မဖဲဝါ မဝင်ရ ( စ / ဆုံး )
°°°°°°°°°°°°°°
#မူရင်း _ဆရာတာတေ
ဒီတုန်းက တာတေ မြို့မှာ ကျောင်းနေတုန်းဗျ။
ရှစ်တန်းလောက်ထင်တာပဲ။ကျုပ်က မြို့ကျောင်း
တက်တုန်းက အမေ့ရဲ့အစ်ကို ဘကြီးရဲ့အိမ်မှာ
နေရတာလေဗျာ။ ဘကြီးက အမေ့ရဲ့အစ်ကို
လို့ မပြောရဘူးဗျ။ ကျုပ်အမေလိုပဲ ဝက်သား
ချက် လွှတ်ကောင်းတာ။ကျုပ် ဝက်သားကြိုက်
မှန်းသိလို့ထင်တယ် ဘကြီးက ကျုပ်ကို ဝက်
သား မကြာ မကြာ ချက်ကျွေးတာဗျ။ ဘကြီး
ချက်တဲ့ ဝက်သနီချက်က လွှတ်ကောင်းတာ
ဗျို့။ ဘကြီးက လူပျိုကြီးဆိုတော့ အိမ်မှာ သူ့
ဟာသူပဲ ချက်တာလေဗျာ။
လျှော်တာ ဖွပ်တာကတော့ နာမိုးနီးလို့ခေါ်တဲ့
ကုလားမတစ်ယောက် ခေါ်ထားတယ်ဗျ။ ဘ
ကြီးက တစ်ယောက်တည်းနေရတဲ့ဆိုတော့
တစ်ခါတလေတော့လည်း ပျင်းမှာပေါ့ဗျာ။
ရွာလေးတွေဘက်ကို တစ်ခါတလေ သွား
လည်တတ်တယ်။
“တာတေ၊ မင်း သီတင်းကျွတ်ကျောင်းပိတ်
ရက် ရွာပြန်ဦးမှာလား”
ဘကြီးက ဆိုင်းမဆင့် ဗုံမဆင့်ကြီး မေးလိုက်
တာဗ်။
“ဘကြီး ဘာကိစ္စရှိလို့တုံး”
“မင်း ရွာမပြန်ရင် ဘကြီး မင်းကို ခေါ်သွား
မလို့ကွ”
“ဟင် ဘယ်ကိုတုံး ဘကြီး”
“ဘကြီး ငယ်သူငယ်ချင်းတစ်ယောက် ရှိတယ်
ကွ၊ ဘဂျမ်းဆိုတဲ့ကောင် အသက်ကတော့ ဘ
ကြီးထက် နှစ်နှစ် သုံးနှစ်လောက်ကြီးတယ်။ဘ
ဂျမ်းတို့ရွာက ကုန်းတန်းလို့ခေါ်တယ်။ကုန်းခေါင်
ခေါင်ကြီးပေါ့ကွာ။မိုးရွာမှ ရေမြင်ရတဲ့ သဲချောင်း
လေးတွေတော့ ရှိတယ်ကွ၊ ဒါလည်း မိုးတွင်း
လောက်ပဲ ရေမြင်ရတာကွ၊ ပူပြီဆိုရင် လွှတ်
ပူပြီး အေးပြီဆိုရင် လွှတ်အေးတဲ့ရွာပေါ့ကွာ”
ကျုပ်က ဘကြီးပြောတဲ့ ကုန်းခေါင်ခေါင်ရွာ
ကြီးဆိုတာကိုတော်တော်လေး စိတ်ဝင်စား
သွားတာဗျို့။
“ဒီကနေဆိုရင် တော်တော်ဝေးလား ဘကြီး”
“ဒီကနေ မန်ကျည်းတန်းကားကိုစီးပြီး မန်
ကျည်းတန်းမှာ တစ်ညအိပ်ရမယ်၊ နောက်
နေ့မနက် စောစောထပြီး လှည်းငှားသွားရ
မှာကွ”
“မန်ကျည်းတန်းမှာက ဘကြီးအသိရှိလား”
“ဟာ ရှိတာပေါ့ တာတေရ၊ မန်ကျည်းတန်းမှာ
လည်း ဘကြီးသူငယ်ချင်း သုံးယောက်ရှိတယ်၊
အရပ်ရှည်ရှည်ကောင်ကြီး ဘစောရယ်၊ အရပ်
ပုပြတ်ပြတ်နဲ့ ကျော်ပုဆိုတဲ့ ကောင်ရယ်၊ နှုတ်
ခမ်းမွေးကားကားကြီးနဲ့ ကရင်ကြီးရယ်လေကွာ”
“သွားလေ ဘကြီး၊ ကုန်းတန်းက ပြန်လာ
တော့မှပဲ ကျုပ်ရွာကို ပြန်မှာပေါ့ ”
“အေး …ဒါဆိုရင် ဟန်ကျတာပေါ့ကွာ၊ ဘ
ကြီးလည်း ငယ်သူငယ်ချင်းတွေကို သတိရ
လို့ပါကွာ”
“သွား …သွား…ဘကြီး ကျုပ်လိုက်ခဲ့မယ်”
“အေး အေး ဒါဆိုရင် ဘကြီး စီစဉ်လိုက်တော့
မယ်၊ ဒီကြားထဲ ကုန်းတန်းက လူကြုံတွေ့ရင်
လည်း ဘဂျမ်းကြီးဆီကို မှာလိုက်မှာပေါ့ကွာ၊
အင်း မှတ်မိသေးတယ်ကွာ၊ ဘဂျမ်းတို့ရွာက
မြစ်တွေ ချောင်းတွေနဲ့လည်း မနီးတော့ ဘ
စောတို့ ကရင်ကြီးတို့က ဘဂျမ်းကို တွေ့တာ
နဲ့ တန်းစကြတာကွ”
“ဟင် ဘယ်လိုစတာတုံးဗျ ဘကြီးရ”
“မန်းမနီး ရေဝေး
ကန်ရေသောက် မြက်ခြောက်စား
ဗြားခလောက်ဆွဲ”
လို့ စတာကွ။
“ဟား ဟား ဟား ဟား”
ဘကြီးပြောတဲ့ မန်းမနီးရေဝေးကို ကျုပ်စိတ်
ထဲမှာ ဆိုကြည့်ပြီး သဘောကျသွားတာဗျို့။
ကျောင်းစပိတ်တဲ့နေ့မှာပဲ ဘကြီးနဲ့ ကျုပ်နဲ့
မန်ကျည်းတန်းကားနဲ့ လိုက်ခဲ့ကြတာဗျို့။
မန်ကျည်းတန်းကားက ဒေါ့ဂျစ်အစုတ်ကြီး
ဗျ။ဒါပေမဲ့ အင်ဂျင်ကတော့ အကောင်းသား၊
တောလမ်းမှာ လမ်းကလေး နည်းနည်းသာ
လို့ကတော့ ဝီးကနဲ ဝီးကနဲနေအောင် ဆွဲ
တော့တာဗျို့။ တောလမ်းဆိုတော့ ထမင်း
ဆိုင်တွေ ဘာတွေ ဘယ်ရှိမှာတုံးဗျာ။
ထမင်းစားချိန်လောက်ကျတော့ ရွာကြီးတစ်ရွာ
ရဲ့ အပြင်ဘက်က အကြော်တဲကြီးတစ်လုံး ရှေ့
မှာ ကားရပ်ပေးတယ်။ဘူးသီးကြော်နဲ့ ငှက်ပျော
ကြော်ကြီးတွေမှ ကောင်းလိုက်တာဗျ။ရေနွေး
ကြမ်းကလည်း ကောင်းပါဘိသနဲ့၊ကျုပ်ဖြင့် ဘူး
သီးကြော် နှစ်ခု ဆက်တိုက်စားပစ်လိုက်ရောဗျို့။
“နေပါဦး ဆရာကြီးရဲ့၊ ဒီရွာကို ဘာရွာခေါ်တုံး”
ဘကြီးက ကျုပ်တို့နဲ့ တစ်ဝိုင်းတည်းမှာ လာ
ထိုင်ပြီး အကြော်စားတဲ့ အဘိုးကြီးတစ်ယောက်
ကို မေးတာဗျ။ မျက်ခုံးမွေးတွေရော နှုတ်ခမ်း
မွေးတွေရော ဖြူနေတဲ့ အဘိုးကြီးက အံသွား
လေးနဲ့ အကြော်ကို ကြိတ်ဝါးရင်းက …
“ဒါ ကျတ်ချောင်းလေဗျာ၊ ရွာတောင်ဘက်မှာ
ကျတ်ချောင်းလို့ခေါ်တဲ့ တောင်ကျချောင်းလေး
တစ်ခု ရှိတယ်၊ လူတော့ အားကြီးစားတာဗျ၊တစ်
နှစ်ကို နှစ်ယောက်တော့ အနည်းလေးပဲ ကိုယ့်
လူရေ”
“ဟင် ဟုတ်လားဗျ၊ သတိနည်းကြလို့
ထင်ပါရဲ့ဗျာ”
မျက်ခုံးဖြူ အဘိုးကြီးက သူ့မျက်ခုံးဖြူဖြူကြီး
တွေကို ပင့်လိုက်ပြီး…
“ဒီလိုတော့လည်း ဟုတ်မယ်မထင်ပါဘူးဗျာ၊
လူဆိုတာ သေမှာ ကြောက်တာချည်းပဲ ကိုယ့်
လူရဲ့၊ ကျတ်ချောင်းကိုက လူစားတာဗျ”
ဘကြီးလည်း ဘာမှပြန်မပြောတော့ဘဲ ခေါင်း
လေးပဲ ညိတ်နေရောဗျို့၊ဒီတော့မှ မျက်ခုံးဖြူကြီး
က ကျေနပ်သွားပြီး စကားဆက်တော့တာဗျို့။
“ကိုယ်လူက ဒီနယ်ဘက်က မဟုတ်လို့ဗျ၊ ဒီတစ်
ဝိုက်မှာ ဟိုတုန်းကဆိုရင် ကျတ်တွေ တော်တော်
ကို သောင်းကျန်းခဲ့တာဗျို့”
“ဟင် ဟုတ်လား ဆရာကြီးရဲ့၊ ကျုပ်က ကျတ်
ဆိုတာ လူတွေ ဖန်တီးပြီးပြောတဲ့ဇာတ်လမ်း
တွေလို့ ထင်နေတာဗျ”
“ဘယ့်နှယ်ဖန်တီးရမှာတုံးဗျာ၊ တကယ်ကြုံခဲ့
ရတဲ့ လူတွေက ပြန်ပြောတဲ့ အဖြစ်အပျက်တွေ
ပေါ့ဗျာ၊ အင်း ပြောရရင်တော့ ကျုပ်အဘကိုယ်
တိုင်ကို ကြုံခဲ့ရတာဗျ”
“ဟင် ဟုတ်လား အဘိုး”
ကျုပ်ပါးစပ်က လွှတ်ကနဲ ပြောလိုက်မိတာဗျို့။
မျက်ခုံးဖြူဖြူနဲ့ အဘိုးကြီးက ကျုပ်ကို အကြော်
ဝါးရင်းနဲ့ လှည့်ကြည့်တယ်။
“လူလေးက ဒါတွေ စိတ်ဝင်စားတယ်မှတ်တယ်”
“ဟုတ်ကဲ့ အဘိုး”
ကျုပ်ဘကြီးက ရယ်ပြီး ဝင်ပြောတာဗျ။
“ဒီကောင် ကျုပ်တူပါ၊ နာမည်က တာတေ
လို့ ခေါ်တယ်။ သိပ်စပ်စပ်စုစုနိုင်တဲ့ကောင်
ဗျ ဆရာကြီးရဲ့”
“ဟင်း ဟင်း ဟင်း ကလေးဆိုတာ ဒီလိုပေါ့ဗျာ၊
ဒါမှလည်း ဗဟုသုတဖြစ်မှာပေါ့ဗျာ ကိုယ့်လူရာ”
မျက်ခုံးဖြူကြီးက ရယ်ရင်းမောရင်း ပြောတာဗျ။
ပြီးတော့မှ သူ့ရှေ့မှာ ငှဲ့ထားတဲ့ ရေနွေးပန်းကန်
ကို ကောက်ယူပြီး ပါးစပ်မှာ တေ့လိုက်တယ်။
ဖူး ဖူးနဲ့ နှစ်ချက်လောက် မှုတ်လိုက်ပြီး ဖရူး
ဖရူးနဲ့ ရေနွေးတွေကို သောက်လိုက်တာဗျ။
ပြီးတော့မှ ပြောတာဗျို့။
“ဒီလိုနဲ့ ကိုယ့်လူရေ ..ကျုပ်တို့ရွာက မန်ကျည်း
တန်း မရောက်ခင်ပေါ့၊ သစ်မလဲရွာလို့ ခေါ်တယ်
ကျုပ်အဘနာမည်က ဘစိုးတဲ့ဗျ၊ အဘက လွှတ်
ဥာဏ်ကောင်းတဲ့လူဗျ၊ ဘာကိစ္စပဲ ဖြစ်ဖြစ် သေ
သေချာချာ ကြည့်ခွင့်ရရင် တစ်ခါနဲ့ တတ်တဲ့လူ
ဗျ။ ရဟန်းခံရှင်ပြုရှိသမျှ၊ မင်္ဂလာဆောင်ရှိသမျှ
မှာ ထမင်းဟင်းချက်တဲ့နေရာမှာ ကျုပ်အဘက
နာမည်ကြီးဗျ၊ ဘုရားတည် ကျောင်းဆောက်ဆို
လည်း ကျုပ်အဘ ပါရတာဗျ။ရွာထဲ အိမ်ဆောက်
ရင်လည်း ကျုပ်အဘပါရတာဗျ။ ဒါကြောင့် ကျုပ်
အဘကို ‘သစ်နင်း သစ်ကျိုး၊ ဝါးနင်း ဝါးကျိုး ကို
ဘစိုး’တဲ့ဗျ၊အဘက မြင်းလည်း အတော်နားလည်
တာ ကိုယ့်လူရေ၊ ကိုယ့်လူလည်း ကြားဖူးမှာပေါ့။
‘ကျောက်နဲ့မြင်း၊စိုးစဉ်းသိက ထမင်းဝ’ဆိုတာလေ
ဗျာ၊ ငွေပေါတဲ့ လူတွေက မြင်းကောင်းစီးချင်ရင်
ကျုပ်အဘကိုပဲ မြင်းရှာခိုင်းကြတာဗျ၊အဘရှာပေး
တဲ့ မြင်းများ စီးရရင် လွှတ်ဂုဏ်ယူကြရတာကလား
ဗျ။ ကျုပ်မြင်းက ဘစိုးကိုယ်တိုင် ဝယ်ပေးတဲ့ မြင်း
ဗျ ဆိုပြီး ကြွားဝါပြောကြရတဲ့အထိပဲဗျို့”
ဘကြီးရော ကျုပ်ရော ခေါင်းလေးတွေညိတ်
ပြီး နားထောင်နေကြတာပေါ့ဗျာ၊ မျက်ခုံးဖြူအ
ဘိုးကြီးကလည်း ပြောရတာ အာတွေ့သွားပြီ
ထင်ပါရဲ့ဗျာ၊ အာကို ရွှင်နေတာဗျ။ ကျုပ်က
လည်း သူ့အကြမ်းပန်းကန်မှာ ကုန်သွားရင်
မြေကရားထဲက ရေနွေးကို ငှဲ့ထည့်ပေးထား
ရတာပေါ့ဗျာ။ ‘သစ်နင်းသစ်ကျိုး ကိုဘစိုး’ရဲ့
သား မျက်ခုံးဖြူ အဘိုးကြီးက သူ့ရဲ့အဖေကို
သတိရသြားပုံပဲဗ်။
“တစ်ရက်တော့ကျတော့ ကျုပ်အဘဆီကို ကျုပ်
တို့ရွာရဲ့ မြောက်ဘက် ဆယ်တိုင်လောက်ဝေးတဲ့
ခေါင်းပြတ်တောင်ခြေက ဆင်ကျုံးရွာသူဌေးသား
ကိုမင်းလွင် ဆိုတာ ရောက်လာတယ်ဗျ၊ ဒီတုန်း
က ကျုပ်က အသက်ဆယ်နှစ်သားလောက်ရှိ
သေးတာဗျ၊ အဘက အသက်သုံးဆယ်ကျော်
လောက်ပဲ ရှိဦးမယ်။ ကျုပ်တို့ဆီကို ရောက်လာ
တဲ့ သူဌေးသား ကိုမင်းလွင်က အသက်အစိတ်
လောက်ဗျ။သူက မြင်းကောင်းကောင်း လိုချင်လို့
တဲ့ဗျို့။ ဘယ်လောက်ပေးရ ပေးရ မြင်းကောင်းရ
ရင် တော်ပြီ အဘကိုယ်တိုင် လိုက်ဝယ်ပေးပါလို့
ပြောသဗျ။
‘ကျုပ် သတင်းတစ်ခုတော့ ရ,ထားတာ ရှိ
တယ်ကိုမင်းလွင်ရဲ့၊ ကျတ်ချောင်းဘက်မှာ
မြင်းကောင်းတစ်စီး ရှိတယ်ဆိုပဲ။ အရောင်
က အုန်းခွံရောင်တဲ့ဗျ၊ မြင်းက ဒေါက်လည်း
တော်တော်မြင့်တယ်ဆိုပဲ၊ဗွေကောင်းလည်း
တော်တော်ပါတယ်တဲ့၊ကျုပ်မိတ်ဆွေတစ်ဆင့်
ပြန်ပြောတာကို ကြားရတာကတော့ တော်
တော်ကို သဘောကျစရာပဲ ကိုမင်းလွင်ရဲ့’
‘ကိုဘစိုး ကြိုက်တဲ့မြင်းဆိုရင် ကျုပ်က ငြင်း
ဖို့ လိုဦးမှာလားဗျာ”
ကိုမင်းလွင်က အဖော်တစ်ယောက်နဲ့ လာတာ
ဗျ။ တစ်ယောက်ကို မြင်းတစ်ကောင်စီနဲ့ လာ
ကြတာဗျို့။ ကျုပ်အဘကလည်း သူ့ရဲ့လက်
စွဲတော် တိမ်ညို ဆိုတဲ့ မြင်းညိုကြီးကို စီးလို့
ပေါ့ဗျာ။ ကျတ်ချောင်းကို မြင်းဝယ်ဖို့ သွားကြ
ရောဗျ။
“ဆရာကြီး အဘက မြင်းစီးလည်း ကျွမ်းကျင်
တယ် မှတ်တယ်”
“ဟာ ကျွမ်းပေါ့ ကိုယ့်လူရာ၊ မြင်းပေါ်မှာ မတ်
တတ်ရပ်စီးတတ်တယ်၊မြင်းဘေးမှာလည်း တွယ်
ပြီးစီးတတ်တယ်ဗျ။တော်ရုံတန်ရုံ မြင်းကြမ်း မြင်း
ဆတ်များတော့ ကျုပ်အဘဆီကို တစ်ရက် နှစ်
ရက်လောက် ပို့ထားလိုက်ရင် ယဉ်သွားတော့
တာဗျို့ အင်း…အဲဒါနဲ့ စောစောကအကြောင်း
ဆက်ရဦးမယ်ဗျို့။အဘတို့ ကျတ်ချောင်းရောက်
တော့ မိုးချုပ်သွားပြီတဲ့ဗျ၊ အဘတို့လည်း မြင်း
သုံးစီနဲ့ ရွာထဲ ဝင်ကြတာပေါ့ဗျာ၊ ကျတ်ချောင်း
က ရွာကြီး အကြီးကြီးဆိုပဲ၊အိမ်ကြီးအိမ်ကောင်း
တွေမှ ပေါလိုက်တာတဲ့ဗျာ၊ ခေါင်နှစ်လုံးနဲ့ အိမ်
ကြီးတွေ၊ ဆင်ဝင်ကြီးတွေနဲ့ အိမ်တွေ၊ ပြီးတော့
ရွာလမ်းကလည်း ဖြူးနေတာတဲ့ဗျာ”
“နို့ နေပါဦး ဆရာကြီးရဲ့၊ ဆရာကြီးအဘက
ဒီကျတ်ချောင်းကို အရင်မရောက်ဘူးလို့လားဗျ”
ဘကြီးက ဝင်မေးတာဗျို့။ ဟုတ်တော့ ဟုတ်
သားဗျ။ ဦးဘစိုးလိုလူက မြင်းတစ်စီးနဲ့ သွား
လာနေရဲ့သားနဲ့ ကျတ်ချောင်းကို မရောက်
ဖူးသလို အံ့သြနေတယ်ဆိုတော့ ဘကြီးက
အံ့သြပြီး မေးလိုက်တာဗျ။
“အဘက ဒီကျတ်ချောင်းကို မရောက်တာ နှစ်
တော်တော်ကြာသွားပြီတဲ့ဗျ၊ အရင် သူရောက်
ဖူးတဲ့ ကျတ်ချောင်းက ဒီလို မဟုတ်ဘဲ အခုလို
တအားတိုးတက်သွားတော့ အဘက အံ့သြနေ
တာတဲ့ဗျို့။ ဒီရွာ စီးပွားရေး တော်တော်ကောင်း
သွားတာပဲ ဆိုပြီး မုဒိတာပွားမိသတဲ့ဗျာ။ ဒါနဲ့ပဲ
ရွာထဲမှာ သွားလာနေတဲ့ လူတွေကို မြင်း အ
ကြောင်း ထောက်လှမ်းရတာပေါ့ဗျာ၊ အရပ်ရှည်
ရှည် လက်ပြင်ကိုင်းကိုင်းနဲ့ လူတစ်ယောက်ကို
မြင်းကောင်း ရှိသလား၊ မြင်းဝယ်ချင်လို့ပါလို့
အဘက စုံစမ်းတော့ အဲဒီလူက…
‘ဟာ ရှိတာပေါ့ မိတ်ဆွေရာ၊ လာပါ၊ ကျုပ်
လိုက်ပို့ပေးပါ့မယ်”
ဆိုပြီး အဘတို့ကို ခေါ်သွားရောတဲ့ဗျ၊ တစ်ရွာ
လုံးလည်း အောက်လမ်းဓါတ်မီးတွေ ထွန်းထား
လိုက်တာ အိမ်စေ့ပါပဲတဲ့ဗျာ။ ဝိုင်းကြီး အကျယ်
ကြီး တစ်ခုထဲမှာ ဆောက်ထားတဲ့ ဆင်ဝင်နဲ့
အိမ်ကြီးတစ်လုံးဆီကို အဘတို့ မြင်းသုံးစီးကို
ခေါ်သွားရောတဲ့ဗျ
‘ ဟာ လာကြပါဗျာ၊ လာကြပါ၊ သစ်ကျိုး ဝါးကျိုး ကိုဘစိုးကြီးတို့ပါလား’
လို့ ဆီးကြိုပြီး နှုတ်ဆက်သတဲ့ဗျ၊ ဒီတော့
အဘက ဒီရွာမှာ ငါ့ကိုသိတဲ့သူ ရှိသားပဲဆိုပြီး
ဝမ်းသာသွားတာပေါ့ဗျာ၊ အိမ်ထဲဝင်ပြီး ထိုင်
ကြရောတဲ့ဗျို့။ အိမ်ထဲမှာတော့ အောက်လမ်း
ဓါတ်မီးကြီးထွန်းထားတာ ထိန်နေတာပဲတဲ့ဗျ။
အိမ်ထဲမှာ ထိုင်နေတဲ့ လူကြီးက အသက်ငါး
ဆယ်လောက်တဲ့၊ နှုတ်ခမ်းမွေးကားကားကြီး
နဲ့တဲ့ဗျို့။ လူကြီးက ဥပဓိရုပ်ကောင်းကောင်း
နဲ့ ခန့်ခန့်ညားညားကြီးဆိုပဲ။
‘သြော်…ကိုဘစိုး မြင်းကောင်း ဝယ်ချင်လို့
လိုက်ရှာတယ် မှတ်တယ်’
‘ဟုတ်ပါတယ် ဦးကြီး ၊ နို့ ဦးကြီးက ကျုပ်ကို
သိနေလို့ပါလား’
‘ သြော် …ကိုဘစိုးနှယ်၊ သစ်ကျိုး ဝါးကျိုး ကို
ဘစိုး ဆိုတာ မြင်းအကြောင်း ကောင်းကောင်း
နားလည်တယ်ဆိုပြီး လူတိုင်း သိနေတာပဲဟာ’
လို့ ပြောသတဲ့ဗျ။ ကျုပ်အဘကလည်း မြင်း
ဝယ်ဖို့ ဆရာတင်ထားတဲ့ ကိုမင်းလွင်တို့ရှေ့
မှာ ဒီလိုချီးမွမ်းခံရတော့ စိတ်ထဲမှာ ပီတီဖြစ်
သွားတယ်ဆိုပဲဗျ။
‘နို့ နေပါဦး ဦးကြီးရဲ့၊ ဦးကြီးဆီမှာ မြင်းကောင်း
ရှိတယ် ကြားလို့ လာခဲ့တာဗျ၊ မြင်းကောင်းရှိရင်
ကြည့်ပါရစေဗျာ’
လို့ ကျုပ်အဘက ယဉ်ယဉ်ကျေးကျေး ပြော
လိုက်တော့ …
‘ ဟာ ကြည့်ရမှာပေါ့ ကိုဘစိုးရယ်၊ ကြည့်ရ
ပါတယ်’
လို့ ပြောပြီး အိမ်ထဲကို လှည့်ကြည့်သတဲ့ဗျ၊
အိမ်ထဲမှာက သူ့ဇနီးရယ်၊ သူ့သမီးရယ်ပဲ
ရှိတာတဲ့ဗျ
‘ဟဲ့ သမီး စောရှင်၊ နင့်အစ်ကို သီဟ ခေါ်လိုက်
စမ်း၊ ဒီမှာ မြင်းဝယ်မယ့်သူ ရောက်နေတယ်၊မြင်း
ညိုကြီး ဆွဲလာခဲ့လို့ ပြောလိုက်’
‘ဟာ အဘ၊ အုန်းညိုကြီးကို ရောင်းတော့မလို့
လား၊ အစ်ကိုက အဲဒီမြင်းကို သိပ်သဘောကျ
တာ အဘရဲ့’
ကျုပ်အဘက မြင်းရောင်းမှာကို ဝင်ဖျက်နေတဲ့
စောရှင်ဆိုတဲ့ မိန်းမကို ခပ်ဆတ်ဆတ် လှမ်း
ကြည့်လိုက်သေးသတဲ့ဗျ။
‘စောရှင် သီဟကိုသာ သွားပြောလိုက်စမ်းပါ
အေ၊ စကားရှည်မနေစမ်းပါနဲ့၊ ကိုဘစိုးတို့
အချိန်မီပြန်ကြရမှာ’
‘အဖေ ဒီမှာ အုန်းညိုကို ဆွဲလာပြီ’
အိမ်ရှေ့ဝိုင်းထဲက အသံကြားလို့ အဘတို့က
လှည့်ကြည့်တော့ ဓါတ်မီးရောင်အောက်မှာ
မြင်းကြီးဆွဲလာတဲ့ လူငယ်တစ်ယောက်တဲ့ဗျ။
လုံချည်ကို ခါးတောင်းကျိုက်ထားပြီး ခေါင်းမှာ
ပဝါအစိမ်းကလေး ပေါင်းလို့တဲ့၊ တော်တော့်
ကို ချောမောခန့်ညားတဲ့ လူငယ်တစ်ယောက်
တဲ့ဗျို့။ သူဆွဲထားတဲ့ အုန်းခွံရောင် မြင်းညို
ကြီးကလည်း လှလိုက်တာ မပြောပါနဲ့တော့
ကိုယ့်လူရာ၊ ဒေါက်ကြီးမှ မြင့်လိုက်တာတဲ့။
ကျုပ်အဘက မြင်းကောင်းတွေ့ရင် ပြေး
ကြည့်တဲ့လူဆိုတော့ အိမ်ထဲက ချက်ချင်း
ပြေးထွက်ပြီး မြင်းကြည့်သတဲ့။ အို…ကြန်
အင်ကောင်းတွေ၊ ဗွေကောင်းတွေမှ စုံလို့
တဲ့ဗျာ။ ဘာပြောကောင်းမတုံး၊ အဘတို့က
သူတို့ တောင်းတဲ့စျေးကို တစ်ခွန်းမှ မဆစ်
ဘဲနဲ့ကို ဝယ်လိုက်တာတဲ့ဗျ၊ မြင်းဖိုးလည်း
ချေပြီးရော မြင်းပိုင်ရှင်လူကြီးက
ပြောတယ်တဲ့ဗျ
‘သစ်ကျိုး ဝါးကျိုး ကိုဘစိုးကြီး မှတ်ထားဗျာ၊
ကျုပ်နာမည်က ဦးဒီပတဲ့၊ ဟောဒါက ကျုပ်
သား သီဟ၊ ဟိုက ကျုပ်သမီး မစောရှင်၊
ဟိုဘက်ကဟာက ကျုပ်ဇနီး ဒေါ်မာလာတဲ့၊
နောက်လည်း ဒီရွာရောက်ရင် ကျုပ်တို့အိမ်
ကို ဝင်ပါ ထွက်ပါဗျာ၊ ဒီက ပြန်ရင် လမ်းခွဲ
နှစ်ခုကို ရောက်လိမ့်မယ်။ ဘယ်ဘက်လမ်း
ခွဲကနေ လိုက်သွားလိုက်၊ တူမောင်တို့နေ
တဲ့ရွာကို ခဏအတွင်း ရောက်ပါလိမ့်မယ်’
ကျုပ်အဘကလည်း သူ့အဖော်နှစ်ယောက်
နဲ့ မြင်းပိုတစ်ကောင်ဆွဲပြီး ရွာထဲက ထွက်
လာခဲ့ရောတဲ့ဗျို့။
‘ရွာကြီးက တော်တော်စည်မဲ့ပုံပဲဗျ ကိုဘစိုးရဲ့’
လို့ ကိုမင်းလွင်က ပြောသတဲ့။ ဒီတော့ ကျုပ်
အဘက…
‘လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဒီရွာကို ကျုပ်
တစ်ခေါက် ရောက်ဖူးတယ်၊ ဒီလောက် အိမ်
ကြီးအိမ်ကောင်း မများဘူးဗျ။ ဒီနောက်ပိုင်းမှာ
မှ စီးပွားဥစ္စာ ဖြစ်ထွန်းကြတယ် ထင်ပါရဲ့ဗျာ၊
တစ်ရွာလုံး အိမ်ကြီးအိမ်ကောင်းတွေချည်း
ဖြစ်ကုန်တာဗျ’
ဒီလိုနဲ့ အဘတို့ လမ်းနှစ်ခွကို ရောက်လာရော
တဲ့ဗျို့။ အဘက လမ်းခွံဆုံမှာ ဆင်းပြီးတော့
သူ့မြင်းက ကုန်းနှီးကို ဖြုတ်ယူပြီး မြင်းညိုကြီး
ကို ကုန်းတင်လိုက်တယ်။ အဘရဲ့မြင်းကြီး
တိမ်ညိုကို ကိုမင်းလွင်က သူ့မြင်းပေါ်ကနေ
ဆွဲလာခဲ့တယ်တဲ့ဗျ။ အဘက အုန်းညိုလို့ခေါ်
တဲ့ မြင်းကြီးကိုစီးရင်း မြင်းရှင် အဘိုးကြီးမှာ
တဲ့အတိုင်း ဘယ်ဘက်လမ်းခွဲကို လိုက်ခဲ့ရော
တဲ့ဗျို့။အုန်းညိုကြီးကိုလည်း အမျိုးမျိုးစီးကြည့်
လာသတဲ့ဗျ။နာရီဝက်လောက်ကြာတော့ အဘ
တို့လာတဲ့လမ်းက ဆုံးသွားပြီးရှေ့မှာ ရွာကြီး
တစ်ရွာကို သွားတွေ့တယ်ဆိုပဲ။
‘ဟာ ဒါ ကျုပ်တို့ရွာပဲဗျ ကိုမင်းလွင်ရဲ့’
‘ဟင် ဟုတ်သားပဲ၊ ကျုပ်တို့ သွားတုန်းက
တစ်နေ့ခင်းလုံး မြင်းစီးသွားခဲ့ကြရတာ၊ အ
ခု ဘယ်လိုဖြစ်တာပါလိမ့် ကိုဘစိုးရဲ့’
လို့ ကိုမင်းလွင်ကလည်း အံ့သြပြီး ပြောသတဲ့။
‘ဟား ဟား ဟား ဘယ်လိုပဲဖြစ်ဖြစ်ဗျာ၊ မြန်
မြန်ရောက်တော့လည်း ကောင်းတာပေါ့ဗျာ၊
ခင်ဗျားအတွက် မြင်းကောင်းကြီးတစ်စီးလည်း
ရလာခဲ့ပြီပဲ၊ ဟား ဟား ဟား ဟား’
လို့ ကျုပ်အဘက ဝမ်းသာအားရ ပြောသတဲ့
ဗျ။ ကိုမင်းလွင်ကလည်း သူ့ရဲ့ အုန်းခွံရောင်
အုန်းညို ဆိုတဲ့ မြင်းကြီးကိုပဲ တကြည့်ကြည့်
လုပ်နေတာတဲ့ဗျို့၊ အဲဒီညက ခရီးကလည်း
ပန်းလာ၊ ဗိုက်ကလည်း ဆာဆိုတော့ ထမင်း
တဝစားပြီး အိပ်ကြရောတဲ့ဗျ။ အမေနဲ့ ကျုပ်
လည်း တစ်နေ့လည်း ဆီပွတ်နေကြတာဆို
တော့ ပင်ပန်းပြီး အိပ်ကြတော့တာပေါ့ဗျာ။
မနက်ရောက်တော့ အစောဆုံး နိုးတာက ကို
မင်းလွင်ဗျ။ ဒီလူက နိုးတာနဲ့ မြင်းဇောင်းကို
သွားပြီး သူ့မြင်းကြီးကို ကြည့်တော့တာဗျို့။
‘ဟာ …ဘယ်လိုဟာတုံးဗျ၊ ကိုဘစိုး၊ ကိုဘစိုး
လာပါဦးဗျ’
အလန့်တကြား အော်လိုက်တဲ့ ကိုမင်းလွင်
အသံကြောင့် ကျုပ်အဘရော၊ ကိုမင်းလွင်နဲ့
အဖော်လိုက်လာတဲ့သူရော အိမ်နောက်ဘက်
က မြင်းဇောင်းကို အလန့်တကြား ပြေးကြရော
ဗျို့။ကျုပ်စိတ်ထဲမှာ တွေးလိုက်မိတာက ညက
မှ ဝယ်လာတဲ့ မြင်းကြီး ပိုးတွေ ဘာတွေများ
ထိသွားသလားလို့ပေါ့ဗျာ။
‘ဟာ …ဒါဘာဖြစ်တာတုံး၊ အုန်းညိုကြီးရော’
ကျုပ်အဘအသံဗျ၊ အဘ ဒီလောက်အလန့်
တကြားအော်တဲ့အသံမျိုး ကျုပ် တစ်ခါမှ မ
ကြားဖူးဘူးဗျ၊ ကျုပ် အိပ်ရာထဲက ပြေးထွက်
ပြီး မြင်းဇောင်းကို ရောက်တော့ …
‘ဟာ…ခေါင်းကြီးပါလား’
ကျုပ်အဘပါးစပ်က လွှတ်ကနဲ ထွက်သွားတာ
ဗျို့။ လူသေထည့်တဲ့ ခေါင်းတလားအဟောင်း
ကြီးဗျာ၊ မြေကြီးတွေတောင် ကပ်လို့ဗျ။ အဘ
တို့ သေသေချာချာကြည့်တော့ ညက အုန်းညို
ဆိုတဲ့ မြင်းကြီးလည်း မြင်းဇောင်းထဲမှာ မတွေ့
တော့ဘူးဗျ၊ အုန်းညိုကို ချည်ထားတဲ့ကြိုးက
ခေါင်းတလားကြီးမှာ ချည်လို့ဗျို့။
‘တောက်’
ကျုပ်အဘက တောက်တစ်ချက် ခေါက်တယ်
‘ဒါ ဘာဖြစ်တာတုံး ကိုဘစိုး’
‘ကျုပ်တို့ကို ပညာသည် ပြုစားလွှတ်လိုက်တာ
ဖြစ်မယ်ဗျ၊ လာဗျာ၊ ကျတ်ချောင်းကို အခုချက်
ချင်း ပြန်သွားမယ်၊ တွေ့လို့ကတော့ အသေကို
သတ်ပစ်မယ်၊ ဦးဒီပဆိုတဲ့ လူတော့ဗျာ’
အဘက မြင်းဇောင်းထဲက ခေါင်းတလားကြီးကို
ရွာထဲက လူတွေ မနိုးခင် ခပ်သုတ်သုတ် ထုတ်
သွားပြီး သင်္ချိုင်းထဲမှာ သွားပစ်လိုက်တယ်။ ပြီး
တာနဲ့ ညက သူတို့သွားခဲ့တဲ့ ကျတ်ချောင်းဆို
တဲ့ရွာကို ပြန်သွားကြရောဗျို့”
“ဟင် ဟိုရောက်တော့ တွေ့ရောလား ဘိုးရဲ့”
“ဘယ်တွေ့မှာတုံး မောင်တာတေရဲ့၊ ကျတ်
ချောင်းဆိုတဲ့ ရွာကိုရောက်တော့ သူတို့ညက
ရောက်တဲ့ရွာမှ မဟုတ်တာ။ အခု ဒီအကြော်
တဲကြီးရဲ့ နောက်ကျောက ရွာအတိုင်းပေါ့။
ကျတ်ချောင်းမှာ အိမ်ကြီးအိမ်ကောင်းဆိုတာ
သိပ်ရှိတာမှ မဟုတ်တာ။ ဒါနဲ့ အခြေအနေကို
နည်းနည်းလေ့လာကြည့်တော့ ကျတ်ချောင်း
သားတွေက ပြောကြသတဲ့”
‘ဟာ ခင်ဗျားတို့ ညကရောက်တာ ကျုပ်တို့ရွာ
မဟုတ်ဘူးဗျ၊ ကျတ်ရွာကြီးကို ရောက်သွားကြ
တာ၊ဒီအနားမှာ ကျတ်ရွာ ရှိတယ်လို့တော့ ကြား
ဖူးတယ်ဗျ။ ကျုပ်တို့တော့ မရောက်ဖူးဘူး၊ တစ်
လောကမှ ဆုံးသွားတဲ့ ဘိုးတောင်လုံး ဆိုတဲ့
အဘိုးကြီးကတော့ ရောက်သွားဖူးတယ်လို့
ပြောတယ်။ တစ်ရွာလုံး အိမ်ကြီးအိမ်ကောင်း
တွေချည်းပဲတဲ့၊ ဓါတ်မီးတွေမှ ထွန်းထားတာ
ထိန်နေတာပဲတဲ့ဗျ။ရွာထဲမှာ လူတွေစီးပြီးသွား
နေတဲ့ မြင်းကြီးတွေဆိုတာ မြင်းကောင်းကြီး
တွေချည်းပဲတဲ့ဗျ၊ အခု ခင်ဗျားတို့ ပြောတာနဲ့
တော့ ကိုက်နေတာပဲဗျာ’
‘ဘယ်က မြင်းကောင်းတွေ စီးရမှာတုံးဗျာ။
အဲဒါ လူသေထည့်တဲ့ ခေါင်းတွေကို သူတို့
အစွမ်းနဲ့ မြင်းလုပ်ပြီး စီးနေကြတာဗျို့’
လို့့ကျုပ်အဘက ပြောပြီး ရွာကို ပြန်ခဲ့ကြ
ရတာပေါ့ဗျာ။ ပြန်တဲ့လမ်းမှာ လမ်းနှစ်ခွဆုံ
တဲ့ နေရာလည်း လုံးဝမတွေ့တော့ဘူးတဲ့ဗျ”
“ဟာ ဒါဆိုရင် မြင်းလာဝယ်တဲ့လူတော့ ငွေ
တွေ ဆုံးသွားတာပေါ့ ဟုတ်လား အဘိုး”
“အေး …ဆုံးတာပေါ့ မောင်တာတေရယ်။ သူ
ကိုယ်တိုင် ပါလို့သာပေါ့၊ ပါသာမရင် ကျုပ်အ
ဘကို လိမ်တယ်လို့တောင် ထင်ချင်ထင်မှာကွ”
“ကဲ…အကြော်စားပြီးရင် ကားပေါ်တက်ကြ
တော့ဗျို့၊ ကားထွက်တော့မယ်”
ကားဆရာရဲ့ အော်သံနဲ့အတူ ‘ဗြီး ဗြီး’ဆိုတဲ့
အသံကြီး မြည်လာပြီး ဒေါဂျစ်ကားကြီး စက်
နိုးလာပါရောဗျာ။ ကျုပ်ရယ်၊ ဘကြီးရယ်၊မျက်
ခုံးဖြူအဘိုးကြီးရယ် ကားပေါ်ကို ခပ်သုတ်
သုတ် တက်လိုက်ကြတယ်။ ‘သစ်မလဲ’ဆိုတဲ့
ရွာကို ရောက်တော့ မျက်ခုံးဖြူ အဘိုးကြီးက
ကျုပ်တို့ကို နှုတ်ဆက်ပြီး ဆင်းသွားတယ်။
မိုးချုပ်စရောက်တော့ ဒေါဂျစ်ကားကြီး မန်ကျည်း
တန်းကို ရောက်ရောဗျို့။ ဘကြီးသူငယ်ချင်း အ
ဘိုးကြီးတွေက ဘကြီးကို တွေ့တော့ ဝမ်းသာ
လိုက်ကြတာဗျ။ အဲဒီညက ဘကြီးသူငယ်ချင်း
ဦးဘစောရဲ့အိမ်မှာ ကျုပ်တို့ အိပ်တယ်။ ဘကြီး
ပြောတဲ့ ဘိုးကျော်ပုနဲ့ ဘိုးကရင်ကြီးကလည်း
ဦးဘစောတို့အိမ်မှာ လာပြီးစကားပြောကြတာ
သန်းခေါင်ကျော်မှ ပြန်သွားကြတာဗျို့။
သူတို့ ငယ်သူငယ်ချင်းတွေ တော်တော်ခင်ကြ
တာပဲဗျ။ကျုပ်ဖြင့် သူတို့ငယ်ငယ်က အကြောင်း
တွေကို လွမ်းလွမ်းဆွေးဆွေး ပြန်ပြောနေကြ
တာကို ကြည့်ပြီး ပီတိတွေ ဖြစ်ရတာပေါ့ဗျာ။
နောက်နေ့မနက် ဝေလီဝေလင်းအချိန် အိပ်ရာ
က ထကြပြီး ဦးဘစောရဲ့ မိန်းမ အရီးသိန်းလှ
ချက်ထားတဲ့ ထမင်းပူပူလေးကို အမဲခြောက်
ဖုတ် ဆီဆမ်းနဲ့ တစ်ဝစားကြရတယ်ဗျ။
စားသောက်ပြီးတာနဲ့ မိုးမလင်းခင်ပဲ ဘိုးက
ရင်ကြီး စီစဉ်ပေးထားတဲ့ လှည်းနဲ့ ‘ကုန်းတန်း’
ကို စထွက်ခဲ့ကြတယ်။ကျုပ်တို့ကို လှည်းမောင်း
ပို့တာက ဘိုးကရင်ကြီးရဲ့သမက် ကိုမိုးခေါင်ဆို
တဲ့လူဗျ။ လူပုံက အရပ်ရှည်ရှည် ခါးကိုင်းကိုင်း
နဲ့ လှည်းမောင်းတာတော့ လွှတ်ကျွမ်းတဲ့လူဗျ။
နွားအကြောလည်း တော်တော်သိပုံရတယ်။
“ဟင်း နွားပြာကြီး အဖြောင့်ဆွဲလေ တောက်”
နွားတွေကို သိပ်ပြီးအော်တာ ငေါက်တာလည်း
မလုပ်ဘူးဗျ။ နှင်တံလေးဝေ့ကာ ဝေ့ကာနဲ့ပဲ
မောင်းတာ။သူ့နွားတွေကလည်း ဆွဲလိုက်တာ
မှ တန်းနေတာဗျို့။
“မိုးခေါင်ရေ…ရှေ့က ရွာက ဘာရွာတုံးကွ။
ငါလည်း မရောက်တာကြာလို့ မေ့နေပြီဟေ့”
“ဘထွေးကလည်း ဟိုမှာ ကညင်ပင်ကြီး
မြင်နေပြီကော”
” အေး ဟုတ်သားပဲ၊ ဒါ ‘ကညင်တပင်’မို့လား”
“ဟုတ်တယ်လေ ဘထွေးရဲ့”
“တာတေ မြင်လား ကညင်ပင်အမြင့်ကြီး၊ ရွာ
ပေါ်ကိုကျော်ပြီး မားမားကြီး ဖြစ်နေတာ”
“မြင်တယ် ဘကြီး”
“အေး အဲဒီကညင်ပင်ကြီးက အသက်ရာကျော်
နေပြီကွ၊ အပင်ခြေရင်းက ယောက်ျားကြီး ငါး
ယောက်ဖက်စာလောက် ရှိတယ်ကွ”
“ဟာ ဟုတ်လား၊ အကြီးကြီးပါလားဗျ”
“ဟုတ်တယ်ကွ တာတေရ၊ ဒီကညင်ပင်ကြီးက
အဓိကရ အပင်ကြီးကွ၊ သူတို့ရွာသားတွေ တစ်
နှစ်ကို တစ်ခါ၊ ရုက္ခစိုး ပ,သတဲ့ပွဲ အမြဲလုပ်ရ
တယ်၊ ကညင်တပင် ရုက္ခစိုးပွဲဆိုတာ အတော်
စည်တဲ့ပွဲကွ”
“ဟင် ဟုတ်လား၊ ရုက္ခစိုးကြီးကရော တကယ်
ရှိလို့လားဗျ၊ ကိုမိုးခေါင်ရဲ့”
“ဟာ ရှိတယ်ကွ တာတေရ၊ အဲဒီရွာမှာ ကညင်
ပင်က ရုက္ခစိုးကြီးကို မြင်ဖူးတဲ့သူတွေအများကြီး
ရှိတယ်။ ရုက္ခစိုးကြီးကလည်း သူတို့ရွာကို စောင့်
ရှောက်တယ်ကွ၊ မီးလောင်မှာ မိုးခေါင်မှာ ရေ
ကြီးမှာတွေကို အမြဲကြိုတင်ပြီး အိပ်မက်ပေး
တာတဲ့ကြ”
“သြော် ဒါဆိုတော့လည်း ပ,သထိုက်တာပေါ့ဗျာ”
ကိုမိုးခေါင်ကလည်း ဒီနယ်သားဆိုတော့ ဒီ
ဘက်က ရွာတွေအကြောင်း တော်တော်သိ
တာပေါ့ဗျာ။ တစ်လမ်းလုံး လှည်းမောင်းရင်း
နဲ့ ထူးခြားတာတွေ အကုန်ပြောသွားတာဗျ။
ကညင်တပင်ပြီးတော့ ‘ကြက်တူရွေးကုန်း’၊
ကြက်တူရွေးကုန်းပြီးတော့ ‘သဲချောင်း၊ သဲ
ချောင်းပြီးတော့ ‘တမာတန်း’၊ တမာတန်းပြီး
တော့ ‘ဘုရားပြို’။ ဘုရားပြိုကို ရောက်တော့
ရှေးဘုရားပျက်ကြီးတစ်ဆူတွေ့တယ်ဗျ။စေ
တီပျက်ကြီးလေ။ အခုတော့ အုတ်ပုံကြီးဖြစ်
နေပါပြီ။ ဒါပေမဲ့ ကျန်နေတဲ့ ပလ္လင်အနေအ
ထားကြည့်တာနဲ့ တော်တော်ကြီးတဲ့ စေတီ
ဆိုတာ မှန်းလို့ရတယ်ဗျ။
“ဒီစေတီကြီးက တော်တော်ကြီးတဲ့ပုံပဲ
ဘကြီးရ”
ကျုပ်က ဘကြီးကို ပြောတယ်။ ကိုမိုးခေါင်က
ကျုပ်ပြောလိုက်တော့ ညောင်ပင်ရော၊ တခြား
အပင်တွေရော ပေါက်နေတဲ့ စေတီပျက်ကြီး
ကို တစ်ချက်လှည့်ကြည့်ပြီး…
“အစက တစ်ရာ့ရှစ်တောင်စေတီကြီးလို့ ပြော
တယ်ကွ၊ တို့မိဘတွေ၊ ဘိုးဘွားတွေ ပြောတာ
ကတော့ ဒီဘုရားကြီးအောက်မှာ ဥစ္စာစောင့်
သိုက်ကြီး ရှိတယ်ဆိုပဲ၊ ဥစ္စာစောင့်မောင်နှမ
စောင့်တာတဲ့ကွ။ သူတို့က ဘုရင့်သားနဲ့ သမီး
လို့ ပြောတာပဲ၊ နှမလုပ်တဲ့သူက ရုပ်ရည်ချော
မောတဲ့ လူငယ်တစ်ယောက်နဲ့ ချစ်ကြိုက်ပြီး
အဲဒီလူငယ်ကို ဒီဥစ္စာစောင့်သိုက်ထဲအထိ ခေါ်
လာခဲ့လို့ အစ်ကိုလုပ်တဲ့သူက ဒေါသတကြီးနဲ့
ထအော်လိုက်တာ ဘုရားကြီးမှာ ချက်ချင်း
အက်ကြောင်းတွေထင်ပြီး ပြိုကျသွားရော
တဲ့ကွ။ လေလည်း မတိုက်၊ မိုးလည်းမရွာ၊
ငလျင်လည်း မလှုပ်ဘဲနဲ့ အလိုလို ပြိုကျသွား
တာလို့ တို့ဘိုးတွေ ပြောတယ်ကွ၊ အဲဒီကတည်း
ကအဲဒီသိုက်လည်း ပျောက်သွားတယ်ဆိုပဲ၊ ခါ
တိုင်းဆိုရင် ဥစ္စာစောင့်မလေးတွေ ထွက်ထွက်
လာတာ တွေ့ဖူးကြတယ်တဲ့။ ဘုရားကြီး ပြိုကျ
သွားတဲ့နောက် ဘာကိုမှ မတွေ့ရတော့ဘူးလို့
ပြောတယ်။ တချို့က ပြောတာတော့ အစ်ကို
လုပ်တဲ့ သူရဲ့ ဒေါသတကြီး အော်လိုက်တဲ့ အ
သံကြောင့် ဘုရားကြီး ပြိုကျသွားလို့ သူ့နှမရဲ့
ချစ်သူ လူငယ်ဟာ သေသွားသတဲ့။ ပြီးတော့
အစ်ကိုလုပ်တဲ့သူဟာ စိတ်ဆိုးလွန်းလို့ သိုက်
ကို ဒီနေရာမှာ မထားတော့ဘူးဆိုပြီး တခြား
ကို ချက်ချင်းပြောင်းသွားတယ်ဆိုပဲ”
“ဒီရွာကို အစက ဘာရွာခေါ်တုံး
“တို့ဘိုးတွေ ပြောတာတော့ အစက ‘စစ်ပင်
ကုန်း’လို့ ခေါ်တယ်တဲ့ကွ၊ ရွာဦးရွာဖျားမှာ စစ်
ပင်ကြီးတစ်ပင် ရှိတယ်ဆိုပဲ၊ နောက်တော့ ဒီ
ဘုရားပြိုကြီးကို အစွဲပြုပြီး’ဘုရားပြိုရွာ’လို့ပဲ
ခေါ်ကြတော့တာတဲ့ကွ”
ခြုံနွယ်ပိတ်ပေါင်းတွေ အုပ်ဆိုင်းနေတဲ့ ဘုရား
ပြိုကြီးကို ကျုပ်ငေးကြည့်လိုက်မိတယ်။ ဘုရား
ပြိုကို ကျော်လာတော့ နာရီပြန်တစ်ချက် တီး
ပြီဗျ။ နောက်ထပ် နာရီဝက်လောက်ကြာတော့
ကျုပ်တို့လှည်း ကုန်းတန်းကို ရောက်ရောဗျာ။
ကိုမိုးခေါင်ကလည်း ကုန်းတန်းက ဘိုးဘဂျမ်း
အိမ်ဝိုင်းကို သိနေတာဆိုတော့ လှည်းကို တန်း
မောင်းချတာဗျ။ ကုန်းတန်းက ရွာသိပ်ကြီးကြီး
တော့ မဟုတ်ဘူးဗျ။
“ကိုမိုးခေါင် ဒီရွာ သိပ်မကြီးဘူးနဲ့ တူတယ်ဗျ”
” အေးကွ တာတေရ၊ သိပ်မကြီးလှဘူး၊ အိမ်
ခြေ ငါးဆယ်ကျော် ခြောက်ဆယ်လောက်ပဲ
ရှိမယ်၊ ဒါပေမဲ့ ဒါက နောက်ရွာကွ၊ ပထမရာ
က ဟိုရှေ့ကို တော်တော်လေး သွားရသေး
တယ်၊ ‘ရွာဟောင်းကြီး’လို့ခေါ်တယ်၊ အဲဒါက
ပထမကုန်းတန်းပေါ့ကွာ၊ အဲဒီမှာ ဘုန်းကြီး
ကျောင်း တစ်ကျောင်းနဲ့ အိမ်ဆယ့်ငါးအိမ်
လောက် ရှိနေသေးတယ်”
“ဟင် ဟုတ်လား၊ ဘာဖြစ်လို့ ရွာပြောင်းရတာ
တုံးဗ်”
“အေး ဒီအကြောင်းတွေက ပြောရရင် အရှည်
သားကွ၊ မင်းကုန်းတန်းမှာ မေးကြည့်ရင် သိမှာ
ပါကွာ၊ သိချင်ရင် မေးကြည့်ခဲ့ပေါ့ တာတေရ”
ကိုမိုးခေါင်က ဒါပဲပြောတာဗျ။ လှည်းကလည်း
ဘိုးဘဂျမ်းရဲ့ ဝိုင်းထဲကို ဝင်ပြီလေဗျာ။
“ဘိုးဘဂျမ်း”
“ဟေ…ဘယ်သူတုံး”
“ကျုပ်ပါ၊ မန်ကျည်းတန်းက ဦးကရင်ရဲ့သ
မက် မိုးခေါင်ပါဗျ”
“ဟာ မိုးခေါင် လာလေကွာ”
အသံက အိမ်ကြီးရဲ့အပေါ်ထပ်က ထွက်လာ
တာဗျ။ လူတော့ မတွေ့ရသေးဘူး။
“ဘိုး ဒီမှာ ဧည့်သည်တွေကို လာပို့တာဗျ”
“ဟေ ဟုတ်လား၊ ဘယ်သူတွေများတုံး
မိုးခေါင်ရဲ့”
“ဘဂျမ်း ငါပါကွ၊ မင်းသူငယ်ချင်း စိန်မောင်
လေကွာ”
အပေါ်ထပ်က ပြတင်းပေါက်မှာ အဘိုးကြီးတစ်
ယောက်ပေါ်လာတယ်ဗျ။ ဟာ သျှောင်ထုံးလေး
နဲ့ဗျ။ သျောင်တစောင်းလေး ထုံးထားတာ။နှုတ်
ခမ်းမွေးကလည်း ဘေးကိုကားလို့။ ကျင်စွယ်လို့
ခေါ်တာပေါ့ဗျာ။တော်တော်ခန့်ညားတဲ့ အဘိုး
ကြီးဗျ။ အရပ်အမောင်းကလည်း ကောင်းတယ်။
မျက်နှာကလည်း ပြုံးရွှင်လို့ သူငယ်ချင်း လာ
တယ်ဆိုတော့ ဝမ်းသာနေလိုက်ပုံများဗျာ။
“ဟကောင် စိန်မောင် လာ၊ အိမ်ပေါ်တက်ခဲ့ကွ၊
ဟေ့ သွားကြစမ်း၊ ဧည့်သည်တွေဆီက သယ်
ကြလေ၊ ဟိုကောင်တွေ ပြောင်းရှည်တို့ မျက်
မှေးတို့ ဘယ်ရောက်ကုန်ကြတုံး”
အိမ်အောက်ထပ်က မိန်းမတစ်ယောက် ထွက်
လာတယ်ဗျ။
“တစ်ယောက်မှ မရှိကြဘူး အဘရေ၊ အဘ
မြေးတွေ ရွာတောင်ပိုင်းသွားပြီး ကစားကြလို့”
“တယ်ခက်တဲ့ကောင် နှစ်ကောင်ပဲ၊ အားနေရင် ရွာရိုးလျှောက်ဖို့ပဲ စိတ်ကူးနေတဲ့ကောင်တွေပါ
လား၊သိန်းတင်မရဲ့ ညည်းသားတွေလည်း ပြော
ထားဦးလေ”
“ဟုတ်ကဲ့ ဟုတ်ကဲ့၊ ကျုပ် ဆူလိုက်မယ်တော့”
“မိုးခေါင် မင်းနွားတွေ ဖြုတ်ပြီး တင်းကုတ်ထဲ
ပို့ အစာကျွေး ရေမိုးတိုက်ကွ”
“ဟုတ်ကဲ့ ဘိုး၊ ကျုပ် လှည်းဖြုတ်လိုက်ဦးမယ်”
“ပြီးရင် အပေါ်တက်ခဲ့ ကြားလား မိုးခေါင်”
“ဟုတ်ကဲ့ ဘိုး၊ ဟုတ်ကဲ့ ”
“သိန်းတင်မရေ …ပြီးရင် ထမင်းပွဲ တန်းပြင်
တော့ သမီးရေ၊ ငါ့သူငယ်ချင်း စိန်မောင်ကြီး
ဆာလာရောပေါ့၊ လာဟေ့ စိန်မောင် အပေါ်
ကို တန်းတက်ခဲ့ သူငယ်ချင်းရေ၊ ငါ့မှာ ဝမ်း
သာလိုက်တယ်တာကွာ”
ကျုပ်အဘနဲ့ အပေါ်ရောက်တော့ ဘိုးဂျမ်းကြီး
က ပြုံးပြုံးကြီးဗျ၊ ဘကြီးကို ကြည့်နေတာ။ အ
ရပ်ရှည်ရှည် ထွားထွားကျိုင်းကျိုင်းကြီးပါဗျာ။
သျှောင်တစောင်းကိုလည်း ဆီအရွှဲသားနဲ့ သပ်
သပ်ရပ်ရပ် ထုံးထားတာဗျ။
“ဘဂျမ်း မင်း ဒီသျှောင်ထုံးကြီးက ရှိနေတုန်းပါ
လားကွ၊ ငါက ထင်နေတာ ခုလောက်ရှိ မင်း
သျှောင်ကြီး ဆံပင်တွေကျွတ်လို့ ပြုတ်သွား
လောက်ပြီလို့ ”
ကျုပ်နဲ့ ဘကြီးက ဝါးကျေဖျာပေါ်မှာ ထိုင်လိုက်
ရင်း ဘကြီးက ဘိုးဘဂျမ်းကို စလိုက်တာဗျ။
“ဟ စိန်မောင်ရ၊ ငါက ဆံပင်လည်း မကျွတ်ဘူး၊
မျက်စိလည်း မမှုန်ဘူး၊ သွားတွေ ဘာတွေလည်း
မကျိုးဘူးကွ၊ ဘယ်လို ဖြစ်တယ်မသိဘူး”
“ဟာ ဘယ်လိုဖြစ်ရမှာတုံး ဘဂျမ်းရဲ့၊ မင်းအ
တိတ်က သီလကောင်းခဲ့လို့ပေါ့ကွ”
“အေး ဟုတ်မလားတော့ မပြောတတ်ပါဘူး
သူငယ်ချင်းရာ”
ကိုမိုးခေါင်လည်း အိမ်ပေါ်တက်လာတယ်။ဘိုး
ဘဂျမ်းသမီးက ကျုပ်တို့ကို ထမင်းဝိုင်း ပြင်ပြီး
ထမင်းကျွေးတယ်။
“အေး စိန်မောင်ရေ လွန်ခဲ့တဲ့ နှစ်နှစ်ကပဲ ငါ့
မိန်းမ မယ်ဆုံဆုံးသွားတယ်ကွ၊ ငါလည်း တစ်
ယောက်တည်း ဖြစ်နေတော့ ငါ့သမီး သိန်းတင်
မတို့ မိသားစုကို ပြန်ခေါ်ထားရတော့တာပေါ့
ကွာ၊ သိန်းတင်မယောက်ျား ငါ့သမက်ငစုံက
ရွာဟောင်းဘက်ကို သွားတယ်၊ အဲဒီက သူတို့
အဘိုးဆရာကြီးကို သွားပြီး ပဲတို့၊ ဆန်တို့၊ ဆီ
တို့ ပို့တယ်”
“နို့ အဘိုးဆရာကြီးဆိုတာ ဘယ်သူတုံးကွ။
ကလေးတွေကို စာသင်ပေးတဲ့ ဆရာလား”
“မဟုတ်ဘူးကွ၊ ငါတို့အဘတွေ အမေတွေ
လက်ထက်က ငါတို့ရွာ ကုန်းတန်းက အဲဒီ
ရွာဟောင်းကြီးနေရာမှာလေကွာ၊ ဒီတုန်းက
မဖဲဝါ ဝင်ပြီးမွှေလို့ ငါတို့ရွာ ပျက်ပါရောလား၊
ဒီတုန်းက အဘိုးဆရာက ငယ်ငယ်ရှိသေး
တာပေါ့ကွာ၊ ဘယ်က ဘယ်လို ရောက်လာ
တယ် မသိပါဘူးကွာ၊ သူရောက်လာပြီး လုပ်
ကိုင်ပေးလို့ တို့တစ်ရွာလုံး မဖဲဝါဘေးက
လွတ်ခဲ့တာဟေ့”
ကိုမိုးခေါင်က ထမင်းစားရင်း ကျုပ်ပေါင်ကို
လက်နဲ့ ကုတ်တယ်။
“မေးလေ၊ တာတေ၊ ရွာဟောင်းကြီးအကြောင်း
ကို မင်းသိချင်တယ်ဆို”
“ဘာတုံးဟ မိုးခေါင်ရဲ့”
ဘိုးဘဂျမ်းက ကိုမိုးခေါင် ပြောတာကို ကြား
သွားပုံရတယ်ဗျ။
“ဘိုး ဒီကလေးက ကျုပ် လမ်းမှာ ရွာဟောင်းကြီး
အကြောင်း ပြောပြတော့ တော်တော်စိတ်ဝင်စား
သွားလို့ သိချင်ရင် ဘိုးကို မေးလို့ပြောတာ”
“နေပါဦး ဒီကလေးက မိုးခေါင်သားလား”
“မဟုတ်ပါဘူးကွ စိန်မောင်ရဲ့၊ ဒါ ငါ့တူကွ၊ ငါ့
ညီမ ငွေစိန်က မွေးတာ၊ နာမည်က တာတေတဲ့”
ဘကြီးက ဒီတော့မှ ကျုပ်ကို မိတ်ဆက်ပေးတာဗျို့။
“သြော် တာတေက အဘိုးဆရာကြီးကို စိတ်ဝင်
စားလို့လား”
“မဟုတ်ဘူး ဘိုးရဲ့၊ ရွာဟောင်းကြီးမှာ ဖြစ်ခဲ့တဲ့
ဟာတွေကို ကျုပ်က သိချင်တာပါ”
ကျုပ်က ဘိုးဘဂျမ်းကြီးကို ပြောပြလိုက်တာဗျ၊
ဘိုးဘဂျမ်းကြီးက ကျုပ်ကို ပြုံးပြီးလှမ်းကြည့်
တယ်ဗျို့။
” ဒါဆိုရင် တာတေ မပြန်ခင် ရွာဟောင်းကြီးက
အဘိုးဆရာဆီကို ပို့ပေးရမှာပေါ့ကွာ၊ ဘိုးသမက်
ငစုံကို ဘိုး ပို့ခိုင်းပေးပါ့မယ်၊ ဒီမှာ နေကြဦးမို့လား”
“အေး ရောက်တုန်း သုံးလေးရက်တော့ နေဦး
မယ်ကွာ မင်းရော ငါရော အသက်တွေ ကြီးလာ
ကြတော့ နောက်ဆို တွေ့ချင်မှလည်း တွေ့ကြ
တော့မှာ”
“ငါက မင်းတို့ကို ကိုးရက်၊ ဆယ်ရက်လောက်
နေစေ့ချင်တာကွ၊ စိန်မောင်ရဲ့”
“ဟာ အဲဒီလောက်တော့ နေလို့မရဘူး ဘ
ဂျမ်းရဲ့၊ ဒီကလေးက ကျောင်းသားကွ၊ ငါ့ဆီ
မှာ ကျောင်းလာနေတာ၊ သူကျောင်းတက်ဖို့က
ရှိသေးတယ်လေကွာ”
နောက်တစ်နေ့ မနက်စောစောထပြီး ကိုမိုးခေါင်
ပြန်သွားတယ်။သုံးရက်မြောက်နေ့မှာ ကိုစုံ လိုက်
ပို့လို့ ရွာဟောင်းကြီးကို ကျုပ်ရောက်တယ်။ ကို
စုံက လွှတ်သဘောကောင်းတဲ့လူဗျ။ သူ့လှည်း
နဲ့ ကျုပ်ကို လိုက်ပို့ပေးတာ။
“တာတေ အဘိုးဆရာကြီးက အသက်ရာကျော်
နေပြီကွ၊ ဒါပေမဲ့ မင်းတွေ့ရင် အသက်ခြောက်
ဆယ်လောက်ပဲ ထင်ရလိမ့်မယ်၊ ပယောဂတော့
လွှတ်နိုင်တဲ့ ဆရာကြီးကွ၊ အခုထိ ဟိုလူ သည်
ရွာကို ကြွပြီး ဆေးကုပေးနေတုန်းကွ။ ကုန်းတန်း
ကလူတွေ အသက်ကိုလည်း သူပဲ ကယ်ထားတာ
။ သူသာ မကယ်ရင် ရွာလုံးကျွတ်သွားနိုင်တယ်
ကွ၊ ဒါတွေကို ငါတို့မှီတာတော့ မဟုတ်ဘူးပေါ့
ကွာ။ ရှေ့ကလူတွေ ပြောခဲ့လို့ သိရတာကွ”
ကျုပ်တို့ ရွာဟောင်းကြီးရောက်တော့ ဝင်ပေါက်
ရဲ့ဘေးက ခြုံနွယ်တွေကြားမှာ သစ်သားပြားကြီး
တစ်ချပ်ကို ကျုပ် လှမ်းမြင်လိုက်တယ်။ သစ်သား
တိုင်တစ်လုံးမှာ ကပ်ပြီး ရိုက်ထားတဲ့ သစ်သားပြား
ကြီးဗျ။ ကျုပ်စိတ်ထင်တော့ ကျွန်းပြားကြီးလို့ ထင်
တယ်။တော်တော်ကို ဟောင်းနွမ်းနေတဲ့ သစ်သား
တိုင်ကြီးနဲ့ သစ်သားပြားကြီးဗျ။ ကျုပ်ကို ကိုစုံက
လှည်းရပ်ပေးတယ်။ ကျုပ်က လှည်းပေါ်က ခုန်
ချလိုက်ပြီးတော့ ခြုံနွယ်တွေကို ဖယ်ပြီး ကြည့်
လိုက်တယ်။ သစ်သားပြားပေါ်မှာ စာလုံးတွေ
ထွင်းထားတာဗျို့။
မဖဲဝါ မဝင်ရ
ဆိုတဲ့ စာတန်းကို ကျုပ် ဖတ်လိုက်မိတော့ တော်
တော်ကိုအံ့သြသွားတာ။ ဟောင်းနွမ်းပြီး ဆွေးနေ
တဲ့ သစ်သားပြားပေါ်က သစ်ထွင်းစာလုံးတွေကို
ကျုပ်လက်နဲ့ ပွတ်ကြည့်လိုက်တယ်။
“အဲဒီအမိန့်စာတန်းကို အဘိုးဆရာကြီး စိုက်ထား
တာတဲ့ကွ၊ ရိုးရိုးမဟုတ်ဘူး၊ အဘိုးဆရာကြီးရဲ့ပ
ညာတွေနဲ့ စီရင်ထားတာကွ၊ အဲဒီလို စီရင်လိုက်
တော့မှ မဖဲဝါလည်း ငြိမ်သွားတာဆိုပဲ”
“ဟင် ဟုတ်လားဗျ၊ ကိုစုံရဲ့”
ကျုပ်တို့ရွာထဲကို ဝင်ခဲ့ကြတယ်။ ဟာ ရွာကြီးမှ
ဗျာ နဲနဲနောနောမှ မဟုတ်တာ။ ဒါပေမဲ့ သစ်ပင်
တွေပေါက်ပြီး တောအုပ်ကြီးလို ဖြစ်နေပြီပေါ့ဗျာ။
အိမ်တွေက ဟိုနားတစ်လုံး၊ ဒီနားတစ်လုံးဗျ။အား
လုံးပေါင်း ဆယ့်ငါးအိမ်ပဲ ရှိတယ်လို့ ပြောတယ်။
ရွာရဲ့ဟိုဘက်ထိပ်မှာ ဘုန်းကြီးကျောင်းနဲ့ စေတီ
လေးတစ်ဆူကို ခပ်ပြပြလေး လှမ်းမြင်နေရတယ်
“ကိုစုံ ဒီအိမ်တွေက ဘာဖြစ်လို့ ရွာပြောင်းတဲ့
အထဲမှာ ပါမသွားတာတုံးဗျ”
ကျုပ်မေးတော့ ကိုစုံက လှည်းမောင်းရင်း ပြန်
ဖြေတယ်ဗျ။
“သူတို့က အိမ်ကြီးအိမ်ကောင်းတွေလေကွာ၊
ပြီးတော့ မဖဲဝါကလည်း အဘိုးဆရာကြီးကြောင့်
ငြိမ်သွားပြီဆိုတော့ သူတို့အိမ်တွေကို မဖျက်ကြ
တော့ဘူးပေါ့။ ပြီးတော့ သူတို့ယာတွေက ဒီမှာ
အများကြီး ရှိတာဆိုတော့ ဒီမှာပဲ ဆက်နေကြ
တာပေါ့ကွာ။ ဘုန်းကြီးကျောင်းက သံဃာတွေ
ကိုရော၊ အဘိုးဆရာကြီးကိုရော ဆွမ်းချိုင့် တစ်
လှည့်စီ ပို့ပေးကြတယ်။အဘိုးဆရာကြီးကလည်း
ကျောင်းဝင်းထဲမှာပဲ အိမ်ကလေးဆောက်ပြီး နေ
တာကွ။ ဒါလည်း ဒီလူတွေနဲ့ ကုန်းတန်းရွာသစ်
က လူတွေပဲ အားလုံးဆောက်ပေးထားတာ၊
အုတ်တိုက်ကလေးကွ”
ကျုပ်တို့ ကျောင်းဝင်းထဲကို ဝင်လာပြီး ဆရာ
တော်ကို ဖူးကြတယ်။ပြီးတော့ အဘဆရာကြီး
ရဲ့အိမ်ကို ကျုပ်နဲ့ ကိုစုံနဲ့ လာခဲ့ကြတယ်ဗျ။
“ဟဲ့ ငစုံ ဟိုနေ့ကတင် မင်း တစ်ခါလာပြီး
ပါပေကာ”
သျှောင်တစောင်းထုံးပြီး နောက်မှီကုလားထိုင်
ကြီးတစ်လုံးမှာ ထိုင်နေတဲ့ အဘိုးဆရာကြီးကို
ကျုပ် တွေ့လိုက်ရပြီပေါ့ဗျာ။ လူက ခပ်သေး
သေးဗျ။သိပ်ထွားထွားကျိုင်းကျိုင်း မဟုတ်ဘူး။
အသားတွေက ဖြူပြီး သန့်နေတာဗျို့။အထူး
ခြားကတော့ အဘိုးဆရာကြီးရဲ့ မျက်လုံးတွေ
ပဲဗျ။ ကြည်လင်ပြီး အရောင်တောက်နေတာ။
မျက်နှာက ကြည်လင်သလောက် စိတ်ထား
ကလည်း ကြည်လင်မယ့်ပုံပဲဗျ။ ကျုပ်လည်း
စိတ်ထဲမှာ ကြည်ညိုလာတာနဲ့ အဘိုးဆရာ
ကြီး ရှေ့မှာ ရိုရိုသေသေ ထိုင်ပြီး ဦးချလိုက်
တယ်။ ကိုစုံလည်း ဦးချတယ်။
“ဒီကလေးက ဘယ်ကတုံး ငစုံရဲ့”
“မြို့ကပါ အဘိုး၊ သူ့ဘကြီးက ကျုပ်ရဲ့ယောက္ခမ
နဲ့ ငယ်သူငယ်ချင်းတွေဗျ။အခု ရွာကို လာလည်
ကြတာ၊ ဒီကလေးနာမည်ကမောင်တာတေပါ အ
ဘိုး၊ သူက ဒီသူကြီး ရွာသစ်တည်ပြီး ပြောင်းသွား
ရတဲ့အကြောင်းကို တော်တော်လေး စိတ်ဝင်စား
နေလို့ ကျုပ်က အဘိုးဆီကို ခေါ်လာပေးတာပါ
အဘိုး”
အဘိုးဆရာကြီးက ပြုံးပြီး ကျုပ်ကို ကြည့်တယ်။
ကိုစုံပြောသလိုပဲဗျ၊အလွန်ဆုံးရှိမှ အသက်ခြောက်
ဆယ်ပဲ။ ကိုစုံက ပြောတော့ အဘိုးဆရာကြီးရဲ့
အသက်က ရာကျော်ပြီဆိုတော့ ကျုပ်မှာ ယုံရ
တောင် ခက်နေတယ်။
“မောင်တာတေက စနေသား ထင်တယ်”
အဘိုးဆရာကြီးက ကျုပ်ကို မေးတယ်။
“မောင်တာတေ၊ မဖဲဝါကြီးကို မြင်ဖူးတယ်
ထင်တယ်”
ကျုပ် တော်တော်ကို အံ့သြသွားတာဗျ။ ကျုပ်
လည်း အဘိုးဆရာကြီးကို မလိမ်ဝံ့ဘူးဗျ။
“သုံးခါ မြင်ဖူးပါတယ် အဘိုး၊ တစ်ခါက ကျုပ်
သူငယ်ချင်းဘချစ်ရဲ့ ဟားတိုက်တမ်း ဆော့
ကြတော့ လူကို အောက်ပြန်ချလို့ မရဘူးဖြစ်
နေလို့ ဘချစ်က မဖဲဝါကို ပင့်လိုက်တာ တွေ့
လိုက်ရဖူးပါတယ်၊ နောက်တစ်ခါကတော့ မြို့
က သင်္ချိုင်းပြောင်းတော့ စစ်ဗိုလ်တွေက မဖဲ
ဝါကိုပင့်ပြီး သင်္ချိုင်းရွေးခိုင်းကြတာပါ အဘိုး၊
ဒီတုန်းက မဖဲဝါကြီးကို သေသေချာချာ မြင်ရ
တာပါ။ ဘချစ်ရဲ့ဆေးစောင့်ကြီးက ကျုပ်ကို
အမြင်ဖွင့်ပေးလို့ မြင်ရတာပါ အဘိုး၊နောက်
တစ်ခါကတော့ ဘချစ်တို့ရွာ ဘုရားပွဲကို လိုက်
သွားတော့ ခေါင်းကြီးတစ်လုံးထမ်းပြီး ချောင်း
ကို ခွကျော်လာတဲ့ မဖဲဝါကို တစ်ခါမြင်ဖူးတယ်။
ဒါလည်း ဘချစ်ရဲ့ ဆေးစောင့်က အမြင်ဖွင့်
ပေးလို့ပါ အဘိုး”
“မြင်တော့ ဘယ့်နှယ်နေတုံး မောင်တာတေ”
“ဟာ အရပ်အရှည်ကြီး အဘိုးရဲ့၊ ကြောက်စ
ရာကြီးဗျာ”
“ဟား ဟား ဟား ဟား မကြောက်ပါနဲ့ မောင်
တာတေ၊ အဲဒီမဖဲဝါကြီးနဲ့ မင်းနဲ့ဟာ တစ်နေ့
ကျရင် တော်တော်ကို ခင်ခင်မင်မင် ဖြစ်ကြ
လိမ့်မယ်ကွဲ့”
“ဗျာ…ဟုတ်လား အဘိုး”
“မဖဲဝါက သရဲကြီးတွေဆိုးရင် လက်ဝါးကြီးနဲ့
ရိုက်တာကိုတော့ သင်္ချိုင်းရွှေ့တုန်းက ကျုပ်
မြင်ခဲ့ဖူးတယ် အဘိုးရဲ့၊ လူတွေကိုရော သူ့
လက်ဝါးကြီးနဲ့ ရိုက်လို့လားဗျ”
အဘိုးဆရာကြီးက သူ့ခေါင်းက သျှောင်တစောင်း
လေး လှုပ်သွားအောင် ခေါင်းညိတ်လိုက်တယ်ဗျ။
“အခုတော့ မဖဲဝါ မဆိုးတော့ပါဘူးကွယ်၊ ကာ
မဇိဒ္ဓိတွေကလည်း မြင့်သွားပြီလေ၊ ဟိုတုန်းက
တော့ တကယ့်အရိုင်းအစိုင်းကြီးကွဲ့ မောင်တာ
တေရဲ့၊ ဒီရွာကို ကျုပ်ရောက်လာတော့ ရွာထဲ
မှာ လူတော်တော်ကုန်နေပြီ။ ကျုပ်သာအ
ရောက်နောက်ကျရင် တစ်ရွာလုံးတောင်ကုန်
သွားလောက်တယ်ကွဲ့ မောင်တာတေရဲ့”
“ဟာ ဘယ်လိုများ ဖြစ်တာတုံး အဘိုးရယ်”
“အင်း မောင်တာတေက တကယ်သိချင် မြင်
ချင်လို့လားကွဲ့”
“ဟုတ်ကဲ့ပါ အဘိုး၊ ကျုပ် ကြားချင်ပါတယ်ဗျာ”
ကျုပ်ဆိုတဲ့ကောင်က ငယ်ငယ်ကလေးတည်း
က လွှတ်စပ်စုတဲ့ကောင်မို့လား။ ဒါမျိုး ကြားရ
မယ်ဆိုရင် ဘယ်ငြင်းလိမ့်မတုံးဗျာ။
“ဟာ မောင်တာတေ၊ ဒီအကြောင်းတွေကို
ကျုပ်က ထိုင်ပြီး ပြောပြမှ မဟုတ်ဘူးကွဲ့၊
ကျုပ်မှာရှိတဲ့ ဖြစ်တော်ပေါင်း အင်းချထား
တဲ့ အင်းလက်ကိုင်ပုဝါကို မောင်တာတေရဲ့
မျက်လုံးမှာ စည်းပေးလိုက်မှာကွဲ့၊ မောင်
တာတေ ကိုယ်တိုင် အတိတ်အချိန်တစ်ခု
က ဖြစ်ခဲ့တဲ့ အဲဒီအဖြစ်အပျက်ထဲမှာ ကိုယ်
တိုင်ပါဝင်ပြီး ကိုယ်တိုင်ခံစား မြင်တွေ့နေရ
မှာကွဲ့၊ ကြောက်တတ်လို့ကတော့ မဖြစ်ဘူး”
အဘိုးဆရာကြီးက ကျုပ်က မကြောက်
တတ်မှန်းသိတဲ့နေပုံပဲဗျ။
“ကျုပ် မကြောက်ပါဘူး အဘိုး”
“ဟာ ဒါဆို ဟန်ကျပြီပေါ့ကွယ်”
အဘိုးဆရာကြီးကို မကြောက်ဘူးလို့သာ
ပြောလိုက်တာဗျ။ တကယ်တော့ ကျုပ်လည်း
ကြောက်တတ်တာပါပဲ။ ဒါပေမဲ့ ကျုပ်က လွှတ်
စပ်စုတဲ့ကောင်ဆိုတော့ ကြောက်တာကိုမေ့ပြီး
စပ်စုနေတဲ့ကောင်ပါဗျာ။ အဘိုးဆရာကြီးက
သူ့ဘုရားစင်မှာ ထားတဲ့ ဆေးလွယ်အိတ်ထဲ
က အင်းလက်ကိုင်ပုဝါကို ထပြီးယူတယ်။ ပြီး
တော့ ဘုရားစင်မှာ ဖယောင်းတိုင်မီးထွန်း
တယ်။အဘိုးဆရာကြီးက အသက်တစ်ရာ
ကျော်သာ ဆိုတယ်၊ လုပ်တာ ကိုင်တာက
သွက်လက်ပေါ့ပါးနေတာဗျ။
“ကျုပ်က ဒီနေ့အထိ မြင်းဖြူကြီးတစ်ကောင်
စီးပြီး ဒီနယ်တစ်ကျောမှာ ဆေးလိုက်ကုနေ
တုန်းပါကွဲ့ မောင်တာတေရဲ့ ငစုံတို့ မပြော
ပြဘူးလား”
ကျုပ်တွေးလိုက်တာကို အဘိုးဆရာကြီးက
သိသြားပုံပဲဗ်။
“ဟုတ်ကဲ့၊ ကိုစုံက လမ်းမှာ ပြောပြပါတယ်
အဘိုး”
“အေး အေး”
“ဟုတ်တယ်ကွ တာတေရ၊ အဘိုး ဆေးကု
ထွက်တဲ့ ‘ဘော်ဖြူ’ဆိုတဲ့ မြင်းကြီးက လွှတ်
လှတာကွ၊ ရွာဟောင်းကြီးထဲမှာနေတဲ့ ကို
ကြီးမောင်စံတို့ အိမ်ဝိုင်းထဲမှာ ထားတာကွ။
ကဲ…မောင်တာတေ၊ အတိတ်ကာလကို
သွားကြည့်ဖို့ အဆင်သင့်ဖြစ်ပြီလားကွဲ့”
“ဟုတ်ကဲ့ အဘိုး၊ အဆင်သင့်ဖြစ်ပါပြီ”
“ကဲ ဒါဆိုရင်လာ၊ ဘုရားစင်ရှေ့မှာထိုင်၊ ဘုရား
ကို ရှိခိုး၊ပြီးတော့ ဟောဒီကုတင်ပေါ်မှာထိုင်၊ ဒါ
မျိုးက လူတိုင်းကိုတော့ လုပ်ပေးလို့ မရဘူးကွဲ့၊
မောင်တာတေလို ပညာဆက်ပါလာတဲ့သူမျိုးမှ
ရတာ”
ကျုပ်က အဘိုးဆရာကြီး ခိုင်းတဲ့အတိုင်း ဘုရား
စင်ရှေ့မှာ ထိုင်ပြီး ဘုရားကို ရှိခိုးလိုက်တယ်။
ပြီးတော့ ကုတင်ပေါ်မှာ ထိုင်လိုက်တယ်။ ဒီကု
တင်က အဘိုးဆရာကြီး အိပ်တဲ့ကုတင်ဟုတ်
ပုံမပေါ်ဘူးဗျ။လူနာတွေ ဘာတွေလာရင် ဆေး
ကုတဲ့ ကုတင်ပဲ ဖြစ်မယ်။ အဘိုးဆရာကြီးက
ကျုပ်မျက်လုံးတွေပေါ်မှာ ရှည်ရှည်လေးခေါက်
ထားတဲ့ ဖြစ်တော်ပေါင်း အင်းလက်ကိုင်ပုဝါ
အဖြူလေးကို စည်းပေးလိုက်တယ်။
“အစကြိုးကြာ ဆယ့်ခြောက်ခါတည့်၊ ဟင်္သာ
ကိုးဖြစ်၊ ခြောက်ဖြစ်ကားခို၊ ကျေးညိုသုံးခါ၊
သံသာကျူးဟိတ်၊ ကရဝိတ်ငါး၊ လေးကား
ကိန္နရီ၊ စာမရီဆယ့်ငါး၊ မျောက်ကား တစ်
ဆယ်၊ ဆင်ဝယ် ဆယ့်တစ်……”
အဘိုးဆရာကြီးက ကျုပ်က ခေါင်းအုံးပေါ်မှာ
လှဲအိပ်ခိုင်းပြီးဖြစ်တော်ပေါင်းဂါထာနဲ့ အင်းဟိန်း
လိုက်တယ်။အဘိုးဆရာကြီးရဲ့အသံဟာ ကြည်
လင်ပြီး သြဇာသံ အပြည့်ပါတယ်ဆိုတာ ကျုပ်
သိနေတယ်။ အဘိုးဆရာကြီးက အင်းဟိန်းဂါ
ထာကို ပြန်ပြန်ပြီး ကျော့ရွတ်နေတယ်။ ကျုပ်
စိတ်တွေ ဝေဝါးလာပြီ။ဟာ အိပ်ချင်လိုက်တာ
ဗျာ။ကျုပ်မျက်ခွံတွေ အလေးကြီး ဖြစ်လာတယ်။
အလေးကြီးဗျ။ တော်တော်ကို လေးတာ။နောက်
တော့ ကျုပ်……
“ဟဲ့ကောင်မ ဒူးတုပ်စမ်း၊ ငါ့ရှေ့မှာ”
ကျုပ် ဆတ်ကနဲတောင် တုန်သွားတယ်ဗျာ။
ကြားလိုက်ရတဲ့ အသံကြီးက တော်တော်ကို
ကြောက်စရာကောင်းတာဗျို့။ အိမ်ဝိုင်းကြီးမှ
အကျယ်ကြီးဗျာ။ သရက်ပင်တွေ၊ မန်ကျည်း
ပင်တွေကလည်း ဝိုင်းကြီးထဲမှာ အုပ်ဆိုင်းပြီး
မှိုင်းနေတာဗျို့။ နှုတ်ခမ်းမွေးကားကားကြီးနဲ့
သျှောင်တစောင်းထုံးထားတဲ့ လူကြီးက ပုဆိုး
ကြီးတိုတို ဝတ်ထားသဗျ။ သူ့ပခုံးမှာလည်း
ဆေးလွယ်အိတ်တစ်လုံးလည်း လွယ်ထား
တယ်။ သူ့နောက်မှာ သူ့တပည့်နှစ်ယောက်
ရပ်လို့ဗျ။ သူတို့လဲ နှုတ်ခမ်းမွေးနဲ့ သျှောင်ထုံး
တွေနဲ့ပဲဗျ။ ဆေးလွယ်အိတ် ကိုယ်စီလွယ်ထား
ကြတယ်။ စောစောက ကြောက်စရာအသံကြီး
နဲ့ အမိန့်ပေးလိုက်တဲ့ လူကြီးရဲ့ မျက်နှာပေါ်မှာ
ကန့်လန့်ဖြတ် အမာရွတ်ကြီးတစ်ခုက ဒီလူကြီး
ကို ပိုပြီး ကြောက်စရာကောင်းနေတာဗျ။ ဒီလူ
ကြီးက လက်ထဲမှာ ဆေးနီသုတ်ထားတဲ့ ကြိမ်
လုံးကြီးတစ်လုံးလည်းကိုင်ထားတယ်။
“မြေမှာလျှိုး၊ မိုးမှာပျံ၊ တိမ်ယံကိုဖောက်၊ တိမ်
အောက်မှာ စက်ဖွဲ့၊ ငါ့ဟဲ့ ယောက်ျား၊ ဆရာ
ထွားတဲ့၊ ငါ့စကားနားထောင်၊ ငါခိုင်းတာလုပ်၊
ငါကျွေးတာစား ကြားသလားဟဲ့၊ မဖဲဝါ”
ဒီတော့မှ ကျုပ်သေသေချာချာ ကြည့်လိုက်တယ်
ဗျ။အောင်မယ်လေး ကျုပ်တကယ်ကို လန့်ပြီအော်
လိုက်တာဗျို့၊ ဒါပေမဲ့ ထူးတော့ထူးဆန်းသားဗျ။
ကျုပ်အသံကို ဘယ်သူမှကြားပုံမပေါ်ဘူးဗျာ။ ဝိုင်း
ထဲက အိမ်မဲကြီးရှေ့မှာ ထိုင်နေတဲ့ လူတွေ တစ်
ရာလောက် ရှိတယ်ဗျ။ ဒီရွာထဲမှာ လူမှ ကျန်သေး
ရဲ့လား မသိပါဘူးဗျာ။ ဝိုင်းကြည့်နေကြတာဗျို့။ဆ
ရာထွားဆိုတဲ့ ဆရာကြီးနဲ့ တပည့်နှစ်ယောက်ကို ဝိုင်းကြည့်နေကြတာဗျ။ အားလုံးငြိမ်နေလိုက်ကြ
တာ။ အပ်ကျရင်တောင် ကြားရမယ်အတိုင်းပဲဗျာ
“မဖဲဝါ၊ ငါဆရာ မောင်ထွား အမိန့်ထားမယ်၊
သေချာမှတ်ထားကာ လိုက်နာပေတော့ ”
ဟာ မဖဲဝါကြီးမှ မဖဲဝါကြီးအစစ်ပဲဗျာ။ ကျုပ်ကို
ဘချစ်အမြင်ဖွင့်ပေးလို့ သင်္ချိုင်းပြောင်းတဲ့ညမှာ
မြင်ခဲ့ဖူးတဲ့ပုံအတိုင်းပဲဗျာ။ ဟာ အရပ်ကြီးက
ဆယ်ပေလောက်ရှိတယ်။ ဆံပင်ဖားလျားကြီး
ချလို့ဗျာ။ မျက်လုံးကြီးနှစ်လုံးက ရေနွေးကြမ်း
ပန်းကန်လောက်ကြီးတွေမှ နီရဲနေတာဗျို့။အ
ချိန်က ညကိုးနာရီလောက် ရှိမယ်။ ဝိုင်းထဲမှာ
ကညင်ဆီမီးတိုင်တွေ စိုက်ထားတော့လင်းထိန်
နေတာဗျ။မဖဲဝါက ထဘီအနက်၊ အင်္ကျီအနက်
ကြီး ဝတ်ထားတာဗျို့။ဆရာထွားနဲ့ မလှမ်းမကမ်း
မှာ ကြုံ့ကြုံ့ကလေး ဝင်ထိုင်လိုက်တယ်။
ကြည့်နေတဲ့ လူတွေကတော့ မဖဲဝါကို ဘယ်
မြင်မှာတုံးဗျာ။ဆရာထွားရဲ့ တပည့်နှစ်ယောက်
လည်း မြင်ပုံမပေါ်ဘူးဗျ။ ဆရာထွားကတော့
သေသေချာချာကို မြင်နေတယ်ဆိုတာ ကျုပ်
သိတယ်ဗျ။ ကြည့်နေတဲ့လူတွေကတော့ ဆ
ရာထွားကိုပဲ ကြည့်နေကြတာပေါ့ဗျာ။
“မောင်ထွန်းနဲ့ ငရွှေ ထမင်းဟင်းတွေ သွားယူကြ”
ဆရာထွားရဲ့ တပည့်နှစ်ယောက်က သူတို့နောက်
မှာ အသင့်ချထားတဲ့ ထမင်းထုပ်ကို ယူပြီး မြေကြီး
ပေါ်မှာပဲ ဖြည်ချလိုက်တယ်။သူတို့ ထမင်းထုပ်ခင်း
တဲ့ နေရာက မဖဲဝါရှေ့တည့်တည့် မဟုတ်ဘဲ ဘေး
ဘက်ရောက်နေတယ်ဗျ။
“ဟဲ့ကောင်နှစ်ကောင် ဟောဒီမှာ လာချစမ်း”
ဆရာထွားက ပြောလိုက်ပြီး သူ့လက်ထဲက အ
နီရောင်ဆေးကြိမ်လုံးနဲ့ ထမင်းထုပ်ခင်းရမယ့်
နေရာကို ထောက်ပြတယ်။ မဖဲဝါရဲ့ ရှေ့တည့်
တည့်ဗျ။ သူ့တပည့်နှစ်ယောက်က ဆရာထွား
ပြတဲ့နေရာကို ထမင်းထုပ် ခင်းလိုက်တယ်။
“မဖဲဝါ ကျုပ်ကျွေးတာ စားပါ”
ဆရာထွားရဲ့ အမိန့်ပေးသံကြီး ဟိန်းထွက်လာ
တယ်။ ဟာ စားပြီဗျို့။ မဖဲဝါကြီး စားပြီး။ ဆရာ
ထွားရဲ့ တပည့်တစ်ယောက်ကို ဆရာထွားက
ရေခွက်တစ်လုံးနဲ့ ရေအပြည့်ခပ်ခိုင်းပြီး မဖဲဝါ
ရှေ့မှာ ချထားခိုင်းလိုက်တယ်။
“ဟာ ဟိုမှာ၊ ဟိုမှာ၊ ထမင်းတွေရော၊ ဟင်း
တွေရော၊ လျော့လျော့သွားပြီဟေ့၊ကြည့်စမ်း၊
ကြည့်စမ်း”
“အေး ဟုတ်တယ်ဟေ့၊ ဟာ ဒါဆိုရင် မဖဲဝါ
တကယ်ရောက်နေတာပေါ့ဟ၊ ဆရာထွားက
တော်တော်ကို စွမ်းတာပါလား”
လူတွေ တိုးတိုး တိုးတိုး ကြိတ်ကြိတ် ကြိတ်
ကြိတ်နဲ့ ဆရာထွားကို ချီးမွမ်းနေကြတာဗျို့။
“ဟဲ့ ကောင်မတွေ တိတ်တိတ်နေကြစမ်း၊
ဘာမသိ ညာမသိတွေ ရမ်းပြောမနေနဲ့၊ မ
ဖဲဝါဆိုတာ သရဲမဟဲ့၊ ဟိုက ဆရာ၊ မြေလျှိုး
မိုးပျံနိုင်တဲ့ ဆရာဟဲ့၊ စောစောက ဆရာထွား
ပြောသွားတာ နင်တို့ မကြားဘူးလား”
ဟာ ကုန်သွားပြီဗျို့၊ ထမင်းရော၊ ဟင်းရောကုန်
သွားပြီဗျို့။ မဖဲဝါက ရေခွက်ကို ယူသောက်
လိုက်တယ်။
“ဟာ ခွက်ထဲက ရေတွေလည်း လျော့သွားပြီဟေ့”
မဖဲဝါက မျက်လုံးနီနီကြီးနဲ့ လူတွေကို တစ်ချက်
လှည့်ကြည့်တယ်။ လူတွေကတော့ မဖဲဝါ သူတို့
ကို စိမ်းစိမ်းကြီး ကြည့်နေတာကို မသိကြဘူးပေါ့
ဗျာ။ ဆရာထွားက သူတပည့်နှစ်ယောက်ကို တိုး
တိုး၊ တိုးတိုးနဲ့ ပြောလိုက်တယ်။ ဟိုလူတွေ အိမ်
ကြီးထဲကို ဝင်သွားပြီဗျ။
ဟာ ဘာကြီးဘယ်လာတာတုံးဗျ။ ဆရာထွားရဲ့
တပည့်နှစ်ယောက်နဲ့ လူငါးယောက်လောက်
မ,ပြီးယူလာတာဗျ။
ဟာ ဟိုလူတွေ သယ်လာတာအလောင်းကြီးပါ
လား။ဆရာထွားက မဖဲဝါရဲ့ရှေ့မှာ အလောင်းကို ချထားခိုင်းလိုက်တယ်ဗျို့။ ဆရာထွားက သူ့လက်
ထဲက ဆေးကြမ်လုံးနဲ့ အလောင်းမှာ လွှမ်းထားတဲ့
အညာစောင်လေးကို ထိုးကော်လိုက်တယ်။
ဟာ မိန်းမတစ်ယောက်ပါလား။ အပျိုအရွယ်ဗျ။
အများဆုံးရှိမှ အသက်ဆယ့်ခြောက်နှစ်၊ ဆယ့်
ခုနှစ်နှစ်လောက်ပဲ ရှိဦးမှာ။ တော်တော်ကို ချော
တဲ့ မိန်းမဗျာ။ သေတာနဲ့တောင် မတူဘူး၊ အိပ်
ပျော်နေသလိုပဲဗျ။ ဆရာထွားက သေနေတဲ့မိန်း
ကလေးရဲ့ မိဘနှစ်ယောက်ကို ခေါ်လိုက်တယ်။
မိဘနှစ်ယောက် အနားကို ရောက်လာတော့
ဆရာထွားက ပြောသဗျ။
“ခင်ဗျားတို့သမီးကို ကျုပ် အခုပဲ အသက်ပြန်
သွင်းပေးတော့မှာနော်၊ စောစောက ခင်ဗျားတို့
ကျုပ်ကို ပေးထားတဲ့ ကတိတော့ တည်ကြမယ်
မို့လား။ ခင်ဗျားတို့သမီး အသက်ပြန်ရှင်လာရင်
ကျုပ်နဲ့ လက်ထပ်ပေးစားမယ် ဆိုတာလေ”
“ဟုတ်၊ ဟုတ်ပါတယ် ဆရာ၊ သမီးလေး အ
သက်ပြန်ရှင်လာရင် တော်ပါပြီဗျာ၊ ကျုပ်တို့
သမီးကို ဆရာနဲ့ ပေးစားပါ့မယ်”
သြော် လက်စသတ်တော့ ဒီလိုကိုးလို့ ကျုပ်က သဘောပေါက်သွားတယ်ဗျ။ ကျုပ်လိုပဲ မဖဲဝါ
လည်းသဘောပေါက်သွားပုံပဲဗျ။ သူ့ခေါင်းကြီး
ကို တညိတ်ညိတ်လုပ်နေတယ်ဗျို့။
“ကဲ ကောင်းပြီ၊ ခင်ဗျားတို့ သွားတော့ ရပြီ”
ဆရာထွားက မဖဲဝါဘက်ကို လှည့်ပြီး ကြည့်
တယ်။လက်ထဲက ဆေးကြိမ်လုံးကိုလည်း
လေထဲမှာ ဝှေ့လိုက်တယ်။
“မဖဲဝါ ဒီသူငယ်မ သေတာ နာရီပိုင်းပဲ ရှိသေး
တယ်၊ သူ့ဝိညာဉ်ဟာ အဝေးကြီးကို မရောက်
နိုင်သေးဘူး၊ ဒါကို နင်လည်း သိတယ်၊ ငါလည်း
သိတယ်၊နင် အခု ချက်ချင်း အဲဒီဝိညာဉ်ကိုတွေ့
အောင် လိုက်ရှာပါ၊ ချက်ချင်းခေါ်လာပြီး သူ့ခန္ဓာ
ကိုယ်ထဲကို ပြန်သွင်းပေးရမယ်၊ တိမ်ညွန့်စားတဲ့
ငါဆရာငထွားရဲ့ အမိန့် အခုချက်ချင်းနာခံစေ၊
ငါ့အမိန့်ကို မနာခံရင် ဘာဖြစ်မယ်ဆိုတာ နင်
တွေးသာ ကြည့်ပေတော့ ”
ဟာ ပျောက်သွားပြီဗျို့။ မဖဲဝါကြီး ဗြုန်းကနဲ
ပျောက်သွားပြီဗျာ။
“ဟား ဟား ဟား ဟား ဟား”
ဆရာထွားက သူ့ခေါင်းကြီးကို အပေါ်မော့ပြီး
အားရပါးရ အော်ရယ်နေပြီဗျို့။ ကြည့်နေတဲ့
လူတွေဆိုတာ ပါးစပ်တွေတောင် ဟပြီး ကြက်
သေ သေနေတာဗျို့။ ကျုပ်စိတ်ထင် ငါးမိနစ်
လောက်ပဲ ရှိမယ်ထင်တယ်။ မိန်းကလေးချော
ချောလေးရဲ့ အလောင်းက ဆတ်ကနဲ တွန့်
သွားတယ်။ ဆရာထွားက မျက်နှာကြီးပြုံးပြီး
ငုံ့ကြည့်နေတယ် ။ ဟော မိန်းကလေးက
လက်တွေ လှုပ်လာပြီ။ ဆရာထွားရဲ့ မျက်နှာ
ကြီးမှာ ရမ္မက်တွေ လျှံပြီး မျက်နှာတစ်ခုလုံး
အဆီတွေ ပြန်နေပြီဗျို့။
“ဟား ဟား ဟား ဟား ဟား”
ဆရာထွား မျက်နှာကြီးကို ကောင်းကင်မော့ကြည့်
ပြီး ရယ်နေပြီဗျို့။ ထလာပြီ၊ ထလာပြီ။ မိန်းမချော
ရဲ့အလောင်းက အသက်ပြန်ဝင်ပြီး ထလာပြီ။
“ဟာ မယ်ရီ ပြန်ရှင်လာပြီတော့၊ အောင်မယ်
လေး စွမ်းလိုက်တဲ့ ဆရာထွားဟယ်၊ မယ်ရီ
တော့ ဒီလိုဆရာမျိုးရဲ့ ဆရာကတော်ဖြစ်ရ
တော့မှာ ကံကောင်းလိုက်တာဟယ်”
ရွာသူတွေရဲ့ တအံ့တသြ ချီးမွမ်းစကားတွေဆိုရ
ုံပဲ ရှိသေးတာဗျ။ ဆရာထွားက ရမ္မက်တွေလျှံနေ
တဲ့ မျက်လုံးတွေနဲ့ မတ်တတ်ထရပ်နေတဲ့ မိန်းမ
ချော မယ်ရီရဲ့အနားကို တိုးကပ်လာပြီး မယ်ရီရဲ့
လက်ကလေးကို လှမ်းကိုင်လာတယ်။
“အီး ဟီး ဟီး ဟီး ဟီး”
ဟာ မယ်ရီပါးစပ်က ထွက်လာတဲ့ အော်သံကြီး
ဗျာ။ တစ်ရွာလုံးကို လွှမ်းသွားရောဗျာ။ ဟာ မယ်
ရီက လွှားကနဲ ခုန်လိုက်ပြီး ဆရာထွားရဲ့ သျှောင်
ထုံးကို ဆတ်ကနဲ ဆွဲလိုက်ပြီး ခေါင်းစိုက်သွားတဲ့
ဆရာထွားရဲ့ ကျောကုန်းကြီးကို မယ်ရီက လက်
ဝါးနဲ့ ရိုက်လိုက်တာဗျို့။
“ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း”
ဟာ မရပ်မနားကို ရိုက်တာဗျို့။
“ဝေါ့ အား အောင်မယ်လေးဗျ”
ဟာ ဆရာထွား ဒူးထောက်လျက်ကြီးကျပြီး
သွေးတွေ ထိုးအန်လိုက်တာဗျာ၊ မြေကြီးပေါ်
မှာ သွေးအိုင်ကြီးကို ဖြစ်သွားတာဗျ။ ဆရာ
ထွားက မျက်လုံးကြီး လန်တက်သွားပြီး
မယ်ရီ့ကို လက်ညှိုးနဲ့ ထိုးထားတယ်။
“ဟား ဟား ဟား ငါ မယ်ရီ မဟုတ်ဘူးဟေ့၊
စည်းကျိုးစည်းပေါက် အောက်လမ်းဆရာ
ငထှားရ၊ ငါ မဖဲဝါဟဲ့၊ မဖဲဝါ၊ ဟား ဟား ဟား
ဟား ”
ဟာ သွားပြီဗျို့။ ဆရာထွား သွားပြီ။ မြေကြီး
ပေါ်ကို ဟပ်ထိုးကြီး ကျသွားပြီဗျို့။
“ဟာ ဆရာ၊ ဆရာ”
ဆိုပြီး ဆရာထွားရဲ့ တပည့်နှစ်ယောက် သူတို့
ဆရာဆီကို ပြေးလာကြတယ်။ ဟာ မြန်လိုက်
တဲ့ မဖဲဝါဗျာ။ မယ်ရီ့ကိုယ်ထဲကို ဝင်နေတဲ့ မ
ဖဲဝါက ဆရာထွားရဲ့ တပည့်နှစ်ယောက်ကျော
ကုန်းပေါ်ကို သူ့လက်ဝါးကြီးနဲ့ တစ်လှည့်စီ
ရိုက်ချလိုက်ရောဗျို့။
“ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း…”
ဘယ်နှချက်ရိုက်လိုက်မှန်းတောင် မသိတော့
ဘူးဗျာ။
“ဝေါ့ ဝေါ့ ”
ဆရာထွားရဲ့တပည့် မောင်ထွန်းရော ငရွှေ
ဆိုတဲ့လူရော သွေးတွေ’ဝေါ’ကနဲ ထိုးအန်ပြီး
ဟပ်ထိုးကြီးတွေ ကျသွားကြရောဗျို့။
“ဟာ အောင်မယ်လေး လုပ်ကြပါဦးဟ”
“ပြေးကြဟေ့၊ ပြေးကြ၊ ဒါ မယ်ရီ မဟုတ်ဘူး။
မဖဲဝါကြီးတဲ့ ဟဲ့”
လူတွေ ဝရုန်းသုန်းကားနဲ့ ဝိုင်းထဲက ထွက်ပြေး
ကြပြီဗျို့။
“ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း”
ဟာ သွားပြီဗျာ၊ ထွက်ပြေးတဲ့လူတွေကို မဖဲဝါ
လိုက်ရိုက်တာ၊ အရိုက်ခံရတဲ့လူတိုင်း မြေကြီး
ပေါ်မှာ ဆန့်ငင် ဆန့်ငင် ဖြစ်ပြီး ငြိမ်သွားကြ
တာဗျို့။ ဝိုင်းထဲက လွတ်ထွက်သွားတဲ့လူတွေ
နောက်ကို မဖဲဝါ ပြေးလိုက်ပြီး ရိုက်တယ်။
“ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း”
တစ်ရွာလုံး အော်သံဟစ်သံ၊ ပြေးသံ၊ ငိုသံ၊
ညည်းညူတဲ့အသံတွေနဲ့ ကမ္ဘာကြီးပျက်နေ
သလိုပါပဲဗျာ။ဘယ်လောက်တောင် ကြာသွား
တယ်တော့ မသိတော့ဘူးဗျ။ ကျုပ် ရွာထဲက
လမ်းတွေပေါ်မှာ လျှောက်ကြည့်တော့ ရွာလမ်း
ပေါ်မှာ အိမ်ဝိုင်းတွေထဲမှာ လဲကျပြီး သေနေ
ကြတာ ဘယ်နှယောက်မှန်းကို မသိပါဘူးဗျာ။
ကျုပ် တစ်သက်မှာ ဒီလောက်များတဲ့ လူသေအ
လောင်းတွေကို တစ်ခါမှ မြင်ခဲ့ဖူးတာမှ မဟုတ်
တာဗျာ။ကျုပ် ဒူးတွေ တဆတ်ဆတ်တုန်အောင် ကိုကြောက်တော့တာဗျ။ ဟာ ဟိုမှာ မယ်ရီဗျို့။
မယ်ရီ၊ လူသေတွေကို ကျော်ခွပြီး သွားနေတာ၊
ဆံပင်ဖားလျားကြီး ချလို့ဗျ။ တကယ်တော့
ဒါ မဖဲဝါကြီးပေါ့ဗျာ။
“ဟေ့ ရပ်လိုက်စမ်း”
အသံကြီးတစ်သံဗျ။ ဒါပေမဲ့ ကြည်လင်ပြီး သြ
ဇာဓါတ်အပြည့်ကိန်းနေတဲ့ အသံပါဗျာ။ ကျုပ်
ရှေ့ကို လှမ်းကြည့်လိုက်တယ်။ မြင်းဖြူကြီး
တစ်ကောင်ကို စီးပြီး ရွာထဲကို ဝင်လာတဲ့လူ
ဗျာ။ မြင်းပေါ်က လူကို ကျုပ် သေသေချာချာ
ကြည့်လိုက်တော့ …
“ဟာ အဘိုးဆရာကြီးပါလား”
ကျုပ်ရဲ့ ကြောက်နေတဲ့စိတ်တွေ ချက်ချင်း
ပျောက်သွားတယ်။ ဒူးတွေလည်း မတုန်
တော့ဘူးဗျ။
“မဖဲဝါ ကြားသိစေရမည်၊ အထက်ဆရာကြီး
တွေရဲ့ အမိန့်၊ ငါ ဆရာ အဖေရှင်ရဲ့အမိန့် ”
ဟော မဖဲဝါ ချက်ချင်း ဒူးထောက်ချလိုက်တယ်။
“နောက်နောင်မှာ ဒီလိုအလုပ်မျိုး လုံးဝမလုပ်
ရ၊ လူတွေနေတဲ့ မြို့တွေအတွင်းကို လုံးဝမ
ဝင်ရ၊ သင်္ချိုင်းထဲမှာသာ သင်နေထိုင်ရမည်။
သင်္ချိုင်းမှန်သမျှ သင် အပိုင်စားရာ ဖြစ်ရမည်၊
အထက်ပုဂ္ဂိုလ်တို့ရဲ့အမိန့်ကို ဖီဆန်ခဲ့ပါက
သင့်ကို ကျောက်တလားနဲ့ ထည့်ပြီး မဟာ
သမုဒ္ဒရာအလယ်မှာ မြှုပ်နှံပစ်မယ်”
“ဘုန်း”
ဟာ အဘိုးဆရာကြီး အဖေရှင်ရဲ့ အမိန့်ပြန်တမ်း
လည်း ဆုံးရော မယ်ရီရဲ့ အလောင်းကောင်ကြီး
လည်း ဘုန်းကနဲ လဲကျသွားရောဗျို့။ မဖဲဝါကြီး
ပြန်ထွက်သွားပါပြီပေါ့ဗျာ။
“လူလေး မောင်တာတေ မောင်တာတေ”
“ဗျာ အဘိုး”
“လူလေး နိုးပြီလား၊ ခေါင်းထဲမှာ ကြည်ကြည်
လင်လင်ရှိရဲ့လား”
“ဟုတ်ကဲ့ ရှိပါတယ် အဘိုး”
“အေး အေး ဒါဆိုရင် ထတော့ကွဲ့”
ကျုပ် မျက်လုံးကို စည်းထားတဲ့ လက်ကိုင်
ပုဝါကို အဘိုးဆရာကြီးက ဖြုတ်ပေးလိုက်
တယ်။ ကျုပ်အိပ်နေရာက ထထိုင်ပြီး အဘိုး
ကို သေသေချာချာ ငေးကြည့်နေမိတယ်။
“မောင်တာတေ သိချင်တာတွေ သိရပြီမို့
လား၊ အေး အဲဒီ နောက်တော့ ရွာထဲက
ကျန်တဲ့လူတွေက အခု လူလေး လာလည်
တဲ့ ကုန်းတန်းရွာနေရာမှာ ရွာသစ်တည်ပြီး
ပြောင်းသွားကြတာပေါ့ကွယ်။ မဖဲဝါလည်း
အခုတော့ အဲဒီတုန်းကလို မဆိုးတော့ပါဘူး”
ကုန်းတန်းကနေ ဘကြီးနဲ့ ကျုပ် ပြန်လာ
ခဲ့ကြတာ ကြာခဲ့ပါပြီ။ ဒါပေမဲ့ အဘိုးဆရာ
ကြီး အင်းလက်ကိုင်ပုဝါစည်းပြီး ကျုပ်ကို
ပို့ခဲ့တဲ့ အတိတ်ကာလကြီးက အဖြစ် အ
ပျက်တွေကိုတော့ ဒီကနေ့အထိ မျက်စိ
ထဲမှာ မြင်နေတုန်းပါပဲဗျာ။
#တာတေ
[ပြီးပါပြီ]
စာဖတ်ပရိတ်သတ်များ အားလုံးစိတ်ရွှင်လန်းပါစေခင်ဗျာ။
ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့ အားပေးသွားပါအုံးဗျာ။