ဘွားမယ်စိန်နှင့် ပယောဂမိသူ

ဘွားမယ်စိန်နှင့် ပယောဂမိသူ
စဆုံး
“ဟူးးးး…ပူလိုက် အိုက်လိုက်တဲ့
ရာသီဥတုပါကွာ…ဖီ….”
အောင်ဒင်တစ်ယောက် ထိုသို့ငြီးတွားရင်းသူ၏အရက်ခွက်ကို
မော့သောက်လိုက်သည်။
အောင်ဒင်နဲ့သူငယ်ချင်းနှစ်ယောက်က ရွာအနောက်ပိုင်းက
အရက်ဆိုင်၌ နေ့လယ်ခင်းအချိန်တွင်ဝိုင်း
တည်နေကြခြင်းဖြစ်၏။ အလုပ်အကိုင်မယ်မယ်ရရမရှိသော
အောင်ဒင်နဲ့အဖော်များအတွက် ရွာလယ်ပိုင်းကအရက်ဆိုင်သည် အိမ်ဦးနဲ့ကြမ်းပြင်အလားဖြစ်လို့နေခဲ့သည်။
“အောင်ဒင်…အရီးအခြေအနေဘယ့်နဲ့တုန်းကွ…”
လို့ ငကျော်ကမေးတော့​ အောင်ဒင်ကခေါင်းကိုခါရမ်းပြီး…
“မသက်သာသေးပါဘူးကွာ…
ဘိုးတော်ကတော့ဆေးဆရာခေါ်ပြီး သေချာပြနေတာပဲ…”
လို့အောင်ဒင်ကပြောတော့…
“မင်းကလည်းကွာ…အရီးကိုပစ်မထားပါနဲ့ဟ…
သေချာဂရုစိုက်ပေးပါဦးငါ့ကောင်ရာ…”
လို့ မှတ်ကြီးက ပြောပြန်သည်။
“ဟေ့…မှတ်ကြီးရဲ့…အမေ့ မှာက
သူ့လင်ငါ့အဖေလည်းရှိတယ်…
နောက်ပြီး…ငါ့ညီမလည်းအနားရှိနေတာပဲ …
ဒီတော့ဖြင့် ငါမလိုလောက်ပါဘူးကွာ…”
“ဘယ်ဟုတ်မလဲကွာ…
အရီးတို့ကအသက်ကြီးပြီ…မင်းသချာဂရုစိုက်သင့်ပြီကွ…”
“အမယ်လေး… ပုလင်းတူဘူးဆို့ကောင်တွေကငါ့ကို
တရားလာဟောနေတယ်…
ဟေ့…ဒီမှာအောင်ဒင်ဆိုတဲ့ငါက
ကိုယ့်မိဘကိုယ်ပစ်ထားမလား…
ဂရုစိုက်သင့်သလောက်တော့စိုက်ပါတယ်ကွာ…”
လို့အောင်ဒင်ကပြောလိုက်သည်။
အောင်ဒင်ရဲ့မိဘတွေက ရွာ၌အသင့်အတင့်
ငွေကြေးရှိကြသည်။
သားအကြီးဖြစ်သောအောင်ဒင်ကိုမိဘများက
အလိုလိုက်လွန်းသောကြောင့် အောင်ဒင်မှာ
မိသားစု စီးပွားရေးကိုပင်လှည့်မကြည့်ချေ။
ညီမဖြစ်သော မလှချစ်ကသာ မိဘများကိုပြုစုယုံတင်မက
အိမ်အလုပ်များကိုလည်းလုပ်ကိုင်ပေးရှာသည်။
ယခုလည်း အောင်ဒင်ရဲ့မိခင် ဒေါ်လှသိန်းတစ်ယောက်
နေထိုင်မကောင်းဖြစ်လို့နေခဲ့၏။
“အဟွတ်…အဟွတ်…အဟွတ်….”
“ချောင်းတွေဆိုးတာပါလား လှသိန်းရယ်…
ဆေးဆရာပေးတဲ့ဆေးက အရာမထင်ဘူးထင်ပါရဲ့ကွာ…”
လို့ ယောကျာ်းဖြစ်သူ ဦးထွန်းကပြောလိုက်သည်။
“ဟုတ်တယ်တော့်…အဟွတ်…အဟွတ်…
ကျုပ်တော့အသံတွေလည်းဝင်နေပြီ…အဟွတ်…အဟွတ်…”
ဒေါ်လှသိန်းမှာချောင်းဆိုးယုံတင်မက
အသံတွေလည်းဝင်လာပြီးအိပ်ရာထဲ၌သာ
ခွေကာနေရှာသည်။
ယောကျာ်းဖြစ်သူနဲ့သမီးဖြစ်သူတို့က
ဒေါ်လှသိန်း၏ကွယ်ရာ၌…
“အဖေ…အမေကအကောင်းကြီးကနေ
အိပ်ရာထဲလဲသွားရအောင် ကျန်းမာရေးကညံ့သွားတာ
ကျုပ်တော့မယုံနိုင်ဘူးဖြစ်နေတယ်အဖေ…
ဆေးဆရာကလည်းချောင်းဆိုးတာပဲရှိတာဆိုပြီး
ထူထွေလည်းပြောမသွားဘူးတော့်…”
လို့ မလှချစ်ကပြောလေသည်။
“အေး.. အဖေလည်း စဥ်းစားနေတာ…
ဆေးဆရာက စိတ်ကဖြစ်တာလို့ပဲပြောနေတယ်သမီးရဲ့…
အဖေတော့ဘာဆက်လုပ်ရမလဲကိုမသိတော့ပါဘူး…”
ဦးထွန်းက မိန်းမဖြစ်သူအတွက်
သက်ပြင်းပင်ချနေခဲ့သည်။
“တစ်နေ့ကအမေ တစ်ဖက်ရွာကို
စပါးကြွေးသွားတောင်းတာရန်ဖြစ်လာတယ်လို့
သိရတယ်အဘရဲ့…အခုအမေဖြစ်နေတာ
ရိုးမှရိုးပါ့မလားလို့ ကျုပ်တွေးမိတယ်တော့်…”
“မသိတော့ပါသမီးရယ်…
ညည်းအမေကိုအဘတော့အမြန်သာသက်သာစေချင်ပြီ “
ဦးထွန်းကတော့ မိန်းမဖြစ်သူခံစားနေရသည်ကို
မကြည့်ရက်ရှာ။
“အစ်ကိုကြီး…”
“အေး…အငယ်မပြော…”
“ကျုပ်အစ်ကိုကြီးကိုပြောစရာရှိလို့…”
အရက်ဆိုင်သွားဖို့ခြေလှမ်းပြင်နေသော အောင်ဒင်ကို
ညီမဖြစ်သူမလှချစ်ကခေါ်လေသည်။
“ပြောစရာရှိတာပြောလေဟာ…
ဘာတွေအချိန်ဆွဲနေတာလဲ အငယ်မရဲ့…”
အောင်ဒင်က.ညီမဖြစ်သူကိုစိတ်မရှည်သလို
ပြောလိုက်လေတော့…
“တိုးတိုးပြောပါအစ်ကိုကြီးရယ်…
အမေကတစ်ညလုံးချောင်းဆိုးလို့မအိပ်ရရှာဘူး…
မိုးလင်းမှအိပ်နိုင်ရှာတာတော့်…
ကျုပ်အခုပြောမှာကလည်းအမေ့အတွက်ပါ…”
“အမေ့အတွက်…ဘာလဲ အမေကမသက်သာသေးဘူးလား…
အဘကဆေးဆရာတွေခေါ်ပြနေတာကို
မသက်သာဘူးလားဟာ…”
“အို…အစ်ကိုကြီးရယ်…အဘကဆေးဆရာခေါ်ပြပေမယ့်
အမေ့ချောင်းဆိုးတာကသက်သာလာတယ်မရှိဘူးတော့်…
အစ်ကိုကြီးကအမေ့ကိုဂရုမစိုက်တာသိသာချက်တော်…”.
လို့မလှချစ်ကပြောတော့ အောင်ဒင်မျက်နှာပျက်သွားပြီး…
“အဲ့သည်လိုလည်းမဟုတ်ပါဘူးဟာ…
ငါကအမေသာမာန်ဖြစ်တယ်ပဲထင်မိလို့ပါ…
ကဲ…ပြော…ပြော…နင်ဘာပြောမှာလဲ…”
ဟု…ပြောခိုင်းလေသည်။
မလှချစ်ကလည်း…
“အခုအမေဖြစ်နေတဲ့ရောဂါကဆေးမတိုးဘူးတော့်…
ကျုပ်အထင်တော့အမေ့ကို အောက်လမ်းနဲ့အတိုက်ခံထားရတယ်လို့ထင်တယ်…”
“ဟေ…အောက်လမ်းနဲ့အတိုက်ခံရတယ်…
ပြောစမ်း…ငါ့အမေကိုဘယ်သူလုပ်တာလဲ…
နင်ဘာသိထားလဲအငယ်မ…”
“တိုးတိုးပြောပါတော်…
ကျုပ်ဘာမှမသိထားသေးပါဘူး…
ကျုပ်ရဲ့စိတ်ထဲကထင်တာကိုပြောနေတာပါ အစ်ကိုကြီးရဲ့…”
“အေး… အမေ့ကိုအောက်လမ်းနဲ့လုပ်ထားတာဆိုရင်
ငါတို့ဆရာရှာရမှာပေါ့…”
“ဒီအတွက် ကျုပ်မေးမြန်းရှာဖွေထားပြီအစ်ကိုကြီးရဲ့…
အစ်ကိုကြီးဘက်ကသာလိုက်ပို့ပေးဖို့ပဲလိုတော့တယ် …”
လို့မလှချစ်ကပြောတော့…
“ငါကဘယ်ကိုလိုက်ပို့ပေးရမှာလဲဟ…
နင်သေချာကောစုံစမ်းထားတာဟုတ်ရဲ့လား အငယ်မ…”
“ကျုပ်သေချာစုံစမ်းထားပါတယ်တော်…
အစ်ကိုကြီးလိုက်ပို့မှာသာလိုက်ပို့စမ်းပါ…”
“အေး…နင်စုံစမ်းထားတယ်ဆိုရင်တော့
ငါလိုက်ပို့မယ်ဟာ…ဘယ်တော့သွားမလဲ…”
“မနက်ဖြန်သွားမယ်တော်…”
“အေး…အေး…”
မလှချစ်နဲ့အောင်ဒင်တို့လည်း မိခင်ဖြစ်သူအတွက်
မလှချစ်စုံစမ်းထားရာဆီသို့သွားဖို့ရန်ဆုံးဖြတ်လိုက်ကြသည်။
*********************************
“မိဝင်း…ဟဲ့ မိဝင်း…”
“သြော်… အမေတောင်ပြန်ရောက်လာပြီပဲ…”
“ခေါ်မကြား…အော်မကြားနဲ့ဘာများလုပ်နေကြတာလဲအေ…”
ဝိုင်းထဲဝင်လာသောဘွားမယ်စိန်ကကွပ်ပျစ်ခင်းပေါ်
ထိုင်နေကြသော ဒေါ်ဝင်းကိုခေါ်လေရာ
ခေါ်မရသောကြောင့် လေသံမာမာဖြင့်မေးလေသည်။
“ဘာမှမလုပ်ပါဘူးအမေရယ်…
ဒီမှာလေ…အမေ့မြေးမကိုဆံပင်စည်းပေးနေတာ…”
“ကောင်းပအေ…
ဝူးး…ရာသီဥတုကလည်း ပူလိုက်တာလွန်ပါရော…”
“အမေ…အမေလည်းအမေ့သားကြီးပြန်သွားကတည်းက
အိမ်အလည်ထွက်နေတာနော်…
ဒီလောက်နေပူကြီးထဲဘာလို့ပြန်လာတာလဲတော်…
နေအေးမှပြန်လာတာမဟုတ်ဘဲ…”
“အိုအေ…စကားပြောပြီးလို့ပြန်လာတာပေါ့…”
“ကျုပ်ကအမေ့အတွက်စိုးရိမ်လို့ပြောတာပါတော်…”
“သိပါတယ်အေ…”
ဘွားမယ်စိန်သည် ဝါးခမောက်ကြီးကိုချွတ်၍
ကွပ်ပျစ်ခင်း၌ဝင်ကာထိုင်သည်။
ပြီးနောက်အကြမ်းရည်အိုးကိုငှဲ့ကာသောက်၏။
“ဒီနှစ်နွေအတော်ပူတာပဲအေ…
လူကိုနေစရာမရှိဘူး”
“ဟုတ်ပတော်…လယ်တွေလည်း
ပက်ကြားတွေတောင်အက်လို့…”
ဘွားမယ်စိန်လည်းသမီးဖြစ်သူဒေါ်ဝင်းနှင့်စကားပြောနေပြီးနောက် ခဏကြာတော့ ကွမ်းအစ်ကိုယူ၍ ကွမ်းယာကို
ကိုယ်တိုင်ယာကာ ပါးစောင်ထဲသို့ထည့်ယူပြီး
မြုံကာဝါးနေခဲ့၏။
ထိုစဥ် ခြံအပြင်ဆီမှ နွားငေါက်သံနှင့်အတူ…
“ဗျို့…အိမ်ရှင်တို့…အိမ်ရှင်တို့ရှိကြသလားဗျ”
ဆိုတဲ့အသံကိုပါတဆက်ထဲကြား လိုက်ရသည်။
“အမေ…ဧည့်သည်လာတာထင်တယ်”
“ဟုတ်မှာပေါ့အေ…အထဲခေါ်လိုက်ဦး…
နေကပူပါဘိနဲ့အေ…”
“ဟုတ်အမေ…”
ဒေါ်ဝင်းလည်း ကွပ်ပျစ်မှဆင်း၍ ခြံတံခါးကို
သွားဖွင့်ပေးရှာသည်။
ဒေါ်ဝင်းနှင့်အတူဝိုင်းထဲသို့ဝင်လာသည်က
အမျိုးသမီးတစ်ယောက်နှင့်အမျိုးသားတစ်ယောက်
ဖြစ်သည်။
“လာကြကွဲ့ …ထိုင်ကြပါ…”
ဟုဘွားမယ်စိန်က ကွပ်ပျစ်ခင်း၌ဝင်ထိုင်ခိုင်းသလို
နန်းကြိုင်လေးကလည်းကွပ်ပျစ်ခင်းပေါ်မှ
ဆင်းပေးလေသည်။
“ဒီကအမေကြီးက ဘွားမယ်စိန်ဆိုသူလားးဗျ…”
ဟုအမျိုးသားကမေးလိုက်သည်။
ဘွားမယ်စိန်ကလည်းထိုအမျိုးသားကိုသေချာကြည့်ပြီး…
“ဟုတ်ပါတယ်ကွဲ့…မောင်ရင်တို့ကရော
ဘယ်သူတွေများပါလိမ့်…”
ဟု ပြန်ကာမေးလိုက်သည်။
“ကျုပ်တို့ကညောင်ဝိုင်းရွာကပါ…
သူက ကျုပ်ညီမပါ…
ကျုပ်တို့အမေကြီးဆီကိုလာရတာကလည်း
အမေကြီးရဲ့အကူအညီလေးလိုနေလို့ပါခင်ဗျာ…”
“သြော်…အေးကွယ်… ဘာအကူအညီများလို
နေကြတာပါလိမ့် …”
ဟု ဘွားမယ်စိန်ကပြန်ကာမေးလေသည်။
ထိုအခါ…
“ကျုပ်တို့ရဲ့မိဘတွေအမည်ကဦးထွန်းနဲ့ဒေါ်လှသိန်းလို့
ခေါ်ပါတယ်…ကျုပ်နာမည်ကတော့အောင်ဒင်ပါ…
ကျုပ်ညီမနာမည်ကတော့ မလှချစ်လို့ခေါ်ပါတယ်ဗျာ…
အခုကျုပ်တို့လာရင်းကိစ္စကတော့ကျုပ်တို့အမေအတွက်ပါဗျာ…”
ဟုအောင်ဒင်ကပြောလိုက်သည်။
“မောင်ရင်တို့ရဲ့အမေဘာများဖြစ်လို့လဲကွဲ့…”
လို့ဘွားမယ်စိန်ကမေးပြန်ရာအောင်ဒင်က
ညီမဖြစ်သူကိုတံတောင်ဖြင့်တိုက်၍…
“ဟဲ့…ပြောပြဦးလေဟာ…”
ဟုပြောလေတော့ မလှချစ်က မျက်စောင်းထိုးပြီး…
“မသိဘူးလေတော်…အစ်ကိုကြီးပဲပြောနေပြီးတော့”
“ဟ…ငါလည်းပြောသင့်သလောက်ပြောပြီးပြီလေ
ကျန်တာတော့နင်ပြောပေါ့ ဟာ…”
ဟုတစ်ယောက်နှင့်တစ်ယောက်ပြောနေကြသော
အောင်ဒင်တို့မောင်နှမကိုကြည့်ရင်း
ဘွားမယ်စိန်ကပြုံးနေသည်။
ဒေါ်ဝင်းကလည်းအကြမ်းရည်အိုးနဲ့
လက်ဖက်ပွဲလေးလာချပေးပြီး
နန်းကြိုင်လေးနှင့်အတူထန်းလက်ခုံလေး၌
ဝင်ကာထိုင်လိုက်သည်။
“ဒီလိုပါအမေကြီးရယ်…
ကျုပ်တို့အမေနေထိုင်မကောင်းဖြစ်နေတာအတော်ကြာပါပြီ…
ကျုပ်တို့လည်းဆေးဆရာတွေနဲ့သေချာကုသပေးပါတယ်…
ဒါပေမယ့် ကျုပ်တို့ကတော့အမေဖြစ်နေတာကတခြား
ပယောဂကြောင့်လို့ထင်မိပါတယ် အဲ့တာကြောင့်အမေကြီးကို
ကျုပ်တို့ရွာဆီကိုပင့်ခေါ်ချင်လို့ပါရှင်…”
ဟု မလှချစ်ကပြောလေသည်။
ဘွားမယ်စိန်ကခေါင်းကိုညိတ်ပြီး ဒေါ်လှသိန်း၏အသက်နှင့်
နေ့နံကိုမေးလေသည်။
အသက်နှင့်နေ့နံကိုမေးပြီးအာရုံခံကြည့်ပြီးလေမှ
ရွာကိုလိုက်ဖို့သဘောတူခဲ့လေသည်။
“နေကပြင်းသေးတယ်ကွဲ့ …
ညနေမှသွားကြတာပေါ့…မောင်ရင်တို့လည်းနားကြဦး…
ထမင်းမစားခဲ့သေးရင်လည်းထမင်းစားကြကွဲ့ …”
“ထမင်းစားပြီးမှထွက်လာကြတာဗျ…
ကျုပ်နွားတွေကိုရေတိုက်လိုက်ပါဦးမယ်…”
အောင်ဒင်က နွားတွေကိုရေသွားတိုက်နေပြီး
မလှချစ်ကတော့ နန်းကြိုင်လေးနှင့် စကားပြောနေခဲ့၏။
ဒေါ်ဝင်းကတော့ဝါးခမောက်ကြီးဆောင်း၍
ဘွားမယ်စိန်ခိုင်းသောကြောင့်မောင်တိုးနဲ့မောင်အုန်းတို့အိမ်ဆီသို့ထွက်သွားခဲ့လေသည်။
ညနေစောင်းလေတော့ ဘွားမယ်စိန်တို့လည်း
ညောင်ဝိုင်းရွာသို့နွားလှည်းကိုယ်စီဖြင့်ထွက်လာခဲ့ကြတော့သည်။
သောင်ထွန်းရွာနှင့်ညောင်ဝိုင်းရွာက သိပ်မဝေးလှပေ။
သို့သော်ရွာအချင်းချင်းသွားလာမှုတော့သိပ်မရှိလှ။
ဘွားမယ်စိန်တို့နွားလှည်းလေး ညောင်ဝိုင်းရွာဆီသို့ရောက်လာချိန်မှာ မိုးပင်ချုပ်လုပြီဖြစ်သည်။
“ငါ့သား…နောက်ကျလှပေါ့ကွာ…”
ဝိုင်းထဲဝင်လာသော သာဒင်တို့ရဲ့နွားလှည်းသံကြောင့်
ဦးထွန်းအိမ်အတွင်းမှထွက်လာကာပြောလိုက်သည်။
“ဟုတ်တယ်အဖေ…
သောင်ထွန်းရွာကနေ ညနေစောင်းမှထွက်လာကြလို့ပါ…”
“သြော်…အေးပါကွာ…
အဖေဒီဘက်လှည်းကိုချွတ်ပေးမယ်…
ငါ့သားကဟိုဘက်နွားလှည်းကိုသာကူပေးလိုက်တော့…”
“ဟုတ်…ဟုတ်…အဖေ…”
သာဒင်က မောင်တိုးနဲ့အတူနွားလှည်းကိုကူချွတ်ပေးရှာသည်။
မလှချစ်က ဘွားမယ်စိန်ကို အိမ်အတွင်းထဲသို့
ခေါ်သွားတော့၏။
“ဘွား…ထိုင်ပါဦး…”
“အေး…အေး…”
ဘွားမယ်စိန်လည်း မလှချစ်တို့အိမ်အတွင်းဧည့်ထိုင်ခုံ၌
ဝင်ထိုင်နေခဲ့သည်။
ခဏကြာတော့ ဦးထွန်းနှင့်အောင်ဒင်တို့နဲ့အတူ
မောင်တိုးတို့လည်းအိမ်ထဲဝင်လာခဲ့ကြသည်။
“အမေကြီးလိုက်လာတာ…
ကျုပ်တော့ဝမ်းသာမိတယ်ဗျာ…”
“လိုက်လာရမှာပေါ့ကွယ် …ဒါနဲ့လူနာကရော…”
“သြော်…ကျုပ်အမျိုးသမီးကအခန်းထဲမှာ
လှဲနေပါတယ်…အမေကြီးသွားကြည့်တော့မလို့လားဗျ…”
“အေးကွယ်…လာရင်းကိစ္စကိုအရင်ပြီးအောင်
လုပ်ရမှာပေါ့…”
“ဟုတ်ကဲ့…ဒါဆို ကျုပ်ခေါ်သွားပါ့မယ်…”
ဦးထွန်းက ဘွားမယ်စိန်ကို ဒေါ်လှသိန်းရှိသော
အခန်းဆီကိုခေါ်သွားလေသည်။
မောင်တိုးတို့…အောင်ဒင်တို့ကလည်း
အနောက်မှလိုက်လာခဲ့ကြ၏။
“မိန်းမရေ…ဟောသည်မှာ
မင်းကိုကုပေးမယ့်အမေကြီးရောက်လာတယ်ဟေ့…”
ဟု…ဦးထွန်းက ပြောရင်းအခန်းထဲအရင်ဝင်သည်။
ဘွားမယ်စိန်လည်းအခန်းထဲရောက်တော့ ဒေါ်လှသိန်းက
ကုတင်အထက်၌ထိုင်နေလေသည်။
ဘွားမယ်စိန်ကိုလည်းမျက်လုံးအပြူးသားဖြင့်ကြည့်နေခဲ့၏။
“အမေကြီး…ဒါကျုပ်အမျိုးသမီး…
ဒေါ်လှသိန်းလို့ခေါ်ပါတယ်…”
“အေးကွယ်…လှသိန်း…သမီး…ဘယ်လိုနေသေးလဲ…”
ဟုဘွားမယ်စိန်ကမေးတော့ ဒေါ်လှသိန်းက
လည်ပင်းကိုလက်ညိုးထိုးပြသည်။
ထိုအခါဦးသိန်းက…
“အမေကြီး…ကျူပ်မိန်းမက ချောင်းဆိုး…
လည်းပင်နာရာကနေအသံကိုမထွက်တော့ဘူးဗျ…”
ဟုပြောလေသည်။
ဘွားမယ်စိန်က ဒေါ်လှသိန်းကိုသေချာစိုက်ကြည့်နေပြီး…
“ဒီအိမ်မှာအတိုက်တစ်ခုခုရှိနေတယ်…
ဘွားဒီအတိုက်ကိုအရင်ရှာရမယ်ကွဲ့…”
ဟုပြောလိုက်သည်။
ပြီးနောက်မောင်တိုးနဲ့အောင်ဒင်ကို မီးတုတ်များကိုင်ပြီး
အိမ်ဝိုင်းထဲသို့ခေါ်သွားသည်။
ဘွားမယ်စိန်ရဲ့လက်ထဲ၌ မလှချစ်ဆီမှတောင်းထားသော
ဆန်များထည့်ထားသောပန်းကန်လေးကိုင်ထားခဲ့၏။
ဆန်များကိုလည်း ဘွားမယ်စိန်က
ဂါထာဖြင့်မန်းမှုတ်ထားပေသည်။
ထိုဆန်မန်းများကို အိမ်ဝိုင်းအတွင်းအရှေ့အနောက်…
တောင်မြောက်ပါမကျန် ကြဲပစ်လေသည်။
“ဆန်တွေနောက်ကိုလိုက်ကြကွဲ့…”
ဘွားမယ်စိန်ပစ်ကြဲထားသောဆန်မန်းများသည်
ပုရွက်ဆိတ်များအလား တရွေ့ရွေ့ဖြင့် နေရာတစ်နေရာဆီသို့
ဦးတည်ကာရွေ့လျားသွားလေသည်။
မောင်တိုးနဲ့အောင်ဒင်တို့လည်းဆန်များရွေ့လျားရာသို့
လိုက်ကြည့်ကြ၏။
“အမေကြီး…အိမ်အနောက်ဖက်က သရက်ပင်အောက်မှာ
သွားစုနေတာဗျ…”
လို့အောင်ဒင်ကပြောလေတော့…
“အဲ့သည်…ဆန်တွေစုတဲ့နေရာကို တူးကြကွဲ့…”
ဟု…ဘွားမယ်စိန်ကပြောလိုက်သည်။
အောင်ဒင်နဲ့မောင်တိုးကမီးတုတ်ကိုင်ထားကြသည်မို့
မောင်အုန်းက ဓားချွန်လေးဖြင့် တူးရှာ၏။
“ဘွား…အင်းချပ်လေးတွေ့ပြီ…”
အပေါ်ယံသာမြုပ်ထားသောအင်းချပ်ပြားလေးကို
မောင်အုန်းတူးဖော်မိခဲ့သည်။
ဘွားမယ်စိန်က အဲ့သည်အင်းချပ်ပြားလေးကို
လက်ထဲ၌ကိုင်ကြည့်ပြီး…
“ဒါအတိုက်ပဲ…အိုးခြမ်းပဲ့ပေါ်မှာ
အင်းဖော်ထားတာပဲကွဲ့…မောင်ရင်တို့အမေကိုဦးတည်တိုက်ထားတာဆိုတော့ တိုက်တဲ့သူကိုဘွားခေါ်မယ်…”
ဟုပြောကာ ဘွားမယ်စိန်လည်းအိမ်ထဲပြန်ဝင်သွားတော့သည်။
ဒေါ်လှသိန်းအခန်းဆီသို့ရောက်တော့
ဒေါ်လှသိန်းကိုစိုက်ကြည့်ကာ…
“ကဲ…ညည်းကိုဒုက္ခပေးထားတဲ့ပညာသည်ကို
ဘွားခေါ်မယ်…မျက်စိမှိတ်ထားသမီး…”
ဟုပြောလေတော့ ဒေါ်လှသိန်းမျက်လုံးပြူးသွားသည်။
“မိန်းမ…အမေကြီးပြောသလိုလုပ်လေ…
ဒါမှမင်းသက်သာမှာ…”
ဟု…ဦးထွန်းကပြောလေတော့မှ ဒေါ်လှသိန်းလည်း
မျက်စိမှိတ်လိုက်၏။
ဘွားမယ်စိန်က…
“ကဲ…ဟောသည် ဗုဒ္ဓဟူးသမီးကိုဒုက္ခပေးထားတဲ့
ပုဂ္ဂိုလ်အရောက်လာခဲ့ပါ…ငါ့အမိန့်ကိုမနာခံရင်
သင့်အသားတွေနေလိုမီးလိုပူရစေမယ်ဟဲ့…”
ဟုပြောကာခေါ်လေသည်။
“ရောက်ပြီလားဟဲ့…”
ဒေါ်လှသိန်းကခေါင်းကြီးငိုက်စိုက်နဲ့ခေါင်းညိတ်လေသည်။
“နင်ဘယ်သူလဲ…ဟောသည်ဗုဒ္ဓဟူးသမီးကို
ဘာကြောင့်နှောက်ယှက်ရတာလဲ…”
ဟုဘွားမယ်စိန်ကမေးတော့…
“အခကြေးငွေရလို့ပါ…”
“နင့်ကိုဘယ်သူကခိုင်းတာလဲ…ပြောစမ်းဟဲ့”
“မပြောပါရစေနဲ့…ပြောရင်ကျုပ်ကိုဒုက္ခပေးကြလိမ့်မယ်…”
“နင်ဘက်ကငါ့ကိုမပြောတာသေချာသလား”
ဒေါ်လှသိန်းကခေါင်းညိတ်ပြသည်။
ဘွားမယ်စိန်က ဒေါ်လှသိန်းကို စူးစိုက်ကြည့်၍…
“ကောင်းပြီ…ဒီလိုဆို…နင့်ကိုဒီခန္ဓာကိုယ်ထဲကထွက်မရအောင်
ငါတားလိုက်ပြီ…နင်ပညာစွန့်မလား…အသက်စွန့်မလားသာရွေးပေတော့…”
ဟုပြောကာ သူ၏နှုတ်မှဂါထာများစရွှတ်လေတော့သည်။
ဒေါ်လှသိန်း၏ခန္ဓာကိုယ်ကတဖြေးဖြေးတုန်ခါလာသည်။
တုန်ခါပြီးနောက်ကုတင်အထက်၌လူးလှိမ့်လာ၏။
“အမယ်လေး….ပူလိုက်တာ…ပူလိုက်တာတော်…
ကယ်ကြပါဦး…အမယ်လေးးးးးးးး”
ဟုအော်ဟစ်လာ၏။
ဦးထွန်းတို့သားအဖတွေကတော့ စိတ်မကောင်းစွာကြည့်နေခဲ့ကြသည်။
“အမေကြီး…ကျုပ်ပြောပါ့မယ်…
ကျုပ်ပြောပါ့မယ်တော်…”
ဟု…ပြောလာသည်အထိဘွားမယ်စိန်ကလည်း
အပြစ်ပေးနေခဲ့သည်။
ထိုသို့ပြောလာလေမှဂါထာရွှတ်တာကိုအဆုံးသတ်ပေးခဲ့၏။
“ကဲ…ပြော…ဘယ်သူခိုင်းတာလဲ…”
“မိတိုးပါ…”
“ဟဲ့…ဒီရွာကလား မိတိုးဆိုတာ…”
“မ…မဟုတ်ဘူး…ဟိုဘက်ရွာကမိတိုးပါ…
သူ့ကိုဒီမိန်းမက လူကြားထဲအရှက်ခွဲတယ်ဆိုပြီး
ကျုပ်ကိုငွေပေးပြီးမှတ်လောက်အောင်အပြစ်ပေးခိုင်းတာပါ…
အသက်ကိုတော့မယူပါဘူးရှင်…”
“အင်း…သမီးလှချစ်…ညည်းသိသလားအဲ့သည်မိန်းမကို…”
ဟု…ဘွားမယ်စိန်ကမလှချစ်ကိုမေးလေတော့ မလှချစ်ကခေါင်းညိတ်ပြီး …
“တစ်နေ့ကအမေနဲ့ရန်ဖြစ်ခဲ့တဲ့မိန်းမပါ…
စပါးကြွေးတွေ မပေးလို့အမေနဲ့ရန်ဖြစ်ခဲ့ပါသေးတယ်
အမေကြီး…”
“အို…ခက်လိုက်တာအေ…
စပါးကြွေးမပေးနိုင်လို့ရန်ဖြစ်တယ်ဆိုပြီး…
အခုကျ ပညာသည်ကိုအခပေးခိုင်းနိုင်သားပဲ…
ဒင်းကိုလည်းအပြစ်ပေးမှရမယ်…”
ဟု…ဘွားမယ်စိန်ကပြောပြီးမျက်လုံးကိုမှိတ်လိုက်သည်။
ခဏကြာတော့မျက်လုံးပြန်မှိတ်ပြီး…
“ရပြီ…အခု ညည်းရဲ့ပညာတွေညည်းပြန်ထုတ်ပေးပေတော့”
“ဟုတ်ကဲ့အမေကြီး”
ဘွားမယ်စိန်ကပညာသည်ကိုသူ၏ပညာများကိုဒေါ်လှသိန်း
ခန္ဓာကိုယ်အတွင်းမှပြန်ထုတ်စေသည်။
“ညည်းကိုတစ်ခါထဲမှာလိုက်မယ်…
ဟိုကောင်မ သေကောင်ပေါင်းလဲဖြစ်နေရင် ဟောသည်
မိလှသိန်းကိုလာတောင်းပန်ဖို့ပြောလိုက်…
ဒါမှဒင်းကိုခွင့်လွှတ်ပေးနိုင်မယ်…”
“ဟုတ်ကဲ့…ကျုပ်ပြောလိုက်ပါ့မယ်…”
“အေး…ညည်းသွားလို့ရပြီ…”
ဟု…ဘွားမယ်စိန်ကခွင့်ပြုတော့ပညာသည်ကဒေါ်လှသိန်းခန္ဓာကိုယ်အတွင်းမှထွက်သွားတော့သည်။
“အမေ…”
အောင်ဒင်နဲ့မလှချစ်ကအမေဖြစ်သူကိုပွေ့ကာထားသည်။
ဒေါ်လှသိန်းမျက်လုံးပွင့်လာတော့…
“သား…အောင်ဒင်…”
ဟုခေါ်လေတော့အောင်ဒင်တို့မှာဝမ်းသာကုန်ကြသည်။
“အမေ…အသံပြန်ထွက်လာပြီ…”
“ဟယ်…ဟုတ်သား…ကိုထွန်း…
ကျုပ်အသံပြန်ထွက်လာပြီ…
နောက်ပြီးနေလို့ထိုင်လို့လည်းကောင်းသွားပြီတော့်…”
ဟုပြောလေတော့ ဦးထွန်းကမိန်းမဖြစ်သူကို
ပြုံးပြုံးကြီးကြည့်လေသည်။
“အမေ…အမေကြီးကိုကျေးဇူးတင်ရမှာ…
အမေကြီးကြောင့်အမေအခုလိုသက်သာလာတာတော့်”
ဟု…မလှချစ်ကပြောပြီး ဒေါ်လှသိန်းကို
အကြောင်းစုံပြောပြလေသည်။
မလှချစ်ပြောသမျှကိုဒေါ်လှသိန်းကမျက်လုံးအပြူးသားဖြင့်နားထောင်နေရင်း…
“ဒါဆို အမေ့ကိုဟိုကောင်မ မိတိုးလုပ်တာပေါ့…
ဒင်းကိုတော့…ဟင်းးး…”
“အို…အမေစိတ်ဆိုးဖို့မလိုတော့ဘူး…
အမေကြီးကသူ့ကိုလည်းအပြစ်ပေးထားတယ်…
အမေ့ကိုသူကိုယ်တိုင်လာတောင်းပန်လိမ့်မယ်…”
“ဟုတ်လား”
ထိုသို့ဖြင့်ဒေါ်လှသိန်းတို့မိသားစုလေးပျော်ရွှင်နေကြတာကို
ကြည့်ရင်းဘွားမယ်စိန်ကဝမ်းသာနေခဲ့သည်။
ဘွားမယ်စိန်တို့အတွက်ညစာကိုလည်းဒေါ်လှသိန်းကိုယ်တိုင်ပြင်ဆင်ပေးလေသည်။
နောက်တစ်နေ့နံနက်မိုးမလင်းခင်အချိန်…
“မလှသိန်း…မလှသိန်း…
ကျုပ်မိတိုးပါအစ်မရဲ့…ကျုပ်ပါ…ကျုပ်ကို
တံခါးဖွင့်ပေးပါဦးအစ်မရဲ့…
အမယ်လေး….ကျွတ်…ကျွတ်…ကျွတ်…”
ခြံဝိုင်းအ​ပြင်မှာအော်ခေါ်သံကြောင့်
အောင်ဒင်ခြံတံခါးကိုဖွင့်လိုက်သည်။
ခြံနီးနားချင်းများကလည်းလှမ်း၍ကြည့်နေကြ၏။
“ဟာ…ခင်ဗျား…”
အောင်ဒင်အံ့သြသွားသည်။
ခြံအပြင်၌ရှိနေသည်က ဒေါ်မိတိုးနှင့်
မိသားစုများဖြစ်နေခဲ့၏။
ဒေါ်မိတိုးကိုယောက်ျားကြီးနှစ်ယောက်က
တွဲလို့ပေးထားရသည်။​
ဒေါ်လှသိန်းနဲ့ဘွားမယ်စိန်တို့ရောက်လာချိန်၌
ဒေါ်မိတိုးသည် ဒေါ်လှသိန်းခြေထောက်ကိုဖက်၍…
“ကျုပ်မှားပါတယ်အစ်မရယ်…
ကျူပ်တောင်းပန်ပါတယ်တော်…”
ဟုတောင်းပန်လေသည်။
ဒေါ်မိတိုး၏ခန္ဓာကိုယ်မှာကုပ်ရာခြစ်ရာများက
ဗလပွဖြစ်လို့နေခဲ့၏။
“ညည်းအေ…အခုလိုမျိုးငါ့ကိုမကောင်းကြံလိမ့်မယ်လို့
ငါမထင်ထားဘူး…ညည်းဆီကစပါးကြွေးမရတာလည်း
ငါပါးစပ်အရပဲပြောခဲ့တာပါအေ…
ငါယုတ်ချင်ရင်ညည်းတို့ရွာသူကြီးနဲ့တင်ပြီးပါတယ်”
“ကျုပ်အမိုက်မပါတော်…
ကျုပ်မှားပါတယ်…
ကျုပ်နောင်တရပါပြီတော်…
ကျုပ်ကိုကယ်ပါဦးအစ်မရယ်…”
ဟု…ဒေါ်မိတိုးကငိုကာယိုကာပြောလေသည်။
“ဟုတ်ပါတယ်ဗျာ…ကျုပ်ညီမ တစ်ညလုံး
နာတယ်ပူတယ်ဆိုပြီးအော်ဟစ်ကုပ်ဖဲ့နေရှာတာပါ…
ပြီးလေမှဟောသည်ကညီမကြီးဆီကိုလိုက်ပို့ပေးပါဆိုပြီး
အတင်းပြောလို့ကျုပ်တို့ကလိုက်ပို့ပေးရတာပါ…
နောက်ပြီး ညီမကြီးဆီပေးရမယ့်စပါးကြွေးကိုလည်း
ကျုပ်တို့တစ်ခါထဲပေးခဲ့ပါ့မယ်…
ကျုပ်တ်ို့ညီမအမိုက်မကိုခွင့်လွှတ်ပေးပါဗျာ…”
ဟု…ဒေါ်မိတိုး၏အစ်ကိုဖြစ်ဟန်တူသူကပြောလေသည်။
ဒေါ်လှသိန်းကလည်း…
“သူ့ကိုအခုလိုမြင်ရတာကျုပ်စိတ်မကောင်းပါဘူး…
ကျုပ်ခွင့်လွှတ်ပါတယ်…ငါခွင့်လွှတ်ပါတယ်မိတိုးရယ်…”
ဟုပြောလိုက်လေသည်။
ထိုအခါမှဒေါ်မိတိုးခံစားနေရသောဝေဒနါများ
သက်သာသွားခဲ့သည်။
ဒေါ်မိတိုးကအံ့သြဝမ်းသာသွားပြီး ဒေါ်လှသိန်းကို
ကျေးဇူးတင်စကားများ…တောင်းပန်စကားများပြောရှာသည်။
ပြီးလေတော့ ဒေါ်လှသိန်းကိုပေးရမည့်စပါးကြွေးများကိုလည်း
တစ်ခါထဲပေးသွားလေသည်။
ဒေါ်မိတိုးတို့ပြန်သွားလေတော့….
“ကျုပ်အခုလိုသက်သာလာတာအမေကြီးရဲ့
ကျေးဇူးကြောင့်ပါ…ကျေးဇူးတင်ပါတယ်အမေကြီး”
ဟုပြော၍ ဒေါ်လှသိန်းတို့မိသားစုသည် ဘွားမယ်စိန်ကို
ကန်တော့ကြလေသည်။
သူတို့ ကန်တော့သောငွေကြေးကိုဘွားမယ်စိန်က
လက်မခံ၍ ဆန်၊ဆီ၊ပဲ၊ပြောင်းများကိုလှည်းအထက်အပြည့်တင်ပေးလို့ထား၏။
သောင်ထွန်းရွာသို့ပြန်ကြတော့လည်းအောင်ဒင်ကိုယ်တိုင်
ပြန်လိုက်ပို့ပေးရှာသည်။
ထိုသို့ဖြင့်ဘွားမယ်စိန်နှင့်ပယောဂမိသူစာမူလေးပြီးဆုံး
သွားပါသည်။
ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)