မိန်းမပျိုနှင့်ထူးဆန်းသောစောင်းသံ(စ/ဆုံး)
——————————————–
ကျုပ်တို့ ရိုးတန်းရွာလေးမှာ ဒီနှစ် အလှူကြီး ရှိတယ်ဗျ။ကျုပ် တို့တစ်ရွာလုံး ရွာမှာ အလှူရှိပြီဆို အရမ်းပျော်ကြတယ်။ပြီးတော့ အလှူကိုလည်း လုပ်အားဒါနအဖြစ် ဝိုင်းပြီးကူညီ ဆောင်ရွှက်ကြတာပေါ့ဗျာ။ခုလို ရွာမှာ သာရေး နာရေး ရှိရင် ထုံးစံတိုင်း ရွာလူကြီး ဘဒွေးခိုင်က ကျုပ်ကို အစစ အရာရာ တာဝန်ပေးနေကြလေ။ခုလည်း ဘဒွေးခိုင်ရဲ့ တာဝန်ပေးမှု့နဲ့ ကျုပ် ရွာထဲက လူငယ်တွေစုပြီး ရွာအလှူအတွက် ထင်းခုတ်ထွက်လာကြတာဗျ။ရွာနဲ့ အနီးအနားတဝိုက်က ထင်းက သိပ်မပေါတော့ဘူး။ဒါနဲ့ ကျုပ်တို့ ရွာ့မြောက်ဘက် ၈ မိုင်အကွာလောက်မှာရှိတဲ့ မင်းဝန်တောင်ခြေနားထိ အလှူထင်းခုတ်ဖို့ ထွက်လာကြတယ်…
လှည်းက အားလုံး ၁၀ စီးဗျ။လှည်းတစ်စီးကို လူက ၃ ယောက်ပါတယ်။အဲတော့ လူက အယောက် ၃၀ ပေါ့ဗျာ။ကျုပ်တို့ မနက် အစောကြီးထပြီးထွက်လာကြတယ်။နေလေးမပွင့်တပွင့် ရောက်တော့ ကျုပ်တို့လည်း တောင်ခြေကို ရောက်ကြတာပေါ့။တောင်က လူနေရပ်နဲ့အနေဝေးတော့ လူသူအရောက်နည်းပြီး ထင်းတွေက ပေါမှပေါပဲဗျို့။လူခြေသလုံးလောက် ကန္တရတောကြီးက အမြင်မကောင်းအောင် သန်လိုက်တာဗျာ။ပြီးတော့ ရှားပင် ၊နွယ်ချို၊ ခံပင် ၊ ဘောင်မွဲချုံ ၊နတ်ဖူးချုံ ၊ဖလံပင် ၊တောကွမ်းယာပင် ၊ အို..စုံလို့ပါပဲဗျာ။ကုက္ကိုပင်ကြီးတွေကလည်း ဧရာမအပင်ကြီးတွေဗျို့ တောတမာတွေက နေရာအနံ့ ညို့လို့မှိုင်းနေပါလား။အညာမှပေါတဲ့ ထနှောင်းပင်တွေက ပုဝဲဝဲနဲ့ ဝေနေသေးဗျာ။ကျုပ်တော့ ဒီနေရာလေးကို ရောက်လာမိတာ စိတ်ထဲ ကြည်နူးမိလာသလို။ကျုပ်တို့အားလုံး လှည်းတွေကိုယ်စီ နွားတွေဖြုတ်လိုက်ကြတယ်…
ပြီးတော့ ကျုပ် လူငယ်တွေအားလုံး ကျုပ်နားကို ခေါ်လိုက်ပြီး အားလုံးကို ဖိနပ်တွေ ချွတ်ခိုင်လိုက်တယ်။ပြီးတော့ ကျုပ်ကိုယ်တိုင် ဖိနပ်ချွတ်လိုက်ပြီး တောင်ကြီးရှင်ဘက် လှည့်ကာ လက်အုပ်ချီ၍ တောင်ကြီးရှင် မယ်တော်ထံ ထင်းခုတ်ခွင့်ပြုရန် တောင်းလိုက်သည်…
!!! တောင်ကြီးရှင်သခင်မ မယ်တော်အား ခွင့်ပန်ပါသည်။ကျွန်ုပ်တို့သည် စီးပွားအဖြစ် သခင်မ ပိုင်နက်မြေမှ ထင်းများခုတ်ယူခြင်း မဟုတ်ပါ။အလှူအတန်းတွက် ခုတ်ယူရခြင်း ဖြစ်ပါသည်။သို့ဖြစ်၍ ကျွန်ုပ်တို့အား ထင်းခုတ်ခွင့်ပြုပါရန် သခင်မအား တောင်းပန်ပါ၏ !!!
ကျုပ် လည်း တောင်ကြီးရှင်သခင်မကို ခွင့်ပန်ပြီး လူငယ်များကို အပင်ကြီးများ မခုတ်မိကြရန် မှာကြားလိုက်တယ်။အပင်ကြီးတွေမှာ ရုပ်ကစိုးနတ်ရှိနိုင်တယ်ဗျ။ဒါကြောင့် အပင်ကြီးတွေ မခုတ်မိကြဖို့ ကျုပ် မှာရတာပေါ့ဗျာ…
ဒါနဲ့ ကျုပ်တို့ ထင်းကို စပြီးခုတ်ကြတော့တာပဲဗျာ။ထင်းတွေက ပေါလွန်းတော့ ခုတ်ရတာ တယ်လည်းမြန်သဗျို့။တချုံခုတ်လိုက်တာနဲ့ လှည်းတစ်စီး အသာလေးရတယ်ဗျ။ကျုပ် ဖြင့်ဗျာ ဒီတောင်ကြီးအနားကို ငယ်ငယ်ကတော့ မပျက်ရောက်ဖူးပါတယ်။ရွာက ကိုရင်ထွန်းလှ ကြီးနဲ့ တောပစ်လိုက်ဖူးတာပါ။အဲအချိန်က ဒီလောက် တောကမနက်ဘူးဗျ။ခုတော့ ရွာကလူတွေ ဒီကို သိပ်မရောက်ကြတော့ တောကမြိုင်ကြီးသဖွယ် ဖြစ်နေပြီ။တစ်ချို့ အပင်တွေဆို အုံ့ပြီး ညို့မှိုင်းနေတာပဲဗျာ။ကျုပ်ဖြင့် ထင်းခုတ်ရမှာတောင် စိတ်ထဲ နှမြောသလိုကြီးပဲ။
ကျုပ်တို့လည်း အချိန့်သိပ်ကြာကြာပင် မခုတ်ရ ထင်းလှည်းတွေ အကုန်ပြည့်ကုန်ကြပြီဗျ။ဒါနဲ့ အားလုံးပြန်ကြမယ်ဆိုပြီး ခေါ်ပေမဲ့ ထင်းခုတ်တဲ့ကောင်တွေက လူခွဲခုတ်ကြတော့ လူစုကကွဲနေတာဗျ။ ကျုပ်တို့နဲ့ အတူ မကွဲပဲခုတ်နေကြတာက လှည်းသုံးစီးပါ။ဒါနဲ့ ကျုပ်လည်း ကျန်တဲ့ လှည်းတွေကို မစောင့်တော့ပဲ အိမ်ကိုပြန်ခဲ့တယ်။ဒီလိုပြန်မှလည်း အိမ်ဝိုင်းထဲ ထင်းချရာက လှည်းချင်းမဆုံမှာ မလား။ဒါကြောင့် ကျုပ်တို့ လှည်းသုံးစီးက အရင်ပြန်ခဲ့ကြတယ်ပေါ့ဗျာ…
********************-**-****************
အခန်း ( ၂ )
—————-
ကျုပ်တို့ အလှူအိမ်ကိုရောက် လှည်းပေါ်ကထင်းတွေ ချနေတုန်း ကျန်တဲ့လှည်း ၅စီးလည်း ရောက်လာတယ်ဗျ။ကျုပ်တို့ ၃စီးနဲ့ဆိုတော့ လှည်းက ၈စီး ရှိသေးတယ်။ဒါဆို ၂စီးကျန်သေးတာပေါ့။ကျုပ်တို့လည်း ထင်းတွေချပြီး ထမင်းပွဲပြင်ထားတာနဲ့ ကျန်တဲ့ ၂ စီးကို မစောင့်တော့ဘူး။ထမင်းစားလိုက်ကြတယ်။ကျုပ် တို့ထမင်းစားနေတဲ့ နေရာကို ဘထွေးခိုင် ရောက်လာပြီး လှည်းတွေမစုံသေးကြောင်း လာမေးတယ်ဗျ…
!!! ငမိုင်းး မင်းတို့လှည်းတွေ လိုသေးတယ်မလား။ခုမှ ၈ စီးရောက်သေးတယ်။ဟိုနှစ်စီးက ဘယ်မှာလဲကွ !!!
!!! ဟုတ်တယ် ဘထွေးခိုင် ကျုပ်လည်း အဲဒါကို စဉ်းစားနေတာဗျ။ကျန်နေခဲ့တဲ့ လှည်းတွေက လှဆောင်တို့ အုံးမြင့်တို့ လှည်းတွေ။ဒီကောင်တွေဗျာ ထင်းတွေဒီလောက်ပေါနေတာကို ခုထိပြန်မရောက်လာဘူး !!!
ကျုပ်က အဲလို အပြစ်တင်စကား ပြောတော့ ဘထွေးခိုင်က..
!!! အဲလိုမဟုတ်သေးဘူးလေကွာ။ဒီကောင်တွေ လမ်းမှာ လှည်းများ တစ်ခုခုဖြစ်နေလားမှ မသိတာ !!!
ကျုပ် ဘထွေးခိုင် စကားကြားရတော့ ဒီကောင်တွေကို နည်းနည်းတော့ စိတ်ပူတာပေါ့ဗျာ။တကယ်ဆို ဒီကောင်တွေ ပြန်ရောက်သင့်နေပြီဗျ။ကျုပ်တို့ အားလုံးထမင်းစားပြီးသည်ထိ လှဆောင်တို့က ရောက်မလာကြသေးဘူး။ဒီတိုင်းသာဆို ဒီကောင်တွေ တစ်ခုခုဖြစ်နေတာ သေချာနေပါပြီ။ဘာများဖြစ်နေပါလိမ့် လှည်းများ ဝင်ရိုးကျိုးလို့လား။ဒါမှ မဟုတ်တစ်ခုခုတော့ တစ်ခုခုပဲ…
ကျုပ်တို့လည်း လှဆောင်တို့ အဖွဲ့ကိုလာနိုးလာနိုးနဲ့ စောင့်နေတာ ညနေတောင်အချိန်က ရောက်သွားတယ်ဗျ။ဒါနဲ့ ကျုပ်တို့ ဒီကောင်တွေနောက် လိုက်သွားမှ သင့်တော့မှာပေါ့ ။ကျုပ်လည်း အချိန်ဆွဲမနေတော့ပဲ ရွာကလူငယ်တွေစုပြီး မနက်က ကျုပ်တို့ ထင်းခုတ်ထွက်ခဲ့တဲ့ မင်းဝန်တောင်ဆီ နောက်တစ်ခေါက်ပြန်ထွက်လာရတာပေါ့ဗျာ။ ခရီးကလည်းဝေး အချိန်ကလည်း ညနေပိုင်းရောက်နေပြီ ဆိုတော့ ကျုပ်တို့ လက်နှိပ်ဓာတ်မီးတွေ တစ်ခါတည်းယူလာခဲ့ကြတယ်။လူငယ်တွေလည်း ညခရီးထွက်ရမှာဆိုတော့ ဓားကိုယ်စီ လေးဂွကိုယ်စီနဲ့ပေါ့ဗျာ။ကျုပ်ကတော့ ထုံးစံတိုင်း ကျုပ်ရဲ့ လက်စွဲတော် လှံတိုကိုဆွဲ၍ ရှေ့ဆုံးကထွက်လာခဲ့တယ်…
ကျုပ်တို့တွေ မင်းဝန်တောင်ကို ခြေလျင်လျှောက်လာကြတာဗျ။ရွာကတည်းက နေကဝင်လုနီးပါး ဖြစ်နေတော့ ကျုပ်တို့ လမ်းမှာတင် မှောင်သွားတယ်။တောင်ကိုရောက်ဖို့ကတော့ သိပ်တော့မလိုတော့ပါဘူး။ကျုပ်တို့က တောင်ဆီကို ဖြတ်လမ်းအတိုင်းလျှောက်လာကြတာ ဆိုတော့ လမ်းတော့နီးပါရဲ့ ဒါပေမဲ့ လမ်းကအရမ်းကြမ်းတယ်ဗျ။ လျှိူတွေ ချိုင်းတွေ ကမ်းပါးတွေ ချောင်းတွေက တောင်ကြီးဆီမရောက်ခင် ဖြတ်လာခဲ့ရတာ မနည်းဘူး။တချို့ချိုင့်ဝှမ်းတွေဆို အမြင်မကောင်းဘူး။လမ်းတွေက ကမ်းပါးဘေးက ကျဉ်းမြောင်းမြောင်းလေးနဲ့ ကျုပ်တို့ အသက်လုလျှောက်ခဲ့ရသေးတယ်ဗျာ။ဒီလိုနဲ့ ကျုပ်တို့ ဆက်လျှောက်လာရင်း တောင်ကြီးနဲ့ နီးကပ်လာပြီး မနက်က ကျုပ်တို့ ထင်းခုတ်ခဲ့တဲ့ နေရာတောင် ရောက်လာပြီဗျို့။ဒါနဲ့ ကျုပ်လည်း လူငယ်တွေကို လူစုခွဲပြီး ရှာကြဖို့ လူခွဲပေးနေတုန်း ကျုပ်တို့ရဲ့ အရှေ့ဘက်ဆီက နွားအော်သံ နွားတွန်သံတွေ ကြားလိုက်ရတယ်ဗျ။ဒါနဲ့ ကျုပ်တို့လည်း ဝမ်းသာသွားပြီး ဒါ ကျုပ်တို့ရှာနေတဲ့ လှဆောင်တို့ နွားတွေပဲ ဖြစ်ရမယ် ဆိုပြီး ခုန နွားတွန်သံတွေ ကြားလိုက်ရတဲ့ အရှေ့ဘက်ဆီကို ကျုပ်တို့အားလုံး ထွက်လာကြတယ်…
တောကြီးကလည်း တကယ်ကို အပင်တွေနဲ့ ထူထပ်နေတာပဲဗျာ။ညဆိုတော့ပိုဆိုးတာပေါ့။အရာအားလုံးက မှောင်မိုက်နေတာဗျ။ကျုပ်တို့ လက်နှိပ်ဓာတ်မီး အားကိုးနဲ့ နွားတွန်သံတွေဆီ ဆက်လျှောက်လာတယ်။တအောင့်လောက် လျှောက်မိတော့ လူနံ့ရလို့ထင်တယ် နွားတွေက ပိုပြီးတွန်ကြ အော်ကြတယ်။ပြီးတော့ မင်းနောင်က ဝမ်းသာအားရနဲ့ ထအော်ပါလေရောဗျာ…
!!! ဟာ…ကိုကြီးမိုင်း ကိုကြီးမိုင်းး ဟိုမှာ နွားတွေ နွားတွေဗျ။ဒါ အုံးမြင့်ရဲ့ နွားသိုးကြီးဗျ !!!
ကျုပ်လည်း မင်းနောင် ညွန်ပြရာ ကြည့်လိုက်တော့ ဟုတ်ပါတယ်။ဒါ လှဆောင်တို့ အုံးမြင့်တို့နွားတွေပဲ။ နွားတွေကို လှည်းဘီးတွေမှာ ချည်ထားတာဗျ။ထူးဆန်းနေတာက နွားတွေနဲ့ လှည်းတွေသာရှိတာ လူတွေကို တစ်ယောက်မှမတွေ့ဘူး။ပြီးတော့ ထင်းလည်းတစ်ချောင်းမှ ခုတ်ထားတာ မတွေ့ရဘူး။ဒါဆို ဒီကောင်တွေ အခုဘယ်မှာလဲ။ဘာကြောင့် ထင်းမခုတ်ပဲ ဒီချိန်ထိ အိမ်ကိုပြန်မလာကြတာလဲ။ကျုပ်တော့ ဘယ်လိုမှ စဉ်းစားမရဘူးဗျာ။ဒါနဲ့ ကျုပ်တို့ လှည်းနားကပ်သွားကြတယ်။လူငယ်တွေက လှဆောင်တို့ကို မတွေ့ရတော့ စိုးရိမ်နေကြတယ် ထင်တယ်ဗျာ။ပြီးတော့ ဖိုးတုတ်က ကျုပ်ဆီ လျှောက်လာပြီးးး
!!! ကိုကြီးမိုင်း လှဆောင်တို့ အုံးမြင့်တို့လည်း မတွေ့ပါလားဗျာ။ဒါဘယ်လိုဖြစ်တာလဲ။ဒီကောင်တွေ မနက်က ထင်းလည်း ခုတ်ထားပုံမပေါ်ဘူးဗျ။ထင်းမခုတ်တာတော့ ထားပါတော့ဗျာ။ဒီကောင်တွေ ခုလိုချိန်ထိ ဒီနားမှာမရှိတာတော့ ထူးဆန်းနေတယ်။ပြီးတော့ သိပ်လည်းမရိုးသားသလိုပဲ ကိုကြီးမိုင်းး !!!
!!! အေးကွ..ငါလည်း ဒါကိုတွေးနေတာ။တကယ်ဆို ဒီကောင်တွေ ဒီချိန်ထိနေဖို့တော့ မသင့်ဘူး။ဆန်းတာတော့ အတော်ကို ထူးဆန်းနေပြီ ဖိုးတုတ်။မဟုတ်မှ လွဲရော ဒီကောင်တွေ အန္တရယ်တစ်ခုခုနဲ့ ကြုံနေကြလို့လား။ကဲကွာ ဒီကောင်တွေကို အသံပြု အော်ခေါ်ကြတာပေါ့ !!!
ကျုပ်က အဲလိုပြောလိုက်တော့ ကျန်တဲ့လူငယ်တွေက အုံးမြင့်တို့ကို အသံပြုအော်ခေါ်ကြတယ်။ပြီးတော့ အနီးပတ်ဝန်းကျင်မှာလည်း ကျုပ်တို့ နေရာအနှံ့လိုက်ရှာကြတယ်။ချောက်ကမ်းကြီးတွေထဲများ မတော်လို့ ကျကုန်ကြတာဆိုသည့် အတွေးတွေနဲ့ ကျုပ်တို့ ချောက်ကမ်းပါးကြီးတွေထဲကို ခက်ခက်ခဲခဲ ဆင်းကြပြီး ရှာကြပေမဲ့ လှဆောင်တို့ရဲ့ သဲလွန်စ တစ်ခုတောင် ကျုပ်တို့ မတွေ့ခဲ့ရဘူး။ဒါတင်မကပါဘူး လျှိူတွေ ချုံတွေ တွေ့တိုင်း ကျုပ်တို့ အနှံ့ရှာကြတယ်။ဒါပေမဲ့ ဒီကောင်တွေကို ကျုပ်တို့ ဘယ်လိုမှ ရှာမတွေ့ကြဘူး။နောက်ဆုံး ညည့်ကအတော်နက်လာတော့ ကျုပ်တို့ လက်လျော့ကာ စောစောက နွားတွေ လှည်းကောက်ပြီး ရွာကိုသာ ပြန်လာခဲ့ကြတာပေါ့ဗျာ….
———————————————————
အခန်း ( ၃ )
—————–
ကျုပ်တို့ ရွာပြန်ရောက်လာတော့ နွားတွေ လှည်းတွေသာတွေ့ခဲ့ပြီး လှဆောင်တို့ အုံးမြင့်တို့ အဖွဲ့ပါမလာတော့ သူတို့အမေတွေ တငိုငို တရီရီနဲ့ပေါ့ဗျာ။ကျုပ်လည်း သူတို့တွေငိုနေတာ မြင်ရတော့ တကယ်စိတ်မကောင်းဘူး။အုံးမြင့်ရဲ့ အမေ ဒွေးလေးမြက ကျုပ် လက်မောင်းကို အားကိုးတကြီးနဲ့ ဖက်တွယ်ပြီး မျက်ရည်လေး တဝဲဝဲနဲ့ ….
!!! ငမိုင်းရယ်..မင်း ညီတွေကို ဒီတိုင်းကြီး ထားခဲ့တော့မှာလား။ဒွေးလေးမှာ မင်းညီကိုပဲ အားကိုးနေရတာပါကွယ်။မင်းညီသာ တောကြီး တောင်ကြီးထဲ တစ်ခုခု ဖြစ်လို့ကတော့ ဒွေးလေးမြ မတွေးဝံ့တော့ပါဘူး ငမိုင်း..!!!
ဒွေးလေးမြက အဲလိုပြောတော့ ကျုပ် ရင်ထဲ နင့်သွားသလိုဗျာ။ပြီးတော့ ကျုပ် တာဝန်မကျေသလိုကြီး ခံစားရတယ်။ဒါနဲ့ ကျုပ် ဒွေးလေးမြကို နှစ်သိမ့်စကား ပြောလိုက်ရတာပေါ့ဗျာ…
!!! ဒွေးလေးရယ်..ကျုပ် သိပါတယ်ဗျာ။အဲလောက်ကြီးလည်း စိတ်မပူပါနဲ့။ဒီကောင်တွေ ဘာမှမဖြစ်နိုင်ပါဘူးဗျာ။ပြီးတော့ အုံးမြင့် တစ်ယောက်ထဲမှ မဟုတ်တာပဲ ဒွေးလေးရယ်။သူတို့ မျက်စိလည် နယ်ကျွံ့နေတာပါ။ဘာမှမပူနဲ့ ဒွေးလေး ကျုပ် အုံးမြင့်တို့ကို တွေ့အောင်ရှာလာခဲ့မှာပါ !!!!
ကျုပ်လည်း ဒွေးလေးမြကို နှစ်သိမ့်ပြီး မကျေနပ်သေးတာနဲ့ မင်းဝန်တောင်ဆီ နောက်တစ်ခေါက် လှဆောင်တို့အဖွဲ့ကို ပြန်ရှာဖို့ ဆုံးဖြတ်လိုက်တယ်ဗျာ။ဒီကောင်တွေရဲ့ အမေတွေ ငိုနေကြတာ ကျုပ် မကြည့်ရက်တော့ဘူး။နောက်ပြီး အလှူရှင် ဦးထွန်းခင် ကလည်း သူ့အလှူအတွက် ဖြစ်သွားရလို့ အတော်စိတ်မကောင်း ဖြစ်နေတာဗျ။ဒါနဲ့ ကျုပ်လည်း မင်းနောင်ရယ် ဖိုးတုတ်ရယ် မောင်မောင်ရယ် ဒီကောင်သုံးယောက်ကို ခေါ်ပြီး မင်းဝန်တောင်ကို ခရီးပြန်ထွက်ရတာပေါ့ဗျာ…
*************************************
အခန်း( ၄ )
—————
ကျုပ်တို့ မနက်အစောထွက်လာကြတော့ နေပွင့်တာနဲ့ တောင်ခြေကို ရောက်လာကြတယ်။ကျုပ် မင်းနောင်တို့ကို ခေါ်ပြီး လူခွဲရှာရန် ပြောလိုက်တယ်ဗျ…
!!! ကဲ..ဖိုးတုတ်နဲ့ မောင်မောင် မင်းတို့နှစ်ယောက်က တောင်ကြီးရဲ့ မြောက်ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းကို သေချာရှာကွာ။သတိဝိရိယလည်း ထားရှာကြ။မင်းနောင် မင်းက ငါနဲ့လိုက်ခဲ့။ကဲ..ဖိုးတုတ် မင်းတို့ အကြောင်းထူးတာနဲ့ ငါတို့ဆီ လက်ခေါက်မှုတ်ပြီး အချက်ပေးလိုက် ကြားလား။အချိန်ကြလို့ တွေ့သည်ဖြစ်စေ မတွေ့သည်ပဲ ဖြစ်စေ ငါတို့ ဒီနေရာမှာ ပြန်ဆုံကြမယ်။ကြားလား !!!
!!! ဟုတ်ကဲ့ ကိုကြီးမိုင်းး။ကိုကြီးမိုင်း တို့လည်း သတိထားရှာကြအုံး ။ကျုပ်တို့ သွားပြီ !!
ဖိုးတုတ်က ကျုပ်ကို နှုတ်ဆက်ပြီး မောင်မောင့်ကို ခေါ်ကာ မြောက်ဘက်ဆီကို ဓားလွယ်ကိုယ်စီနဲ့ ထွက်သွားလေရဲ့။သူတို့ထွက်သွားတော့မှ ကျုပ်လည်း မင်းနောင်ကို ခေါ်ကာ လှံတိုကို ဆွဲ၍ ရှေ့ကထွက်ခဲ့ပြီး အုံးမြင့်တို့ကို ရှာပုံတော်ဖွင့်ရတော့တာပဲဗျို့…
————————————————————————
ဖိုးတုတ်နဲ့ မောင်မောင် တောင်ကြီးရဲ့ မြောက်ဘက်တည့်တည့် ရောက်လာလေ တောကပိုနက်လာလေပဲ။ဖိုးတုတ်တို့ နှစ်ယောက် လျှိူတွေ ချုံတွေကို ခက်ခက်ခဲခဲကျော်ဖြတ်ရင်း အုံးမြင့်တို့ကို လိုက်ရှာကြတယ်။မောင်မောင်က အသံပေးပြီး အော်ခေါ်တယ်။သူတို့ သတိကတော့ မပျက်ကြ။ဒီလိုနဲ့ လိုက်ရှာကြရင်း တောင်ခြေကြီးရဲ့ အုံ့မှိုင်းနေပြီး နွယ်ချိုတန်းတွေ ထူထပ်ပိတ်သည်း နေတဲ့နေရာအရောက်မှာ ထိုတောင်ခြေမှ ထူးဆန်းစွာ စောင်းသံကို ကြားလိုက်ရတယ်။စောင်းသံက တကယ်ထူးဆန်းလှပါတယ်။ဒီလိုလူသူကင်းမဲ့နေတဲ့ နေရာမျိုးမှာ ဒီလိုစောင်းသံဆိုတာ မဖြစ်နိုင်တဲ့အရာပဲ။စောင်းသံက ကြားရသူ ဖိုးတို့နဲ့ မောင်မောင် တို့အဖို့ အလွန်ပင်ထူးဆန်းသလို နားဆင်၍လည်း အင်မတန်ကောင်းနေသည်။ဒီလိုအသံမျိုး သူတို့တစ်သက် တစ်ခါမှ မကြားဘူးကြ။စောင်းသံက ကြားနေရစဉ်အခိုက်အတန့်မှာ အရာအားလုံးကို မေ့စေတယ်။ကြားရသူရဲ့ စိတ်ကိုညိူ့ယူစေတယ်။ဒီနေရာကနေ ဘယ်မှသွားချင်စိတ် မရှိအောင် လူသားတွေရဲ့စိတ်ကို ဆွဲဆောင်နိုင်လွန်းလှပေတယ်။ပြီးတော့ ဒီစောင်းသံ ရပ်သွားမယ်ကို စိုးရိမ်ပူပန်လိုစိတ်တွေ ဖိုးတုတ်နဲ့ မောင်မောင် ရင်ထဲဖြစ်တည်ကုန်တယ်။ဒါနဲ့ သူတို့ နှစ်ယောက် အချိန်ဆွဲမနေတော့ပဲ စောင်းသံလာရာ တောင်ခြေကြီးဆီကို လျှောက်သွားကြတယ်။နွယ်ချုံတွေ ပိတ်နေတဲ့ ချုံတန်းတွေကို သူတို့ခုတ်ထွင်လိုက်တော့ အထဲမှာ ထူးဆန်းစွာ လှိုင်ဂူကြီးတစ်ခုကို တွေ့လိုက်ရတယ်။ပိုပြီး ထူးဆန်းတာက စောင်းသံက ဒီဂူကြီးအတွင်းက လာနေတာပဲ။ဒါနဲ့ ဖိုးတုတ်တို့ ဘာမှမစဉ်းစားတော့ပဲ ဂူကြီးအတွင်းကို ဝင်လိုက်ကြတယ်။ဂူအတွင်းရောက်သည်အထိ စောင်းသံကြားနေရဆဲ။ဖိုးတုတ်တို့ အထဲကိုတိုးပြီး ဝင်မိတာနဲ့ ဂူကြီးရဲ့ အတွင်းပိုင်းအကျယ်ကြီး အရောက်မှာ သူတို့တွေ လုံးဝမျှော်လင့်မထားတဲ့ မြင်ကွင်းတွေကို တွေ့လိုက်ရတယ်…
ဂူကြီးအတွင်းက စင်ပေါ်မှာ အလွန်တရာ လှပချောမောလွန်းတဲ့ မိန်းမပျိုလေးတစ်ယောက်က ရွှေစောင်းကြီးကို တီးခက်နေပြီး အောက်ကြမ်းပြင်မှာ လူသားခြောက်ယောက်က မတုန်မလှုပ် မျက်တောင်ပင်မခက်ပြဲ စောင်းတီးနေတဲ့ မိန်းမပျိုလေးကိုပဲ စိုက်ကြည့်နေကြတယ်။ဒီထက်ပိုပြီး ထူးဆန်းတာက မိန်းမပျိုလေးကို ကြည့်နေကြတဲ့ လူသားခြောက်ယောက်က သူတို့သဲကြီးမဲကြီး လိုက်ရှာနေတဲ့ အုံးမြင့်တို့ လှဆောင်တို့ ထင်းခုတ်တဲ့အဖွဲ့ ဖြစ်နေလို့ပါပဲ။ဒါပေမဲ့ သူတို့ကို ပြန်တွေ့ရလို့ ဝမ်းသာရမှာကို မေ့နေသူများက ဖိုးတုတ်နဲ့ မောင်မောင် ပါ။သူတို့တွေ အုံးမြင့်တို့ကို လိုက်ရှာကြသည်ကိုပင် မေ့လျော့နေကြပြီ။မိန်းမပျိုလေးရဲ့ စောင်းသံက ဖိုးတုတ်တို့ကို ညှို့ယူထားလိုက်ပေပြီ။ဒါနဲ့ ဖိုးတုတ်တို့လည်း အုံးမြင့်တို့နား အတူရောထိုင်ပြီး မိန်းမပျိုလေးရဲ့ စောင်းသံကို နားဆင်နေကြသည်။ထူးဆန်းတဲ့ စောင်းသံရဲ့ ဆွဲဆောင်ညှို့ယူခြင်းက ဖိုးတုတ်တို့ မိမိတို့အနား လာထိုင်သည်ကို ဂရုမစိုက်အားကြတာက အုံးမြင့်တို့ လှဆောင်တို့ အဖွဲ့ပါပဲ။သူတို့အားလုံး ကိုယ့်ကိုကိုယ် မည်သူမည်ဝါတောင် သိကြပုံမပေါ်ပဲ မေ့နေကြလေကုန်တယ်….
—————————–=——————
ကျုပ်နဲ့ မင်းနောင် လျှိုအထပ်ထပ် တောတောင်အနှံ့ လှဆောင်တို့အား ရှာခဲ့ပေမဲ့ ဘယ်လိုမှ ရှာမတွေ့။ချောက်ကမ်းပါးကြီးတွေ တွေ့တိုင်း လှဆောင်တို့ရဲ့ သဲလွန်စလေးများ တွေ့ရနိုးနဲ့ ခက်ခဲစွာ ဆင်း၍ရှာခဲ့ပေမဲ့ နောက်ဆုံးတော့လည်း အဖြေကိုရှာမရ နောက်ပြန်လှည့်ဖို့ထိ ဖြစ်လာတော့တာပဲဗျာ။ဒါနဲ့ ကျုပ်လည်း မင်းနောင်ကို ပြန်ကြဖို့ပြောလိုက်ပြီး စောစောက ဖိုးတုတ်တို့နဲ့ လမ်းခွဲခဲ့တဲ့နေရာကိုပြန်လာခဲ့တယ်။ကျုပ်တို့ အဲနေရာကို ရောက်တော့ ဖိုးတုတ်တို့က မရောက်သေးဘူးဗျ။ဒီကောင်တွေကို သေချာမှာထားခဲ့တာပါ။အချိန်ကျရင် ဒီနေရာပြန်ဆုံကြမယ်ဆိုတာ။ဒါနဲ့ ကျုပ်တို့လည်း ဖိုးတုတ်တို့ကို ဒီနေရာက ထပ်စောင့်နေရတာပေါ့ဗျာ။ခဏကြာသည်အထိ အကြောင်းကမထူး။ဒါနဲ့ ကျုပ်လည်း လက်ခေါက်မှုတ်ပြီး ဖိုးတုတ်ကို ခေါ်ကြည့်တယ်။တစ်ဘက်က ပြန်ထူးတာ ဘာမှမကြားဘူး။ဒီတိုင်းသာဆို ကျုပ်တို့တော့ တပူပေါ် တပူဆင့်ပြန်ပြီထင်တယ်။အရင်လူမှ ရှာမတွေ့သေးဘူး။နောက်ထပ် ထပ်ပြီးပျောက်နေပါလား။ဒါဘယ်လိုဖြစ်တာလဲ ကျုပ်တော့ မစဉ်းစားတတ်အောင်ပါပဲဗျာ။မင်းနောင်က ကျုပ်ကို ကြည့်ပြီး …
!!! ကိုကြီးမိုင်း..ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ။လှဆောင်တို့ အဖွဲ့ကိုမတွေ့ပဲ အခု ဖိုးတုတ်တို့ပါ ပျောက်နေပြီ။ဒါ သိပ်တော့ မရိုးသားဘူး ကိုကြီးမိုင်း !!”
!! အေးကွာ ငါလည်း အတော်ကို စဉ်းစားမရဖြစ်နေပြီ။ဒီကောင်တွေ ပျောက်နေတာ မင်းပြောသလို ရိုးသားမှု့ မရှိတာတော့ သေချာနေပြီ မင်းနောင် !!!
!!! ကျုပ် အထင်ပြောရရင်တော့ ကိုကြီးမိုင်း ကျုပ်တို့ ထင်းခုတ်တာကို တောင်ကြီးရှင်သခင်မ မကြိုက်လို့ ကျုပ်တို့ထဲက လူတွေကို နတ်ဖွတ်ထားတာလား မသိဘူးဗျာ…!!”
မင်းနောင် စကားကို မဖြစ်နိုင်ဘူးလို့ ကျုပ် မပြောပါဘူး။ဒါပေမဲ့ မကြုံဘူးတော့ တထစ်ချတော့ ယုံကြည်လို့မရဘူးဗျ။ခက်တာက ကျုပ်တို့လည်း ဒီတောကြီးထဲ သွားနေတာပဲဗျာ ကျုပ်တို့ကျ ဘာလို့ ဘာအန္တရယ်မှ မတွေ့ရတာလဲ ကျုပ် မသိတော့ပါဘူး။အချိန်ကလည်း နေကအတော်စောင်းနေပြီ။ကျုပ်တို့ အကောင်းဆုံးက ရွာကိုသာပြန်ကြဖို့ပဲ မလား။ဒါကြောင့် ကျုပ် မင်းနောင်ကို ရွာပြန်ရန် ပြောလိုက်ပြီး နှစ်ယောက်သား အတွေးကိုယ်စီနဲ့ ရွာကို ပြန်ရောက်လာကြပါတော့တယ်ဗျာ…
မိန်းမပျို နဲ့ ထူးဆန်းသော စောင်းသံ…(.ဒုတိယပိုင်း.)
************************************************
အခန်း( ၁ )
——————
ကျုပ်ကို အပြစ်တင်သံ ဝေဖန်သံတွေက ကျုပ် နားနဲ့ပင် မဆံ့အောင်ပါပဲ။ရွာလူကြီး ဘထွေးခိုင်ရော ပျောက်ဆုံးနေတဲ့သူတွေရဲ့ မိဘတွေကရောပေါ့ဗျာ။ဒီအဖွဲ့မှာ ကျုပ်ကလည်း အကြီးဆုံးဆိုတော့ သူတို့ အပြစ်တင်လည်း ကျုပ် ခံရုံပဲပေါ့။ဒီချိန်မှာတော့ ကျုပ် ဘာမှမတတ်နိုင်ခဲ့ဘူးဗျာ။ဒါပေမဲ့ ကျုပ် လုံးဝမကျေနပ်ဘူး။ဒီကောင်တွေ ပျောက်သွားတာက အတော်ကို ထူးဆန်းနေတယ်။ဘာသဲလွန်စမှလည်း ရှာမရဘူး။ဒါကိုပဲ ကျုပ် ဘဝင်မကျတာ။တကယ်ဆို တစ်ခုခုတော့ သဲလွန်စ ကျန်သင့်တယ်။ကျုပ်တော့ ဒီကောင်တွေ ပြန်မတွေ့မချင်း စားဝင်အိပ်ပျော်မှာ မဟုတ်ဘူး။ဒါကြောင့် မင်းဝန်တောင်ကို ကျုပ် နောက်တစ်ကြိမ် ပြန်ထွက်ဖို့ ဆုံးဖြတ်လိုက်ရတော့တာပဲ…
ကျုပ် ရဲ့ ဒီတစ်ခါ မင်းဝန်တောင် ခရီးမှာ ကျုပ် တစ်ယောက်ထဲပါ။ကျုပ် ထွက်လာခဲ့တာကိုပဲ ဘယ်သူ့ကိုမှ အသိမပေးပဲ တစ်ယောက်ထဲ တိတ်တိတ်လေး မနက်အစောကြီး ထပြီးထွက်လာခဲ့တယ်…
ဒီတစ်ခါ မင်းဝန်တောင် ခရီးက ကျုပ်တွက် မဆန်းတော့ဘူးဗျို့။ခက်ခဲကြမ်းတမ်းလှတဲ့ လမ်းတွေက ကျုပ်တွက် မပန်းလှတော့ဘူး။ကျွမ်းကျင်မှု့နဲ့ ရင့်ကျက်မှု့တွေက ရလာတဲ့ ရလဒ်တွေပဲပေါ့ဗျာ။အမြင်နီးပြီး ခရီးဝေးတဲ့ တောင်ဆိုတာကြီးလည်း ကျုပ်တွက် မဝေးလှတော့ဘူးဗျ။ကျုပ် တစ်ယောက်ထဲ လှံတိုကိုင်ပြီး တောတောင် အထပ်ထပ်ကို ဖြတ်ကျော်လာရင်း မင်းဝန်တောင်ခြေအနား နီးသထက် နီးလို့ လာပြီပေါ့ဗျာ…
ကျုပ် ဝါး ချုံတောကြီးထဲ ကျဉ်းမြောင်းမြောင်း လမ်းလေးအတိုင်း လျှောက်လာတုန်းး ကျုပ် ဘဝမှာ တစ်ခါမှ မကြုံဖူးတဲ့ တောဝက်ဝံမကြီးနဲ့ ပက်ပင်းတိုးပါလေရောဗျာ..ဝက်ဝံမကြီးက တောင်ပေါ်က ဆင်းအလာ ကျုပ်က တောင်ခြေကို စပြီးအတက် တိုးတာဗျို့။လမ်းလေးကလည်း ဘယ်လိုမှ ရှောင်မရအောင် ကျဉ်းတဲ့လမ်း အချိန်က ကျုပ် အတွက် ဘာမှစဉ်းစားချိန် မရတော့ဘူး။စတွေ့တွေ့ချင်း ကျုပ်ရော ဝက်ဝံမကြီးမှာ သူလန့်ကိုယ်လန့် လန့်ကုန်တာပေါ့။ဝက်ဝံမကြီးက နည်းတဲ့အကောင်ကြီး မဟုတ်ဘူး။ဒီချိန်မှာ ကျုပ် လက်ဦးမှု့ရယူမှ အသက်ချမ်းသာရာ ရမည်။ကျုပ် လက်နှေးလို့တော့ ဝက်ဝံမကြီးရဲ့ လက်သည်းတွေကြား ကျုပ် အသက် ဇီဝိန်ချုပ်သွားမှာ သေချာတယ်။ဒါနဲ့ ကျုပ်လည်း ပါလာတဲ့ လှံတိုနဲ့ ကျုပ်နဲ့ တလှန်လောက်ကွာဝေးတဲ့ ဝက်ဝံမကြီးရဲ့ ရင်ညွန့်ကို တည့်တည့်ကြီး ထိုးထဲ့လိုက်တယ်။လှံတိုက ထိုးချက်မှန်ပြီး ဝက်ဝံမကြီးရဲ့ ရင်ညွန့်ဆီကို တည့်တည့်ကြီး စိုက်ဝင်သွားတယ်ဗျ။လှံကြီးစိုက်ဝင်သွားတော့ ဝက်ဝံမကြီးက နာလွန်းတာကြောင့် အတင်းအော်ပြီး ဒေါသတွေ အတင်းထွက်နေတယ်။ ဒါနဲ့ ဝက်ဝံမကြီးက သူ့လက်ကြီးနဲ့ ကျုပ်ကို ရိုက်ချလိုက်တာဗျာ ကျုပ်မှာ မျက်နှာကို တည့်တည့်ရိုက်မိပြီး နောက်ကို ဖင်ထိုင်ကျသွားတယ်ဗျ။လက်က လှံတိုကလည်း လွတ်သွားပြီ။ဝက်ဝံမကြီးက ဒါတင်အားမရသေးဘူး ကျုပ်ပေါ် ဒေါသတွေက မပြေသေး ဒါနဲ့ သူ့ရဲ့လက်ကြီးတွေကို လေပေါ်ကို ဝေ့လိုက်ပြီး လဲကျနေတဲ့ ကျုပ် ပေါ်ကို ခုန်အုပ်ချလိုက် ပါလေရောဗျာ။ကျုပ်လည်း ဘယ်လိုမှ ရှောင်လို့ရတော့မည် မဟုတ်လို့ မျက်စိတွေကိုသာ စုံမှိတ်ပစ်လိုက်ပါတော့တယ်..
***************************************************
အခန်း ( ၂ )
—————–
ကျုပ် မည်မျှသတိမေ့နေသည် မသိ။ကျုပ် စိတ်ထဲအသိတရား ဝင်လာချိန်မှာတော့ ကျုပ် တစ်ကိုယ်လုံး ရိုက်ထားသလို ညောင်းပြီးကိုက်ခဲ နေတော့တာပဲဗျာ။ထဖို့ နေနေသာသာ ကျုပ် မျက်စိကို ဖွင့်ဖို့မလွယ်ကူအောင် အားနည်းနေပြီ။ထိုအခိုက် ကျုပ် နားဆီသို့ အလွန်တရာမှ သာယာငြိမ့်ညောင်း လှတဲ့ တူရိယာတစ်ခုရဲ့ အသံလေး ကျုပ် ကြားလိုက်ရတယ်။ထိုအသံဟာ ကြားရသူအဖို့ မခွာရက်နိုင်အောင် ဆွဲဆောင်မှု့ အားပြင်းသည့် စောင်းသံပါပဲ။စောင်းသံက ငြိမ့်ငြိမ့်လေးနဲ့ ကျုပ်ရင်ကို ထိုးဖောက်ဝင်သွားစေတယ်။ပြီးတော့ စောင်းရဲ့ တီးကွက်တွေက တစ်ခုခုကို လွမ်းလိုက်ရသလိုပဲ။ရင်ကို အေးမြသလိုလိုနဲ့ တဖြေးဖြေး နားထောင်ရင်း ကျုပ်ရင်မှာ ဆွေးမြေ့ရသလိုကြီးဗျာ။ကျုပ်မှာ နားအာရုံနဲ့ ခံစားရပြီး ကြားနေရပေမဲ့ မျက်စိတို့က ပွင့်မလာကြသေး။ကျုပ် အသိစိတ်တွေ တဖြေးဖြေးပေါ်လာတော့ အားယူပြီး မျက်လုံးကို ကြိုးစားဖွင့်လိုက်တယ်။ကျုပ်မှာ ပလက်အနေအထားမို့ မျက်စိပွင့်လာတာနဲ့ စပြီးမြင်တွေ့လိုက်ရတာက ကျောက်သားအမိုးအကာကြီးပါပဲ။ကျုပ် စိတ်ထဲ ထူးဆန်းသွားသလို အရမ်းလည်း အံ့သြရချေပြီ။ဒါနဲ့ ကျုပ် စောစောက စောင်းသံလာရာကို ကြည့်မိလိုက်တော့…အလို..ဘုရားးး ဘုရားးး..အလွန်မတန် ချောမောလှပတဲ့ မိန်းမပျိုလေး တစ်ယောက် ရွှေရောင်တွေ တလက်လက်နဲ့ တောက်ပြောင်နေတဲ့ စောင်းကြီးကို ပွေ့ပိုက်ပြီး တီးနေတာပါလား။ဒါနဲ့ ကျုပ်လည်း အလွန်ပင် အံ့အားသင့်ပြီး ကမန်းကတန်း ထပြီးရပ်လိုက်တယ်။ဒီတော့ မိန်းမပျိုလေးက စောင်းတီးတာရပ်လိုက်ပြီးး ကျုပ် အနားကို ကပ်လာတယ်ဗျ။ပြီးတော့ ကျုပ်ကို စိုးရိမ်သော အသံနဲ့…
!!! အကို သတိရလာပြီလား။ဘယ်လိုနေသေးလဲ အကို အရမ်းနာနေတုန်းပဲလား ဟင်..!!!
မိန်းမပျိုလေးက ထိုသို့မေးရင် ကျုပ် နားပို၍တိုးကပ် လာတယ်။ဒီတော့မှ ကျုပ် အသက်ဝင်လာသလို သတိရပြီးး…
!!! ဒီမှာ အမိ..မင်း ဘယ်သူလဲ။ဒါ ဒါ ကရော ဘယ်နေရာလဲ။ကျုပ်က ဒီလို ဘယ်လိုလုပ် ရောက်နေတာလဲဗျ..!!!
ကျုပ် အော်လိုက်တော့ မိန်းမပျိုလေးက ခဏငြိမ်သွားတယ်။ကျုပ် ရောက်နေတဲ့ နေရာကို အကဲခတ်ကြည့်မိတယ်။နေရာက ကျောက်လှိုင်ဂူကြီး တစ်ခုထဲမှာဗျ။ကျုပ် ဒီလို စိုးရိမ်ထိတ်လန့်နေတာ မြင်တော့ မိန်းမပျိုလေးက..
!!! အကို မကြောက်ပါနဲ့ အကိုရယ်။ကျမ အကို့ကို အန္တရယ်ပြုမဲ့သူ မဟုတ်ရပါဘူး။အကို စောစောက ဝက်ဝံမကြီးနဲ့ သတ်ပုတ်ကြရင်း အကို့ကို ဝက်ဝံမကြီးလက်က ကျမ ကယ်ခဲ့တာပါ အကိုရယ်။ကျမ ပြောတာ ယုံပါ !!!
မိန်းမပျိုလေးက ဖြစ်စဉ်တွေ ပြောပြနေသည်။ကျုပ် သူပြောသောစကားတွေကို ပြန်စဉ်းစားကြည့်တယ်ဗျ။ဟုတ်ပါတယ် ကျုပ် မှတ်မိပါပြီ။ကျုပ် မနက်က ဝါးရုံတောကြီးထဲမှာ ဝက်ဝံမကြီးနဲ့ သူသေကိုယ်သေ အသက်လုပွဲနွဲခဲ့တာ အမှန်ပါပဲ။ဒီတုန်းက ကျုပ် ဝက်ဝံမကြီးရဲ့ လက်တွင်း အသက်ပျောက်ရပြီလို့ ထင်မှတ်လိုက်တာ အခု ဘယ်လိုဘယ်လို ကျုပ် ဒီလှိုင်ဂူကြီးထဲမှာ မိန်းမပျိုနဲ့ အတူရှိနေရတာလဲဗျာ။ဒီလိုဆိုသူပြောသလို ကျုပ်ကို ဝက်ဝံမကြီးလက်က တကယ်ကယ်တင်ခဲ့တာပဲလား ကျုပ် မစဉ်းတတ်တော့ ပါဘူး။ကျုပ် စဉ်းစားမရဖြစ်နေတုန်း မိန်းမပျိုလေးက ကျုပ် နားတိုးကပ်ပြီး..
!!! ကဲပါ အကိုရယ်..အကို ပင်ပန်းနေပါအုံးမယ်။စဉ်းစားလို့မရရင် မေ့ထားလိုက်ပါတော့နော်။အကို သိထားဖို့က ကျမက အကို့ရဲ့ ရန်သူမဟုတ်ဘူး ဆိုတာကိုပဲ အကို ယုံကြည်ထားပါတော့ !!!
မိန်းမပျိုလေးက ပေါ့ပါးစွာ ပြောနေပေမဲ့ အရာအားလုံးကို ကျုပ် ယုံကြည်ဖို့ အသင့်မဖြစ်သေးဘူး။မိန်းမပျိုဟာ ကျုပ်ကို ရန်ပြုသူ မဟုတ်တာတော့ ကျုပ် တွက်ဆလို့ ရပါတယ်။သူသာ ကျုပ်ကို ရန်ပြုချင်ရင် ကျုပ် ဒီချိန်ထိ အသက်ရှင်ဖို့ မဖြစ်နိုင်စရာပဲပေါ့။ဒါပေမဲ့ဗျာ ထူးဆန်းနေတာက ဒီလောက်လှပတဲ့ မိန်းကလေးက ဒီလိုတောနက်ကြီးထဲက ခုလိုလှိုင်ကြီးထဲကို တစ်ယောက်ထဲနေနိုင်နေတာ ဖြစ်နိုင်စရာလား။ဒါလုံးဝ သာမန် မိန်းကလေးတို့ မလုပ်နိုင် မဖြစ်နိုင်တဲ့ ကိစ္စပဲ။ဒါကိုပဲ ကျုပ် ဘဝင်မကျတာ။ဒါဆို ဒီ မိန်းကလေးက နာနာဘာဝလား။ဒါမှ မဟုတ် ဥစ္စာစောင့်လား။ဒါကြောင့် ကျုပ်လည်း စိတ်ထဲရှိတဲ့တိုင်း စောင့်ဆိုင်းမနေပဲ မေးချလိုက်တယ်…
!! ဒီမှာ အမိ။ကျုပ်ကို အသက်ကယ်တင်ပေးခဲ့လို့ ကျုပ် အမိကို ကျေးဇူးတင်ပါတယ်။အမိ ပြောသမျှတွေကိုလည်း ကျုပ် လက်ခံလိုရတယ်။ဒါပေမဲ့ ကျုပ် စိတ်ထဲ သိပ်ဘဝင် မကျတာက အမိလို ချောမောလှတဲ့ မိန်းမပျိုလေး တစ်ဦးက ဒီလိုကြမ်းတမ်းလှတဲ့ တောနက်ကြီးထဲမှာ တစ်ယောက်ထဲ နေတယ်ဆိုတာ ဖြစ်နိုင်စရာလား။ကျုပ် အထင်ပြောရရင် အမိဟာ သာမန် လူသား မိန်းကလေး လုံးဝမဖြစ်နိုင်ဘူး !!!!
ကျုပ် ထိုသို့ပြောလိုက်တော့ မိန်းမပျိုလေးက ကျုပ်ကို သေချာ ကြည့်တယ်။ကျုပ်လည်း ဒီတော့မှ မိန်းမပျိုလေးကို သေချာကြည့်မိတယ်ဗျာ။သူ့အကြည့်တွေက စူးရှတောက်ပနေပြီး သူ့မျက်ဝန်းတွေက အရောင်တွေလက်နေတယ်။ဒီအကြည့်တွေက ကျုပ် ရင်ကို ဒိန်းကနဲ့ လာရိုက်သလို ဒီအကြည့်တွေကိုလည်း ကျုပ် ကြာကြာကြီး ရင်မဆိုင်ရဲခဲ့ဘူး။ဒါကြောင့် ကျုပ် မိန်းမပျိုလေးရဲ့ အကြည့်တွေကနေ မျက်နှာလွှဲပစ်လိုက်တယ်ဗျာ။ဒီတော့မှ မိန်းမပျိုလေးက ကျုပ် ကို သူ့ဘဝကြောင်း ပြောပြတော့တယ်…
!!! ဟုတ်တယ် အကို။အကို ပြောသလိုပါပဲ ကျမက သာမန် လူသားမိန်းကလေး မဟုတ်ခဲ့ပါဘူး။ရှေးနှစ်ပေါင်း များစွာကတည်းက အစဉ်အဆက် ထိန်းသိမ်းလာခဲ့ရတဲ့ သိုက်နန်းအမွေတွေကို ပခုံးလွှဲထမ်းရွှက်နေရသူပါ အကို။ဒါပေမဲ့ အကို ထင်သလို ကျမ တစ်ယောက်ထဲတော့ မဟုတ်ဘူး။ကျမ တို့မှာ မောင်နှမသုံးယောက် ရှိပါတယ်..!!!
!!! ဒါ..ဒါ ဆို အမိက ဥစ္စာစောင့်ပေါ့။ကျုပ် အသက်ကို ကယ်တင်ပေးလို့ ကျေးဇူးပါ။ဒါပေမဲ့ ဒီလိုနေရာမျိုး လူသားတစ်ယောက်ဖြစ်နေတဲ့ ကျုပ် ကြာကြာရှိမနေသင့်ပါဘူး။ဒီတော့ ကျုပ်ကို ခွင့်ပြုပါအုံး အမိ..!!!
ကျုပ်မှာ မမျှော်လင့်ပဲ ဥစ္စာစောင့်တို့ရဲ့ သိုက်နန်းကြီးထဲ ရောက်နေပါရော့လား။ဒါကြောင့် လူသားတို့နဲ့ ဒီလိုအရပ်က မသင့်မြတ်တာကြောင့် ကျုပ် ဒီနေရာက အမြန်ထွက်ခွာရန် ဂူပေါက်ကြီးရဲ့ တံခါးဆီကို လျှောက်သွားလိုက်တယ်။ဒါပေမဲ့ ကျုပ် နောက်ကျသွားပါပြီ။ဧရာမ ကျောက်ဖျာကြီးက ဂူကြီးရဲ့အပေါက်ကို ပိတ်သွားခဲ့ပါပြီ။ကျုပ် နောက်ကို ပြန်လှည့်ကြည့်လိုက်တော့ မိန်းမပျို ဥစ္စာစောင့်မလေးက တောင်းပန်နေသည့် မျက်ဝန်းတွေနဲ့ ကျုပ်ကို ကြည့်နေပြီးးကျုပ် လက်မောင်းတွေကို ဆုပ်ကိုင်လာတယ်။ပြီးတော့ ဒီနေရာက သူ့ကိုထားပြီး မသွားဖို့ ကျုပ်ကို တောင်းပန်နေတယ်..
!!! အကို..ဒီနေရာထိရောက်လာပြီးမှ ကျမကို ထားခဲ့ပြီး ထွက်မသွားပါနဲ့ အကိုရယ်။အကို လာမဲ့ဒီနေ့လေးကို ကျမ စောင့်မျှော်နေမိတာ နှစ်တွေကြာခဲ့ပါပြီ အကိုရယ်။ဒါကြောင့် ကျမထားပြီး အကို ထွက်မသွားပါနဲ့ နော် ..!!!
ကျုပ် မိန်းမပျိုရဲ့ စကားတွေကို နားမလည်။ကျုပ်ကို နှစ်တွေအကြာကြီး စောင့်ခဲ့ရတာဆိုပါလား။ဒီစကားက ဘာအဓိပ္ပာယ်လဲ။ပြီးတော့ သူ့ကိုလည်း ကျုပ် အခုမှမြင်ဖူးတာပါ။ကျုပ်မှာ မိန်းမပျိုလေး ပြောသောစကားတွေကို နားမလည်နိုင်တာနဲ့ မေးမိတယ်…
!!! အမိ..ကျုပ် အမိ ပြောတာတွေ ဘာမှနားမလည်ဘူး။အမိက ကျုပ်ကို ဘာကိစ္စစောင့်နေတာလဲ။ပြီးတော့ ကျုပ်ကို နှစ်တွေအကြာကြီး စောင့်နေတယ် ဆိုရအောင် အမိနဲ့ ကျုပ် အခုမှ ဆုံရတာလေ။အမိ ပြောသလို ဖြစ်နိုင်လို့လား ..!!!
!!! အကိုရယ်..ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးက အကို့ပေါ်မှာ မူတည်နေတာပါ။ဒီချိန်မှာ အကို လက်မခံသေးတာ ကျမ သိပါတယ်။အကို့ကို တစ်ခုပဲ တောင်းဆိုပါ့မယ်။အကို ကျမ မျက်လုံးထဲကို သေချာကြည့်ပေးပါ။ကျမ မျက်လုံးထဲမှာ ဘာတွေပေါ်နေတယ်ဆိုတာ အကို မြင်ရရင် ကျမ အကို့ကို ဘယ်လောက်ကြာအောင် စောင့်ခဲ့ရတယ် ဆိုတာ အကို သိမှာပါ အကို။ကျမ မျက်လုံးတွေကို သေချာကြည့်ပါ အကို..!!!
ကျုပ် မိန်းမပျိုလေး ပြောနေတာတွေ ဘာတစ်ခုမှ နားမလည်ပေမဲ့ သူပြောသလို သူ့မျက်လုံးတွေကို ကျုပ် သေချာကြည့်မိတယ်။အစကတော့ မိန်းမပျိုရဲ့ မျက်ဝန်းထဲ ဘာမှ ရှာမတွေ့ဘူး။ဒါပေမဲ့ ကျုပ် မျက်လုံးတွေက တဖြေးဖြေး ရီဝေလာတယ်။ကျုပ် အိပ်ချင် လာသလိုဖြစ်နေပြီ။ကျုပ် မျက်လုံးတွေ ရီဝေလာခဲ့ပေမဲ့ မိန်းမပျိုလေးရဲ့ မျက်ဝန်းတွေထဲက ထူးခန်းသော ပုံရိပ်တွေကို ကျုပ် အာရုံထဲမှာ မြင်နေရပြီ…
ပုံရိပ်တွေက နှစ်တစ်ရာကျော်လောက်က ပုံရိပ်တွေပါ။အဆင့်တန်းတွေ ကွာခြားလှတဲ့ ချစ်သူနှစ်ဦးကို ကြင်နာတရားမဲ့စွာ ရက်ရက်စက်စက် ခွဲခွာနေကြတဲ့ ဓနရှင်တွေ။ကျုပ် မိန်းမပျိုလေးရဲ့ မျက်ဝန်းထဲက ပုံရိပ်တွေကို မြင်ဖူးသလိုလို ကိုယ်တိုင်ကြုံခဲ့ရသလိုလို နဲ့ဗျာ။ကျုပ် စဉ်းစားရင်း ခေါင်းတွေကမူးလပြီ။ကျုပ် မသိတော့ပါဘူး။နောက်ပြီး ဘာမှလည်း ကျုပ် မသိဘူးဗျာ။ဒါနဲ့ ကျုပ် အသိအာရုံတွေ ပြန်စုစည်းပြီး မိန်းမပျိုလေးကို ပြောလိုက်တယ်…
!!! အမိ..ကျုပ် အမိမျက်လုံးထဲက ပုံရိပ်တွေကို မြင်ရပါတယ်။ဒါပေမဲ့ ကျုပ် ဘာသာမပြန်တတ်ဘူး..!!!
ကျုပ် အဲလိုပြောလိုက်တော့ မိန်းမပျိုလေးက ကျုပ်ကို သေချာကြည့်ပြီး….
!!! အကိုရယ်..ကျမကို မညာပါနဲ့။အကို သိပါတယ်။ဘာလို့ ညာချင်ရတာလဲ အကိုရယ်။ဒီပုံရိပ်တွေက လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က အဆင့်တန်းတွေ မတူညီတဲ့ လူနှစ်ယောက် ချစ်ခဲ့မိလို့ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ဆိုးတွေလေ။အဲဒီနှစ်ယောက်က အကိုနဲ့ ကျမ ဆိုတာ အကိုသိပါတယ်။သိရဲ့နဲ့ ဘာလို့ မသိအောင်ပြုရတာလဲ အကို။ပြီးခဲ့တဲ့ အတိတ်တွေကို အကို ညာချင်ရင်တောင် အဲဒီအချိန်က အကို့ရင်ဘက်က ဓားအထိုးခံရတဲ့ အမှတ်ကြီး ဒီဘဝက အကို့ရင်ဘက်ထိ ပါနေတာတော့ အကို ညာလို့မရပါဘူး အကိုရယ် ..!!!
မိန်းမပျိုလေးရဲ့ စကားအဆုံးမှာ ကျုပ် အံသြရချေပြီ။ကျုပ် ရင်ဘက်က မွေးရာပါ အမှတ်ကြီးကို သူသိနေပါလား။ဒါဆို သူပြောသလို ကျုပ်နဲ့ မိန်းမပျိုလေးက အတိတ်ဘဝက ချစ်သူတွေလား။ကျုပ် မစဉ်းစားချင်တော့ဘူးဗျာ။အတိတ်ဆိုလည်း အတိတ်မှာပဲ ထားလိုက်ချင်ပြီ။ကျုပ် ဒီချိန်မှာ ဒါတွေမစဉ်းစားနိုင်သေးဘူး။ပျောက်ဆုံးနေတဲ့ ကျုပ် ရွာသားတွေကို ပြန်ရှာဖို့ ကျုပ်မှာ တာဝန်တွေ အများကြီးရှိတယ်။ဒါကြောင့် ကျုပ် မိန်းမပျိုလေးကို ပြန်ပြောလိုက်မိတယ်…
!!!! ဒီမှာ အမိ..ကျုပ် အတိတ်တွေကို ပြန်မတွေးချင်တော့ဘူး။ပြီးတော့ ကျုပ် ဒီချိန်မှာ ဒါတွေမတွေးအားဘူး။ကျုပ်မှာ ပျောက်ဆုံးနေတဲ့ ကျုပ် ရွာသားတွေကို တွေ့အောင်ရှာရအုံးမယ်။ဒီတော့ အမိ ကျုပ်ကို တံခါးဖွင့်ပေးပါ..!!
!! အကို သူတို့တွက် ဘာမှ မစိုးရိမ်ပါနဲ့။သူတို့ အခု အကို့ရွာကို ပြန်ရောက်လို့သွားပါပြီ အကို.!!!
ကျုပ် မိန်းမပျိုလေးရဲ့ စကားကို အံ့သြရပြန်ပြီ။ကျုပ် ရွာသားတွေအခုရွာကိုပြန်ရောက်သွားပြီဆိုတော့ သူတို့ကို မိန်းမပျိုလေးက သိနေတာလား။ဒါဆို..ဒါဆို…
!!! ဟုတ်တယ် အကို။ကျမ ဝန်ခံပါတယ်။အကို့ ကျမဆီ ရောက်လာရအောင် ကျမ အကို့ ရွာသားတွေကို နတ်စောင်းတီးပြီး ထိန်းထားခဲ့တာပါ။အဲဒီအတွက် ကျမကို ခွင့်လွှတ်ပါနော် အကို !!!
!!! ဟင်.!!!
နတ်စောင်းဆိုပါလား။ဒါဆို စောစောက ကျုပ် နားထောင်မဝအောင် ကြားခဲ့ရတဲ့ ထူးဆန်းလှတဲ့ စောင်းသံဟာ နတ်စောင်းသံပဲပေါ့။ကျုပ် အတွေးတွေ လွန်နေတုန်း မိန်းမပျိုလေးက ကျုပ် လက်မောင်းကို ကိုင်စွဲပြီး…
!!! အကို ..လာပါ အကိုရယ်..ကျမ အကို့ကို စောင်းတီးပြပါ့မယ်..လာ လာ အကို..!!!
ထိုသို့ပြောရင်း မိန်းမပျိုလေးက ကျုပ် လက်ကို အတင်းဆွဲပြီး ဂူကြီးအတွင်းထဲကို ခေါ်နေသည်။ထူးဆန်းနေမိတာက ကျုပ် မငြင်းမိဘူး။မိန်းမပျိုလေး ခေါ်ရာကို ငြင်းဖို့ အင်အား ကျုပ် မှာ မရှိတော့ပါဘူး။ပြီးတော့ မိန်းမပျိုလေးက ရွှေရောင်တွေ တလက်လက် တောက်ပြောင်နေတဲ့ ရွှေစောင်းကြီးကို ပွေ့ယူလိုက်ပြီး ကျုပ်ကို စောင်းတီးပြပါလေတော့တယ်…
!!! အို…. စောင်းသံက ကျုပ် နားဆီကနေ ကျုပ် ဘဝင်ကို သိပ်သိပ်တုန်အောင် ကြည်နူးလို့သွားလိုက်တာဗျာ။ကျုပ် တစ်သက်တစ်ခါမှ ဒီလို စောင်းသံ နားမဆင်ဖူးခဲ့ဘူး။
!!! အို….ကြည့်စမ်းပါအုံး နတ်စောင်းကြီးကို တီးခက်နေတဲ့ မိန်းမပျိုလေးး အလွန်ပင် ကျက်သရေအပေါင်းနဲ့ ပြည့်စုံနေပြီး အရမ်းပဲ လှလွန်းနေပါလား …
ကျုပ် တော့ မိန်းမပျိုလေး တီးခက်နေတဲ့ နတ်စောင်းသံလေးနဲ့ ချောမောလှတဲ့ မိန်းမပျိုလေးရဲ့ အလှတရားတွေကြား သာယာလွန်းမိတာကြောင့် လောကကြီးးကို ခဏတောင် မေ့သွားရသလား ထင်မိအောင်ကိုပါပဲ ဗျာ…
************************************
အခန်း( ၃ )
———————-
ကျုပ် မိန်းမပျိုလေးရဲ့ စောင်းသံကို နားထောင်ရင်း မည်မျှပင် အိပ်ပျော်သွားသည် မသိ ကျုပ် မျက်လုံးကို ဖွင့်ကြည့်မိတော့ မိန်းမပျိုလေးက ကျုပ်ဘေးနားမှာ ကျုပ်ကို ထိုင်ပြီး ကျုပ်ကို သေချာကြည့်နေတယ်။ဘာရယ် မသိဘူးဗျာ ကျုပ်လည်း မျက်စိပွင့်လာတာနဲ့ မိန်းမပျိုလေးကို မြင်ရတော့ ကျုပ် စိတ်ထဲကြည်နူးနေမိသလိုပဲ။ပြီးတော့ ကျုပ် နိုးလာတာသိတော့ မိန်းမပျိုလေးက ကျုပ် နားကပ်လာပြီးး မေးတယ်…
!!! အကို နိုးလာပြီလား။ရော့ အကို အကိုစားဖို့ ကျမ သစ်သီးခူးလာတယ်.!!!
မိန်းမပျိုလေးက ကျုပ်နားကို ဌက်ပျောသီးတွေ မာလာကာသီးတွေ ချပေးတယ်။ကျုပ် တကယ်လည်း ဗိုက်ဆာနေပြီ။ဒါနဲ့ ကျုပ် အသီးတွေစားလိုက်တယ်။ကျုပ် စားပြီးတော့ မိန်းမပျိုလေးက ကျုပ်နား တိုးလာပြီး ကျုပ် ဖခုံးကိုမှီရင်း….
!!! အကို..ကျမကို ထားပြီး ပြန်သွားမှာလား ဟင်..!!!
ကျုပ် မိန်းမပျိုလေးရဲ့ စကားကြားမိတော့ ရင်ထဲ စို့နစ်သလိုနဲ့ဗျာ။ပြီးတော့ ကျုပ် ဖခုံးပေါ် ခေါင်းလေးမှီနေတဲ့ သူ့ကို ကျုပ် လက်တွေက အလိုလို သိုင်းဖက်ထားမိပြီ…
!! အမိရယ် အဲဒီမေးခွန်းတွေ ကျုပ်ကို မမေးပါနဲ့တော့လားဗျာ..!!!
ကျုပ် အဲလိုပြောလိုက်တော့ မိန်းမပျိုလေးက ဆက်ကနဲ ကျုပ် ပခုံးပေါ်ကနေ ခွာပြီး မျက်ရည်လေးတွေ တဝဲဝဲနဲ့ ပြောနေရှာသည်…
!!! ဒါဆို အကိုက ကျမကို တကယ်ထားခဲ့တော့ မှာပေါ့နော်။ဟုတ်လား အကို.!!!
!!! အမိ..ကျုပ် ဒီနေရာကနေ တဖဝါးမှ မခွာနိုင်တော့ပါဘူး။အဲဒါ ဘာလို့လဲ အမိ သိလား..!!!
!!! ဟင့်..အင်း..မသိဘူး အကို..!!
!!! အမိ..အချစ်ဆိုတာကို ကျုပ် ကောင်းကောင်း နားမလည်ပေမဲ့ ကျုပ် အမိနဲ့ နေနေရတဲ့ ခဏတာလေးမှာ ကျုပ် ပျော်နေတတ်ပြီ။ပြီးတော့ ကျုပ် အိပ်ယာနိုးတိုင်း အမိ မျက်နှာလေးကို ကျုပ် မြင်တွေ့ရတာ ကျုပ် ရင်ထဲအရမ်းကြည်နူးမိတာပဲ။နောက်ပြီး ကျုပ် အမိ မျက်နှာလေးကိုပဲ ကျုပ် တသိမ့်သိမ့်နဲ့ ကြည့်နေချင်မိပြီဗျာ။ဒါဟာ အချစ်ဆိုရင်တော့ သေချာနေပါပြီ ကျုပ် အမိကို ချစ်မိသွားပြီ။ဟုတ်တယ် အမိ ကျုပ် အမိကို အရမ်းချစ်တယ်..!!!
ကျုပ် ရင်ထဲကစကားတွေ ကြားရတော့ မိန်းမပျိုလေးရဲ့ မျက်ဝန်းတွေ အရောင်တွေလက်လာတယ်။ပြီးတော့…
!!! အကို..အကို တကယ်ပြောနေတာလား..ဟင်..!!!
!!! အင်းပေါ့…အမိရယ်..!!!
!!! အကိုရယ်..ဝမ်းသာလိုက်တာ။ဒါဆို အကို့ကို ကျမ မခွဲရတော့ဘူးပေါ့နော်..!!!
!! ဒါပေါ့..အမိရဲ့..ဒါပေမဲ့ ကျုပ်တို့ ဒီတောကြီးထဲမှာတော့ မနေဘူးလေ။အမိကို ကျုပ် ရွာခေါ်သွားမယ်။ကျုပ် နဲ့ လိုက်မယ် မဟုတ်လား အမိ..!!!
ကျုပ် အဲလိုပြောလိုက်တော့ မိန်းမပျိုလေး မျက်နှာ နေထိပန်းလို ညိုးနွမ်းတယ်။ပြီးတော့ မျက်နှာငယ်လေးနဲ့…
!!! အကိုရယ်..အကို ခေါ်တဲ့နောက်ကို ကျမ လိုက်ချင်ပါတယ်။ဒါပေမဲ့ ကျမက လူသားမှ မဟုတ်တာ အကို။ပြီးတော့ ကျမမှာ တာဝန်တွေက ရှိသေးတယ်လေ..!!!
!!! တာဝန်တွေ ဟုတ်လား အမိ။ဘယ်လောက် အရေးကြီးတဲ့ တာဝန်တွေ မလို့လဲ အမိရယ်..!!!
!!! ကြီးတယ် အကို။အရမ်းကို ကြီးလေးလွန်းတဲ့ တာဝန်တွေပါ။ကျမ တို့ ဥစ္စာစောင့်တွေဆိုတာ နောင်ဘုရားပွင့်မဲ့ အချိန်မှာ သာသနာပြုရန်အတွက် အသုံးပြုရမဲ့ ရတနာတွေကို စောင့်ရှောက်ကာကွယ်ရတယ် အကို..!!!
!!! အမိ ပြောမှ သတိရတယ်။အမိမှာ မောင်နှမ သုံးယောက်ရှိတာဆို အခု ဟိုနှစ်ယောက်က ဘယ်မှာလဲ အမိ။ကျုပ် မတွေ့ရပါလား !!!
!! ဟုတ်တယ် အကို ကျမတို့မှာ မောင်နှမ သုံးယောက် ရှိကြတာပါ။ကျန်တဲ့သူတွေက အကိုနဲ့အမပါ အကို။သူတို့က အခု လူ့ပြည်မှာလူသားအဖြစ်နဲ့ သာသနာပြု သွားနေကြပါတယ်။လူ့သက်တမ်း နှစ် ၅၀ ပြည့်မှ သူတို့ဒီကိုပြန်လာကြမယ် အကို။အခုတော့ ကျမ တစ်ယောက်ထဲပါ ..!!!
!!! ဒါဆို သူတို့လို လူသားအဖြစ်နဲ့ အမိ ကျုပ်နဲ့ လိုက်ခဲ့ပါလား ဗျာ။ကျုပ် အမိကို ခေါ်သွားပါရစေ.!!!
!!! အကိုရယ်..ကျမတို့ ဥစ္စာစောင့်ဆိုတာ အကိုတို့ လူသားတွေလို စိတ်သွားတိုင်း ကိုယ်ပါခွင့်မရှိဘူးလေ။လူ့ပြည်ကို သွားချင်တိုင်းသွား လာချင်တိုင်း လာလို့မှမရတာပဲ အကိုရယ်။ဘာလဲ အကို အကိုက ကျမနဲ့ ဒီနေရာလေးမှာ မနေချင်တော့လို့လား.ဟင်.!!!
!!! သြော်..အမိရယ်..!!!
ကျုပ် ရင်ထဲဝမ်းနည်းနည်း လာသလိုလိုကြီးဗျာ။ကျုပ် ကိုယ်တိုင်လည်း မိန်းမပျိုလေး မပါပဲနဲ့ ကျုပ် သူ့ကို ထားခဲ့ပြီး ရွာကို ပြန်နိုင်ဖို့ အင်အား ကျုပ်မှာ မရှိတော့ပါဘူး …
မိန်းမပျို နှင့် ထူးဆန်းသောစောင်းသံ …( ဇာတ်သိမ်းပိုင်း )
အခန်း ( ၁ )
——————-
လှဆောင်တို့ အုံးမြင့်တို့ ရွာကိုပြန်ရောက်လာကြလို့ သူတို့ မိဘတွေနဲ့ ထပ်တူ တစ်ရွာလုံးက ပျော်နေကြပြီ။လှဆောင်တို့က သူတို့ပျောက်နေရတဲ့ အကြောင်းစုံကို ရွာကလူကြီးတွေ ပြောပြကြတယ်။သူတို့မှာ မိန်းမပျိုလေးရဲ ထူးဆန်းလှတဲ့ စောင်းတီးသံကို နားထောင်မိပြီး ရွာကိုပြန်ကြဖို့ သတိမေ့နေကြတယ် ဆိုတာကိုပေါ့။ပြီးတော့ မိန်းမပျိုလေးက ဘယ်ကနေဘယ်လို လှိုင်ဂူကြီးထဲကနေ ပျောက်သွားမှန်းမသိပဲ စောင်းသံပါရပ်သွားမှ သူတို့ သတိပြန်ရကြပြီး ရွာကိုပြန်လာခဲ့ကြတာလို့ ဆိုသည်။ဒါပေမဲ့ သူတို့ ရွာပြန်ရောက်လာခဲ့ပေမဲ့ ကျုပ်က ပျောက်နေပြန်တော့ လှဆောင်တို့က သူတို့လိုပဲ ကျုပ် မိန်းမပျိုလေးရဲ့ စောင်းသံကြောင့် ကျုပ် ပျောက်ဆုံးနေတာဟု တထစ်ချတွက်ကာ ဒီပြဿနာကို အထက်ဂိုင်းဆရာကြီး အဘသီလပဲ ဖြေရှင်းပေးနိုင်မည်ဟု ဆိုကာ လူကြီးတွေက အဘသီလကို ပင့်ကြပြီး ကျုပ်တို့ ရှိသော မင်းဝန်တောင်ကြီးဆီ လိုက်လာကြပါတော့တဲ့ ဗျာ…
—————————————————-
မင်းဝန်တောင်ခြေကို ရောက်လာသော
အဘသီလက တောင်ကြီးဘက် မျက်နှာမူလိုက်ပြီး သူတတ်ကျွမ်းသော ဂါထာကြီးကို ရွှတ်ဆိုလိုက်တယ်။ပြီးတော့ တောင်ကြီးရှင်ကို မေတ္တာပို့သပြီး မိန်းမပျိုလေးကို အာရုံပြု၍ ခေါ်ဆိုလိုက်လေတယ်။သိပ်မကြာပါဘူး အဘသီလရှေ့ တည့်တည့်မှာ မီးခိုးတန်းကြီးထွက်ပေါ်လာပြီး မိန်းမပျိုလေးက ပေါ်လာလေတယ်။မိန်းမပျိုလေး ဟာ အဘသီလရဲ့ သမာဓိနဲ့ ကိုယ်ကျင့်တရားကို သိနေပါတယ်။ဒါကြောင့် အဘသီလ ဒီိထိရောက်လာပြီး သူ့ကို ခေါ်ရတာအကြောင်းထူးလို့ဆိုတာ သူသိနေပါပြီ။ဒါနဲ့ မိန်းမပျိုလေးက အဘသီလကို အရိုအသေပေးလိုက်ပြီး….
!!! အဘ..ဒီထိလိုက်လာပြီး သမီးကို ခေါ်ရတဲ့ကိစ္စက ဘာအကြောင်းများ ထူးလို့ပါလဲ အဘ..!!
!!! အင်း..ထူးတယ် သမီး..သိပ်ကိုထူးတယ်။အခု သမီးရဲ့ လုပ်ရက်တွေကို အဘ လာပြီးတားရတာပဲ သမီး..!!!
အဘသီလက ထိုသို့ပြောတော့ မိန်းမပျိုလေးရဲ့ မျက်နှာက သိသိသာသာပျက်သွားတယ်…
!!! အဘ..သမီး ဘာလုပ်လို့လဲ ..!!
!! ဒီမှာ သမီး..အဘကို မညာချင်ပါနဲ့ကွယ်။အခု လူလေး ငမိုင်း သမီးနဲ့ အတူရှိနေတယ်ဆိုတာ အဘ သိတယ်။စဉ်းစားပါအုံး သမီးရယ်။လူလေးနဲ့ သမီး ဘယ်လောက်ပဲ အတိတ်ဘဝက ပဌာန်းရေစက်တွေ ပါခဲ့ ပါခဲ့ ဒီဘဝမှာက လူလေးနဲ့ သမီးက ဘဝတွေခြားနေကြပြီလေကွယ်။လူသားနဲ့ ဥစ္စာစောင့်ဆိုတာ ဘယ်လိုမှ ပေါင်းဖက်လို့ မသင့်ပါဘူး သမီး။နောက်ပြီး သမီးမှာက တာဝန်တွေမပြီးဆုံးသေးဘူး မလား။ပြီးတော့ လူလေးငမိုင်းကို သမီး တကယ်မေတ္တာရှိရင် ဒီလိုလုပ်လို့ မရဘူး သမီး။ဒီကိစ္စသာ လူ့ပြည်ရောက်နေတဲ့ သမီးအကိုနဲ့ အမ သိကုန်ကြရင် သူတို့ လူ့ပြည်မှာ ဘယ်လိုလုပ်ပြီး သာသနာပြုတဲ့နေရာ စိတ်ဖြောင့်ကြတော့မှာလဲ သမီးရယ်။သေချာ စဉ်းစားပါ သမီး။လူလေးရဲ့ သမီးတို့ရဲ့ ရေစက်က ဒီဘဝမှာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ဒီရေစက်ဟာ မပျက်ယွင်းခဲ့တောင် နောင်ပွင့်သော ဘုရားရှင်လက်ထက်မှသာ လူလေးနဲ့ ငါ့သမီး ရေစက်က ပြန်ဆုံနိုင်မယ် သမီး။ဒီတော့ အဘပြောချင်တာက မိမိစိတ်ကို အလိုမလိုက်မိဖို့ပဲ သမီး။အဘ ဒါပဲပြောချင်တယ်။အဘ ဒီနေရာကို နောက်တစ်ခေါက်ပြန်လာခဲ့ပါအုံးမယ်။အဲဒီအခါကျရင် ငါ့သမီး ဆုံးဖြတ်ချက်မှန်ကန်ပါစေလို့ အဘ မျှော်လင့်တယ်။အခုတော့ အဘ ပြန်အုံးမယ်ကွယ်..!!!
အဘသီလက ပြောပြီးတာနဲ့ လှည့်ကာထွက်သွားတယ်။မိန်းမပျိုလေးကတော့ အဘသီလ စကားတွေ အပြီးမှာ အရုပ်ကြိုးပျက် ပုံစံနဲ့ ကျန်ရစ်နေခဲ့လေတော့တယ်…
*******************************
အခန်း ( ၂ )
——————–
ကျုပ် အိပ်ယာမှ နိုးလာတော့ မိန်းမပျိုလေးကို မတွေ့ဘူး ဖြစ်နေတယ်။ကျုပ် ရင်ထဲ မိန်းမပျိုလေးကို မတွေ့ရတော့ ဟာတာတာကြီးဗျာ။ဒါနဲ့ ကျုပ် ဂူကြီးရဲ့အပေါက်ဆီကို လှမ်းကြည့်မိတော့လည်း အပေါက်ကြီးက ထုံးစံတိုင်း ကျောက်ဖျာကြီးနဲ့ ပိတ်ထားတာဗျ။ဒီနေ့တော့ ထူးဆန်းနေတယ်။အရင်ရက်တွေက မိန်းမပျိုလေးက ကျုပ်ကို ခုလိုထားခဲ့ပြီး တစ်ခါမှအပြင်ကို မထွက်ဘူး။ဘာကိစ္စများရှိလို့ပါလိမ့်။
ကျုပ် သိချင်လာသလို မိန်းမပျိုလေးတွက် စိတ်ပူနေမိတယ် ဗျာ။ကျုပ် တစ်ယောက်ထဲ ဂူကြီးထဲမှာ မိန်းမပျိုလေးကို စောင့်နေမိတယ်။အတော်လေးကြာတော့မှ ဂူပေါက်က ကျောက်ဖျာကြီးအသံထွက်လာလို့ ကြည့်လိုက်တော့ မိန်းမပျိုလေး ပြန်လာတာကို တွေ့လိုက်ရတယ်။ဒါပေမဲ့ မိန်းမပျိုလေး မျက်နှာက မကောင်းဘူးဗျာ။သူ ဘာများဖြစ်ခဲ့လို့လဲ။ကျုပ် သူ့မျက်နှာလေး ညှိုးနေရင်ကို မနေတတ်တော့ဘူး။ဒါကြောင့်လည်း ဂူထဲကိုဝင်လာတဲ့ မိန်းမပျိုလေးနားကို ကျုပ် ခပ်သွက်သွက်သွားပြီး မေးမိတယ်…
!!!. အမိ..ဘယ်တွေများ သွားနေတာလဲ အမိရယ်…ကျုပ်မှာ အမိကို စိတ်ပူလို့ သေတော့မယ် ဗျာ.!!!
!!!.ဟင်..ဟုတ်ပါရဲ့ ကျမ ဘယ်တွေများ သွားနေမိပါလိမ့်နော်..!!!
မိန်းမပျိုလေးက ကျုပ် အမေးကို ပေါ့ပေါ့လေးဖြေပြီး သူ့မျက်နှာလေးက ပြိုတော့မဲ့မိုးလို အုံ့မှိုင်းလို့နေပါပြီ…
!!!..အမိ..ဘာတွေ ဖြစ်နေတာလဲ။အမိ မျက်နှာကြည့်ရတာ ကျုပ် ရင်ပူလိုက်တာ ဗျာ.!!!
!!!.အကိုရယ်..ကျမ ဘာမှမဖြစ်ပါဘူး။ကျမလေ ဒီနေ့ ဘယ်ကိုမှ မသွားပဲ အကို့ မျက်နှာလေးကို ထိုင်ကြည့်နေတော့မယ် အကို..!!
မိန်းမပျိုလေးက ထိုသို့ပြောပြီး သူ့မျက်ဝန်းအိမ်တွေက မျက်ရည်တွေပြည့်လာကာ သူ့ပါးပြင်ထက် လိမ့်၍ဆင်းလာကုန်ကြပြီ။မိန်းမပျိုလေး မျက်ရည်တွေ မြင်ရတော့ ကျုပ် အသည်းနှလုံးကို ဆွဲကိုင်ညှစ်လိုက် သလို ကျုပ် ခံစားရတယ် ဗျာ…
!!!..အမိ…အမိငိုနေတာလား။ဘာလို့ ငိုရတာလဲ အမိရယ်။ကျုပ် ရင်မောလှပါပြီ။အမိမှာ ဘာပြဿနာတွေ ရှိနေလို့လဲ ဟင် ..!!!
!!!..အကို ကျမ ငိုချင်တယ် အကိုရယ်..မျက်ရည်ဆိုတာ ဝမ်းနည်းလို့လဲ ကျရတယ်။ပြီးတော့ ဝမ်းသာရင်လဲ ကျရတယ် မဟုတ်လား ဟင် ..!!!
!!!..ဒါဆို အမိ မျက်ရည်တွေက ဝမ်းသာလို့ ကျတာလဲ။ဝမ်းနည်းလို့ ကျတာလဲ အမိရယ်..!!!
!!..ရပါတယ် အကိုရယ်..ကျမ ဘာမှ မဖြစ်တော့ပါဘူး။ပြီးတော့ ကျမ မျက်ရည်တွေလည်း သုတ်လိုက်မယ်နော်။ကျမနဲ့ အကို ပျော်ပျော်ပဲ နေကြမယ်လေ။ဒီနေ့ ကျမ အကို ရင်ခွင်ထဲမှာ နေပါရစေ အကိုရယ်..!!!
မိန်းမပျိုလေးက ပြောပြီး ကျုပ် ရင်ခွင်မှာ သူ့မျက်နှာလေး အပ်ထားပါတော့တယ်..ကျုပ် မိန်းမပျိုလေးရဲ့ ကိုယ်လုံးလေးကို ကြင်နာစွာ ထွေးပွေ့မိရင်း….
!!..ခက်ပါလား အမိရယ်..ကျုပ် အမိ စကားတွေကို ဘယ်လို နားလည်ရမှာလဲ ..!!!
!!! အရေးမကြီးတာတွေကို ထားလိုက်ပါတော့ အကိုရယ်။မနက်ကျရင်လေ အကိုနဲ့ ကျမ စပြီးဆုံတွေ့ခဲ့တဲ့ တောင်ကြီးခြေက ဝါးရုံတောလေးနား သွားကြမယ်လေ။ပြီးရင် တောင်ကြီးရှင် သခင်မကို တိုင်တည်ပြီး အကိုနဲ့ ကျမ လက်ထပ်ကြမယ်လေ နော် အကို။လက်ထပ်မယ် မဟုတ်လား ဟင်..!!!
ဒီတစ်ခါ မျက်ဝန်းတွေအရောင်လက်သွားသည်ထိ ပျော်ရွှင်ရတာ ကျုပ်ပါ။ပြီးတော့ ကျုပ် ရင်မှာ မှေးစက်နေတဲ့ မိန်းမပျိုလေးကို ရင်မှခွာပြီး သူ့ဖခုံးလေးနှစ်ဘက်ကို ယုယစွာကိုင်တွယ်ပြီး ဝမ်းသာအားရ ကျုပ် မေးမိတယ်….
!!!..အမိ..အမိ တကယ်ပြောတာလား ဟင်။ကျုပ်ကို အမိ တကယ် လက်ထပ်မှာပေါ့နော်။ဟုတ်လား အမိ..!!!
!!..အင်းပေါ့ အကိုရယ်..အကို့ကို ကျမ မခွဲနိုင်တော့ပါဘူး..!!!
အို…မိန်းမပျိုလေးရဲ့ စကားလေးတွေ အဆုံး ကျုပ် သူ့ကိုယ်လုံးလေးကို သိမ်းကျုံးလို့ ဖက်ပစ်လိုက်ပါတော့တယ် ဗျာ…
**************************************
အခန်း ( ၃ )
—————-
မင်းဝန်တောင်ကြီးရဲ့ အခြေရှိ ဝါးရုံတောလေးနားကို ကျုပ် မိန်းမပျိုလေးရဲ့ လက်ကိုဆွဲကာ အပျော်ကြီးပျော်ပြီး ရောက်လာခဲ့ပါပြီ။ဒီဝါးရုံတောလေးက ကျုပ် အရင်တစ်ခါရောက်ခဲ့တုန်းက ဝက်ဝံမကြီးနဲ့ အသက်လုတိုက်ခိုက်ခဲ့ရတဲ့ နေရာလေးပေါ့။ဒီတစ်ခါ ဒုတိယမြောက် ရောက်လာတာတော့ ကျုပ် အသက်တမျှ ချစ်မြတ်နိုးရတဲ့ ဥစ္စာစောင့် မိန်းမပျိုလေးနဲ့ လက်ထပ်ဖို့ ရောက်လာခြင်းပေါ့ ။ကျုပ် အရမ်းကို ပျော်နေပါပြီ။ဒီနေ့မှ မင်းဝန်တောင်ကြီးက ပိုပြီးစိမ်းစိုအုံ့မှိုင်းနေသလား ထင်မှတ်ရတယ် ဗျာ။အရာအားလုံး ဒီိနေ့ ကျုပ်တွက် လန်းဆန်းနေကြသလို။
ကျုပ် အပျော်တွေနဲ့ မိန်းမပျိုလေးကို ကြည့်မိတော့ မိန်းမပျိုလေးရဲ့ မျက်ဝန်းက မျက်ရည်တွေနဲ့ပါလား။ဒါနဲ့ ကျုပ် စိုးရိမ်စွာ မေးမိတာပေါ့..
!!! အမိ ငိုနေပြန်ပြီလား အမိရယ်။အမိပဲ ကျုပ်နဲ့ အတူနေချင်ပါတယ်ဆို။ပြီးတော့ ကျုပ်ကို နှစ်ပေါင်းများစွာ ဒီနေ့လေးရောက်ဖို့ အမိ တစ်ယောက်ထဲ စောင့်ခဲ့ရတာ မလား။ခုလို မင်္ဂလာရှိတဲ့ အချိန်တွေမှာ မျက်ရည်မကျပါနဲ့လား အမိရယ်..!!!
!!..အင်းပါ အကို..အကို့ကို ကျမ သနားလွန်းလို့ မျက်ရည်ကျမတာပါ အကိုရယ်..!!
!! ကဲပါ ဒါဆိုလည်း မငိုနဲ့တောနော်..တိတ်တ်ိတ်..!!!
ကျုပ် မိန်းမပျိုလေးရဲ့ ပါးပြင်ပေါ်က မျက်ရည်တွေ သုတ်ပေးလိုက်တယ်။ထိုစဉ်..ကျုပ် နားထဲမှာ နွားခွာသံတွေ နွားလှည်းသံတွေ ကြားလိုက်ရလို့ အသံတွေလာရာကို ကြည့်မိလိုက်တော့ ကျုပ် အရမ်း အံ့အားသင့်သွားရတယ် ဗျာ.။
လှည်းတွေက အစီး ၅၀ လောက်ရှိမယ်ထင်တယ်။ပြီးတော့ လှည်းဦးမှာလည်း အောင်သပြေတွေ စိုက်လာကြတယ်။ဒီထက်ပိုပြီး အံ့အားသင့်ရတာက ဒီလှည်းတွေ ရှေ့ဆုံးကနေဦးဆောင်လာတာက အဘသီလ ဖြစ်နေလို့ပါပဲ။ကျန်တဲ့ လှည်းတွေကလည်း ကျုပ် တို့ရွာသားတွေကြည့်ပါပဲ။သူတို့တွေ ဒီကို ဘာလာလုပ်ကြတာလဲ။ကျုပ်ကို လာရှာကြတာလား။ကျုပ် မိန်းမပျိုလေးကို အကဲခက်ကြည့်မိတော့ သူက ဘာမှမူမပျက်။ကျုပ် အတွေးတွေလွန်နေတုန်း လှည်းတန်းကြီးက ကျုပ်နဲ့ မိန်းမပျိုလေး အနားကို ရောက်လာကြတယ်။ပြီးတော့ အဘသီလက လှည်းပေါ်က ဆင်းလိုက်ပြီး ကျုပ်တို့ဆီ လျှောက်လာနေတယ်။သူ့နောက်က အုံးမြင့်တို့ လှဆောင်တို့ ဖိုးတုတ်တို့ မင်းနောင်တို့ရော ပါလာကြတယ်။ကျုပ် လည်း အနားရောက်လာတဲ့ အဘသီလကို မေးလိုက်တယ်..!
!!!..အဘ..ဒီကို ဘာကိစ္စ ရှိလို့ အဘပါ လိုက်လာရတာလဲ ..!!!
!!! လူလေးငမိုင်း လူလေးကို အဘတို့ လာခေါ်ကြတာပဲ လူလေး။လှည်းပေါ်တက်ပြီး အဘတို့ပြန်ကြမယ်လေ လူလေး ..””
!!! ကျုပ်ကို ခွင့်လွှတ်ပါ အဘ။မိန်းမပျိုလေး မပါပဲ ကျုပ် ရွာမပြန်ပါရစေနဲ့ အဘ !!!
!!! မင်း မလိုက်လို့ မရဘူး လူလေး သူကိုယ်တိုင် မင်းကို ပြန်ပို့နေပြီပဲကွာ ..!!!
!!! ဗျာ..မိန်းမပျိုလေးက ကျုပ်ကို ပြန်ပို့တာ “”
“” ဟုတ်လား အမိ ..!!!
ကျုပ် မိန်းမပျိုလေးဘက်ကို လှည့်မေးမိတော့ မျက်ရည်တွေကျနေပြီ ဖြစ်တဲ့ မိန်းမပျိုလေးက…
!!! ဟုတ်တယ် အကို ဒီနေရာလေးဟာ အကို့ကို ကျမ စပြီး တွေ့ခဲ့တဲ့နေရာလေးပါ အကို။အခုလည်း ဒီနေရာလေးကို အကို့ကို ကျမ ပြန်ပို့ခဲ့ပြီးပြီပဲ အကိုရယ်..အကို ပြန်လိုက် သွားပါနော်..!!!
!!! အမိ .အမိကျုပ်ကို မချစ်တော့ဘူးလား ဗျာ.!!!
!!! အကိုရယ် အချစ်ဆိုတာ နှလုံးသားရဲ့ ခံစားချက်မို့ ကျမ အကို့ကို ချစ်ပါတယ်။ဒါပေမဲ့ လူသားနဲ့ ဥစ္စာစောင့်တို့ဘဝ မတူညီကြတဲ့ ခြားနားမှု့တွေ ရှိနေခဲ့တော့ ကျမ ဘာတတ်နိုင်မှာလဲ အကိုရယ်..ကျမ ဘာတတ်နိုင်မလဲ..!!
မိန်းမပျိုလေး ပြောရင်း မျက်ရည်တွေက ပါးပြင်ပေါ်ထိစီးကျနေပြီ
!!! ဒါ..ဒါဆို ကျုပ်ကို လက်ထပ်မယ်ဆိုတာ အမိ ညာခဲ့တာလား ဟင်။ကျုပ်ကို ပြောစမ်းပါ။ပြောစမ်းပါ အမိ..!!
ကျုပ် အသားတွေ တဆက်ဆက်တုန်နေပါပြီ။ပြီးတော့ မျက်ရည်တွေက ကျုပ် ပါးပြင်ထက် တားမရအောင် ကျလာကုန်ပြီ …
!!! အကိုရယ် လက်ထပ်ရမှ ပေါင်းသင်းရတာ မဟုတ်ပါဘူး အကို။ကျမနဲ့ အကိုက ပေါင်းခဲ့ကြပြီးပါပြီ။အကို့ကို မနှင်ရက်ဘူး အကို ဒါပေမဲ့ မမြင်ရက်ပေမဲ့ အကို ထွက်သွားပါတော့ အကိုရယ် အကို သွားပါတော့…!!!
!!! အမိရယ် ကျုပ်ကို အစက ဘာလို့ အမိ မျက်ဝန်းထဲက ကျုပ်တို့ရဲ့ အတိတ်ပုံရိပ်တွေ ကျုပ်ကို မြင်အောင် ပြခဲ့ရတာလဲ။ကျုပ်ရဲ့ တည်ငြိမ်နေတဲ့ နှလုံးသားအစုံကို ဘာလို့ လှိုင်းထန်အောင် လုပ်ခဲ့ရတာလဲ ဗျာ…!!
ကျုပ် မိန်းမပျိုလေးရဲ့ ပခုံးတွေ လှုပ်ရမ်းပြီး အရူးးတစ်ယောက်လို အော်မေးနေမိတယ်။ရွာကလူတွေက ကျုပ်နဲ့ မိန်းမပျိုလေးကို ကြည့်ပြီး တချို့က မျက်ရည်များပင် ကျနေကြလေတယ်..
ကျုပ် ရင်တွေအစိတ်စိတ် အမွှာမွှာ ဖြစ်နေပါပြီဗျာ။ကျုပ် အံကိုကြိတ်ပြီး မင်းဝန်တောင်ကြီးကို ငေးကြည့်နေမိတယ်။ ပြီးတော့ မိန်းမပျိုလေးကို ကျုပ် ကြည့်မိတာ့ သူ ခေါင်းငုံ့နေပါပြီ။နောက် သူငိုနေတာလား။
အမိရယ် ဒါနဲ့များ ကျုပ်ကို အမိရင်ကနေ နှင်နေရတာလဲ ဗျာ။ကျုပ်တို့ ဘဝတွေ ဘယ်လိုပဲ ခြားနားနေပါစေ ကျုပ်တို့ ဆုံဆည်းခွင့် မရတော့ဘူးလား ။
ထိုစဉ် ဘသီလ ရဲ့စကားကြောင် ကျုပ် အသက်ရှူရပ်သွား သလားထင်ရလောက် အောင်ပါပဲ..
!!! မင်းနောင် နဲ့ ဖိုးတုတ် ဘာလုပ်နေကြတာလဲ။ငမိုင်းးကို လှည်းပေါ် ဆွဲတင်ကြလေကွာ..!!!
ဘသီလ ပြောတော့ မင်းနောင်နဲ့ ဖိုးတုတ်က ကျုပ်ကို လက်မောင်း တစ်ဘက်စီဆွဲပြီး လှည်းပေါ်ကို ဆွဲတင်ကြတော့တယ် …
ကျုပ် လှည်းပေါ်ရောက်တာနဲ့ အုံးမြင့်က နွားတွေကို မောင်းလိုက်တယ်။မိန်းမပျိုလေးနဲ့ အဝေးကြီးကို ဆွဲပြေးနေကြတဲ့ နွားခွာသံတွေက ကျုပ် အသည်းတွေကို အစစီနင်းချေပစ်နေသလိုပဲ ဗျာ။ကျုပ် တစ်ယောက်ထဲ ကျန်နေခဲ့တဲ့ မိန်းမပျိုလေးကို မကြည့်ချင်တော့တာနဲ့ ကျုပ် မျက်စိတွေကိ စုံမှိတ်ပစ်လိုက်တယ် ..
နွားလှည်းတွေက ကျုပ်နဲ့ မိန်းမပျိုလေးကို ခွဲခွာ၍ မင်းဝန်တောင်ကြီး ဆီကနေထွက်ခွာလာခဲ့ပါပြီ။ကျုပ် တို့လှည်းတွေ မိန်းမပျိုလေးနဲ့ အတော် ဝေးကွာလာတော့ ကျုပ် နားထဲ အလွန်ငြိမ့်ညောင်းပြီး လွမ်းဆွတ်ဖွယ် ကောင်းလှတဲ့ စောင်းသံကို ကြားလိုက်ရတယ်။ဒီစောင်းသံကို ကျုပ် ကောင်းကောင်းကြီး မှတ်မိတာပေါ့။ဒါ မိန်းမပျိုလေးရဲ့ နတ်စောင်းသံပဲ။ဒါဆို မိန်းမပျိုလေး ကျုပ်ကို လွမ်းနေရှာပြီပဲ…
ကျုပ် စောင်းသံကြားရတော့ ဘာကိုမှ ဂရုမစိုက်အားတော့ဘူးဗျာ..လှည်းပေါ်ကနေ ခုန်ဆင်းပြီး ကျုပ် မိန်းမပျိုလေး ရှိရာဆီ အပြေးးလာခဲ့ပြီ…
ကျုပ် ခြေလှမ်းတွေက သွက်လွန်းလှပေပြီ။ပြေးနေတဲ့ ကျုပ် ခြေလှမ်းတွေ နှေးကွေးလွန်းလှပြီလို့ ကျုပ် ထင်နေမိတယ်…
စောင်းသံ..ကြားနေရဆဲပါ။ကျုပ် တဖြေးဖြေး စောင်းသံနဲ့ နီးကပ်လာ ခဲ့ပြီ…
အို…ကျုပ် မြင်ကွင်းတစ်ခုကြောင့် ရင်ခွင်တစ်လုံး ပြောင်းဆန်အောင် နာကျင်ရပြီ…
မိန်းမပျိုလေးက မျက်ရည်တွေ ပါးပြင်မှာ စီးကျနေပြီး ရွှေစောင်းကြီးကို တီးခက်နေတယ်..
ကျုပ် ဝမ်းသာ အားရ မိန်းမပျိုလေးကို လှမ်းခေါ်လိုက်တယ်..
!!..အမိ..အမိရေ.. အမိ…!!
မိန်းမပျိုလေး ကျုပ်ကို မြင်သွားသည်နဲ့ သူရဲ့ စောင်းကြီးကို ဘေးကို ချလိုက်ပြီး ကျုပ် ဆီကို အပြေးကလေး ပြေးလာနေပါပြီ…
!!!..ဟင်..အကို..အကိုရေ..အကို့ ..!!!
ကျုပ်နဲ့ မိန်းမပျိုလေးး ဆုံမိသည်နဲ့ ကျုပ် မိန်းမပျိုလေးကို မလွတ်တမ်း သိမ်းပွေ့ဖက်ထားလိုက်လေတယ်..
ပြီးတော့..မိန်းမပျိုလေးက ကျုပ်ခါးကို သိုင်းဖက်ရင်း ကျုပ် ရင်မှာ သူ့မျက်နှာလေးး အပ်ထားလိုက်ပါတော့တယ် ဗျာ…
**************************
ပြီးပါပြီ
********
နွေသမိုင်း…6.9.2023