အောင်မြတ်သာနှင့်ဘီလူးမွေးတဲ့ရွာ
ညငှက်တို့ရဲ့အော်မြည်သံက တိတ်ဆိတ်နေတဲ့ညအချိန်ကို ဖောက်ထွက်လာခဲ့တယ်။ ညငှက်အော်မြည်သံတွေရဲ့အဆုံးမှာတော့ သင်္ဘောဆေးအနီရောင်သုတ်ထားတဲ့ ပျဉ်ထောင်အိမ်ကြီးအထဲကနေ ရေနံဆီမီးအိမ်အရောင်မှိန်မှိန်လေးထွက်ပေါ်လာခဲ့တယ်။
” ကိုစည်မြိုင် ထပါဦး ကျုပ်ကိုရေတစ်ခွက်ခပ်ပေးစမ်းပါဦးရှင်”
ရေနံဆီမီးအိမ်အလင်းရောင်အောက်မှာ ငုတ်တုပ်ထထိုင်ပြီးညီးညူနေတဲ့ ဇနီးဖြစ်သူရဲ့အသံကြောင့် အိပ်မောကျနေတဲ့ ဦးစည်မြိုင် လန့်နိုးလာခဲ့တယ်။
” မြပွင့် မြပွင့် ဘာဖြစ်လို့လဲ”
” ရေတစ်ခွက်သာ ခပ်ပေးစမ်းပါတော် ကျုပ်ရင်တွေမောနေတယ်”
ဇနီးဖြစ်သူရဲ့စကားကြောင့် ဦးစည်မြိုင် အိပ်နေရာကနေ ထလိုက်ပြီး သောက်ရေအိုးထဲကနေ ရေတစ်ခွက်ကိုခပ်ကာ ကမ်းပေးလိုက်တယ်။
မြပွင့်လဲ ဦးစည်မြိုင်ပေးတဲ့ရေခွက်ကို အငမ်းမရသောက်ချလိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ချက်ကိုချလိုက်တယ်။
” ကိုစည် ကျွန်မအိမ်မက်တွေမကောင်းဘူး”
” ဘာတွေမက်လို့လဲ ပြောပါဦး”
” ကျွန်မဗိုက်ထဲကို အစွယ်တကားကားနဲ့ ဘီလူးနှစ်ကောင်ဝင်သွားတယ်လို့မက်တာ”
” ရှင်မကလဲ အိမ်မက်ဆိုတာ သွေးလေချောက်ချားလို့မက်တာလဲဖြစ်မှာပါ စိတ်ထဲသိပ်ပြီးမထားပါနဲ့ကွာ”
” အင်းပါ ကျွန်မလဲစိတ်ထဲမထားပါဘူး ဒါပေမယ့်အိမ်မက်ကတကယ်ဖြစ်နေသလိုခံစားနေရတယ်”
” ကဲကဲ အခြားမတွေးနေနဲ့ မနက်ကျရင် သူရင်းငှားတွေကိုလုပ်ခတွေထုတ်ပေးရဦးမယ် စိတ်ကိုအေးအေးထားပြီး ပြန်အိပ်လိုက်နော်”
မမြပွင့်လဲ ဦးစည်မြိုင်စကားကြောင့် ခေါင်းထဲမှာရှိနေတဲ့အတွေးတွေကိုဖယ်ထုတ်ပြီး အိပ်ယာပေါ်ကိုပြန်လှဲချကာ အိပ်လိုက်တယ်။
++++++
” စံဘ လှမြင့် ကြွက်သိုး မင်းတို့လုပ်ခတွေ လာယူဦး ”
” လာပြီ သူကြီးရေ လာပြီ ”
” ဒီမှာမင်းတို့လုပ်ခငွေ နောက်တစ်သီးကျရင်လဲ ငါ့လယ်မှာလာလုပ်ပေးရမယ်နော် ”
“စိတ်ချပါသူကြီးရယ် ကျုပ်တို့က သူကြီးလယ်မှာမလုပ်ရင် ဘယ်မှာသွားလုပ်ရမှာလဲ စပါးတွေချွေပြီးရင်တော့ ကျုပ်တို့ရွာခဏပြန်မယ်နော် ”
” အလုပ်ပါးရင်တော့ပြန်ကြပေါ့ကွာ ဒီနှစ်တော့စပါးအထွက်တိုးမယ်ထင်ပါတယ်ကွာ”
ဦးစည်မြိုင်က သူရင်းငှားတွေကို လုပ်ခတွေရှင်းပေးရင်း စားပွဲပေါ်တင်ထားတဲ့ ထန်းလျက်ခဲတစ်ခဲကိုပါးစပ်ထဲပစ်ထည့်လိုက်တယ်။
” သူကြီး သူကြီး အစ်မမြပွင့် မူးလဲလို့တဲ့”
အလောတကြီးလာပြောတဲ့အလုပ်သမားတစ်ယောက်ရဲ့အသံကြောင့် လက်ထဲကိုင်ထားတဲ့ငွေစက္ကူတွေကို ဘေးလွယ်အိတ်ထဲထိုးထည့်ပြီး
“မြပွင့်ဘာဖြစ်သွားသေးလဲ”
” အဲဒါတော့မသိဘူးသူကြီး လယ်ထဲမှာ ကောက်စိုက်သမတွေကို လုပ်ခတွေပေးနေရင်း မူးလဲလို့တဲ့”
” ဟာကွာ လာလာသွားကြရအောင် လုပ်ခမရသေးတဲ့သူတွေ ခဏစောင့်ဦး ငါပြန်လာခဲ့မယ်”
ဦးစည်မြိုင်လဲ သူရင်းငှားတွေကို လှမ်းအော်ပြောရင်း မြပွင့်ရှိရာဘက်ကိုထွက်လာခဲ့လိုက်တယ်။
” သူကြီး လာပြီ ဖယ်ကြဦး”
ကောက်စိုက်သမတွေရဲ့ပျာပျာသလဲလဲ အမူအယာကို ဦးစည်မြိုင်အကဲခတ်လိုက်ပြီး
” မြပွင့်ကဘာဖြစ်တာလဲ”
” သူကြီးတော့ မကြာခင် ရတနာလေးရတော့မယ် ဟိဟိ”
ပြောင်စပ်စပ်နဲ့ပြောနေတဲ့ကောက်စိုက်သမတွေရဲ့စကားကြောင့် ဦးစည်မြိုင် သဘောပေါက်သွားပြီး
” ဟဲ့ မကြူ နင့်စကားက ဘာတုန်း ငါကဘာကိုရမှာလဲ”
” သူကြီးကလဲ မသိချင်ယောင်ဆောင်နေပြန်ပြီ မမမြပွင့်မှာ ကိုယ်ဝန်ရှိနေပြီတဲ့”
” ဟာ ဟုတ်လို့လား နင်တို့ကိုဘယ်သူကပြောတာလဲ”
” အမလေး ဘယ်သူပြောရမှာလဲ မမမြပွင့်ကို လာကြည့်ပေးတဲ့ ဆေးဆရာကပြောတာ ဘာမှစိတ်ပူစရာမရှိဘူးတဲ့ ကိုယ်ဝန်ဆောင်ချိန်မှာဒါမျိုးကဖြစ်လေ့ဖြစ်ထရှိတယ်တဲ့ ”
” အေးအေး နင်တို့လဲ ခဏစောင့်ကြဦး လုပ်ခမရသေးတဲ့သူတွေ ခဏနေထပ်ရှင်းပေးမယ်”
ဦးစည်မြိုင်က မှိုရတဲ့မျက်နှာနဲ့ပြောလိုက်ရင်း မြပွင့်ကိုဆွဲထူလိုက်တယ်။
” မြပွင့် သက်သာရဲ့လား ”
” သက်သာပါတယ် ရုတ်တရက်မူးခနဲမိုက်ခနဲဖြစ်သွားတာပါ ”
” သက်သာတယ်ဆိုရင် ရပါပြီ အခုအိမ်ပြန်ပြီး နားလိုက်ဦးနော် ကျန်တဲ့ကိစ္စတွေ ကိုယ်ရှင်းလိုက်မယ်”
ဦးစည်မြိုင်က မြပွင့်ပခုံးလေးကိုဆုပ်ကိုင်ရင်း ပြောလိုက်တယ်။
” အေးမိရေ နင်အစ်မကို တွဲပို့လိုက်ပါဦး ကျန်တဲ့သူတွေ တန်းစီထားကြ လုပ်ခတွေဆက်ရှင်းမယ်ဟေ့”
ဦးစည်မြိုင်က လယ်စောင့်တဲ့အရှေ့မှာ စုရုံးစုရုံးဖြစ်နေတဲ့ကောက်စိုက်သမတွေကို အော်ပြောပြီး လွယ်အိတ်ထဲက ငွေစက္ကူတွေကိုထုတ်လိုက်တယ်။
+++++++++
ဦးစည်မြိုင်ဆိုတာက ကျွဲတဲရွာရဲ့ ၁၀ဆက်မြောက်သူကြီးတစ်ဦးလဲဖြစ်သလို ရွာရဲ့အချမ်းသာဆုံးသူဌေးစာရင်းဝင်တစ်ယောက်လဲဖြစ်တယ်။ မိဘမျိုးရိုးစဉ်ဆက် သူကြီးမျိုးရိုးကနေဆင်းသက်လာခဲ့လို့ အသက်၂၀ကျော်အရွယ်မှာတင် ဦးစည်မြိုင်က ကျွဲတဲရွာရဲ့အသက်အငယ်ဆုံးသူကြီးတစ်ဦးဖြစ်လာခဲ့တယ်။ ငယ်စဉ်ထဲက ဖခင်ဖြစ်သူအနောက်ကနေ တစ်ကောက်ကောက်လိုက်ခဲ့သူမို့ ရပ်ရွာကိုဘယ်လိုထိန်းကျောင်းရမယ်ဆိုတာကို နှံ့နှံ့စပ်စပ်သိနေခဲ့တယ်။ ဒါကြောင့်လဲ အသက်နှစ်ကျော်အရွယ်မှာတင် ကျွဲတဲရွာကို နိုင်နင်းအောင်အုပ်ချုပ်ပြီး အဖေရဲ့အမွေကိုဆက်ခံခဲ့တယ်။ အသက်၂၆နှစ်မှာတော့ ငယ်သူငယ်ချင်းဖြစ်သူ မြပွင်နဲ့အကြောင်းပါပြီး လက်ထပ်ခဲ့ကြတယ်။ လက်ထပ်ပြီးတော့ စီးပွားရေးတွေအရင်ကထက်ပိုအဆင်ပြေလာခဲ့တယ်။ ဒါပေမယ့် အိမ်ထောင်သက် ၅နှစ်လောက်ရောက်တဲ့အထိ ကလေးမရခဲ့ဘူး။ အခုလိုရုတ်တရက် ကိုယ်ဝန်ရနေပြီဆိုတဲ့စကားကြောင့် ဦးစည်မြိုင် မခံစားဖူးတဲ့ ပျော်ရွှင်မှုတစ်ခုကို ခံစားလိုက်ရတယ်။
++++++
မြပွင့်ကိုယ်ဝန်ရတာသိတဲ့အချိန်ကနေစပြီး လယ်အလုပ်တွေကို ဦးစည်မြိုင်တစ်ယောက်ထဲ ဦးစီးလုပ်ကိုင်ခဲ့တယ်။ ဒီလိုနဲ့ ကိုယ်ဝန်လေးလလောက်ရောက်တော့
” ကိုစည်မြိုင် ”
မမြပွင့်ခေါ်သံကြောင့် အိမ်ရှေ့မှာရေနွေးကြမ်းထိုင်သောက်နေတဲ့ ဦးစည်မြိုင်က မော့ငေါ့ပြီး
” ဘာပြောစရာရှိလို့လဲမြပွင့် ”
” ဟိုလေ ကျွန်မ စိတ်ထဲစားချင်နေတဲ့အရာတစ်ခုရှိတယ် ဒါပေမယ့် ”
” ဒါပေမယ့်ဘာဖြစ်လဲ မြပွင့်စားချင်ရင် အကိုလုပ်ပေးမှာပေါ့ ကဲ ဘာစားချင်လဲ ပြော”
” အင်း မြပွင့်လေ အမဲသွေးကို သုပ်စားချင်တယ်”
” ဟားဟား ဒါလေးများ မြပွင့်ရယ် ရွာမှာ အမဲပေါ်ရင် ကိုယ်ရအောင်ဝယ်ထားပေးမှာပေါ့”
” ဟအင်း အဲလိုသေပြီးသားကိုယ်ကထွက်တဲ့သွေးကိုမစားချင်ဘူး အရှင်လတ်လတ်ကိုယ်ပေါ်ကထွက်တဲ့သွေးလတ်ဘတ်ဆတ်ဆတ်ကိုပဲစားချင်တာ”
မြပွင့်ရဲ့ စကားကြောင့် ဦးစည်မြိုင်အကြပ်ရိုက်သွားခဲ့တယ်။ ရွာမှာကလဲ အမဲပေါ်မှ အမဲသွေးရတာဆိုတော့ အရှင်လတ်လတ်ဆီကရတဲ့သွေးကိုယူဖို့ဆိုတာ နည်းနည်းတော့ခက်နေခဲ့တယ်။ ဒါပေမယ့် မြပွင့်စိတ်ချမ်းသာအောင် မဖြစ်ဖြစ်အောင်ရှာပေးမယ်ဆိုတဲ့ကတိကိုပေးလိုက်ရတယ်။
နောက်ဆုံးမှာ မြပွင့်ရဲ့ ချဉ်ချင်းတပ်တဲ့စိတ်ကိုလိုက်လျောပေးဖို့အတွက် အိမ်မှာမွေးထားတဲ့ နွားကိုအရှင်ရှင်လတ်လတ် လည်ပင်းသွေးဖောက်ပြီး ဒန်အိုးနဲ့ခံကာ အခဲဖြစ်အောင်လုပ်ကာ ချက်ကျွေးတော့မှ ချဉ်ချင်းကပျောက်သွားခဲ့တယ်။
ရွာထဲက လူတွေကတော့ မြပွင့်ချဉ်ချင်းတပ်တာကိုကြည့်ပြီး ဗိုက်ထဲကကလေးကတော့ အတော်ဆိုးမယ်လို့ကင်မွန်းတပ်ခဲ့ကြတယ်။ ဒါပေမယ့် သူကြီးကြားအောင်တော့ ဘယ်သူမှမပြောရဲခဲ့ကြဘူး။ မြပွင့်ကလဲ ကိုယ်ဝန်စရတဲ့အချိန်ကစပြီး အသားငါးတွေကိုပဲစားချင်တဲ့စိတ်ဖြစ်လာခဲ့တယ်။ အရင်က အမဲသားကိုအနံ့တောင်မခံနိုင်တဲ့လူက အခုဆို အမဲသားနဲ့ အခြားအသားတွေမပါရင် ထမင်းမစားချင်လောက်အောင်ဖြစ်လာခဲ့တယ်။ စိတ်ကလဲ အရင်ကထက်ပိုကြမ်းလာသလို နှုတ်ကလဲကြမ်းတမ်းလာခဲ့တယ်။
ရာသီတွေတစ်ခုနဲ့တစ်ခု အကူးအပြောင်းဖြစ်လာတဲ့အချိန် မြပွင့်ရဲ့ကိုယ်ဝန်ကလဲ ရင့်သထက်ရင့်လာခဲ့တယ်။ မွေးခါနီးအချိန်ထိတောင် လက်သီးဆုပ်လောက်ရှိတဲ့ အမဲသားတုံးတွေကို ထမင်းစားတိုင်းစားနေခဲ့တဲ့ မြပွင့်က နတ်တော်လကွယ်နေ့ညမှာ ဗိုက်နာလာခဲ့တယ်။
ဦးစည်မြိုင်ကလဲ ကလေးမွေးတော့မယ်ဆိုတော့ မွေးခန်းအရှေ့မှာ ဟိုဘက်လျောက်လိုက်နဲ့ ပြာယာခတ်နေတဲ့အချိန်
” သူကြီး မြပွင့်မွေးပြီ ယောင်္ကျားလေးအမွှာမွှေးတယ် “ဆိုတဲ့အသံကြောင့် ဦးစည်မြိုင်မျက်နှာပြုံးရွှင်သွားပြီး
” အမွှာလေးမွေးတာလား ကလေးတွေက ကျုပ်နဲ့တူလား သူ့အမေနဲ့တူလား” လို့မေးလိုက်တော့ လက်သည်မိန်းမကြီးက
” သူကြီး အိမ်အနောက်ကိုခဏလာခဲ့ဦး အရေးတကြီးပြောစရာရှိသေးတယ်”လို့ပြောကာ အိမ်အနောက်ဘက်ကိုထွက်သွားခဲ့တယ်။
ဦးစည်မြိုင်လဲ လက်သည်မိန်းမကြီးထွက်သွားတဲ့နောက်ကိုလိုက်လာခဲ့ပြီး
” အေးသိန်း နင်ကငါ့ကိုဒီကိုခေါ်ပြီး ဘာပြောမလို့လဲ”
” သူကြီး စိတ်ခိုင်ခိုင်ထားနော်”
” ဟဲ့ ဘာဖြစ်တာလဲ ငါစိတ်ပူနေပြီ မြပွင့်နဲ့ကလေးတွေတစ်ခုခုဖြစ်လို့လား”
” မဟုတ် မဟုတ်ပါဘူး မြပွင့်ရော ကလေးတွေပါကျန်းမာပါတယ် ဒါပေမယ့် ကလေးတွေက မွေးရာပါအစွယ်ကိုယ်စီနဲ့ဖြစ်နေတယ်”
” ဟာ မဖြစ်နိုင်တာ မွေးကာစကလေးတွေမှာ ဘယ်လိုလုပ်အစွယ်တွေပါမှာလဲ”
” သူကြီး စိတ်ကိုအေးအေးထားပါ ဒီကိစ္စမျိုးကိုကျွန်မကလိမ်စရာလား မြပွင့်က ဘီလူးနှစ်ကောင်မွေးတာ သူတို့ကလူမဟုတ်ဘူးသူကြီး”
” ဟိတ် နင့်ပါးစပ်ကိုပိတ်ထားစမ်း ငါ့ကလေးတွေက အခုမှမိခင်ဝမ်းထဲကထွက်လာတာ နင်မဟုတ်တမ်းတရားတွေလျောက်ပြောမနေနဲ့ ”
” သူကြီး ကျွန်မကလဲ မဟုတ်ပဲနဲ့ပြောပါ့မလား ဒီကလေးတွေကို အခုထဲကမသတ်ရင် ရွာကိုဒုက္ခပေးလိမ့်မယ် နောက်ဆုံးဘယ်သူမှမနိုင်တဲ့အဆင့်ထိဖြစ်လာပြီး ရွာပါပျက်သွားနိုင်တယ် ဒီစကားတွေက မျိုးရိုးစဉ်ဆက်လက်သည်လုပ်လာတဲ့ ကျွန်မတို့ရဲ့ဘိုးဘေးတွေပြောခဲ့တဲ့စကားတွေပဲ ”
လက်သည်မိန်းမကြီးရဲ့စကားကြောင့် ဦးစည်မြိုင်ခေတ္တတွေဝေသွားပြီး
” နင့်ပါးစပ်ကိုအခုပိတ်လိုက်စမ်း ဒီစကားကို နောက်တစ်ခါထွက်ရဲထွက်ကြည့် နင့်ကိုသတ်ပစ်မယ် ငါ့ကလေးတွေက ဘီလူးတွေမဟုတ်ဘူး နင်ဒီကိစ္စကိုဒီမှာတင်ရပ်ပါ နင်ငွေဘယ်လောက်လိုချင်လဲ ငါပေးမယ် အခုမှမွေးလာတဲ့ ကလေးတွေကိုမဟုတ်တဲ့ဖြစ်ရပ်တွေနဲ့မစွပ်စွဲပါနဲ့”ဆိုပြီး ဒေါသတကြီးပြောပါလေရော။
” ကျွန်မကတော့ သူကြီးကိုပြောပြပြီးပြီ ကျန်တာက သူကြီးတို့ကိစ္စပါ ခုနကသူကြီးပြောတဲ့စကားအရ ကျွန်မအတွက် ဘဝတစ်ခုအခြေချနိုင်မယ့် အတိုင်းအတာတစ်ခုရရင် ဒီအဖြစ်တွေက ဒီမှာပဲပြီးသွားလိမ့်မယ် ”
လက်သည်မိန်းမကြီးရဲ့စကားကိုကြားတော့ လူရည်လည်တဲ့ ဦးစည်မြိုင်က ချက်ချင်းသဘောပေါက်သွားပြီး
” နင့်ကတိအတိုင်းနင်တည်ပါ မတည်ရင် စည်မြိုင်ဘာကောင်လဲဆိုတာသိသွားစေရမယ် ” လို့ပြောပြီး အိမ်ရှေ့ကိုပြန်ထွက်သွားခဲ့တယ်။
ဒီအဖြစ်အပျက်တွေဖြစ်ပြီးနောက်နေ့မှာတော့ လက်သည်ဒေါ်အေးသိန်းတစ်ယောက် ကျွဲတဲရွာကနေ ပျောက်ချင်းမလှပျောက်သွားခဲ့တယ်။ သူကြီးကတော့ ကလေးတွေငယ်သေးတယ် ရောဂါပိုးမွှားတွေကူးစက်နိုင်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အိမ်ပေါ်ကိုဘယ်သူ့ကိုမှမပေးတက်ခဲ့ဘူး။
မြပွင့်ကတော့ အစွယ်ငုတ်တိုလေးနှစ်ချောင်းကိုယ်စီပါတဲ့ သားနှစ်ယောက်ကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေခဲ့တယ်။ ဒါပေမယ့် မိခင်မေတ္တာကြောင့် မစွန့်ပစ်ရက်ပဲ ဂရုတစိုက်ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။ ဦးစည်မြိုင်ကတော့ သားနှစ်ယောက်ကိုအိမ်ပေါ်ကနေအိမ်အောက်မပေးဆင်းပဲ ပေးနေခဲ့တာ လူငုတ်တုတ်သွားငုတ်တုတ်အရွယ်ကိုရောက်လာခဲ့တယ်။ မြပွင့်ကတော့ သူ့သားနှစ်ယောက်ကို ရွှေခဲ ငွေခဲဆိုပြီး နာမည်ပေးခဲ့တယ်။ အိမ်ကိုဧည့်သည်လာရင်လဲ ကလေးတွေအိပ်တဲ့အချိန်မှသာလာရပြီး ကလေးတွေမနိုးခင်ပြန်ကြရတဲ့ စနစ်ကို ဦးစည်မြိုင်ကျင့်သုံးခဲ့တယ်။ ရွှေခဲ ငွေခဲကလဲ အရွယ်ရောက်လာတာနဲ့အမျှ အစွယ်လေးတွေကလဲ တစ်ဖြေးဖြေးကြီးလာခဲ့တယ်။ အသက်တစ်နှစ်လောက်ရလာတော့ အိမ်ပေါ်မှာနေရတာကိုမကြိုက်တော့ပဲ လမ်းပေါ်ကိုထွက်ချင်လာကြတယ်။ ဦးစည်မြိုင်ကလဲ သားနှစ်ယောက်ကို တစ်ခါတစ်လေ ခြံဝင်းအတွင်းခေါ်ချလာပြီး ပေးကစားတတ်တယ်။
တစ်နေ့ကျတော့ ရွှေခဲနဲ့ငွေခဲ ညီအစ်ကိုနှစ်ယောက်ခြံထဲမှာကစားနေတဲ့အချိန်
” မြပွင့်ရေ နင်မှာထားတဲ့ အမဲသားတွေလာယူဦး ” ဆိုတဲ့အသံက ခြံစည်းရိုးထိပ်ကနေထွက်လာခဲ့တယ်။
” လာပြီ လာပြီ ကိုတာတီးရေ အိမ်ပေါ်မှာထမင်းအိုးဆူနေလို့ ခဏလေးစောင့်ပါဦး”
ကိုတာတီးလဲ လက်ထဲကိုင်ထားတဲ့ အမဲသားတွဲကိုကလေးတွေဆော့ကစားနေတဲ့ ခုံအနားမှာချိတ်ပြီး အိမ်အောက်ကရေစင်မှာ ရေခပ်သောက်နေခဲ့တယ်။ခဏနေတော့ အိမ်ပေါ်ကနေ မြပွင့်ဆင်းလာပြီး
” အမဲသားဖိုးဘယ်လောက်ပေူရမလဲ ကိုတာတီး”
” ရပါတယ်ဗျာ ခါတိုင်းပေးနေကြအတိုင်းပဲ ပေးပါ ”
” ဒါဆိုလဲ တစ်ပိဿာကြေးပဲပေးလိုက်မယ် နောက်လဲအသားတွေရရင် ယူလာပေးပါဦး”
” စိတ်ချပါ အလေးချိန်လဲ ပြည့် အသားလဲကောင်းစေရမယ် ဒါဆို ကျုပ်သွားလိုက်ဦးမယ်နော် အမဲသားက ထိုင်ခုံပေါ်မှာချိတ်ထားတယ်”
ကိုတာတီးက မမြပွင့်ကိုနှုတ်ဆက်ပြီး ခြံအပြင်ကိုပြန်ထွက်သွားခဲ့တယ်။ကိုတာတီးပြန်သွားတော့ မြပွင့်လဲ ခုံမှာချိတ်ထားတဲ့အမဲသားကို ယူလိုက်တဲ့အချိန်
” ဟင် အမဲသားက အလေးချိန်လျော့နေပါလား ကိုတာတီးငါ့ကိုအလေးခိုးပြီလားမသိဘူး” လို့ရေရွတ်ရင်း ခုံဘေးမှာဆော့နေတဲ့ ရွှေခဲနဲ့ငွေခဲကို ပွေ့ချီကာအိမ်ပေါ်တက်လာခဲ့လိုက်တယ်။ အိမ်ပေါ်ရောက်တော့ အမဲသားတွဲကို ဒယ်အိုးထဲထည့်လိုက်ပြီး မြေကြီးထဲမှာဆော့ထားတဲ့ ရွှေခဲနဲ့ငွေခဲကိုရေချိုးပေးဖို့ အင်္ကျီကိုချွတ်လိုက်တဲ့အချိန် ကလေးနှစ်ယောက်ရဲ့ရင်ဘတ်မှာ အမဲသားစတွေကပ်နေတာကိုတွေ့လိုက်ရတယ်။ မမြပွင့်လဲ အမှုမဲ့အမှတ်မဲ့နဲ့ နေလိုက်ပြီး ရေချိုးသန့်စင်ပေးကာ ချော့သိပ်လိုက်တယ်။
ကလေးတွေအိပ်သွားတော့ အမဲသားအနည်းငယ်ကိုလှီးဖြတ်ပြီး ညစာအတွက်ချက်ပြုတ်ကာ ကျန်တဲ့အသားတွေကို ဒန်အိုးထဲထည့်ကာ ဖုံးထားလိုက်တယ်။ ညနေစောင်းတော့ ချက်ထားတဲ့အမဲသားဟင်းနဲ့ကလေးတွေကို နယ်ဖတ်ကျွေးမွေးနေတဲ့အချိန် ဦးစည်မြိုင်ပြန်ရောက်လာခဲ့တယ်။
” ငါ့သားတွေတောင် ထမင်းစားနေပြီလား ဖေကြီးကတော့ ရေတောင်မချိုးရသေးဘူးကွယ် ကဲ မြပွင့်ရေ ကလေးတွေကိုထမင်းကျွေးပြီးရင် ထမင်းပြင်ထားလိုက်တော့ ကိုရေချိုးပြီးတာနဲ့ ထမင်းစားတော့မယ် ”
ဦးစည်မြိုင်က အဝတ်အစားတွေကိုချွတ်နေရင်း မြပွင့်ကိုလှမ်းပြောလိုက်တယ်။ မြပွင့်လဲ ကလေးတွေကို ထမင်းကျွေးတာအမြန်လက်စသတ်လိုက်ပြီး ဦးစည်မြိုင်စားဖို့အတွက် ထမင်းစားပွဲကိုပြင်ပေးနေတဲ့အချိန်
” မြပွင့်ရေ အကို့ရေလဲပုဆိုးလေး ယူလာပေးပါဦး ” ဆိုတဲ့အသံကြောင့် ထမင်းပွဲပြင်နေတာကိုရပ်လိုက်ပြီး အိမ်ခန်းထဲမှာချိတ်ထားတဲ့ရေလဲပုဆိုးကိုယူကာ အိမ်အောက်ကိုဆင်းလာခဲ့လိုက်တယ်။
ဦးစည်မြိုင်လဲ မြပွင့်ယူလာတဲ့ ပုဆိုးကိုလဲဝတ်ပြီး အိမ်ပေါ်ကိုပြန်တက်လာတဲ့အချိန် ထမင်းစားပွဲပေါ်မှာ ဆောင့်ကြောင့်ထိုင်ပြီး အမဲသားဟင်းတွေကိုနှိုက်စားနေတဲ့ ရွှေခဲနဲ့ ငွေခဲကိုတွေ့လိုက်ရတယ်။
ဘယ်သူမှမရှိဘူးဆိုတဲ့အထင်နဲ့ လက်နှစ်ဖက်နဲ့နှိုက်စားနေတာမြင်တော့ မြပွင့်ကလှမ်းအော်မယ်အလုပ် ဦးစည်မြိုင်က စောင့်ကြည့်ပါဦးဆိုတဲ့သဘောနဲ့ မြပွင့်ရဲ့လက်ကိုဆွဲလိုက်တယ်။
ထမင်းဝိုင်းထဲမှာပြင်ထားတဲ့အမဲသားးဟင်းတွေကိုတစ်တုံးပြီးတစ်တုံးပါးစပ်ထဲထည့်ကာ ဝါးစားနေတဲ့ပုံက တစ်နှစ်အရွယ်နဲ့မလိုက်အောင် ကြောက်စရာကောင်းနေခဲ့တယ်။ ဟင်းခွက်ထဲကဟင်းတွေအကုန်နှိုက်စားပြီးတော့မှ စားပွဲအောက်ကိုပြန်ဆင်းကာ မူလနေရာမှာပြန်အိပ်နေခဲ့တယ်။
မထင်ထားတဲ့အဖြစ်အပျက်တွေကိုမျက်ဝါးထင်ထင်မြင်လိုက်တဲ့မြပွင့်က အံ့ဩချောက်ချားသွားခဲ့တယ်။
” ကိုစည်မြိုင် ကလေးတွေကို ဒီတိုင်းလွှတ်ထားပေးလို့မရတော့ဘူးနော် ဒီအရွယ်ထဲက အသားတွေကိုကြိုက်နှစ်သက်နေရင် အသက်ကြီးလာတဲ့အခါ ဘယ်လိုလုပ်မလဲ ရွာထဲကလူတွေက ရှင်နဲ့ကျွန်မတို့ကိုမောင်းထုတ်လိမ့်မယ်”
” မြပွင့်ရယ် ကလေးတွေက ဘာမှသိတာမဟုတ်ပါဘူး အခုလဲသူတို့စားနေကြအစာနဲ့မှားပြီးယူစားတာလဲဖြစ်မှာပေါ့ကွာ အရမ်းကြီးလဲတွေးပူမနေပါနဲ့ ကဲ ထမင်းစားကြရအောင် ဟင်းတွေကျန်သေးတယ်မဟုတ်လား”
” အင်း အိုးထဲမှာနည်းနည်းတော့ကျန်သေးတယ် အဲဒါနဲ့ပဲစားလိုက်ကြတာပေါ့”
လင်မယားနှစ်ယောက်လဲ ဟင်းအကျန်လေးတွေနဲ့ဖြစ်သလိုစားသောက်ပြီး ကလေးနှစ်ယောက်ကိုဆေးကြောသုတ်သင်ပေးကာ အိပ်ယာဝင်ခဲ့ကြတယ်။
နောက်ပိုင်းတွေမှာလဲ အသားဟင်းတွေကို သူတို့ရှေ့မှာမထားရဲတော့ပဲ ဖွက်ထားရတဲ့အဆင့်ထိရောက်လာခဲ့တယ်။ဒီလိုနဲ့ရွှေခဲနဲ့ ငွေခဲလဲ တစ်ဖြေးဖြေးအရွယ်ရောက်လာခဲ့တာ ၁၄နှစ်အရွယ်ဖြစ်လာခဲ့တယ်။ အရွယ်ရောက်လာတာနဲ့အမျှ အသားငါးကိုပိုခုံမင်လာခဲ့သလို အိမ်မှာအသားငါးမချက်တဲ့နေ့တွေဆိုရင် အော်ဟစ်သောင်းကျန်းတဲ့အဆင့်ထိဖြစ်လာခဲ့တယ်။ အိမ်မှာအသားဟင်းမချက်တဲ့နေ့တွေဆိုရင် ရွာထဲမှာမွေးထားတဲ့ ကြက်၊ဘဲတွေတစ်ကောင်မဟုတ်တစ်ကောင်ပျောက်နေခဲ့တာကိုလဲ ဦးစည်မြိုင်တို့သတိထားခဲ့မိကြတယ်။ ရွာကလဲ ရွှေခဲတို့ညီအစ်ကိုလက်ချက်မှန်းရိပ်မိပေမယ့် ဦးစည်မြိုင်ရဲ့အရှိန်အဝါကြောင့်သာ ဘာမှမပြောပဲသည်းခံနေခဲ့ကြတယ်။
တစ်နေ့ကျတော့ ကျွဲတဲရွာမှာရှိတဲ့ ကြက်တွေ၊ ဘဲတွေအတော်များများ ကူးစက်ရောဂါကြောင့် သေကုန်ကြတယ်။ မသေပဲကျန်ခဲ့တဲ့ ကြက်၊ဘဲတွေကိုလဲ ရွာမှာမထားတော့ပဲ နီးစပ်ရာ ရွာမှာရှိတဲ့အသိတွေဆီကိုပို့လိုက်ကြတယ်။ ရွာဓလေ့အရ လယ်လုပ်တဲ့အချိန်တွေမှာဆိုရင် အမဲ၊ဝက်ပေါ်တာတွေမလုပ်ကြတဲ့အပြင် ရွာထဲရှိတဲ့ကြက်၊ဘဲတွေကလဲ အခြားရွာကိုပို့ထားတဲ့အတွက် ရွှေခဲနဲ့ငွေခဲတို့ညီအစ်ကိုနှစ်ယောက်စားသောက်ဖို့က အခက်အခဲဖြစ်လာခဲ့တယ်။
မိခင်ဖြစ်တဲ့သူကလဲ ရတဲ့အသားတွေကိုရှာဖွေပြီး ကျွေးခဲ့ပေမယ့် အမဲသားမစားရတဲ့ညီအစ်ကိုနှစ်ယောက်က မီးခဲပေါ်မှာထိုင်ထားရတဲ့သူလို ဂနာမငြိမ်ဖြစ်လာခဲ့တယ်။
” အမေ အမဲသားဒီနေ့ရမယ်ဆို အခုဘယ်မှာလဲ”
အိမ်နံရံကိုမှီပြီး အသံနက်ကြီးနဲ့ အော်ပြောလိုက်တဲ့အသံကြောင့် အိမ်နောက်ဖေးမှာ ထမင်းချက်နေတဲ့ မြပွင့်ပြေးထွက်လာပြီး
” အမေမှာထားပါတယ် သူတို့ကလဲ ရတာနဲ့လာပို့ပေးမယ်ပြောတယ် ခဏသည်းခံထားပါကွယ် ဒီနေ့အမေ ငါးဟင်းလေးချက်ထားတယ် အဲဒါနဲ့ပဲစားလိုက်ကြနော်”
” တောက် တစ်နေ့လာလဲ ငါးဟင်း နောက်တစ်နေ့ကျတော့ ကြက်သား ကျုပ်တို့စားချင်တာအမဲသားဗျ အမေမချက်ကျွေးနိုင်ရင် ကျုပ်တို့ဘာသာရှာစားမယ် အမေချက်တဲ့ဟင်း အမေပဲစားဗျာ ငွေခဲ လာထကွာ သွားကြရအောင်”
ညီအစ်ကိုနှစ်ယောက်လဲ ဒေါ်မြပွင့်ကို အော်ဟစ်သောင်းကျန်းပြီး အိမ်ပေါ်ကနေဆင်းသွားခဲ့တယ်။ အဲလိုနဲ့ နောက်နှစ်ရက်လောက်ကြာတော့ ညီအစ်ကိုနှစ်ယောက်ပြန်ရောက်လာခဲ့တယ်။
” အမေ ဒီမှာအမဲသားတွေရလာတယ် ကျုပ်တို့ဗိုက်ဆာနေပြီ မိုးခိုသားတွေကိုဆီပြန်လေးချက်ပေးစမ်းပါဗျာ ”
ရွှေခဲက ပြောရင်းဆိုရင်း လက်ထဲကိုင်ထားတဲ့ အမဲသားအတွဲကိုစားပွဲခုံပေါ်ပစ်တင်ပေးလိုက်တယ်။
” ဒီအမဲသားတွေ မင်းတို့ဘယ်ကရလာတာလဲ ”
” အမေရာ စကားမများစမ်းပါနဲ့ ချက်မှာသာချက်ပါဗျာ ဘယ်ကရလဲဆိုတာအရေးမကြီးဘူး အခုဗိုက်ဆာတယ် ထမင်းစားဖို့ကပိုအရေးကြီးတယ်”
စကားပြောတာကအစတစ်ဖြေးဖြေးကြမ်းတမ်းလာတဲ့သားနှစ်ယောက်ကိုကြည့်ပြီး မြပွင့်ဘာမှဆက်မပြောတော့ပဲ ခုံပေါ်တင်ထားတဲ့အမဲသားတွဲကိုယူကာ မီးဖိုချောင်ထဲဝင်သွားခဲ့တယ်။
အတန်ကြာတော့ မီးဖိုထဲကနေ မွှေးပျံ့တဲ့ဟင်းအနံ့တွေထွက်လာခဲ့တယ်။
” အမေ ထမင်းစားတော့မယ် ဟင်းကဒီလောက်ဆိုကျက်ပီထင်တယ်”
” ခဏလေးပါကွယ် ဟင်းကမနူးသေးဘူး နူးတာနဲ့လာချပေးမယ် ”
” မရတော့ဘူးဗျာ ကျုပ်တို့ဆာနေပြီ မနူးလဲစားလို့ရရင်ပြီးရောဗျာ ငွေလဲ ဟင်းတွေသွားခပ်လာခဲ့ ငါထမင်းထည့်ထားပေးမယ်”
ရွှေခဲစကားကြောင့် ငွေခဲလဲ အိမ်နောက်ဖေးကိုဝင်ပြီး မကျက်တကျက်ဖြစ်နေတဲ့ ဟင်းတွေကိုပန်းကန်ထဲထည့်လာခဲ့တယ်။
အိမ်ရှေ့ရောက်တော့ ပူပူလောင်လောင်ဟင်းတွေကိုထမင်းထဲလောင်းထည့်ပြီး အားပါးတရစားနေတဲ့အချိန်
” ရွှေခဲနဲ့ငွေခဲ မင်းတို့ယူလာတာ ဘာအသားလဲ”
အိမ်နောက်ဖေးကနေ ဒေါသတကြီးထွက်လာပြီး မေးလိုက်တဲ့အသံကြောင့် အသားတုံးကိုလက်နဲ့ဆွဲကာ ကိုက်ဖဲ့နေတဲ့ငွေခဲက
” အမဲသားလေ ဘာဖြစ်လို့လဲ”
” နင်တို့ငါ့ကိုမလိမ်နဲ့ ဒီအသားကအမဲသားမဟုတ်ဘူး နင်တို့မှန်မှန်ဖြေစမ်း နင်တို့ယူလာတာဘာပသားလဲ”
မြပွင့်ရဲ့စကားကို ညီအစ်ကိုနှစ်ယောက် ဘာမှပြန်မဖြေပဲ ထမင်းတစ်လုပ်ကိုအသားတစ်တုံးနှုန်းနဲ့စားနေခဲ့တယ်။
မြပွင့်လဲ သူမေးတာကိုအဖက်မလုပ်ပဲနေတာမြင်တော့ စိတ်ကိုမထိန်းနိုင်တော့ပဲ စားနေတဲ့ ဟင်းပန်းကန်ကိုဆွဲလုလိုက်ပြီး
” နင်တို့ကမပြောဘူးဟုတ်လား ရတယ် ဒီဟင်းတွေအကုန်သွန်ပစ်မယ် နောက်နေ့ဘယ်တော့မှ အသားဟင်းစားရဖို့စိတ်မကူးနဲ့” လို့ပြောလိုက်တော့ ရွှေခဲက ထမင်းပန်းကန်ကို ပစ်ထုတ်လိုက်ပြီး
” ခင်ဗျားကြီး အရမ်းစကားများတာပဲ ကျုပ်တို့ကိုမွေးထားလို့သာသည်းခံနေတာ အခြားသူဆို ဟာကွာ တောက် ထမင်းစားကောင်းချိန်ဆို ဒီလိုပဲ သူတို့ကအမြဲတမ်းကျွေးနေနိုင်တာလဲမဟုတ်ဘူး ကိုယ့်ဘာသာရှာစားပြန်တော့လဲ စစ်လားဆေးလားနဲ့ ”
ညီအစ်ကိုနှစ်ယောက်နဲ့ မြပွင့်တို့စကားများနေတဲ့အချိန် ဦးစည်မြိုင်ပြန်ရောက်လာပြီး
” ဒီသားအမိတွေ ဘာဖြစ်နေကြတာလဲ”
” ဘာဖြစ်ရမှာလဲ ရှင့်ရဲ့ကျေးဇူးရှင်လေးတွေပေါ့ မလုပ်သင့်တာကိုလုပ်လာတယ် ကျုပ်ဖြင့်ရွံလိုက်တာ”
” မြပွင့် မင်းဘာတွေပြောနေတာလဲ ကလေးတွေကဘာတွေလုပ်ခဲ့လို့လဲ”
” ရှင်သိချင်ရင် အနောက်က ဟင်းအိုးအဖုံးကိုကြည့်လိုက်”
မြပွင့်စကားကြောင့် ဦးစည်မြိုင် အိမ်အနောက်ဖေးကိုဝင်သွားပြီး ဟင်းအိုးအဖုံးပေါ်ကြည့်လိုက်တော့ ” ဟာ ဟေ့ကောင်တွေ မင်း မင်းတို့”
ဦးစည်မြိုင်စကားမဆုံးခင်မှာ ထမင်းစားပွဲဘေးမှာထိုင်နေတဲ့ ညီအစ်ကိုနှစ်ယောက်က ရုတ်တရက်ထလိုက်ပြီး အိမ်တံခါးကိုကျော်ကာ ထွက်ပြေးသွားကြတယ်။
အဲဒီအချိန်ကစပြီး ရွှေခဲနဲ့ ငွေခဲတို့ညီအစ်ကိုနှစ်ယောက်အိမ်ကိုလုံးဝမပြန်လာတော့ပေ။ ဦးစည်မြိုင်နဲ့မြပွင့်တို့လဲ မဖြစ်သင့်တာတွေမဖြစ်ရအောင် လိုက်ရှာခဲ့ပေမယ့် ညီအစ်ကိုနှစ်ယောက်ကအစနပင်မတွေ့လောက်အောင် ပျောက်ချက်သားကောင်းနေခဲ့တယ်။
ဦးစည်မြိုင်တို့လဲ ရွှေခဲနဲ့ငွေခဲ ပျောက်သွားတဲ့အချိန်ကစပြီး အရူးတစ်ပိုင်းလိုဖြစ်သွားခဲ့ကြတယ်။ ဒီလိုနဲ့ ငါးနှစ်လောက်ကြာတော့ ကျွဲတဲရွာမှာ ထူးဆန်းတဲ့အဖြစ်တစ်ခုဖြစ်လာခဲ့တယ်။
” ဘကျော် မင်းပြောတာ သေချာလို့လား”
” သေချာတာပေါ့သူကြီးရာ ကျုပ်မျက်လုံးနဲ့တပ်အပ်မြင်ခဲ့တာ သူကြီးတို့ခြံနားမှာရစ်သီရစ်သီလုပ်နေလို့ ဓါတ်မီးနဲ့လှမ်းထိုးလိုက်တာ မီးအလင်းရောင်ရတာနဲ့ အမှောင်ထဲကိုလှစ်ခနဲပြေးထွက်သွားတာ ”
” သူခိုးတွေဘာတွေများဖြစ်နေမလား”
” သူခိုးလာ ဘာလားတော့မသိဘူး သူ့ပုံစံက ကိုယ်လုံးတီးနဲ့ တစ်ကိုယ်လုံးအမွှေးရှည်တွေဖုံးနေတာ ကျုပ်အထင် ညက ကျုပ်ကိုသရဲခြောက်တယ်ထင်နေတာ ”
” ဘာပဲဖြစ်ဖြစ် လုံခြုံရေးကိုသတိထားကြဦး ငါလဲအိမ်တံခါးတွေကိုသေချာပြန်စစ်ထားလိုက်မယ် တစ်ခုခုဆိုရင် သံချောင်းသာခေါက်ကွာ”
ဦးစည်မြိုင်လဲ ဘကျော်ကိုသေချာပြောပြပြီး အိမ်အဝင်ပေါက်တံခါး ဂျက်ပြင်ရန် ပြန်လာခဲ့လိုက်တယ်။ အိမ်နားရောက်တော့ အိမ်ရှေ့ကွင်းပြင်မှာ လူတွေစုရုံးစုရုံးဖြစ်နေတာမြင်လိုက်ရတယ်။
” ဟဲ့ အိမ်ရှေ့မှာဘာတွေဖြစ်နေကြတာလဲ”
” မြက်ဖျာတွေဝယ်နေကြတာ မကြာခင်နွေရာသီရောက်တော့မှာဆိုတော့ အိပ်ရပြုရအဆင်ပြေတာပေါ့”
” မင်းကြိုက်ရင်ပြီးတာပါပဲ ဒါနဲ့ ဟိုကောင်လေး မင်းကဒီမှာရောင်းပြီး ဘယ်ကိုဆက်သွားမလို့လဲ”
” ဘယ်သွားရမှန်းမသိသေးဘူး ဟိုဘက်ခြမ်းမှာရွာတွေရှိသေးရင်တော့ဆက်သွားရမှာပေါ့”
” ဟိတ်ကောင် နယ်မြေမသိပဲ ရမ်းသမ်းပြီးသွားမနေနဲ့ ငါတို့ရွာကျော်ရင်တောပဲရှိတယ် အခုတောင်မိုးမှောင်နေပြီ ဒီညတော့ ဒီမှာအိပ်သွား မနက်ကျမှထပြန်ပေါ့ ”
” ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဖျာဈေးကိုလဲအတတ်နိုင်ဆုံးလျော့ပေးပါ့မယ်ဗျာ”
” အေးအေး ငါလဲ အိမ်တံခါးတွေပြင်လိုက်ဦးမယ် မင်းရောင်းပြီးရင် အိမ်အောက်က ကွပ်ပြစ်မှာနားလိုက်ဦး အိမ်နောက်မှာ ရေတွင်းနဲ့အိမ်သာရှိတယ်မသိမှာစိုးလို့ပြောပြထားတာ”
ဦးစည်မြိုင်ကဖျာကုန်သည်လူငယ်ကိုပြောရင်း အိမ်ပေါ်ကိုတက်သွားခဲ့တယ်။ ညဘက်ရောက်တော့ ဖျာလာရောင်းတဲ့ကောင်လေးနဲ့ စကားအနည်းငယ်ပြောပြီး အိပ်ငိုက်လာတာနဲ့ ဦးသည်မြိုင်အစောကြီးဝင်အိပ်ခဲ့တယ်။ မနက်လင်းအားကြီးအချိန်ရောက်တော့
” သူကြီး သူကြီးအိမ်အနောက်မှာ လူတစ်ယောက်သေနေတယ် လာကြည့်ဦး” ဆိုတဲ့အသံကြောင့် ဦးစည်မြိုင် အိမ်ပေါ်ကနေကမန်းကတမ်းဆင်း
လာပြီးလာကြည့်တော့ ရုပ်ပျက်ဆင်းပျက်သေနေတဲ့အလောင်းတစ်လောင်းကိုတွေ့လိုက်ရတယ်။
” ဒါ ဘယ်သူ့အလောင်းလဲ ရွာထဲကလူတွေထဲမှာ ပျောက်တဲ့လူတွေရှိသေးလား”
” ရွာထဲကလူတွေထဲမှာတော့ ပျောက်တဲ့သူမရှိဘူးသူကြီး သေနေတဲ့လူကလဲ ရုပ်ပျက်ဆင်းပျက်နဲ့ဆိုတော့ ဘယ်သူဘယ်ဝါခန့်မှန်းရခက်နေတယ် သူကြီးအိမ်မှာတည်းနေတဲ့ လူလဲမတွေ့မိပါလား အခုသေတာသူများလား”
” ဖျာရောင်းတဲ့ကောင်လေးကိုပြောတာလား ဒီအဝတ်အစားကသူဝတ်တဲ့အဝတ်မဟုတ်ဘူး ဒါပေမယ့် ဒီကောင်ကလဲအခုပျောက်နေတယ်ဆိုတော့ စဉ်းစားစရာပဲ ရွာထဲမှာတစ်ခုခုတော့ဖြစ်နေပြီထင်တယ် အားလုံးအရင်ကထက်ပိုသတိထားမှရတော့မယ် ညဘက်လှည့်ကင်းတွေကို လူထပ်တိုးကြ အားလုံးကြားလား”
” ဟုတ်ကဲ့သူကြီး ကျွန်တော်တို့သတိထားပါ့မယ်”
ဦးစည်မြိုင်လဲ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ အလောင်းကို ချက်ချင်းမီးရှို့ခိုင်းပြီး ရွာလုံခြုံရေးကိစ္စတွေကို ဆောင်ရွက်နေခဲ့တာ ညမှောင်စပျိုးချိန်အထိရောက်လာခဲ့တယ်။
“သူကြီး ပြန်တော့မလို့လား”
” အေး ပြန်တော့မယ် တစ်ခုခုထူးခြားရင် ငါ့ကိုအချိန်မရွေးလာပြော အိမ်မှာကလဲ မင်းတို့အစ်မတစ်ယောက်ထဲကွ ”
” ဟုတ်ကဲ့သူကြီး သတိထားသွားပါဦး”
ဦးစည်မြိုင်လဲ ရွာခံကာလသားတွေကို နှုတ်ဆက်ပြီးပြန်လာခဲ့တာ အိမ်ပေါ်ရောက်တော့ တစ်ခါမှမမြင်ဖူးတဲ့ လူသုံးယောက်ရောက်နေတာတွေ့လိုက်ရတယ်။
” ကိုစည်မြိုင် ရောက်လာပြီလား ”
” အေး သူတို့ကဘယ်သူတွေလဲ”
” အော် သူတို့က မနေ့ကလာတည်းသွားတဲ့ ကောင်လေးကြောင့်ဒီကိုရောက်လာတာလို့ပြောတယ် ”
” အဲဒီကောင်က ဘယ်ရောက်သွားတာလဲ”
ဦးစည်မြိုင်စကားကြောင့် ဥပဓိရုပ်ကောင်းကောင်းနဲ့လူငယ်က
” တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်နာမည်ကအောင်မြတ်သာလို့ခေါ်ပါတယ် ညဒီအိမ်မှာတည်းသွားတဲ့သူက ရုတ်တရက်မြင်လိုက်ရတဲ့ထိတ်လန့်ဖွယ်မြင်ကွင်းကြောင့် အကြောက်လွန်ပြီးထွက်ပြေးသွားတာပါ ”
” ဒါဆို သူက အဲဒီဖြစ်စဉ်ကိုမြင်ခဲ့တာပေါ့”
” ဟုတ်ပါတယ် အခုရွာမှာထူးဆန်းတဲ့ကိစ္စတွေဖြစ်နေတယ်မဟုတ်လား”
” ဟုတ်တယ် မနက်ကလဲ ဘယ်ကမှန်းမသိတဲ့ လူတစ်ယောက်သေသွားတယ် ဒါကြောင့်ရွာလုံခြုံရေးကိုနဂိုကထက်ပိုတင်းကြပ်နေရတာ”
” စိတ်မပူပါနဲ့ ဒီကိစ္စကို ကျွန်တော်တို့ဖြေရှင်းပေးပါ့မယ် ဒါနဲ့ ဦးလေးတို့မှာ သားနှစ်ယောက်ရှိခဲ့ဖူးတယ်မဟုတ်လား ”
” ဟုတ်တယ် ဒီကိစ္စကို မင်းတို့ဘယ်လိုသိလဲ”
” ဘယ်လိုသိလဲကအရေးမကြီးပါဘူး ဦးလေးတို့ သားနှစ်ယောက်က လူ့စိတ်ပျောက်နေကြတယ်ဆိုတာကိုရောသိကြလား”
အောင်မြတ်သာစကားကြောင့် ဦးစည်မြိုင် အံ့ဩသွားပြီး
” ဘယ်လိုလူ့စိတ်ပျောက်တာလဲ သေချာပြောပြပါဦး”
” ဒါဆို ကျွန်တော် မေးတာအမှန်တိုင်းဖြေပေးပါ ဦးလေးတို့မွေးထားတဲ့သားနှစ်ယောက်မှာ မွေးရာပါအစွယ်လေးချောင်းပါလာခဲ့လား”
” ဟုတ် ဟုတ်ပါတယ် သူတို့ကိုမွေးတဲ့လက်သည်က ဘီလူးတွေမွေးတယ် သတ်ပြစ်ရမယ်လို့ပြောခဲ့ပေမယ့် ဦးလေးတို့က လက်သည်ကို ငွေပုံပေးပြီး အခြားနေရာကိုပြောင်းခိုင်းခဲ့ပါတယ်”
” ဒီကလေးနှစ်ယောက်က အသားစားကျူးတဲ့အပြင် နောက်ဆုံးဇာတ်တူသားကိုပါစားခဲ့ကြတယ်မဟုတ်လား”
” အင်း ဟုတ်ပါတယ် သူတို့အိမ်ကနေပျောက်သွားပြီး နှစ်ရက်ကြာတော့ အသားတွဲတစ်တွဲနဲ့ပြန်ရောက်လာကြတယ် အဲဒီအသားတွေကိုအမဲသားလို့ပဲထင်ခဲ့ကြတာ နောက်တော့မှ အသားစတွေကြားထဲကသားရည်မှာ တက်တူးထိုးထားတဲ့အရည်ပြားစကိုတွေ့တော့မှ ဒီကောင်တွေမဟုတ်တာကိုမှလုပ်ရလားဆိုပြီး ဆူပူခဲ့တယ် အဲဒီနေ့ကစပြီး သူတို့ကိုပြန်မတွေ့ရတော့ဘူး အခုဆို သေလားရှင်လားတောင်မသိတော့ပါဘူးကွယ်”
ဦးစည်မြိုင်စကားကိုကြားတော့ အောင်မြတ်သာက အနည်းငယ်စဉ်းစားလိုက်ပြီး
” အသက်ရှင်ရှိမရှိကို ကျွန်တော်ကြည့်ပေးမယ် သူတို့အရင်ကဝတ်ခဲ့ဖူးတဲ့အဝတ်အစားတစ်စုံစီရနိုင်မလား”
” ရပါတယ် ရပါတယ် မြပွင့်ရေ တွေဝတ်ခဲ့တြဲအင်္ကျီတစ်စုံစီယူလာခဲ့ပေးလိုက်ပါ”
ဦးစည်မြိုင်စကားကြောင့် ဒေါ်မြပွင့်လဲ အိမ်ခန်းထဲကဗီဒိုထဲကနေ အဝတ်အစားနှစ်စုံကိုထုတ်ယူလာခဲ့တယ်။
အောင်မြတ်သာက အရှေ့မှာချထားတဲ့ အင်္ကျီနှစ်ထည်အပေါ်ကို လက်ဖဝါးနဲ့အုပ်ပြီးသပ်ချလိုက်တဲ့အချိန် အနီရောင်အကွက်ပါတဲ့အင်္ကျီက အပေါ်ကိုရုတ်တရက်ခုန်တက်လာတာမြင်လိုက်ရတယ်။
” ဒီအင်္ကျီက ဘယ်သူဝတ်ခဲ့တာပါလဲ”
အောင်မြတ်သာစကားကြောင့် ဒေါ်မြပွင့်က အနည်းငယ်စဉ်းစားပြီး
” အနီရောင်အင်္ကျီက အငယ်ကောင်လေးဝတ်ခဲ့တာ အကြီးဆုံးကောင်က အနီမကြိုက်ဘူး”
” ဟုတ်ပြီ ဒါဆိုရင် အငယ်ဆုံးကိုပြန်ခေါ်လို့ရသေးတယ် ဒါပေမယ့် …”
အောင်မြတ်သာကစကားကိုအဆုံးထိမပြောပဲ ရပ်လိုက်တော့ ဦးစည်မြိုင်က
” ဒါပေမယ့်ဘာဖြစ်တာလဲ ဆက်ပြောပါဦး”
” ဟူး ဦးလေးတို့ရဲ့သားအငယ်က လူစစ်စစ်ကနေ နာနာဘာဝအဖြစ်ကို ရောက်နေပြီ”
” ဟင် ဘယ်လို မဖြစ်နိုင်ဘူးထင်တယ်”
” ဦးလေးတို့မယုံရင် ဒီည သူ့ကိုခေါ်ပြပေးပါ့မယ် ဦးလေးတို့ကတိပေးရမှာတစ်ခုက သူ့ကိုဒီတစ်ခါတွေ့ပြီးရင်သံယောဇဉ်ဖြတ်ပေးဖို့ပါပဲ ”
အောင်မြတ်သာစကားအဆုံးမှာ ဒေါ်မြပွင့်ဆီကနေ ငိုရှိုက်သံသဲ့သဲ့ထွက်ပေါ်လာခဲ့တယ်။
” သားငယ်ကို ပြန်ခေါ်ထားလို့မရဘူးလားဟင် ”
” မရပါဘူး သူကလူတစ်ယောက်မဟုတ်တော့တဲ့အတွက် အိမ်ပေါ်ကိုတောင်တက်လို့မရပါဘူး ဦးလေးတို့ဘယ်လိုသဘောရပါသလဲ”
“ဘယ်တတ်နိုင်ပါ့မလဲကွာ နောက်ဆုံးတစ်ခါလေးမြင်ခွင့်ရရင်ပဲတော်ပါပြီ ”
” ဒါဆိုရင် သူ့အဝတ်အစား ကျွန်တော်ကိုပေးပါ ”
အောင်မြတ်သာက အနီရောင်အင်္ကျီကိုတောင်းပြီး ခြံဝကိုဆင်းလာခဲ့တယ်။ ခြံဝရောက်တော့ အင်္ကျီကိုမြေကြီးပေါ်ချလိုက်ပြီး ခြံစည်းရိုးအဝင်စမှာဖယောင်းတိုင်နှစ်တိုင်ထွန်းခိုင်းလိုက်တယ်။ ဖယောင်တိုင်ထွန်းပြီးတာနဲ့ အင်္ကျီအပေါ်ကို လေးကွင်အင်းစာရွက်တစ်ရွက်တင်လိုက်ပြီး
” သင်ဘယ်ဘဝရောက်နေပါစေ ကျုပ်ခေါ်ရင် လာရမည် ကျုပ်အမိန့်ပေးလျင် နာခံရမည် ခေါ်ဆိုလို့လာရလျင်လဲ မူရင်းသဏ္ဍာန်ကိုဖျောက်ပြီးမှသာလာပါ သင့်မိဘတွေသင့်ကြောင့်အထိတ်တလန့်မဖြစ်ပါစေနဲ့ သင့်ကိုမွေးဖွားပေးတဲ့မိဘနှစ်ပါးကို နောက်ဆုံးအနေနဲ့ကန်တော့ဖို့ သင်ရောက်ရာအရပ်ကအမြန်ပြန်လာခဲ့ပါ” လို့ပြောကာ အင်္ကျီကိုလက်ဝါးနဲ့သပ်ချလိုက်တယ်။
ခဏကြာတော့ ခြံစည်းရိုးအဝမှာထွန်းထားတဲ့ ဖယောင်းတိုင်နှစ်တိုင်က လေမတိုက်ပဲလှုပ်ရမ်းလာတာကိုမြင်လိုက်ရတယ်။
” သင်နှုတ်ပွင့်စေ ပြောလိုရာ ဆိုလိုရာပြောဆိုနိုင်တယ် သင့်ရုပ်ရည်ကိုမြင်တွေ့ရင် မိဘတွေစိတ်ဆင်းရဲမှာစိုးလို့ သင့်ကိုမမြင်အောင်ဖုံးကွယ်ထားပေးရခြင်းဖြစ်တယ် သင်ဘာပြောချင်ပါလဲ”
အောင်မြတ်သာက အမိန့်ပြန်ပြီးခွင့်ပြုလိုက်တော့ ခြံစည်းရိုးအပြင်ဘက်ကနေ
” အမေ နဲ့အဖေကျုပ် ငွေခဲပါ ကျုပ်ပြောတဲ့အသံကြားရလား”
” ကြား ကြားရပါတယ်ကွယ် အခု သားဘယ်မှာနေနေတာလဲဟင်”
” မနေ့ညက အမေတို့ဆီလာခဲ့ပါသေးတယ် အမေတို့အိမ်ပေါ် ကျုပ်တက်လို့မရဘူး အဲဒီအချိန် သူခိုးတစ်ယောက်ကိုတွေ့လို့ ခြောက်လှန့်ခဲ့ပေမယ့် သူကရန်ပြန်ပြုလို့ ကိုက်သတ်ခဲ့ရတယ် အမေတို့ကျုပ်ကိုစိတ်မပူပါနဲ့ ကျုပ်ရဲ့လက်ရှိဘဝမှာကျုပ်ပျော်နေပါပြီ ”
” ဘာလို့ အခုလိုတွေလုပ်ခဲ့ကြတာလဲ ဘာကြောင့်အခုလိုဘဝမျိုးရောက်ခဲ့တာလဲဆိုတာ အမေကိုပြောပြပေးပါ အမေမယုံချင်ဘူးကွယ်”
” ကျုပ်တို့နှစ်ယောက်က အသားစားကျူးတဲ့သူတွေဖြစ်တဲ့အတွက် စားရသလောက်ကိုမတင်းတိမ်ခဲ့ဘူး ဒီထက်ပိုကောင်းတဲ့အသားမျိုးကိုရှာခဲ့ကြတယ် မှတ်မှတ်ရရ ဦးမြညိုသေတဲ့နေ့က အသုဘပို့လိုက်သွားရင်းလတ်လတ်ဆတ်ဆတ်မြုပ်ထားတဲ့အလောင်းတစ်ခုကိုတွေ့လိုက်ရတယ် သူ့ကိုယ်ကထွက်တဲ့အသားနံ့က ဘယ်သူနဲ့မှမတူလို့ အသုဘပို့ပြီးတော့နောက်တစ်ခေါက်ထပ်လာပြီး လူသားကိုစားကြည့်ခဲ့တယ် အဲဒီအချိန်ကစပြီး လူသားကိုစွဲလမ်းခဲ့တယ် တစ်ဖြေးဖြေးနဲ့မစားရရင်မနေနိုင်အောင်ဖြစ်လာကြပြီး သင်္ချိုင်းတကာမှာရှိတဲ့လူသေလောင်းတွေကိုတူးဖော်စားသောက်ခဲ့ကြတယ် လူအသားစားတာများလာတော့ လူတွေနေတဲ့နေရာကိုဝင်ရင် ပူလောင်တဲ့အထိဖြစ်လာခဲ့တယ် ဒါကြောင့် လူတွေမရှိတဲ့ညအချိန်မှာပဲ အပြင်ထွက်ရတာ အခုကျုပ်ကိုခေါ်လို့သာ အနီးကပ်နေလို့ရနေတာပါ”
” အဖြစ်ဆိုးလိုက်တာကလေးတို့ရယ် အမေ့သားကြီးရောဟင် သူကဘယ်ရောက်သွားတာလဲ”
” သူက အုတ်နီကန်သင်္ချိုင်းမှာအဖမ်းခံထားရတယ် တစ်ခါတစ်လေ သူကခေါင်းမာတယ် ပိုင်ရာဆိုင်ရာတွေကို ခွင့်မတောင်းပဲ အလောင်းကိုဖော်စားတတ်တယ် ဒါပေမယ့် အုတ်နီကန်သင်္ချိုင်းလဲရောက်ရော ဖော်စားထားတဲ့အလောင်းကောင်ရဲ့အသားစကို မဖဲဝါနန်းဆောင်မှာသွားတင်တဲ့အချိန် မဖဲဝါစီးတဲ့ခွေးနက်ကြီးက သူ့ကိုခါးလည်ကနေ ကိုက်ချီသွားခဲ့တာ အခုထိပြန်မတွေ့ရတော့ဘူး”
” သားကိုအမေတို့ထပ်တွေ့ချင်ရင် ဘယ်လိုခေါ်ရမလဲ ”
” အမေတို့သားကိုတွေ့ချင်ရင် ညမှောင်ရီတရောအချိန်ရောက်ရင် လမ်းဆုံလမ်းခွမှာ ငှက်ပျောဖက်ထဲ အသားစိမ်းထည့်ပြီး ကျုပ်နာမည်ကိုခေါ်လိုက်ပါ ရောက်ရာအရပ်ကနေ ကျုပ်လာခဲ့ပါ့မယ် အခုတော့ ကျုပ်သွားရတော့မယ် ”
ငွေခဲရဲ့စကားအဆုံးမှာ ခြံစည်းရိုးအဝင်ဝမှာထွန်းထားတဲ့ဖယောင်းတိုင်မီးက ရုတ်တရက်ငြိမ်းသွားခဲ့တယ်။
” မငိုနေပါနဲ့ မြပွင့်ရယ် သူတို့ကံကဒီလိုပါလာတာကိုး ငါတို့လဲသူတို့အတွက် ကုသိုလ်လုပ်ပေးရင် ဒီထက်မြင့်တဲ့ဘဝကိုရောက်သွားကြမှာပါ”
ဦးစည်မြိုင်က ဒေါ်မြသက်ကိုအားပေးစကားပြောပြီးလှည့်ကြည့်လိုက်တော့ စောနက ရှိနေတဲ့လူသုံးယောက်ကိုမတွေ့ရတော့ဘူး။ မျက်စိရှေ့မှာတင်ပျောက်သွားတဲ့လူသုံးယောက်အကြောင်းနဲ့ လူစင်စစ်ကနေ ဘီလူးဖြစ်သွားတဲ့ ရွှေခဲ၊ငွေခဲတို့ညီအစ်ကိုအကြောင်းကတော့ ကျွဲတဲရွာမှာပြောစမှတ်တွင်ခဲ့ကြတယ်။
အောင်မြတ်သာတို့ကျွဲတဲရွာကနေ ပျောက်ကွယ်သွားပြီးတော့ရက်အနည်းငယ်အကြာ” အုတ်နီကန်သင်္ချိုင်း” ထဲမှာပြန်ပေါ်လာခဲ့ပါတယ်။
အောင်မြတ်သာတို့ဘာကြောင့် အုတ်နီကန်သင်္ချိုင်းကိုသွားတာလဲ။
အုတ်နီကန်သင်္ချိုင်းမှာဖမ်းခံထိထားတဲ့ ရွှေခဲက အောင်မြတ်သာတို့အတွက်ဘယ်လိုအသုံးဝင်မလဲ။
အုတ်နီကန်သင်္ချိုင်းသခင်မဖြစ်တဲ့မဖဲဝါက အသာတကြည်ငြိမ်ခံမလား။
စတဲ့အကြောင်းအရာတွေကိုတော့ အောင်မြတ်သာနှင့်အုတ်နီကန်သင်္ချိုင်းဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
#ညမဖတ်ရ