” ဘွားမယ်စိန်နှင့် ချောင်းထဲကတစ္ဆေကြီး ” (စ/ဆုံး)

” ဘွားမယ်စိန်နှင့် ချောင်းထဲကတစ္ဆေကြီး ” (စ/ဆုံး)

=================================

မြင်သာရွာသည် ချောင်းနံဘေး၌တည်ရှိ၏။

ချောင်းကလေးကိုအမှီပြုပြီး ငါးဖမ်းသည့်
တံငါသည်များရှိသလို…
လယ်လုပ်ငန်းဖြင့်အသက်မွေးကြသူများလည်း
ရှိပေသည်။ထိုသို့တစ်ရွာလုံး၏အားထားရာ
ချောင်းလေးမှာလည်းရာဇဝင်တစ်ခုရှိနေခဲ့၏။
ထိုရာဇဝင်မှာတခြားမဟုတ်..ချောင်း၌
ရေချိုးသူများထဲမှသုံးနှစ်ကိုတစ်ကြိမ်
လူတစ်ယောက်သေဆုံးတတ်ခြင်းပင်ဖြစ်သည်။
ထို့ကြောင့်ချောင်း၏နဂိုမူလကနာမည်ပင်
ပျောက်ကွယ်သွားပြီးထိုချောင်းကို
လူစားတဲ့ချောင်းဟုအများကခေါ်ကြသည်။
မည်သို့ပင်လူစားသည့်ချောင်းဟုအများကခေါ်ပါစေ
ထိုချောင်းရေကို မြင်သာတစ်ရွာလုံးရှိ
လူကြီးမှကလေးမကျန်ချိုးကြလေသည်။
ချောင်းရေထဲ၌ကူးခတ်ဆော့ကစားနေသော
ကလေးများမှာရေကူးတတ်ယုံတင်မက
ရေငုပ်သည်ကိုပါကျွမ်းကျင်ကြပေသည်။
ထိုသို့ဖြင့် တစ်ရက်၌…

အချိန်ကညနေစောင်းပြီဖြစ်သည်။
ချောင်း၏တစ်နေရာ၌အသက်ဆယ်နှစ်ကျော်အရွယ်ရှိ
ကလေးတစ်စုချောင်းရေ၌ကူးခတ်ကာ
ဆော့ကစားနေခဲ့ကြသည်။
ထိုကလေးအုပ်စုနှင့်မလှမ်းမကမ်းမှာကငါးဖမ်းနေသော
မိုးအောင်နှင့်ကိုသိန်းဆောင်တို့ရှိပေသည်။
ကလေးများကလည်းအချင်းချင်းစနောက်ကျီစယ်ရင်းဖြင့်
ဆော့ကစားနေခဲ့ကြသည်။
ဆော့ကစားနေရင်းထိုကလေးအုပ်စုထဲရှိ
အောင်စိုးဆိုသည့်ကလေးတစ်ယောက်၏
ခြေထောက်အားရေအောက်မှတစ်စုံတစ်ယောက်က
ရေနက်ပိုင်းအထိဆွဲချသွားလေသည်။
အောင်စိုးမှာရေအောက်ထိဆွဲချခံရသောကြောင့်
ရုန်းကန်ပါသော်လည်းအရာမထင်ခဲ့ပေ။
ရေအောက်မှကြောက်မက်ဖွယ်ရာပုံပျက်ပန်းပျက်လူကြီးသည်
အောင်စိုးကိုရုန်း၍မရစေရန်ဖက်တွယ်၍ထားခဲ့သည်။
အောင်စိုးခမျာရေမွှန်းသောကြောင့်
တဖြေး‌ဖြေးမျက်လုံးများမှိတ်သွားခဲ့တော့သည်။

“အောင်စိုး…ဟေ့အောင်စိုးမစနဲ့ကွ…
ပြန်ပေါ်ခဲ့တော့ …”

သူငယ်ချင်းတွေကအောင်စိုးကိုအော်၍ခေါ် ကြသည်။
စနောက်သည်ထင်သောကြောင့်အောင်စိုးကိုအော်ခေါ်နေကြခြင်းဖြစ်၏။
အတော်လေးကြာသည်အထိအောင်စိုးတစ်ယောက်ရေထဲမှ
ပြန်၍ပေါ်မလာ၍အောင်စိုး၏သူငယ်ချင်းများလည်း
ရေငုပ်ငအောင်စိုးကိုရှာဖွေကြတော့သည်။
ရေနက်ပိုင်းရေတိမ်ပိုင်းပါမကျန်ရှာဖွေကြပါသော်လည်း
အောင်စိုးကိုရှာမတွေ့ကြပေ။
ကလေးအုပ်စုလည်းလူကြီးများမသိစေရန်ကျိတ်
ရှာကြပါသော်လည်း
အောင်စိုးကိုမည်သို့မှရှာမတွေ့သောကြောင့်…

“ကယ်ကြပါဦး..ရေနှစ်နေလို့ပါ…
လာကွပါဦး…”

ဆိုပြီးကူပါ၊ကယ်ပါအကူအညီတောင်းကြတော့သည်။

“မိုးအောင်…ဟိုမှာကလေးတွေရေနစ်နေတယ်ကွ…”

လို့ကိုသိန်းဆောင်ကငါးဖမ်းနေရင်းကနေ
မိုးအောင်ကိုပြောတယ်ဗျ။
မိုးအောင်ကလည်း တစ်ချက်လှမ်းကြည့်ပြီး…

“နစ်ပါစေဗျာ…ဒီလောက်ကမြင်းကြောထနေကြတာ
သေလည်းအေးတာပဲ…”

ဟုပြောတော့ကိုသိန်းဆောင်က…

“မင်းကလည်းကွာ…
ဒီမှာ ငါ့ငါးမျှားတံကိုကြည့်ပေးထားဦး…
ငါသွားကူချေဦးမယ်…”

လို့ပြောပြီး…မိုးအောင်ကိုမှာထားခဲ့ပြီးထွက်သွားခဲ့သည်။
မိုးအောင်ကတော့ ငါးမျှားတာကိုပဲစိတ်ရောက်ပြီး
ကလေးအုပ်စုကိုဂရုမစိုက်‌ပေ။
ကိုသိန်းဆောင်နဲ့ တချို့ရွာသားတွေခမျာ
ရေနစ်သူဘယ်သူ၊ဘယ်ဝါဆိုတာပင်မသိဘဲ
ရေငုပ်၍အသည်းအသန်ရှာဖွေကြသည်။
မိုးကလည်းတ‌ဖြေးဖြေးမှောင်လာ၍မိုးအောင်သည်
ကိုသိန်းဆောင်ရဲ့ငါးမျှားတံကို
ကိုသိန်းဆောင်အိမ်ကိုပြန်ပို့ပေးပြီး
မိမိအိမ်သို့ပြန်လာခဲ့သည်။
အိမ်သို့ရောက်ခါနီး…

“ဟေ့မိုးအောင်…မင်းတူ‌ရေနစ်လို့ဆို…”

ဟု အဘကြည်ကမေးလေသည်။
အဘကြည်အမေးကြောင့် မိုးအောင်မျက်လုံးပြူးသွားသည်။

“အဘကြည်ကလည်းကျုပ်တူမနက်က သူ့ဖအေနဲ့
ဟိုဘက်ရွာပါသွားတယ်လေဗျာ…
မနက်ဖြန်မှပြန်လာကြမယ်ထင်တယ် …”

လို့မိုးအောင်ပါးစပ်ကပြောနေပေမယ့်
စိတ်ထဲမှာတော့တူဖြစ်သူအောင်စိုးအတွက်
စိတ်ပူနေခဲ့သည်။

“မဟုတ်တာကွာ…
မင်းအစ်မများတောင် ချောင်းဆီ အစောက
လေးတင်အပြေးထွက်သွားကြပြီ…
ရေနစ်တာမင်းတူပါ မိုးအောင်ရဲ့…”

လို့အနားရောက်လာသော ဦးငွေသိန်းကပါ
ဝင်ပြောလေသည်။
ဦးငွေသိန်းစကားကြောင့်မိုးအောင်ခေါင်းအား
မိုးကြိုးပစ်ချလိုက်သလို ဒိန်းခနဲဖြစ်သွားသည်။
စိတ်ကလည်းတူဖြစ်သူအောင်စိုးအတွက်
စိုးရိမ်လာပြီး ချောင်းဆီသို့အပြေးထွက်လာခဲ့သည်။
ချောင်းစပ်သို့အလောတကြီးပြေးလာသော
မိုးအောင်သည် ချောင်းစပ်၌ထိုင်ငိုနေကြသော
မိဘများနှင့်အစ်မဖြစ်သူလင်မယားကိုမြင်လေတော့
မည်သည့်စကားမှမပြောနိုင်ဘဲငူငူငိုင်ငိုင်ကြီးဖြင့်
ချောင်းရေပြင်ဆီသို့ငေးကြည့်နေခဲ့ကြသည်။
ရွာသားတွေခမျာ အောင်စိုးကိုရှာဖွေကြပါသော်လည်း
မည်သို့မှရှာမတွေ့ကြပေ။
ရှာမတွေ့သည့်အဆုံးလက်လျော့လိုက်ကြရ၏။
မိုးအောင်မှာကသူ့ရဲ့တစ်ကိုယ်ကောင်းဆန်သည့်စိတ်ကြောင့်
သူ့တူကိုသူမကယ်နိုင်ခဲ့လေခြင်းဟုတွေးကာ
ဝမ်းနည်းစိတ်၊မိမိကိုယ်ကိုဒေါသထွက်စိတ်၊
အစ်မဖြစ်သူတို့လင်မယားအပေါ်အားနာစိတ်ဖြင့်
မည်သူ့ကိုမှစကားမပြောတော့ပေ။
အောင်စိုး၏အလောင်းကိုလည်းနှစ်ရက်လောက်ကြာလေမှ
ချောင်းစပ်၌ရှာတွေ့ခဲ့ကြသည်။
ရေထဲ၌မှောက်လျက်ကုန်းကုန်းအနေအထားလေးဖြင့်
ရှာတွေ့ခဲ့ကြသည်။
ထူးဆန်းသည်ကရွာသားတွေမနားမနေ
ရှာဖွေချိန်မည်သည့်နေရာမှမတွေ့ခဲ့သော
အောင်စိုး၏အလောင်းသည် ယခုတော့ရေတိမ်သော
ချောင်းအစပ်လေး၌ရှာတွေ့ခဲ့ပေသည်။
အောင်စိုးသေဆုံးမှုကြောင့် ရွာမှကလေးများပင်
ထိုချောင်း၌ရေမချိုးရဲကြတော့ပေ။
သို့သော်လည်းတစ်ပတ်မျှကြတော့ ယခင်ကအတိုင်း
ချောင်းသို့ဆင်းကာရေချိုးကြပြန်သည်။
ငါးဖမ်းသမားများနှင့်ကလေး၊လူကြီးများက
ထိုချောင်းလေး၌သေဆုံးသွားတော့အောင်စိုး၏
အကြောင်းကိုပင်မေ့မေ့ပျောက်ပျောက်ဖြစ်သွားကြလေသည်။
ထိုသို့နေရင်းတစ်ရက်၌…
ကိုဇော်ကြီးတစ်​ယောက် ညသန်းခေါင်အချိန်…
ချောင်းအတွင်းလှေကလေးကိုလှော်၍
မြုံးထောင်သွားလေသည်။
အရက်ပုလင်းတစ်လုံးကိုလှေပေါ်၌တင်လာပြီး…
မြည်းစရာကလည်းငါးကြော်လေးပါနေ၍
လရောင်အလင်းအောက်၌ ကိုဇော်ကြီးတစ်ယောက်
အတော်လေးဇိမ်ကျနေခဲ့သည်။
မြုံးကလည်းထောင်ထားခဲ့ပြီမလို့…
အရက်လေးသောက်လိုက်…အမြည်းလေးစားလိုက်ဖြင့်
လှေကလေးကိုခပ်မှန်မှန်လေးလှော်လာခဲ့သည်။
ချောင်းရိုးတစ်လျှောက်၌လည်း ကိုဇော်ကြီး၏
လှေကလေးတစ်စီးသာရှိပြီး ပတ်ဝန်းကျင်၌
ပိုးကောင်အော်သံများမှအပကျန်အသံများမှာ
တိတ်ဆိတ်၍နေခဲ့သည်။
ထိုစဥ်ကိုဇော်ကြီး၏လှေအနောက်ဆီမှ
ရေများတဗွက်ဗွက်ပွက်လာပြီး
လှေကိုရေထဲမှထွက်ပေါ်လာသောလက်ကြီးတစ်စုံက
လှမ်းကာဆွဲထားလေသည်။
ထိုလက်ကြီးကြောင့်လှေမှတုန့်ခနဲရပ်သွားခဲ့၏။
လှော်တက်ကိုကိုင်၍လှော်ခတ်နေသောကိုဇော်ကြီးလည်း
လှေရပ်သွားသောကြောင့် လှေနောက်မှီးကိုကြည့်မိရာ…

“ဟင်…”

ရေထဲ၌မြင်လိုက်ရသော ကြောက်စရာ
ပုံပျက်ပန်းပျက်လူကြီးကြောင့်
ကိုဇော်ကြီးကြောက်လန့်သွားသည်။
ထိုလူကြီးသည် ခေါင်း၌ဆံပင်ကမရှိသလောက်
ကျို့​တို့ကျဲ​တဲလေးဖြင့် မျက်လုံးတစ်လုံးကအပြင်သို့ထွက်ကျလုလုဖြစ်နေပြီး လက်နှစ်ဖက်မှာလည်းအသားစများက
တွယ်၍ကျနေခဲ့သည်။

“လွှတ်…ဟေ့လူ…ကျုပ်လှေကိုလွှတ်…”

ကိုဇော်ကြီးက လှော်တက်ဖြင့် ထိုလူ၏လက်ကိုရိုက်ချသည်။
အဆက်မပြတ်ရိုက်လေမှ လှေကိုဆွဲထားသည့်
လက်များကလွှတ်ပေးခဲ့၏။
လှေကိုလွှတ်ပေးပြီးနောက်ရေထဲသို့ပြန်ငုပ်သွားသောကြောင့်
ကိုဇော်ကြီးလည်းရပ်ကြည့်နေရာမှသတိပြန်ဝင်လာပြီး
လှေကိုခပ်မြန်မြန်လှော်ခတ်လာခဲ့တော့သည်။
ရွာသို့ရောက်စေရန်မြန်မြန်လှော်ခတ်လာရင်း…
ကိုဇော်ကြီး၏လှော်တက်ကိုင်ကာလှော်ခတ်နေသော
လက်အားရေထဲသို့ဆွဲချခေါ်ခံလိုက်ရတော့သည်။

“ဝုန်းးးးး….”

“ဝူးးးး……”

ရေထဲသို့ကျသွားလေတော့ ကိုဇော်ကြီးက
အတင်းရုန်းကန်ခဲ့သည်။
သို့သော်ကိုဇော်ကြီးကိုရေနက်ပိုင်းအထိဆွဲချခြင်းခံလိုက်ရ၏။
ရေနက်ပိုင်းရောက်သည်အထိကိုဇော်ကြီးတစ်ယောက်
ရုန်းကန်ပါသော်လည်းထိုလူကြီး၏အားမှာအတော်ကြီးလှ၍
နောက်ဆုံးခြေကုန်လက်ပန်းကျပြီးအသက်ရှုမွှန်း၍
ကိုဇော်ကြီးမျက်လုံးများမှိတ်သွားခဲ့တော့သည်။
နောက်တစ်နေ့နံနက်၌ ကိုဇော်ကြီးအလောင်းကို
ချောင်းစပ်၌ရွာသူ၊ရွာသားတွေတွေ့လိုက်ကြရသည်။
အလောင်းနဲ့လှေမှာနေရာမတူသောကြောင့်
အားလုံးစိတ်ထဲ မသင်္ကာဖြစ်လာကြ၏။
ချောင်း၌လူသေတာစိပ်လာသောကြောင့် ငါးဖမ်းသူများပင်
သိပ်မလာရဲကြတော့ပေ။

“မနေ့ကညနေပိုင်းလောက် ချောင်းစပ်မှာ
လူကြီးတစ်ယောက်ငုပ်တုပ်ထိုင်နေတာတွေ့တယ်တဲ့…
ကျုပ်တို့ရွာကလူထင်ပြီးကြည့်နေတုန်း
ချောင်းထဲကိုခုန်ချသွားတာတဲ့တော့်…”

“ဟဲ့…လူကောဖြစ်နိုင်ပါ့မလား…
ချောင်းကိုဘယ်သူမှမသွားရဲလို့ရွာက
ရေတွင်းမှာပဲရေချိုးနေကြတာလေ…”

“မပြောတတ်ဘူးတော်…
တချို့ကလည်းညဘက်ဆိုချောင်းဆီက
အော်သံကြီးတွေကြားနေရတယ်တဲ့…”

ဟူသောစကားများကမြင်သာရွာထဲ၌
ပျံ့နှံ့နေသည်။
ချောင်း၌သရဲအခြောက်အလန့်များကလည်း
ပိုကြမ်းလာသည်ဟုပြောကြ၏။
ယခင်လိုငါးရှာ၊ဖားရှာလူများပင်ချောင်းသို့မသွားရဲကြတော့
ဟင်းစားကလည်းယခင်လိုမပေါတော့ပေ။
တစ်ရွာလုံးလည်း ထိုကိစ္စကြောင့်အပူများနေကြရှာသည်။

********************************

“ဒါ…ဘွားမယ်စိန်အိမ်လားဗျ…”

ဟုသောအသံကိုဝိုင်းအပြင်မှာဘွားမယ်စိန်တို့
ကြားလိုက်ရသည်။
ဦးဘထော်က ထန်းလျက်ခုံမှထ၍ခြံတံခါးအနီးဆီသို့
သွားကာ…

“အေး…ဒါဘွားမယ်စိန်အိမ်ပဲကွ…
ဒါနဲ့…မင်းကရောဘယ်သူတုန်း…”

လို့ပြန်မေးလေတော့ ခြံပြင်မှ
ဝါးခမောက်ဆောင်းထားသောသူသည်…

“ကျုပ်ကဘွားမယ်စိန်ဆီကိုလာတဲ့ဧည့်သည်ပါဦးကြီး…
ကျုပ်ဘွားမယ်စိန်နဲ့တွေ့လို့ရမလားခင်ဗျ…”

လို့ပြောလေတော့ဦးဘထော်လည်းခြံတံခါးကိုဖွင့်ပေးရင်း…

“ဒါဖြင့်လည်းဝင်ကွာ…
အမေ…ဧည့်သည်လာတယ်…”

ဟုဧည့်သည်ကိုခြံထဲဝင်စေပြီးကွပ်ပျစ်ခင်းပေါ်၌
ထိုင်နေသောဘွားမယ်စိန်ကိုလည်း
ပြောလိုက်လေသည်။

“လာ…ထိုင်ကွဲ့…”

ဘွားမယ်စိန်ကလည်းဧည့်သည်ကို ကွပ်ပျစ်ခင်း၌
ဝင်ထိုင်စေသည်။
ဧည့်သည်က ကွပ်ပျစ်ခင်း၌ဝင်ထိုင်၍ ဝါးခမောက်ကို
ချွတ်ရင်း…

“တော်ပါသေးတယ်ဗျာ…
ကျုပ်ကအမေကြီး နဲ့တွေ့ပါ့တွေ့ပါမလားလို့…
လာသာလာရတာ ရင်ကတထိတ်ထိတ်နဲ့ပါဗျာ…”

ဆိုပြီးပြောရှာသည်။
ဘွားမယ်စိန်ကလည်းဧည့်သည်အတွက်
ရေနွေးကြမ်းလေးငှဲ့ပေးရင်း…

“မောင်ရင်ကဘယ်ရွာကလဲကွဲ့…”

လို့မေးတော့…

“ကျုပ်က မြင်သာရွာသားပါအမေကြီး…
လာရတာကတော့အတော်ဝေးပါတယ်ဗျာ…
လှည်းကြုံကလည်းအဆင့်ဆင့်နဲ့ကို လာခဲ့ရတာပါဗျ…”

ဟုပြောလေတော့ဘွားမယ်စိန်လည်းဧည့်သည်ကို
သေချာကြည့်မိသွားသည်။

“လှည်းကြုံအဆင့်ဆင့်နဲ့တောင်လာရတာဆိုတော့
အရေးတကြီးကိစ္စတစ်ခုခုတော့ရှိနေပြီထင်တယ်ကွဲ့…”

လို့ဘွားမယ်စိန်ကမေးတော့မြင်သာရွာသားက
ခေါင်းညိတ်တယ်။
ပြီးနောက်…

“အဲ့သည်ကိစ္စထက် ကျုပ်ကိုယ်ကျုပ်
အရင်မိတ်ဆက်ပါဦးမယ်…
ကျုပ်နာမည်က မိုးအောင်ပါ…
ကျုပ်တို့မြင်သာရွာက ယခင်ကတော့
အတော်လေးနေပျော်တဲ့ရွာတစ်ရွာပါအမေကြီး…
ဒါပေမယ့်အခုတော့ ကျုပ်တို့တစ်ရွာလုံး
အိပ်ကောင်းခြင်းမအိပ်ရ…စားကောင်းခြင်းမစားရနဲ့
အတော်လေးဒုက္ခများနေရပါတယ်…”

လို့မျက်နှာထားညိုးငယ်စွာဖြင့်​ပြောလေသည်။
ဘွားမယ်စိန်လည်း ကွမ်းယာကိုယာ၍
ပါးစောင်ထဲသို့ထည့်ကာကြိတ်ချေဝါးရင်း…

“ဘာကြောင့်အခုလိုတွေ ဖြစ်ရတာလဲကွဲ့…
ဆက်ပြောပါဦး”

ဟု…ပြောလေတော့ …မိုးအောင်ကခေါင်းညိတ်၍…

“ကျုပ်တို့ရွာရှေ့ကချောင်းက
သုံးနှစ်ကိုတစ်ကြိမ်လူတစ်ယောက်သေတယ်ဗျ…
ဒါကတော့ ကျုပ်တို့လူကြီးတွေပြောသလို
လူစားလဲတာပေါ့ဗျာ…
အခုကအဲ့သည်ထက်ပိုပြီး ဆိုးလာတယ်ဗျ…
ပထမဆုံးကျုပ်ရဲ့မိုက်မဲမှုကြောင့်…
ကျုပ်တူလေးရေနစ်သေခဲ့ရပါတယ်…
ကျုပ်တူလေးသေပြီးမကြာပါဘူးဗျာ…
အဲ့သည်ချောင်းထဲညဘက်မြုံးသွားထောင်တဲ့
ရွာသားတွေလည်းသရဲခြောက်ခံရတယ်တဲ့…
ညဘက်ဆိုချောင်းဆီကနေ အော်သံလိုလို
အသံကြီးတွေလည်းကြားလာရတယ်ဗျ….
အဲ့သည်နောက်လည်းရွာသားနှစ်ယောက်၊သုံးယောက်
ရေနစ်သေပြန်တော့ ဒီချောင်းမှာမကောင်းဆိုးဝါး
ရှိနေပြီလို့ကျုပ်တို့သိလာကြတယ်…
ချောင်းကိုကျုပ်တို့ရွာကလူတွေ
ငါးဖမ်းဖို့မပြောနဲ့ရေချိုးဖို့တောင်ဘယ်သူမှ
မသွားလာရဲကြတော့ဘူးအမေကြီးရဲ့…
အဲ့သည်လိုမသွားမလာပေမယ့်လည်း
ညဘက်ဆိုချောင်းဆီက အော်သံတွေကိုကြားရပြန်တော့
ကျုပ်တို့ဖြင့်ညအိပ်ရမှာကိုတောင်ကြောက်လာကြတယ်ဗျ…
အခုလိုဒုက္ခကြီးခံစားနေကြရတော့…
ကျုပ်လည်းမြို့ပေါ်တက်ပြီးဆရာကောင်း၊သမားကောင်း
ရှာဖွေခဲ့မိပါတယ်…
အဲ့သည်ကနေအမေကြီးအကြောင်းတွေကိုသိခဲ့ရတာပါ…
ဒါကြောင့်လည်း အခုလို…
အမေကြီးဆီကိုအရောက်လာပြီး
အကူအညီတောင်းတာပါဗျာ…”

ဆိုပြီးပြောရှာသည်။
အဖြစ်အပျက်အစုံကိုသိသွားတော့ ဘွားမယ်စိန်လည်း

“ခရီးဝေးကြီးကလည်းလာရတာပဲ…
အရင်ဆုံးအနားယူပါဦးကွယ်…”

လို့ပြောတော့ မိုးအောင် ဘွားမယ်စိန်ကို…

“ဒါဖြင့်အမေကြီးက ကျုပ်တို့ရွာကို
မလိုက်နိုင်ဘူးပေါ့နော်… “ဆိုပြီးမျက်နှာငယ်လေးဖြင့်
မေးလေသည်။

ဘွားမယ်စိန်ကခေါင်းကိုရမ်းပြီး…

“ဘွားကဒီသဘောပြောတာမဟုတ်ပါဘူးကွယ်…
မောင်ရင်တို့ရွာအကြောင်းလည်းသိသင့်သလောက်
သိလိုက်ရပြီပဲလေ…
ဒါကြောင့်မောင်ရင့်ကိုအနားယူပါဦးလို့ပြောတာပါကွဲ့…
နောက်ပြီးမောင်ရင်တောင်အခုလိုခရီးဝေး​ကြီးကနေ
လာပြီးအကူအညီ​တောင်းသေးတာပဲ…
ဘွားဘက်ကလည်းပြန်ကူညီပေးဖို့ဝန်မလေးပါဘူးကွယ်…”

ဟုပြောလေတော့မှ မိုးအောင်ဝမ်းသာသွားသည်။
ဘွားမယ်စိန်ပြောသည့်အတိုင်းအပန်းဖြေအနားယူရင်း
ဒေါ်ဝင်းကမိုးအောင်စားဖို့ရန်ထမင်းဝိုင်းပြင်ပေးရှာသည်။
ထမင်းစားသောက်ပြီးတရေးတမောအိပ်၍
ဘွားမယ်စိန်အိမ်၌မိုးအောင်အနားယူနေခဲ့သည်။
ညနေစောင်းတော့မောင်တိုးနဲ့မောင်အုန်းရောက်လာခဲ့၏။
ဘွားမယ်စိန်က မောင်တိုးနဲ့မောင်အုန်းကို မိုးအောင်နဲ့
မိတ်ဆက်ပေးလေသည်။
မိုးအောင်တို့ရွာအကြောင်းကိုမောင်တိုးတို့အား
ပြောပြပြီး…

“မနက်ဖြန်မနက်ပိုင်း…
ဘွားတို့ခရီးစထွက်မယ်ကွဲ့…
မောင်ရင်တို့ညီအစ်ကိုလည်းပြင်စရာရှိတာ
ညကတည်းကပြင်ထားကြပေါ့ကွယ်…”

ဟုဘွားမယ်စိန်ကမောင်တိုးတို့ကိုမှာလိုက်လေသည်။
မောင်တိုးတို့ကလည်း ခဏမျှထိုင်ကာစကားပြောပြီးနောက်
မိုးလေးချုပ်လာတော့မိမိတို့အိမ်သို့ပြန်သွားကြတော့သည်။
နောက်တစ်နေ့နံနက်အစောပိုင်း၌
ခရီးထွက်ရမည်ဖြစ်တာကြောင့် သူတို့လည်း
ယူစရာများကိုချည်လွယ်အိတ်လေးအတွင်းသို့
အသင့်ပြင်ဆင်ကာထည့်ထားကြလေသည်။

နောက်တစ်နေ့နံနက်အစောပိုင်းရောက်တော့
ဘွားမယ်စိန်နှင့်မိုးအောင်တို့လည်းမောင်တိုးတို့အလာကို
ထိုင်စောင့်နေခဲ့ကြသည်။
ကွပ်ပျစ်ခင်းပေါ်ရှိစားပွဲ၌လည်းဒေါ်ဝင်းက
ထမင်းကြော်နှင့်အကြမ်းရေကိုအသင့်
ပြင်ဆင်ပေးထားသည်မလို့ ဘွားမယ်စိန်၊ဦးဘထော်နှင့်
မိုးအောင်တို့လည်းအဆာပြေစားနေခဲ့ကြသည်။
သူတို့စားလို့ပြီးလေမှမောင်တိုးတို့နွားလှည်း
ရောက်လာခဲ့၏။

“ဘွား…ကျုပ်တို့ရောက်ပြီဗျ…”

ဟု…မောင်တိုးကအသံပြုလေတော့ဒေါ်ဝင်းကလည်း…

“ကောင်လေးတွေမနက်စာစားခဲ့ပြီလား…
မစားသေးရင်ဝင်ခဲ့ကြ…အရီးထမင်းကြော်ထားတယ်…”

လို့ပြောလေတော့…

“ကျုပ်တို့က စားသောက်ပြီးမှထွက်ခဲ့တာအရီး…
မဝင်တော့ဘူးဗျ…”

“အေးပါဟယ်…ဒါဆိုလည်းခရီးထွက်ကြတော့ပေါ့…”

“စိတ်မဆိုးပါနဲ့အရီးရာ…
ကျုပ်တို့ရွာပြန်ရောက်ရင်အရီးချက်တဲ့ထမင်းစားပြီးမှ
အိမ်ပြန်မှာပါဗျ…အခုကနေမြင့်ရင်ခရီးသွားရတာ
ပင်ပန်းတာမလို့ အချိန်မဆွဲချင်လို့ပါအရီးရယ်…”

ဒေါ်ဝင်းရဲ့စိတ်ကိုသိနေသောမောင်တိုးကလည်း
ဒေါ်ဝင်းအကြိုက်လေးပြောလေတော့
ဒေါ်ဝင်းကျေနပ်သွားရှာသည်။
ဘွားမယ်စိန်နဲ့မိုးအောင်လည်းခြံပြင်ဆီကိုထွက်လာခဲ့ပြီး…

“ဒါဆိုလည်းသွားကြတာပေါ့…
ဘထော်…ငါ့သား မင်းနှမနဲ့မင်းတူမလေးကို
သေချာစောင့်ရှောက်လိုက်ပါဦးကွယ်…”

လို့ဦးဘထော်ကိုမှာလေသည်။
ဦးဘထော်ကခေါင်းကိုညိတ်ပြီး…

“အိမ်ကလူတွေအတွက်စိတ်ချပါအမေ…
အမေတို့လည်းလမ်းခရီးမှာဂရုစိုက်ကြပါ…”

“အေး…အေး…အေး…ဒါဖြင့်လည်းအမေတို့
သွားပြီနော်…”

ဘွားမယ်စိန်ကဦးဘထော်တို့ကိုနှုတ်ဆက်ပြီး
လှည်းပေါ်တက်လေသည်။
နွားလှည်းပေါ်လူဆုံလေတော့…

“အရီးနဲ့လေးလေးဘထော်…ကျုပ်တ်ို့သွားပြီဗျ…
ဟိုကလေးမ လူကြီးတွေစကားနားထောင်နော်…”

ဟု…မောင်တိုးကအော်၍နှုတ်ဆက်ပြီး
နွားလှည်းကို မောင်းထွက်လာခဲ့တော့သည်။
သောင်ထွန်းရွာထဲမှနွားလှည်းလေးကိုမောင်းထွက်လာပြီး
မြင်သာရွာခရီးစဥ်ကိုစတင်ခဲ့ကြတော့သည်။

ထိုနေ့တစ်နေကုန်ခရီးနှင်လာခဲ့ကြပြီး
လမ်းခရီး၌ညအိပ်ခဲ့ကြရသည်။
နောက်တစ်နေ့မိုးလင်းလေမှ မြင်သာရွာသို့
ရောက်လာခဲ့ကြ၏။
မြင်သာရွာထဲသို့နွားလှည်းလေးကိုမောင်းဝင်လာစဥ်…

“ဟေ့…မိုးအောင်…
မင်းပျောက်နေတာကြာပြီ…
ဘယ်တွေသွားနေတာလဲကွ…”

ဆိုပြီးရွာသားတွေက မိုးအောင်ကိုလှမ်းအော်ကာ
မေးကြသည်။
မိုးအောင်ကတော့ပြုံးပြယုံသာပြုံးပြပြီး
မည်သည့်စကားမှ ပြန်မပြောပေ။
ရွာသားတွေကလည်းဘွားမယ်စိန်တို့ကိုစပ်စုလိုသောအကြည့်များဖြင့်ကြည့်နေခဲ့ကြသည်။
မိုးအောင်ကဘွားမယ်စိန်တို့ကိုသူ၏နေအိမ်ဆီသို့
ခေါ်သွားလေသည်။
မိုးအောင်တို့ခြံဝန်းထဲသို့နွားလှည်းကိုရပ်လိုက်သည်နှင့်
အိမ်ထဲမှ မိုးအောင်၏မိဘများနှင့်အစ်မဖြစ်သူလင်မယားတို့
ထွက်လာခဲ့ကြသည်။

“မ်ိုးအောင်…ယောက်ဖ…မင်းဘယ်တွေသွားနေတာလဲ”

“ဟုတ်ပငါ့သားရယ်…
အမေတို့ကမင်းအတွက်စိတ်ပူနေကြတာ…
ဘယ်တွေများသွားနေတာလဲကွယ်…
အယ်…နောက်ပြီး ဒီအမေကြီးတို့ကရော
ဘယ်သူတွေလဲငါ့သားရဲ့…”

ဆိုပြီးမိုးအောင်အမေကမေးလေသည်။
ထိုအခါမှမိုးအောင်လည်းနွားလှည်းပေါ်မှဆင်းပြီး…
ဘွားမယ်စိန်ကိုတွဲကူကာချပေး၏။
ပြီးလေတော့မှ…

“ကျုပ်…ကျုပ်တူအောင်စိုးအတွက် လက်စားချေဖို့…
ချောင်းထဲကတစ္ဆေကောင်ကိုနိုင်လောက်မယ့်
သူကိုသွား ရှာနေတာအမေ…အဲ့တာကြောင့်လည်း…
ဒီအမေကြီးကို ကျုပ်ကိုယ်တိုင်သွားပင့်လာခဲ့တာပါ…”

လို့မိုးအောင်ကပြောလေသည်။

“ဟေ…ဟုတ်လား…
ဒါဆိုလည်းအမေတို့ကိုအကျိုးအကြောင်းလေးတော့
ပြောသွားသင့်တာပေါ့ကွယ်…
သမီးကြီး ….အမေကြီး တို့ကိုအိမ်ထဲခေါ်သွားကွဲ့…
ငါ့သားကျော်စိုးကတော့ ဧည့်သည်တွေရဲ့
နွားလှည်းကူဖြုတ်ပေးလိုက်ပါဦး…”

“ဟုတ်ကဲ့အမေ…”

မိုးအောင်အစ်မက ဘွားမယ်စိန်ကိုအိမ်ထဲသို့
ခေါ်သွားလေသည်။
မိုးအောင်မိဘတွေကလည်းအနောက်မှအတူလိုက်၏။
အိမ်အတွင်းရှိစားပွဲ၌ဘွားမယ်စိန်
ထိုင်နေစဥ်….မိုးအောင်အမေက…

“ကျုပ်သားကသူ့တူဆုံးသွားကတည်းက
ဘယ်သူ့ကိုမှစကားမပြောဘူးအမေကြီးရဲ့…
သူ့တူအတွက်မကျေနပ်နေတာကို
ကျုပ်တို့အခုမှသိရတယ်တော်…”

ဆိုပြီး ဘွားမယ်စိန်အတွက်ရေနွေးကြမ်းငှဲ့ပေးရင်း
ပြောလိုက်လေသည်။

“ဘွားကို မောင်မိုးအောင်ပြောပြထားပါတယ်ကွယ်…
သြော်…ဒါနဲ့…ညည်းတို့ရွာမှာချောင်းထဲက
အော်သံတွေကိုကြားရသေးလား”

လို့ဘွားမယ်စိန်ကမေးလေတော့ မိုးအောင်အမေက
ဘွားမယ်စိန်အနားကိုကပ်ထိုင်ပြီး…

“အမေကြီး​မေးမှကျုပ်ပြောရဦးမယ်…
မနေ့ညက ချောင်းထဲကအော်သံတွေအပြင်ရွာမှာထူးခြားတာဖြစ်သွားတယ်တော့်…”

“ဘာများထူးခြားတာလဲကွဲ့…”

“ထူးခြားတာကတခြားမဟုတ်ပါဘူး…
မနေ့ညတုန်းက ချောင်းစပ်နဲ့နီးတဲ့အိမ်တွေထဲက
လှမျိုးတို့အိမ်မှာဆိတ်တစ်ကောင်ကို
သတ်စားသွားတာတဲ့တော့်…
ခွေးတွေဟောင်လွန်းလို့လူတွေထွက်ကြည့်တော့မှ
စားနေတဲ့ဆိတ်ကိုပစ်ချပြီးချောင်းထဲကို
ခုန်ဆင်းသွားတာတဲ့…”

“ဒါဆိုရင်ဒီတစ္ဆေကပိုပြီးအတင့်ရဲလာတာပေါ့…”

မိုးအောင်လည်းအိမ်ထဲသို့ဝင်လာရင်း မေးလေသည်။

“အေးကွ…တို့ရွာကသူကြီးကလည်းအဖြစ်မရှိပါဘူးကွာ…
အခုကိစ္စကိုသူဘာမှလုပ်ဖို့မစဥ်းစားဘူးထင်တယ်…
ကြာရင်ဆိတ်တင်မက…လူပါသတ်စားနိုင်တယ်…”

လို့မိုးအောင်အဖေက မကျေမနပ်ဖြင့်ပြောလေသည်။

“အမေကြီး…ကျုပ်တို့ရွာကိုအမေကြီးရဲ့
လက်ထဲအပ်ပါတယ်ဗျာ…
ကျုပ်ကတော့အမေကြီးရဲ့ပညာကိုယုံကြည်ပါတယ်…
ကျုပ်တို့ရွာကိုကူညီပေးပါဗျာ…”

လို့မိုးအောင်ကဘွားမယ်စိန်ကိုပြောလေတော့
ဘွားမယ်စိန်က…

“မောင်မိုးအောင်ရယ်…ဘွားတို့ဘက်က…
ကူညီပေးဖို့တောင်ဒီရွာကိုရောက်လာခဲ့ပြီပဲ…
တော်နေကျရင်သာ ဘွားကိုချောင်းဆီလိုက်ပို့ပေးဦးကွဲ့…”

“ကျုပ်လိုက်ပို့ပါ့မယ်အမေကြီး…
အခုတော့မနက်စာ အဆာပြေလေးစားကြရအောင်ဗျ…”

ထိုသို့ဖြင့်ဘွားမယ်စိန်တို့လည်းမိုးအောင်အမေနှင့်အစ်မပြင်ဆင်ပေးသောမနက်စာကိုစားလိုက်ကြသည်။
စားလို့ပြီးလေတော့ခဏနားကြ၏။

“ကဲ…အမေကြီး ကျုပ်တို့သွားကြတာပေါ့”

မိုးအောင်နဲ့ယောက်ဖဖြစ်သူက ဘွားမယ်စိန်တို့ကို
ချောင်းဆီလိုက်ပို့ပေးသည်။
ချောင်းဘက်၌လူအသွားအလာမရှိပေ။

“ဟော…ဟိုနားက ကျုပ်တို့တစ်ရွာလုံး
ရေချိုးနေကြနေရာဗျ…”

လို့မိုးအောင်က လက်ညိုးညွှန်ကာပြောလေသည်။
ဘွားမယ်စိန်က ချောင်းရိုးတစ်လျှောက်လှမ်းကာကြည့်နေ၏။

“ဟောသည်ချောင်းက အငွေ့တွေနဲ့
အနံ့တွေက အတော်ဆိုးနေတာပဲ…​
မောင်မိုးအောင်သာဘွားကိုလာမခေါ်ခဲ့ရင်
မောင်ရင်တို့တစ်ရွာလုံးဒုက္ခရောက်တော့မှာကွဲ့…”

“ဗျာ…”

ဘွားမယ်စိန်စကားကြောင့် မိုးအောင်တို့အံ့သြသွားသည်။
ဘွားမယ်စိန်ကခေါင်းညိတ်၍…

“ဟုတ်တယ်ကွဲ့…
ဒီချောင်းမှာအနက်ရောင်အငွေ့တွေအတော်များနေတယ်…
အဲ့သည်အငွေ့တွေက ဟောသည်ချောင်းထဲမှာရောက်နေတဲ့
မိစ္ဆာကောင်ကြောင့်ထွက်လာတဲ့အငွေ့အသက်တွေပဲကွဲ့…”

ဆိုပြီးဘွားမယ်စိန်ကပြောသည်။
တောင်ဝှေးကြီးကိုထောက်ပြီးချောင်းရိုးတစ်လျှောက်ကြည့်နေသောဘွားမယ်စိန်သည် မျက်လုံးကိုမှိတ်လိုက်၏။
ဘွားမယ်စိန်၏စိတ်အာရုံအတွင်း၌ ပုံပျက်ပန်းပျက်ဖြင့်
ဒေါသတကြီး​ဖြစ်နေသော တစ္တေကောင်ကို
မြင်တွေ့လိုက်ရသည်။
ဘွားမယ်စိန်မျက်လုံးကိုပြန်ဖွင့်ပြီး…

“ဒီတစ္ဆေကဒေါသထွက်နေတာပဲ…
ဒါဆိုရင်တော့…ဒီတစ္ဆေဒေါသထွက်နေတဲ့
အကြောင်းအရင်းကိုဘွားတို့သိမှဖြစ်လိမ့်မယ်ကွဲ့…”

ဆိုပြီးအဆုံးမရှိ၊အစမရှိစကားကိုဘွားမယ်စိန်က
ပြောလေတော့ မိုးအောင်တို့မှာနားမလည်ကြပေ။
မောင်တိုးတို့ကတော့ဝင်မပြောကြဘဲ နားထောင်နေခဲ့၏။

“ကဲ…အခုတော့ပြန်ကြတာပေါ့”

လို့ဘွားမယ်စိန်ကပြောပြီးရွာဘက်သို့
ပြန်လှည့်လာတော့သည်။
မိုးအောင်တို့လည်းအတွေးကိုယ်စီဖြင့်
အိမ်သို့ပြန်လာခဲ့ကြ၏။
အိမ်သို့ရောက်လေတော့မှ…

“ဒီညပဲ ဘွားတို့အစီအစဥ်ကို စလိုက်ကြတာပေါ့…
အချိန်ဆွဲနေရင်တစ်ခုမဟုတ်တစ်ခု
ဒင်းကအန္တရာယ်ပေးလာနိုင်တယ်လေ…”

လို့ဘွားမယ်စိန်ကပြောတော့မိုးအောင်တို့လည်း
သဘောတူကြသည်။

ညသန်းခေါင်ယံ…တစ်ရွာလုံးတိတ်ဆိတ်နေသော
အချိန်ရောက်လေမှ…ဘွားမယ်စိန်တို့ရွာထဲမှ
ထွက်လာကြသည်။
ယခုကိစ္စကိုလည်းမည်သူ့ကိုမှအသိမပေးဘဲ
မိုးအောင်တို့နှင့်သာချောင်းကလေးဆီသို့
ထွက်လာခဲ့ခြင်းဖြစ်တယ်။
မိုးအောင်နဲ့မောင်တိုးကတော့
မီးတုတ်တစ်ချောင်းဆီကိုင်လာကြ၏။
ချောင်းကလေးဆီသို့ရောက်တော့ ပတ်ဝန်းကျင်၌
ညပိုးကောင်များ၏အသံများကဆူညံနေခဲ့သည်။

“ကဲ…မောင်ရင်တို့ကို ဘွားစည်းဝိုင်း…ဝိုင်းပေးထားမယ်…
စည်းဝိုင်းထဲနေသ၍အန္တရာယ်ကင်းမယ်ဆိုတာမမေ့နဲ့ကွဲ့…”

ဟုမှာကြားပြီးဘွားမယ်စိန်ကသူ၏လက်စွဲတော်
တောင်ဝှေးဖြင့် မောင်တိုးတို့၊မိုးအောင်တို့လေးယောက်ကို
ဝိုက်၍စည်းဝိုင်းတား​ပေးထားသည်။
စည်းဝိုင်းတားပြီးလေမှ…
တောင်ဝှေးကြီးကိုမြေပေါ်သ်ို့ “ဒုတ် “ခနဲဆောင့်ချလိုက်ပြီး…

“ကဲ…ဒီချောင်းမှာသောင်းကျန်းနေတဲ့
တစ္ဆေကောင်…ရောက်ရာအရပ်ကအမြန်လာခဲ့စမ်းဟဲ့”

ဟုခေါ်လေသည်။
ဘွားမယ်စိန်နှုတ်မှအခေါ်​ကြောင့် ချောင်းတစ်နေရာ၌
ရေများတဗွက်ဗွက်ပွက်လာ၏။
ချောင်းရေထဲမှခေါင်းလေးပေါ်လာပြီး နီရဲသောမျက်လုံးကြီးများဖြင့်ဘွားမယ်စိန်တို့ကိုကြည့်နေရင်းမှ…

“ဝုန်း…”

ခနဲမြည်သံနှင့်အတူရေပေါ်မှခုန်တက်လာခဲ့၏။
လေးဘက်ထောက်အနေအထား
ကုန်းကုန်းကြီးဖြင့်ဘွားမယ်စိန်တို့ကိုကြည့်နေပြန်သည်။

“သင်ဘယ်သူလဲ…
ဒီရွာကလူတွေကိုဘာကြောင့်ဒုက္ခပေးနေတာလဲ…”

ဟုဘွားမယ်စိန်ကမေးတော့…

“ဟီးးးးးဟီးးးးးးဟီးးးးးးးးးဟီးးးးးးးး”

ဟု…တဟီးဟီးအော်ရင်း…ဘွားမယ်စိန်ကို
ရန်မူဖို့ကြိုးစားလေသည်။
ဘွားမယ်စိန်ကလည်းသူ့ဆီကိုခုန်ကာပြေးလာသော
ထိုတစ္ဆေကို တောင်ဝှေးတစ်ချက်မြေပေါ်ဆောင့်ချပေးလိုက်လေတော့ တစ္ဆေကောင်မှာဘွားမယ်စိန်အနားသို့
မကပ်နိုင်သည့်အပြင်အဝေးသို့ပါလွှင့်စင်သွားခဲ့၏။
မြေပေါ်သို့ခွေခနဲလဲကျသွားသော်လည်းကုန်းကျုံးကာ
ပြန်ထပြီး မကျေမနပ်ဖြင့်ဘွားမယ်စိန်ကိုစိုက်ကြည့်နေခဲ့သည်။

“ဟဲ့…အကောင်…နင်ဒီလောက်တောင်ရန်လိုနေရင်လည်း
ငါ့ဘက်ကမေတ္တာထားနေလို့မရတော့ဘူး…
ကဲ…အဲ့သည်တော့မယ်စိန့်အကြောင်းသိစေရမယ်ဟဲ့….”

ဟုဆိုကာဘွားမယ်စိန်သည် ကျယ်လောင်သော
အသံဖြင့်ဂါထာများကိုရွှတ်ဆိုလေသည်။
ဘွားမယ်စိန်ဂါထာရွှတ်သံကြောင့် တစ္ဆေကောင်လည်းနေမရထိုင်မရဖြစ်ပြီး မြေပေါ်သို့လူးလှိမ့်ကာအော်ဟစ်နေတော့၏။
ထိုသို့ဘွားမယ်စိန်ရွှတ်ဆိုနေစဥ် ခြုံအကွယ်တစ်ခုဆီမှ
အပေါ်ပိုင်းအဝတ်ဗလာ…ပုဆိုးကိုခါးတောင်းကျိုက်ထားသော
လူကြီးတစ်ယောက်ရောက်လာခဲ့သည်။

“နေပါဦးခင်ဗျာ…ဂါထာတွေကိုဆက်ပြီးမရွှတ်ပါနဲ့တော့”

ဟု…ဘွားမယ်စိန်ကိုတားနေခဲ့သည်။
ဘွားမယ်စိန်လည်းထိုပုဂ္ဂိုလ်ကိုစူးစိုက်စွာကြည့်ရင်း…

“သင်ဘယ်သူလဲ…”

ဟုမေးလိုက်၏။

“ကျုပ်ကဒီနေရာကိုအပိုင်စားရထားတဲ့ကွင်းပိုင်ပါ…”

“ကွင်းပိုင်…သင်ဘာကြောင့်ရောက်လာရတာလဲ…
ကျုပ်ဒီတစ္ဆေကိုအပြစ်ပေးနေတာဘာကြောင့်
လာတားဆီးရတာတုန်း”

ဆိုပြီးဘွားမယ်စိန်ကပြန်ကာမေးတော့…

“ဒီတစ္ဆေက ဒီရွာကိုအကြောင်းမဲ့ရန်ပြုနေတာ
မဟုတ်ရပါဘူးဗျာ…
သူ့မကျေနပ်ချက်တွေကြောင့်ရန်ပြုနေခြင်းဖြစ်ပါတယ်…
ကျုပ်အခုလိုဝင်ပြောရတာကလဲ…
ဒီတစ္ဆေကစကားလုံးဝမပြောတတ်လို့ပါခင်ဗျာ…”

“နေပါဦးကွဲ့..ဒီတစ္ဆေကရွာကိုဘာကြောင့်
မကျေနပ်နေရတာလဲ…”

“ဒီတစ္ဆေကတခြားသူမဟုတ်ပါဘူး…
ဒီရွာက ရွာသားတစ်​ယောက်ပါပဲ…
သူအသက်ရှိစဥ်အိုမင်းမစွမ်းတဲ့ချိန်မှာ
သားဖြစ်သူလင်မယားနဲ့အတူတူနေထိုင်ခဲ့ပါတယ်…
တစ်ရက်မှာ
သားဖြစ်သူရယ်ဖအေအိုကြီးရယ်အတူတူ
ငါးမြုံးသွားထောင်ရင်း…သားဖြစ်သူက အရက်အမူးလွန်ပြီး
ဖအေအိုကြီးကိုလှော်တက်နဲ့ရိုက်ချသတ်ခဲ့ပါတယ်…
အဲ့သည်လိုရိုက်သတ်ပြီး…အများကိုတော့
ရေနစ်ပြီးဆုံးတယ်လို့သတင်းလွှင့်ခဲ့တယ်ဗျ…
တကယ်တော့သူသတ်လိုက်တာကိုအများမသိအောင်
ဖအေ အိုကြီးရဲ့ အလောင်းကိုရေထဲမှာ
ခဲလုံးနဲ့ဆွဲပြီးနှစ်ထားခဲ့တာ…
ဒါကိုသေပြီးတဲ့နောက်အဲ့သည်ဖအေအိုကြီးက..
ဒေါသတ​ကြီးနဲ့လက်စားပြန်ချေနေခဲ့တာပါ…”

လို့ပြောလေတော့ဘွားမယ်စိန်လည်းစိတ်မကောင်းဖြစ်သွားရှာသည်။
သို့သော်ဆက်၍…

“သားဖြစ်သူကိုလက်စားချေတာကိုတော့
မပြောလိုပါဘူးကွယ်…
အခုက မဆိုင်တဲ့လူတွေကိုပါရန်မူနေတော့
ဒင်းကိုဘယ်လိုခွင့်လွှတ်လို့ရပါ့မလဲ”

“လက်စားချေလိုစိတ်နဲ့တစ္ဆေဖြစ်လာသူဆိုတော့
အခုလိုတွေဖြစ်ရတာပါ…
ကျုပ်သူ့ကိုခေါ်သွားပါ့မယ်…
အမေကြီးတို့ဘက်ကသာ သူ့အလောင်းကိုပြန်ရှာပြီး
သေချာသဂြိုလ်ပေးပါ…ဒါဆိုရင်
သူလည်းဒီရွာကိုရန်မူမှာမဟုတ်တော့ပါဘူး…”

လို့ပြောပြန်တော့ဘွားမယ်စိန်သည်
တစ္ဆေကိုသေချာကြည့်၏။
သေချာကြည့်နေရင်းမှ…

“ကောင်းပြီလေ…
သင့်ဘက်ကဒီတစ္ဆေကိုခေါ်သွားမယ်ဆိုရင်တော့
ကျုပ်ဘက်ကလည်း လုပ်သင့်တာကိုလုပ်ပေးပါ့မယ်…
ဒီအတွက်လည်းစိတ်ချပါ…”

လို့ဘွားမယ်စိန်နှင့်ကွင်းပိုင်တို့လည်းအပြန်အလှန်
ဂတိပေးကြလေသည်။

ကွင်းပိုင်ကလည်းတစ္ဆေကိုသူ့အနောက်သို့
လိုက်ခဲ့ဖို့ရန်အမိန့်ပေးပြီးခေါ်သွားလေသည်။

ထိုသူတို့ပျောက်ကွယ်သွားလေမှ…

“ကဲ…မောင်ရင်တို့…ကြားကြတယ်နော်…
မောင်ရင်တို့ အဲ့သည်တစ္ဆေရဲ့
အလောင်းကို ရှာမှရတော့မယ်…”

တစ္ဆေနှင့်ကွင်းပိုင်ကိုမောင်တိုးတို့မြင်ပုံရ၏။
ဒါကြောင့်လည်းဘွားမယ်စိန်ကထိုသို့
ပြောလိုက်ခြင်းပင်ဖြစ်သည်။
မိုးအောင်ကလည်း…

“ဒီအတွက်ကျုပ်တို့ရွာသားတွေတာဝန်ထားပါဘွား…
အဖေဖြစ်သူကိုပြန်သတ်တဲ့ကောင်ကိုလည်း
ကျုပ်သေချာစုံစမ်းမှာပါ…”

ဟု…ပြော၏။

“အေး…အေး…အေး…
ဒါဖြင့်လည်းပြန်ကြတာပေါ့ကွယ်…”

ဘွားမယ်စိန်တို့လည်းရွာထဲပြန်လာကြသည်။
နောက်တစ်နေ့နံနက်ရောက်တော့ မိုးအောင်က
တစ်ရွာလုံးကိုသေချာရှင်းပြပြီး အလောင်းကို
ရွာသားတွေရေငုပ်ရှာကြတော့၏။
ပြီးနောက်အဖေဖြစ်သူကိုသတ်တာဘယ်သူ၊ဘယ်ဝါဆိုတာ
စုံစမ်းလေတော့ ကိုဇော်ကြီးပင်ဖြစ်လို့နေခဲ့သည်။
ကိုဇော်ကြီးအဖေရေနစ်ဆုံးသည်က
လွန်ခဲ့သည့်တစ်နှစ်လောက်ကဖြစ်သည်။
အလောင်းကို ညမိုးချုပ်၍မည်သည့်​နေရာ၌မြုပ်သွားမှန်းမမှတ်မိဘူးဟူ၍မည်သူကမှသတိမထားခဲ့ကြခြင်းဖြစ်သည်။
ယခုတော့ကိုဇော်ကြီးကိုလည်း
တစ္ဆေကလက်စားချေခဲ့နိုင်ပြီ​ဖြစ်၏။
ရွာသားတွေရဲ့စုပေါင်းရှာဖွေမှုကြောင့်
နောက်တစ်နေ့မှာပင်အလောင်းကိုရှာတွေ့ခဲ့ကြသည်။
အလောင်းကအရိုးပင်ကျန်ရှိတော့ပြီးထိုအရိုးများကို
ရွာသင်္ချိုင်း၌သေချာမြုပ်နှံပေးကြရှာသည်။
မိုးအောင်တို့အိမ်၌တော့လူပင်မပြတ်ပေ။
အကြောင်းမှာကရွာသူ၊ရွာသားတို့သည်
ဘွားမယ်စိန်ကိုလာ၍ ကျေးဇူးတင်စကားများ
ပြောကြခြင်းဖြစ်၏။
ဘွားမယ်စိန်ကလည်းမိုးအောင်ကို
တစ္ဆေအတွက်အလှုအတန်းလေးလုပ်ပေးဖို့နဲ့
အမျှအတန်းပေးဝေဖို့ရန်သေချာမှာကြားလေသည်။
အလောင်းကိုသေချာမြုပ်နှံပေးပြီးချိန်မှစ၍
ရွာ၌ချောင်းထဲကအော်သံကြီးကိုလည်း
မည်သူမှမကြားရတော့ပေ။
ဘွားမယ်စိန်တို့ ထိုတစ္ဆေကိစ္စကို
ရှင်းလင်းပေးပြီးနောက် မြင်သာရွာ၌
တစ်ရက်ဆက်၍နေခဲ့ကြသည်။
နောက်တစ်နေ့မနက်အစောမှာတော့
အားလုံးကိုနှုတ်ဆက်ပြီး
သောင်ထွန်းရွာဆီကိုပြန်လာခဲ့ကြတော့၏။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)