မဖဲဝါမွေးတဲ့သား

မဖဲဝါ မွေးတဲ့သား(စ/ဆုံး)

————————————–

တပို့တွဲဆိုတာ ကျုပ်တို့အညာမှာ အေးတုန်းဗျ။

တပို့တွဲ ပေါက်လဲရယ်က ငုံစီစီ’ဆိုတဲ့အတိုင်းပေါက်ဖူးတဲ့ ရာသီပေါ့ဗျာ။

 

‘နှာရည်ယိုရွှဲ တပို့တွဲ’ဆိုတဲ့အတိုင်း အပူတစ်ဝက် အအေးတစ်ဝက်

ဆိုတော့ နှာရည်ကလည်း တရွှဲရွှဲဗျ။

 

နှမ်းမနဲလို့ခေါ်တဲ့ ထမနဲပွဲကလည်း ရွာတိုင်း

ရွာတိုင်းမှာ တပျော်တပါး နွှဲကြလို့ဗျို့။

 

တာတေတို့ ထနောင်းကုန်းမှာတော့

သူကြီးဝိုင်းထဲမှာ ထိုးတဲ့ ထမနဲပွဲက အကြီးဆုံးပေါ့ဗျာ။

 

ဒယ်မှ ငါးဆယ် ခြောက်ဆယ် ထိုးရတာဗျ။

ကျုပ်တို့တစ်ရွာလုံးမှာရှိတဲ့ ကာလသားတွေ

တစ်ယောက်မကျန် ခါးတောင်းကျိုက်ပြီးချွေးတလုံးလုံးနဲ့

ထိုးရတဲ့ပွဲပေါ့ဗျာ။

 

အခုလည်း တာတေ သူကြီးဝိုင်းထဲက ထမနဲပွဲမှာဗျ။

 

“ကဲ တာတေတို့အဆိုင်း ခဏနားကြဦး လာ ဘိုးထင်ဒို့

အတွဲ တစ်လှည့်ဝင်ဦး”

 

ကျုပ်တို့အတွဲက တစ်ဒယ်ကျသွားတော့ ခဏနားရသဗျ

နောက်တစ်ဒယ်ကို နောက်တစ်တွဲ ဝင်ရတယ်။

 

နားတဲ့လူတွေက မန်ကျည်းပင်ကြီးတွေအောက်မှာ

ခင်းထားတဲ့ ဖျာကြမ်းပေါ်မှာ ရေနွေးကြမ်းဝိုင်းဝင်ပြီး

လက်ဖက်စား ရေနွေးသောက် ဆေးလိပ်သောက်ပေါ့ဗျ။

အဲဒီမှာ စကားဝိုင်းကလည်း ကောင်းသားဗျ။

 

ရွာထဲက လူကြီးပိုင်းကလည်း ရေနွေးကြမ်းဝိုင်းမှာ

ခန့်ခန့်ကြီးတွေထိုင်ပြီး ညွှန်ကြားလို့ပေါ့ဗျာ။

 

လူငယ်တွေကလည်း လုပ်ရင်းကိုင်ရင်း မသိတာရှိရင်

လူကြီးတွေကို မေးကြရတာဗျ။ ဒီလိုနဲ့ တောဓလေ့

ယဉ်ကျေးမှုတွေကို လက်ဆင့်ကမ်းကြရတာပေါ့ဗျာ။

 

မီးတောက် မီးလျှံ မီးပျံ မီးညွှန့်တွေကြားမှာ ထမနဲ

ဖျင်တဲ့လူကဖျင် ထိုးတဲ့လူကထိုးနဲ့ ကြည့်လို့တောင်

ကောင်းသေးရောဗျာ။

 

လူကြီးတွေ စကားဝိုင်းကလည်းအကြောင်းပေါင်းစုံဗျ။

 

“ဘိုးအောင်ဖေ အရင်တစ်ခါပြောပြတဲ့ တောထဲက

ကလေးငိုသံ ကြားတဲ့အကြောင်းက တော်တော်ကို

စိတ်ဝင်စားဖို့ ကောင်းတာဗျ”

 

တောင်ပိုင်းက ကိုကြီးတင်မောင်က ပြောလိုက်တာဗျ။

 

“ဟေ ဘယ်လိုကွ တင်မောင်ရဲ့ တောထဲမှာ ကလေးငိုသံ

ကြားတယ် ဟုတ်စ ဘယ်တောတုံး”

 

“ဘိုးအောင်ဖေ ပြောပြတာဗျ။ အရှေ့ဘက်တောထဲမှာတဲ့

သိချင်ရင် ဘိုးအောင်ဖေကို မေးကြည့်လေဗျာ။ကျုပ်က

လုံးစေ့ ပတ်စေ့ ဘယ်ပြောတတ်တော့မှာတုံး”

 

“ဘိုး ပြောပြပါဦးဗျ ။ ဘယ်တောမှာ ကလေးငိုသံ

ကြားတာတုံး”

 

အနောက်ပိုင်းက ကိုကြီးထွန်းခင်က ကိုကြီးတင်မောင်ကို

မေးလို့မရတော့ ဘိုးအောင်ဖေကြီးကို တိုက်ရိုက်မေးတော့တာဗျ။

 

“ကြာပါပြီ ထွန်းခင်ရာ ငါတို့ အရှေ့ဘက်တောကို

တက်တုန်းကအကြောင်းကို ပြောပြတာပါ”

 

“ပြောပါဦး ဘိုးရ”

 

“ဒီလိုကွ ဒီတုန်းက ငါရယ် ဟိုတလောက ဆုံးသွားတဲ့

မြောက်ပိုင်းက ဘိုးတင်အုန်းကြီးရယ် ခြံတိုင်ခုတ်ဖို့ဆိုပြီး

အရှေ့ဘက်တောကို တက်ကြတာကွ။

 

လှည်းကိုတောင်ခြေက အိမ်စုလေးမှ အပ်ခဲ့ပြီး ငါတို့နှစ်ယောက်

တောင်ပေါ် တက်လာကြတာ။

 

ဝေလီဝေလင်းလေးပေါ့ကွာ

“အူဝဲ အူဝဲ”နဲ့ ကလေးငိုသံကြားတော့

ငါတို့နှစ်ယောက်စလုံး လန့်သွားကြတာကွ။

ဒီတောထဲမှာ ဘယ်သူက ကလေးမွေးမှာတုံးထွန်းခင်ရာ ဒါနဲ့ ငါက …”

 

“ကိုတင်အုန်း ကျုပ်တော့ စိတ်ထဲမှာ တစ်မျိုးကြီးပဲဗျ

တောထဲ ဆက်မဝင်ဘဲ ပြန်ကြရင် ကောင်းမလား”

 

လို့ တိုင်ပင်တော့ ကိုတင်အုန်းက …

 

“ဟာကွာ အောင်ဖေရာ အခြေအနေလေး ဘာလေး

ကြည့်ကြသေးတာပေါ့ကွာ”

 

လို့ပြောပြီး ငါတို့နှစ်ယောက် ငြိမ်ပြီး နားထောင်နေကြ

တာကွ။ကလေးကလည်း ငိုတာ အသံကို ပြာနေပြီဟေ့။

 

“အူဝဲ အူဝဲ အူဝဲ”

 

“အင်း အင်း ကျွတ် ကျွတ် ကျွတ် ကျွတ်”

 

ဟာ ကလေးချော့တဲ့ မိန်းမတစ်သံပါ ကြားရတယ်ဟေ့။

ကလေးလည်း အငိုတိတ်သွားတယ်။

 

ကိုတင်အုန်းကြီးကငါ့ကို လှည့်ကြည့်ပြီး မေးငေါ့ပြတယ်ကွ။ငါကတော့

တော်တော်ကို ကြောက်နေပြီကွ။

 

ကိုတင်အုန်းကြီးကြည့်ရတာလည်း ကြောက်နေတဲ့ ပုံပါပဲကွာ။

ဒါပေမဲ့ ဒီလူကြီးက ရဲတော့ ရဲသားကွ။

 

“အောင်ဖေ မင်းကြောက်ရင် ဒီမှာနေခဲ့ ငါတော့

ကလေးငိုတဲ့နေရာကို သွားကြည့်ဦးမယ်

သိပ်မဝေးဘူးကွ ငါနေရာကို မှန်းမိတယ်”

 

လို့ ငါ့ကို တိုးတိုးလေး ပြောတယ်ကွ ငါလည်း

ဘယ်နေခဲ့ရဲမှာတုံးကွာ။

 

“ဟာ ဘာဖြစ်မှာတုံး ကျုပ်ပါ လိုက်မှာပေါ့”

 

လို့ ပြောပြီး သူ့နောက်ကို ကပ်လိုက်ခဲ့ရောဟေ့။

သိပ်မသွားလိုက်ရဘူးကွာ။ကလေးငိုတဲ့နေရာကိုရောက်ရောဟေ့။

 

အဲဒီနေရာမှာ ငှက်ပျောဖက်နှစ်ရွက်

ခင်းထားတာ တွေ့တယ်ကွ။

 

ပြီးတော့ ငှက်ပျောဖက်ပေါ်မှာ

ကလေးဦးထုပ်ကလေးတစ်လုံးတွေ့တယ်။

ဦးထုပ်က မွေးကင်းစ ကလေးတွေဆောင်းတဲ့

သိုးမွေးဦးထုပ်ကလေးကွ။ ကလေးတော့မတွေ့တော့ဘူး။

 

“ဟင် ဒါဆိုရင် ကလေးငိုသံ ကြားတာ တကယ်ပေါ့ ဘိုးရဲ့”

 

ကိုကြီးထွန်းခင်က ဝင်မေးတာဗျို့။ဘိုးအောင်ဖေကြီးက

ခေါင်းညိတ်ပြပြီး ဆေးလိပ်ကလေး ဖွာလိုက်သေးသဗျ။

ပြီးတော့မှ ပြောတာ။

 

“တကယ်ပေါ့ကွ ထွန်းခင်ရဲ့ ကလေးဦးထုပ်ကလေးတောင်

တွေ့ပါတယ်ဆိုမှကွာ တကယ်ပေါ့”

 

“အေး…အဲဒါပေါ့ကွ ငါနဲ့ ကိုတင်အုန်းကြီးလည်း

အနီးအနားမှာ လိုက်ပြီးရှာကြည့်ရတာပေါ့ကွာ

တောကောင်တွေ ဘာတွေများ ချီသွားသလားလို့ပေါ့

ဒါပေမဲ့ ဘာမှမတွေ့ဘူးကွ။

 

ကိုတင်အုန်းကြီးက

ငယ်ငယ်က မုဆိုးလေးဘာလေး လုပ်ဖူးတော့

သူက ခြေရာတွေ ဘာတွေ ကြည့်တတ်တယ်ကွာ

ဒါပေမဲ့ ဘာမှကို မတွေ့တာကွ”

 

“နို့ ဘိုး စောစောကပြောတဲ့ အထဲမှာ မိန်းမတစ်ယောက်

ကလေးချော့တဲ့အသံ ကြားရတယ်ဆို”

 

“ဟုတ်တယ်ကွ ထွန်းခင်ရ အဲဒီကလေးချော့တဲ့ မိန်းမလည်း

မတွေ့ဘူးကွ။ ငါကတော့ ကြက်သီးတွေတောင်

ထနေပြီဟေ့။

 

နောက်တော့လည်း ငါတို့နှစ်ယောက်

ကိုယ့်အလုပ်ကိုယ်လုပ်ပြီး ရွာပြန်ခဲ့ကြတာပေါ့ကွာ။

ဒါပေမယ့် ကိုတင်အုန်းကြီးရော ငါရော ဒီအကြောင်းကို

ဒီနေ့အထိ မမေ့ကြဘူးကွ ။

 

ကိုတင်အုန်း မဆုံးခင်

တစ်လလောက်ကတောင် ဒီအကြောင်း ပြောသေးတယ်”

 

ဘိုးအောင်ဖေက ဆေးပေါ့လိပ်ကလေး ဆက်ပြီးဖွာနေ

တယ်ဗျ။ ဟုတ်တော့လည်း ဟုတ်သားဗျ။လူမရှိတဲ့

တောထဲမှာ ကလေးငိုသံက ဘယ်လိုကြားရတယ်

ဆိုတာ ဘိုးအောင်ဖေ ဘယ်သိနိုင်မှာတုံးဗျာ။

 

ကျုပ်တောင် ဘိုးအောင်ဖေ ပြောတာကို နားထောင်ရင်းနဲ့

တောထဲက ကလေးငိုသံကို တွေးနေမိသေးတယ်။

 

ထမနဲပွဲတွေ ပြီးသွားတော့ နေ့ပူပြီး ညချမ်းတဲ့

တပေါင်းလကို ရောက်တော့တာပေါ့ဗျာ။ပူပြီဗျို့။

ပူချက်ကတော့ ကမ်းကုန်တာပါပဲဗျာ။

 

တစ်နှစ် တစ်ခါ ခံစားရတဲ့ အညာနွေရဲ့ အရသာလေဗျာ။

ကျုပ်က မန်ကျည်းပင်အောက်မှာထိုင်ပြီး

“ဝေတာလဝတ္ထု”ဆိုတဲ့ စာအုပ်ဟောင်းလေးကို

ထိုင်ပြီးဖတ်နေတာဗျ။

 

“တာတေ ဘာစာတွေများ ဖတ်နေတာတုံးကွ”

 

ကျုပ် စာဖတ်နေရင်းကနေ လှမ်းကြည့်လိုက်တော့

ဝိုင်းထဲကို ခြေလှမ်းခပ်လေးလေးနဲ့ ဝင်လာတာက

ကိုဘထွန်းကြီးဗျ။

 

“ဟာ …လေးလေးဘထွန်း လာဗျို့”

 

ကျုပ်က ဖိတ်မန္တက ပြုလိုက်တော့ လေးလေးဘထွန်းကြီးက

ကျုပ်နားမှာ ဝင်ထိုင်တယ်ဗျ။

 

“တာတေ လေးလေးကို ဓါးသွေးကျောက် ခဏငှားစမ်း

ပါဦးကွ။ လေးလေး တောခုတ်ဓါး သွေးချင်လို့ လေးလေး

ကျောက်က နှစ်ပိုင်းကျိုးသွားလို့ကွ”

 

“ပါးသွားလို့ ရှိမှာပေါ့ လေးလေးရဲ့”

 

“အေး …ဟုတ်တယ် ပါးပြီး ခါးခွက်နေတာ ကြာပြီလေ

မနေ့ကတော့ ကျိုးသွားတယ်။

 

“လေးလေးရဲ့ ဓါးသွေးကျောက်က သဘာဝကျောက်လား

ဖော်ကျောက်လား”

 

“ဖော်ကျောက်ကြီးကွ သွေးလို့တော့ ကောင်းသား”

 

“ကျုပ်ကတော့ သဘာဝကျောက်ကို ပိုကြိုက်တယ်ဗျ

နေဦး ကျုပ် ဓါးသွေးကျောက် သွားယူလိုက်ဦးမယ်”

 

ပြောပြောဆိုဆိုနဲ့ ကျုပ်က နောက်ဘက် ရေကပြင်မှာ

ချထားတဲ့ သဘာဝကျောက်နီနီကြီးကို ယူလာပြီး

လေးလေးကို ပေးလိုက်တယ်။

 

“အေး အေး ငါ သွေးပြီးပြီးချင်း ပြန်လာပို့ပါ့မယ်”

 

“ဟာ ရပါတယ်ဗျ လေးလေးရ ချက်ချင်းပို့ဖို့ မလိုပါဘူး

ဒါထက် ဓါးသွေးပြီး ဘာတွေခုတ်မလို့တုံး”

 

“မနက်ဖြန် တောတက်ပြီး ထင်းလေးဘာလေး

ခုတ်မလို့ကွ လှည်းကောက်ပြီး ငါ တစ်ယောက်တည်း

သွားရမှာ မင်းလည်း ထင်းလိုရင် လိုက်ခဲ့လေ တာတေ”

 

“ဟာ မလိုသေးဘူးဗျ လေးလေးရ။ ကျုပ် ဟိုတစ်နေ့ကတင်

တောတက်ပြီး ခုတ်ထားတာ ။ လေးလေးသား

အောင်ထိန်ကို ခေါ်သွားပေါ့ဗျ။ ဘာဖြစ်လို့

တစ်ယောက်တည်း သွားမှာတုံး”

 

“ဟာကွာ အောင်ထိန်အကြောင်းတော့ မပြောပါနဲ့

တာတေရာ မင်းညီအောင်ထိန်က သရဲဘော

လွှတ်ကြောင်တာကွ”

 

“ဟင် ဘာဖြစ်လို့တုန်း”

 

“ဟိုတစ်ခေါက်က ငါနဲ့ တောတက်လိုက်တယ်လေ

အဲဒါ တောထဲက သမုန်းအိုင်ကြီးနားမှာ

ကလေးသိပ်တဲ့မိန်းမသံ ကြားတယ်ဆိုပြီး

ကြောက်လို့လေ။ အခု အဖော်ခေါ်တော့

မလိုက်ရဲတော့ဘူးဟေ့”

 

“လေးလေးကရော သူကြားတဲ့အသံ မကြားလို့လား”

 

“ငါကတော့ မကြားပါဘူးကွာ ။ ကလေးချော့သံလည်း

မကြားဘူး။လူကြီးချော့သံလည်း မကြားဘူး တာတေရေ”

 

ကျုပ်က လေးလေးဘထွန်း ပြောတာကို

သဘောကျပြီ ပြုံးလိုက်တယ်။

 

“ဟာ …အဘက ဒီရောက်နေတာကိုး။

ကိုကြီးတာတေဆီကို လာလည်တာလား”

 

ဟော ပြောရင်းဆိုရင်း အောင်ထိန် ရောက်လာတာဗျ။

 

“ဘယ်က လာလည်ရမှာတုံး ဓါးသွေးကျောက်

လာငှားတာကွ မင်းကို ခိုင်းမလို့ကြည့်တာ မတွေ့လို့

ငါ့ဘာသာ လာငှားရတာ”

 

“ကျုပ်က ကျောက်ခဲဒို့ သံမဏိတို့ ဒူးရှည်တို့နဲ့

သွားကစားနေတာဗျ”

 

“အေး အေး ကစားသာကစား အောင်ထိန်ရ တစ်နေ့

တစ်နေ့ ကစားတာနဲ့ပဲ အချိန်ကုန်နေတာ”

 

အောင်ထိန်ဆိုတဲ့ကောင်က ကျောက်ခဲတို့နဲ့မှ အသက်

အတူတူဗျ။ လူကပုပြတ်ပြတ် ဂင်တိုတို ခေါင်းက

ဆံပင်တွေကလည်း ထောင်နေအောင် သန်တာဗျ။

ခရူကတ်လို့ခေါ်တဲ့ နောက်က ရှိတ်ထိုးထားတဲ့ပုံမျိုးဗျ။

 

ကျုပ်တို့နားမှာ မတ်တပ်ရပ်နေတဲ့ အောင်ထိန်ကို

မော့ကြည့်ပြီး ကျုပ်က မေးလိုက်တယ်။

 

“အောင်ထိန် ဟိုတလောက မင်းအဘနဲ့ တောတက်တုန်းက

ဘာသံကြားခဲ့လို့တုံး”

 

ကျုပ်မေးလိုက်တော့ အောင်ထိန်က အံ့သြပြီး သူ့အဘ

လေးလေးဘထွန်းကို တစ်ချက်လှည့်ကြည့်တယ်။

ပြီးတော့မှ သေသေချာချာ ပြောတာဗျ။

 

“မိန်းမတစ်ယောက် ကလေးသိပ်တဲ့ အသံဗျ။

ကိုကြီးတာတေရ။ ကျုပ် သေသေချာချာ ကြားတာ”

 

“ဘယ်ဘက်က ကြားတာတုံးကွ”

 

“ကျုပ်နဲ့ အဘနဲ့ ထင်းခုတ်နေကြတဲ့ မြောက်ဘက်က

ကြားတာဗျ။ ကျုပ်စိတ်ထင်တော့ သမုန်းပင်တွေ

အများကြီးပေါက်တဲ့ ရေအိုင်ကြီးရှိတယ်မို့လား

အဲဒီဘက်ကလို့ ထင်တာပဲဗျ”

 

“မင်းအဘကရော မကြားဘူးလား”

 

“ဟာ မကြားဘူးဗျ ကျုပ်က အဘ ကြားလား

မိန်းမတစ်ယောက်အသံ ကလေးချော့နေတာလို့ ပြောလည်း

အဘက ငါမကြားဘူးလို့ပဲ ပြောတာ အဘကြောက်လို့

မပြောတာလို့ ကျုပ်တော့ ထင်တာပဲ”

 

“ဘာကွ ငါက ကြောက်မလား ငအောင်ထိန်ရဲ့။

အဲဒီတောကို မင်းမပါဘဲလည်း ငါတစ်ယောက်တည်း

သွားဖူးတာပဲ”

 

သားအဖနှစ်ယောက်ကိုကြည့်ပြီး ကျုပ်က ရယ်မိရောဗျ။

အောင်ထိန်ကလည်း ရယ်နေတယ်။

လေးလေးဘထွန်းကတော့ သူမကြောက်တဲ့အကြောင်းကို

ဆက်ပြီး ပြောသေးသဗျ။

 

“ငါ အသက်သုံးဆယ်လောက်က အရှေ့ဘက်တောကို

မြောက်ပိုင်းက တင်အောင်တို့ ညီအစ်ကိုရယ်

အရှေ့ပိုင်းက ဖိုးမောင်တို့ ညီအစ်ကိုရယ်နဲ့ စုပြီး

တင်းကုတ်ဆောက်ဖို့ တိုင်တက်ခုတ်ကြတာဟေ့

တောထဲမှာ ညအိပ်ပြီး ခုတ်ရတာ။စားအိုးစားခွက်နဲ့

တက်ကြတာပေါ့ကွာ ။ ဖိုးမောင်ဆိုတဲ့ကောင်က

ဘိထောင်တာ သိပ်ကျွမ်းတာကွ”

 

(ဘိထောင်တယ်ဆိုတာ သားကောင်ကို သံညှပ်နဲ့

ထောင် ဖမ်းတာကို ပြောတာဗျ)

 

“သံညှပ်နဲ့လား လေးလေး”

 

“အေး …သံညှပ်နဲ့ကွ ဒီကောင့်ဆီမှာ သံညှပ်မှ

မျိုးစုံရှိတာ တာတေရ။ အဲဒါနဲ့ ညဘက်

ဘိထောင်ထားတော့ မနက်ကျ သွားကြည့်တဲ့အခါ

တောကြောင်ကြီးတစ်ကောင် မိနေရောဟေ့။

တောကြောင်ကြီးမှ နည်းတဲ့အကောင်ကြီး

မဟုတ်ပါဘူးကွာ။ ဒါနဲ့ပဲ ငါတို့ငါးယောက်

တောကြောင်သား ချက်ပြုတ်စားကြတာပေါ့ကွာ။

ပြီးတော့ တစ်နေကုန် တိုင်ခုတ်ကြ ညကျတော့လည်း

တောကြောင်သားနဲ့ ထမင်းကြိတ်ကြပေါ့ကွာ

မီးဖိုဘေးမှာ ငါတို့ငါးယောက် တန်းစီးပြီးအိပ်ကြတာပေါ့ကွာ”

 

“ညောင် ညောင် ညောင် ညောင်”

 

ဆိုပြီး တောထဲက တောကြောင်အော်သံ စကြားတာ။

အသံက ခပ်ဝေးဝေးကနေ ကြားရာက

တဖြည်းဖြည်း နီးနီးလာတာကွ။ ပြီး ကြောင်တစ်ကောင်

အော်သံကနေ ကြောင်နှစ်ကောင်အော်သံ ဖြစ်လာတယ်။

ပြီးတော့ သုံးကောင် လေးကောင် ငါးကောင်။

 

“ဟင် ကြောင်သံတွေ များလာတာလား လေးလေး”

 

“အေးလေကွာ တဖြည်းဖြည်း ကြောင်သံတွေ

များလာပြီးတော့ တို့အနားကို ကပ်လာတာဟေ့။

ငါ့စိတ်ထင် ကြောင်အကောင်တစ်ရာလောက်

ရှိမယ်ထင်တယ်”

 

“ဟာ လေးလေးတို့ကြောင်တွေကို တွေ့လို့လား”

 

“တွေ့ပါပြီလားကွာ ငါတို့နဲ့ မနီးမဝေးမှာ

လာပြီးအော်နေကြတာကွ မှောင်ထဲမှာ မျက်လုံးတွေ

စိမ်းတောက်နေတာကွ။ မျက်လုံးတွေမှ အများကြီးကွာ

ငါတို့ကိုပတ်ပြီး ဝိုင်းထားတာကွ မင်း စဉ်းစားကြည့်

တာတေရာ။ တောထဲမှာ ညဘက်ကြီး မျက်လုံးစိမ်းစိမ်း

တောက်တောက်ကြီးတွေနဲ့ ကြောင်အကောင်တစ်ရာလောက်

ဝိုင်းပြီးအော်နေတာ။တော်ရုံတန်ရုံလူဆိုရင်

သွေးတောင် ပျက်သွားမှာကွ။ ငါတို့ ငါးယောက်စလုံး

ကတော့ လူကြမ်းတွေဆိုတော့ ကြောက်ပေမယ့်

ဒီအတိုင်းပဲ ပေကြည့်နေကြတာကွ”

 

အောင်ထိန်တောင် ဆောင့်ကြောင့်လေးထိုင်ပြီး သူ့အဘ

လေးလေးဘထွန်း ပြောတာကို ငေးပြီး နားထောင်နေရောဗျ။

 

“ပြောပါဦး လေးလေးရဲ့ နောက်တော့ ဘာဆက်ဖြစ်တုံးဗျ”

 

လေးလေးဘထွန်းက ကျုပ်တည်ထားတဲ့

နဂါးဆေးပေါ့လိပ်ကလေးကို နှစ်ဖွာ ဖွာလိုက်သေးတယ်ဗျ။

ပြီးတော့မှ ဆက်ပြောတာ။

 

“ကြောင်အော်သံတွေက ပထမ “ညောင် ညောင်”နဲ့

အော်နေရာကနေ “ဝေါင် ဝေါင်” ဆိုပြီး အသံပြောင်း

သွားရောဟေ့ ။ ပိုပြီး ကြောက်စရာကောင်းလာတာကွ။

ငါတို့ ပေပြီး ကြည့်နေတုန်းမှာပဲ ငါတို့ကို ဝိုင်းထားတဲ့

ကြောင်တွေက တို့ကိုစပြီး ပတ်တော့တာကွ”

 

“ဗျာ …လေးလေးတို့ကို ပတ်တယ် ဟုတ်လား”

 

“အေး ဟုတ်တယ် မင်းတို့ငယ်ငယ်က ကလေးတွေ

လက်ချင်းချိတ်ပြီး ဝိုင်းကြီးပတ်ပတ် ကစားသလိုလေကွာ

မျက်လုံးစိမ်းစိမ်းကြီးတွေနဲ့ ငါတို့ကို စိုက်ကြည့်ပြီး

ဝိုင်းကြီးပတ်ပတ် ကစားသလို ပတ်တော့တာပဲဟေ့။

“ဝေါင် ဝေါင်”ဆိုတဲ့ အသံကြီးတွေနဲ့ အော်ရင်း

ငါတို့ကို ကြောင်အကောင်တစ်ရာလောက်

ပတ်နေတာကွ။ငါတို့လည်း တောခုတ်ဓါးတွေ ကိုင်ပြီး

သတိနဲ့ ကြည့်နေရတာပေါ့ကွာ ။ ဒီမှာတင် ငါက

သတိထားမိသွားတယ်ကွ တာတေရ။

ကြောင်တွေ တို့ကို ဝိုင်းထားတဲ့အတိုင်းက

တဖြည်းဖြည်း ကျဉ်းလာတာကွ ။ ဒီအကြောင်း

ငါက ခပ်တိုးတိုး ပြောလိုက်တော့ ဖိုးမောင်ညီ

ဖိုးအောင်က ပြောတာကွ”

 

“ဟာ ကျုပ်ခုမှ သတိရသွားပြီဗျို့။ကျုပ်တို့အဘ

မသေခင်က ပြောသွားဖူးတယ်။ ‘မှင်စာတော’ဆိုတာ

ရှိသတဲ့။ ဒါပဲထင်တယ်ဗျ။ မှင်စာတွေက ကြောင်လိုပဲတဲ့

ကြောင်လိုအော်ပြီး အုပ်လိုက်ကြီး ပတ်တာတဲ့။

အပတ်ခံရတဲ့လူတွေက တဖြည်းဖြည်းနဲ့

အညှို့ခံရသလို ဖြစ်ပြီး သတိလစ်ကုန်ကြတာတဲ့ဗျ။

သူတို့ပတ်တဲ့ ဝိုင်းကြီးက တဖြည်းဖြည်း

သေးသေးလာပြီး နောက်ဆုံး လူတွေကို

ခုန်အုပ်ကြတာတဲ့ဗျ”

 

“ဟေ ဟုတ်လား ဖိုးအောင် ခုန်အုပ်တော့ ဘာဖြစ်တုံးကွ”

 

“ဟ …အားလုံး သေကုန်ရောတဲ့ဗျ”

 

“ဟေ ဟုတ်လား ဒါဆို ငါတို့ ဘာလုပ်မတုံး”

p

“ကျုပ်တို့ သတိမလစ်ခင် တစ်ဖက်ဖက်ကို ဖောက်ပြီး

ပြေးရမှာပဲဗျ။ ကဲ ခင်ဗျားတို့ ပါတဲ့ လောက်လေးခွတွေ

ထုတ်ကြ လောက်စလုံး လွတ်အိတ်တွေ စလွယ်သိုင်း

ထားကြ။ ကျုပ်ပစ်တဲ့ဘက်က ကြောင်တွေကို

ဝိုင်းသာပစ်ကြဗျာ။ သူတို့စည်းဝိုင်းပေါက်သွားရင်

အဲဒီပေါက်တဲ့ဘက်ကနေ စွတ်သာပြေးပေတော့

လူစု မကွဲစေနဲ့ ။ လရောင်လေး နည်းနည်းရှိတာပဲ။

တစ်ယောက်ကို တစ်ယောက် မြင်နေရမှာပေါ့”

 

ပြောရင်းနဲ့ ဖိုးအောင်က ကြောင်တွေကို အကဲခတ်နေတယ်။

ကြောင်ဝိုင်းကြီးကလည်း ကျဉ်းကျဉ်းလာပြီပေါ့ကွာ။

ဒီမှာတင် ဖိုးအောင်ကလည်း စပစ်တော့တာဟေ့။

ငါတို့လေးယောက်လည်း သူပစ်တဲ့ဘက်ကို

ဝိုင်းပစ်ကြတာပေါ့ကွာ ။ တော်တော်ကို ပစ်ယူရတာကွ။

ကြောင်တွေက သူတို့စည်းကို မကျိုးအောင်

တောင့်ခံနေကြတာ ။နောက်တော့ ဖိုးအောင်က နေဦးဗျ။

ကျုပ်မေ့နေလို့ အဘပြောသွားတာရှိတယ်ဆိုပြီး

လောက်စာလုံးတွေကို မြေကြီးပေါ် ပုံလိုက်ပြီး

သေးနဲ့ ပန်းတာဟေ့။

 

“ဒါနဲ့ ပစ်ကြ ဒါနဲ့ ပစ်ကြ”

 

လို့ ဖိုးအောင်ပြောတော့ ငါတို့လည်း စိုနေတဲ့

လောက်စာလုံးတွေနဲ့ ပစ်ကြရတာပေါ့ကွာ။

သေရေးရှင်ရေး ဖြစ်နေတော့လည်း မရွံနိုင်တော့ဘူးပေါ့ကွာ”

 

“နေပါဦး လေးလေးရဲ့ ။ သေးစိုနေတဲ့ လောက်စာလုံးနဲ့

ပစ်တော့ ဘာဖြစ်တုံး”

 

“ဟာ ကြောင်တွေ ပြေးတော့တာပေါ့ကွာ”

 

“ဟာ ဟုတ်လားဗျ”

 

“အေး ဟုတ်တယ် မင်းတို့က လူငယ်တွေ မှတ်ထားကြ

မှင်စာဆိုတာ လူ့သေးကို အလွန်ကြောက်တာကွ

တာတေရ”

 

“ကိုဖိုးအောင် သတိရသွားလို့ တော်တော့တာပေါ့

လေးလေးရာ”

 

“အေးပေါ့ကွာ မဟုတ်ရင် အခုထိ ဘယ်ရှိတော့မှာတုံး

မှင်စာတောမှာ မှင်စာတွေ ပတ်လို့ သေပြီပေါ့ကွာ”

 

“ပြောပါဦး လေးလေးရဲ့ နောက်တော့ ဘာဖြစ်တုံး”

 

“ဒီကောင်တွေ စည်းပေါက်သွားတဲ့ဘက်ကနေ ငါတို့

ထွက်ပြေးရတာပေါ့ကွာ ။ဒီကောင်တွေကလည်း

အတော်လေး လည်တာကွ။ စည်းပေါက်သွားပြီ

ဆိုတာနဲ့ ဆက်မပတ်တော့ဘဲ မှောင်ထဲကို ဝင်ပြေးပြီ

ပျောက်သွားကြရောဟေ့”

 

“အဘ အဲဒါ မှင်စာတွေပေါ့နော်”

 

အောင်ထိန်က သူ့အဘကို မေးတာဗျ။

 

“အေးပေါ့ကွ မှင်စာတွေပေါ့ ငါ့သားရဲ့”

 

“ဟာ အဘတို့က သတ္တိတော်တော်ကောင်းတာပဲဗျ”

 

” အဘကလည်း ဒါကိုပဲ ပြောတာလေ

အဘမကြောက်တတ်ဘူးဆိုတာ လက်တွေ့

ပြောပြတာပဲ”

 

“နေဦး လေးလေးရဲ့ ကျုပ် တစ်ခုတွေးမိလို့ဗျ”

 

“ဘာတုံးကွ တာတေရ”

 

“လေးလေးတို့ ချက်စားတာ တောကြောင်ရော

ဟုတ်ရဲ့လားဗျ။ မှင်စာများ ဖြစ်နေသလားဗျာ”

 

“ဟာ ဒါတော့ မသိဘူးကွ ။ ငါတို့ မိတာတော့

ကြောင်ကြီးပဲကွ။ ဆူလိုက်တဲ့ အကောင်ကြီးကွာ

စားလို့ ကောင်းလိုက်တာ မပြောနဲ့တော့ကွာ”

 

“လေးလေးပြောတာ ဟုတ်မယ်ဗျ ။ ကျုပ်အဘရဲ့

သူငယ်ချင်း မီးလောင်ကုန်းမှာနေတဲ့ ဘိုးစိန်မောင်

တစ်ခါလာလည်ရင်း အဘကို ပြောပြဖူးတယ်ဗျ”

 

“အေး …ပြောပါဦးကွ တာတေရ ဗဟုသုတ

ဖြစ်တာပေါ့ကွာ”

 

“ဘိုးစိန်မောင် ငယ်ငယ်ကတဲ့ ။ သူ့မိဘတွေက

နွားစာစဉ်းဖို့ ပြောင်းရိုင်းတွေ ကုန်နေလို့ သူ့ကို

ပြောင်းရိုးခုတ်လွှတ်လိုက်တာတဲ့ဗျ။ သူတို့ရွာ

အနောက်ဘက်က သူတို့ယာထဲမှာ စိုက်ထားတဲ့

ပြောင်းရိုးတွေ သွားခုတ်ရတာတဲ့ဗျို့။ပြောင်းရိုးတွေ

ခုတ်ပြီးလို့ လှည်းပေါ်တင်နေတုန်း နွားတွေက

တဖူးဖူးနဲ့ နှာတွေမှုတ်ရောတဲ့ဗျာ။ ဒါနဲ့ မြွေတွေ

ဘာတွေလာဆိုပြီ ကြည့်လိုက်တော့ သူ့လှည်း

အောက်ကနေ ကြောင်နက်တစ်ကောင်

ပြေးထွက်လာပြီး သူ့ကို ပတ်တာတဲ့ဗျို့။

 

စောစောက လေးလေးပြောသလိုပဲ။အဝိုင်းကျယ်

ကျယ်ကနေ တဖြည်းဖြည်း ကျဉ်းလာတာတဲ့

ဒီမှာတင် ဘိုးစိန်မောင်က ဒါ မှင်စာပဲဆိုတာ

သိသွားပြီး ထွက်ပြေးမယ်ကြံတော့

ခြေထောက်တွေက ကြွလို့ မရတော့ဘူးတဲ့ဗျာ။

 

ဒီတော့မှ ဘိုးစိန်မောင်က တအားကြောက်သွားပြီး

အနီးအနား ယာတွေမှာ အလုပ်,လုပ်နေတဲ့လူတွေ

ကြားအောင် အော်မယ်လို့ စိတ်ကူးပြီး အော်မယ်လုပ်ပေမယ့်

ပါးစပ်က ဟလို့ မရဘူးတဲ့ဗျာ။

 

ဒီမှာတင်ဘိုးစိန်မောင်လည်း တအားကြောက်သွားပြီး

သေးတွေ ထွက်ကျရောတဲ့ဗျာ။သူ့ကို ပတ်နေတဲ့

မှင်စာက ဆက်ပြီး မပတ်တော့ဘဲ တစ်ချက်

လှည့်ကြည့်သတဲ့။ ပြီးတာနဲ့ ပြောင်းပင်တွေကြားကို

ဝင်ပြီးပြေးရောတဲ့ဗျာ။

 

ဒီတော့မှ ဘိုးစိန်မောင်ကြီးလည်း ခြေတွေလက်တွေ

လှုပ်လို့ရလာပြီ ရွာကို တစ်ချိုးတည်း လှည်းမောင်း

ပြေးတော့တာပဲဗျို့”

 

“ဟား ဟား ဟား ဘိုးစိန်မောင်ကို ငါသိတာပေါ့

တာတေရ။ လွှတ်သဘောကောင်းတဲ့ အဘိုးကြီးကွ”

 

အဲဒီနေ့က လေးလေးဘထွန်းတို့ သားအဖ ကျုပ်နဲ့

စကားနေလိုက်ကြတာ။တော်တော်ကြာမှ

ပြန်သွားတာဗျို့။

 

“တာတေ နေ့လယ်က ဘထွန်းတို့သားအဖ မင်းကို

ဘာတွေပြောကြတာတုံးကွ”

 

ညရောက်တော့ အဘက ကျုပ်ကို မေးတာဗျို့။

နေ့လယ်က လေးလေးဘထွန်း ပြောတာတွေကို

နားစွန်နားဖျားကြားလို့ နေမှာပေါ့ဗျာ။

 

“သူအသက်သုံးဆယ်လောက်က အရှေ့ဘက်က

တောကို တက်တုန်းက မှင်စာတောကို ရောက်တဲ့

အကြောင်း ပြောတာပါ တောထဲမှာ ညအိပ်တော့

မှင်စာတွေ ကြောင်ပုံစံနဲ့ သူတို့ကို ပတ်တာတဲ့

အဘရ။အကောင်တစ်ရာ မကဘူးဆိုပဲ”

 

“သြော် အရှေ့ဘက်က မှင်စာတောကို ပြောတာထင်ပါတယ်။

အဘတို့လည်း တက်ဖူးတာပါပဲ ။

ဘာမှ မဖြစ်ကြပါဘူးကွာ။ဘထွန်းတို့က

တစ်ခု,ခုမှားသွားလို့ ရှိမှာပါ”

 

“ဟာ ဟုတ်တာပေါ့ အဘရဲ့ ဒီလူတွေက ကြောင်ကို

ဘိထောင်ပြီး ချက်စားကြတာဆိုပဲ။ အဲဒီမှာတင်

မှင်စာတွေရောက်လာပြီး ဝိုင်းတာတဲ့ဗျ”

 

“အိုး…တယ်လည်းမိုက်တဲ့ ကောင်တွေပါလား

မှင်စာတောကို တက်ရင် ကြောင် မပစ်ရဘူးဆိုတာ

နားမှမလည်ဘဲကိုး။ အဲဒီတောမှာက ဘယ်ဟာကကြောင်

ဘယ်ဟာက မှင်စာဆိုတာ ဘယ်သူမှ ခွဲနိုင်တာ

မဟုတ်ဘူး မသေတာပဲ ဒီကောင်တွေ

ကံကောင်းလှပြီပေါ့ကွာ”

 

“ပြီးတော့ သူ့သားအောင်ထိန်ကလည်း ပြောသေးတယ်

အဘရ။ ပြီးခဲ့တဲ့အခေါက်က သမုန်းအိုင်ဘက်မှာ

ထင်းခုတ်နေတုန်း ကလေးချော့သံ ကြားလို့တဲ့ဗျ”

 

“တောက်တီး တောက်တဲ့ကွ ဒီတောကြီးထဲမှာ

ဘယ်မိန်းမက လာပြီး ကလေးချော့မှာတုံး ။

တစ်ခါတစ်လေကျတော့လည်း တောထဲမှာ

ကြက်သံ ငှက်သံ လေတိုက်တဲ့အသံတွေက

လူသံလိုလို ဘာလိုလို ထင်မိတာမျိုးတော့

ရှိတာပေါ့လေ”

 

“သမုန်းအိုင်ဆိုတာ ဘယ်နားကို ခေါ်တာတုံး

တာတေရဲ့”

 

အမေကလည်း ဝင်ပြီးမေးတယ်။ကျုပ် မပြောခင်

အဘကပဲ ပြောလိုက်တယ်။

 

“သမုန်းအိုင်ဆိုတာ ဟိုဟာပေါ့ဟယ် ။ သစ်မလဲကုန်း

မရောက်ခင် သမုန်းပင်တွေ အများကြီးပေါက်တဲ့

ရေအိုင်ကြီးကို ပြောတာပေါ့ ငွေစိန်ရယ်”

 

“သြော် အဲဒီအိုင်ကြီးလား တောကောင်တွေ

ညဘက်ရေသောက်တဲ့ အိုင်ကြီးလို့ ကျုပ်တို့ဘိုး

ပြောဖူးတာပဲ”

 

“အေး…ဟုတ်တယ် ဟုတ်တယ် အဲဒီအိုင်ကြီးက

ိုပြောတာ”

 

“နေပါဦး အဘရဲ့ သစ်မလဲကုန်းကြီးက တော်တော်

မြင့်တာဗျ။ ဘာဖြစ်လို့ သစ်မလဲလို့ ခေါ်တာတုံး”

 

“အဲဒါ တောင်ပူစာကြီးကွ ။ ဒါကြောင့် မြင့်တာပေါ့။

ဒီလိုကွ အဲဒီကုန်းကြီးပေါ်မှာ သက်ရင့်သစ်ပင်ကြီးတွေ

အများကြီးရှိတယ်။ ဘယ်သူမှ မလှဲရဲလို့ ကျန်နေတာပေါ့

လူလေးရ။ လှဲရဲလို့ကတော့ တောင်ကတုံးကြီး

ဖြစ်သွားမှာပေါ့”

 

“ဟင် …ဘာဖြစ်လို့ မလှဲရဲတာတုံး အဘရဲ့”

 

“အဘတို့ဘိုး ပြောဖူးတယ်။မီးလောင်ကုန်းက ကိုဘရှင်

ဆိုတဲ့ လူတစ်ယောက် အဲဒီကုန်းပေါ်က အကြီးဆုံး

အဖြောင့်ဆုံး အပင်ကြီးတစ်ပင် လှဲဖူးသတဲ့။

လွှနဲ့ဖြတ်လို့ သစ်ပင်ကြီး လုံးဝ ပြတ်သွားတာတောင်

မလဲဘူးတဲ့ကြ”

 

“ဗျာ ဟုတ်လား အဘ”

 

“အေး ဟုတ်တယ်တဲ့ ။ ကြိုးနဲ့ဆွဲပြီး လူးလေးငါးယောက်

ဆွဲလည်း မလဲဘူးတဲ့ကွ ။ နောက်ဆုံး ဘယ်လိုလှဲလို့မှ

မလဲတော့ အကြံအိုက်ပြီး ထိုင်နေကြတုန်း တောထဲက

အော်သံကြီးတွေ ကြားလို့ ထွက်ပြေးလာကြရဆိုပဲ။

နောက်တစ်နေ့ လူစုပြီး သွားကြည့်တော့ မနေ့က

လွှနဲ့ ဖြတ်ထားတဲ့ သစ်ပင်ကြီးက လွှာရာတောင်

မရှိဘဲ အကောင်းပကတိ ပြန်ဖြစ်နေတာတဲ့ဟေ့။

 

ဒါနဲ့ ဘိုးဘရှင်က ကန်တော့ပွဲပေးပြီး တောင်းပန်

လိုက်ရသတဲ့။ အဲဒီကတည်းက အဲဒီတောင်ကုန်းကို

သစ်မလဲကုန်းလို့ ခေါ်ကြတာတဲ့ကွ ။ စောစောက

ပြောတဲ့ သမုန်းအိုင်ကြီးက သစ်မလဲတောင်ကုန်းရဲ့

အခြေမှာ ရှိတာပေါ့ ငွေစိန်ရဲ့”

 

“သြော် ဒါကြောင့် သစ်မလဲလို့ ခေါ်တာကိုး”

 

ကျုပ်တို့ မိသားစုသုံးယောက် စကားတွေပြောရင်း

တော်တော်ညဉ့်နက်မှ အိပ်ရာဝင်ခဲ့ကြတယ်။

 

လေတွေကလည်း တိုက်လိုက်တာဗျာ။ကျုပ်ကိုယ်ပေါ်က

ဝတ်ထားတဲ့ အင်္ကျီ ။ ပုဆိုးတွေဆိုတာ လေထဲမှာ

တဖျတ်ဖျတ် လွင့်နေတာဗျ။ ကျုပ်ရောက်နေတာ

သစ်မလဲတောင်ကုန်းကြီးပေါ်မှာဗျ။ သစ်မလဲ

တောင်စောင်းကနေ ကျုပ်က အောက်ကို ငုံကြည့်နေတာ။

 

လပြည့်ညဗျ။ကောင်းကင်ကို မော့ကြည့်တော့

လသာ သာလိုက်တာ ထိန်လို့ဗျို့။အောက်ကို

ငုံ့ကြည့်နေတာ လသာတော့ လရောင်တဖျတ်ဖျတ်

လက်နေတဲ့ သမုန်းအိုင်ကြီးကို အပေါ်စီးက

မြင်နေရတာဗျ။ ရေအိုင်ဘေးမှာ သမုန်းပင်တွေက

တောအုပ်လိုကို ပေါက်နေတာ။

 

ဟာ …အိမ်ကလေး တစ်လုံးပါလား။ သမုန်းအိုင်နဲ့

မလှမ်းမကမ်းမှာ အိမ်လေးတစ်လုံးဗျ။ကြည့်စမ်းဗျာ။

ဒီတောကြီးထဲမှာ ဒီလောက် သပ်သပ်ရပ်ရပ်

ဆောက်ထားတဲ့ အိမ်ကလေး တစ်လုံးက

ဘယ်လိုများ ရှိနေရတာတုံး။ ပျဉ်ထောင်တစ်ထပ်အိမ်ဗျ။

 

သက်ကယ်မိုးနဲ့။ ဟော အိမ်ထဲက မိန်းမတစ်ယောက်

ထွက်လာတယ်ဗျို့။ မိန်းမကို ကျုပ်က လရောင်အောက်မှ

ထင်ထင်ရှားရှား မြင်နေရတယ်။ အသက်လေးဆယ်

ရှိမယ်ဗျ။ သူ့ကို ကျုပ် မြင်ဖူးသလိုလို ရှိတာနဲ့

သေသေချာချာ ကြည့်နေမိတာ။ အဲဒီ မိန်းမက

ဆံပင်တော့ ကျောပေါ်မှာ ဖြန့်ချထားတယ်။

ရုပ်ရည်က ရွက်ကြမ်းရေကျိုမျိုးဗျ။

 

ဟာ… ကျုပ်ကို မြင်သွားပြီး လှမ်းကြည့်နေတယ်။

ဟော ပြုံးပြတယ်။ ရင်းရင်းနှီးနှီး ရှိတဲ့ပုံမျိုးဗျ။

 

“တာတေ လာလေ ။ တောင်စောင်းအတိုင်း ဆင်းလာခဲ့

ငါပါဟဲ့ တာတေရဲ့ ။ နင် ငါ့ကို မမှတ်မိဘူးလား”

 

ကျုပ် မမှတ်မိဘူးဗျ ။ သိသလိုလိုတော့ ရှိတယ်။

ကျုပ်လည်း သူ့ကို စိုက်ကြည့်နေမိတယ်။

 

“တာတေ ငါ မဖဲဝါလေ”

 

“ဗျာ မဖဲဝါ ဟုတ်လား”

 

မဖဲဝါက ဒီအရွယ်မျိုး ဒီရုပ်ရည်မျိုးနဲ့ ကျုပ် တစ်ခါမှကို

မတွေ့ဖူးဘူးဗျ။ ကျုပ် သစ်မလဲတောင်ကုန်းပေါ်ကနေ

ခပ်သုတ်သုတ် ဆင်းလာပြီး သမုန်းအိုင်ဘေးကနေ

ပတ်ပြီး လျှောက်သွားလိုက်တယ်။ ပျဉ်ထောင်အိမ်လေး

ရှေ့မှာ မဖဲဝါက ကျုပ်ကို ရပ်ပြီး စောင့်နေတယ်။

 

“လာ တာတေ အိမ်ပေါ်တက်ခဲ့”

 

မဖဲဝါက ရှေ့ကတက်ပြီး ကျုပ်က နောက်က တက်ခဲ့တယ်။

အိမ်လေးက အထဲမှာလည်း သပ်သပ်ရပ်ရပ်ကလေးဗျ။

အိမ်ထဲမှာ ကုတင်နှစ်လုံး ချထားတယ်။

အဝတ်အစားထည့်တဲ့ ဘီရိုတစ်လုံးရှိတယ်။

အိုးခွက်ပန်းကန်တွေလည်း အစုံဗျ ။

ကလေးကစားစရာတွေလည်း စုံလို့ပါဗျာ။

ကျုပ်က အိမ်ထဲကို အကဲခတ်ကြည့်ပြီး ကြည့်လိုက်တယ်

 

“ထိုင် တာတေ ဖျာပေါ်မှာထိုင်”

 

ကျုပ်က သင်ဖြူးဖျာလေးတစ်ချပ်ပေါ်မှာ

ထိုင်လိုက်တယ်။ ကျုပ်နဲ့ ခပ်လှမ်းလှမ်းက

ဖျာပေါ်မှာ မဖဲဝါက ထိုင်တယ်။မဖဲဝါဆိုလို့သာ

ယုံရတာပါဗျာ။မိန်းမတစ်ယောက်ပါပဲ။

ကျုပ်တို့ ထနောင်းကုန်းက မဝိုင်းကြည်တို့

လုံးကြည်တို့လိုပါပဲဗျာ။

 

ဟာ …ကုတင်ပေါ်မှာ ကလေးတစ်ယောက်

အိပ်နေပါလား ။ ရှပ်အင်္ကျီဝါဝါလေး ဝတ်ပြီး။

ပုဆိုးအစိမ်းကွက်ကလေးကို ဝတ်လို့ဗျ။

အသက်က ခြောက်နှစ် ခုနှစ်နှစ် အရွယ်လေးဗျ။

အိမ်ထဲမှာ ထွန်းထားတဲ့ ရေနံဆီမှန်အိမ်လေးရဲ့

အလင်းရောင်နဲ့ ကျုပ်သေသေချာချာ မြင်နေရတာဗျ။

ကလေးက အသားဖြူဖြူလေးဗျ။

ချစ်စရာကောင်လေးပဲလို့ ကျုပ် တွေးနေမိတယ်။

ကလေးကို ကျုပ်ကြည့်နေမှန်း မဖဲဝါက သိတယ်ဗျ။

 

“တာတေ အဲဒါ ငါ့သား ဖဲညိုလေ”

 

“ဗျာ မဖဲဝါရဲ့သား ဟုတ်လား”

 

ကျုပ်က တအံ့တသြနဲ့ မေးလိုက်မိတာဗျ။

 

“နင် တော်တော်အံ့သြသွားလား ငါ့သားဆိုပေမယ့်

သူက လူဟဲ့ တာတေရဲ့ ။ ငါ့သားနာမည်က

မောင်ဖဲညိုတဲ့ မဖဲဝါ မွေးတဲ့သားဆိုတော့

မောင်ဖဲညိုပေါ့ဟယ် ။ ဖဲညို ဆိုပေမယ့် ငါ့သားက

အသားသိပ်မညိုပါဘူး တာတေရဲ့ ။ ဖြူဖြူလေးပါ။

နင် ဖဲညိုကို ချစ်လား”

 

“ချစ်စရာလေးဗျ ။ မဖဲဝါရဲ့ ဒီကလေးက မဖဲဝါရဲ့သား

ဟုတ်လား”

 

“ဟုတ်တယ်တာတေ နို့စို့ကလေးလေး အရွယ်ကတည်းက

သစ်မလဲတောင်ပိုင်းဘိုးဘိုးကြီး တာဝန်ပေးလို့

ငါမွေးခဲ့ရတဲ့ ငါသားဟဲ့ ။ ဒီနေရာမှာ ဒီအိမ်လေးကို

ဘိုးဘိုးကြီးရဲ့ တန်ခိုးနဲ့ ဆောက်ပေးထားတာ။

အိမ်ထဲမှာလည်း အချိန်တန်ရင် ထမင်းဟင်းတွေကို

ဘိုးဘိုးကြီးက အမြဲဖန်ဆင်းပေးထားတာ။

 

ငယ်ငယ်တုန်းကဆိုရင် ငါ့သားဖဲညိုမှာ နွားနို့တို့

ဆိတ်နို့တို့ မပြတ်ရအောင်ကို ဘိုးဘိုးကြီးက

အဆင့်သင့် ထည့်ပေးထားတာ။ထမင်းစားတတ်တဲ့

အရွယ်ရောက်တော့လည်း ငါ့သားကြိုက်တဲ့ဟင်းကို

မထပ်အောင်ကို ဘိုးဘိုးကြီးက စီမံပြီး အိုးတွေ

ပန်းကန်တွေထဲမှာ အခ်ျိန်မရွေး လှန်ကြည့်လိုက်

အမြဲရှိနေတာ တာတေရဲ့။

 

ငါက ငါ့သားကို မွေးပေးရုံပဲ ။ ထမင်းခွံပေး။

နို့တိုက်ပေး ။ ချေးကလူ ။ သေးကလူ လုပ်ကိုင်ပေးပေါ့ဟယ်

ငါ့သားဝတ်ဖို့ အဝတ်အစားဆိုတာ မနွမ်းစေရအောင်

ဘိုးဘိုးကြီးက ဆင်တာဟေ့”

 

“ဒီကလေးက ဘယ်လိုများ ရောက်လာတာတုံးဗျ”

 

ကျုပ်ကလည်း သိချင်တာဆိုရင် သိပ်အောင့်မထား

တတ်ဘူးဗျ။ မဖဲဝါကို တန်းမေးလိုက်တာ။

 

“ဒီကလေးရဲ့ မိဘနှစ်ပါးကို ကားလမ်းဓါးမြတွေက

သတ်ပစ်ပြီး ပါလာတဲ့ ရွှေတွေ ငွေတွေ အကုန်ယူကြတယ်။

ကလေးကိုတော့ မသတ်ရက်တာနဲ့ ခေါ်လာကြပြီး

ဒီတောထဲမှာ ငှက်ပျောဖက်တွေခင်းပြီး ထားခဲ့ကြတာ

တော်တော်ကို ရက်စက်တဲ့ လူတွေပေါ့ဟယ်

ကလေးငိုသံကြားလို့ တောင်ပိုင်ဘိုးဘိုးကြီးက

လာကြည့်တော့ အကျိုးအကြောင်း အားလုံးသိသွားပြီး

ငါ့ကို ချက်ချင်းအမိန့်ပြန်ခေါ်လိုက်လို့ ငါရောက်လာပြီး

ဒီကလေးကို မွေးနေရတာ ။ နင် ငါ့ကို ပင့်တဲ့ အခါတိုင်း

ငါ ဒီနေရာကနေ နင့်ဆီကို ကြွလာခဲ့တာ တာတေ”

 

“ဟင် ဒါဆိုရင် အဲဒီအချိန်မှာ ကလေးကို ဘယ်သူနဲ့

ထားခဲ့တုံးဗ်”

 

“မဖဲဝါတစ်ယောက် ထားခဲ့တာပေါ့ဟဲ့ တာတေရဲ့

ဒီလိုပဲ ငါက ခွဲသွားနေကျပဲဟာ”

 

“သြော် ဒီလိုကိုး”

 

ဒီကိစ္စကိုတော့ ကျုပ် မအံ့သြပါဘူး။ဘာဖြစ်လို့တုံးဆိုတော့

ကျုပ်ဆီမှာတောင် မဖဲဝါရဲ့ ကိုယ်ခွဲရုပ်ကလေး

ရှိနေတာပဲလေဗျာ။

 

“နင့်ကို ငါ အခု ခေါ်တွေ့တာက ကိစ္စရှိလို့ဟဲ့ တာတေရဲ့”

 

“ဗျာ ဘာကိစ္စတုံး မဖဲဝါ ”

 

“ငါ့သားဖဲညို ခုနှစ်နှစ် ပြည့်သွားပြီ တာတေ

ဘိုးဘိုးကြီးက ဖဲညိုကို နင့်ဆရာတော်ဆီမှာ အပ်ခိုင်းတယ်

ဖဲညိုကို သာသနာ့ဘောင်သွင်းပြီး စာပေကျမ်းဂန်တွေ

သင်ကြားပေးရမယ် လို့မိန့်တယ် ဒါကြောင့်

နင့်ကို ခေါ်ရတာ”

 

“ဟင် ဟုတ်လား ကျုပ် ဆရာတော်ဆီမှာ အပ်ပေးမယ်

မဖဲဝါ ။ ဒါနဲ့ ဖဲညိုလေးကို ကျုပ် ဘယ်တော့

လာခေါ်ရမှာတုံးဗျ”

 

“မနက်ဖြန် မနက်စောစော လာခေါ် တာတေ

ငါ့သားကို ငါ အားလုံးပြောထားပြီးပြီ သူ စောင့်နေလိမ့်မယ်”

 

“ကောင်းပါပြီ မဖဲဝါ ။ ကျုပ် မနက်ကို စောစောလာပြီး

ဖဲညိုလေးကို ခေါ်ပါ့မယ်”

 

“ဟဲ့ တာတေ ထစမ်း ထစမ်း”

 

အမေက ကျုပ်ကို လှုပ်နှိုးနေတာဗျ။ ကျုပ် အိပ်မက်ကနေ

လန့်နိုးသွားတယ်။

 

“အမေ ဘာတုံး ဘာဖြစ်လို့တုံး”

 

“နင့်မလဲ နှိုးလိုက်ရတာဟယ် ထပြီး နားလေးဘာလေး

ထောင်စမ်း ဘာသံကြီးတုံး မသိဘူး”

 

“ဝေါင်း ဝေါင်း”

 

ကျုပ် အိပ်ရာထဲမှာ ငုတ်တုတ် ထထိုင်ပြီး နားထောင်

လိုက်တယ်။ ဟာ ကျားဟိန်းသံကြီးဗျ။ ကျုပ်တို့ဘက်က

တောတွေမှာ ကျားမှမရှိတာ။ ဘယ်လိုဖြစ်တာတုံး။

 

“ကျားဟိန်းသံကြီးဗျ အမေရ”

 

“အေး ဟုတ်တယ် နင့်အဘတော့ အိမ်ရှေ့ထွက်ကြည့်

နေတယ် ။ ရွာထဲကလူတွေလည်း နိုးကုန်ပြီ

တစ်အိမ်နဲ့ တစ်အိမ်လှမ်းပြီး စကားပြောနေကြတယ်”

 

အားလုံး နိုးနိုးကြားကြားရှိအောင် နေကြတဲ့ သဘောပေါ့ဗျာ။

ကျုပ်တို့ အညာရွာလေးရဲ့ ဓလေ့လေးတွေပေါ့ဗျာ။

 

“ဝေါင်း ဝေါင်း ဝေါင်း ဝေါင်း ”

 

ကျားသံက ရွာအနောက်ဘက်က ကြားရတာဗျ။

ကျုပ်စိတ်ထင်တော့ သင်္ချိုင်းကုန်းဘက်က ထင်တယ်။

ခဏနေတော့ အသံပျောက်သွားတယ်။ကျုပ်တို့လည်း

အိပ်လို့ မပျော်ကြတော့ဘူးပေါ့ဗျာ။အခြေအနေကို

စောင့်ကြည့်နေကြရတာဗျ။

 

ရွာထဲများ ကျားဝင်လာမလားလို့ပေါ့ဗျာ။ဒါပေမယ့်

ရွာထဲက ခွေးတွေရော နွားတွေရော ငြိမ်နေကြတာဗျာ။

ရွာထဲမှာ ကျားဝင်လာရင် ဒီကောင်တွေ

ဘယ်ငြိမ်နေပါ့မလဲဗျာ။ မနက်မိုးလင်းတော့

ယာထဲစောစောဆင်းမယ့်သူတွေ ရွာပြင်ထွက်ပြီး

သွားလာလုပ်ကိုင်မယ့်သူတွေ တစ်ယောက်မှ

မထွက်ဝံ့ဘူးပေါ့ဗျာ။

 

အဲဒီထဲမှာ ကျုပ်လည်း ပါတယ်ဗျ။

 

“ဟဲ့ တာတေ ။ နင်ကရော စောစောစီးစီး

ဘယ်သွားမလို့တုံး ဖင်တကြွကြွနဲ့”

 

“ကျုပ် လူတစ်ယောက် သွားခေါ်ရမှာမို့လို့ အမေရ”

 

“ဘာ ဘယ်ကလူတုံး”

 

ဆရာတော်ဆိုတဲ့အသံ ကြားတော့မှ အမေ ငြိမ်သွားတာဗျ။

 

“ကြည့်လည်းသွား ကျားက ခြုံတောထဲ ဝပ်ချင်ဝပ်နေမှာ”

 

“ဟုတ်ကဲ့ပါ အမေ”

 

လို့ပြောပြီး ကျုပ် ဇွတ်ထွက်ခဲ့တယ်။ကျုပ်က

ဆေးလွတ်အိတ်ကို စလွယ်သိုင်း လွယ်ထားတာ

တွေ့တော့ အမေက ကျုပ်ကို မျက်မှောက်ကြိုတ်ပြီး

ကြည့်နေတယ်ဗျ။

 

သမုန်းအိုင်ကို ကျုပ်ရောက်တော့ သစ်ရွက်တွေပေါ်ကို

နှင်းတွေ တပေါက်ပေါက် ကျနေတာဗျို့။ညက

အိပ်မက်ထဲမှာ ကျုပ် ရောက်ခဲ့တဲ့ အိမ်ကလေးကို

လိုက်ရှာနေတုန်းဗျ။

 

“ဝေါင်း ဝေါင်း ဝေါင်း”

 

ဟာ ဒါ ညက ကျုပ်တို့ရွာမှာ ကြားလိုက်ရတဲ့

ကျားဟိန်းသံကြီးပဲဗျ။ ကျုပ် ကပျာကယာပြေးပြီး

တောင်ထန်းပင်နောက်ကို ပြေးကပ်လိုက်တယ်။

ကျားသံကြားတဲ့ဘက်ကို လှမ်းကြည့်လိုက်တော့

ဟာ တွေ့ပြီဗျို့။ တွေ့ပြီ။ ညက ကျုပ် အိပ်မက်ထဲမှာ

ရောက်ခဲ့တဲ့ အိမ်ကလေးဗျ။

 

မဖဲဝါတို့သားသမီး နေတဲ့အိမ်ဗျ။ ဟာ ကျား ။ ကျား

ကိုးတောင်းကျားကြီးဗျ။ အိမ်ကလေးကိုပတ်ပြီး

သွားနေတာ။ ခါးကြီးက တနွဲ့နွဲ့နဲ့ဗျ။

 

ကျုပ်က ကျား အိမ်ဟိုဘက်ကို ရောက်သွားတဲ့အချိန်မှာ

ရေအိုင်ဘေးကပတ်ပြေးပြီး အိမ်နားကို နီးအောင်

ရွှေ့လိုက်တယ်။ အလို အိမ်ရှေ့မှာ မတ်တပ်ကြီး

ရပ်နေတာ မဖဲဝါဗျ။ ကျားကို သူ ဘာမျှမလုပ်ဘူး။

ဖဲညိုရော။ ဖဲညို။ ကျုပ်လိုက်ကြည့်တယ်။

ဖဲညိုကို မတွေ့ဘူး။

 

ဟော ကျားက အိမ်ကို တစ်ပတ်,ပတ်ပြီး ဒီဘက်

ပြန်ရောက်လာပြီဗျို့။ကျုပ်က ပိတောက်ပင်ကြီး

နောက်မှာ ကပ်ပြီး ငြိမ်နေလိုက်ရတယ်။

ကျားက အိမ်ကိုပတ်နေပုံထောက်ရင် ဖဲညို

အိမ်ထဲမှာပဲ ရှိလိမ့်မယ်ဗျ။ ကျားက ကလေးကို

ခြောက်နေတာပဲ ဖြစ်မယ်။

 

“ဟား ဟား ဟား ဟား မဖဲဝါ နင် ဘာတတ်နိုင်သေးတုံး

နင် သားတစ်ယောက် မွေးနေတယ်ဆိုတဲ့သတင်း

ကြားကတည်းက ငါလိုက်နေခဲ့တာ။နောက်ဆုံးနေ့မှာပဲ

လာပြီးမိတော့တာကိုး ။ ဒီနေ့ နင့်သားကို ထနောင်းကုန်း

ဆရာတော်ဆီအပ်ပြီး ဒီနေရာကနေ နင်အပြီး

ထွက်သွားတော့မှာကို ငါသိလို့ ညက တစ်ညလုံး

ထနောင်းကုန်းက ကောင်တွေ အပြင်ထွက်မလာရဲအောင်

ကျားသံပေးခဲ့ပြီးသား ။

 

ခုလောက်ရှိရင် ကလေး

လာခေါ်မယ့်အကောင် ကြောက်ချီးပါပြီ

အိမ်ပြင်ကိုတောင် ထွက်လာနိုင်မှာ မဟုတ်ဘူး

ကြားလား ။ ကဲ နင့်သားကို အိမ်ထဲမှာ ငါ

ဖမ်းထားလိုက်ပြီ ။ နင်ဆီက ငါလိုချင်နေတဲ့

မြောက်ဘက်ရှင်မရဲ့ ‘ပညာဗူး’ အခုပေး။

နင် စောင့်နေရတာမှန်း ငါအတတ်သိတယ်။

မပေးရင် နင့်သားကို ငါခေါ်သွားမယ်။

ငါလို ကဝေရာဇာဖြစ်အောင် ငါလုပ်ပေးမယ်”

 

 

“တောက်”

 

ဟာ မဖဲဝါက တောက်ခေါက်တယ်ဗျ။ လူကတော့

မလှုပ်နိုင်ဘူး ။ ကျုပ်သေသေချာချာ ကြည့်လိုက်တော့မှ

သြော် ကဝေက စက်တွေနဲ့ ဖမ်းထားတာကိုး။

ကျုပ် ချက်ချင်းမျက်ကွင်းဆေးသွေးပြီး ကွင်းလိုက်တယ်။

 

ကျုပ်ဆေးလွယ်အိတ်မှာက အစုံပါပြီးသားလေဗျာ။

ဒီတော့မှ ကဝေစက်တွေကို ကျုပ်သေသေချာချာ

မြင်ရတာဗျ။ မဖဲဝါရဲ့ တစ်ကိုယ်လုံးမှာကို ကဝေစက်တွေ

ပတ်ထားတာဗျို့။ဒါကြောင့် မဖဲဝါ မလှုပ်နိုင်တာ။

 

“သြော် သရဲမက တောက်တော့ ခေါက်နိုင်သေးတာကိုး

နင် ဘယ်လောက် ခေါင်းမာမလဲ သိရသေးတာပေါ့”

 

ပြောပြောဆိုဆိုနဲ့ ကဝေရာဇာ သူ့ပါးစပ်ထဲက

စိမ်းစိမ်းပြာပြာစက်တွေကို ထပ်လွှတ်နေတယ်ဗျ။

 

ကျုပ်က ဆေးလွယ်အိတ်ထဲက သံကဝေရုပ်ကလေးကို

ထုတ်ယူလိုက်ပြီး ဂါထာစုတ်လိုက်တယ်။

ကျုပ်ဆရာကြီးတွေ ကျုပ်ကို ချီမြှင့်ခဲ့တဲ့ အရုပ်လေဗျာ။

 

သံကဝေနဲ့ တွေ့လို့ကတော့ ဘယ်ကဝေစက်မှ

မခံနိုင်ဘးဗျို့။ ကျုပ် အကြိမ်ကြိမ် မြင်ဖူးပြီးသားဗျ။

ကျုပ် လက်ဖဝါးပေါ်မှာ တဝင်းဝင်းနဲ့ လက်လာတယ်ဗျို့။

ဟော ပျံသွားပြီ။ ပျံသွားပြီ။ သံကဝေရုပ်ကလေး

လေထဲကို ပျံထွက်သွားပြီ။

 

“ဝီ ဝီ ဝီ”

 

အလင်းဝိုင်းတစ်ခု ထွက်သွားတဲ့ သံကဝေရုပ်ကို

ကဝေရာဇာက မော့ကြည့်ပြီး မျက်လုံးကြီး

ပြူးသွားတယ်။ မဖဲဝါကတော့ ကျုပ်ရောက်နေပြီ

ဆိုတာကို သိသွားတာပေါ့ဗျာ။

 

သံကဝေရုပ်ကလေးက ကဝေကြီးရဲ့ခေါင်းအပေါ်မှာ

ပတ်ပြီး ပျံနေတာဗျို့။ဟော ဟော ကဝေကြီးရဲ့

ပါးစပ်က ထွက်နေတဲ့ စက်တွေ အရောင်မှိန်သွားပြီဗျ။

မဖဲဝါကို ပတ်ထားတဲ့စက်တွေလည်း အရောင်

မှိန်မှိန်လာပြီး ပျောက်သွားပြီ။ ဟော မဖဲဝါရှေ့ကို

တစ်လှမ်း လှမ်းထွက်လာပြီး ကျုပ် ဂါထာရွတ်ပြီး

သံကဝေရုပ်ကလေးကို ပြန်သိမ်းလိုက်တယ်။

 

“ဘုန်း”

 

ရိုက်ပြီဗျာ။ မဖဲဝါရဲ့ သံလက်ဝါး ရိုက်ချက်လေဗျာ။

ကဝေရာဇာ ဆိုတဲ့လူ ရှေ့ကို ဟပ်ထိုးလဲကျသွားတယ်။

 

“ဝေါင်း”

 

ဟာ ကျားကြီးတစ်ကောင်ဗျို့။သစ်မလဲတောင်ကုန်းက

ပြေးဆင်းလာတာ။ကိုးတောင်ကြီးကြီး သုံးတောင်

စာလောက် ရှိမှာဗျ။

 

ဟာ ကဝေကောင် ပြေးပြီဗျို့။မှောက်လျားထိုး

လဲကျ နေရာကနေ ချက်ချင်းကုန်းထပြီး ပြေးတာဗျို့။

ကျားကြီးက သမုန်းအိုင်ကြီးကို လွှားကနဲ

ကျော်ခုန်လာတာဗျို့။ကျုပ်ဖြင့် ပိတောက်ပင်ကြီး

နောက်မှာကပ်ပြီး အသားတဆတ်ဆတ်

တုန်နေတော့တာဗျို့။

 

“ဝေါင်း”

 

ကဝေကောင်ကြီး ပြေးလို့ လွတ်နိုင်မလားဗျာ။

မဖဲဝါတို့ အိမ်လေးအလွန်လောက်မှာ ကျားကြီးက

ကဝေကို ခုန်အုပ်လိုက်တယ်။

 

“အား”

 

ကဝေရဲ့ အသံနက်ကြီးနဲ့ အော်သံက တစ်တောလုံး

လွှမ်းသွားတယ်။ သွားပြီဗျာ။ တင်းတောင်းတစ်လုံး

လောက်ရှိတဲ့ ခေါင်းကြီးနဲ့ ကျားက ကဝေကို

ပါးစပ်ကြီးထဲမှာချီပြီး သစ်မလဲတောင်ကုန်းပေါ်ကို

တက်ပြေးသွားတာများဗျာ လွှားကနဲ လွှားကနဲ

နေတာဗျ။ ကျုပ် ရိပ်စားမိပါတယ်။ ဒီကျားဟာ

သစ်မလဲတောင် ဘိုးဘိုးကြီးရဲ့ နတ်ကျားကြီးပဲ

ဖြစ်မှာပေါ့ဗျာ။

 

မဖဲဝါက အိမ်ထဲဝင်ပြီး ဖဲညိုလေးကို လက်ဆွဲပြီး

ခေါ်ထုတ်လာတယ်။ ဖဲညိုကတော့ အပြင်မှာ

ဖြစ်သွားတာတွေကို သိပ်သိပုံမပေါ်ဘူးဗျ။

 

“တာတေ ဖဲညိုကို ဆရာတော့်ဆီမှာ အပ်လိုက်ပါ

ဖဲညိုက သာသနာဘောင်နေပြီး သာသနာပြုမယ့်

ပုဂ္ဂိုလ်ပါ ဒါကြောင့် ဘိုးဘိုးနဲ့ ငါ သူ့ကို

စောင့်ရှောက်ပေးကြရတာ”

 

ဖဲညိုက အဝတ်အစား ထည့်ထားတဲ့ လွတ်အိတ်ကလေး

စလွယ်သိုင်းပြီး ကျုပ်နဲ့ လိုက်လာတယ်။ကျုပ်က

ဖဲညိုကို ကျောပိုးပြီး တောထဲကနေ အမြန်ဆုံး

ထွက်ခဲ့တယ်။ ရွာတို့ လူတို့ကို တစ်ခါမှ မမြင်ဖူးတဲ့

ဖဲညိုလေးက ထနောင်းကုန်းကို ရောက်တော့

တအံ့တသြ ဖြစ်နေတာပေါ့ဗျာ။

 

ကျုပ် ဖဲညိုကို ဆရာတော် ဦးဂုဏဆီမှာ အပ်လိုက်တယ်။

ဆရာတော်ကလည်း ဖဲညိုကို မြင်မြင်ချင်း ဂရုဏာဖြစ်ပြီး

လက်ခံလိုက်တယ်ဗျ။ အဲဒီနေ့ကစပြီး ဖဲညိုဟာ

ဆရာတော် မွေးစားတဲ့သား ဖြစ်သွားတာပေါ့ဗျာ။

 

ခုဆိုရင် ဖဲညို ကိုရင် ဝတ်ထားတာ နှစ်နှစ်တောင်

ရှိပြီဗျ။ ကျုပ်တို့ ရွာသားတွေက ကိုရင်ဖဲညိုရဲ့

လာရာကို မသိပေမယ့် ကိုရင်ဖဲညိုကို ခင်မင်ကြတယ်။

 

ကြည်ညိုကြတယ်။ ကိုရင်ဖဲညို ဆွမ်းခံထွက်ရင်

အလုအယက်ကို ဆွမ်းလောင်းကြတာဗျို့။

ကိုရင်ဖဲညိုက သူ့ကို တောထဲက ခေါ်လာခဲ့တဲ့

 

ကျုပ်ကတော့ သံယောဇဉ် အရှိဆုံးပေါ့ဗျာ။

တစ်ခါ တစ်ခါတော့ သူ့အမေ မဖဲဝါကို ကိုရင်ဖဲညို

သတိရနေတတ်တယ်ဗျ။

 

ပြီးပါပြီခဗျာ

 

စာဖတ်ပရိတ်သတ်များ အားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ။

 

ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေး

နဲ့ အားပေးသွားပါအုံးဗျာ။