*ဘွားမယ်စိန်နှင့် အစွဲ*📖📖📖
**********************
ရွာအမည်က ဆိတ်ဖလူးကုန်းဖြစ်သည်။
“အရီးအုန်းကြည်..ဗျို့…အရီးအုန်းကြည်…”
“ဟဲ့…ဘယ်သူတုန်း အိမ်ရှေ့က…”
“ကျုပ် မြင့်မောင်ပါ…”
အရီးအုန်းကြည်သည် မီးဖိုချောင်မှထွက်လာခဲ့ပြီး
မြင့်မောင်ဆိုသူကို…
“အေး…မြင့်မောင်…ဘာအကြောင်းများရှိလို့လဲ…”
မြင့်မောင်ဆိုသူသည် ဒေါသအတန်ငယ်ထွက်နေပုံရ၏။
“ဟူးးးး…အရီးသားပေါ့ဗျာ……”
မြင့်မောင်သည်စကားကိုလေသံမာမာဖြင့်ပြောလေတော့
ဒေါ်အုန်းကြည်မျက်ခုံးလှုပ်လာကာ…
“ဟဲ့…ငါ့သား…ဘာလုပ်ပြန်တာလဲမြင့်မောင်ရဲ့
ပြောစမ်းပါအရီးကို…”
“အရီးသားပေါ့ဗျာ…ကျုပ်တိုက်ကြက်ဖကြီးကိုခိုးပြီး
တစ်ဖက်ရွာကိုသွားရောင်းစားပစ်လိုက်တယ်လေ…
တောက်…ကျုပ်ဒီကောင်ကိုလိုက်ရှာနေတာ
ဘယ်မှာမှရှာမတွေ့လို့နောက်ဆုံးအရီးဆီကိုလာခဲ့တာ”
“ဟင်…ဒီကောင်လေးလုပ်ပြန်ပြီလားဟယ်…
မြင့်မောင်ရေ တစ်ရွာလုံးလည်းဒင်းမခိုးမဝှက်ဖူးတဲ့
အိမ်ဆိုတာတကယ်ကိုမရှိတော့တာပါဟယ်…
ငါ့မှာသူခိုးခဲ့သမျှဒိုင်ခံလျော်ပေးနေရတာ…….
အခုဆိုငါလည်းတော်တော်အသက်ကြီးနေပါပြီ…
ငါ့ကိုလည်းဒင်းမသနားပါလားဟယ်………”
“ကျုပ်ကတော့ကြက်ဖိုးအရှုံးမခံနိုင်ဘူးဗျို့…
ဒါကြောင့်ကျုပ်ကြက်ဖိုးတော့အရီးဘက်ကလျော်ပေးရမှာပဲ
တကယ်လို့အရီးမလျော်ဘူးဆိုရင်ကျုပ်အရီးသားကို
သူကြီးဆီသွားတိုင်ရလိမ့်မယ်”
“ဟင်း……….အေးပါကွယ်…အေးပါ…
ဒီမအေကြီးကပဲလျော်ပေးပါ့မယ်….
ဒီမအေကြီးကပဲလျော်ပေးလိုက်ပါ့မယ်….”
ဒေါ်အုန်းကြည်သည်စိတ်မချမ်းသာစွာဖြင့်
မြင့်မောင်၏ကြက်ဖိုးကိုလျော်ပေးလိုက်ရသည်။
ဒေါ်အုန်းကြည်သည်ယောကျာ်းဖြစ်သူဆုံးပါးသွားသည်မှာ
ခြောက်နှစ်ကျော်…ခုနှစ်နှစ်နီးပါးရှိချေပြီ။
ဖခင်ရှိစဥ်ကတကည်းကအလိုလိုက်ခံရသော
သားဖြစ်သူ ရွှေအိုးသည် ငယ်စဥ်ကတည်းကပါလာသော
အကျင့်ဆိုးတစ်ခုရှိ၏။
ထိုသည်က ခိုးဝှက်တတ်သောအကျင့်ပင်။
မိဘများကမည်သို့ပင်သွန်သင်ပါသော်လည်း
ရွှေအိုးမှာ ခိုးမြဲ…ဝှက်မြဲပင်။
မိဘများမနိုင်သည့်အဆုံး ဘုန်းကြီးကျောင်းသို့ပို့ပြီး
ဆရာတော်ဘုရားလက်သို့အပ်ကြရ၏။
သို့သော်လည်း မကြာပါ…ကျောင်း၌အပျောက်အရှများလာ၍
ဆရာတော်ဘုရားပင်ရွှေအိုးကို နှင်ထုတ်လိုက်ရပေသည်။
ရွှေအိုးခိုးသည်ကရွှေ..ငွေ…လက်ဝတ်လက်စားများမဟုတ်
သူ ခိုးသည်က စားစရာများ…ဆော့စရာများကိုသာ
အဓိကထားခိုး၏။
ငယ်စဥ်းကတည်းကထိုသို့ခိုးယူသော ရွှေအိုးသည်
ယခုအသက်သုံးဆယ်ကျော်အရွယ်ရောက်လာသောအခါ
ဖခင်ကြီးမရှိတော့သောကြောင့်မိခင်ကို ကိုယ်တိုင်ရှာဖွေကျွေးမွေးသည်ဟူ၍မရှိ။
မိခင်ကြီးကပင် ရွှေအိုးခိုးသမျှကိုဒိုင်ခံလျော်ပေးနေရတော့၏။
“ကျုပ်ခြံထဲကမာလကာသီးအလုံးကြီးတာကြီးကိုမှ
ဒီကောင်ရွေးခိုးသွားတာဗျ…”
“ကျုပ် အိမ်မှာနေပူလှမ်းထားတဲ့
အမဲသားတွေကို အရီးသားလာခိုးသွားတယ်ဗျို့…”
ဟူ၍မကြာခဏဆိုသလိုအတိုင်ခံရ၍
အလျော်ပေးနေရသည်မှာ ဒေါ်အုန်းကြည်အတွက်အလုပ်တစ်ခုသဖွယ်ဖြစ်နေခဲ့သည်။
“တော်သေးတာပေါ့……ငါ့လင်ကလယ်လေးကိုင်းလေးနဲ့ထားခဲ့ပေလို့…မဟုတ်ရင်တော့ဒင်းလုပ်နေပုံနဲ့ဆို..
အမယ်လေးးးးးးအုန်းကြည်တို့ခွက်ဆွဲရတော့မယ်ဟေ့
ခွက်ဆွဲရတော့မယ်…..”
ပြောမနိုင်ဆိုမနိုင်သော ရွေအိုးကို ဒေါ်အုန်းကြည်
စိတ်ပျက်နေခဲ့သည်။
“ငါ့သားရွှေအိုး….မင်းကိုလေ အမေတို့ကလင်မယားက
သြော်…ငါ့သားလေး အဖိုးတန်လေးဆိုပြီး
ရတနာတွေနဲ့ခိုင်းနှိုင်းပြီး ရွှေအိုးလို့ပေးခဲ့တာကွဲ့…
အခုမင်းကြည့်စမ်း…တရွာလုံးလည်း မင်းကို
တန်ဖိုးရှိတယ်မထင်…သူတို့ဆီမင်းသွားရင်
ဘာများပျောက်လေမလဲအတွေးနဲ့ နေနေကြရတာလေ….။
မင်းအကျင့်တွေကို ပြင်သင့်ပြီငါ့သား
ပြင်သင့်ပြီကွဲ့”
“ဟာဗျာ…အမေကလည်း
ကျုပ်ကအရက်သေစာသောက်စားသလား…
အမေ့ကိုမွဲအောင်လောင်းကစားလုပ်သလား…
ကျုပ်အဲ့သည်လိုမကောင်းတာတွေမလုပ်ပါဘူးအမေရာ….
အမေကလည်း”
“အေးဟေ့….ငါကလည်းအရက်သမားအမေ…
ဖဲသမားအမေ….ဆိုပြီးပဲ ဖြစ်လိုက်ချင်တော့တယ်
ရွှေအိုးရဲ့…….။အခုတော့ဖြင့် သူခိုးအမေဖြစ်နေတာ
ကြားလို့ကောင်းသလား….ဟမ်…..
တို့အမျိုးထဲတော့အဲ့သည်လိုလူမျိုး
မင်းတစ်ယောက်ပဲရှိတာ…ရင်နာလို့ကိုမဆုံးဘူး….”
“အမေရင်နာတာနောက်မှနာပါဗျာ….
အခုတော့
ကျုပ်ကိုအေးကြည်မကို လိုက်တောင်းပေးပါအမေရယ်”
ဟု…ရွှေအိုးပြောသောအခါ ဒေါ်အုန်းကြည်မှာ
မျက်လုံးအပြူးသားဖြင့်
ရွှေအိုးကိုတအံ့တသြစိုက်ကြည့်တော့သည်။
ရွှေအိုးမှာလည်း မိခင်ဖြစ်သူအကြည့်ကြောင့်
ရှက်ရွံ့လာသလိုဖြင့်…
“အမေကလည်း…ဘာကြည့်တာလဲဗျ”
ဟု…မေးလိုက်သောအခါ…
“ဟဲ့….နင်လိုအကောင်ကိုယူမယ့်သူရှိသေးသလားလို့
ငါစဥ်းစားရင်း ကြည့်တာပေါ့ဟဲ့….”
“အမေကလည်း…ကျုပ်ကိုများအထင်သေးလို့
အေးကြည်မက အမေ့ကိုသာ သူ့မိဘတွေဆီ
လာတောင်းခိုင်းလိုက်ပါတဲ့
သူ့ဘက်ကလက်ခံဖို့အသင့်ပဲလို့ကျုပ်ကိုပြောတယ်။
နောက်ပြီးသူနဲ့ယူရင်ကျုပ်က
ဘာအလုပ်မှလုပ်စရာမလိုဘူးတဲ့ဗျာ
သူကိုယ်တိုင်ရှာကျွေးမှာဆိုပဲ……”
ရွှေအိုးစကားကြောင့်ဒေါ်အုန်းကြည်မျက်လုံးမှာ
နှစ်ဆ ပြူးသွားတော့သည်။
သားဖြစ်သူရွှေအိုး၏ဆန်းကျယ်မှုကြီးကိုလည်း
ဝမ်းသာရမည်လား….ဝမ်းနည်းရမည်လေလား
မသဲကွဲတော့ပေ။
သို့သော်လည်း အိမ်ထောင်ကျပြီးနောက်ပိုင်း၌
ပြောင်းလဲသွားလေမလားအတွေးဖြင့် အေးကြည်မကိုတောင်းရမ်းပေးဖို့သဘောတူလိုက်လေသည်။
**************************
အေးကြည်မကိုတောင်းရမ်းပေးဖို့ပြင်ဆင်နေစဥ်အတောအတွင်း၌ ရွှေအိုးတစ်ယောက်ပြောင်းလဲလာခဲ့သည်။
ထိုသည်က ညဘက်တွေ၌ အိပ်မပျော်ခြင်းပင်။
တည၌…
“မပေးဘူးဟာ…သွားမလာနဲ့….
မလာနဲ့ဟာ……သှားးးး…သှားးးးးးးးးးးး”
ဟူသောအော်သံများသည်ရွှေအိုး၏အိပ်ခန်းအတွင်းမှ
ထွက်ပေါ်လာခြင်းဖြစ်လေရာ ဒေါ်အုန်းကြည်တစ်ယောက်
အိပ်ပျော်နေရာမှ နိုးလာခဲ့ပြီးရွှေအိုးထံသို့
အပြေးသွားရသည်။
ရွှေအိုးမှာတော့ မျက်စိမှိတ်လျက်သားအော်ဟစ်နေတော့၏။
“သှား…မလာနဲ့…သှားးးးးးးးးးး…………….”
“သား….ရွှေအိုး…ငါ့သား….ဘာဖြစ်တာလဲ…
ထပါဦး …သားရေ…….”
ဒေါ်အုန်းကြည်သားဖြစ်သူကိုလှုပ်ခေါ်နိုးလေတော့
ရွှေအိုး နိုးလာခဲ့သည်။
နိုးလာသော်လည်းရွှေအိုးပုံစံမှာ
တစ်စုံတစ်ယောက်ကိုရှာဖွေသယောင်ဖြင့်
ဟိုသည်ကြည့်ရင်းအထိတ်ထိတ်အလန့်လန့်ဖြစ်နေခဲ့သည်။
“သား…အိမ်မက်ဆိုးတွေမက်နေတာလား”
ဟု…ဒေါ်အုန်းကြည်မှမေးလေတော့
ရွှေအိုးခေါင်းညိတ်ပြလေသည်။
ထို့နောက်ပိုင်းလည်းရွှေအိုးတစ်ယောက်
အအိပ်အစားမမှန်တော့။
အမြဲတမှိုင်မှိုင်တတွေတွေဖြစ်၍နေခဲ့သည်။
ပို၍ဆိုးသည်က တည၌….
“ဘုန်း….”
“ဒုန်း….”
“အ……..အွတ်……..”
ဟူသောအော်သံများသည် ရွှေအိုး၏အခန်းအတွင်းမှ
ထွက်ပေါ်လာခဲ့၏။
ဒေါ်အုန်းကြည်ခမြာလည်းဖယောင်းတိုင်ကိုအလျင်စလို
ထွန်းပြီး အလန့်တကြားဖြင့်
သားဖြစ်သူ၏အခန်းဆီသို့သွားရရှာသည်။
ထိုသို့သွားလေတော့ ကြမ်းပြင်၌ လူးလှိမ့်နေရင်း
ရွှေအိုးသည် မျက်စိမှိတ်လျက်သားဖြင့်သူ၏
လက်များသည်က လည်ပင်းကိုညှစ်ထားရင်း
အော်ဟစ်နေသည်ကိုဒေါ်အုန်းကြည်မြင်လေတော့…
“အမယ်လေး…လာကြပါဦး….
ကျုပ်သားကိုဆွဲကြပါဦး………..”
ဟု…ကျယ်လောင်စွာအော်ဟစ်လေသောအခါ
ခြံနားနီးချင်းတို့မှာ အပြေးရောက်လာကြရှာသည်။
“ဟာ…ရွှေအိုး…”
“ဟင်…ဆွဲကြ…ဆွဲကြ”
ရွှေအိုးမှာအသက်ရှုကြပ်နေလေပြီ။
ဝိုင်းဆွဲထိန်းကြသူများကြောင့်သာ
ရွှေအိုးသက်သာသွားတော့၏။
ထိန်းထားသူများကလည်းရွှေအိုး၏လက်များ၊ခြေထောက်များကိုဖိထားကြသည်။
ဒေါ်အုန်းကြည်တစ်ယောက်မျက်စိမပွင့်သေးသော
ရွှေအိုး၏ပါးကိုပုတ်နှိုးပြီး…
“သား….သားမောင်ရွှေအိုး…
အမေခေါ်နေတာကြားသလားသား”
ဟု…ခေါ်လေတော့မှ ရွှေအိုး၏မျက်လုံးများပွင့်လာခဲ့ပြီး
လူက မောဟိုက်နေရှာသည်။
ပြီးနောက်သူ၏အမေနှင့်
သူ့အားချုပ်ထားကြသူများကိုကြည့်ရင်း…
“ကျုပ်…ကျုပ်ဘာဖြစ်တာလဲအမေ”
ဟု…မေးလေသောအခါ…
“တော်သေးတာပေါ့ငါ့သားရယ်…
သူတို့ရောက်လာပေလို့ မင်းအသက်မသေတာ…
အိမ်မက်ဆိုးတွေမက်ပြီး ကိုယ့်လည်ပင်းကိုယ်ညှစ်ရတယ်လို့ကွယ်……….”
“ဗျာ….ဒါဆို…ဒါဆို အပြင်မှာလည်း
ကျုပ်သေတော့မှာပေါ့…ဟာ..မဖြစ်ဘူး…မဖြစ်တော့ဘူး”
ရွှေအိုးသည် သူ့ကိုချုပ်ထားသူများကိုဖယ်စေပြီး
အထိတ်တလန့်ဟန်ဖြင့်ပြောလေသည်။
သူ၏တကိုယ်လုံးမှာလည်းချွေးများက ရွဲဆိုနေလေသည်။
“ဘာကိုမဖြစ်တာလဲသား….ဒီရက်ပိုင်းမင်းကိုကြည့်ရတာ
အရင်လိုမဟုတ်ဘူးနော်…ညဆိုလည်းကောင်းကောင်းမအိပ်ဘူး
အိပ်ပြန်ရင်လည်း အိမ်မက်ဆိုးတွေကမက်ပြန်တယ်…
ငါ့သားဖြစ်နေတာတွေအမေ့ကိုသေချာပြောစမ်းပါကွယ်…
ဒီအမေအိုကြီးက ငါ့သားအတွက်စိတ်ပူလွန်းလို့ပါ….”
ဟု…ဒေါ်အုန်းကြည်မှပြောလေတော့ ရွှေအိုးသည်
မိခင်ကိုငေးကြည့်လေသည်။
ထိုသို့ကြည့်နေရင်းမှ ဖြေးညှင်းစွာဖြင့်…
“ကျုပ်ကိုလေ…ကျုပ်ကိုလေ သောင်ထွန်းရွာဆီကို
လိုက်ပို့ပါအမေရယ်…”
ဟု…ပြောရှာသည်။
“သောင်ထွန်းရွာ…သောင်ထွန်းရွာကို
ဘာသွားလုပ်မလို့လဲငါ့သားရဲ့”
“မမေးပါနဲ့အမေရယ်…အရင်ဆုံးအဲ့ရွာဆီ
ကျုပ်ကိုသာလိုက်ပို့ပေးပါ ”
ရွှေအိုး၏မူမမှန်မှုများကို ဒေါ်အုန်းကြည်
စိုးရိမ်နေမိသည်။
ရွှေအိုးပြောသည့်အတိုင်း မိုးလင်းသည်နှင့်
ဆိတ်ဖလူးကုန်းရွာ၏တောင်ဘက်လေးရွာကျော်ရှိ
သောင်ထွန်းရွာသို့ လှည်းဖြင့်ထွက်လာခဲ့ကြတော့၏။
သောင်ထွန်းရွာဆိုတာ သူတို့ရွာနှင့်မစိမ်းလှပေ။
သောင်ထွန်းရွာဘုရားပွဲဆိုလျှင်စည်ကားလွန်း၍
ရွာနီးချုပ်စပ်များကပါမကျန်
သွားလာကြတတ်သောကြောင့်ပင်။
သောင်ထွန်းရွာဆီသို့ရောက်တော့ အကူခေါ်လာသော
ရွှေအိုး၏သူငယ်ချင်းမင်းလှသည် နွားမောင်းနေရင်းမှ…
“ရွှေအိုး…သောင်ထွန်းရွာတော့ရောက်ပြီ…
မင်းကဘယ်သူ့ဆီလာတာတုန်း”
ဟု…မေးလေတော့…
“ငါ ဘွားမယ်စိန်ဆီကိုလာတာ…
ဘွားမယ်စိန်ရဲ့အိမ်ကိုသာတန်းမောင်းကွာ…”
“အေး…အေး…”
“ဘွားမယ်စိန်”
ဒေါ်အုန်းကြည်တစ်ယောက်သားဖြစ်သူပြောသော
ဘွားမယ်စိန်ဆိုသော နာမည်ကိုရေရွတ်နေခဲ့သည်။
ဘွားမယ်စိန်ကိုလည်း မစိမ်းလှ…
အဘယ့်ကြောင့်ဆို ဘွားမယ်စိန်သည် ပရောဂကုသပေးရာ၌
နာမည်ကြီးလှ၏။
ရွှေအိုးသူငယ်ချင်းလည်း ဘွားမယ်စ်ိန်အိမ်သို့
နွားလှည်းကိုမောင်းလာခဲ့လေရာ
ဘွားမယ်စိန်၏နေအိမ်ဆီသို့ရောက်တော့ နွားလှည်းကိုရပ်လိုက်၏။
ရွှေအိုးနှင့်ဒေါ်အုန်းကြည်တို့လှည်းအထက်မှဆင်းလာခဲ့ကြပြီး
ရွှေအိုးသည် ဘွားမယ်စိန်၏ခြံဝိုင်းတံခါးဆီသို့သွားကာ…
“ဘွားမယ်စ်ိန်ရှိလားဗျ….”
ဟုမေးလေတော့ ကွပ်ပျစ်၌ထိုင်နေကြသော
ဘွားမယ်စိန်နှင့်နန်းကြိုင်တို့မှာ…
“မြေး…ဧည့်သည်တွေလာကြတာထင်တယ်….
သွားပြီးတော့တံခါးဖွင့်ပေးလိုက်ဦးကွဲ့ ”
“ဟုတ်ကဲ့ဘွား”
နန်းကြိုင်သည်ကွပ်ပျစ်ပေါ်မှဆင်း၍ ခြံဝိုင်းတံခါးကိုဖွင့်သည်။
“ဘွားရှိပါတယ်ရှင့်…ဝင်ကြပါ”
ဟုခေါ်လေတော့ ဒေါ်အုန်းကြည်သည် ချစ်စရာကောင်းသော
နန်းကြိုင်လေးကိုပြုံး၍ကြည့်ပြီး ရွှေအိုးနောက်မှလိုက်လာခဲ့သည်။
ကွပ်ပျစ်ခင်း၌ထိုင်နေသော ဘွားမယ်စိန်ကိုမြင်ကြလေတော့…
“ဘွားက…ဘွားမယ်စိန်ပဲကွဲ့…….
လာကြပါ…အရင်ဝင်ထိုင်ကြပါဦး”
ဟု…ပြောသောအခါ ကွပ်ပျစ်၌ဝင်ထိုင်ကြတော့သည်။
မင်းလှတစ်ယောက်လည်းနွားလှည်းချွတ်ပြီးသည်နှင့်
ကွပ်ပျစ်အောက်ရှိ ထန်းလက်ခုံ၌ ဝင်ထိုင်လေသည်။
ဘွားမယ်စိန်သည် မည်သည့်စကားမှမမေးမြန်သေးဘဲ
ရွှေအိုးကိုကြည့်နေခဲ့၏။
ရွှေအိုးတစ်ယောက်ဘွားမယ်စိန်ရဲ့အကြည့်ကြောင့်
အနေခက်လာခဲ့ပြီး…
“ကျုပ်ကဆိတ်ဖလူးကုန်းရွာက ရွှေအိုးလို့ခေါ်ပါတယ်ခင်ဗျ…
ဒါကျုပ်အမေပါ…ဒေါ်အုန်းကြည်လို့ခေါ်ပါတယ်”
ဟုမိတ်ဆက်လိုက်လေသည်။
ဘွားမယ်စိန်သည်ခေါင်းကိုညိတ်၏။
“အင်း…မောင်ရင်အခက်အခဲတစ်ခုခုကြုံနေတယ်…
ဒါမှမဟုတ်ရင်ဆိုင်နေရတယ်မလား”
“ဗျာ…”
ရွှေအိုးအံ့သြသွားသည်။
ဒေါ်အုန်းကြည်နှင့်မင်းလှတို့ကမူ စိတ်ဝင်စားနေခဲ့ကြသည်။
“မောင်ရင့်ဘက်ကဘွားကိုဘယ်လိုထင်နေ…မြင်နေမယ်တော့
ဘွားမသိဘူးကွယ်…ဘွားဘက်ကတော့မောင်ရင်ပြောပြ
အကြောင်းကိုပဲသိချင်မိတယ်…အဲ့တော့
အချိန်ဆွဲနေတာထက်ပြောသင့်တာကို
ပွင့်ပွင့်လင်းလင်းပဲဘွားကိုပြောပြပါ….”
ဘွားမယ်စိန်ပြောသည်ကိုနားထောင်အပြီး၌
“ဟင်း…….”
ရွှေအိုးသည်သက်ပြင်းချ၏။ ပြီးနောက်…
“အခုလိုတွေဖြစ်ရတာက ကျုပ်ရဲ့
ခိုးချင်…ယူချင်တဲ့စိတ်ကြောင့်ပါဗျာ…”
စကားကိုခဏရပ်ပြီးသူ့မိခင်ဒေါ်အုန်းကြည်ကို
တချက်လှမ်းကြည့်ပြန်သည်။
ပြီးလေမှ…
“တလောက ကျုပ်တို့ရွာမှာ မသန်းမာ ဆိုတဲ့အမျိုးသမီးတစ်ဦး
ပိုးထိလို့ဆုံးတယ်ဗျ…သူပိုးထိတုန်းက ကျုပ်ကလည်း
ဟိုလည်ဒီလည်ဆိုတော့လမ်းမှာဆုံတာပေါ့………….”
ထိုနေ့ကရွှေအိုးတစ်ယောက် ရွာနောက်ပိုင်းကိုအလည်လာ၏။
လမ်း၌ ခြုံများထူထပ်ပြီးအဝေရာပင်များစုဝေးပေါက်ရောက်နေသော နေရာ၌ အမျိုးသမီးတစ်ဦးလဲကျနေသည်က်ို
ရွှေအိုးမြင်လေသောအခါ၌အပြေးသွားကြည့်မိသည်။
“ဘယ်သူလဲ….ဟင်…မသန်းမာ……”
မသန်းမာတစ်ယောက်ပါးစပ်၌အမြုပ်များထနေပြီး
မျက်လုံးပြူးကြီးဖြင့်အသက်ကိုငင်နေလေသည်။
လက်တစ်ဖက်၌ အဝေရာရွက်များကိုင်ထားသည်ကိုတွေ့ရပြီး
ခြေ၌ညိုမဲနေသည်ကိုကြည့်ခြင်းအားဖြင့်
အဝေရာရွက်ခူးနေရင်းမှ အဆိပ်ပြင်းသောမြွေနှင့်တိုးသွားခဲ့
ခြင်းဖြစ်ပုံရသည်။
အခြေအနေမကောင်းတော့ဘူးဆိုတာ ရွှေအိုးသိလိုက်သည်။
အခြားသူများကိုအကူအညီခေါ်ဖို့သွားရန်အပြင်
ရွှေအိုး၏မျက်လုံးအတွင်း မသန်းမာ၏လည်ပင်းမှ
ရွှေဆွဲကြိုးလေးကိုမြင်ယောင်လိုက်သည်။
စိတ်ထဲ၌ အေးကြည်မနှင့်သာဆိုလျှင်လိုက်ဖက်လိုက်မည့်
ဖြစ်ခြင်းဟုတွေးရင်း လိုချင်လာခဲ့၏။
မသန်းမာ၏အခြေအနေမှာလည်း လုံးဝအသက်ကယ်၍မရတော့သည်ကိုသိထားသည်မို့ ရွှေအိုးတစ်ယောက်
မသန်းမာ၏လည်ပင်းမှ ရွှေဆွဲကြိုးကိုဖြုတ်ယူလိုက်တော့သည်။
ပြီးနောက်ထိုနေရာမှထွက်လာခဲ့တော့၏။
မသန်းမာတစ်ယောက်တော့သေအံ့ဆဲဆဲဖြစ်နေရာမှ
သူဆွဲကြိုးကိုဖြုတ်ယူသွားသော
ရွှေအိုးကိုသာ မျက်လုံးအပြူးသားကြည့်နေရင်း
သေဆုံးသွားရှာသည်။
မသန်းမာသေဆုံးသွားပြီးနောက် ရွှေအိုးတစ်ယောက်ဂနာမငြိမ်
ဖြစ်လာတော့သည်။
အကြောင်းမှာ ညဘက်အိပ်ပျော်သည်နှင့်…
“ငါ့ဆွဲကြိုးပြန်ပေး…ငါ့ဆွဲကြိုးပြန်ပေးစမ်း….”
မသန်းမာတစ်ယောက်ရွှေအိုး၏အိမ်မက်အတွင်း၌
ဆွဲကြိုးလိုက်တောင်းတော့သည်။
“မပေးဘူး…ငါမပေးနိုင်ဘူး…….”
ရွှေအိုးမှာလည်း အိမ်မက်မှအလန့်တကြားနိုးလာခဲ့ရသည်။
နောက်ပိုင်း၌အိမ်မက်အတွင်းဆွဲကြိုးလာတောင်းတတ်သော
မသန်းမာကြောင့်ရွှေအိုး အိပ်ပျော်သွားမည်ကိုပင်
ကြောက်လန့်လာတော့၏။
ထိုသို့မအိပ်ဘဲနေလျှင်လည်း သူ၏ခြေထောက်များကို
ဆွဲချခြင်း၊ အပုပ်နံ့များပေးခြင်းကြောင့် ရွှေအိုးမှာ
စိတ်ညစ်ရပြန်သည်။
အိပ်ပျော်သွားသောအခါ အိမ်မက်အတွင်း၌
ဆွဲကြိုးတောင်းနေရင်းမှ ရွှေအိုးမပေးလျှင်
လုံးထွေးသတ်ပုတ်ပြန်လေတော့ရွှေအိုးတစ်ယောက်
အိမ်မက်မှနိုးလာတိုင်း မောဟိုက်၍နေခဲ့ပေသည်။
ယခုတစ်ခေါက်၌ အိမ်မက်အတွင်း မသန်းမာသည်
ရွှေအိုး၏လည်ပင်းအားညှစ်နေခဲ့၏။
အပြင်လက်တွေ့၌ မိမိလည်ပင်းကိုမိမိညှစ်နေခြင်းဖြစ်လေရာ
မိခင်အသိမြန်သွား၍ အသက်ဘေးမှလွှတ်ခဲ့ခြင်းဖြစ်သည်။
ထိုအကြောင်းများကိုဘွားမယ်စိန်အားပြောပြအပြီး၌
ဒေါ်အုန်းကြည်သည် ရွှေအိုး၏ကျောပြင်အား
“ဘုန်း….ဘုန်း…ဘုန်း….”
တဘုန်းဘုန်းရိုက်၍…
“လူမိုက်….နင်အဲ့သလောက်ခိုးချင်ယူချင်နေရသလား…
အမိုက်ကောင်ရဲ့…မကူညီတဲ့အပြင်ဒုက္ခရောက်နေတဲ့သူဆီကပါ
နငယွူရသလားဟဲ့…အီးးးးဟီးးးးဟီးးးးးဟီးးးးးးးးးး”
ဟု…အော်ဟစ်၍ ငိုလေတော့ ရွှေအိုးမှာ
မျက်နှာအောက်ချ၍နေရှာသည်။
ဘွားမယ်စိန်မှာတော့
ပြောင်းဖူးဖက်ဆေးလိပ်ကြီးကိုဖွာရှိုက်နေ၏။
ခဏမျှမည်သည့်စကားမှမပြောသေးပေ။
ပြီးလေမှ…
“လူတစ်ယောက်ရဲ့ဘဝမှာဘယ်အချိန်ကအရေးပါဆုံး
ဖြစ်မယ်လို့မောင်ရင်ထင်သလဲ”
ဟုရွှေအိုးကိုကြည့်ရင်းမေးလေတော့
ရှအေိုးစဥွးစား၏။
ပြီးလေမှ…
အဖြေမရပုံဖြင့်ခေါင်းကိုရမ်းပြီး…
“ကျုပ်မသိဘူးဘွား”
ဟုပြောလေတော့ ဘွားမယ်စိန်ခေါင်းတစ်ချက်
ညိတ်လိုက်သည်။
“မသိရင်မှတ်ထားဦး မောင်ရင်ရဲ့…
လူတစ်ယောက်မှာအရေးပါဆုံးက
ဥစ္စာပစ္စည်းပိုင်ဆိုင်ခြင်းထက်…
နောက်ဆုံးသေရမယ့်အချိန်မှာ
သေတတ်ဖို့…အသေမြတ်ဖို့ကအရေးအကြီးဆုံးပဲကွဲ့…
အခုမောင်ရင်ပြောတဲ့ မသန်းမာဆိုတဲ့မိန်းကလေးက
မသေခင်မှာသူ့ရဲ့ဆွဲကြိုးကိုမောင်ရင်ယူသွားတာသိလိုက်တော့
သူ့မှာအစွဲဝင်သွားတာပေါ့…သူ့ရဲ့ဆွဲကြိုးကိုစွဲလမ်းသွားတော့
သေပြီးသရဲဘဝနဲ့မောင့်ရင့်ဆီကို
ဆွဲကြိုးလာလာတောင်းနေရတာပဲ…”
“ဗျာ…”
ဒေါ်အုန်းကြည်သည်မျက်ရည်များကို ကပျာကယာသုတ်၍…
“ကျုပ်တို့ဘာလုပ်ရမလဲဘွား…
ဒီတစ်ခါဆိုဒင်းသေဖို့ပဲရှိတော့တယ်တော်…
ဘွားရယ်ကယ်ပါဦး”
ဟု…သားဖြစ်သူအတွက်စိုးရိမ်စွာပြောလေတော့
“ဘွားဘက်ကကူညီပေးပါ့မယ်…
ဒါပေမယ့် ဟောသည်က မောင်ရွှေအိုးကတော့
ဘွားကိုကတိတစ်ခုပေးရလိမ့်မယ်ကွဲ့……”
“ဘာ ကတိလည်းဘွား”
“ကတိကတော့ မောင်ရင်ကိုယ်တိုင်သူများပစ္စည်းဥစ္စာကို
ဘယ်တော့မှအချောင်ယူလိုစိတ်မရှိတော့ပါဘူးဆိုတဲ့
ကတိပါပဲ.. အယ်…ကတိတင်မကဘူးနော်
ဘွားကသစ္စာရေပါတိုက်မှာ…အဲ့တာသာမောင်ရင်လက်ခံရင်
မောင်ရင့်ကိုဘွားဘက်ကကူညီပေးပါ့မယ်”
ဟုပြောလေတော့ ရွှေအိုးသည်ခေါင်းကိုညိတ်၍…
“ကျုပ်လည်းနောင်တတွေရနေပါပြီဗျာ…
မသန်းမာကိစ္စကိုဘာလုပ်ရမလဲတွေးနေမိတာ
အချိန်တိုင်းလိုလိုပါပဲ…
အခုဘွားပြောတဲ့ကတိရောသစ္စာရေကော
ကျုပ်သောက်ပါ့မယ်ဗျာ…”
ရွှေအိုးမှာလက်ခံလေတော့ ဒေါ်အုန်းကြည်ဝမ်းသာသွား၏။
ထို့နောက်သောက်ရေအိုးစဥ်မှရေတစ်ခွက်ခပ်စေပြီး…
ရွှေအိုးကိုသစ္စာဆိုခိုင်းတော့သည်။
သစ္စာဆိုပြီးလေမှ…
“အခုကိစ္စကတော့ လွယ်ပါတယ်ကွယ်…
မောင်ရင့်ဆီမှာအဲ့သည်ဆွဲကြိုးရှိသေးသလား…
ရှိနေဖို့တော့လိုတယ်နော်…”
“ရှိ..ရှိပါတယ်ဘွား…ကျုပ်သိမ်းထားပါတယ်…”
“အေးးးး…အဲ့သည်ဆွဲကြိုးကို မသန်းမာရဲ့ကျန်ရစ်တဲ့
လင်သားဖြစ်ဖြစ်သားသမီးဖြစ်ဖြစ်…မိဘဖြစ်ဖြစ်
သူတို့ဆီကိုပြန်ပေးလိုက်
ပြီးရင်ကိုယ့်အမှားအတွက်တောင်းပန်ခဲ့…
ဒါဆိုရင်မောင်ရင့်ကိုမသန်းမာခွင့်လွှတ်ပေးလိမ့်မယ်ကွဲ့”
“တကယ်…တကယ်လားဘွား…
ကျုပ်အဲ့လိုလုပ်ပေးတာနဲ့ မသန်းမာ
ကျုပ်ကိုခွင့်လွှတ်တယ်ပေါ့”
ရွှေအိုးတစ်ယောက်ဝမ်းသာစွာဖြင့်
မေးလေတော့ဘွားမယ်စိန်ခေါင်းညိတ်လိုက်၏။
ထိုအခါရွှေအိုးသည်ဘွားမယ်စိန်ကိုကန်တော့ပြီး….
“ကျေးဇူးတင်ပါတယ်ဘွား…ကျေးဇူးတင်ပါတယ်ဗျာ…”
ဟု…ဆိုလေသည်။
“ရပါတယ်ကွယ်…မောင့်ရင့်ဘက်ကသာ
သစ္စာဆိုထားတာကိုမမေ့လေနဲ့နော်…”
“ဟုတ်ကဲ့ပါဘွား…ကျုပ်မမေ့ပါဘူးဗျာ…”
အဲ့သည်နောက် ရွှေအိုးတို့ ဘွားမယ်စိန်၏နေအိမ်မှ
ပြန်လာကြတော့သည်။
ရွာသို့ပြန်ရောက်ကြသည်နှင့်ဆွဲကြိုးကိုယူပြီး
ရွာလူကြီးအိမ်သို့သွားကြ၏။
ရွာလူကြီးကိုအကျိုးအကြောင်းပြောရှင်းပြသောအခါ
မသန်းမာ၏မိဘများထံသွားကြလေသည်။
မသန်းမာ၏မိဘများကို ရွှေအိုးကိုယ်တိုင်
ကန်တော့တောင်းပန်လေတော့ မိဘများကလည်း
ခွင့်လွှတ်ပေးကြရှာသည်။
ထိုကိစ္စပြီးသည့်နောက်ပိုင်း၌ ရွှေအိုးတစ်ယောက်
အိပ်ပျော်စားဝင်လာခဲ့တော့သည်။
မသန်းမာသည်လည်းရွှေအိုးထံသို့
လာရောက်မနှောက်ယှက်တော့။
ရွှေအိုးနှင့်အေးကြည်မ၏မင်္ဂလာဆောင်ကိုလည်း
မိခင်ဖြစ်သူ ဒေါ်အုန်းကြည်မှပြုလုပ်ပေး၏။
သားဖြစ်သူရွှေအိုးတစ်ယောက်ယခင်က ကဲ့သို့
သူများပစ္စည်းကိုခိုးခြင်းဝှက်ခြင်းမရှိတော့သည့်အပြင်
လယ်လုပ်ငန်းကိုပါဦးဆောင်လုပ်ကိုင်လာသည်မို့
ဒေါ်အုန်းကြည်၏ပါးစပ်ဖျား၌…
“ဒါသောင်ထွန်းရွာကဘွားမယ်စိန်ကြီးကြောင့်
ငါ့သားပြောင်းလဲလာတာဟဲ့”
ဟုပင်အခြားသူများကိုမကြာခဏပြောပြလေသည်။
ထိုသို့ဖြင့်…
ပြီးပါပြီ
စာရေးသူ – ယဥ်မင်း(ကန့်ဘလူ)အားလေးစားလျက်
Like&shareလေးနဲ့အားပေးကြပါအုံး