” ဘဝအမှောင် ” (စ/ဆုံး)
=======================
အများတကာက ဘဝကို သုညနှင့် စသည်ဟု ဆိုကြပါလျှင် ကျွန်မဘဝကို အနုတ်နှင့် စခဲ့ရသည်ဟု ဆိုရပေဦးမည်။
ကျွန်မ၏ အမေသည် ကျွန်မကို မွေးဖွားပြီးချိန်တွင် သေဆုံးခဲ့ရပြီး ကျွန်မ တစ်နှစ်သမီး မပြည့်မီပင် အဖေ ဆုံးပါးခဲ့သည်။ ထို့ကြောင့်လည်း ကျွန်မကို ‘ခိုက်တတ်သည်’ဟု ဆိုကာ မည်သည့်အဒေါ်၊ ဦးလေး၊ ဆွေမျိုးကမှ မကျွေးချင်၊ မမွေးချင်ကြ၊ လက်မခံချင်ကြတော့။ ကျွန်မ၏ ဝဋ်ကြွေးပဲလား၊ သူတို့၏ အယူသီးမှုပင်လား မပြောတတ်ပေ။ ကျွန်မသည် အိုမင်းလှပြီဖြစ်သော အဘိုးနှင့်အတူ နေခဲ့ရသည်။ အိမ်တွင် စာရေးတတ်၊ ဖတ်တတ်အောင် သင်ပေးသည်။ လိမ္မာရေးခြားရှိအောင် ဆုံးမသည်။ သို့သော် အဘိုးမှာ ဇရာဖိစီးခဲ့လေပြီ။
အဘိုးဆုံးပါးချိန်ဝယ် ကျွန်မ ၁၆ နှစ်သမီး အရွယ်သာ ရှိသေးသည်။ ကျွန်မ၏ ဘဝနှင့်အလှသည် လူ့လောကကို စူးစမ်းဆဲပင် ရှိပါသေးသည်။ သို့သော် ကျွန်မသည် ဆေးလိပ်ကိုလည်း ကောင်းကောင်း လိပ်တတ်ခဲ့ပြီ။ ကောက်စိုက်ရမည်ဆိုလည်း စိုက်တတ်ပြီ။ စပါးသယ်ရမလား၊ စျေးရောင်းရမလား၊ ကျွန်မ တစ်ဝမ်းတစ်ခါးကို ကျွန်မ ရှာစားနိုင်ပါပြီ။ ထိုအချိန်တွင်ပင် ကျွန်မ ကံကောင်းသည်ဟု ဆိုရမလား၊ ကံဆိုးချင်လို့ဟု ဆိုရမလားမသိ။ ကျွန်မအမေ၏ အစ်မဝမ်းကွဲဖြစ်သူ ကြီးကြီးမေက ကျွန်မကို လာခေါ်ပါတော့သည်။
‘မိရင်မြိုင်၊ ညည်းလဲ အပျိုအရွယ်လေး တစ်ယောက်တည်းနေလို့ မသင့်တော်ဘူး၊ ငါ့အိမ် လာနေ၊ မိလှကြင်နဲ့လဲ အဖော်ရအောင်’
ထိုနေ့မှစ၍ ကျွန်မ ကြီးကြီးမေ အိမ်ပေါ်သို့ ရောက်ခဲ့ပါသည်။ လှကြင်သည်လည်း ကျွန်မကဲ့သို့ပင် ကြီးကြီးမေ၏ တူမတစ်ယောက်ပင်ဖြစ်သည်။ သူ့တွင် မိဘများရှိသော်လည်း ကြီးကြီးမေက ငယ်စဉ်ကတည်းက ခေါ်ယူမွေးစားထားခဲ့၏။ လှကြင်သည် တစ်အိမ်လုံး၏ တာဝန်ကို ယူရသော ကြီးကြီးမေ၏ လက်ကတုံးတောင်ဝှေးကြီး ဖြစ်ပါသည်။
ကျွန်မ ရောက်လာသည့်အတွက် လှကြင် အလွန်ပျော်နေ၏။ ကျွန်မအတွက်လည်း လှကြင်နှင့်အတူ နေခဲ့ရသော နေ့ရက်များသည် ကျွန်မဘဝအတွက် အပျော်ဆုံး နေ့ရက်များ ဖြစ်ခဲ့ရပါသည်။ ကျွန်မ ဆေးလိပ်လည်း မလိပ်ရတော့၊ ကောက်လည်း မစိုက်ရတော့။ ကြီးကြီးမေက ကျွန်မကို ဘာမျှ အလုပ်မခိုင်းပေ။ လှကြင်နှင့်အတူ အိမ်မှုကိစ္စများကိုသာ ဝိုင်းကူလုပ်ရသည်။ တစ်ခါတရံ ကြီးကြီးမေက ကျွန်မကို ပို၍ အရေးပေးတတ်သည်ဟုပင် ထင်မိပါသည်။
‘ရော့ မိရင်မြိုင်၊ အဲဒီပိတ်စလေး ချုပ်ဝတ်၊ ဖြီးဖြီးလိမ်းလိမ်း နေစမ်းပါအေ၊ ညည်းမလဲ’
ထိုအခါမျိုးတွင် ကျွန်မသည် လှကြင်ကို များစွာ အားနာလှပါသည်။ လှကြင်ခမျာ မီးဖိုချောင်ကိစ္စ၊ အိမ်ကိစ္စတွေကိုသာ ဖိလုပ်နေရသည်။ ကြီးကြီးမေက ဆယ်ခါတစ်ခါ မျက်နှာသာ မပေးတတ်ချေ။ လှကြင်သည် ကျွန်မနှင့်စာလျှင် ကြီးကြီးမေနှင့် ဆွေမျိုးပိုရင်း၏။ သို့ကြောင့်ပင် ဆန်ရင်း နာနာဖွပ်လေသလား မပြောတတ်ပါပေ။
လှကြင်ကား ရုပ်ဆိုးသလောက် သဘောအလွန်ကောင်း၏။
‘မမမြိုင်နဲ့ အဲဒီအစလေးနဲ့ သိပ်လိုက်တာပဲ၊ မမက ဖြူလဲဖြူ၊ ဝလဲဝတော့ သိပ်ခန့်တာ၊ သူဌေးကတော်ရုပ်၊ သူဌေးကတော်ဖြစ်ရင် လှကြင်ကို မမေ့နဲ့နော်’
‘မြှောက်မနေစမ်းပါနဲ့ လှကြင်ရယ်၊ လှကြင်ကလဲ ဘာမှ မပြုမပြင်ဘဲ နေတာကိုး၊ တကယ်တော့ အသားညိုချောပါ’
ကျွန်မကလည်း ပြန်၍ နှစ်သိမ့်လိုက်ရပါသည်။
ကျွန်မတို့နှစ်ယောက်မှာ ညီအစ်မအရင်းသဖွယ် ချစ်ချစ်ခင်ခင် ရှိခဲ့ကြပေသည်။ လှကြင်သည် အစစ အရာရာ ကျွန်မကို ညှာပေသည်။ ကျွန်မသည် ကြီးကြီးမေ၊ လှကြင်တို့နှင့်အတူ တစ်သက်လုံးမခွဲမခွာ နေသွားမည်ဟု ဆုံးဖြတ်လိုက်ပါသည်။ သို့သော် အချိန်ကာလကလေးသည် ကျွန်မဘဝအတွက် အပြောင်းအလဲကြီးတစ်ခု ဖြစ်စေရန် အားယူနေသော နေ့များဖြစ်ခဲ့သည်ကို ကျွန်မ သတိမထားမိခဲ့ပါပေ။
ကြီးကြီးမေသည် သနပ္ပင်စျေးထဲတွင် ကုန်စုံဆိုင်ဖွင့်ထားသည်။ အနီးအနားကျေးရွာများမှ လူများသည်လည်းကောင်း၊ သနပ္ပပင်မြို့ပေါ်မှ လူများသည်လည်းကောင်း၊ ကြီးကြီးမေ၏ ကြွေးမြီ၊ ကြီးကြီးမေ၏ ကျေးဇူးနှင့် ကင်းသူ နည်းလေသည်။ ကြီးကြီးမေ၏ တင်းမာသော မျက်နှာထား၊ ကြမ်းတမ်းသော အပြောအဆိုတို့ကြောင့်လည်း ကြီးကြီးမေ၏ အကြွေးကို မဆပ်ဘဲ နေဝံ့သူ မရှိပါပေ။ ကြီးကြီးမေကား သနပ္ပင် မြို့တွင်သာမက ပဲခူးမြို့ပေါ်မှ အရာရှိငယ်၊ ကုန်သည် သူကြွယ် စသည်တို့နှင့်လည်း ဝင်ဆံ့သူ ဖြစ်၏။ ကြီးကြီးမေ၏ အိမ်သို့လည်း နေ့စဉ် အဝင်အထွက် အပေးအယူ ပြုမှုများသည် များလှချေသည်။ လာသမျှ ဧည့်သည်များကို လက်ဖက်၊ ကွမ်း၊ ဆေး စသည် ထွက်၍ ဧည့်ခံရသည်မှာ ကျွန်မပင်ဖြစ်၏။ ကျွန်မတို့ကို ကြီးကြီးမေက စျေးဆိုင်တွင် မခိုင်းပေ။ ဆွေမျိုးထဲမှ လူငယ်နှစ်ယောက်နှင့် လွှဲထားသည်။ ကြာသော် ကျွန်မသည် နေ့စဉ်လာသမျှ ဧည့်သည်များကို မျက်မှန်းတန်းမိလာ၏။ သူတို့၏ မျက်လုံးများသည် ကျွန်မချပေးသော စားစရာများထက်၊ ကျွန်မ၏ မျက်နှာလှလှလေးထက် ကျွန်မ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများဆီသို့သာ ရောက်သွားတတ်ပေသည်။ သည်အဖြစ်ကို ကျွန်မ အရွံမုန်းဆုံး ဖြစ်၏။ ကျွန်မ အိမ်ရှေ့ထွက်ရန် ငြင်းဆန်တိုင်း …
‘ငါက လူတောတိုးအောင် ထုတ်ပေးတာ လူကြီးလူကောင်းတွေနဲ့ ဝင်ဆံ့အောင်လို့ဟဲ့၊ မိဘကလဲ မရှိလို့ ညည်းကို ငါ စိတ်မချဆုံး၊ ပြီး တော်ရုံလူတွေနဲ့ ဆက်ဆံတာလဲ ငါ မကြိုက်ဘူး’
သည်သို့လျှင် ကြီးကြီးမေက ကျွန်မကို ဆုံးမသလိုလိုနှင့် ကျွန်မ၏ ဆုံးဖြတ်မှု နယ်ပယ်ကိုပါ ကန့်သတ်ပေးခဲ့လေသည်။ အောက်တန်းစာရေးကလေး ကိုမြင့်လှိုင်နှင့် ကျွန်မ ရင်းရင်းနှီးနှီး ဆက်ဆံနေသည်ကိုလည်း ကြိုက်ဟန်မတူပေ။ ကြီးကြီးမေ အရေးပေးဆုံး လူတစ်ယောက်သည်ကား ပဲခူးမြို့ပေါ်မှ အရေးပါအရာရောက်သူတစ်ဦးဖြစ်သည့် ဦးလှမောင်ပင်တည်း။
‘မောင်လှမောင်ဟာ သိပ်သဘောကောင်းတာပဲ’
‘ဟဲ မိရင်မြိုင်၊ ညနေ မောင်လှမောင်လာလို့ ငါမရှိရင် သူ ကြိုက်တတ်တဲ့ လက်ဖက်သုတ်နဲ့ ရေနွေးကြမ်းလေး ချပေးလိုက်နော်’
စသည်ဖြင့် ဦးလှမောင်အကြောင်းကို ပါးစပ်မှ မချတတ်ပေ။ ဦးလှမောင်သည် အသားညိုညို၊ ထောင်ထောင်မောင်းမောင်းနှင့် ကြည့်ကောင်းသူသာ ဖြစ်၏။ အထူးသဖြင့် ဦးလှမောင်သည် အပြောကောင်းသည်။ တစ်ဖက်သားကို နားဝင်ချိုအောင် ပြောတတ်သည်။ စိတ်ရင်းလည်း ကောင်းပုံရပါ၏။ သို့သော် ဘာကြောင့်မှန်းမသိ။ ကျွန်မ သူ့ကို ကြောက်သည်။ သူ့အကြည့်သည် စူးစူးရဲရဲ နိုင်လှသည်။ သူ့အတွက် အစားအသောက်တစ်ခုခုကို သွားချပေးတိုင်း သူသည် ကျွန်မကို တစ်ကြောင်းမဟုတ် တစ်ကြောင်း စကားစရှာ၍ ပြောတတ်ပေသည်။
‘မြိုင် မနေ့ကဖျော်ပေးတဲ့ လက်ဖက်ရည်လေးက သိပ်ကောင်းတာကွယ်၊ အဲဒီလို ခပ်ကျကျလေးမှ ကိုကြီးက ကြိုက်တာ၊ မြိုင့် ကြီးကြီးမေကော ဘယ်သွားလဲ’
‘ချောင်းဖျားကို ကြွေးတောင်းရအောင် သွားပါတယ်’
‘အင်း၊ မြိုင့် ကြီးကြီးမေကတော့ စီးပွားရေးကို တကယ်ကြိုးစားတာပဲ၊ မြိုင်တို့ကိုလည်း ချစ်ရှာပါတယ်၊ ဒါထက် မြိုင့်ဖေဖေနဲ့ မေမေက ငယ်ငယ်ကတည်းက ဆုံးသွားတယ်ဆို’
‘ဟုတ်ကဲ့’
‘ကြီးကြီးမေကလဲ မြိုင့်အပေါ် စေတနာ ကောင်းရှာတယ်နော်၊ ဒါထက် မြိုင် အိမ်ထောင်ပြုဖို့ စိတ်မကူးသေးဘူးလား’
ရုတ်တရက် မေးလိုက်သော သူ့အမေးကြောင့် ကျွန်မ ဘာပြန်ဖြေရမည်မသိ ဖြစ်သွားသည်။
‘ဟို ဟို မြိုင် လုပ်စရာရှိသေးလို့၊ ခဏ ခဏနော်’
အမှန်အတိုင်းဆိုရလျှင် ကျွန်မ၏ ရင်သည် လှုပ်ရှားခဲ့ရပါသည်။ ချစ်ပါသည်၊ ကြိုက်ပါသည်၊ လက်ထပ်ပါရစေဟူသော စကားမျိုးလည်း မကြားရပါဘဲလျက် အရိပ်အယောင်မျှသော စကားသည်ပင် ကျွန်မရင်ကို အတိုင်းမသိ ခုန်စေပါသည်။ တကယ်တော့ ကျွန်မဘဝဝယ် မည်သည့်အချစ်မျိုးကိုမျှ မခံစားခဲ့ရဖူးသေး၍သာ ဖြစ်ပေမည်။ ချစ်ခြင်းမေတ္တာကို တောင့်တခဲ့မိသည်မှာတော့ အမှန်ပင်။ သို့သော် အချစ်ကို လုယူသည့် အပြုအမူမျိုးကိုတော့ ကျွန်မ လုံးဝ မလိုလားပါ။
ကျွန်မ တစ်သက်တာဝယ် မမေ့နိုင်သောနေ့ သုံးနေ့ရှိခဲ့ပါသည်။ ကျွန်မ၏ ချစ်လှစွာသော အဘိုး သေဆုံးသည့်နေ့၊ ကျွန်မကို ကြီးကြီးမေက သူနှင့်အတူနေရန် လာခေါ်သောနေ့၊ နောက်တစ်နေ့သည်ကား။
ထိုနေ့က အိမ်တွင် ကျွန်မတစ်ယောက်တည်း ရှိသည်။ ကြီးကြီးမေသည် လှကြင်ကို အပြင်မခေါ်စဖူး ခေါ်သွားပေသည်။ လှကြင်မှာ ဝတ်ကောင်းစားလှနှင့် အပြင်ထွက်ရမည်ဖြစ်၍ အားရဝမ်းသာဖြင့် ကောက်ကာငင်ကာ လိုက်သွားရှာသည်။
‘ကြီးကြီးမေက လှကြင်ကို ပဲခူးစျေးထဲ ခေါ်သွားမယ်တဲ့၊ အင်္ကျီစ ဝယ်ပေးမလို့တဲ့၊ လှကြင် ညနေ ထမင်းချက်အမီ ပြန်လာမယ် သိလား’
‘သွားသာ သွားစမ်းပါ လှကြင်ရယ်၊ မြိုင် ချက်ထားလိုက်ပါ့မယ်၊ နောက်ဆံမတင်းပါနဲ့’
လှကြင်မရှိဘဲ တစ်ယောက်တည်းနေရသည်မှာ ရင်ထဲတွင် ဟာနေသည်။ ဧည့်သည်တစ်ယောက်ယောက် လာရင်လည်း ကောင်းသား။ တစ်ယောက်ယောက်ဆိုမှ တစ်ယောက်ကို ကျွန်မ တွေးလိုက်မိ၏။ ဦးလှမောင် မလာသည်မှာ ကြာပြီတည်း။ နေများ မကောင်း၍လား၊ ဘာများဖြစ်နေသလဲ၊ ကျွန်မ တွေးနေမိ၏။ တစ်နေ့ကပင် သူ့အကြောင်းကို ကြီးကြီးမေက ပြောနေသေးသည်။ သူ့မိန်းမဆုံးပြီးကတည်းက တစ်ယောက်တည်း ခြေသလုံးအိမ်တိုင်နေသည်။ ပစ္စည်း စုပြီးဆောင်းပြီး ရှိသည်။ နောက်ထပ် လက်ထပ်ရန် စိတ်တိုင်းကျမိန်းမ မတွေ့သေး စသည်ဖြင့် ဖြစ်၏။ ကြီးကြီးမေက ဘာကို ရည်ရွယ်ပြီးပြောသည် မသိရသော်လည်း ကျွန်မကမူ မလုံမလဲ ဖြစ်လိုက်မိသေးသည်။
အတွေးထဲမှ လူကို အပြင်တွင် ရုတ်တရက် မြင်လိုက်ရသောအခါ ကျွန်မ လန့်ဖျတ်၍ပင် သွားမိသည်။
‘ဘာတွေများ ဒီလောက် တွေးနေ ငေးနေတာလဲ မြိုင်၊ ကိုကြီး ဝင်လာတာတောင် မသိရအောင်’
ကျွန်မက ဘာမှမပြောဘဲ ရှက်ရယ် ရယ်လိုက်မိ၏။
‘အိမ်မှာ ဘယ်သူမှ မရှိဘူးလား’
သူ့မေးခွန်းသည် အဖြေကို သိပြီးမှ မေးသည်နှင့် တူလှသည်။ အခါတိုင်း လှကြင် နောက်ဖေးမှာ ရှိတတ်သည်ကို သူ သိပေသည်။ ကျွန်မသည် ခုမှပင် တစ်စုံတစ်ရာကို တွေးမိပြီး အကြီးအကျယ် တုန်လှုပ်သွား၏။ ကျွန်မက ရုတ်တရက် နေရာမှထသည်။ အိမ်ရှေ့သို့ထွက်ရန် အားယူသည်။
‘ဘယ်မှ မသွားပါနဲ့ မြိုင်၊ ကိုကြီး မြိုင့်ကို စကားပြောချင်လို့’
သူ၏ သန်မာသော လက်များအတွင်းမှ ကျွန်မ ရုန်းမထွက်နိုင်ခဲ့ပါ။ မလှုပ်ရှားတတ်သော အရုပ်တစ်ခုပမာ သူစေစားရာ ကျွန်မ လိုက်ပါခဲ့မိသည်။ သူသည် ကျွန်မ၏ ဘဝကို တစ်ခဏအတွင်း ပြောင်းလဲပေးလိုက်လေသည်။
အကြင်နာ၊ အယုယ၊ အချစ်။ ထိုအရာများသည် ကျွန်မ အလိုလားဆုံး အရာများ ဖြစ်ခဲ့ပါသည်။ ကျွန်မဘဝတွင် မိဘ၏ အချစ်ကို ဆုံးရှုံးခဲ့ရပြီးသည့်နောက်တွင် ငတ်မွတ်တောင့်တခဲ့ရသော အရာများဖြစ်ပါသည်။ ယခုအခါ ကျွန်မ လိုချင်သည့်အရာများ ရပါပြီ။ ကျွန်မချစ်သော အစ်ကိုကြီးဆီက ရပါသည်။ သို့တိုင် ကြီးကြီးမေက ကိုကြီးနှင့် လက်ထပ်ရန် နားချသောအခါ ကျွန်မ ငိုမိသေးသည်။ ကိုကြီးကို ကျွန်မချစ်သော်လည်း မယုံပါ။ တစ်နေ့ကျလျှင် ကျွန်မကို ပစ်ထားခဲ့မည်ဟုပင် ထင်နေပါသည်။ ကျွန်မသည် လူ့ဘဝ၏ အကွေ့အကောက်၊ အနိမ့်အမြင့် ရှိတတ်သော သဘောကို ရိပ်စားမိတတ်လာပါပြီ။
ကျွန်မတို့သည် ကြီးကြီးမေ၏ အစီအစဉ်ဖြင့် အကျဉ်းရုံး လက်ထပ်လိုက်ကြသည်။ ကိုကြီးသည်လည်း ပဲခူးနှင့် သနပ္ပင် ကူးကာသန်းကာနှင့် အလုပ်ရှုပ်နေတော့သည်။ သူ့ခမျာ ကျွန်မကို ခေါ်ရန် ပဲခူးတွင် အိမ်ရှာရ၊ အစီအစဉ်လုပ်ရနှင့် မအားရပါပေ။ တစ်ခါတရံ ညနေဘက်မှ ကသောကမျော ရောက်လာတတ်ပြီး မနက်စောစော ကပျာကယာ ပြန်သွားတတ်ပြန်လေသည်။
‘ကိုကြီးကြည့်ရတာ သိပ်ပင်ပန်းသလိုပဲ၊ မြိုင် ဖြစ်သလို နေတတ်ပါတယ် ကိုကြီးရယ်၊ သိပ်ပြီး ပြည့်ပြည့်စုံစုံ ရှိမှရယ် မဟုတ်ပါဘူး’
‘ဒီလိုလဲ ဘယ်ဟုတ်မလဲမြိုင်၊ မြိုင့်အတွက် ကိုကြီး အစီအစဉ်တွေ လုပ်နေတယ်၊ မြိုင့်ကို ကိုကြီး သနားတယ်’
‘ကိုကြီးတစ်ယောက်တည်း ပင်ပန်းနေရင် မြိုင်လဲ လိုက်ကူမယ်လေ’
‘အို နေပါစေ မြိုင်ရယ်၊ မြိုင် ဒီမှာပဲ အေးအေးဆေးဆေး နေပါဦး၊ နောက်တော့ ကိုကြီး ခေါ်ပါ့မယ်ကွယ် နော်’
တကယ်တော့ ကျွန်မရင်ထဲမှ ‘ကိုကြီးကိုလဲ မခွဲနိုင်တော့ဘူး မြိုင့်ကို တစ်ခါတည်း ခေါ်သွားပါနော်၊ မခေါ်နိုင်ရင်လဲ ကိုကြီးပါ ဒီမှာ အတူနေပါတော့၊ မြိုင့်ကို ပစ်မထားခဲ့ပါနဲ့ ကိုကြီးရယ်’ ဟု ပြောလိုက်ချင်ပါသည်။
သည်လိုနှင့်ပင် ကျွန်မတို့ လက်ထပ်ပြီးသည်မှာ ၅ လမျှ တိုင်ခဲ့သည်။ ကိုကြီးသည်လည်း သနပ္ပင်နှင့် ပဲခူးကို အိမ်ဦးနှင့် ကြမ်းပြင်ပမာ ကူးနေတော့သည်။ ကျွန်မသာ တဖြည်းဖြည်း စိတ်မောလာရ၏။ ကိုကြီးကိုလည်း ဘာမှ မပြောတော့။ ကြီးကြီးမေကလည်း ကျွန်မကို ကိုကြီးနှင့် လိုက်သွားစေချင်ပုံမရပေ။ တစ်မြို့တစ်ရွာမှာ မျက်နှာငယ်နေမည်ဟု ဆိုသည်။ တကယ်တော့ ကြီးကြီးမေကိုယ်တိုင်လည်း ပဲခူးမြို့ပေါ် မကြာခဏ သွားနေသည်ဖြစ်၍ မကြာခဏ တွေ့နိုင်သည်။ ပြီး ကျွန်မ ဘဝဝယ် ကိုယ်ပိုင်အိုးအိမ်နှင့် တင့်တင့်တယ်တယ် နေချင်လှပြီ၊ အိမ်ရှင်မတစ်ယောက်၏ ဘဝကို ပြည့်ပြည့်ဝဝပင် ခံယူလိုက်ချင်ပါပြီ။
လှကြင်ကမူ ကျွန်မ ထိုသို့ အထုပ်တပြင်ပြင် ဖြစ်နေသည်ကို မကျေမနပ်ဖြစ်နေသည်။
‘မမမြိုင်က လှကြင်ကို မချစ်ဘူး’
ထိုသို့ပြောရင်း လှကြင် မျက်ရည်ဝဲတတ်သည်။ ကျွန်မမှာတော့ မရေရာလှသော ကျွန်မဘဝအတွက် တိတ်တခိုး ငိုရပေါင်း များပေပြီ။
ယခုတလော ကျွန်မ အိပ်ရာမှထတိုင်း ခေါင်းမူးမူးနေတတ်သည်။ ရင်ထဲတွင်လည်း ပျို့ချင်အန်ချင် ဖြစ်လာသည်။ အစားအသောက်ပျက်လာသည်။ ကျွန်မက ကြားဖူးနားဝအသိဖြင့် ပေါင်းစပ်လျက် ဝမ်းအသာကြီး သာမိသည်။ ဒီတစ်ခါ ကိုကြီးလာလျှင် ပြောပြရဦးမည်။ ကိုကြီး ပြန်မလာသည်မှာ ၄ ရက်ခန့်ရှိရော့မည်။ ဒီတစ်ခါတော့ ဘာပဲပြောပြော ပုဆိုးစကို ဆွဲ၍ လိုက်သွားမည်။ ကျွန်မက အတွေးဖြင့် ပီတိဖြစ်နေစဉ် လှကြင်တစ်ယောက် အိမ်ပေါ်ကို အပြေးအလွှား တက်လာသည်။
‘ဟင် လှကြင်၊ ဘယ်သွားတာလဲ၊ ဘာဖြစ်လာတာလဲ၊ ဘယ်သူက ရည်းစားစာ လိုက်ပေးလို့လဲ’
‘တော်စမ်းပါ၊ ဒီမှာဖြင့် ဒီမှာဖြင့်’
သူ့အမူအရာက ပျက်နေသည်။ ကျွန်မ မျက်နှာ စေ့စေ့ကြည့်ပြီး ငိုတော့မလို၊ မဲ့တော့မလို ဖြစ်နေ၏။
‘ကဲ ပြောစမ်းပါ လှကြင်ရယ်၊ ဘယ်ထွက်သွားတာလဲ၊ ဒါကြောင့် ညည်းကို တစ်ယောက်တည်း ဘယ်မှ မသွားပါနဲ့လို့ ပြောတာ၊ ကြီးကြီးမေသိရင် ငါ့ကို ဆူတော့မယ်’
ကျွန်မက ပခုံးကိုင်လှုပ်ရင်း မေးလိုက်သည်။
‘ဘယ်မှမသွားလို့ ဘာမှ မသိတာပေါ့’
‘အလို၊ ပြောစမ်းပါဦး၊ ခုဘာတွေ သိလာလို့လဲ’
‘ကိုကြီးလေ၊ မမမြိုင့် ကိုကြီး ဦးလှမောင်’
‘ဟင် ကိုကြီး ဟုတ်လား၊ ကိုကြီး ဘာဖြစ်လို့လဲ ပြောစမ်းပါ မြန်မြန်’
ကျွန်မက စိတ်မရှည်စွာဖြင့် အော်လိုက်မိသည်။ ရင်ထဲတွင်လည်း ထိတ်ခနဲဖြစ်ပြီး ထူပူသွားသည်။
‘လှကြင် ဟိုဘက်အိမ်မှာ သခွားခြစ်သွားငှားတော့ အဲဒီအိမ်က မခင်ရွှေက ပြောလိုက်တယ်၊ ဦးလှမောင်မှာလေ မယားကြီးရှိတယ်တဲ့၊ ပဲခူးမြို့ပေါ်မှာပဲတဲ့၊ ကလေးက ငါးယောက်တဲ့၊ သမီးအကြီးဆုံးက မမမြိုင်လောက်တောင် ရှိ’
‘ဟင်၊ ဘာပြောတယ် လှကြင်၊ ကိုကြီးမှာ မယားကြီးရှိတယ် ဟုတ်လား၊ ကြီးကြီးမေက ပြောတော့ မုဆိုးဖိုဆို၊ မိန်းမသေသွားတာ ကြာပြီဆို’
‘အဲ အဲဒါပြောတာပေါ့၊ ကြီးကြီးမေက သိရက်နဲ့လုပ်တာ၊ အဲဒီအတွက် ဦးလှမောင်က ကြီးကြီးမေကို ပိုက်ဆံအများကြီး ပေးတယ်တဲ့၊ ပြီးတော့ ကြီးကြီးမေ လိုချင်တဲ့ ကုန်ပစ္စည်းတွေ ပဲခူးမှာ လွယ်လွယ်နဲ့ ဝယ်လို့ရအောင် သနပ္ပင်ကို သယ်လို့ရအောင် ဦးလှမောင်က အမြဲ ကူညီပေးနေတာတဲ့’
‘ငါ သိပြီ လှကြင်’
ကျွန်မရင်သည် တလှပ်လှပ် ခုန်လာပါသည်။ တစ်ကိုယ်လုံးလည်း တုန်ယင် ယိုင်နဲ့လာပါသည်။ ကိုကြီးတစ်ယောက် ဗျာများနေရပုံများ၊ ကြီးကြီးမေက တစ်သက်လုံး ဘယ်သူ့အပေါ်မှာမှ မကောင်းခဲ့ပါပဲလျက် ကျွန်မအပေါ် အရေးတယူ ပြုခဲ့ပုံများ၊ ပြီးတော့ ကျွန်မကို သနားပါသည်ဆိုသော ကိုကြီး၏ စကား၊ ထိုအဖြစ်များကို ကျွန်မ တရေးရေး မြင်လာပါသည်။ အချစ်ကို ငတ်မွတ်ခဲ့သော ကျွန်မ၊ အချစ်ကို ရယူတတ်သော ကိုကြီး၊ အချစ်ကို ရောင်းစားလေသော ကြီးကြီးမေ၊ ပြီး ကျွန်မ ဝမ်းကြာငုံအတွင်းမှ လူ့လောကအတွင်း ဝင်ရောက်ရန် သန္ဓေတည်စ ပြုနေသော ရင်သွေးငယ်။
‘မမမြိုင် မမမြိုင်၊ အို မမမြိုင်၊ ဘာဖြစ်တာလဲ’
လှကြင်၏ အထိတ်တလန့်အော်သံသည် ကျွန်မနားထဲတွင် မသဲကွဲတော့ပါ။ ဘာကိုမျှလည်း ကျွန်မ မမြင်တော့၊ မမြင်ရတော့။ ကျွန်မရှေ့တွင် တစ်လောကလုံးသည် မှောင်အတိကျ၍ သွားပါတော့သည်။
မိုးမိုး(အင်းလျား)
ငွေတာရီမဂ္ဂဇင်း၊ ၁-၅-၇၃
#ညမဖတ်ရ