ဘဝခြားလည်း ချစ်နေမယ်

ဘဝခြားလည်း ချစ်နေမယ်(စ/ဆုံး)

———————————–

ရွာအစွန်မှာ တည်ထားသော ထုံးဖြူဖြူစေတီ
နှစ်ဆူအပါးမှာ အမြဲထိုင်လျက် တစ်မျိုး လမ်း
လျှောက်လျက်တသွယ်…

လူတစ်ယောက် ရှိနေပါသည်။ စားချိန်မမှန်၊
အိပ်ချိန်မမှန်သည့်အတွက်ကြောင့်လည်း အသား
အရည်ကား စိုပြေမှုမရှိ။ လူက အရူးတစ်ယောက်
သဖွယ် ရှိနေပါသည်။ လယ်ယာအလုပ်ကိုလည်း
စိတ်မဝင်စားတော့။ မိခင်ဖခင်ထံမှာ အပ်ထား
သော သုံးနှစ်အရွယ် သားလေးကိုလည်း သတိ
မရတော့။ တစ်ယောက်ယောက်ကို တမ်းတ
မျှော်လင့်နသည့် ဟန်ရှိသည်။

တကယ်လည်း မျှော်လင့်နေခဲ့ပါသည်။ တကယ်
ချစ်တော့လည်း တကယ်ခံစားခဲ့ရပါသည်။
အချစ်ဦးကို မျက်ကွယ်ပြုပြီး မချစ်မနှစ်သက်
သူနှင့် နှစ်နှစ်ခန့်နေခဲ့ရသည်အချိန် အချစ်ဦး
ကို မျှော်လင့်တမ်းတ တွေ့ခွင့်ရတော့မည်လား
ဟု တမ်းတခဲ့ပေမင့်။

သစ္စာပျက်သူတစ်ယောက်ဟု သတ်မှတ်သွားပြီး
သစ်စိမ်းချိုးချိုး သွားခဲ့သည်။ အမုန်းကြီး မုန်း
သွားခဲ့ပြီထင်သည်။ အချစ်ဦးရဲ့မျက်နှာကို
တစ်ခါမှ မမြင်ရတော့ အချစ်ဦးရှိနိုင်သည်ထင်
သည့်နေရာမှာ နေ့ရောညပါ စားချိန်မမှန်၊
အိပ်ချိန်မမှန် တာဝန်မပျက် စောင့်ခဲ့သည်။

အစပိုင်းမှာ မိဘများက ထွေးနုတစ်ယောက်
စောစောစီးစီးသေသွားသည့်အတွက် ခံစား
နေရသည်ဟု ထင်ထားခဲ့သော်လည်း။ မြသ
ဇင် မြသဇင်ဟု ပါးစပ်က အမြဲရေရွတ်နေ
ကြောင်း သားအသိမိတ်ဆွေများက မိဘများ
ကို ပြောပြရာ…မိဘများက ဥစ္စာစောင့်ပြုစား
သည်ထင်ကာ ပယောဂနိုင်သည့် ဆရာများ
ကို အိမ်ပင့်၍ ကုသစေသော်လည်း မပျောက်
သည့်အပြင် အချိန်ပြည့် ဘုရားနားက ခေါ်၍
မရတော့။ သူလည်း ထိုနေရာက ဘယ်မှ
မသွားတော့။

ရွာမှ မည်သူလာခေါ်ခေါ် ပြန်မလိုက်တော့။

“သားရယ် မေမေတို့နဲ့ အိမ်ကိုလိုက်ပြီး ထမင်း
စားပါဦးလား။ အဝတ်တွေလည်း ဟောင်းနေပြီ
ရေချိုးပြီး အဝတ်လဲရအောင် ဒါမှ သန့်သွားမှာ၊
သားရဲ့၊သားလေးက ဟိုမှာ ကစားနေတယ်၊ သူ
က အဖေ့ကို အိမ်ပြန်ခေါ်မလို့ လိုက်လာတာ၊
သားရော မြေးလေးရော အမေနဲ့အတူ အိမ်ပြန်
ကြမယ်”

“သူလာရင် လွဲနေလိမ့်မယ် မလိုက်ဘူး”

“သူလာလို့ သားကို မတွေ့ရင် စောင့်မှာပေါ့”

“မလိုက်ဘူး သား သူ့ကို စောင့်မှဖြစ်မယ် သူလာ
လို့ သားကို မတွေ့ရင် စိတ်ဆိုးနေလိမ့်မယ်”

“အမေစောင့်ပေးမယ်၊ မြေးလေးနဲ့ သားအိမ်ပြန်
လိုက်”

“မပြန်ဘူး အားလုံးပြန်ကြ”

မိခင်ဖြစ်သူလည်း သားဖြစ်သူအား မည်သို့ချော့
ခေါ်ပေမယ့် ခေါ်လို့မရချေ။ စားစရာလာပေးသည့်
အခါလည်း စားချင်မှ စားသည်။ အိမ်ပြန်မည်လား
ဟု အထင်နှင့် စားစရာ ယူမလာပေးရင်လည်း
အစာငတ်ခံခဲ့သည်။ ဆံပင်လည်း မညှပ်၊ မုတ်
ဆိတ်လည်း မရိတ်၊ အရူးတစ်ယောက်နှယ်
ဖြစ်နေပါတော့သည်။

Xxxxx

တကယ်တော့ လွန်ခဲ့သော လေးနှစ်ခန့်က အချစ်
မရှိသော မျိုးအောင်ဘဝထဲသို့ အချစ်ကို ဖန်တီး
မည့် မိန်းကလေးတစ်ယောက် ဝင်ရောက်လာခဲ့
သည်။ မျိုးအောင်လည်း အသက်ငါးဆယ်ကျော်
ပြီဖြစ်သော ဖခင်အား အိမ်မှာ အနားယူစေပြီး
လယ်ယာလုပ်ငန်းကို ဦးစီးလုပ်က်ိုင်ရန် လယ်
ကွင်းထဲသို့ ပြောင်းရွှေ့နေထိုင်လာခဲ့သည်။

လယ်ယာလုပ်ခွင်ဝင်မည့် နွားနှစ်ကောင်နှင့်
လယ်ယာသုံးပစ္စည်းများထားရန် လယ်ကွင်း
ထဲ၌ တဲကို အခိုင်အမာ ဆောက်ထားသည်။
ထိုအထဲမှာပင် ချက်ပြုတ်စားရင်း၊ အိမ်မပြန်
တော့ဘဲ၊ နေခဲ့သည်။ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်
သွန်၊ ငါးပိ၊ ငါးခြောက်တို့ကို အိမ်မှပို့ပေးသလို
လိုအပ်လျှင် သူကိုယ်တိုင် ပြန်ယူသည်။

တစ်နေ့ ညနေပိုင်း လယ်အလုပ်သိမ်းပြီး ရေချိုး
ထမင်းစားလိုက်သည်။ ထမင်းစားပြီးနောက်
အိပ်ရန် ခြင်ထောင်ကို ထောင်လိုက်သည်။
ခြင်ထောင်ပြီးကာမှ မအိပ်ဖြစ်သေးဘဲ နွားနှစ်
ကောင် ညပိုင်းစားရန် ဇလားအတွင်းသို့ မြက်
များကို သယ်ပြီး ထည့်ပေးလိုက်သည်။

အားလုံးပြီးတော့၊ လက်များကို ရေဆေးပြီး ပုဆိုး
အဟောင်းနှင့် ပြောင်စင်အောင် ရေများကို သုတ်
လိုက်သည်။ ထို့နောက် မှန်အိမ်မီးကို လျော့လိုက်
ပြီး ခြင်ထောင်ကို မ၍ အထဲဝင်လိုက်သည်။

“ဟင်”

“မင်း…မင်း…ဘယ်သူလဲ”

“ကျမ…ဒီနားကပါ”

“မင်းကို တစ်ခါမှ မတွေ့ဖူးပါဘူး”

“ကျမကတော့ မောင့်ကို အမြဲတမ်းတွေ့နေရတယ်
မောင့်ကိုချစ်တဲ့စိတ်ကြောင့် အခုလို မောင်ရှိတဲ့
နေရာကိုလာခဲ့တာပဲ”

“မင်းနာမည် ဘယ်သူလဲ”

“မြသဇင်ပါ”

“မင်းရဲ့အကြောင်း အမှန်ပြောမှ စိတ်ချလက်ရှိ
အတူတူနေနိုင်မှာပေါ့။ မင်းက လူမဟုတ်ဘဲ
ဝိညာဥ်သရဲဖြစ်နေနိုင်ရင် ကိုယ်မင်းနဲ့ အတူ မနေ
နိုင်ဘူး”

“မြသဇင်ရဲ့အကြောင်းမှန်ကို သိသွားရင် မုန်း
မသွားရဘူးနော်”

“ပြောပြပါ မင်း သရဲ ဟုတ်လား မဟုတ်လား
ဆိုတာ”

“ကျမက ဒီရွာအစွန်မှာရှိတဲ့ စေတီနှစ်ဆူရဲ့အနီး
ပေတစ်ပင်သိုက်က ဥစ္စာစောင့်မ တစ်ယောက်ပါ”

“ပေတစ်ပင်သိုက် ကြားဖူးတယ် ပေပင်တော့
မမြင်ဖူးဘူး”

“လွန်ခဲ့တဲ့ အနှစ်သုံးဆယ်မတိုင်ခင်က စေတီ
နှစ်ဆူအနီးမှာ ပေပင်ကြီးရှိတယ်၊ ပေပင်ကြီး
က အပွင့်တွေ အသီးတွေထွက်ပြီး သေသွားတယ်”

“ဥစ္စာစောင့်မလေးမို့လို့ ဒီလောက်ချောတာပဲ”

“မောင် မြကို နှင်မထုတ်ပါနဲ့နော်”

“မနှင်ပါဘူး မြရယ်…ဥစ္စာစောင့်မလေးကသာ
မောင့်ကို ပစ်မသွားပါနဲ့လို့ ပြောပါရစေ”

မျိုးအောင်လည်း သရဲမဟုတ်ဘဲ ဥစ္စာစောင့်
ဆိုသဖြင့် စိတ်ချ လက်ချ ပြောဆိုဝံ့တော့သည်။

“မြက မောင့်ကို ချစ်လို့လာခဲ့တာ ပစ်မသွားပါဘူး”

“ဒါပေမဲ့ မြလေးမောင့်ဆီကို ညအချိန်ရောက်မှ
လာခဲ့မယ် နောက်ပိုင်းကျရင်တော့ အခြေအနေ
အရ မောင်နဲ့ တစ်နေကုန်နေနိုင်အောင် ကြိုး
စားပါ့မယ်”

“နေ့ခင်းဘက်က ဘာဖြစ်လို့လဲ”

“လူစိမ်းတွေ မြင်ကုန်မှာပေါ့ သူတို့မြင်လို့ မဖြစ်
ဘူး၊ မောင်ကလည်း မြအကြောင်း ဘယ်သူမှ မပြောရဘူးနော်၊ လူများတွေ သိကုန်ရင် မြနဲ့
မောင်နဲ့ ဝေးရလိမ့်မယ်”

“ဒီည မောင်နဲ့ အတူနေမယ်နော်”

သို့ဖြင့် သိုက်နန်းရှင်မလေး မြသဇင်နှင့် မျိုးအောင်
တို့ ပထမဆုံးသော ချစ်သူညလေး ဖြစ်ခဲ့ပါသည်။

ညစဥ်ညတိုင်း မြသဇင် ရောက်လာပါသည်။
ချစ်စကားလေးတွေ မအိပ်ခင် တဝထိုင်ပြော
ကြသည်။ လသာသောည၊ လပြည့်ညမျိုးဆို
လျှင် တော်တော်နှင့် မအိပ်ဖြစ်ဘဲ၊ လရောင်
အောက်မှာထိုင်ကာ စကားတွေ တဝကြီးပြော
ခဲ့သည်။ တစ်ညတော့ မျိုးအောင် စကား
စလိုက်သည်။

“မြက. .ဥစ္စာသိုက်မှာ အရေးပါ အရာရောက်တဲ့
အထဲက တစ်ယောက်လား”

“မောင်က ဘာသဘောနဲ့ မေးတာလဲ”

“အော်…မြတို့သိုက်နန်းကို အလည်လိုက်ချင်တယ်
ဆိုရင် ခေါ်လို့ရမလားလို့ပါ”

“ဒါများ မောင်ရယ် မောင့်ဘက်က စကားစမလာ
လို့ပါ။ မောင့်ကို သိုက်နန်းဆီခေါ်သွားလို့ ရပါတယ်”

“မနက်ဖြန်ည မောင့်ကို၊ မြတို့ သိုက်နန်းထဲခေါ်
သွားမယ်”

“မောင်စောစော…ရေမျိုးချိုး စားသောက်ပြီး
စောင့်နေ ဟုတ်လား”

“မောင်တော့ အခုကတည်းက စိတ်လှုပ်ရှားနေပြီ”

“သိုက်ထဲရောက်ရင် ဒီထက်ပိုစိတ်လှုပ်ရှားရဦးမယ်”

သို့ဖြင့် နှစ်ယောက်သား လပြည့်ည လရောင်
အောက်မှာ ကြည်နူးပျော်ရွှင်ဖွယ်ရာ ချစ်စကား
များ ပြောမဝကြပေမယ့် အချိန်က ဆယ့်တစ်
နာရီကျော်နေပြီမို့ နှစ်ယောက်သား စကားဖြတ်
လိုက်ပြီး တဲသို့ ပြန်လာကာ၊ အိပ်ရာဝင်လိုက်
ကြသည်။

ထိုကဲ့သို့ သားဖြစ်သူနှင့်၊ သိုက်နန်းရှင်မလေးတို့
အကြောင်းဆက်ပေါင်းဖက်နေသည်ကို မိဘများ
လည်းမသိ တဲနီးနားချင်းများပင် မသိခဲ့ကြ။

Xxxxx

ညနေရောက်ကတည်းက မျိုးအောင်သိုက်ထဲ
လိုက်သွားရမည်ဆိုသဖြင့် စိတ်လှုပ်ရှားနေသည်။

မြသဇင်ကလည်း ကတိရှိထားသည့်အတိုင်း ည ၆
နာရီကျော်၊ ပတ်ဝန်းကျင်လူများ ရှင်းသွားသည်
အချိန်ရောက်လာခဲ့သည်။

“မောင် အဆင်သင့်ပဲလား”

ညနေ ငါးနာရီကျော်ကတည်းက အဆင်သင့်
ဖြစ်နေတာ”

“ခဏနေရင် မြတို့သွားကြမယ်”

ခုနှစ်နာရီခန့် ရောက်သည်နှင့်။

“မောင်…သွားကြမယ်”

မျိုးအောင်နှင့် မြသဇင်တို့ တဲအတွင်းက ထွက်
လာခဲ့ကြသည်။ လပြည့်ကျော်တစ်ရက်နေမို့
ပတ်ဝန်းကျင် တစ်ပြင်လုံး လရောင်နှင့် လင်း
ထိန်နေသည်။ မျိုးအောင်တို့ တဲအတွင်းက
ထွက်လာသည်နှင့် လယ်ကွင်းထဲ သို့ရောက်
မည်ကို သိသည်။

သို့သော် အမြင်ပြောင်းသွားပြီး လယ်ကွင်းများ
ရှိမနေတော့၊ သစ်ပင်ချုံပင်တွေကြားထဲက
သွားနေရသည်။

“မြ…ဒါ …မောင်တို့တဲဝန်းကျင်ပဲရှိသေးတယ်
လယ်ထဲမှာ မရှိတဲ့ ချုံပင်တွေ ပြည့်နေတယ်”

“လယ်ကွင်းတွေလည်း မဟုတ်တော့ပါလား”

“ဘယ်ဟုတ်ပါ့မလဲ မောင်ရဲ့ သိုက်ဆီသွားမယ်
ဆိုတော့ သိုက်လမ်းပေါ့”

သိပ်မကြာခင်မှာပဲ ရှေးဆန်သော တိုက်ကြီး
တစ်ခုရှေ့သို့ ရောက်သွားသည်။ သိုက်ဝမှာ
ကြောက်မက်ဖွယ်ရာ သိုက်စောင့်ကြီးနှစ်
ကောင်ကို တွေ့လိုက်ရသည်။

“လာ…မောင် မြနောက်က လိုက်ခဲ့၊ ဘာမှ မကြောက်
နဲ့၊ သူတို့ မောင့်ကို လက်ဖျားနဲ့တောင် မထိစေရဘူး”

သိုက်အတွင်းရောက်တော့ အဝင်မှာကဲ့သို့ပင်
ကြောက်မက်ဖွယ်ရာ၊ သိုက်စောင့်များကို တွေ့
ရသေးသည်။ သိုက်နန်းရှင် မြသဇင် ပါနေသ
ဖြင့် ဘယ်သူမှ ရန်မပြုကြ။ တိုက်ကြီးအတွင်း
မှာ အလင်းရောင်များ ဝင်းထိန်နေသည်။ နေ့
ခင်းတမျှ လင်းထိန်လို့နေပါသည်။

နံရံများကို ရွှေပ်ိန်းချထားသည်။ ရွှေကနုတ်
ပန်းများကလည်း ထည်ဝါခန့်ညားမှုကို ပိုပြီး
ပီပြင်စေပါသည်။ တိုင်လုံးကြီးများကိုလည်း
ဟသ်ာပြဒါးသုတ်ကာ ရွှေပိန်းချ ကနုတ်ပန်း
များဖြင့် လှပစွာ တန်ဆာဆင်ထားသေးသည်။

“မောင်…သည်မှာကြည့်၊ ဒီသေတ္တာတွေက
မြတို့ မောင်နှမတွေ တစ်ယောက်တစ်လုံး
စီပိုင်တယ်
ဒီအချိန်ဆို သိုက်ချုပ်ဘိုးဘိုးက အပေါ်ထပ်မှာ
အဓိဋ္ဌာန်ဝင် ပုတီးစိပ်နေတယ်”

မျိုးအောင်လည်း မြသဇင်ရှင်းပြသမျှက်ို တအံ့
တသြနားထောင်ပြီး လိုက်၍ ကြည့်ရှူနေပါသည်

“ဒီအခန်းကို ကြည့်လိုက်ပါဦးမောင်”

မျိုးအောင်လည်း မြသဇင်ပြသော အခန်းကို
ကြည့်လိုက်ရာ ကိုယ့်မျက်စေ့ကိုပင် တကယ်မှ
ဟုတ်ပါရဲ့လားဟု တွေးထင်လိုက်မိသည်။

“ဘုရား…ဘုရား နည်းနည်းနောနော မဟုတ်ဘူး
ဒီလောက်များတဲ့ ရတနာတွေ ဘယ်လိုများ
စုဆောင်းထားတာလဲ မသိဘူး”

ခန်းလုံးပြည့်မျှ ရတနာပစ္စည်းမျိုးစုံ အပုံလိုက်ကြီး
တွေ့ရသည်။ အခန်းထောင့်များတွင်လည်း ရွှေ
ပိန်းချ ရတနာသေတ္တာကြီးများကိုလည်း တွေ့
ရသည်။

“ဒါတွေက ဘယ်သူပိုင်တာလဲ”

“ဒါ ဘယ်သူမှ မပိုင်ဘူး”

“နောင်ပွင့်လာမယ့် မြတ်စွာဘုရားကို ကျောင်း
တွေ ဆောက်လှူဖို့ ခေတ်အဆက်ဆက်က စု
ဆောင်းထားတာ။ ဒီရတနာပစ္စည်းတွေကို ဘယ်
သူမှ ထိလို့မရဘူး၊ စိတ်နဲ့တောင် ပစ်မှားလို့
မရဘူး၊ ဒီရတနာပစ္စည်းတွေ မပျောက်မပျက်
အောင် နှစ်ပေါင်း ထောင်သောင်းချီပြီး စောင့်
ရှောက်ခဲ့ကြတယ် သိုက်ကတော့ နေရာတကျ
တစ်နေရာတည်း ရှိချင်မှ ရှိမယ်၊ အန္တရယ်ပြု
မယ့်၊ သိုက်တူးမယ့် သိုက်ဆရာတွေ ရောက်
လာလို့ သိုက်က ပြန်ခုခံနှိမ်နင်းမယ် မထင်ရင်
အထက်ပုဂ္ဂိုလ်များ အစီအစဥ်၊ အစီအမံတွေနဲ့
နေရာပြောင်းရပါတယ်၊ လုံခြုံအေးချမ်းတယ်
ဆိုရင်တော့ အစဥ်အမြဲ တစ်နေရာတည်း
ရှိနေမှာပါပဲ၊ ကဲ…ပြန်ဖို့ အချိန်တန်ပြီ ပြန်ကြ
စို့ ဟုတ်လား”

ပြန်ကြတာပေါ့”

“လာ…ဒီဘက်က ပြန်ကြမယ်”

မြသဇင်က မျိုးအောင်ရှေ့မှနေ၍ အခန်းများကို
ဖြတ်ပြီး ပြန်သွားသဖြင့် နောက်မှကပ်၍ လိုက်
ခဲ့သည်။ တိုက်၏ အပြင်ရောက်တော့ ထူးထူး
ဆန်းဆန်း မြင်လိုက်ရသည်။

တိုက်ဆင်ဝင်အောက် လှေကားခုံက ရေစပ်မှာ
ရှိနေသည်။ လှေကားခုံထိပ်မှာ လူကြီးတစ်
ယောက်က လှေတစ်စီးနှင့် လှော်တက်ကိုင်ကာ
စောင့်နေသည်။ လှေပေါ်သို့ တက်ခိုင်းသဖြင့်
မျိုးအောင် ခြေချော်မကျအောင် ထိန်းပြီး
တက်လိုက်သည်။

“မောင်…မြတော့ ဒီညမလိုက်တော့ဘူး၊ မောင့်ကို
ဦးလေးကြီး လိုက်ပို့လိမ့်မယ်၊ အလာတုန်းက
တစ်လမ်း၊ အပြန်တစ်လမ်းဖြစ်နေလို့ အံ့သြ
နေလားမောင်၊ ဒါသိုက်နဲ့ မသက်ဆိုင်တဲ့လူတွေ
အတွက် အသွားတစ်လမ်း အပြန်တစ်လမ်း
သိုက်ရဲ့ အစီအမံပဲ၊ ဒါပေမဲ့ ဦးလေးကြီးက
မောင့်ရဲ့တဲအထိ လိုက်ပို့မှာပါ”

မြသဇင်လည်း လှေကားခုံပေါ်မှာ ရပ်ပြီး မျိုး
အောင်ကို လက်ပြနှုတ်ဆက်ကာ ကျန်ခဲ့သည်။
မျိုးအောင်ကို တင်ဆောင်လာသော လှေက
လေးက တရွေ့ရွေ့ ထွက်ခွာလာရာ တိုက်ကြီး
နှင့် ဝေးမှန်းမသိ ဝေးလာသည်။ တိုက်ကြီးကို
မမြင်နိုင်တော့သည့် အကွာအဝေး အရောက်မှာ

“ကဲ…ကောင်လေး မင်းရဲ့နေရာရောက်ပြီ လှေ
ပေါ်က ဆင်းလိုက်တော့”

ဥစ္စာသိုက်ကြီးကအထွက် လှေကားခုံအထိ
ထိစပ်နေသော ရေမြောင်းအတိုင်း လှေနှင့်
လာခဲ့ရာ ဘေးတစ်ဖက်တစ်ချက်တွင် သစ်ပင်
ချုံပင်များ ရှိနေသဖြင့် မည်သည့်နေရာ ရောက်
နေသည်လဲ မျိုးအောင် ခွဲဝေလို့မတက်။

လှေလှော်ပို့သည့် လူကြီးက ရောက်ပြီဆို၍
လှေဦးစိုက်ရာ ကုန်းပေါ်သို့ တက်လိုက်ရသည်။
ခြေထောက်နှစ်ချောင်း မြေပေါ်နင်းမိလိုက်
သည်နှင့် မျက်စေ့အမြင် ပြောင်းသွားသည်။

“ဟင်…ဘယ်လိုပါလိမ့်”

“အံ့သြမည်ဆိုပါက အံသြစရာပါ။ မျိုးအောင်
တွေ့လိုက်ရသည်က မိမိလယ်အစပ်သို့ ပြန်
ရောက်နေခြင်းဖြစ်သည်။ ရေမြောင်းလည်း
မရှိတော့။ ခပ်လှမ်းလှမ်းမှ တဲကို လရောင်
အောက်မှာ လှမ်းမြင်နေရသည်။ နောက်ဘက်
လှည့်ကြည့်တော့ လှေနဲ့လာခဲ့သော ချောင်း
ရိုးလေးနှင့် ဦးလေးကြီး လှေနေရာမှာ တဲနီး
နားချင်းများ၏ လယ်ကွက်များကိုသာ
မြင်ရသည်။

ထိုအခါ မြသဇင်ပြောလိုက်သော စကားကို
ပြန်ကြားယောင်မိလိုက်သည်။

“အံ့သြနေလားမောင်… ဒါက သိုက်နဲ့မဆိုင်တဲ့ လူတွေအတွက် သိုက်ရဲ့အစီအမံပဲ”

“ဟုတ်မှာပါပဲ သိုက်ဘယ်မှာရှိတယ်ဆိုတာ
အပြင်လူတွေ မသိအောင် ကာကွယ်လှည့်စား
တဲ့နည်းပဲ”

မျိုးအောင်လည်း ဖြစ်နိုင်ခြေကို တွေးပြီး တဲ
ဆီသို့ ပြန်လာခဲ့သည်။ သည်ညတော့ မြသဇင်
ပါမလာသဖြင့် တစ်ယောက်တည်း ပျင်းစရာ
ကောင်းသော ညက်ို ကျော်ဖြတ်ရတော့ရမည်
ဟု တွေးပြီး ပင့်သက်တစ်ချက် ရှိုက်မိလိုက်
သည်။ အချစ်ဆိုသည့်အရာက အကောင်အ
ထည်လည်းမရှိ၊ လက်ဆုပ်လက်ကိုင် မပြနိုင်
ပေမယ့် အရှိန်အဟုန်ကြီးမားစွာနှင့် လူကို
ရိုက်ခတ်တတ်သည်။

ဖူးစာဆိုသော စကားကိုလည်း မည်သို့ဖွင့်ဆိုရမည်
မသိ၊ တစ်ဦးနှင့်တစ်ဦး ဆုတောင်းများ မှားခဲ့
လေပြီလား။ သိပ်ချစ်ကြတဲ့ ချစ်သူနှစ်ဦးက
ဘဝခြားချစ်သူများ ဖြစ်နေကြသည်။ နှစ်ဦးသား
လူသိရှင်ကြား ပေါင်းဖက်နေထိုင်ကြချင်ပေ
မယ့် တစ်ယောက်က ဥစ္စာစောင့်၊ တစ်ယောက်
က လူသားဖြစ်နေသည်။

လူ့လောကအလယ်မှာ ဘယ်လောက်ပင် မျက်
စေ့အောက်က အပျောက်မခံနိုင်အောင် ချစ်ကြသည်ဆိုစေဦးတော့ အတူယှဥ်တွဲနေထိုင်လို့က
မဖြစ်နိုင်။

ယခုပဲကြည့်၊ မြသဇင်က ညအချိန်ရောက်လာ
မနက်ရောက်တော့ ပျောက်သွားသည်။မျိုး
အောင်မှာ ညနေရောက်သည်နှင့် လည်တဆန့်ဆန့်
မျှော်ရသည်။ မြသဇင်ရောက်လာသည်ကို
မြင်ရမှ အပူလုံးကျသွားရသည်က ညစဥ်ည
တိုင်း။ ထို့အတူ မနက်မိုးလင်းပြန်လို့ အိပ်ရာ
ထဲမှ မထသေးဘဲ တစ်ဖက်မှာ ရှိနေသည့်
ချစ်ရသူ မြကို စမ်းလိုက်သော လက် မြခြုံ
ခဲ့သည့် စောင်လေးကိုသာ အမြဲစမ်းမိခဲ့ရသည်။

ညစံ နေ့ခံဆိုသော ဘုရားရှင်လက်ထပ်က
ပြိတ္တာလို ဖြစ်နေသည်လားဟု မိမိကိုယ်မိမိ
မကျေမချမ်းနှင့် ခိုင်းနှိုင်းမိသည်အထိ
စိတ်ခံစားခဲ့ရသည်။

တစ်နေ့လုံး ပျင်းစရာကောင်းသော အချိန်တို့ကို
လယ်ယာအလုပ်ခွင်မှာ စိတ်နှစ်လုပ်ရင်းဖြင့်
အချိန်ကုန်စေလိုက်သည်။

အချစ်နှင့်အတူ ယှဥ်တွဲမနေရလို့ ကိုယ့်ကိုကိုယ်
မကျေမနပ် ဖြစ်နေရသည့်အထဲ။

မိခင်ဖြစ်သူ တဲကို ရောက်လာသည့်နေ့က ပြော
လိုက်သော စကားတစ်ခွန်းကလည်း မျိုးအောင်
ကို အရှင်လတ်လတ် မီးရှို့သတ်လိုက်သကဲ့သို့
ရင်ထဲ ပူလှိုက်လောင်ကျွမ်းသွားခဲ့ရတော့သည်။

“သားလည်း အရွယ်ရောက်ပြီ လယ်ကွင်းထဲမှာ
တစ်ယောက်တည်းနေရတာ အမေတို့ မကြည့်
ရက်ဘူး၊ ဝါမဝင်ခင် အခါကောင်းရွေးပြီး ကို
ထွေးမောင်ရဲ့သမီး ထွေးနုနဲ့ပေးစားမလို့ မေ
မေတို့ပြောထားပြီးပြီ”

“ဟာ…ကျနော် မိန်းမ မယူဘူး၊ ဒီအတိုင်းပဲ
တစ်ယောက်တည်းနေမယ်၊ သား ဒီအတိုင်း
နေခဲ့တာ ကျင့်သားရနေပြီ၊ လူပိုလာရင် သူ့
အတွက် တာဝန်ကြီးတယ်”

“ဘယ်ဟုတ်မလဲ အချိန်တန်ရင် အိမ်ထောင်ပြု
ကို ပြုရမယ်၊ ဒါမှ သားအလုပ်လုပ်ရင် နောက်
ပိုင်းက ချက်ပြုတ်လျှော်ဖွပ်ပေးမယ့် သူ၊
အကူအညီပေးမယ့်သူလိုတယ်…သားအတွက်
အနီးကပ် ပြုစုကူညီပေးမယ့်သူ လိုတယ်
အမေတို့ အဖေတို့က တစ်နေ့သေကုန်မှာ
သားကို အနီးကပ်ပြုစုမယ့် မိန်းကလေးရှိကို
ရှိရမယ် သားငြင်းမနေနဲ့ အမေတို့ စကားလဲ
လွန်ပြီးပြီ၊ ထွေးနုလေးကလည်း ဗိုင်းကောင်း
ကျောက်ဖိ အေးအေးဆေးဆေး သဘောကောင်း
တဲ့ မိန်းကလေးပါ၊ ငြင်းရမယ့်အကြောင်းကိစ္စ
ဘာမှမရှိဘူး၊ ကဲ အမေသွားမယ် ကိုယ့်ကျန်း
မာရေးလည်း ဂရုစိုက်၊ သား လိုတာ ရွာကို
လူကြုံနဲ့ မှာလိုက်”

“အားလုံးပြည့်စုံပါတယ်၊ သားအတွက် မိန်းမ
ပေးစားဖို့ မကြိုးစားနဲ့နော်”

မိခင်ဖြစ်သူက မျိုးအောင်စကားကို ဘာမှပြန်
မပြောတော့ဘဲ ထီးဖွင့်ဆောင်းကာ ရွာသို့ ပြန်
သွားတော့သည်။ အမေပြန်သွားသည်နှင့်
မျိုးအောင်လည်း ဘာမှလုပ်ချင်စိတ် မရှိတော့
ဘဲ၊ ခြေပစ်လက်ပစ် ထိုင်ချကာ မြသဇင်
အကြောင်း တွေးနေမိသည်။

အမေပြောသလို လူသိရှင်ကြား နေထိုင်ခွင့်
ရမည့် ချစ်ဇနီးတစ်ယောက်ရှိသင့်တာ မှန်ပေ
မယ့် မြသဇင်က လွဲပြီး မည်သူ့ကိုမှ မချစ်
နိုင်တော့။ ညဘက် မြသဇင်ရောက်တော့
ချစ်သူမျက်နှာ ညှိုးမည်စိုး၍ ထိုကိစ္စကို မ
ပြောပြခဲ့ပါ။

ညဘက် မြသဇင်ရောက်လာတော့ ချစ်သူ
မျက်နှာညှိုးမည်စိုး၍ ထိုကိစ္စကို မပြောပြခဲ့
ပါ။ သို့ဖြင့် ချစ်ရက်တွေ တစ်ရက်ပြီးတစ်ရက်
ကုန်သွားသည်။ မျိုးအောင် မိဘများကလည်း
သူတို့စီစဥ်စရာရှိသည်ကို မျိုးအောင်အား
နောက်တစ်ကြိမ် မပြောတော့ဘဲ တပို့တွဲလ
အတွင်း နေကောင်းရက်မြတ်ရွေး၍ မျိုးအောင်
နှင့် ထွေးနုတို့အား လက်ထပ်ပွဲဆင်ပေးခဲ့သည်။

မျိုးအောင်ဘယ်လိုပင် ငြင်းငြင်း မိဘများက
လက်မခံဘဲ၊ လက်ထပ်ပွဲကို ဖြစ်အောင် စီစဥ်
ခဲ့တော့သည်။

မျိုးအောင်မှာ”အိမ်ထောင်မပြုသေးဘူး”ဟုသာ
အကြောက်အကန်ငြင်းခဲ့ပေမယ့် မြသဇင်အ
ကြောင်းတော့ ဇွတ်ပြောလို့မဖြစ်ခဲ့ပါ။ မဂ်လာ
ရက်နီး၍ စီစဥ်စရာများ စီစဥ်တော့မှ မြသဇင်
လည်း မျိုးအောင် အိမ်ထောင်ပြုတော့မည်
ကို သိရှိသွားသည်။

ထိုညက မြသဇင် မအိပ်ဘဲ တစ်ညလုံး ငိုပါသည်။
မျိုးအောင်လည်း မိမိဆန္ဒမပါဘဲ။ မိဘများက
အတင်းစီစဥ်မှုကို ခံလိုက်ရသည်ဟု ပြောပေမယ့်
မြသဇင် နားမဝင်ခဲ့ပါ။

အချစ်ကြီး ချစ်ခဲ့ရသူအား သစ်စိမ်းချိုးချိုးခြင်း
ကို ခံလိုက်ရသည်ဟူသော အပြောများဖြင့်သာ
မြသဇင်က မျိုးအောင်ကို စကားနာထိုးပြီး ချော့
မရအောင် ငိုနေတော့သည်။ ယောကျ်ားတန်မယ့်
မျိုးအောင်လည်း အချစ်နှင့် ကွေကွင်းရသည့်
အပူမီးကြောင့် မျက်ရည်ကျခဲ့ရပါသည်။

“မောင်…မြက်ို ဒီနေ့ ဒီရက်ကစပြီး မေ့ပစ်လိုက်ပါ။
မောင်ရဲ့ နှလုံးသားထဲမှာ မြကို ဖယ်ထုတ်လိုက်
ပါ”

“အဲဒီလိုတော့ ရက်ရက်စက်စက် မပြောပါနဲ့မြရယ်
မောင် မြကို သိပ်ချစ်ပါတယ်”

“မြရဲ့နှလုံးသားထဲမှာ မောင်ဆိုတာ မရှိတော့ပါဘူး
မောင်နဲ့မြတို့ ဘဝခြားတဲ့အ တွက် အတူနေချင်
ပေမယ့် အတူမနေရဘူးမဟုတ်လား
အရင်က ဘဝပဲခြားတာ အခုတော့ ထာဝရခြား
သွားပြီးလို့သာ မှတ်ယူလိုက်ပါတော့”

“ကိုယ်ကတော့ မြကို ဘယ်လိုပြောပြော ဘယ်
လိုမုန်းမုန်း မြကို ဒီတစ်သက် မေ့လို့မရနိုင်တော့
မှာ မဟုတ်ဘူး”

“မေ့လိုက်ပါတော့မောင် မောင့်ကို အခုကစပြီး
အပြီးနှုတ်ဆက်ခဲ့ပါတယ်”

တစ်ညလုံး ငိုမဆုံးနိုင်သော မြသဇင်လည်း မိုးမ
လင်းခင် မိုးအောင်အနီးက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ သိပ်ချစ်ရသော အချစ်ဦး၏ အမုန်းကို
ခံလိုက်ရသော မျိုးအောင်တစ်ယောက် ။

ထိုနေ့တစ်နေ့လုံး မည်သည့်အလုပ်မှ မလုပ်
ဖြစ်ခဲ့။ ငေးငေးငိုင်ငိုင်ဖြင့်သာ ရှိနေတော့သည်။

xxxx

မျိုးအောင်ကို မထွေးနုနှင့် လက်ထပ်ထိမ်းမြား
ပေးလိုက်သည်။ ရက်မကြာခင် မျိုးအောင်နှင့်
ထွေးနုတို့ လယ်ကွင်းထဲသို့ ပြောင်းခဲ့ကြသည်။

လယ်အလုပ် ကိုင်းအလုပ်ကို ဆက်၍ လုပ်ကိုင်
ခဲ့သည်။ ချစ်ကြသူများ မဟုတ်ဘဲ၊ မိဘများ
ပေးစား၍ အိမ်ထောင်ကျလာသူများဖြစ်သ
ဖြင့် တစ်ဦးနှင့်တစ်ဦး ယုယကြင်နာစကားများ
မဆိုဖြစ်၊ မိန်းမဖြစ်သူလည်း တာဝန်အရ
မိန်းမအလုပ်ကိုလုပ်သည်။ ယောကျ်ားဖြစ်
သူကလည်း ယောကျ်ားအလုပ်လုပ်သည်။

စားချိန် သောက်ချိန် အိပ်ချိန်မှသာ မျက်နှာချင်း
ဆိုင်ဖြစ်ကြသည်။

ထွေးနုကလည်း ဇနီးဝတ္တရားကျေပွန်စွာ နေထိုင်
လုပ်ကိုင် ခေါ်ပြောခဲ့ပါသည်။ မျိုးအောင်ကလည်း
အချစ်မပါပေမင့် ယောကျ်ားတာဝန် ကျေပွန်
အောင် နေထိုင်လုပ်ကိုင်ခဲ့သည်။ နဖူးစာ မင်
ရည်ကျဲသည်ဟုပင် ဆိုရမည်လားမသိ၊ ပန္နက်
ကပင် ယိုင်ရွဲ့ခဲ့လေသည်လားမသိ၊ သားလေး
ကိုယ်ဝန်ရလာကတည်းက တရှောင်ရှောင်ဖြစ်
ခဲ့သော ထွေးနုတစ်ယောက် ကျန်းမာရေးချို့
ယွင်းလာခဲ့သည်။

ထွေးနုနှင့် အိမ်ထောင်ကျပြီးသည့်နောက်ပိုင်း
အိပ်မက်ထဲမှာရော အပြင်မှာပါ မြသဇင်တစ်
ယောက် ပေါ်မလာတော့။ အမုန်းကြီး မုန်းသွား
ပြီဟု မျိုးအောင်စိတ်ထဲ တွေးထင်နေသည်။

ထွေးနုတစ်ယောက်လည်း ကလေးမီးဖွားပြီး
ကျန်းမာရေး ချို့တဲ့သထက် ချို့တဲ့လာသဖြင့်
တဲမှာမထားတော့ဘဲ မျိုးအောင်၏ မိဘများ
က ရွာသို့ ပြန်ခေါ်ထားပြီး ဆေးကုသစေသည်။
ကလေးကို နို့လည်း မတိုက်နိုင်သဖြင့် နို့ထွက်
သည့် နွားမတစ်ကောင်ဝယ်ထားကာ နွားနို့
ညှစ်ပြီး ကလေးကို တိုက်ခဲ့ရသည်။ ကလေး
တစ်နှစ်မပြည့်ခင် ထွေးနုတစ်ယောက် လူ့လော
ကကြီးထဲက အပြီးထွက်ခွာသွားပါတော့သည်။

ထိုအချိန်နောက်ပိုင်း မျိုးအောင် ရွာကို မပြန်
တော့ ကလေးရှိသည်ဟုလည်း စိတ်ထဲမထား။
အိမ်ထောင်ရှိနေစဥ်ကတည်းက မြသဇင်ကို
တိတ်တခိုးကြိတ်ပြီး မျှော်လင့်တမ်းတ ပူဆွေး
နေရာက တစ်ယောက်တည်းကျန်ခဲ့သည့်
နောက်ပိုင်း လယ်ယာအလုပ်ကိုလည်း စိတ်
မဝင်စားတော့။ ငေးငေးငိုင်ငိုင်နှင့်သာ အချိန်
တို့ကုန်လွယ်စေတော့သည်။

မိဘများကလည်း လယ်ယာလုပ်ကိုင်ရန် မခိုင်း
တော့ဘဲ သူရင်းငှား တစ်ယောက်ငှားပြီး လယ်ကို
လုပ်စေရတော့သည်။

ထုံးဖြူဖြူ စေတီနှစ်ဆူအနီးမှာ ယခင်က
ပေပင်ကြီးရှိခဲ့သည်ဟု လူကြီးများ ပြောခဲ့သည်
ကို မျိုးအောင် ကြားသိထားခဲ့သည်။ သို့​ကြောင့်
မြသဇင်တို့နေသော သိုက်နန်းက ထိုနေရာ
တဝိုက်မှာ ရှိမည်အထင်နှင့် နေရောညပါ မ
ပြန်တော့ဘဲ စေတီနှစ်ဆူကြား ပရဝုဏ်အတွင်း
မှာသာ သွားနေတော့သည်။

အန္တရယ်ပြုမည့် သိုက်ဆရာတွေလည်း မလာ
ဘူး၊ အခြားအန္တရယ်ပေးမယ့်အကြောင်းအ
ရာလည်း မရှိဘူးဆိုရင် ဒီနေရာမှာပဲ သိုက်က
မပြောင်းမရွေ့ ထာဝရရှိနေမယ်လို့ မြသဇင်
ပြောပြသော စကားကြောင့်လည်း ဤအနီးနား
မှာ သူရှိနေမှန်း သိလျှင် မြသဇင် တစ်နေ့
ရောက်လာမည်ဟု သူယုံကြည်နေသည်။

သို့ကြောင့် စေတီနှစ်ဆူအနီး အုတ်ကျောင်းပျက်
ကြီး အတွင်း ညအိပ်သည်။ ရက်တွေသာ တစ်
ရက်ပြီး တစ်ရက် ကုန်ဆုံးသွားသည်။ သူမျှော်
လင့်စောင့်စားနေသော မြသဇင်လည်း ရောက်
မလာခဲ့ပါ။

ရာသီတွေ တစ်ကြိမ်ပြီးတစ်ကြိမ် ပြောင်းခဲ့သော်
လည်း အချစ်ရူးကြီး မျိုးအောင်တစ်ယောက်
အသက်မီးဇာ မကုန်ခမ်းသရွေ့ မြသဇင်ကို
စောင့်ရင်း…. ရှိနေမည်ဆိုသည်ကိုတော့…။

အသိမိတ်ဆွေတစ်ဦး သိုက်နန်းရှင်နှင့် တွေ့ဆုံ
ချစ်ကြိုက်ခဲ့ပြီး သိုက်နန်းရှင်ထားရစ်ခဲ့၍
အရူးကြီးတစ်ပိုင်း ဖြစ်ခဲ့ရသည့် ဖြစ်ရပ်မှန်
ကို နာမည်နေရပ်လွှဲကာ ရေးသားထားခြင်း
ဖြစ်ပါသည်။

မူရင်းရေးသူ ဆရာ ဧကန်မင်း

စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ( ရွှေပေါက္ကံ)

Cerdit

ဗိုက်ကြီးသည် အစိမ်းသရဲမ နဲ့ မဖဲဝါ စာအုပ်မှ
ကောက်နုတ်ကူးယူဝေမျှပါသည်

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ

ပြီးပါပြီ