ပူကင်ရွာဟောင်းမှခင်မမ

* ဘွားမယ်စိန်နှင့် ပူကင်းရွာဟောင်းမှခင်မမ*📖📖📖

***********************************************

စ…ဆုံး

နေ့လယ်ခင်းအချိန်၌ ဘွားမယ်စိန်၏အိမ်တွင်
ရွာတောင်ပိုင်းမှအရီးလှအေးရောက်ရှိနေခဲ့လေသည်။
အရီးလှအေးမှာ ဘွားမယ်စိန်၏ယောကျာ်းဖြစ်သော
ဘိုးသာမောင်၏ညီမပင်ဖြစ်၏။
အရီးလှအေးသည် ခန္ဓာပိန်လွန်းလှသူဖြစ်ပြီး
လမ်းလျောက်လျှင်လည်း ခါးကြီးတကိုင်းကိုင်းဖြင့်
သွားတတ်သူပင်။
တစ်အိမ်ဝင်တစ်အိမ်ထွက်အလည်မပြတ်သူလည်းဖြစ်ပြီး
အသက်အရွယ်မှာဘွားမယ်စိန်ကဲ့သို့ခြောက်ဆယ်ကျော်လုလုရှိလေပြီ။
ယခုလည်း ဘွားမယ်စိန်နှင့်ကွပ်ပျစ်ခင်း၌ထိုင်၍
ဆေးလိပ်ကြီးကိုဖွာရှိုက်ရင်း ဟိုသည်အကြောင်းအရာများပြောဆိုနေခဲ့သည်။
ထိုအချိန် ဒေါ်ဝင်းနှင့်နန်းကြိုင်တို့သည် ခမောက်ကိုယ်စီဆောင်း၍ အိမ်အတွင်းမှထွက်လာကြလေရာ အရီးလှအေးသည် မျက်စိမှုန်မှုန်ဖြင့်စူးစိုက်ကြည့်လေရင်း…

“ဟဲ့…မိဝင်း…ဒါကဘယ်တုန်း….”

ဟုမေးလေသည်။
ဒေါ်ဝင်းလည်းကွပ်ပျစ်သို့ရောက်လာပြီး…

“ဆူးပုပ်ရွက်ဟင်းချိုချက်ချင်လို့ကြီးတော်…
အဲ့တာရွာအနောက်ပိုင်းသွားခူးမလို့”

“ဆူးပုပ်များအေ…တို့ဝိုင်းထဲကသွားခူးချေစမ်းပါ…
ဟိုမိန်းကလေး ကောခေါ်သွားမှာလားအေ့”

အညာဒေသအချို့၌ မိန်းကလေးငယ်တို့အား “မိန်းကလေး”
ဟုသာခေါ်ဆိုတတ်ကြ၏။

“ဟုတ်တယ်ကြီးတော်…သမီးကိုလည်းခေါ်သွားမလို့လေ”

“အေး…ဒါဖြင့်လည်း တို့အိမ်ကသွားခူးကြအေ…
ညည်းနှမတွေရှိတယ်…ကြီးတော်က
မြေပဲနှစ်ပြည်ပါပေးခိုင်းလိုက်တယ်လို့ပြောလိုက်……..”

“မြေပဲတွေတော်ပါပြီကြီးတော်ရယ်…
ကြီးတော်တို့ကမိသားစုအများသားနဲ့”

“အိုအေ…မိသားစုများလည်း
ဒီလောက်နဲ့စာမဖွဲ့ပေမဖွဲ့ရပါဘူး…
သွား…သွား…ကြီးတော်ပြောသလိုသာယူခဲ့အေ”

“ပြီးတာပဲကြီးတော်ရေ…ဒါဖြင့်ကျုပ်သွားပြီ…
အမေ…သွားဦးမယ်”

“အေး…အေး…သွားကြ…သွားကြ”

အရီးလှအေးက ပြောလိုက်ခြင်းဖြစ်သည်။
ဘွားမယ်စိန်ကတော့ ခေါင်းသာညိတ်ပြလိုက်၏။

“အစ်မရေ…ကျုပ်တို့အိမ်ကအကြီးကောင်မိသားစု…အငယ်ကောင်မိသားစုနဲ့တယ်ကိုဆူညံလှပါတယ်တော်…တော်တို့သားအမိပဲအေးချမ်းတယ်….”

“ညည်းကဒါမို့မြေးမထိန်းဘဲ အိမ်အလည်ထွက်တယ်ပေါ့”

“အိုတော်…မထိန်းနိုင်ပါဘူး…။ဒင်းတို့ထိန်းရတာ မျောက်တစ်ရာကိုထိန်းနေရသလို…ပါးစပ်ကလည်းမပိတ်ရ
လက်ကလည်းဆွဲရနဲ့တော်တော်ဆိုးပါရဲ့”

“အေး..သားအချစ် မြေးအနှစ်တဲ့အေ့….”

“သားအချစ်မြေးအနှစ်ဆိုတာတော့ ကျုပ်ဖြင့်
ငြင်းရရင်ငြင်းချင်ရဲ့တော်…ဘယ်နဲ့ ဒီအမေ…အိုကြီးအိုမကို
ကလေးထိန်းခိုင်းချင်ကြရတယ်လို့ …သူတို့တုန်းကလည်း
ဒီမအေကပဲထိန်းခဲ့ရတာ….အခုမြေးတွေလည်းထိန်းခိုင်းကြပြန်တယ်လေ…ဒါမို့စိတ်ရှိစနဲ့ သူတို့မယားများနဲ့သာ
ထားပစ်ခဲ့လိုက်တယ်”

“ညည်းချွေးမများကလည်း ညည်းအပေါ်ရိုသေကြပါရဲ့အေ”

“ရိုသေရမှာပေါ့တော်…ကျီးဘုတ်ရိုသေ..ဘုတ်ကျီးရိုသေပေါ့…
ယောက္ခမလည်းမိဘ၊ချွေးမလည်းသမီး…ကျုပ်ကတော့
ဒီလိုပဲဆက်ဆံတယ်လေ…။
သူတို့ခမျာလည်း ကျုပ်ရဲ့
မေတ္တာယောင်ပြန်ဟပ်တယ်ထင်ပါရဲ့တော်……”

“ဒါပေါ့အေ….”

ဘွားမယ်စိန်သည် အရီးလှအေးပြောသမျှကိုနားထောင်ပေးရှာသည်။
အတော်ကြာတော့…
ဒေါ်ဝင်းတို့သားအမိသည်လည်း
ဆူးပုပ်ရွက်များနှင့်မြေပဲတောင့်များယူကာ
အရီးလှအေး၏အိမ်မှပြန်လာခဲ့ကြသည်။
ထိုအခါမှအရီးလှအေးသည်လည်းပြောလို့ဆိုလိုဝသွားပုံရပြီး
ရွာတောင်ပိုင်းရှိသူ၏အိမ်ဆီသို့ပြန်သွားတော့၏။

နေပင်စောင်းလုလုဖြစ်နေပြီမို့ ဒေါ်ဝင်းသည်
မီးဖိုထဲ၌ ထမင်းစားဖို့ပြင်ဆင်နေခဲ့သည်။
ဘွားမယ်စိန်သည်က ခြံထဲရှိ မာလကာပင်များကိုရေလောင်းနေ၏။
မာလကာပင်များရေလောင်းပြီးလေမှ ရေချိုးရှာသည်။
ရေမိုးချိုးပြီးချိန် မိသားစုစုံညီစွာ ညစာစားကြလေတော့သည်။
ညစာစားပြီးလေတော့ ဘွားမယ်စိန်သည် ဘုရားခန်း၌ တရားထိုင်ပုတီးစိပ်လေ၏။
ဒေါ်ဝင်းတို့သားအမိလည်း ဘုရားကန်တော့ပြီးနောက်
ကွပ်ပျစ်၌ လှဲလျောင်းကာ စကားပြောနေကြလေသည်။
ဘွားမယ်စိန်တစ်​ယောက်သာ ဘုရားခန်း၌ ကျန်ရစ်ခဲ့တော့၏။

*************************************

နောက်တစ်နေ့ရောက်တော့ ဘွားမယ်စိန်၏အိမ်သို့
လူစိမ်းဧည့်သည်နှစ်ဦးရောက်ရှိလာခဲ့သည်။
ထိုလူစိမ်းတို့အား ဘွားမယ်စိန်က ကွပ်ပျစ်၌ဧည့်ခံလေသည်။
လူစိမ်းနှစ်​ယောက်မှာအသက်အားဖြင့် သုံးဆယ်ကျော်အရွယ်ဖြစ်ကြပြီး သူငယ်ချင်းများဖြစ်သည်ဟုပြောကြ၏။
တစ်ယောက်အမည်ကဖိုးကျော်ဖြစ်ပြီးနောက်တစ်ဦး၏
အမည်ကဝင်းမောင်ပင်ဖြစ်သည်။

“ကဲ…မောင်ရင်တို့အမည်တွေသိပြီဆိုတော့လာရင်းကိစ္စလေးပြောကြကွယ်……….”

ဟု…ဘွားမယ်စိန်ကမေးလေသည်။
ဒေါ်ဝင်းနှင့်နန်းကြိုင်သည်က လက်ဖက်ပွဲနှင့်အကြမ်းအိုးချပေးပြီးသည်နှင့်မီးဖိုထဲဝင်သွားကြလေပြီ။
ထိုအခါ ဖိုးကျော်ဆိုသော အရပ်ပုပု အသားညိိုညိုလူမှ…

“ကျုပ်တို့က ဆေးတောရွာကပါ…ဆေးတောရွာနဲ့ ဒီကနည်းနည်းပဲဝေးပါတယ်ဘွား”

“ဆေးတောရွာဆိုတာ…ဘွားတို့ရွာအရှေ့ဆူးဆူးကမဟုတ်လားကွဲ့”

“ဟုတ်ပါတယ်…ကျုပ်တို့ကဆေးတောရွာသားတွေပါ…
ကျုပ်ကတော့​တောင်သူလုပ်တယ်ပေါ့ဗျာ…ဒီက ကျုပ်သူငယ်ချင်း ဝင်းမောင်ကတော့ သူ့မိဘများက သူဌေးကိုးဗျ…
သူကတော့သူဌေးသားဆိုတော့ဘာမှ
လုပ်စရာမလိုဘူးပေါ့လေ…။
အင်း….ပြောရရင်ဖြင့် အခုလာရင်းကိစ္စက ဟောသည်
သူဌေးသားဝင်းမောင်ရဲ့အရေးပေါ့ဗျာ…….”

“ဟိတ်ကောင် ဖိုးကျော်…မင်းကလာရင်းကိစ္စကိုမပြောဘဲ
ဘာတွေစာစီနေတာတုန်းဟ”

ဝင်းမောင်ကပြောလေတော့ ဖိုးကျော်သည် ပြုံးစစဖြင့်…

“အေးပါ…ငါပြောမှာပါကွာ…။ဒီလိုဘွားရေ…
ဟောသည်ကောင်ဝင်းမောင်…ကောင်မလေးတစ်ယောက်နဲ့
ချစ်ကြိုက်မိနေတာဗျ…ခက်တာက ကောင်မလေးက
လူမဟုတ်ဘူးဖြစ်နေတယ်…အဲ့ကိစ္စနဲ့ဒီကောင်ကြီးလည်း
ဘာလုပ်လို့ဘာကိုင်ရမယ်မသိဖြစ်နေရှာလို့
ကျုပ်တို့လည်းဘွားဆီကိုလာခဲ့ရတာပါ”

“အင်း…မောင်ဖိုးကျော်ပြောတာ တယ်​ပြီးရှင်းလှသကိုးကွဲ့….
ကဲ…ကဲ…မောင်ဝင်းမောင် မောင်ရင်အဖြစ်ကိုမောင်ရင်သာ
သေချာပြောစမ်းပါကွယ်……….”

ဟု…ဘွားမယ်စိန်ကပြောလေသောအခါ ဝင်းမောင်သည်…

“ဟုတ်ကဲ့ဘွား…ကျုပ်ပြောပြပါ့မယ်….ဒီလိုပါဗျာ……..”

****************************

ဝင်းမောင်သည် ဆေးတောရွာ၌အမိဒေါ်ခင်မြိုင် အဖဦးမောင်ဆွေတို့၏တစ်ဦးတည်းသော သားဖြစ်သည်။
မိဘများမှာ တောသူဌေးများဖြစ်ကြပြီး
တစ်ဦးတည်းသော သား ဝင်း​မောင်ကိုအလုပ်မလုပ်စေကြ။
ဝင်းမောင်မှာလည်း ရွာထဲရှိ သူငယ်ချင်းများနှင့်သာအချိန်ဖြုံးတတ်ပေသည်။
ဝင်းမောင်၌အကြိုက်တစ်ခုရှိ၏။
ထိုသည်က အငြိမ့်ပွဲ ဇာတ်ပွဲများကို
အလွန်ခုံမင်နှစ်သက်ခြင်းပင်။
တစ်ရက်မှာတော့ သူငယ်ချင်းများဖြစ်သော ဖိုးကျော်၊အောင်ဒင်တို့နှင့်အတူ ရွာတစ်ရွာသို့ ဇာတ်ပွဲသွားကြည့်လေသည်။
ထိုရွာဘုရားပွဲ၌ ဇာတ်ပွဲပါသည်ဆိုသော သတင်းကြောင့်
မရောက်ဖူးသော်လည်း သူငယ်ချင်းနှစ်ယောက်ကို အဖော်ခေါ်ကာ နွားလှည်းဖြင့် ထွက်လာခဲ့ကြသည်။

“ဖိုးကျော်…မင်း ပူကင်းရွာကို
ရောက်ဖူးတာသေချာတယ်နော်…”

“အဘနဲ့တစ်ခါနှမ်းမျိုးသွားဝယ်တုန်းကရောက်ဖူးတယ်ကွာ…
ငါခေါ်တဲ့အတိုင်းအသာလိုက်ကြစမ်းပါဟ….”

ဖိုးကျော်သည် ပူကင်းရွာသို့ နွားမောင်းလိုက်ပို့လေသည်။
သူတို့ရွာမှထွက်လာသည်က ညနေစောင်းပြီဖြစ်တာကြောင့်
ပူကင်းရွာမရောက်ခင်၌ မိုးပင်ချုပ်စပြုလေပြီ။
နွားလှည်းလေးတရွေ့ရွေ့မောင်းလာရင်း လမ်းခွဲနှစ်ခုကိုရောက်လေသောအခါ ဖိုးကျော်သည် နွားလှည်းကိုရပ်၍
စဥျးစားနေ၏။

“ဖိုးကျော်…ဘာဖြစ်တာလဲ”

ဝင်းမောင်ကမေးလေတော့ ဖိုးကျော်တွေးတွေးစစဖြင့်…

“ဘယ်လမ်းကိုချိုးရမလဲစဥ်းစားနေတာပါကွာ….”

“ဟ…မင်းပြောတော့မှတ်မိတယ်ဆို……”

“အေးလေ…သူပြောတော့သိတယ်တဲ့…ဟုတ်မှလုပ်ကွာ…
တော်နေ… လမ်းမှားကုန်မှ
ငါးပါးမကဆယ်ပါးပါမှောက်နေပါ့မယ်ကွာ………”

“တော်ကြစမ်းကွာ…ငါဒီမှာစဥ်းစားပါရစေဦး”

သူငယ်ချင်းနှစ်ယောက်ကသူ့အားပြောဆိုနေကြသည်မို့
ဖိုးကျော်အော်ဟစ်လိုက်တော့သည်။
ထိုစဥ် မီးတုတ်များဖြင့် သူတို့လှည်းနောက်မှလာသော လူတစ်စုကြောင့် ဖိုးကျော် ဝမ်းသာသွားတော့သည်။
လာသော လူစုမှာလည်းလူခြောက်ယောက်မျှသာရှိပြီး
သူတို့ဘာသာစကားတပြောပြောဖြင့် ဖိုးကျော်တို့လှည်းအနီးရောက်လာသောအခါ ဖိုးကျော်မှ…

“ဗျို့…ဒီကနောင်ကြီးတို့ ပူကင်းရွာကိုဘယ်ကသွားရင် ရောက်လဲဗျ….ကျုပ်တို့ကိုလမ်းညွှန်ပေးပါဦး”

ဟု…မေးလေရာ လူစုထဲမှ မိန်းမပျိုတစ်ယောက်သည်…

“ပူကင်းလား…ကျွန်မတို့လည်းအခုပဲအဲ့ရွာသွားမလို့
လိုက်ခဲ့ကြလေ…”

“ကျုပ်တို့က ဇာတ်ပွဲကြည့်မလို့ဗျ….”

“ဟုတ်လား…ဒါဖြင့်တို့တွေနဲ့တူတာပေါ့…ဟောသည်လမ်းကသွားနှင့်အဒေါ်တို့လိုက်ခဲ့မယ်အနောက်က……”

လူစုထဲမှမိန်းမကြီးတစ်​ယောက်ကဝင်ပြောလေသောအခါ
ဖိုးကျော်တို့လည်း ထိုသူတို့အားနှုတ်ဆက်၍ လှည်းမောင်းထွက်လာခဲ့ကြသည်။
ဝင်းမောင်သည်က လှည်းတိုင်၌ထွန်းထားသော မီးတုတ်၏အလင်းဖြင့် ကြည့်မြင်ခဲ့ရသော
အစောပိုင်းက မိန်းမပျိုလေးကိုသာ
လှည့်ကြည့်လှည့်ကြည့်ဖြင့်လိုက်ပါလာလေသည်။

ပူကင်းရွာထဲသို့ရောက်တော့ တိတ်ဆိတ်၍နေ၏။

“ဇာတ်ပွဲရှိတာကောဟုတ်ရဲ့လားကွာ…ရွာကတိတ်လို့ဆိတ်လို့”

“ဟော…ဟိုမှာလူတွေဟ…မီးတွေလည်းလင်းလို့
အဲ့သည်မှာရောက်နေကြတာနေမှာ”

မလှမ်းမကမ်း၌မြင်ရသော
ကွင်းပြင်၌လူများသွားလာနေကြသည်။
မီးများသည်လည်း ဝင်းထိန်၍နေ၏။

သူတို့နွားလှည်းလေးထိုနေရာသို့ရောက်လာလေမှ
ဇာတ်ပွဲခင်းဖြစ်နေတာကို
အားလုံးတွေ့လိုက်ရတော့သည်။
မုန့်သည်…စျေးသည်…တို့နှင့်စျေးဝယ်တို့များပြားစွာရှိနေ၏။
ဝင်းမောင်တို့သုံးဦးသည်လည်း နွားလှည်းအား မန်ကျည်းပင် အောက်၌ လှည်းချွတ်၍ နွားများကို မန်ကျည်းပင်၌သာ
ချည်နှောင်ထားခဲ့လိုက်တော့သည်။
ပွဲစျေးတန်း၌ ဟိုလျောက်ဒီလျောက်ကြည့်ရင်း ဝင်းမောင်တစ်ယောက် အစောပိုင်းက မိန်းမပျိုလေးအား ရှာဖွေနေလေသည်။
ထိုသို့ရှာဖွေရင်း တစ်နေရာအရောက်၌ မိန်းမပျိုလေးအား
တစ်ဦးထဲစျေးဝယ်နေသည်ကိုတွေ့လိုက်ရသောအခါ
ဝင်းမောင်သူငယ်ချင်းများကို အချက်ပြ၍ ထားခဲ့လိုက်တော့သည်။
မိန်းမပျိုအနီးရောက်လေသောအခါ…

“ညီမ…မုန့်ဝယ်နေတာလား……..”

“သြော်…အစ်ကိုပဲ…ဟုတ်ပါ့ မုန့်လာဝယ်နေတာ”

“အစောကလူတွေက
ညီမတို့မိသားစုလား…
ပွဲကြည့်ဖို့နေရာကောရကြပြီလား”

“အစောက ကျွန်မမိဘများနဲ့မောင်နှမတွေပါ…။
ပွဲကြည့်ဖို့ နေရာဦးထားပြီးပြီလေ…ဒါနဲ့ အစ်ကိုတို့ကော နေရာရထားပြီးပြီလား…မရရင်ကျုပ်တို့နဲ့လာကြည့်ကြလေ…
ကျုပ်တို့နေရာကအများကြီးပိုသေးတယ်”

မိန်းမပျို၏စကားကြောင့်ဝင်းမောင်ဝမ်းသာသွားရသည်။

“ဒါဖြင့်အစ်ကို့သူငယ်ချင်းတွေခေါ်လိုက်ဦးမယ်နော်…”

“ခေါ်လေ…ကျုပ်စောင့်နေပါ့မယ်……”

ဟုဆိုလေသောအခါ ဝင်းမောင်သူငယ်ချင်းနှစ်ယောက်ကို ချက်ချင်းသွားခေါ်တော့သည်။
သူငယ်ချင်းနှစ်ယောက်ပါလာလေတော့ မိန်းမပျိုသည်
သူ၏မိသားစုရှိရာ ပွဲခင်းအတွင်းသို့ခေါ်သွားလေသည်။

“ဝေ့…သမီးပြန်လာပြီလား…သြော်…ဒါအစောက လမ်းမှာတွေ့တဲ့မောင်ရင်တွေမလား”

“ဟုတ်ပါတယ်ခင်ဗျ…ဒီကညီမကသူတို့ပွဲကြည့်မယ့်နေရာပိုတယ်ဆိုလို့လိုက်လာတာပါ…မဟုတ်ရင် ကျုပ်တို့မတ်တပ်ရပ်ကြည့်နေရတော့မှာမို့လိုက်လာရတာပါဗျာ………”

“အေး…အေး ထိုင်ကြထိုင်ကြ……”

မိန်းမပျို၏မိဘမောင်နှမများကလည်းသဘောကောင်းကြ၏။
မိန်းမပျိုနှင့်ဝင်းမောင်သည်က ဘေးခြင်းကပ်ထိုင်ကြလေသည်။
ဖိုးကျော်နှင့်အောင်ဒင်သည်က မိန်းမပျိုရဲ့မိခင်ကြီး၏ဘေးတွင်ထိုင်ကြရင်း….

“အရီး…ဇာတ်ကဘယ်ကဇာတ်လဲဗျ”

“ဟဲ့…ဒီဇာတ်က သရဲစိန်ဝင်းနဲ့သရဲမမိပြူးကျယ်တို့ကမယ့်ပွဲလေ…သိပ်ကောင်းတာ…
တို့ဖြင့်ခဏခဏကြည့်ဖြစ်တယ်”

“ဟာ…အရီးကလည်း အရမ်းနောက်တာပဲဗျာ…
မင်းသားနဲ့မင်းသမီးနာမည်ကလည်းဘယ်လိုကြီးတုန်း”

ဖိုးကျော်ကပြောသောအခါ…

“သြော်…အရီးတို့ကအဲ့လိုခေါ်နေကြမို့ ငါ့တူရေ…
ကြည့်ကြည့်တော်နေ ပွဲစတော့မယ်…ရော့ဒီမှာ…ရေတွေ
မုန့်တွေစားကြဦးကွယ်…….”

ဟုပြောလေမှ ဖိုးကျော်အမေးရပ်သွားတော့၏။
ဝင်းမောင်မှာ မိန်းမပျိုလေးနှင့်စကားလက်ဆုံကျရင်း
မိန်းမပျို၏အမည်မှာ ခင်မမဖြစ်ကြောင်း
ဘယ်ရပ်ဘယ်ဇာတိဖြစ်ကြောင်းများသိရှိလာခဲ့ရသည်။
ဝင်းမောင်သည် ခင်မမအားသဘောအကျကြီးကျနေမိသကဲ့သို့
ခင်မမ၏အကြည့်များသည်လည်းဝင်းမောင်အပေါ်စိတ်ဝင်စားနေကြောင်းပေါ်လွင်၍နေလေသည်။
ရှေ့မှဇာတ်ပွဲသည်မည်သို့မည်ပုံကနေသည်မသိ…
နောက်မှသူငယ်ချင်းများအားလည်းလှည့်မကြည့်မိ ခင်မမကိုသာ တချိန်လုံးငေးမောနေခဲ့လေသည်။

“အစ်ကို… ရေလေးသောက်ဦးလေ…..”

ခင်မမ ကမ်းပေးသော ခွက်အတွင်းမှရေကို ဝင်းမောင်သောက်လိုက်လေသည်။
ထိုသို့အပြီးခင်မမကိုသာ ငေးမောနေ၏။
ခင်မမကလည်း ရှက်ပြုံးလေးဖြင့်သာ ပြုံးပြနေရှာသည်။

****************************

“ဟိတ်…ထကြစမ်း…ထကြစမ်း…
ဘယ့်နဲ့ဒီမှာလာအိပ်နေရတာတုန်း”

အော်ခေါ်သံလှုပ်နိုးသံကြောင့်ဝင်းမောင်နိုးလာခဲ့သည်။
နိုးလာလာခြင်း ပြင်းလှသော နေရောင်ကြောင့် မျက်မှောင်ကိုကျုံ့ထားရ၏။

“ဟိတ်…ကောင်လေးတွေထကြစမ်းပါဟ…….”

ဟု..ထပ်မံအော်လေမှ ဝင်းမောင်ပြူးပြဲကြည့်လေရာ…

“ဟင်…”

နံဘေးရှိသူငယ်ချင်းနှစ်ယောက်မှာလည်း နိုးလာကြပြီး
သူတို့အားအော်ဟစ်နိုးသော အဘိုးကြီးကိုကြည့်ကာ…

“အဘ…ဇာတ်ပွဲပြီးပြီလား……”

ဟု…ဖိုးကျော်ကမေးလေသည်။
ထိုအခါ အဘိုးကြီးက…

“မင်းတို့ဘယ်နေရာရောက်နေကြသလဲဆိုတာသာ
သေချာကြည့်ကြစမ်းပါ………”

“ဟင်………….”

“အမလေး….ဘယ်ကိုရောက်နေတာလဲ…..”

“ညကပွဲကြည့်နေတာပါ….ဘယ်ကနေရာကြီးလဲဒါက”

“ဟိတ်…ဒါ ပူကင်းရွာဟောင်း သင်္ချိုင်းလို့ခေါ်တယ်…
မင်းတို့ကဘယ်အရပ်သားတွေလဲ…
ဘာလို့ဒီမှာလာအိပ်နေကြတာလဲ”

“ဟင်…ပူကင်းရွာဟောင်း သင်္ချိုင်း…..ဘာ…ဘာတွေဖြစ်ကုန်တာလဲ…ညက…ကျုပ်တို့ပူကင်းရွာဇာတ်ပွဲကြည့်နေကြတာပါဗျာ”

“ပူကင်းရွာဇာတ်ပွဲဟုတ်လား…တို့ရွာဘုရားပွဲပြီးသွားတာ
နှစ်ရက်တောင်ရှိပြီ….ဘာပွဲမှမရှိတော့ဘူး……..”

“ဟာ…မဟုတ်တာအဘရာ…ကျုပ်တို့ညက ခင်မမတို့မိသားစုနဲ့အတူကြည့်နေတာပါဗျာ……..”

ဝင်းမောင်က ငြင်းလေသည်။
ထိုအခါ ဖိုးကျော်မှဝင်၍သူတို့အဖြစ်အပျက်အားပြောပြလေသော အခါ အဘိုးကြီးက ခေါင်းတညိတ်ညိတ်ဖြင့်နားထောင်ပြီးသက်ပြင်းချလေသည်။

“အေး…ဒီနေရာက ပူကင်းရွာဟောင်းပဲ…ရွာအဝင်မှာအိမ်အို
အိမ်ပျက်တွေပဲရှိတယ်… မင်းတို့လမ်းမှားရောက်လာကြတာပဲကွ…ဒီရွာဟောင်းကအရင်ကာလဝမ်းရောဂါကြောင့်လူတွေအသေအကြေများပြီးရွာပျက်ခဲ့ရတာပဲ…
ဒီဘက်ကိုတော်ယုံဘယ်သူမှမလာကြဘူး…
သေတဲ့လူတွေမကျွတ်လို့ခြောက်လန့်လို့ဆိုပြီးပေါ့….
မင်းတို့ပြောပုံဆို ညက မင်းတို့ကြုံရတဲ့ဇာတ်ပွဲက
ဒီမကျွတ်မလွတ်တွေဖန်တီးထားတဲ့ပွဲပဲဖြစ်မယ်…
ကဲ…ကဲ…သွားကြတော့…သွားကြတော့…
အဘလည်း နွားလာကြောင်းတာမို့သွားပြီကွယ်…
မောင်ရင်တို့လည်းလာရာအရပ်ကိုပြန်ကြပေတော့………”

အဘိုးကြီးသည် သူတို့အနီးမှထွက်သွားတော့သည်။
ဝင်းမောင်တို့သုံးယောက်သည်လည်း သင်္ချိုင်းပျက်ကြီးကိုငေးရင်းကြောက်လန့်လာမိကြ၏။
ညကမှစည်ကားလှသောပွဲခင်းကြီးသည်ယခုတော့ သင်္ချိုင်းပျက်ကြီးဖြစ်၍နေလေသည်။
ဝင်းမောင်တို့သူငယ်ချင်းသုံးဦးလည်း
အခြေအနေကိုနားလည်လာကြပြီး
ထိုနေရာမှအမြန်ထွက်သွားဖို့ရန် နွားများအားရှာဖွေကြလေရာ
နွားများကိုခပ်လှမ်းလှမ်းမန်ကျည်းပင်အောက်၌
အသင့်တွေ့ကြတော့သည်။
ညကချည်ထားသည့်အတိုင်းရှိနေကြသည်မို့ စိတ်အေးသွားကာ
လှည်း၌တပ်၍ ရွာသို့ပြန်လာခဲ့တော့၏။
ရွာရောက်တော့သူငယ်ချင်းဖိုးကျော်နှင့်အောင်ဒင်တို့လက်ချက်ကြောင့်ပူကင်းရွာဟောင်းသင်္ချိုင်းရှိ
သရဲများကသည့်ဇာတ်ပွဲကိုရောက်သွားကြောင်းများ
တစ်ရွာလုံးသိကုန်လေသည်။

ဝင်းမောင်သည်က ခင်မမ၏မျက်နှာလေးကိုသာမြင်ယောင်နေမိရှာသည်။

**********************************

“ကျုပ်အဖြစ်ကအဲ့လိုပါဘွားရယ်…ကျုပ်အဲ့ဇာတ်ပွဲကအပြန်
နောက်ရက်ညကျတော့ ခင်မမကျုပ်အိမ်မက်ထဲလာရှာတယ်…
ကျုပ်နဲ့သူနဲ့ဘဝမတူပေမယ့် ကျုပ်ကိုချစ်ခင်ကြောင်းတွေတသီကြီးလာလာပြောတယ်….ကျုပ်ကလည်း အရင်လူလူချင်းထင်လို့ အချစ်ကြီးချစ်မိပေမယ့် ဘဝခြားတော့ ကျုပ်စိတ်ထဲ
မဝံ့မရဲဖြစ်နေမိတာပေါ့…သူကလည်း
ကျုပ်အိမ်မက်ထဲညတိုင်းမဟုတ်တောင်
သုံးရက်ခြားတစ်ခါလောက်လာလာနေတယ်ဗျာ”

ဝင်းမောင်ပြောပြသောအကြောင်းအရာများကိုဘွားမယ်စိန်နားထောင်ပြီးလေ၍…

“အင်း…မောင်ရင်တို့ကကျတ်သရဲတွေရဲ့နေရာကိုရောက်သွားကြတာပဲလေ…အခုကမောင်ရင်ဆီအိမ်မက်ပေးနေတဲ့
ခင်မမကိုဘွားကိုဘာလုပ်စေချင်တာလဲ”

“သူ့…သူ့ကိုဘာမှမလုပ်စေချင်ပါဘူးဘွား….။
ကျုပ်အခုလာရတာက သူ့ကိုအဲ့လိုဘဝဆိုးကလွတ်အောင်လုပ်ပေးချင်တာပါ…ဒါကြောင့်ဘွားဆီလာပြီးမေးမြန်းတာပါ……”

“ဒါဆိုရင်တော့…မောင်ရင်လုပ်ရမှာကတစ်ခုပဲ…
ကိုယ်တိုင်လည်း ဘုရား….တရား…သံဃာကိုမမေ့နဲ့
သရဏဂုံ သုံးပါးကိုရွတ်ဆိုပွားများ…
နောက်တစ်ခု…ခင်မမတို့ကိုလည်းအမျှဝေပေး…
ဒီထက်ထူးချင်ရင်တော့ အလှူအတန်းတွေလုပ်
သူတို့နာမည်လေးတွေခေါ် အမျှဝေ…အဲ့လိုဆိုရင်
မောင်ရင့်ဆန္ဒတွေပြည့်ဝမှာပါ…….”

“ဟုတ်ကဲ့ဘွား…ကျေးဇူးပါဗျာ…ကျုပ်ဘွား​ပြောသလို
လုပ်ပါ့မယ်…သူသာဒီဘဝဆိုးကလွတ်ရင်ကျုပ်ကျေနပ်ပါပြီဗျာ…ကျေနပ်ပါပြီ…………….”

ထိုသို့ဖြင့်ဝင်းမောင်တို့သည် ဘွားမယ်စိန်ကို
ကန်တော့ပြီးနောက်
သူတို့၏ရွာဆီသို့ပြန်သွားကြတော့သည်။
မပြန်ခင် ဖိုးကျော်တစ်ယောက်ဘွားမယ်စိန်အနီး၌တိုးကပ်၍…

“ကျုပ်သူငယ်ချင်းကြီးတော့ ဒီတစ်သက်မိန်းမယူမယ်မထင်တော့ဘူးဗျာ…သူ့ခမျာလည်း ခင်မမကိုအတော်ချစ်ရှာတာဗျ….”

ဟုပြောခဲ့လေသည်။

ထိုသို့ဖြင့်ဝင်းမောင်တစ်ယောက်ဘွားမယ်စိန်၏အိမ်သို့
ထပ်မံရောက်မလာတော့ပေ။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)