မိစ္ဆာစစ်သည်

မိစ္ဆာစစ်သည်(စ/ဆုံး)
——————-
ငလွင်သည် လူသူကင်းမဲ့နေသော အိမ်ကြီးအိမ်ကောင်းများ၊ ကျိုးကျိုးကျဲကျဲ တဲအိမ်များ၊ မီးလောင်ပြင် အပျက်အစီးများကို တစ်ခုပြီးတစ်ခု ကျော်ဖြတ်လျက် တစ်နေရာသို့ ဦးတည်သွားနေ၏ ။

လမ်းဘေးဝဲယာတစ်လျှောက်၌ စုတ်စုတ်ပြတ်ပြတ် လူများက ကြောက်ရွံ့ထိတ်လန့်နေသည့် မျက်လုံးများနှင့် လိုက်ကြည့်နေကြခြင်းကို ခံရသော်လည်း သူ့အဖို့တော့ ရိုးနေလေပြီ။

ပျော်ရွှင်ချမ်းမြေ့စရာမရှိသော မြင်ကွင်းများကို လွန်လျှင် ခြောက်ကပ်တိတ်ဆိတ်သော အငွေ့အသက်များ ရှိသည့် မြေကွက်လပ်ကြီးကို ဖြတ်ရ၏ ။ ထိုရှေ့တွင်ကား ထီးထီးမားမား တည်ရှိနေသော အဆောက်အအုံကြီးတစ်ခုသည် မြင့်မားလှသော နံရံကြီးများအတွင်း အထီးကျန်စွာ တည်နေသည်။

မည်မျှ ခြောက်သွေ့သနည်း ဆိုရလျှင် တစ်ချက်တစ်ချက် အဝေးမှ အာလိုက်သည့် ကျီးအာသံသည်ပင် လူတစ်ယောက် အသက်ကုန်ခါနီး နာနာကြည်းကြည်း အော်လိုက်သံကဲ့သို့ စူးရှနေ၏ ။ လူသူအရိပ်အယောင်ဟူသမျှလည်း အနီးဝန်းကျင် တာ ၅၀၀ တွင်း လုံးဝမရှိ၊ အသက်အသံမကြားရ။ လွန်စွာ ခြောက်ခြားစရာကောင်းလှသော နေရာကြီးတည်း။

ထိုသို့သော နေရာသို့ တစ်ဦးတည်း လာဝံ့သည်မှာ ငလွင်သာ ရှိမည်။ မည်သူမျှလည်း သည်နေရာသို့ လာရောက်ကြဟန်မတူ။ သာမန်အရပ်သား မဆိုထားနှင့်၊ ကိုယ်တွင် အသက်မပါသကဲ့သို့ ရဲရင့်လှပါသည် ဆိုသော ရွှေဘိုစစ်သည်ရဲမက်များပင် အနည်းဆုံး ၂ ယောက် ၃ ယောက် စုလာကြရသည် မဟုတ်လော။

ငလွင်ကတော့ ကြီးမားလှသော ဝင်ပေါက်ကြီး၏ တံခါးငယ်တစ်ချပ်အား တွန်းဖွင့်ကာ တံတိုင်းကြီးအတွင်းသို့ ဝင်လာခဲ့သည်။ အထဲတွင် နောက်ထပ် နံရံတစ်ထပ်ကို မြင်ရ၏ ။ ရဲတိုက်ကြီးကဲ့သို့ ကြီးမားသော အဆောက်အအုံထံ ရောက်ရန်မှာ ​ကွင်းပြင်များကို ဖြတ်သွားရပေဦးမည်။

သူသည် တည့်တည့်မသွားဘဲ ဘေးဘက်ရှိ လှေကားသို့ လျှောက်ခဲ့၏ ။ လှေကားမှတစ်ဆင့် အုတ်တံတိုင်းပေါ် တက်သွားသည်။ တံတိုင်းထိပ်မှ ကြည့်လျှင် မီးကျွမ်းထားသော ထင်းတုံးများ၊ မည်းနေသော ပြာများနှင့် အကျည်းတန်သည့် မီးပုံဟောင်းကြီးတစ်ခုကို အတွင်းမြေကွက်လပ်ထဲ မြင်နေရသည်။

ဤနေရာသည် တစ်စုံတစ်ဦးအား မီးသင်္ဂြိုဟ်ခဲ့ရာ နေရာဖြစ်သည်။ စစ်သည်အနည်းအကျဉ်းနှင့် ဗိုလ်မှူး တပ်မှူးများစွာ ပါဝင်ခဲ့သော စျာပနပွဲတစ်ခု၏ နေရာလည်း ဖြစ်သည်။ ဝိုင်းပတ်ထားသော ဗိုလ်မင်း တပ်သားများသည် အဆောက်အအုံရှိရာဘက်အား လမ်းဖွင့် ရှင်းလင်းပေးထားကြသည်ကို သူ ပြန်လည်မြင်ယောင်မိလေသည်။

သုံးဘက်သုံးတန် ဝန်းရံထားသော လူအုပ်ထဲ၌ သူလည်း ပါခဲ့၏ ။ တစ်ဖက်ဖွင့်ထားသော်လည်း ထိုအရပ်မျက်နှာမှ မည်သူမျှ ပေါ်မလာသည်ကို သတိရလာသည်။ အတွင်း၌ ရှိနေသူကား မြင် မမြင်၊ ကြည့် မကြည့် သူတို့ မသိရ။ စျာပနပွဲကိုမူ စစ်သူရဲကောင်းတစ်ဦးအတွက် ကျင်းပမြဲပုံစံအတိုင်း ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

သက်ဆိုင်သူသည် အဆိုပါ စျာပနသို့ တက်ရောက်လာခြင်း မရှိသော်လည်း အမိန့်ပြန်ခြင်း၊ သေနတ်များ ပစ်ဖောက်ကြခြင်းတို့ကိုမူ ကြားသိနေမည်မှာ သေချာသည်။ ထွက်မလာသော်လည်း အတွင်းမှ ကြည့်နေလိမ့်မည်ဟု သူ ထင်ချင်၏ ။ ငိုနေမည်လား၊ အေးစက်တည်ငြိမ်နေမည်လား ဆိုသည်ကိုတော့ မစဉ်းစားချင်။

ဗိုလ်မှူးများကိုယ်တိုင် အလေးထားပြုလုပ်ပေးခဲ့သော စျာပန ဖြစ်သော်လည်း စည်ကားခြင်းမရှိ။ စိုးရိမ်မှုများ၊ ကြောက်ရွံ့ထိတ်လန့်မှုများ၊ သင်္ကာမကင်းခြင်းများကြောင့် အခမ်းအနားသည် ခြောက်သွေ့လှသလို ကျင်းပသည့် နေရာဌာနကြောင့်လည်း လူသူကင်းမဲ့သည်ထက် ကင်းမဲ့ခဲ့ရသည်။

သူသည် ပြာပုံကြီးကို ကြည့်၍ အတွေးနယ်ချဲ့နေရာမှ သူ လာခဲ့သော ရည်ရွယ်ချက်ဆီသို့ ကြည့်မိပြန်သည်။ ထုံးစံအတိုင်း သည်နေရာကြီးတစ်ခုလုံးသည် မည်သည့်သက်ရှိမှ ရှိမနေဘဲ ငြိမ်သက်လျက်။ သူ အဆောက်အအုံဆီ တံတိုင်းထက်မှ လျှောက်လာနေရင်း သူ့ကို စောင့်ကြည့်နေမည့် မျက်လုံးတစ်စုံကို တွေးမိသောအခါ ခြေလှမ်းများ တန့်ချင်ချင်။

အားလုံးက သည်နေရာသို့ သူတစ်ဦးတည်း လာခဲ့ခြင်းကို ပြစ်တင်ဝေဖန်ကြသည်။ စိုးရိမ်ကြောင့်ကြစွာ တားမြစ်ခဲ့ကြသည်။ ယနေ့အထိတော့ မည်သည့်အန္တရာယ်မှ ကျရောက်မလာသေး။ မည်သူကိုမှလည်း မမြင်ရသေး။ တစ်လနီးပါး ကြာခဲ့ပြီဖြစ်သည်။

ငလွင်သည် အဆောက်အအုံကြီး၏ ဝင်ပေါက်အား အနီးဆုံးမြင်ရသော နေရာရောက်လျှင် အသံပြုလိုက်သည်။

“သွေးသောက်.. နေကောင်းရဲ့လား”

သူ့အသံသာ ပဲ့တင်ပြန်ချင်ချင်၊ ခေတ္တစောင့်ပြီးနောက် ထပ်ပြောပြန်သည်။

“မင်း ကျန်းမာရဲ့လားလို့ လာကြည့်တာပါ”

အထဲ၌ လူမှ ရှိသေးပါလေစ။ စေ့ထားသော တံခါးများမှ အချိန်မရွေး ထွက်သွားနိုင်သည်မို့ သူ အောက်ဆင်းကြည့်ရ ​ကောင်းမလားဟု တွေးမိသော်လည်း သိစိတ်က ချက်ချင်း ငြင်းဆန်လိုက်သည်။

“ငစံ.. မင်း အထဲမှာ ရှိရဲ့လား”

စကားပြန်မရချေ။ သူ့ဘာသာ လူသူကင်းမဲ့သည့် အဆောက်အအုံဟောင်းကြီးထဲ တစ်ယောက်တည်း စကားပြောနေရသလို ဖြစ်နေသည်။ သို့ရာတွင် ငလွင်သည် လက်လျှော့တတ်သူမဟုတ်။

“မင့်အတွက် ငါ သတင်းတစ်ခု ကြားထားတယ်”

မျက်စိဆယ်မှိတ်စာခန့် နား၍ ဆက်ပြော၏ ။

“မင်းကို တာဝန်ပေးရမယ့် ကိစ္စတစ်ခု ရှိလာလိမ့်မယ်”

……….

“မင့်အပြစ်လည်း ကျေအောင်ပေါ့”

……….

“ငါ ပြောတာ ကြားရဲ့လား ငစံ”

………

“နောက်ရက်တော့ ဗိုလ်မှူးကိုယ်တိုင် လာပါလိမ့်မယ်။ အရေးအရာအတွက် အားမွေးထားစေချင်တယ်”

အတွင်းဘက် နက်ရှိုင်းသော အရပ်ဆီမှ အသံသဲ့သဲ့ ကြားလိုက်ရသလို ရှိသောကြောင့် ငလွင် နားစိုက်ထောင်လိုက်သည်။ လေတိုးသံမှတစ်ပါး မည်သည့်အသံမှ ထပ်မံမကြားရသဖြင့်

“ငါ ပြန်ပြီဟေ့၊ နေကောင်းအောင်နေ။ ငါတို့ကတော့ မင်းကို ပြန်လာစေချင်တယ်။ မြန်မြန်သက်သာပါစေ”

တုံ့ပြန်မှုမရှိသော အရပ်ဆီ အော်ပြောခဲ့ပြီး ငလွင် လှည့်ထွက်ခဲ့၏ ။ ကျောခိုင်းလိုက်သည်နှင့် ခြေလှမ်းများက အလိုလို သွက်နေသယောင် ထင်ရသည်။ စိတ်လက်ပေါ့ပါးသွားသကဲ့သို့လည်း ခံစားရ၏ ။ ထို့ကြောင့် တစ်လျှောက်လုံး ဓားပေါ် တင်ထားသည့် လက်ကို ချလိုက်လေသည်။

“ကျွီ.. အီ… .. အီ”

အနောက်ဆီမှ သံတံခါးဖွင့်သံကြားလိုက်ရသဖြင့် ခေါင်းနားပန်းကြီးမျှ ကြက်သီးထသွား၏ ။ ကြောက်သောကြောင့်ကား မဟုတ်၊ မမျှော်လင့်ဘဲ သရဲတစ္ဆေကို ရုတ်တရက် မြင်လိုက်ရသည်နှင့် တူချိမ့်မည်။ သူ ချက်ချင်း လှည့်ကြည့်လိုက်သည်။

ပထမဆုံးအကြိမ်အဖြစ် ရဲဘော်ရဲဘက်ဟောင်းတစ်ဦးအား မမှတ်မိလောက်စရာ ပြန်မြင်ရလေပြီ။ ဖြူဖတ်ဖတ်အသား၊ စုတ်ထောင်းထောင်း အဝတ်အစားများနှင့် ပြင်ပလေ ဝှေ့သောကြောင့် ဖွာခနဲ ကြဲသွားသည့် ဆံပင်ဖရိုဖရဲက အမှန်ပင် သူရူးတစ်ဦးကဲ့သို့ လည်းကောင်း၊ နှစ်ပေါင်းများစွာက အကျဉ်းသားတစ်ဦးကဲ့သို့လည်း​ကောင်း ထင်ချင်စရာ။

ခေါက်ထားသော အင်္ကျီလက်ထဲမှ လက်ဖျံလက်ချောင်းများကတော့ အကြောအပြိုင်းပြိုင်းထလျက် သန်မာလှသေးကြောင်း ဖော်ပြနေ၏ ။ ဆံပင်များကြားမှ သူ့ကို မျက်လုံးလှန်ကြည့်နေမှန်း သိသာလေသည်။ အန္တရာယ်အငွေ့အသက်ကြောင့် ငလွင်၏ လက်လည်း ဓားရိုးကို ဆုပ်လိုက်မိ၏ ။

အကျဉ်းသားသည် ၎င်းအပြုအမူကို မြင်လျှင် အံကြိတ်လိုက်သည်။ သံတံခါးကို ကိုင်ထားသည့် လက်ကလည်း တံခါးကြီးပါ ဆွဲဖြုတ်လိုက်တော့မည့်ဟန် တင်းခနဲ ဖြစ်သွား၏ ။ ငလွင်သည် သူ့ကို မှင်တက်စွာ လှမ်းကြည့်နေဆဲ။ အကျဉ်းသား၏ မျက်လုံးများက ကွင်းပြင်ထဲရှိ ထင်းအတိုအစများနှင့် ပြာပုံကို မြင်မှ အရောင်ပြောင်းသွားကြ၏ ။

“ဘာအရေးလဲ”

သူ့အသံက တိုးလွန်းသဖြင့် လေသံနှင့်မို့ ငလွင်မကြားလိုက်။ စကားပြောလိုက်မှန်းတော့ သိသည်။ နောက်ဆုံးတိုက်ပွဲကြီးပြီးနောက် ပထမဆုံးအကြိမ် သူ့ကို ပြန်မြင်ရပြီး စကားပြောသည်မှာလည်း ယခုသည် အစဆုံး ဖြစ်လိမ့်မည်။ နေ့စဉ်မှန်မှန် ထမင်းပို့နေသူများပင် တစ်ကြိမ်မှ မမြင်ခဲ့ရဟု ဆိုခဲ့ကြသည်မဟုတ်ပါလား။

ငလွင် ကြောင်ကြည့်နေသောကြောင့် သူက တံခါးဝ အရိပ်အောက်မှ ထွက်မလာဘဲ

“ဗိုလ်မှူးကို လွှတ်လိုက်”

ဆိုကာ နောက်ပြန်ဆုတ်သွားသည်။ အတွင်းသို့ ပြန်ဝင်သွားကြောင်း အမှောင်ထဲမှ အရိပ်ကို မြင်နေရ၏ ။ ငလွင် စိတ်သက်သာရာ ရသွားသည်။ ဤမျှဆိုလျှင် အခြေအနေကောင်း၏ ဟုလည်း ယူဆမိလိုက်သည်။

***

ထောင်တွင်းမှ မိစ္ဆာ

တပ်ဆီ ပြန်ရောက်သည်နှင့် လက်ျာဘီလူးကို ပြန်မြင်ရပြီတဲ့ ဟူသော သတင်းစကား စစ်သည်များအကြား ပျံ့နှံ့သွားသည်။ အချို့ ရှမ်းအသည်သားများလည်း နားစွန်နားဖျား ကြားကြပြီး ထိတ်ထိတ်ပျာပျာ ရှိကြကုန်လေသည်။ မနေအပ်သော အရပ်ကဲ့သို့ ချက်ချင်း အထုပ်ပြင်သူ၊ တဲဖျက်သူများ ရှိလာ၏ ။

အခြေအနေ ကောင်းပါသည်ဟု မည်သို့ဆိုဆို လုံခြုံစွာ ပိတ်လှောင်ထားခြင်း မဟုတ်ဘဲ သူ့ဘာသာ တံခါးဖွင့်၍ ထွက်လာသည်ဟူသည့် စကားရပ်က ပြည်သူများအတွက် စိုးရိမ်စရာ ဖြစ်နေလေသည်။ ဗိုလ်မင်းများ၏ ပေါ့လျော့မှုကို ပြစ်တင်မြည်တွန်ကြရင်း မြို့မှ ထွက်ခွာသူများ ထွက်သွားကြပြီ။

ငလွင် သွားခဲ့သော ထောင်ကြီးအနီးဝန်းကျင်၌ကား ဆိုဖွယ်ရာ မရှိတော့။ သူပြန်ထွက်လာပြီ ဆိုသည်နှင့် အိမ်များကို ထားခဲ့ကြပြီး ပျောက်ချင်းမလှ ပျောက်ကုန်ကြတော့၏ ။ မြို့တွင်း ကျန်ခဲ့သူများကလည်း အရူးကို လွှတ်ထားရသလောဟု မြန်မာတို့ကို ဆဲဆိုချင်ကြသည်။

သာမန်အရူးမဟုတ်၊ လူထောင်ချီ သတ်ခဲ့သော စိတ္တဇသူသတ်သမား အရူးမို့ အရေးတယူ ပြုပေးပါရန် တောင်းဆိုမှုများ ရှိလာသည်။ အယုဒ္ဓယသားတို့ထက် ဆိုးသည်မှာ သူနှင့်အတူ မြန်မာပြည်မှ လာခဲ့ကြသော မြန်မာရဲမက်အချို့ ဖြစ်လေသည်။ ယခင်က ၂ ယောက် ၃ ယောက် စု၍ ထမင်းပို့ သွားကြသော်လည်း ယခု အချိန်မရွေး ထွက်လာနိုင်သည့် လက်ျာဘီလူးထံ ထမင်းပို့ဝံ့သူ မရှိတော့။

ဗိုလ်များက ၅ ယောက် စုသွားရန် ပြောသည်။ မရ၊ သူ့မှာ လက်နက်မပါပါဘူး ဟု နှစ်သိမ့်ကြည့်သေးသည်။ လက်ချည်းသော်လည်း လူဆယ်ယောက်မက သတ်နိုင်သေးသည် ဟူ၍ မည်သူမှ မသွားဝံ့။ နောက်ဆုံး သွားမည့်သူ တစ်ယောက်တည်းသာ ကျန်တော့သည်။

ငကံ၊ သေတူရှင်ဘက် ညီအစ်ကိုတမျှ ရင်းနှီးလှသည့် လက်ျာဘီလူး၏ သွေးသောက်ကြီး ငကံ။ သူ့တပ်မှူး ရူးသွားသောအခါ သွေးသောက်ရာထူးသို့ တိုးမြှင့်ခံရသော်လည်း လူမြင်ကွင်းမှ ပျောက်နေခဲ့သည့် ငကံသည် ယခုမှ ပြန်ပေါ်လာပြီး သည်တာဝန်ကို ယူပါမည်ဟု ဆိုလာ၏ ။

ဗိုလ်များက ငကံတစ်ကိုယ်တည်း မသွားရ၊ အစောင့်အရှောက် လူကောင်း ၁၀ လိုက်ပါရမည်ဟု အမိန့်ထုတ်လိုက်သည်။ ထိုသူများကို သောက်စားချီးမြှင့်မည် ပြုသော်လည်း ငကံက ကန့်ကွက်လေသည်။ သောက်စား၍ အမှားကျူးလွန်ခဲ့ပါက အားလုံး ဆုံးရှုံးရမည်ဖြစ်သောကြောင့် အထူးသတိကြီးစွာ ရှိနေရမည်ဟု သူ ယုံကြည်၏ ။

နောက်တစ်နေ့တွင် ငကံသည် သူ၏ တပ်မှူး ရှိနေသော ထောင်ကြီးဆီသို့ လာခဲ့ပြန်၏ ။ ဗလမင်းထင် ပြုမူသည့်အတိုင်း အုတ်တံတိုင်းကြီးပေါ် တက်ခဲ့ကြပြီး ထမင်းထုပ်ကိုမူ တံခါးဝရှေ့သို့ ကြိုးနှင့် ချစေသည်။ ပြီးလျှင် အစောင့်များအား လှေကားရင်း၌ စောင့်နေစေပြီးမှ

“တပ်မှူး”

…………..

“ကျုပ် ငကံပါ”

…………..

“တပ်မှူးအတွက် ထမင်းထုပ် လာပို့တာပါ”

………….

“နေကောင်းရဲ့လား တပ်မှူး”

နောက်ဆုံးစကား၌ သူ၏အသံသည် ငိုသံစွက်၏ ။ တိတ်ဆိတ်နေခိုက် အတွင်းမှ

“ပြန်တော့”

ဟု တိုတောင်းပြတ်သားသော အသံကို တိုးညင်းစွာ ကြားလိုက်ရသည်။

“တပ်မှုး….”

“စကားမများနဲ့။ ပြန်တော့”

တပ်မှူး၏ အမိန့်ကို တစ်သဝေမတိမ်း လိုက်နာလေ့ရှိသော ငကံ ချာကနဲ လှည့်ထွက်သွားသည်။ သူ၏ မျက်လုံးအိမ်၌ မျက်ရည်များ ဖုံးနေ၏ ။ သူ့ရင်၌ ဝမ်းသာဝမ်းနည်း ခံစားနေရသည်။ တပ်မှူးသည် ပကတိအသံဖြင့် သူ့ကို မှတ်မိနေဆဲမို့ မမြင်ရသော်လည်း ငကံ စိတ်ကျေနပ်သွားရပြီ။

အစောင့်စစ်သည်များကတော့ လှေကားမှ သွက်လက်စွာ ဆင်းသွားကြ၏ ။ ငကံက နောက်သို့ လှည့်ကြည့်လှည့်ကြည့် သွားရင်း လှေကားထိပ်အရောက်တွင် အတွင်းမှ အရိပ်တစ်ခု ဖြတ်သွားသည်ကို မြင်လိုက်ရသည်။ ကြောက်လန့်သည်နှင့်အမျှ ဝမ်းသာသွား၏ ။ စိုးရိမ်စိတ်နှင့်အတူ ‘ငါ့ကို ကြည့်ဖော်ရသေးသည်’ ဟူသောအတွေးဖြင့် ရပ်နေမိသည်။

လေဝင်ပေါက်မှ လျင်မြန်စွာ ဖြတ်သွားသော အရိပ်သည် မြေအောက်သို့ ပြေးဆင်းသွားသည့် အသံများနှင့်အတူ ဝေးကွာသွား၏ ။ ထူးဆန်းသော အသံတချို့ကိုတော့ မြေကြီးထဲမှ လာသလို ကြားနေရသည်။

“မြန်မြန်ဆင်းခဲ့ပါ သွေးသောက်”

စစ်သည်များက စိုးရိမ်တကြီး ခေါ်နေကြ၍ ငကံလည်း ခပ်သုတ်သုတ် ဆင်းခဲ့ပြီး တစ်ဦးတည်း ကျန်ခဲ့ရသည့် တပ်မှူးအား ဝမ်းနည်းစွာ ကျောခိုင်းခဲ့ရသည်။ မထားခဲ့လို့လည်း မဖြစ်၊ ဤထောင်ကြီးအတွင်းသို့ လက်ျာဘီလူးသည် သူ့ဘာသာ ဝင်သွားခဲ့ခြင်းဖြစ်သည်။

သူနှင့် အနီးစပ်ဆုံး ဖြစ်ခဲ့သော ငကံပင် လိုက်မဝင်ရဲ။ ထိုနေ့က တပ်မှူးသည် ကျောက်ရုပ်တစ်ရုပ်လို ရပ်နေရာမှ ဗိုလ်မှူးများ ရောက်မလာကြသေးမီ ပြေးထွက်သွားခဲ့ခြင်း ဖြစ်၏ ။ ငကံလည်း မလိုက်ရဲခဲ့။ သူ့မျက်စိရှေ့၌ပင် အနီးကပ်လာသည့် ဗိုလ်ကို ခုတ်ပစ်ခဲ့သည်မို့ မည်သူမှလည်း မကပ်ရဲကြ။

သို့ဖြင့် လက်ျာဘီလူး ပျောက်သွားသည်။ ဤထောင်ကြီးအတွင်း ရှိနေလိမ့်မည်ဟု မထင်ကြသော်လည်း ရဲမက်တော်တို့ ဝင်ရှာခဲ့ကြသေး၏ ။ အသိစိတ် ပျောက်နေပြီဟု အများက ယူဆခဲ့ကြသည်။ ထိုတစ်ည မြင်လိုက်ကြသူများကို စစ်မေးရာတွင် သူတို့ ပြောစကားများအရပင် လက်ျာဘီလူး ခုတ်ခဲ့သည်မှာ လူထောင်ကျော်နေပြီ။

ထို့ကြောင့် မြန်မာချင်း ဖြစ်လင့်ကစား လူခွဲ၍ မသွားဝံ့၊ လူအနည်းငယ်မျှဖြင့် မရှာဝံ့ကြချေ။ နောက်ဆုံး ထောင်ရှေ့၌နေသော ရှမ်းအဘိုးကြီးတစ်ဦး ပြောမှ လက်ျာဘီလူး ထောင်အတွင်း ပြေးဝင်သွားခဲ့ကြောင်း သိလာကြရသည်။

ဗိုလ်မှူး နေမျိုးသီဟပတေ့က သူရှိနေရာ ထောင်ကြီးအား စောင့်ကြပ်ရန် လူ နှစ်ရာနှင့် ဗိုလ်နှစ်ဦးကို တစ်ပတ်ကျော်သည်အထိ တာဝန်ပေးထားခဲ့၏ ။ အရှေ့နှင့်အနောက် တံခါးများတွင် လူတစ်ရာစီ လက်နက်အသင့် သေနတ်ကျည်ထိုးလျက် စောင့်နေခဲ့ကြသော်လည်း လက်ျာဘီလူး ထွက်မလာချေ။

သူ ရှိနေကြောင်းကိုမူ ရံဖန်ရံခါ အတွင်းမှ အသံများ ကြားရသဖြင့် သိကြရလေသည်။ အထူးသဖြင့် ညဘက်များ၌ ပေါက်ကွဲအော်ဟစ်သံများ၊ ဝမ်းခေါင်းသံနှင့် ကြုံးဝါးသည် ထင်ရသော အသံများ၊ တံခါးသံ တဂျိုင်းဂျိုင်း စသည်တို့ကို ကြားရတိုင်း အစောင့်များ တပ်လန့်သကဲ့သို့ ခံစားကြရ၏ ။

အစပိုင်း၌ သတ္တိကောင်းသူများက သူ့အတွက် အစာရေစာတို့ကို အဆောက်အအုံကြီး၏ တံခါးပေါက်ဝသို့ သွားချထားပေးကြသေးသည်။ ထို့နောက် သူ လာယူမည်ကို စောင့်ကြည့်ကြရာ သန်းခေါင်ကျော်မှ ပေါ်လာသော ဆို၏ ။ သူ တံခါးမှ ထွက်ပြူလာသည်ကို မြင်လျှင် တံတိုင်းပေါ် စောင့်နေကြသော ရဲမက်နှစ်ဦး ဆင်းပြေးကြသည်။

သူတို့ပြောစကားအရ

“လူမဟုတ်တော့ဘူး။ တစ္ဆေကြီး ဖြစ်နေပြီ”

“လူနဲ့ မတူဘူး။ ကြောက်စရာကြီး”

ဟူ၏ ။ နံနက်အရောက် ဗိုလ်တစ်ဦး မစောင့်တော့ဘဲ ပြန်သွားပြီး မကြာမီ စောင့်ကြပ်နေကြသူများအားလုံး တပ်ဆုတ်လာကြရန် အမိန့်တော် ရောက်လာတော့သည်။

***

လွတ်နေသော အကျဉ်းသား

တစ်နေ့သ၌ ထောင်အရှေ့ဘက်တွင် တစ်ကိုယ်တည်းနေသော အဖိုးအိုထံသို့ လူတစ်ယောက် ရောက်လာသည်။ မြန်မာစစ်သည်တော်တစ်ဦးအသွင်ရှိသည့် ဝတ်စုံမှာ ပေရေညစ်ပတ်နေ၏ ။ ဆံစများကို ကပိုကရို စည်းထားပြီး လူကလည်း ညှင်းသိုးသိုးနှင့်။

သူ တစ်စုံတစ်ခုပြောသော်လည်း အဖိုးအို နားမလည်။ သူကလည်း တစ်ခွန်းသာ ဆိုပြီး ဓားတစ်လက်နှင့် စာရေးထားသော အဝတ်စတစ်ခု ပေးလာ၏ ။ မြန်မာများထံ သွားပေးစေချင်ကြောင်း သိသာသဖြင့် အဖိုးအို ခေါင်းညိတ်ပြလိုက်သည်။ ထိုအခါ သူ ချက်ချင်းပြန်ထွက်သွား၏ ။ မကောင်းသော အငွေ့အသက်များလည်း သူနှင့်အတူ ပါသွားသည်ဟု ထင်ရလေသည်။

အဖိုးအို တဲဝမှ ထွက်ကြည့်သောအခါ မြန်မာစစ်သားသည် အိုဟောင်း၍ လူသူမရှိသော ထောင်ကြီးအတွင်းသို့ ဝင်သွား၏ ။ ယင်းထောင်ကြီး၌ ထောင်သားနှင့် အစောင့်များ အစုလိုက်အပြုံလိုက် သေဆုံးနေကြသည့် ဖြစ်ရပ်ဆန်းတစ်ခု ဖြစ်ပွားခဲ့၍ ပိတ်ထားခဲ့သည်မှာ ကြာပြီ။

တစ်ခါတစ်ရံတွင် လူသူကင်းမဲ့သော အုတ်တံတိုင်းအတွင်းမှ တိုက်ခိုက်သံ ညည်းညူအော်ဟစ်သံများ ကြားရတတ်သည်။ ထို့ကြောင့် ကျိန်စာသင့်နေသော မကောင်းဆိုးဝါးထောင်ကြီးအဖြစ် အရပ်က သတ်မှတ်ထားခဲ့ကြသည်။ ယခု မြန်မာစစ်သားတစ်ဦး ထိုထောင်အတွင်း နေထိုင်နေပုံရ၏ ။

အဖိုးအိုလည်း နောက်တစ်နေ့တွင် မြန်မာများရှိရာသို့ သွားကာ ဓားနှင့် ပိတ်စကို အပ်ခဲ့သည်။ ထိုစာသည် စစ်သူကြီး နေမျိုးသီဟပတေ့ထံသို့ ဗိုလ်များမှတစ်ဆင့် ရောက်ရှိခဲ့ရာ စာမှာ အောက်ပါအတိုင်း ဖြစ်သည်။

“အပြစ်ရှိသည့်အလျောက် အကျဉ်း၌သာ နေပါတော့မည်။ စိတ်မငြိမ်သမျှ မထွက်ပြီ”

နေမျိုးသီဟပတေ့ကလည်း သူ့သဘောကို ရိပ်စားမိသည်။ မြို့သိမ်းတိုက်ပွဲကြီးဝယ် သူသည် အရေးပါသော သူရဲကောင်းတစ်ဦး မှန်သော်လည်း တစ်ချိန်တည်းမှာ စစ်ရာဇဝတ်သားလည်း ဖြစ်နေပြန်သည်။ ယခုအချိန်တွင် သူ့အား ချုပ်ကိုင်ရန် ကြိုးစားခြင်းသည် အကျိုးထက် အပျက်များမည်ဖြစ်၍ အန္တရာယ်မပြုလျှင် လွှတ်ထားရမည်ဟု ဆုံးဖြတ်ထားပြီး ဖြစ်၏ ။

စင်စစ် သူသည် ထိုမျှ ဆိုးသွမ်းရက်စက်တတ်သူမဟုတ်။ ယခုတော့ ကံကြမ္မာနှင့် အခြေအနေ အကြောင်းအရပ်ရပ်က အန္တရာယ်ကြီးမားလှသော မိစ္ဆာစစ်သည်တစ်ဦးအဖြစ် တွန်းပို့လိုက်လေပြီ။ သူရှိနေသမျှ လူတို့၏ အသက်စည်းစိမ်အတွက် စိတ်မချရသောကြောင့် အချို့က အဆုံးစီရင်ပစ်လိုက်ရန် အကြံပြုကြသည်။

နေမျိုးသီဟပတေ့ ကတော့ သူသိသော သူရဲကောင်းတစ်ဦးအား အချည်းနှီး မဆုံးရှုံးစေလို။ လက်ျာဘီလူး ဆိုးသွမ်းသည် မှန်သော်လည်း ထောက်ထားရမည့် အကြောင်းအချက်များစွာ ရှိနေ၏ ။ အများ ယူဆနေကြသလို သူ့ကို ဘီလူးဝင်ပူးသွားသည် ဆိုဦး၊ ထိုတစ်ည၌သာ သူ သောင်းကျန်းရက်စက်ခဲ့ခြင်း ဖြစ်ပြီး နံနက်လင်းသည်နှင့် ပျောက်သွားခဲ့ခြင်းမဟုတ်လော။

သင်းသည် စိတ်ပေါ့သွပ်လျက် မြင်မြင်ရာ လိုက်သတ်နေသည် ဆိုလျှင် ချက်ချင်းအရေးယူ စီရင်သင့်ပေသည်။ သို့မဟုတ်ဘဲ သူ့ကိုယ်သူ ထိန်းသိမ်းဆောက်တည်နေသည် ဆိုပါက မိမိတို့သည်လည်း ကြပ်ကြပ်မတ်မတ် စောင့်ကြည့်ကြရမည်။ သူရဲတော်တစ်ဦး အလဟဿ မဆုံးစေသင့်၊ လက်ျာဘီလူးသည် တပ်သားအရာအထောင်ထက် သာသေးသည်ဟု မိမိထင်မြင်ကြောင်း ဗိုလ်များကို ပြောဆိုထားခဲ့သည်။

ထို့ကြောင့် တစ်ရက်သော ဆွေးနွေးပွဲ၌ အယုဒ္ဓယမျိုးချစ် သူပုန်တို့အကြောင်း တင်ပြတိုင်ပင်နေကြခိုက် ဗိုလ်တစ်ဦးက

“သူရဲကောင်း လက်ျာဘီလူး အကျဉ်းခံဝင်နေသည်မှာ ကြာပြီ။ သင်းစိတ် တည်မတည် သိရအောင် ယခုအရေးတွင် စမ်းစေသင့်သည်”

ဟု လျှောက်တင်လာ၏ ။ အများစုက သဘောမတူကြ။ တွင်းထဲမှကျားရဲကို အပြင်မထုတ်ပါလင့်၊ ကျားရူးသည် မြင်မြင်သမျှ ကိုက်သတ်ပါလိမ့်မည် ဟု ဆိုကြလေသည်။ အချို့ကတော့ ခေါ်ယူမေးမြန်း၍ စိတ်ထွက်ပေါက်အနေနှင့် လုပ်ကြံခိုင်းစေရလျှင် မူလအနေသို့ ပြန်လည်ရောက်ရှိလာနိုင်သည်ဟု ယူဆကြ၏ ။

ကြားသိရသော သတင်းများကမူ ထိတ်လန့်စဖွယ်ချည်း ဖြစ်သည်။ ထောင်ရှေ့ဝယ် မကြောက်မရွံ့ တစ်ဦးတည်း နေနေခဲ့သော အဖိုးအိုအား မေးမြန်းစေသောအခါ ထောင်ကြီးအတွင်း၌ မကောင်းဆိုးဝါး များစွာရှိကြောင်း၊ မြန်မာစစ်သည်ပင်လျှင် မိစ္ဆာတစ်ကောင် ဖြစ်နေပြီဟု ယူဆရကြောင်း၊ ယခင်ကလည်း ထောင်တစ်ခုလုံးကို သတ်ဖြတ်ခဲ့သည့် မြန်မာဗိုလ်တစ်ဦး ရှိခဲ့သေးကြောင်း ကြားသိကြရလေသည်။

အချို့သော ညများတွင် မြန်မာစစ်သည်မှာ ထောင်တွင်းရှိ မကောင်းဆိုးဝါးများနှင့် တိုက်ခိုက်နေဟန် ရှိသည်ဟု ဆို၏ ။ ထိုသူသည် မကောင်းဆိုးဝါး နှိမ်နင်းသည့် အထက်ဆရာတစ်ယောက် မဟုတ်သဖြင့် မိစ္ဆာချင်း တိုက်ခိုက်ကြသည်ဟုသာ ယူဆဖွယ် ဖြစ်နေကြောင်းလည်း ရှင်းပြလိုက်သေးသည်။

အချက်အလက်များအရ လက်ျာဘီလူးအား အသုံးပြု၍ မရနိုင်သေးဟု ​ကောက်ချက်ချနိုင်လေသည်။ သို့ရာတွင် သူသည် ထောင်တွင်း၌ မည်မျှအထိ နေမည်နည်း၊ မည်သည့်အချိန် စိတ်ဖောက်လျက် ထွက်လာနိုင်သနည်း၊ သူ့ကိုယ်သူ သတ်မသေဟု မပြောနိုင်သကဲ့သို့ အခြားသူများကို မသတ်ဟုလည်း အာမ မခံနိုင်။

မည်သည့်အချိန်ထိ ဤအနေအထားအတိုင်း တည်မြဲနေစိမ့်မည်ဟု ဗိုလ်ချုပ်ကိုယ်တိုင် မပြောနိုင်။ ထို့ကြောင့် ဗိုလ်မှူးတပ်မှူးများအဖို့ မြို့တော်ကြီး ငြိမ်ဝပ်ပိပြားရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အလုပ်များကြသကဲ့သို့ သူပုန်သူကန်တို့ရန်ကလည်း တစ်မှောင့်၊ လက်ျာဘီလူးအတွက် ခေါင်းခဲရသည်ကလည်း တစ်မျိုး ဖြစ်နေတော့၏ ။

သူပုန်များနှင့် လက်ျာဘီလူးအား တွေ့ပေးရန် အကြံကို လက်ခံရမလို ဖြစ်နေရာ နေမျိုးသီဟပတေ့က သူ့အခြေအနေကို ဗလမင်းထင်နှင့် စုံစမ်းခိုင်းလိုက်သည်။ ဗလမင်းထင်၏ လျှောက်တင်ချက်အရဆိုလျှင် ခိုင်း၍ ရနိုင်မည့်ဟန် ရှိသော​ကြောင့် စီစဉ်စရာရှိသည်တို့ ပြင်ဆင်ပြီးလျှင် ဗိုလ်ချုပ်ကိုယ်တိုင် သူနှင့် တွေ့ဆုံရန် ရောက်လာခဲ့၏ ။

*

(ဆက်ရန်..)