*ဘုန်းကြီးတစ္ဆေ*📖📖📖
*****************
” ဒုန်း..”
” ဟဲ့…ပလုတ်တုတ်…”
ညဉ့်နက်သန်းခေါင် ကျောင်းခေါင် ထုပ်တန်းအပေါ်ဆီက တစ်စုံတစ်ရာ ပြုတ်ကျလာတဲ့အသံက ကျယ်လောင်စွာ။
ဒီအသံကြောင့် အရှင်ဓမ္မသီလ လန့်ပြီးတောင် အော်မိလိုက်ရဲ့။ အသံက သူကျိန်းစက်ရာ အိပ်ရာ ခြေရင်းဘက် မလှမ်းမကမ်းက ထွက်လာတာရယ်။
မှန်အိမ်ကို မီးစာတင်ပြီး အရှင်ဓမ္မသီလ အသံလာရာကို လှမ်းကြည့်လိုက်တယ်။ ခြေရင်းဘက်မှာ ဟာလာဟင်းလင်း၊ ဘာမှရှိမနေဘူး။
” ကြောင်တွေဘာတွေ ခုန်ချတာပဲ ဖြစ်မှာပါ…”
စိုးရွံ့စိတ်၀င်နေမိတဲ့ ကိုယ့်ကိုယ်ကို အရှင်ဓမ္မသီလ ပြန်နှစ်သိမ့်မိလိုက်တယ်။ မှန်အိမ်ကို မီးစာချပြီး ခေါင်းအုံးဆီကို အသာခေါင်းတင်လို့ ပြန်လည်မှေးစက်ဖို့ ကြိုးစားလိုက်တယ်။
မကြာပါဘူး။
ကြွလာခဲ့စဉ်တုန်းက လမ်းခရီးတာ တစ်ပါတ်ကာလကို ကြုံသလို၊ ဖြစ်သလိုသာ ဖြတ်သန်း၊ ကျိန်းစက်ခဲ့ရတာမို့ ပင်ပန်းခဲ့ရတဲ့ဒဏ်တွေက အရှင်ဓမ္မသီလကို ချက်ချင်းပဲ ပြန်လည်ကျိန်းစက်သွားစေတော့တယ်။
*******
” ဖျပ်…ဖျပ်…ဖျပ်…ရှပ်…ရှပ်…”
ခြေရင်းဆီမှာ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေတဲ့ သက်တော်ကြီးကြီး ဘုန်းကြီးတစ်ပါး။
ဘုန်းကြီးရဲ့ ပုံသဏ္ဍာန်က ပိန်လှီလှီ၊ ပါးလျှလျှ။ ပြီးတော့ သင်္ကန်းရုံပုံကလည်း ဖရိုဖရဲနဲ့။ သင်္ကန်းမှာလည်း အစွန်းကွက်တွေက ထင်းလို့ရယ်။
အခုမှ ကျောင်းအသစ်ကို ကျောင်းထိုင်အဖြစ်ဖြင့် တာ၀န်ပေးအပ်ခံရတာမို့ ရောက်လာရတဲ့ အရှင်ဓမ္မသီလခမျာ ဒီဘုန်းကြီးကို ကြည့်ပြီး အိပ်မက်လိုလို၊ တကယ်လိုလိုရယ်။ အလွယ်အားဖြင့် စိတ်မှာတွေးမိနေတာက ဒီကျောင်းကြီးဆီမှာ စောကတည်းက ရှိနှင့်နေတဲ့ ကိုယ်တော်တစ်ပါးလို့ ထင်မိပေါ့။
သုံးခေါက်မြောက်မှာတော့ လမ်းလျှောက်နေတဲ့ ဘုန်းကြီးက ခြေလှမ်းရပ်ပြီး အရှင်ဓမ္မသီလဆီကို လည်ပြန်ကြည့်လာတယ်။
” ဟာ…”
အရှင်ဓမ္မသီလရဲ့ ခန္ဓာကိုယ်တစ်ခုလုံး သွေးလေတွေ ခြောက်ခြားသွားရရဲ့။
ဘုန်းကြီးရဲ့ မျက်နှာက သွေးဆုပ်ဖြူလျော်နေပြီး ပါးဆက်နားဆက်တွေကျလို့ အတွင်းက အရိုးတွေက ငေါထနေတယ်။ ချိုင့်နေတဲ့ မျက်တွင်းအောက်က မျက်၀န်းတွေက ပြူးကြောင်ကြောင်ဖြစ်နေပြီး မြင်ရတာ တကယ့်ကို ထိတ်လန့်ဖွယ်ရာ။ အကြည့်တွေကတော့ အဓိပ္ပါယ်ဖွင့်ဆိုရ ခက်ခက်ရယ်။
” ဟမ်း…”
ဒေါသသံလား၊ ချောင်းဟန့်သံလညး မသဲကွဲဘူး။
ဒီအသံကို ပြုပြီးတာနဲ့ အဲ့ဒီ့ဘုန်းကြီး နေရာကနေ လှည့်ထွက်ပြီး ကျောင်းအောက်ကို ဆင်းသွားတော့တာရယ်။
ဒီတော့မှ အရှင်ဓမ္မသီလစိတ်ထဲ ဒီကျောင်းတိုက်ကြီးဆီမှာ သူတစ်ပါးထဲရယ်လို့ အသိ၀င်လာရတော့တာ။
******
မနက်စောစောအချိန်…။
ဘုရား၀တ်တက်ပြီး အာရုံဆွမ်းကပ်လာမယ့် တကာတို့ကို စောင့်နေရင်း မနေ့က ခရီးရောက်မဆိုက်စဉ်က ဖြစ်ပျက်ခဲ့တာကို အရှင်ဓမ္မသီလ ပြန်စဉ်းစားမိနေတယ်။
သူ ဒီရွာဆီကို ခြေချမိချိန်က ညနေစောင်းအချိန်ရယ်။
ရွာသူရွာသားတို့က သူ့ကို၀မ်းသာအယ်လဲကြိုဆိုကြပြီး သူကြီးအိမ်ဆီကို လိုက်ပို့ကြတယ်။
သူကြီးကလည်း သူ့ကို ၀တ်ပြုဦးခိုက်လို့ အိမ်ဦးခန်းမှာ နေရာထိုင်ခင်းပေးပြီး ခရီးဦးအကြိုပြုခဲ့ရဲ့။
သူက ဒီအထက်မင်းလှရွာကျောင်းမှာ ကျောင်းထိုင်ဘုန်းကြီး မရှိတာကြာပြီမို့ သွားရောက်ကျောင်းထိုင်ပေးဖို့ တာ၀န်ပေးအပ်တာကိုခံရပြီး မန္တလေးကနေ ဒီခေါင်ဖျားတဲ့ နေရာဆီကို အဆင်ပြေသလို အကြုံတစ်လှည့်၊ ခြေကျင်တစ်လှည့်နဲ့ စုန်ဆင်းပြီးလာခဲ့ရတာ။
ခရီးပန်းတိုင်ဆီ ရောက်ခဲ့ပြီဆိုတော့ ခရီးစဉ် တစ်လျှောက်နွမ်းခဲ့ရတဲ့ သူ့စိတ်ကို ဒုန်းဒုန်းချမိလိုက်တယ်။ စိတ်ကို လျော့တော့ ကိုယ်ကပါ လျော့လာရော။
ခန္ဓာတစ်ခုလုံး နုန်းချပြီး ကျောချခေါင်းပြား နားချင်လာတယ်။ သူကြီးကို ကျိန်းစက်ဖို့ စီစဉ်ထားသလားမေးတော့ သူကြီးက သူ့အိမ်မှာပဲ နေရာထိုင်ခင်း စီစဉ်ပေးမယ်ဆိုလာရဲ့။
ဒါက သူ့စိတ်ကို အဆင်မပြေစေဘူးရယ်။ ရဟန်းတစ်ပါး ကျောင်းရှိပါရက်နဲ့ တကာအိမ်မှာ တည်းရမယ်ဆိုတာ ဝိနည်းတော်နဲ့ မညီသလို ခံစားမိရတယ်။
ဒီတော့ သူကျောင်းကိုပဲ လိုက်ပို့ဖို့နဲ့ ကျောင်းတိုက်မှာပဲ ကျိန်းစက်လိုကြောင်း ပြောခဲ့တယ်။
သူ ဒီလိုပြောတော့ သူကြီးအပါအ၀င် ရွာသားတို့ မျက်နှာပျက်သွားကြရဲ့။ ဒါပေမယ့် သူ့ကို စိတ်ကြည်သာစေချင်တဲ့ သူကြီးက အဆင်ပြေအောင် စီစဉ်ပေးပါ့မယ် ပြောလာပြီး သူနဲ့အတူ အဖော်လိုက်ပေးဖို့ ရွာသားတို့ကို ကာလသားတချို့စီစဉ်ပေးဖို့ ပြောလာတယ်။ သို့ပေမယ့် အားလုံးက စီစဉ်ပေးဖို့ကို တွန့်ဆုတ်ဆုတ်နဲ့။
သူ ခေါင်းခါရမ်းမိတယ်…။
သူ့အတွက် ဘယ်သူ့ကိုမှ မလိုအပ်ပါဘူး။ ဒီကျောင်းကြီးက သူ့အနေနဲ့ ကျောင်းထိုင်အဖြစ် တစ်ဘ၀တာ ခေါင်းချရာနေရာတောင် ဖြစ်လာတော့မယ့်ဟာ။
ဒီတော့ သူတစ်ပါးထဲသာ ကျိန်းစက်လိုကြောင်း သူကြီးကို ပြောပြီး ကျောင်းတိုက်ဆီကို လိုက်ပို့စေခဲ့တယ်။
ရွာသားတို့က အမြန်အဆန်ပဲ ကျောင်းကြီးကို သန့်ရှင်းရေးလုပ်ပေးကြပြီး သူ့အတွက် ကျိန်းစက်ရာ စီစဉ်ပေးတယ်။
ပြီးတော့ အနားယူချင်နေတဲ့ သူ့ကို အားနာတာကြောင့် အားလုံး ပြန်သွားခဲ့ကြရဲ့။
ရွာသားတွေ ပြန်သွားချိန်မှာ အားလုံးရဲ့ မျက်နှာက မသာမယာဖြစ်နေတာကို သူသတိထားမိခဲ့တယ်။ ကိုယ်ကလည်း နွမ်းလာလို့ အနားယူချင်မိနေတာကြောင့် ဘာကြောင့်ရယ်ဆိုတာကို မမေးမိလိုက်ပါဘူး။
အခုတော့ ရေးတေးတေး သူတွေးမိနေရပြီ။ ဒီကျောင်းတိုက်ကြီးနဲ့ ပက်သက်လို့ ထူးခြားမှု တစ်စုံတစ်ရာ ရှိနေလောက်ရဲ့။
ဘာအကြောင်းဖြစ်နိုင်ပေမလဲ…။
ရွာသားတို့ ရောက်လာချိန် မမေးမြန်းဖို့ သူ တေးထားမိလိုက်တယ်။
******
” အရှင်ဘုရား ညတုန်းက ချမ်းသာစွာ ကျိန်းစက်ခွင့် ရပါရဲ့လား ဘုရား…”
အာရုံဆွမ်း ဘုန်းပေးအပြီး သူကြီးက ၀တ်ပြုပြီး လျှောက်တင်လာတယ်။
ဥူးဇင်းလေး ခေါင်းကို မညိတ်မိသလို၊ ခေါင်းလည်းမခါမိပါဘဲ…။
” ကောင်းမွန်စွာနဲ့တော့ ကျိန်းစက်ရပါတယ်။ ဒါပေမယ့် ညကတော့ အိပ်မက်လိုလို၊ တကယ်လိုလိုနဲ့ ဘုန်းကြီးတစ်ပါးကို မြင်မိရတယ်…”
အရှင်ဓမ္မသီလရဲ့ မိန့်ကြားမှုအဆုံး သူကြီးရော ဆွမ်းကပ်လာကြသူတွေပါ ကွက်ခနဲ မျက်နှာပျက်သွားကြတယ်။
” ဒါကိုပဲ အကြောင်းပြုလို့ ကိုယ်တော်တွေးမိနေတာ။ တကာကြီးတို့ ဒီကျောင်းကြီးနဲ့ ပက်သက်ပြီး အတိတ်က ဘာတွေဖြစ်ခဲ့သလဲ၊ နောက်ပြီး အခုကော ဘာတွေကြုံနေရလဲဆိုတာ ကိုယ်တော့်ကို အသိပေးဖို့တော့ လိုပြီရယ်…”
” တင်ပါ့ဘုရား…”
သူကြီးက ခေါင်းသာညိတ်တယ်။ ပြောဖို့တော့ ခက်နေရပုံပဲ။ ဒါကို အရှင်ဓမ္မသီလက သတိထားမိရတော့…။
” ရပါတယ် တကာကြီး။ ကိုယ်တော့်ကို အမှန်အတိုင်းပြောပြပါ။ အနာသိမှ ဆေးရှိမှာ အမှားသိမှ အမှန်ရှိမှာ…”
” တင်ပါ့ဘုရား…တပည့်တော် အရှင်ဘုရားကို မနေ့တုန်းက မပြောမိတာအတွက် ခွင့်လွှတ်ပေးပါလို့ အရင်ဦးဆုံး လျှောက်တင်ပါရစေဘုရား…”
” ရတယ် တကာကြီး။ ကိုယ်တော် နားလည်ပါတယ်…”
” တင်ပါ့ဘုရား…အဓိကကတော့ မနေ့တုန်းက ခရီးရောက်မဆိုက်မှာ ဒီအကြောင်းကိုသာ အရှင်ဘုရားကို လျှောက်တင်လိုက်ရင် အရှင်ဘုရား ခရီးပန်းလာတာကို ရောက်ရောက်ချင်း ဆောက်နဲ့ ထွင်းသလို ဖြစ်မှာစိုးလို့ပါ။ ပြီးတော့ တပည့်တော်တို့စိတ်ထဲ အရှေ့ရှေ့က ကျောင်းထိုင်ဖို့လာတဲ့ ကိုယ်တော်တွေလို ဒီအကြောင်းသိတာနဲ့ ပြန်ပြေးသွားမှာကို စိုးရိမ်တာလည်း ပါပါတယ် ဘုရား…”
” အို…ရပါတယ် တကာကြီးရယ်။ ကိုယ်တော်က ဒီကို ခြေကြွပြီဆိုကတည်းက တစ်သက်တာလုံး ခေါင်းချမှေးပျော်ဖို့အထိ ဆုံးဖြတ်ထားခဲ့တာပါ…ပြောစရာရှိတာသာ ရဲရဲတင်းတင်းပြောပါ…”
အရှင်ဓမ္မသီလက ပြတ်ပြတ်သားသားပြောတော့မှ သူကြီးက စိတ်ကို ဒုန်းဒုန်းချလိုက်နိုင်တဲ့ဟန်နဲ့…။
” ဒီလိုပါဘုရား…ဒီကျောင်းတိုက်ကြီးဆီမှာ နောက်ဆုံးကျောင်းထိုင်ခဲ့တဲ့ ဆရာတော်က လွန်ခဲ့တဲ့ သုံးနှစ်က ခရီးတစ်ခုက ပြန်လာလာချင်း ရေချိုးရာက အပူရှပ်ပြီး ကောက်ကာငင်ကာ ပျံလွန်ခဲ့တာပါ။ အဲ့ဒီ့လို ပျံလွန်ပြီးနောက်ပိုင်းမှာတော့ မကျွတ်မလွတ်ဖြစ်ပြီး ကျောင်းကြီးဆီမှာ ခြောက်တာလှန့်တာတွေဖြစ်လာတယ်။ အဲ့ဒီ့နောက်ပိုင်း ကျောင်းထိုင်အဖြစ် ကြွလာတဲ့ ကိုယ်တော်တွေကိုလည်း ကိုယ်ထင်ပြ ခြောက်လှန့်တာမျိုးတွေ ရှိလာတော့ မနေရဲကြတော့ဘဲ အားလုံး ပြန်ကြွပြေးကုန်ကြပါတယ်ဘုရား။ ကျောင်းတိုက်ကြီးဆီမှာ အလှူအတန်းလုပ် အမျှအတန်းပေဝေခဲ့ပေမယ့်လည်း မထူးခြားခဲ့ဘူး။ နှင်ထုတ်မယ်ဆိုလုပ်ပြန်တော့လည်း ဘုန်းကြီးတစ္ဆေဆိုတော့ ခက်ရချေရဲ့။ လာသမျှ ဘုန်းကြီး၊ ပယောဂဆရာ ပေါင်းစုံနေပါပြီ။ ဘာမှမထူးခြားမလာဘူး။ အခုဆိုရင်တော့ အရှင်ဘုရားမတိုင်ခင်အထိကို ကျောင်းထိုင် ၈ ပါးတိတိ ရောက်လာခဲ့ပြီး မမြဲခဲ့တာပါ။ ဒါကြောင့် တပည့်တော်တို့ ကျောင်းမြဲမယ့် ဆရာတော်တစ်ပါးကို အမြဲတမ်း မျော်လင့်တောင့်တနေကြရတာပါ။ အရှင်ဘုရား ရောက်လာတော့…”
သူကြီးက စကားကို ရှေ့မဆက်တော့…။
အရှင်ဓမ္မသီလက သက်ပြင်းကို အသာချမိပြီး…။
” အင်း ကြားရတာတော့ အဲ့ဒီ့ကိုယ်တော်အတွက် စိတ်မကောင်းစရာပဲ…”
” တင်ပါ့ဘုရား…သက်တော်ထင်ရှားရှိနေစဉ်က တကယ့်ကို ကြည်ညိုဖွယ်အဆင်းနဲ့ ပြည့်စုံပြီး ရပ်ရွာအကျိုး၊ သာသနာအကျိုးအတွက် စွမ်းစွမ်းတမံ သယ်ပိုးပေးခဲ့တဲ့ ဆရာတော်ပါ။ အခု ပျံလွန်ပြီးနောက်တော့ ဘာကြောင့် အခုလို မကျွတ်မလွတ် ဖြစ်နေရသလဲဆိုတာတော့ တပည့်တော်တို့လည်း မတွေးတတ်အောင်ပါပဲ…”
” အင်းလေ…ဘာပဲဖြစ်ဖြစ် သူ့ဘ၀က သနားစရာကောင်းလှပါတယ်။ တကာကြီးတို့တော့ စိတ်ချလိုက်ပါ။ ကိုယ်တော် ဒီကျောင်းကြီးကနေ ရှောင်ပြေးဖို့ မစဉ်းစားပါဘူး။ အရှေ့ရှေ့က ကျောင်းထိုင်ဆရာတော်လိုပဲ ရပ်ရွာအကျိုး၊ သာသနာအကျိုးကို ထပ်တူကျလုမဟုတ်ရင်တောင် နီးစပ်လုမက ကြိုးစားထမ်းဆောင်ပါ့မယ်လို့ တကာကြီးတို့ကို ကတိပေးပါတယ်…”
အရှင်ဓမ္မသီလရဲ့ မိန့်ကြားမှုကြောင့် သူကြီးရော ရွာသားတို့ပါ ၀မ်းသာသွားကြတယ်။
အဲ့ဒီ့အခိုက်အတန့်နဲ့ ထပ်တူပါပဲ…။
ကျောင်းတိုက်ကြီးရဲ့ ခေါင်ဖျားဆီက ” ဒုန်း…ဝုန်း…” ဆိုတဲ့ တစ်စုံတစ်ရာကြောင့် ြဖစ်ပေါ်လာတဲ့ အသံကျယ်ကြီး ထွက်ပေါ်လာခဲ့လေရဲ့…။
******
အရှင်ဓမ္မသီလ ဒီအထက်ကံလှ ကျောင်းတိုက်ကြီးဆီမှာ ကျောင်းထိုင်နေတာ တစ်ပါတ်ပြည့်ခဲ့ပြီ။
ဒီအတောအတွင်း မကျွတ်မလွတ်သေးတဲ့ ကိုယ်တော်ရဲ့ ကိုယ်ထင်ပြ ခြောက်လှန့်မှုတွေကလည်း မကြာခဏဆိုသလိုပဲ။
ဘုရား၀တ်တက်ချိန် အနောက်မှာ ကပ်ထိုင်ပြီး လိုက်ရွတ်တာမျိုးတွေ၊ နောက်ပြီး ပထမဦးဆုံးညကလို ညဘက် လမ်းလျှောက်ပြီး ကိုယ်ထင်ပြတာမျိုးတွေ၊ တစ်ခါတစ်ခါ နေ့လည်နေ့ခင်းဘက်ကတောင် ကျောင်းခေါင်ထုပ်တန်းကနေ ခုန်ချသံကြီးကြားရတာမျိုးတွေရယ် စုံလို့ပါပဲ။
အရှင်ဓမ္မသီလကတော့ ကိုယ့်သီလကိုသာ မြဲမြံအောင် စောင့်ထိန်းရင်း ဘာ၀နာမပျက်အောင် ရှုမှတ်ပွားများရင်းပဲ ထိတ်လန့်စိတ်ကို ပါယ်ရှားဆောက်တည်နေတယ်။
နောက်တစ်ခု ပြုနေမြဲဖစ်တာက ဘုရား၀တ်တက်ပြီးချိန်တိုင်း မကျွတ်မလွတ်သေးတဲ့ ဆရာတော်ဆီကို ရည်မှန်းအမျှပေးဝေတယ်။
ဒါပေမယ့် တစ်ဖက်က သာဓုခေါ်ဆိုတာမျိုးတော့ ရှိမလာခဲ့ဘူး။ ခြောက်လှန့်မှုတွေကတော့ အရင်အတိုင်း ရှိနေဆဲပဲ…။
တစ်ခုသော နေ့လည်မှာတော့…။
ကျောင်းတိုက်ကြီးဆီကို ယောဂီ၀တ်ကိုယ်စီဆင်မြန်းထားတဲ့ လူကြီးတစ်ဦးနဲ့ ကလေးငယ်နှစ်ဦးရောက်လာခဲ့တယ်။
” အရှင်ဘုရား…တပည့်တော်နာမည်က ဦးသိဒ္ဒိပါ။ ဒီက ကလေးနှစ်ယောက်ကတော့ ဒိုးညီနောင်လို့ ခေါ်ပါတယ်ဘုရား…”
ဦးသိဒ္ဒိက အရှင်ဓမ္မသီလကို ၀တ်ပြုပြီးနောက် လျှောက်ထားတာ။
” အင်း…ကိုယ်တော်မှတ်ထားပါ့မယ်။ ဒါနဲ့ တကာကြီးတို့ ဒီကို လာရင်းကိစ္စက…”
” တင်ပါ့ဘုရား…လျှောက်တင်ရရင်တော့ တပည့်တော်တို့က ဂန္ဓာရီခရီးသွား နေကြသူတွေရယ်ပါ။ အခု…သွားရင်းလာရင်း ကြုံကြိုက်ချိန်မှာ အထက်ကနေ ဒီကျောင်းမှာ မကျွတ်မလွတ်ဖြစ်နေတဲ့ ဆရာတော်ရှိနေတဲ့အကြောင်းနဲ့ သူ့ကို ဒီဘ၀ကနေ လွတ်မြောက်အောင် ကူညီပေးဖို့ စေလာခဲ့ပါတယ်။ ဒါကြောင့်…တပည့်တော်တို့ ဒီကို ရောက်လာခဲ့ကြရတာပါ…”
အရှင်ဓမ္မသီလ အလွန်အံ့သြသွားရတယ်။
သူစိတ်အရင်းခံအတိုင်း ပြောရမယ်ဆိုရင် ဘဝြခားက ဆရာတော်ကို ဒီဘ၀မှာ ငြိတွယ်နေတာအတွက် အတော့်ကို စိတ်မကောင်းဖြစ်နေရတာ။
လွတ်ကျွတ်အောင် ဆောင်ကြဉ်းဖို့အလိုငှါ သူ့အနေနဲ့ အမျှအတန်းဝေပေးပြန်တော့လည်း တစ်ဖက်က သာဓုမခေါ်။ ဆရာတော်မကျွတ်လွတ်နိုင်သေးတာ စွဲလန်းစိတ်တစ်ခုကြောင့်ရယ်လို့ သူထင်နေမိရဲ့။ ဒီလို စွဲလန်းမှုကြောင့်သာဆိုရင်တော့ သူဘက်က မတတ်နိုင်တဲ့ အခြေအနေရယ်လေ။
” ကိုယ်တော့်အထင်ပြောရရင်တော့ အခုဆရာတော်ဟာ တို့ရဲ့ မြတ်ဗုဒ္ဓသက်တော်ထင်ရှားလက်ထက်က ရဟန်းဘ၀က ပျံလွန်ပြီး သင်္ကန်းကို စွဲလန်းတဲ့စိတ်ကြောင့် နတ်ပြည်မသွားရခင် ခုနှစ်ရက်တာ သန်းပြိတ္တာကြီးအဖြစ် သင်္ကန်းမှာ ကပ်တွယ်နေခဲ့ရတဲ့ တဿရဟန်း အကြောင်းလိုမျိုးလို့တောင် အထင်ရှိမိရတယ်။ ကဲပါ…တကာကြီးတို့ကသာ တကယ်စွမ်းနိုင်လို့ ဆရာတော်အတွက် ကူညီပေးနိုင်မယ်ဆိုရင်တော့ ကိုယ်တော်ကတော့ သူ့အတွက် တကယ့်ကို ၀မ်းသာမိပြီး သာဓုခေါ်ပေးနေမှာပါ။ တကာကြီးတို့ လုပ်စရာရှိတဲ့အတိုင်းလုပ်ပါ၊ ကိုယ်တော်ခွင့်ပြုပါတယ်…”
” တင်ပါ့ဘုရား…ဒါဖြင့်ရင်တော့ တပည့်တော်တို့ ဒီကျောင်းမှာ တစ်ညတာတည်းခိုပြီး ပြုဖွယ်ရာတွေ လုပ်ဆောင်ပါ့မယ်ဘုရား…”
ဦးသိဒ္ဒိက အရှင်ဓမ္မသီလကို ကန်တော့လိုက်တယ်။
ဒိုးညီနောင်တို့လည်း ထိုနည်းတူတူ…။
******
ညက တိတ်ဆိတ်ငြိမ်သက်နေတယ်။
အထက်ကံလှရွာ ရွာဦးကျောင်းတိုက်ကြီးဆီမှာတော့ အမှောင်ထုက ပိန်းပိတ်လို့ရယ်။
တဖြေးဖြေးနဲ့ ညဉ့်နက်ချိန်ကို ရောက်လာခဲ့ပြီ။
အဲ့ဒီ့အချိန် ဒိုးညီနောင်နဲ့ ဦးသိဒ္ဒိကတော့ ကျောင်းတိုက်ကြီးရဲ့ သံဃာစင်အောက်ခြေနေရာ ကြမ်းပြင်မှာ ဖျာခင်းလို့ တရားထိုင်နေခဲ့ကြတယ်။
အရှင်ဓမ္မသီလကတော့ ဘုရား၀တ်ပြု တရားထိုင်ချိန်ပြည့်ခဲ့ပြီမို့ အိပ်ရာဆီမှာ ကျိန်းစက်နေခဲ့ပြီ။
” ဒုန္း…”
ထုံးစံအတိုင်း ကျောင်းထုပ်တန်း ခေါင်ဖျားဆီက ခုန်ချလာတဲ့အသံ။
” လူလေးတို့ ဘဘဖွင့်ပေးထားတဲ့ မျက်စိကို စိတ်ညွတ်ပြီး ခန္ဓာမလှည့်ဘဲ စိတ်မှန်းနဲ့ လှည့်ကြည့်လိုက်…”
နားထဲမှာ ပဲ့တင်လာတဲ့ ဦးသိဒ္ဒိရဲ့ အသံကြောင့်ဒိုးညီနောင်တို့ စိတ်ညွတ်ပြီး လှည့်ကြည့်လိုက်ကြတယ်။
” ဟင်…”
နှစ်ယောက်စလုံးဆီက ထွက်ပေါ်လာတဲ့ အာမေဋိတ်။ ပိန်လှီပြီး အရိုးခေါက်ခက်ဖြစ်နေတဲ့ ခန္ဓာကိုယ်မှာ အစွန်းကွက်တွေအထပ်ထပ်နဲ့ ညစ်ထေးနေတဲ့ သင်္ကန်းကို ဖရိုဖရဲ ရုံထားတဲ့ ဘုန်းကြီးတစ်ပါး။
” အဲ့ဒါ ဘုန်းကြီးတစ္ဆေပဲ လူလေးတို့။ အခု သူ ညနေက ဘဘတို့ စည်းအရှင် စီရင်ထားတဲ့နေရာကို ကွက်တိခုန်ချလာခဲ့တာ။ သူလှုပ်တာနဲ့ စည်းက ကျဉ်းလာပြီး သူ့ကို ချုပ်နှောင်သွားလိမ့်မယ်…”
ညနေက ဦးသိဒ္ဒိ အဲ့ဒီ့နေရာမှာ မသိမသာစည်းချနေတာကို ဒိုးညီနောင်တို့ သိထားတယ်။
သူတို့ ကြည့်နေကြတုန်းမှာပဲ ဘုန်းကြီးတစ္ဆေက သူတို့ကို အာရုံမစိုက်၊ အရှင်ဓမ္မသီလဘက်ကို လှည့်ကြည့်ပြီး ခြေလှမ်းဖို့ လုပ်လိုက်တယ်။
” ဖြန်း…ဖန်း…ဖန်း…”
စည်းဝိုင်းဆီကနေ မီးတောက်တွေ ထလာခဲ့တာ။ ပြီးတော့ စည်းက နဲနဲကျဉ်းသွားခဲ့တယ်။
ရုတ်တရက် ထင်မှတ်မထားတာမို့ ဘုန်းကြီးတစ္ဆေလန့်ဖျပ်သွားတယ်။ ပြီးတော့ တဒင်္ဂအံ့သြသွားဟန်နဲ့ ငြိမ်သက်သွားပြီး ချက်ချင်းဆိုသလိုပဲ ဒေါသအမျက်ထွက်လာဟန်နဲ့ သူတို့သုံးယောက်ဆီ လှမ်းကြည့်လာတယ်။
ပြီးတော့ ဒေါသတကြီးနဲ့ ပြေးခုန်လာဖို့ လုပ်လိုက်တယ်။
” ဖန်း…ဖန်း…ဖန်း…”
စည်းက နဂိုထက် ကျဉ်းသွားခဲ့ပြန်ပါပြီ။ ဘုန်းကြီးတစ္ဆေက အံ့သြစိတ်နဲ့ စည်းနေရာကို ကြည့်တယ်။ ပြီးတော့ ထပ်ပြီးခုန်ဖို့ လုပ်လိုက်တယ်။
” ဖန်း…ဖန်း…ဖန်း…”
ဒီတစ်ကြိမ်တော့ စည်းဝိုင်းက မီးတောက်ပြီးတာနဲ့ သိသိသာသာကိုပဲ ရွေ့လျား ကျဉ်းမြောင်းသွားခဲ့ပြီး ဘုန်းကြီးတစ္ဆေကို ပချုပ်တစ်ခုလို ချုပ်နှောင်လိုက်တော့တာ။
ဘုန်းကြီးတစ္ဆေခမျာ အချုပ်အနှောင်ကြောင့် ရုန်းမရပြုမရနဲ့ တောင့်တောင့်ကြီးဖြစ်လို့ရယ်။
” ကဲ လူလေးတို့။ တရားဖြုတ်ပြီး ဘုန်းဘုန်းကို သွားနှိုးချေ…”
ဒိုးညီနောင်တို့ တရားဖြုတ်ပြီး အရှင်ဓမ္မသီလကို နှိုးလိုက်တယ်။
အရှင်ဓမ္မသီလခမျာ ကျိန်းစက်ရာက နိုးနိုးချင်း ကျောင်းထိုင်ဟောင်း ဘုန်းကြီးတစ္ဆေရဲ့ အဖြစ်ကို မြင်တော့ အံ့သြမင်သက်သွားခဲ့ရဲ့။
” အရှင်ဘုရား…ဘာကြောင့်လဲဆိုတာ ဒီက ကိုယ်တော်ကို အရှင်ဘုရားကိုယ်တိုင်ပဲ မေးချေပါ ဘုရား…”
တရားဖြုတ်လာတဲ့ ဦးသိဒ္ဒိရဲ့ စကား။
အရှင်ဓမ္မသီလကတော့ ဦးသိဒ္ဒိရဲ့ လျှောက်တင်မှုအတိုင်း ကျောင်းထိုင်ဟောင်း ဘုန်းကြီးတစ္ဆေကို မေးမြန်းဖို့ ဟန်ပြင်လိုက်ပါတော့တယ်။
*******
” ဆွမ်းစားကျောင်းဆောင်ရဲ့ အောက်က စဉ့်အိုးထဲမှာ ငါ့ရဲ့ ပစ္စည်းတွေရှိတယ်…”
အရှင်ဓမ္မသီလရဲ့ မေးမြန်းမှုအဆုံး ဘုန်းကြီးတစ္ဆေဆီက အက်ရှရှအသံနဲ့ ပြောလာတဲ့စကား။
” ဒီပစ္စည်းတွေက ငါ အမွေရလို့ ကျောင်းမှာ သိမ်ဆောက်မယ်ရည်ရွယ်ပြီး သွားယူခဲ့တာ။ ပြန်ရောက်ရောက်ချင်း ပစ္စည်းတွေကို သူခိုးသူဝှက်ရန်က လုံအောင် သိုဝှက်ပြီး ခရီးပန်းတာကြောင့် ငါ ရေချိုးမိတယ်။ ငါ့ရဲ့ ဒီအမှားကြောင့်ပဲ ရုတ်တရက်ကြီး ပျံလွန်ခဲ့ရတယ်။ ပျံမလွန်ခင် ငါ့ပစ္စည်းတွေကို စွဲလန်းခဲ့ရတဲ့ လောဘစိတ်၊ သူခိုးသူဝှက်ရန်က ကြောက်တဲ့ သောကစိတ်ကြောင့်ပဲ ငါ ဒီဘ၀ကို ရောက်နေရတာ။ ဒီနောက်ပိုင်း ကျောင်းထိုင်တွေ ရောက်လာတော့ ငါ ပေးအပ်ပြီး သိမ်ဆောက်ဖို့ အကူအညီတောင်းမယ် စိတ်ကူးမိသေးတယ်။ ဒါပေမယ့် သူတို့ကို ငါမယုံရဲခဲ့တာကြောင့် ခြောက်လှန့် စမ်းသပ်ကြည့်တယ်။ သူတို့ပြေးတယ်။ ဒီကကိုယ်တော် ရောက်လာတယ်။ ရောက်ကတည်းက ငါသိလိုက်တယ်။ ဒီကိုယ်တော်က သံဃာစစ်စစ်၊ သီလသိက္ခာ အဖြာဖြာနဲ့ပြည့်စုံသူလို့။ ဒါပေမယ့် ငါ သူ့ကိုလည်း စမ်းသပ်ဖို့လိုတာကြောင့် စမ်းသပ်တယ်။ သူ မထိတ်မလန့်ဘူး။ ရွာနဲ့ ကျောင်းကို ပစ်မသွားခဲ့ဘူး။ ဒီကိုယ်တော်ကို ငါယုံကြည်လိုက်ပြီ။ ဒီပစ္စည်းတွေကို သိမ်ဆောက်ပြီး လှူဒါန်းဖို့ ကိုယ်တော့်ဆီ တပည့်တော်အပ်ပါတယ်။ သိမ်အတွက် ရေစက်ချ တရားနာပြုလုပ်ချိန်မှာ တပည့်တော်ကို အမျှအတန်းပေးဝေပေးပါ…”
ဘုန်းကြီးတစ္ဆေရဲ့ စကားက တောင်းဆိုမှုနဲ့ အဆုံးသတ်သွားခဲ့တယ်။ အရှင်ဓမ္မသီလက…
” အင်း…ကိုယ်တော် အခုလို မကျွတ်မလွတ်ဖြစ်နေတယ်ဆိုကတည်းက စွဲလန်းမှုတစ်ခုကြောင့်ရယ်လို့ တပည့်တော်လည်း ထင်မိပါတယ်။ ကိုယ်တော် စိတ်ချပါ။ ကိုယ်တော့်ရဲ့ ပစ္စည်းတွေကို မချွင်းမချန်ဘဲ အသုံးပြုပြီး သိမ်အလှူ အထမြောက်အောင် တပည့်တော် ဆောင်ရွက်ပေးပါ့မယ်…”
ဘုန်းကြီးတစ္ဆေ ၀မ်းသာသွားတယ်။ ပြီးတော့…
” အရှင်ဘုရားရဲ့စကားကို တပည့်တော် ယုံကြည်ပါတယ်။ ၀မ်းလည်း သာမိပါတယ်။ တပည့်တော်လည်း ဒီကနေ နောက်ပိုင်းကာလတွေမှာ ဘယ်သူ့ကိုမှ ထိတ်လန့်အောင် မပြုမူတော့ပါဘူးလို့ ကတိပေးပါတယ်…”
အရှင်ဓမ္မသီလက ၀မ်းသာစွာနဲ့ ခေါင်းညိတ်တယ်။
ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့လည်း ကျေနပ်ပီတိဖြစ်ကြပြီး အပြုံးကိုယ်စီနဲ့။
” ဒီက ကိုယ်တော့်ကို တပည့်တော် စည်းပြန်ဖြေပေးပါ့မယ်…”
ဦးသိဒ္ဒိက အချုပ်အနှောင်ဖြေတဲ့ မန္တာန်ကို ခုနှစ်အုပ်အုပ်ပြီး စည်းကို ဖြေလျော့ပေးလိုက်တယ်။
အဲ့ဒီ့နောက်မှာတော့ အရိုးပေါ်အရေတင်၊ ပိန်လှီခေါက်ခက်ပြီး ကြောက်မက်ဖွယ်အဆင်းရှိတဲ့ ဘုန်းကြီးတစ္ဆေက ကျောင်းအလယ်ခေါင်က ခေါင်အတိုင်း အမိုးပေါ်ကို ပြန်တက်သွားခဲ့တော့တာ။
ဘုန်းကြီးတစ္ဆေပြောပြတဲ့အတိုင်း ဆွမ်းစားကျောင်းအောက်က စဉ့်အိုးဆီမှာ ရွှေတွေကို ထုပ်ထားတဲ့ အထုပ်ကို တွေ့ရတယ်။
အရေအတွက်က ပိဿချိန်တောင် ပြည့်လောက်မယ်ထင်ရရဲ့။
အရှင်ဓမ္မသီလက ဒါတွေအားလုံးကို ကြည့်ပြီး စိတ်ထဲက ကျောင်းထိုင်ဟောင်း၊ ဘုန်းကြီးတစ္ဆေဘဝရောက်နေတဲ့ နောင်တော်အတွက် သိမ်အလှူအထမြောက်စေရမယ်လို့ ကြွေးကြော်လိုက်မိတယ်။
ဒီကနေ နောက်တစ်နေ့ မနက်မှာတော့ ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ဟာ အရှင်ဓမ္မသီလကို ၀တ်ပြုနှုတ်ဆက်ပြီး အထက်ကံလှရွာဆီက ထွက်သွားကြတော့တာ။
*******
လ’အနည်းငယ် ကြာချိန်မှာတော့…။
အထက်ကံလှရွာရဲ့ ရွာဦးကျောင်းဆီမှာ ရဟန်းသံဃာ၊ လူသူလေးပါးတို့ စည်းကားဆုံမြိုက်နေကြတယ်။
ကျောင်းတိုက်ကြီးရဲ့ အရှေ့ဘက်ထောင့်ဆီမှာတော့ အရှင်ဓမ္မသီလရဲ့ ဦးစီးမှုနဲ့ အသစ်တည်ဆောက်ထားတဲ့ သစ်လွင်ခန့်ညားလွန်းလှတဲ့ သိမ်တော်အသစ်ကြီး။
အခု ကျောင်းတိုက်ကြီးဆီမှာ စည်ကားနေရတာကတော့ ဒီသိမ်အသစ်ကြီးကို လုပ်ရိုးလုပ်စဉ်တွေနဲ့အတူ တရားနာ၊ ရေစက်ချအလှူပြုတာရယ်။
မနက်ဘက်ကို အကျွေးအမွေးတွေနဲ့ ဧည့်ခံပေးလှူခဲ့ပြီး နေ့လည်ဘက်မှာတော့ သိမ်ရေစက်ချ အမျအတန်းပေဝေပါတယ်။
အမျှအတန်းဝေလို့ သာဓုခေါ်ဆိုချိန်ကျတော့ အများတကာရဲ့ အသံတွေထဲမှာမှ ထူးထူးခြားခြား အက်ရှရှအသံတစ်ခုပါနေတာကို အရှင်ဓမ္မသီလ သတိထားမိလိုက်တယ်။
ဒီကနေ ညဘက်ကိုရောက်လို့ အရှင်ဓမ္မသီလ ကျိန်းစက်ချိန်မှာတော့ အိပ်မက်ထဲမှာ နောင်တော်ဘုန်းကြီးတစ္ဆေကို တောက်ပတဲ့အ၀တ်အစားတွေ၀တ်လို့ ၀လင်ပြည့်ဖြိုးပြီး ရှုချင်စဖွယ်အဆင်းနဲ့ လာနှုတ်ဆက်တာကို အိပ်မက်လို တကယ်လို မြင်မက်မိတော့တာ။
*******
ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ အထက်ကံလှရွာက ထွက်ခဲ့ကြပြီး တစ်ပါတ်ခန့်အကြာမှာတော့ ပိတောက်ကန်ဆိုတဲ့ ရွာဆီကို ရောက်ခဲ့ကြပါတယ်။
သူတို့ရောက်သွားချိန် အဲ့ဒီ့ရွာဆီမှာ ထူးထူးဆန်းဆန်းကိုပဲ မြွေကိုက်လို့ သေဆုံးတဲ့ နာရေးသုံးခုနဲ့ ကြုံဆုံရရဲ့။
ဒီ သေဆုံးမှု အဖြစ်အပျက်တွေမှာ မရိုးမသား၊ အမှောင့်ပယောဂတွေပါနေတာကို ဦးသိဒ္ဒိ သတိထားမိလိုက်တယ်။
ဒီအကြောင်းကိုတော့ ” လောဘကြီးတဲ့ မြွေဆရာ” စာမူတွင် ဆက်လက်ရှုစားကြပါကုန်…။
နောင်ရိုး(ဆေးတပ်)