ဖုတ်၀င်နေသော ကိုရင်ငယ်(စ/ဆုံး)
———————————–
မြစ်၀ကျွန်းပေါ်ဒေသ၏ ညနေစောင်းအချိန်။
ချောင်းဦးရွာနံဘေးက ချောင်းဆီတွင် ကလေးငယ်တစ်သိုက် ပျော်ရွှင်စွာဖြင့် ရေကူးခတ်ရင်း ကစားနေကြသည်။
ချောင်းက ဒီရေအ၀င်အထွက်ရှိသောချောင်းပေမို့ ရေကတော့ နောက်ကျိကျိဖြစ်နေသည်။ သို့သော် ကလေးတို့က ချောင်းရေတွင် ပျော်ရွှင်စွာကူးခတ်ကစားနေကြသည်။
” ကိုရင်တိဿ…ကိုရင့်ကို မိပြီ မပုန်းနဲ့တော့…”
ကလေးငယ်တစ်ယောက်က အသက်ဆယ်နှစ်နှစ်အရွယ် ကတုံးပြောင်ပြောင်နှင့် ကလေးငယ်တစ်ယောက်အား လက်ညှိုးထိုးကာ ပြောလေသည်။
အမှန်တော့ ထိုကတုံးလေးမှာ ကိုရင်ငယ်တစ်ပါးဖြစ်လေပြီး ချောင်းဦးရွာကျောင်း၌ ဘုန်းကြီးက သူ့မိဘများမရှိတော့ပြီမို့ တစ်နယ်တစ်ကျေးက ခေါယူကာ အမွေစားအမွေခံဖြင့် မွေးစားထားသူဖြစ်လေသည်။
ယခုကား ထိုကိုရင်ငယ်သည် ရွာထဲက ကလေးများနှင့်အတူ ချောင်းထဲတွင် ရေကူးရင်း တူတူပုန်းတမ်းဆော့ကစားနေပြီး သင်္ကန်းများ၊ ခါးပန်းကြိုးများအားလုံးကိုကား ကမ်းပါးထက်က မြက်ခင်းစပ်တွင် ချပုံထားလေသည်။
” ဟာ…ဒါဆို ငါ ခွေးရူးကျပြီပေါ့…”
အရင်ဆုံးအမိခံရသူက ခွေးရူးဖြစ်ရရာ ကိုရင်တိဿမှာ လိုက်ဖမ်းသူအလှည့်ကျရပြီ။
လိုက်ဖမ်းသူဖြစ်ရသည်မှာ မလွယ်လှသည့်အတွက် ကိုရင်တိဿခမျာ စိတ်ထဲက အတော့်ကို အကျေမချမ်းဖြစ်မိနေသည်။
သို့သော်…။
ကိုရင်တိဿ ကံကောင်းစွာဖြင့် လိုက်သူ အလှည့်ကနေ ခဏအတွင်းကျွတ်ခဲ့သည်။
” ဒီတစ်ခါတော့ ငါ့ကို မမိစေရဘူး…”
ကိုရင်တိဿ ခံပြင်းစိတ်ဖြင့် ကြုံးဝါးလိုက်ပြီး ရေထဲဆင်းကာ ပုန်းဖို့နေရာရှာခဲ့သည်။
ကမ်းနံဘေးက ဒိုက်ပုံကလေးကို တွေ့ရသည့်အတွက် ထိုအောက်ဆီတွင် ၀င်ပုန်းရန် ကိုရင်တိဿ စဉ်းစားလိုက်ပြီး ဒိုက်ပုံကို ဖြဲကာ လူ၀င်ရန်လုပ်ဆောင်လိုက်သည်။
” အ….”
လှမ်းလိုက်သော လက်၏ လက်ညှိုးနှင့် လက်ခလယ်ခွဆုံနေရာဆီက မီးစနှင့် ထိုးခံရသလို ပူခနဲဖြစ်သွားရသည်မို့ ကိုရင်တိဿ အော်လိုက်မိသည်။ သို့သော် အလွယ်တကူပဲ ငါး သို့မဟုတ် ဆူးတစ်ခုနှင့် ထိုးမိသည်ဟုသာ ထင်မိလိုက်လေသည်။
တကယ်တော့ သူ့အား ဒိုက်ပုံပေါ်ခွေနေသည့် ပင်လယ်ဂျပ်မြွေတစ်ကောင်က ကိုက်သွားခြင်းသာဖြစ်၏။
မကြာပါ။ ကိုရင်တိဿ ခေါင်းထဲ မူးသလို၊ မိုက်သလိုဖြင့် နောက်ကျိကျိဖြစ်လာရပြီး ခနအတွင်း မျက်လုံးတို့က မှေးစင်းလာရလေတော့သည်။
” ဟာ…ဟိုမှာ ကိုရင်တိဿ မိပြီဟေ့…အားလုံးမိပြီ…”
ရေထဲက တက်လာသော ကိုရင်တိဿကို မြင်မိသည်မို့ လိုက်ဖမ်းသူအလှည့်ကျသည့် ကလေးငယ်က အော်လိုက်သည်။
” တော်ပြီ…ငါ မဆော့တော့ဘူး”
ကလေးတွေကို ကိုရင်တိဿက ခပ်ပြတ်ပြတ်ပြောပြီး သူ့သင်္ကန်းတွေထားရာဆီကို သွားကာ အားလုံးကို ပြန်၀တ်လေသည်။ ခါးပန်းကြိုးကိုတော့ မ၀တ်ဘဲ ချောင်းထဲဆီကို လွှင့်ပစ်လိုက်ပြီး သူ့ကစားဖော်တွေကို နှုတ်မဆက်တော့ဘဲ ကျောင်းဘက်ဆီကို လှည့်ထွက်သွားတော့သည်။
ထိုညက ကျောင်းတိုက်ဆီတွင် ကိုရင်၊ ကျောင်းသားတို့ ဘုရား၀တ်တက်ရန် ပြင်ဆင်ကြချိန်။
” အား…ငါ ဗိုက်အရမ်းနာလာလို့ ကုဋီကို ပြေးဦးမယ်…”
ကိုရင်တိဿ ကုဋီ အကြောင်းပြပြီး ထွက်သွားသည်မှာ ဘုရား၀တ်တက်လို့ ပြီးဆုံးချိန်မှ ကိုရင်တိဿ ပြန်ရောက်လာခဲ့သည်။
******
” ဝုန်း…ဂလုမ်…”
ညသန်းခေါင်ယံအချိန်။
ဆွမ်းစားဆောင်ဘက်ဆီက ထွက်ပေါ်လာသည့်အသံဖြစ်၏။
” ဟာ…ဒီကြောင်တွေတော့ လုပ်ပြန်ပြီကွာ…”
ဆွမ်းစားဆောင်စောင့် ဦးဇင်းလေးက ထကြည့်သော်…။
စားပွဲဝိုင်းထက်ဆီက ဆွမ်းအုပ်ဆောင်းမှာ ကြမ်းပြင်သို့ ပြုတ်ကျနေပြီး အထဲက ဆွမ်းချိုင့်တို့မှာ နေ့လည်က ဟင်းကျန်များလုံး၀မရှိတော့…အားလုံးပြောင်းလင်းခါနေလေသည်။
” တောက်…ဒီတစ်ခေါက် ကြောင်ကတော့ အတော့်ကို အစားကြီးတာပဲ…အင်း…မနက်ကျ အာရုံဆွမ်း ဘုန်းဖို့တောင် ဘာမှမကျန်တော့ဘူး။ မနက်ကျမှပဲ စောစောထပြီး အာရုံဆွမ်းချက်ရတော့မယ်…”
အဖြစ်မှန်ကို မသိသည့်အတွက် ဦးဇင်းလေးက စိတ်ပျက်လက်ပျက် ခပ်ညည်းညည်းပြောလိုက်သည်။
******
” ဟဲ့…ကိုရင်တွေ ကိုရင်တိဿ မတွေ့ပါလား”
ဆွမ်းခံကြွရန်အတွက် အားလုံးပြင်ဆင်နေကြချိန် ကိုရင်တိဿကား ပျောက်နေသည်။
” ဒီ…ကိုရင် ဘယ်ရောက်နေလဲ၊ အိပ်များနေသလား သွားကြည့်ကြစမ်းပါဦး…”
ကျောင်းသားတစ်ယောက် ကျောင်းပေါ်ကို ပြေးတက်သွားသည်။ တအောင့်ကြာသော်…ထိုကျောင်းသား ပြန်ဆင်းလာလေပြီး
” ကိုရင်တိဿ ဖျားနေတယ်ဘုရား…”
” ဟေ…ဟုတ်လား”
” တင်ပါ့ဘုရား…စောင်ကြီးခြုံပြီး တဂတ်ဂတ်တုန်နေပါတယ် ဘုရား”
” အင်း…ဒီ…ကိုရင်တော့ မနေ့က ချောင်းထဲရေသွားဆော့လာပြန်ပြီထင်တယ်…ကဲ…ကဲ…ထားလိုက်တော့။ ဆွမ်းခံနောက်ကျနေပြီ ကိုရင်တိဿအစား ကပ္ပိယကြီးကို ခေါ်ခဲ့လိုက်တော့။ ပြီးရင် သွားကြစို့… အပြန်ကျမှ သူ့အတွက် ဆေး၀ယ်ပြီး တိုက်ရမယ်…
” တင်ပါ့ဘုရား…”
အားလုံး ဆွမ်းခံ ထွက်ကုန်ကြသော် ဆောင်ခြုံပြီးကွေးနေသည့် ကိုရင်တိဿ ထလာသည်။ ပြီးသော်…တစ်ကျောင်းလုံးကို လိုက်ပတ်ပြီး စားစရာလိုက်ရှာ၏။ တွေ့လျင်…တွေ့သည့်အရာကို အကုန်လုံးစားသောက်ပစ်လေသည်။
ထို့နောက် အိပ်ရာဆီကိုပြန်ကာ သူမဟုတ်သလိုသကဲ့သို့ ဟန်မပျက်ပင် ပြန်နေနေလေသည်။
*****
ညက မှောင်မဲ၊ တိတ်ဆိတ်နေသည်။
ဒီညပိုင်းတွေအတွင်း ဆွမ်းစားဆောင်ဆီက ဟင်းနှင့် ဟင်းချက်စရာတွေ ပျောက်ပျောက်နေသည်ဟု ဆွမ်းစားဆောင်က ဦးဇင်းလေးက ပြောလာသည်။ နေရာပြောင်းထားသော်လည်း မရဘဲ ပျောက်ရှနေဆဲဟု ဆိုလေ၏။
သည်အတွက်ကြောင့် ကပ္ပိယကြီးမှာ အကောင်ပလောင်ခိုးစားခြင်းထက် လူခိုးစားတာသာ ဖြစ်မည်ဟု တွေးမိကာ နှစ်ဦးသားတိုင်ပင်ပြီး ဒီည၀ယ် သူခိုးကို စောင့်ဖမ်းရန်အတွက် ဆွမ်းဆန်ထည့်သည့် တိုင်ကီကြီးများ၏ အနောက်၀ယ် ပုန်းအောင်နေကြသည်။
ဆွမ်းဆန်ထည့်သည့် တိုင်ကီက သုံးလုံးခန့်ရှိရာတွင် အနောက်ဆီ၌ လူပုန်းခိုရန် နေရာလုပ်၍ ရနိုင်၏။
ညက သန်းခေါင်ယံကျော်လာခဲ့ပြီ။ ထိုအချိန်၀ယ် ဥူးဇင်းလေးမှာ ငိုက်မြည်းလာနေရာက တိုင်ကီကို မှီကာပင် အိပ်ပျော်နေလေပြီ။ ကပ္ပိယကြီးသာလျင် မအိပ်ဘဲ ဇွဲကောင်းကောင်းနှင့် ဆက်စောင့်နေလေ၏။
” ရှပ်…ရှပ်….ရှပ်…”
ကျောင်းဘက်ဆီက ခြေသံတချို့ ထွက်ပေါ်လာသည်ကို ကပ္ပိယကြီး ကြားလိုက်ရသည်။
မကြာမီ၀ယ် ဆွမ်းစားဆောင်တံခါးအား ဖွင့်သံကြားရလေပြီး အထဲကို တစ်စုံတစ်ယောက်၀င်လာသည်။
ထို့နောက် ထိုသူသည် ဆွမ်းစားဆောင်အတွင်း ဟိုသည်ကို လှန်လျောရှာဖွေနေလေ၏။
” ဟာ…ဒါ ကိုရင်တိဿပဲ…”
ကပ္ပိယကြီးက အမှောင်ထဲကသူ၏ ဟန်ပန်ကို ကြည့်ရင်း စိတ်ထဲက ရေရွတ်မိသည်။ ပြီးနောက် ထ၍ ဖမ်းဆီးရန်ဟန်ပြင်လိုက်စဉ်…
” ဂျွတ်…ဂျွတ်….”
ကျွတ်ကျွတ်အိတ်ဆွဲဖြဲသံနှင့်အတူ တစ်စုံတစ်ခုကို ကိုရင်တိဿက အသာပြင်းပြင်းဖြင့် ဝါးစားနေသည်မို့
” ဟာ….”
ကပ္ပိယကြီး အံ့အားသင့်ပြီး အစာပြန်ငြိမ်နေမိလိုက်သည်။ ပြီးသော် အခြေအနေကို ဆက်စောင့်ကြည့်နေရန် ဆုံးဖြတ်လိုက်၏။
ကိုရင်တိဿမှာတော့ အမှောင်ထဲတွင် သူစားလိုသည့်အရာများကို အငမ်းမရ ရှာဖွေစားသောက်နေလေ၏။
သူစားသောက်၍ ၀သွားချိန်တွင်တော့ ကိုရင်တိဿမှာ ဆွမ်းစားဆောင်အတွင်းကို မျက်ထောင့်နီဖြင့် တစ်ချက်ဝေ့၀ိုက်ကြည့်လေပြီးနောက်ပြန်ထွက်သွားလေတော့သည်။
ကပ္ပိယကြီး ပုန်းကွယ်ရာကနေ ထွက်ပြီး သွားကြည့်ချိန်တွင်တော့ ကြမ်းပြင်ထက်ဆီတွင် ငါးခြောက်အစိမ်းအပိုင်းအစများနှင့် အသားဆွမ်းဟင်းမှ အဆီအစက်များကို ကြမ်းပြင်ထက်ဆီတွင် တွေ့လိုက်ရလေတော့သည်။
******
” ဟို…ကိုရင်…၀က်သားဟင်းပန်းကန် ငါ့ဘက်ပေးစမ်း…”
ရွာထဲက အလှူအိမ်တစ်ခုတွင် ဆွမ်းစားနေရင်း သူနှင့်အလှမ်းကွာနေသည့် ၀က်သားပန်းကန်ကို တောင်းယူသည့် ကိုရင်တိဿ၏ အသံက တမျိုးကြီး။
နံဘေးက ဆွမ်းအတူစားနေသည့် ကိုရင်တွေအားလုံး ကိုရင်တိဿကို လှမ်းကြည့်ကြသည်။
ကိုရင်၏ မျက်လုံးတွေက ပြူးကြောင်ကြောင်နှင့် ၀က်သားပန်းကန်ကလွဲပြီး အခြားဘာကိုမှ မမြင်သည့်ဟန်။
” ဟေ့…ကိုရင်တွေ ဘာဖြစ်တာလဲ…”
သတိထားမိသော တစ်ဖက်က ဆွမ်းစားနေသည့် ဆရာတော်လှမ်းမေးသည်။
ကိုရင်တိဿက သူ၏ လက်ကို အသာပြန်ရုတ်ရင်း ခပ်တည်တည်။ ကိုရင်ကြီးတစ်ပါးက
” ဘာမှမဖြစ်ပါဘူး ဘုရား…”
ထိုစဉ်တွင် နံဘေးက ရှိနေသော အလှူရှင်က
” ဪ…ကိုရင်တွေ ဆွမ်းဝိုင်းကျတော့ ၀က်သားဆွမ်းဟင်းက တစ်ပွဲထဲ ထည့်ထားကြတယ်။ ကိုရင်တို့အတွက် တပည့်တော် ထပ်ဖြည့်ပေးပ့မယ်”
အလှူရှင်က ပြောပြောဆိုဆို ၀က်သားဟင်းနောက်ထပ်တစ်ပန်းကန်ကို ယူပြီး ကိုရင်ဝိုင်းဆီ လာသည်။
” ဒီကိုပေး…”
ကိုရင်တိဿက အသံခပ်ပြတ်ပြတ်ဖြင့် ဟင်းပန်းကန်ကို သူ့ဆီ တောင်းသည်။
ပြီးသော်…ထိုပန်းကန်တစ်ချပ်လုံးက ဟင်းတွေကို သူတစ်ယောက်ထဲသာလျင် စားသောက်လေတော့သည်။
မြင်သူအားလုံးမှာ ကိုရင်တိဿကိုကြည့်ပြီး ပါးစပ်အဟောင်းသားဖြင့်။
ကျောင်းထိုင်ဘုန်းကြီးကတော့ ကိုရင်တိဿကိုကြည့်ပြီး ရှက်လွန်းသဖြင့် မျက်စိမျက်နှာပျက်နေသည်။
******
” နင်…နောက်တစ်ခါ ဒါမျိုးလုပ်ဦးမလား…”
” ဖြန်း…ဖြန်း…”
ကျောင်းဆီ ပြန်အရောက်တွင်တော့ ကိုရင်တိဿအား ကျောင်းထိုင်ကြီးက ဒေါသတကြီးဖြင့် တိုင်ဖက်ခိုင်းကာ ကြိမ်စာကျွေးနေလေသည်။
” ဟဲ့ကောင်…ပြန်ဖြေလေ…ငါမေးရင် ပြန်ဖြေလေ…”
” ဖြန်း…ဖြန်း…”
ကျောင်းထိုင်ကြီးပြောသမျှကို ကိုရင်တိဿက ဘာမှပြန်မဖြေ၊ အံကြိတ်လျက် မျက်ထောင့်နီဖြင့်။
မဖြေလေ…ကျောင်းထိုင်ကြီးက ဒေါသထွက်လေ။ ဒေါသကြောင့် ပိုရိုက်လေပင်။ ကြိမ်လုံးပင် တစ်ချောင်းကျိုးပြီးသွားခဲ့လေပြီ။
ထိုအခိုက်…ကပ္ပိယကြီးသည် တစ်စုံတစ်ရာကို သတိထားမိလိုက်လေပြီး အနားကိုရောက်လာကာ
” ဘုန်းကြီးဘုရား…တော်သင့်ပါပြီဘုရား…”
” ဒီကောင် တော်တော် မွေးရကျိုးနပ်တဲ့အကောင်ပဲ။ တောက်…တ်ာတော် ဆုံးမရခက်တယ်…”
ဆရာတော်သည် ကိုရင်တိဿကို ဆက်မရိုက်တော့။
” ကိုရင်တို့ ကိုရင်တိဿကို ခေါ်သွားပါတော့…”
ကပ္ပိယကြီးက ကျောင်းထိုင်ကြီး၏ အခြေအနေကို ကြည့်ပြီး အနားက ကိုရင်တွေကို ပြောလိုက်သည်။
ကိုရင်များက ကိုရင်တိဿကို ခေါ်ပြီးထွက်သွားကြလေသည်။
ကျောင်းတိုက်၏ လှေကားဆီရောက်လေသော် ကိုရင်တိဿသည် သူ့အားဖေမထားသည့် ကိုရင်များလက်ဆီက ရုန်းထွက်လေကာ
” ငါ့အကြောင်းကို မသိဘဲနဲ့ လာလုပ်နေတယ်။ တစ်ကျောင်းလုံးကို ကာလနာတိုက်အောင် ငါလုပ်ပစ်မယ်…ဟင်း…ဟင်း…”
” ဟာ….”
မျက်ထောင့်နီနီဖြင့် အံကြိတ်ပြီး အသံသြသြကြီးနှင့် ပြောသည့် ကိုရင်တိဿကြောင့် ကျန်ကိုရင်တို့ အနားကို မကပ်ဝံ့တော့…။
******
” ဖြစ်နိုင်ပါ့မလား…ကပ္ပိယကြီးရဲ့…”
ကျောင်းထိုင်ကြီးက ကပ္ပိယကြီးကို မယုံကြည်နိုင်ဟန်ဖြင့် ပြန်မေးသည်။
” တပည့်တော်…ဒီလေးငါးရက်အတွင်း ညဘက်ဆို ဆွမ်းစားဆောင်ဘက်က ဟင်းတွေ၊ အသားငါးတွေပျောက်လွန်းလို့ စောင့်ကြည့်နေခဲ့တာမှာ ကိုရင်တိဿလုပ်တာဖြစ်ကြောင်း မြင်ခဲ့ရပြီးပါပြီဘုရား။ အဲ့ဒီ့နောက်ပိုင်းလည်း ဆက်ပြီး သတိထားကြည့်နေခဲ့တာ အခုဆို သေချာသလောက် ရှိနေပါပြီဘုရား။ တကယ်လို့ အရှင်ဘုရားမယုံဘူးဆိုရင်တော့ ဒီညကို တစ်ခုခုနဲ့ စမ်းသပ်ကြည့်နိုင်ပါတယ်ဘုရား…”
” အင်း…ဘုန်းကြီးအနေနဲ့ကတော့ ဒါမျိုးကို ငယ်ငယ်က တစ်ခါတော့ကြုံဖူးခဲ့ရဲ့။ ဒါပေမယ့် ဒါကလည်း ဘုန်းကြီးရဲ့ အဘွားမှာဖြစ်ခဲ့တာ။ အဲ့ဒိ့တုန်းက ဘုန်းကြီးက ခပ်ငယ်ငယ်ဆိုတော့ အဖြစ်အပျက်တွေကို သိပ်မမှတ်မိတော့ဘူး…”
” တင်ပါ့ဘုရား… ဒီည ဟုတ်မဟုတ် သေချာအောင် စမ်းကြည့်ဖို့ တပည့်တော် စီစဉ်လိုက်ပါ့မယ်ဘုရား”
” အင်း…”
******
ကပ္ပိယကြီးသည် ညနေစောင်းပိုင်းလောက်တွင် ရွာထဲက အမဲစားစိမ်းတစ်ပိဿာကို ၀ယ်ယူခဲ့ပြီး ကျောင်းဆီကို ၀င်လာခဲ့သည်။
ပြီးသော်…ထိုအမဲသားတွဲကို ဆွမ်းစားဆောင်ဘက်ဆီကို ဆောင်ယူသွားလေ၏။
အမဲသားတွဲ ကျောင်းဝိုင်းထဲရောက်သည်နှင့် နေမကောင်းဟုဆိုကာ စောင်ခေါင်းမှီးခြုံအိပ်နေသည့် ကိုရင်တိဿမှာ ရုတ်တရက် နှာခေါင်းတရှုံ့ရှုံဖြင့် အိပ်ရာက ထလာ၏။
ဤကို မလှမ်းမကမ်းက မသိမသာအကဲခတ်နေသော ကျောင်းထိုင်ကြီးက မြင်မိလိုက်လေသည်။
” အင်း…ဟုတ်နေလောက်ပါပြီ…”
ကျောင်းထိုင်ကြီး၏ စိတ်ထဲက ရေရွတ်သံ။
******
တိတ်ဆိတ်နေသည့် ညကာလ၀ယ် ကျောင်းတိုက်ကြီး၏ ဆွမ်းစားဆောင်ထက်ဆီ၌ ကျောင်းထိုင်ကြီးနှင့်အတူ ကပ္ပိယကြီးနှင့် အခြားဦးဇင်းလေးငါးပါးတို့ တစ်စုံတစ်ရာကို တိတ်တဆိတ် ပုန်းအောင်း စောင့်ဆိုင်းနေကြသည်။
အစီအစဉ်မှာ ကပ္ပိယကြီးသည် ကိုရင်တိဿ ဖုတ်၀င်နေသည်မှာ သေချာပြီဟု သူ၏ မွေးစားအဖေ ကျောင်းထိုင်ကြီးကို ပြပြီးသည်နှင့် တစ်ခါတည်း ဖုတ်ထုတ်ရန် ပြင်ဆင်ထားလေ၏။
ကပ္ပိယကြီးသည် လောကုတ္တရာဘက်တွင် စာပေကျမ်းဂန်များ လေ့လာလိုက်စားတတ်သူဖြစ်ကာ ညဦးပိုင်းကတည်းက သီလခံယူဆောက်တည်ပြီး တစ်ခါက ကျောင်းကိုလာ တည်းခိုဖူးသော ဆရာတစ်ဦးပေးထားခဲ့ဖူးသည့် အင်းတစ်ချပ်ကို ပြာချ၍ ရေစိမ်ကာ သောက်ထားလေသည်။
” ကျွီ….”
ကိုရင်များ ကျိန်းစက်ရာ ပင်မကျောင်းတိုက်ကြီးထံက တံခါးဖွင့်သံ။
” ရှပ်…ရှပ်…ရှပ်….”
ဆွမ်းစားဆောင်ဘက်ဆီကို လှမ်းလာနေသည့် ခြေသံ။
ခြေသံကြောင့် စောင့်ဆိုင်းနေကြသူများ တစ်ဦးမျက်နှာ တစ်ဦးကြည့်မိကြသည်။
” ဟမ်း…ဟမ်း…ဟမ်း….”
ဆွမ်းစားဆောင် တံခါးကို ဖွင့်ပြီးသည်နှင့် ဆာလောင်မွတ်သိပ်စွာ ညည်းညူရင်း ၀င်လာသည့် ကိုရင်တိဿ။
နီးကျင်ပြူးကြောင်နေသော မျက်လုံးအစုံက ကျောင်းဆောင်ထဲကို လှည့်ပတ်ကြည့်ပြီး တစ်စုံတစ်ရာကို ရှာဖွေနေသည်။
ကျောင်းဆောင်ထောင့်ရှိ အမဲသားတွဲကို မြင်သော် ကိုရင်တိဿမှာ ဘာကိုမှ ဂရုမထားတော့။ သွက်လက်သော ခြေလှမ်းများဖြင့် ထိုဆီကို သွားလေကာ လှမ်းဆွဲရန်ပြင်လိုက်လေသည်။
” ဟေ့…မောင်ဖုတ်…မင်း…ဒါဘာလုပ်တာလဲ…”
တိတ်ဆိတ်နေသည့် ကပ္ပိယကြီး၏ အော်ငေါက်သံနှင့်အတူ အားလုံးထံက ဓာတ်မီးရောင်တို့က ကိုရင်တိဿထံ ၀င်းခနဲ။
ကိုရင်တိဿက ဓာတ်မီးရောင်များနှင့် အော်သံကြောင့် ပြူးကြောင်နေသော မျက်၀န်းများဖြင့် လှည့်ကြည့်လာလေသည်။
သူ့အားရပ်ကြည့်နေသော လူအုပ်ြကီးကို မြင်လေသော် ကိုရင်တိဿမှာ ရုတ်တရက် အံ့အားသင့်သွားလေပြီးနောက် ” အီး…..” ဟူသည့် မချိမဆန့်အော်သံကြီးပြုကာ ခေါက်ခနဲ ခွေလဲကျသွားလေတော့သည်။
******
” သုဏာတုမေ…ဘန္ဒေ…သံဃော…သံဃော… ဣမံ…အာရာမံ…”
သံဃာတော်တို့၏ ပဗ္ဗာဇနိယကမ္မဝါစာများ ရွတ်ဖတ်သရဇ္ဇျယ်နေသည့် အသံတို့က ကျောင်းတိုက်ကြီးတစ်ခုလုံးကို လွှမ်းရစ်ထားသည်။
နံဘေးတွင် ရှိနေသော ကိုရင်တိဿ၏ တောင့်တင်းအေးစက်နေသော ခန္ဓာကြီးသည်ကတော့ လှုပ်ခတ်လာခြင်းမရှိတော့ပါ။
ကပ္ပိယကြီးသည်ကတော့ ကိုရင်တိဿ၏ အလောင်းနံဘေး၀ယ် ဆရာတော်များရွတ်ဖတ်နေသည့် တရားသံကို နှလုံးသွင်းနေသည်။
တဖြေးဖြေး အချိန်ကြာလာသည်နှင့်အမျှ ကိုရင်တိဿ၏ အလောင်းဆီက အပုတ်နံ့က ထွက်ပေါ်လာနေသည်။
မကြာမီအချိန်တွင်တော့ တရားသံများ ရွတ်ဖတ်သရဇ္ဇျယ်မှုပြီးဆုံးပါက ထိုကိုရင်တိဿ၏ အလောင်းကို ချက်ချင်းမီးသဂြိုဟ်ပေတော့မည်ပင်တည်း။
ပြီးပါပြီ။
စာကြွင်း…။ ဖုတ်ဟူသည့် ပြိတ္တာမျိုးနွယ်သည် တစ်ခါတစ်ရံ ရှက်ရွံ့တတ်၏၊ ထိတ်လန့်တတ်ကြ၏။ ထိုအခါမျိုးတွင် သီလ၊ သမာဓိရှိသူတို့က သူတို့အားသိရှိပြီး နာမည်ကို ခေါ်လိုက်ပါမူ လန့်စိတ်၊ ရှက်စိတ်ကြောင့် ထွက်ခွာသွားတတ်ပါသည်။ အရမ်းကြမ်းတမ်းသည့် ဖုတ်မျိုးဆိုလျင်တော့ ဤသို့မရ၊ ကျွမ်းကျင်နားလည်သည့် ဆရာများပင့်ကာ ပထုတ်ကြရပါသည်။ ဤကား စာကြွင်းဖြစ်၏။
နောင်ရိုး( ဆေးတပ်)