*ဘွားမယ်စိန်နှင့်စုန်းသရဲ*
**************************
စဆုံး
“မမဝင်း…ဘယ်ကပြန်လာတာလဲဗျ”
“ဟယ်…ကိုကုလားပါလား”
ဝက်သားတွဲကြီးကိုင်၍ပြန်လာသောဒေါ်ဝင်းနှင့်
ဦးကုလားတို့လမ်း၌ဆုံကြလေသည်။
“ဝက်သားတွဲပါလာပုံရရင်…
အရှေ့ပိုင်းကပြန်လာပုံပဲ”
ဟု..ဦးကုလားကပြောတော့…
“ဟုတ်ပါ့တော်….အိမ်ဟင်းမရှိတာနဲ့
ဝက်ပေါ်တုန်းလေးအရသွားဝယ်ထားတာ…”
“ကောင်းပါ့ဗျာ…”
“သြော်…ဒါနဲ့စောစောကမှတော့်မိန်းမ
မပွေနဲ့တောင်တွေ့ခဲ့သေးတယ်…
သူလည်းတစ်တွဲဆွဲသွားလေရဲ့”
“ဟုတ်မယ်…ဟုတ်မယ်…
မိပွေကို ကျုပ်မနက်ကတည်းကမှာထားတာ…
ကျုပ်က လူနာမည်ကသာကုလားဗျ…
ဝက်သားတော့အားကြီးကြိုက်တာ…”
“ဟုတ်ပါပြီတော်…
ကဲ…ဒါဖြင့်ကျုပ်အိမ်ပြန်လိုက်ဦးမယ်…”
“ဟုတ်ကဲ့…ဟုတ်ကဲ့…”
ဒေါ်ဝင်းလည်း ဦးကုလားကိုနှုတ်ဆက်ပြီး
အိမ်သို့ပြန်လာခဲ့သည်။
ခြံဝိုင်းထဲဝင်ဝင်ခြင်း ကွပ်ပျစ်ခင်း၌ ဘွားမယ်စိန်နှင့်အတူတူထိုင်နေသော မောင်တိုးကိုမြင်လေတော့…
“ဟယ်…မောင်တိုးတောင်ရောက်နေတာပါလား”
“ဟုတ်တယ်အရီး…
ကျုပ်အခုပဲရောက်တာ..
အရီးကိုတောင်မေးနေသေးတာ…ဘွားက
အရီးရွာအရှေ့ပိုင်းထွက်သွားတယ်ပြောလို့…”
“ဟုတ်ပ…ဒီမှာလေ…ဝက်ပေါ်တာလေးရှိတုန်း
သွားဝယ်လာတာ…နင်ဒီနေ့တော့အိမ်မှာပဲ
ထမင်းစားသွားနော်…
ဝက်သားချက်လေးချက်မလို့…
စားမယ်မဟုတ်လား”
“စားမှာပေါ့အရီးရာ…
ပြောရင်းဗိုက်တောင်ဆာလာပြီ…ဟဲ…ဟဲ…”
“ကဲ…ဒါဆိုလည်း အဲ့မှာရေနွေးကြမ်းနဲ့
လက်ဖက်သုပ်လေးစားထား…
အရီးဟင်းချက်လိုက်ဦးမယ်”
“ဟုတ်ကဲ့အရီး…”
ဒေါ်ဝင်းတစ်ယောက်မီးဖိုထဲဝင်သွားတော့သည်။
“ကဲ…လာရင်းကိစ္စပြောစမ်းပါဦး မောင်တိုးရယ်…
ဘွားက မင်းပြောမှာကိုစောင့်နေတာကွဲ့…”
ဟု…ဘွားမယ်စိန်ကပြောလေတော့…
“ဟုတ်သား…ကျုပ်ပြောမယ်ဘွားရဲ့…
မြိုင်တောရွာမှာ သရဲအခြောက်ကြမ်းနေတယ်လို့
ပြောတယ်ဗျ…”
“ဟေ…သရဲ…ဟုတ်လား…
ဘယ်ကသရဲကဘယ်လိုခြောက်နေတာလဲကွဲ့”
ဘွားမယ်စိန်က မောင်တိုးက်ိုမေးလေတော့
“သရဲက ရိုးရိုးသရဲမဟုတ်ဘူးဗျ…
စုန်းသရဲလို့ပြောကြတာ…”
“စုန်းသရဲ…ဘာကြီးလဲကွဲ့…”
ဘွားမယ်စိန်ကနားမလည်၍မေးပြန်သည်။
မောင်တိုးကခေါင်းကိုကုပ်၍…
“ဟိုလေ…စုန်းမက သေပြီးသရဲဖြစ်သွားတာတဲ့ဗျ”
“မောင်ရင့်ကို ဒီအကြောင်းဘယ်သူပြောတာလဲ”
ဘွားမယ်စိန်ကမေးတော့ မောင်တိုးဖြေရခက်နေသည်။
ဖြေရမလိုလို…မဖြေရဲသလိုလိုလုပ်နေသော
မောင်တိုးကို…
“ဘွား မေးနေတာဖြေလေကွယ်…”
ဟု…ဘွားမယ်စိန်ကလေသံမာမာဖြင့်ပြောလေတော့…
“အခုတော့မှမထူးပါဘူးဗျာ…
မြိုင်တောရွာသူကြီး ဦးသောင်ကိုယ်တိုင်ပြောတာပါ…
အခုလည်းသူကြီးဦးသောင်က ကျုပ်တို့ရွာသူကြီး
အိမ်ကိုရောက်နေတယ်ဗျ…
သူကိုယ်တိုင်ပြောရင် ဘွားကိုကြောက်မိလို့ဆိုပြီး
ကျုပ်ကိုပြောခိုင်းလိုက်တာဗျ”
ဟုပြောလေတော့ ဘွားမယ်စိန်က မောင်တိုးကို
စိုက်ကြည့်၍…
“ဒင်းကဘာလို့ ဘွားဆီကိုမလာရဲရတာလည်း…
မြိုင်တောရွာမှာဖြစ်နေတဲ့ကိစ္စကလည်း
ဒင်းတို့ဘာအမှားတွေလုပ်ထားသလဲဆိုတာ
ဘွားသိမှရမှာ…သွားခေါ်ချေကွယ်…
မလိုက်လာရင်ဘွားအကြောင်းသိမယ်လို့ပြောခဲ့လိုက်…”
ဟု…ဘွားမယ်စိန်ကပြောတော့ မောင်တိုးလည်း
ကွပ်ပျစ်ခင်းပေါ်မှ ပြာပြာသလဲဆင်းပြီး…
“ဒါဖြင့် ကျုပ်သွားခေါ်လိုက်ဦးမယ်ဗျ…”
ဟုပြော၍ ထွက်သွားလေသည်။
ခဏမျှကြာတော့ သောင်ထွန်းရွာသူကြီးဦးနောင်ချို၊
မြိုင်တောရွာသူကြီး ဦးသောင်နှင့်အတူ
အဖော်တစ်ဦးတို့မောင်တိုးနဲ့အတူ ဘွားမယ်စိန်အိမ်သို့လိုက်လာခဲ့ကြသည်။
ဘွားမယ်စိန်ကိုမြင်တော့ သူကြီးဦးသောင်ကမျက်နှာထားပြုံးပြုံးကြီးဖြင့်…
“ဘွား…နေကောင်းပါတယ်နော်…”
ဟုမေးလေသည်။ဘွားမယ်စိန်ကခေါင်းညိတ်၍…
“ထိုင်ပါဦးကွဲ့…မောင်ရင်တို့ကဘာကြောင့်
ဒီကိုတန်းမလာဘဲဟောသည်ကကောင်ကိုအရင်လွှတ်ပြီး
ပြောခိုင်းရတာလဲ…ဘာတွေများ
စိတ်မလုံနေကြတာလဲကွယ်”
ဟု…မေးလေတော့ သူကြီးတို့မှာ မျက်နှာငယ်လေးတွေ
ဖြစ်သွားကြသည်။
မောင်တိုးကတော့ ရေနွေးဖြည့်ဖို့ မီးဖိုထဲသို့
ဝင်ချသွားတော့၏။
“ကျုပ်ကလူကြီးတန်မဲ့…သေချာမဆုံးဖြတ်နိုင်ခဲ့လို့
အခုလိုကိစ္စမျိုးဖြစ်လာရတာပါအမေကြီးရယ်…
အမေကြီးကိုပြောပြဖို့လည်း ကျုပ်စိတ်က ကြောက်နေမိလို့ပါဗျာ…”
ဟု…သူကြီး ဦးသောင်ကပြောလေသည်။
သူကြီးဦးနောင်ချိုကခေါင်းညိတ်၍…
“ဟုတ်တယ်ဗျ…ကျုပ်ကသူ့ကိုဘွားဆီသွားခိုင်းပါတယ်…
သူကိုယ်တိုင်ကမသွားရဲဘူးဆိုတာကြောင့်
မောင်တိုးကိုပြောခိုင်းလိုက်ရတာပါဗျာ…”
ဟု…ဝိုင်းဝန်း၍ပြော၏။
“အင်း…ကိုယ်တိုင်ပြောပြမှဘွားဘက်က
ဖြစ်တဲ့ကိစ္စအပေါ်စဥ်းစားပြီးကူညီပေးရမှာလေကွယ်…
ကဲ…ဒီတော့ပြော…မောင်ရင်တို့ရွာမှာ
ဘာတွေဖြစ်ခဲ့ကြတာလဲ”
ဟု…ပြောလေတော့ သူကြီးဦးသောင်က ခေါင်းကိုညိတ်၍…
“ဟုတ်ကဲ့…ကျုပ်ပြောပြပါ့မယ်အမေကြီး…”
ဟု…ပြော၍သူ့ရွာ၏အဖြစ်အပျက်များကိုပြန်လည်ကာပြောပြရှာသည်။
မြိုင်တောရွာ၌ ဒေါ်ပွဲမိ ဆိုသည့်မိန်းမကြီးရှိ၏။
ထိုမိန်းမကြီးကအသက်အားဖြင့်
ခြောက်ဆယ်လောက်ရှိလေသည်။
ဒေါ်ပွဲမိယောကျာ်းက ဆုံးပါးသွား၍သားထောက်သမီးခံ
မရှိသောဒေါ်ပွဲမိက တစ်ယောက်ထဲကျန်ရစ်ခဲ့ရသည်။
ခါးကြီးကုန်းပြီး…ဝါးလုံးကိုတောင်ဝှေးလုပ်၍
သွားလာနေရသော ဒေါ်ပွဲမိသည် တစ်ရွာလုံးကိုလှည့်လည်ကာ ထမင်းတောင်းစား…ဟင်းတောင်းစားဘဝဖြင့်
နေရရှာသည်။
တစ်နေ့၌…
“ထမင်းလေး..
ဘာလေးရှိရင်ပေးပါလားကွယ်…”
“ဟာ…အဘွားကြီး…ကျုပ်တို့တောင်မစားရသေးဘူး
မပေးနိုင်ဘူးဗျာ…သွား..ထွက်သွား”
အောင်သောင်းက ထမင်းလာတောင်းသော ဒေါ်ပွဲမိကို
ဒေါသတကြီးမောင်းထုတ်လိုက်၏။
“ကိုအောင်သောင်း…အမေကြီးကိုအသာအယာ
ပြောပါတော်…”
ဟု…အောင်သောင်းကိုမိန်းမဖြစ်သူကပြောလေတော့…
“ဟ…ငါတောင်ထမင်းဆာနေလို့မစားရသေးတာကို
ဒီအဘွားကြီးက လာတောင်းနေတာလေကွာ…
အဘွားကြီးခင်ဗျားမသွားသေးဘူးလား…
အလကား…တစ်ရွာလုံးကိုဒုက္ခပေးနေတာ…”
“အမေကြီးရယ်…ကိုအောင်သောင်းပြောတာကို
ဗွေမယူပါနဲ့နော်…ဒီမှာ…ထမင်းလေး…ကျုပ်ထည့်ပေးလိုက်ပါမယ်…”
ဟု…ပြောကာ ထမင်းလေးထုပ်လေးကိုဒေါ်ပွဲမိကို
ပေးလေတော့ အောင်သောင်းက…
“ပေးစမ်း….ထမင်းထုပ်…
တစ်ခါပေးလိုက်ရင်နောက်လည်းလာတောင်းဦးမှာပဲ…”
ဟု…ပြောကာဆွဲလုပြီး လွှတ်ကာပစ်လိုက်၏။
အောင်သောင်းလက်ချက်ကြောင့်
မြေပေါ်၌ထမင်းများဖိတ်ထွက်ကျကုန်သည်။
“ကိုအောင်သောင်း”
“နင့်ပါးစပ်ပိတ်ပြီး အိမ်ထဲဝင်…
အဘွားကြီးခင်ဗျားလည်းထွက်သွား”
အောင်သောင်းကမိန်းမဖြစ်သူကိုပြောလိုက်ပြီး
ဒေါ်ပွဲမိကိုနှင်ထုတ်လေသည်။
ဒေါ်ပွဲမိ ဝမ်းနည်း၍မျက်ရည်များကျဆင်းနေသည်။
လှည့်ပြန်မထွက်ခင်အောင်သောင်းကို
မျက်တောင့်နီကြီးဖြင့်စိုက်ကြည့်ခဲ့သေး၏။
နောက်တစ်နေ့နံနက်၌…
“အောင်သောင်း…ပိုးထိပြီးဆုံးပြီတဲ့”
“ဟယ်….ဟုတ်ရဲ့လား”
“ဟုတ်ပါတယ်ဆို…
ငါ့ယောကျာ်းတောင်အသုဘပြင်ဖို့သွားကူနေတယ်”
“အကောင်းကြီးကနေဘယ်လိုဖြစ်ရတာလဲအေ…
ယုံကိုမယုံနိုင်ဘူး”
“အေး…တစ်ခုတော့ရှိတယ်အေ့…
အောင်သောင်းလေ တစ်နေ့က ဒေါ်ပွဲမိထမင်း
လာတောင်းတာကို နှင်ထုတ်ယုံမက ထမင်းထုပ်ကိုပါ
လွှင့်ပစ်လိုက်တယ်ပြောတယ်ဟဲ့…”
“အဲ့တာ…ဘာဆိုင်လို့တုန်း”
“ဟယ်…နင်မသိဘူးလား…
ဒေါ်ပွဲမိကပညာသည်တဲ့နော်…
သူယောကျာ်းမရခင်ကဆို အတော်လေး
မောက်မာတာတဲ့…”
“အဲ့လိုကြီးလား…ဒါဆိုအောင်သောင်းသေတာက
ဒေါ်ပွဲမိလက်ချက်လား”
“တိုးတိုးပြောပါဟယ်…
ပညာသည်တွေကသူတို့အကြောင်းပြောရင်သိတယ်တဲ့
တော်နေငါတို့လည်း အောင်သောင်းနောက်ကို
လိုက်နေရမယ်”
ထိုသို့ဖြင့်အောင်သောင်းသေဆုံးမှုကြောင့်
ဒေါ်ပွဲမိကို ရွာကလူတွေဖယ်ကျဥ်လာကြသည်။
ဒေါ်ပွဲမိကလည်းနုငယ်စဥ်က ပညာထက်လှ၏။
သို့သော်အသက်အရွယ်ကြီးလာတော့ အစွယ်ကျိုးနေသောမြွေဟောက်လိုဖြစ်နေရှာလေပြီ။
ဒါကြောင့်လည်း တစ်ရွာလုံးကိုလှည့်ပတ်၍
တောင်းစားနေရ၏။
“သမီးရေ…အမေကြီးကို ထမင်းလေးပေးပါကွယ်”
“ဟင်…အမလေး….အမေ…အမေရေ…
ဒေါ်ပွဲမိကြီးလာတယ်တော့်”
ဒေါ်ပွဲမိကိုမြင်တော့ မိအေးကြောက်လန့်တကြား
ထအော်သည်။
မိအေးအသံကြောင့်မိအေးအမေလည်း
အပြေးလာကာ တံခါးပိတ်လိုက်၏။
အိမ်တိုင်းလိုလိုကလည်းဒေါ်ပွဲမိကို မြင်လျှင်တံခါးပိတ်၍ထားကြလေတော့ ဒေါ်ပွဲမိမှာ
ထမင်းပင်မရခဲ့ပေ။
သွားလာရတာလည်း ခက်ခဲလွန်းသောကြောင့်
ဒေါ်ပွဲမိတလှုပ်လှုပ်ဖြင့် ဘုန်းကြီးကျောင်းကို
ထွက်လာခဲ့သည်။
ဘုန်းကြီးကျောင်းသို့မရောက်ခင် လမ်း၌
ဒေါ်ပွဲမိချော်လဲသွားခဲ့၏။
ချော်လဲတာမတော်၍ ကျောက်တုံးတစ်ခုနဲ့
ဒေါ်ပွဲမိ၏နောက်စေ့တို့ ရိုက်မိရာ…နေရာ၌
မထနိုင်တော့ဘဲဒေါ်ပွဲမိဆုံးသွားခဲ့သည်။
ဒေါ်ပွဲမိ၏အသုဘကို သူကြီးဦးသောင်ကဦးဆောင်၍
မီးသဂြိုလ်ပေးခဲ့ရသည်။
ဒေါ်ပွဲမိဆုံးပြီးနောက်တစ်နေ့ည၌…
“ဝူးးးးးးးးးအူးးးးးးးးအူးးးးးးးးးးး”
ခွေးတွေအတော်အူလေသည်။
သာမာန်ထက်အသံများဆူညံစွာအူနေသော
ခွေးများကြောင့် လူများအထိတ်တလန့်နိုးလာကြ၏။
“ဟားးး…ဟားးး…ဟားးးး…ဟားးး…..
ဟားးးးးးဟားးးးးးးးးးးး”
ခွေးအူသံများနှင့်အတူ တဟားဟားရယ်သံကြီးပါကြားလိုက်ရသည်။
“အမယ်လေး…”အသံကြီးကိုကြားလိုက်သလား
ကိုသောင်…”
သူကြီးကတော်က သူကြီးကိုအလန့်တကြားမေးလေတော့
“ငါလည်းကြားတယ်ဟ”
“ခွေးတွေအူတာတမျိုး…ဒီအသံကြီးက
ဘယ်ကနေထွက်လာရတာလဲ”
“နေဦးဟ…ခွေးတွေက ရွာလမ်းမတစ်လျှောက်အူနေတာ
နားထောင်ကြည့်စမ်း..အသံကနီးလာလိုက်…
ဝေးသွားလိုက်နဲ့ကွ”
“ဟုတ်တယ်…ဟုတ်တယ်…ခွေးကဘယ်နောက်လိုက်ပြီး
အူနေကြသလဲမသိဘူးတော်…”
သူကြီးဦးသောင်တို့နားထောင်နေစဥ်
ခွေးအူသံများက နီးလာခဲ့သည်။
“ဟော…ခြေသံ…ခြေသံကြားလားကိုသောင်”
“အေး…ငါကြားတယ်”
“ထမင်းလေးရှိရင်ပေးပါကွယ်…
ဟားးး…ဟားးး…ဟားးး…ဟားးး…ဟားးးး”
“အမယ်လေး…”
ခြံပြင်ဆီမှ…အသံကြီးကြောင့်သူကြီးကတော်
အလန့်တကြားထအော်တော့သည်။
ရယ်မောသံကြီးကလည်း တဖြေးဖြေးဝေးသွားခဲ့ပြန်၏။
“ဒါ…ဒေါ်ပွဲမိအသံပဲကွ…
ဒီမိန်းမကြီးရွာကိုပတ်ပြီးလိုက်ခြောက်နေပုံရတယ်…”
“ကျုပ်တော့ကြောက်တယ်တော်…
ဖိုးဥတို့ညီအစ်ကိုကလည်းမြို့ကသူတို့ဦးကြီးအိမ်မှာ…
မတော်လို့ ဒေါ်ပွဲမိက အိမ်ထဲဝင်ပြီးခြောက်လန့်ရင်ဘယ်လိုလုပ်မလဲတော့်…”
“အဲ့သည်လောက်လည်းမကြောက်ပါနဲ့ကွာ…
ဒီမိန်းမကြီးတို့အိမ်ထဲမဝင်နိုင်ပါဘူးဟ…”
“ပြောရမလားတော်…ဒီမိန်းမကြီးကစုန်းမကြီးလေ…
အခုစုန်းမကြီးကနေသေသွားတော့ပိုပြီး
အစွမ်းထက်နေမှာပေါ့ ကိုသောင်ရယ်…”
သူကြီးကတော်ဆိုတာကြောက်လွန်း၍
တစ်ညလုံးမအိပ်နိုင်ရှာ။
ဒေါ်ပွဲမိကလည်းခွေးတွေနှင့်အတူ ရွာလမ်းတလျှောက်သွားလာနေခဲ့၏။
တစ်ရွာလုံးလည်းအသံများကြောင့်မအိပ်ရဲကြရှာပေ။
အာရုံတက်ခါနီးလေမှအသံများတိတ်သွား၍
ကောင်းကောင်းအိပ်ရဲကြတော့သည်။
“သူကြီး…ဒီစုန်းသရဲကိုဘယ်လိုရှင်းထုတ်မှာလဲဗျ…
မနေ့ညကခြံပြင်ကနေအော်နေရင်…
ဒီညခြံဝိုင်းထဲဝင်လာရင်ဘယ်လိုလုပ်မလဲဗျ”
“ငါလည်းခေါင်းကိုက်နေတာကွ…
ရွာကျောင်းကဆရာတော်ကလည်း မြို့မှာသူ့တကာရဲ့
အလှူရှိလို့ကြွသွားတယ်…
ဒီညတော့ကိုယ့်အိမ်ကို ကိုယ်တိုင်ကာကွယ်ရမှာပဲကွာ…
နောက်ညရောက်မှကြည့်ပြီးစီစဥ်ကြတာပေါ့”
ဟု…သူကြီးဦးသောင်ကပြောလေတော့
ရွာသူ၊ရွာသားများမှာ စိတ်ဓာတ်ကျပြီး
သက်ပြင်းများချကုန်ကြသည်။
ရွာကလည်းညနေရောက်ပြီဆိုတာနှင့်
တိတ်ဆိတ်ကာနေ၏။
ကလေးငိုသံများ..ဆူသံများပင်မထွက်ဘဲ
လူတိုင်းလိုလိုအိမ်တံခါးများပိတ်၍
အိမ်ထဲသို့ရောက်နေကြလေပြီ။
ငိုယိုဂျီတိုက်သည့်ကလေးများကိုလည်း
ဒေါ်ပွဲမိလာလိမ့်မယ်ဟု ပြောလိုက်လျှင်
ကလေးတွေပင်တိတ်ကုန်ကြသည်အထိ ဒေါ်ပွဲမိကို
ကြောက်လန့်နေကြရှာသည်။
သန်းခေါင်ကျော်လေတော့ခွေးတွေစအူလာ၏။
“ဟားးး…ဟားးး…ဟားးး…ဟားးး…ဟားး..
ဟားး…ပွဲမိလာပြီဟေ့…နင်တို့တစ်ရွာလုံးကို
ဒုက္ခပေးမယ့်..စုန်းမ ပွဲမိတဲ့ဟဲ့…”
ဟူသောအသံကြီးက တစ်ရွာလုံးကိုဟိန်းသွားခဲ့သည်။
ဒေါ်ပွဲမိကမြိုင်တောရွာကိုအခဲမကျေဖြစ်နေပုံရသည်။
ဒါ့ကြောင့်လည်းသူ၏ဝိညာဥ်ကတစ်ရွာလုံးကို
ဒုက္ခပေးနေခဲ့၏။
သူကြီးဦးသောင်ပြောပြသော စုန်းမဒေါ်ပွဲမိ၏
အကြောင်းကို နားထောင်အပြီးမှာ ဘွားမယ်စိန်ခေါင်းညိတ်၍…
“ဒေါ်ပွဲမိသေဆုံးတဲ့ကိစ္စကမောင်ရင့်
အမှားမှမဟုတ်တာကွယ်…
ဒါကိုမောင်ရင်ကဘာကြောင့်ပြောဖို့
ကြောက်နေရတာလဲ…”
ဟုပြောလေသည်။
“ကျုပ်ကသူကြီးလေဗျာ…
ဒေါ်ပွဲမိကလည်း
ကျုပ်ရွာသူ၊ရွာသားတွေကြောင့်သေခဲ့ရတာ
မဟုတ်လား…ကျုပ်လိပ်ပြာမလုံလို့ပါအမေကြီးရယ်”
ဟု…သူကြီးဦးသောင်ကထိုသို့ပြောအပြီး
သက်ပြင်းချလိုက်သည်။
“ဒေါ်ပွဲမိက စုန်းမဆိုတာဟုတ်သလား”
“ကျုပ်တို့မိဘတွေပြောဖူးတာတော့
ဟုတ်တယ်ဗျ…ဒေါ်ပွဲမိက သူ့ယောကျာ်းဦးခေါင်နဲ့
မယူခင်ကပညာသည်လို့ပြောကြတယ်…
သူ့ယောကျာ်းဦးခေါင်နဲ့ယူပြီးမှ ငြိမ်သွားတာတဲ့ဗျာ…
ပြောရရင်သူ့ယောကျာ်းဦးခေါင်က
ဘုရားတရားသမားဗျ…
ဘယ်လိုတွေများသူ့မိန်းမကိုစည်းရုံးပြီး သူ့ပညာတွေကို
မသုံးရအောင်တားခဲ့သလဲမသိပါဘူးဗျာ…”
“အေးလေကွယ်…
ပညာသည်က လူတွေကိုဒုက္ခမပေးတော့တာကို
ဘာကြောင့်များအခုလိုတွေလုပ်ရတာလဲ…
သူ့ခမျာသေခါနီးဒီစိတ်တွေဝင်သွားရှာမှာပေါ့ကွယ်”
“ဟုတ်တယ်ဗျ…သူသေခါနီးတုန်းက
ရွာကလူတွေကမပေးမကမ်းအခေါ်အပြောမလုပ်တော့
ရွာကိုစိတ်နာသွားပုံရပါတယ်…
ဒါကြောင့် ရွာကလူတွေကို
ခြောက်လန့်နေတာအမေကြီးရဲ့”
သူကြီးဦးသောင်ပြောတာကို အားလုံးကခေါင်းညိတ်၍
ထောက်ခံကြသည်။
“ကျုပ်တို့ရွာကိုအမေကြီးလိုက်ခဲ့ပေးပါဗျာ…
ကျုပ်တို့ရွာကလူတွေလည်းအမေကြီးကို
မျှော်နေကြတာပါ…”
သူကြီးဦးသောင်စကားကိုဘွားမယ်စိန်က…
“အင်း…လိုက်ခဲ့ရမှာပေါ့ကွယ်…လိုက်ခဲ့ရမှာပေါ့…”
ဟု…လေသံအေးအေးလေးဖြင့်ပြောလိုက်သည်။
ထိုညနေခင်း၌ဘွားမယ်စိန်တို့လည်းမြိုင်တောရွာသို့
လိုက်လာခဲ့ကြ၏။
ဘွားမယ်စိန်လိုက်လာသည်မလို့ တစ်ရွာလုံးလည်း
ဝမ်းသာနေကြရှာသည်။
“ကျေးဇူးတင်ပါတယ်အမေကြီးရယ်…
အမေကြီးရောက်လာမှကျုပ်စိတ်တွေနေလို့ကောင်းသွားတာတော့်…”
ဟု…သူကြီးကတော်က ဝမ်းသာအားရပင်ပြောရှာသည်။
ဘွားမယ်စိန်က သူကြီးကတော်တို့နှင့်အတူ
စကားပြောနေချိန် မောင်တိုးနဲ့မောင်အုန်းတို့ကလည်း.ငြိမ်၍နားထောင်နေကြ၏။
“ငါ့တူတို့…ဆတ်သားထောင်းလေးစားပါဦးကွ”
ဟု…သူကြီးဦးသောင်ကပြောလေတော့
“ဟုတ်ကဲ့သူကြီး…”
ဟုပြော၍မောင်တိုးတို့လည်း
ဆတ်သားထောင်လေးစားရင်းနားထောင်နေကြတော့သည်။
ဘွားမယ်စိန်ရောက်နေသည်မလို့ သူကြီးကတော်ခမျာ
မကြောက်နိုင်တော့ဘဲ စကားပြောနေခဲ့သည်။
အချိန်ကလည်းသန်းခေါင်နားကပ်နေပြီမလို့…
“မောင်ရင်တို့နှစ်ယောက်…
သူကြီးတို့နဲ့အတူတူနေခဲ့ကြကွဲ့…
ဘွားသူ့ဆီကိုသွားလိုက်ဦးမယ်”
“ဂရုစိုက်နော်ဘွား”
“အေး…အေး…အေး…”
ဘွားမယ်စိန်ကတောင်ဝှေးကြီးထောက်၍
ခြံဝိုင်းအပြင်ကိုထွက်သွားတော့သည်။
ဘွားမယ်စိန်သွားတာကိုမောင်တိုးတို့နဲ့
သူကြီးဦးသောင်တို့မှာ စိတ်လှုပ်ရှားစွာ
လှမ်းကြည့်နေခဲ့၏။
ဘွားမယ်စိန်ရွာလမ်းမအတိုင်းလျှောက်လာခဲ့သည်။
“ဝူးးး….အူးးးးး…အူးးးးးးးးး”
ခွေးအူသံများကလည်းထွက်ပေါ်လာခဲ့လေပြီ။
ဘွားမယ်စိန်နှင့်မျက်နှာခြင်းဆိုင်၌ ခွေးများတရုန်းရုန်းကြားမှ သွားလာနေသော ဆံပင်စုတ်ဖွားနဲ့
မိန်းမကြီးတစ်ယောက်။
ထိုမိန်းမကြီးသည် ဒေါ်ပွဲမိပင်ဖြစ်၏။
“ဟားးး…ဟားးး….ဟားးး…ဟားး..
ဟား….ဟားးးး…..ပွဲမိတဲ့ဟဲ့…”
ဟု…အော်ဟစ်ရယ်မောနေခဲ့သည်။
ခွေးများကလည်းသူ့အားကြည့်၍အူကြ၊ဟောင်ကြဖြင့်
ဆူညံလို့နေခဲ့သည်။
“ငါ့ကိုမောင်းထုတ်တဲ့လူတွေ…
ငါ့ကိုနှင်ထုတ်တဲ့လူတွေ…
ပွဲမိအကြောင်းသိစေရမယ်ဟဲ့…
ဟားးး…ဟားးး…ဟားး…ဟားးး….ဟားးး….”
ဒေါ်ပွဲမိကအရူးမကြီးအလားအော်ဟစ်နေခဲ့သည်။
ဘွားမယ်စိန်တစ်ယောက် ဒေါ်ပွဲမိကိုစိုက်ကြည့်နေခဲ့၏။
ဒေါ်ပွဲမိကလည်းဘွားမယ်စိန်ကိုတွေ့သွားခဲ့သည်။
“ညည်းက ဘယ်သူလဲ…”
ဟု…ဘွားမယ်စိန်ကိုဒေါ်ပွဲမိက လက်ညိုးကြီးထိုးကာ
မေးလေသည်။
“ကျုပ်နာမည်ကမယ်စိန်…”
ဟု…ဘွားမယ်စိန်ကပြောတော့…
“ဟော…ဟားး…ဟားးး…ဟားးး…ဟားးး…ဟားး..
ဟိုဖုတ်ဝင်တဲ့အကောင်ကိုရှင်းပစ်ခဲ့တဲ့ စုန်းဖြူမ လား…
ညည်းကိုငါသိတယ်…ညည်းကိုငါသိတယ်…”
ဒေါ်ပွဲမိက တဟားဟားရယ်မောကာပြောလေသည်။
“ကျုပ်ကိုသိရင်…တော်ဘာကြောင့်
အခုလိုတွေလုပ်နေရတာလဲဒေါ်ပွဲမိ…”
“ဟင်း…ကျုပ်ကညည်းလို သူတို့ကိုမကူညီနိုင်ဘူးအေ့…
ကျုပ်လင်ဆုံးမလို့ ကျုပ်ပညာတွေကို ကျုပ်မသုံးခဲ့တာ…
ဒါကိုဒင်းတို့က ကျုပ်ကို စုန်းမဆိုပြီး
မပေး၊မကမ်းတဲ့အပြင်မောင်းထုတ်ကြတယ်လေ…
ကျုပ်ဘာသာကျုပ်ကောင်းကောင်းမွန်မွန်နေခဲ့တာပါ…
ယောကျာ်းကိုဆေးကုပေးခဲ့ရလို့သာ
ရှိသမျှစည်းစိမ်ကုန်ခဲ့ရတာပါအေ…
ကျုပ်…ကျုပ်ကို ဒင်းတို့…ဟင်း….တောက်…”
ဒေါ်ပွဲမိစိတ်မကောင်းစွာပြောရင်း ဒေါသများ
ထွက်လာခဲ့သည်။
“တော့်စိတ်ကို ကျုပ်သိပါတယ်ဒေါ်ပွဲမိရယ်…
တော်သူတို့ကိုမုန်းနေတာမဟုတ်လား…
ဒါပေမယ့်တော့်စိတ်ခံလေးကောင်းတာကိုတော့
ကျုပ်မြင်ရပါတယ်…
သူတို့တွေမသိကြလို့မိုက်မဲခဲ့တာကိုခွင့်လွှတ်ပေးလိုက်ပါ…
ဒါမှတော်လည်းဒီဘဝက ကျွတ်လွှတ်နိုင်မှာလေ…”
ဟု…ဘွားမယ်စိန်ကပြောတော့ ဒေါ်ပွဲမိ
မြေပေါ်ထိုင်ချကာငိုတော့သည်။
ဝမ်းနည်းလွန်း၍ငိုကြွေးနေရှာသော ဒေါ်ပွဲမိကို
ကြည့်၍ဘွားမယ်စိန်လည်း စိတ်မကောင်းဖြစ်နေရှာသည်။
“တော့်အတွက်ရည်စူးပြီးကုသိုလ်ကောင်းမှု
လုပ်ပေးပါ့မယ်…သာဓုခေါ်ပြီး ဒီဘဝကနေကျွတ်လွှတ်ဖို့ကြိုးစားပါဒေါ်ပွဲမိရယ်…”
ဟု…ဘွားမယ်စိန်ကပြောတော့ ဒေါ်ပွဲမိခေါင်းကို
အဆက်မပြတ်ညိတ်ပြသည်။
“နောက်ပြီးဟောသည်ရွာကလူတွေကလည်း
သူတို့အမှားကိုသူတို့သိကြပါတယ်…
တော့်အတွက်လည်းသူတို့ကုသိုလ်ကောင်းမှုတွေ
လုပ်ပေးပါ့မယ်လို့သူတို့ပြောကြတယ်…
အားလုံးကလည်းသူတို့အမှားကို
သူတို့သိလို့တောင်းပန်နေကြရှာပါတယ်တော်…”
ဒေါ်ပွဲမိကငိုနေရာမှခေါင်းမော့လာခဲ့သည်။
ဘွားမယ်စိန်ကိုပြုံးပြုံးကြီးကြည့်၍ခေါင်းညိတ်ပြ၏။
ထိုခေါင်းညိတ်ခြင်းကသူသဘောတူလက်ခံသည့်
အကြောင်းကိုပြောခြင်းပင်ဖြစ်သည်။
ထို့နောက်နေရာမှဒေါ်ပွဲမိပျောက်ကွယ်သွားခဲ့၏။
ဒေါ်ပွဲမိပျောက်ကွယ်သွား၍ခွေးအူသံများလည်း
တိတ်ဆိတ်သွားခဲ့တော့သည်။
ဘွားမယ်စိန်လည်းနောက်လှည့်ကာ
ပြန်လာခဲ့လိုက်တော့၏။
သူကြီးဦးသောင်တို့အိမ်ကိုဘွားမယ်စိန်
ပြန်ရောက်လာခဲ့သည်။
“အမေကြီး…ဘာထူးသလဲဗျ…”
ဟု…သူကြီးဦးသောင်ကမေးတော့…
“သူ့အတွက်ကုသိုလ်ကောင်းမှုလေး
လုပ်ပေးလိုက်ပါကွယ်…
အမျှအတန်းရဖို့သူကစောင့်နေရှာတာပါ…
မောင်ရင်တို့တစ်ရွာလုံးက်ိုလည်း
သူ့ဘက်ကခွင့်လွှတ်ပေးလိုက်ပါတယ်…”
ဟု…ပြောလေတော့ သူကြီးဦးသောင်တို့လည်း
ခေါင်းလေးတွေတညိတ်ညိတ်ဖြင့် ဝမ်းသာနေကြတော့သည်။
“ဒါဖြင့်ကျုပ်တို့မနက်ကျသူ့အတွက်
ဆွမ်းသွပ်ပေးပါ့မယ်ဗျာ…
အမေကြီးတို့ကိုဧည့်ခံထားလိုက်ဦးနော်…
ကျုပ်ရွာကလူတွေကိုလှည့်ပြောလိုက်ပါဦးမယ်”
သူကြီးဦးသောင်က ရွာသူ၊ရွာသားတွေကို
ဒေါ်ပွဲမိအတွက်ဆွမ်းသွပ်ကုသိုလ်လုပ်ပေးမည့်အကြောင်း.လိုက်ပြောလေသည်။
တစ်ရွာလုံးကလည်းတညီတညွှတ်ထဲ ဝိုင်းဝန်းလုပ်ကိုင်ပေးကြ၏။
လှူဖွယ်ပစ္စည်းများ၊ငွေများကိုဝိုင်းစုကာပေးကြလေတော့
သူကြီးဦးသောင်ဘုန်းကြီးကျောင်းသို့ပြေးရပြန်သည်။
ကျောင်းထိုင်ဆရာတော်ကြီးလည်းပြန်ရောက်နေပြီဖြစ်တာကြောင့် အကြောင်းစုံကိုလျှောက်တင်ခဲ့လေသည်။
ထိုသို့ဖြင့်နောက်တစ်နေ့နံနက်၌ဒေါ်ပွဲမိအတွက်
အလှုအတန်းလုပ်ကာ အမျှအတန်းများပေးဝေခဲ့ကြသည်။
တစ်ရွာလုံးကလည်း ဒေါ်ပွဲမိကိုသနားစိတ်၊အားနာစိတ်များဖြင့် ဝိုင်းဝန်းလုပ်ကိုင်ပေးခဲ့သည်မလို့
ဒေါ်ပွဲမိအတွက်ကုသိုလ်လုပ်ပေးခြင်းမှာ
အောင်မြင်စွာပြီးဆုံးသွားခဲ့လေသည်။
ဘွားမယ်စိန်တို့လည်း ထိုအလှူပြီးလေမှသောင်ထွန်းရွာကို
ပြန်လာခဲ့ကြတော့သည်။
မပြန်ခင်၌မြိုင်တောတစ်ရွာလုံးက ဘွားမယ်စိန်ကို
ဝိုင်း၍ကန်တော့လိုက်ကြသေး၏။
ဘွားမယ်စိန်သောင်ထွန်းရွာသို့ပြန်ရောက်ပြီးနောက်၌
ဒေါ်ပွဲမိခြောက်လန့်သည်ဟူသော သတင်းကို
မကြားရတော့ပေ။
ဒေါ်ပွဲမိတစ်ယောက် အားလုံးခေါ်သည့်စုန်းသရဲဟူသည်
ဘဝမှကျွတ်လွှတ်သွားခဲ့ပုံရ၏။
ဇာတ်လမ်းလေးလည်းပြီးဆုံးပါပြီရှင်။
ယဥ်မင်း(ကန့်ဘလူ)