မလွန်ဆန်နိုင်သော သေခြင်း

မလွန်ဆန်နိုင်သော သေခြင်း(စ/ဆုံး)

–—————————————

အချိန်ကား လွန်ခဲ့သော နှစ်ပေါင်း လေးဆယ်ခန့်ကဖြစ်သည်။
ခရစ်သက္ကရာဇ် 1980 ကျော် အချိန်က ရှမ်းပြည်နယ်၏မြို့တော်ဖြစ်သော တောင်ကြီး မြို့သည် သစ်ပင်သစ်တော ကြီးများ ဖြင့်ဖုံးလွှမ်းလျှက် ရာသီဥတုမှာ အလွန်အေးစိမ့်၍ လူဦးရေသည်လည်း သိပ်သည်းမှုမရ်ှိသေးပေ။

ထိုစဥ်က ထိုမြို့ကြီးတွင် ရှမ်းအနွယ်ဝင် တိုင်းရင်းသားများ အများဆုံးနေထိုင်ကြကာ ​စီးပွားရေး လုပ်ငန်းများမှာလည်း သနပ်ဖက်.. ကြက်သွန်ဖြူ…လိမ္မော်သီးး.. သစ်တော်သီး နှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသူများပြားသည်။

ထိုမြို့ကြီးတွင် မင်္ဂလာဦးရပ်ကွက်ဟူ၍ရှိပြီး ထိုရပ်ကွက်အား မြို့ဦးဟူ၍လည်း ခေါ်ကြသည်။

ထိုရပ်ကွက်လေး ၌ကား ရှမ်းလူမျိုးများ အပြင် တရုတ်လူမျိုးအတော်များများလည်း နေထိုင်ကြသည်။
ထိုရပ်ကွက်၌ နေထိုင်ကြသူများထဲတွင် နန်းရီတို့မိသားစုလဲ အပါအဝင်ဖြစ်သည်။

မှိုင်းညှို့ နေသော တောင်တန်းကြီးသည် မင်္ဂလာဦး ရပ်ကွက်၏ အရှေ့ဘက်တွင် ပန်းချီကားတစ်ချပ်ပမာ လွမ်းမောဖွယ်ရာ တန်ဆာဆင်ထားသည်။

မင်္ဂလာင်္ဦးရပ်ကွက် ၏ အရှေ့ဘက်ခြမ်း၌ တိုက်ခြောက်လုံးဟူသော ဝန်ထမ်းများ နေထိုင်ရာ စုပေါင်း ဝန်ထမ်းအိမ်ယာ ရှိပြီး တိုက်ဆင်တူ အဆောက်အဦး ခြောက်လုံး ရှိသောကြောင်​့ တိုက်ခြောက်လုံး ဟူ၍ အလွယ်တကူ ခေါ်ခဲ့ကြခြင်း ဖြစ်မည်ထင်သည်။

ထိုတိုက်ခြောက်လုံး အရှေ့ဘက်သို့ ဆက်သွားလျှင် တောင်တက်လမ်းလှေကာထစ်များဖြစ်ကာ တဖြည်းဖြည်း ကုန်းမြင့်ဘက်သို့ တက်သွားရသည်။
ထိုကုန်းမြင့်ရပ်ကွက်အား ဘုရားဖြူရပ်ကွက်ဟု သတ်မှတ်ထားသည်။

မင်္ဂလာဦး ရပ်ကွက်အရှေ့ဘက်တစ်နေရာတွင် သဲကျင်းများလည်းရှိသည်။

တစ်မြို့လုံးအတွက် လိုအပ်သော သဲများအား ထိုသဲကျင်းမှသာ တူးယူ အသုံးပြုကြသည်။

နန်းရီတို့ မိသားစုကား မင်္ဂလာဦးရပ်ကွက်ရှိ မြို့ဦး ဘုန်းကြီးကျောင်း၏ တောင်ဘက် ခပ်ယွန်းယွန်း အရပ်၌ နေထိုင်ကြခြင်း ဖြစ်သည်။

နန်းရီသည် ကလေးသုံးယောက် မိခင်ဖြစ်ပြီး ယခုလည်း ထပ်မံကိုယ်ဝန်ဆောင်ထားရသည်။

နန်းရီသည် ရှမ်းလူမျိုးဖြစ်ပြီး သူမ၏ ခင်ပွန်းအမည်မှာ ကိုသန်းဖြစ်ကာ အညာသား ဗမာလူမျိုးဖြစ်သည်။

နန်းရီသည် ဒေါ်ရင်၏ တစ်ဦးတည်းသော သမီးဖြစ်သောကြောင့် သမီးဖြစ်သူအိမ်ထောင်ကျသော်လည်း သမီးလေးနှင့်မခွဲနိုင်သောဒေါ်ရင်က သားမက်ဖြစ်သူ ကိုသန်းကိုလည်း မိမိ အိမ်သို့ လိုက်ပါနေထိုင်စေသည်။

ရှမ်းပြည်နယ်၏ ဆောင်းမနက်ခင်းသည် မြူနှင်းများဝေကာ ချမ်းအေးလှသောကြောင့် မီးဖိုများဘေး၌ မီးလှုံကြရသည်။

နံက် ဆယ်နာရီခန့်မှ နေထွက်သောကြောင့် နေထွက်လာချိန်တွင် နေစာလှုံကြတော့သည်။

နန်းရီတို့ အိမ်ဘေး၌ တရုတ်လူမျိုး မိသားစု နေထိုင်ကြသည်။

ထိုတရုတ်လူမျိုးမိသားစုတွင် အဖိုးကြီးတစ်ဦးလဲ ရှိပြီး ထိုအဖိုးကြီး အမည်မှာ ဦးဝမ်ဟောင် ဖြစ်ကာ သူ၏ကျန်းမာရေး မှာလည်း သိပ်မကောင်းလှပေ။

နန်းရီ၏ ဖခင်မှာ နန်းရီမြီးကောင်ပေါက် အရွယ်ကတည်းက အရက်သောက်သဖြင့် အသည်းရောဂါဖြင့် ကွယ်လွန်သွားရှာပြီဖြစ်သည်။

နန်းရီမိခင်လည်း နောက်ထပ်အိမ်ထောင်မပြုတော့ဘဲ မုဆိုးမဘဝဖြင့် သာ သားအမိနှစ်ဦး နေထိုင်သည်။
သမီးဖြစ်သူအိမ်ထောင်ကျသွားသောအခါ တွင်လည်း သားမက်ဖြစ်သူကိုပါ မိမိအိမ်၌နေစေပြီး ယခုတော့ မြေးများဖြင့် ပျော်ရွှင်နေပြီဖြစ်သည်။

“နန်းရီရေ… ငါ့သမီး…နင်.. ဒီတစ်ယောက်မွေးပြီးရင်တော့ ကလေးထပ်မယူနဲ့တော့ နော်…
ငါ့သမီးလေး ပင်ပန်းတယ်…
ကလေးတစ်ယောက်မွေးပြီး ကြီးလာတဲ့ အထိ လူတန်းစေ့ ထားနိုင် အောင်ပြုစုရတာ မလွယ်ဘူး… အမေရှိနေရင်တော့ အကြောင်းမဟုတ်ဘူး… အမေမရှိတော့ရင် သမီးက.. ကလေးတပြုံတမနဲ့ ဒုက္ခ ရောက်နေမယ်.. နင့်ယောက်ျား မောင်သန်းကလဲ လူအေး.. စီးပွားရှာကလည်း နှေးတော့ အမေမရှိရင် သမီးတို့ ကလေးတွေနဲ့ ဝမ်းရေးကမလွယ်ဘူး… ”

” ဟုတ်အမေ… သမီးဒီတစ်ယာက်မွေးပြီးရင် သားကြောဖြတ်လိုက်တော့မယ်အမေ… ခုကတည်းက သားကြောဖြတ်ဖို့ ဆေးရုံမှာ.. လျှောက်လွှာ ကြိုတင်ထားလိုက်မယ်”
(ထိုစဥ် အချိန်က သားကြောဖြတ်ရန်အတွက် ဆေးရုံ၌ ကြိုတင် လျှောက်လွှာတင်ကြရလေသည်)
သမီးဖြူသူ ကိုယ်လေး လက်ဝန်နှင့် သွားလာနေသည်ကို ကြည့်ရင်း ဒေါ်ရင်တစ်ယောက် ကရုဏာ သက်မိသည်။

” နန်းရီရေ… မိန်းမ… မင်းအပြင်ထွက်ရင် ဂရုစိုက်နော်… သဲကြမ်းတင်တဲ့ ကားတွေက အရမ်းမောင်းတာ.. တော်ကြာ.. ဝင်တိုက်ရင်အခက်သား… ”

” အေးပါ.. အစ်ကိုရေ.. နန်းရီက အိမ်ပြင်သိပ်ထွက်တာမှ မဟုတ်တာ… ကလေးတွေကလဲ အိမ်ထဲမှာပဲ နေကြတာ… ဩ.. ဒီတစ်ခေါက် ဆေးရုံမှာ ဗိုက်အပ်ရင် သားကြောဖြတ်ဖို့ လျှောက်လွှာတင်ရမယ်… အစ်ကိုသတိပေးဦးနော် ”

” အေးပါ မိန်းမရယ်.. မင်းလဲ ပင်ပန်းလှပြီ ” ဟု ချစ်ဇနီးအား ကြည့်ကာ ကရုဏာ သက်စွာ ဆိုရှာလေသည်။

အူး..ဝူး…ဝူး…

မှောင်မဲတိတ်ဆိတ်နေသော ညသန်းခေါင်ယံ အချိန်၌ ရှည်လျားစွာ ထွက်ပေါ်လာသော ခွေးအူသံ ကြောင့် နန်းရီ ရုတ်တရက် လန့်နိုးလာသည်။

နန်းရီ အပေါ့သွားချင်လာသောကြောင့် အိပ်ယာမှ ထလိုက်စဥ် ကိုသန်းက

” မိန်းမ ဘယ်သွားမို့လည်း… အပြင်မှာ ခွေးတွေ အရမ်းအူနေတယ်… အပေါ့သွားချင်ရင် ဆီးအိုးထဲ သွားလိုက်နော်… ကိုယ်ဝန်ဆောင် ထားရင် လ်ိပ်ပြာ လှတယ်… မမြင်အပ်တာတွေလဲ မြင်ရတတ်တယ်… ခုတလော ဒီလမ်းထဲ ခွေးတွေ အရမ်းအူနေတာ နိမိတ်မကောင်းဘူး နန်းရီ ” ဟုဆိုကာ ဖယောင်းတိုင် အား မီးတို့လိုက်သည်။

ထိုစဥ် အချိန်က လျှပ်စစ်မီးများမှာ သုံးရက်ခြားမှ တစ်ခါလောက် လာတတ်လေရာ ဖယောင်းတိုင်ကိုသာ အဓိက အားကိုးရသည်။

ကိုဌေး ပြောမည် ဆိုလည်း ပြောချင်စရာပေ… ယခု ရက်ပိုင်း နန်းရီတို့ အိမ်ရှေ့လမ်း၌ ညဘက်တွင် ခွေးများ မကြာခဏ အူတတ်သည်။

ထိုသို့ ခွေးများအူသော လမ်း၌ မကြာမီ လူသေဆုံး တတ်၏။

ညအချိန်ခွေးများအူရခြင်းမှာ သင်္ချိုင်းစောင့် မဖဲဝါက အလောင်းထမ်းကာ သေမည့်သူ အိမ်ရှိရာသို့ လာခြင်းကို တွေ့မြင်သောကြောင့် အူကြခြင်း ဖြစ်ပြီး ထိုအချိန်တွင် အူနေသော ခွေးများကို မခြောက်လှန့်သင့် ဟု စာအုပ်တစ်အုပ်၌ ရေးသားထားသည်ကို ဖတ်ရှုခဲ့ရဖူးသည်။

အကယ်၍ ထိုသို့ ခွေးအူနေခြင်းကို ခြောက်လှန့်မောင်းထုတ်မိပါက မဖဲဝါသည် မိမိအိမ်ရှေ့၌ ပင် အခေါင်းအား ပစ်ချတတ်လေရာ နာရေးဖြစ်မည့် အိမ်သည် မိမိအိမ်ဖြစ်သွားတတ်သည်ဟု ဖတ်ရှုဖူးလေသည်။( ဤကားစကားချပ်)

ညအချိန်ထိုလမ်း၌ ခွေးများအူခြင်းကြောင့် နန်းရီတို့ အိမ်ဘေးမှ တရုတ်အဖိုးကြီး၏ သားဖြစ်သူ အားလျန်လည်း တရုတ်ဘုံကျောင်းသို့ သွားကာ သူ၏ မိသားစုအတွက် ဗေဒင်မေးသည်။

အားလျန်၏ အမျိုးသမီးမှာ အားမိန် ဟု အမည်တွင်ပြီး နန်းရီ နှင့်လည်း အတော်လေး ရင်းနှီးသည်။

” နန်းရီရေ… ဘာလုပ်နေလဲ… နင့်နဲ့ ကလေးတွေ စားဖို့ ဝက်ဆီဖတ်ကြော်လာပို့တာဟေ့… ”

” လာဟေ့ အားမိန်… ငါရှိတယ်… အိမ်မှာ ခေါက်ဆွဲ ကြော်နေတာ… နင်လာတာနဲ့ အတော်ပဲ… နင့်အဖေအတွက် ခေါက်ဆွဲကြော်ယူသွားဦး”

“အေး… အေးး… နန်းရီ ငါနင့်ကို ပြောစရာ ရှိလို့ဟ… ဒီမနက် ငါ့ယောက်ကျားအားလျန်က မနက်က ဘုံကျောင်းမှာ ဗေဒင်သွားတွက်တာ..ဗေဒင်က ဟောလိုက်တယ်… သိတယ်မို့လား…အာ့ဗေဒင်က အရမ်းမှန်တာ… လေ.. ”

” အင်း သိတယ် မျက်မမြင် အဖိုးကြီး ဟောတာမို့လား…ဆိုစမ်းပါဦး.. နင့်ယောက်ျားကို ဗေဒင်ဆရာက ဘာပြောလိုက်လဲ… ”

“မိသားစုထဲက တစ်ယောက်ယောက်သေတတ်တယ်… ခြေနှစ်ချောင်းထွက်ကိန်းရှိတယ်တဲ့… သေရင်လဲ ကားတိုက်သေမယ်တဲ့…. သေမယ့်သူက ယောက်ကျား တဲ့…ကံဆိုးမှုတွေကလွတ်နိုင်အောင်.. ဒီည ဘိုးဘွားတွေကို ကန်တော့မလို့… စိတ်ညစ်တယ်ဟာ… အားလျန်အဖေက လူမမာ… အိမ်ထဲအိမ်ပြင်တောင် ထွက်တာ မဟုတ်ဘူး…ငါ့ယောက်ျားကသာ နေ့တိုင်းအပြင်ထွက် အလုပ်သွားနေတာ… စိတ်ပူတယ်… အိမ်မှာက ယောက်ျားဆိုလို့ သူ့အဖေရယ်.. ယောက်ျားအားလျန် ရယ်ဘဲရှိတာ.. ကျန်တာ က သမီးနှစ်ယောက်နဲ့ ငါတို့က မိန်းမတွေမို့လား…အားလျန်လဲ ကြောက်နေရှာတယ် ”

” ကဲပါ အားမိန်ရယ် အရမ်းကြီးစိုးရိမ်မနေပါနဲ့… နင့်ယောက်ျားက သူများအပေါ် အရမ်းစိတ်ရင်း ကောင်းတယ်… ဘာမှမဖြစ်ဘူး… နင့်ယောက်ျားအတွက်.. အန္တရာယ်ကင်းအောင် နင်တို့ဘုရားမှာဆုတောင်းပေါ့.. ဒီည နင်တို့ဘိုးဘွားတွေရဲ့ဝိဉာဏ်တွေကို ကုသိုလ်ပြုရင်လဲ နင့်ယောက်ျားနဲ့ မိသားစု အန္တရာယ်ကင်းအောင်ဆုတောင်းပေါ့ အားမိန်ရယ်”
” အင်းပါ မရီ.. ညဘက်ကျ လာဦးလေ.. ငါလဲ ခုအိမ်ပြန်ပြီး လုပ်စရာရှိတာ လုပ်ဦးမယ်”

ဟုဆိုကာ မရီပေးလိုက်သော ခေါက်ဆွဲကြော် ပန်းကန်လေးအား ကိုင်ကာ ခပ်သွက်သွက် ထွက်သွား၏။
မရီလဲ အားမိန်၏ နောက်ကျောအား ကြည့်ကာ သက်ပြင်းချလိုက်မိသည်။

” မိန်းမ နင်ကဗိုက်ကြီးနဲ့ ညဘက် သူတို့အိမ်ကို မသွားနဲ့နော်.. ငါပဲ သွားကူလိုက်မယ်… သူတို့က ဝိဉာဏ်တွေကို အသားတွေ ကျွေးမှာ… ”

” အင်းပါ.. မသွားပါဘူး…” ဟုမရီက သူ့ယောက်ျားအား ပြောကာ လုပ်စရာရှိသည်များကို ဆက်လက်လုပ်ကိုင်နေသည်။

အခန်း (၂)

ညချမ်း၌ ထွက်ပေါ်လာသော လရိပ်ကွေးလေးသည် အေးချမ်းသော ညလေးကို ကြိုဆိုနေသယောင်ပင်။
မကြာမီ အားမိန်တို့အိမ်မှ ဝိဉာဥ်ခေါ်ခေါင်းလောင်းများ တီးခတ်သံကို ကြားလိုက်ရသည်။
အားမိန်တို့ ​အိမ်ရှေ့ ခြံဝန်းအတွင်းတွင် အသားဟင်းလျားများ စုံစွာ တည်ခင်းထားပြီး အမွှေးတိုင်များလည်း ထွန်းညှိထား၏။

မရီလဲ အိပ်ယာထဲ၌ လဲလျောင်းနေရင်း ညောင်းညာလာသဖြင့် အိမ်ခန်းထဲမှထွက်ကာ သားသမီးများ အိပ်နေသော အိပ်ယာခန်းဘက် သို့ ချောင်းကြည့်လိုက်သည်။

မရီ၏ သားသမီးသုံးယောက်က သူတို့၏ အဖွားနှင့် အတူအိပ်ကြခြင်းဖြစ်သည်။

မရီ၏ သားသမီးသုံးယောက်ကား သူမ၏ အမေအခန်း၌ အိပ်မောကျနေပြီဖြစ်သည်။

သူမကို မြင်တော့ သူမ၏ မိခင် ဒေါ်ရင်လည်း အိပ်ယာခန်းမှ ထွက်လာလေသည်။

“အမေ..မအိပ်သေးဘူးလား”

” ဘယ်အိပ်ပျော်မှာလဲ..အားမိန်တို့အိမ်ဘက်က ခေါင်းလောင်းသံတွေနဲ့ ဆူညံနေတာ… နင့်ကလေးတွေက.. တစ်နေကုန်ဆော့ထားလို့ စောစောအိပ်ကြတာ.. ငါကဘယ်အိပ်နိုင်ဦးမှာလဲ”

မရီတို့ သားအမိလည်း တဘက်များခြုံကာ ဝရံတာဘက်ထွက်လာရင်း စကားစမြည်များ ပြောနေကြရင်း အားမိန်အိမ်ဘက်သို့ ကြည့်နေကြသည်။
အားမိန်အိမ်ရှေ့တွင် စားသောက်ဖွယ်ရာများ အပြင် မီးဖိုလေးတစ်ခုကိုလည်းဖိုထားသည်။
ထိုမီးဖိုလေး၌ သေဆုံးပြီးသူများအတွက် တရုတ်ငွေစက္ကူများအားမီးရှို့ပေးရန်ဖြစ်သည်။

ထိုသို့မီးရှို့ပေးမှသာ သေသူများက တမလွန်တွင် ငွေများသုံးစွဲနိုင်မည် ဖြစ်သည်ဟု ယူဆကြလေသည်။
မရီကြည့်နေစဥ် စားသောက်ဖွယ်ရာ ခင်းကျင်းထားသော စားပွဲအနီးတွင် အဖြူရောင် ဝမ်းဆက်ဝတ်ဆင်ထားသော အရိပ်သဏ္ဉာန်များကို တွေ့လိုက်ရသည်။
မရီလည်း လန့်ကာ ကြောင်ကြည့်နေစဥ် တရုတ်အဖိုးကြီးဟု ယူဆရသူသည် မျက်တွင်းဟောက်ပက် ဖြူဖတ်ဖြူရော်မျက်နှာနှင့် မရီတို့ ရှိရာ ဝရံတာဘက်ကို ကြည့်ကာ လှမ်းပြုံးပြပြီး အသားဟင်းများကို အားရပါးရ စားလေတော့သည်။

မရီလဲ အလွန်လန့်သွားကာ

“အမေ…အမေ… အဖိုးကြီးကိုတွေ့လား… ဟင် ဟိုမှာ သူတို့အိမ်ထဲကို လူတွေ ဝတ်စုံအဖြူနဲ့ တန်းစီပြီး လေးလေးပင်ပင်ကြီးတွေ လျှောက်ပြီးလာနေကြပြီ”

” လာသမီး.. ဝင်… အိမ်ထဲ မြန်မြန်ဝင်တော့…အပြင်မှာ မကောင်းဘူး… ဖိဖတ် ဖိဖတ်.. ”

ထိုသို့ ပြုလုပ်ပြီး သားအမိနှစ်ဦးလည်း အိမ်ထဲ အမြန်ဝင်ပြေးကြသည်။

အိမ်ထဲသို့ရောက်လျှင် ဒေါ်ရင်က ဘုရားစင်မှ ပရိတ်ရေဖြင့် မရီဦးခေါင်းအား အနည်းငယ် ဖျန်းပေးကာ ပရိတ်ရေအားလဲ တိုက်လိုက်သည်။

မရီလည်း အတော်လန့်သွားကာ အေးချမ်းနေသော ညချမ်း၌ပင် ဇောချွေးများပျံကာ ကိုယ်များပူလာပြီး ဖျားတော့သည်။

မရီ၏ အဖျားသည် သုံးရက်လောက်နေမှ သက်သာသွား၏။

မရီလည်း သက်သာသွားပြီမို့ ထိုနေ့မနက်ခင်းလေး၌ နေရောင်ထွက်စ အချိန်တွင် အိမ်ဘေး အုတ်ကန်လေး၌ ဘုရားပန်း များလဲလှယ်နေသည်။

ထိုစဥ် သဲကားတစ်စီးသည် မရီအိမ်၏ အုတ်တံတိုင်းနှင့် နီးကပ်စွာ ဖြတ်မောင်းသွားပြီး

“ဝုန်းးး..ဒုန်းးးး…ခွမ်း ……”

“အားးးး ”

ဟူသော ကျယ်လောင်သံကြီးများ ထွက်လာကာ သာယာသော မနက်ခင်းလေးသည်လည်း…ထိုသို့ ကျယ်လောင်သော ဆူညံသံကြီးများ ဖုံးလွှမ်း၍ အကျည်းတန်သွားလေတော့သည်။

“အားလျန်… အားလျန်… အဖေ့ကို ကားတိုက်သွားပြီ… အီးဟီးဟီးးး”

” သမီးရော… ဘာဖြစ်သွားလဲ…”
ဟူသော အားမိန်၏ ကျယ်လောင်သော အော်သံကို ကြားလိုက်ရသည်။

ထိုပတ်ဝန်းကျင်မှ လူများကလည်း အသံများ ကြားရာ အရပ်သို့ စုဝေးရောက်ရ်ှိလာကြတော့သည်။

အမေ… အမေ့သမီး မရီကို မလာစေနဲ့… ကလေးတွေကိုလည်း မလာစေနဲ့… ကျတော် သွားကြည့်ဦးမယ်… အားလျန်တို့ အိမ်ကို ကားဝင်တိုက်သွားတာ နေမှာ…ဟု ပြောရင်း မရီယောက်ျားလည်း အပြေးသွားကြည့်ကြ၏။

ထိုအခါ မြင်လိုက်ရသော မြင်ကွင်းကြောင့် မောင်သန်း၏နှုတ်မှ

” ဟာ…သွားပါပြီကွာ.. သေကုန်ပါပြီ.. ”
ဟု အလန့်တကြားအော်မိလေသည်။

မောင်ဌေး တွေ့လိုက်ရသည်ကား…
သဲကား အပြာရောင်ကြီးသည် အားလျန်တို့အိမ်၏ အုတ်တံတိုင်းကြီးအား အရှိန်ဖြင့် ဝင်တိုက်ကာ အိမ်ရှေ့တွင် နေပူစာ လှုံနေရှာသော အားလျန်၏ ဖခင် ဦးဝမ်ဟောင်အား ခါးမှတက်ကြိတ်မိခါ အူများပင် ထွက်ကာ သေနေသည်။

သွေးများက မြင်မကောင်းအောင် စိုရွှဲနေပြီး အားလျန်၏ သမီး အပျိုဖျန်းမလေးက ခြေထောက် ကျိုးသွားပုံရသည်။

ထိုနေရာသည် အမှတ် ၂ ရဲစခန်းနှင့် နီးသောကြောင့် ရဲများမကြာမီရောက်လာကာ ကားသမားအားစစ်ဆေး မေးမြန်းတော့သည်။

ကားသမီးလည်း အလွန်ထိတ်လန့် ယူကြုံးမရဖြစ်ကာ ငိုကြွေးနေပြီးး

” ဆရာတို့ရယ်… ခါတိုင်း ကျုပ်က ဟိုဘက်လမ်းက မောင်းနေကျပါ… ဒီနေ့မှ ဒီဘက်လမ်းကို မောင်းချင်စိတ်ရှိလို့ မောင်းလာပြီး ဒီအိမ်ရှေ့ ရောက်ခါနီးမှ ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်တော့ဘဲ… အုတ်တံတိုင်းကို ဝင်တိုက်မိတာပါ… ဟောဒီက တရုတ်ဘဘကြီး ထိုင်နေတာလဲ မသိပါဘူး… ဒီကလေးက ထပြေးလို့ ခြေထောက်ပဲ ထိမိတာ… အီးဟီးဟီး.. ကယ်ကြပါဦးး…. ကျုပ်မိန်းမနဲ့ ကလေးတွေက ကျုပ်မရှိရင် မဖြစ်ဘူး… မိသားစုကို ကျတော်ပဲ ရှာကျွေး နေရတာ.. တစ်ခါမှ ခုလို မဖြစ်ဖူးပါဘူးဗျာ”
ဟု ဆိုရင်း ကြောက်လန့်တကြား ငိုရှာသည်။

မြင်ရသူအဖို့ စိတ်နှလုံး မချမ်းမြေ့ဖွယ်ရာပင်…ဦးဝမ်ဟောင်လဲ မိမိအိမ်ထဲ၌ နေပူစာလေး လှုံရင်း ကားတိုက်ကာ အသေဆိုးဖြင့် သေရသည်။

ကားသမား လည်းထောင်ကျသွား၏။

လူသားများ၏ သေခြင်းတရားနှင့် ကံကြမ္မာန်သည် ကြောက်ဖွယ်ကောင်းလေစွ။

ထိုသတင်းလေးသည် တစ်မြို့လုံးသို့ ပျံနှံ့သွားကာ ကြားရသူများအဖို့ စိတ်မကောင်းဖြစ်ကြ ရကာ သတိသံဝေဂယူစရာ ဖြစ်ခဲ့သည်။

အခန်း(၃) ဇာတ်သိမ်း

ထိုအဖြစ်ဆိုးကြီးဖြစ်ပွားပြီး မကြာမီရက်ပိုင်းအတွင်း နန်းရီတို့မိသားစုလည်း အိမ်ကိုရောင်းချကာ အခြားရပ်ကွက်တစ်ခုသို့ ပြောင်းရွှေ့သွားကြ၏။

အား…ကျွတ်…ကျွတ်

ကိုယ်ဝန် နေ့စေ့လစေ့ နှင့် နန်းရီတစ်ယောက် မွေးခါနီးမို့ ဗိုက်က တစ်ချက်.. တစ်ချက် နာကျင်လာသလို ခံစားရသောကြောင့်

“အစ်ကို…အစ်ကို..ထ..ထ… နန်းရီ ဗိုက်နာလာသလိုပဲ…”
” ဟင်…ဟုတ်လား…ကိုယ်အခုပဲ ကားသွားငှားလိုက်မယ်…”

ကိုသန်းလည်း ကားငှားရန်ထွက်သွားလေရာ နန်းရီတို့ အသံကြောင့်ဒေါ်ရင်လဲ နိုးလာသည်။

” အမေ… အမေ့မြေးတွေနဲ့ နေခဲ့ဦး… သမီးဆေးရုံသွားမှရတော့မယ်… အမေစိတ်မပူနဲ့နော်… မနက်မှ.. ဒေါ်ပုအိမ်မှာ ကလေးတွေ အပ်ပြီးမှ.. အမေလိုက်လာခဲ့…ဗိုက်က ခုမှ..စ..ပြီး နာတာဆိုတော့ ချက်ချင်းမမွေး လောက်သေးဘူး… ဆေးရုံကြိုသွားထားမလို့ အမေ… သမီးက လေးယောက်မြောက်မွေး မှာဆိုတော့ အတွေ့အကြုံရ်ှိနေပြီ…”

” အေးအေး… ဂရုစိုက်နော်… လိုတာရှိရင် နင့်ယောကျ်ားနဲ့ မှာလိုက်… ”

” ဟုတ်အမေ… ဟော.. ကားရောက်လာပြီ… သမီးသွားမယ်.. အစ်ကိုရေ… အဝတ်အိတ်နဲ့ ခြင်းလေးယူလိုက်ဦး”

နန်းရီတို့ အငှားကားလေး လည်း တောင်ကြီးမြို့ မိခင်နှင့်ကလေး ဆေးရုံကြီး သို့ ရောက်ရှိလာသည်။

ထိုစဥ်အချိန်က မိခင်နှင့် ကလေးဆေးရုံကြီးသည် ယခုသုံးထပ်ဆောင် ပင် မရှိသေးပေ။

ယခု အဆောင်သစ်၏ အနောက်ဘက်တွင် ရ်ှိသော နှစ်ထပ်ဆောင် အဟောင်းသာ ရ်ှိသေးသည်။

ထိုနှစ်ထပ်ဆောင် ၏ အပေါ်ထပ်တွင် မမွေးရသေးသော ဗိုက်ကြီးသည် များ နေကြရပြီး… မွေးပြီး သူများက အောက်ထပ်တွင် နေကြရသည်။

နန်းရီလဲ ဗိုက်က တစ်ချက်… တစ်ချက်သာ နာသေးကာ… အနာမဆက်သေးသောကြောင့် သူမ၏ ဘေးကုတင်မှ ကိုယ်ဝန်ဆောင် မိတ်ဆွေနှင့် စကားလက်ဆုံကျလျှက် ရှိသည်။

မောင်ဌေး က နန်းရီ မမွေးသေးသဖြင့် လိုအပ်သည်များ ယူရရန် အိမ်သို့ ပြန်သွားသည်။

“ညီမက ဘယ်ကလဲ.. ဘယ်ရပ်ကွက်ကလဲ… မမက အရင်က မင်္ဂလာဦး က ခုတော့ ညောင်ဖြူစခန်းရပ်ကွက် ထဲ မှာ ပြောင်းတာ မကြာသေးဘူး”

” ညီမက ဘုရားဖြူ ရပ်ကွက်ကပါ၊အခုမှ တစ်ဦးမွေးမှာ ဆိုတော့ ကြောက်တယ် မမရယ်… ညီမက နှလုံးရောဂါ ရှိတယ်လေ… ဆရာဝန်တွေက ကလေး ပေးမယူဘူး… ညီမယောက်ျားက ခလေး အရမ်းကလေး လိုချင်နေတော့ ယူလိုက်တာမမ… ခုလဲ ဗိုက်က လရင့် လာတော့ နေရတာ မကောင်းဘူး မမရယ်… ဒီနေ့ မနက်တော့ သွေးနဲနဲ ဆင်းလာလို့ ဆေးရုံကို လာရတာ… မွေးမှမွေးနိုင်ပါ့မလား မသိပါဘူး… ”

နန်းရီလည်း သနားစဖွယ် ဆိုနေသော မိန်းကလေး ကိုကြည့်ကာ စိတ်မကောင်းဖြစ်မိသည်။

အသားက ဖြူသည်ထက် ဖျော့တော့နေသည်ဟု ထင်ရပြီး…နှုတ်ခမ်းများကလည်း ပြာနှမ်းနေသော သူမ ကို ကြည့်ရင်းး

“အားမငယ်ပါနဲ့ ညီမရယ်၊အားတင်းထားပါ… အိုဂျီလဲ အပ်ထားတယ် ဆိုတော့ ညီမမမွေးနိုင်လဲ ဆရာဝန်တွေက ခွဲမွေးပေးမှာပါ… အားနေရင် အင်္ဂုလိမာလ သုတ်လေး ရွတ်နေနော်…
ထိုစဥှ
” လူနာ မရီရှိလား… သားကြောဖြတ်မယ့် လူနာ… ဆရာဝန်ကြီးက စစ်ဆေးစရာတွေရှိလို့ လိုက်ခဲ့ပါ”

ထမီအနီဝတ် သူနာပြု ဆရာမလေး ခေါ်သောကြောင့် မရီလဲ ခေါ်ဆောင်ရာသို့ လိုက်သွားသည်။

အပြင်ဘက် ၌ နန်းရီ၏ မိခင်နှင့် ခင်ပွန်းသည်တို့က အဆင်သင့်စောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရလျှင် နန်းရီ စိတ်ကျေနပ်ကာ ဆရာဝန်ကြီးအခန်းသို့ သူနာပြုလေးနောက်မှ လိုက်ပါဝင်ရောက်သွားလိုက်သည်။
နန်းရီ အခန်းထဲသို့ ပြန်ရောက်ချိန်တွင် ဘေးမှ မိတ်ဆွေအား မတွေ့မိချေ။

နန်းရီလဲ ဗိုက်ကတစ်ချက် တစ်ချက်နာနေသောကြောင့် အနားယူရင်း အိပ်ပျော်သွားသည်။

ဗိုက်ထဲက ကလေး၏ တွန်းကန်လှုပ်ရှားမှုကြောင့် နန်းရီလန့်နိုးလာရာ နာရီကြည့်လိုက်သောအခါ ည၁၁နာရီပင် ထိုးနေပြီ။

မှတ်မှတ်ရရ ထိုနေ့ညကား တနင်္ဂနွေနေ့ ညပင်ဖြစ်သည်။
နန်းရီလဲ အိမ်သာသွားချင်သောကြောင့် အိမ်သာဘက်သို့ ထွက်လာလေသည်။
အိမ်သာသွားလမ်းတွင် မီးက ခပ်မှိန်မှိန် ထွန်းထားသော မီးလုံးဝါကျင်ကျင် တစ်လုံးသာရှိသောကြောင့် အတော်လေး မှောင်နေသည်။

နန်းရီလဲ အိမ်သာဘက်သို့ လျှောက်လာရာ သူမရှေ့ မလှမ်းမကမ်း၌ သူမ၏ ဘေးမှမိတ်ဆွေ ညီမအား အိမ်သာဘက်ဝင်သွားသည်ကို တွေ့လိုက်ရသောအခါ အဖော်ရှိသဖြင့် အားရှိသွားသည်။

နန်းရီလဲ အိမ်သာထဲသို့ဝင်လိုက်ရာ ဘေးက ပိတ်ထားသော တံခါးအခန်းမှ ရေသံကို ကြားလိုက်ရသည်။
“ညီမလေးလား…”

“အင်း…..”

“မမက အစောကဆေးသွားစစ်နေရလို့……”

“အင်း…….”

ထို့နောက် ဘေးအခန်းမှ တံခါး ရုတ်တရက် စောင့်ဖွင့်သံကြောင့် နန်းရီလဲလန့်သွား၏။

ထို့နောက် ခြေသံလေးလေးပင်ပင်ဖြင့် ထွက်သွားသံအား ကြားလိုက်ရသည်။
နန်းရီလဲ အိမ်သာထဲ၌ မိမိတစ်ယောက်တည်း ကျန်ခဲ့ ပြီ ဆိုသော အတွေးကြောင့် ကိစ္စပြီးအောင် အမြန်ဆောင်ရွက်ကာ အိမ်သာထဲမှ ခပ်သွက်သွက်ထွက်လာတော့သည်။

ထိုစဥ် မီးမှိန်မှိန်အောက်တွင် သူမအား ရပ်စောင့်နေသော သူမ၏ကုတင် ဘေးမှမိတ်ဆွေ မိန်းခလေး အားတွေ့လျှင် အားတက်သွားသည်။

သူမသည် ထမီပါတိတ် အနီပွင့်အကြီးနှင့် ဗိုက်ဖုံးအင်္ကျီ အဝါနုအား ဝတ်ဆင်ထား သောကြောင့် နန်းရီ မှတ်မိနေခြင်း ဖြစ်သည်။
သူမသည် မှောင်ရိပ်ထဲ၌ နန်းရီကို စောင်းငဲ့ ကြည့်ရင်း ဘေးတိုက်ရွေ့လျားနေသည်ဟု ထင်ရသည်။

နန်းရီက..ထိုအမျိုးသမီးနှင့် နီးမလာဘဲ ထိုအကွာအဝေး အတိုင်းသာ မြင်နေရသောကြောင့် ဖြစ်သည်။

နန်းရီသူမကို ကြည့်နေစဥ် သူမသည် ဘယ်ဘက် ရင်ဘတ် အား ဖိကာ နာကျင်နေပုံရပြီး ရုတ်တရက် သူမဗိုက်အား ကိုင်ကာ လူးလွန့်နာကျင်ဟန်ဖြင့် ဓာတ်လိုက်နေသူတစ်ဦးပမာတဆတ်ဆတ်ခါ လူးလွန့်နေသည်မို့

” ညီမ.. ညီမ ဘာဖြစ်တာလဲ…”

” အားးးး”

သူမ၏ နာကျင်စူးရှစွ အော်သံကြောင့် နန်းရီလဲ အလွန်ထိတ်လန့် သွားကာ တစ်ခုတည်းသော မီးလုံးလေးသည် ဖောက်ကနဲ မြည်ကာ ကွဲသွားသည်။

နန်းရီလဲ မီးသီး အကွဲစများအား ရှောင်ကာ အလျှင်အမြန် သူမထံ ပြေးသွားရာ သူမက နန်းရီနှင့် မျက်နှာချင်း ဆိုင်ရင်း နောက်ပြန်လျှောက်လျှက် လှေကား ထိပ်အရောက် နောက်ပြန်ဆင်းသွားသည်ကို အံ့သြစွာ တွေ့ရသည်။
နန်းရီ ကြည့်နေစဥ် လှေကား အောက်ထစ်မှ အမြန်ပြန်တက်လာသည်မို့ နန်းရီလဲ အလွန်လန့်ကာ ရုတ်တရက် ရေမွှာ ပေါက်သွားသည်။

ဗွမ်း…

ဟာ ရေမွှာပေါက်သွားပြီ…

နန်းရီလဲ အခန်းထဲ အမြန်ဝင်ကာ

” ဆရာမ… ဆရာမ..ကျွန်မရေမွှာပေါက်သွားပြီ… အား… မရတော့ဘူး… ကလေးထွက်ကျတော့ မယ်… ”
ဟူသောအသံကြောင့် ထမီအနီဝတ်ဆရာမက အမြန်လာတွဲ ခေါ်ကာ မွေးခန်းထဲ ပို့လေသည်။
နာကျင်လွန်းသော ဝေဒနါ များကြားမှ နန်းရီ၏ အငယ်ဆုံး သမီးလေး ကို အောင်မြင်စွာ မွေးဖွား နိုင်ခဲ့ သည်။
” အူဝဲ…အူဝဲ… အူဝဲ”

“ဟယ် ကလေးက ချစ်စရာလေး ဖြူဖြူဖွေးဖွေး လေးဟယ်”

” ဆရာမ ကျမသမီး ခြေ..လက် အင်္ဂါ စုံလားဟင်.. ”

” စုံတယ်… စုံတယ်..မပူနဲ့… ”

” လူနာရှင် မောင်ဌေး ဝင်လို့ရပြီ
လူနာကို အောက်ထပ် ပို့ဖို့ လူရှာပါ”

ထိုအသံများ ကြားပြီးနောက် နန်းရီလဲ စိတ်လျှော့ လိုက်လေရာ အိပ်ပျော်သွားတော့သည်။

နန်းရီ အောက်ထပ်သို့ ရောက်ပြီး နောက်

“အပေါ်ထပ် လှေကားတွင် ဗိုက်ကြီးသည် သရဲမ တစ်ယောက် ပြေးတက်ပြေးဆင်း လုပ်ကာ ခြောက်လှန့်နေသည် ဟူသော သတင်းများ ကြားရတော့သည်။
နန်းရီလဲ
” ဘုရား.. ဘုရား.. ဟိုညီမလေး မဟုတ်ပါစေနဲ့ ” ဟု ရေရွတ်ရင်း

” ဆရာမ… မနေ့က ဗိုက်ကြီး သည် တွေ နေတဲ့ အပေါ်ထပ် အခန်းက ကျမဘေးက နှလုံးရောဂါသည် ညီမလေး မွေးပြီလားဟင်”

“ဩ အစ်မက မသိဘူးထင်တယ် အစ်မကို ဆေးစစ်ဖို့ လာခေါ်ပြီး အစ်မဆေးစစ် နေချိန်မှာပဲ ရုတ်တရက် နှလုံး​အောင့်တယ် ဆိုပြီး အပြင်ပြေးထွက်ပြီး ဆရာဝန်ကြီးဆီ သွားမလို့လုပ်ရင်း ဝေဒနါကို ခါးခါးသီးသီးခံစားရင်း လှေကားထိပ်နားမှာ မေ့လဲသွားတာ.. . ဆရာဝန်ကြီးတွေ ကြိုးစားပေမဲ့.. အသက်မမှီလိုက်ဘူး… သနားစရာပါ… ကလေးရော လူကြီးရော ဆုံးသွားတာ”

” ဟင် ဟုတ်လား… ”

ဒါ…ဆို..ငါ မနေ့က အိမ်သာနားမှာ တွေ့တဲ့ ညီမက သရဲပေါ့… အမလေး ဟု တွေးရင်း ကြက်သည်းများပင် ထမိ၏။

ဩ… သေခြင်းတရားက မြန်လိုက်တာ…သူ့ ကိုယ်သူ သေမှန်းမသိပဲ အဲဒီနေရာမှာ ဝေဒနါတွေနဲ့ စွဲနေရှာ တာ နေမှာ… သနားလိုက်တာ ညီမလေးရယ်… ခဏတာ ခင်ခွင့်ရလိုက်ပေမဲ့ တစ်သက်သာမမေ့နိုင်စရာပါ..ဘဝအဆက်ဆက် ဒီလိုအဖြစ်ဆိုးတွေ မှ ကင်းဝေးပါစေ ညီမလေးရယ်.. ဟု နန်းရီတစ်ယောက် ဆုတောင်းရင်း…..

လေးစားလျက်

စာရေးသူ Nan Kyarnyo