**ပုဂ္ဂိုလ်ထူးဆရာဖေနှင့် ၃၂ကျော့အတိုက်****
စ/ဆုံး
အခန်း(၁)
နံနက်ခင်းထွက်ခါစနေ၏အလင်းရောင်က ထင်းရူးတောတန်းအား စတင်လွှမ်းခြုံစပြုနေလေသည်။
ပုလဲဥပမာ စုစည်းနေသည့် နှင်းရည်များသည်လဲ နေရောင်အောက်၌ အငွေ့သဏ္ဌာန်ဖြင့် ကွယ်ပျောက်စ ပြုနေချေပြီ။
” ခွပ် ခွပ် ခွပ် ”
ပေလမ်းမထက်၌ မြင်းလှည်းတစ်စီးသည် ခပ်မှန်မှန်မောင်းနှင်လျက်ရှိ၏။
” ဟူး လေက တိုက်တော့ စိမ့်နေတာပဲဝေ့ ”
မြင်းလှည်းမောင်းနေသည့် ကရင်အင်္ကျီ၀တ်ဆင်ထားသည့်လူရွယ်က ခပ်တိုးတိုးညည်းညူလိုက်၏။
” မင်းကတော့ အေးလို့ညည်းညူနေတာ ငါ့ဇက်ပိုးတွေက ခုထိနာနေတုန်းပဲ ”
အိုက်စံသည် သူ၏ခေါင်းအား ဘယ်ညာလှည့်ကြည့်ပြီးနောက် ညည်းညူလိုက်၏။
ထိုအခါ စောအယ်ဝါးက ပြုံးဖြီးဖြီးမျက်နှာဖြင့်
” ဟဲ ဟဲ ၊ ညက မင်းပင်ပန်းနေမှာစိုးလို့ အနားပေးလိုက်တာပါကွာ ”
” အေးပါကွာ … မင်းအဲ့လိုလုပ်လိုက်လို့ပဲ ၊ မဟုတ်ရင် ငါက အသိလွတ်တော့မှာ ၊ ငါ့ကို အဲ့ဒီအမျိုးသမီးလာခေါ်တော့ ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ကို သူ့ဆီ ပြေးသွားလိုက်ချင်တာကွ၊ သူ့ဆီမသွားလိုက်ရင် တစ်သက်လုံးသူ့ကို ဆုံးရှုံးရတော့မယ်ဆိုတဲ့အသိမျိုးနဲ့ လက်လွတ်မခံချင်အောင်ကို သူ့ခေါ်တဲ့နေရာကို လိုက်ချင်တာမျိုးက၊ မင်းသာ ငါ့ကိုမေ့အောင်မလုပ်ရင် ငါသေချာပေါက် ထွက်သွားမိမှာသိလား ၊ ငါသာ အဲ့ဒီမိန်းမဆီသွားခဲ့ရင် ဘာဖြစ်မလဲဆိုတာတောင် မတွေးရဲဘူး ”
အိုက်စံ၏ စကားအားနားထောင်ပြီးနောက် မောင်ဖေက
” မမြင်အပ်တဲ့အရာတွေ ပြုစားခံရရင် မရှိတာတွေကို တစ်ကယ်အရှိထင်နေတတ်တာကွ၊ သူတို့ရဲ့ အစွမ်းနဲ့ သူတို့ပြုစားသူကို ကောင်းကောင်းကြီးလှည့်စားနိုင်ကြတယ်အိုက်စံ ၊ တစ်ကယ်လို့ မင်းသာ အဲ့ဒီမိန်းမဆီသွားခဲ့ရင် သူက မင်းရဲ့ အသက်ကိုနုတ်ယူသွားမှာပေါ့ကွာ ၊ မင်းကလဲ ရှမ်းအနွယ်ဖြစ်တာရယ် ၊ သူ့ရဲ့ သေဆုံးသွားတဲ့ချစ်သူနေရာမှာ အစားထိုးပျော်ပါးချင်တာလဲ ဖြစ်နိုင်တာပဲ ”
” အင်း ..နောက်ဆုံးတော့မင်းလုပ်ဆောင်ချက်တွေအောင်မြင်ခဲ့လို့တော်သေးတာပေါ့နော် မောင်ဖေ ၊ ဒါနဲ့ ငါမရှင်းတာတစ်ခုရှိတယ် ”
” ဘာများလဲ အိုက်စံ ”
” အဲ့ဒီဂူဟောင်းကြီးအပေါ်ကို ဘာကြောင့်မိုးကြိုးပစ်ချပြီး အဲ့ဒီဂူကြီးတစ်ခုလုံး မြေအောက်ကျွံ၀င်သွားရတာလဲ မောင်ဖေ ”
” အောက်လမ်းအတတ်မှာ တစ်ဖက်ကမ်းခတ်အောင်ကျွမ်းသူတွေရဲ့ဘ၀ နောက်ဆုံးအဆုံးသတ်ချိန်ကြရင် လောင်မီးကျပြီး အဆုံးသတ်ရတတ်တယ်ကွ၊ ဒါကြောင့် အဲ့ဒီဂူဟောင်းမှာရှိတဲ့ မကောင်းတဲ့အတတ်နဲ့ဝိညာဉ်ကို မိုးကြိုးနဲ့အဆုံးသတ်တဲ့သဘောပဲ၊ အဲ့ဒီဂူထဲက ဖြန့်ထားတဲ့စက်တွေအကုန်လုံးကိုတော့ ငါကဖျက်ဆီးပစ်ခဲ့ပြီလေ ၊
ပြီးတော့ ဂူထဲမှာ မြုပ်နှံထားတဲ့အရာတွေဟာ အခြားသူတွေလက်ထဲ မရောက်သင့်တဲ့အရာတွေရှိနေလိမ့်မယ်၊ ဒါကြောင့်လဲ ဆိုင်ရာပုဂ္ဂိုလ်တွေဟာ အဲ့ဒီအရာတွေကို မြေမြှုပ်ပြီး ပျောက်ကွယ်အောင်ပြုလိုက်တဲ့သဘောပဲ ”
” ဩ ဒါကြောင့် အဲ့ဒီဂူသင်္ချိုင်းကြီးဟာ အဲ့ဒီနေရာကနေ ပျောက်ကွယ်သွားခဲ့တာကိုး ၊ မင်းမို့လို့လဲ ဒီလိုဆောင်ရွက်နိုင်တာကွ ”
” ခုနှစ်ရက်သားသမီးကောင်းကျိုးအတွက်ဆိုရင် ဘယ်လောက်ခက်ခဲနေပါစေ ဆောင်ရွက်ပေးချင်တယ်အိုက်စံ၊ ငါ့အသက်ရှင်နေသရွေ့ ခုနှစ်ရက်သားသမီးတွေရဲ့ အခက်အခဲပြဿနာတွေကိုကူညီဖြေရှင်းပေးချင်တယ်”
” သာဓု သာဓု သာဓုပါ မောင်ဖေရာ မင်းလိုလူကတော့ရှာမှ ရှားပါပဲ ဒါနဲ့မောင်ဖေ ငါမင်းကိုတစ်ခုမေးစရာရှိသေးတယ် ”
” ဘာများလဲအိုက်စံရ ”
” ဒီလိုကွ ငါတို့ရှမ်းရွာတွေကို တော်ရုံလူမလာရဲကြဘူး ၊ အထူးသဖြင့် ယောက်ျားလေးတွေပေါ့ကွာ ၊ ရှမ်းမတွေက ပြုစားတယ် ဖင်နဲ့ဖျာနဲ့ကပ်တယ် ထမရဘူးဆိုပြီးပေါ့ကွာ ၊ စုန်းတွေက အဲ့လိုပြုစားတတ်သလား ၊ ငါ့စိတ်ထင်တော့ လူတွေက လျှောက်ပြောနေကြသလားလို့ ”
” အင်း အဲ့လိုပြုစားတတ်သူတွေတစ်ကယ်ရှိတယ်အိုက်စံ ၊ အဲ့လိုပြုစားတာက စုန်းပညာတတ်သူမဟုတ်လဲ ပြုစားလို့ရတယ် ”
” ဟေ ဘယ်လို”
” ဟုတ်တယ်အိုက်စံ အဲ့လိုဖင်နဲ့ဖျာနဲ့ကပ်အောင်လုပ်တာကို စအိုဖင်ကပ်ဆေး လို့ခေါ်တယ်
အဲ့လိုလုပ်မယ့်သူဟာ စအိုဖင်ကပ်ဆေးနည်းအတတ်တတ်မြောက်သူတိုင်း လုပ်လို့ရတယ်
အဲ့ဒီဆေးရဲ့ အကြမ်းဖျင်းဖော်စပ်ပုံက
ရှိန်းခိုကိုရေလုံအိုးကွဲမှာ ဖျော်…
စုတ်ရန်မန္တန်က
( ဥုံမြေကြီးမသုန္ဒြေ . ကုန်းအနေအစအမြဲလှ . ကပ်ဆရာကပ် ။အဲ့ဒီမန္တန်နဲ့ ခုနစ်အုပ်မန်းပြီး
ကြမ်းကို သုတ်ထားရင် ထိုင်မိသူတိုင်း ဖင်ကပ်နေတယ် အိုက်စံ ၊
ရွတ်သူကလဲ ဂါထာကိုထုံနေတဲ့သူမှစွမ်းတာပေါ့ကွာ”
” ဟင် ဟုတ်လား အဲ့လိုကပ်နေရင် ခွာမရတော့ဘူးလား ”
” ပြန်ခွာစေချင်ရင်
( ဥုံတောင်ထိပ်ဘုရား ရှားဆရာရှား ။ )
ဆိုပြီးအဲ့ဒီမန္တန်နှင့် ရေကို ခုနစ်အုပ်မန်းပြီးကပ်သူကိုပြန်ဖျန်းပေးရင် ပြေတယ်ကွ ၊
ပြုစားသူကတော့ သူ့စိတ်ထဲကပဲ ရွတ်ဖတ်မန်းမှာပေါ့ကွာ ၊ အဲ့တော့ခံရသူက မသိတော့ ကြောက်ကြပြီး၊ စုန်းလိုလို ကဝေလိုလိုထင်ကြတာပေါ့ကွာ ”
” ဩ အဲ့လိုကိုး လောကကြီးမှာ ကိုယ်မသိနိုင်တဲ့ ပညာတွေကလဲ အများကြီးပါလား ”
အိုက်စံ၏စကားအား စောအယ်ဝါးက ခေါင်းငြိမ့်ကာ ထောက်ခံလိုက်ပြီးနောက်
” ဟုတ်တယ်အိုက်စံ ၊ အချို့အောက်လမ်းပညာတွေက ဗေဒင် ပညာရပ်နဲ့ရောယှက်နေတယ်ဆိုပဲ ၊ ငါတော့သိပ်နားမလည်ဘူးကွ ”
” ဒါက ဒီလိုရှိတယ်စောအယ်ဝါး ၊ အချို့စုန်းကဝေတွေဟာ ပြုစားတဲ့အခါ ပြုစားလိုသူရဲ့ နေ့နံတွေနဲ့ တွက်ချက်ပြုစားကြရတာကွ ”
” ဘယ်လိုတွက်ချက်…ပြုစားရတာလဲ မောင်ဖေ ”
” အင်း… မင်း နားလည်အောင်ပြောရရင် အနက်ရောင်စုန်းကဝေပညာနဲ့ လူတစ်ယောက်ကိုခေါင်းကိုက်အောင်ပြုစားချင်တယ်ဆိုပါတော့ကွာ
ပြုစားလိုသူရဲ့နာမည်က ရီစိုး ဆိုပါဆို့
ရီဆိုတာက ဗုဒ္ဓဟူး ၊ စိုးဆိုတာက အင်္ဂါ
အဲ့နာမည်ကိုပြောင်းပြန်ပြန်ကောက်တော့ အင်္ဂါဗုဒ္ဓဟူးဆိုတဲ့နာမ်ကိုရတယ်ကွ။
အင်္ဂါဗုဒ္ဓဟူးနံရှိတဲ့ပစ္စည်းဆိုရင် ဥပမာ စာရွက်ပေါ့ကွာ။
အဲ့တော့ ပြုစားလိုသူရဲ့ဓာတ်ပုံ၊ သို့မဟုတ်ပုံတူပန်းချီကားပေါ်မှာ စာရွက်ကိုတင်
စာရွက်ပေါ်မှာ သူ့နာမည်ကိုရေး
ပြီးရင်စာရွက်ကိုလုံးချေပြီး ရီစိုးခေါင်းကိုက်ပါစေဆိုပြီး အသက်အောင့်ပြီး(၇)ခေါက်ရွတ်ရင် သုံးရက်အတွင်းသူခေါင်းကိုက်လာတာပေါ့ကွာ ”
” ငါသဘောပေါက်ပြီမောင်ဖေ ၊ ခုလိုရှင်းပြပေးတာကျေးဇူးပါသူငယ်ချင်းရာ ”
” ကျေးဇူးတင်ရမယ့်လူတွေမှမဟုတ်တာ စောအယ်ဝါးရာ ”
ကရင်အင်္ကျီ၀တ်ဆင်ထားသည့် လူငယ်မောင်းလာသောမြင်းလှည်းလေးသည် မကြာမီ ဘုန်းကြီးကျောင်းဝိုင်းကြီးတစ်ခုအတွင်းသို့ ချိုးကွေ့၀င်ရောက်သွားလေတော့၏။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း(၂)
ဒေါ်ရွှေစာတစ်ယောက် ယခုတလောသူ့သားအားကြည့်ကာ စိတ်ထဲ၌ တစ်မျိုးတမည်ခံစားနေရ၏။
” ဟဲ့သား မှန်ရှေ့မှာကြာလှပြီ ဘာလုပ်နေတာလဲ ”
သူ၏စကားကြောင့် သားဖြစ်သူမှာ လန့်သွားကာ
” အမေရာ လန့်လိုက်တာ ၊ ကျုပ်ဘာသာကျုပ် ဘာလုပ်လုပ်ပေါ့ဗျာ ”
” တစ်ကတည်း…မိန်းမကြနေတာပဲ မှန်ရှေ့မှာပြီးကိုမပြီးနိုင်တော့ဘူး ၊ ဇာဇာတို့အိမ်ကို မုန့်ဟင်းခါးချိုင့်သွားပို့ချေ ”
” ဟာ မသွားချင်ပါဘူး ၊ အမေ့နှိုင်းပဲ သွားပို့လိုက်တော့ ”
” ဟဲ့ မင်းပဲ ခါတိုင်းက ဇာဇာဆီသွားချင်လွန်းလို့ ပြာကလူးခပ်နေတာလေ ၊ ပြီးတော့မင်းပဲ ဇာဇာကိုတောင်းပေးပါဆိုလို့ လူကြီးတွေက မင်းကိုဇာဇာနဲ့စေ့စပ်ပေးထားတာ ခုမှမသွားချင်ဘူးလေး ဘာလေးနဲ့ ၊ မင်းတို့ချင်း ဘာတွေအဆင်မပြေတာလဲအမေ့ကိုပွင့်ပွင့်လင်းလင်းပြောစမ်း ”
” ဟာ သားတို့ချင်းဘာမှမဖြစ်ဘူး ၊ သားကိုလာပြီးချွဲနေတဲ့ အဲ့ကောင်မကို သောက်မြင်ကပ်လို့မသွားချင်တာ ”
” ဟဲ့ မင်းပဲ သူ့ကိုအလိုလိုက်အကြိုက်ဆောင်ပေးနေခဲ့တာလေ ၊ အရင်ကတော့ ကလေးဆန်လို့ချစ်သလေးဘာလေးနဲ့ ခုမှဘာထဖြစ်တာလဲ ”
” မသိဘူးအမေရာ သားသူ့ကို ကြည့်မရတော့ဘူး စေ့စပ်ပွဲလဲ ဖျက်ချင်ဖျက်လိုက်တော့”
” ဟဲ့ ဖျက်လို့ဖြစ်မလား ၊ သူများသားသမီးကို ..မင်းမှာလဲ နှမရှိတယ် ကိုယ်ချင်းစာပေါ့”
” မသိဘူးအမေရာ စိတ်ရှုပ်တယ် ဂယ်ဘဲ ဂယ်ဘဲ ”
ခါးအားလှုပ်ကာထွက်သွားသော သားဖြစ်သူ သီဟအားကြည့်ကာ ဒေါ်အမာတစ်ယောက် မျက်လုံးပြူးသွား၏။
ထို့နောက် သူ့ရင်ဘတ်အားသူဖိကာ
” ဘုရားရေ ကြည့်စမ်း ကြည့်စမ်း ၊ တင်ကိုလှုပ်ယမ်းသွားလိုက်တာ မိန်းမကြနေတာပဲ ၊ မဖြစ်ဘူး မဖြစ်ဘူး ကိုစောမောင်ကိုပြောမှရမယ်၊ဘယ့်နှယ့် ကြာလေကြာလေ မိန်းမဆန်လာလေပဲ ”
ဦးစောမောင်တစ်ယောက် အိမ်သို့ရောက်လျှင်ရောက်ချင်း သူ၏တိုက်ပုံအင်္ကျီအား စားပွဲပေါ်သို့ပစ်တင်ကာ ခြေပစ်လိုက်ပစ်ထိုင်ချလိုက်၏။ထို့နောက် သက်မရှည်ကြီးအား အားရပါးရ မှုတ်ထုတ်လိုက်သည်။
” ဟူး …”
” ကိုစော အလုပ်က ပင်ပန်းလာတာလား ရော့ အမောပြေသံပုရာရည်လေး သောက်လိုက်အုံး ”
မိန်းမဖြစ်သူကမ်းပေးလာသော သံပုရာရည်ခွက်အားလှမ်းယူကာ အားရပါးရမော့ချလိုက်ပြီးနောက်
“ဟူးး ခုမှ စိတ်ထဲ နဲနဲလန်းသွားတော့တယ် ..”
” ဘာလဲအစ်ကို ဒီနေ့အမှုရှုံးခဲ့ပြန်ပြီလား ”
” ဟုတ်တယ်ခင်မေ ၊ ခုတလော ကိုယ်ကိုင်ရတဲ့အမှုတွေက ရှုံးပဲ ရှုံးနေတယ်၊ ကြာတော့ အမှုသည်တွေကို မျက်နှာတောင်မပြရဲတော့ဘူး ၊ အိမ်ရှေ့က ဝတ်လုံတော် ဦးစောမောင်ဆိုတဲ့ ဆိုင်းဘုတ်ကြီးတောင် ဖြုတ်ရတော့မယ်ထင်ပါရဲ့ကွာ ”
” ဩ အစ်ကိုရယ် ၀တ်လုံဘွဲ့က လွယ်လွယ်နဲ့ရခဲ့တာမှမဟုတ်တာ ၊ နောက်အမှုတွေကြတော့ နိုင်မှာပေါ့”
” မဟုတ်သေးဘူးရှင်မ ..ကိုယ်လျှောက်လဲချက်ပေးလိုက်ရင် တရားသူကြီးက ပယ်ချတာချည်းပဲ ၊ အရင်က ဒီလိုတစ်ခါမှ မဖြစ်ဖူးဘူး ၊ ကိုယ့်ဘက်က အရေးကြီး လူသက်သေကြတော့လဲ အကြောင်းအမျိုးမျိုးပြပြီးမလာ.. ရှင်းရှင်းပြောရရင် အလုပ်က အဆင်မချောပဲ အတားအဆီးတွေများနေတယ် ၊ လဘ်တိတ်နေတယ်ကွာ ”
” အင်း မပြောမဖြစ်ပြောရအုံးမယ်ကိုစော ”
” ဘာများလဲ ခင်မေ ”
” အစ်ကို့သား ခင်မောင်အကြောင်းပေါ့”
မိန်းမဖြစ်သူ၏စကားကြောင့်ဦးစောမောင်တစ်ယောက် မျက်ခုံးနှစ်ဘက် ရှုံ့ကာ
” ခင်မောင်က ဘာဖြစ်လို့လဲ ”
” ဇာဇာနဲ့ စေ့စပ်တာဖျက်ချင်သတဲ့ ”
” ဟေ ဘာလို့လဲ ”
” မသိဘူး ကိုစော၊ ပြီးတော့ ခုတလော သူ့ကိုကြည့်ရတာ မိန်းမလျာနဲ့တူလာသလိုပဲ ”
” ဟမ် ဘယ်လို ဘယ်လို ”
” ဟုတ်တယ်ကိုစော ဒီနေ့လဲ မှန်ရှေ့မှာအကြာကြီး ရပ်ပြီး ကနွဲ့ကလျလုပ်နေတယ်လေ ”
” ဟ ဟုတ်မှလဲ ပြောပါခင်မေရ..”
” ဩ ကျုပ်က မဟုတ်ပဲ ပြောပါ့မလား ၊ မယုံရင်ရှင်ကိုယ်တိုင်အကဲခတ်ကြည့်ပေါ့”
“ကျွတ်. ဒီကောင်က ဘာဖြစ်တာလဲကွာ ၊ အရင်ကတော့ပွေလိုက်ရှုပ်လိုက်တာ မိဘက မနည်းတားယူရတယ်၊ ဇာဇာတုန်းကလဲ မရရင်သေတော့မလိုပဲ ၊ ခုကျ စေ့စပ်တာတောင်ဖျက်ချင်သတဲ့၊ အလုပ်ကအဆင်မပြေရတဲ့ထဲ ဒီကောင်ကတမှောင့် ”
ဦးစောမောင်တစ်ယောက် စိတ်ညစ်ညူးစွာ ညည်းညူနေလေသည်။
နောက်ရက်များ၌ ဦးစောမောင်သည် သူ၏သားဖြစ်သူခင်မောင်၏အခြေအနေအားအကဲခတ်လေရာ အမှန်တစ်ကယ်ပင် မိန်းခလေးတစ်ဦးကဲ့သို့ပြုမူနေသည်အားတွေ့လိုက်ရ၏။
” ဟေ့ကောင် ခင်မောင်ငါ့ဆီလာစမ်း ”
” ဗျာ ဟုတ် ဟုတ် လာပါပြီအဖေရေ ”
” ဟ မိန်းမလိုမိန်းမရလေသံနဲ့ မပြောနဲ့၊ မင်းပေါင်မှာထိုးထားတဲ့ ထိုးကွင်းကိုလဲ အားနာအုံး ”
” အို အဖေကလဲ …”
” မင်း မင်း ပြောလေကဲလေပါလား ..ငါပိတ်ထိုးမိတော့မယ် ”
သားအဖနှစ်ဦး၏ငြင်းခုံသံကြောင့် ဒေါ်ခင်မေသည် မီးဖိုခန်းထဲမှ ထွက်လာကာ
” အလို ဒီသားအဖတွေ စောစောစီးစီးဘာတွေဖြစ်နေကြတာလဲ ‘”
” ငါသည်းမခံနိုင်တော့ဘူးခင်မေ ၊ ဒီကောင်နဲ့ငါ ဒီနေ့ စာရင်းရှင်းမှဖြစ်မယ် ၊ ဇာဇာကလဲ ငါ့ကိုတိုင်တယ် ၊ ဒီကောင်လေ အရပ်ထဲက ဟိုဘော်ကြော့ကောင် ငမင်းရဲ့ဘီးနောက်ကို ခါးဖက်ပြီးလိုက်စီးသတဲ့ ၊ ဇာဇာက သူနဲ့စေ့စပ်ထားသူက မိန်းမလျာဖြစ်နေမှန်းမသိဘူး ရှက်သတဲ့ ၊ ငါ့မျက်နှာကို ဘယ်ထားရမှန်းတောင်မသိဘူး ‘”
” ဟုတ်သလားသား ၊ အမေ့ကိုမှန်မှန်ပြောစမ်း အရင်က ယောက်ျားပီသလွန်းတဲ့အမေ့သားက ဘာလို့ခုလိုပြောင်းလဲသွားတာလဲ ‘”
ထိုအခါမှ ခင်မောင်သည် သူ၏မျက်နှာအား လက်ဖဝါးနှစ်ဖက်အုပ်ကာ အားရပါးရ ငိုချလိုက်ပြီးနောက်
” အဖေတို့ရှက်တာထက် သားက ပိုရှက်တယ်ဗျ၊ သားက ကိုယ့်ကိုယ်ကိုယ်တောင် သ တ်သေချင်နေတာ ၊ စိတ်ကသိနေတယ် ၊ အပေါင်းသင်းတွေကလဲ လှောင်ပြောင်နေကြတာ ဒါပေမဲ့ ဘယ်လိုမှထိန်းမရဘူး ၊ နားထဲမှာလဲ တစ်ယောက်ယောက်က ဘယ်လိုလုပ် ဆိုပြီး ညွှန်ကြားနေသလိုအသံတွေကြားနေရတာ ၊ သားလောကကြီးထဲမှာ မနေချင်တော့ဘူး ၊ လူတိုင်းသားကိုကဲ့ရဲ့နေကြပြီ ”
ခင်မောင်၏ စကားကြောင့်မိဘနှစ်ပါးလုံး ဆွံ့အသွားကြ၏။
” မေတို့တစ်အိမ်လုံး တစ်ယောက်တစ်မျိုးဖြစ်နေကြတာရိုးမှရိုးရဲ့လား ကိုစော ၊ သမီးကလဲ ဘီးမှောက်လို့လက်ကျိုးသွားတယ် ၊ မေလဲ လူလိမ်ခံရတယ်၊ သားကလဲ ဒီလိုဖြစ်တယ် ၊ ကိုစောလဲ အလုပ်က အဆင်မပြေတော့ တစ်ယောက်ယောက်များ တစ်ခုခုနဲ့လုပ်ထားသလားပဲ ”
” အင်း ဖြစ်တော့လဲ ဖြစ်နိုင်တာပဲ ၊ ဆရာတွေ ဘာတွေနဲ့ ပြကြည့်ရင် ကောင်းမလားပဲ ”
” ကောင်းတယ် ကိုစော ”
ဦးစောမောင်တို့မိသားစုသည် ဆရာများတစ်ဦးပြီးတစ်ဦး ပင့်လာသော်လည်း အဆင်ပြေမလာခဲ့ပေ ။
ဆရာများက တွက်ချက်စစ်ဆေးပေးရာ၌ သူတစ်ပါးကြံစည်ထားသည်ဟု တစ်ညီတစ်ညွတ်တည်း ထွက်ဆိုကြကာ ဆရာများညွှန်ကြားချက်အတိုင်းလုပ်ဆောင်ခဲ့ကြသော်လည်း အခြေအနေမှာ ထူးခြားမလာခဲ့ပေ။
စီးပွားရေးသည်လဲ တရိပ်ရိပ်ကျဆင်းလျက်ရှိရာ နောက်ဆုံး၌ အိမ်ပါရောင်းချရမည့်အခြေအနေသို့ရောက်လာခဲ့၏။
တစ်နေ့ ဉီးစောမောင်တစ်ယောက် ရုံးမှအိမ်သို့ပြန်ရောက်လာကာ
” မိန်းမရေ မိန်းမ ”
” ရှင် ဘာများလဲ ကိုစော ”
” ငါ ရှမ်းပြည်ဘက်ခရီးထွက်စရာရှိတယ် ၊ မကြာဘူး မိန်းမ ချက်ချင်းပြန်လာခဲ့မယ် ၊ လိုတာလေး ပြင်ဆင်ထားလိုက် ”
” ဘာကိစ္စများလဲ ကိုစော၊ အမှုသည်ကိစ္စလား ”
” မဟုတ်ဘူးမိန်းမ ၊ ရှမ်းပြည်ဘက်က ဆရာသွားပင့်မလို့ ၊ ကိုယ့်မိတ်ဆွေ ဦးကျောက်ရိုင်းက ညွှန်လိုက်တာ ၊ အဲ့ဒီဆရာက ငယ်ပေမဲ့ အရမ်းတော်တယ်တဲ့၊ ဦးကျောက်ရိုင်းဆီမှာ အရင်က ကားမောင်းတဲ့ ဦးမိုးမှောင်ဆိုတဲ့ဇာတိရွာဖြစ်တဲ့ ပဉ္ဇလူရွာက ပြဿနာကိုတောင် အဲ့ဒီဆရာက ကူညီဖြေရှင်းပေးခဲ့နိုင်သတဲ့ ၊ ငါတို့ကြုံနေရတဲ့ပြဿနာကိုလဲ အဲ့ဒီဆရာက သေချာပေါက်ဖြေရှင်းပေးနိုင်မှာလို့ ဦးကျောက်ရိုင်းကပြောလိုက်တယ် ၊ ဦးကျောက်ရိုင်းဆိုတဲ့သူက တော်ရုံလူဆို သိပ်အထင်မကြီးတတ်တဲ့သူကွ ၊ ခု သူကိုယ်တိုင် အဲ့ဒီဆရာကိုညွှန်လိုက်မှတော့ သူညွှန်တဲ့ဆရာက အတော်လေး တော်လို့ပေါ့ကွာ ”
” ဟင် ဟုတ်လား ၊ ဒီတစ်ခါတော့ ကျွန်မတို့ အဆင်ပြေလောက်မှာပါနော် ကိုစော ”
” ပြေသွားမှာပါကွာ ”
” ဒါနဲ့ အဲ့ဒီဆရာနာမည်က ဘယ်သူတဲ့လဲ ”
” ဆရာဖေတဲ့ ”
” ဆရာဖေ ဟုတ်လား ကိုစော ”
” ဟုတ်တယ် ခင်မေ၊အသက်က အတော်ငယ်သေးတယ်တဲ့၊ ပြီးတော့ ဆရာက ပအိုဝ်းတိုင်းရင်းသားတဲ့ ”
“ကဲ ဒါဆိုလဲ အမြန်ဆုံးသာ ပင့်ခဲ့ပေတော့ ၊ ရှင့်အတွက် လိုတာတွေ ပြင်ဆင်ပေးထားလိုက်တော့မယ် ”
မခင်မေသည် ခင်ပွန်းဖြစ်သူအတွက် လိုအပ်သည်များအား ပြင်ဆင်ပေးလျက်ရှိ၏။
ဦးစောမောင်သည် ခရီးဆောင်အိတ်လေးအား ယူဆောင်ကာ ရှမ်းပြည်ဘက်သို့ ခရီးထွက်ခဲ့လေတော့သည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း (၃)
ဆောင်းအကုန်နွေအကူးအခါသမယ၌ သစ်ပင်ထက်မှ ရွက်ဝါများက တဖြုတ်ဖြုတ်ကြွေကျနေ၏။
အချို့အပင်များ၌ ရွက်သစ်များပင်ဝေစ ပြုနေလေပြီ။
ဘုန်းကြီးကျောင်းဝိုင်းအတွင်း၌ လူရွယ်သုံးယောက်သည် တံမြက်စည်းကြမ်းရှည်ကိုယ်စီဖြင့် အမှိုက်များအားရှင်းလင်းနေကြ၏။
စွပ်ကျယ်ဖြူလက်ပြတ်နှင့် ရှမ်းပင်နီဘောင်းဘီ၀တ်ဆင်ထားသည့် လူရွယ်သည် တံမြက်စည်းလှည်းနေရင်းမှ သူ၏နဖူးမှစီးကျလာသည့်ချွေးများအားသုတ်ကာ
” ဟူး ပူလိုက်တာ ၊ ငါတို့ရှမ်းပြည်တောင်ဒီလောက်ပူနေရင် အညာဒေသတော့ ဘယ်လိုနေမယ်မသိဘူးကွာ ၊ မနှစ်ကထက်ဒီနှစ်က ပိုပူသလိုပဲ ”
” ပိုပူမှာပေါ့အိုက်စံရာ သစ်တောတွေပြုန်းတီးလာတာနဲ့အမျှ ရာသီဥတုက ပိုပူလာမှာပဲ ၊လူတွေက သစ်ပင်တွေကို စည်းကမ်းမဲ့ခုတ်နေတော့ တစ်နှစ်ထက်တစ်နှစ်ပိုပူလာဖို့ပဲရှိတယ် ”
ထိုစဉ် ကရင်အင်္ကျီ၀တ်ဆင်ထားသော လူရွယ်က
” ခုမှမနက်ကိုးနာရီကျော်ပဲရှိသေးတယ် ၊ ငါတို့ခဏနားကြရအောင်ကွာ ၊ ငါလက်ဖက်သွားသုတ်လိုက်အုံးမယ် ၊ အိုက်စံ..မင်းက ရေနွေးကြမ်းသွားယူလာခဲ့ ”
စောအယ်ဝါးသည် လက်ဖက်သုတ်ရန်ထွက်ခွာသွား၏။
အိုက်စံသည်လဲ ရေနွေးကြမ်းယူရန်ထွက်သွားလေသည်။
” အာ အာ အား ”
မောင်ဖေသည် ခုံတန်းရှည်၌ ထိုင်နေစဉ် ကျီးကန်းတစ်သိုက်၏ အော်သံကြောင့်
” အင်း ဒီနေ့တော့ ဧည့်သည်လာတော့မယ် ထင်ပါရဲ့ ..”
ဟု တီးတိုးရေရွတ်လိုက်၏။
မကြာမီ အိုက်စံနှင့်စောအယ်ဝါးသည် လက်ဖက်သုတ်ပန်းကန်နှင့် ရေနွေးကြမ်းခရားအိုးများအသီးသီးကိုင်ဆောင်ကာ ပြန်လည်ရောက်ရှိလာကြသည်။
“လက်ဖက်သုတ်ကတော့ရှယ်ပဲဟေ့ ၊ ငါတို့လက်ဖက်သုတ်လေးစားရင်း အေးဆေးစကားပြောရအောင် ”
” ငါတို့သိချင်တာလေးတွေ မောင်ဖေဆီမေးကြမယ်ဟေ့ ”
အိုက်စံ၏ စကားကြောင့်မောင်ဖေက ခေါင်းညိမ့်လိုက်ပြီးနောက်
” သိသလောက်ဖြေရတာပေါ့ အိုက်စံရာ ”
” ရော့မောင်ဖေ ငါ့လက်ရာ လက်ဖက်သုတ်လေးစားကြည့်အုံး ”
မောင်ဖေသည် စောအယ်ဝါးပေးလိုက်သည့် လက်ဖက်သုတ်ပန်းကန်အားယူကာ တစ်ဇွန်းစားကြည့်ပြီးနောက်
” ဟာ တယ်ကောင်းတာပဲ ၊ ငါမှတ်မိသေးတယ် ငါငယ်ငယ်က ငါ့အမေကလဲ လက်ဖက်ခဏခဏ သုတ်ကျွေးတာ ၊ အမေ့လက်ရာကလဲ သိပ်ကောင်းတာကွ”
စောအယ်ဝါးသည် လက်ဖက်သုတ်အားစားပြီးနောက် ရေနွေးကြမ်းပူပူအား တဖူးဖူးမြည်အောင်မှုတ်သောက်နေရင်းမှ
” ဩ မောင်ဖေ ၊ ငါသိချင်တာတစ်ခုမေးအုံးမယ် ၊ ငါငယ်ငယ်တုန်းက အမေ့ဇာတိဖြစ်တဲ့ ကရင်ပြည်နယ်ဘက်ကိုပြန်ပြီးအဖိုးအဖွားတွေကိုပြန်ကန်တော့ကြတုန်းက ငါ့အဒေါ်အိမ်မှာထူးဆန်းတာတွေဖြစ်နေတာကွ ”
” ဟုတ်လား ဘယ်လိုထူးဆန်းတာလဲ ”
” အဲ့ဒီတုန်းက ငယ်သေးတော့ သိပ်တော့မမှတ်မိဘူး ၊ အဒေါ်အိမ်မှာ ဟိုနေရာက လူလမ်းလျှောက်နေသလိုလို ၊ ဒီနေရာက ညည်းသံကြားသလိုလိုနဲ့ အဆိုးဆုံးက ရေကွက်တွေ သူ့အလိုလိုပေါ်လာတာကွ ၊ နောက် ညအိပ်ရင် အိမ်သားတွေကို တစ်ယောက်ယောက်က ရေနဲ့လောင်းသလိုလို ၊ အိပ်နေရင်းရေနစ်နေသလိုတွေခံစားကြရတာတဲ့ကွ ၊ နောက်တော့ ..ငါတို့လဲ ပြန်လာကြတော့ ဘာဆက်ဖြစ်ကြလဲ မသိဘူး ၊ အဲ့ဒါ ဘယ်လိုအရာဖြစ်နိုင်လဲ မောင်ဖေ ”
” အင်း မင်းပြောသလိုဆို အဲ့ဒီအိမ်က ပုဏ္ဏကတိုက်ခံရတာဖြစ်နိုင်တယ် ၊ ပုဏ္ဏက အတိုက်မှ မီးပုဏ္ဏကနဲ့ ရေပုဏ္ဏကဆိုပြီးနှစ်မျိုးရှိတယ်စောအယ်ဝါး ၊မီးပုဏ္ဏကကြတော့ အလိုလိုနေရင်း ဟိုနေရာက မီးထတောက်၊ ဒီနေရာက မီးထတောက်တာမျိုးပေါ့၊ ရေပုဏ္ဏကကြတော့ မင်းအဒေါ်အိမ်မှာဖြစ်သလိုမျိုးဖြစ်တာကွ ၊ အများအားဖြင့် မီးပုဏ္ဏကတိုက်တာကြုံကြရသူများတယ်၊ ရေပုဏ္ဏက အတိုက်ကြ တွေ့ရတာရှားတယ် စောအယ်ဝါး ”
” ဩ အဲ့လိုလား ၊ အဲ့တုန်းက ငါက ငယ်သေးတော့ နားမလည်ဘူး ”
စောအာ်ဝါး၏စကားကြောင့်အိုက်စံက
” ငယ်တုန်းက နားမလည်ဘူးဆိုတော့ ကြီးလာတော့နားလည်လာတယ်ဆိုတဲ့သဘောပေါ့ ဟုတ်လားစောအယ်ဝါး ”
‘ဟဲ ဟဲ ကြီးလာတော့လဲ နားမလည်ပါဘူး ၊ မောင်ဖေပြောပြလို့ ခုမှသိရတာကွ အိုက်စံရ”
စောအယ်ဝါး၏ စကားကြောင့် မောင်ဖေရော အိုက်စံပါရယ်မောမိကြလေသည်။
ထိုစဉ် ဘုန်းကြီးကျောင်းဝိုင်းအတွင်း မြင်းလှည်းတစ်စီးမောင်း၀င်လာ၏။
ထိုမြင်းလှည်းပေါ်မှ မျက်မှန်တပ်ထားသော အသက်လေးဆယ်ကျော်အရွယ်လူကြီးတစ်ဦးဆင်းလာပြီးနောက် သူတို့သုံးဦးထိုင်နေသည့် နေရာသို့လျှောက်လှမ်းလာကာ
” ဒီကျောင်းမှာ ဆရာဖေဆိုတဲ့ ပုဂ္ဂိုလ်များရှိပါသလားခင်ဗျာ ”
” ဩ ရှိပါတယ်ဦးလေး ၊ ထိုင်ပါအုံး ၊ ကျုပ်က မောင်ဖေပါ ၊ ဘာကိစ္စများရှိလို့လဲ ”
” ဟုတ်ကဲ့ဆရာဖေ ၊ ကျုပ်နာမည်က ဦးစောမောင်ပါ ၊ ခုကျုပ်မိသားစုမှာ ဖြေရှင်းမရတဲ့ပြဿနာလေးတွေကြုံနေရလို့ ဆရာဖေကို အကူအညီတောင်းချင်လို့ပါဗျာ ”
” ဟုတ်လား ဘယ်လိုပြဿနာများလဲ ဆိုတာသိခွင့်ရမလား”
ထိုအခါ ဦးစောမောင်သည် သူကြုံတွေ့နေရသည့်ပြဿနာများအား အကျဉ်းရုံးပြောပြလေသည်။
သူပြောသည့်အကြောင်းအရာများ၌ သူ့သားကိစ္စမပါ၀င်ပေ။
” ဒါဆိုရင် ခင်ဗျားတို့အိမ်မှာ ပယောဂ ရှိမရှိ ကျုပ်ကနဦးစစ်ကြည့်မယ်လေ.. လာပါ ကျုပ်နေတဲ့ အဆောင်ကိုသွားကြတာပေါ့ ”
မောင်ဖေတို့သုံးဦးနှင့်ထိုလူတို့သည် မောင်ဖေနေထိုင်ရာအဆောင်သို့သွားကြ၏။
ထို့နောက်မောင်ဖေသည်ထိုလူအားပယောဂစစ်ကြည့်ပြီးနောက်
” အမှန်ပဲဦးလေး ၊ ခင်ဗျားမိသားစု၀င်ထဲက တစ်ယောက်ယောက်ကို လုပ်ထားတာ ၊ ကျုပ်…ခင်ဗျားဆီကျုပ်လိုက်ခဲ့မယ်လေ ၊ ကျုပ်ဆရာတော်ဆီ သွားလျှောက်တင်ပြီး လိုအပ်တာပြင်ဆင်လိုက်အုံးမယ် ၊ ဒါနဲ့ ခင်ဗျားအိမ်က ဘယ်အရပ်မှာလဲ ”
” ကျုပ်က မကွေးမြို့ကပါ ၊ ခရီးဝေးလို့ ဆရာ့ကိုအားနာလိုက်တာဗျာ ”
” ရပါတယ် မကွေးကဆိုတော့ မြသလွန်ဘုရားလဲ ဖူးရတာပေါ့ ၊ ခဏတော့ စောင့်အုံးဗျာ ၊ သက်တောင့်သက်သာနေပါ ”
” ဟာ ရပါတယ်ဆရာဖေ ၊ အေးဆေးလုပ်ပါ ၊ ကျုပ် အစောတုန်းက ခုံတန်းရှည်ကပဲစောင့်မယ်ဗျာ ”
” ပိုကောင်းတာပေါ့ ၊ အမောပြေ ကျုပ်သူငယ်ချင်းရဲ့လက်ရာ လက်ဖက်သုတ်လေးလဲမြည်းရင်း ရေနွေးကြမ်းလေးလဲ သောက်ရင်း ကျုပ်သူငယ်ချင်းတွေနဲ့စကားပြောနှင့်အုံး ၊ ဩ အိုက်စဲနဲ့စောအယ်ဝါး ဒီက ဦးလေးကို ဧည့်ခံထားလိုက်အုံး ”
” မင်းနောက် ငါလဲ လိုက်ချင်တယ် မောင်ဖေ ”
အိုက်စံ၏စကားကြောင့် စောအယ်ဝါးက
” မင်းလိုက်သွားတော့ မောင်ဖေအဖော်ရတာပေါ့ ၊ ငါကတော့ ဆရာတော်ဆီမှာ နေခဲ့ပြီး လုပ်စရာရှိတာလုပ်ပေးရအံုးမယ် ”
” အင်း မင်းလိုက်မှာသေချာရင် ငါဆရာတော်ဆီ မင်းကိုပါခေါ်သွားမယ်လို့လျှောက်တင်လိုက်မယ် ”
” အေး ကျေးဇူးပါမောင်ဖေရာ ”
ဧည့်သည်လူကြီးနှင့် စောအယ်ဝါးတို့သည် မောင်ဖေ၏ အဆောင်ပေါ်မှဆင်းသွားကြ၏။
စောအယ်ဝါးသည်လည်း ခရီးအတွက်လိုအပ်များယူဆောင်ရန် သူ့အဆောင်ဘက်သို့ပြန်သွား၏။
မောင်ဖေသည် ဆရာတော်ထံလျှောက်တင်ပြီးနောက် လိုအပ်သည်များအားယူဆောင်ကာ ခရီးထွက်ရန်အသင့်ဖြစ်ပြီမို့ ဧည့်သည်လူကြီးစောင့်ဆိုင်းနေသည့်နေရာသို့ ထွက်ခွာလာခဲ့သည်။
မောင်ဖေ၏ ဘေး၌ မောင်ပေပါ လိုက်ပါလာခဲ့လေသည်။
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
အခန်း(၄)
အညာမြေ၏အပူရှိန်ကြောင့် တောင်ပေါ်သားနှစ်ယောက်၏ တစ်ကိုယ်လုံး၌ ချွေးများချွဲနစ်နေကြ၏။
ဖြတ်သန်းသွားရာလမ်းတစ်လျှောက်၌ ဇီးသီးရနံ့များက သင်းပြန့်နေ၏။
” ဇီးသီးနံ့တွေလှိုင်နေတာပဲနော်မောင်ဖေ ”
” ဟုတ်တယ်အိုက်စံ ၊ ဆီးသီးသိပ်ပေါတဲ့နေရာပေါ့၊ ဒီလမ်းဘေးတစ်လျှောက်မှာမြင်နေရတဲ့အပင်တွေက ဇီးပင်တွေပေါ့၊ စလေဇီးယိုဆိုတာကလဲ နာမည်ကြီးပဲလေ ၊ စာဆိုတော် စလေဦးပုညရဲ့ ဇာတိမြေပေါ့ ၊ ငါတို့အစောတုန်းက ဖြတ်ခဲ့ချောင်းက ဒေါင်းသေချောင်းပဲ ၊ အဲ့ဒီချောင်းကရေကြီးလာရင် ပျံနေတဲ့ဒေါင်းတောင်မလွတ်လို့ ဒေါင်းသေချောင်းလို့ခေါ်ကြသတဲ့အိုက်စံ ”
” ဟုတ်လား မြင်ခဲ့ရတာကတော့ ရေတောင်မရှိဘူးနော် အင်းလေ ခုချိန်က နွေဦးဆိုတော့ ရေဘယ်ရှိပါ့မလဲ ”
ထိုအခါ ဘေး၌ထိုင်နေသည့် ဦးစောမောင်က
” မကြာတော့ဘူး ဆရာဖေ၊ ရှေ့ဆိုမကွေးမြို့အ၀င်ဆိုင်းဘုတ်တွေ့ရတော့မယ် ၊ ဆိုင်းဘုတ်ကနေ တအောင့်လောက်ကားစီးပြီးရင် ကျုပ်တို့အိမ်ရောက်ပြီ ၊ ကျုပ်တို့အိမ်ဝိုင်းထဲမှာက အရိပ်ရအပင်တွေရှိတော့ အပူဒဏ်ကနဲနဲတော့သက်သာတယ် ..”
” ရပါတယ်ဦးစောမောင် ကျုပ်တို့နေတတ်ပါတယ် ၊ အဓိကကတော့ ဦးစောမောင်အိမ်မှာကြုံနေရတဲ့ပြဿနာတွေ အဆင်ပြေသွားဖို့ပါပဲ ”
” ကျေးဇူးပါဆရာဖေ ၊ စီးပွားရေးကလဲ ကျသွားလိုက်တာ ခုဆိုအိမ်ပါရောင်းရမလိုပါပဲဗျာ ၊ ဒီကြားထဲ သားဖြစ်သူကတစ်မျိုး ”
” ခင်ဗျားသားက ဘာဖြစ်လို့လဲ ဦးစောမောင် ”
ထိုအခါဦးစောမောင်သည် သက်မရှည်ကြီးအားချလိုက်ကာ သားဖြစ်သူအဖြစ်က ရှက်စရာကောင်းသည်မို့
” ဘာမှမဟုတ်ပါဘူးဆရာဖေ ၊ ဒီလိုပါပဲ ”
ဦးစောမောင်မပြောလိုသည်အားရိပ်မိသဖြင့် မောင်ဖေလဲ ဆက်မမေးတော့ပဲ အခြားအကြောင်းအရာများကိုသာ ပြောဆိုနေကြလေ၏။
မကြာမီ မောင်ဖေတို့စီးလာသည့် ကားသည် အိမ်တစ်အိမ်ရှေ့၌ရပ်တံ့သွား၏။
ထိုအိမ်သည် နှစ်ထပ်အုတ်တိုက်အိမ်နီကြီးဖြစ်၏။
အိမ်သည် ရှေးခေတ်ကဆောက်လုပ်ထားသည့်အိမ်မျိုးဖြစ်သည်။
အိမ်ဝိုင်းရှေ့၌ ဗန်ဒါပင်များအားစီရရီစိုက်ပျိုးထားသဖြင့် ဦးစောမောင်ပြောသလိုပင် အရိပ်အာဝါသကောင်းမွန်လေသည်။
အိမ်ဝိုင်းထဲ၌ မန်ကျည်းပင်ကြီးနှင့် သရက်ပင်ကြီးများလည်းရှိသဖြင့် နားနေရန်အတော်လေး ကောင်းမွန်မည့်ဟန်ပေါ်သည်။
” လာဆရာတို့ အိမ်ထဲကြွကြပါ ၊ ခင်မေရေ ဟေ့ခင်မေ ”
” ဟယ် ကိုစောတောင်ပြန်လာပြီ ဆရာတို့ပါ ကြွလာကြပါလား ၊ လာကြပါ ထိုင်ကြပါအုံး ကျွန်မ ဆရာတို့အမောပြေသောက်ဖို့ သံပုရာရည်လေးသွားဖျော်လိုက်အုံးမယ် ”
ခင်မေဆိုသည့်အမျိုးသမီးသည် မောင်ဖေတို့အား ပြာပြာသလဲကြိုဆိုကာ မီးဖိုဆောင်ဟုယူဆရသည့်အခန်းဘက်သို့၀င်သွား၏။
အိမ်လယ်ခန်းနံရံ၌ ” အစိုးရရှေ့နေ ၀တ်လုံတော် ဦးစောမောင်”ဟူသည့်ဆိုင်းဘုတ်ငယ်လေးအား ချိတ်ဆွဲထားသည်ကိုလဲတွေ့ရ၏။
” ဦးစောမောင်က ရှေ့နေတစ်ယောက်ပဲ ဒါကြောင့်လဲ အပြောအဆို အင်မတန်မှ ညက်ညောတာကိုး ”
“ဟုတ်ပါတယ်ဆရာဖေ ၊ ကျုပ်က ရှေ့နေတစ်ယောက်ပါ ၊ ဒါပေမဲ့ အမှုတွေလက်မခံရတာကြာပြီဆရာ ၊ ကျုပ်လိုက်တဲ့အမှုတွေက ရှုံးတော့ အမှုအပ်မယ့်သူတောင်မရှိတော့ဘူး ၊ အရင်ကဆို ကျုပ်ကို အမှုအပ်ချင်သူတွေတန်းစီလို့ပေါ့ဗျာ ”
ဦးစောမောင်၏စကားကြောင့်
” စိတ်မပူပါနဲ့ဦးစောမောင် ကျုပ် အတတ်နိုင်ဆုံးကူညီပါ့မယ်၊ တစ်ကယ်လို့ ဒါတွေဟာ သူများက လုပ်ကြံထားတာဆိုရင် သေချာပေါက်ပြန်ပြီးအဆင်ပြေသွားမှာပါ ၊ မနက်ဖြန်မနက်စောစော ခင်ဗျားတို့အိမ်သားတွေစုံမှ စစ်ကြည့်ကြတာပေါ့ ”
” ဟုတ်ကဲ့ပါဆရာဖေ ၊ ခုက ခရီးပန်းလာတော့ နားကြပါဗျာ ၊ ဆရာတို့စားဖို့ ညစာစီစဉ်လိုက်အုံးမယ် ”
” ကျုပ်က ဥပုဉ်စောင့်တယ် ဦးစောမောင် ၊ ကျုပ်သူငယ်ချင်းအိုက်စံအတွက်သာ စီစဉ်လိုက်ပါ ”
” ဩ ဟုတ်သားပဲ ဆရာဖေက ဥပုသ်နဲ့မို့ လမ်းမှာလဲဘာမှမစားတာကို ကျုပ်မေ့သွားတယ်၊ တောင်းပန်ပါတယ်နော်ဆရာဖေ ”
” ဟာ ရပါတယ်ဗျာ ၊ ဦးစောမောင်လဲ လုပ်စရာရှိတာလုပ်ပါ ”
ထိုစဉ် ဦးစောမောင်၏ အိမ်ထဲသို့ မောင်ဖေတို့နှင့်ရွယ်တူခန့် လူရွယ်တစ်ဦး၀င်လာကာ
” ဟယ် အဖေ ၊ ပြန်လာပြီလား ၊ ကြည့်စမ်း ဧည့်သည်တွေလဲရောက်နေတယ် ၊ ပြောရင် သားလာကြိုမှာပေါ့ လို့”
ထိုလူရွယ်သည် ယောက်ကျားပီသသည့်ရုပ်ရည်ရှိပါသော်လည်း မိန်းမဆန်သည့်အပြုအမူကြောင့် မောင်ဖေနှင့်အိုက်စံတို့သည် တစ်ဦးမျက်နှာတစ်ဦးကြည့်မိကြ၏။
” ဒီက မောင်တွေက တိုင်းရင်းသားရုပ်လေးတွေနဲ့…..”
သားဖြစ်သူစကားမဆုံးမီ ဦးစောမောင်က
” ဟေ့ကောင်ခင်မောင် ၊ မင်းအခန်းထဲ မင်းသွားနေလိုက်တော့ ၊ ဒါက အထက်လမ်းဆရာတွေ ၊ မင်း သရိုးသရီ လုပ်ရမယ့်သူတွေမဟုတ်ဘူး ၊ ဧည့်သည်တွေရှေ့မှာ ငါ အရှက်မကွဲချင်ဘူး ”
ဖခင်ဖြစ်သူစကားကြောင့်လူရွယ်မှာ ခြေဆောင့်ကာ အခန်းတစ်ခုအတွင်း၀င်ရောက်သွား၏။
ဦးစောမောင်သည် သားဖြစ်သူအားကြည့်ကာ သက်မရှည်ကြီးအားချလိုက်လေသည်။
နောက်ရက်မနက်၌
ဘုရားကျောင်းဆောင်ရှေ့၌ ပွဲငါးပွဲပြင်ဆင်ထားသည်အားတွေ့ရ၏။
မောင်ဖေသည် လိုအပ်သည်များအား ပြည့်စုံစွာပြင်ဆင်ပြီးနောက်
” ကဲ မိသားစုစုံပြီလားဦးစောမောင် ”
” ဟုတ်ကဲ့စုံပါပြီဆရာ ”
မောင်ဖေသည် ပယောဂအားတစ်ဦးချင်းစတင်စစ်ဆေးလေရာ
တွေ့လေပြီ၊ ဦးစောမောင်၏ သားဖြစ်သူ ခင်မောင်ဆိုသည့်လူရွယ်အား ၃၂ကျော့အတိုက်ဖြင့် တိုက်ထားသည်ကိုတွေ့ရလေပြီ။
“ဦးစောမောင် ခင်ဗျားသားကိုတိုက်ထားတာတွေ့ပြီ ”
” ဟင် ဟုတ်လားဆရာ ဘယ်လိုအတိုက်များလဲ ဆရာ ”
” သူ့ကိုတိုက်ထားတာက ၃၂ ကျော့အတိုက်လို့ခေါ်တယ် ၊ ခင်ဗျားတို့နားလည်အောင်ရှင်းပြရရင် ၃၂ ကျော့အတိုက်တိုက်ခံထားရသူက ယောက်ျားဆို မိန်းမစိတ်ပေါက်မယ်၊ မိန်းမဆိုရင် ယောက်ျားစိတ်ပေါက်လာမယ် အဲ့လိုပြုစားတဲ့အတိုက်ကို ၃၂ ကျော့အတိုက်လို့ခေါ်တယ် ”
ဆရာဖေ၏ စကားကြောင့် ဦးစောမောင်၏ အမျိုးသမီးဖြစ်သူက
” ဟုတ်မှာဆရာ ဟုတ်မှာ သူခုတလော မိန်းမလျာစိတ်တွေ၀င်နေတာ ၊ သူနဲ့စေ့စပ်ထားတဲ့ကောင်မလေးကိုတောင် သူက လက်မထပ်ချင်တော့ဘူး ၊ သားကိုကယ်ပေးပါဆရာရယ် ”
” စိတ်ချပါ အနာရှိရင် ဆေးရှိပါတယ် ၊ ခင်ဗျားတို့သားကို ကျုပ်လက်ကိုအပ်ပါ ”
ထိုအခါ လင်မယားနှစ်ယောက်လုံးက
” အပ်ပါတယ်ဆရာ အပ်ပါတယ် ၊ ကျုပ်တို့ရဲ့သား ခင်မောင်ကို ဆရာ့လက်ကိုအပ်ပါတယ် ”
” ကောင်းပါပြီ ၊ ဒါဆို ဘယ်သူတိုက်သလဲ ၊ ဘာကြောင့်တိုက်လဲေိုတာစစ်ကြည့်ပြီး သူတို့ပညာကို ပြန်ယူခိုင်းလိုက်မယ် ”
” ဟုတ်ကဲ့ပါဆရာ ဟုတ်ကဲ့ပါ ”
” ကဲ အဘဆရာကြီးများနဲ့ ဘုရားငါးဆူအမိန့် ဟောဒီက ခန္ဓာရှင်ကို အတိုက်နဲ့ပြုစားထားတဲ့ပညာရှင် ၊ ကျုပ်ဆရာဖေရှေ့အရောက်လာစမ်း ”
ထိုအချိန်၌ ခင်မောင်၏ တစ်ကိုယ်လုံးတုန်ယင်လာ၏။
မောင်ဖေ၏ ဘေး၌ ထိုင်နေသောမောင်ပေက
” ဟာ လာပြီ လာပြီမောင်ဖေ ၊ မိန်းမကြီးတစ်ယောက် ၊ ထမိန်ရင်လျားနဲ့ အိမ်ပေါ်တက်လာပြီ၊ ဟော လူနာကိုပူးကပ်သွားပြီ ”
ထိုစဉ်ခင်မောင်သည် ရုတ်တရက် ဆောင့်ကြောင့်ထိုင်ကာ အသံမာမာဖြင့်
” ငါ့ကိုခေါ်တာဘာကိစ္စလဲ ပြောစမ်း ”
ထိုအခါမောင်ဖေသည် သူ၏လွယ်အိတ်အတွင်းမှ ကြိမ်တုတ်အသေးလေးတစ်ချောင်းအားထုတ်ယူလိုက်ကာ
” ငါလိုဆရာရှေ့မှာ ပမာမခန့်နဲ့ ကောင်းကောင်းထိုင်စမ်း ၊ မထိုင်ရင် ငါ့အဆိုးမဆိုနဲ့ ၊ ဒီမှာတွေ့လား ဒီဟာက ကြိမ်စက်ကြာပဲ ၊ ဒီကြိမ်စက်ကြာနဲ့အရိုက်ခံရရင် ဘာဖြစ်တတ်လဲသိလား ”
ထိုအခါမှ ပယောဂ ပူးကပ်နေသည့် ခင်မောင်က ချက်ချင်းအချိုးပြောင်းကာ
” ထိုင် ထိုင်ပါ့မယ်ဆရာ ၊ အဲ့ဒီကြိမ်စက်ကြာနဲ့တော့မရိုက်ပါနဲ့ ”
” ကဲ မှန်မှန်ပြောစမ်း ၊ ဒီခန္ဓာရှင်ကို ဘာကြောင့် ၃၂ကျော့အတိုက်နဲ့ ပြုစားထားရတာလဲ ”
” သူက ကျုပ်တူမကို ယူမယ်ဆိုပြီးမယူပဲ အခြားကောင်မနဲ့ စေ့စပ်လိုက်တာကို မကျေနပ်လို့လုပ်တာ ”
” အဲ့လို လုပ်ချင်တိုင်းလုပ်လို့ရမလား ၊မကောင်းတဲ့ပညာရပ်ကိုအသုံးချပြီး သူတစ်ပါးဒုက္ခရောက်တဲ့အလုပ်ကို ကျုပ်တို့က ခွင့်မပြုနိုင်ဘူး ၊ ခင်ဗျားပညာတွေ အကုန် ခင်ဗျားပြန်ရုပ်သိမ်းပါ ၊ တစ်ခုမှမကျန်စေနဲ့ ၊ ခင်ဗျားလုပ်ထားတာ ဒီခန္ဓာရှင်တင်မကဘူး သူ့မိသားစုတစ်စုလုံးကို လဲ လုပ်ထားတယ် ၊ ခင်ဗျားရဲ့ အင်းစုတ်အင်းပြတ်တွေကို ဘယ်နေရာမှာမြုပ်ထားလဲ မှန်မှန်ပြော ၊ မပြောရင် ကျုပ်က တန်ပြန်အင်းနဲ့ ပြန်ချမှာ ”
” ဟုတ် ဟုတ် ပြောပါ့မယ်ဆရာ ၊ ဒီအိမ်ရှေ့က တတိယမြောက်ဗန်ဒါပင်အောက်မှာ မြှုပ်ထားတာပါ ”
” ကဲ အိုက်စံ သူပြောတဲ့နေရာမှာ သွားဖော်လိုက် ၊ ဦးစောမောင်ကပါ အိုက်စံနဲ့လိုက်သွားပါ ”
” ဟုတ်ကဲ့ပါ ဆရာ”
အိုက်စံနှင့်ဦးစောမောင်တို့နှစ်ဦး ထွက်သွားပြီး မကြာမီ ပြန်ရောက်လာကြ၏။
အိုက်စံ၏ လက်အတွင်း၌ မြေကြီးများပေကျံနေသော ပဝါဖြင့်ထုတ်ထားသည့်အထုပ်တစ်ထုတ်လဲ ပါလာ၏။
မောင်ဖေသည် ထိုအထုတ်အားဖြေကြည့်ရာ ကြေးပြားပေါ်၌ ဆွဲသားထားသည့် အင်းတစ်ချပ်အားတွေ့ရ၏။
” ဒီအင်းက စနေသား အိမ်ထောင်ဦးစီးကို ဒုက္ခရောက်အောင်တ်ိုက်ထားတဲ့ အင်းပဲ ၊ ခင်ဗျားက ဒီခန္ဓာရှင်ကိုသာမက ခန္ဓာရှင်ရဲ့ မိသားစုတွေကိုပါဒုက္ခရောက်အောင်လုပ်ထားတာပဲ ”
” တူမလေးက တငိုငိုတရယ်ရယ်ဖြစ်နေတာကိုကြည့်ပြီးမခံစားနိုင်လို့ လုပ်မိတာပါဆရာ ၊ ခွင့်လွှတ်ပေးပါ ”
” ဒီအတိုင်းတော့ ခွင့်မလွှတ်နိုင်ဘူး ၊ ခင်ဗျားပညာအကုန်စွန့်မှ ကျုပ်ခွင့်လွှတ်မယ် ၊ မဟုတ်ရင် နောက်ထပ်လူတွေဘယ်လောက်ထိ ဒုက္ခရောက်မယ်မသိဘူး ”
“မစွန့်နိုင်ဘူးဆရာ ၊ ကျုပ်စွန့်ရင် ကျုပ်တို့ပညာသည်တွေက ကျေနပ်ကြမှာမဟုတ်ဘူး ၊ ကျုပ်ကလဲ အနှိမ်ခံရမှာ ”
” ခင်ဗျားတို့ပညာသည်တွေ နှိမ်မှာထက် ခုလိုခင်ဗျားထမိန်ရင်လျားနဲ့နေရတာက ပိုမဆိုးဘူးလား ၊ ခင်ဗျားအတတ်ကြောင့် ခင်ဗျားပူလောင်နေရလို့ အ၀တ်တောင်မကပ်နိုင်ဘူး ၊ ခင်ဗျားသေရင် အဝီဇိက ငရဲကိုတစ်ခါတည်းရောက်လိမ့်မယ် ၊ ခုနေချိန် ခင်ဗျားပညာစွန့်ရင် လူ့သက်တမ်းကျန်သလောက် လူလိုနေနိုင်သေးတယ်”
” မှန်ပါတယ်ဆရာ ၊ ကျုပ်မှာပူေလာင်လွန်းလို့ ခုဆို အ၀တ်တောင်မ၀တ်နိုင်တော့ဘူး၊ ကျုပ်ပညာတွေ ဆရာဆီမှာ စွန့်ခဲ့ပါတော့မယ် ၊ ဒါပေမဲ့ ကျုပ်ဘယ်သူဆိုတာတော့ အခြားသူတွေကို မပြောပါနဲ့ ”
” စိတ်ချပါ၊ မပြောပါဘူး.. ဒီခန္ဓာရှင်ကိုပြုစားထားတဲ့ ပယောဂအားလုံး ပြန်သိမ်းပါ ..ခင်ဗျားရဲ့ပညာတွေအကုန်လုံးလဲ စွန့်ပါ ကဲ ..ဒေါ်ခင်မေ ထွေးခံတစ်လုံး ယူလာခဲ့ပေးပါ ”
ဒေါ်ခင်မေသည် ဆရာဖေထံ ထွေးခံအလွတ်တစ်လုံးအား ကမ်း ပေးလိုက်၏။
ခင်မောင်သည်ဆောင့်ကြောင့်ထိုင်ကာ ထွေးခံအတွင်း အားရပါးရ အန်ချလေရာ စိမ်းဝါရောင်အရည်များ ၊ အသားစများထွက်ကျလာ၏။
” ဒါ ခင်ဗျားပညာအကုန်ပဲလား ”
” အကုန်ပါဆရာ ၊ နတ်မင်းကြီးလေးပါးပွဲရှေ့မှာ မလိမ်ဝံ့ပါ ”
” ကဲ ဒါဆို ခင်ဗျားလာရာလမ်းအတိုင်း ပြန်နိုင်ပါပြီ ”
ခင်မောင်သည် ထိုင်နေရာမှ တဆတ်ဆတ်တုန်ကာ ချွေးများအဆမတန်ထွက်လာပြီးနောက် ပျော့ခွေကျသွားလေ၏။
” သား သားလေး ”
” စိတ်မပူပါနဲ့ဒေါ်ခင်မေ သူ့ကိုခဏပေးနားလိုက်ပါ ၊ ဟိုက ပညာတွေအကုန်ပြန်သိမ်းလို့ သူအရမ်းပင်ပန်းသွားတာပါ ”
မောင်ဖေသည် သူ၏ရှေ့၌ ချထားသည့် သောက်ရေခွက်ထဲသို့ သူ၏လက်ညှိုးဖြင့်မွှေကာ ဂါထာတစ်ပုဒ်အားရွတ်ပြီးနောက် ခင်မောင်အားတိုက်စေ၏။
” ကဲ အားလုံးရှင်းလင်းသွားပါပြီ ၊ ဒီအလင်းတိုင်ငါးတိုင်ကို တစ်နေ့တစ်တိုင် ဘုရားမှာပူဇော်ပါ ”
“ကျေးဇူးတင်လိုက်တာဆရာဖေရယ် ၊ ဆရာ့ကျေးဇူးမမေ့ပါဘူး ”
” ရပါတယ်ဦးစောမောင် ၊ ခင်မောင်လဲ သူရဲ့အမှားသူသိပြီး နောက်ဆိုဆင်ခြင်နိုင်ပါစေလေ ”
” စိတ်ချပါဆရာ ကျုပ်သူ့ကိုပြောပြဆုံးမလိုက်ပါ့မယ် ၊ သူလဲ သိလောက်ပါပြီ”
နောက်ရက်မနက်၌ မောင်ဖေနှင့်အိုက်စံတို့သည် မကွေးမြို့ရှိ မြသလွန်ဘုရားအားဖူးမြော်ကာ နေရပ်ဖြစ်သည့် ဆရာတော်ကျောင်းသို့ပြန်ခဲ့ကြလေတော့သည်။
တစ်လခန့်ကြာသောအခါ မောင်ဖေထံသို့စာတစ်စောင်ရောက်လာ၏။
ထိုစာနှင့်အတူ မင်္ဂလာဆောင်ဖိတ်စာတစ်စောင်လဲပါလာ၏။
ထိုဖိတ်စာ၌ ပါ၀င်သောသတို့သား၏အမည်ကား မောင်ခင်မောင်ဖြစ်ကာ သတို့သမီး၏အမည်မှာ မဇာဇာဖြစ်လေသည်။
လေးစားလျက်
စာရေးသူ နန်းကြာညို