*ဗိုက်မဆာတဲ့ဆေး*📖📖📖
***********************
(၁)
ရန်ကုန်မြို့နှင့်အတန်ငယ်ဝေးကွာလှသည့်အရပ်တွင် အမှိုက်ပုံကြီးများရှိပြီး ထိုအမှိုက်ပုံကြီးအနီးတွင်တော့ ကျူးကျော်တဲ ယိုင်နဲ့နဲ့ကလေးများက မှိုပေါက်သလို ပြွတ်သိပ်ကြပ်ညပ်ကာ တည်ရှိနေကြတော့သည်။
အမှိုက်ပုံကြီးက ပလတ်စတစ်များ၊ စွန့်ပစ်အမှိုက်မျိုးစုံတို့နှင့် အရောင်အသွေးစုံလင်နေပြီး အမှိုက်များကလဲ
နှစ်ကာလများစွာကတည်းက စွန့်ပစ်ထားသည့်အမှိုက်များမို့ မျက်စိတစ်ဆုံးအမှိုက်တွေသာ မြင်နေရတော့သည်။
မောင်မိုးတစ်ယောက်ထုံးစံအတိုင်း ဆာလာအိတ်ကလေးလွယ်ထားပြီး ဝါးတုတ်ချောင်းကလေးထိပ်တွင် သံချွန်ကောက်ကလေးတပ်ထားသည့် တုတ်ကလေးကိုကိုင်ပြီးနောက် အမှိုက်ပုံသို့ ဦးတည်ခဲ့တော့သည်။
ယနေ့က သူအမှိုက်စကောက်သည့် သုံးရက်မြောက်နေ့ဖြစ်သည်။
ယခင်က မောင်မိုးတစ်ယောက် အမှိုက်မကောက်ခဲ့ အိမ်မှာပဲ ညီလေး ညီမလေးနှင့်သာ ဆော့ကစားရင်းနေခဲ့သည်။
သို့သော် လွန်ခဲ့တဲ့တစ်ပတ်လောက်ကတည်းကစပြီး အလုပ်သွားသည့် သူ့ပထွေးမှာ အိမ်ပြန်မလာတော့ပေ။
အမေကတော့ ငိုနေရှာသည်။ သုံးရက်ခန့်ကြာတော့ စားဖို့ဘာမှမရှိတော့။ အမေကလဲ မီးယပ်ရောဂါနှင့် တရှောင်ရှောင်ဖြစ်နေခဲ့သည်မှာ အတော်ကြာပြီဖြစ်သည်။ အလုပ်ကြမ်းကြမ်းတမ်းတမ်းမလုပ်နိုင်တော့။
မောင်မိုးကလဲ အသက်က ၁၂ နှစ်ခန့်သာရှိသဖြင့် အလုပ်ကြီးကြီးမားမားမလုပ်နိုင်သေးပေ။
ဒီတော့ ရပ်ကွက်ထဲက ကလေးတွေအားလုံးလိုလိုလုပ်ကြသည့် အမှိုက်ပုံဆီသို့သာ ထွက်ခဲ့မိသည်။
အမှိုက်ပုံတွင် အမှိုက်ကောက်ရသည်က သိပ်တော့မလွယ်လှပေ၊ အမှိုက်ကောက်သူများအဆင့်ဆင့် ကောက်ပြီးလို့ ကျန်သည့်အမှိုက်များကိုသာ အမှိုက်ပုံတွင်လာပစ်ကြသည်ဖြစ်ရာ၊ ထိုသူများကောက်ပြီးသားထဲမှ ကျန်သည့်အတိုအစကလေးများ၊ ထိုသူများ မမြင်လိုက်သည့်အမှိုက်ကလေးများကိုသာ ရွေးကောက်ရတော့သည်။
သို့သော်လည်း တစ်နေ့လုံးကောက်လျှင် သုံးထောင်၊ လေးထောင်ခန့်တော့ ကျန်သည်။
“ဟေ့မောင်မိုး တို့တွေ ဒီနေ့ချောင်းစပ်နားသွားကောက်ရအောင်”
ခေါ်လိုက်သူကတော့ ငတိုးဖြစ်သည်။ ငတိုးက အမှိုက်ကောက်တာ တစ်နှစ်လောက်ရှိပြီဖြစ်သဖြင့် အတွေ့အကြုံတွေများနေပြီဖြစ်သည်။ မောင်မိုးနှင့် ယခင်က အနည်းငယ်ခင်မင်ခဲ့ရာမှ ယခုတော့ ဆရာတစ်ယောက်ဖြစ်နေလေပြီ။ ချောင်းစပ်နားမှာ သူတို့နေရာနှင့် အတော်လှမ်းသည့်နေရာဖြစ်သည်။
“စိတ်ကူးမမှားနဲ့ မောင်မိုးရေ ဝေးတယ်ဆိုပေမယ့် အဲဒီနားက လူသိပ်မရောက်တော့ ပစ္စည်းတွေ တော်တော်ရမှာကွ”
မောင်မိုးလဲ ငတိုးနှင့်အတူလိုက်ခဲ့တော့သည်။ အရောင်အသွေးစုံ ပလတ်စတစ်စများနှင့် လှပနေသောအမှိုက်ပုံကြီးသည် အလွန်အော်ဂလီဆန်စရာကောင်းသော အနံ့များနှင့် မွှေးကြိုင်နေလေသည်။
ထိုမျက်စိတစ်ဆုံး အမှိုက်ပုံကြီးတွင် သူတို့လိုပဲ ကလေးများ၊ လူကြီးများက ဟိုတစ်စ သည်တစ်စနှင့် အမှိုက်ပုံကို မွှေနှောက်နေကြသလို၊ အချို့လူများကလဲ လာရောက်စွန့်ပစ်သည့်အမှိုက်ကားကြီး များလာသည့်အခါတွင် အနောက်သို့ ပြေးလိုက်သွားကြတော့သည်။
“တောက် နေကလဲပူလိုက်တာကွာ၊ အနံ့ကလဲနံလိုက်တာ၊ ဗိုက်ကလဲဆာ . . မနေ့ကညနေကတည်းက ဘာမှမစားခဲ့ရသေးဘူးကွ”
မောင်မိုးက ညည်းလိုက်တော့ ငတိုးက ပြုံးသွားလေသည်။
“ငါ့မှာ ဗိုက်မဆာတဲ့ဆေးရှိတယ်၊ မင်းယူမလား”
“ဗိုက် . . ဗိုက်မဆာတဲ့ဆေး ဟုတ် . . ဟုတ်လား ငတိုး”
ငတိုးက သူစလွယ်သိုင်းပြီး လွယ်အိတ်လိုလွယ်ထားသည့် ကြွပ်ကြွပ်အိတ်အနက်ကြီးထဲကို မွှေနှောက်လိုက်ပြီးနောက် ပလတ်စတစ်အအေးဗူးအသေးလေးကို ထုတ်လိုက်တော့သည်။ ထိုအထဲတွင်တော့ အဝါရောင်ပြစ်ချွဲချွဲအရည်ကလေးများက အနည်းငယ်သာပါလေသည်။ ငတိုးက ထိုဗူးလေးကို ပေးလိုက်သဖြင့် မောင်မိုးက သေချာယူပြီးကြည့်နေလိုက်သည်။
“ဒါ . . ဒါဗိုက်မဆာတဲ့ဆေးလား”
မောင်မိုးက ဖွင့်ပြီးသောက်ဖို့လုပ်လိုက်သည်။
“မသောက်ရဘူးကွ၊ သောက်ရင် မင်းသေသွားလိမ့်မယ်၊ အဲဒီဗူးလေးကို နှာခေါင်းဝနားတေ့ပြီး ပြင်းပြင်းရှူထည့်လိုက်”
မောင်မိုးလဲ မောင်တိုးခိုင်းသလို လုပ်ကြည့်လိုက်သည်။ အလွန်ပြင်းထန်သည့် အနံ့တစ်မျိုးက ခေါင်းထဲသို့တိုးဝင်လာသည်။
“ရှူအုံး . . . ပြင်းပြင်းရှူ”
မောင်မိုးလဲ လေကိုတအားပြန်ထုတ်လိုက်ပြီးနောက် ပုလင်းဝကိုနှာခေါင်းတေ့ပြီး တအားရှူထည့်လိုက်တော့သည်။ အနံ့ပြင်းပြင်းက နှာခေါင်းဝမှ တိုးဝင်လာပြီးနောက် သူ့ခေါင်းထဲအထိ အကြောတွေမှတဆင့် မမြင်နိုင်သည့်စွမ်းအားတစ်မျိုးက ပြင်းထန်စွာ ဆောင့်ဝင်လာတော့သည်။ မကြာခင် ခေါင်းကပေါ့ပါးသွားကာ တစ်မျိုးကြီးဖြစ်နေတော့သည်။ ပျော်လဲပျော်လာသလိုခံစားရပြီး သွားကိုဖြီးလိုက်တော့သည်။
“ကဲ မင်းဗိုက်ဆာသေးလား”
“အေးကွ ဗိုက်လဲမဆာတော့သလို အမှိုက်တွေကလဲ မနံတော့ဘူးကွ ၊ တစ်မျိုးပဲ ထူးဆန်းတယ်နော်”
“အဲဒီဗူးလေးက ၂၅၀ ဖိုးကွ၊ မကုန်စေနဲ့ လာအတူတူသွားကြစို့”
မောင်မိုးခြေလှမ်းတွေက မြေကြီးနှင့်တောင် သိပ်မထိချင်တော့၊ တက်ကြွနေသည်။ အမှိုက်ပုံကြီးကြည့်ရတာလဲ ရောင်စုံပန်းခင်းကြီးလို လှပနေပြီး အလွန်မွှေးကြိုင်သည့် ပန်းရနံ့တို့ကလဲ သင်းပျံ့နေလေသည်။ သို့နှင့် ချောင်းဘေးသို့ ရောက်မှန်းမသိရောက်သွားတော့သည်။
“ဟာ ငတိုးရေ၊ ပူတယ်၊ ဗိုက်ဆာတယ်၊ နံတယ်ကွ”
“ဒါဆိုလဲ အဲဒီဆေးကို ထပ်ရှူလိုက်၊ ဗိုက်ဆာတိုင်း ထပ်သာရှူကွာ”
(၂)
မွန်းတည့်ကျော်ပြီ။ မောင်မိုးနှင့် ငတိုး အမှိုက်တွေ၊ ပြန်လည်အသုံးပြုလို့ရသည့် ပစ္စည်းတွေ တစ်ပုံတစ်ပင်ကြီးနှင့် ပြန်လာခဲ့ကြသည်။ ထိုနေ့က တခြားနေ့များထက် ဝင်ငွေပိုရခဲ့သည်။ ၆၀၀၀ ကျော်ရလေသည်။ အိမ်သို့ပြန်လာရင်း လမ်းထိပ်အိမ်ဆိုင်ကလေးတွင် ညီလေးနှင့် ညီမလေးအတွက် ၂၀၀ တန်ပေါင်မုန့်တစ်လုံးဝယ်လာခဲ့သည်။ ပေါင်မုန့်များကို ကြည့်ပြီးဗိုက်ဆာသလိုဖြစ်လာသဖြင့် ပုလင်းလေးကို ဖွင့်ပြီး တဝကြီးရှူရှိုက်လိုက်တော့သည်။ ထို့နောက် အိမ်သို့ ပြန်ရောက်လာခဲ့တော့သည်။ အမေ့ကို ရသည့်ပိုက်ဆံများ ပြန်အပ်လိုက်တော့ အမေက ပိုက်ဆံယူပြီး အပြင်ထွက်သွားတော့သည်။ လမ်းထိပ်အိမ်ဆိုင်တွင် ဆန်တွေ၊ ဆီတွေ သွားဝယ်ဖို့ဖြစ်မည်။ ထို့နောက် အိတ်ထဲက ပေါင်မုန့် ၂၀၀ တန်ကိုထုတ်ပြီး ညီလေးနှင့် ညီမလေးကို တစ်ယောက်တစ်ပိုင်း ထုတ်ပေးလိုက်သည်။
“ဗိုက်ဆာလိုက်တာကိုကြီးရယ်၊ မနက်ကတည်းက ဘာမှမစားရသေးဘူး၊ ဒါနဲ့ ကိုကြီးကော မစားဘူးလားဟင်”
သိတတ်နေသည့် ညီမဖြစ်သူက သူ့ကိုမေးလိုက်တော့ မောင်မိုးက ညီမဖြစ်သူကို နှစ်နှစ်ကာကာပြုံးပြလိုက်တော့သည်။
“မဆာပါဘူးညီမရယ်၊ အကို့ဆီမှာ ဗိုက်မဆာတဲ့ဆေးရှိတယ်ကွ”
ထိုသို့ပြောပြီးနောက် သူ့အိတ်ကပ်ထဲတွင် ချန်ထားသည့် ပိုက်ဆံ ၅၀၀ တန်နွမ်းနွမ်းကလေးကို ထုတ်ကြည့်လိုက်သည်။ ထိုပိုက်ဆံနှင့် နောက်နေ့အတွက် ဗိုက်မဆာတဲ့ဆေးဝယ်ရပေဦးမည်။
ပြီးပါပြီ။
အဂ္ဂဇော် #အဂ္ဂဇော်
(ရှင်းလင်းချက်၊ ကော်ရှူခြင်းသည် အလွန်အန္တရာယ်ရှိပြီး ပြင်းထန်သည့် ဓါတုပစ္စည်းများကို ရှူရှိုက်နေခြင်းဖြစ်သောကြောင့် ကျန်းမာရေးကို အထူးဆိုးရွားစေပါသည်။ ကော်တွင်ပါဝင်သည့် အဆိပ်အတောက်ပစ္စည်းများကြောင့် ဦးနှောက်ကို ခေတ္တမျှ ထုံထိုင်းသွားစေသည့် အာနိသင်ကြောင့် ဈေးပေါသည့် မူးယစ်ဆေးတစ်ခုအဖြစ် တွင်ကျယ်စွာအသုံးပြုလာကြတော့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၂၀အချက်အလက်များအရ ကမ္ဘာတစ်ဝှမ်းကော်ရှူသည့် အရွယ်မရောက်သေးသည့် ကလေးငယ်ပေါင်း ၁၀သန်းကျော်ရှိနိုင်သည်ဟု ခန့်မှန်းထားကြသည်။ ယခုဝတ္ထုမှာ ကော်ရှူရန်အတွက်အားပေးခြင်းမဟုတ်ဘဲ အောက်ခြေလူတန်းစားများ၏ ဘဝအခြေအနေတစ်ခုကို သိမြင်ခံစားနိုင်စေရန် ရည်ရွယ်ရေးဖွဲ့ပါသည်။)