ပြောမယုံကြုံမှသိ

*ပြောမယုံ ကြုံမှသိ *📖📖📖

*************************
၁၉၈၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပါသည်။ ကော့သောင်းမိုးက တစိမ့်စိမ့် မိုးရွာသော်လည်း အိုက်စပ်စပ်၊ ကော့သောင်းတွင် ရန်ကုန်လို မိုးအတိတ်ကို စောင့်၍မရ၊ သည်းရာက ဖွဲဖွဲရွာပြီး ဖွဲရာက သည်းသည်း
ပြန်ရွာတတ်သဖြင့် ကော့သောင်းမြို့ မိုးရာသီမှာ မိုးဥတုတစ်လျှောက်လုံး ပိုးလုံးပတ်လည်ဖြစ်၍ နေပါသည်။

ကျွန်တော်တို့ အကျဉ်းဦးစီးဝန်ထမ်းများအနေဖြင့် မိုးရွာသော် လည်း နားမနေနိုင်ပါ။ တာဝန်ကရှိသေးသည်။ ယနေ့ ရန်ကုန်မှ ဆီအုန်း မျိုးစေ့များ အထူးလေယာဥ်ဖြင့် ရောက်ရှိလာမည်ဖြစ်သဖြင့် စခန်းတာဝန် ခံ ထောင်ပိုင်ကြီး ဦးယဉ်မောင်နှင့်အတူ သွားရောက်ကြိုဆိုရန်အတွက် ပြင်ဆင်နေရပါသည်။

မနက် ၆နာရီခန့်ဖြစ်သော်လည်း ကျွန်တော့်အနေဖြင့် မိုးသည်း သည်းအတွင်း ပြေးသွားကာ တပ်ခွဲများအလုပ်ဆင်းရန်၊ စခန်းလုံခြုံရေး အတွက် တာဝန်လွှဲပြောင်းပေးရန် ကိစ္စများအား ရှေ့တန်း၊ နောက်တန်း
တာဝန်ကျ ထောင်မှူးများနှင့် တပ်ကြပ်ကြီးများအား မှာကြားစီစဉ်နေ ပါသည်။ ထို့အပြင် ဆီအုန်းမျိုးစေ့သေတ္တာများ သယ်ယူရန်အတွက် HINO-TE ကားတစ်စီးနှင့် RANGERကားတစ်စီးတို့အား ယာဉ်စက်ပြင် စက်မောင်းများနှင့်အတူ စစ်ဆေးစီစဉ်ရပါသေးသည်။ ကျွန်တော်တို့ ပါဆယ်ပါညန်း ဆီအုန်းစိုက်ပျိုးရေးစခန်းမှ ကတ္တရာလမ်းအထိ (၁၀)မိုင် ခန့်သာ ဝေးသော်လည်း လမ်းမှာ မြေလမ်းဖြစ်ပြီး တောင်ဆင်းတောင် တက် ပေါများသဖြင့် အလွန်အန္တရာယ် များပါသည်။ ထို့ကြောင့် ကားများကို ခရီးမသွားမီ စိတ်ချရအောင် ကြံ့ခိုင်မှု စစ်ဆေးရပါသည်။

မနက်စာ စားသောက်ကြပြီး နံနက် (၈)နာရီတိတိတွင် စခန်းမှ ကား(၂)စီးဖြင့် ထွက်ကြပါသည်။ ဝန်ထမ်းချင်း မှီခိုသူများကလည်း ကော့သောင်းမြို့၌ ဈေးဝယ်ရန် လိုက်ကြသဖြင့် ကား(၂)စီးလုံး လူက မပြည့်တပြည့်။ အပြန်တော့ ၎င်းတို့အား ခေါ်ယူရန် မဖြစ်နိုင်။ ဆီအုန်း မျိုးစေ့သေတ္တာများ တင်ရမည်ဖြစ်သဖြင့် ချန်းဖန်းရွာ လိုင်းကားဖြင့်သာ ပြန်ကြရပေရော့မည်။

(၇)မိုင်လေယာဉ်ကွင်းသို့ ရောက်သောအခါ အချိန်စောနေသဖြင့် ထောင်ပိုင်ကြီးမှ ဈေးဝယ်မည့်သူများ အဆင်ပြေစေရန် ကားတစ်စီး အား လေယာဉ်ကွင်းတွင် STAND BY ထားစေပြီး ကျန်တစ်စီးအား ကော့သောင်းမြို့ထဲအထိ လိုက်ပို့စေပါသည်။ အထူးလေယာဉ်မှာ နံနက် (၁)နာရီမှ ရောက်ရှိမည်ဖြစ်၍ အချိန်(၁)နာရီကျော်ခန့် ရပါသေးသည်။

ထို့ကြောင့် ကျွန်တော်မှ
“ကဲ ကားဆရာတွတ်ကြီးရေ ဈေးဝယ်မည့်သူတွေ အကုန်ဆန့် အောင် မင်း TE ကားနဲ့ လိုက်ပို့လိုက်ပါ။ အပြန် ထောင်ပိုင်ကြီးမှာထား တဲ့ ပစ္စည်းတွေကိုလည်း အမြန်ဆုံးဝယ်ပြီး (၁၁)နာရီအရောက် ပြန်လာ လည်း မမေ့နဲ့ဦး” ဟု မှာကြားရပါသည်။

သို့ဖြင့် ကျွန်တော်နှင့် ထောင်ပိုင်ကြီးတို့အဖွဲ့ လေဆိပ်နားဆောင်တွင် လေယာဉ်အလာကို စောင့်ရင်း ခေတ္တနားကြပါသည်။ ကော့ သောင်းလေယာဉ်ကွင်းမှာ တစ်ဘက်တွင် ပင်လယ်ကြီးနှင့် တစ်ဘက်တွင်တနင်္သာရီရိုးမတောင်တန်းကြီး တည်ရှိနေသဖြင့် လေယာဉ်ပြေးလမ်းမှာ တိုလွန်းလှပါသည်။ ကော့သောင်း ဂေါက်ကွင်းမှာလည်း လေယာဉ်ကွင်း နှင့် တစ်ဆက်တည်းဖြစ်ပါသည်။ မြေပြန့်ရှားပါးသဖြင့် ဂျက်လေယာဉ် များ မဆင်းနိုင်ဘဲ၊ ဖော်ကာလေယာဉ်များနှင့် လေယာဉ်ငယ်များသာ ဆင်းနိုင်တက်နိုင်ပါသည်။ (၂)ပတ်တစ်ကြိမ်သာ လေယာဉ်အဆင်းအတက် ရှိသဖြင့် လေယာဉ်လာသာနေ့သည် ဂေါက်ကွင်းပိတ်သောနေ့ ဖြစ်ပါ သည်။

မနက် (၁၀း၄၅)နာရီတွင် တွတ်ကြီး၏ TE ကားကြီး ပြန်ရောက် ရှိပါသည်။ လေယာဉ်ဆင်းရန်လည်း (၁၅)မိနစ်အလို ဖြစ်ရာ လေယာဥ်ကွင်းမှ အချက်ပေးသံချောင်းခေါက်သံကိုလည်း ကြားရပါသည်။ သို့သော် လေယာဉ်သံ မကြားရသေး။ လေယာဉ်ကို မမြင်ရသေးပါ။
(၁၀:၅၀)နာရီ
ကျမှ လေယာဉ်သံကြားရပြီး လေယာဉ်ကိုလည်း မြင်ရပါတော့သည်။ ပင်လယ်ဘက်မှ ပျံဝဲလာပြီး ကွင်းအား (၅)ပတ်ပတ်၍ အရှိန်လျော့ကာ
တဖြည်းဖြည်း ဆင်းလာပါသည်။ (XY ADE) ဖေါ်ကာလေယာဉ်အသစ် ၊ ကြီးဖြစ်ပါသည်။ ဆီအုန်းမျိုးစေ့များ သယ်ယူလာ၍ AIR CON အား အဆုံးထိ ဖွင့်ထားဟန်တူပါသည်။ လေယာဉ်တောင်ပံ (၂)ဘက်အရင်းတွင်ရေများခဲနေပြီး လေယာဉ် အဆိုက် တံခါးအဖွင့်တွင် လိုက်ပါလာကြသည့် ခရီးသည်အားလုံး အနွေးထည်ကိုယ်စီဖြင့် တွေ့မြင်ရပါသည်။

အကျဉ်းဦးစီးဌာန စီမံကိန်းရုံးမှ ထောင်မှူးကြီး ဦးအောင်လှိုင်
နှင့် ထောင်မှူးကြီး ဦးဖေအောင်တို့အဖွဲ့အပြင် စက်မှု(၁)မှ AE ဦးဉာဏ်ဝေ ခေါင်းဆောင်သော ဆီအုန်းကြိတ်စက်ရုံ ဆောက်လုပ်ရေးအဖွဲ့မှာ လည်း ပါလာကြပါသည်။

ထောင်မှူး ဦးအောင်လှိုင်နှင့် အဖွဲ့မှ ကျွန်တော်တို့အား ဆီအုန်းမျိုးစေ့သေတ္တာများနှင့် စာရွက်စာတမ်းများအား လွှဲပြောင်းပေးပြီး စျေးဝယ်ကြရန် ကော့သောင်းမြို့တွင်းသို့ ထွက်ခွာသွားကြပါသည်။ ကျွန်တော်တို့အဖွဲ့မှလည်း မျိုးစေ့သေတ္တာများအား ကား(၂)စီးဖြင့် စနစ်တကျ ခွဲဝေတင်ဆောင်ပြီး စက်မှု(၁)မှ ဧည့်သည်များအားလည်း စခန်းသို့ ခေါ်ဆောင်၍ ပြန်ခဲ့ကြပါသည်။

ပါဆယ်ပါညန်းစခန်းသို့ ရောက်လျှင် ဧည့်သည်များအား နေ့လည်စာ ထမင်းကျွေးမွေးပြီး၊ ဧည့်ရိပ်သာတွင် နေရာချထား၍ အနား ယူစေပါသည်။ ကျွန်တော်တို့ အိမ်ရှင်အဖွဲ့အနေဖြင့်တော့ အနားမယူနိုင် သေးပါ။ ဆီအုန်းမျိုးစေ့သေတ္တာများအား အောက်ချိုင့်ခြံပျိုးပင်ဖောက် ခန်းအတွက် သုံးပုံနှစ်ပုံကို ခွဲဝေပေးဖို့ရန်ဖြစ်ရာ အောက်ချိုင့်ခြံအတွက်
ထောင်မှူးကြီး ဦးဖေအောင်အား လွှဲပြောင်းပေးအပ်ပြီး ကျန်သေတ္တာ များအား ချန်းဖန်းဆိပ်ကမ်းမှ အော်ကြီးစခန်းများသို့ စက်လှေဖြင့် ပေးပို့ရမည်ဖြစ်ရာ ကျွန်တော်နှင့် ထောင်ပိုင်ကြီး ဦးယဉ်မောင်တို့ ချန်းဖန်း ဆိပ်ကမ်းအထိ TE ကားကြီးဖြင့် ထွက်ခွာလာကြပါသည်။ ချန်းဖန်းဆိပ် ကမ်းတွင် အသင့်မှာထားသော စက်လှေပေါ်သို့ မျိုးစေ့သေတ္တာများအား စနစ်တကျ တင်ဆောင်၍ မိုးကာဖျင်များအုပ်မိုးပြီး အော်ကြီးစခန်းသို့ ထွက်ခွာလာကြပါသည်။ ပင်လယ်ကမ်းစပ်အတိုင်း စက်လှေဖြင့်လာကြ ပြီး အော်ကြီးချောင်းအတိုင်း (၂)မိုင်ခန့် အတွင်းသို့ ဝင်ရပါသည်။ ရေ တက်ချိန်ဖြစ်သော်လည်း ချောင်းမှာ အကွေ့အကောက်များပြီး ကျဉ်းလွန်းလှပါသည်။ အော်ကြီးစခန်း(၃) ကမ်းစပ်သို့ရောက်သော် ထောင်မှူးကြီး အယ်လ်ဇော်ထူးတို့အဖွဲ့က အသင့်စောင့်ကြိုနေပြီး မျိုးစေ့သေတ္တာများ အား လွှဲပြောင်းလက်ခံကြပါသည်။ အချိန်မှာလည်း ညနေစောင်း (၆)နာရီ ခန့်ဖြစ်သဖြင့် မှောင်စပြုလေပြီ . . ။

ထောင်မှူးကြီး ဦးအယ်လ်ဇော်ထူးမှာ ကချင်လူမျိုးဖြစ်ပြီး (၃) ခန်း တာဝန်ခံဖြစ်ပါသည်။ စိုက်ပျိုးရေးသင်တန်းဆင်း တစ်ဦးဖြစ်၍ အုန်းမျိုးစေ့များအား ၎င်း၏စခန်းတွင် အပင်ဖောက်ပြီး အော်စခန်း များသို့ ပေးရမည်ဖြစ်ပါသည်။ ၎င်း၏စခန်းတွင် မျိုးခြံနှင့် စိုက်ပျိုးရေးခြံ တွဲလျက်ထားရာ ဆီအုန်းပင်ပေါက်များအား မျိုးထုပ်များတွင် ဦး စီစီရီရီ စနစ်တကျ တန်းစီစိုက်ပျိုးထားသည်ကို လှပစွာ တွေ့ရှိရပါသည်။ ဆေးစခန်းတာဝန်ခံရုံးမှာ ပျိုးခြံများအလယ်၊ တောင်ကုန်းမြင့်လေး တစ်ခုအပေါ်တွင် တည်ဆောက်ထားသော သစ်လုံးအိမ်ကလေး ဖြစ်ပါသည်။ ရုံးခန်းနှင့် တွဲလျှက် တည်ဆောက်ထားခြင်းဖြစ်ပြီး၊ စိုက်ပျိုးရေး ခြံတစ်ခုလုံး အပေါ်စီးမှ မြင်နိုင်ပါသည်။

“ကဲ-ထောင်ပိုင်ကြီးတို့အဖွဲ့ ရောက်လာတာ အတော်ပဲဗျာ ကျွန်တော့်စခန်းက မုဆိုးအဖွဲ့ ဧည့်သည်တွေ လာမယ်ဆိုလို့ အမဲလယ် ထားတာ ဝက်ဝံတစ်ကောင် ကျားတစ်ကောင်နဲ့ တောဝက်တစ်ကောင် ရထားတယ်၊ တောကောင်သားကတော့ တစ်ဝကြီးစားကြ” ..

. ဟင်းအမယ်က စုံလှပါသည်။ ကျားသား၊ မျောက်သား၊ တော ကြက်သား၊ ပင်လယ်ခရုဟင်း၊ ဝက်ဝံသားနှင့် တောဝက်သားဟင်း အပြင် ပင်လယ်ငါးဟင်းများပါ ပါသဖြင့် မည်သည့်ဟင်းကို နှိုက်ရမည် ပင် မသိတော့ပါ။

“ဆရာလေးတို့ ထမင်းမစားခင် ကျအားနဲ့ မဲခေါင်အရက်စိမ် ထားတဲ့ ဆေးအရက်လေး သောက်ပါဦး”
ဟု ဦးအယ်လ်ဇော်ထူးမှ ဆို သဖြင့် မြည်းစမ်းကြည့်ရာ အရက်မှာ ချိုနေပြီး အရက်နံ့ပျောက်နေသည် ကို သတိထားမိပါသည်။ ပျားရည်လည်း ရောထားဟန်တူပါသည်။ ကျွန်တော့်အနေဖြင့်တော့ တောကောင်ကြီးသားများအား မစားဖူးသဖြင့် မြည်းစမ်းကြည့်ရာ ဝက်ဝံသားမှာ အရောင်မည်းပြီး အမျှင်ကြီးပါသည်။ ကျားသားမှာ ညှီမည်ထင်သော်လည်း စား၍မဆိုးလှပါ။ မျောက်သားက
တော့ နူးညံ့ပြီး ချိုနေပါသည်။ တောဝက်သားကတော့ အဆီရှာမတွေ့ ပါ။ အခေါက်နှင့် အသား ကပ်နေပြီး စား၍ကောင်းလှပါသည်။ အရက် ကလေး ဝင်သွားသဖြင့် တောကောင်သားဟင်းမျိုးစုံအား အားပါးတရ စားလိုက်မိပါတော့သည် ။

ညက အရက်မူးမူးနှင့် ထမင်းစားများသွားသဖြင့် ဗိုက်လေးပြီး အိပ်လိုက်ရာ နောက်တစ်နေ့မနက် (၆)နာရီခန့်မှ တစ်ရေးနိုးပါတော့သည်။ ဦးအယ်လ်ဖော်ထူး၏ ‘ကျအား’ အစွမ်းကြောင့် အိပ်ကောင်းခြင်းလား  အစားများပြီး ခရီးပမ်းလာသဖြင့် အိပ်ကောင်းသည်လားတော့ မသိပါ။ အိပ်ရာအထတွင် အိပ်ရေးဝသဖြင့် အားအင်ပြည့်ဖြိုးပြီး စိတ် ကြည်လင် လန်းဆန်းနေသည်ကတော့ အမှန်ပင်ဖြစ်ပါသည်။

ထောင်မှူးကြီး – ဦးအယ်လ်ဖော်ထူးမှ- . . . .
“ထောင်ပိုင်ကြီးတို့အဖွဲ့ ညနေမှ အေးအေးဆေးဆေးပြန်မှာ မဟုတ်လား ခင်ဗျ၊ စခန်းပတ်ဝန်းကျင် လေ့လာရင်း မျောက်ပစ်ကြရအောင် ကျွန်တော် စီစဉ်ထားပါတယ်၊ မျောက်သွေးနဲ့ မျောက်ဦးနှောက် အင်မတန် အားရှိပါတယ် ခင်ဗျာ၊ မျောက်ချေးခါးဟင်းလည်း စားလို့ အလွန်ကောင်းပါတယ်”

“မျောက်ချေးခါးဟင်းဆိုတော့ ကောင်းပါ့မလားဗျာ၊ ရွံစရာကြီး မနေဘူးလား”
ဟု ကျွန်တော်မှ မေးရာ ဦးအယ်လ်ဇော်ထူးက
မျောက်ချေးခါးဟင်းဆိုတာ မျောက်ချေး မဟုတ်သေးဘူး တဲ့၊ မျောက်ဆိုတော့ ဆေးဘက်ဝင်တဲ့ သစ်ရွက်၊ သစ်ဖု၊ သစ်သီးတွေ စားတာ၊ သူစားတဲ့ အစာသစ်တွေကို သူ့အစာအိမ်ထဲက ထုတ်ပြီး
တဲ့ဟင်းကို ပြောတာပါ၊ ရွံစရာ မဟုတ်ပါဘူး၊ ဆေးဘက်ဝင်တယ် ပန်းနာရင်ကြပ်ရောဂါ ပျောက်တယ်၊ ဆရာတို့စားတဲ့ လက်ဖက်ထက် ပိုနူးညံ့တယ်”

“ဟုတ်ရဲ့လားဗျာ၊ ကျွန်တော် မျက်ချေးခါးဟင်းကို ကြားဖူးတာတော့ ကြာပါပြီ မစားဖူးသေးဘူးဗျာ”

“ကဲ ဒါဖြင့် လက်တွေ့စမ်းကြည့်ရအောင် စခန်းအရှေ့ဘက် တောရှင်းတပ်စိပ်ကို သွားကြရအောင် မဝေးပါဘူး ခင်ဗျ”

ထိုစဉ် ထောင်ပိုင်ကြီး ဦးယဉ်မောင်မှ
“အတော်ပဲ ဦးဇော်ထူးရေ ကျွန်တော့်မှာလည်း ပွိုင့် ၂၂ တစ်လက် ပါလာလို့ လက်တည့်စမ်းချင်နေတာနဲ့ အတော်ပဲဗျာ”

သို့နှင့် ကျွန်တော်တို့အဖွဲ့ မနက်က ချေသားခြောက်ဖုတ်နှင့် ထမင်းကြော်အား စားသောက်ကြပြီး စခန်းအရှေ့ဘက်တောစပ်သို့ တစ် မိုင်ခန့် လမ်းလျှောက်ကြရပါသည်။ ဆီအုန်းပင်များ တိုးချဲ့စိုက်ပျိုးရန် အတွက် တောရှင်း၊ ငုတ်ဖော် မီးရှို့ထားသောနေရာဖြစ်ပြီး တောစပ်နှင့် ကပ်လျက်ရှိပါသည်။

တောရှင်းတပ်စိပ်သို့ ရောက်သော် တပ်ကြပ်ကြီး ဦးထွန်းမောင်က
“ဆရာတို့အဖွဲ့လာတာ အတော်ပဲဗျို့ ရှေ့နားက ကညင်ပင် ကြီးပေါ်မှာ မျောက်အုပ်ကြီးတစ်အုပ် ရှိတယ်၊ (၁၀)ကောင်ကျော်မယ် ထင်တယ်၊ ဘေးနားက အပင်တွေကို ကူးပြီး တောထဲဝင်မပြေးနိုင်အောင်
ကျွန်တော်တို့ အရင်ရှင်းနေပါတယ် ဘေးအပင်တွေကို ကူးတဲ့မျောက်တွေကို ဆရာတို့ကပစ်ပေးပြီး ကညင်ပင်ကြီးပေါ်ကျန်တဲ့ မျောက်တွေကိုတော့ ကညင်ပင်ကြီးကို ခုတ်ချလိုက်ရင် အကုန်ရမှာပဲ ဆရာ၊ ကညင်ပင်ကြီး
က လူ(၃)ဘက်စာလောက်ရှိပြီး ပေ(၃၀၀)လောက် မြင့်လို့ တော်တော် ခုတ်ယူရမှာပဲ”

သို့နှင့် ကညင်ပင်ကြီးပတ်ဝန်းကျင်အား လေ့လာကြည့်ရာ မြိုင်တောအတွင်း အမြင့်ဆုံးနှင့် အကြီးဆုံးအပင်ဖြစ်ပြီး အပင်ကြီးအနီး
တွင်လည်း အုတ်နှင့်ဆောက်လုပ်ထားသော နတ်ကွန်းလိုလို သောက်ရေ အိုးစင်လို ပျက်စီးနေသော အရာတစ်ခုကို တွေ့ရှိရပါသည်။ ပဲခူးရိုးမ
တောအတွင်း ရေနက်ကြီးစခန်းတွင် ကြုံခဲ့ဖူးသော အတွေ့အကြုံအရ အဓိကရ အပင်ကြီးတစ်ပင်ဖြစ်မှန်း သိရပါတော့သည်။
သို့သော် ကိုယ့် ထက် ရာထူးကြီးသူများ ပါရှိပြီး လက်ယားနေသူများဖြစ်၍ ဆရာမလုပ်ရဲပါ။ ငြိမ်၍သာ နေသာသလို နေရပေတော့မည်။

ပထမဆုံး ထောင်ပိုင်ကြီး ဦးယဉ်မောင်မှ စတင်၍ သူ၏ ပွိုင့်၂၂ ရိုင်ဖယ်သေနတ်ဖြင့် ဘေးအပင်ကို ကူးသော မျောက်တစ်ကောင်အား ပစ်ချရာ ဗိုက်ပွင့်သွားပြီး အစာများထွက်ကျလာပြီး တဖြည်းဖြည်း ပြုတ်ကျ
လာပါသည်။ မျောက်အုပ်ကြီးမှာလည်း ကွကွ ဆူညံစွာ အော်ဟစ် ၌ ကညင်ပင်ကြီးဆီသို့ ပြန်လည်ကူးပြေးကြပါသည်။

ဘုန်းခနဲ ပြုတ်ကျလာသော မျောက်ကြီးမှာ မသေသေးဘဲ ကုန်းထလာပြီး ကျွန်တော်တို့အဖွဲ့အား ထိုင်လျက်ရှိခိုးနေပါသည်။ ရင်ဘတ် တွင်လည်း မျောက်ပေါက်စကလေးတစ်ကောင်အား ချီပိုးထားပါသည်။ ရဲဘက်နှင့် ဝန်ထမ်းများမှာ အားရဝမ်းသာစွာဖြင့် ဝိုင်းဝန်းရိုက်နှက်ကြရာ မျောက်မကြီးမှာ အသက်ပျောက်သွားပါတော့သည်။

ဘေးအပင်များအား ရှင်းလင်းပြီးနောက် ကညင်ပင်ကြီးအား စက်လွှများ၊ ရဲဒင်းများဖြင့် ခုတ်လှဲကြရာ မကြာမီအချိန်အတွင်း ကညင်ပင် ကြီးမှာ ပြိုလဲကျသွားပါတော့သည်။ မျောက်အုပ်ကြီးမှာ (၁၂)ကောင်ခန့် ရှိလေရာ ပေ(၃၀၀)ခန့်အမြင့်မှ မြေပြင်နှင့် ကိုင်ရိုက်သလိုဖြစ်၍ တစ်အုပ်လုံး ရရှိမည်မှာ မလွဲပါ။

သို့သော် “ဝုန်း အုန်း” ဟူသော အသံကြီး ဖြစ်ပေါ်လာပြီး မြေတုန်ဟီးကာ ညင်ပင်ကြီးမှာ ပြိုလဲသွားပြီးနောက် သစ်ကိုင်းများ ကြားမှ လူတစ်ရပ်နီးပါးရှိ မျောက်ဖြူကြီးတစ်ကောင်မှာ ထိုးထွက်လာပါ လည်း တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူဖွေးလျှက် ဒဏ်ရာရရှိဟန် မတူသော်လည်း လေးကန်စွာဖြင့် လျှောက်လှမ်းလာပြီး ခုတ်လှဲလိုက်သော ကညင်ပင်ကြီး၏ မြစ်ဆုံပေါ်သို့ တက်၍ထိုင်ပါတော့သည်။

ကျွန်တော်တို့အဖွဲ့လည်း အလွန်အံ့အားသင့်နေကြပြီး၊ မတိုင်ပင်ကြဘဲ သေနတ်ကိုယ်စီဖြင့် ပေ(၂၀)ခန့်အကွာအဝေးမှ ပစ်ခတ်ကြပါ
တော့သည်။ သို့သော် မည်သူ့ကျည်ဆန်မှ မျောက်ဖြူကြီးအား ထိမှန် ခြင်း မရှိပါ။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကြပြီး ဒုတိယ အကြိမ် ထပ်မံပစ်ခတ်ကြပြန်ပါသည်။ တိုက်ပွဲငယ်လေးဖြစ်သည့်အလား
သေနတ်သမား (၅)ဦး စိတ်ကြိုက်ပစ်သော ကျည်ဆံများမှာ မျောက်ဖြူ ကြီးအား လုံးဝမထိမှန်ပါချေ။

ထောင်ပိုင်ကြီး ဦးယဉ်မောင်မှ- .. .
“မပစ်ကြနဲ့တော့ဟေ့”
ဟု အော်ဟစ်ပြီး သတိပေးမှ အပစ် ရပ်ကြပါသည်။ ထိုအချိန်မှ မျောက်ဖြူကြီးသည် ကညင်ပင်ငုတ်တိုကြီး ပေါ်မှဆင်းပြီး တောထဲသို့ တရွေ့ရွေ့ ဝင်ရောက်ပျောက်ကွယ်သွားပါတော့ သည်။

“ကျွန်တော်တို့အဖွဲ့တော့ တောခြောက်တာလား၊ တောမှောက်တာလားတော့ မသိဘူးဗျို့၊ ထူးတော့ထူးခြားနေပြီ၊ မျောက်သူတော်
ကောင်းထင်ပါရဲ့ဗျာ၊ ပစ်မလွဲတဲ့ ကျွန်တော်တို့ လက်တွေ့ ပေ၂၀ အကွာ က ပစ်မှတ်ကိုတောင် မသိဘူးဆိုတော့ မျောက်အစစ်မဟုတ်ဘူး ထင် တယ်၊ ကညင်ပင်စောင့် ရုက္ခစိုးကြီးများ မျောက်ယောင်ဖန်ဆင်းပြီး
သတိပေးတာလား မသိဘူး၊ စောစောကလည်း ကညင်ပင်ကြီးပေါ်မှာဒီမျောက်ဖြူကြီးကို မတွေ့မိကြပါဘူးဗျာ”
ဟု ထောင်ပိုင်ကြီး ဦးယဉ်မောင်
မှ စိတ်မကောင်းသောလေသံဖြင့် ပြောကြားလာပါသည်။

ကညင်ပင်ကြီးမှာ မြေပြင်နှင့် ကိုင်ရိုက်သလိုဖြစ်ပြီး သစ်ကိုင်း များကျိုးပဲ့၍ သစ်ကိုင်းများကြားမှ မျောက်ညိုတစ်အုပ်လုံးကို ရရှိပါသည် စုစုပေါင်း မျောက်ညို(၁၂)ကောင် ဖြစ်ပါသည်။ ကျွန်တော်တို့အုပ်စုအနေ ဖြင့် မကြုံစဖူးမျောက်ညိုတစ်အုပ်လုံး ရရှိသော်လည်း မုဆိုးဘဝအပျော်
တွေ ဘယ်ဆီရောက်ကုန်သည် မသိပါ။ စိတ်မကောင်းခြင်းကြီးစွာဖြင့် စခန်းသို့လေးကန်စွာ ပြန်လာကြပါတော့သည်။ ..

စခန်းသို့ ပြန်ရောက်လျှင် အော်ကြီးကျေးရွာမှ လူကြီးများ ရဲဘက်ပြေးကိစ္စဖြင့် ရောက်ရှိနေကြရာ ခေတ္တအနားယူကြရင်း ရေနွေး ကြမ်းဝိုင်းတွင် အဓိကရ ကညင်ပင်ကြီးအကြောင်း စကားပြောဖြစ်ကြသည်။

ကျေးရွာလူကြီး ဦးလှတင်မှ
“အဲဒီ ညင်ပင်ကြီးကို ကျွန် တော်တို့ ဒေသအခေါ် “ရုက္ခရာဇာ” သစ်ပင်ကြီးလို့ ခေါ်ပါတယ်။ ဒီတော
တော့ အကြီးဆုံးနဲ့ အမြင့်ဆုံးပဲ၊ သက်တမ်းကလည်း ရာကျော်နေပြီး ကျွန်တော်တို့ အဘိုးအဘွားတွေ လက်ထက်တုန်းကတော့ နှစ်စဉ် ရုက္ခစိုး နတ်ပူဇော်ပွဲ ပြုလုပ်ကြတယ်လို့ သိရပါတယ်။ အပင်အောက်မှာ နတ်ကွန်း
လည်း ရှိတယ်။ သူတို့ခေတ် သူတို့အခါတုန်းကတော့ သစ်ခုတ်လုပ်ငန်း လုပ်ကြတော့ အန္တရာယ်ကင်းအောင် ရိုးရာမပျက် ပူဇော်ကြတဲ့ပွဲပါပဲ၊ ကျွန်တော်တို့ခေတ်ရောက်တော့ ရေလုပ်ငန်းကိုသာ အဓိကထားလုပ်ကြလို့ ရုက္ခစိုးနတ်ပူဇော်ပွဲလည်းပပျောက်သွားပါတယ်။ တောထဲကိုလည်း ထင်းရှာ၊ ဟင်းရှာလောက်သာ ဝင်ကြတော့ ဒီအပင်ကြီးတွေဘက်လည်း
မရောက်ကြတော့ပါဘူး ဆရာတို့ရောက်လာမှ ဆီအုန်းစိုက်ပျိုးရေး အတွက် တောရှင်းရာက ဒီအပင်ကြီးပြန်ပေါ်လာတာပါ။ အစိုးရစီမံကိန်း ဆိုတော့လည်း ရုက္ခရာဇာသစ်ပင်စောင့်နတ်ကြီးလည်း မျောက်ဖြူကြီး
ယောင် ဖန်ဆင်းပြီးတော့ တောထဲပြေးကြရတော့တာပေါ့ဗျာ၊ ဟဲ…ဟဲ”
ဟု ရယ်မော၍ ပြောဆိုပါသည်။ သို့သော် ကျွန်တော်တို့တစ်အုပ်စုလုံး မရယ်နိုင် မပြုံးနိုင်ကြပါ။

တိတ်ဆိတ်သွားသော စကားဝိုင်းအား ထောင်မှူးကြီး ဦးအယ်လ် ထူးမှ ပြန်လည်အသက်သွင်းပေးသောအနေဖြင့်
“အတော်ပါပဲဗျာ ဒီနေ့ဟင်းစား အများကြီးရတော့ ကျွန်တော် ဖွယ်ဖွယ်ရာရာ ချက်ကျွေးပါ့မယ်၊ ဒီက ထောင်ပိုင်ကြီးတို့အဖွဲ့လည်း နေ့လည်စာ စားပြီးမှ ပြန်ကြမှာဆိုတော့ ပျော်ပျော်ပါးပါး သောက်ပြီးမှ ပြန်ကြပါနော့”
ဟု ပြောဆိုပါသည်။

နေ့လည်စာ စားချိန်ရောက်သော မျောက်ချေးခါးဟင်း၊ မျောက် ဦးနှောက်ကြော်၊ မျောက်သားဟင်း၊ စသဖြင့် စုံလင်ကောင်းမွန်စွာ ချက်ပြုတ်ထားသော်လည်း ကျွန်တော်တို့အဖွဲ့ တိုင်ပင်ထားခြင်းမရှိဘဲ လုံးဝ မနှိုက်ကြပါ၊ ပင်လယ်ငါးဟင်း၊ တောကြက်သားဟင်းတို့ကိုသာ တို့ကနန်း ဆိတ်ကနန်း စားသောက်ကြပြီး နေ့လည်စာထမင်းစားပွဲအား အပြီးသတ် လိုက်ကြပါသည် ။

မူလအစီအစဉ်အရ ထမင်းစားသောက်ပြီးနောက် ခေတ္တအနား ယူအိပ်စက်ကြပြီး၊ ညနေစောင်းမှ ပြန်ရန်ဖြစ်သော်လည်း စားသောက် ပြီးနောက် ချက်ချင်းပင် စက်လှေဆိပ်သို့ ဆင်းကြကာ ပါဆယ်ပါညန်း စခန်းသို့ ပြန်ခဲ့ကြပါတော့သည်။

ထိုအချိန်မှစ၍ ကျွန်တော်တို့အဖွဲ့သည် နောင်အခါတွင် မျောက်များအား လုံးဝမပစ်ခတ်တော့သလို မျောက်သားလည်း မစားကြတော့ ပါ။ မျောက်ဦးနှောက်၊ မျောက်သွေးတို့မှီဝဲပါက မည်သည့်အားပင်ရှိရှိ တစ်သက်တာကာလပတ်လုံး ဝေရာမဏိ ရှောင်ကြဉ်ကြပါတော့သတည်း။

ထောင်မှူးကြီးသိန်းဝင်း (ငြိမ်း)အားလေးစားလျက်