေးဘက်က ကိုယ်၀န်များရှိလာလျှင် ကျောင်းပါနာမည်ပျက်မည်။ ဤ ကိစ္စအား တင်းတင်းကြပ်ကြပ်ဆောင်ရွက်မှ အခြားကလေးများပါ ဆင်ခြင်ကြမည်။
မြီးကောင်ပေါက်ကလေးအရွယ်မို့ ထိန်းရခက်လှ၏။

” ကျော်စိန်ရဲ့မိဘရော ၊ ရွှေဖြူရဲ့မိဘတွေရော နက်ဖြန်ကျောင်းအုပ်ကြီးနဲ့လာတွေ့ကြပါ ”

နောက်ရက်၌ ကျော်စိန်လည်း မိဘနှင့်အတူ ကျောင်းအုပ်ကြီးရုံးခန်းသို့ရောက်လာခဲ့ကြ၏။

” ကျုပ်တို့က ဆယ်တန်းအောင်ချက် စီမံကိန်းအရ ကလေးတွေကို အောင်စေချင်တဲ့စေတနာနဲ့ ညစာကျက်ဝိုင်းကို စီမံပေးတာပါ၊
ဆယ်တန်းကလေးတွေက အပျိုလူပျို..ဆယ်ကျော်သက်အရွယ်မို့ အင်မတန်မှ တာ၀န်ကြီးတယ်၊ ဒါကြောင့် အလယ်တန်းဆရာ ဆရာမတွေရော အထက်တန်းဆရာဆရာမတွေပါ နားချိန်တွေကို အဆုံးရှုံးခံပြီး ညစာကျက်ဝိုင်းမှာ စောင့်ကြပ်ပေးနေကြတယ်၊ ဒီလိုစောင့်ကြပ်နေတ‌ဲ့ကြားက ခင်ဗျားသားက ကျောင်းသူတစ်ယောက်နဲ့ချိန်းတွေ့တယ်၊ ဒါကလဲ ဆရာမတစ်ယောက် တွေ့လို့သာ၊ မဟုတ်ရင် ကျုပ်တို့ညကျောင်းကနေ ညားကျောင်းဖြစ်သွားနိုင်တယ်၊ ကလေးတွေဆိုတာက စိတ်ကစားတဲ့အရွယ်မို့ ဒါမျိုးဖြစ်တတ်တာကိုသိပေမဲ့ မမြင်နိုင်တဲ့ အခြေအနေတွေလဲ ဖြစ်လာနိုင်တယ်လေ၊ ဒါကြေ့ာင့် ကလေးမိဘတွေအနေနဲ့ ကိုယ့်သားသမီးကို ဆုံးမဖို့လိုသလို ဒီကလေးအနေနဲ့လဲ နောက်နောင် ဤကိစ္စရပ်မျိုး မကျူးလွန်ဖို့ ခံ၀န်ထိုးရမယ်၊ နောက်တစ်ကြိမ်ထပ်ကျူးလွန်ရင်တော့ ဒီကလေးကို ညစာကျက်ဝိုင်းတက်ရောက်ခွင့်ကနေ အပြီးတိုင်ထုတ်ပယ်ရလိမ့်မယ် ”

ကျောင်းအုပ်ကြီး၏ ပြတ်သားသောစကားအား နာခံရုံမှအပ အခြားမရှိပါချေ။
ကျော်စိန်၏ မိဘများကလဲ မိမိသား၏ အမှားအား ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့ရ၏။

ရွှေဖြူ၏ မိဘများလည်း သမီးကိစ္စကြောင့် အတော်ရှက်မိကြလေသည်။

” စိတ်မပူပါနဲ့ အဖေနဲ့ အမေရယ် သမီးသူနဲ့အဆက်ဖြတ်မယ်လို့ ကတိပေးပါတယ် ”

နောက်ရက်၌ ကျော်စိန်ထံစာတစ်စောင်ရောက်လာ၏။
ထိုစာသည် ချစ်ရသူ ရွှေဖြူ့ဆီက ဖြတ်စာဖြစ်၏။

ထိုစာ၌ သူ့အားမေ့လိုက်ရန်နှင့် နောက်နောင် မည်သည့်အခြေအနေ၌ဖြစ်စေ ဘယ်တော့မှ မဆက်သွယ်ရန်ရေးထားလေသည်။

” ရက်စက်လိုက်တာရွှေရယ်၊ ကိုယ် ဘာလုပ်ရမလဲ ၊ ရွှေ့ကိုမှ မမေ့နိုင်တာ၊ ရွှေနဲ့ဝေးမှတော့ ကိုယ်အသက်ရှင်လဲ ဘာလုပ်ရတော့မှာလဲ ၊ဟုတ်တယ် ကိုယ်သေသွားတာကမှ ကောင်းသေးတယ် ”

ကျော်စိန်တစ်ယောက် ရူးရူးမိုက်မိုက် တွေးလိုက်၏။
ထို့နောက် ဘာမှမစဉ်းစားတော့ ၊ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးပုလင်းအား ကိုင်ကာ မော့ချလိုက်၏။
လည်ချောင်းထဲ၌ မီးကျီခဲများ၀င်သွားသလို အလုံးလိုက်ပူဆင်းသွား၏။

” အား အ ၊ အ‌မယ်လေး ငါ ငါ သေရတော့မှာပါလား ၊ မိန်းမတစ်ယောက်အတွက် ငါသေရတော့မယ်၊ အမေအဖေနဲ့ ထာ၀ရ ခွဲရတော့မယ် ၊ မဖြစ်ဘူး ငါ ငါ မသေချင်သေးဘူး ၊ ဒုက္ခပဲ …မဖြစ်ဘူး ဆရာမ ဒေါ်တင်တင်ဆီပြေးမှ ”

ကျောက်စိန်သည် ဆေးပုလင်းအား ပစ်ချကာ

” အမေရေ သားအဆိပ်သောက်မိပြီ ၊ သားသေရတော့မယ် ဆရာမဒေါ်တင်တင်ဆီ သွားမယ်အမေ ၊ သားကြောက်တယ် ”

ကျော်စိန်သည် ထိုသို့အော်ကာ ဆရာမဒေါ်တင်တင် အိမ်ဘက် ထပြေးလေသည်။

” အမယ်လေး သားရယ်၊ မိုက်လှချည်လား အီး ဟီး ဟီး ”

မိခင်ဖြစ်သူကလဲ ကျော်စိန်နောက်မှ ပြေးလိုက်လာ၏။

” ပူတယ် ပူတယ် ကယ်ကြပါအုံး အားးး အ အ …..”

ကျော်စိန်တစ်ယောက် လမ်းတစ်၀က်၌ပင် ပါးစပ်မှ သွေးများစီးကျလာကာ လဲကျသွားလေသည်။

လမ်းမှလူများလဲ ကျော်စိန်အား ပြေးချီကာ ဆေးရုံပို့ပေးကြသော်လည်း ကျော်စိန်‌သည် ထိုနေရာ၌ပင်လဲကျသေဆုံးခဲ့ပြီးဖြစ်၏။
သူ၏ ရုပ်အလောင်းကသာ ဆေးရုံသို့ရောက်လာ၏။

” ဟာ ကျော်စိန်သေပြီဟုတ်လား …”

” ဟုတ်တယ် အဆိပ်သောက်သေတာတဲ့၊ အဆိပ်သောက်ပြီး ကြောက်အားလန့်အားနဲ့ ဆရာမ ဒေါ်တင်တင်အိမ်ဘက်ထပြေးတာ လမ်းတစ်၀က်မှာတင် သေပါရောလား ”

” မိုက်လိုက်တဲ့ကလေး ၊ သေခါနီး ဘယ်လောက်တောင် ကြောက်နေရှာမလဲ ”

ကျော်စိန်၏ဇာတ်လမ်းသည် ဤမျှနှင့်ပြီးမသွား ၊ ည‌စာကျက်ဝိုင်း၌ ခြောက်လှန့်မှုများကြုံလာကြရ၏။

ကျော်စိန်သေဆုံးပြီးနောက် ကျောင်းတော်ကြီးသည် ပို၍ ခြောက်ကပ်သွားသယောင်ထင်ရ၏။

” ဒေါင် ဒေါင် ဒေါင် ”

ညနေကျောင်းဆင်းခေါင်းလောင်းထိုးသည်နှင့် ကလေးများအားလုံး အလုအယက် အိမ်သို့ပြန်ကြလေသည်။

ဆရာမဒေါ်မူမူတစ်ယောက် ဆွဲခြင်းအား ပစ်ချလိုက်ပြီးနောက် ထိုင်ခုံပေါ်၌ အားရပါးရ ထိုင်ချလိုက်၏။

” ဟူး မောလိုက်တာ ….”

သူတစ်ချက်ညည်းတွားလိုက်၏။

” ဟယ် ဒုက္ခပဲ အိပ်ရာခန်းသော့က ကျောင်းရုံးခန်းထဲက အံဆွဲထဲ မေ့ခဲ့ပြီ၊ မဖြစ်ဘူး သွားပြန်ယူမှရမယ် ”

သူလဲ အဖြူအစိမ်းပင်မလဲအားပဲ စက်ဘီးနင်းကာ ကျောင်းသို့ပြန်လာခဲ့၏။

” ဟာဆရာမ ဘာကျန်ခဲ့လို့လဲ …”

ကျောင်းစောင့်က လှမ်းမေးသဖြင့်

” အခန်းသော့က နားနေခန်းထဲ ကျန်ခဲ့လို့ ဦးလေးရေ ၊ ကျွန်မကို နားနေခန်းသော့ လေးပေးအုံး”

” ဟုတ်ကဲ့ ရော့ သော့…ကျွန်တော်လိုက်ပို့ပေးရမလား ”

ဒေါ်မူမူလဲ လက်မှနာရီအား တစ်ချက်လှမ်းကြည့်ကာ

” ရတယ်ဦးလေး စောပါသေးတယ် ခုမှ လေးနာရီ ပဲရှိသေးတာ ”

ဒေါ်မူမူလဲ ရုံးခန်းသော့အားယူကာ ခပ်သွက်သွက် ထွက်လာခဲ့၏။

ရုံးခန်းတံခါးအားဖွင့်လိုက်စဉ်
အခန်းထောင့်၌ အဖြူအစိမ်း၀တ်ကျောင်းသားတစ်ဦးသည် သူ့အားကျောပေးကာ ရပ်နေ၏။

” ဟဲ့ ဘယ်သူလဲ၊ မင်းက ရုံးခန်းထဲ ဘာလာလုပ်တာလဲ ”

သူ၏အမေးအားမဖြေပဲ ထိုကလေးသည် ရပ်နေမြဲ ။

ယခုတလော ရုံးခန်းထဲကပစ္စည်းများ ခြေရာလက်ရာပျက်နေသည်မှာ ဤကလေးကြောင့်ဖြစ်မည်ဟုတွေးကာ

” ဟဲ့ ငါမေးနေတယ်လေ၊ မင်းက ဘယ်အတန်းကလဲ ”

‌သူလဲ စိတ်မရှည်စွာဖြင့် ထိုကလေးနား လျှောက်လာစဉ်

” ဆရာမ… ကျွန်တော့ကို မှတ်မိလား …..”

သူ့ဘက်အား ဖြည်းဖြည်းချင်းလှည့်လာသောကလေး၏ မျက်လုံးက မျက်စံဖြူချည်းသာဖြစ်၏။
ကလေး၏မျက်နှာမှာ ပြာနှမ်းနေ၍ ပါးစပ်ကအက်ကွဲခြောက်သွေ့ကာ မဲနေလေသည်။

” ဟီး ဟီး ဟီး ”

ထိုကလေးသည် ခြောက်ကပ်ကပ်ရယ်သံကြီးဖြင့် တဟီးဟီးရယ်ကာ သူ့ထံတရွေ့ရွေ့လာနေ၏။

” အားးး မလာနဲ့ ကယ်ကြပါအုံး သရဲ သရဲ ”

ဒေါ်မူမူသည် ထိတ်လန့်စွာ အသံကုန်ဟစ်အော်ရင်း လဲကျသွားလေသည်။

” ဟာ ဆရာမ ဆရာမ ဒုက်ခပဲ …..”

ဒေါ်မူမူ ၏ သရဲခြောက်ခံရသော သတင်းသည် ဟိုးလေးတကြော်ကြော်ပင် ။

” မလာနဲ့၊ ငါ့ဆီမလာနဲ့ သရဲ၊ သရဲ မျက်စိဖြူကြီးနဲ့ သရဲ၊ ကျော်စိန်က သရဲကြီး ”

ဒေါ်မူမူ၏ စိတ်ကျန်းမာရေး အခြေအနေမှာ ဆိုးရွားသဖြင့် ထိုစာသင်နှစ်၌ ကျောင်းပင်ဆက်မတက်နိုင်တော့ပဲ အနားယူလိုက်ရလေတော့သည်။

ထိုစာသင်နှစ်ပြီးနောက် ထိုကျောင်း၌ ညစာကျက်ဝိုင်းအစီအစဉ်သည်လည်း ထာ၀ရ ပိတ်သိမ်းခဲ့လေသည်။

နောင်နှစ်နှစ်ခန့်ကြာသောအခါ

ဒေါ်တင်တင်တစ်ယောက် လက်ထဲမှာမင်္ဂလာဆောင်ဖိတ်စာအား ကြည့်ကာ သက်မရှည်ကြီးအားချလိုက်မိ၏။

ပြီးနောက် သတို့သမီး၏ နာမည်အား တစ်လုံးချင်းရေရွတ်လိုက်၏။

” မ..ရွှေ…ဖြူ တဲ့လား ….သားလေးကျော်စိန်ရယ်…မင်းကတော့ သူ့ကိုချစ်လို့ အဆိပ်သောက်ခဲ့တယ်နော်၊ သူကတော့ နောက်တစ်ယောက်နဲ့ ပျော်ပျော်ပါးပါး မင်္ဂလာဆောင်တော့မယ်၊ သူကတော့ မင်းကို မေ့ရင် မေ့လောက်ရောပေါ့၊ ငါကတော့ ငါမွေးပေးလိုက်တဲ့ကလေး ငါပြုစုပေးခဲ့ရတဲ့ကလေးမို့ မင်းကိုခုထိ သတိရတုန်းပဲ၊ မင်းမိဘတွေဆို ငါ့ထက်မင်းကို ပိုသတိရကြမှာပေါ့၊ မင်းအမေဆို ငါ့ကိုတွေ့ရင် ခုထိ ငိုတုန်းပဲ၊ ဆရာမသားက သေခါနီး ဆရာမဆီကို အားကိုးတကြီးပြေးရှာတာဆိုပြီးတော့လေ ၊ စိတ်ကစားတဲ့အရွယ်မှာ စိတ်လိုလိုက်ပြီး မှားတတ်ကြပေမဲ့ မင်းလောက်တော့ မိုက်သူရှားကြလေရဲ့၊ မင်းရဲ့နောင်တဟာ နှောင်းလွန်းခဲ့တယ်ကလေးရယ် …မင်းသာ တမလွန်ကနေ ဒီဖိတ်စာကိုတွေ့ရင် ဘာများပြောမလဲ သိချင်မိချင်ရဲ့ …..”

သားဖွားဆရာမကြီး၏စကားအား ‌တမလွန်မှ ကျော်စိန်တစ်ယောက် ကြားလျှင်တော့ဖြင့် …….

လေးစားလျက်
စာရေးသူ နန်းကြာညို