ဖုတ်တစ်ကောင်ရဲ့သံယောဇဉ်

ဖုတ်တစ်ကောင်ရဲ့သံယောဇဉ်
( စ/ဆုံး)
စာရေးသူ = Nay Zin Min Thaw
မကြာခင်အိမ်ကိုပြန်ရတော့မည်မို့ မျိုးကို၀င်းပျော်နေမိသည်။ဇနီးနှင့်သားလေးကိုတင့်တောင်းတင့်တယ်ထားနိုင်ရန်အတွက်ပိုက်ဆံများများရရန်ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်သူအလုပ်လုပ်နေခဲ့သည်မှာ ၄နှစ်ရှိပြီဖြစ်သည်။ယခုတော်တော်လေးစုမိဆောင်းမိပြီဖြစ်သောကြောင့် လကုန်လျှင်အိမ်သို့အပြီးပြန်ရန်စီစဉ်ထားလိုက်ပြီး့သူ၏အလုပ်လုပ်ဖော်ကိုင်ဘက်များထံသို့ချေးပေးထားသောသူ၏ပိုက်ဆံများကိုပြန်လည်တောင်းယူရတော့သည်။
သူသည်အလွန်ရိုးအေးပြီးစိတ်ကောင်းရှိသည့်အတွက်သူ၏အလုပ်လုပ်ဖော်ကိုင်ဘက်များကငွေလိုလျှင်သူထုတ်ချေးလေ့ရှိသည်။
ဒီလိုနှင့်ပြန်ရန်၅ရက်မျှအလိုတွင်မျိုးကို၀င်းတစ်ယောက်နေမကောင်းဖြစ်တော့သည်။ဆေး၀ယ်သောက်သော်လဲမသက်သာသဖြင့်ဆေးခန်းသို့သွားရလေတော့သည်။ဆရာ၀န်စစ်ဆေးချက်အရရောဂါမယ်မယ်ရရမရှိသော်လဲ သူ၏ကျန်းမာရေးအခြေနေကတစ်နေ့ထက်တစ်နေ့ပိုပိုပြီးဆိုးလာတော့သည်။နောက်ဆုံးအိပ်ယာထဲလဲသည့်အခြေနေပင်ဖြစ်လာခဲ့သည်။အိမ်သို့ပြန်ရန်ရည်ရွယ်ထားသော်လဲသူ့ကျန်းမာရေးအခြေနေကြောင့်မပြန်ဖြစ်တော့ပဲ ပြန်ဖို့ရက်ပင်ကျော်လာခဲ့တော့သည်။
အခုလိုပြန်ဖို့နီးမှကောက်ကာငင်ကာနေမကောင်းထဖြစ်သောကြောင့်သူ့ကိုသူပင်အံ့ဩမိသည်…သူ၏အခန်းဖော်သူငယ်ချင်းများလဲစစ်ဆေးလျှင်ရောဂါမယ်မယ်ရရမရှိပေမဲ့ဘယ်လိုကုကုမပျောက်သောသူ၏ရောဂါကိုအံ့အားသင့်နေမိသည်။
သူ၏သူငယ်ချင်းများမှတစ်ဆင့်သူ့ရောဂါအခြေနေကိုသူ၏အလုပ်ရှင်သူဋ္ဌေးကသိရှိပြီးရိုးရိုးနေမကောင်းတာမဖြစ်နိုင်ဟုဆိုကာ တတ်သိနားလည်သောဘုန်းကြီးထံသို့သူ့ကိုခေါ်သွားတော့သည်။
ဘုန်းကြီး၏မိန့်ဆိုချက်အရမျိုးကို၀င်းမှာအလွန်အစွမ်းထက်သောအောက်လမ်းပညာဖြင့်လုပ်ခံထားရကြောင်းသိခဲ့ရသည်။အောက်လမ်းပညာဖြင့်လုပ်ခံရသည်မှာရက်ကြာနေပြီဖြစ်ပြီး ပညာကအစွမ်းထက်သဖြင့့်ကုသလို့မရနိုင်တော့ကြောင်းဘုန်းကြီးကမိန့်ကြားလိုက်သည်။
ကုသ၍မရနိုင်တော့ဘူးဆိုသောကြောင့် မျိုးကို၀င်း၏ဆန္ဒဖြစ်သောသူ၏အိမ်သို့ပြန်လိုသည်ဆိုသဖြင့်သူ၏အလုပ်ရှင်သူဋ္ဌေးကချက်ချင်းပင်ကားစင်းလုံးငှါးကာမျိုးကို၀င်းအားအိမ်ပြန်ပို့ဖို့စီစဉ်တော့သည်။
ထိုင်းနိုင်ငံဘန်ကောက်မြို့မှမဲဆောက်မြို့အထိ ပြီးလျှင်မြ၀တီမှသူ၏နေအိမ်ထိတစ်ရက်မျှကြာမောင်းနှင်ပြီးညနေ၅နာရီတွင်မျိုးကို၀င်းအိမ်သို့ပြန်ရောက်လာခဲ့တော့သည်။သူ၏အိမ်ရှေ့သို့ကားရပ်သည်နှင့့်သူ၏ဇနီးသီတာနှင့်၅နှစ်အရွယ်သူ၏သားလေး သီတာ၏မိခင်ဒေါ်မြင့်ရီ ပါသူ့ကိုစောင့်ကြိုနေလေသည်။
မျိုးကို၀င်းကားပေါ်မှဆင်းလာသည်နှင့်သီတာ မှာသူ့အားဖက်ပြီးငိုတော့သည်။
“အီးးဟီးးဟီးး..အဖြစ်ဆိုးလိုက်တာကိုမျိုးရယ်”
ဇနီးသည်ကသူ့အားဖက်ပြီးငိုနေသဖြင့်မျိုးကို၀င်းနာမလည်စွာဖြစ်နေမိသည်။
“ကိုဘာဖြစ်လို့လဲ…ဘာလို့ငိုနေတာလဲ”
“ရှင်မလိမ်ပါနဲ့ ရှင့်ရဲ့ကျန်းမာရေးအခြေနေကိုရှင်ရဲ့သူငယ်ချင်းတွေဖုန်းဆက်ပြီးပြောပြလို့ကျမသိပြီးပြီ”
“မလိမ်ပါဘူးကွာ…အခုကိုနေကောင်းပါပြီ…တိတ်တော့နော်မငိုနဲ့တော့”
“ရှင့်သူငယ်ချင်းတွေပြောတော့အိပ်ယာထဲလဲနေတာဆို…အခုတော့ဘာမှမဖြစ်သလိုပဲ”
သီတာကသူ့အားအံ့ဩစွာကြည့်ပြီးပြောလိုက်သည်။
“မိန်းမမျက်နှာကိုမြင်တာနဲ့ကို့ရောဂါကသက်သာသွားပါပြီ…ဘာမှမဖြစ်ဘူး စိတ်မပူနဲ့နော်”
ခင်ပွန်းဖြစ်သူ၏စကားကြောင့်သီတာ၀မ်းသာသွားတော့သည်။
“ကိုမျိုး…ဒီမှာရှင့်သားလေ ၅နှစ်တောင်ရှိပြီ”
သီတာကသူမဘေးတွင်ရှိသောသားလေးလက်ကိုဆွဲပြီးမျိုးကို၀င်းအားပြလိုက်သည်။
“သားလေးကလူချောပဲကွ…”
ပြောပြီးမျိုးကို၀င်းမှာသူ၏သားလေးကိုကောက်ချီပြီးနမ်းလိုက်သည်။
“ကဲ မိသားစုတွေဆုံလို့ပျော်တာလဲပျော်ပေါ့…မောင်မျိုးကကျန်းမာရေးကောင်းသေးတာမဟုတ်ဘူး လာ..အိမ်ထဲ၀င်ပြီးနားတော့”
ယောက္ခမဖြစ်သူဒေါ်မြင့်ရီ ၀င်ပြောလိုက်ခြင်းဖြစ်သည်။
” ဟုတ်ကဲ့ပါအမေ “
သည်ညတော့မျိုးကို၀င်းသည်ဇနီးသည်မေးသမျှဖြေ ပြောသမျှနားထောင်နှင့်ညနက်မှပင်အိပ်ယာ၀င်ရတော့သည်။
မနက်မိုးလင်းသည်နှင့်သီတာမှာမျိုးကို၀င်းအတွက်ဖွယ်ဖွယ်ရာရာချက်ပြုတ်နေတော့သည်။ ချက်ပြုတ်ပြီးစီးပြီးနေပင်တော်တော်မြင့်လာပြီ မျိုးကို၀င်းအိပ်ယာမှထမလာသေးသဖြင့်ထမင်းစားရန်သွားခေါ်ရတော့
သည်။မျိုးကို၀င်းမှာနိုးနေပြီဖြစ်သော်လဲမထသေးပဲစောင်ခြုံ ပြီးနေနေလေသည်။
“ကိုမျိုး…ထမင်းစားဖို့ကျမလာခေါ်တာ အိပ်ယာမထသေးဘူးလား”
“ကိုနေမကောင်းချင်ဖြစ်နေလို့ပါ….နောက်မှစားတော့မယ်…မိန်းမအရင်စားထားလိုက်”
“နေမကောင်းရင်လဲဆေးခန်းသွားမယ်လေ ဒီတိုင်းမနေနဲ့”
“ရတယ်… ခဏနေရင်သက်သာသွားမှာစိတ်မပူနဲ့ကိုဘာမှမဖြစ်ဘူး “
သီတာလဲဘာမှဆက်မပြောတော့ပဲမျိုးကို၀င်းနားကထွက်လာလိုက်တော့သည်။
တစ်နေ့လုံးနေမကောင်းသဖြင့်အိပ်ယာထဲကမထသောမျိုးကို၀င်းမှာ ညရောက်သည်နှင့်လူကောင်းတစ်ယောက်ပမာ သီတာနှင့်စကားပြောလိုက် သူ၏သားလေးကိုချီလိုက် ကျီစယ်လိုက်ဖြင့်လူကောင်းတစ်ယောက်ပမာဖြစ်နေတော့သည်။
သည်လိုနှင့်နေ့စဉ်နေ့တိုင်းပင်နေ့ဘက်တစ်နေ့လုံးနေမကောင်းဖြစ်ချင်သည်ဟုဆိုကာအိပ်ယာထဲလဲနေပြီး ညဘက်တွင်လူကောင်းတစ်ယောက်ပမာဖြစ်နေသည်ကို အိမ်နီးနာခြင်းများပါသိရှိသွားပြီး မျိုးကို၀င်းကိုသိပ်မသင်္ကာချင်တော့ပေ။
သီတာတစ်ယောက်အိမ်ရှေ့တွင်ပေါက်နေသောမြက်ပင်များကို စိတ်ရှည်လက်ရှည်ထိုင်ကာနှုတ်နေလေသည်။ထိုစဉ်သူမ၏အိမ်ခေါင်းရင်အိမ်မှမရွှေမြကသူမထံရောက်လာခဲ့သည်။
“သီတာ…ဘာတွေအလုပ်ရှုပ်နေတာလဲ”
“ဒီမှာလေ…အိမ်ရှေ့ကမြက်တွေကိုနှုတ်နေတာ”
“နင့်ယောက်ျားကဝိုင်းမကူဘူးလား”
“သူကကျန်းမာရေးကောင်းတာမဟုတ်ဘူးလေ…အခုအိပ်ယာထဲမှာပဲနေနေရတယ်”
“ညဘက်ဆိုအကောင်းကြီးပါဟာ….နင်တို့စကားပြောသံ ခလေးကိုကျီစယ်သံတွေငါ့အိမ်ကအတိုင်းသားကြားနေရတာပဲ နေ့ဘက်မှဘာထဖြစ်ရတာလဲ”
“ငါလဲမသိဘူးဟာ….ဆေးခန်းသွားမယ်ပြောလဲမသွားဘူး…ညဘက်ဆိုသက်သာလို့တော်သေးတာ”
“ငါနင့်ကိုအဲ့ဒီအကြောင်းပြောချင်လို့လာခဲ့တာ…ဒီပုံဆိုနင့်ယောက်ျားကမရိုးဘူး”
“ဟင်…ဘာကိုမရိုးတာလဲရွှေမြ”
“ဖုတ်၀င်တယ်ဆိုတာကိုနင်ကြားဖူးလား”
“ကြားဖူးတယ်လေ ဘာဖြစ်လို့လဲ”
“ငါ့အထင်ပြောရရင် နင့်ယောက်ျားကသေပြီးဖုတ်၀င်နေတာနဲ့တူတယ်”
ရွှေမြ၏စကားကြောင့်သီတာအလွန်ဒေါသထွက်သွားတော့သည်။
“ဘာ…ဘာပြောတယ်…နင်ငါ့ရှေ့ကထွက်သွားတော့ရွှေမြ…ငါ့ယောက်ျားကိုမဟုတ်တာတွေလာမပြောနဲ့”
“သီတာ..ငါကနင်ဒုက္ခရောက်မှာစိုးလို့စေတနာနဲ့သတိပေးတာပါ”
“ဘာစေတနာလဲ ငါ့ယောက်ျားကနေမကောင်းဖြစ်နေတာကိုနင်အဲ့လိုပြောစရာလား…ငါဒေါသမထွက်ချင်ဘူးနင်ငါ့ရှေ့ကထွက်သွားတော့”
ရွှေမြမှာသီတာအားသူစေတနာဖြင့်လာရောက်ပြေပြသော်လဲသီတာသူ့ကိုအလွန်ဒေါသထွက်ပြီးမောင်းထုတ်တာကြောင့်ကုတ်ကုတ်လေးပြန်သွားရတော့သည်။
“ဘယ်လိုဟာမှန်းမသိဘူး….အားနေသူများအိမ်လာပြီးမဟုတ်တာလာပြောနေတယ်”
သီတာမှာသူ့ယောက်ျားကိုမဟုတ်တာပြောရမလားဆိုပြီးရွှေမြကိုဒေါသထွက်နေလေသည်။
မျိုးကို၀င်းအခြေနေသည် တစ်ယောက်နားမှတစ်ဆင့့်ဆင့်နဲ့တစ်ရွာလုံးသို့ပျံ့နှံ့သွားတော့သည်။
“သမီး…မောင်မျိုးရဲ့သတင်းကတစ်ရွာလုံးပျံ့နှံ့နေပြီ တစ်ရွာလုံးကလဲဖုတ်၀င်နေတယ်လို့ပြောနေကြပြီ သမီးပြောပုံအရဆိုရင်အမေလဲသူများပြောသလိုဖြစ်နေတယ်လို့ပဲထင်တယ်”
“ဟာ…အမေကလဲရွာကလူတွေကမဟုတ်တာတွေပြောနေကြတာပါ…တစ်ကယ်လို့ကိုမျိုးကဖုတ်၀င်နေတယ်ဆိုရင်သမီးကိုဒုက္ခပေးမှာပေါ့ အခုအဲ့လိုမှမဟုတ်တာ သားလေးနဲ့လဲပျော်ပျော်ရွှင်ရွှင်ပဲနေနေတာပဲကို”
“အခုဒုက္ခမပေးပေမဲ့ ဒီထက်ပိုကြာလာရင်ဒုက္ခပေးလိမ့်မယ်သမီး တတ်သိနားလည်တဲ့ဆရာကိုပင့်ပြီးမောင်မျိုးကိုပြကြည့်မလားလို့အမေစဉ်းစားထားတယ်”
“အမေပါရွာကလူတွေလိုဖြစ်နေပြီ သမီးကမဟုတ်ပါဘူးပြောနေတာကို”
“ဟုတ်ဟုတ်မဟုတ်ဟုတ်ဆရာနဲ့ပြကြည့့်တာမမှားပါဘူး…သမီးခေါင်းမမာပါနဲ့ အမေပြောသလိုလုပ်ပါ”
“ဟုတ်ပါပြီ ဒါဆိုလဲအမေ့သဘောပါ”
မတတ်သာတော့သည့်အဆုံးသီတာလဲမိခင်၏သဘောလက်ခံလိုက်ရသည်။
“အဲ့ဒါဆိုမနက်ဖြန်မေမေဆရာခေါ်လာခဲ့မယ်သမီးအိမ်ကို”
သီတာလက်ခံလိုက်သဖြင့်ဒေါ်မြင့်ရီလဲဆရာခေါ်ရန်စီစဉ်တော့သည်။
နောက်တစ်နေ့မနက်တွင်ဒေါ်မြင့်ရီသည်အသက်၆၀အရွယ်အထက်လမ်းဆရာနှင့်အတူသီတာ၏အိမ်သို့ရောက်လာခဲ့သည်။
ဆရာရောက်လာသဖြင့်သီတာလဲနေရာထိုင်ခင်းပေးလိုက်ပြီးမျိုးကို၀င်းကိုဆရာအရှေ့ခေါ်လာလိုက်သည်။ဆရာကိုတွေ့သည်နှင့်မျိုးကို၀င်းမှာထိန့်လန့်သွားပြီးမျက်နှာပျက်သွားတော့သည်။ဆရာလဲမျိုးကို၀င်းကိုတွေ့သည်နှင့်မျိုးကို၀င်းသေဆုံးသွားပြီးဖုတ်၀င်နေမှန်းသိလိုက်သည်။
“ကလေးမစိတ်အေးအေးထားပါ အခုကလေးမရဲ့အနားမှာရှိနေတာကကလေးမရဲ့ယောက်ျားမဟုတ်ဘူး”
“ရှင်…ကျမနားမလည်ဘူး”
ဆရာ၏စကားကြောင့်သီတာအံဩသွားတော့သည်။
“ဒီလိုပါ…ကလေးမရဲ့ယောက်ျားဟာသေဆုံးသွားပြီးဖုတ်၀င်နေတာပါ”
“ဘာဖုတ်၀င်တာလဲ…ကျွန်တော်မသေဘူးဗျ ခင်ဗျားဘာတွေလာပြောနေတာလဲ…မိန်းမ ဒီလူကိုမောင်းထုတ်လိုက်ပါ ဒီလူမဟုတ်တာတွေလာပြောနေတာ”
မျိုးကို၀င်းမှာ သီတာကိုအကူညီတောင်းရတော့သည်…ဆရာကသူမျိုးကို၀င်းမဟုတ်မှန်းသိနေသည်မဟုတ်လား။
ယောက်ျားဖြစ်သူရဲ့စကားကိုသီတာလဲနားယောင်သွားတော့သည်။
“အမေ ကိုမျိုးကမဟုတ်ဘူးလို့ပြောနေပြီပဲ အမေခေါ်လာတဲ့ဆရာကိုပြန်ခိုင်းလိုက်ပါတော့”
သမီးဖြစ်သူ၏စကားကြောင့်ဒေါ်မြင့်ရီမှာ ဆရာကိုအားနာသွားသည်။
“သမီးဘယ်လိုပြောလိုက်တာလဲ ဆရာကိုယ်တိုင်ကသမီးယောက်ျားဆုံးပြီးဖုတ်၀င်နေတာလို့ပြောနေတာကို”
“ဘာပဲဖြစ်ဖြစ်သမီးမယုံဘူး…ကိုမျိုးကနေမကောင်းဖြစ်နေတာလို့ပဲသမီးထင်တယ် အမေရယ်မဟုတ်တာတွေမလုပ်ပါနဲ့တော့သမီးတောင်းပန်ပါတယ်”
ပြောပြီးသည်နှင့်သီတာမှာမျိုးကို၀င်းကိုဆရာရှေ့မှခေါ်ထွက်သွားတော့သည်။
ဆရာလဲသီတာ၏တဇွတ်ထိုးဆန်မှုကြောင့်ဘာမှမပြောပဲနေလိုက်တော့သည်…ဒေါ်မြင့်ရီ မှာသီတာ၏လုပ်ရပ်ကြောင့်ဆရာကိုအတော်လေးမျက်နှာပူနေမိသည်။
“ကျမတောင်းပန်ပါတယ်ဆရာ သမီးကအရမ်းကိုတဇွတ်ထိုးဆန်နေတာ ဘယ်သူပြောပြောနားမ၀င်ဘူးဖြစ်နေတယ်”
“ဆရာနားလည်ပါတယ် သူ့ယောက်ျားကိုသူအရမ်းချစ်တော့ သူ့ယောက်ျားဆုံးသွားတာကိုသူလက်မခံနိုင်ဘူးဖြစ်နေတာပါ သေချာဖြောင်းဖျပေးရင်ရမှာပါ အချိန်တော့မကြာစေနဲ့ပေါ့ အချိန်ကြာသွားရင်လူတွေအတွက်အန္တရာယ်ရှိနိုင်တယ်”
“ဟုတ်ကဲ့ဆရာ သမီးအပေါ်အခုလိုနားလည်ပေးတာကျေးဇူးတင်ပါတယ် သမီးကိုနား၀င်အောင်သေချာပြောပြပေးမှာပါ”
“ကောင်းပါပြီ သူနားလည်သွားတဲ့အချိန်ကျရင်ဆရာ့ကိုလာခေါ်ပါ အခုတော့ပြန်ခွင့်ပြုပါအုံး”
“ဟုတ်ကဲ့ဆရာ”
ဆရာပြန်သွားမှဒေါ်မြရီလဲတဇွတ်ထိုးဆန်လှသောသမီးသီတာကိုနား၀င်လာအောင်ဘယ်လိုဖြောင်းဖျရမလဲတွေးနေမိသည်။
အိမ်ထဲတွင်အခုတလောပုတ်နံ့လိုလိုရနေသည်ကိုသီတာသတိထားမိသည်…အနံ့ကလဲသူမခင်ပွန်းမျိုးကို၀င်းဆီကလာသည်ကိုလဲသူမသိသည်။သို့ပေမဲ့မျိုးကို၀င်းနေမကောင်းသဖြင့်ရေမချိုးရသည်မှာကြာပြီဖြစ်ပြီးအနံ့ထွက်လာသည်ဟုပင်မှတ်လိုက်သည်။
“မေမေရေ လုပ်ပါအုံး….အဟင့်..ဟင့်..ဟင့်”
အိမ်နောက်ဖေးမီးဖိုခန်းတွင် မနက်စာချက်ပြုတ်နေသောသီတာမှာသားလေးငိုပြီးသူမဆီအလန့်တကြားပြေးလာသောကြောင့် ရင်ပူသွားတော့သည်။
“ဘာဖြစ်တာလဲသား…ဘာဖြစ်လို့လဲ”
“အဟင့်..ဟင့်…သားကြောက်တယ်မေမေ…သားကြောက်တယ်”
ထိုသို့ ပြောရင်းသီတာကိုဖက်ပြီးငိုတော့သည်။
သီတာလဲအရမ်းကြောက်ရွံ့နေသည့်ဟန်ရှိပြီးသူမအားဖက်၍ငိုနေသောသားလေးကိုပြန်လည်ဖက်ထားလိုက်တော့သည်။
“ဘာမှမကြောက်နဲ့နော်သားလေး မေမေရှိတယ်..မငိုနဲ့တော့နော်သားလေးကလိမ္မာတယ်…ဘာဖြစ်တာလဲမေမေ့ကိုပြောပြ”
“ဖေဖေ့နားမှာသရဲအကောင်အကြီးကြီးထိုင်နေတယ်မေမေ သားကြောက်တယ်”
“ဟင်…သရဲဟုတ်လား”
သရဲဆိုသဖြင့်သီတာလဲမိန်းမသားပီပီလန့်သွားတော့သည်။
အခုတလောကိုမျိုးဆီကပုတ်နံ့တွေလဲရနေတယ် ထမင်းစားရင်လဲတူတူမစားပဲဘယ်အချိန်စားမှန်းမသိဘူး ပြီးရင်လဲရှိသမျှထမင်းဟင်းတွေကိုကုန်အောင်စားတတ်တယ် မနက်ပိုင်းဆိုအိပ်ယာထဲလဲနေပြီး ညဘက်ဆိုလူကောင်းတစ်ယောက်လိုဖြစ်နေတတ်တယ်…..အခုလဲသားလေးကသရဲတွေ့တယ်တဲ့ ဒါဟာပုံမှန်လူတစ်ယောက်မဟုတ်တဲ့လက္ခဏာပဲ…ဒါဆိုရင်ကိုမျိုးကသူများတွေပြောသလိုဖုတ်၀င်နေတာလား….
တွေးရင်းနဲ့သီတာတစ်ယောက်ကြက်သီးထသွားတော့သည်။
“မဖြစ်ဘူးအမေ့ကိုအကြောင်းကြားမှ”
ချက်ချင်းဆိုသလိုသားလေးကိုခေါ်ကာသီတာတစ်ယောက်သူမ၏အမေအိမ်သို့သွားတော့သည်။သူမအမေအိမ်သို့ရောက်သောအခါဖြစ်သမျှအားလုံးကိုပြောပြလိုက်တော့သည်။
“သမီးကိုမေမေပြောသားပဲ…အခုတော့ယုံပြီမဟုတ်လား…”
“သားလေးကသရဲတွေ့တယ်ဆိုမှသမီးလဲတွေးကြည့့်မိသွားတာ…သမီးဘာလုပ်ရမလဲအမေ”
” ဆရာကိုမေမေသွားခေါ်မယ် သမီးကဒီမှာပဲစောင့်နေ”
ဒေါ်မြင့်ရီလဲရွာထဲရှိအရင်တစ်ခါခေါ်ဖူးသည့်အထက်လမ်းဆရာအိမ်အမြန်သွားကာခေါ်ရတော့သည်။ထို့နောက်သီတာနှင့်အတူတူသီတာနေထိုင်သောအိမ်သို့သွားတော့သည်
“မိန်းမဘာလို့ဒီလူကိုအိမ်ခေါ်လာရတာလဲ ပြန်ခိုင်းလိုက်ပါနော်မိန်းမ”
ဆရာကိုမြင်သည်နှင့်မျိုးကို၀င်းမှာလန့်သွားပြီးသီတာကိုပြောလိုက်ခြင်းဖြစ်သည်။
“ငါဘာလို့လာရတာလဲဆိုတာမင်းသိမှာပေါ့”
“ဘာကိုသိရမှာလဲမသိဘူး”
“အဲ့ဒါဆိုလဲပြောပြရသေးတာပေါ့ ဒီကလေးမလေးယောက်ျားရဲ့ခန္တာကိုယ်မှာမင်းဘာလို့၀င်နေနေရတာလဲ”
ဆရာရဲ့စကားကြောင့်မျိုးကို၀င်းမျက်နှာပျက်သွားတော့သည်။သီတာကိုကြည့်တော့လဲသီတာကအရင်တစ်ခါကလိုဘာမှ၀င်မပြောသဖြင့်သူ့ကိုမျိုးကို၀င်းမဟုတ်မှန်းရိပ်မိသွားပြီဆိုတာသူသိလိုက်သည်။ထို့ကြောင့်အမှန်တိုင်းသူ၀န်ခံမှဖြစ်တော့မည်။
“ကျွန်တော်တောင်းပန်ပါတယ်…ကျွန်တော်သီတာရဲ့ယောက်ျားမျိုးကို၀င်းမဟုတ်ပါဘူး”
“ရှင်…..ဒါ..ဒါဆိုရင်ကျမယောက်ျားကရောဘယ်မှာလဲ”
မျိုးကို၀င်းမဟုတ်ဘူးဆိုသဖြင့်သီတာထိတ်လန့်သွားတော့သည်။
“ကလေးမစိတ်အေးအေးထားပါ…ဆရာဆက်ပြီးမေးပါ့မယ်”
“ဟုတ်ကဲ့ပါဆရာ”
“မင်းကမျိုးကို၀င်းရဲ့ခန္တာကိုယ်ထဲကိုဘယ်တုန်းက၀င်နေနေတာလဲ”
“မြ၀တီတောင်အဆင်းလမ်းထဲက၀င်လာတာပါ”
မြ၀တီတောင်အဆင်းလမ်းတွင်ပင်မျိုးကို၀င်းမှာသေဆုံးသွားပြီးဖုတ်၀င်လာခြင်းပင်ဖြစ်သည်။
“ဘာရည်ရွယ်ချက်နဲ့အခုလို၀င်နေနေရတာလဲ”
“အရင်ကတော့စားချင်သောက်ချင်လို့၀င်နေနေတာပါ…ဘယ်သူ့ကိုမှလဲဒုက္ခမပေးပါဘူး…အခုတော့သီတာကိုသံယောဇဉ်ဖြစ်နေမိပြီကျွန်တော့ကိုမထွက်ခိုင်းပါနဲ့နော်ဆရာ ကျွန်တော်တောင်းပန်ပါတယ်”
ဖုတ်၀င်နေသောသူကသီတာအားသံယောဇဉ်ရှိသည်ဆိုသဖြင့်သူတို့အားလုံးအံ့အားသင့်သွားတော့သည်။
“ဒီခန္တာကိုယ်ကမင်းရဲ့ခန္တာကိုယ်မဟုတ်တဲ့အတွက်အခုလို၀င်နေလို့ဘယ်ဖြစ်မှာလဲ…မင်းမထွက်ရင်တော့ငါ့ရဲ့ပညာအစွမ်းနဲ့မင်းကိုထုတ်ရလိမ့်မယ်”
ဆရာစကားကြောင့်ဖုတ်၀င်နေသောမျိုးကို၀င်းမှာလန့့်သွားတော့သည်။
“မလုပ်ပါနဲ့ဆရာ….ကျွန်တော်ထွက်ပါ့မယ်”
“ဟုတ်ပြီ…မင်းကိုလဲဒီလိုဘ၀ကကျွတ်လွတ်အောင်ဆရာတို့အမျှပေးဝေပေးမယ်…ကဲဘာပြောချင်သေးလဲ”
ဆရာကဘာပြောချင်လဲဆိုသဖြင့်ဖုတ်၀င်နေသောမျိုးကို၀င်းမှာသီတာဘက်လှည့်ပြီး
“သီတာ…ကိုမင်းနဲ့မခွဲနိုင်ဘူး…ဒါပေမဲ့ကိုထွက်ရတော့မယ်….အီး…ဟီးဟီး”
ပြောရင်း၀မ်းနည်းစွာငိုတော့သည်။
သီတာလဲငိုရမလိုလို ကြောက်ရမလိုလို ဖြစ်နေသည်။တစ်အောက်မျှ ကြာသောအခါ
“ကိုသွားတော့မယ်နော်သီတာ”
ထိုသို့ပြောအပြီးမျိုးကို၀င်းမှာလဲကျသွားတော့သည်။ခုနကအကောင်းပကတိရှိနေသောမျိုးကို၀င်း၏ခန္တာကိုယ်မှာ၀င်နေသောဖုတ်ထွက်သွားသည်နှင့့်ပုတ်ပွရိရွဲသွားတော့သည်။
“ကျမနဲ့သားလေးကိုထားသွားပြီလားကိုမျိုးရဲ့
..အီး..ဟီးဟီး “
သီတာလဲခုမှငိုဖို့သတိရပြီးငိုနေတော့သည်။
“တရားနဲ့သာဖြေပါကလေးမ….ဆရာတစ်သက်မှာဒီလိုလိမ္မာတဲ့ဖုတ်မျိုး၀င်တာမတွေ့ဖူးဘူး သူကအေးဆေးပဲနေလို့ကလေးမကံကောင်းတယ်…ကဲ…ရွာကလူတွေကိုအကူညီတောင်းပြီးမျိုးကို၀င်းကိုချက်ချင်းသင်းဂြို ဖို့လုပ်တော့”
ဆရာလဲသူ့အလုပ်ပြီးစီးသွားပြီဖြစ်သောကြောင့်ပြန်သွားတော့သည်။ဒေါ်မြင့်ရီကတော့ရွာကလူတွေကိုအကူညီတောင်းကာ မျိုးကို၀င်းကိုသင်းဂြို လိုက်တော့သည်။
မျိုးကို၀င်းရက်လည်တွင်ဆရာပြောထားတဲ့အတိုင်းမျိုးကို၀င်းထံ၀င်သောဖုတ်သရဲကိုပါအမျှပေးဝေလိုက်သည်။ထို့ကြောင့်သူလဲအမျှရပြီးကျွတ်လွတ်သွားလိမ့့်မည်ထင်သည်။
ဤအဖြစ်ပျက်ကြီးကိုပြန်တွေးလိုက်တိုင်း သီတာမှာဖုတ်၀င်နေသောမိမိခင်ပွန်းနှင့်တူတူနေခဲ့ရသည်ကိုကြောက်ရွံ့နေမိသည်။
မျိုးကို၀င်းပညာဖြင့်လုပ်ခံရခြင်းမှာ သူချေးထားသောပိုက်ဆံများကိုပြန်လည်တောင်းယူရာတွင်ပြန်မဆပ်လိုသောသူတစ်ဦးမှစိတ်တိုပြီးလုပ်ခဲ့ဖြင်းဖြစ်သည်။
(လူတွေကအရမ်းကိုကြောက်စရာကောင်းပါလားနော်)
(မိတ်ဆွေတစ်ဦးပြောပြသည့်ဖြစ်ရပ်မှန်အကြောင်းရာတစ်ခုအားရေးသားထားခြင်းဖြစ်သည်)
ပြီးပါပြီ
(စာဖတ်သူအပေါင်းတို့ကိုကျေးဇူးတင်လျှက်)
နေဇင်မင်းသော်