“ဘွားမယ်စိန်နှင့် စုန်းမရင်သွေး”(စ/ဆုံး)

“ဘွားမယ်စိန်နှင့် စုန်းမရင်သွေး”(စ/ဆုံး)

———————————————-

မိုးကအတော်သည်းထန်နေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးလည်းမိုးသည်းနေခြင်းကြောင့်
အမှောင်ကျနေခဲ့သည်။
ထိုသို့မိုးသည်းထန်နေသည့်အချိန်၌
ညောင်ကုန်းရွာ၏သင်္ချိုင်းထဲရှိဇရပ်ပေါ်တွင်
မီးအလင်းရောင်များရှိနေခဲ့၏။
ထိုသင်္ချိုင်းအတွင်းရှိဇရပ်အပေါ်၌
သုဘရာဇာကြီးဦးသောင်းအပြင်တိုက်ပုံအနီဖြင့်
ဘိုးတော်ကြီးတစ်ယောက်လည်းရှိနေခဲ့သည်။

“ဆရာကြီး…ကျူပ်ဘာလုပ်ပေးရဦးမလဲ”

“ရပြီ…ကလေးအတွက်ရွာထဲသွားပြီး
ဆိတ်နို့ရှာပေးတာနဲ့တင်ခင်ဗျားကိုကျေးဇူးတင်နေပြီ”

“ဟုတ်ကဲ့ဆရာကြီး…တစ်ခုခုလိုရင်
ကျူပ်တဲထဲမှာရှိနေပါ့မယ်…လှမ်းခေါ်လိုက်ပါ”

“ဟုတ်ပြီ…”

သုဘရာဇာကြီးက ဝါးလုံးတိုလေးကို
တောင်ဝှေးသဖွယ်သုံးပြီး ဇရပ်ဘေးရှိ တဲလေးထဲသို့
ဝင်သွားတော့သည်။
တိုက်ပုံနီဖြင့် ဘိုးတော်ကြီးကတော့ သုဘရာဇာကြီးကို
တစ်ချက်လှမ်းကြည့်ပြီးပြုံးသည်။
ပြီးနောက်သူ၏အရှေ့၌ရှိနေသာ ကလေးငယ်လေးကို
လေးနက်သောဟန်ဖြင့်စိုက်ကြည့်နေခဲ့သည်။
ကလေးကလည်း တစ်နှစ်ကျော်နှစ်နှစ်သားအရွယ်လေးပင်။
စောင်လေးအတွင်း၌ အိပ်ပျော်နေရှာ၏။
အချိန်အားဖြင့်
ညသန်းခေါင်ကျော်လေပြီ။

“ဝူးးးးအူးးးး….အူ………”

ဆွဲဆွဲငယ်ငယ်အူလိုက်သော ခွေးအူသံများကြောင့်
ဘိုးတော်ကြီးကသူ၏နဖူးကြောများကိုကျုံ့၍
အလိုမကျဟန်ဖြင့် ဇရပ်အပြင်ကိုကြည့်သည်။
ဘိုးတော်ကြီးကအသက်အားဖြင့်၇၀ ကျော်ဟုထင်ရပေမည်။
ရှည်လျားသောဆံပင်ဖြူကြီးကိုသျှောင်ထုံးထုံးဖွဲ့လို့ထားပြီး
မုတ်ဆိတ်များကလည်းဖြူကာဖွေးလို့နေခဲ့၏။
သို့သော် သူ၏ရုပ်သွင်သည်အပြစ်ကင်းစင်သူပမာ
ရှင်းလင်းလို့နေပြီးတည်ကြည်လေးနက်သူတစ်​ယောက်ဟု
မှတ်ချက်ပြုရပေမည်။
အသားအရည်မှာလည်းဖြူသည်လည်းမဟုတ်….
ရွှေဝါရောင်သန်းနေသည့်အသားအရည်မျိုးရှိသည်။

“တောက်…”

ဘိုးတော်ကြီးကတောက်ခေါက်လိုက်သည်။
ဇရပ်အပြင်ကိုသေချာလေးစိုက်ကြည့်၍အလိုမကျဖြစ်နေ၏။

“ဘယ်အကောင်…ဘယ်ကောင်မက
နှောက်ယှက်ခိုင်းလိုက်တာလဲဟေ့…
ကိုယ့်လာရာလမ်းကိုပြန်ချင်ပြန်ပေါ့ကွာ…
မဟုတ်ရင် ဘကောင်းအကြောင်းသိစေရမယ်…”

ဇရပ်အပြင်၌ ဆံပင်ဖျားလျားကြီးဖြင့်မိန်းမကြီးနှစ်ယောက်
မတ်တပ်ရပ်နေခဲ့သည်။
မိုးများရွာနေသည်ကိုပင်မှုဟန်မရှိပေ။

“ဟဲ့ဘကောင်း…မသေချရင်အခုထွက်လာခဲ့…
နင်ယူသွားတဲ့ ကလေးကိုအခုပြန်ပေးစမ်း…”

အမျိုးသမီးကြီးတွေက ခါးကြီးတွေထောက်၍
ဒေါသတကြီးပြောနေကြသည်။
ထဘီကိုတိုတိုသာဝတ်ထားကြပြီးမိုးသည်းတာကိုပင်
ဂရုမစိုက်နိုင်ဘဲ ဘိုးတော်ကြီးကိုဒေါသတကြီးကြည့်နေခဲ့သည်။

“တောက်…အတော်ဇွဲကောင်းကြတာကိုး…
အေး…ငါလာပြီ…နင်တို့ကလည်းသေပွဲဝင်ဖို့
ငါ့ဆီလာကြတာကိုး….ဟင်း…ဟင်း…”

ဘိုးတော်ကြီးက ကလေးငယ်ကိုတစ်ချက်ကြည့်ပြီး
ဇရပ်အပြင်ကိုခြေဗလာဖြင့်ထွက်လာခဲ့သည်။

“ငါတို့ကလေးပြန်ပေးစမ်း…
နင်ငါ့တပည့်တွေကိုသာနိုင်မယ်…
စုန်းမ မိသန်းကိုနင်နိုင်မလားစမ်းကြည့်လေ”

“ကဲ…နင်တို့ငါ့ကိုနိုင်ရင်နင်တို့ကလေးကိုပြန်ရလိမ့်မယ်…
ပြစမ်းဟဲ့ နင့်ပညာ…”

စုန်းမ တွေကဒေါသတကြီး​ဖြင့် ဘိုးတော်ကြီးကို
တိုက်ခိုက်ကြသည်။
မိုးရေထဲ၌တိုက်ပွဲကပြင်းထန်လှ၏။
နောက်ဆုံး၌ဘိုးတော်ကြီးကို သူတို့၏စက်များထုတ်၍
ပစ်ကြပြန်သည်။
ဘိုးတော်ကြီးကထိုစက်များကိုသူ၏ လက်တစ်ဖက်ဖြင့်
ကာစီးပြီးနှုတ်မှဂါထာများရွှတ်နေသည်။
စုန်းမနှစ်ယောက်၏ စက်တန်းများကိုကာစီးထားရင်း
ကျန်သောလက်တစ်ဖက်ကသူ၏အိတ်ကပ်ထဲရှိ
အင်းချပ်ကိုဆွဲယူလိုက်ပြီး

“ကဲ…လာရာလမ်းကို သွားကြ ပေတော့ဟဲ့…”

ဟုပြောကာ စုန်းမနှစ်ယောက်ဆီကိုပစ်သွင်းလိုက်သည်။

“ဝုန်း…”

“အားးး”

အင်းချပ်ထိမှန်သွားသော စုန်းမနှစ်​ယောက်မှာ
အနောက်သို့လွှင့်စင်ကုန်ကြသည်။
မြေပြင်ပေါ်၌ အကြောများတဆတ်ဆတ်လှုပ်ခါနေကြပြီး

“ဝေါ့…”ခနဲသွေးများကိုထိုးအန်ကြသည်။

ပြီးနောက်ဇတ်များကျိုပြီးငြိမ်သက်သွားကြတော့သည်။

ဘိုးတော်ကြီးသည် စုန်းမနှစ်ယောက်ကို
စိတ်မကောင်းစွာတစ်ချက်ကြည့်ပြီး ဇရပ်ထဲသို့ဝင်လာခဲ့သည်။
ထိုစဥ်တဲအတွင်းမှရပ်ကြည့်နေသော သုဘရာဇာကြီး
ထွက်လာခဲ့ပြီး…

“ဆရာကြီး…”

“ဟော…ခင်ဗျားမအိပ်သေးဘူးပဲ…”

“ဟုတ်ကဲ့”

ဘိုးတော်ကြီးက ပုဆိုးတစ်ထည်ကိုယူ၍
သူ၏ကိုယ်၌စိုနေသော ရေစက်များကိုသုတ်လိုက်သည်။
သုဘရာဇာကြီးကကြည့်နေသည်ကိုသိတော့…

“ဦးသောင်း…ကျုပ်ကိုဘာပြောချင်လို့လဲ”

ဟုမေးရင်းကြည့်လိုက်တော့ သုဘရာဇာကြီးက
အနေခက်သွားပြီး…

“တခြားမဟုတ်ပါဘူးဆရာကြီးရယ်…
ကျုပ်စိတ်ထဲသိချင်လွန်းနေလို့ပါ…”

“ဘာများသိချင်တာလဲဦးသောင်းရဲ့…”

ဘိုးတော်ကြီးကထပ်မေးလေတော့ သုဘရာဇာကြီးကို
စောင်လေးထဲ၌အိပ်နေသော ကလေးမလေးကို
လက်ညိုးထိုးပြပြီး…

“ဒီကလေးလေးက ဘယ်သူလဲဆရာကြီး…
နောက်ပြီး…စောစောကမိန်းမတွေကရောဘယ်သူတွေလဲဗျ”

ဟု​မေးတော့ ဘိုးတော်ကြီးကပြုံးသွားသည်။

“ကဲ…ခင်ဗျားသိချင်ရင်ကျုပ်ပြောပြမှာပေါ့…
အခုတော့ ကျုပ်ရေနွေးလေးသောက်ချင်တယ်…”

“ရတာပေါ့ဆရာကြီးရယ်…ခဏလေးစောင့်ပေးပါ
ကျုပ်သွားယူခဲ့ပါ့မယ်…”

သုဘရာဇာကြီးက ထော့နင့်..ထော့နင့်ဖြင့်သူ၏
တဲဆီထွက်သွားသည်။
သိလိုစိတ်များနေတာကြောင့်ခြေလှမ်းများပင်
သွက်လက်နေခဲ့သည်။
ဇရပ်၌ကျန်ခဲ့သောဘိုးတော်ကြီးကတော့
မိုးရေစိုထားသာအဝတ်အစားများကိုလဲလှယ်ပြီး
ကလေးလေး၏နံဘေး၌ဝင်ထိုင်လိုက်သည်။
ရေနံဆီမီးအိမ်အလင်း​ဖြင့် မြင်နေရသော
ကလေးလေး၏မျက်နှာလေးကိုကြည့်ပြီး ဘိုးတော်ကြီးက
ပြုံးလိုက်ပြန်သည်။

“ဆရာကြီး…ရေနွေးရပြီ”

သုဘရာဇာကြီးက ရေနွေးကြမ်းအိုးနှင့်
ကြွေပန်းကန်တစ်လုံးယူလာခဲ့သည်။
ဘိုးတော်ကြီး၏အရှေ့၌ချပေးပြီး…

“ဆရာကြီး…ဒါက ထန်းလျက်…”

ဖက်ရွက်လေး​ဖြင့်လိပ်ထားသော
ထန်းလျက်ခဲထုပ်လေးကိုလည်းချပေးပြန်တော့
ဘိုးတော်ကြီးကခေါင်းကိုညိတ်၍…

“ခင်ဗျားလည်း…သားသမီးမရှိ…ဆွေမျိုးမရှိနဲ့
သုဘရာဇာအဖြစ်ဘယ်အချိန်ထိလုပ်နေဦးမှာတုန်း…”

“ကျုပ်ကဒီအလုပ်သာမလုပ်ရင်
ထမင်းစားရမှာကိုမဟုတ်ဘူးဆရာကြီးရဲ့…
ဒီအလုပ်လေးရှိနေလို့သာ ဝမ်းဝနေရတာ…”

“ဒါလည်းဟုတ်တာပါပဲ…
မသာတစ်ခေါက်…ကျောင်းဆယ်ခေါက်တဲ့…
အခုလိုလုပ်ကိုင်တာလည်းကုသိုလ်ပဲဗျ…
ဒီဘဝတော့ခင်ဗျားထမင်းမငတ်နိုင်ပါဘူး”

“ဒါပေါ့ဆရာကြီးရယ်…
အယ်…ကျုပ်အကြောင်းထားပါဗျာ…
ဒီကလေးအကြောင်းကျူပ်သိချင်လို့ပါ…
ဆရာကြီးကျူပ်ဆီမှာတည်းတော့လည်းကျုပ်ခွင့်ပြုခဲ့သလို…
ဒီကလေးခေါ်လာပြန်တော့လည်း လိုတာတွေရွာထဲကျုပ်သွား
တောင်းပေးခဲ့တယ်မဟုတ်ဘူးလားဗျ…
ဒါကြောင့်…ဒီကလေးက ဘယ်သူလဲ…
ဘယ်ကလဲဆိုတာတော့ကျုပ်သိချင်တာပေါ့ဗျာ…”

“ကျုပ်ပြောမှာပါ…ကျုပ်ဒီကလေးကိုခေါ်ဖို့
ဒီီကိုလာခဲ့တာပါ…
ဒီကလေးက စောစောက ကျုပ်လက်ချက်နဲ့သေသွားတဲ့
စုန်းမမိသန်းရဲ့ကလေးပဲ…”

“စုန်းမ မိသန်းကဘယ်ကလဲဗျ…
ကျုပ်ဒီနာမည်ကိုမကြားဖူးပါဘူး”

” ခက်လိုက်ပါဘိ ဦးသောင်းရယ်…
လူသတင်းလူချင်းဆောင်ဆိုသလို…
စုန်းကဝေသတင်းကိုတော့ကျုပ်တို့လိုဆရာတွေသိတာပေါ့”

“ဟုတ်ပါပြီဆရာကြီး…ဆက်ပါဦးဗျာ…”

“တကယ်တော့ ကျုပ်က စုန်းမ မိသန်းကို
အနာတရမဖြစ်စေချင်လို့ သူမရှိချိန်သူ့တပည့်တွေကို
အနိုင်ယူပြီး ဒီကလေးကိုခေါ်ထုတ်လာတာ…
အခုခင်ဗျားလည်းမြင်မှာပေါ့…
ဒင်းလိုက်လာတော့ ကျုပ်လည်း
လက်ရှောင်မရတော့ဘူးလေ…
သူသေကိုယ်သေတိုက်ရမယ့်အရေးဆိုတော့
အဆုံးသတ်ပေးရတာပေါ့ဗျာ…”

“ဒါကတော့ကျုပ်ကပညာမတတ်တော့မသိပါဘူးဗျာ…
ဆရာကြီးကဘာလို့ဒီကလေးကို
ခေါ်လာရသလဲဆိုတာတော့သိချင်တယ်ဗျ…”

“သိရမှာပေါ့ဗျာ…
ဒီကလေးက တကယ့်ထူးမယ့်ပုဂ္ဂိုလ်ဗျ…
ကျုပ်သာခေါ်မလာရင်သူလည်းသူ့အမေလိုပဲ
ဖြစ်လာမှာ…ဒါကြောင့်လည်းကျုပ်ကိုယ်တိုင်
အရခေါ်လာရတာပေါ့ဗျာ…”

“ပုဂ္ဂိုလ်ထူးဖြစ်လာမှာမလို့ဆရာကြီးကခေါ်လာတယ်…
အင်းဗျာ…ဒါတော့ဆရာကြီးပဲသိမှာပေါ့…
ဆရာကြီးဒီကလေးကိုခေါ်ပြီးဘယ်ကိုဆက်သွားမှာလဲ…”

“သူရှိရမယ့်နေရာကိုကျူပ်ခေါ်သွားရမှာပေါ့”

“ဆရာကြီး​နောက်ထပ်ကောဒီရွာကိုမလာတော့ဖူးလား”

“ကျုပ်အတွက်က နောက်တစ်ခေါက်ဆိုတာ
ရှိချင်မှရှိမှာ…ကျုပ်တာဝန်ပြီးရင်
ကျုပ်အရပ်ကိုကျုပ်ပြန်ရတော့မယ်လေ… ”

“ဒါဆိုကျုပ်တော့ ဆရာကြီးကိုသတိရနေတော့မှာပဲဗျာ…”

“ဒီလိုပါပဲဦးသောင်း…
ကျုပ်တို့လူ့ဘဝဆိုတာတွေ့ကြုံဆုံကွဲတဲ့ဗျ…
ရေစက်ရှိလို့ဆုံတယ်…
ရေစက်ကုန်လို့ကွဲတယ်….
ဒါပေမယ့် သံသရာစက်ဝန်းရဲ့တစ်ထောင့်ထောင့်မှာတော့
ဆုံရဦးမှာပေါ့ဗျာ…”

“ဟုတ်တာပေါ့ဆရာကြီးရယ်…”

“ကဲဗျာ…စကားလည်းကောင်းနေတယ်…
ခင်ဗျားလည်းသွားအိပ်ပေတော့…
ကျုပ်တို့လည်းမနက်မိုးလင်းရင်ခရီးဆက်ရဦးမယ်…”

“ဟုတ်ကဲ့ဆရာကြီး…”

သုဘရာဇာကြီးကခေါင်းတစ်ချက်ညိတ်ပြီး
ဇရပ်ပေါ်မှဆင်းသွားသည်။
ဘိုးတော်ကြီးကတော့ ကလေးလေးကိုတစ်ချက်ကြည့်ပြီး
တင်ပုလ္လင်ခွေကာထိုင်လိုက်သည်။
ပြီးနောက်ပုတီးကိုယူ၍ တရားထိုင်ခြင်းကိုအစပြုတော့၏။

နောက်တစ်နေ့နံနက်မိုးလင်းတော့
သုဘရာဇာကြီးလည်းနိုးလာခဲ့သည်။
ဇရပ်ပေါ်ရှိဘိုးတော်ကြီးနှင့်ကလေးငယ်ကိုသတိရ၍
အမြန်သွားကြည့်တော့…

“ဟင်…”

ဇရပ်ပေါ်၌ ဘိုးတော်ကြီးလည်းမရှိတော့သလို…
ကလေးငယ်လေး၏အရိပ်အယောင်ကိုပင်မမြင်ရ။
ရှင်းလင်းနေသော ဇရပ်အပေါ်တွင်
ရေနံဆီမီးအိမ်တစ်လုံးသာရှိနေသည်။
ထိုမီးအိမ်သည် သုဘရာဇာကြီးရဲ့မီးအိမ်ဖြစ်ပြီး
ထိုရေနံဆီမီးအိမ်အောက်ခြေ၌ ဒင်္ဂါးပြားတစ်ချို့ကိုလည်း
တွေ့လိုက်ရ၏။
ဒင်္ဂါးပြားများကို သုဘရာဇာကြီးကကောက်ယူပြီး…

“သြော်…လာတော့လည်းဘယ်ကလာမှန်းမသိ…
ပြန်တော့လည်းဘယ်ကိုပြန်မှန်းမသိ…
အင်းလေ…သူပြောသလိုပဲရေစက်ပေါ့…
ဟူးးး…ဟိုအလောင်းတွေကိုငါပဲမြုပ်ရတော့မယ်…”

ဟု…တွေးတွေးစစပြောရင်းဇရပ်ပေါ်မှဆင်းသွားခဲ့တော့သည်။

*****************************

တောင်​ခြေရွာဆီသို့ ကလေးတစ်ယောက်
ကိုကျော၌ပုဆိုးတစ်ထည်​ဖြင့် ပိုးထားပြီး
ချည်လွယ်အိတ်ကြီးကိုပါလွယ်ထားသော
ဘိုးတော်ကြီးတစ်ယောက်ရောက်လာခဲ့သည်။
ရွာသူ၊ရွာသားများကထိုဘိုးတော်ကြီးကိုအထူးအဆန်းသဖွယ်ကြည့်နေခဲ့ကြ၏။

“ဟေ့…ဒီရွာက နော်ခမ်းဆိုတဲ့အမျိုးသမီးရဲ့
အိမ်ဘယ်နားမှာရှိသလဲကွဲ့…”

ဟု…လမ်း၌ဆုံသောရွာသားကိုမေးတော့ ရွာသားက
မဖြေသေးဘဲအထူးအဆန်းသဖွယ်ကြည့်နေခဲ့သည်။

“ဟေ့မောင်ရင်…အဘမေးနေတာကြားရဲ့လား”

“သြော်…ဟုတ်…ကျုပ်လိုက်ပို့ပေးပါ့မယ်…”

ဘိုးတော်ကြီးကခေါင်းတစ်ချက်ညိတ်ပြီး
ရွာသား၏အနောက်မှလိုက်လာခဲ့သည်။

“ဟဲ့မိညှပ်…”

“ဗျို့…”

“ဒီမှာ…နင်တို့အိမ်ကိုလာတဲ့ဧည့်သည်…”

မိညှပ်နှင့်လမ်းမှာဆုံတော့ရွာသားကမိညှပ်ကိုပြောလိုက်သည်။
မိညှပ်ကဘိုးတော်ကြီးကိုသေချာကြည့်၏။
ချီပိုးထားသောကလေးငယ်ကိုလည်းကြည့်ရင်း…

“အဘက ကျုပ်အရီးဆီကိုလာတဲ့ဧည့်သည်လား”

“အေးဟုတ်တယ်ကွဲ့…”

“ဒါဆို ကျုပ်နဲ့လိုက်ခဲ့လေ…
အရီးအိမ်မှာရှိတယ်…”

“အေး…အေး…အေး…”

မိညှပ်ကိုယ်တိုင်အိမ်သို့ခေါ်လာတော့သည်။

“အရီး…ဧည့်သည်…”

ဆေးများကြိတ်နေသော ဒေါ်နော်ခမ်းကိုမိညှပ်က
လှမ်းသတိပေးလိုက်သည်။
ဒေါ်နော်ခမ်းကလည်းဆေးကြိတ်နေရင်းမှမော့ကြည့်၏။
ဘိုးတော်ကြီးကိုတွေ့သွားတော့ သေချာကြည့်ရင်း
သတိရသွားဟန်ဖြင့်…

“အဘဆရာ…”

ဟုခေါ်၍အနီးရောက်လာခဲ့သည်။

“အဘဆရာ…လာပါ…ထိုင်ပါဦးအဘဆရာ…”

“အေး…အေးသမီး…နေကောင်းတယ်နော်…”

“ဟုတ်ကဲ့…ကောင်းပါတယ်အဘဆရာ…”

ဒေါ်နော်ခမ်းက ဘိုးတော်ကြီးကို
အတော်လေးရိုသေဟန်ရှိသည်။
စကားအပြောအဆိုနှင့်အမူရာကိုကြည့်ပြီး မိညှပ်လည်း
ပို၍သတိထားနရေ၏။

“မိညှပ်…ရေနွေးအိုးယူခဲ့”

“ဟုတ်ကဲ့အရီး…”

ဘိုးတော်ကြီးက သစ်သားခုံတန်း၌ထိုင်သည်။
သူ၏ကျော၌ချီပိုးထားသော ကလေးငယ်လေးကိုပုဆိုးမှ
ဖြုတ်၍ နေရာချပေးသည်။
ဒေါ်နော်ခမ်းကတော့ဖျာကြမ်းယူကာခင်းပြီး
အောက်၌သာထိုင်၏။

“ရပါတယ်သမီးရယ်…အပေါ်မှာထိုင်ပါ…”

“ကျုပ်မထိုင်ဝံ့ပါဘူးအဘဆရာ…”

ဒေါ်နော်ခမ်းစကားကြောင့်ဘိုးတော်ကြီးကပြုံး၍
ခေါင်းညိတ်သည်။
ဒေါ်နော်ခမ်းက ကလေးလေးကိုလှမ်းကြည့်ပြီး…

“အဘဆရာ…ဒီကလေးက”

ဟု…မေးလေတော့…

“ဒါအဘကယ်လာတဲ့လူသားလေးပဲသမီးရဲ့…
သူ့ဘဝအမှောင်ထဲရောက်မယ့်လမ်းကနေအဘကိုယ်တိုင်
အလင်းထဲခေါ်လာခဲ့တာ…ထူးမယ့်ကလေးသမီးရဲ့”

“သြော်…”

ဒေါ်နော်ခမ်းကအံသြဟန်ဖြင့်ကလေးငယ်ကိုကြည့်နေသည်။

“အဘဆရာမှာ…အချိန်မရှိဘူးသမီး…
အထက်ကအဘဆရာကြီးတွေရဲ့အမိန့်တွေနဲ့…
ဒီကလေးကိုအဘသွားကယ်လာခဲ့ရတာ…
အခုလည်းအထက်အမိန့်အာဏာအတိုင်းပဲ
ဒီကလေးကိုသမီးဆီမှာအဘအပ်ခဲ့မယ်…
သောင်ထွန်းရွာကဘွားမယ်စိန်ဆီမှာ
ဒီကလေးကိုသွားထားပေးပါကွယ်…”

“ရှင်…အမေကြီးဆီကိုပို့ပေးရမယ်ဆိုတော့
ဖြစ်…ဖြစ်ပါ့မလားအဘဆရာ…”

“မဖြစ်နိုင်စရာမရှိဘူးသမီး…
ဘွားမယ်စိန်ကိုပြောလိုက်…
ဒီကလေးဟာ သာသနာကိုအကျိုးပြုမယ့်
ကလေးဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့…
သူအရွယ်ရောက်တာနဲ့သူတို့ရွာကျောင်းကဆရာတော်ကြီးဆီ
အပ်လိုက်ဖို့ကိုပါပြောလိုက်ကွဲ့…
ဒီကြားသူတို့ရွာမှာမွေးစားချင်သူရှိရင်လည်းမွေးစားခိုင်းပေါ့
အဓိကအကြောင်းကတော့ ဒီကလေးကိုအချိန်တန်ရင်သာ
သာသနဘောင်ထဲသွတ်သွင်းပေးဖို့ပဲသမီးရဲ့…”

“ဟုတ်ကဲ့…အဘဆရာကြီးပြောတာ
ကျုပ်နားလည်ပါပြီ…စိတ်ချပါအဘဆရာကြီး…
ကျုပ်သေချာပို့ပေးလိုက်ပါ့မယ်…”

“အေး…အေး…အေး…”

“ဒါနဲ့အဘဆရာကြီးထမင်းစားဖို့
ကျုပ်ပြင်ပေးရမလား”

“နေ…နေ…အဘဗိုက်မဆာဘူး…
အခုလာရင်းကိစ္စလည်းသမီးသိပြီဆိုတော့
အဘလည်းခရီးဆက်စရာတွေရှိသေးတယ်…
ဒီကလေးကိုသမီးလက်ထဲအပ်ခဲ့ပြီနော်…”

“ဟုတ်ကဲ့အဘဆရာ…
ကျုပ်ဦးချပါတယ်…”

“အေး…ငါ့သမီးနော်ခမ်းကျန်းမာပါစေ…ဘေးရန်ကင်းပါစေ…
ရန်မှန်သမျှကိုချေမှုန်းနိုင်ပါစေကွယ်…”

“ပေးတဲ့​ဆုနဲ့ပြည့်ပါရစေ”

“အေး…အေး…အေး…ဒါဆိုရင်အဘသွားပြီ…”

ဘိုးတော်ကြီးက ကလေးငယ်ကို
ဒေါ်နော်ခမ်းဆီမှာထားခဲ့ပြီးထွက်သွားတော့သည်။
အသက်ကြီးရင့်လှသော်လည်းသန်မာဖျတ်လတ်လှသော
ဘိုးတော်ကြီးကိုကြည့်ပြီးဒေါ်နော်ခမ်းပြုံးလိုက်သည်။
ပြီးနောက် ကလေးငယ်လေးဆီကိုသွားပြီး…

“ကလေးရေ…နင်ကဘယ်ကလာတဲ့
ဘယ်သူ့သွေးသားလဲဆိုတာတော့ငါမသိဘူး…
သေချာတာကတော့နင်ကအတော်ကံကောင်းတဲ့
ကလေးလေးပဲ…
အထက်ပုဂ္ဂိုလ်တွေကိုယ်တိုင်ကတောင်နင့်အတွက်
အခုလိုတွေစီစဥ်ပေးနေကြတာဆိုတော့ကံကောင်းလိုက်တာ
ကလေးရယ်…”

ဟုပြောလိုက်သည်။
မိညှပ်ကတော့နားမလည်ဟန်ဖြင့်
ဒေါ်နော်ခမ်းကိုလှမ်းကြည့်နေခဲ့သည်။

ထိုသို့ဖြင့်မိညှပ်နှင့်ဒေါ်နော်ခမ်းတို့လည်းကလေးလေးကို
ခေါ်၍နွားလှည်း​ဖြင့်သောင်ထွန်းရွာသို့
ရောက်လာခဲ့ကြတော့သည်။

သောင်ထွန်းရွာသို့ရောက်တော့အဖြစ်အပျက်အစုံကို
ဘွားမယ်စိန်အားပြောပြလိုက်၏။
ဘွားမယ်စိန်သည်ကလေးငယ်လေးကိုကြည့်ပြီး…

“အင်းပေါ့လေ…ဘွားဆီကိုရောက်လာပြီဆိုတော့လည်း
ဘွားစီစဥ်ပေးရမှာပေါ့…”

ဟုပြော၏။

ကလေးငယ်လေးကိုဒေါ်ဝင်းတို့သားအမိနှင့်မိညှပ်က
ထိန်းပေးကြရှာသည်။

“အမယ်…ရယ်တယ်တော့်…
သားလေးကချစ်စရာလေးပါလား…”

“အရီး…ကျုပ်တော့ကောင်းကောင်းလေးကို
ချစ်တယ်တော့်…”

“သူ့နာမည်ကကောင်းကောင်းတဲ့လား”

“ကျုပ်အရီးကအဲ့လိုခေါ်တာပဲတော့်”

မိညှပ်အပြောကြောင့် ဒေါ်ဝင်းတို့မှာ
ကောင်းကောင်းလေးဟုခေါ်ကြတော့သည်။
ကောင်းကောင်းလေးကိုလည်းအားလုံးကချစ်သလို
ကလေးကလည်းမျက်နှာရွှင်လေးမို့ချစ်စရာ
အလွန်ကောင်းပေသည်။

“ကောင်းကောင်းလေးကိုဆိတ်နို့လေးတိုက်မယ်…”

ဒေါ်ဝင်းကရွာထဲမှဆိတ်နို့ရှာပြီးကလေးကိုတိုက်သည်။
ဘွားမယ်စိန်နှင့်ဒေါ်နော်ခမ်းတို့ကတော့
သူတို့ကိုကြည့်ပြီးပြုံးနေခဲ့ကြသည်။

“အစ်မဝင်းဒီကလေးကိုမွေးနိုင်မလား
မသိဘူးနော်အမေကြီး”

“ညည်းအစ်မနဲ့အဆင်မပြေလောက်ပါဘူးသမီးရယ်…
သူ့မှာသူ့သမီးတစ်ယောက်နဲ့တင်အလုပ်များနေတာ…
နောက်ပြီးအခုကလေးကငယ်သေးတယ်
သူကထိန်းကျောင်းတတ်မှာမဟုတ်ပါဘူးအေ…”

ဘွားမယ်စိန်စကားကြောင့် ဒေါ်နော်ခမ်းခေါင်းညိတ်သည်။

“ဒီလိုဆိုဘယ်လိုဆက်လုပ်ကြမလဲအမေကြီး”

“ဘွားတို့ရွာကသူကြီးကိုခေါ်ထားတယ်…
ဒီကလေးအတွက်အဲ့သည်တော့မှဆုံးဖြတ်ကြတာပေါ့”

“အဲ့သည်လိုပဲလုပ်ကြရတော့မှာပေါ့အမေကြီးရယ်…”

ဘွားမယ်စိန်ကရွာသူကြီးဦးနောင်ချိုတို့ကိုခေါ်ယူပြီး
ကလေး၏အကြောင်းကိုပြောပြလေသည်။

“ဒါဆိုရင်ဒီကလေးက အထက်ပုဂ္ဂိုလ်တွေက
ပေးတဲ့ကလေးပေါ့…”

“အဲ့သည်လိုပဲ​ပြောရမှာပေါ့မောင်နောင်ချိုရယ်…
ပြောပြခဲ့တဲ့အတိုင်းပဲသူဆယ်နှစ်ပြည့်တာနဲ့
သာသနဘောင် ထဲသွတ်သွင်းပေးရမှာပေါ့ကွယ်…”

သူကြီးဦးနောင်ချိုကစဥ်းစားနေပုံရသည်။
ပြီးလေမှ…

“ကျုပ်အကြံရပြီဗျ”

“ဘာများလဲကွဲ့…”

“ဒီကလေးကိုကျုပ်သားတို့လင်မယားမွေးစားလိမ့်မယ်…
အားလုံးလည်းသိတဲ့အတိုင်း ကျုပ်သားတို့မှာက
ကလေးမရှိကြဘူးလေ…သူတို့ကလေးလိုချင်နေတာ
ကျုပ်အသိပဲ….ဒီတော့ ဒီကလေးကိုသူတို့
မွေးစားနိုင်ပါလိမ့်မယ်ဗျာ…”

“ဖြစ်ပါ့မလားကွယ်…
ကလေးရချင်တာနဲ့ကလေး​မွေးစားတာက
မတူဘူးမောင်နောင်ချိုရဲ့”

“ဖြစ်ပါတယ်ဘွားရယ်…
ဘွားတို့ဆန္ဒအတိုင်းဒီကလေးအသက်ပြည့်ရင်
သာသနဘောင်ထဲသွင်းပေးရင်ရပြီမဟုတ်လားဗျ…
ကျန်တဲ့ကိစ္စအဝဝကို ကျုပ်ကိုယ်တိုင်တာဝန်ယူပါတယ်ဗျာ
စိတ်ချပါ….”

“အေးပါကွယ်…ဒီလိုဆိုမှလည်း
ဘွားတို့ဘက်ကသဘောမတူစရာဘာရှိလို့လဲ…
ဟုတ်တယ်နော်သမီး…”

“ကျုပ်သဘောတူပါတယ်အမေကြီး”

သူကြီးဦးနောင်ချိုကဝမ်းသာသွားသည်။
ဘွားမယ်စိန်တို့ကလည်းကျေနပ်အပြုံးများပြုံးနေကြ၏။
ဒေါ်ဝင်းတို့မိညှပ်တို့မှာ ကလေးကိုကြည့်ပြီး
မျက်ရည်ဝဲနေကြရှာသည်။

သူကြီးရဲ့သားဖြစ်သူလင်မယားကလည်း
ချက်ချင်းရောက်လာပြီးကလေးကိုကြည့်ကြသည်။

“ဟယ်…ကလေးလေးကချစ်စရာလေးတော့်”

“ဟုတ်ပါ့ဗျာ…ချစ်စရာလေး…”

သူတို့ကလည်းကလေးကိုမြင်မြင်ချင်းချစ်ခင်ကြသည်။
မွေးစားဖို့လည်းဆုံးဖြတ်ကြ၏။
သို့သော်ဘွားမယ်စိန်က ပေးထားသောကတိကို
တည်ဖို့ရန်လည်းသေချာထပ်…မှာကြားရသေးသည်။

“စိတ်ချပါဘွားရယ်…
ကျုပ်တို့လင်မယား ဟောသည်တစ်ရွာလုံးကို
သက်သေထားပြီးကတိပေးပါတယ်ဗျာ…
ဒီကလေးလေးကိုကျုပ်တို့ရင်သွေးလေးလို့မွေးပြီး
သူဖြစ်ချင်တာအကုန်ဖြည့်ဆည်းပေးမှာပါဗျ”

“အေးကွယ်…မောင်ရင်လေးတို့ကဒီလိုပြောမှတော့
ဘွားတို့စိတ်ချပါပြီ…”

သူကြီးသားတို့လင်မယားက ကလေးကိုခေါ်သွားကြတော့သည်။
ကွပ်ပျစ်ခင်း၌ ဘွားမယ်စိန်နှင့်
ဒေါ်နော်ခမ်းသာကျန်ရစ်ခဲ့ချိန်…

“ဘွား”

“မြေးလေးဘာဖြစ်လို့လဲ”

မီးဖိုထဲမှထွက်လာသောနန်းကြိုင်လေးက
မျက်ရည်အဝဲသားဖြင့်ဘွားမယ်စိန်ကိုခေါ်၍ဘွားမယ်စိန်ကစိုးရိမ်တကြီးမေးလိုက်၏။

“အမေနဲ့မမမိညှပ်တို့ငိုနေကြတယ်”

ဟုပြောလေတော့မှသက်ပြင်းကိုချ၍…

“အင်း…ငါ့သမီးကသံယောဇဥ်များပါဘိနဲ့…
ငိုပါစေမြေးလေးရယ်…
ငိုလို့ဝမှသူတို့နေသာမှာကွဲ့”

“ဟုတ်ကဲ့”

နန်းကြိုင်လေးက ကွပ်ပျစ်ခင်း၌ဝင်ထိုင်လိုက်သည်။
ဒေါ်နော်ခမ်းက ရေနွေးကြမ်းလေးသောက်ရင်း…

“ကလေးလေးရဲ့ကံကဒီလိုလာမှတော့
ကျုပ်တို့ဘာတတ်နိုင်မှာလဲအမေကြီးရယ်…”

“ဒါပေါ့အေ…အခုလည်းသူ့အတွက်ကောင်းတဲ့လမ်းကို
ဘွားတို့တင်ပေးထား​တာပဲ…
ဒီလောက်ဆိုဘွားတို့တာဝန်ကျေပါပြီလေ… ”

“ဒီကလေးကိစ္စပြီးပြီဆိုတော့
ကျုပ်တို့လည်းမနက်ဖြန်ရွာကိုပြန်တော့မယ်အမေကြီး…
ဟိုမှာလည်းဆေးဖော်စရာကိစ္စတွေကရှိနေသေးတယ်လေ…
သြော်…ကျုပ်မေ့နေလိုက်တာဆေးဆိုမှ…
အမေကြီးအတွက် ဆေးတစ်မျိုးကျုပ်ဖော်လာပေးတယ်…”

“ဘာဆေးများလဲအေ့”

“တခြားမဟုတ်ပါဘူးအမေကြီးကရွာစဥ်လှည့်
သွားလာနေသူဆိုတော့ ကိုယ်ခံအားကောင်းစေတဲ့
ဆေးပါပဲ…”

“အေး…အေး…အေး…ကျေးဇူးပါပဲသမီးရယ်…”

.ထိုသို့ဖြင့်ဒေါ်နော်ခမ်းတို့လည်းနောက်ရက်မနက်၌
တောင်​ခြေရွာသို့ပြန်သွားကြတော့သည်။
ကောင်းကောင်းလေးသည်လည်းသူကြီးသားတို့လင်မယားထံ၌
ကောင်းမွန်စွာနေထိုင်နေပြီဖြစ်၏။

သို့ဖြစ်၍ စာမူလေးလည်းပြီးဆုံးသွားပါပြီ။

ရေးသားသူ-ယဥ်မင်း(ကန့်ဘလူ)

#crd